ဟံသာဝတီယာဉ်အရောင်းအ၀ယ်စခန်းကို အကြောင်းပြချက် မပေးပဲ မေလ ၅ ရက်နေ့မှာပြောင်းပေးရမယ်ဆိုလို့၈၈မျိုးဆက်တွေနဲ့မီဒီယာတွေကိုအကူအညီတောင်းရင်ဖွင့်နေကြရပြီ။
shwe than zin
(Peninsula မှ 4 May 2012 ရက်စွဲပါ Suu Kyi's move hints at political pragmatism ကို yangonchronicle ဘာသာ ပြန်ဆိုသည်)
နှစ်ပေါင်း ၂ဝ ကျော် ကိုယ်ကျိုးစွန့်၍ ခိုင်မာစွာ ရပ်တည်မှုကြောင့် သူမအား နိုင်ငံတကာက ခြိမ့်ခြိမ့်သဲ ချီးကျူး ဂုဏ်ပြုခဲ့ကြသော်လည်း မြန်မာတပ်မတော်အစိုးရကမူ ခေါင်းမာစွာ ငြင်းဆန်တတ်သူဟု သူမကို သိက္ခာချ စွပ်စွဲခဲ့သည်။ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်ဖက် အုပ်ချုပ်သူများ၏ သံလက်သီးကို နှစ်ပေါင်း ၂ဝ ကျော် အာခံခဲ့သော်လည်း ကျင့်ဝတ်ကို ဘေးဖယ်သည့် သဘော သက်ရောက်သည့် တိုင်အောင် အလျှော့ပေး ညှိနှိုင်းမှုကို အားသန်လျက် ရှိသည်ဟု အကဲခတ် လေ့လာသူများက ပြောကြားသည်။
အွန်လိုင်းမီဒီယာများကိုလည်း သမားရိုးကျ မီဒီယာသမားများနည်းတူသတ်မှတ်ပြီး မှတ်ပုံတင်ခွင့်နှင့် အခွင့်အရေးတန်းတူ ရစေရန် စဉ်းစားဆောင်ရွက်လျှက်ရှိကြောင်း ယနေ့ ရန်ကုန်မြို့၌ ကျင်းပသည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ (၂၀၁၂) အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးစိုးဝင်းက ပြောကြားသည်။
“ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ အွန်လိုင်းမီဒီယာများကိုလည်း သမားရိုးကျမီဒီယာများ နည်းတူသတ်မှတ်ပြီး စာနယ်ဇင်းသမားများရဲ့ ရပိုင်ခွင့်များခံစားနိုင်ဖို့ အတွက်လည်း စဉ်းစားဆောင်ရွက်လျှက်ရှိပါတယ်”ဟု ဦးစိုးဝင်းက ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသွားသည်။
၂၀၁၃ တွင် အတည်ပြုရန်ရှိသည့် ပုံနှိပ်မီဒီယာဥပဒေတွင် သတင်းအေဂျင်စီများထူထောင်၍ အွန်လိုင်းမှတစ်ဆင့် သတင်းအချက်အလက်များဖြန့်ဝေလိုပါက စနစ်တကျ မှတ်ပုံတင်ပြီး ဆောင်ရွက်ခွင့်ရရှိစေရန်လည်း စဉ်းစားထားကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။
ယခုလောလောဆယ်တွင် ပြည်တွင်းအွန်လိုင်း မီဒီယာများ အနေဖြင့် စာပေစိစစ်ရေး သို့ တင်ပြစရာ မလိုပဲ ဖေါ်ပြလျှက်ရှိရာ မကြာမီလွှတ်တော်တွင် တင်ရန်ရှိသည့်မီဒီယာဥပဒေ အတည်ပြု ပြဋ္ဌာန်း ပြီးနောက် မှတ်ပုံတင်ခွင့်ပြုရန် ယခုကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။
ပြည်တွင်း အခြေစိုက်သည့် အွန်လိုင်း မီဒီယာအနေဖြင့် ယခုလောလောဆယ် မြစ်မခမီဒီယာနှင့် Yangon Press International တို့ရှိပြီး ကျန်မြန်မာ အွန်လိုင်း မီဒီယာများမှာ ပြည်ပတွင် အခြေစိုက်သည့် သတင်းမီဒီယာများဖြစ်သည်။
ယခုနှစ်ဆန်းပိုင်းက အင်းယားလိပ်ဟိုတယ်တွင် ကျင်းပသည့် မြန်မာ့သတင်းမီဒီယာ ဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲတွင် အွန်လိုင်းမီဒီယာများသည် ဆက်သွယ်ရေး ဥပဒေဖြင့် ဆက်စပ်နေသဖြင့် မြန်မာ့ဆက်သွယ်ရေး နှင့် ကြေးနန်းဝန်ကြီးဋ္ဌာနတွင် မှတ်ပုံတင်ရမည် ဟူသည့်သဘော ပြောဆိုခဲ့ပြီးနောက် လအနည်းငယ်အကြာတွင် အွန်လိုင်းမီဒီယာများကို ပြန်ကြားရေး ၀န်ကြီးဋ္ဌာနလက်အောက်တွင် တပေါင်းတစည်းထည်း ထားမည်ဟု ပြန်လည် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ဆက်သွယ်ရေး ဥပဒေနှင့် အွန်လိုင်းမီဒီယာ နှင့် သက်ဆိုင်သည့် အီလက်ထရွန်းနစ် ဥပဒေအရ ဆိုပါက ယင်းဥပဒေကို ဖောက်ဖျက်ကျူးလွန်ပါက အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည်။
နောင်နှစ် ဆန်းပိုင်း အတည်ပြုရန်ရှိသည့် မီဒီယာဥပဒေနှင့် ပတ်သက်၍ ပြည်တွင်း အွန်လိုင်း မီဒီယာ တခုဖြစ်သည့် မြစ်မခမီဒီယာ ထူထောင်သူ ဒေါ်မေသင်္ကြန်ဟိန်က “ကျွန်မအနေနဲ့ကတော့ မူကြမ်းထွက်လာတဲ့အခါမှ ကြည့်ပြီးပြောနိုင်ပါမယ်။ ခုနေမှာတော့ ခန့်မှန်းကြည့်ဖို့ဆိုတာ မသေချာဘူးလေ။ ထွက်လာတဲ့ ဥပဒေပေါ်မှာပဲ ကြည့်ပြီး ပြောရမှာပါ ”ဟု ၀ိုင်ပီအိုင်သို့ပြောသည်။
ဒုတိယ၀န်ကြီး ဦးစိုးဝင်းက အွန်လိုင်သတင်းသများအား ကျန်စာနယ်ဇင်းသမားများအပေါ် တန်းတူရပိုင်ခွင့်များ၊ အကာအကွယ်များ ကျင့်ဝတ်များရရှိကျင့်သုံးစေနိုင်ရန် ထွက်ရှိလာမည့် မီဒီယာလောတွင် စဉ်းစားဆောင်ရွက်ထားကြောင်းပြောကြားသည်။
ယနေ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် မြန်မာနိုင်ငံသတင်းစာဆရာ အသင်းဖြစ်မြောက်ရေး ကော်မတီ၏ သဘောထားထုတ်ပြန်ကြေငြာချက်တွင်လည်း သတင်းမီဒီယာများအား မှတ်ပုံတင်သည်မှအစ ပုံနှိပ်ဖြန်ချီသည်အထိ အဆင့်တိုင်းတွင် ဆင်ဆာစနစ် မရှိသင့်ကြောင်း ထွက်ရှိလာမည့်မီဒီယာ ဥပဒေနှင့် ပတ်သက်၍ ဖေါ်ပြရေးသား ထားသည်။
အွန်လိုင်းသတင်းသမားရပိုင်ခွင့်နှင့် ပါတ်သက်၍ မမေသင်္ကြန်ဟိန်းက “ရပိုင်ခွင့်လို့ ဆိုရာမှာလည်း အစိုးရဆီကမှ မဟုတ်ဘူး၊ ကိုယ့်မီဒီယာကိုယ့်သတင်းဋ္ဌာနပဲ ဖြစ်ဖြစ် ဘယ်သူ့ ဆီကပဲ ဖြစ်ဖြစ် ကိုယ့်ရပိုင်ခွင့်ကို ကိုယ်က သိရမယ်၊ မသိရင် သိအောင်လုပ်ရမယ်၊ မရရင် ရအောင် လုပ်ကြရမှာပါ”ဟု သုံးသပ်ပြောဆိုသည်။ ။
Yangon Press International
မေလ ၂ ရက် ၂ဝ၁၂ ခုနှစ် ထုတ် ဧရာဝတီ ဆောင်းပါးအဖြစ် အောင်သက်ဝိုင်း ရေးသားတဲ့ “ဖွဲ့စည်းပုံ ပြင်ရန် ပြည်သူများ မတောင်းဆိုဟု ဦးဌေးဦး ပြော” ကို ကျနော် နားလည်သလို ဝေဖန်သုံးသပ်လိုက်ပါတယ်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ကျင့်သုံးတာ တစ်နှစ်ကျော်ပဲရှိသေးတယ်။ သက်တမ်း သိပ်ငယ်သေးတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ပြည်သူတွေအများစု မမေးကြဘူး။ ပြည်သူတွေက အဲဒီဥစ္စာကို စိတ်မ၀င်စားဘူး။ ပြည်သူတွေနဲ့ ကျနော်တို့ ထိတွေ့နေတာပဲ။ ပြည်သူတွေက စားဝတ်နေရေး ဘယ်လိုအဆင်ပြေမလဲ၊ စီးပွားရေးတွေ အဆင်ပြေမလဲ။ ဒါပဲ စိတ်ဝင်စားကြပါတယ် ” လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပြောပါတယ်။
ဦးဌေးဦးလို အာဏာရ နိုင်ငံရေးပါတီ ခေါင်းဆောင်တဦးက ပြောတဲ့စကားတွေ အပေါ်မှာ ကျနော် ထင်မြင်မိတာကို အပြုသဘောနဲ့ ပြန်ပြောပြချင်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ သက်တမ်းဟာ တရက်ပဲရှိရှိ၊ တနှစ်ပဲရှိရှိ၊ နှစ် ၁ဝဝ ပဲရှိရှိ လိုအပ်ချက်ရှိတယ်လို့ သိမြင်လိုက်တာနဲ့ ပြင်ဆင်နိုင်ရေးကို ချက်ချင်း အားထုတ်ရပါမယ်။ နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေဟာ နိုင်ငံမှာ အမြင့်ဆုံးဥပဒေ ဖြစ်တဲ့အတွက် အရေးကြီးဆုံး ဥပဒေဖြစ်ပါတယ်။ နည်းနည်းမှ အမှားမခံပါဘူး။ မှားမှန်း၊ လိုအပ်မှန်း သိလိုက်တာနဲ့ တပြိုင်နက် ပြင်ဆင်ရမှာ ဥပဒေပြုလွှတ်တော်ရဲ့ တာဝန်နဲ့ အတည်ပြုပေးရမယ့် သမ္မတရဲ့ တာဝန် ဖြစ်ပါတယ်။
ဥပမာတခုပေးရရင် နိုင်ငံမှာ အမြင့်ဆုံးတာဝန်ယူတဲ့ သမ္မတဟာ တာဝန်လွှဲချိန်နဲ့ တာဝန်ယူချိန်ကို မိနစ်မဆိုင်း ပြုလုပ်ရသလို အစိုးရတရပ်ဟာလည်း နောက်အစိုးရသစ်ကို မိနစ်မဆိုင်း တာဝန်လွှဲပြီး ချက်ချင်း တာဝန်ယူစေရပါတယ်။ တမိနစ် တစက္ကန့် မပြတ်တမ်း တာဝန်ကို ဆက်တိုက် ထမ်းဆောင်စေရပါတယ်။ သမ္မတနဲ့ အစိုးရ တာဝန်တွေမှာ အဲဒီလောက်ထိ အချိန်ကို မပြတ်တမ်း အလေးအနက်ထားရတယ်ဆိုရင် နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေမှာဆို ပိုတောင်မှ အလေးအနက် ထားရမှာ ဖြစ်ပါတယ်။
အခြေခံဥပဒေကို ပြည်သူတွေက မမေးကြဘူး.. စိတ်မဝင်စားကြဘူး… ပြည်သူတွေနဲ့ ထိတွေ့နေတာပဲလို့ ဦးဌေးဦး ပြောဆိုတဲ့အပေါ်မှာ ကျနော် ပြန်လည်ပြောပြချင်တာ ရှိပါတယ်။ ၂ဝဝ၈ အခြေခံဥပဒေ ပြင်ဆင်ရေးကို မူကြမ်း စထွက်လာကတည်းက ပြင်ဆင်ဖို့ အုံးအုံးကျွက်ကျွက် တောင်းဆိုနေကြတာတွေကို ဦးဌေးဦး မေ့သွားတာ ဖြစ်ပါလိမ့်မယ်။ လစ်လျူရှုတာလည်း ဖြစ်ချင်ဖြစ်နေပါမယ်။ သို့မဟုတ်လည်း သတိလက်လွတ် ပြောမိတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
အခြေခံဥပဒေ ပြင်ဆင်ရေးကို လူတစုက တောင်းဆိုတာ မဟုတ်ပါဘူး။ လူအများရဲ့ ဆန္ဒကို ထင်ဟပ်ပြီး အနည်းဆုံး ၄ နှစ်ကျော်လောက်ကတည်းက ပြည်တွင်းပြည်ပက ဖြစ်နိုင်သမျှ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ တကယ်လို့ ချုပ်ချယ် နှိပ်ကွပ်မှုတွေ မရှိပါဘူးလို့ အာမခံရင်၊ သမ္မတ အတည်ြ့ပုပြီးသား စီတန်းလှည့်လည်ခွင့် ဥပဒေကို နည်းဥပဒေ ထုတ်ပြန်ပေးလိုက်လို့ ဆန္ဒပြခွင့်သာ ရလာရင် လူထုသဘောထား ဘာလဲ ဆိုတာ သိရှိလာမှာလည်း ဖြစ်ပါလိမ့်မယ်။
ဒီလို မဟုတ်သေးဘူး ဆိုရင်လည်း နောက်တကြိမ် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ရိုးသားဖြောင့်မတ် လွတ်လပ်စွာ ကျင်းပဖို့ တောင်းဆိုပါရစေ။ လူထုအဆုံးအဖြတ် အစစ်အမှန်ကို ခံယူကြည့်ပါ။
“……. ပြည်သူတွေက စားဝတ်နေရေး ဘယ်လိုအဆင်ပြေမလဲ၊ စီးပွားရေးတွေ အဆင်ပြေမလဲ။ ဒါပဲ စိတ်ဝင်စားကြပါတယ်…” လို့ ဦးဌေးဦး ပြောပါတယ်။
တဝက်မှန်ပြီး တဝက်မှားတယ်လို့ ကျနော် ထင်မြင်ချက် ပေးပါရစေ။ မှန်တဲ့တဝက်က ပြည်သူတွေ စားဝတ်နေရေး အဆင်မပြေကြလို့ အဆင်ပြေအောင် ဘယ်လိုလုပ်ရမလဲလို့ အမြဲတမ်း ကြံဆအားထုတ်နေကြတာ ဖြစ်ပါတယ်။
မမှန်တဲ့ တဝက်ကတော့ ပြည်သူတွေက စီးပွားရေး အဆင်ပြေနိုင်ဖို့ကိုသာ စဉ်းစားနေတယ် ဆိုတာပါပဲ။ ပြည်သူတွေဟာ စီးပွားရေး အဆင်ပြေဖို့ကို အစိုးရရဲ့ တင်းကျပ်တဲ့ စီးပွားရေး၊ အုပ်ချုပ်ရေး၊ လူမှုရေးအောက်မှာ ရနိုင်သလောက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ လှုပ်ရှားရုန်းကန်နေရပါတယ်။ ပြည်သူတွေ ဆင်းရဲတွင်းက မလွတ်မြောက်သေးတာ လူသိထင်ရှား ရှိပါတယ်။ ရုန်းကန်နေရတဲ့ ပြည်သူတွေဟာ တချိန်တည်းမှာ အဲဒီလိုဘဝမျိုးက ရုန်းထွက် လွတ်မြောက်နိုင်စရာ မျှော်လင့်ချက်ကို အမြဲတမ်း ထားရှိနေကြပါတယ်။ ဒါက ဆင်းရဲသားတွေရဲ့ အရှိတရား ဖြစ်ပါတယ်။
ဦးဌေးဦးတို့လို စားဝတ်နေရေးနဲ့ လုံခြုံရေး ပြည့်စုံလုံလောက် စိတ်ချရသူတွေအနေနဲ့တော့ လှုပ်ရှားရုန်းကန် နေရသူတွေရဲ့ လက်တွေ့ ပကတိ ဘဝတွေအပေါ်မှာ အမှန်အတိုင်း သိရှိ နားလည် စာနာမိမလားတော့ ကျနော် မခန့်မှန်းတတ်ပါဘူး။ သူတို့တတွေရဲ့ ရုန်းထွက် လွတ်မြောက်နိုင်စရာ မျှော်လင့်ချက်ဟာ နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်၊ လုံခြုံရေးစနစ်တွေ ကောင်းလာဖို့ ဖြစ်ပါတယ်။ ဒါတွေ ကောင်းလာဖို့ ဆိုတာ အခြေခံဥပဒေကို ပြင်ဆင်နိုင်မှသာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပြည်သူတွေဟာ အခြေခံဥပဒေ ပြင်ဆင်ရေးကို စိတ်ဝင်စားတယ်လို့ တပ်အပ်သေချာ ကျနော် ပြောလိုက်တာ ဖြစ်ပါတယ်။
အင်တာဗျူးမှာဖြစ်လို့ ဦးဌေးဦးက အရပ်သုံးစကားကို ပြောလိုက်တာလို့ပဲ ကျနော် သဘောပေါက်ပေးလိုက်ပါတယ်။ ကျနော်ကတော့ စာတတန် ပေတတန်နဲ့ နိုင်ငံရေးစကားလုံးတွေကို ရွေးပြီး ရေးသားလိုက်တာကိုလည်း သဘောပေါက်ပေးပါ။
“တပ်ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်းသည် လွှတ်တော်ထဲမှာ မရှိသင့်တဲ့အနေအထား ရှိနေသလားလို့ ခင်ဗျားတို့ပဲ ကျနော်ပြန်မေးရမှာပဲ။ မဟုတ်ဘူးလား။ ဘာများ အနှောင့်အယှက်တွေ ဖြစ်နေလဲ။ သူတို့လည်း လုပ်သင့် လုပ်ထိုက်တာ လုပ်နေကြတယ်လို့ မြင်တယ်။ လတ်တလောအားဖြင့် ဒီအတိုင်းက ဘာမှမဖြစ်တဲ့အတွက် ဘာမှ အကျိုးသက်ရောက်မှုနဲ့ ပတ်သက်လို့ ဆိုးကျိုးတစုံတရာ မရှိတဲ့အတွက် ကျနော်ဒီအတိုင်းပဲ ဆက်သဘောကျတယ် ” လို့ ဦးဌေးဦး ပြောပါတယ်။
ဒီမိုကရေစီရဲ့ အရေးကြီးဆုံး တန်ဖိုးတခု၊ မရှိမဖြစ်တဲ့ အသက်ကတော့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ဒီမို = ပြည်သူ၊ ကရေစီ = အုပ်ချုပ်ခြင်း ဆိုတဲ့ ခွဲခြမ်းစိတ်ဖြာ နားလည်မှုကို အခုဆိုရင် မြန်မာပြည်သူ တော်တော်များများ သိနားလည်လာကြလောက်ပါပြီ။ ပြည်သူတွေက တနိုင်ငံလုံး အတိုင်းအတာနဲ့ သူတို့ကို ကိုယ်စားပြု ဆောင်ရွက်ပေးစေဖို့အတွက် သူတို့ကိုယ်တိုင် နှစ်သက်သဘောကျ အားကိုးနိုင်လောက်သူတွေကို အစိုးရအဖြစ်နဲ့ သမာသမတ်ကျကျ လွတ်လပ်စွာ ရွေးချယ်ပေးရပါတယ်။ ဒါဟာ ရွေးကောက်ပွဲ ဖြစ်ပါတယ်။
စစ်သည်အမတ် ၂၅ %ကို ရွေးကောက်ပွဲ မဝင်စေဘဲ ဥပဒေပြုလွှတ်တော်ထဲကို ထည့်ပေးထားတာဟာ အခြားအကြောင်းရင်းတခု ရှိချင်ရှိနိုင်တဲ့အပေါ် ကျနော် ဘာမှ ဝေဖန်ချက် မပေးလိုပေမယ့် ရွေးကောက်ခံထားရခြင်း မရှိတဲ့ ကိစ္စအပေါ်မှာတော့ ဒီမိုကရေစီရဲ့ မူဘောင်တွေနဲ့ မကိုက်ညီကြောင်း ထောက်ပြပါရစေ။ ဒါဟာ ဒီမိုကရေစီရဲ့ ပြယုဂ်အတွက် အနှောင့်အယှက်ပြုရာ ရောက်နေပါတယ်။
