၂၀၀၇ရွှေဝါရောင်တော်လှန်ရေးအပြီး မဂ္ဂင်ကျောင်းတိုက်မှာအပိတ်ခံထားရပြီး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ကြိုးပမ်းလျှက်ရှိနေပါတယ်...
Tin Hlaing
Saturday, September 10, 2011
0 ချိတ်ပိတ်ထားခံရသောမဂ္ဂင်ကျောင်းတိုက်အားပြန်လည်ဖွင့်လှစ်ခွင့်ပေးပါရန်မေတ္တာရပ်ခံခြင်း
0 တောင်ဒဂုံရှိ မဖြူဖြူသင်းတာဝန်ယူဆောင်ရွက်နေသည့် HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်ရေးဂေဟာသို့အဆိုတော်အနဂ္ဂ.သံသာဝင်းနှင့်အနုပညာရှင်များသွားရောက်လှူဒါန်း
8.9.2011 HIV patients at Ma Phyu Phyu Thin (NLD)'s Places (North&South Dagon)
Photo/ Annegga Facebook
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ HIV/AIDS ကူညီရေးအစီအစဉ်ကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ညွန်ကြားချက်ဖြင့် ၂၀၀၂ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ပြီး ထိုကူညီရေးအဖွဲ့တာဝန်ခံအဖြစ် အဖွဲ့ချုပ် တောင်ဥက္ကလာပမြို့နယ် စည်းအဖွဲ့ဝင် မဖြူဖြူသင်းက တာဝန်ခံအဖြစ် ဆောင်ရွက်လုပ်ကိုင်လျက်ရှိသည်။
အဖွဲ့ချုပ် ကူညီရေးအဖွဲ့ စတင်သည့်နှစ်မှ အခုအချိန်ထိ HIV/AIDS ဝေဒနာသည် (၃၀၀၀) ကျော်အတွက် ဆေးစစ်နိုင်ရန် ဆေးဝါးရရှိရန်၊ နေရေထိုင်ရေး စသည့်လိုအပ်ချက်များကို အကူအညီပေးနိုင်ခဲ့ပြီး ယခုလက်ရှိ လူနာတစ်ရာကျော်ကို လက်ခံကူညီပေးလျက်ရှိသည်။
Friday, September 9, 2011
0 စစ်မက်သူ၊ မိတ်ဆွေရန်သူနဲ့ ငြိမ်းချမ်းရေးကိစ္စ (မျိုးမြင့်ချို)
နောက်အစိုးနဲ့မှ ငြိမ်းချမ်းရေးကိစ္စဆက်ပြောတာပေါ့ လောလောဆယ်တော့ ကိုယ့်တပ်ကိုယ့် သေနတ်နဲ့ ကိုယ့်အရပ်မှာ ဈေးတည်၊ လမ်းဖေါက်၊ ကျောင်းဆောက်၊ဘုရားတည်ရင်း ငြိမ်ငြိမ်နေကြဦး သဘောတူချက် အတိုင်း နေလာသူတချို့နဲ့ စစ်အစိုးရရဲ့တကြော့ပြန်သေနတ်သံတွေအောက်မှာ ငြိမ်းချမ်းရေးကြွေးကြော်သံတွေ ပြန်ဟိန်းထွက်လာတာ ကြိုဆိုအပ်တဲ့ကိစ္စရပ်လို့ ယုံပါတယ်။
တချို့က “ငြိမ်းချမ်းရေးလိုချင်လို့စစ်တိုက်နေတာ၊ ငြိမ်းချမ်းရေးအတွက်စစ်တိုက်နေတာ” လို့ဆိုပါတယ်။ ကျနော်ကတော့ “ငြိမ်း ချမ်းရေးမရှိလို့ ငြိမ်းချမ်းရေးအာမခံချက်မရှိလို့” စစ်တိုက်နေရတာလို့မြင်ပါတယ်။ လက်ခံနိုင်မယ့်ဥပဒေလည်းရှိမယ်။ ဥပဒေအတိုင်းလည်းတည်မယ်ဆိုရင် လက်ထဲကသေနတ်တွေကို လူတိုင်းလွှတ်ချလိုက်မှာပါပဲ။ ဘယ်သူမှ မသေချင်မသတ်ချင်ကြပါဘူး။ စစ်ကိုအမုန်းဆုံးလူတွေကို တန်းစီပြီးစာရင်းချရေးပြရရင် “မတိုက်ချင်ပဲတိုက်ရတဲ့စစ်ပွဲထဲကစစ်သားတွေ” ရှေ့ဆုံးနေရာမှာရှိနေမှာပါ။ သူတို့လည်း ငြိမ်းချမ်းရေးကို ချစ်ကြသူတွေ စစ်ကိုမုန်းကြသူပဲဖြစ်ပါတယ်။
လူတိုင်းလူတိုင်း စစ်ကိုမုန်းတယ်။ လူတိုင်းလူတိုင်း ငြိမ်းချမ်းရေးကိုချစ်တယ်လို့တော့ ကျနော်မယုံပါဘူး။ စစ်ကြောင့်စီးပွားဖြစ်သူ၊ စစ်နဲ့အကျိုးဖြစ်ထွန်းနေသူတွေအတွက် စစ်ဟာမက်စရာပါ။ အဲဒီ့ စစ်မက်သူ တွေကြောင့်ပဲ စစ်မက်တွေဖြစ်ကြတာဖြစ်ပါတယ်။ စစ်မက်တွေ ဖြစ်ပလားဟေ့ဆိုရင် ငြိမ်းချမ်းရေး လှုပ်ရှားမှု လည်း ဒွန်တွဲပါလာရပါတယ်။ စစ်မက်သူနဲ့စစ်မုန်းသူတွေကြားမှာ အားပြိုင်မှုတွေလည်းရှိလာရပါတယ်။ အဲဒီအားပြိုင်မှုဟာ အာဏာရှိနဲ့အာဏာမဲ့၊ အစိုးရနဲ့လူထု၊ ဖိနှိပ်သူနဲ့အဖိနှိပ်ခံကြားကအားပြိုင်မှုလို့ ကျနော် နားလည်ထားပါတယ်။
ဒီနေရာမှာ ငြိမ်းချမ်းရေးချစ်သူ၊ စစ်မုန်းသူတွေမှန်ပေမယ့် ငြိမ်းချမ်းရေးတည်ဆောက်ဖို့ကြိုးစားကြရာမှာ မတူတဲ့ဘဝဖြတ်သန်းမှုတွေ၊ မတူတဲ့အတွေ့အကြုံတွေ၊ မတူတဲ့စိတ်အနေစိတ်အထားတွေ၊ မတူတဲ့လောကအမြင်တွေကနေ မတူတဲ့အပြောအဆိုအကောက်အယူတွေ ထွက်လာပါတယ်။ ဒါဟာ အလွန်သဘာဝကျတဲ့ကိစ္စလို့ မြင်ပါတယ်။ “စစ် ဘာ့ကြောင့်ဖြစ်” ဆိုတာကိုမြင်ရာမှာတော့တူတယ်လို့ ထင်ချင် ပါတယ်။ စစ်ဟာ နိုင်ငံရေးပြဿနာကို လက်နက်နဲ့ရှင်းကြတာဖြစ်တယ်ဆိုတဲ့ အမြင်မှာလည်းတူတယ်လို့ ထပ်ထင်ချင်ပါသေးတယ်။
စစ်ဟာ နိုင်ငံရေးရဲ့အဆက်ဖြစ်တယ်ဆိုရင် အဲဒီအဆက်ကို ဘယ်သူ စဆက်နိုင်ပါသလဲ။ ဆက်ပြီးဆက်နေအောင်ရော ဘယ်သူ ဆက်နိုင်ပါသလဲ။ အဲဒီအဆက်ကို အဆက်ပြတ်အောင်ရော ဘယ်သူက စအဆက်ဖြတ်ရမှာလဲ။ အဖြေရှိပြီးသားပါ။ မဖြေချင်၊ မဖြေနိုင်၊ ဖြေဖို့မလိုဘူးလို့ယူသူလည်း ယူလို့ရပါတယ်။ ကိစ္စမရှိပါ။ လွတ်လွတ်လပ်လပ်ကွဲလွဲခွင့် လူတိုင်းမှာရှိပါတယ်။ ငြိမ်းချမ်းရေးစကား ပြောကြရာမှာ အမြင်၊ လုပ်ဟန်နည်းနာတွေမှာကွဲလို့ ရန်ဖြစ်လို့ရပါတယ်။ ဘက်တဖက်တည်းမှာရှိနေသူတွေ ရန်ဖြစ်ရုံနဲ့ ရန်သူ ဖြစ်မသွားပါ။ ဖြစ်စရာ အကြောင်းမရှိပါ။
“ငြိမ်းချမ်းရေးကိစ္စကို နိုင်ငံရေးနဲ့တွဲမြင်” သူကမြင်သလို “ခွဲမြင်” သူကလည်းမြင်နိုင်ပါတယ်။ နိုင်ငံရေးသဘော မှာက အကျိုးစီးပွား အတွက်အာဏာရယူရေး အကြိတ်အနယ်ပြိုင်ရတဲ့ သဘာဝရှိပါတယ်။ အပြိုင်လုကြရင်း ပြိုင်ဘက်ကရန်ဘက်ဖြစ်၊ မိတ်ဆွေကရန်သူဖြစ်၊ ရန်သူကမိတ်ဆွေဖြစ်၊ မိတ်ဆွေကကြားလူဖြစ်၊ ကြားလူ ကရန်သူဖြစ်၊ ရန်သူကကြားလူဖြစ်သံသရာမှာ နေကြရတာဖြစ်ပါတယ်။ စစ်နဲ့အာဏာပြဿနာ တနည်းပြောရရင် စစ်နဲ့နိုင်ငံရေးကိုတွဲမြင်သူမှာ ရန်သူ၊ မိတ်ဆွေ၊ ကြားလူဆိုတာရှိပါတယ်။ ရန်ကိုပြန်လှန်ဖို့ မိတ်ဆွေဖွဲ့ရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့မှာ “ရန်သူမိတ်ဆွေဆိုတဲ့ဘက်သဘော” ကွဲပါတယ်။ ခွဲစရာလိုတယ်လို့ မြင်ပါတယ်။
“ငြိမ်းချမ်းရေးကိစ္စကို နိုင်ငံရေးနဲ့ခွဲမြင်သူ” ကတော့ သူ့အတွက် အာဏာမလိုဟု ဆိုနိုင်ပါတယ်။ အာဏာမလိုတဲ့အတွက် အာဏာ အတွက်ဖက်ပြိုင်စရာမလို။ ဖက်ပြိုင်စရာမလိုတော့ ပြိုင်ဘက်မရှိ။ ပြိုင်ဘက်မရှိတော့ ရန်ဘက်လည်းမရှိ။ ရန်ဘက်မရှိတော့ ရန်သူလည်း မရှိတော့။ ရန်သူမရှိသူအတွက် မိတ်ဆွေချည်းသာဖြစ်တော့တယ်ဆိုလည်း ဆိုနိုင်ပါလိမ့်မယ်။ သူ့မှာ ရန်သူ၊ ကြားလူရယ်လို့ မရှိတော့ပါဘူး။ အားလုံးကို မိတ်ဆွေလိုသဘောထား သတ်မှတ်ဆက်ဆံနိုင်သွားပြီလို့ ထင်ပါတယ်။ တနည်းပြောရရင် ငြိမ်းချမ်းရေးကိစ္စကိုနိုင်ငံရေးနဲ့ခွဲမြင်သူမှာ “ရန်သူမိတ်ဆွေဆိုတဲ့ဘက်သဘော” မကွဲပါ။ ခွဲစရာမလိုတော့ပါလို့ မြင်ပါတယ်။
အခုတလော စစ်မက်နဲ့ငြိမ်းချမ်းရေးကိစ္စ ကျနော်တို့ကြားမှာ ပြောဖြစ်ကြပါတယ်။ အမြင်ကွဲလွဲမှုတွေလည်း ရှိပါတယ်။ ဒါပေမယ့် အမြင်ဘယ်လိုကွဲကွဲ ကျနော်တို့တွေဟာ ငြိမ်းချမ်းရေးမက်သူတွေအဖြစ် ဘက်တဖက်တည်း အတူရပ်ပြီး စစ်မက်သူတွေ နယ်ကျဉ်းအောင် လုပ်ရာမှာတော့တူနေကြ၊ လုပ်နေကြရမှာပဲ ဖြစ်တယ်လို့ မြင်ပါတယ်။
မျိုးမြင့်ချို
0 Dvbသတင်းထောက် မလှလှဝင်း၊ ရုပ်သံ သတင်းထောက်များ၊နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေးအတွက် ဆန္ဒပြတောင်းဆို((Free Burma VJ-ဓာတ်ပုံသတင်း)
Dvbသတင်းထောက် မလှလှဝင်း၊ကိုဇာဂနာ၊အပါအ၀င် ရုပ်သံ သတင်းထောက်များ၊ နိုင်ငံရေးအကျဉ်းသားများ အားလုံးလွတ်မြောက်ရေးအတွက် (Free Burma VJ) အဖွဲ့ကဦးဆောင်ပြီး ဒီကနေ့မနက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
Photo.. Freeburma vj facebook/AP
0 ကျွတ်ပွဲလွတ်ပွဲ စတော့မည်။
ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျား . . .
