ဦးဝင်းတင် ပြောဖူးတဲ့စကား မှတ်မိတယ်။ “ ကြယ်ငါးပွင့်အဆင့် ရှိနေပါစေ၊ ထောင်ဆိုတာ
လူတစ်ယောက် နေဖို့ သင့်တော်တဲ့အရပ် မဟုတ်ဘူး။ ”
စစ်ကြောရေးစခန်းမှာ နေရတာ၊ထောင်ထဲမှာ အချိန်ကုန်ရတာ လူသားတစ်ယောက်ရဲ့ ဘ၀ကို တစ်ဆင့်လျှော့ချ ခံထားရတယ်လို့  ခံစားရပါတယ်။ နေခဲ့ဖူးတဲ့ အကျဉ်းကျနိုင်ငံရေး
သမားတွေ ကောင်းကောင်းသိကြပါတယ်။ အိမ်ထဲက အိမ်အပြင်ကို (၁) လ တိတိ မထွက်ဘဲ
နေကြည့်ကြပါ။ လွတ်လပ်စွာ သွားလာရှင်သန်ခွင့်ရဲ့ အရသာကို ဝေမျှနားလည်နိုင်ပါလိမ့်မယ်။
ဒါဆိုရင် ထောင်ထဲက နိုင်ငံရေးရဲဘော်တွေရဲ့ ရစ်သန်တွေ ဘယ်လိုနေကြမလဲဆိုတာ
ကိုယ်ချင်းစာနိုင်ပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး
အကျဉ်းသား နှစ်ထောင်ကျော်ရှိပါတယ်။ ဘာပြစ်မှုတွေ သူတို့ ကျူးလွန်ထားကြလို့ နှစ်ရှည်
ထောင်ဒဏ်တွေ ခံနေကြရတာလဲလို့ မေးမယ့်အစား သူတို့ ရဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ် ထားအပ်
တဲ့ စေတနာကို ကြည့်ရပါမယ်။
တည်ဆဲဥပဒေကိစ္စ၊ ဒီမိုကရေစီရေး ဒါတွေနဲ့ “ ကိုင် ” ပြီး စကားပြောနေကြရင်ဖြင့် တစ်ယောက်
ခေါင်း တစ်ယောက် ရိုက်ခွဲကြဖို့ ဘဲရှိတော့တယ်။ သူ့ ဘက် ကိုယ့်ဘက် ရှိမှာပေါ့။
“ ဆင်စွယ်ရွာလူသတ်မှု ” နဲ့ အလံနီသခင်စိုးကြီး ထောင်ထဲမှာ ဘယ်နှစ်နှစ်နေခဲ့ရလို့ လဲ။ သေဒဏ်
ပေးခဲ့ပေမယ့် ဦးနေ၀င်းက ငဲ့ညှာစွာနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ နေ့ ကြီးရက်ကြီးအထိမ်းအမှတ်တို့ 
ဘာတို့ အကြောင်းပြပြီး နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးလို့ လွှတ်ပေးတဲ့အစိုးရကို
ဝိုင်းဆဲမယ့် အတိုက်အခံမရှိပါဘူး။ နတ်လူသာဓုခေါ်ကြမယ့်အလုပ်ပါ။ တစ်တိုင်းပြည်လုံးက
သာဓုခေါ်ဖို့ စောင့်နေကြပါတယ်။
အခုအစိုးရသစ်ဆိုတာ ပါတီစုံစနစ်နဲ့ တက်လာတဲ့အစိုးရဆိုရင် ဒီလိုတွေးကြည့်လို့ ရပါသေးတယ်။
ထောင်ထဲရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ တစ်ပါတီစနစ်ကို တိုက်ပွဲဝင်ဖြိုချခဲ့တဲ့၊
ပါတီစုံစနစ်ကို တောင်းဆိုခဲ့တဲ့ ရှစ်ဆယ့်ရှစ်ကျောင်းသားတွေ တထောကြီးပါနေပါတယ်။ သူတို့ 
ကြောင့် ဒီစနစ်ဒီခေတ်ကို တစ်ဆင့်ရောက်လာရတယ်လို့ ကောက်ချက်ချလို့ ဖြစ်ပါတယ်။ ဒီမိုကရေစီ
အတု၊ အစစ်ကိစ္စ ခဏ ဖယ်ထားပါ။
လက်ရှိအာဏာရနေတဲ့ဝန်ကြီးဝန်လေးတွေ သိဖို့ က တာဝန်က အနားယူသွားတဲ့ ဗိုလ်ချုပ်မှုးကြီး
ကြောင့် ဆိုတာထက် အခု မြန်မာပြည်အသီးသီးက အကျဉ်းထောင်တွေထဲမှာ ဒုက္ခမျိုးစုံခံစားနေရတဲ့
နိုင်ငံရေးသမားတွေကြောင့် ဒီပို့ စ် ဒီဘ၀ကို ရောက်နေ၊ ရနေကြတယ် ဆိုတာပါဘဲ။ ထောင်ထဲက
ဒီမိုကရေစီရေး လမ်းဖောက်ခဲ့သူတွေကို မမေ့သင့်ဘူး။
တော်လောက်ပါပြီ။ လွတ်လပ်ခွင့်လည်း ပေးသင့်ပါပြီ။
မြန်မာပြည်အနှံ့ လှည်းနေလှေအောင်း မြင်းစောင်းမကျန် မဲပုံးထောင်စရာ မလိုပါဘူး။ နိုင်ငံရေး