ဒီမိုကရေစီရဲ့ ပြယုဂ်အတွက် အနှောင့်အယှက်ပြုရာ ရောက်နေသည့်တိုင်အောင် တကယ်လို့ ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် စစ်သည်အမတ် ၂၅ %က သိသိသာသာ အကျိုးဖြစ်ထွန်းအောင် အမှန်တကယ် ပံ့ပိုး ကူညီနေတယ် ဆိုရင်တော့ မြန်မာနိုင်ငံသစ် တည်ဆောက်ရေးမှာ တန်ဖိုးရှိမှာ အမှန်ပါပဲ။ မြန်မာ့သမိုင်း မှတ်တိုင်တခုအဖြစ် ရပ်တည်နေမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ သမိုင်းမှာတော့ အမြင်မလှတဲ့သဘော ရှိနေမှာ ဖြစ်ပါတယ်။
ရွှင်လန်းချမ်းမြေ့ပါစေ။
လွင်အောင်စိုး
မေလ ၃ ရက် ၂ဝ၁၂ ခုနှစ်
ကိုးကားသတင်း - ဧရာဝတီ - ဖွဲ့စည်းပုံ ပြင်ရန် ပြည်သူများ မတောင်းဆိုဟု ဦးဌေးဦး ပြော
လွှတ်တော်ဆိုသည်မှာ အတိုက်အခံများနှင့် တိုင်းရင်းသားလူမျိုးများအတွက် သတ်ကွင်းဖြစ်ကြောင်း ၂၀၀၉ ခုကတည်းက ရေးခဲ့သည်။ ထိုစဉ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ၂၀၁၀-ခုဂီရိရွေးကောက်ပွဲကို ဝင်ဖို့ အခွင့်အရေး မရခဲ့။ နာဂစ်ဥပဒေကို အသက်သွင်းမည့် ဂီရိရွေးကောက်ပွဲကို ဒီချုပ် ဝင်မပြိုင်သဖြင့် အတုအယောင်သိန်းစိန်အစိုးရနှင့် ပါလီမာန်တို့မှာ ကမ္ဘာ့အလည်တွင် မျက်နှာငယ်ခဲ့ရသည်။
သမ္မတသိန်းစိန်သည် နအဖခေတ်တွင် မှတ်တမ်းကောင်းသူ ဖြစ်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး စိတ်ချလက်ချ အနားယူသွားနိုင်အောင် လုပ်နိုင်ခဲ့သူ ဖြစ်သည်။ မြန်မာပြည်သူပြည်သားများကိုသာ အံ့အားသင့်စေ သည်မဟုတ်ဘဲ နိုင်ငံတကာကိုပင် သူ၏ စွမ်းဆောင်မှုကို ပြသခဲ့ပြီဖြစ်သည်။ နိုင်ငံရေးအရည်ဝသူ ဖြစ်ခဲ့ပါပြီ။
ယနေ့သည် လေးနှစ်ပြည့်နာဂစ်နှစ်ပတ်လည် ဖြစ်သည်။ မြန်မာနိုင်ငံသားပေါင်း များစွာ သေဆုံး ပျောက်ကွယ် ခဲ့ရသောနေ့ ဖြစ်သည်။ ခင်မင်ရသူ ငပုတောဘုန်းကြီးတစ်ပါးဆိုလျှင် မိသားစုပင်မက ရွာပါ ပျောက်ရသည့်အခြေအနေ၊ စိတ်နှလုံး ပူပန်မှုကြောင့် ကျန်းမာရေးချို့ယွင်းခဲ့ရသည့်အခြေအနေကို ရင်ဆိုင်ခဲ့ရသည်။ နောက်ပိုင်းလအနည်းငယ်တွင် ပျံလွန်တော်မူခဲ့သည်။ နာဂစ်နှစ်ပတ်လည်နေ့ကို စာရေးသူတို့က မေ့နေခဲ့ပါသည်။
ဤနေ့မှာပင် ကချင်ဒေသတွင် မြန်မာဒီမိုကရေစီတပ်မတော်သားများက ကချင်ရွာကို မီးရှို့နေကြသည်ကို တွေ့ရသည်။ ကချင်တွင် တစ်နှစ်ပတ်လုံးလုံး နှိပ်စက်ပွဲ ကျင်းပနေခဲ့သော်လည်း ကချင်တွေ ဘယ်လောက်ပဲ အော်သည်ဖြစ်စေ ကမ္ဘာက ကြားသင့်သလောက် မကြားခဲ့။ လူသတ်ပွဲကို အမှောင်ချထားနိုင်ခဲ့သည်။ လူသတ်မှုကို တာဝန်ခံရမည့်အစား သူကောင်းဘွဲ့ကိုပင် ဘန်ကီမွန်းဆီက ရခဲ့သေးသည်။
စာရေးသူတို့သည် အဘယ်ကြောင့် ဤမျှ မေ့လျော့ခဲ့ရသလဲ။ မေလဆိုသည်မှာ ကမ္ဘာ့အလုပ်သမားနေ့ မဟုတ်လား။ ဤမျှအရေးကြီးသည့် နေ့ထူးနေ့မြတ်ကိုလည်း သတိမထားမိလောက်အောင် မည်သည့်အရာ က ဆွဲဆောင်ခဲ့သလဲ။ အဖြေကား ရှင်းပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို အာရုံရောက်နေ၍ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို များစွာ မျှော်လင့်ထားသည်။ သူ့လှုပ်ရှားမှုကိုပဲ သတိထားနေမိသည်။
ယခုအခါတွင် ဒေါ်အောင်ဆန်းစုကြည်က နာဂစ်ဖွဲ့စည်းပုံကို တပ်မတော်သားကိုယ်စားလှယ်များနှင့်အတူ ကာကွယ်စောင့်ရှောက်တော့မည် ဖြစ်သည်။ ဂီရိရွေးကောက်ပွဲကို မမီလိုက်သဖြင့် နာဂစ်နှစ်ပတ်လည်ကို အမိအရယူကာ စစ်တပ်အုပ်ချုပ်ရေးအတွက် ကျမ်းကျိန်ခဲ့ပြီဖြစ်သည်။ ရဟန်းသံဃာများကို သတ်မိန့်ပေးသူနှင့် လက်ဆွဲနှုတ်ဆက်တော့မည်ဖြစ်သည်။ ရန်သူတော်ဟောင်း ဖြစ်သော စစ်အစိုးရများအနေဖြင့် လုံးဝအံ့အားသင့်ရသည့်အဖြစ် ဖြစ်သည်။ ကမ္ဘာကြီးတစ်ခုလုံးက တခဏတာ ရပ်၍ ဤတဒင်္ဂပြောင်းလဲမှုကို ရှုကြည့်ဖို့ ထိုက်တန်လှသည်။
ဒေါ်အောင်ဆန်းစုကြည်ကား တာဝန်ကျေခဲ့ပြီ။ တာဝန်မကျေသေးသူများမှာ သမ္မတသိန်းစိန်တို့ ဖြစ်သည်။ လွှတ်တော်သည် တစ်ခုတည်းသောထွက်ပေါက်ဟု ယုံကြည်၍ ဝင်လာသူကို မည်သို့သဘောထားမည်နည်း။ အနော်ရထာရှေ့မှောက်သို့ မနုဟာမင်းကို ဆောင်ယူချိန်တွင် မနုဟာမင်းဂုဏ်ရှိန်ကို မခံနိုင်၍ အနော်ရထာက တုန်လှုပ်ဖူးသည်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ရောက်နေချိန်ဝယ် မျက်နှာပျက်နေသူတစ်ယောက် ရှိသည်။ ထိုသူကား သူရရွှေမန်းပင်တည်း။
သို့သော် ရေရှည်အားဖြင့် မနုဟာမင်း ဘယ်ခံနိုင်မလဲ။ ကျရှုံးရသည်ပင် ဖြစ်သည်။ သူ့နေရာ သူ့နိုင်ငံ သူ့ဝန်းကျင် ရောက်နေသည်မို့ အစွမ်းအစဘုန်းကံ မည်မျှပင် ရှိစေကာမူ ကာလံဒေသံ ဝေဖန်ကာ ဆင်မချင့် မင်းပေါ်နှင့်ဦးဆိုသလို လွှတ်တော်ဆိုသည်မှာ မိမိနေရာမှ မဟုတ်တာပဲ။ ၂၀၁၀-တုန်းက ရောက်လာသည့် သူခိုးဓားပြတွေ ကြီးစိုးရာနေရာသာ ဖြစ်သည်။ ဒီမိုကရေစီင်္မြို့တော်မှာ ကျူးကျော်ရပ်ကွက်တစ်ခုသာ ဖြစ်သည်။ လွှတ်တော်ဆိုသည်မှာ နိုင်ငံရေးသံဇကာတစ်ခုသာ ဖြစ်သည်။ ဝင်ရောက်သူသည် ပြန်ထွက်ဖို့ ခက်လှသည်။ တံလျပ်ကို ရေထင် ရွှေသမင်အလား ရေသာရှား၍ အသက်ပါ ဆုံးနိုင်သည်။
ဆိုလိုရင်းမှာ လွှတ်တော်နိုင်ငံရေးတွင် ဝင်မပါသည့် ၈၈-မျိုးဆက်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ဤနေရာတွင် ဂုဏ်ပြုပါသည်။ ဒီချုပ်နှင့် ရန်တိုက်ပေးသည်ဟု မစွပ်စွဲစေချင်ပါ။ သို့သော် သူတို့သည် လက်ရှိအစိုးရ၏ နိုင်ငံရေးအခင်းအကျင်းကို ခြေစုံပစ်ဝင်မည့်သူများ မဟုတ်သည်ကို ထောက်ကြည့်ပြီး အမြော်အမြင်ရှိရှိ ချင့်ချင့်ချိန်ချိန်ဖြင့် လှုပ်ရှားနေကြပုံ ရသည်ဟု မြင်သည်။
စာရေးသူသည် လက်ရှိလွှတ်တော်ကို ဒေါ်အောင်ဆန်းစုကြည် ရောက်သည့်တိုင်အောင် အယုံအကြည်မရှိပါ။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွဲ့ဖြိုးရေးကောင်စီတဖြစ်လဲ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ မှာသာ အာဏာရှိသည်မို့ ကာလုံ၏ ရွှေ့ကွက်ကိုသာ သတိထားလေ့လာသွားမည်ဖြစ်သည်။ လွှတ်တော်မှ တပ်မတော်သားကိုယ်စားလှယ်များ မပပျောက်သေးသရွေ့ ဒီမိုကရေစီကျသည့်လွှတ်တော်ဟု မထင်ပါ။ ထောက်လည်း မထောက်ခံနိုင်ပါ။
ယခုအခါ၌ ကြားဖြတ်လည်း ပြီးခဲ့ပြီ။ ဒီချုပ်လည်း ကျမ်းကျိန်ခဲ့ပြီ။ ဇူလိုင်လအထိ စောင့်ကြည့်ဦးမလား။ လွှတ်တော်အမတ်ဖြစ်ပြီဖြစ်သဖြင့် အမတ်လုပ်ငန်းကို ဆက်လုပ်ဖို့ပါပဲ။ စာရေးသူတို့ပြည်သူပြည်သားများအနေဖြင့် ဘုရားပွဲကို အာရုံထားနေ၍မရ။ စားဝတ်နေရေးက ရှိသေးသည်။ တိုင်းရင်းသားများအနေဖြင့် ဘဝလုံခြုံရေးအတွက် လုပ်ရဦးမည်။ ရုပ်ရှင်ပြကွက်ကို ကြည့်ခဲ့ပြီ။ မင်းသားကိုလည်း ကြိုက်ခဲ့ပြီ။ မင်းသမီးကိုလည်း သနားခဲ့ပြီ။ လူကြမ်းများကိုလည်း မကျေမနပ်ဖြစ်ခဲ့ပြီ။
ရုပ်ရှင်ကြည့်ပြီး အိမ်ပြန်ရောက်လျှင် ချက်ဖို့ ဆန်ကြမ်းရှိမရှိ ဆန်အိုးကို ဖွင့်ကြည့်ရတော့မည်။ အိမ်တံခါးလုံမလုံ စစ်ကြည့်ရမည်။ အိမ်ရှေ့မှာ တပ်ပိုင်မြေဟု ဆိုင်ပုဒ်ရှိမရှိ မနက်ဖြန်တိုင်း ထကြည့်ရဦးမည်။ ကချင်တိုင်းရင်းသားများအနေဖြင့် မိမိအမျိုးထက် မည်သူကိုမျှ မယုံဖို့ လိုပါပြီ။ အခြားတိုင်းရင်းသားများ အနေ ဖြင့် လည်း မိမိဘဝလုံခြုံရေးအတွက် မည်သူကိုမျှ အားမထားဘဲ ကိုယ်ထူးကိုယ်ထ လုပ်ကြဖို့ လိုပါပြီ။ အသင်တို့သည် နှစ်ပေါင်း(၂၀)ကြာသည့်တိုင်အောင် စစ်အစိုးရကိုလည်း စောင့်ခဲ့ကြပြီ။ ဒီချုပ်ကိုလည်း စောင့်ခဲ့ကြပြီ။ ယခုလည်း အသင်တို့ စောင့်ကြဦးမည်လော။ သင်တို့နည်းသင်တို့ဟန်ဖြင့် အဘယ်ကြောင့် မလုပ်နိုင်ရသနည်း။
ဇူလိုင်လရောက်၍ လွှတ်တော်ပြန်ခေါ်ခဲ့လျှင်လည်း အဆိုပါလွှတ်တော်သည် တရုတ်လွှတ်တော်လောက်ပင် သင်တို့အကျိုးစီးပွားကို ဆောင်ရွက်ပေးနိုင်မည်မဟုတ်။ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များ၊ စီးပွားရေးသမားများ၊ ခရိုနီများအတွက်သာ ဥပဒေများကို ရှေးဦးစွာ ပြုပေးပါမည်။ ယင်းဥပဒေများကိုလည်း ပြည်သူ့ဆန္ဒနှင့်အညီ ပြုစုပေးသည်ဟု ကျေညာပါဦးမည်။ ပညာရေးတွင် ပြုပြင်ပြောင်းလဲမှုအနည်းငယ်ခွင့်ပြုမည်။ စီးပွားရေးတွင်သာ အားတက်သရော ပြုပြင်ကြပါမည်။ မယုံလျှင် စောင့်ကြည့်ကြပါကုန်။
ပြောပြီးလျှင် ပြောရင်းနှင့် ဆက်ပြောရပါဦးမည်။ စစ်အစိုးရသည်လည်းကောင်း၊ ပြည်ခိုင်ဖြိုးအစိုးရသည် လည်းကောင်း၊ တပ်မတော်ခေါင်းဆောင်များသည်လည်းကောင်း ၂၀၄၀ ခုအထိ အာဏာကို ဆွဲဆန့်ပြီး ကိုင်သွားဖို့ ရှိကြောင်း သိရသည်။ ထိုအချိန်အထိ လွှတ်တော်မှ တပ်မတော်သားကိုယ်စားလှယ်များ ပပျောက်ရေး၊ စစ်မှန်သည့် ဒီမိုကရေစီရရှိရေး ရနိုင်မည်မဟုတ်။ တိုင်းရင်းသားလူမျိုးများအနေဖြင့် တော်လှန်ရေးစိတ်ဓာတ် ပျောက်ပြီး စစ်မှန်သည့် ပြည်ထောင်စုကိုလည်း တောင်းဆိုတော့မည်မဟုတ်ဘဲ တရုတ်အဆင့်ပြည်နယ်များဖြင့်သာ ကျေနပ်ကြတော့မည်ဖြစ်သည်။
သို့သော်လည်းပဲ ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ပယ်ထား၍ မရ။ သူ့ကို အချိန်အနည်းငယ် ပေးသင့်မပေးသင့် စဉ်းစားချင်သူများ ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ရန်သူမဟုတ်၊ မိတ်ဆွေသာ ဖြစ်သည်ဟု ဆိုလျှင် သူ့ကို ကူညီသင့်သည်။ သူ့ကို ဆန့်ကျင်ခြင်းသည် ဒီမိုကရေစီတိုက်ပွဲအတွက် မလိမ္မာရာ ရောက်သည်။ မိမိလူကို ရန်သူက မြူဆွယ်သွားလျှင် မိမိတို့သည်လည်း ရန်သူအားရအောင် မမိုက်မဲသင့်။ ထို့ကြောင့်
၁။ ၈၈-မျိုးဆက်များသည် ယခုလိုပဲ လွှတ်တော်ပြင်ပကနေ ဒီချုပ်ကို အားပေးနေသင့်သည်။
၂။ တပ်မတော်သားကိုယ်စားလှယ်များကို အရေးဆို၍ လွယ်အောင် တိုင်းရင်းသားဒေသများတွင် အပစ်ရပ်နေဖို့ လိုသည်။
၃။ အတိုက်အခံပါတီများ၊ ၈၈ မျိုးဆက်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက အချိန်ကန့်သတ်ချက်ဖြင့် လွှတ်တော်ရောက် ဒီချုပ်ကို ထောက်ခံကြဖို့ လိုသည်။ (အစိုးရက အကန့်အသတ်မပြုသဖြင့် ဤအတိုင်း မျောပါသွားမည်စိုး၍ ဖြစ်သည်)
လွှတ်တော်ပြင်ပနိုင်ငံရေး အင်အားကြီးအောင် ဒီချုပ်ကလည်း တဖက်တလမ်းက ကူညီဆောင်ရွက်ပေးရမည်။ လွှတ်တော်ကို ကာလုံက အမှောင်ကနေ ကိုင်နေသည်ဖြစ်၍ လွှတ်တော်ပြင်ပနိုင်ငံရေး အားကောင်းနေဖို့ လိုပုံကို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သိရှိနားလည်သင့်သည်။ ထို့ကြောင့်
၁။ ပြည်တွင်းပြည်ပအင်အားစုများကို စုစည်းပြီး ကွန်ယက်တစ်ခု ဖွဲ့စည်းသင့်သည်။ ဤကွန်ယက်ကို ဒီချုပ်လက်အောင်တွင် မထားရ။ သို့သော် ဒီချုပ်နှင့် ဆက်သွယ်နေရမည်။
၂။ ၈၈ မျိုးဆက်များသည် နိုင်ငံတကာ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်သင့်သည်။ ဤအဖွဲ့ကိုလည်း ဒီချုပ်လက်အောင်တွင် မထားရ။ သို့သော် ဒီချုပ်ကို ပံ့ပိုးနေရမည်။
၃။ တိုင်းရင်းသားလူမျိုးများသည် မည်သည့်အဖွဲ့အစည်းကိုမျှ အားမကိုးဘဲ တိုင်းရင်းသားပေါင်းစုံအဖွဲ့အစည်းတစ်ခု ထူထောင်သင့်သည်။ ဤအဖွဲ့အစည်းသည်လည်း ဒီချုပ် လက်အောက်ခံမဟုတ်။ သို့သော် ဒီချုပ်နှင့် မဟာမိတ်ဖြစ်သည်။
၂၀၁၅ အထိ ဒီချုပ်က လွှတ်တော်နိုင်ငံရေးအရ တစ်စုံတစ်ရာပြောင်းလဲအောင် မလုပ်နိုင်လျှင် ဒီအဖွဲ့များ ရှေ့တိုးသင့်သည်။ ဤလွှတ်တော်ပြင်ပနိုင်ငံရေးကို ပုံဖော်ထားခြင်းဖြင့် လက်ရှိအစိုးရကို တစ်စုံတရာဖိအားတစ်ခု ပေးထားနိုင်သည်။ စာရေးသူအမြင်မှာ လက်ရှိသွားနေသည့်လမ်းကြောင်းသည် အစိုးရအမြတ်ထွက်မည့်လမ်းကြောင်းဖြစ်သည်။ ဤလမ်းကြောင်းကို ဒီချုပ် အယုံအကြည် ရှိသော်လည်း ကျန်အဖွဲ့များက မယုံကြည်နိုင်ခွင့် ရှိသင့်ကြသည်။
၁။ လွှတ်တော်တွင် တပ်မတော်သားကိုယ်စာလှယ်များ ရှိနေသေးသရွေ့
၂။ အမျိုးသားလွှတ်တော်တွင် ပြည်နယ်များကို ဦးရေတူကိုယ်စားလှယ်များ ကိုယ်စားမပြုနိုင်သရွေ့
၃။ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ တန်းတူရေးကို ကိုယ်စားပြုသော ဖွဲ့စည်းပုံ မပေါ်သေးသရွေ့
ဒီမိုကရေစီတိုက်ပွဲ မပြီးသေးပါ။
Ven Ravika
မိမိရေးတဲ့ သတင်းတွေကို တာဝန်မယူတဲ့ FNG နဲ့ အခုတစ်ခါ .. ဘီဘီစီ မြန်မာဌာန ၂ ခုကပဲ သုံးတာကို သတင်းမှာ ကြားရ၊ အင်တာနက်မှာ ဖတ်ရတယ်။ ဒီလို ပြဿနာဖြစ်နိုင်ပြီး နှစ်ဖက် ယုံကြည်ချက်နဲ့ လုပ်နေရတဲ့ မြန်မာနိုင်ငံရေး တစ်ခုလုံးကို ထိခိုက်နိုင်တဲ့ စကားလုံး တစ်လုံးကို ဘီဘီစီ (မြန်မာဌာန) အနေနဲ့ အခုလို လက်လွတ်စပယ် သုံးတာဟာ ... တိုင်းပြည်အနာဂတ် ထိခိုက်အောင် တမင် ရန်တိုက်ပေးနေတာလားလို့ မေးလိုပါတယ်။
အရင် နအဖ လက်ထက်က ပြောသလို ပြောရရင်တော့ .. BBC ရန်တိုက်ပေးနေသည်လို့ ပြောရမလား မသိဘူး။
ဘီဘီစီ မြန်မာ ဌာနနရဲ့ မေလ ၂ ရက် ၂၀၁၂ ခုနှစ် မနက်ပိုင်း သတင်းကို နားထောင်လိုက်တော့ ကိုသူရိန်ကျော်ဇောရဲ့ ကြေငြာချက်ထဲမှာ "ကျမ်းကျိမ်လွှာစာသား အငြင်းပွားမှုကြောင့် လွှတ်တော်ကို သပိတ်မှောက်ထားတာကို ရုပ်သိမ်းပြီး ဖြစ်ပါတယ်။" လို့ ကြေငြာသွားတယ်။
...