ကမ္ဘာမြေပြင်သို့ ရောက်ရှိလာပြီးသည့်နောက် လူ့ဘ၀မှ ပြန်လည်ထွက်ခွာသွားသူတို့အနက် မြင့်မြတ်သော ဘုံဋ္ဌာနသို့ ရောက်ရှိသွားသူတို့သည် ကိန်းဂဏန်းအားဖြင့် အလွန်နည်းပါးလှပါသည်။ ထို့ကြောင့် ဓမ္မမိတ်ဆွေတို့သည် ဘ၀သံသရာဝယ် ကြိမ်ဖန်များစွာ ကျင်လည်ကျက်စားကာ ယခု လူ့ဘ၀သို့ ရောက်ရှိလာချိန်တွင် လူ့ဘ၀တစ်ခုထဲတွင်သာ ပြုလုပ်နိုင်သော ကုသိုလ်ကောင်းမှုဖြစ်သည့် “အကျွတ်အလွတ်” အမျှဝေပွဲ ကျင်းပရန် အချိန်ကျရောက်ပြီ ဖြစ်ပါသည်။
ဘ၀အထွေထွေမှ တော်စပ်ခဲ့သော မကျွတ်မလွတ်သေးသော ဆွေတော်မျိုးတော်များ၊ မိတ်သင်္ဂဟအပေါင်းတို့အား ကျွတ်ရန်လွတ်ရန်အတွက်၎င်း၊ ကြုံရာဘ၀ ဖြစ်ရာဘ၀ တော်စပ်ခဲ့ကြ သော မိခင်ဖခင် ဆွေမျိုးသားချင်းတို့အား ကျွတ်ရန်လွတ်ရန်အတွက်၎င်း စိတ်ရည်သန်၍ ယခုအခါ ပဲခူးတိုင်း (အနောက်ခြမ်း)၊ ပြည်မြို့ (သရေခေတ္တရာ)မှ န၀ဒေးနယ်မြေ၊ ရွှေပေါက်ပင်တောရ ဆရာတော် ဘဒ္ဒန္တသောမာစာရသည် သတ္တ၀ါအပေါင်း ကျွတ်ရန်လွတ်ရန်အတွက် ကျွတ်ပွဲလွတ်ပွဲ ကျင့်စဉ်များ ပေးဝေငှလျှက်ရှိပါသည်။ ယင်း ကျွတ်ပွဲလွတ်ပွဲအား ၂၀၁၁ ခုနှစ်၊ သီတင်းကျွတ်လဆန်း (၇) ရက်၊ (၄.၁၀.၂၀၁၁) အင်္ဂါနေ့မှ စတင်ပြီး သီတင်းကျွတ်လပြည့်နေ့ (၁၂.၁၀.၂၀၁၁) အထိ (၉) ရက်တိုင်တိုင် ဆရာတော်ကြီး ချမှတ်ပေးသော ကျင့်စဉ်ကို ကျင့်ကြံအားထုတ်ရမည် ဖြစ်ပါသည်။
(၉) ရက်တိတိ ကျင့်ကြံအားထုတ်ပြီးပါက ကျွတ်ပွဲလွတ်ပွဲအမျှဝေခြင်းကို ပြုလုပ်ရမည် ဖြစ်ပါသည်။ ထိုသို့ ကျင့်ကြံအားထုတ်ရာတွင် မိမိတို့၏ နေအိမ်ရှိဘုရားတွင် ကျင့်ကြံအားထုတ်ခြင်းကို ပြုလုပ်ရန် မသင့်ချေ။ (ချွင်းချက်အနေဖြင့် ပြည်ပရောက် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအနေဖြင့် မိမိတို့၏ စိတ်ဆန္ဒအရ မည်သည့်စေတီ၊ မည်သည့်ဘုရားများတွင်မဆို ကျင့်ကြံအားထုတ်နိုင်ပါသည်။) ဆရာတော် ချမှတ်ပေးသော ကျင့်စဉ်အား ဆရာတော်ညွှန်ကြားသော မိမိတို့နေအိမ် ပတ်ဝန်းကျင်ရှိ စေတီတော်များတွင်သာ သွားရောက်၍ ကျင့်ကြံအားထုတ်ရမည် ဖြစ်ပါသည်။
ထို့ကြောင့် ကျွတ်ပွဲလွတ်ပွဲကျင့်စဉ်ကို ကျင့်ကြံအားထုတ်လိုသော ဓမ္မမိတ်ဆွေများ အနေဖြင့် - မိမိတို့၏ အမည်နှင့် နေရပ်လိပ်စာတို့အား ရွှေပေါက်ပင် သာသနာပြုအဖွဲ့ ဖုန်းနံပါတ် (၀၅၃-၂၄၂၆၁) သို့၎င်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ဖုန်းနံပါတ် (၀၉-၈၆၄၀၂၂၀) သို့၎င်း၊ အီးမေးလ်လိပ်စာ (kyawthu21159@gmail.com) သို့၎င်း ကြိုတင်အကြောင်းကြားထား နိုင်ပါသည်။ မိမိတို့မှတဆင့် ကျင့်ကြံအားထုတ်ရမည့် ကျင့်စဉ်နှင့် သွားရောက်ကျင့်ကြံရမည့် စေတီတို့အား ပြန်လည်၍ အချိန်မှီ အကြောင်းကြားမည် ဖြစ်ပါကြောင်း . . . . ။
ကျင့်စဉ်များ ကျင့်ရာတွင် ထူးခြားမှုများ၊ မရှင်းလင်းသော အချက်များရှိပါက ပြည်မြို့ ရွှေပေါက်ပင်ဆရာတော်ထံ ဖုန်းနံပါတ် (၀၅၃ - ၂၄၂၆၁) ရွှေပေါက်ပင်သို့ ဆက်သွယ်လျှောက်ထား မေးမြန်းနိုင်ပါသည်။
(လူ့ဘ၀ရောက်တုန်းရောက်ခိုက် ကုသိုလ်ကောင်းမှုတစ်ခုကို အမိအရ ယူသွားစေလိုသော ဆန္ဒဖြင့်)
ကျော်သူ
0 အာဏာရှင်ဟောင်းအတွက် စိုးရိမ်စရာ ဖြစ်နေမလား
ParpargyiFacebookမှ
မြန်မာဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ ချီတက်နေပါပြီလို့ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးမှာ တက်ခွင့်ရှိသူတွေပါးစပ်က ဖောဖောသီသီကို သုံးစွဲနေပါတယ်။ တပ်ချုပ်ကြီးက စိတ်ချရမယ့်လူတွေကိုပဲ နေရာတွေ ပေးထားခဲ့ပြီ ဆိုပေမယ့် စိတ်မချနိုင်သေးဘူးလို့ ဆိုပါတယ်။
တပ်ချုပ်အိမ်ထဲက အိမ်ပြင်မထွက်ပါဘူးဆိုတာကို ထင်ကြေးတွေ ပေးနေပေမယ့် အာဏာရှင်ဆိုတာ သူပြောရင် တချက်တည်းနဲ့ ပြီးတယ်ဆိုပြီး ပြည်တွင်းပြည်ပ မိတ်ဆွေဟောင်းများ၊ တပည့်သားမြေးများက တပ်ချုပ်ရဲ့ နှုတ်မိန့်ကို ဥပဒေအဖြစ် တည်စေပေမယ့် တပ်ချုပ်လည်း ကိုယ့်အန္တရာယ် ကိုယ်ရှောင်မယ်လို့ ဆုံးဖြတ်ထားပုံ ရပါတယ်။
မြန်မာ့ဒီမိုလေ့လာသူများ ပြောသလို ဘကြီးသန်းရွှေက ကိုမင်းအောင်လှိုင်နဲ့ အတူထိုင်ပြီး ကျားကွက်တွေ ရွှေ့နေတယ်ဆိုတာ စဉ်းစားစရာတခု ဖြစ်လာပါတယ်။ ဘကြီး ခြံပြင်မထွက်တဲ့အတွက် နေပြည်တော်က စာအုပ်အငှားဆိုင်ကလေးတွေ ဘကြီးရဲ့ လုံခြုံရေး ယာဉ်တန်းလိုက်မယ့် ရဲဘော်တွေအတွက် သီးသန့်ဖွင့်ထားသလို ဖြစ်နေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ဘကြီးကို လုပ်ကြံခံရဖို့ ရှိတယ်လို့ တလောက ဗေဒင်အသိုင်းအဝိုင်းမှာ လောလာဟလတွေ ထွက်လာသေးတယ်။ ဘကြီးဇနီးလက်ဆွဲ မယ်သီလရှင်၊ ဘုန်းကြီးငယ်လေးနဲ့ မယ်တော်ကြိုင်ကြိုင့် သားအရင်း အကြားအမြင် ဆရာကြီး မောင်မောင်ရဲ့ စိုးရိမ်မှုက ဘကြီးကို အပြင်ထွက်ခွင့် မပေးတော့ဘူးလို့ ဆိုပါတယ်။
ကိုယ့်ကိုယ်ကိုယ်တော့ လူတိုင်းချစ်တယ်ဆိုတာ သဘာဝပါ။ ဘကြီးအတွက်တင် မဟုတ်၊ မြေးကလေးအတွက်ပါ စိုးရိမ်စရာတွေ ဖြစ်လာပါတယ်။ ၂၀၁၀ မြန်မာအတာသင်္ကြန်ကို မှတ်မိကြမှာပါ။ X20 မဏ္ဍပ်ကို ဘကြီးမြေးကလေးနဲ့အဖွဲ့ လာမယ်လို့ သတင်းကြိုရထားတယ် မဟုတ်လား။ နေရွှေသွေးအောင် ဘယ်သွားမလဲ၊ ဘယ်မှာရေကစားမလဲဆိုတာ လုံခြုံရေးအရ ပြောခွင့်ရှိတာမှ မဟုတ်တာ။ သိနိုင်တဲ့ ပတ်ဝန်းကျင်ဆိုတာကလည်း နအဖအတွင်းစည်းထဲကမှ သိနိုင်တာပါ။
ကွဲတဲ့ဗုံးက ချိန်ကိုက်ဗုံးမဟုတ်ဘူး ဆိုပြန်တယ်။ လက်ပစ်ဗုံးလို့ဆိုတာကြောင့် နေရွှေသွေးအောင်တို့ အဖွဲ့ကို ရည်ရွယ်ခဲ့တာပဲလို့ ယူဆရပါတယ်။ ကံကောင်းချင်တော့ ဘကြီးမြေးက ထူးမဏ္ဍပ်ရောက်နေချိန် ရေစိုနေတဲ့ လူငယ်ကလေးတွေနဲ့ VIP ကို မြင်ပြီး နေရွှေသွေးအောင် လာတယ်ထင်ပြီး လူမှားဆော်တာပေါ့။
ရည်ရွယ်ချက်ရှိရှိ လုပ်တယ်ဆိုရမလား၊ ကလဲ့စားချေတယ်ပဲ ပြောရမလား၊ တိုက်ဆိုင်မှုလေးတခု ရှိနေလို့ပါ။
ကမ္ဘာအေးဘုရားလမ်းနဲ့ ကုက္ကိုင်းထောင့်က Seven Lekker ကော်ဖီဆိုင်ဖွင့်၊ ငွေမဲတွေကို ငွေဖြူလုပ်ရအောင် စဉ်းစားမိတဲ့ ဒု သမ္မတဖြစ်လာသူ ရှစ်လုံးရဲ့ မိသားစုက စီးပွားရေးလေး လုပ်မယ်မကြံသေး ၂၀၀၉ စက်တင်ဘာလမှာ ကျောင်းတော်က ရန်စကို အခြေခံပြီး နေရွှေသွေးအောင်က အစိုးရပိုင်မြေပေါ်မှာ ဘာကြောင့် တွင်း (၁) သားတွေ ဖွင့်နိုင်သလဲ ဆိုတာလေးတခုတည်းနဲ့ ရှစ်လုံးခမျာ အံကြိတ်ပြီး ကိုယ်တိုင် ဖျက်လိုက်ရတာပဲလေ။
ထင်းခွေမကြုံ ရေခပ်တော့ ကြုံကြသေးတာပေါ့ ဆိုပြီး ရှစ်လုံးတို့လည်း ထိုးမယ့်ဆင် ခြေတလှမ်းဆုတ်နေရတဲ့ သဘောပါပဲ။ နောက် ၇ လအကြာ အတာသင်္ကြန်မှာ စစ်အစိုးရ စွပ်စွဲနေကျ အဖျက်သမားကို အကာအကွယ်ယူ တုံ့ပြန်ခဲ့ပုံရပါတယ်။ ကြားက အပြစ်မဲ့ပြည်သူ၊ လူကြီးလူငယ် ကျားမ မကျန် အာဏာပြိုင်ပွဲရဲ့ ဓားစာခံဘဝကို ယူကြုံးမရ ရောက်ရပါတယ်။
Seven Lekker ကိစ္စနောက်ပိုင်းမှာ လက်ရဲဇက်ရဲရှိလွန်းတာကြောင့် စွမ်းအားရှင် လူမိုက်ခေါင်းဆောင် ဖြစ်နေတဲ့အောင်သောင်းတောင် နောက်ရွှေ့ပြီနေရတယ်။
မြန်မာနိုင်ငံ ပြည်တွင်းမှာ ဗုံးပေါက်ရင် ၈၀ ရာခိုင်နှုန်းက အစိုးရက ဆောင်ရွက်လေ့ရှိတယ်လို့ ဆိုပါတယ်။ နိုင်ငံရေး လှုပ်ရှားလာရင် လုံခြုံရေး တင်းကြပ်ဖို့ လိုအပ်လာရင် ဖောက်ပေးရပါတယ်။ ထောက်လှမ်းရေးတွေ မင်းမူတုန်းက သူတို့တွေ ဆောင်ရွက်ရပါတယ်။ ဒါပေမယ့် ထောက်လှမ်းရေး ခေတ်လွန်မှာ တပ်မတော် မိုင်းရှင်ရေး တပ်ဆွယ်တွေကို တာဝန်ပေးလာတယ်လို့ ဆိုပါတယ်။
ပြည်သူကို ပစ်မှတ်မထားတဲ့ ဗုံးတွေကို တဦးတယောက်ကိုပဲ ထိစေပြီး ကျန်ပြည်သူကို ခြောက်လှန့်ရုံသာ အမှိုက်ပုံနဲ့ အိမ်သာတွေမှာ ထောင်လေ့ရှိတယ်။ ဆွဲမိုင်းဟာ အများဆုံး အသုံးပြုတဲ့ နည်းတွေပါ။
ဒါပေမယ့် X20 မှာ ပေါက်တော့ လက်ပစ်ဗုံး သုံးသွားတာလို့ တွေ့ရပါတယ်။ နယ်စပ်အခြေစိုက်နဲ့ လက်နက်ကိုင်တွေက ဘကြီးမြေးကလေးလာမှာ မလာမှာ သိသူမရှိပါ။ ဘကြီးမြေးကလေး ထင်တိုင်းကြဲနေတာ မသိလှပါ။
ဘကြီးလည်း နအဖ ဖျက်ပြီး အိမ်ပြန်ရော ဘကြီးလက်သပ်မွေးခဲ့တဲ့ ကိုတေဇရဲ့ စီးပွားရေးတွေကို အပြစ်ရှာနေပါတယ်။ အဆိုးဆုံးက မယ်တော် ကြိုင်ကြိုင် သားအရင်း ကိုထွန်းနိုင်ရွှေ ပွဲစားလုပ်ပေးထားတဲ့ လုပ်ငန်း ၃ ခုကို ရှစ်လုံး အမိန့်နဲ့ ဖျပ်သိမ်းစေပါတယ်။ ကိုထွန်းနိုင်ရွှေဆိုတာ နအဖ ခေတ်တလျှောက်လုံး ပွဲခနဲ့ အလုပ်လုပ်နေသူပါ။ ခေတ်ပြောင်းပြီလို့ ဆိုရမလား၊ တပ်ချုပ်ကို အားကိုး၊ တပ်ချုပ်မိသားစု ကြားခံပေးတဲ့ စီးပွားရေလုပ်ငန်းတွေကို ရန်ရှာလိုက်တာ ရိုးရိုးမှ ဟုတ်ရဲ့လား။ ကိုထွန်းနိုင်ရွှေက မြစ်ဝကျွန်းပေါ်က ဒုတိယ ဇနီးလေးနဲ့ မငြိမ့်နိုင်ဘဲ ငွေပြန်တောင်းတဲ့ သူတွေကို ရှောင်နေရတယ်လို့ ဆိုပါတယ်။
အာဏာရှင်က အာဏာကို စိတ်ချရသူလို့ ယူဆပြီး အပြန်ပြန်အလှန်လှန် စစ်ဆေးပြီမှ ပေးလေ့ရှိတာကိုး။ ဒါပေမယ့် ဒီပုံအတိုင်းဆိုရင် တပ်ချုပ်ရဲ့နောင်ရေး အေးပါမလားလို့ သံသယ ရှိစရာတွေ ဖြစ်လာပါတယ်။
အကြားအမြင် သားတော်ရဲ့ တွက်ချက်တခုကြောင့် အပြင်ကို မထွက်ဝံတော့တဲ့ ဗိုလ်ချုပ်မှူးကြီးကို ရှစ်လုံးက စပြီး စိန်ခေါ်နေပုံရပါတယ်။ ဦးနေ၀င်း မိသားစုကို တပ်ချုပ် စိန်ခေါ်ခဲ့သလို ၀ဋ်လည်ပြီလား မသိ။ ဘကြီးကမှ ဦးနေ၀င်း ၈၀ ပြည့်မွေးနေ့ ကျင်းပခွင့်ပေးပါသေးတယ်။ ဘကြီးကိုယ်တိုင် ရက်တရာ မကျော်ခင်မှာ စိန်ခေါ်ခံနေရပါပြီ။
နေရွှေသွေးအောင်ရဲ့ အသက် အန္တရာယ်ကို တပ်ချုပ်ကြီး ဘ၀မကူးခင် အချိန်မှာတင် လက်ရဲဇက်ရဲ လုပ်ဖို့ ၀န်မလေးသူတွေနဲ့ ရင်ဆိုင်နေရပြီး မဟုတ်လား။
စိုးရိမ်စရာတခုက ငွေနဲ့ အာဏာကို ပိုင်ဆိုင်နေပြီး ဖြစ်တဲ့ နအဖ ဗိုလ်ချုပ်ဟောင်းများရဲ့ အားပြိုင်ပွဲပဲ ဖြစ်ပါတယ်။
နအဖ အာဏာ အမွေခွဲရင်းက မကျေနပ်မှုများ၊ တပ်ချုပ်ကို ကြောက်လွန်းလို့ ရှေ့မှာ ငုံ့ခံနေပေမယ့် ရောင်တော်ပြန်နဲ့ရောပြီး ပြန်လှန်ဖို့ ၀န်လေးသူများ မရှိဘူးလို့ မပြောနိုင်ပါ။
တပ်ချုပ်က စိတ်ချရပါပြီဆိုတဲ့သူတွေ သူ့ကို တနေ့ ဒုက္ခပေးလာမယ်ဆိုတာ ယုံကြည်နေသူပါ။ အခုပဲ တပ်ထဲမှာ ကိုမင်းအောင်လှိုင် ခိုင်းတာကို တပ်ချုပ် အမိန့်မရလို့ မလုပ်ဘူးဆိုတဲ့ ဗိုလ်ချုပ် နှစ်ယောက် အနားပေးခံရပြီး မဟုတ်လား။ ကိုမင်းအောင်လှိုင်ကလည်း လက်စွမ်းလက်စ နည်းသူတော့မဟုတ်။ ကိုးကန့်မှာ ဖုန်းကြားရှင်ကို အမြစ်ဖြတ်ပြီး ဦးစီးချုပ်နေရာကို တက်လာသူ။ ကချင်မှာတိုက်ပြီးမှေ၀၀ါးဝါးသမ္မတနဲ့ တာဝန်ရှိသူ လူကြီးတွေကို ကျနော် လိုအပ်ချက်အရ တိုက်လိုက်ပါပြီဆိုပြီး ကာလုံရောက်မှ အသိပေးသူ။ ဦးစီးချုပ်ရဲ့အာဏာနဲ့ လုပ်ပိုင်ခွင့်ကို ပြည့်ပြည့်၀၀ကို အသုံးချပြနေသူလည်း ဖြစ်ပါတယ်။
တပ်ချုပ်ကြီးအတွက် ကိုယ်ပိုင်လို့ မွေးထားခဲ့တဲ့သူတွေကို ပြန်ကြောက်နေပြီလို့လည်း ဆိုနိုင်ပါတယ်။ မိသားစု အရေး၊ လုံခြုံရေး ကွန်ယက်၊ အတွင်းစည်းတွေ လုံပြီလို့ ယူဆနေသူပါ။ မြေးကလေးရဲ့ အသွားအလား၊ မိသားစု စီးပွားရေးတွေကို ခြိမ်းခြောက်တာကြောင့် ပြောင်တင်းတင်း ဖြစ်လာပြီဆိုတော့ နိုင်ငံတစ်နိုင်ငံကို အလည်သွားရင်တောင် ပြည်တော်ပြန်ဖို့ အခက်အခဲရှိလာနိုင်ပါတယ်။
ဗေဒင်ဆရာများရဲ့ တွက်ချက်မှုနဲ့ သားတော်မောင် အကြားအမြင် ဆရာလေးရဲ့ ညွန်ကြားမှုကို လက်ခံပြီး အိမ်ထဲက မထွက်ရဲတဲ့ တပ်ချုပ်တယောက် ကိုယ်အာဏာရှိစဉ် လုံခြုံရေး အကြောင်းပြပြီ လူတကာကို ဖမ်း၊ ထောင်ချ၊ နေအိမ် အကျယ်ချုပ် လုပ်နေရာက ဇွန်လ (၁) ရက်နေ့က စပြီး ကိုယ်ကိုယ်ကိုယ်ပါ နေအိမ် အကျယ်ချုပ်ချလိုက်တာကို အာလုံး သဘောပေါက်မှာပါ။ တရားသဘောအရ ကြည့်မယ်ဆိုရင်. . .
