Saturday, April 23, 2011

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် လူငယ်ကွန်ယက်မှပူးပေါင်းဆောင်ရွတ်၍ပြည်တွင်းငြိမ်းချမ်းသာယာရေးလုပ်ဆောင်ချက်များအကောင်အထည်ဖော်ပေးရန်ပန်ကြားချက်




မိတ်ဆွေများခင်ဗျား

ယခုပို့လိုက်သော စာမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် လူငယ်ကွန်ယက်မှပူးပေါင်းဆောင်ရွက်ချက်ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်ရေးထိုးထားပါသည်။ ပြည်တွင်းတွင်လည်း
ကျယ်ပြန့်စွာ ဆောင်ရွက်နေပါသည်။ မိတ်ဆွေများ အနေဖြင့် မိမိတို့၏သက်ဆိုင်ရာ ဒေသများတွင် ဆက်လက်ပြီးကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးစေလိုပါသည်။
စုဆောင်းရရှိသော လက်မှတ်များကို အဖွဲ့ချုပ်ထံပြန်ပို့ခြင်း။မိမိတို့ကိုယ်တိုင် သက်ဆိုင်ရာသံရုံးများမှတဆင့်ဦးသိန်းစိန်ထံပေးပို့ခြင်းကို အဆင်ပြေသလိုဆောင်ရွက်နီုင်ပါသည်။
အဖွဲ့ချုပ်နှင့် အခြားပူးပေါင်းဆောင်ရွက်သူများ၏ facebook
စာမျက်နှာများပေါ်တွင်လည်း ယခုကမ်ပိန်းကို ထောက်ခံကြောင်း ကလစ်ရယူသော
ကမ်ပိန်းဆက်လက်လုပ်ဆောင်နေပါသည်။ ဒေါ်အောင်ဆန်းစုကြည်မှလည်း
ပြည်တွင်းပြည်ပ ကျယ်ပြန့်စွာဆောင်ရွက်စေလိုပါသည်။

လေးစားစွာဖြင့်
ကြည်တိုး
သတင်းနှင့်ပြန်ကြားရေးဌာန
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

Friday, April 22, 2011

0 နာရေးကူညီမှုအသင်း (၁၀)နှစ်ပြည့်အခမ်းအနား ဖိတ်ကြားလွှာ။


ဖိတ်ကြားအပ်ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)အား ၂၀၀၁ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့မှစတင်၍ အခမဲ့ နာရေးကူညီမှုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့တွင် (၁၀) နှစ်တင်းတင်း ပြည့်မြောက်ပြီး ဖြစ်ပါသည်။

ထို့ကြောင့် ၂၃.၄.၂၀၁၁ (စနေနေ့)၌ ၁၀ နှစ်ပြည့် နှစ်ပါတ်လည် အခမ်းအနားပွဲအား အမှတ် (၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် နံနက် (၉း၀၀)နာရီ မှ ညနေ (၄း၀၀)နာရီ အချိန်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ် အဆောက်အဦးသစ်ဖွင့်လှစ်ခြင်း၊

မျိုးစေ့ချပြုစုပျိုးထောင်ပေးခဲ့သော ကျေးဇူးရှင်ဘဘဦးသုခ၏ ရုပ်ထုကျောက်တိုင်ဖွင့်လှစ်ခြင်း၊

လူမှုရေးဂီတသူရဲကောင်းများ၏ သီဆိုဖျော်ဖြေခြင်း၊

မျိုးဆက်သစ်ကလေးငယ်များ၏ အဆို၊ အက ဖျော်ဖြေခြင်း၊

အမှတ်တရပစ္စည်းများ ရောင်းချခြင်း၊

နာရေးကူညီမှု (၁) သိန်းပြည့် အမှတ်တရအဖြစ် ပြင်ပဓါတ်ပုံပညာရှင်များ၏ “ဖျတ်ခနဲပေါ် ဆတ်ခနဲရိုက်” ဓါတ်ပုံပြိုင်ပွဲဆုပေးခြင်း အခမ်းအနား စသည်တို့ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

၂၄.၄.၂၀၁၁ (တနင်္ဂနွေ) နေ့တွင် မြန်မာနိုင်ငံတ၀န်းရှိ ကိုယ်ထူကိုယ်ထ နာရေးကူညီမှု အသင်း အဖွဲ့များနှင့် ကျွန်တော်တို့ ရင်းနှီးနွေးထွေးစွာ မိတ်ဆုံစကားဝိုင်းအား နံနက် (၉း၃၀) နာရီတွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပါသည်။ မြန်မာပြည်သူ/သားများ၊ လူမှုရေးသမားများ၊ အလှူရှင်များနှင့် (၇) ရက် သားသမီးအပေါင်း တို့အား ကြွရောက်ပါရန် လေးစားရင်းနှီးစွာဖြင့် ဖိတ်ကြားလိုက်ပါသည်။

(ဖိတ်စာသီးသန့် မပို့နိုင်ခြင်းကို နားလည်ခွင့်လွှတ်ပါရန်)။

Thursday, April 21, 2011

0 သမိုင်းစစ်ကိုဖော်ထုတ်ခြင်း






သမိုင်းစစ်ကိုဖော်ထုတ်ခြင်း
      မြန်မာပြည် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့သော အာဇာနည်ကြီးများ၏ သမိုင်း၊ အတ္ထုပ္ပတိ၊ ရာဇ၀င် အမည်နာမများကို ယခုမျိုးဆက်သစ်ကလေးငယ်များ အတော်များများတို့သည် မသိရှိကြချေ။ အဘယ့်ကြောင့်နည်း သမိုင်းများကို ဖုံးကွယ်ထားခြင်းကြောင့်လား။ သမိုင်းများကို ဖျောက်ဖျက်ထား ခြင်းကြောင့်လား။ သမိုင်းများကို လစ်လျှူရှုထားခြင်းကြောင့်လား။ သမိုင်းများကို ထိမ်ချန်ထားခြင်း ကြောင့်လားတော့ မသိချေ။
      ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကျေးဇူးရှင် လူမှုရေးအာဇာနည် တစ်ဦးဖြစ် သော စာရေးဆရာ၊ ဒါရိုက်တာ၊ နာယကကြီး ဘဘ ဦးသုခ၏ သမိုင်းကိုတော့ ဖုံးကွယ်၍မရ၊ ဖျောက်ဖျက်၍မရ၊ လစ်လျှူရှု၍မရ၊ ထိမ်ချန်၍မရ။ အများပြည်သူ (၇) ရက်သားသမီး ဆင်းရဲချမ်းသာ လူမျိုးဘာသာမရွေး လူသားအားလုံး၏ နာရေးကိစ္စများကို အခမဲ့ ကူညီဖေးမပေးခဲ့သော စာရေးဆရာ၊ ဒါရိုက်တာ၊ နာယကကြီး ဘဘ ဦးသုခသည် နာရေးကူညီမှုအသင်း(ရန်ကုန်) ဟူသော လူမှုရေး အသင်းအဖွဲ့ကြီးအား ၂၀၀၁ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့မှစ၍ မျိုးစေ့ချ၊ အုတ်မြစ်ချ ထူထောင် ခဲ့သော လူမှုရေးအာဇာနည်ကြီး တစ်ဦးဖြစ်သည့်အပြင် ဘဘဦးသုခသည် အနုပညာမှာရော စာပေ လောကနယ်ပယ်မှာပါ စိတ်ကောကိုယ်ပါ ပါဝင်လှုပ်ရှားခဲ့တဲ့အတွက် ဘွဲ့ထူးဂုဏ်ထူးပေါင်းများလည်း ပေးအပ်ချီးမြင့်ခြင်းကို ခံခဲ့ရပါတယ်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကောင်းဆုံး ဒါရိုက်တာဆု (၆) ခုအပြင် ၁၉၅၈ ခုနှစ်မှာ အလင်္ကာကျော်စွာဘွဲ့၊ ၁၉၆၀ ပြည့်နှစ်မှာ ရုပ်ရှင်ဝါသနာအိုးများ၏ သူရသာတီရုပ်တု၊ ၁၉၉၄ ခုနှစ်မှာ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့၊ ၁၉၉၄ ခုနှစ်မှာပဲ ပခုက္ကူဦးအုံးဖေ တစ်သက်တာစာပေဆု၊ ၁၉၉၇ ခုနှစ်မှာ အာဆီယံစာပေဆု၊ ၁၉၉၉ ခုနှစ်မှာ ကျေးဇူးသစ္စာ မြတ်ဘဏ္ဏာဂုဏ်ပြုဆု၊ ၂၀၀၀ ပြည့်နှစ်မှာ လူမူထူးချွန်(ပထမအဆင့်)၊ ၂၀၀၀ ပြည့်နှစ်မှာပဲ ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ Ph.D ၊ ၂၀၀၅ ခုနှစ်မှာ ဓမ္မဗိမာန် တစ်သက်တာ စာပေဆုတွေကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။ ၁၉၈၃ ခုနှစ် နောက်ပိုင်းတွေမှစပြီး ဘဘဟာ ရန်ကုန်တိုင်း ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းနဲ့ တက္ကသိုလ်ဆရာလောင်း မွမ်းမံသင်တန်းတွေမှာလည်း စကားပြောဟောနည်းပညာ၊ တရားဟောပြော နည်းပညာတွေကို သင်ကြားပို့ချခဲ့ပါသည်။ ၁၉၉၄ ခုနှစ်မှာလည်း ရာမာခရစ္စနာ၏ သုတပုံပြင်များ စာအုပ်ကိုထုတ်ဝေခဲ့သည်။ ဇန်န၀ါရီလ (၄) ရက် လွတ်လပ်ရေးနေ့မှာပဲ ဘဘဟာ မဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်ကို ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ ၁၉၉၅ ခုနှစ် နောက်ပိုင်း တွေမှာလည်း ဘဘရဲ့ တရားတော်နဲ့ ပတ်သက်သည့် စာအုပ်စာပေတွေ သုတရသစာအုပ်တွေဟာ ထွက်ရှိလာခဲ့ပါတယ်။ ဘဘဦးသုခရဲ့ ဘ၀သက်တမ်းတစ်လျှောက်မှာ လူသားတွေအတွက် အကျိုးရှိမည့် စာအုပ်စာပေ အများအပြားကို ရေးသားခဲ့ပြီး ၂၀၀၁ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့မှာတော့ ရန်ကုန် တက္ကသိုလ်ကနေပြီး ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ကို အပ်နှင်းပေးအပ်ခဲ့ပါတယ်။
      ထို့အပြင် ဘဘဟာ စာပေဟောပြောပွဲတိုင်းမှာ အမေနဲ့ပက်သက်တဲ့ အကြောင်းအရာ တစ်ခုခု ကိုတော့ ဟောပြောတတ်စမြဲပါ။ အမေများနေ့အတွက် ကျင်းပတဲ့ စာပေဟောပြောပွဲ တစ်ခုမှာတော့ ဘဘဟာ အမေတွေကိုဂုဏ်ပြုတဲ့ စာပိုဒ်လေးတစ်ပုဒ်ကို ရွတ်ဆိုပေးခဲ့ပါတယ်။ “ကမ္ဘာကြီး ကမ္ဘာကြီးကို အာဒံနဲ့ ဧ၀ကပဲ စတယ်လို့ပြောပြော … ဗြဟ္မာကြီးလေးဦးက စတယ်ပဲ ပြောပြော … သူတို့ထဲမှာ အမေဆိုတဲ့ ဣတ္ထိလိင်ပါလာလို့သာ ကမ္ဘာကြီးက အဆက်မပြတ်ဘဲနဲ့ ယနေ့အထိ ကျွန်တော်တို့အထိ သားစဉ်မြေးဆက်တွေ ဖြစ်လာတယ် မဟုတ်လားအမေ … အမေမှန် သမျှ ဘာသာခြင်း လူမျိုးခြားရယ်လို့ ကျွန်တော့်စိတ်ထဲမှာ မရှိဘူးအမေ … သားသည်အမေ တစ်ယောက်ဟာ အမေပါပဲ အမေ … သူကယုတ်ညံ့လို့ … သူကလူမျိုးခြားမို့လို့ … သူက ဘယ်ဘာသာ မို့လို့ မဟုတ်ပါဘူးအမေ ကျွန်တော်စဉ်းစားထားပြီးမှ ပြောတာပါ … အမေမှန်ရင်လေ ကျွန်တော့်မျက်စိ အောက်မှာပဲ မိန်းမရွှင်ဖြစ်နေပါစေ … အမေဟာ အမေပါပဲ” ဟု အမေနဲ့ပတ်သက်ပြီး ရဲရဲတောက် ပြောကြားခဲ့သော ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် ကြီးကျယ်မြင့်မြတ်သောသူသည် အမေဖြစ်သည်ဟု အမေများ၏ ဂုဏ်ပုဒ်ကို ဖော်ကျူးကာ “အမေများနေ့” ဟူ၍ မြန်မာနိုင်ငံမှာ စတင်ကျင်းပရန် တိုက်တွန်းခဲ့သူလည်း ဖြစ်ပါတယ်။ 
      ယခုကဲ့သို့ အောင်မြင်ကျော်ကြားပြီး လူထုအတွက် အကျိုးပြုခဲ့ရုံသာမက ဘာသာသာသနာ အတွက်ပါ တန်ဖိုးမဖြတ်နိုင်အောင် လေးစားအတုဖွယ်ကောင်းတဲ့ စာရေးဆရာ၊ ဒါရိုက်တာ၊ နာယက ကြီး ဘဘဦးသုခသည် ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာ(၇)ရက်နေ့ (ဗုဒ္ဓဟူးနေ့) နံနက် (၁၁း၃၀) နာရီအချိန်၌ အမှတ်(၂) စစ်ဆေးရုံ၌ ကွယ်လွန်အနိစ္စရောက်ခဲ့ပါတယ်။ သို့သော် ကျေးဇူးရှင် ဘဘဦးသုခ ဒီလောကကြီးမှာ မရှိတော့ပေမယ့်လည်း ဘဘရဲ့ အနုပညာတွေ၊ စာပေတွေနဲ့ ဂုဏ်ထူးဆောင်မူ တွေဟာ လူမျိုးနဲ့ဘာသာ သာသနာအတွက်ကို အခုချိန်ထိ တန်ဖိုးမဖြတ်နိုင်ဘဲ ပြည်သူလူထုအတွက် မှတ်သားဖွယ် ကျန်ရစ်နေစေရန်အတွက် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အစွမ်းကုန် ဘဘဦးသုခ၏ သမိုင်းအတ္ထုပ္ပတိကို ဖော်ထုတ်ပေးရမည်ဖြစ်သည်။
      ဘဘဦးသုခ၏ လမ်းညွှန်မှာကြားချက်များဖြစ်သော ဗြဟ္မစိုရ်တရား (၄) ပါးအား မြေ၀ယ်မကျ လက်ကိုင်ကျင့်တုန်း ပေးဆပ်ရမည်ဖြစ်သည်။ ထို့အပြင် ဘဘဦးသုခ၏ ရုပ်ပုံလွှာအား မျိုးဆက်သစ် ကလေးငယ်များ မှတ်သားသိရှိ မြင်ယောင်လာရန်အတွက် ၂၀၁၁ ခုနှစ်၊ ဧပြီလ (၂၃) ရက် စနေနေ့ တွင် ကျင်းပမည်ဖြစ်သော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ၁၀ နှစ်ပြည့် အခမ်းအနားဖွင့်ပွဲအား ကျေးဇူးရှင် ဘဘဦးသုခ၏ ရုပ်ထုဖွင့်ပွဲ အစီအစဉ်ဖြင့် စတင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ဘဘဦးသုခ ၏ မိတ်ဆွေရင်းချာဖြစ်သော ကွယ်လွန်သူ ပန်းပုဆရာကြီး ဦးဟန်တင် (နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ပထမဦးဆုံး ပို့ဆောင်သင်္ဂြိုလ်ပေးခဲ့ရသူ) တပည့်ရင်း-ဦးနန်းဝင်း (ပန်းချီ/ပန်းပုပညာရှင်)၏ အနုပညာစွမ်းအား၊ အနုပညာပါဝါတို့ဖြင့် ထုဆစ်ပုံဖော်မှုကို စတင်နေပြီဖြစ်ပါသည်။ ပန်းချီ/ပန်းပု ပညာရှင်ကြီး-ဦးနန်းဝင်းအားလည်း ဘဘဦးသုခ၏ ရုပ်ထုပုံဖော်မှုအား ဘဘဦးသုခအား အနီးကပ်ပြုစု စောင့်ရှောက်ပေးခဲ့သော ဘဘ၏ သားတပည့် ကိုလှအေးမှလည်း လာရောက်ပံ့ပိုး အကြံပြုခဲ့ပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှလည်း ဘဘဦးသုခ၏ ရှားပါးလှသော ဓါတ်ပုံမှတ်တမ်းများအား စုဆောင်းပြီး ဘဘဦးသုခ၏ ရုပ်ပုံလွှာ ပန်းပုရုပ်ထုကြီးအား သက်ဝင်လှုပ်ရှား မှုရှိစေရန် သွားရောက် အကြံပြု ပံ့ပိုးပေးခဲ့သည်။
      သမိုင်းကို ဖျောက်ဖျက်၍မရ။ ဖုံးကွယ်၍မရ။ လိမ်လည်၍မရ။ လစ်လျှူရှု၍မရ၊ ထိမ်ချန်၍မရ။
      အချိန်တန်လျှင် သမိုင်းစစ်တွေ ပေါ်ထွန်းလာမည်။
                  သမိုင်းစစ်တွေ စကားပြောလာမည်။
      ကျေးဇူးရှင် ဘဘဦးသုခ၏ ရုပ်ထုသည် ကျွန်တော်တို့အား စကားတွေအများကြီး ပြောနေပြီ ဖြစ်သည်။
 ကိုကျော်သူအားကျေးဇူးတင်ရှိပါသည်