"သပိတ်မှောက်" ဆိုတဲ့ စကားလုံးကို NLD ကလည်း မသုံးခဲ့သလို၊ ဦးသိန်းစိန် အစိုးရဘက်ကလည်း မသုံးဘူး။ အခြား ပါလီမာန် အမတ်တွေကလည်း မသုံးဘူး။ ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေကလည်း မသုံးဘူး။ ကုလသမဂ္ဂကလည်း မသုံးဘူး။ တိတိကျကျ ပြောရရင် ... NLD ရော ကြံခိုင်ရေး ပါတီကရော ဒီကိစ္စတောင်းဆိုထားတာကို ၂ ဖက် ညှိနှိုင်းဆွေးနွေး အဖြေရှာနေလို့ မတတ်သေးတာပါလို့သာ တရားဝင် ပြောဆိုထားပြီး၊ "သပိတ်မှောက်" ထားတာကြောင့် မတတ်ဘူးလို့ ပြောထားတာ မရှိပါဘူး။
မိမိရေးတဲ့ သတင်းတွေကို တာဝန်မယူတဲ့ FNG နဲ့ အခုတစ်ခါ .. ဘီဘီစီ မြန်မာဌာန ၂ ခုကပဲ သုံးတာကို သတင်းမှာ ကြားရ၊ အင်တာနက်မှာ ဖတ်ရတယ်။ ဒီလို ပြဿနာဖြစ်နိုင်ပြီး နှစ်ဖက် ယုံကြည်ချက်နဲ့ လုပ်နေရတဲ့ မြန်မာနိုင်ငံရေး တစ်ခုလုံးကို ထိခိုက်နိုင်တဲ့ စကားလုံး တစ်လုံးကို ဘီဘီစီ (မြန်မာဌာန) အနေနဲ့ အခုလို လက်လွတ်စပယ် သုံးတာဟာ ... တိုင်းပြည်အနာဂတ် ထိခိုက်အောင် တမင် ရန်တိုက်ပေးနေတာလားလို့ မေးလိုပါတယ်။
ဒီကိစ္စကို ဘီဘီစီ မြန်မာဌာနအနေနဲ့ ရှင်းလင်းပေးပါလို့ တောင်းဆိုလိုပါတယ်။
(ကျွန်တော် ဘီဘီစီ မြန်မာဌာနကိုလည်း အီးမေးလ်ရေးပြီး တောင်းဆိုပါမယ့်။)
http://www.bbc.co.uk/burmese/burma/2012/05/120501_nldhluttaw.shtml
Ko Htike Facebook
Burma - National League for Democracy and Parliament
Press Statement
Only eighteen months ago, Nobel Laureate Aung San Suu Kyi was under house arrest. Today, the pro-democracy leader and several other members of the National League for Democracy have taken their newly won seats in Burma’s parliament. For the first time in the country’s history, Aung San Suu Kyi and members of her party will have a role and voice in government.
I would like to send my congratulations to these pro-democracy leaders, other newly elected Members of Parliament, and the hundreds of thousands of voters for their courage and commitment to achieving a more representative and responsive government. President Thein Sein and his government have also taken important strides toward democracy and national reconciliation.
This is an important moment for Burma's future. A genuine transition toward multi-party democracy leading to general elections in 2015 will help build a more prosperous society. I encourage all political parties, civil society representatives and ethnic minority leaders to work together to address challenges and seize new opportunities for a more democratic, free, peaceful, and prosperous future.
ဘာသာပြန်(VOA)
နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ ၁၈ လကမှ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီး ဒီကနေ့မှာတော့ သူမနဲ့ အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တခြား အဖွဲ့ဝင် အများအပြား တို့ဟာ မြန်မာနိုင်ငံ လွှတ်တော်ထဲမှာ သူတို့ရဲ့ နေရာသစ်တွေကို ရယူလိုက်ကြပြီ ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံသမိုင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် ဒ်ါအောင်ဆန်းစုကြည်နဲ့ သူမရဲ့ ပါတီဝင်တွေ တိုင်းပြည်အုပ်ချုပ်ရာမှာ တခန်းတကဏ္ဍက ပါဝင်လာနိုင်တာ ဖြစ်ပါတယ်။
ကျွန်မ အနေနဲ့ ဒီမိုကရေစီ လိုလားတဲ့ ခေါင်းဆောင်တွေ လွှတ်တော်ကို တက်ရောက်လာတဲ့ အမတ် အသစ်တွေ၊ သိန်းနဲ့ ချီတဲ့ မဲဆန္ဒရှင်တွေကို သူတို့ရဲ့ ရဲစွမ်း သတ္တိနဲ့ လူထုကိုယ်စားလှယ် အစိုးရ ပေါ်ထွန်းရေးအတွက် တာဝန်ယူ ထမ်းဆောင်ခဲ့ကြတဲ့ အတွက် ချီးကြူး ဂုဏ်ပြုလိုက်ပါတယ်။
ဒီအချိန်ဟာ မြန်မာနိုင်ငံ အနာဂါတ်အတွက် အရေးကြီးတဲ့ အခိုက်အတန့်ဖြစ်ပါတယ်။ ပိုမိုတိုးတက်ဖွံ့ဖြိုးတဲ့ လူ့အဖွဲ့အစည်း ဖြစ်ထွန်းလာအောင် အထောက်အပံ့ ဖြစ်စေမယ့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို ဦးတည်တဲ့ စစ်မှန်သော ပါတီစုံဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလလည်း ဖြစ်ပါတယ်။ နိုင်ငံရေး ပါတီအားလုံး အရပ်သားအဖွဲ့အစည်း အားလုံးနဲ့၊ တိုင်းရင်းသားလူ မျိုးစုခေါင်းဆောင်တွေ အနေနဲ့ စိန်ခေါ်မှုတွေကို အတူတကွ ရင်ဆိုင်ဖြေရှင်းပြီး ဒီမိုကရေစီပိုကျသော၊ လွတ်လပ်သော၊ ငြိမ်းချမ်းသော တိုးတက်ဖွံ့ဖြိုးသော အနာဂါတ် ပေါ်ထွန်းရေးအတွက် အခွင့်ရေးသစ်တွေကို ဆုပ်ကိုင် အသုံးပြုကြဖို့ အားပေးနှိုးဆော် လိုက်ပါတယ်။
ဟီလာရီ ကလင်တန်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
၂၀၁၂ မေလ ၂ရက်
ပြည်သူ့ဂုဏ်ရည်အသင်း၏ ဖိတ်ကြားချက်ဖြင့် ပြည်ပသို့ထွက်ခွာခဲ့သည့် ဦးကျော်သူ နှင့် ဇနီး ဒေါ်ရွှေဇီးကွက်တို့ မေလ ၁ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိပြီဖြစ်သည်။
ဦးကျော်သူ နှင့် ဇနီး ဒေါ်ရွှေဇီးကွက်တို့ လိုက်ပါလာသည့်လေယာဉ်သည် ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မွန်းလွဲ ၁ နာရီခွဲတွင် ဆိုက်ရောက်ခဲ့ပြီး လော့စ်အိန်ဂျယ်လိစ်မြို့ရှိ ပြည်သူ့ဂုဏ်ရည်ဌာနခွဲ အဖွဲ့ဝင်များက ဦးကျော်သူ နှင့် ဇနီး ဒေါ်ရွှေဇီးကွက်တို့ ဓာတ်ပုံပါ အမှတ်တရ တီရှပ်များ ၀တ်ဆင်ကာ သွားရောက်ကြိုဆိုခဲ့ကြသည်။
ညနေ ၅ နာရီခန့်တွင် ဦးကျော်သူ နှင့် ဇနီး ဒေါ်ရွှေဇီးကွက်တို့အား အမေရိကန်ပြည်ထောင်စုအတွင်းရှိ ပြည်သူ့ဂုဏ်ရည်ဌာနခွဲ အဖွဲ့ဝင်များက တယ်လီဖုန်း ကွန်ဖရန့်ပြုလုပ်ကာ တက်ရောက်နှုတ်ဆက်ခဲ့ကြသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဋ္ဌ ဦးကျော်သူ နှင့် အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့သည် မေလ ၂၇ ရက်နေ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ကျင်းပမည့် ပြည်သူ့ဂုဏ်ရည်အသင်း၏ တတိယအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြမည်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအတွင်းရှိ မြန်မာမိသားစုများနှင့်လည်း တွေ့ဆုံကြမည်ဖြစ်သည်။ အဆိုပါ တွေ့ဆုံပွဲများနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ပြည်သူ့ဂုဏ်ရည်အသင်း၏ အင်တာနက်စာမျက်နှာ http://citizenofburma.org ရှိ ‘သတင်းများ’ ကဏ္ဍနှင့် ‘အစီအစဉ် ပြက္ခဒိန်’ ကဏ္ဍ တို့တွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။
ဦးကျော်သူ သည် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် ဧပြီလ အမေရိကန် ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့၌ ကျင်းပသော ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် နိုင်ငံပေါင်း ၅၄ နိုင်ငံမှ အင်တာနက်ဆန္ဒမဲဖြင့် ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ခဲ့ခြင်းဖြစ်သည်။
Htain linn
လွှတ်တော်ထဲမှာ စစ်ယူနီဖောင်းနဲ့ တက်တာ ကမ္ဘာမှာ မြန်မာတနိုင်ငံတည်းရှိတယ်..
ဒေါ်အောင်ဆန်းစုကြည်၏ ကျမ်းကျိန်လွှာ..
ဓာတ်ပုံ-ကျော်ဇေယျာဝင်း. Messenger journal,Ap,getty images
စစ်မှန်တဲ့ခေါင်းဆောင်တွေဟာ တိုင်းပြည်နဲ့လူထုအကျိုးအတွက် အလျှော့အတင်း လုပ်ပေးကြ စမြဲ ဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Ban Ki Moon ကပြောလိုက်ပါတယ်၊ မြန်မာနိုင်ငံကို ၃ ရက်ခရီးလာခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံအပြီးမှာ ခုလိုပြောလိုက်တာဖြစ်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် ကလည်း အလျှော့အတင်း လုပ်တယ်ဆိုတာဟာ NLD အသစ်အဆန်းမဟုတ်ဘဲ လွန်ခဲ့တဲ့ ၂၃ နှစ်လုံး အလျှော့အတင်း လုပ်လာခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်၊ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ပူးတွဲပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲအကြောင်းကို မစုမြတ်မွန်က ဆက်ပြီးပြောပါလိမ့်မယ်၊
မြန်မာနိုင်ငံနိုင်ငံရေးအပြောင်းအလဲကို ကိုယ်တိုင်လာရောက် အကဲခတ်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းဟာ ဒီကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ ခဲ့ပြီးနောက်မှာ ပူးတွဲ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်၊ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ စိန်ခေါ်မှုတွေရှိနေဆဲဖြစ်ပေမဲ့ ရှေ့ဆက် အပြောင်းအလဲတွေလုပ်သွားဖို့ လိုအပ်တဲ့ အကြောင်းကို အတွင်းရေးမှုးချုပ် Ban Ki Moon က ပြောကြားခဲ့ပါတယ်၊
- လုပ်ငန်းစဉ်တွေက ခက်ခဲနိုင်ပါတယ်။ စိန်ခေါ်မှုတွေလည်း အများကြီးရှိနေပါတယ်။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ နောက်ပြန်မလှည့်ဘဲ ရှေ့ဆက်သွားသင့်ပါတယ်။ ရှေ့ဆက်ပြီး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူ့အခွင့်အရေးဆောင်ရွက်မှုတွေမှာ ပါဝင်ချင်စိတ် ရှိသူ တွေကို ကျနော်တို့က ကူညီ အားပေးသွားမှာ ဖြစ်ပါတယ်။
လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေရောက်ဖို့ သမ္မတဦးသိန်းစိန်ရော ဒေါ်အောင်ဆန်းစုကြည် ပါ တော်တော်လေး လုပ်ခဲ့ကြရပြီး နောက်ထပ်တိုးတက်မှုတွေဖြစ်အောင်လုပ်သွားမယ်လို့ သူ့အနေနဲ့ ယုံကြည်လက်ခံတယ်ဆိုတာကိုလည်း Mr. Ban Ki Moon က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်၊ ကျန်းသစ္စာကျိန်ဆိုရာမှာ အသုံးအနှုန်းကို လက်မခံနိုင်ပေမဲ့ ပြည်သူတွေအကျိုးအတွက် အလျှော့ပေးပြီး NLD ကလွှတ်တော်တက်မယ်လို့ ဆုံးဖြတ်ချက်ချခဲတာကိုလဲ ခုလို ချီးကျူးပါတယ်၊
- ဒီဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲချခဲ့ရမယ်ဆိုတာကို နားလည်ပါတယ်၊ နိုင်ငံရေးသမားတွေ ဆိုတာ တချို့ကိစ္စတွေအပေါ်မှာ သဘောထားအမြင် မတူတာမျိုးရှိတတ်ကြပါတယ်၊ ဒါပေမဲ့ စစ်မှန်တဲ့ ခေါင်းဆောင်တွေဟာ တိုင်းပြည်နဲ့လူထုအကျိုးအတွက် အလျှော့အတင်း လုပ်ပေး ကြစမြဲဖြစ် ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဒီလို ဆုံးဖြတ်ချက်ချတဲ့ အတွက် လေးစားပါ တယ်၊ ဒေါ်အောင်ဆန်းစုကြည် ဟာ လွှတ်တော်အမတ် တယောက် အနေနဲ့ မြန်မာနိုင်ငံအတွက် ထိရောက်နဲ့ အပြုသဘောဆောင်ရွက်မှုတွေကိုလုပ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊
ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံရေးလုပ်ငန်းစဉ်မှာ ညင်သာပျော့ပြောင်းမှုရှိရမယ်လို့ NLD က အမြဲလက်ခံထားတယ်လို့ ပြောပါတယ်၊
- နိုင်ငံရေးလုပ်ငန်းစဉ်တွေကို လုပ်တဲ့အခါမှာ ပြုနိုင် ပြင်နိုင်ရမယ်ဆိုတာကို ကျွန်မတို့က အမြဲ လက်ခံ ထားပါတယ်၊ အခုလွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်လာလို့ ပျော့ပြောင်း ညင်သာဖို့ လိုပြီလို့ သဘောထား တာ မဟုတ်ပါဘူး၊ ကျွန်မတို့ နိုင်ငံရေးအရ ရုန်းကန်ခဲ့တဲ့ ကာလ တလျှောက်လုံးမှာ ဒီအချက် ကို လက်ခံ ယုံကြည်ခဲ့ကြတာပါ၊ ကျွန်မတို့ရည်မှန်းချက်တွေကို အကြမ်းမဖက်တဲ့နည်းနဲ့ ရနိုင်ဖို့ ကလည်း ဒီတနည်းနဲ့ပဲ ရနိုင်မှာပါ၊ ဒါကြောင့် လွှတ်တော် တက်တော့မှာမို့ ပြုနိုင် ပြင်နိုင်တဲ့ထုံးကို လက်ကိုင် ထားလိုက်တယ် လို့ ပြောလို့ မရပါဘူး၊ လွန်ခဲ့တဲ့ ၂၃ နှစ်ကျော်ကာလ တလျှောက်လုံးမှာ ဒီထုံးကို ကျွန်မ တို့ရဲ့ နိုင်ငံရေး နည်းနာတခု အဖြစ်နဲ့ သုံးလာခဲ့တာဖြစ်ပါတယ်၊
ရှေ့လာမယ့် လတွေ နှစ်တွေမှာ နိုင်ငံရေးသမားတွေဆုံးဖြတ်မဲ့ဆုံးဖြတ်ချက်တွေဟာ နောင် မျိုးဆက်ပေါင်း များစွာရဲ့ အနာဂါတ်ကို ပုံဖော်မှာဖြစ်လို့ အင်မတန်အရေးကြီးတဲ့ကာလကို နိုင်ငံရေးသမားတွေ ဖြတ်သန်း ရမှာဖြစ်တယ်၊ ရဲ့ရင့် ပြတ်သားမှု၊ ခေါင်းဆောင်မှု၊ အပေးအယူလုပ်မှုတွေ လိုအပ်တယ် ဆိုတာကိုလည်း ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က အလေးထား ပြောသွားခဲ့ ပါတယ်၊ ဒီမိုကရေစီ လမ်းကိုလျှောက်နေတဲ့ မြန်မာပြည်သူတွေအတွက်လည်း ဆက်လက် အားပေးသွားမယ်လို့ ဆိုပါတယ်၊
- မြန်မာပြည်သူတွေနဲ့ အစိုးရဟာ ပြုပြင်ပြောင်းလဲရေးလမ်းပေါ်ရောက်နေကြပါပြီ၊ အားလုံး ပါဝင်ခွင့် ရှိတဲ့ ဒီမိုကရေစီကိုလဲမြတ်နိုးကြပါတယ်၊ သူတို့အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း တခုလုံး ရဲ့ ထောက်ခံ အားပေးမှုကို ရသင့်ပါတယ်၊ ကုလသမဂ္ဂ အနေနဲ့ မြန်မာပြည်သူတွေနဲ့ ခြေလှမ်းတိုင်းမှာ အတူလက်တွဲပြီး တတ်နိုင်သမျှ ဆက်ပြီး ရပ်တည်သွားမှာဖြစ်ပါတယ်၊
ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာတဲ့ မြန်မာအစိုးရအပေါ် နိုင်ငံတွေက ကူညီထောက်ပံ့မှုတွေ ပိုပြီး ပေးလာနေ ကြပါတယ်၊ ဒီအကူအညီတွေဟာ ပြည်သူတွေအတွက် အကျိုးရှိဖို့ လိုတယ်ဆိုတာ ကိုတော့ ဒေါ်အောင်ဆန်းစုကြည် က ခုလို ပြောခဲ့ပါတယ်၊
- မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးအတွက် အကူအညီပဲပေးပေး၊ လူသားချင်းစာနာမှုအတွက် အကူအညီ ပဲ ပေးပေး၊ ပြည်သူတွေရဲ့ လုပ်နိုင်ကိုင်နိုင်တဲ့ အစွမ်းအစတွေ တိုးတက်ရေး၊ အစိုးရအပေါ် မှီခိုမှု နည်းသွား နိုင်ရေးတွေမှာ ဒီထောက်ပံ့မှုတွေကို သုံးသင့်ပါတယ်၊ ဒါမှသာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ဆောင်ရွက် မှုတွေဟာ လမ်းမှန်ပေါ် ရောက်ဖို့ အာမခံနိုင်မှာပါ၊ ခုလို ကျွန်မရဲ့ စိုးရိမ်မှုကိုလည်း အတွင်းရေးမှုးချုပ် နားလည်မယ်လို့ ထင်ပါတယ်၊
ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းရဲ့ တတိယအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်မှာ ဒေါ်အောင်ဆန်း စုကြည် နဲ့ ပထမဆုံး အကြိမ်လူကိုယ်တိုင် တွေ့ဆုံဆွေးနွေး နိုင်ခဲ့ပြီး ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့တာ ဖြစ်ပါတယ်ရှင်၊
VOA
Photo..Reuters.AP
ဖိုးလှကြီးရေ..