https://www.facebook.com/Parpargyi
0 ဒါရိုက်တာ ဦးအောင်မျိုးမင်းကပြည်သူလူထုတွေဆီ လူ့အခွင့်အရေး သတင်းစကားလေးတွေရောက်နိုင်ဖို့ ကြိုးပမ်းမှု
လူ့ အခွင့်အရေးနဲ့ ပါတ်သက်ပြီး အခြေခံကနေ စ ဆွေးနွေး ပေးမယ့် အစီအစဉ်သစ်ကို DVB နဲ့  လူ့ အခွင့်အရေး ပညာပေး ဌာန (မြန်မာနိုင်ငံ) တို့  ပူးပေါင်း တင်ဆက်ထားပါတယ်.... အခု စစချင်း အစီအစဉ်မှာ ဒါရိုက်တာ ဦးအောင်မျိုးမင်းက လူ့ အခွင့်အရေးနဲ့  ပါတ်သက်ပြီး ဆွေးနွေးရှင်းလင်းပြထားပါတယ်..(DVB Entertainment 2)
Thursday, September 8, 2011
0 မြန်မာအစိုးရမှကေအိုင်အေ အပေါ်လုပ်ကြံရေးသားကာလွန်ခဲ့သော ရက်ပိုင်းအတွင်းက မြို့ ကြီးအချို့ တွင်ဖြန့် ဝေခဲ့သောလက်ကမ်းနံရံကပ် စာစောင်....။
မြန်မာအစိုးရ မှ ကေအိုင်အေ အပေါ် ပြည်သူလူထုနှင့် အဖွဲ့ အတွင်း အထင်မှား အမြင်မှားဖြစ်ပေါ်စေရန် အပုပ်ချလုပ်ကြံရေးသားကာလွန်ခဲ့သော ရက်ပိုင်းအတွင်းက မြို့ ကြီးအချို့တွင် ဖြန့် ဝေခဲ့သောလက်ကမ်းနံရံကပ် စာစောင်....။
Jadeland facebook
0 လူထုခေါင်းဆောင်ကပေးသော သင်ခန်းစာ
Photo..Thihanwe
မြန်မာနိုင်ငံတွင် စာပေစိစစ်ရေး မူဝါဒများ လျော့ပေါ့လိုက်သည့် အကောင်းဆုံးပြယုဂ်တစ်ခုအဖြစ် ညွှန်းဆိုရမည့်အရာမှာ ဒေါ်အောင်ဆန်း စုကြည်၏ အင်တာဗျူးနှင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးသားသော ဆောင်းပါးကို ပြည်တွင်း ဂျာနယ်နှစ်ခုတွင် ဖော်ပြခွင့်ရခဲ့ခြင်းဖြစ်သည်။ အဆိုပါကိစ္စ၏ နောက်ကွယ်တွင် လွတ်လပ်စွာ ပြောဆိုရေးသားခြင်းထက် ပိုမိုသော အကြောင်းအရာများ ရှိနေသည်။ နိုင်ငံတော်သမ္မတ အပါအဝင် ဝန်ကြီး အချို့က ဒေါ်အောင်ဆန်းစုကြည်ကို နှစ်လိုဟန်ပြခဲ့ပြီး ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာသည့် နောက်ပိုင်းတွင် လူထုခေါင်းဆောင်၏ အခန်းကဏ္ဍမှာ ပြည်သူလူထုအကြား ပို၍ ပီပြင်လာခဲ့သည်။ သို့ရာတွင် ဝန်ကြီးထဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒိုင်ယာလော့ ဖြစ်နိုင်သောဝန်ကြီးနှင့် မဖြစ်နိုင်သော ဝန်ကြီး ဟူ၍ ကွဲထွက်လာရာ ပြန်ကြားရေးဝန်ကြီးမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်းမရှိခဲ့သဖြင့် သူမကို လိုလားသူများထဲတွင် ဦးကျော်ဆန်း မပါဝင်ဟု မှတ်ချက်ချ၍ ရသည်။ ယခုတော့ ၎င်းဦးစီးသည့် စာပေစိ စစ်ရေးက လူထုခေါင်းဆောင်နှင့် ပတ်သက်သော စာပေများကို ခွင့်ပြုလိုက်ပြီဖြစ်သည်။
ပထမအကြိမ် ဒေါ်အောင်ဆန်းစုကြည်ရေးသားသော ဆောင်းပါးကို စာပေစိစစ်ရေးမှ ပြင်ဆင်ဖြတ်တောက်ရန် ကြိုးပမ်းသဖြင့် သူမနှင့် စာပေစိစစ်ရေး ထိပ်တိုက်တိုးတော့မည်ဟု ပြည်ပမီဒီယာတစ်ခုက ဖော်ပြခဲ့သည်။ သက်ဆိုင်ရာဂျာနယ်မှ စာမူကို ပယ်ခြင်းမဟုတ်ကြောင်း လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်ဆဲသာဖြစ်ကြောင်း ရှင်းပြခဲ့သည်။ နိုင်ငံရေး မာနကြီးလှသော လူထုခေါင်းဆောင်သည် သူမ၏ စာမူများ အပယ်ခံရပါက၊ အပြင်ခံရပါက ဖော်ပြခြင်းမပြုရန် မေတ္တာရပ် ခံခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ယခုတော့ သူမနှင့် ပြောဆိုထားသော အင်တာဗျူး၊ သူမကိုယ်တိုင်ရေးသားသော ဆောင်းပါး များကို ပြည်သူများဖတ်ရှုရပြီဖြစ်သလို ဖော်ပြခွင့်ရခဲ့သော ပြည်တွင်း ဂျာနယ်နှစ်စောင်အနေဖြင့် ပြည်ပမီဒီယာ ထက်ပို၍ သြဇာရှိကြောင်း ပြသနိုင်ခဲ့သည့် သမိုင်းဝင် ဖြစ်ရပ်တစ်ခုလည်းဖြစ်သည်။
လူထုခေါင်းဆောင်၏ အင်တာဗျူးတွင် လူငယ်ထု အကြောင်းကို အသားပေး၍ မေးမြန်းဖြေကြားထားသည်ကို တွေ့ရသည်။ ဖတ်ရသူအချို့က ဒေါ်အောင်ဆန်းစုကြည်မှ ဟုတ်ရဲ့လားဟု သံသယပွားရလောက်အောင်ပင် စိတ်ဝင်စားလောက်ဖွယ် အကြောင်းအရာ ကြီးကြီးမားမား မတွေ့ရပါ။ လူငယ် ထုကို စာများများ ဖတ်ဖို့သာ အကြံပြုထားသည်။ မေးသည့် မေးခွန်းက နိုင်ငံရေးအား မပါ၍ဟု ယူဆရမည်ဆိုပါက မေးသူ သတင်းထောက်၏ ညံ့ဖျင်းမှုမဟုတ်ပေ။ သတင်းထောက်ဆိုသည်မှာ စာပေစိစစ်ရေးအကြောင်း နောကျေအောင်သိထား၍ ပထမဆုံး ဖော်ပြခွင့်ရမည့် လူထုခေါင်းဆောင်နှင့် အင်တာဗျူးကို အပယ်မခံနိုင်၍ ငြိစွန်းနိုင်သည့် မေးခွန်းမေးမြန်းခြင်း မပြုခဲ့ခြင်းသာ ဖြစ်သည်။ အကယ်၍ မေးလာလျှင် လူထုခေါင်းဆောင်သည် ဖော်ပြခွင့် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ သူမယုံကြည်ချက်အတိုင်းသာ ဖြေကြားမည်ဖြစ်သည်။ သို့သော် ပြည်သူလူထုသည် ၎င်းတို့ချစ်သော လူထုခေါင်းဆောင်၏ အင်တာဗျူးကိုတော့ ဖတ်ခွင့်ရခဲ့ပြီဖြစ်သည်။ ဆိုခဲ့သလိုပင် အင်တာဗျူးတွင် လူထု စိတ်ဝင်စားလောက်မည့် ကိစ္စမျိုး မပါဝင်ပေ။ လူငယ်နှင့် စာဖတ်ခြင်း အကျိုးကို အသားပေးပြောထားသည်။ သင်ခန်းစာယူစရာမှာ လူငယ်တွေ အပျော်ဖတ်ဝတ္ထုများမှ ခွဲထွက်၍ အကျိုးရှိမည့်စာပေများ လေ့လာရန်နှင့် ယနေ့ခေတ် လူငယ်တို့မှာ ကံကောင်းကြောင်း၊ အထူးသဖြင့် ယခင်ခေတ်က ကျောင်းသားနှင့် ယှဉ်လိုက်လျှင် အိုင်တီပညာရပ်ကို အကျွမ်းတဝင် ရှိခြင်းမှာ အားသာချက်တစ်ခုဖြစ်ကြောင်း ဖြေကြားထားသည်မှာ လူငယ်များ သတိပြုစရာ ဖြစ်သည်။ ရိုးရိုးရှင်းရှင်း စကားဟုပင်ဆိုစေကာမူ ယူတတ်လျှင် ယနေ့ခေတ် လူငယ်သည် သင်ယူ စရာများစွာ ရှိနေ သည်ကို ပြဆိုနေသည်။
ဒုတိယ တစ်ကြိမ်မှာတော့ သူမ၏ ကိုယ်တိုင်ရေး ဆောင်းပါးတစ်ပုဒ်ဖြစ်ပြီး အပန်းဖြေနေ့ရက်များဟု ခေါင်းစဉ်တပ်ထားသည်။ သူမနှင့် သူမ၏ သားငယ် ကိုထိန်လင်းတို့ ပုဂံသို့ ဘုရားဖူးသွားရောက်သည့် အကြောင်းအရာကို ရေးဖွဲ့ထားခြင်းသာ ဖြစ်သည်။ ဆောင်းပါးအစတွင် သူမ၏ငယ်ဘဝ ခရီး အတွေ့အကြုံများ၊ နိုင်ငံတကာခရီး အတွေ့အကြုံများကို ရေးသားထားသည်။ ပြည်သူတို့ သိချင်သော သူမဘဝ၏ တစ်စိတ်တစ်ဒေသကို မြင်တွေ့ရသည်။ ခွေးကလေး၏ နာမည်ကို ဂျပန်နာမည်ပေးထားခြင်းက သူမ၏ ဖခင်အကြောင်းနှင့် ရဲဘော်သုံးကျိပ်အကြောင်းကို လေ့လာရန် ဂျပန်နိုင်ငံသို့ သွားရောက် စာသင်ခဲ့သည့် သူမဘဝ တစ်စိတ်တစ်ပိုင်းကို တွေ့ရသည်။ ခရီးသွားဆောင်းပါးတွင် ဦးခွန်သာမြင့်နှင့် ဦးဟန်သာမြင့်တို့ ညီအကိုနှစ်ဦးအကြောင်းကို သတိတရ ရေးသည်။ ဦးခွန်သာသည် သူမ၏ အနီးကပ်လူယုံ၊ အရေးပါ သည့် လုပ်ဖော်ကိုင်ဖက်၊ သူမ၏ဖခင် ဗိုလ်ချုပ်နှင့် ထိုညီအကိုတို့၏ဖခင် ဦးသိန်းဖေမြင့်တို့သည် ငယ်စဉ်တည်းက နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြပြီး နောက်ပိုင်းတွင် နိုင်ငံရေးအယူအဆ ကွဲပြားသွားစေကာမူ တစ်ဦးနှင့် တစ်ဦး ကွဲပြားမှုများကို အပြန်အလှန် လေးစားသမှုရှိခဲ့ခြင်းက သားသမီးများ ရဲဘော်ရဲဘက်များအဖြစ် လုပ်ကိုင်လာနိုင်စေရန် လမ်းပြနိုင်ခဲ့သည်ဟု ရေးသားထားသည်။ ထိုကိစ္စသည် လွယ်ကူသော ကိစ္စမဟုတ်ဟု သူမကိုယ်တိုင် ရေးသား ထားသည်။ ငါနှင့်မတူ ငါ့ရန်သူဟူသော အစွဲရှိသူများ သင်ခန်းစာ ယူဖွယ်ပင် ဖြစ်သည်။ အဖေတွေက နိုင်ငံရေး ပြိုင်ဘက်၊ သားသမီးတွေက ရဲဘော်ရဲဘက်၊ သို့သော် ဖခင်တွေက သိက္ခာရှိသူတွေပီပီ တစ်ဦးနှင့် တစ်ဦး အယူ အဆမတူစေကာမူ လေးစားသမှုရှိရှိ စံပြနေထိုင်ခဲ့ခြင်းကြသဖြင့် မတူကွဲပြားမှုများကို လက်ခံနားလည်နိုင်မှု၊ လူလူချင်း လေးစားမှုများကို မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းနိုင်ခဲ့သည်မှာ အတုယူစရာကောင်းသည်။ ငါ့အဖေ၊ ငါ့ဦးလေးမရှိ၊ ငါနှင့်မတူ ငါ့ရန်သူဟူသော အစွဲရှိသူများ အတွက် သင်ခန်းစာပေးသည့် ဆောင်းပါး တစ်ပုဒ်ပင်ဖြစ်သည်။
မည်သို့ပင် ဆိုစေကာမူ ယခုအချိန်မှာ အပြောင်းအလဲကာလ ဖြစ်သဖြင့် အရာရာကို မြေစမ်းခရမ်းပျိုးရသော အခြေအနေတွင်သာ ရှိနေသေးသည်။ ယခု လူထုခေါင်းဆောင်၏ စိတ်နေစိတ်ထားနှင့် ခံစားချက်များ၊ လူငယ်တွေကို ပြောချင်သော စကားများကို သိတန်သလောက်သိရပြီ ဖြစ်သည်။ ပြည်သူလူထုအနေဖြင့် ဒီပဲယင်းကိစ္စ၊ နိုင်ငံရေးကိစ္စ၊ လက်ရှိ အစိုးရအပေါ်သဘောထား၊ ၉၀ရလဒ်နှင့် ၂၀၀၈ ဖွဲ့စည်းပုံ စသည်ဖြင့် လူထုခေါင်းဆောင်၏ ခံယူချက်များကို သိချင်ကြပေလိမ့်မည်။ လူထုခေါင်းဆောင်၏ စိတ်ထဲတွင် ဘာတွေရှိနေသနည်း ဆိုသည်ကိုလည်း ပို၍ သိကြပါလိမ့်ဦးမည်။ ယခု ဖော်ပြခွင့်ရသော အင်တာဗျူးနှင့် ဆောင်းပါးတွင်ပင် သင်ခန်းစာတွေ အများကြီးပေးထားခဲ့ပြီဖြစ်ရာ ယူတတ်လျှင် ရသမျှ အမြတ်ချည်းဟုသာ ဆိုရပေ လိမ့်မည်။
ဆောင်းပါး..yangonchronicle
Wednesday, September 7, 2011
0 ခဏလေး......စဉ်းစားပေး ..တေးဆို - ထက်အောင်ရှိုင်း
ခဏလေး
KEY:A သံစဉ်၊ စာသား- ကုမာရ
တေးဆို - ထက်အောင်ရှိုင်း
V1. လူတွေအားလုံးမိုးလင်းကမိုးချုပ် တကုပ်ကုပ်နဲ့ပဲအလုပ်တွေရှုပ်
စားလိုက်သောက်လိုက် ပြုံးလိုက်မဲ့လိုက်အတ္တပန်းကိုနမ်းရှိုက်..