0 ထပ် လုပ်ပါပြီ။ ထပ် ဆူပါပြီ။ နောက်တကြိမ် ပြန် ဖမ်းပေါ့။

    ဦးဝင်းတင် ပြောဖူးတဲ့စကား မှတ်မိတယ်။ “ ကြယ်ငါးပွင့်အဆင့် ရှိနေပါစေ၊ ထောင်ဆိုတာ
လူတစ်ယောက် နေဖို့ သင့်တော်တဲ့အရပ် မဟုတ်ဘူး။ ”
စစ်ကြောရေးစခန်းမှာ နေရတာ၊ထောင်ထဲမှာ အချိန်ကုန်ရတာ လူသားတစ်ယောက်ရဲ့ ဘ၀ကို တစ်ဆင့်လျှော့ချ ခံထားရတယ်လို့  ခံစားရပါတယ်။ နေခဲ့ဖူးတဲ့ အကျဉ်းကျနိုင်ငံရေး
သမားတွေ ကောင်းကောင်းသိကြပါတယ်။ အိမ်ထဲက အိမ်အပြင်ကို (၁) လ တိတိ မထွက်ဘဲ
နေကြည့်ကြပါ။ လွတ်လပ်စွာ သွားလာရှင်သန်ခွင့်ရဲ့ အရသာကို ဝေမျှနားလည်နိုင်ပါလိမ့်မယ်။

    ဒါဆိုရင် ထောင်ထဲက နိုင်ငံရေးရဲဘော်တွေရဲ့ ရစ်သန်တွေ ဘယ်လိုနေကြမလဲဆိုတာ
ကိုယ်ချင်းစာနိုင်ပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး
အကျဉ်းသား နှစ်ထောင်ကျော်ရှိပါတယ်။ ဘာပြစ်မှုတွေ သူတို့ ကျူးလွန်ထားကြလို့ နှစ်ရှည်
ထောင်ဒဏ်တွေ ခံနေကြရတာလဲလို့ မေးမယ့်အစား သူတို့ ရဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ် ထားအပ်
တဲ့ စေတနာကို ကြည့်ရပါမယ်။

    တည်ဆဲဥပဒေကိစ္စ၊ ဒီမိုကရေစီရေး ဒါတွေနဲ့ “ ကိုင် ” ပြီး စကားပြောနေကြရင်ဖြင့် တစ်ယောက်
ခေါင်း တစ်ယောက် ရိုက်ခွဲကြဖို့ ဘဲရှိတော့တယ်။ သူ့ ဘက် ကိုယ့်ဘက် ရှိမှာပေါ့။

    “ ဆင်စွယ်ရွာလူသတ်မှု ” နဲ့ အလံနီသခင်စိုးကြီး ထောင်ထဲမှာ ဘယ်နှစ်နှစ်နေခဲ့ရလို့ လဲ။ သေဒဏ်
ပေးခဲ့ပေမယ့် ဦးနေ၀င်းက ငဲ့ညှာစွာနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ နေ့ ကြီးရက်ကြီးအထိမ်းအမှတ်တို့ 
ဘာတို့ အကြောင်းပြပြီး နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးလို့ လွှတ်ပေးတဲ့အစိုးရကို
ဝိုင်းဆဲမယ့် အတိုက်အခံမရှိပါဘူး။ နတ်လူသာဓုခေါ်ကြမယ့်အလုပ်ပါ။ တစ်တိုင်းပြည်လုံးက
သာဓုခေါ်ဖို့ စောင့်နေကြပါတယ်။

     အခုအစိုးရသစ်ဆိုတာ ပါတီစုံစနစ်နဲ့ တက်လာတဲ့အစိုးရဆိုရင် ဒီလိုတွေးကြည့်လို့ ရပါသေးတယ်။
ထောင်ထဲရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ တစ်ပါတီစနစ်ကို တိုက်ပွဲဝင်ဖြိုချခဲ့တဲ့၊
ပါတီစုံစနစ်ကို တောင်းဆိုခဲ့တဲ့ ရှစ်ဆယ့်ရှစ်ကျောင်းသားတွေ တထောကြီးပါနေပါတယ်။ သူတို့ 
ကြောင့် ဒီစနစ်ဒီခေတ်ကို တစ်ဆင့်ရောက်လာရတယ်လို့ ကောက်ချက်ချလို့ ဖြစ်ပါတယ်။ ဒီမိုကရေစီ
အတု၊ အစစ်ကိစ္စ ခဏ ဖယ်ထားပါ။

      လက်ရှိအာဏာရနေတဲ့ဝန်ကြီးဝန်လေးတွေ သိဖို့ က တာဝန်က အနားယူသွားတဲ့ ဗိုလ်ချုပ်မှုးကြီး
ကြောင့် ဆိုတာထက် အခု မြန်မာပြည်အသီးသီးက အကျဉ်းထောင်တွေထဲမှာ ဒုက္ခမျိုးစုံခံစားနေရတဲ့
နိုင်ငံရေးသမားတွေကြောင့် ဒီပို့ စ် ဒီဘ၀ကို ရောက်နေ၊ ရနေကြတယ် ဆိုတာပါဘဲ။ ထောင်ထဲက
ဒီမိုကရေစီရေး လမ်းဖောက်ခဲ့သူတွေကို မမေ့သင့်ဘူး။