ငယ်ငယ်က ကျောင်းစာမှာဖတ်ခဲ့ဖူးတယ်..။
ဆယ်ပေပတ်လည်အခန်းကျဉ်းထဲ.. အိမ်ထောင်စုတစ်စုလုံးနေကြတယ်တဲ့..
ခင်ဗျားကို...လိုက်ပြချင်ပါတယ်..
... စက်မှုဇုံတွေအနီးက မီးမလာတဲ့စုပေါင်းတိုက်ခန်းလေးတွေ.. အဖိချတဲလေးတွေကိုလေ.....။
အိုတီတဲ့ . တအိုတီထဲ တီနေလို့... အိုတီကြေး ၂၅၀ အတွက်...ခေါင်းအမူးခံကျီးပေါင်းတက်ခံ၊ မျက်လုံးအပျက်ခံအလုပ်လုပ်နေတဲ့ဘ၀တွေ....
စီးလာတဲ့ဖယ်ရီကားပြိုင်မောင်းလို့ မနက်အတွက် ဈေးဖိုးတွက်ရင်း... မရဏလမ်း မှာ ဈေးဝယ်ထွက်ခဲ့တဲ့ ဘ၀တွေ..။
မျက်စိသူငယ် . နားသူငယ်နဲ့ နေပူထဲရပ်ပြီး ၂၅၀ အတွက် ရက်ဆက်မတ်တတ်ရပ်တဲ့ဘ၀တွေ..။
ဆွဲဆောင်မှုမျိုးစုံဖျားယောင်း...ကုမဏီပိုင်ရှင်ရဲ့စပွန်ဆာရန် မတွန်းလှန်နိုင်လို့ အလှအတွက်.. ဓန .. အတွက် ဘ၀ပျက်သူတွေ..။
လမ်းမအလယ်မှာ ...ပေါက်တူးကိုင်လို့ အိမ်အပြန်မျက်နှာပန်းလှအောင် ကျွဲပုခုံးထ နှဖူးကချွေးခြေမကျအောင် ကြိုးစားရင်း.. ရန်သူမျိုးငါးပါးရဲ့ သားကောင်ဖြစ်သွားသူတွေ...။
ဘ၀တွေ .. ဘ၀တွေ..... စုတ်ပြတ်ဆင်းရဲနေတဲ့ဘ၀တွေကို.... ခင်ဗျားကိုပြရင်း..........ခင်ဗျားတို့ခေတ်မှာတင်မဟုတ်ဘူး... လို့ ရေးသားရင်း ............။
ကျွန်တော့်လက်တွေ..... စေးထန်းနေသလိုပဲ ................။
Yan Aung
ကျူးကျော်မြေတွင်နေထိုင်သူ မိခင်တစ်ဦး အထဲပြန်ဝင်လို့မရသဖြင့် ကလေးနှင့် မိဘများကို ထုတ်ပေးပါရန် တောင်းဆိုနေစဉ်
ယနေ့ 30.4.2012 တွင် ရွှေပြည်သာမြို့နယ်နှင့် ထညင်းကုန်း ဆောက်လုပ်ရေး မှတ်တိုင်အနီးတွင်း တပ်ပိုင်မြေတွင် ကျူးကျော်ဝင် ရောက်နေသူများကို တပ်မှ အပြင်ထွက်သူ ပြန်မ၀င်ရ ထွက်လိုက ခွင့်ပြု၍ ထွက်သွားသူများကို အထဲပြန်အ၀င် မခံသည့်အတွက် တစ်နေ့ လုပ်တစ်နေ့စား အလုပ်သမားများမှာ နှစ်ညတိုင်တိုင် အထဲပြန်ဝင်ခွင့်မရဘဲ လမ်းပေါ်မှာ အိပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒီကိစ္စ ဖြစ်ပေါ် ကတည်းက အမျိုးသားနိုင်ငံရေးမဟာမိတ်များ ပါတီ မှ ကိုအေးကို နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ၈၈ မျိုးဆက်ကျောင်းသားများပါတီ ကိုရဲထွဋ် တို့မှ ဒုက္ခရောက်နေသော အလုပ်သမားများအရေးကူညီခဲ့သည်ဟု သိရသည်။
ယနေ့တွင် ဖြစ်ပေါ်လျှက်ရှိသော အလုပ်သမားများ၏ အရေးကို ကူညီဆောင်ရွက် လိုသော နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များ လာရောက်ခဲ့ကြပြီး ဦးဆောင်သူနောက်မှ ၀ိုင်းဝန်းကူညီရန် ဟုပြောကာ ရောက်ရှိလာခဲ့ကြသည်။ အထဲတွင် ကျန်နေခဲ့သော မိသား စုများမှာလည်း အခြားပြောင်းရွှေ့စရာ နေရာမရှိသည့်အတွက် အပြင်မထွက်လိုကြောင်း၊ ထွက်ပြီးလျှင် ပြန်ဝင်ခွင့် ရရှိတော့မည် မဟုတ်သော ကြောင့် အထဲမှာပင် ပိတ်မိနေကြသည်။ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ထမင်းထုပ်များပေးပို့လိုသော်လည်း လုံခြုံရေး တင်းကြပ်ထား၍ ထမင်းထုပ်ပေးခွင့်ကိုလည်း ဒုက္ခသည်များမဟုတ်သည့်အတွက်ခွင့်မပြုနိုင်ကြောင်း သိရသည်။
NLD ပါတီမှ ရွှေပြည်သာမြို့ခံပါတီဝင်များကလည်း လူသားချင်းစာနာမှု လူမှုအကူအညီများပေးရန် ရောက်ရှိလာခဲ့ကြပြီး ထမင်းထုပ်များ စီစဉ်ကာ အထဲတွင် ကျန်ရစ်ခဲ့သော မိသားစုဝင်များကို ပေးပို့ခွင့်တောင်းခံ၍ အထဲတွင် ကျန်ရစ်ခဲ့သော နို့စို့အရွယ် ကလေးနှင့် နားမကြား သောအဖေ၊ လေဖြတ်နေသော အဖွားတို့ကို ခေါ်ယူလိုသူ မနွေးနွေး၏ ကူညီတောင်းခံမှုကို ၀ိုင်းဝန်း တောင်းဆိုပေးကြရာ အာဏာပိုင်များ မှ ထွက်ခွင့်ပြုခဲ့ပြီး မိသားစုအားလုံး အပြင်သို့ရောက်ရှိလာပြီဖြစ်သည်။ မနွေးနွေးတို့ ကိုယ်တိုင် လမ်းပေါ်တွင် အိပ်ခဲ့ရကြောင်း NLD ပါတီမှ ဒေါ်ခင်ဝင်းကြည်မှ အခြားသော နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များကို အကူအညီတောင်းခံသောကြောင့် ဦးဝင်းချို ဦးနေမျိုးဝေ၊ ဦးအောင်မျိုး ဦးတို့မှ အင်တာနက်တင်ရန်သတင်းလွှင့်သော အင်တာနက်သတင်းကိုကြည့်၍ လာရောက်လှူဒါန်းရာ ဒေါ်ခင်ဝင်းကြည်၏ နာမည်နှင့် ဖုန်းနံ ပါတ်ကိုအသုံးပြု၍ အလှူခံခဲ့သောကြောင့် အလှူငွေ ၉၄၀၀၀ကျော်ကို ဒေါ်ခင်ဝင်းကြည်လက်ကိုသာ အပ်စေခဲ့သည်။ ဒေါ်အေးမာတို့မှ လှူဒါန်းငွေကို သူတို့အားအပ်ရန် ပြောသဖြင့် ဒေါ်ခင်ဝင်းကြည်တို့မှလည်း မနက်တွင် ချက်ပြုတ်ကျွေးမွေးလိုကြောင်း၊ ဦးဝင်းချိုအပါအ၀င် ဦးဆောင်မည့်သူကို မေးမြန်း၍ ဦးဆောင်သူနောက်မှ ခိုင်းတာလုပ်ပေးပါမည်။ လူတွေ တကယ်ဒုက္ခရောက်နေတဲ့အတွက် ကူညီချင်ပါတယ်လို့ ဆိုပေမယ့်လည်း ဦးအေးကို ရဲ့ တာဝန်ခံနဲ့ ဦးရဲထွဋ်တို့ရဲ့ တာဝန်ခံများက ဥက္ကကြီးများတွေ့ဆုံနေကြောင်း ဘာမျှခိုင်းစရာမရှိကြောင်း ပြော၍ အခြားနိုင်ငံရေး အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များမှ လက်ရှောင်ခဲ့ကြခြင်းဖြစ်သည်။ လမ်းပေါ်တွင် အိပ်ရမည့် အလုပ်သမားများအတွက်ထမင်း ထုပ်များကို ဒေါ်အေးမာတို့မှလည်း စီစဉ်ပေးနေပြီး NLD မြို့ခံပါတီဝင်များက အထဲသို့ပေးရန် ထမင်းထုပ်ကိုလည်း အပြင်တွင်သာ စီစဉ်ကျွေးမွေးလိုက်သည်။
လူမှုဒုက္ခကို တကယ်ကူညီချင်လို့လာတာ။ မလိုဘူးဆိုတော့လည်း ပြန်ရုံသာပေါ့ဟုဆိုကာ ပြန်လာကြစဉ်တွင် ဒေါ်ခင်ဝင်းကြည်မှ ဦးဝင်းချိုထံ ဆက်သွယ်၍ အလှူငွေကိစ္စ မည်သို့ဆောင်ရွက်သင့်ကြောင်း မေးမြန်းရာ တာဝန်ရှိသူမှ ဒေါ်ခင်ဝင်းကြည်သာ ဖြစ်၍ အလှူရှင်ကို ဆက်သွယ် မေးမြန်း၍ အလှူရှင်လက်သို့အပ်စေလိုကြောင်း ပြောဆိုသည်ကိုလည်း ကြားသိရသည်။ လူတွေကတော့ တကယ်ဒုက္ခရောက်နေတယ်။ ကူညီသင့်လို့ ဒေါ်ခင်ဝင်းကြည်ကလည်း ဆက်သွယ်လို့ လာရောက်ကြခြင်းဖြစ်ကြောင်း၊ မီဒီယာနှင့် နိုင်ငံရေးအသိုင်းအ၀ိုင်းမှ လက်ရှောင် နေသည်ကို သဘောပေါက်ကြောင်း သုံးသပ်နေသည်ကိုလည်း ကြားသိရသည်။
နောင်တော်လေး
ဧပြီ (၃၀) မနက် ရုံးချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲက ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပြောကြားသည့် အသံဖိုင် (DVB)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ထောင်စုလွှတ်တော် ထိုင်ခုံနေရာ (Photo: APM@DVB)
ပြည်သူ့အများစုရဲ့ ဆန္ဒအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ မေလ(၂)ရက်နေ့မှာ လွှတ်တော်တက်ရောက်တော့မယ့်အကြောင်း အန်အယ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း က အတည်ပြုပြောကြားလိုက်ပါတယ်။ ဒီနေ့ ဧပြီ၃၀ အဖွဲ့ချုပ်ကပြုလုပ်တဲ့ ဗဟိုဦးစီးအဖွဲ့ က ဆုံးဖြတ်လိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကလဲ ဒါကို ဒီမနက်ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ ထုတ်ဖော်ပြောကြားသွားပါတယ်။
(dvb)
ပြီးခဲ့တဲ့အပတ်က သမ္မတဦးသိန်းစိန်ဂျပန်နိုင်ငံသို့ရောက်ရှိစဉ် (Photo..Aung myo tun)
အရင်န.အ.ဖအဖွဲ့ ဝင်ဦးသိန်းစိန်နဲ့ ဒီမိုကရေစီသမ္မတအမည်ခံဦးသိန်းစိန်ဟာတူတူဘဲဆိုတာသက်သေပြတဲ့ အနေနဲ့အရင်ခေါင်းဆောင်ဟောင်းကြီးတွေရဲ့စီးပွားရေးတာဝန်ခံတေဇ..။အောင်ကိုဝင်း..။နေအောင်တို့လိုနိင်ငံသားတွေပါပိုင်ဆိုင်ခွင့် ရှိတဲ့ နိင်ငံရဲ့သယံဇာတတွေကို ခိုးယူရောင်းစား..။ စစ်အာဏာရှင် လက်ထက် ကတည်း က သဘောကျ ဝေစုချ.ခွင့် ရလို့ ကြီးပွားချမ်းသာလာတဲ့ နိင်ငံတော်သူခိုးတွေကိုနိင်ငံတော်ရဲ့ စီးပွားရေးလုပ်ငန်း ရှင်အဖြစ်ဂျပန်ကိုခေါ်သွားတာလား..?
နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့မှု (Sanction) ကိုဖယ်ရှားပေးဖို့ လက်ရှိအစိုးရဦးသိန်းစိန်မှ တောင်းဆိုနေ တာဟာ နိုင်ငံသူနိုင်ငံသားတွေအကျိုးစီးပွားအတွက်မဟုတ်ဘဲ ဒီနိုင်ငံတော်သူခိုးတွေအတွက် တရားဝင် လုပ်ကိုင်ခွင့် ရဖို့ခေါ်သွားတာဖြစ်နေသလိုပါဘဲ..