လူတစ်ချို့ရဲ့အတ္တကြီးပုံက တုန်လှုပ်ဖို့ကောင်းလောက်အောင်ပြင်းထန်ကာ
လောဘ ဒေါသ မောဟများနဲ့ မှားတဲ့ဖက်ကသူ့စေတနာ..
V2 အများအတွက်ကိုယ်ကျိုးစွန့်ကြလော အရှင်မြတ်ဘုရားကဆိုမိန့်ခဲ့လည်း
ကွေ့လိုက် ကောက်လိုက် ပုန်းလိုက် ၀ှက်လိုက် အများအတွက်လို့ဟစ်ကြွေးလိုက်
အများအတွက်ဆိုပြီးပြောနေကာ ကိုယ်ကျိုးအတွက်ကိုအစွမ်းပြမှာလား
တခါးမရှိ ဓားမရှိ တရားများကင်းတဲ့ အတ္တအိမ်ထဲ ယစ်မူးလို့မနေနဲ့
ယစ်မူးရင်းမနေနဲ့ ....
CHO: ခဏလေး အချိန်တွေဟာမရပ်တန့်ဘူး ဒီခရီး နေ၀င်ချိန်ရောက်ခါနီး
ဘ၀ဟာလျှပ်တစ်ပြတ်လေးပါလေ ခဏတော့ ခဏတော့ စဉ်းစားပေး ..
V3. မုဆိုးတစ်လှည့်သားကောင်တစ်လှည့်နှင့် ပြေးရင်းလိုက်ရင်းလဲပြိုဘဝ
မှားလိုက် ဖျက်လိုက် သွားလိုက် ရပ်လိုက် မောဟထဲမှာမွန်းကြပ်
ရခဲလွန်းတဲ့လူသားဘ၀ကိုမှုန်ဝါးဝါးနှင့်တော့ ထွက်မသွားသင့်ပါ
ထားသင့်ထားအပ်ရှိသင့်ရှိအပ် စိတ်ဓာတ်ကလေးတော့ရှိသင့်တာ ..
သီချင်းလက်ဆောင်ပေးပို့သော ကိုထက်အောင်ရှိုင်းအား ဒေါင်းမာန်ဟုန်မှအထူးကျေးဇူးတင်ရှိပါသည်..
0 ဥပဒေဘက်တော်သား ရဲများကိုယ်တိုင် ဥပဒေကို ကျောခိုင်းလာသောအခါ
လွင်အောင်စိုး
ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် မညီညွတ်ဘဲ ဖမ်းဆီးထားသော တက္ကသိုလ်ကျောင်းသူတဦးအား ရဲများက မဖွယ်မရာ စစ်ဆေးခြင်းသည် လူ့အခွင့်အရေးများကို ချိုးဖောက်ခြင်း ဖြစ်သည်။ တရားဥပဒေ စိုးမိုးမှု ရှိမနေခြင်းကို ဖော်ပြလျက် ရှိနေသည်။
“တက္ကသိုလ်ကျောင်းသူတဦး အင်းစိန်ထောင်တွင် အဖမ်းခံထားရ” ဆိုသည့် သတင်းတပုဒ်ကို ပြည်ပအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) မှ ၂ဝ၁၁ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် ဖော်ပြထားသည်ကို ဖတ်ရှုရသည်။
သတင်းတွင်ပါရှိသော အချက်အလက်များအရ ရဲအရာရှိများက အမှုကိုကိုင်တွယ်ပုံမှာ အကြီးအကျယ် လွဲမှား ချွတ်ချော်နေသည်။ ယခင့်ယခင်ကလည်း အလားတူအဖြစ်မျိုးပေါင်းများစွာ ရှိခဲ့ဖူးမည် ဖြစ်သည်။ သို့သော် ယခု အချိန်လို ဒီမိုကရေစီနိုင်ငံဖြစ်သည်ဟု အတိအလင်းကြေညာကာ ဒီမိုကရေစီဖြစ်ထွန်းမှုများဖြင့် အမျိုးသားရေး အဆင့် နိုင်ငံရေးတိုးတက်မှုများကို ထင်ထင်ရှားရှား ကြိုးပမ်းနေချိန်တွင် ဤဖြစ်ရပ်မှာ အတိတ်ကာလများက မနိုင်၍ ခေါင်းငုံ့ခံ အလျှော့ပေးခဲ့ရသော ကိစ္စမျိုးကဲ့သို့ မဖြစ်သင့်တော့ပါ။
အမှုကိုင်တွယ်ပုံများက မည်သည့်နေရာ/ကိစ္စများတွင် မှားယွင်းနေသည်ကို သာမန်အရပ်သားတဦး၏ အမြင်ဖြင့် ထောက်ပြပါမည်။
1. ချက်ချင်းပင် အာမခံပေးနိုင်သောအမှုကို အာမခံ မပေးဘဲ ဖမ်းဆီးခြင်း၊ (လူသတ်မှု၊ မုဒိန်းမှု၊ ဓါးပြတိုက်မှု အစရှိသည်တို့မှာ အခြားလူတို့အတွက် အသက်အန္တရာယ်ကို ချက်ချင်းလက်ငင်းပင် ခြိမ်းခြောက်နေသော ကြောင့် အာမခံ မပေးနိုင်သော အမှုများ ဖြစ်သည်။)
2. အစွပ်စွဲခံရသူက ဖြောင့်ချက်ပေးရန် ဆန္ဒမရှိဘဲ အတင်းအကြပ် ဖြောင့်ချက် ရယူခြင်း။ (အစွပ်စွဲခံရသူက ဖြောင့်ချက်ပေးလိုမှသာ ဖြောင့်ချက်ယူရုံ တာဝန်ရှိသော ရဲက ထိုသို့မဟုတ်ဘဲ အတင်းအဓမ္မ အကြပ်ကိုင်၍ စစ်ဆေးမေးမြန်းကာ ဝန်ခံခိုင်းခြင်း။)
3. ရိုင်းစိုင်းယုတ်ညံ့သောစကားများဖြင့် မဖွယ်မရာပြောဆို စစ်ဆေးမေးမြန်းကာ ကာယိနြေ္ဒပျက်၊ လူ့သိက္ခာ ညှိုးနွမ်း သေးသိမ်အောင် လုပ်ခြင်း၊
4. ၅ ရက်ဆက်တိုက် စစ်ဆေးပြီး ၃ ရက်မှာ နေ့ရောညပါ စစ်ဆေးခြင်းသည် ညှင်းပန်းနှိပ်စက်သည့် နည်းလမ်း၊ လုပ်ထုံးလုပ်နည်းနှင့် မဆိုင်သော တရားမဝင် နည်းလမ်း ဖြစ်ခြင်း၊
5. အမှုကို စတင်မစစ်ဆေးမီကပင် ရဲအရာရှိတဦးက အစွပ်စွဲခံရသူအား အမှုရှုံးမည်ဟု ကြိုတင် နိမိတ်ပြ လမ်းကြောင်းပေးကာ ခြိမ်းခြောက်ခြင်းနှင့် ဖျားယောင်းသွေးဆောင်ခြင်း၊
6. ၅ ရက်စစ်ဆေးပြီးနောက် အင်းစိန်ထောင်သို့ ပို့ကာ ဖမ်းဆီးထိန်းသိမ်းထားခြင်း၊7. အမှုစတင်ဖြစ်ပွားပြီး ၃ ပါတ်ကြာမှ တရားရုံးထုတ်ရန်ရှိခြင်း၊
8. အခင်းဖြစ်ပွားသော မြောက်ဥက္ကလာပမြို့နယ်ရှိ တရားရုံးတွင် အများသူငါရှေ့မှောက်၌ တရားစီရင်ရေးကိစ္စ မပြုလုပ်ဘဲ ဖမ်းဆီးထိန်းသိမ်းထားရာ အင်းစိန်ထောင်တွင်း၌သာ တရားရုံးထုတ်ရန်ရှိခြင်း။
9. အထက်ပါ ၈ ချက်အပြင် တရားဥပဒေ ရှုထောင့်မှ ကြည့်ရှုဖော်ထုတ်နိုင်သော အခြားအချက်များ ရှိနိုင်ပါသေးသည်။
အစွပ်စွဲခံရသူ၏ အိမ်သို့ ရဲက လာရောက်ဖမ်းဆီးစဉ် ဖမ်းဝရမ်း ပါမပါ၊ ရပ်ကွက်တာဝန်ရှိ သက်သေလူကြီးများ ပါမပါ သတင်းတွင် ဖော်ပြထားခြင်း မရှိသဖြင့် မသိရပါ။ အမှန်စင်စစ် ဤအမှုသည် ဖမ်းဝရမ်းနှင့် ရပ်ကွက် သက်သေများဖြင့်သာ ဖမ်းဆီးနိုင်သော အမှုမျိုးဖြစ်သည်။ ထို့ပြင် အစွပ်စွဲခံရသူဘက်မှ ရှေ့နေခေါ်ပိုင်ခွင့် ရှိနေသော်လည်း ဖော်ပြပါသတင်းအရ ရှေ့နေခေါ်ခွင့် မရခြင်းလော၊ မခေါ်ဖြစ်ခဲ့ခြင်းလော၊ ရှေ့နေမှ ဝင်ရောက် ဆောင်ရွက်ပိုင်ခွင့် မရခြင်းလော မသိရပါ။
မကြာခဲ့သေးသောရက်များက ကုလသမဂ္ဂမှ လူ့အခွင့်အရေးများဆိုင်ရာ မြန်မာကိုယ်စားလှယ် ကင်တားနားနှင့် မြန်မာအစိုးရအရာရှိကြီးများ တွေ့ဆုံကြရာမှ သိလာရသော အချက်တခုမှာ ပြည်ထဲရေးဝန်ကြီးဌာနတွင် လူ့အခွင့်အရေး သင်တန်းများ ပေးနေခြင်း ဖြစ်သည်။ ရဲနှင့် အကျဉ်းထောင်တို့မှ လက်ရှိကျင့်သုံးနေသော လုပ်ထုံး လုပ်နည်းများအရမှာပင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေသဖြင့် ယင်းတို့ကို ပြန်လည်ပြင်ဆင်ခြင်း မရှိသေးဘဲ သင်တန်းပေးနေခြင်းဖြင့် ထွက်လာမည့် ရလဒ်များမှာ စိတ်ဝင်စားဖို့ကောင်းသည်။
မည်သို့ပင်ဖြစ်စေ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် မညီညွတ်ဘဲ ဖမ်းဆီးထားသော တက္ကသိုလ်ကျောင်းသူတဦးအား ရဲများက မဖွယ်မရာ စစ်ဆေးခဲ့သည့်ဖြစ်ရပ်က လက်ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၌ ယခင် အာဏာရှင် စစ်အစိုးရခေတ်များ ကဲ့သို့ပင် တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေဆဲ ဖြစ်သည်ကို ကွက်ကွက်ကွင်းကွင်း ဖော်ပြလျက် ရှိနေသည်။
တရားဥပဒေ စိုးမိုးမှု (Rule of law) ဆိုသည်မှာ တရားဥပဒေဆိုင်ရာ စံသတ်မှတ်ချက် ဖြစ်သည်။ ယေဘူယျ အားဖြင့်ဆိုလျှင် ဤသတ်မှတ်ချက်အရ ဥပဒေအထက်တွင် မည်သူမျှ မရှိစေရပါ။ ဥပဒေရှေ့မှောက်တွင် မည်သူမဆို တန်းတူညီမျှမှု ရှိရသည်။ ထို့ပြင် ဥပဒေချိုးဖောက်သူမှလွဲ၍ မည်သူမျှ နိုင်ငံတော်၏ အပြစ်ပေးခြင်း၊ ပြစ်ဒဏ် စီရင်ခံရခြင်း မရှိစေရပါ။ တရားစီရင်ရေးကဏ္ဍဘက်တွင်လည်း မျှတသောတရားရေးစနစ်ကို အခြေခံကာ နည်းလမ်းတကျ လုပ်ဆောင်ရသည်။ ထို့အတူ လူ့အခွင့်အရေးများကို အပြည့်အဝ အာမခံထားနိုင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ယင်းကို အတိအကျ လိုက်နာရသော လုပ်ထုံးလုပ်နည်းများ၊ စီမံဆောင်ရွက်ရသူများ ရှိရသည်။
တရားဥပဒေစိုးမိုးမှု မရှိပါက အနိုင်ကျင့်မှုများ ဖြစ်လာတတ်သည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများကို တာဝန်ရှိသူ အာဏာပိုင်တို့က ကျူးလွန်လာတတ်သည်။ အာဏာအလွဲသုံးစား လုပ်တတ်သည့် ရဲဝန်ထမ်း၊ အကျဉ်းထောင် ဝန်ထမ်းတို့အပါအဝင် အခြားအခြားသောအာဏာပိုင်များ၊ ၎င်းတို့နှင့် နီးစပ်သူများကလည်း တရားဥပဒေ စိုးမိုးမှု မရှိသည်ကို အခွင့်ကောင်းယူ၍ အခြားသူတို့အား အနိုင်ကျင့်တတ်ကြသည်။ အနိုင်ကျင့်ခံရသူ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရသူတို့မှာ တရားဥပဒေ၏ အကာအကွယ်ကို မရရှိဘဲ ဖြစ်နေရသည်။ တရားစီရင်ရေးဘက်တွင်လည်း အာဏာအလွဲသုံးစားမှုနှင့် အဂတိလိုက်စားမှုတို့ ရှိလာပြီး ဥပဒေကို မျက်ကွယ်ပြုလျက် တရားစီရင်တတ်ကြသည်။
ဒီမိုကရေစီနိုင်ငံတွင် တရားဥပဒေ စိုးမိုးရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မီဒီယာတို့မှ မိမိတို့ကဏ္ဍအလိုက် ကျွမ်းကျင်ပိုင်နိုင်စွာ တက်တက်ကြွကြွ လုပ်ဆောင်ရင်း လူထုယုံကြည်မှု၊ အားကိုးမှု၊ ထောက်ခံမှု၊ ပါဝင်ယိုင်းပင်းမှုတို့ကို အပြည့်အဝ ရယူစေချင်ပါသည်။ ဤသည်မှာ ဒီမိုကရေစီ အဓွန့်ရှည်စွာ အောင်မြင်နေရေးအတွက် အဓိကအချက်များထဲမှ တခု ဖြစ်ပါလိမ့်မည်။