      တော်လောက်ပါပြီ။ လွတ်လပ်ခွင့်လည်း ပေးသင့်ပါပြီ။
 မြန်မာပြည်အနှံ့ လှည်းနေလှေအောင်း မြင်းစောင်းမကျန် မဲပုံးထောင်စရာ မလိုပါဘူး။ နိုင်ငံရေး
အကျဉ်းသားတွေ လွှတ်ပေးသင့် မသင့် ပြည်သူ့ ဆန္ဒ ခံယူနေစရာ မလိုပါဘူး။ ကြိုတင်မဲတွေ ဖွင့်
ကြည့်ရင်လည်း လွှတ်ပေးဖို့ ဘဲ ဖြစ်မှာပါဘဲ။ လက်ရှိအာဏာရပါတီ ထိပ်တန်းပုဂ္ဂိုလ် ဦးဌေးဦး
ပြောတာ ဖတ်လိုက်ရပါတယ်။ “ အမည်ခံပါတီ မဖြစ်စေရဘူး၊ ပြည်သူ့ ဆန္ဒကို ထင်ဟပ်တဲ့ပါတီ ဖြစ်
ရမယ် ” ဆိုလား။

      ဟုတ်ပါ့မလား မောင်ကာဋုရေ ဆိုပြီး နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေးကို ခွဲခြမ်းစိတ်ဖြာ မနေ
စေချင်ဘူး။ အချိန် ဆွဲ မနေစေချင်ဘူး။ ဘယ်သူ့ အမိန့် မှလည်း မျှော် မနေစေချင်ဘူး။ ပါတီ အရေးပေါ်
အစည်းအဝေးတစ်ခုခေါ်ပြီး သမ္မတကို ဆုံးဖြတ်ချက် မြန်မြန် ချ စေချင်ပါတယ်။ ကောင်းတဲ့အလုပ်ဖြစ်
လို့ ဖင့်နှေးမနေဘဲ မြန်မြန်ထက်ထက် ဖြစ်စေချင်ပါတယ်။

      ထောင်ထဲက နိုင်ငံရေးအကျဉ်းသမားတွေက တရုတ်လူမျိုးတွေလား။ ယန်းကီးစပ် အမေရိကန်တွေ
လား။ ဖမာဖမာလို့ ခေါ်တဲ့ ယိုးဒယားတွေလား။ ဆလန်မာပါကီးတွေလား။ နိုး နိုး မဟုတ်ကြဘူး။
သူတို့ တွေဟာ ပြည်ထောင်စုဖွား မြန်မာလူမျိုးတွေပါ။ တရေထဲသောက် တမြေထဲနေတွေ မဟုတ်ဘူး
လား။ မြန်မာပြည်ကို ကမ္ဘာ့ မြေပုံက ကွယ်ပျောက်သွားအောင် လုပ်မယ့်သူ တစ်ယောက်မှ မပါဘူး။
မြန်မာပြည်ကို ထူးထူးကဲကဲ သိပ်ချစ်ကြတဲ့ မျိုးချစ်သမားတွေလို့ ဧရာဝတီမြစ်ကြီးကို တိုင်တည်နိုင်ပါတယ်။ အခန့် မသင့်လို့ စနိုးစနောင့်ဖြစ်ခဲ့ကြတာကို နှစ်ဘက်စလုံးက ပုဒ်မ ချ သင့်ပြီ။

     ဖျားနာနေတာ ကြာလှပြီဖြစ်တဲ့ ဟောဒီမြန်မာပြည်ကို နာလန် ထ အောင် လုပ်နိုင်သူတွေ လုပ်ပေး
ကြပါ။ သန်းခြောက်ဆယ်လုံး ဆက် မရှုံးချင်ဘူး။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလိုက်ရင်
ဆူပူမှုတွေ၊ မတည်ငြိမ်မှုတွေ ချက်ချင်း ထ ဖြစ်မယ်လို့ ဘယ်သူများ ၀ါဒဖြန့် ထားလို့ လဲ။ ကဲ ..
ဒေါ်အောင်ဆန်းစုကြည် ထွက်လာတာ (၆) လ ပြည့်တော့မယ်။ ဒေါ်စု ဘာတွေပြောလဲ၊ အစိုးရသစ်ကို
ဘယ်လိုမှတ်ချက်ပေးသလဲ။

     ဟာ.. သူတို့ က ဒေါ်စုလို မဟုတ်ဘူး၊ ပြန်ထွက်လာရင် လမ်းပေါ်ထွက် ဆန္ဒပြကြမှာ၊ ရွှေဝါရောင်လို
ထပ် ဖြစ်မှာလို့ တွေးကြသူတွေ ရှိနေသလား။ ဒါ US AND THEM ပေါ်က ထိုင် ကြည့်တာဘဲ။ ပြည်သူနဲ့ 
တိုင်းပြည်ဖွံ့ ဖြိုးရေးကို ကျောခိုင်းတာဘဲ။
ထပ် လုပ်ပါပြီ။ ထပ် ဆူပါပြီ။ နောက်တကြိမ် ပြန် ဖမ်းပေါ့။

သမ္မတသစ်ရဲ့ ချွင်းချက်မရှိ လွတ်ငြိမ်းချမ်းသာခွင့်ကို ကျွန်တော်တို့ အားလုံး မျှော်နေပါတယ်။

အောင်မျိုးထွန်း

၁၉- ၄- ၂၀၁၁

Tuesday, April 19, 2011

0 အဖွဲ့ချုပ်အဖွဲ့ဝင် ကိုမင်းအောင်အား သင့်တော်သည့် ဆေးကုသခွင့်ပေးရန် အေအေပီပီမှ တောင်းဆို

အဖွဲ့ချုပ်အဖွဲ့ဝင် ကိုမင်းအောင်အား သင့်တော်သည့် ဆေးကုသခွင့်ပေးရန် အေအေပီပီမှ တောင်းဆို
သတင်းထုတ်ပြန်ချက်

၂၀၁၁ ခုနှစ် ဧပရယ်လ ၁၈ ရက်

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အနေဖြင့် နိုင်ငံရေး အကျဉ်းသား တစ်ဦးဖြစ်သော ရခိုင်ပြည်နယ် တောင်ကုပ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဘဏ္ဍာရေးမှူးဖြစ်သူ ကိုမင်းအောင် နှလုံးသွေးကြောကျဉ်းရောဂါကို ခံစားနေရသည့်အတွက် ဆေးကုသခွင့်ပေးရန် ထောင်အာဏာပိုင်များအား တင်ပြခဲ့သော်လည်း ၁၁ လကျော် ကြာမြင့်သည့်တိုင် ဆေးဝါးကုသခွင့်ကို မရရှိကြောင်း သိရသည့်အတွက် ဆေးကုသပေးရန် တောင်းဆိုလိုက်ပါသည်။

အသက် ၃၇ နှစ် အရွယ်ရှိ ကိုမင်းအောင်သည် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင် လှုပ်ရှားဆောင်ရွက်ခဲ့သည့်အတွက် ထောင်ဒဏ် ၁၇ နှစ် နှင့် ၁၄ ၇က် ချမှတ်ခံခဲ့ရပြီး စစ်ကိုင်းတိုင်း ကလေးအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားခြင်း ခံနေရပါသည်။ ကိုမင်းအောင်သည် ဖမ်းဆီးခံခဲ့ရသည့် ၂၀၀၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံတဝှမ်းရှိ အကျဉ်းထောင် လေးခုသို့ ပြောင်းရွှေ့ခြင်းကို ခံခဲ့ရပါသည်။

“မိသားစုနဲ့နီးတဲ့ အကျဉ်းထောင်တွေ ရှိပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဒီလို အလွန်ဝေးကွာတဲ့ ထောင်တွေကို ထောင်ပြောင်းတာက စစ်အစိုးရဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ် ဖြစ်နေပါပြီ။ အဲဒီလို ထောင်ပြောင်းတာက နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေက အကျဉ်းကျနေတဲ့ မိသားစုဝင် တွေကို ထောင်ဝင်စာတွေ့ဖို့နဲ့ အစာအစားနဲ့ ဆေးဝါးထောက်ပံ့ဖို့ကို ဖြတ်တောက် ပိတ်ပင်ဖို့ ကြိုးပမ်းတဲ့၊ နိုင်ငံရေးအကျဉ်းသားတွေကိုဖိနှိပ်တဲ့ နည်းဗျူဟာတစ်ခုပါ။ အခု ကိုမင်းအောင်ဆိုရင် ထောင်ခနခန အပြောင်းခံနေရတာကြောင့် ကျန်းမာရေးကို ထိခိုက်လာတဲ့အထိ ဆိုးဆိုးရွားရွား ဖြစ်သွားစေတာပါ” ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ တွဲဘက်အတွင်းရေးမှူး ဖြစ်သူကိုဘိုကြည်မှ ပြောဆိုပါသည်။

နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေအရ အကျဉ်းသားများအပါအဝင် လူသားအားလုံးသည် သင့်တော်မှန်ကန်သော ကျန်းမာရေး ကုသစောင့်ရှောက်မှုကို ရရှိခံစားရမည်ဖြစ်သည်။ အကျဉ်းထောင် အာဏာပိုင်များအနေဖြင့် အကျဉ်းသားများ၏ ကျန်းမာရေးကို စောင့်ရှောက် ကာကွယ် တာဝန်ယူရမည်ဖြစ်ပါသည်။

“မြန်မာနိုင်ငံမှာ ဆိုးရွားတဲ့ အကျဉ်းထောင်အခြေအနေတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေ ခံစားနေရတဲ့ ရောဂါဝေဒနာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ပဲ ဆေးဝါးကုသမပေးပါဘူး။ ဒီလိုအခြေအနေမျိုးမှာ မိသားစုတွေရဲ့ ထောက်ပံ့ပေးမှုဟာ နိုင်ငံရေးအကျဉ်းသားတွေ အသက်ဆက်ဖို့အတွက် အရမ်းအရေးကြီးပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေက ထောင်ပြောင်း လိုက်တဲ့အတွက် အဲဒီလို အရေးကြီးတဲ့ မိသားစုအထောက်အပံ့ကို ဖြတ်တောက်လိုက်တာပါပဲ။ အခုကိုမင်းအောင်လိုကိစ္စမျိုးမှာ အကျဉ်းထောင်ထဲက အကျဉ်းသားတစ်ယောက်ကို သင့်တော်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မပေးတာဟာ နှိပ်စက်တဲ့သဘော၊ လူမဆန်တဲ့သဘော၊ လူ့ဂုဏ်သိက္ခာကို ချိုးနှိမ်ရာရောက်ပါတယ်” ဟု ကိုဘိုကြည်မှ ဆိုပါသည်။

အကျဉ်းထောင်ဆရာဝန်နှင့် သင့်တော်သော ဆေးဝါးကုသမှုမရှိသော နယ်စွန်နယ်ဖျား အကျဉ်းထောင်များသို့ ပြောင်းရွှေ့ခြင်း၊ လွန်စွာကြမ်းတမ်းသော အကျဉ်းထောင် အခြေအနေများ နှင့် အကျဉ်းထောင်အတွင်း နှိပ်စက်ကလူ ပြုမှုများကြောင့် မြန်မာနိုင်ငံအကျဉ်းထောင် အသီးသီးအတွင်းရှိ နိုင်ငံရေး အကျဉ်းသား ၁၅၀ ကျော်သည် လက်ရှိတွင် ကျန်းမာရေး အခြေအနေ ဆိုးရွားပါသည်။ ၎င်းနိုင်ငံရေးအကျဉ်းသား ၁၅၀ ကျော်အတွင်းမှ ၁၉၈၉ ခုနှစ်တွင် ရန်ကုန်တိုင်း သန်လျင်မြို့နယ်အတွင်း ဖြစ်ပွါးခဲ့သော ဗုံးပေါက်ကွဲမှုနှင့် ပက်သက်၍ မှားယွင်းစွပ်စွဲ၍ အတင်းအကျပ်ဝန်ခံခိုင်းကာ မတရားထောင်ဒဏ် ချမှတ်ခံခဲ့ရသဖြင့် ထောင်တွင်းတွင် နှစ် ၂၀ ကျော် ချုပ်နှောင်ခံနေရသူ ကိုညီညီဦး နှင့် ကိုသန့်ဇော် တို့နှစ်ဦးသည်လည်း အပါအဝင်ဖြစ်ပါသည်။ ကိုညီညီဦးသည် ၂၀၀၇ ခုနှစ်တွင် လေဖြတ်ကာ သွေးတိုးရောဂါခံစားနေခဲ့ရပါသည်။