“ ခေတ်ပျက်သူဌေးများကိုးကွယ်ရာတန်ခိုးရှင် "
ခေတ်ပျက်သူဌေးတွေ သူတို့ ကြည့်တဲ့မျက်နှာတစ်ခုတော့ရှိတယ်၊‘တန်ခိုးရှင်' ရဲ့မျက်နှာဖြစ်တယ်။ဘယ်သူ့ လက်ထဲမှာ တန်ခိုးရှိတဲ့‘ကြိမ်စင်္ကြာ' ကိုင်ထားသလဲ။အဲဒီ တန်ခိုးရှင်ကိုတော့ သိပ်ရိုကျိုးတာ၊လူတကာ
အပေါ်ခက်ထန်သလောက် တန်ခိုးရှင်ရှေ့မှာပြားပြားဝပ်ပဲ၊အမြဲခြေထောက်ဖက်ထားတာ၊ လူတွေဘယ်လောက် ဒုက္ခ ရောက်ရောက်ဂရုမစိုက်ဘူး၊တန်ခိုးရှင်မျက်နှာတစ်ချက်ညိုးမှာပဲ အရိပ်တကြည့်ကြည့်ဂရု စိုက်နေတာ။ ဒီဆုတ်ကပ်ခေတ်ကြီးမှာအဲဒီလိုလူမျိုးတွေအတော်များတာ။ ။ ။ “လူထုစိန်ဝင်း "
ပြည်သူ့များ၏ ဆန္ဒအရ လွှတ်တော်တက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များအား ပြောကြားနေစဉ်(EMG)
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရပြီး ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ခံ NLD အမတ်များ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတော့မည် ဖြစ်ကြောင်း ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် NLD ရုံးချုပ်၌ ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားလိုက်...သည်။
“အလျှော့ပေး လိုက်တာလားလို့ မေးရင် ဟုတ်ပါတယ်။ အလျှော့ပေးလိုက်တာပါ။ ပြည်သူ့ဆန္ဒအတွက်ပါ” ဟု ၎င်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် မေလ ၂ ရက်နေ့တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော်သို့ တက်ရောက်ဖွယ် ရှိကြောင်း မြန်မာ့ နိုင်ငံရေး စောင့်ကြည့် လေ့လာနေသူများက ခန့်မှန်းပြောဆိုသည်။
ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီင်္ဝင် အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ တွင် ပြဋ္ဌာန်းထားသော လွှတ်တော် ကိုယ်စားလှယ်များ ကျမ်းသစ္စာဆို စာပိုဒ်ပါ စာသားကို ပြင်ဆင်မှသာ လွှတ်တော် တက်မည်ဟု ထုတ်ပြန်ထားသည်။
The Voice Weekly
မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီး ဂေါပက အဖွဲ့ပိုင် အိုးစည်တန်းရှိ ဆိုင်ခန်းတစ်ခန်းကို ဦးအောင်တင့်စန်း က ၀ယ်ယူပိုင်ဆိုင်ထားပါသည်။ ဆိုင်ခန်း၏ နောက်ဖေးဝင်ထွက်ပေါက် လုံခြုံစိတ်ချမှုရှိရန် အတွက် ဂေါပကရုံးမှ ခွင့်ပြုချက်ရရှိပြီးမှ ပြုပြင်ရာ ဂေါပကအဖွဲ့မှ ဦးစန်းလွင်ဦး၊ ဦးခင်မောင်မြင့်နှင့် အဖွဲ့က ဆိုင်ရှင်ခွင့်ပြုချက်မတောင်းပဲ ဆိုင်ခန်းအတွင်း ၀င်ရောက်ဟန့်တားခဲ့ရာမှ နှစ်ဖက်အငြင်းပွားခဲ့ပါသည်။ ဘုရားကြီးဂေါပကအဖွဲ့က ဦးအေင်တင့်စန်း အပေါ် လုံးဝမရှိသော ဘုရားအုတ်တံတိုင်း ဖျက်ဆီးမှုနှင့် အမှုဖွင့် အရေးယူခဲ့တဲ့အတွက် ဦးအောင်တင့်စန်းမှာ ချမ်းမြသာစည်မြို့နယ် တရားရုံးကနေ အဆင့်ဆင့် တရားရုံးများသို့ အချိန်ကြာမြင့်စွာ ဖြေရှင်းခဲ့ရပါသည်။
ဦးအောင်တင့်စန်းက မိမိဆိုင်ခန်းအတွင်း ခွင့်ပြုချက်မတောင်းပဲ ၀င်ရောက်ခြိမ်းခြောက် ဟန့်တားခဲ့ကြသော ဘုရားကြီး ဂေါပကအဖွဲ့မှ ၀န်ထမ်းများအပေါ် ပြန်လှန် အမှုဖွင့်တိုင်ကြားခဲ့ပေမယ့် အရေးယူဆောင်ရွက် ခြင်းမရှိပဲ အမှုကို ပလပ် ခဲ့ပါသည်။ ဦးအောင်တင့်စန်းအပေါ် စွဲဆိုထားသည့်အမှုက ချမ်းမြသာစည် တရားရုံး မှ စစ်ဆေးမှုမှာ ဘက်လိုက်မှုများပေါ်ပေါက်ခဲ့လို့ ရုံးပြောင်းခွင့် လျှောက်ထားပြီး ပြည်ကြီး တံခွန်မြို့နယ် တရားရုံးမှာ ဆက်လက် စစ်ဆေး အမိန့်ချမှတ်ရာမှာ အမှုကို မှားယွင်းမှုအဖြစ်သတ်မှတ်ပြီး ဦးအောင်တင်စန်းကို အမှုမှ အပြီးအပြတ် လွှတ်ပေးခဲ့ပါသည်။ ဦးအောင်တင့်စန်းအနေနှင့် အချိန်တစ်နှစ်မျှ ရင်ဆိုင်ဖြေရှင်းရခြင်း အမှန်မရှိသော အုတ်တံတိုင်း ဖျက်ဆီးသည်ဟု မမှန်စွပ်စွဲ ခဲ့ခြင်းတို့အပေါ် မကျေနပ်သဖြင့် ၄င်းအား အပြီးပြတ်လွှတ်ပေးပြီးချိန်မှာ တိုင်ကြားသူများအပေါ် ဂုဏ်သိက္ခာထိခိုင် နစ်နာ အောင် ဆိုင်ရွက်ခဲ့ခြင်းနှင့် မမှန်စွပ်စွဲတိုင်ကြားခဲ့ခြင်းများအတွက် အရေးယူပေးရန် အမှုဖွင့် တိုင်ကြားခဲ့ ပါသည်။
ချမ်းမြသာစည်မြို့နယ်တရားရုံး တွဲဖက်တရားသူကြီး ဒေါ်ဥမ္မာအေးက လက်ခံကြားနာပြီး အမှုကို စုံစမ်းစစ်ဆေးစေရန် အမှတ်(၁၀) ရဲစခန်းသို့ တာဝန်ပေးအပ်ခဲ့ပါသည်။ အမှတ်(၁၀) ရဲစခန်းမှ စခန်းမှူးနှင့် အမှုစစ်ရဲအရာရှိ ဒုရဲအုပ် ခင်ကိုကို တို့က အမှုကို စုံစမ်းစစ်ဆေးပြီး ဦးအောင်တင့်စန်းက ရဲတိုင်ကြားချက် များ မှန်ကန်ကြောင်း တရားရုံးသို့ အစီရင်ခံတင်ပြခဲ့ပါသည်။ သို့သော် ချမ်းမြသာစည် တရားရုံး မှ အမှုအား လက်ခံခြင်းမပြုပဲ ပလပ် ခဲ့ပါသည်။ နိုင်ငံသားတစ်ဦးအနေဖြင့် အဖွဲ့အစည်းများနှင့် အငြင်းပွားမှုပေါ်ပေါက် လာလျှင် တဖက်သတ် ဖိနှိပ်အနိုင်ကျင့်ခံရမှုသာ များပြီး တရားရေးအနေနှင့် အမှန်တရားဘက်မှာ မရှိပဲ အဖွဲ့အစည်းဖက်မှ ကူညီပံ့ပိုးခြင်းဟာ တရားစီရင်ရေး ယန္တရားကို အလွဲသုံးစားပြုရာရောက်ပါသည်။
နိုင်ငံသားတစ်ဦးမှာ တာဝန်ကိုယ်စီရှိသလို အခွင့်အရေးလည်းရှိပါသည်။ မိမိအခွင့်အရေးကို ထုတ်ဖော်တင်ပြခွင့်မရဘဲ အဖွဲ့အစည်းနှင့် တရားရေး ပူးပေါင်းချေဖျက်မှုများ အမှန်တရားပေါ်ပေါက်လာစေ ရေး အတွက် ဒီစာကို တင်လိုက်ဖြစ်ပါတယ်။
ဦးအောင်တင့်စန်း (အနန္တဂုဏ်ရောင် သင်္ကန်း ပရိက္ခရာတိုက်)
၀၉-၅၁၅၃၇၅၈
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် စစ်မှန်သော ဒီမိုကရေစီ နိုင်ငံရေး စနစ်ကို လေးနက်စွာ သက်ဝင်ယုံကြည်သော နိုင်ငံရေး အဖွဲ့အစည်းဖြစ်ပေသည်။
၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးနှင့် အတူ ပေါက်ဖွားရှင်သန်လာခဲ့သည့် နိုင်ငံရေး အဖွဲ့အစည်းလည်း ဖြစ်ပေသည်။ ဒီမိုကရေစီကျင့်ထုံး -ကျင့်စဉ်များ ၊ ဒီမိုကရေစီ လုပ်ငန်းစဉ်များကို အစွဲအမြဲ၊ အခိုင်အမာ ခံယူကျင့်သုံးခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် စစ်အာဏာရှင် အစိုးရအဆက်ဆက်တို့ဧ။် အဆင်အခြင်မဲ့၊ အမြော်အမြင်မဲ့၊ အထောက်အညာမဲ့ ဖိနှိပ်ကွပ်ညှပ်မှုများကို ဘ၀ပျက်ခမန်း ကြုံတွေ့ခံစားခဲ့ရပေသည်။
၁၉၉၀ အထွေထွေ ရွေးကောက်ပွဲကြီးတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် တစ်ခဲနက်ပြည်သူ့ ထောက်ခံမှု ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့ပေသည်။ ဒီချုပ်သည် အောင်ပွဲခံယူ အောင်လံမလွှင့်ထူ နိုင်ယုံမက နိုင်ငံရေး ဇာတ်ခေါင်းကွဲအံ့မူးမူး အခြေသို့ပင် ဆိုက်ခဲ့ရပေသည်။
၂၀၁၀ အထွေထွေရွေးကောက်ပွဲကာလတွင်လည်း အဖွဲ့ချုပ်ဝင် ဒီမိုကရေစီအင်အားစုများနှင့် ပြည်သူလူထုကြီးဧ။် ပယ်လှန်ဆန့်ကျင်မှုဖြင့် အဖွဲ့ချုပ်သည် ပါတီမှတ်ပုံတင်ခြင်းကို ငြင်းပယ်ခဲ့ပေသည်။ ရွေးကောက်ပွဲများကိုလည်း သပိတ်မှောက်ခဲ့ပေသည်။ အကျိုးဆက်အားဖြင့် ဒီချုပ်သည် ၂၀၁၀ ပြည့်နှစ် ၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် နိုင်ငံရေး ပါတီအဖြစ်မှ ဖျက်သိမ်းခြင်း ခံခဲ့ရပေသည်။
ယင်းသို့သော အခြေအနေဆိုးများအကြားတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ဒီမိုကရေစီရေး ဦးတည်ချက်နှင့် ဒီမိုကရေစီကျင့်စဉ်တို့ကို စွန့်လွှတ်ခဲ့ခြင်း မရှိပေ။ လှေခွက်မကျန်တောင် အလံမလှဲဆိုသော စိတ်ဓါတ်အားမာန်ဖြင့် ဒီမိုကရေစီမြတ်နိုးသော ပြည်သူတို့ကို စည်းရုံးလက်တွဲ ချီတက်မြဲ ချီတက်ခဲ့ပေသည်။
၂၀၁၁ခုနှစ်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အာဏာရလာပေသည်။ သမ္မ္မတ ဦးသိန်းစိန် အစိုးရတက်လာ ချိန်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မ္မတ ဦးသိန်းစိန် တို့ တွေ့ဆုံဆွေးနွေးခဲ့ပေသည်။ တွေ့ဆုံပွဲ ရလာဒ်အဖြစ် သမ္မ္မတ ဦးသိန်းစိန်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ရေး အတွက် ထိထိရောက်ရောက် ကူညီစောင့်ရှောက် ခဲ့ပေသည်။
နိုင်ငံတော် သမ္မ္မတ ဦးသိန်းစိန် ဧ။် ညှိနှိုင်းစီစဉ်ချက်အရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စကားရပ်များ အစားထိုးပြင်ဆင်ပြောင်းလဲပေးခဲ့သည်။ ''ပြည်ထောင်စု သမ္မ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမည် '' ဆိုသော စကားရပ်အစား 'ပြည်ထောင်စု သမ္မ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာပါမည် '' ဟူသော စကားရပ်ကို အစားထိုး ပြင်ဆင်ခဲ့ခြင်း ဖြစ်ပေသည်။
ယင်းပြင်ဆင်ပြောင်းလဲမှုသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါဝင်ယှဉ်ပြိုင်ခြင်းတည်းဟူသော ဒီမိုကရေစီ အကူးအပြောင်း တံခါးတချပ်ကို ပွင့်စေခဲ့ပေသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၉၀ ရွေးကောက်ပွဲကြီး ကာလကဲ့သို့ပင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ တွင် လည်း ပြည်သူ့ထောက်ခံမှုကို တောင်ပြိုကမ်းပြို တစ်ခဲနက် ရရှိခဲ့ပေသည်။ ကြားဖြတ်ရွေးကောက်ပွဲ အောင်စည်၊ အောင်မောင်းသံများ၊ မိုးကြီးထစ်ချုန်းနေသကဲ့သို့ ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲ ပဲ့တင်သံများလည်း မြည်ဟိန်းနေလျက် ရှိပေသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် လွှတ်တော်နိုင်ငံရေး တာဝန်များ ထမ်းရွက်ရန်အတွက် ရွေးကောက်ပွဲ ၀င်ခဲ့ခြင်း ဖြစ်ပေသည်။ ယခုအချိန်တွင် ဒီချုပ်ကိုယ်စားလှယ်များ လွှတ်တော်တွင်းသို့ ၀င်ရောက်နိုင်ရေး နှောင့်နှေးထစ်ငေါ့နေပေသည်။ လွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုရမည့် စကားရပ်များသည် နိုင်ငံတော်သမ္မ္မတ ဦးသိန်းစိန်ဧ။် ကူညီဖေးမမှုဖြင့် ဖြစ်တည်လာခဲ့သော 'အခြေခံဥပဒေကို လေးစားလိုက်နာ ပါမည် '' ဆိုသော စကားရပ်သည် ရွေးကောက်ပွဲနှင့်လွှတ်တော်အကြား၌ ပျောက်ပျက်ကြွေလွှင့်ခဲ့ပေသည်။ အခြေခံဥပဒေတွင် မူလရှိပြီးသား '' အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမည် '' ဆိုသော စကားရပ်သည် လောက်လမ်း သဖွယ် ၀ိဥာဉ်တွယ်လာခဲ့ပြန်ပေသည်။
ယင်းစကားရပ်တို့ကို ယိုးမယ်ဖွဲ့လျက် သမ္မ္မတ ဦးသိန်းစိန်ဧ။်လမ်းညွှန်ချက်ဖြင့် အစားထိုးပြင်ဆင်ပြိး ဖြစ်ခြင်းကို မျက်ကွယ်ပြုကာ ကျားကျားမီးယပ် လုပ်နေကြမည် ဆိုလျှင် ပြောင်းလဲစ ပြုလာနေသော မြန်မာ့နိုင်ငံရေးတွင် အခြေခံဥပဒေ ဆိုင်ရာ အကျပ်အတည်း အသစ်တစ်ရပ်ကို ဖန်တီးဖေါ်ထုတ်ရာ ရောက်နေနိုင်ပေသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် လွှတ်တော်နိုင်ငံရေးတွင် ပါဝင်လှုပ်ရှားရန် ဆန္ဒသဘောထားရှိကြောင်း ကြိမ်ဖန်များစွာ မြန်မာသိ၊ ကမ္ဘာ သိ ထုတ်ဖေါ်ကြေငြာပြီး ဖြစ်ပေသည်။
သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများ အနေဖြင့်လည်း ဆင်ခြင်တုံတရား လက်ကိုင်ထားကာ အမြော်အမြင်ရှိရှိ ၊ စေတနာပြည့်ပြည့် ၀ိုင်းဝန်းဖြေရှင်းပေးကြရန် ပန်ကြားလိုပေသည်။
(ဧပြီ 30 ရက်စွဲဖြင့် ထုတ်ဝေသော ဒီလှိုင်းဂျာနယ်မှ အယ်ဒီတာအာဘော် ကို ထပ်ဆင့်ဖေါ်ပြခြင်းသာ ဖြစ်ပါသည်။)
ကိုနေမျိုးဇင်
ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် လှိုင်မြို့နယ်၏ ဒုတိယတရားသူကြီးဖြစ်သူ ဦးလှတိုး၏ လာဘ်စား၍ အမှုစစ်ဆေးသည့်ပုံစံသည် လောင်းကစားမှုကို အားပေးသလိုဖြစ်နေပြီး တရားရုံးမှ လောင်းကစားကြွေးဆင့်ခေါ်စာထုတ် တောင်းပေးနေသလိုဖြစ်နေကြောင်း အငြိမ်းစားခရိုင် တရား သူကြီးဟောင်းတစ်ဦးက ပြောကြားသည်။