နစ်နာဆုံးရှုံးမှုတခုကို ဖြစ်စေသော လုပ်ရပ်တခု ဖြစ်ပွားနေချိန်တွင် ပြည်သူတို့အနေဖြင့် လုပ်သင့်လုပ်ထိုက်၊ လုပ်နိုင်သော အရေးပါသည့် ကိစ္စတချို့ကို အကြံပေးချင်ပါသည်။
1. လူ့အသိုင်းအဝိုင်းတွင် တရားဥပဒေမဲ့ လုပ်ဆောင်မှုများအပါအဝင် နစ်နာဆုံးရှုံးမှုများအပေါ် မည်သူမျှ လစ်လျူမရှုသင့်ပါ။
2. နစ်နာဆုံးရှုံးမှုကို ဖြစ်စေသောကိစ္စများ ဖြစ်ပျက်လာပါက မည်သူမဆို မိမိတို့ ရောက်ရှိနေရာမှ အနီးဆုံး ရဲဝန်ထမ်း (သို) ရဲစခန်း၊ သတင်းမီဒီယာဌာန၊ နိုင်ငံရေးပါတီ၊ ဆက်နွယ်မှုရှိသော NGO အဖွဲ့အစည်း၊ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်၊ ရှေ့နေအဖွဲ့အစည်းတခုခု အစရှိသဖြင့် နစ်နာဆုံးရှုံးမှုကို ကာကွယ်ထိန်းချုပ် တားမြစ်ပေးနိုင်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတခုခုသို့ ရနိုင်သမျှ အထောက်အထားစုံလင်စွာဖြင့် ဆက်သွယ် အကြောင်းကြားသင့်ပါသည်။ အကယ်၍ တဦးချင်းက မလုပ်ဆောင်ရဲလျှင် အုပ်စုဖွဲ့ကာ လုပ်ဆောင်သင့် ပါသည်။
3. နစ်နာဆုံးရှုံးမှုဆိုသည်မှာ အခြေခံအားဖြင့် လူတဦးချင်း၏ မွေးရာပါ ကိုယ်ပိုင်အခွင့်အရေးများနှင့် အခြားသော လု့အခွင့်အရေးများအား အသုံးပြုပိုင်ခွင့် မရှိခြင်းကြောင့် မိမိ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်း ဆိုင်ရာများကို ထိခိုက်ပျက်စီးစေခြင်း၊ အကျိုးစီးပွား ဖြစ်ထွန်းတိုးတက်မှုကို ပိတ်ဆို့တားမြစ်ခံရခြင်း တို့ဖြစ်ပြီး ယင်းတို့နှင့် ပတ်သက်သော ဗဟုသုတများကို လေ့လာသိရှိထားသင့်ပါသည်။
4. ပိုမို၍ လုပ်ဆောင်နိုင်သည်ဆိုပါက လက်ရှိအခြေအနေတွင် ပြည်သူ့လွှတ်တော်၌ ဖွဲ့စည်းထားပြီးဖြစ်သော သက်ဆိုင်ရာ လွှတ်တော်ကော်မတီသို့ဖြစ်စေ၊ သမ္မတထံသို့ဖြစ်စေ စုပေါင်းလက်မှတ်ရေးထိုးထားသည့် မေတ္တာရပ်ခံစာ / ကန့်ကွက်စာ / အသနားခံစာ တခုခုကို ပေးပို့လျက် မီဒီယာသို့လည်း တဆက်တည်း အကြောင်းကြားထားသင့်ပါသည်။
5. ယခုအခါတွင် အောင်မြင်စွာ လုပ်ဆောင်နိုင်နေကြပြီဖြစ်သော အခမဲ့နာရေးကူညီမှုအသင်း အပါအဝင် ပရဟိတ ဝန်ဆောင်မှုလုပ်ငန်းများကဲ့သို့ အခမဲ့ ဥပဒေ အကျိုးဆောင်အဖွဲ့များကို ကျယ်ပြန့်စွာ ဖွဲ့စည်းထား သင့်ပါသည်။
လွင်အောင်စိုး
၆-၉-၂ဝ၁၁
Tuesday, September 6, 2011
0 အပန်းဖြေနားရက်များ (၁) ပြည်သူ့ခေတ်ဂျာနယ်မှ ဆောင်းပါး
ယခုနှစ်များစွာ အတွင်းမှာအပန်းဖြေ နားရက်တွေဆိုတာ ကျွန်မအတွက်တော့ အတိတ်ကာလက ဖျိုးကနဲဖျက်ကနဲ မှတ်တမ်းတင်ထားမိလိုက်တဲ့ အမှတ်ရစရာဓါတ်ပုံ တချို့လိုပါပဲ။ ပြန်ကြည့်လိုက်တိုင်း ကြည်လင် ထင်ရှားနေတယ်၊ ဒါပေမယ့် အဖြစ်အပျက်တွေက ဟိုးအဝေးကြီးကလိုပါပဲ။
ဟိမ၀န္တာမှာ......
ရေညှိတွေ ဖုံးလွှမ်း စိမ်းမြနေတဲ့တောအုပ်ကြီးတွေကြား၊ တောင်တက်တောင်ဆင်းလမ်း တွေပေါ်က မျက်တောင်ရှည် မြည်းကြီး တစ်ကောင်ရဲ့ ကျောကုန်းထက်မှာ၊
မြက်ခင်း ဆင်ခြေလျှောပေးမှာထိုင်ပြီး ထမင်းခြောက်၊ ကြက်ဥပြုတ်နဲ့နေ့လည်စာစားရင်း ရှုမြင်ရတဲ့မြူတွေဆိုင်းနေတဲ့ရိုးတိုးရိပ်တိပ် မြေခင်းအနေအထားကို ငေးကြည့်နေခဲ့တာ၊
ခတ္တူမန္ဒူမြို့ကဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေကနေ၊ ဟိန္ဒူပုထိုးအထိလှည့်ပတ် လွင့်မျောရင်းအမေရိကန်ကိတ်မုန့်ညို နာမည်ကြီးတဲ့ ကော်ဖီဆိုင်လေးကို ရောက်သွားခဲ့တာ၊
မြန်မြန်ကြမ်းကြမ်းစီးဆင်းနေတဲ့ ရေပြင်ထက်က ဖောင်လေးပေါ်မှာ၊
အလေ့ကျ ချုံတွေထဲက ဆွတ်ခူးထားတဲ့ ဆီးဖြူသီး ချဉ်ဖြုံးဖြုံးကို မြုံရင်းဆင်တကောင်ရဲ့ ကျောကုန်းပေါ်မှာ၊
အိန္ဒိယ ရှေ့မြောက်ဘက်မှာ၊ မျက်တောင် ခတ်ဖို့အသက်ရှုဖို့ မေ့လောက်အောင် ဆွဲဆောင်ထားတဲ့ တိဘက် ဘုန်တော်ကြီးတွေရဲ့ညင်သာနူးညံ့လှတဲ့ သေခြင်းရဲ့အနုပညာ သရုပ်ဖော် ကကွက်၊
ဆွစ် (ဆွစ်ဇာလန်) က ရေကန်ကြီးတကန်ကို စီးမိုးထားတဲ့ ရဲတိုက်တစ်ခုပေါ်မှာ၊ အရသာ ပြည့်စုံလှတဲ့ အစားအသောက်တွေကြားထဲက မမေ့နိုင်တဲ့ လက်ဖက်ရည်ချိန် အိမ်လုပ် နှင်းဆီသီးယို ကိုစားနေခဲ့တာ၊
အင်္ဂလန်ရဲ့ မြစ်ကြိုချောင်းကြားတစ်လျှေက်က တူမြောင်းသွားသဘောင်္ တစ်စီးပေါ်မှာ၊ ကျွန်မက စီမ်းမြ ၀န်းကျင်ကို ငြိမ်သက် အေးချမ်းစွာ ကြည့်မောလို့၊ မိသားစုဝင် ခွေးငယ်လေးက အမိုးပေါ်မှာ၊
တိုင်ရီကျွန်းပေါ်ကသဲသောင်ပြင် စခန်းမှာ၊ ကျယ်ပြန့်ပြောတဲ့ စကော့တလန်ရဲ့ မီးခိုးရောင် သမုဒ္ဒရာ မြင်ကွင်းမှာ ဖျံလေးတချို့ ကစားမြူးထူးနေကြတာ။
ပြန်တွေးလိုက်တိုင်း ဒီမြင်ကွင်းတွေဟာ မယုံနိုင်လိုက်အောင် အသက်ဝင်တောက်ပလှပေမယ့် တကယ် မဟုတ်သလို ခံစားရပါတယ်။
အဲဒါကြောင့်ပဲ သားငယ် ထိန်လင်း (ကင်မ်) တစ်ယောက် ဇွန်လထဲမှာ ကျွန်မရဲ့ မွေးနေ့ကိုရောက်လာပြီး အပန်းဖြေခရီး တစ်နေရာကို ခေါ်သွားမယ်လို့ ပြောတဲ့အခါ ကျွန်မအတွက်တော်တော်မဖြစ်နိုင်တဲ့ အဆိုပဲလို့ စိတ်ထဲမှာ ဖြစ်သွားခဲ့ပါတယ်။
နောက်နည်းနည်းပါးပါး တိုင်ပင်ကြ၊ စဉ်းစာကြည့် ကြပြီးတဲ့ အခါမှာ နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်း ပထမဆုံး အပန်းဖြေ ခရီးတို သွားဖို့ဆိုတာ သဘာဝမကျတဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါနဲ့ပဲ ကျွန်မတို့ အစီအစဉ် ဆွဲကြည့် ခဲ့ကြပါတယ်။မုတ်သုံရာသီ ဖြစ်နေတာကြောင့်၊မြန်မာနိုင်ငံ အလယ်ပိုင်း တစ်နေရာကိုပဲ ရွေးဖို့ ဖြစ်လာပါတယ်။ ဒီလိုအချိန်မှာ ခြောက်သွေ့တဲ့ ဒေသကို ရွေးချယ်တာဟာ လက်တွေ့ ကျတဲ့ ဆုံးဖြတ်ချက်တစ်ခုမှာပါ။ ၁၉ ရာစု နှောင်းပိုင်မှာ ဗြိတိသျှ စစ်တပ်ရောက်လာပြီး မြန်မာဘုရင်ကို ဖယ်ရှာခဲ့တဲ့ မန္တလေးမြို့ ရှိတယ်။ ဒါမှမဟုတ်ကာလ ကြာမြင့် စွာက ကွယ်ပျောက်သွားပြီဖြစ်သော ကြီးကျယ်ခန်းနားခဲ့မှုကို သက်သေပြနေတဲ့ထောင်ပေါင်းများစွာသောဘုရားများနဲ့ ဖွဲ့တည်ထားတဲ့ ရှေးမြို့တော်ပုဂံ။ ဘာကြောင့်များ ဒီလောက်များပြားတဲ့ ဘုရားပုထိုးတွေတည်ခဲ့ ကြတာလဲဆိုတဲ့ စိတ်ဝင်စားဖို့ကောင်းလှပြီး၊ အဖြေရဖို့လည်း မလွယ်တဲ့ မေးခွန်းပေါ်စေတဲ့ ပုဂံ။ ဒါဟာ ဘာသာရေးယုံကြည်မှုကြောင့်လား၊ ချမ်းသာကြွယ်ဝမှုကြောင့်လား၊ ဒါမှမဟုတ် ဂုဏ်အတွက်လား၊ ဒါမှမဟုတ်အဲဒီ သုံးခုစလုံး အချိုးအစား အမျိုးမျိုးနဲ့ ပါဝင် ပတ်သတ်နေမှုလား။
ပုဂံကို ကျွန်မတို့ လွယ်လွယ်ကူကူပဲ ရွေးချယ်ဆုံးဖြတ် ဖြစ်ခဲ့ပါတယ်။ မြောက်မြားစွာသော ထူပါ၊ပုထိုး စေတီ တွေနဲ့ မြို့ဟောင်းပုဂံဟာ ခရီးသွားတွေ၊ ဘုရားဖူးတွေကို အင်မတန် ဆွဲဆောင်မှု ရှိလှပါတယ်။ ဒါပေမယ့် သွားမယ့်အချိန်က ဧည့်သည်ပါးလျားလေ့ရှိတာမို့၊ ကျွန်မတို့အေးအေး ချမ်းချမ်းအနားရလိမ့်မယ်ထင်ခဲ့ပါတယ်။ကျွန်မတို့ သားအမိအတွက် ပုဂံကို ပထမဆုံးအကြိမ်သွားခြင်း မဟုတ်တာကြောင့်၊ ဘာသာရေး အဆောက်အဦတွေ အများကြီးကို လှည့်လည်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ ကျွန်မအတွက် လေးနက် အဓိပယ် ရှိတဲ့၊ ထူးခြားတဲ့နေရာ အနည်းငယ်မျှ ကိုသာ သွားကြမှာပါ။ အရေးအကြီးဆုံး တချက်က ကင်မ်ရယ်၊ ကျွန်မရယ်၊ ကျွန်မတို့ရဲ့ ခွေးလေး တိုက်ချီဒိုရယ် (ဒါဟာမိသားစု အပန်းဖြေခရီးဆိုရင်တော့ ခွေးလေးကို အိမ်မှာထားပစ်ခဲ့ဖို့ မစဉ်းစားသင့်ဘူးမဟုတ်လား) ပျော်ပျော်ရွှင်ရွှင်နဲ့ အဆင်ပြေပြေ နေနိုင်မယ့်နေရာ တစ်ခုကို ရှာဖို့ပါပဲ၊ ဒါအတွက် အကောင်းဆုံးနေရာတခုကို ဦးခွန်သာမြင့်က ကျွန်မတို့အတွက် ရှာဖွေပေးခဲ့ပါတယ်။ ဒီနေရာမှာ တိုက်ဆိုင်လို့ တခြားအကြောင်းအရာတခုကို ပြောင်းပြီးပြောပြချင်ပါတယ်။
ဦးခွန်သာမြင့်ဆိုတာက ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အှုဆောင် တစ်ဦးဖြစ်တဲ့၊ ၁၉၉၀ အထွေထွေရွေးကောက်ပွဲမှာ ဘုတလင် မြို့နယ်က ရှစ်ဆယ် ရာခိုင်နှုန်းကျော် ထောက်ခံမဲနဲ့ ရွေးချယ်ခံရတဲ့ ဦးဟံသာမြင့်ရဲ့ညီပါ။ ကိုဟံသာ၊ ကိုခွန်သာတို့ရဲ့ ဖခင်နဲ့ ကျွန်မရဲ့ ဖေဖေတို့က ၁၉၃၀ ကျော် နှစ်ကာလ၊ ရန်ကုန် တက္ကသိုလ် ကျော်ငးသားသမဂ္ဂ ကို နိုင်ငံရေး လမ်းကြောင်းပေါ် တင်ခဲ့ကြတဲ့ အချိန်ကတည်းက မိတ်ဆွေသူငယ်ချင်းများ၊ လက်တွဲ ခဲ့ ကြသူများ ဖြစ်ပါတယ်။ သူတို့ရဲ့ ဖခင် ဦးသိန်းဖေမြင့်နဲ့ ကျွန်မတို့ဖေဖေဟာ နိုင်ငံရေးမှာ သဘောချင်းအမြဲ တူခဲ့ကြတာ မျိုးတော့မဟုတ်ပါဘူး။ အမျိုးသား လွတ်လပ်ရေး နောက်ဆုံး တိုက်ပွဲကာလ တွေမှာ မိတ်ဆွေသူငယ်ချင်းဆိုတာထက်၊ နိုင်ငံရေးသဘောထားချင်း ဆန့်ကျင်ဘက်တွေလို့ ပြောမယ်ဆိုရင်ပြောနိုင်ပါလိမ့်မယ်။ နှစ်ဦးစလုံးက မတူညီတဲ့အမြင်တွေကို အပြန်အလှန်လေးစာမှု ရှိကြတာ၊ ဂုဏ်ဂဏနဲ့အာဃာတ တွေကင်းဝေး ကြတာ စတာတွေကို သူတို့ရဲ့ သားသမီးတွေဖြစ်တဲ့ ကျွန်မတို့အတွက် လက်ဆင့်ကမ်း ချန်ထားရစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်မတို့တတွေဟာ လုပ်ဖော်ကိုင်ဖတ်တွေလို၊ ရဲဘော်ရဲဘက်တွေလို အလုပ်တွေအတူ လုပ်နိုင်ခဲ့ကြပါတယ်။ ကျွန်မတို့မှာရှိတဲ့ အကဲဖြတ် တန်ဖိုးထားမှုချင်း တူညီတာ၊ ရယ်စရာတွေကို နားလည်ခံစားမှုချင်း တူညီတာ (ဒါဟာ တကယ်တော့ ခပ်ပေါ့သေးသေး မဟုတ်ပါ ) တွေ က ကျွန်မတို့ကို ပိုပြီး စုစည်းပေါင်းစပ်ပေး ပါတယ်။