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သော ထောင်ဒဏ် ၆၅ နှစ် နှင့် ၆ လ ကျခံနေရသည့် ကိုမင်းကိုနိုင်သည် ကျန်းမာရေးအခြေအနေ ချို့ယွင်းကာ အရေးပေါ်ဆေးကုသမှု လိုအပ်နေပါသည်။ သူသည် အရိုးကျီးပေါင်းရောဂါနှင့် အဆစ်အမြစ်ရောင် ရောဂါကို ကြာရှည်စွာ ဆက်တိုက်ခံစားနေခဲ့ရပြီး ယခုလက်ရှိ အခြေအနေတွင် ထိုရောဂါနှစ်ခုအပြင် မကြာခဏ ခေါင်းမူးခြင်းနှင့် နှလုံးအားနည်းခြင်း ဝေဒနာကိုပါခံစားနေရပါသည်။ သူသည် အချိန်ကာလ ကြာမြင့်စွာ တစ်ဦးတည်းတိုက်ပိတ်ထိန်းသိမ်းခံထားရပါသည်။

“ကိုမင်းအောင်နဲ့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အခြားထောင်တွေထဲမှာ ရောဂါဝေဒနာ ခံစားနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ငြိမ်းချမ်းစွာ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ လူအခွင့်အရေးအတွက် ဦးဆောင်ဦးရွက်ပြောဆို လုပ်ကိုင်မှုတွေကြောင့် ထောင်သွင်းအကျဉ်းချခံနေကြရပါတယ်။ တကယ်တော့ သူတို့တွေဟာ အစကတည်းက ထောင်ကျရမယ့်သူတွေမဟုတ်ပါဘူး။ သူတို့သာ အရေးပေါ် ဆေးဝါးကုသမှုတွေ မရဘူးဆိုရင် ဒီလိုနဲ့ပဲ ထောင်ထဲမှာ အသက်ဆုံးရပါလိမ့်မယ်” ဟု ကိုဘိုကြည်မှ ပြောကြားပါသည်။

နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)

0 ကက်ကင်းကုသိုလ်


ကက်ကင်းကုသိုလ်
      နာရေးကူညီမှုအသင်း(ရန်ကုန်)သည် သင်္ကြန်အကြိုနေ့၊ အကျနေ့၊ အကြတ်နေ့၊ အတက်နေ့ စသည့် သင်္ကြန်တွင်းကာလတွင် နာရေးကူညီမှုပေါင်း (၁၇၅) ဦးတို့အား အခမဲ့ ကူညီဖေးမ သင်္ဂြိုလ်ပေးခဲ့ သည်။ သင်္ကြန်အတက်နေ့ည (၁၂း၀၀) နာရီအချိန်ထိ ကူညီမှုများကို ပြုလုပ်ပေးခဲ့သည်။ သင်္ကြန်တွင်း ကာလတွင် နာရေးကူညီမှုများ ထမ်းဆောင်ပေးဆပ်ရာ၌ နာရေးလမ်းကြောင်း ကားလမ်းမပေါ်တွင် သင်္ကြန်ရေကစားမဏ္ဍပ်များ ဆောက်လုပ်ထားမှုကြောင့် နိဗ္ဗာန်ယာဉ် ၀င်/ထွက် သွားလာရာ၌ အခက် အခဲရှိခြင်း၊ စင်တင်တေးဂီတ ဖျော်ဖြေပွဲများကြောင့် လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်စေသောကြောင့် ကူညီ မှုအချိန် နှောင့်နှေးကြန့်ကြာခြင်းများ ရှိခဲ့သည်။ သို့သော် မြန်မာပြည်သူလူထုတို့၏  လူသားချင်းစာနာ စိတ်ဓါတ်ကြောင့် ၀ိုင်းဝန်းကူညီကာ လမ်းရှင်းပေးခြင်း၊ ပိတ်ဆို့မှုများအား ဖယ်ရှားပေးခြင်းတို့ကြောင့် အခက်အခဲများ ချောမွေ့စေခဲ့သည်။
      သင်္ကြန်တွင်းကာလအတွင်း အများပြည်သူတို့ ပျော်ပါး၊ ရေကစား၊ ကခုန်နေချိန်၌ နာရေးကူညီ မှုအသင်း(ရန်ကုန်) အသင်းသူ/သားများ၊ ၀န်ထမ်းများသည် အများပြည်သူအတွက် မိမိတို့၏ ပျော်ရွှင်မှုများကို စွန့်လွှတ်ကာ အများအကျိုးအတွက် ထမ်းဆောင်ပေးဆပ်လျှက် ရှိကြသည်။ သင်္ကြန်ရက်အတွင်းတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းသား/သူ တစ်ဦးချင်း (သို့) အဖွဲ့ လိုက် စုပေါင်း၍ စတုဒီသာ အကျွေးအမွေးအဖြစ် နံနက်စာ၊ နေ့လည်စာ၊ အချိုပွဲ၊ ညနေစာ စသည်တို့ ကို ၀န်ထမ်းများ၊ အသင်းသူ/သားများ၊ အလှူရှင်များအား ကုသိုလ်ဖြစ် ကျွေးမွေးဒါနပြုခဲ့ကြသည်။
      နှစ်ဆန်းတစ်ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ မိသားစုလိုက်၊ တစ်ဦးချင်း၊ မိတ်ဆွေသူငယ်ချင်းများအဖွဲ့လိုက် လာရောက်၍ အလှူငွေလှူဒါန်းခြင်းများ မထင်မှတ်လောက် အောင်များပြားလှသည်။ ထိုနေ့ ည (၇း၀၀) နာရီအချိန်တွင် ၀ဋ်ကြွေးတော်ပြေဆရာတော်ကြီး ဦးဆောင်၍ သံဃာတော် (၅) ပါးတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိရာသို့ ပင့်ဆောင်ကာ ဆရာတော်ကြီးမှ ပရိတ်တရားတော်ချီးမြှင့်ပြီးသည့်နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ထမ်းဆောင်ပေးဆပ်ခဲ့သော ကုသိုလ်ကောင်းမှုများအား အမိအဖ ဆွေမျိုးသားချင်း ညီအစ်ကို မောင်နှမ စသဖြင့် (၃၁) ဘုံကျင်လည်ကြကုန်သော မြင်အပ် မမြင်အပ်သော ပုဂ္ဂိုလ်အပေါင်းတို့အား အမျှပေးဝေငှခဲ့သည်။
      သင်္ကြန်အကြိုနေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ် အဆောက်အဦးအသစ်ရှိ ဥက္ကဋ္ဌ ဦးကျော်သူ၏ အခန်းရှေ့သို့ ပျံသန်းနေသော ငှက်တစ်ကောင် ပြုတ်ကျလာခဲ့သည်။ ယင်းငှက်ငယ် အား နွေးထွေးစွာ ယူငင်ကြည့်သောအခါ သိမ်းငှက်ပေါက်တစ်ကောင်ဖြစ်နေကြောင်း သိခဲ့ရသည်။ ၄င်း သိမ်းငှက်ငယ်လေးအား ကျွေးမွေးပြုစုခဲ့ပြီးနောက် နှစ်ဆန်းတစ်ရက်နေ့တွင် ဘေးလွတ်ရာသို့ အချုပ် အနှောင်လွတ်ငြိမ်းရာသို့ ပြန်လည်၍ လွတ်ပေးခဲ့သည်။
      ဘဘ ဦးသုခ ပြောကြားခဲ့သောစကားအား ပြန်လည်အမှတ်ရစေခဲ့တော့သည်။ “မောင်ကျော် သူ မင်းနဲ့ ဘဘက ကက်ကင်း” တဲ့။
      ဟုတ်ပါသည်။ ကျော်သူ - သုခ၊ ကျော်သူ - သင်္ချိုင်း၊ ကျော်သူ - သင်္ကြန်၊ ကျော်သူ - သိမ်းငှက် အားလုံးတို့သည် ကက်ကင်းများဖြစ်ကြသည်။ ထို့ကြောင့် ယခုနှစ်သင်္ကြန်ကာလအတွင်း လုပ်ဆောင် ပေးခဲ့သော ကုသိုလ်ကောင်းမှုများအား ကက်ကင်းကုသိုလ်ကောင်းမှုဟု ဆိုလိုက်ပါတော့သည်။

ကိုကျော်သူအားကျေးဇူးတင်ရှိပါသည်...

0 “ အညတြသူရဲကောင်းများ” ( မောင်မောင်ဝမ်း )

“ မင်းတို့ရှိလို့ဘာအကျိုးမြတ်မှမဖြစ်ထွန်းဘူး

မင်းတို့ကိုရှင်းပစ်ဘို့လည်း ငါတို့မှာဘာတခုမှဆုံးရှုံးမသွားဘူး ”

( ပိုပေါ့ - ခမာနီအစိုးရ အကြီးအကဲ- ကဗ္ဘောဒီးယားနိုင်ငံ)


ကျနော် အကျဉ်းထောင်အတွင်းမှာရှိနေစဉ် ပိုပေါ့ အကြောင်းကိုဖတ်ဘူးတယ် ( ခိုးဖတ်ရတာပါ )၊ ပိုပေါ့ဆိုတာ တခါက ကဗ္ဘောဒီးယား နိုင်ငံမှာ အာဏာရခဲ့တဲ့ ကွန်မြူနစ်ပါတီရဲ့အကြီးအကဲ အာဏာရှင်တစ်ယောက်ပေါ့ ၊ ပိုပေါ့
အာဏာရစဉ်ကာလအတွင်း လူသန်းပေါင်းများစွာသေကျေပျက်စီးခဲ့ရတယ် ၊ အထက်ဖော်ပြပါ စကားကတော့ သူပြောခဲ့တဲ့စကားပါသူနဲ့သူ့ပါတီ၊သူ့အစိုးရကိုဆန့်ကျင်သူတွေအပေါ်မှာထားခဲ့တဲ့သဘောထားတခုလည်းဖြစ်ပါ တယ်။ခမာနီတွေအာဏာရစဉ်ကာလတလျှောက်လုံးလူပေါင်းများစွာကိုနှိပ်စက်ခဲ့တယ်၊ဝေလံခေါင်ဖျားတဲ့အရပ်ဒေသတွေပို့ပြီးလယ်ယာမြေတွေထွန်ယက်စိုက်ပျိုးစေခဲ့တယ်၊အထူးသဖြင့်ပညာတတ်နဲ့လူလတ်တန်းစားများအတွက် အဲဒီအချိန်ကာလ ကဗ္ဘောဒီးယားနိုင်ငံကြီးဟာ ငရဲပြည်ကြီးသဖွယ်ဖြစ်စေခဲ့တယ်၊ နောက်ဆုံး အဆုံးသတ်မတော့ ပိုပေါ့ ဟာတောတွင်းတနေရာရဲ့ တဲငယ်လေးတခုပေါ်မှာ ဂရုစိုက်မဲ့သူမရှိပဲ သေဆုံးသွားခဲ့တာပါ၊ နိဂုံးမလှစွာနဲ့ပဲ အဆုံးသတ်သွားရတယ်ဆိုမမှားပါဘူး၊တချိန်ကလျှမ်းလျှမ်းတောက်အာဏာရှင်ကြီးဟာဘ၀ရဲ့နောက်ဆုံးစာမျက် နှာများမှာ အခြွေအရံမရှိ ၊ အာဏာမရှိ ၊လေးစားမဲ့သူမရှိနဲ့ ---ဒါပေမဲ့ ကံကောင်းသွားတဲ့တချက်ကတော့ ပြစ်ဒဏ်စီရင်မခံရပဲသူ့ရောဂါနဲ့သူသေသွားတာကတော့ကံကောင်းတယ်လို့ပြောမယ်ဆိုရင်ပြောလို့ရနိုင်ပါတယ်။အဲဒီအချိန်ကာလတွေက တာဝန်ရှိသူ သက်ရှိထင်ရှား ခမာနီ ခေါင်းဆောင်များကတော့ အခုထိတိုင် အရေးယူခံနေရစဲဖြစ်ပါတယ်။လူတယောက်ရဲ့အသက်ရှင်သန်မူ့ကိုတိရိစ္ဆာန်တကောင်လောက်တောင်တန်ဘိုးမထားပဲ ရက်စက်ခဲ့တဲ့ အာဏာရှင်တွေပါ၊