လွန်ခဲ့သည့် တနှစ်ခန့်က လှိုင်မြို့နယ် ၇ ရပ်ကွက်တွင် နေထိုင်သည့် ဘောလုံးလောင်းကစားဒိုင် ကိုယ်စားလှယ်တစ်ဦးနှင့် ထိုးသားများ လျှော် ကြေးငွေများ ပမာဏ သိန်း ၁၀ဂဏန်းနီးပါး အလျှော်အစားဖြစ်ခဲ့ကြောင်း ထိုးသားများအနေဖြင့် လောင်းကြေးအကြွေးများ ပြန်ဆပ်ရန်အတွက် အတိုးမဲ့ ချေးငွေအနေဖြင့် စားချုပ်လိမ်လည်ချုပ်ဆိုခဲ့သည့်အမှုကို တရားသူကြီးဦလှတိုးမှ အမှုမှန်ပေါ်အောင် မစစ်ဘဲ ဒိုင်ကိုယ်စားလှယ်ထံမှ လာဘ်ယူကာ ဘော လုံးလောင်းကြွေးကို ထောင်ကျနိုင်သောအမှုဟု ခြိမ်းခြောက်ပြောဆိုနေခြင်းသည် လောင်းကစားမှုကို တိုက်ဖျက်ရာမရောက်ပဲ လောင်းကစာကြွေးကို တရားရုံးက တောင်းပေးနေသည့်ပုံစံဖြစ်ကြောင်း အငြိမ်းစား ခရိုင်တရားသူကြီးက လှောင်ပြောင်ပြောဆိုသည်။
"ခေတ်ကမကောင်းတော့ဘူး။ အမှီးအမောက်မတည့်တာတွေများတယ်။ အခု ရယ်စရာမောစရာ ပြောနေပေမဲ့ ရယ်ရတာတစ်ဝက် ရင်မောရတာ တစ်ဝက် ဖြစ်နေတယ်”ဟု အငြိမ်းစားတရားသူကြီး နိုင်ငံ့အနာဂါတ်နှင့်ပတ်သက်ပြီး မှတ်ချက်ပြု ပြောဆိုသည်။
ယခုအမှုတွင် တရားသူကြီးတစ်ဦး လာဘ်စားသည့် ခေတ်အနေဖြင့်ကြည့်လျှင် မထူးဆန်းသော်လည်း တိုင်းပြည်ဖွံ့ဖြိုးရေး တိုင်းပြည်တည် ဆောက်ရေးရှုဒေါင့်မှ ကြည့်လျှင် မြန်မာပြည်သူများ ဆင်းရဲတွင်းနက်နေခြင်းမှာ ဌာနဆိုင်ရာဝန်ထမ်း အကျင့်ပျက် လာဘ်စားမှုကြောင့် တရာဥပဒေ စိုးမိုး မှုမရှိပဲ နှစ်လုံး၊ သုံးလုံး၊ တစ်လုံး(ဘောလုံး) လောင်းကစာများ ထူပြောလာပြီး စာရိတ္တရေချိန်များ နိမ့်ပါးသဖြင့် အနာဂါတ်မျိုးဆက်သစ်လူများအတွက် အဆိုးကြော့သံသရာ လည်စေကြောင်း တိုင်းပြည် ဆင်းရဲတွင်းနက်သည့် အကြောင်းတရားကို ဖွံ့ဖြိုးရေးပညာရှင်တစ်ဦးက ထောက်ပြသည်။
MP(transparencymyanmar)
(၂၉.၄.၂၀၁၂)
(၃၃)အဆန် အိပ်စင်ရထားသည် နန့်စီးအောင်ဘူတာ မှ (၂၉.၄.၂၀၁၂) နံနက် (၀၀း၅၆)နာရီအချိန်
တွင် ထွက်လာပြီး နံနက် (၁း၁၀)နာရီအချိန် ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊ မော်ဟန်ဘူတာနှင့်
နန့်စီးအောင် ဘူတာအကြားမိုင်တိုင် ၆၁၆/၁ နှင့် ၆၁၆/၃ အကြား တံတားအမှတ်(၅၃၄) နေရာတွင်
မိုင်း (၂)လုံး ဆက်တိုက် ပေါက်ကွဲခဲ့သည်။
ဗုံးပေါက်ကွဲမှုကြောင့်ရထားတွဲ (၁၂)ပါဝင်ရာ၊ (၈)တွဲ လမ်းချော်ခဲ့ပါသည်။ အထက်တန်း အိပ်ခန်းတွဲ(၁) ၁၂၆၆၉ နှင့် တွဲ (၇)၁၂၆၅၄BREZ 10919 စားသောက်တွဲတိမ်းမှောက်ခဲ့ပါ သည်။
အိပ်စင် တွဲ(၁) D ခန်းတွင် လိုက်ပါလာသောမျိုးမင်းထိုက် (၂၈)နှစ် ညာဘက်ခြေထောက် ကျိုးသွားပြီး၊ အိပ်စင်တွဲ(၁) B ခန်းတွင် လိုက်ပါလာသောရှင်စန္ဒောဘာသ ခြေမျက်စိ ဒဏ်ရာရရှိခဲ့ပါသည်။ ရထားသံလမ်း ကွန်ကရစ်တုံး(၉၅)တုံး ပျက်စီးပြီးတံတား အမှတ်(၅၃၄)ပျက်စီးခဲ့ကြောင်း ရထားထိန်း ဦးစစ်လှိုင် မှပြောကြား ခဲ့ပြီး မီးရထားဌာနမှတာဝန်ရှိသူများ မှ နံနက် (၈)နာရီအချိန်မှ စပြီး ရထားလမ်း ကို ပြန်လည်ပြုပြင်နေ ကြောင်း သိရှိရပါသည်။
ုKatha town Facebookမှ
သို့
နိုင်ငံတော်သမ္မတ
နေပြည်တော်
အကြောင်းအရာ။ ။ ကော့သောင်းကျောက်မီးသွေးဓါတ်အားပေးစက်ရုံအား လူနေရပ်ကွက်များနှင့် ဝေးရာသို့ ပြောင်းရွှေ့ပေးပါရန် သနားခံတင်ပြခြင်း။
အထက်ပါအကြောင်းအရာနှင့် ပက်သက်၍
(၁)။ ကျွန်တော်၊ ကျွန်မတို့သည် ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်၊ ဂန္ဓ၀င်လမ်းနှင့် ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံ အနီးတစ်ဝိုက်တွင်နေထိုင်သူများဖြစ်ကြပါသည်။
(၂)။ ယခုတည်ဆောက်ထားသော ကျောက်မီးသွေးဓါတ်အားပေးစက်ရုံသည် ရွှေဝက်ဝံရေခဲစက်ရုံဝင်း အတွင်းတည်ရှိပြီး ဂန္ဓ၀င်လမ်းရှိ အိမ်များနှင့် (၁၀) ပေခန့်သာကျယ်သော ရေမြောင်းတစ်ခုသာခြားပါသည်။
(၃)။ လက်ရှိကော့သောင်းမြို့၏ မီတာခဈေးနှုန်းမှာ တစ်ယူနစ် (၄၃၀) ကျပ် (ရပ်ကွက်မီး -ထိုင်းဘတ်ငွေ ၂၂ ဘတ်) ဖြစ်နေချိန်တွင် ၄င်းကျောက်မီးသွေးဓါတ်အားပေးစက်ရုံမှ လျှပ်စစ်ဓါတ်အားကို (၂၀၀) ကျပ်ဖြင့် သုံးစွဲခွင့်ရမည်ဖြစ်သဖြင့် ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြပါသည်။
(၄)။ လျှပ်စစ်မီတာခ တစ်ဝက်ကျော်အထိ သက်သာမည်ဖြစ်သော်လည်း စက်ရုံကို လူနေရပ်ကွက် အတွင်း တည်ဆောက်ထားသောကြောင့် ဘေးထွက်ဆိုးကျိုးများဖြစ်သော ပြာမှုန့်နှင့် မီးခိုးများ ရှုရှိုက်ရခြင်း၊ အညှော်နံ့နံခြင်း၊ အသံဆူညံခြင်းနှင့် ပါတ်ဝန်းကျင်ညစ်ညမ်းလာပါက နောက်ဆက်တွဲနာတာရှည်ရောဂါများ ခံစားရနိုင်ခြင်းကြောင့် ရပ်ကွက်နေပြည်သူလူထုများမှာ အလွန်ပင် စိုးရိမ်ထိတ်လန့်နေကြရပါသည်။
(၅)။ ထိုစက်ရုံမှာ မူလက ထိုင်းနိုင်ငံတွင် တည်ဆောက်ထားပြီးမှ ထိုင်းပြည်သူများ ၀ိုင်းဝန်း ကန့်ကွက်ကြ သောကြောင့် မလည်ပါတ်ဖြစ်သောစက်ရုံအား သန်းဖြိုးသူကုမ္ပဏီမှ ၀ယ်ယူလာခြင်းဖြစ်ကာ ကော့သောင်း တွင် လာတည်ဆောက်ခြင်းဖြစ်ကြောင်းသိရှိရပါသည်။
(၆) ကော့သောင်းနယ်တစ်ဝိုက်တွင် ရွာသွန်းသော မိုးရေအများစုသည် ၄င်းကျောက်မီးသွေးဓါတ်အားပေး စက်ရုံအနီးရှိ ယင်းဝါရေလှောင်တမံသို့ စီးဝင်သည်ဖြစ်ရာ ၄င်းရေကို အဓိကထားသောက်သုံးနေရသော ပြည်သူများအတွက် အလွန်ပင်အန္တရာယ်များလှပါသည်။
(၇)။ သို့ဖြစ်ပါ၍ ပြည်သူများ ဓါတ်အားခသက်သာပြီး အန္တရာယ်နည်းသော လျှပ်စစ်ဓါတ်အားကို အသုံးပြု နိုင်ရန်အတွက် ၄င်းကျောက်မီးသွေးဓါတ်အားပေးစက်ရုံအား မြို့နှင့် (၁၀) မိုင်ခန့်အကွာအဝေးသို့ ပြောင်းရွှေ့တည်ဆောက်မောင်းနှင်ပေးပါရန် ရိုသေလေးစားစွာ အသနားခံတင်ပြအပ်ပါသည်။
ကျောက်မီးသွေးဓါတ်အားပေးစက်ရုံအနီးနေထိုင်သူများ
မိတ္တူကို
(၁)။ ပြည်ထောင်စုဝန်ကြီး၊ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
(၂)။ ပြည်ထောင်စုဝန်ကြီး၊ အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
(၃)။ ပြည်ထောင်စုဝန်ကြီး၊ သစ်တောနှင့်သဘာဝပါတ်ဝန်းကျင်ထိမ်းသိန်းဝန်ကြီး
(၄)။ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တနင်္သာရီတိုင်းဒေသကြီး
(၅)။ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တနင်္သာရီတိုင်းဒေသကြီး
(၆)။ ၀န်ကြီး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး
(၇)။ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှုး၊ ကော့သောင်းခရိုင်၊ တနင်္သာရီတိုင်းဒေသ
(၈)။ မြန်မာနိုင်ငံလူအခွင့်အရေးကော်မရှင်
(၉)။ သတင်းမီဒီယာများ
(၁၀)။ သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ
သမ္မတဆီကို ပေးပို့တဲ့စာ ပို့လိုက်တယ်။
ဆက်သွယ်ရမဲ့လိပ်စာတွေက
ကိုအောင်ကြည်သိန်း - ၀၉၄၁၀၀၅၇၅၆
ကိုလွမ်းကို - ၀၉ - ၄၉၈၉၃၀၅၃
ယခုလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲနေ့က လောင်းလုံမြို့ မဲရုံတရုံမြင်ကွင်း
ထားဝယ်ခရိုင် လောင်းလုံမြို့နယ် ဝေဒီကျေးရွာတွင် ကြားဖြတ်ရွေးကောက်ပွဲပြီးသည့် နောက်ပိုင်း ကျေးရွာ အုပ်ချူပ်ရေးမှူးက အန်အယ်လ်ဒီပါဝင်များနှင့် ရွေးကောက်ပွဲတွင် ပါတီကို မဲထည့်ခဲ့သူများအား ခွဲခြားဖိနှိပ်မှူများ ပြုလုပ်လာခဲ့ကြောင်း ခွဲခြားဆက်ဆံခံရသူနှင့် ကျေးရွာသားများက ပြောကြားသည်။
အန်အယ်လ်ဒီပါတီဝင်များဖြစ်သည့် မုဆိုးမလေးဦး၏ နေအိမ်ခြံစည်းရိုးများအား အစိုးရလမ်းပေါ် ကျူးကျော်နေသည့် အတွက် ဧပြီလ ၂၂ ရက်စွဲဖြင့် တစ်ပတ်အတွင်း ဖျက်ပေးရန် စာထုတ်ခဲ့ပြီး ဧပြီလ ၂၉ ရက်နေ့တွင် ခြံစည်းရိုးနှစ်ခုအား အဖျက်ခံရပြီးဖြစ်ကြောင်း အင်အယ်လ်ဒီပါတီ၏ စည်းရုံးရေးမှူး တစ်ဦးဖြစ်သူ ဦးစိုးမောင်လေး က ဆိုသည်။
ကျေးရွာလမ်းချဲ့ရန်အတွက် တစ်ရွာလုံးအနေအထားဖြင့်ချဲ့ရမည်ဆိုလျှင် လုပ်ပေးနိုင်ကြောင်း ၊ လမ်း အတွက် လှူလျှင် ကုသိုလ်ရသည်ဟုပင် ခံယူကြောင်း ခြံစည်းရိုးအဖျက်ခံရသူများနှင့် ကျေးရွာသူ ရွာသား အချို့ကပြောသည်။
“ ကျွန်တော်ကိုလည်း ဘိလိယက်ခုံပိတ်ဖို့၊ လမ်းဘေးက ကွမ်းဆိုင်လေးကို ပိတ်ပေးရမယ်လာပြောတယ် ” ဟု အုပ်ချူပ်ရေးမှူး၏ ဖခင်က ဆိုသည်။ ဝေဒီကျေးရွာအတွင်းတွင် ဘိလိယက်ခုံပိုင်ရှင်သုံးဦးရှိသည်။
ကြားဖြတ်ရွှေးကောက်ပွဲပြီးကတည်းက အသေးအဖွဲကိစ္စလေးများမှသည် ယခုကဲ့သို့ ခြံစည်းရိုးဖျက်ပေး ရသည့် ကိစ္စများအထိ ခွဲခြားဆက်ဆံမှူများရှိကြောင်း အုပ်ချူပ်ရေးမှူး၏ ဖခင်ကပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး လောင်းလုံးမြို့နယ် အန်အယ်လ်ဒီ ရုံးသို့ ဆက်သွယ်ရာ “ ကျွန်တော်တို့အနေနဲ့ ဘာမှ မလုပ်ပေးနိုင်ပါဘူး။ အကြံပေးရုံပဲ အကြံပေးနိုင်တာပါ ” လောင်းလုံမြို့နယ်မှာ အင်အယ်လ်ဒီ ပါတီ ဥက္ကဌ ဦးရွှေတင်က ဆိုသည်။
ယခုကဲ့သို့ ပါတီဝင်များအရေးကို လုပ်ဆောင်ပေးနိုင်ခြင်းမရှိလျှင် ၂၀၁၅ ရွှေးကောက်ပွဲတွင် စည်းရုံးရေး အတွက် အခက်အခဲဖြစ်နိုင်သည်ဟု ဝေဒီကျေးရွာမှ အင်အယ်လ်ဒီပါတီ စည်းရုံးရေးမှူး ကိုစောမောင်လေး က ပြောကြားသည်။
လောင်းလုံမြို့နယ်၏ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးအောင်စိုးမှာ ရန်ကုန်သို့ ရောက်ရှိနေသဖြင့် ဝေဒီကျေးရွာတွင် ဖြစ်နေသည့်ကိစ္စကို မသိသေးပဲ လွတ်တော် မတက်ဖြစ်သေး၍ ပြန်ရောက်လာလျှင် အမြန်ဆုံး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။ ။
Yangon press international
၂၀၁၂ ဧပြီ ၂၉ ရက်နေ့ ဂျပန်နိုင်ငံထုတ် မိုင်အိနိချိ သတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Letter from Burma: Flowers in her hair ဆောင်းပါးဘာသာပြန်
၂၀၁၂ခုနှစ် ဧပြီ ၁၆ ရက်ဟာ ကျွန်မမိခင် ဒေါ်ခင်ကြည် ရဲ့ တရားဝင်မွေးနေ့ဖြစ်ပါတယ်။ တရားဝင်လို့ ကျွန်မ ဘာကြောင့်ပြောရပါသလဲဆိုရင် သူ့ရဲ့အမျိုးသားမှတ်ပုံ တင်ကဒ်၊ နိုင်ငံကူးကဒ်နဲ့ အခြား ထင်ရှားတဲ့ စာရွက်စာ တမ်းများမှာ အဲဒီမွေးနေ့အတိုင်းပဲ မှတ်တမ်းတင်ရေး ထားလို့ပါပဲ။ တကယ်တန်းမှာတော့ တရားဝင်ရေးမှတ် ထားတဲ့ မွေးနေ့ထက် တနှစ်နောက်ကျပြီး မေမေဟာ မွေးဖွားခဲ့တာပါ။ စန္ဒြမာသ မြန်မာသုံးပြက္ခဒိန်ပါမွေးနေ့ မွေးရက်ကို ဂရိဂေါ်ရီယံ ကမ္ဘာသုံးပြက္ခဒိန်နဲ့ ညှိနှိုင်း ပြောင်းလဲရာမှာ မှားယွင်းခဲ့လို့ဖြစ်ပါတယ်။ ဒီမွေးနေ့ ရက်ကိုပဲ မေမေ့ရဲ့“ရာပြည့်”မွေးနေ့အဖြစ်ပဲ ကျွန်မသတ်မှတ်ပါတယ်။ ဒီအခွင့်အရေးကို အရယူပြီး ဘဝတလျှောက်လုံး အကျိုးပြုလုပ်ငန်းများမှာ နှစ်မြှုပ်ထားခဲ့ပြီး ထူးခြားတဲ့ ဂုဏ်သိက္ခာ မြင့်မြတ် ကြံ့ခိုင်မှုရှိ အမျိုးသမီးကြီးအနေနဲ့ ကျွန်မချီးကျူးဂုဏ်ပြု ကန်တော့လိုပါတယ်။