၂၀၀၉ ခုနှစ် ကျွန်မ အင်းစိန် ထောင်မှာ ရှိနေစဉ် ယိုယွင်းလာနေတဲ့ ကျွန်မအိမ်ကိုပြန်လည် ပြုပြင် မွမ်းမံဖို့ ဗိသုကာတယောက် လိုအပ်နေချိန်မှာ ကိုခွန်သာက ကျွန်မကို ကူညီဖို့ ရောက်လာခဲ့တာပါ။ ထောင်ကနေ အိမ်ကို နေအိမ် အကျယ်ချုပ်အဖြစ် ပြောင်းလာရတော့ အိမ်ပြင်ဖို့ ကိစ္စကို ကိုခွန်သာနဲ့ စလုပ်ခဲ့ရပါတယ်။ ကိုခွန်သာက ဗိသုကာ အနေနဲ့။ ပြီးတော့ မိတ်ဆွေရင်းတွေဖြစ်ကြတဲ့၊ ကျွန်မ ခန့်အပ်ထားတဲ့ ကျွန်မရဲ့ ကိုယ်စားလှယ် ကိုထင်ကျော်၊ အထွေထွေ ကြီးကြပ်ပေးသူ ကိုနီတို့ နဲ့ အတူပေါ့။ သူတို့တွေဟာ ကျွန်မအိမ်ကို ပြန်လည် ပြင်ဆင်တဲ့ အလုပ်တွေကို နေ့စဉ်လာခဲ့ကြတာ လနဲ့ချီ ကြာမြင့်ပါတယ်။ ကိုထင်ကျော် ၊ ကိုနီနဲ့ ကျွန်မတို့ရဲ့ ဖခင်များဟာလည်း ရန်ကုန် တက္ကသုလ်မှာ ကတည်းက သိကျွမ်း ရင်းနှီးခဲ့ ကြသူများဖြစ်ပါတယ်။ ကျွန်မအနေနဲ့ သားတွေနဲ့ အဖေတွေအကြောင်း (အမေ တွေလည်းပါမှာပါ) တချိန်ချိန်မှာရေးရ ပါအုံးမယ်။ ဒီနေရာမှာတော့ စာတကြောင်းလောက်တော့ တို့ထားချင်တယ်။ အဲ့ဒါက ခုလို မိဘတွေရဲ့ ရှည်ကြာတဲ့ ရင်းနှီးနှောင်ဖွဲ့မှုတွေကနေ ကျွန်မကို ဖေးမ ထောက်ပံ့သူတွေ ၊လိုအပ်တာတွေကို ကူညီပေးသူတွေ၊ ခင်မင်ရတဲ့ မိတ်ဆွေတွေကို ဘ၀ရဲ့ လက်ဆောင်မွန်တွေအဖြစ် ရရှိခဲ့တယ် ဆိုတာပဲ ဖြစ်ပါတယ်။
ကိုခွန်သာဆိုရင် ကျွန်မရဲ့ဗိသုကာတဦးအဖြစ် စတင်ခဲ့ရကြ သူသဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ တာဝန်ယူရတာတွေများလာ ပါတယ်၊ ကျွန်မရဲ့ လုံခြုံရေး အရာရှိ၊ မိသားစုဝင် ခွေးလေးရဲ့ သင်တန်းဆရာ၊ အရေးပေါ် ကားမောင်းသမား၊ အခုဆိုရင်တော့ ခရီးသွား ၀န်ဆောင်မှု ကိုယ်စားလှယ်နဲ့ အပန်းဖြေခရီးစီမံ ပြင်ဆင်ပေးသူပေါ့။
ကိုခွန်သာ ရွေးချယ်ပေးတဲ့ ပုဂံဟိုတယ် လောက် ကျွန်မတို့ အုပ်စု (အားလုံး ဆယ်ခြောက်ယောက် ) အတွက် ပျော်စရာကောင်းတဲ့နေရာ ရှိမယ် မထင်တော့ပါဘူး။ ဟိုတယ်က သမိုင်းရေးရာ နဲ့ ဘာသာရေးဆိုင်ရာ အထင်အရှားဆုံးသော ပုထိုးထူပါစေတီတွေ တော်တော်များများ ဆီကို သွားလာရတာ လွယ်ကူလှတဲ့နေရာမှာ တည်ရှိပါတယ်။ ပြီးတော့ သက်တောင့်သက်သာ၇ှိတဲ့ သိပ်လှပတဲ့ နေရာပါ။ အရေးအကြီးဆုံးကတော့ သေသေချာချာ လေ့ကျင့်သင်ကြားပေးထားတဲ့ ၀န်ထမ်းတွေက ယဉ်ကျေးဖွယ်ရာတယ်၊ ပြီးတော့ ဧည့်သည်တွေရဲ့ ရင်ထဲမှာ နွေးထွေးပြီး နှစ်လိုခင်မင် သွားစေတဲ့ ခံစားမှုကို ရရှိစေတဲ့ အရည်အချင်းနဲ့ပြည်စုံကြပါတယ်။
အောင်ဆန်းစုကြည်
၈ ဇူလိုင် ၂၀၁၁
ko Lu Maw Facebookအားကျေးဇူးတင်ရှိပါသည်..
0 The Messenger ဂျာနယ်မှာရေးသားဖော်ပြတဲ့ ယနေ့ခေတ် လူငယ်တွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြင်
(Thiha Nwe)
ဒေါ်အောင်ဆန်းစုကြည်နှင့် The Messenger ဂျာနယ်တို့ တွေ့ဆုံမေးမြန်းခွင့်ရခိုက် သူမဖြေကြားခဲ့သည်များအနက်မှ လူငယ်များနှင့် ပတ်သက်သည့် သဘောထားအမြင်တချို့ကို စာဖတ်သူများသိရှိစေရန် ကောက်နှုတ်ဖော်ပြလိုက်ပါသည်။
M- လူငယ်တွေနဲ့ပတ်သက်ရင် တိုင်းပြည်ရဲ့ အနာဂတ်၊ တိုင်းပြည်ရဲ့မျှော်လင့်ချက်ဖြစ်တဲ့အကြောင်း အရင်ကပြောခဲ့ဖူးတယ်။ အခုနေအိမ်အ ကျယ်ချုပ်က လွတ်မြောက်လာပြီးတဲ့နောက်မှာရော၊ လူငယ်တွေအပေါ်ဘယ်လိုမြင်ပါသလဲ။
DS- အခုခေတ်လူငယ်တွေကတော့ လွန်ခဲ့တဲ့ ခုနစ် နှစ်ကထက်စာရင် တိုးတက်လာတယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ 1988 ခုနှစ်လောက်တုန်းက လူငယ်တွေ အခုခေတ်ကလူငယ်တွေလောက် အခွင့်အရေးမရခဲ့ကြဘူး။ အဓိက က IT ပေါ့။ အခုခေတ်လူငယ်တွေ ကမ္ဘာနဲ့ဆက်သွယ်ဖို့ အခွင့်အရေး အရမ်းများသွားပြီ၊ ဒါက ဘယ်လိုမှတန်ဖိုးဖြတ်လို့ မရတဲ့တိုးတက်မှုပဲ၊
M- မိသားစု စားဝတ်နေရေး၊ မိသားစုနောက်ခံအရေးတွေကြောင့် ဘ၀အတွက်လိုအပ်တဲ့ အတတ်ပညာ၊ အသိပညာတွေရှာဖွေဖို့၊ အခက်အခဲ ရှိနေတဲ့လူငယ်တွေအတွက်ရော ဘယ်လိုအကြံပြုချင်ပါသလဲ။
DS- ဒါတွေက လူငယ်တွေရဲ့ အားနည်းချက်ချည်းသက်သက်လို့ ပြောလို့မရဘူး။ ကျွန်မတို့လူမှုအဖွဲ့အစည်းရဲ့ အားနည်းချက်လို့ပြောရမယ်။ စားဝတ်နေရေး၊ မိသားစုအရေးတွေထက် ရုန်းကန်နေရတယ်ဆိုတာကိုက စီးပွားရေးအခြေအနေအရ ရုန်းကန်ရမယ့်အခြေအနေရောက်နေ လို့ပါ။ အမှန်အတိုင်းပြောရရင် ကိုယ့်ဝီရိယစိုက်နိုင်သလောက်၊ ကိုယ်အပင်ပန်းခံနိုင်သလောက်ပဲ တိုးတက်မှာပဲ၊ ကံ ကံ၏အကျိုးဆိုတာ ဒါပဲ။ ကိုယ်လုပ်သလောက်ပဲ ဖြစ်မှာပဲ၊ အဲဒီတော့ မိသားစုရဲ့စီးပွားရေးအခြေအနေကြောင့် ဘ၀ကိုရုန်းကန်နေရတဲ့ ကြားကပဲ တိုးတက်မှုကို ရအောင်ရှာတဲ့လူငယ်တွေလည်းအများကြီးရှိတယ်။ ခပ်တိုတိုပြောရရင်အိပ် ချိန်လျော့ပေါ့။ အလုပ်ပြီးလို့ရှိရင် ထပ်ပြီးစာကျက်ကြပေါ့။ တိုးတက်ဖို့လုပ်ကြပေါ့။ ဒါရိုးရိုးလေးပြောတာပါ။ တစ်ဖက်ကတော့ အနစ်နာ ခံ၊ အပင်ပန်းခံရမှာပေါ့။
M- နိုင်ငံရေးနဲ့ စီးပွားရေးဆက်စပ်မှု အခြေအနေက လူငယ်တွေအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိတယ်လို့ထင်ပါသလဲ။DS- အခုခေတ် လူငယ်တွေပိုပြီး အမြင်ကျယ်လာတယ်လို့ထင်တယ်။ ဘာကြောင့်လဲဆိုတော့ အခုဆက်သွယ်ရေးလမ်းကြောင်း က ကောင်းလာတယ်။ နောက်တစ်ခုက လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်ကထက်စာရင် ဂျာနယ်၊ မဂ္ဂဇင်းတွေ အရမ်းများလာတယ်။ အရင်ကဆို ရင်အများစုက အလှအပအကြောင်း၊ ရုပ်ရှင်အကြောင်း၊ မော်ဒယ်လ်တွေအကြောင်း အဲဒီဟာတွေပဲ ပိုများတယ်။ အခုက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေနဲ့ ပတ်သက်တဲ့ဆောင်းပါးတွေကို ပိုဇောင်းပေးတဲ့ ဂျာနယ်၊ မဂ္ဂဇင်းအတော်များလာတယ်။ အဲဒါတွေက ကိုယ့်မြန်မာ နိုင်ငံအကြောင်းတွေလည်းပါတယ်။ မြန်မာနိုင်ငံက အကြောင်းတွေမပါဘဲ တခြားနိုင်ငံတွေအကြောင်းပါတယ်ဆိုရင်တောင် မှ မျက်စိဖွင့်၊ နားဖွင့်ပေးတယ်။ ဒါကြောင့် ပိုတိုးတက်ဖို့ပဲရှိတယ်လို့ပဲ မြင်တယ်။ ဟန်းဖုန်းကိုင်တယ်ဆိုရင်တောင် ကိုယ်ဆက်ချင်တဲ့သူဆီ ဆက်လို့ရတယ်။
M- တချို့ လူငယ်တွေက လက်ရှိကိုယ့်ဘ၀ကို အားမရကြပါဘူး။စကားပြောတဲ့အခါမှာလည်း မျှော်လင့်ချက်မဲ့တဲ့စကားတွေ ပြောတတ် ကြတယ်။ အဲဒီလိုလူမျိုးတွေအတွက် ဘယ်လိုအကြံပြုချင်ပါသလဲ။
DS- တစ်ခုပြောချင်တာက ကိုယ့်ကိုယ်ကိုယ်ပိုပြီးတော့ တန်ဖိုးထားပြဖို့၊ ကိုယ့်ကိုယ်ကိုယ်အဲဒီလောက် လျှော့မတွက်ပါနဲ့၊ ညံ့တယ်လို့မ ထင်ပါနဲ့။ ငါဘာလုပ်နိုင်တယ်ဆိုတာကို သိဖို့ဆန္ဒရှိရာကနေ လမ်းစရသလိုမျိုးပေါ့။ တကယ်ပဲလုပ်ချင်တဲ့ ဆန္ဒရှိရင် လုပ်ချင်တဲ့လမ်း က ပေါ်လာမှာပဲ။ အရေးကြီးတာက လူငယ်တွေ စာဖတ်ဖို့လိုတယ်။ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေထဲမှာ ဆောင်းပါးတွေပါတယ်မဟုတ်လား။ ဘယ်သူကတော့ဖြင့် ဘာမှမရှိဘဲ ဘယ်လိုလုပ်ုသွားတာ၊ သူ့ချွေးနဲစာနဲ့ ဘယ်လိုစီးပွားရေးလုပ်ငန်းကြီး ထူထောင်သွားတာ၊ ဘယ်လိုဇွဲနဲ့ သူ့ကိုယ်သူ ဘယ်လိုအနုပညာရှင်ကြီးဖြစ်အောင်လုပ်သွားတာ။ အဲဒါတွေဖတ်ရင် စိတ်ဓာတ်ခွန်အားလည်းရတယ်။ နည်းလမ်းလည်းရ တယ်။ တွေးခေါ်စရာတွေလည်း အများကြီးဖြစ်တယ်။ အဲဒီတော့ စာဖတ်ဖို့လိုတယ်လို့ထင်တယ်။ လူတိုင်းအင်တာနက်မသုံးနိုင်ရင်တောင် မှ အင်တာနက်မှာပါတဲ့အကြောင်းအရာတွေ တော်တော်များများဂျာနယ်တွေထဲမှာ ပါပါတယ်။ အဲဒီတော့ စာကောင်း၊ ပေကောင်းဖတ်နိုင် လို့ရှိရင် အခွင့်အရေးတွေအများကြီးရလာမှာပါ။ အဲဒီအခွင့်အရေးတွေကို အသုံးချပေါ့။ လူဆိုတာ ကိုယ်ရတဲ့အခွင့်အရေးကို ကောင်းတဲ့ ဘက်ကိုရောက်အောင်အသုံးချရမှာပေါ့။ တရားစကားနဲ့ပြောရင် ဆန္ဒပေါ့။ အောင်မြင်ခြင်းတရားလေးပါးက ဆန္ဒနဲ့စတယ်။ ဆန္ဒပြီးရင် ၀ီရိယပါလာတယ်။ ဆန္ဒရှိပြီးတော့ ၀ီရိယမထုတ်လို့မရပါဘူး။ နောက်ပြီး စိတ်ဓာတ်ကလည်းရှိရမယ်။ ပညာကလည်းရှိရမယ်။ ဒါက အခုမှ ပေါ်လာတဲ့စကားမဟုတ်ပါဘူး။ ရှေးကတည်းက တရားတော်တွေထဲမှာ ပါတဲ့အောင်မြင်ခြင်းတရားတွေပဲ။ အဲဒီဟာတွေအတိုင်း လုပ်သွားမယ်ဆိုရင်တော့ ကိုယ်လိုချင်တဲ့နေရာကိုရောက်ရမှာပေါ့။ အားလျှော့တာ၊ ဘ၀ကိုလက်မြှောက်တယ်ဆိုတာ၊ လူငယ်တွေမလုပ် သင့်ပါဘူး။ လူငယ်တွေမှာ အချိန်တွေအများကြီးရှိတယ်။