မြန်မာပြည်သမိုင်းစဉ်တလျှောက် စစ်အာဏာရှင်များဟာလည်း တချိန်က ကဗ္ဘောဒီးရားနိုင်ငံက ခမာနီများထက်မသာရင်တောင်မှ မလျှော့ပါဘူး ၊ မြင်သာတဲ့ သုတ်သင်ရှင်းလင်းမူ့တွေကို ခမာနီတွေလောက် သိသာအောင်မလုပ်တာကလွဲရင် ကျန်တာတွေအတူတူပါပဲ၊ မြန်မာပြည်အကျဉ်းထောင်တွေထဲမှာ၊စစ်မြေပြင်မှာ ၊ လမ်းမတွေပေါ်မှာ ၊ စစ်ကြောရေးစခမ်းများစွာထဲမှာ လူသိတာရော မသိတာရော ဆုံးရှုံးနစ်နာခဲ့ရတဲ့ ၊ ဆုံးရှုံးနစ်နာစဲဖြစ်နေတဲ့ အညတြ မထင်မရှား သူရဲကောင်းတွေဆိုတာ နည်းလားဗျာ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေကြီးမူးပြီး “ အညတြသူရဲကောင်းများဆု ” ကိုဂုဏ်ပြုချီးမြှင့်တော့ ကျနော် အရမ်းဝမ်းသာဂုဏ်ယူမိပါတယ်။ တကယ်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဂုဏ်ပြုချီးမြှင့်ခဲ့တဲ့ ပုဂ္ဂိုများဟာ မြန်မာပြည် စစ်အာဏာရှင်တော်လှန်မူ့သမိုင်းမှာ သိပ်မထင်ရှားပဲပေးဆပ်နေရသူစစ်စစ်တွေပါ ၊ သူတို့ကို ကမ္ဘာကလည်းမသိ၊ ပြည်သူအများစုကလည်းသိပ်မသိပဲ သူတို့ရဲ့ဘ၀တွေကို နှစ်ပေါင်းများစွာ အကျဉ်းစခမ်းထဲမှာပေးဆပ်နေဆဲပါ ၊

အဲဒီထဲက နှစ်ယောက်ကို ကျနော်ကောင်းကောင်းသိပါတယ် ၊ သူတို့ကတော့ ဦးခင်ဝင်း (ဘိုးတော်ခင်ဝင်းနဲ့ ) ၊ ကိုသန်းနိုင်တို့နှစ်ဦးပါ။ ၁၉၈၉ ခုနှစ်လောက်က ကျနော်ကိုဖမ်းပြီး အင်းစိန်ထောင် ၂ တိုက် ( ကြိုးတိုက်)ကိုပို့ထားစဉ်ကာလကပါ ပြောမယ်ဆို ကျနော့်အသက် ၂၀ ကျော်အရွယ် ဘ၀မှာတခါမှ အကျဉ်းထောင်ဆိုတာ မရောက်ဘူး ၊ နံမည်ကျော် စစ်ကြောရေးစခမ်းတွေထဲက တခုဖြစ်တဲ့ ထောက်လှမ်းရေး (၇ ) ရဲ့အထုအထောင်းနှိပ်စက်မူ့များအပြီး ထောင်ထဲစရောက်ကစ အချိန် နောက်တနေ့မှာ လူတယောက်က ကျနော့် အခန်းရှိရာကိုအပြေးလာပြီး အထုတ်လေးတထုတ်လာပစ်ပေးရင်းနဲ့…..

“ကျနော်ခင်ဝင်း..ပါ…ကိုမောင်မောင်ဝမ်း…ခင်ဗျားနဲ့လူချင်းမဆုံဘူးပေမဲ့..နံမည်ကြားဘူးနေတာကြာပါပြီ…ဘာမှ စိတ်အားမငယ်နဲ့…လိုတာရှိလှမ်းပြောလိုက် ကျနော်တတ်နိုင်သလောက်ကူညီမယ်…အိုကေနော် ”ဆိုပြီး စကားကို ကတိုက်ကရိုက်ပြောပြေးထွက်သွားပါတယ်။ အမှန်ပြောရရင် ကျနော်သူ့ကိုမသိပါဘူး ၊ အဲဒီကစပြီး ကိုခင်ဝင်းဆိုတာကျနော်စိတ်ထဲမှာအမှတ်တရဖြစ်နေပါတယ်….နောက်မှသူ့အကြောင်းကို ကျနော်မေးကြည့်တော့ အကြောင်းစုံကိုသိရပါတယ်။ သူပေးခဲ့တဲ့ အထုတ်လေးထဲမှာ ထန်းလျှက် ၄လုံးလောက်ရှိမယ်ထင်တယ် နောက်..ငပိထောင်းလေးနည်းနည်းရယ် ဆေးလိပ် ၁၀ လိပ်လောက်ရယ်ပါ ပါတယ်။ အဲဒီ ပစ္စည်းတွေဟာ တန်ဘိုးမများဘူးထင်ရပေမဲ့ အဖိုးဖြတ်လို့တော့မရနိုင်ပါဘူး ၊ ကိုခင်ဝင်း ဒီလိုလာပေးတာဟာ သိပ်ကို အန္တယာယ်တွေနဲ့ရင်းပြီးလာပေးရတာပါ၊ ကိုခင်ဝင်းက တချိန်က ဗိုလ်ချုပ်ခင်ညွန့် သတင်းစာရှင်းလင်းပွဲမှာ အကြီးအကျယ်ရှင်းလင်းခဲ့တဲ့စာအုပ်နီလိုလူသိများတဲ့(ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ယူဂျီ)မူ့နဲ့အဖမ်းခံနေရစဉ်အချိန်ပါ၊ တယောက်နဲ့ တယောက်စကားပြောဆိုခြင်း ၊ ဆက်ဆံခြင်းမပြုဘို့ ပြင်းပြင်းထံထံ တားမြစ်ထားတဲ့အချိန် ၊ နှိပ်ကွပ်စရာရှိရင် လူမဆန်စွာနှိပ်ကွပ်ခံနေရတဲ့အချိန်တွေမှာ ကျနော့်အခန်းနဲ့ အလှမ်းကွာတဲ့နေရာမှာရှိနေတဲ့ သူ့အခန်းကနေ စွန့်စွန့်စားစားလာပေးတာပါ ၊ ဒါဟာ ရဲဘော်ရဲဘက် ဘယ်လောက်ဆန်သလည်းဆိုတဲ့ အချက်ကိုပြသလိုက်တာပါ ။ အများစုက သူ့ကို ဘိုးတော်လို့ပဲခေါ်ကြပါတယ်၊ ကျနော်သိသလောက်ဆိုရင် စစ်အာဏာရှင်အဆက်ဆက်မှာထောင်အကြိမ်ကြိမ်ကျပေးဆပ်နေရသူတဦးပါ၊သူ့ဘ၀ရဲ့အချိန်တွေတော်တော် များများဟာ အကျဉ်းထောင်အတွင်းမှာပဲများပါတယ်။ ကျနော်နဲ့သူ စက္ကန့်ပိုင်းလေးလောက်ပဲဆုံဖြစ်ခဲ့ကြပေမဲ့ သူ့နှလုံးသား သူ့ယုံကြည်ချက်တွေကိုတော့ ယနေ့ထက်တိုင် အသိမှတ်ပြုလေးစားနေဆဲပါ။



နောက်တစ်ဦးကတော့လက်ရှိမအူပင်ထောင်မှာအကျဉ်းကျခံနေရဆဲတချိန်ကမြေလတ်ကျောင်းသား ခေါင်းဆောင်ဟောင်း တစ်ဦး ဖြစ်ခဲ့တဲ့ ကိုသန်းနိုင်ပါ။ သူနဲ့ကျနော်နဲ့က ၈၈ အရေးတော်ပုံအပြီးမှာ မြေလတ်ကျောင်းသားလူငယ်များညီညွတ်ရေးတပ်ပေါင်းစု(မကညတ)ကိုကိုယ်စားပြုပြီးနိုင်ငံရေးလှုတ်ရှားမူ့များကိုဆောင်ရွက်ခဲ့ဘူးပါတယ်။ အထက်ဗမာပြည်ကျောင်းသားညီလာခံ ၊ မြေလတ်ကျောင်းသားညီလာခံတို့ကစလို့ ရန်ကုန်မှာနိုင်ငံရေးလှုတ်ရှားမူ့များကို ဆိုးတူကောင်းဘက် အငတ်ခံ လှုတ်ရှားခဲ့ဘူးပါတယ်။ သူက တောင်တွင်းကြီးသားပါ ၊ မကွေးကောလိပ်မှာကျောင်းတက်ခဲ့ပါတယ်။ တခါ ထောင်ထဲမှာရောက်တော့လည်း သရက်ထောင်မှာအတူပြန်ဆုံရပြန်ပါတယ်။ သူနဲ့ပတ်သက်လို့မမေ့နိုင်တဲ့ အနိဌာရုံတွေရှိခဲ့ဘူးပါတယ်။ တနေ့ မနက်စောစော ကျနော်က သရက်ထောင် နှစ်တိုက် ထဲမှာ ရှိနေစဉ်ကာလ သူက ဆေးရုံဆောင်လို့ခေါ်တဲ့ နေရာမှာရှိပါတယ်။ အဲဒီနေ့က ဆေးရုံဆောင်မှာ နိုင်ငံရေးအခမ်းနားကျင်းပလို့ဆိုပြီး ထောင်အာဏာပိုင်များက ကိုသန်းနိုင် အပါဝင် ၆ ယောက် ၇ ယောက်လောက်ရှိမယ်ထင်တယ် သူတို့ကို ကျနော်တို့ နှစ်တိုက်ထဲ ထဲ့လိုက်ပါတယ်၊သူတို့ရောက်မလာခင်တိုက်ထဲမှာရှိတဲ့သူတွေအားလုံးကိုတိုက်ရဲ့အ၀င်ပေါက်ကိုကျောပေးပြီးထိုင်ခိုင်းတယ် အဲဒီအချိန်ထိ ကျနော်တို့လည်း ဘာမှန်းမသိသေးဘူး ဒါပေမဲ့ အားလုံးရဲ့စိတ်ထဲကတော့ ပြစ်ဒဏ်တိုက်သွင်းတော့မယ်ဆိုတာ သိနေကြတယ် ၊ နောက် အားလုံးကို ပုံစံတွေပေးသံ ၊ ဆဲဆိုးသံတွေ အဆုံးမတော့ နံပါတ်တုတ်တွေနဲ့ တအုံးအုံးရိုက်သံတွေထွက်လာပါတော့တယ်…အဲဒီမှာ ကျနော်တို့က အသံတွေကို ကျက်မိတယ် ၊ အော်ဟစ်သံ ၊ ငြီးတွားသံ ၊ ပြန်လည်ပြောဆိုသံ ၀န်ထမ်းတွေရဲ့ဆဲဆိုသံ စောင့်ကန်သံတွေကြားမှာ ကိုသန်းနိုင်ရဲ့စကားလုံးမပါပဲနာကျဉ်းဟစ်အော်လိုက်တဲ့ “ ဟား….”ဆိုတဲ့ ရင်ခေါင်းအသံကြီးဟာ ငြိမ်သက်နေတဲ့ ထောင်ကို ဖောက်ခွဲထွက်သွားတယ်….၀န်ထမ်းတွေက သူ့ပါးစပ်ကိုပိတ်လိုက်ပုံရတယ်…နောက်တော့ ၀ူးဝါး ၀ူးဝါး ဆိုပါးစပ်ကို ရုန်းနေသံတွေ…အားလုံးဟာ ….ဘယ်လိုမှ မခံစားနိုင်တဲ့ အနိဌာရုံတွေပါ။ ရိုက်ပြီးတာနဲ့ သူတို့ကို သံခြေကျင်းတွေခြေထောက်မှာခပ်ပါတယ် တခါ ဒေါက်လို့ခေါ်တဲ့တတောင်သာသာလောက်ရှိမဲ့သံချောင်းနဲ့ကန့်လန့်တတ်ထားတယ်။တော်တော်နေရထိုင်ရခက်တဲ့အနေထားပါ။အဆုံးမတော့ တိုက်ခန်းထဲကို နှစ်ယောက်တတွဲ ထဲ့ထားလိုက်တယ်။ မိလ္လာချခွင့်၊ရေချိုးခွင့်မပေးဘူး