ကျွန်မမိခင်ကို ဧရာဝတီမြစ်ဝကျွန်းပေါ်က မြို့ကလေးတမြို့မှာမွေးဖွားခဲ့ပါတယ်။ မောင်နှမသား ချင်း ၁၀ ယောက်ထဲက အဋ္ဌမမြောက်သမီးဖြစ်ပါတယ်။ ကျွန်မအဘိုးအဘွားများက သူ့ကို နောက် ဆုံးကလေးပဲ လို့ထင်မှတ်ခဲ့လို့ မိသားစုအတွင်းမှာ “အငယ်မ” လို့ခေါ်ခဲ့ကြပါတယ်။ ကျွန်မမိခင်က သူ့ရဲ့ကလေးဘဝကို နွေးထွေးမှုများ၊ အစားကောင်းများနဲ့ မိသားစုဝင်များကို ပျော်ရွှင်ရယ်မောမှု များဖြင့်ပြည့်ဝစေတဲ့ အခြားအဆင်ပြေမှုများ ပြည့်လျှံနေတဲ့အိမ်ကြီးတဆောင်က ပျော်ရွှင်စရာအ ချိန်များအဖြစ် အမြဲတန်းပြောပြခဲ့ပါတယ်။ ကျွန်မအဘိုးက မချမ်းသာပါဘူး။ စည်ပင်သာယာဌာန မှာ အလုပ်လုပ်ခဲ့ပါတယ်။ ဒါပေမင့် လူနေမှုစရိတ်က နည်းပါးပြီး ကျွန်မအဘွားက ကျွမ်းကျင်တဲ့ အိမ်မန်နေဂျာဖြစ်လေတော့ သူ့ကလေးတွေမှာ မရှိတာမဖြစ်စေရအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ကျွန်မရဲ့အဘိုးအဘွားတွေဟာ မြို့မှာအလေးစားခံရသူများဖြစ်ကြပါတယ်။ ကျွန်မအဘိုးက အရွယ်ရောက်လာ ချိန်မှာ ခရစ်ယာန်ဘာသာဝင်အဖြစ်ကူးပြောင်းသွားခဲ့ပါတယ်။ သူ့ဇနီးကတော့ ဗုဒ္ဓဘာသာကို အလွန်ကိုင်းရှိုင်း သူအဖြစ်ဆက်လက်ကိုးကွယ်နေတဲ့အတွက် သူတို့ကို တခုခု ထူး ခြားးတယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။ အစမတော့ ကျွန်မရဲ့အဘွားက သူ့ခင်ပွန်း ယုံကြည်မှု ပြောင်းလဲသွားခြင်းအပေါ် စိတ်ထိခိုက်ခံစားခဲ့ပါတယ်။ ကျွန်မရဲ့အဘိုး ခရစ်ယာန်သာသနာတွင်း အသွတ်သွင်းခံရာကို အဘွားက ဝမ်းနည်းပူဆွေးတဲ့အနေနဲ့ သူ့ရဲ့ ရှည်လျားတဲ့ဆံပင်ကို ဖားလျား ချလျက် ရင်အစုံကို လက်ဖြင့်ထုနှက်ရင်း အသုဘ ပို့ဆောင်သူတဦးအသွင်နဲ့ လိုက်ပါခဲ့ပါတယ်။ ကျွန်မအဘိုးဟာ ခေါင်းအေးအေးနဲ့ဟန်မပျက်နေနိုင်မှုကို ဘယ်နည်းနဲ့မှမထိခိုက်စေခဲ့ဘူးလို့ ကျွန်မ ကြားသိခဲ့ရပါတယ်။ အလွန်လေးစားထိုက်တဲ့သူ့ဇနီးရဲ့ မချုပ်ထိန်းနိုင်တဲ့အမူအရာကို လုံးဝ မသိသလိုပဲနေခဲ့ပါတယ်တဲ့။ ခရစ်ယာန်သာသနာအတွင်း သွတ်သွင်းခံရန် ဘုရားရှိခိုးကျောင်းအ တွင်း ဓမ္မတရားသံများကြား ဝင်ရောက်သွားခဲ့ပါတယ်တဲ့။ အဘိုးမှာ မှန်ကန်တဲ့ကိုယ်ပိုင်ယုံကြည်မှု များရှိနေသလို အဘွားမှာလဲ မှန်ကန်တဲ့ယုံကြည်မှုရှိနေတယ်ဆိုတာကို အဘွားရဲ့ သာမန် စိတ် ကောင်းရှိမှုနဲ့ ဖော်ရွေတဲ့စိတ်အနေအထားက မကြာခင် သိမြင်လက်ခံလာလိမ့်မယ်လို့ အဘိုးက နားလည်ခဲ့တာလဲ ဖြစ်ကောင်းပါတယ်။
ကျွန်မမိခင်ရဲ့မိသားစုဟာ ဘာသာရေးပဋိပက္ခမှ သိသိသာသာကင်းရှင်းခဲ့ကြပါတယ်။ ကလေးအ များစုက မိခင်ရဲ့ဗုဒ္ဓဘာသာကို ကိုးကွယ်ကြလျက် သား ၂ ယောက်ကတော့ ခရစ်ယာန်ဘာသာ ဝင်များဖြစ်ကြပါတယ်။ သမီး ၄ ယောက်ကတော့ ရန်ကုန်မြို့ကြည်မြင်တိုင်အရပ်ရှိ အမေရိကန် နှစ်ခြင်းခရစ်ယာန်သာသနာမစ်ရှင်က ဖွင့်လှစ်ထားတဲ့ အမျိုးသမီးများကျောင်းမှာ ပညာသင်ကြား ခဲ့ကြပါတယ်။ ဒါပေမင့် အဲဒိကျောင်းဟာ ကျောင်းသူများကို အထူးသဖြင့် မြန်မာမှုမြန်မာဟန်နဲ့ ကျက်သရေဂုဏ်သိမ်ရှိမှု၊ စည်းကမ်းရှိမှုကို ဖွံ့ဖြိုးတိုးတက်စေလျက်ပါ။ ကြည့်မြင်တိုင်အရပ်မှာ ပညာသင်ခဲ့ရတဲ့နှစ်များနဲ့ နောက်ပိုင်းမှာ စကော့အမျိုးသမီးတဦး ဖွင့်လှစ်ခဲ့တဲ့ မော်လမြိုင်ဆရာ အတတ်သင်ကောလိပ်ရဲ့ ရှားပါးတဲ့ပုံသွင်းမှုတို့ကြောင့် ကျွန်မမိခင်ကို စည်းကမ်းရှိသူ၊ အရည်အ ချင်းရှိစွာ ကိုယ့်အားကိုယ်ကိုးသူ၊ မိမိဘဝကိုထိန်းသိမ်းရန် အရည်အသွေးရှိကြောင်းအပြည့်အဝ ယုံကြည်မှုရှိသူအဖြစ် ရပ်တည်စေခဲ့ပါတယ်။ အဲဒိ ဉာဉ်လက္ခဏာတွေ ရင့်ကျက်ပြည့်ဝနေကြာင်းကို သူနာပြုအလုပ်ကိုလက်ခံဘို့ သူ့အိမ်နားရှိ အမျိုးသားကျောင်းမှ စာသင်နေ တဲ့အလုပ်ကထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြင့် ကျွန်မမိခင်က သက်သေထူခဲ့ပါတယ်။
ကျွန်မမိခင်ရဲ့ဇာတိမြို့မြောင်းမြမှာ ခရစ်ယာန်ဘာသာဝင်အများစုဟာ ကရင်လူမျိုးများဖြစ်ကြပါ တယ်။ ခရစ်ယာန်ဘာသာဝင်အဖြစ်မကူးပြောင်းခင်ကတည်းက ကျွန်မအဘိုးမှာ ကရင်မိတ်ဆွေ များစွာရှိခဲ့ပါတယ်။ (သူတို့ကတဆင့် သမ္မာကျမ်းစာရဲ့အဆုံးအမများကို စိတ်ဝင်စားခဲ့ပါတယ်။) ခရစ်ယာန် နှစ်ခြင်းသာသနာကိုဝင်ရောက်ပြီးနောက် ကရင်လူမျိုးများဟာ မိသားစုအသိုင်းအဝန်း ဖြစ်လာခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်မတိုင်မီမှာ မသင့်တော်မလျော်ကန်တဲ့ သိက္ခာမဲ့စေတဲ့အလုပ်လို့ သတ်မှတ်ခံရတဲ့ သူနာပြုလုပ်ငန်းမှာ မြန်မာအမျိုးသမီးအချို့ ဝင်ရောက်လုပ်ကိုင်ခဲ့ကြပါတယ်။ သူနာပြု အများစုမှာ ဥရောပ-အာရှသွေးနှောများ ဒါမှမဟုတ် ကရင်လူမျိုးများဖြစ်ကြပါတယ်။
သူတို့ရဲ့ကရင်သူငယ်ချင်းများရဲ့အားပေးမှုနဲ့ အထူးသဖြင့် လူမှုဝန်းထမ်းလုပ်ငန်းကို အထူးတိုး တက်အောင်လုပ်ရမယ်ဆိုတဲ့ ခရစ်ယာန်အမြင်များအရ သူတို့ဘခင်ရဲ့တိုက်တွန်းအားပေးခြင်း ကြောင့် ကျွန်မမိခင်ရဲ့အစ်မ ၂ ယောက်ဟာ သူနာပြုသင်တန်းကိုစတင်တက်ရောက်ခဲ့ကြပါတယ်။ လက်ထပ်ထိမ်းမြားခြင်းနဲ့အခြားအကြောင်းအရာများက သူတို့ကိုသင်တန်းပြီးဆုံးမှုမှ ဟန့်တားခဲ့ပါ တယ်။ ကျွန်မရဲ့မိခင်က ကျောင်းဆရာမအလုပ်ကိုစွန့်လွှတ်ပြီး သူနာပြုအဖြစ်လုပ်ကိုင်မယ်လို့ ကြေညာလိုက်တော့ သူမရဲ့မိခင်ကပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပါတယ်။ ကျောင်းဆရာ၊ ဆရာမ များဟာ အလွန်အလေးစားခံခဲ့ ရပါတယ်၊ အိမ်မကွာအိုးမကွာ အလုပ်လုပ်တဲ့ သမီးတယောက်ရှိ နေတာကောင်းတယ်၊ သမီးကြီး ၂ ယောက်ရဲ့အတွေ့အကြုံအရ ပင်ပန်းခက်ခဲတဲ့ အဆင့်အတန်း နိမ့်တဲ့အလုပ်ကို ကျွန်မရဲ့မိခင်လုပ်နိုင်စွမ်းရှိမှာကို ကျွန်မရဲ့အဘွားက အယုံအကြည်မရှိခဲ့ပါ။ ဒါပေ မင့် မေမေဟာ သန္နိဋ္ဌာန်ခိုင်မာသူဖြစ်ပါတယ်။ သူမဟာ ရန်ကုန်ကိုသွားခဲ့ပြီး အစမ်းခန့်သူနာပြုအ ဖြစ် ရန်ကုန်ဆေးရုံကြီးဝန်ထမ်းအနေနဲ့တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
သူနာပြုဖြစ်ဘို့စိတ်ပိုင်းဖြတ်မှုဟာ မေမေ့ရဲ့ဘဝလမ်းကြောင်းကိုအဆုံးအဖြတ်ပေးခဲ့ပါတယ်။ သူနာ ပြုလုပ်ငန်းဟာ သူမရဲ့ အမှန်တကယ်အသက်မွေးဝမ်းကျောင်းဖြစ်ပါတယ်။ သူနာပြု၊ ဝမ်းဆွဲအ တတ်ပညာနဲ့ ခွဲစိတ်ခန်းသူနာပြုအောင်လက်မှတ်များကို မေမေဟာ မှန်မှန် အောင်မြင်ရယူခဲ့ပါ တယ်။ ဒိထက်ပိုလို့လဲ သူ့မိဘများအပေါ် ခိုင်မာစွဲမြဲစွာကျေးဇူးတင်မှုနဲ့ ချစ်ခြင်းမေတ္တာများ ပိုမိုထား ရှိခဲ့ပါတယ်။ သူမရဲ့ထိတွေ့မှုဟာ ယုံကြည်စေမှုနဲ့ သိမ်မွေ့မှုများပါရှိလျက် အရိုးဆုံးဆောင်ရွက်မှု အဖြစ်လဲ ဖော်ပြနေခဲ့ပါတယ်။ ကျွန်မရဲ့ ကိုယ်ပူချိန်နဲ့သွေးခုန်နှုန်းကိုယူလိုက်တဲ့ မေမေရဲ့လုပ် ဆောင်မှုအတွက် တူညီနှိုင်းဆမှုကို ကျွန်မ ဒီနေ့အထိကို မတွေ့မြင်မိပါဘူး။ စွဲလမ်းတပ်မက်စွာ ဂရု တစိုက်ကြင်နာမှုများကိုမေမေလုပ်ဆောင်နေတာတွေကို ကျွန်မစောင့်ကြည့်ခဲ့ပါတယ်။ သူမဟာ ဆေးပညာရှင်၊ သူမဟာကျွမ်းကျင်တတ်မြောက်သူ၊ သူမကိုယ်တိုင်ကိုက မေတ္တာဂရုဏာရှင်ဖြစ် နေတာကြောင့် ကွန်မအနားကို မေမေရောက်လာရင်ပဲ ကျွန်မအဖျားတဝက်က ပျောက်သွားသလို ပါပဲ။
အချစ်နဲ့စိတ်ကူးယဉ်မြူမှုံတွေကြားကအတိတ်ကို ကလေးတယောက်ရဲ့မှတ်မိခြင်း စိတ်တက်ကြွမှု လို့ဆိုနိုင်ပါတယ်။ ဒါပေမင့် မေမေ့ရဲ့ရာသက်ပန်မိတ်ဆွေများဖြစ်ခဲ့တဲ့ သူမရဲ့လူနာဟောင်းကြီးများ ကတော့သူမရဲ့ထူးခြားတဲ့ သူနာပြုအရည်အချင်းများကို လွန်ကဲတဲ့စကားလုံးများနဲ့ ချီးကျူးထော ပနာပြုခဲ့ကြပါတယ်။
သူမရဲ့ ဂရုပြုစောင့်ရှောက်မှုအောက်မှာရောက်လာခဲ့တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်ရဲ့ နုပျိုတဲ့ စစ်ဦးချုပ်က သူမကို သူ့ရဲ့ဘဝလက်တွဲဖော်အဖြစ်လိုလားခဲ့တာဟာ မထူးဆန်းပါဘူး။ ၁၉၄၂ ခုနှစ် မှာ ချစ်ရေးဆိုလို့ အငြင်းမခံလိုက်ရသူကတော့ ကျွန်မဘခင် “ဗိုလ်ချုပ်အောင်ဆန်း” ပဲဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်
၂၀၁၂ ဧပြီ ၂၉ ၊ မိုင်အိနိချိသတင်းစာ၊ ဂျပန်
[၂၀၁၂ ဧပြီ ၂၉ ရက်နေ့ ဂျပန်နိုင်ငံထုတ် မိုင်အိနိချိ သတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Letter from Burma: Flowers in her hair ဆောင်းပါးကို ဘာသာပြန်ဆိုပါတယ်။]
မောင်မောင်လှကြိုင်
၂၀၁၂ ဧပြီ ၂၉
Maids Stories(1)
မြန်မာနိုင်ငံမှ အိမ်ဖော်ခေါ်ယူရေးအတွက် မလေးရှားမှ ကြိုးပမ်းနေမှုများကြောင့်၊ မလေးရှား တွင်အိမ်ဖော်များ မည်သို့ညှဉ်းပန်းနှိပ်စက်ခံရပြီး၊ မတရားမ...ှုများနှင့် ကြုံတွေ့နေရသည့်အခြေ အနေများအားတတ်နိုင်သမျှ ရှာဖွေရေးသားခဲ့သမျှကို PDF ဖြင့် တင်ပေးလိုက်ပါသည်။ သူငယ်ချင်းများအားလုံးတတ်အားသမျှ ရှယ်ပေးကြပါရန် နှင့် ပြည်တွင်းထိ သိစေရန်တစ်တပ်တစ်အား ဆောင်ရွက် ကြပါရန်...
လူသားချင်းစာနာထောက်ထားမှုမရှိသော မလေးရှားနိုင်ငံသို့ ကျွန်ုပ်တို့ မြန်မာနိုင်ငံသူများအား မည်သည့်နည်းနှင့်မျှ အိမ်ကျွန်အဖြစ် မလာစေလိုပါ။ ထို့ပြင် နိုင်ငံခြားသားအလုပ်သမားများ၊ ဒုက္ခသည်များ နှင့် လူ့အခွင့်အရေးအဖွဲ့များကို အမြဲဒုက္ခပေးနှိပ်စက်နေသော မလေးရှားဝန်ကြီးချုပ် Najib နှင့် မြန်မာပြည်သားများကို ကမ္ဘာ့အနိမ့်ကျဆုံးဖြစ်အောင်၊ ကျွန်ဖြစ်အောင် အိုင်တီခေတ်သစ် ဟစ်တလာ ဇာတ်ခင်းနေသော သိန်းစိန်နှင့် အပေါင်းပါတစ်စုတို့အား ကျွန်ုပ်တို့ ညီအစ်ကိုမောင်နှမများ အားလုံးအင်အားဖြင့် တတ်နိုင်သည့်ဘက်မှနေ၍ သမိုင်းတွင် မြန်မာမိန်းခလေးများ၏ အိမ်ကျွန်ဇာတ်ကွက် မဖြစ်စေရန် ကာကွယ်ကြပါစို့.. ဟု လေးစားစွာ တိုက်တွန်းရင်း……
ယခုရေးသားလျက်ရှိသော မလေးရှားရှိအိမ်ဖော်၊ အိမ်အကူတို့၏ဘ၀ စာများ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားများ မလေးရှားအလုပ်ရှင်၊ အိမ်ရှင်တို့၏ မတရားရက်စက်မှုများကို သိစေလိုခြင်း၊ မြန်မာနိုင်ငံမှ ကျွန်ုပ်တို့၏ ညီမ၊ အစ်မများ မလေးရှားသို့အိမ်ဖော်အဖြစ် မရောက်လာရေး အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရေး ဖြစ်သည်။ ဤအကြောင်းအရာနှင့် ဤစာကို မိတ်ဆွေတို့ကြိုးပမ်းနေမှုများတွင် သဲတစ်ပွင့်အဖြစ်လိုအပ်ပါက ကြိုက်သလို သုံးနိုင်သည်။
ဆက်လက်ဖော်ပြပါမည်။
Friend Ever (နွားကျောင်းသား)
မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု အတွင်းမှာရှိတဲ့ လေးထောင့်ကန်ကျေးရွာမှာ ကျေးရွာပိုင် ဓမ္မာရုံအပါ အ၀င် လူနေအိမ်တွေပါ ထည့်သွင်းပြီး ရွှေဟိန်းထက်ကုမ္ပဏီက ဂရံလျှောက်ယူထားတဲ့မြေကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံရေး အင်းအားစုတွေရဲ့ အကူအညီကိုပါရယူပြီး အာဏာပိုင်များမှ ပြတ်သားစွာ ရှင်းလင်းပေးခြင်းမရှိ သေးတဲ့ မြေကိစ္စနဲ့ပတ်သက်ပြီး ရှင်းလင်းပြောဆိုပွဲ ပြုလုပ်ခဲ့ပါတယ်။
လက်ရှိဖြစ်နေတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ရပ်မိရပ်ဖတစ်ဦး ဖြစ်သူ ဦးမြင့်ကျော်ကို မေးမြန်းရာမှာတော့ `လွန်ခဲ့ တဲ့ ၂၀၁၁ ခုနှစ်(၇)လပိုင်း ၄ ရက်နေ့ကစတယ်ဆိုပါတော့။ ဇာတ်လမ်း အစကတော့ ဓမ္မာရုံမှာ အစည်းအဝေးလေးတစ်ရပ် ရပ်မိရပ်ဖတွေနဲ့ ဓမ္မာရုံဥက္ကဌတွေနဲ့ လုပ်ကြတယ်။ အဲဒီလုပ် ကြတဲ့ပွဲမှာ အကျယ်တ၀င့်အများရှေ့မှာ တရားဝင်ထုတ်ဖော်ပြောတာကတော့ ဓမ္မာရုံဥက္ကဌဖြစ်တဲ့ ဦးကျော်ငြိမ်း ကနေပြီးတော့ တို့ဒီဓမ္မရုံကို အခုလာမယ့် သီတင်းကျွတ်ကိုဖျက်ရမယ်လို့ ပြောတယ်။ ဒီစကားကတော့ တစ်ဆင့် ခံသူနဲ့အစည်းအဝေးတက်ရောက်တဲ့လူ တွေကနေပြီး ကျွန်တော့်ကိုလာပြောတာ။ ကျွန်တော်က ဒီကိစ္စကို ဖိတ်ကြားတဲ့အထဲမှာပါပေမယ့် ဒီစကားတွေ ကြားရမယ်မှန်းသိလို့ မနှစ်မြို့တဲ့အတွက်ကို အဲဒီအစည်းအဝေးကို မတက်ခဲ့ဘူး။ အဲလိုကြားရပြီးတဲ့နောက်မှာ ဘာကြောင့်ဖျက်ရမယ်ဆိုတဲ့အကျိုးတရား အကြောင်းတရား ကြိုတင်သိရှိထားတာမျိုးတွေလည်း ရှိသလို တစ်ဆင့်စကားတစ်ဆင့်ကြားနေရတာတွေလ ည်း ရှိတဲ့အတွက် မသွားဘူး။ အဲဒီနောက်ပိုင်းမှာ ဘာကြောင့်ဖျက်ရမယ်ဆိုတာကတော့ ရွှေဟိန်းထက် ကုမ္ပဏီက ဒီနေရာကို သူတို့ဂရန်လျှောက်ယူလို့ရသွားတာ ဖြစ်တဲ့အတွက် ဖယ်ပေးရမယ်။ ဒီဥစ္စာအစား နောက်ထပ်မြေကွက် သိန်း ၁၆၀နဲ့ ဓမ္မာရုံအသစ်တစ်လုံးဆောက်ပေးမယ်။ ဒါပေမယ့် ကျွန်တော်တို့က ဒီဓမ္မာရုံမြေနေရာမှလုံးဝ ဖယ်မပေးနိုင်ဘူး။ ရပ်ရွာဓမ္မာရုံလည်း ဖြစ်တယ်။ နှစ်ပေါင်း နှစ်ဆယ်ကျော်ကတည်းက တည်ဆောက်ထားတဲ့ ဓမ္မရုံဖြစ်တဲ့အတွကိုမဖျက်ဘူး။ မဖယ်ဘူးလို့ ပြောထားတယ်။