M- အခုခေတ်မှာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ တစ်ဖက်ကစိတ်ပိုင်းဆိုင်ရာ ယိုယွင်းမှုတွေပိုများလာတယ်လို့လဲ တချို့ကသုံးသပ်ကြတယ်။ တစ်ဦးနဲ့တစ်ဦးထားတဲ့ မေတ္တာတရားတွေအားနည်းလာတယ်လို့လဲ ပြောကြတယ်။ အဲဒီအပေါ်မှာ သုံးသပ်ပြော ပြပေးပါဦး။
DS- အခုခေတ်က လိုချင်စရာတွေ၊ ရုပ်ပိုင်းဆိုင်ရာတွေ သိပ်များတယ်။ ကျွန်မတို့ငယ်ငယ်တုန်းက သူဌေးဆိုရင် တိုက်နဲ့ကားပဲရှိတယ်။ အခုကဒီလောက်နဲ့မရဘူး။ ကျွန်မတို့ငယ်ငယ်က မိဘတွေချမ်းသာလို့ ကိုယ်ပိုင်ကားစီးတဲ့လူမရှိခဲ့ဘူး။ မိဘမှာပဲရှိတာ၊ အဲဒီတော့ တင်း တိမ်ရောင့်ရဲနိုင်တယ်။ လိုချင်စရာနည်းတာကိုး၊ အခုကသိပ်များတယ်။ လူငယ်တွေလိုချင်တာကိုလည်း သိပ်တော့အပြစ်မဆိုချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကြော်ငြာဆိုတာလိုချင်တဲ့စိတ်ကိုဆွပေးတာပဲ၊ ဒါမှစီးပွားဖြစ်မှာ၊ အဲဒီတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေကို တစ်ခါတည်း မြှင့်တင်သွားရမယ်။ ရုပ်ပိုင်းဆိုင်ရာသိပ်တိုးတက်ပြီး၊ စိတ်ဓာတ်ပိုင်းမတက်ရင် အဲဒီလိုပဲဖြစ်မှာပဲ၊ နိုက်ကလက်သွားတယ်ဆို တာလည်း လူငယ်သဘာဝပျော်ရွှင်ချင်လို့ သွားတာ အပြစ်မမြင်ပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့အသိုက်အ၀န်းကို မြင်ဖို့လိုတယ်။ တတ်နိုင်တဲ့သူ တတ်နိုင်သလိုလုပ်တာကို အပြစ်မပြောချင်ပါဘူး။ ဒါပေမဲ့ လူမှုရေးနဲ့ပတ်သက်လို့ လိပ်ပြာသန့်ခြင်း၊ မသန့်ခြင်းကို လူတိုင်းကိုယ်စီနည်း နည်းတော့ဆင်ခြင်သင့်တယ်။ အထူးသဖြင့် ကျွန်မတို့နိုင်ငံမှာပေါ့ အဲဒါ ငယ်ငယ်ကတည်းက မိဘတွေရဲ့သွန်သင်ဆုံးမမှုနဲ့လည်း အများကြီးဆိုင်တယ်။ ငယ်ငယ်ကတည်းက ကျောင်းမှာ ပြည်သူ့နီတိတို့ ဘာတို့သင်တာမျိုးပေါ့။ အဲဒီလိုအချက်တွေ ပညာရေးပိုင်းမှာမပါ ဘူးဆိုရင်စာပေလောက၊ သတင်းမဂ္ဂဇင်းလောက ကလူတွေမှာ ပိုပြီးတာဝန်ရှိတယ်။ ဘယ်လိုလုပ်ရမလဲဆိုရင် မီဒီယာသမားတွေလုပ်ကြ လို့ ပြောရမယ်။ ကျွန်မတို့လည်း ကိုယ်ပြောနိုင်သလောက်ပြောမယ်။ မီဒီယာသမားတွေဘက်ကလည်း လုပ်နိုင်သမျှလုပ်ရ မယ်။ ဆောင်းပါးတွေ၊ ဥပမာတွေနဲ့ပေါ့။ တန်ဖိုးရှိတဲ့လူသားဆိုတာ ဘာလဲဆိုတာမျိုးပေါ့။ အခုခေတ် လူတော်တော်များများက လူတစ်ယောက်ရဲ့တန်ဖိုးဆိုတာ သူ့လက်ထဲမှာရှိတဲ့ ပိုက်ဆံနဲ့ သူ့ရဲ့ရုပ်ဝတ္ထုပိုင်ဆိုင်မှုတွေလို့ ထင်ကြတယ်။ ရေရှည်မှာ မဟုတ်ဘူးဆိုတာ ပြောရမယ်။ တန်ဖိုးရှိရုံတင်မကဘူး၊ ကျေနပ်လောက်တဲ့ဘ၀ရှိရမယ်။ ကိုယ့်ဘ၀ကို ကိုယ်ကျေနပ်မှုရှိရမယ်။ တချို့လူငယ်တွေထဲမှာ ရုပ်ပိုင်းဆိုင်ရာပစ္စည်းတွေပြည့်စုံပေမယ့် စိတ်မချမ်းသာတဲ့လူငယ်တွေ အများကြီးရှိတယ်။ စိတ်ရောဂါရတဲ့ လူငယ်တွေရှိတယ်ဆိုတာ အားလုံးအသိပဲ။ အဲဒီတော့ ဒီဟာတွေကို မီးမောင်းထိုးပေးဖို့လိုတယ်။ စာနယ်ဇင်းလောက က တတ်နိုင်သမျှ လုပ်ရမယ်။
M- လူငယ်တွေအနေနဲ့ ဘယ်လိုစာအုပ်မျိုး ရွေးဖတ်သင့်တယ်ဆိုတာကို စာဖတ်ဝါသနာပါသူတစ်ယောက်အနေနဲ့ လမ်းညွှန်ပေးပါဦး။
DS- စာဖတ်တဲ့ကိစ္စကိုတော့ ဒီလိုဖတ်ရမယ်။ ဟိုလိုဖတ်ရမယ်လို့ မပြောချင်ဘူး။ ကျွန်မဆို ငယ်ငယ်က ကလေးစာအုပ်တွေစဖတ်ခဲ့ရတာ။ တဖြည်းဖြည်းမှ လူကြီးဆန်တဲ့ စာအုပ်တွေဖတ်လာတာ၊ အခုအသက်ကြီးလာတော့ အတ္ထုပတ္တိစာအုပ်မျိုးကို ပိုစိတ်ဝင်စားလာတယ်။ အလုပ်နဲ့ပတ်သက်တာမျိုးကို ပြောတာမဟုတ်ပါဘူး။ အပြင်စာပေတွေကို ပြောတာ၊ နောက်ပိုင်းရင့်ကျက်လာပြီး တစ်ခြားလူတွေ၊ ဘ၀တွေအကြောင်း ပိုသိချင်လာတာလည်းပါတယ်။ သမိုင်းကိုလည်း စိတ်ဝင်စားတယ်။ ခရီးသွားစာပေလည်း ဖတ်တယ်။ နောက်ပြီး အသက်ကြီးလာတော့ ကဗျာကိုပိုစိတ်ဝင်စားတယ်။ ကဗျာဆိုရင် တစ်ကြောင်းတည်းမှာကို အတွေးအခေါ်တွေအများကြီးပါတယ်။ စာအုပ်တစ်အုပ်လုံးထက်တောင် ပါချင်ပါမယ်။ အဲဒီတော့ စာဖတ်တာကို အလေ့အကျင့်လုပ်ရမယ်။ နောက်ပြီး ကိုယ့်ရဲ့အသိဥာဏ်၊ ဦးနှောက်ကိုစိန်ခေါ်တဲ့ စာမျိုးကိုဖတ်ရမယ်။ အလွယ်အပေါ့တွေ မဖတ်နဲ့ပေါ့။ တစ်ခါတလေ အပျော်သဘောနဲ့ စိတ်ပြေလက်ပျောက်ဖတ် တာမပြောလိုပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့အသိဥာဏ်ကို စိန်ခေါ်တဲ့စာမျိုး၊ ကိုယ့်ရဲ့ အတွေးအခေါ်ကို ဦးနှောက်ကို စိန်ခေါ်တဲ့စာမျိုးကိုယ် လည်း ရွေးဖတ်ရမယ်။ ဦးနှောက်ကိုအလုပ်ပေးတဲ့စာမျိုးကို အတိုင်းအတာတစ်ခုအထိဖတ်ရမယ်။
M- မြန်မာလူငယ်တွေ အများဆုံးအသုံးပြုနေတဲ့ Social Website တွေထဲက Facebook မှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်နာမည်နဲ့ Account တွေအများကြီးပဲရှိနေတာ တွေ့ရတယ်။ ကိုယ်တိုင် Account တစ်ခုဖွင့်ထားတာရှိပါသလား။
DS- အဲဒါတွေက ကျွန်မဖွင့်ထားတာ မဟုတ်ပါဘူး။ တခြားသူတွေဖွင့်ထားကြတာပါ။
ဟုတ်ကဲ့ အခုလိုဖြေကြားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။
0 ကိုကျော်သူ နှင့် မမြင့်မြင့်ခင်ဖေတို့ရဲ့အနှစ် (၃ဝ) ဖြတ်သန်းမှုပုံရိပ်များနှင့် ကိုရဲလွင် (မဇ္ဈိမလှိုင်း) ၏ ဂုဏ်ပြုသံစဉ်တေး...."စည်းခြားမရနိုင်သူ
0 ဇမ္ဗူသိရီ ပရဟိတ လူငယ်များ ၏ အလင်းစေတမာန် စာကြည့်တိုက် ဖွင့်ပွဲ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စာပေဟောပြောပွဲ
ဟောပြောမည့် စာရေးဆရာများ
ကိုတာ ၊ မြင့်ဇော် ၊ မောင်စိန်ဝင်း (ပုတီးကုန်း) ၊
ဒေါက်တာ ထွန်းလွင် (MCCW)
နေ့ ရက် - ၁၀.၉.၂၀၁၁ (စနေနေ့ )
အချိန် - ညနေ (၃း၀၀) နာရီမှ (၈း၀၀) အထိ
နေရာ - မဟာဂန္ဓာရုံ ကျောင်းတိုက် ၊ မင်္ဂလာဒုံ ဥယျာဉ်မြို့ တော် ၊ အောင်မင်္ဂလာ အဝေးပြေးဂိတ်အနီး
0 အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ တဲ့လား
“အင်တာနေရှင်နယ်ဒေး အော့ ဒီမိုကရေစီ” ကို နေပြည်တော်မှာ ကျင်းပမယ်လို့  အမျိုးသားလွှတ်တော်ဥက္ကဌက အိုဟေးကင်တားနားကို သတင်းပါးလိုက်ပြီးတဲ့နောက်မှာ ကြံ့ဖွံ့ အစိုးရရဲ့  “ဒီမိုကရေစီနေ့ ”ဆိုတာ ဘယ်လိုဟာမျိုးပါလိမ့်လို့  တွေးနေမိပါရဲ့ ။
ကျွန်တော်တို့ ဆီမှာ ကမ္ဘာကျော် ရွှေဝါရောင်တော်လှန်ရေးဖြစ်ပွားခဲ့တဲ့ ၂၀၀၇ ခုနှစ် မှာဘဲ ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ ကြီးက သူ့ အဖွဲ့ ဝင်နိုင်ငံများမှာ ဒီမိုကရေစီစနစ်ထွန်းကားလာရေးကို ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ဆိုတာကို ဆုံးဖြတ်သတ်မှတ်ခဲ့တာပါ။ ၁၅ ရက်၊ စက်တင်ဘာလဟာ သံဃာတော်တွေဦးဆောင်မှု နဲ့ လူထုတစ်ရပ်လုံးပါဝင်ခဲ့တဲ့ ရွှေဝါရောင်လှုပ်ရှားမှုကြီး လှိုင်းတံပိုးပြင်းထန်ခဲ့တဲ့ ရက်တွေမို့  တိုက်ဆိုင်လွန်း လှ ပါတယ်။
နေပြည်တော် ပြည်ထောင်စုလွှတ်တော်က ကြီးမှူးကျင်းပမယ့် ဒီမိုကရေစီနေ့ အတွက် အမတ်မင်းတွေ၊ ၂၀၁၀ရွေးကောက်ပွဲဝင်ပါတီတွေ၊ ပြည်တွင်းမီဒီယာတွေနဲ့ ရန်ကုန်အခြေစိုက် နိုင်ငံခြားသတင်းဌာနတွေအပြင် ထင်ရှားတဲမြန်မာ့နိုင်ငံရေးသမားများကိုလည်း ဖိတ်ကြားထားတယ်လို့  သိရပါတယ်။ နိုင်ငံရေးပါတီတွေဘက်က အဲဒီအခမ်းအနားထံ ဒီမိုကရေစီသ၀ဏ်လွှာများကို ပေးပို့ ဖတ်ကြားဖို့  ဟန်ရေးတပြင်ပြင် ဖြစ်နေပါတယ်။
အာဏာရှင်ဦးနေ၀င်းရဲ့  တစ်ပါတီစနစ်အောက်မှာ “ဒီမိုကရေစီရရှိရေး ဒို့ အရေး” ၊ “တစ်ပါတီစနစ်ဖြုတ်ချရေးဒို့ အရေး”၊ “အရေးတော်ပုံ အောင်ရမည်” ဆိုပြီး ချွေးသံတရွှဲရွှဲ သွေးသံတရဲရဲနဲ့  အကြောက်တရား မဲ့ စွန့် စားခြင်းကြီးမားစွာ အာခံပုန်ကန်ခဲ့တဲ့ တကယ့်ဒီမိုကရေစီသမားတွေ ပါဝင်ပက်သက် နိုင်ခြင်း မရှိတဲ့ နေပြည်တော်ကဒီမိုကရေစီနေ့ ကို ကျွန်တော်တို့ တတွေ ဘယ်လိုလုပ်ပြီး ခံစားပေးရမှာလဲ။