တပါတ်ကျော်ကျော်လောက်ကြာမယ်ထင်တယ် အဲဒီအခါကြမှ သူတို့ကို အညစ်အကြေးချခွင့် ရေချိုးခွင့်တွေပေးပါတယ် ၊ ဒါပေမဲ့လည်း ခြေထောက်မှာ သံခြေကျင်းနဲ့အတူ ကန့်လန့်တတ်ထားတဲ့ ဒေါက်က ရှိနေသေးတော့ လမ်းလျှောက်ရတာမှာ တော်တော်ခက်ခက်ခဲခဲ လျှောက်ရတာပါ၊

ဒီလိုနဲ့ထောင်ထဲမှာအတူနေကြရင်းလွတ်မြောက်သွားပြီးကွဲသွားလိုက်တာ..ကျနော်နောက်ဆုံးအကြိမ် ထောင်ထဲကလွတ်လာမှပြန်ဆုံဖြစ်တော့တယ်…၊သူကျနော့်ဇာတိမြို့ကိုရောက်လာတယ်နိုင်ငံရေးလှုတ်ရှားမူ့တွေကို မပြတ်တမ်းလုပ်နေဆဲပဲ စိတ်ဓါတ်ကတော့ မာကျောလျှက်ပဲ ထူးခြားသွားတာက တခေါင်းလုံးနီးပါး ဆံပင်တွေဖြူကုန်ပြီ ၊ စီးပွားရေးအဆင်မပြေတဲ့ အိမ်ထောင်ကိုဦးစီးနေရတယ်။ ကျနော်လည်း အဲဒီအချိန်က ထောင်ထဲကသာလွတ်လာတာသိပ်တော့ကျောမလုံလှဘူးသူ့ကိုလည်းသတိပေးတယ်။ကျနော်ကတော့ဆုံးဖြတ် ပြီးပြီ နောက်တခါဆိုရင်တော့ အဖမ်းမခံနိုင်တော့ဘူး လစ်မယ် ဒါကိုအတိအလင်းပြောထားလိုက်တယ်။ ကျနော် ထိုင်းနိုင်ငံဘက်ထွက်မလာခင်မှာသူကမဖြူဖြူသင်းတို့နဲ့ပေါင်းပြီးအေအိုင်ဒီအက်စ်ကိစ္စတွေအစွမ်းကုန်လိုက် ဆောင်ရွက်နေတာကိုသိရတယ်နောက်တော့ကိုမင်းကိုနိုင်တို့လှုတ်ရှားမူ့ဓါတ်ပုံတွေထဲမှာသူ့ကိုမကြာမကြာတွေ့ နေရတယ်။ရွှေဝါရောင်လှုတ်ရှားမူ့အလွန်မှာတော့သူနောက်ထပ်ထောင်ကျသွားတယ်ဆိုတာကိုကြားလိုက်ရတယ်

၈၈ အရေးတော်ပုံကစလို့သူ့ဘ၀တခုလုံးဟာနိုင်ငံရေးထဲမှာပဲရှိတယ်အကျဉ်းထောင်ထဲမှာနှစ်ရှည်လများ ၊ စစ်ကြောရေးစခမ်းတွေထဲမှာ ပြင်းထံတဲ့နှိပ်စက်မူ့ဒဏ်တွေကို အခုထိခံနေရဆဲပါပဲ။

သူတို့တတွေကိုပေးအပ်ခဲ့တဲ့ “ အညတြ သူရဲကောင်းဆု” ဟာ သိပ်ကိုထိုက်တန်ပါတယ်။ ကျနော် သူတို့အတွက် ၀မ်းမြောက်တယ် ၊ သူတို့လိုပဲ ထောင်ထဲမှာ ၈၈ အရေးတော်ပုံကြီးကနေ ယနေ့အထိ နှစ်ပေါင်း ၂၃ နှစ်တောင်ရှိပြီ အသက်ရှင်နေသေးတဲ့ သံလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုသန်းဇော် ၊ သာယာဝတီ သုံးဆယ်ကသပိတ်ခေါင်းဆောင်ကိုဂျော်လီထွန်းဆိုလည်းပေးဆပ်နေရတဲ့အချိန်ကာလတွေဟာကြောက်စရာ ကောင်းလောက်အောင်လွန်နေပါပြီ ၊ ထောင်ထဲမှာ တရက် တရက်ဖြတ်ဘို့တောင်မလွယ်လှတဲ့ ကာလများမှာ နှစ်ပေါင်း ၂၃ နှစ်နေ နေရတယ်ဆိုတာ သိပ်ရက်စက်လွန်းလှပါတယ်။

သူတို့တတွေဟာလူသိနည်းတဲ့အညတြသူရဲကောင်းစစ်စစ်တွေပါ၊သူတို့ဘ၀တွေသူတို့ယုံကြည်ချက်တွေကိုလူထုလွတ်မြောက်ရေးအတွက်အစတေးခံနေသူတွေပါ၊မြန်မာနှစ်ကူးအချိန်အခါသမယမှာနိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်လာမယ်ဆိုရင် မင်္ဂလာအပေါင်းနဲ့ စတင်ပြည့်စုံစေပါလိမ့်မယ်။ အဲသလိုမဟုတ်ပဲ….“ မင်းတို့ရှိလို့ဘာအကျိုးအမြတ်မှမဖြစ်ထွန်းဘူး..မင်းတို့ကိုရှင်းပစ်ဘို့လည်းငါတို့မှာ ဘာမှဆုံးရှုံးမသွားဘူးဆိုတဲ့ ” ခမာနီခေါင်းဆောင်ဟောင်း ပိုပေါ့ ရဲ့လမ်းစဉ်ကို ဆက်လက်ကျင့်သုံးနေဦးမယ်ဆိုရင်တော့ ပိုပေါ့လိုပဲ ဘ၀နိဂုံး ဇတ်သိမ်းမလှနဲ့ သွားရနိုင်တယ်ဆိုတာကို ပြောကြားရင်း………၊



အားလုံးကိုလေးစားစွာဖြင့်

( မောင်မောင်ဝမ်း )

Monday, April 18, 2011

0 သမိုင်းတာဝန်ကို ထမ်းခဲ့သော ခေတ်လူငယ်တယောက်၏ ပုံရိပ်


မြန်မာပြည်က နိုင်ငံရေးလုပ်တဲ့ လူငယ်တဦးဖြတ်သန်းခဲ့ရတဲ့ ဘဝပုံရိပ်ပါ။ နုလုံးရောဂါရှိရင် မကြည့်ပါနဲ့လို့ပြောလိုပါတယ်။ စစစ လုံးကနှိပ်စက်လို့ရခဲ့တဲ့ ဒဏ်ရာကြီးက အသည်းယားစရာကောင်းတယ်။

Sunday, April 17, 2011

0 မြန်မာနှစ်ဆန်း(၁)ရက်နေ့ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာကျင်းပပြုလုပ်တဲ့ သက်ကြီးပူဇော်ပွဲနှင့် အညတြသူရဲကောင်းဆုချီးမြှင့်ပွဲ




ဓာတ်ပုံ။ ။Getty images၊ AP

0 လက်ခုပ်ထဲကရေ


လက်ခုပ်ထဲကရေ
      ယာဉ်မောင်းသူတို့ ဆင်ခြင်ရန်၊ ယာဉ်မောင်းသူတို့ သတိရှိရန်၊ ယာဉ်မောင်းသူတို့ စည်းကမ်းရှိ ရန် သတိပေးချက်များတွင် “မူးရင်မမောင်းနဲ့ မောင်းရင်မမူးနဲ့” “သင့်လက်ထဲတွင် ခရီးသည်တို့၏ အသက်ရှိသည်။” “ဇနီးသားသမီးများက သင်ဘေးမသီရန်မခ အိမ်ပြန်လာချိန်ကို စောင့်မျှော်နေသည် ကို သတိပြု” ဟူသော ဆောင်ပုဒ်များ ရှိလင့်ကစား မဆင်မခြင် မောင်းနှင်မှုတို့ကြောင့် မဟာသင်္ကြန် အကြိုနေ့ ၁၃.၄.၂၀၁၁ (ဗုဒ္ဓဟူး) နေ့တွင် ဦးထွန်းအေး အသက် (၄၇)နှစ်၊ သား မောင်မြင့်မြတ်သူ အသက် (၃နှစ် ၂လ) တို့ သားအဖနှစ်ဦးတို့သည် မိဘဆွေမျိုးများရှိရာ ပဲခူးမြို့ဘက်သို့ သွားရောက်ပြီး ရန်ကုန်နေအိမ်သို့ TAXI အငှါးယာဉ်ဖြင့် ပြန်အလာ ညနေ (၆း၃၀) နာရီခန့်က မင်္ဂလာဒုံ ရေကြည်အိုင် ရှေ့တွင် ရန်ကုန်ဘက်မှ အရှိန်ပြင်းစွာ မောင်းနှင်လာသော မှော်ဘီ - ရန်ကုန် (ဟိုင်းလတ်) ကားနှင့် ခေါင်းချင်းဆိုင် တိုက်မိတော့သည်။ သားအဖ နှစ်ဦးစလုံး ရန်ကုန်ဆေးရုံကြီးသို့ သယ်ဆောင်ကုသခဲ့ သော်လည်း ၁၆.၄.၂၀၁၁ (စနေ) နေ့တွင် ဘ၀တစ်ပါးသို့ ပြောင်းသွားကြရှာသည်။
      နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကွယ်လွန်သွားသူတို့နှင့် ကျန်ရစ်သူမိသားစုများအတွက် အဆင်ပြေရန် ကူညီဖေးမ ပေးဆပ်မှုလုပ်ငန်းဖြစ်သော နာရေးပို့ဆောင်မှုကို ၁၆.၄.၂၀၁၁  နေ့လည် (၂း၀၀) နာရီ သင်္ကြန်အတက်နေ့ဖြစ်၍ အများသူငှါ ပျော်ပါးစွာ ရေကစားကခုန်နေကြစဉ် ရင်ထဲနင့် နေရအောင် မီးသင်္ဂြိုလ်ပေးခြင်း အခမ်းအနားကို ဆောင်ရွက်ပေးခဲ့သည်။ ရန်ကုန်ဆေးရုံကြီး အအေး ခန်းသို့ နိဗ္ဗာန်မော်တော်ယာဉ်နှစ်စီး ပြိုင်တူသွားကြပြီး ရုပ်အလောင်းတို့အား ကြည့်ရှုစဉ် ဖခင်ဖြစ်သူ ဦးထွန်းအေး၏ ဦးခေါင်းနံဘေးတွင်ထားရှိသော ယွန်းဘူးငယ် (စိပ်ပုတီးထည့်ထားဟန်တူ၏) ကလေး ငယ် မောင်မြင့်မြတ်သူ၏ ရုပ်အလောင်းဘေးတွင် ဦးထုပ်ငယ်၊ ရေကစားသေနတ်၊ ဂီတာငယ်လေး တစ်လုံးနှင့်အတူ မောင်မြင့်မြတ်သူလေး အိပ်စက်နေသည့်အလား တွေ့မြင်ရတော့သည်။ ကလေးငယ် ၏ လက်ခြေဦးခေါင်း၊ ဖခင်၏ လက်ခြေတို့တွင် သွေးခြောက်များကပ်တွယ် ငြိနေသည်ကိုလည်း မြင်တွေ့ရသည်။ သားငယ်လေး မောင်မြင့်မြတ်သူကို ကလေးနိဗ္ဗာန်ယာဉ် (Baby Only)၊ ဖခင် ဦးထွန်းအေးအား လူကြီးနိဗ္ဗာန်ယာဉ်ဖြင့် သယ်ဆောင်ကာ ရွှေတိဂုံစေတီတော်မြတ်ကြီး အား ဦးတိုက်၍ ရေဝေးသုဿန်ရှိရာသို့ ပို့ဆောင်ပေးခဲ့သည်။ ရေဝေးသုဿန်တွင် ဈာပနလိုက်ပါ ပို့ဆောင်သူများနှင့် စည်ကားပြည့်နှက်နေသည်။ အများသူငှါတို့ ပျော်ပါးနေသည့်အချိန် ရေကစား နေကြသည့်အချိန်၊ ကခုန်နေကြသည့်အချိန်တွင် ဈာပနပို့ဆောင်ကြသူ ဆွေမျိုးသားချင်းများ၏ နှလုံး သားထဲတွင်သာမက ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) လူမှုရေးသမားများ၏ နေ့စဉ် ကြုံတွေ့နေရသော ဈာပနဖြစ်စဉ်များ၊ အသုဘကမ္မဋ္ဌာန်းများစသည့် မရဏာနုဿတိကိုပင် တဒင်္က ကလေး မေ့လျော့ကာ ရင်ထဲနင့်နေအောင် ခံစားမိတော့သည်။
      အဆုံးသတ်သော် မော်တော်ယာဉ်မောင်းသူတို့၏ လက်ခုပ်ထဲမှ ရေဖြစ်သော ခရီးသွားများ၏ တန်ဖိုးရှိလှသော အသက်ဝိဉာဏ်တို့အား မဖိတ်မစင်ရအောင် ယာဉ်မောင်းသူတို့၏ တာဝန်၊ စည်းကမ်း၊ သတိတို့သည် လွန်စွာမှ အရေးကြီးလှပါကြောင်း . . . ။
(ယင်းဖြစ်စဉ်တွင် အဓိကတာဝန်ရှိသူ မှော်ဘီ - ရန်ကုန် အဝေးပြေးယာဉ်မောင်းကား အဝေးသို့ ထွက်ပြေးလွတ်မြောက် ရှောင်တိမ်းနေဆဲပင်။)