ဒါပေမယ့် အဲဒီဥစ္စာကို (၇)လပိုင်း (၈) ရက်နေ့မှာ တိုင်းဒေသကြီးအစိုးရ ၀န်ကြီးချုပ်ဆီကို တိုင်စာစပို့တယ်။ တိုင်စာပို့ပြီး ၉ လပိုင်း ၆ ရက်နေ့မှာ တစ်စောင် ထပ်ပို့ တယ်။ နောက်တစ်ခါ ၉ လပိုင်း ၁၄ ရပ်မှာ တစ်စောင်ထပ်ပို့တယ်။ နောက်ထပ် နှစ်ကြိမ်။ စာတွေရှိပါတယ်။ အဆင့်ဆင့် ပို့ခဲ့ရာမှာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးက ကျွန်တော်တို့ကို ခေါ်ယူတွေ့ဆုံတယ်။ ဘာပြောလဲ ဆိုတော့ ခင်ဗျားတို့ ဓမ္မာရုံကိုတဲ့ ရွှေဟိန်းထက် ကုမ္ပဏီကနေ ဂရန်လျှေက်ယူလို့ ရသွားတာဖြစ်တဲ့အတွက် ဓမ္မာရုံအတွက် နစ်နာ ကြေးသော်လည်းကောင်း၊ အရောင်းအ၀ယ်သော်လည်း ကောင်း ပေါ့ဗျာ။ ငွေအင်အား သိန်း ၄၀၀ ပေးထားတယ်။ ဓမ္မာရုံအသစ်တစ်လုံးလည်း တည်ဆောက်ပေး မယ်။ နောက်တစ်ခု ဒီဖျက်စီးလိုက်တဲ့ ဓမ္မာရုံက သစ်တို သစ်စတွေနဲ့လည်း အသစ်ဆောက်ပေးတဲ့ ဓမ္မာရုံကြီးဘေးမှာ ထမင်းချက်ရုံကြီး ဆောက်ပေး မယ်လို့ သူကိုယ်တိုင် အကျယ်တ၀င့် ပြောခဲ့ပါတယ်။ အားလုံးသက်သေ အစစ်ခံတဲ့လူ (၇)ယောက်ရဲ့ ရှေ့မှာ ပြောတာပါ။ ´လို့ ရှင်းပြပါတယ်။
ဒီဓမ္မာရုံတည်ရှိနေတဲ့ မြေနေရာနဲ့ ပတ်သက်ပြီး ` အမှတ်(၃) လမ်းမဘေးလည်း ဖြစ်တယ်။ မြေရာဇ၀င်အရ ပြောမယ်ဆိုရင်လည်း မြေကွက်ဈေးတွေ ကြီးမြင့် လာတဲ့အခါ တန်ဖိုးရှိမှန်းလည်း သိလာတာပေါ့။ စီးပွားရေး သမား ဆိုတာကတော့ ချဲ့ထွင်လာတာပေါ့။
ပြန်ချပေးမယ်ဆိုတဲ့နေရာကတော့ ဒီဓမ္မာရုံနဲ့ အဆပေါင်း မြောက်များစွာကွာပါတယ်။ ကွာရခြင်းက ငွေအတိုင်း အတာကို ပြောတာပါ။ မြေအတိုင်းအတာကို ဆိုလိုတာ မဟုတ်ပါဘူး။ ဒီဓမ္မာရုံမြေရဲ့ သုံးပုံ ပုံပြီး တစ်ပုံရောင်း လိုက်မယ် ဆိုရင်တောင် အဲဒီတစ်ပုံရဲ့ ရတဲ့ငွေဟာ ဟိုဘက်ကမြေထက်မက ကျယ်ဝန်းတဲ့မြေကို ၀ယ်လို့ရ သေးတယ်။ ဟိုဘက်က သိန်းတစ်ရာ့ခြောက်ဆယ်ဆိုတာ ရွာလယ်ပိုင်းလဲ ကျတယ်။ မြေညီညာမှုလည်း မရှိဘူး။ အခုမှ စက်ယန္တယားနဲ့ညှိပေးလို့ အနည်းငယ်ကျယ်ပြန့်ပြီး ညီညာ နေတာပါ။ ယခင်က အဲဒီလမ်းဟာ လုံးဝသွားလို့ လာလို့မရဘူး။ ဒီဟာကို ဖျက်ချင်တော့ ဟိုဘက်ကို တိုးတက်နေသယောင်ယောင်နဲ့ လုပ်ပြထား တဲ့ လုပ်ကွက်ပဲ ရှိပါတယ်။ ဒါဟာနှစ်မြို့စရာအကြောင်း ဘာမှမရှိပါဘူး။ ဓမ္မာရုံဆိုတဲ့ဟာကလည်း ဒီမှာစိုက် ထားတဲ့ ဗောဓိပင်နဲ့လင်းလွန်းပင်တို့ ဆိုတာဟာလည်း နယ်နယ်ရရ တွေ့ရာအပင်ကို ကောက်ယူထားတာ မဟုတ်ပါဘူး။ ဗုဒ္ဓဂါယာကို ဘုရားဖူးသွားတဲ့လူကနေ ပြီးတော့မှ တပင်တပန်း မသေရအောင် သယ်ယူလာ ပြီးတော့မှ တယုတယနဲ့ စိုက်ထားရတဲ့အပင်ပါ။ အပင်သက်တမ်းလဲ ဆယ်နှစ်ကျော်သွားပါပြီ။ ဒီအပင်မျိုးတွေ သေကျေပျက်စီးတယ် ဆိုတာဟာလည်း မသင့်လျှော်ဘူးလေ။ ´လို့ ရှင်းပြပါတယ်။
မြို့နယ် အုပ်ချုပ်ရေးမှူးဦးငြိမ်းထွေးနဲ့ တွေ့ဆုံစဉ်မှာ သူတို့ပြောခဲ့တာကတော့ ` ကျွန်တော်ဘာပြန်ပြော ခဲ့သလဲ ဆိုတာက ကျွန်တော်တို့ ဒီဓမ္မာရုံနဲ့ ပတ်သက်လို့ လုံးဝမဖျက်စီးလိုပါဘူး။ ဖယ်မပေးနိုင်ပါဘူး။ နောက်ထပ်ဘယ်နေရာမှာ မဆို ရွှေဟိန်းထက် ကုမ္ပဏီက ရွှေဓမ္မာရုံကြီး ဆောက်ပေးတာ တောင်မှ ကျွန်တော်တို့ မဖျက်နိုင်ပါဘူးလို့ ပြောခဲ့တယ်။´ ဆိုတဲ့အကြောင်း ရပ်မိရပ်ဖများက ရှင်းလင်းပြောဆိုပါတယ်။
မြို့နယ် အုပ်ချုပ်ရေးမှူးက သူတို့ကို ပြောခဲ့တဲ့အထဲမှာ ` ခင်များတို့တစ်တွေက ဒီရွှေဟိန်းထက်ကုမ္ပဏီ ဆိုတာ ရပ်ရွာမှာ ဒီရွှေနံ့သာ ကျေးရွာအုပ်စုမှာ မြေကွက်တော်တော်များများကို ဂရံလျှောက်ယူထားတာ သိသလားတဲ့။ နိုင်ငံတော် အကြီးအကဲတွေထိ ပေါက်ရောက်တယ်ဆိုတာရာ သိသလားတဲ့။ ဂရံလျှောက်ယူတယ်ဆိုတာ ပိုက်ဆံဘယ် လောက်ကုန်တယ်ဆိုတာရော သိသလားတဲ့။ ခင်ဗျားတို့ ဂရန်လျှောက်ဖူးသလားတဲ့။ ´ မေးတဲ့ အကြောင်းလည်း ရှင်းပြပါတယ်။
နောက်တစ်ကြိမ်မှာတော့ မြောက်ပိုင်းခရိုင်မှာ ထပ်စစ်တဲ့အကြောင်း၊` စစ်တဲ့အထဲမှာ သာသနာရေး ဦးစီး ဌာနက ဦးသိန်းဇော်ပါပါတယ်။ ခရိုင်စီမံရေးမှူး ဦးမောင်မောင် ပါပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေလင်း ပါပါတယ်။ သူတို့တွေ ရှေ့မှာပဲ ကျွန်တော်ကပြောခဲ့တယ်။ ဒီဟာတွေနဲ့ ပတ်သက်လို့ မဖျက်စီးလိုဘူး။ ကျွန်တော်တို့ ဓမ္မာရုံပဲ ဆက်လက်တည်ရှိလိုတယ်။ ဒီဂရန်ချထားပေးမိရင်လည်း ရုပ်သိမ်းပေးဖို့အကြောင်းကို လည်းပြောခဲ့တယ်။ ကျွန်တော်တို့ရပ်ရွာမှာရှိတဲ့ ပြည်သူလူထုက ဒီဓမ္မာရုံကို ပြောင်းစိတ်လိုစိတ် လုံးဝမရှိဘူး ဆိုတာလည်း ပြောခဲ့တယ်။ သာသနိကအဆောက်အဦ ရှိလျှက်သားနဲ့ ဒီစည်ပင်သာယာကနေပြီေးတာ့ ချပေး လိုက်တဲ့မြေဂရံကြီးဟာ ဒီအဆောက်အဦက မူလကတည်းက အနှစ် ၂၀ ကျော်ကတည်းက ရှိထားတဲ့ဟာကို အခုမှ ဂရံချပေးလိုက်တယ် ဆိုတာဟာ ဘယ်နည်းနဲ့မှ ကျွန်တော်တို့အနေနဲ့ မလိုက် လျောနိုင်ဘူး။ သူတို့ကို ဒီအဆောက်အဦး ရှိလျှက်နဲ့ချပေးသလဲ။ ကျွန်တော်ပြောခဲ့ပါတယ်။ ဒီဟာကိုအမြန်ဆုံး ရုပ်သိမ်းပေးဖို့ ပြော တယ် ´ ဆိုတာကိုပြန်ပြောပြပါတယ်။
ရွှေဟိန်းထက်ကုမ္ပဏီဟာ ၂၃.၃.၂၀၁၂ ရက်နေ့က ဓမ္မာရုံအပါအ၀င် လူနေအိမ်များ ဈေးဆိုင်ခန်းများပါ မြေနေရာကို ၎င်းတို့ဂရန်ရထားပြီးမြေအဖြစ် ကျောက်တိုင်များ လာစိုက်သွားပြီး ၁၈.၄.၂၀၁၂ မှာတော့ ဘက်ဖိုး နဲ့ ၀င်ထိုးခဲ့ကြောင်း သိရပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးမှ ရွာသားတွေကို ခေါ်ယူတွေ့ဆုံစဉ်မှာ ရွှေဟိန်းထက်ကုမ္ပဏီဟာ ရွှေနံ့သာကျေးရွာအုပ်စုပိုင်ထဲက မြေကွက်အတော် များများကို ဂရန်လျှေက်ယူထား ကြောင်း ၊ နိုင်ငံတော်အကြီးအကဲများအထိ ပေါက်ရောက်တဲ့အကြောင်းနဲ့ ဂရန်လျှောက်ယူရာမှာ ပေးရကမ်း ရတာတွေ များစွာရှိကြောင်း ပြောဆိုတယ်လို့လည်း သွားရောက်တွေ့ဆုံခဲ့သူ ရပ်မိရပ်ဖတွေက ပြောပါတယ်။
ရပ်မိရပ်ဖတွေအနေနဲ့ နှစ်ပေါင်း ၂၀ကျော်တည်ရှိနေခဲ့တဲ့ လက်ရှိဓမ္မာရုံမှာ စိုက်ပျိုးထားတဲ့ ဗောဓိပင်ဟာ ဆိုရင်လည်း ဗုဒ္ဓဂါယာကို ဘုရားဖူးသွားသူက တယုတယသယ်ယူလာပြီး စိုက်ပျိုးထားတာဖြစသည့်အတွက် မပျက်စီးစေလိုကြောင်းနဲ့ သူတို့တောင် ဂရံလျှောက်ယူလို့ ရသေးရင် ရွာသူရွာသားတွေအနေနဲ့လည်း ဂရံလျှောက်ထားလိုကြောင်း လုံးဝဖယ်ရှားပေးနိုင်ခြင်း မရှိကြောင်း ပြောဆိုနေကြပါတယ်။
နောင်တော်လေး
ဒီ/ချုပ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သစ် သုံးဦးဖြစ်တဲ့ ဒေါ်စန္ဒာမင်း၊ ဦးဖြိုးမင်း သိန်း၊ ဦးဖြိုးဇေယျာသော် (ဇေယျာသော်)နဲ့ တေးသံရှင် လင်းလင်းတို့ လေးဦးဟာ ဒီနေ့ နံနက် ၉း၃ဝ နာရီ တွင် မင်္ဂလာဒုံလေဆိပ်မှ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့သို့ ထွက်ခွာသွားခဲ့ပါတယ်။
သြစတေးလျ နိုင်ငံမှာ လက်ရှိအာဏာရပါတီဖြစ်တဲ့ လေဘာပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ကမ်းလှမ်း ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ဆစ်ဒနီတက္ကသိုလ် (University of Sydney’s Graduate School of Government) မှာ ဧပြီလ ၃ဝ မှ မေလ ၄ ရက်နေ့အထိ ဒီ/ချုပ်ပါတီ ဝင်လေးဦးဟာ နိုင်ငံရေးနှင့် မူဝါဒရေးဆိုင်ရာ အကြံပေး သင်တန်းကို တက်ရောက် သင်ကြားလေ့လာမှာ ဖြစ်ပါတယ်။
““ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံကို ပြန်ရောက်ရောက်ချင်း ပုဗ္ဗသီရိမြို့နယ် ကို အမြန်ဆုံးပြန်လာမယ်လို့ ပုဗ္ဗသီရိက မဲဆန္ဒရှင် များကို ပြောခဲ့ပါရစေ”” လို့ ဦးဖြိုးဇေယျာသော်က မထွက်ခွါမီ မင်္ဂလာဒုံလေဆိပ်မှာ မြန်မာအင်ဒီပဲန်ဒင့်ကို ပြောကြားခဲ့ပါတယ်။ ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ ပုဗ္ဗသီရိမြို့နယ်မှာ အကြိတ်အနယ် ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ ဦးဖြိုးဇေယျာသော်ဟာ ပုဗ္ဗသီရိကို လွမ်းဆွတ်နေပုံရပါတယ်။
ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကတော့ ““ ဒီခရီးစဉ်ဟာ သြစတေးလျ လေဘာပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြား ပထမဆုံး ဖိတ်ကြားခဲ့တဲ့ခရီးစဉ်ပါ””လို့ မြန်မာအင်ဒီပဲန်ဒင့်ကို မင်္ဂလာဒုံလေဆိပ်မှာ ပြောကြားခဲ့ပါတယ်။ ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ ပုဗ္ဗသီရိမြို့နယ်မှာ အကြိတ်အနယ် ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ ဦးဖြိုးဇေယျာသော်ဟာ ပုဗ္ဗသီရိကို လွမ်းဆွတ်နေပုံရပါတယ်။
ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကတော့ ““ ဒီခရီးစဉ်ဟာ သြစတေးလျ လေဘာပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြား ပထမဆုံး ဖိတ်ကြားခဲ့တဲ့ခရီးစဉ်ပါ””လို့ မြန်မာအင်ဒီပဲန်ဒင့်ကို မင်္ဂလာဒုံလေဆိပ်မှာ ပြောကြားခဲ့တာပါ။
ပြည်ပသို့ ထွက်ခွါမယ့်သူများရော ပို့ဆောင်သူများပါ ပြည့်နက်နေတဲ့ မင်္ဂလာဒုံလေဆိပ် ထွက်ခွါခန်းမအတွင်းမှာ ဦးဋ္ဌေးကြွယ်ရဲ့ညီမဖြစ်သူ ဒေါ်ခင်မိမိကြွယ်ကိုလည်း သူ့ရဲ့ခင်ပွန်း ဦးဖြိုးမင်းသိန်း အနီးမှာ တွေ့ခဲ့ရပါတယ်။ ““ဒီခရီးစဉ်ဟာ ပါတီချင်း ဆက်ဆံရေး တိုးမြှင့်နိုင်ဖို့လည်း ရည်ရွယ်ပါတယ်””လို့ ဦးဖြိုးမင်းသိန်း က သတင်းထောက်များကို ပြောကြားခဲ့တာပါ။ ပါတီ နှစ်ခုကြား ဆက်ဆံရေးနဲ့ ပတ်သက်ပြီးလည်း ဦးဖြိုးဇေယျာသော်က ““အခုချိန်မှာ ပါတီနှစ်ခုကြား ဆက်ဆံရေး ပိုမိုခိုင်မြဲနေပါတယ်၊ သင်တန်းတင်မက လေဘာဌာနချုပ် လေ့လာဖို့၊ ပါလီမန် အတွင်း လေ့လာဖို့တို့ ပါလာတော့ ပိုမိုခိုင်မြဲတဲ့သဘော ပိုဆောင်တယ်လို့ ယူဆပါတယ်””ဟု ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
၎င်းတို့ လေးဦးဟာ မြို့တော်ကင်ဘာရာသို့လည်း သွားရောက်မှာဖြစ်ပြီး မြန်မာ့ဒီမိုကရေစီရေးကို အမြဲ ထောက်ခံခဲ့တဲ့ သြစတေးလျမှ ပြည်သူ့ကိုယ်စားလှယ်များနှင့် ပါလီမန်အတွင်း တွေ့ဆုံခြင်း၊ ဝန်ကြီးအချို့နှင့် တွေ့ဆုံခြင်း၊ အစိုးရအဖွဲ့ စည်းဝေးပွဲများ နိုင်ငံတော်ဘဏ္ဍာ အရ အသုံးငွေစာရင်းဆိုင်ရာဆုံးဖြတ်ချက်ချတဲ့ ပါလီမန်အစည်းအဝေးတို့ကို လေ့လာခြင်းများပြုလုပ်မှာ ဖြစ်တဲ့အပြင် လေဘာပါတီဌာနချုပ်သို့လည်း သွားရောက် လည်ပတ်မှာ ဖြစ်ပါတယ်။
ဒီခရီးစဉ်မှာ ပါသွားတဲ့ တေးရေး၊ တေးဆို လင်းလင်းမှာ မြန်မာ့ရော့ခ်ဂီတ စင်မြင့်မှာ အောင်မြင်စွာ နေရာယူထားနိုင်သူများထဲမှ တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ ဝင်ရောက်ခဲ့ပြီး ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေး စည်းရုံးလှုပ်ရှားသူများထဲမှာ ထင်ရှားသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဆံပင်ကို နောက်တွင် စည်းထားပြီး သပ်ရပ်သော ဝတ်စုံနှင့် လင်းလင်းမှာ တွေ့မြင်နေကြထက် ပိုမိုပြည့်စုံစွာ ရှိနေပြီး မင်္ဂလာဒုံလေဆိပ်ဝင်းအတွင်းမှာ လူအများ၏အာရုံကို ဖမ်းစားထားနိုင်ခဲ့ပါတယ်။ ““ကျွန်တော် လူမှန်းသိစ ကတည်းက ပေါ်လာတဲ့ နိုင်ငံရေး အသိ၊ နိုင်ငံရေး စိတ်၊ နိုင်ငံရေး အမြင်နဲ့ပဲ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် ဂီတနဲ့ နိုင်ငံရေးကို တွဲပြီး လုပ်ပါ့မယ်”” လို့ သူရဲ့ အနာဂတ်ရွေးချယ်မှုအတွက် မေးခွန်းကို မြန်မာအင်ဒီပဲန်ဒင့်ကို ဖြေကြားခဲ့ပါတယ်။
ဆယ်စုနှစ် နှစ်ခုကျော်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဒီမိုကရေစီရေးအတွက် ခရီးကြမ်းလမ်းရှည်ကြီးကို ဖြတ်သန်းခဲ့ပြီးတဲ့နောက်မှာ အရုဏ်ဦးရောင်ခြည်နဲ့အတူ နိုင်ငံတကာသို့ ခြေလှမ်းများ စတင်နေပြီဖြစ်ပါတယ်။ ဒီ/ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း လာမယ့်ဇွန်လအတွင်းမှာ နော်ဝေးနှင့် ဗြိတိန်နိုင်ငံများကို အလည်အပတ်သွားရောက်ဖို့ ရှိပါတယ်။
၎င်းတို့ လေးဦးဟာ မြန်မာနိုင်ငံကို မေလ ၉ ရက်နေ့မှာ ပြန်လည်ရောက်ရှိမယ်လို့ သိရပါတယ်။
www.myanmarij.com
Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.