အကျဉ်းသားတွေ လွှတ်ပေးသင့် မသင့် ပြည်သူ့ ဆန္ဒ ခံယူနေစရာ မလိုပါဘူး။ ကြိုတင်မဲတွေ ဖွင့်
ကြည့်ရင်လည်း လွှတ်ပေးဖို့ ဘဲ ဖြစ်မှာပါဘဲ။ လက်ရှိအာဏာရပါတီ ထိပ်တန်းပုဂ္ဂိုလ် ဦးဌေးဦး
ပြောတာ ဖတ်လိုက်ရပါတယ်။ “ အမည်ခံပါတီ မဖြစ်စေရဘူး၊ ပြည်သူ့ ဆန္ဒကို ထင်ဟပ်တဲ့ပါတီ ဖြစ်
ရမယ် ” ဆိုလား။
ဟုတ်ပါ့မလား မောင်ကာဋုရေ ဆိုပြီး နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေးကို ခွဲခြမ်းစိတ်ဖြာ မနေ
စေချင်ဘူး။ အချိန် ဆွဲ မနေစေချင်ဘူး။ ဘယ်သူ့ အမိန့် မှလည်း မျှော် မနေစေချင်ဘူး။ ပါတီ အရေးပေါ်
အစည်းအဝေးတစ်ခုခေါ်ပြီး သမ္မတကို ဆုံးဖြတ်ချက် မြန်မြန် ချ စေချင်ပါတယ်။ ကောင်းတဲ့အလုပ်ဖြစ်
လို့ ဖင့်နှေးမနေဘဲ မြန်မြန်ထက်ထက် ဖြစ်စေချင်ပါတယ်။
ထောင်ထဲက နိုင်ငံရေးအကျဉ်းသမားတွေက တရုတ်လူမျိုးတွေလား။ ယန်းကီးစပ် အမေရိကန်တွေ
လား။ ဖမာဖမာလို့ ခေါ်တဲ့ ယိုးဒယားတွေလား။ ဆလန်မာပါကီးတွေလား။ နိုး နိုး မဟုတ်ကြဘူး။
သူတို့ တွေဟာ ပြည်ထောင်စုဖွား မြန်မာလူမျိုးတွေပါ။ တရေထဲသောက် တမြေထဲနေတွေ မဟုတ်ဘူး
လား။ မြန်မာပြည်ကို ကမ္ဘာ့ မြေပုံက ကွယ်ပျောက်သွားအောင် လုပ်မယ့်သူ တစ်ယောက်မှ မပါဘူး။
မြန်မာပြည်ကို ထူးထူးကဲကဲ သိပ်ချစ်ကြတဲ့ မျိုးချစ်သမားတွေလို့ ဧရာဝတီမြစ်ကြီးကို တိုင်တည်နိုင်ပါတယ်။ အခန့် မသင့်လို့ စနိုးစနောင့်ဖြစ်ခဲ့ကြတာကို နှစ်ဘက်စလုံးက ပုဒ်မ ချ သင့်ပြီ။
ဖျားနာနေတာ ကြာလှပြီဖြစ်တဲ့ ဟောဒီမြန်မာပြည်ကို နာလန် ထ အောင် လုပ်နိုင်သူတွေ လုပ်ပေး
ကြပါ။ သန်းခြောက်ဆယ်လုံး ဆက် မရှုံးချင်ဘူး။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလိုက်ရင်
ဆူပူမှုတွေ၊ မတည်ငြိမ်မှုတွေ ချက်ချင်း ထ ဖြစ်မယ်လို့ ဘယ်သူများ ၀ါဒဖြန့် ထားလို့ လဲ။ ကဲ ..
ဒေါ်အောင်ဆန်းစုကြည် ထွက်လာတာ (၆) လ ပြည့်တော့မယ်။ ဒေါ်စု ဘာတွေပြောလဲ၊ အစိုးရသစ်ကို
ဘယ်လိုမှတ်ချက်ပေးသလဲ။
ဟာ.. သူတို့ က ဒေါ်စုလို မဟုတ်ဘူး၊ ပြန်ထွက်လာရင် လမ်းပေါ်ထွက် ဆန္ဒပြကြမှာ၊ ရွှေဝါရောင်လို
ထပ် ဖြစ်မှာလို့ တွေးကြသူတွေ ရှိနေသလား။ ဒါ US AND THEM ပေါ်က ထိုင် ကြည့်တာဘဲ။ ပြည်သူနဲ့ 
တိုင်းပြည်ဖွံ့ ဖြိုးရေးကို ကျောခိုင်းတာဘဲ။
ထပ် လုပ်ပါပြီ။ ထပ် ဆူပါပြီ။ နောက်တကြိမ် ပြန် ဖမ်းပေါ့။
သမ္မတသစ်ရဲ့ ချွင်းချက်မရှိ လွတ်ငြိမ်းချမ်းသာခွင့်ကို ကျွန်တော်တို့ အားလုံး မျှော်နေပါတယ်။
အောင်မျိုးထွန်း
၁၉- ၄- ၂၀၁၁
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို
အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်
-
မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့
အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး
အသစ်ကို အ...
2 years ago
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်