ကိုကျော်သူအားကျေးဇူးတင်ရှိပါသည်....

0 ရေလိုက် ငါးလိုက် ပဲလား


အဆင်ပြေသလိုသာ နေလာခဲ့ တို့ မှာ အစဉ်အလာခိုင်မြဲလို့ ..... ကြာလာတော့ ချောင်းကို မြစ်ဖြစ်တော့မယ်...... ရှင်သန်ရုံသာ ရှင်သွားရင် ဘဝရေတိမ်မှာ နစ်မွန်းပေါ့...... ကိုယ်နဲ့ မင်း ပြောင်းပြန်လုပ်ရဲမှာလား....... တော်ရုံတန်ရုံ သတ္တိသွေး....... တွေးယူရုံနဲ့ မရဘူးဟေ့ ရင်ကမွေးလက်ကကျွေး အချစ်ပေးမှ........... မှောင်ကာ ချုံထူချောင်တစ်ခုမှာ........ ....ပစ်ကာပေရေ သံချေးတက် ........... ပြန်ဖေါ်စမ်းဟေ့ ..........တို့ ဟိုးတုန်းက အိမ်မက်.......

နေခြည်ဝင်းသို့ ရှင်းရှင်းပဲ ...........လျှပ်ရောင်ပြက်သို့ ဒက်ကနဲပဲ............. အဆင်းနဲ့  အချင်းနီးစပ်ရင်း ကွဲကွာလာ............ နောင်သံသရာထိ ဆက်လက်ပြီး............... နောက်ဆိုဒီလိုဘယ်တော့မှ........ ရွှေခြည်ကြိုးဆွဲရာမကပါရစေနဲ့ .......

ကြည်ဖြူစွာလေ လက်တွဲခဲ့ အခုလည်းပြေလည်နေဆဲပဲ.......ဒါပေမယ့် ချစ်ရုံနဲ့  မပြီးဘူးကွယ်......ကြင်နာစွာလေ ဆိုဖူးတဲ့.......

ကတိတွေပြန်လည်ကာကြားရင် နာကြင်ခြင်း အသိတွေနဲ့  ရှက်နေမယ်........ဘယ်အရာလွန်တာ ဘယ်သူ့  အပြစ် မရရင် ကံသာပုံချလိုက်......အယုံလွန်သူကို ချော့ရင်တော့ ပျော့စမြဲပေါ့.......

တကယ်ဆို ကိုယ်ဟာ ယောက်ျားပါ.....အားမာန်တွေလည်း ပြည့်စွမ်းတုန်း......ဆင်ခြေပေးတဲ့လူစားမဟုတ်ရဖူး.........

ဒီတစ်ခါနောက်မကျသေးဟေ့.....ကိုယ့်မှာပြင်ဆင်ချိန်ရတုန်း ကိုယ့်ရဲ့ နှလုံးသွေးတွေ ဆွေးဆွေးနီစေ.......နောင်ကို ကြုံလာမယ့်အခက်အခဲ ကျိတ်ကာ ရင်ဆိုင်ဖြေရှင်းမယ်.....ရေလိုက် ငါးလိုက် ဘဝမျိုး မကတော့ဘူး ...........

ဒီတစ်ခါနောက်မကျသေးဘူးဟေ့ကိုယ့်မှာ ပြင်ဆင်ချိန်ရတုန်း နှလုံးသွေးတွေ စွေးစွေးနီစေ။
 ကဲဗျာ ဘယ်လောက် ကောင်းတဲ့ စာသားလည်း ကြက်သီးမွှေးညှင်းတောင် ထသွားမယ်။ 
နောက်မကျသေးပါဘူး ပြင်ဆင်ချိန်တွေရပါသေးတယ် ဆင်ခြင်တွေ ပေးမနေပါနဲ့ တော့၊ 
နှလုံးသွေးတွေ စွေးစွေးနီပါစေတော့။ နောင်ကို ကြုံလာမယ့် အခက်အခဲတွေ 
ရင်ဆိုင်ဖြေရှင်းလိုက်ကြမယ်။ ရေလိုက်ငါးလိုက် ဘဝမျိုး မဟုတ်တော့ဘူးလို့  ဟစ်ကြွေးလိုက်စမ်းပါ။

အဲဒါက ကိုထီးရဲ့ ရေလိုက်ငါးလိုက် သီချင်းပါကိုထီးသီချင်းအတွက် သီချင်းတွေ အများကြီး ရေးစပ်ခဲ့တဲ့ ဆရာစိုင်းခမ်းလိတ်ကိုလည်း အရမ်းအထင်ကြီးလေးစားမိပါသည်။ (စိုင်းခမ်းလိတ်၏ အပေါ်ယံ ပုံစံက ရုတ်တရက်ကြည့်လိုက်လျှင် ဘာမျှ အဆန်းမဟုတ်။ အနေအထိုင် ရိုးရိုး။ ပိပြား ကျစ်လစ် နှိမ့်ချသည်။ နှုတ်ခမ်းမွှေး စစနှင့် မျက်လုံးတွေကတော့ ဖိတ်ဖိတ်တောက်ပနေချေသည်။ တကယ် စကားပြောလိုက်တော့ စာပေ ဗဟုသုတ လွန်စွာ နှံ့ စပ်ကြွယ်ဝသည်။ အတွေးအခေါ် ထက်မြက်ကျယ်ဝန်းသည်။ ပြာပါးပါးကလေး ဖုံးလွှမ်းထားသော မီးကျီခဲ ရဲရဲ နှင့်တူနေသည်။ ...ဆရာ စိုင်းခမ်းလိတ်အခန်းမှာ စာအုပ်တွေ အများကြီးပဲ ရှိသည်။ ရာဘင်ဒြာနာ့သ့်တဂိုး၏ Stary Birds မှသည် Albert Camus ၏ The Outsider အထိ စုဆောင်းထားရှိသည်။ မန္တလေးရောက် ရှမ်းတစ်ယောက်သည် ဆရာစိုင်းခမ်းလိတ်၏ လက်စွမ်းပြ လက်ရာ (Masterpiece) တစ်ပုဒ်ဟုပင် ဆိုရမည်။ ၁၉၇၅ ခုနှစ်၏ အမှတ်တရ တေးသီချင်းများ အခွေဟုပင် ဆိုရမည်။ ပါမေက္ခ ဒေါက်တာမောင်မောင်ညိုက ဆရာစိုင်းခမ်းလိတ်အား ဘွဲလွန်သင်တန်းတက်နေတုန်း သီချင်းသစ်ထွက်လာရင် ဘွဲ့လွန်ယူဖို့  စိတ်မကူးနဲ့ တော့ဟုပင်ပြောခဲ့ရသည်။ ဆရာစိုင်းခမ်းလိတ်ကား တေးရေးဂီတ စာဆိုတစ်ဦး ဖြစ်ရုံမျှမက ကဗျာလင်္ကာ ဆရာတစ်ဦးလည်း ဖြစ်သည်။ အိုမာခရမ်၏ ရူဘာအိယတ် ကဗျာများကို အင်္ဂလိပ်ဘာသာမှ ရှမ်းဘာသာသို့  ပြန်ဆိုထုတ်ဝေခဲ့သေးသည်။ မှ/ စိုင်းထီးဆိုင်၏ ပုံတူကောက်ကြောင်း)

ကျွန်တော်ငယ်ငယ်က ကိုထီးရဲ့ သီချင်းတွေကို အချစ်နဲ့ တွဲပြီးတော့ နက်နက်နဲနဲ ခံစားခဲ့ပါတယ်။ နားထောင်တိုင်းလည်း ချစ်သူကို ပိုမြတ်နိုးလာပြီး တန်ဖိုးလည်း ထားတတ်လာပါတယ်။ နောက် ဘဝအားမာန်တွေလည်း ရရှိလာပါသည်။ အခု ရေလိုက်ငါးလိုက်သီချင်း ကိုနားထောင်ရင်းလည်း ငါတို့  ရေလိုက်ငါးလိုက်နေလို့  မဖြစ်တော့ဘူး၊ ကြိုးစားရမယ်၊ အိမ်မက်တွေ အကောင်အထည်ဖေါ်ရမယ်၊ ငါတို့ နှစ်ယောက်ချစ်နေရုံနဲ့  မပြီးသေးဘူး အားအင်တွေရှိတုန်းမှာ ကြိုးစားထားရမယ်။ အခက်အခဲတွေကို ငါတစ်ယောက်တည်း ကျိတ်ပြီး ဖြေရှင်းမယ် ဆိုတဲ့ အတွေးအများကြီးရခဲ့ဖူးပါတယ်။

ယ္ခုအသက်အရွယ်က မရသေးပေမယ့် အတွေးအခေါ်လေးက ပြောင်းလဲလာတော့ ခံစားမိတဲ့ သီချင်းတွေရဲ့ လေးနက်မှု့ ကို တစ်မျိုးတစ်ဖုံမြင်မိလာပါတော့တယ်။ ကျွန်တော်တို့ လူသားတွေက အရွယ်ရောက်လာတဲ့အချိန် ပညာတွေကို သင်ယူကြပြီး ဘွဲ့ ဒီဂရီတွေ ရရှိလာတဲ့အခါ အစိုးရဌာနများမှာ ကုမ္ပဏီ အရာရှိအရာခံများအဖြစ် အမှု့ ထမ်းကြပါတယ်။ ရတဲ့လစာလေးကို စားရင်း တိုးရာမယ့်ရာထူးတွေ အခွင့်အလမ်းတွေကို မျှော်လင့်ပြီး မိမိရဲ့မိသားစုဘဝ အဆင်ပြေရေးကို အားထုတ်ကြတာပါပဲ။ ဝန်ထမ်းဘဝမှာလည်း အဆင်ပြေသလိုနေလာခဲ့ပြီး ခိုင်မြဲနေတဲ့ လုပ်ထုံးလုပ်နည်း လာဘ်ပေးလာဘ်ယူမှုတွေနဲ့  ဆိုင်ရာပိုင်ရာတွေကြားမှာ ကိုယ်ကကန်တော့လိုက် ခံတော့ခံလိုက်နဲ့  ကြာလာတော့ အဲဒါတွေကပဲ အမှန်တရားတွေဖြစ်ကုန်ကြပါသည်။ ပညာတွေတတ်ပြီး အကြားအမြင်ဗဟုသုတတွေရှိပြန်လေတော့ တစ်ခါတစ်ခါ ကိုယ်အသက်ရှင်ရပ်တည်နေတာ လုပ်ကိုင်ဆောင်ရွှက်တာတွေက ဟုတ်ရဲ့လားဆိုတဲ့ သံသယအတွေးတွေ ဝင်လာတတ်တဲ့ အချိန်အခါတွေလည်းရှိလာယ်။ အမှားတွေကို အမှားမှန်း သွေဖည်နေတာတွေကို မြင်နေပေမယ့်လည်း တော်ရုံတန်ရုံ သတ္တိတွေနဲ့ တော့ မပြောင်းလဲရဲပါဘူး မတွန်းလှန်နိုင်ကြပါဘူး။ တွန်းလှန်သွားလို့  မအောင်မြင်ဖြစ်နေတဲ့ သူတွေကို မြင်ပြီး လက်ရှိကိုယ့်နေရာနဲ့  သူတို့  ရောက်နေတဲ့အရပ် နေရာချင်း မလဲရဲဝံ့ကြပါဘူး။ တော်ရုံတန်ရုံ သတ္တိသွေး ကတွေးယူရုံနဲ့  မရပါဘူး၊ ရင်ကမွေး သလို ကိုယ့်ရဲ့ဗီဇ သွေးထဲမှာ စီးဝင်နေမှာပါ ပြီးတော့ လက်ကကျွေးသလို ပတ်ဝန်းကျင်သွေးဆောင်ရာတွေကို အမြဲတစေတွန်းလှန်နေရပါမယ်။ အမှန်တရားဘက်က ရဲရဲဝံ့ဝံ့ရပ်တည်ဖို့ ဆိုတာ အမြဲတမ်းလေ့ကျင့်နေမှပါ။ အချစ်ပေးမှဆိုတာတော့ ပြောဖို့ တောင် မလိုတဲ့အရာပါ။ ကိုယ့်ကိုကိုယ်ပဲချစ်တဲ့လူထက် မိသားစုကိုချစ်တဲ့လူက ပိုအနစ်နာခံဝံ့ပါတယ်။ မိသားစုကို ချစ်တဲ့လူထက် အမျိုးကိုချစ်တဲ့လူက ပိုပါတယ်၊ အဲလိုပါပဲ တိုင်းပြည်နဲ့ လူအမျိုးဘာသာ ကိုချစ်တဲ့လူက သူ့ အသက်ကိုလည်း စတေးဝံ့နိုင်လာပါတယ်။ အဲလို ရင်ထဲ မမွေးဖွား လက်ကမလေ့ကျင့်မပျိုးထောင်ကြတော့ပဲ မချစ်တတ်တဲ့လူတွေ များလာတဲ့ခေတ်ကြီးမှာ တစ်ချိန်အိမ်မက်တွေက သံချေးတက်နေမှာ ဖြစ်နေသလို အခုချိန်မက်တဲ့ အိမ်မက်တွေကလည်း လေထဲမှာပဲ ပျောက်ပျယ်သွားမှာ ဖြစ်ပါတယ်။ ပြန်ဖေါ်မယ့်သူတွေ ပြန်ဖေါ်ရဲတဲ့သူတွေ အများကြီးလိုပါတယ်။ အချိန်ကြာလာတာနဲ့  ဘယ်သူက ဘယ်သူဆိုတာလည်း ကွဲကွဲပြားပြားသိမြင်လာပါပြီ၊ ဘယ်သူက ဘာလည်းဆိုတာ အဆင်းနဲ့  အချင်း နီးစပ်ရင်း ကွဲကွာလာပါပြီ။ ပညာတတ်လူတွေအားလုံးပါပဲ နောင်သံသရာထက် ဆက်လက်ပြီး နောက်ဆို ဒီလိုဘယ်မှ ရွှေခြည်ကြိုးဆွဲရာမကပါရစေနဲ့ လို့ ပဲမညည်းပါနဲ့ တော့။ ဒီဘဝမှာပဲ ချိတ်ထားတဲ့ ရွှေခြည်တွေကို ဖြုတ်နိုင်အောင်ကြိုးစားကြဖို့  လိုပါတယ်။

ကြည်ဖြူစွာ လက်တွဲခဲ့ပါတယ်၊ အတူတူနယ်ချဲ့ကို တိုက်ခဲ့တုန်းကပေါ့။ အခုလည်း ပြေလည်နေဆဲပဲ။ ဥမကွဲ သိုက်မပျက်သေးဘူးပေါ့။ ဒါပေမယ့် ချစ်ပြရုံနဲ့ တော့ မပြီးသေးပါဘူး။ ကြင်နာစွာလေ ဆိုဖူးတဲ့ ကတိတွေ ပြန်လည်ကာကြားရင် နာကျင်ခြင်း အသိတွေနဲ့  ရှက်စရာကောင်းနေပါတော့တယ်။ ကတိတွေပေးခဲ့ပေမယ့် အခုချိန် သူ့ ဘက်က မတည်နိုင်တော့ပါဘူး။ ဒါပေမယ့် ဘယ်အရာလွန်တာ ဘယ်သူ့  အပြစ် မရရင်ကံသာပုံချလိုက် အယုံသူကိုချော့ရင်တော့ ပျော့စမြဲပေါ့။ ချော့လိုက် ခြောက်လိုက်ပါပဲ။ တကယ်ဆို ကိုယ်ဟာ ယောက်ျားပါ အားမာန်တွေလည်း ပြည့်စွမ်းတုန်း ဆင်ခြေပေးတဲ့လူစားမဟုတ်ရဘူး။ ယောက်ျားမာနလေးပေါ်လာတယ်ပေါ့ဗျာ။ အားမာန်တွေပြည့်နေတဲ့အချိန် ဆင်ခြေတွေ ပေးမနေပါနဲ့ တော့။ ဒီတစ်ခါနောက်မကျသေးဘူးဟေ့ ကိုယ့်မှာ ပြင်ဆင်ချိန်ရတုန်း နှလုံးသွေးတွေ စွေးစွေးနီစေ။ ကဲဗျာ ဘယ်လောက် ကောင်းတဲ့ စာသားလည်း ကြက်သီးမွှေးညှင်းတောင် ထသွားမယ်။ နောက်မကျသေးပါဘူး ပြင်ဆင်ချိန်တွေရပါသေးတယ် ဆင်ခြင်တွေ ပေးမနေပါနဲ့ တော့၊ နှလုံးသွေးတွေ စွေးစွေးနီပါစေတော့။ နောင်ကို ကြုံလာမယ့် အခက်အခဲတွေ ရင်ဆိုင်ဖြေရှင်းလိုက်ကြမယ်။ ရေလိုက်ငါးလိုက် ဘဝမျိုး မဟုတ်တော့ဘူးလို့  ဟစ်ကြွေးလိုက်စမ်းပါ။

ဆရာစိုင်းခမ်းလိတ်က အတွေးကောင်းကောင်းနဲ့ ရေးခဲ့တဲ့ သီချင်းတွေပါ၊ ကျွန်တော် အသက်အရွယ် အတွေးအမြင်ပြောင်းလဲလာတာနဲ့  သီချင်းရဲ့ အနက်အဓိပ္ပါယ်လည်း ပြောင်းလဲခံစားမိလာပါတော့တယ်။ မေမြို့ ကို မန္တလေးတိုင်းထဲ ထည့်စဉ်အချိန်က မေမြို့  မှာ မိုးခေါင်တာ ကြားဖူးပြီဆိုတဲ့ မေမြို့ မိုးသီချင်း ခေတ္တပိတ်ပင်ခံခဲ့ရပါသည်။ နောက်ပြီး ( သစ်ငုတ်တို ရွှေချလို့  လှမလာတော့ မင်းလေးသာ ချစားလို့  အသားလေးတွေ ပွန်းကုန်မယ့် အရေးဖြစ်တယ် ပျံသာ ပျံပါ ရွှေဟင်္သာရယ် ဒီအပင်အိုပေါ်မှာ သံယောဇဉ်ကြိုး ညှိတွယ်ရစ်မနေနဲ့  ပျံသာပျံပါ ရွှေဟင်္သာ) ဆိုတာလည်း မွန်ပြည်နယ်အတွက် မွန်ခေါင်းဆောင်တစ်ဦးက တောင်းဆိုခဲ့လို့  စပ်ပေးခဲ့တယ်သိရပါတယ်။

စာဖတ်သူလည်း အတွေးလေး ပွားနိုင်ပါစေ အငြင်းလေးပွားရင်ဖြင့်လည်း သဘောရှိအတိုင်းပင်ဖြစ်ပါကြောင်း


သန့် ဇင်(Facebook)မှ

0 သင်္ကြန်နှစ်ကူးမှာမြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လူထုကိုနှုတ်ဆက်




မနေ့က မဟာသင်္ကြန်အတတ်နေ့မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထူးထူးခြားခြား နေအိမ်ရှေ့ထွက်ပြီး၊ လမ်းသွားလမ်းလာတွေနဲ့ သင်္ကြန်ရေကစားသူတွေကို နှစ်သစ်ကူး နှုတ်ဆက်ခဲ့ပါတယ်။ စနေနေ့ ညနေပိုင်း ၄ နာရီလောက်မှာ သူ့ရဲ့ အနီးကပ် လုံခြုံရေးဆောင်ရွက်ပေးသူတွေ ၀န်းရံပြီး နေအိမ်ခြံဝန်းထိပ်ကို ထွက်လာ နှုတ်ဆက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းကျန်းမာမာရှိတာကြောင့် သင်္ကြန်တွင်း အခုလို ကိုယ်တိုင် ခြံပြင်ထွက်ပြီး၊ မြန်မာ နှစ်သစ်ကူး နှုတ်ခွန်းဆက်နိုင်တာလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်း က ပြောပါတယ်။

လမ်းသွား လမ်းလာအချို့ကတော့ ရုတ်တရက် မမျှော်လင့်ပဲ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို တွေ့လိုက်ရလို့ ၀မ်းသာ ၀မ်းနည်းဖြစ်ရတယ်လို့ ပြောကြပါတယ်။ တပြိုင်တည်း အဲဒီ ညနေပိုင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံရှေ့မှာ သင်္ကြန်စတုဒီသာအလှူပွဲကိုလည်း ပြုလုပ်ခဲ့ပါတယ် ။
(VOA)

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.