မြန်မာနိုင်ငံအနှံ့ အပြားက အကျဉ်းထောင်အသီးသီးမှာ ချုပ်နှောင်ခံထားရတဲ့ ဒီမိုကရေစီယုံကြည်သူများကို ဆေးဖော်ကြောဖက် မလုပ်နိုင်တဲ့၊ ဥပေက္ခာပြု ကျောခိုင်းထားပြီး နိုင်ငံရေးသမားအမတ်မင်းများ စုံစုံညီညီကျင်းပကြလေသော ဘယ်လို ဒီမိုကရေစီနေ့ မျိုးကိုမဆို ကျွန်တော် စိတ်မ၀င်စားပါ။
ထောင်ထဲကသူတွေ မပါတဲ့ ဒီမိုကရေစီနေ့ ဆိုတာ ဆားမပါတဲ့ဟင်းလိုပါဘဲ။
အောင်မျိုးထွန်း
၆- ၉- ၂၀၁၁
0 ပြင်ဦးလွင်ပြည်သူ့ဆေးရုံကသားဖွားမီးယပ်ဆရာဝန်မကြီး ဒေါ်အေးအေးရွှေရဲ့ လူသားချင်းမစာနာမထောက်ထားမှုကြောင့်သမီးနှင့်မြေးသေဆုံးရမှုအပေါ်မိခင်ဖြစ်သူမှရင်ဖွင့်ပြော
ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံက သားဖွားမီးယပ်ဆရာဝန်မကြီး ဒေါ်အေးအေးရွှေရဲ့ လူသားချင်းမစာနာမထောက်ထားမှုကြောင့်ဖြစ်သွားခဲ့တဲ့ဖြစ်ရပ်လေးပါ သမီးနှင့်မြေး တစ်ပြိုင်တည်း နှစ်သက်သေဆုံးသွားရမှုအပေါ် မိခင်က ရင်ဖွင့်လာတဲ့ဖြစ်ရပ်လေးပါ ဒီလိုမျိုးဖြစ်ရပ်တွေထပ်မဖြစ်ရအောင် ဒီလိုဆရာဝန်မျိုးတွေ ဆေးလောကမှာပါ မရှိအောင် မြန်မာမှာသာမက ကမ္ဘာကပါသိအောင် ၀ိုင်းဝန်းဖြန့်ဖြူးပေးကြပါခင်ဗျာ —
Burma Peacock
0 မြန်မာမိန်းကလေးများ တရုတ်တို့၏ အဓမ္မကြင်ဖော်ဖြစ်နေ
(The Telegraph မှ 4 Sept 2011 ရက်စွဲပါ “Burma’s women forced to be Chinese Brides” ဆောင်းပါးကို Yangon Chronicleမှဘာသာ ပြန်ဆိုသည်)
မြန်မာတိုင်းရင်းသူလေး “အဘာ” တရုတ်ပြည် အနာက်တောင်ပိုင်း ယူနန်ပြည်နယ်သို့ အလည်သွားရန် သူမ၏ ဇာတိဖြစ်သော မူဆယ်မှ ထွက်ခွာ ခဲ့စဉ်က အသက် ၁၂ နှစ်မျှသာ ရှိသေးသည်။ သူမ နယ်စပ်ကို ဖြတ်ကူးသွားစဉ်က နာရီပိုင်းမျှသာ အချိန်ဖြုန်းရန် မျှော်လင့်ခဲ့ခြင်းဖြစ်သည်။
သို့သော် သူမ၏ မိသားစုနှင့်ပြန်တွေ့ရန် အချိန် ၃ နှစ် ကြာသွားခဲ့သည်။ မြန်မာနိုင်ငံမှ အခြားမိန်းကလေးငယ်များ၊ အမျိုးသမီးများကဲ့သို့ပင် သူမ သည်လည်း တရုတ်နိုင်ငံသို့ သွားရန် ဖြားယောင်းခြင်းခံခဲ့ရကာ တရုတ်နိုင်ငံတွင် မိန်းကလေး (သမီး) မွေးဖွားမှု မလုံလောက်၍ မိန်းမရှာရန် ခက်ခဲ လာသည့် (အရေအတွက် တိုးပွားလာသော) တရုတ်အမျိုးသားများထဲမှ တစ်ဦးနှင့် အတင်းအကျပ် လက်ထပ်ရန် ရောင်းစားခံရခြင်း ဖြစ်ပေသည်။
တရုတ်နိုင်ငံသို့ ရောက်နေသော “အဘာ” မှာ သူမ၏ မိသားစုနှင့် မဆက်သွယ်နိုင်သည့်အပြင် အိမ်အပြင်သို့ပင် ထွက်ခွင့်မရဘဲ ပုံမှန်ရိုက်နှက် ခံရသည့်ဒုက္ခကို ခါးစည်း၍ ခံခဲ့ရသည်။ “အဘာ” သည်သူမကို ဝယ်ယူသော မိသားစုမှ သားဖြစ်သူနှင့် လက်ထပ်ရန်သာ ရှိတော့သည်ဟူသော အသိ ဖြင့်သာ နေထိုင်ရင်း ထိုခြံထဲတွင် ပြေးလွှားနေသော ဝက်ကလေး၊ ကြက်ကလေးများထဲမှ တစ်ကောင်အဖြစ်သို့ ရောက်ရှိသွားခဲ့သည်။
“ကျွန်မကို ယွမ်နှစ်သောင်း (မြန်မာကျပ်ငွေ သိန်း ၃ဝ ခန့်) လောက်နဲ့ ရောင်းစားခံခဲ့ရတာပါ။ ကျွန်မကို ဝယ်တဲ့ အချိန်တုန်းက လက်ထပ်ဖို့ အတွက် ကျွန်မက သိပ်ကို ငယ်လွန်းတယ်လေ။ သူတို့သားနဲ့ လက်ထပ်ရမယ်လို့ နောက်ပိုင်းကျမှ ကျွန်မကို ပြောကြတာပါ။ တစ်နည်းအားဖြင့် ကံကောင်း သွားတာပေါ့၊ တကယ်ရောင်းစားခံရတဲ့အချိန်တုန်း ကသာ အသက် ၂ နှစ်၊ ၃ နှစ် ပိုကြီးနေမယ်ဆိုရင် အခုချိန်မှာ လက်ထပ်လိုက်ရပြီပေါ့၊” ဟု အဘာ က ဆိုသည်။
ကလေးဘဝတွင် ပြန်ပေးဆွဲခံရပြီး ကျေးကျွန်သဖွယ်ရောင်းစားခံခဲ့ရသည့် အခြေအနေမှ ကံကောင်းလိမ့်မည်ဟု မည်သူမျှ စဉ်းစားမိကြမည် မဟုတ်ပါ။ သို့သော် အဘာသည် ကံကောင်းသူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။ သူမသည် အဓမ္မလက်ထပ်ခံရခြင်းမှ လွတ်မြောက်လာရုံ သာမကဘဲ ကယ်တင်ခံရပြီး အိမ်သို့ ပြန်လာနိုင်ခဲ့ပေသည်။
အလိုမတူဘဲ လက်ထပ်ပေါင်းသင်းရန် တရုတ်နိုင်ငံဘက်သို့ ရောင်းစားခံရသည့် မြန်မာမိန်းမပျိုအများစုမှာ ပျော်ရွှင်စွာ ဇာတ်သိမ်းနိုင်ခြင်း မရှိကြဘဲ ဆင်းရဲပင်ပန်းငြီးငွေ့စရာ ကောင်းသောဘဝများကိုသာ အကောင်းဆုံးအဖြစ် ရင်ဆိုင်ကြရပြီး အဆိုးဆုံးမှာ သေကြောင်းကြံရန် ကြိုးစား မိကြခြင်းဖြစ်သည်။
သမားရိုးကျနည်းလမ်းများဖြင့် အိမ်ထောင်ဖက် မရနိုင်သော တရုတ်ကျေးလက်ဒေသမှ လူပျိုသိုးများ (သို့) ဂွမ်ဂန်းဟုခေါ်သော ယောက်ျား များနှင့် ပေါင်းသင်းရန်အတွက် နှစ်စဉ် တရားမဝင် လူကုန်ကူးခြင်း ခံနေရသော မြန်မာ မိန်းမပျို ဘယ်နှစ်ထောင်ခန့်ရှိမလဲ ဆိုသည်ကို မည်သူမျှ မသိကြပါ။ သေချာသောအချက်မှာ အချိန်နှင့်အမျှ အရေအတွက် တိုးပွားနေခြင်းသာ ဖြစ်သည်။ တရုတ်နိုင်ငံ၏ အနှစ် ၃ဝ ကြာ “ကလေးတစ်ယောက် မူဝါဒ” နှင့် တရုတ်လူမျိုးတို့၏ သားယောက်ျားလေး ဦးစားပေးသည့်ဓလေ့တို့ ပေါင်းလိုက်သည့်အခါ ဆိုးဝါးလှသော ကျား-မ ဟန်ချက်မညီမှုကို ဖန်တီး ဖြစ်ပေါ် စေခဲ့လေသည်။
ယခုအခါ တရုတ်နိုင်ငံတွင် သမီးမိန်းကလေး ၁ဝဝ မွေးတိုင်း သားယောက်ျားလေး ၁၂ဝ ခန့် မွေးဖွားနေသည်ဟု ခန့်မှန်းထားကြသည်။ Chinese Academy of Social Science ၏ အဆိုအရ သက္ကရာဇ် ၂ဝ၂ဝ အထိ တရုတ်အမျိုးသား ၂၄ သန်းခန့် မိန်းမရနိုင်ဖွယ်မရှိဟု သိရှိရသည်။
“ကလေးတစ်ယောက် မူဝါဒဟာ အလွယ်တကူ စဉ်းစားကြည့်နိုင်တဲ့ သက်ရောက်မှုမျိုး ရှိနေပါတယ်။ ကျား-မ ဟန်ချက်မညီမှု ရှိလာပြီဆိုတော့ မိန်းကလေး လိုအပ်ချက် များလာတဲ့ အနေအထားကို တွေ့ရပြီပေါ့၊ တစ်ခါတလေမှာတော့ တရားဝင် အိမ်ထောင်ဖက် ပွဲစားတွေကတစ်ဆင့် ဒီလိုအပ် ချက်ကို ပြည့်မှီသွားပေမဲ့ တခြားအချိန်တွေမှာတော့ တရားမဝင် နည်းလမ်းတွေနဲ့ဖြည့်ဆည်းလာကြတာပါ” ဟု ယူနက်စကို ဘန်ကောက်ရုံးခွဲမှ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နှင့် တရားမဝင်လူကုန်ကူးမှုဆိုင်ရာ နိုင်ငံတကာညှိနှိုင်းရေးတာဝန်ခံ David Feingold က ပြောကြားသည်။ ယင်းသည် ၂ဝဝ၃ ခုနှစ် မှတ်တမ်းရုပ်ရှင် Trading Women ကို ရေးသား၊ ရိုက်ကူးသူလည်းဖြစ်သည်။
ဂေါက်သီး ကစားကာ ဘုရားရှိခိုးတတ်ကြသော နားလည်ရခက်သည့် တပ်မတော်အာဏာရှင်များ အုပ်ချုပ်ခဲ့သည့် မြန်မာနိုင်ငံသည် ယခုအခါ တရုတ်နိုင်ငံမှ အဓမ္မထိမ်းမြားမှု၏ အဓိကရင်းမြစ်တစ်ခုဖြစ်နေသည်။
ကမ္ဘာ့အဖိနှိပ်ဆုံးနိုင်ငံတစ်ခု ဖြစ်ရုံသာမကဘဲ အလွန်အမင်း ဆင်းရဲမွဲတေမှုနှင့် မကြာခဏ စားနပ်ရိက္ခာ မလုံလောက်မှုများက လူကုန်ကူးသူ များအတွက် မြန်မာမိန်းမပျိုလေးများအား တရုတ်နိုင်ငံသို့ သွေးဆောင်ဖြားယောင်း ခေါ်ယူရန် အလွန်တရာပင် လွယ်ကူစေသည်။ ထို့နောက်တွင် တရုတ် မယား အဖြစ် ရောင်းစားခြင်းခံရတော့သည်။
“မြန်မာဖက်ကနေ တရုတ်ပြည်ထဲကို တရားမဝင်ခေါ်ဆောင်ခြင်းခံရတဲ့ မိန်းကလေးအများစုဟာ အဓမ္မ ထိမ်းမြား ပေါင်းသင်းခံရမှုနဲ့ပဲ အဆုံး သတ် ကြရပါတယ်” ဟု Mr.Feingold က ဆိုသည်။
ရောင်းစားခံရသည့် မိန်းကလေးများ၏ ဈေးနှုန်းမှာ အသက်အရွယ်နှင့် ရုပ်ရည်ပေါ်တွင် မူတည်ကာ ယွမ် ၆ဝဝဝ (ကျပ်ငွေ ၉ သိန်း) မှ ယွမ် ၄ဝဝဝဝ (ကျပ်ငွေ ၃၆ သိန်း) ထိ ဈေးပေါက်လျက် ရှိသည်။
ထိုင်းနိုင်ငံအခြေစိုက် Kachin Women’s Association of Thailand (KWAT) ၏ အဆိုအရ တရုတ်နိုင်ငံတွင် ရောင်းစားခံရသော မိန်းမပျို လေးများ၏ ၂၅% မှာ အသက် ၁၈ နှစ်ပင် မပြည့်ကြသေးဟု သိရှိရသည်။ “ယောက်ျားတွေက ကလေးများများ မွေးပေးနိုင်မယ့် ကျန်းမာ၊ ငယ်ရွယ်တဲ့ မိန်းကလေး တွေကို လိုချင်ကြတယ်လေ။ တကယ်တမ်းကျတော့ မိန်းမတွေကို ကလေးလုပ်တဲ့စက်လို့ပဲ သတ်မှတ်ထားကြတာပါ” ဟု ယူနန်ပြည်နယ်ရှိ (KWAT) ၏ လူကုန်ကူးမှု တိုက်ဖျက်ရေးအစီအစဉ် အကြီးအကဲ Julia Marip က ပြောကြားသည်။
မြန်မာတိုင်းရင်းသူလေး ‘အဘာ’ တစ်ခါက ရောက်ခဲ့သည့် ရွှေလီသည် မြန်မာနိုင်ငံမှ လူကုန်ကူးခံရသော မိန်းကလေးများ တစ်ထောက်နားခိုရာ ယူနန် ပြည်နယ်၏ နယ်စပ်မြို့ဖြစ်သည်။ တရုတ်ပြည် အနောက်တောင်ပိုင်းမှ ဝါဂွမ်းခြံပိုင်ရှင်မိသားစုထံ ရောင်းစားခြင်းခံရသည့် အဘာသည် ယခုအခါ ၁၆ နှစ် ပြည့်ကာ ရှက်ပြုံးလေးနှင့် မိန်းမလှလေး ဖြစ်နေပြီဖြစ်သည်။ အဘာသည် ကျပန်းအလုပ်သမားဖခင်နှင့် အလုပ်လက်မဲ့ မိခင်တို့မှ မွေးဖွားသော ကလေး ၃ ယောက် အနက်မှ တစ်ဦးဖြစ်သည်။
ပထမအကြိမ်တွေ့စဉ်က အဘာသည် ဂျင်းဘောင်းဘီ၊ အဖြူရောင်တီရှပ်ဖြင့် သာမန်ဆယ်ကျော်သက် တစ်ယောက်ဟု ထင်မြင်ရသော်လည်း တိုးတိတ်သော လေသံဖြင့် စကားပြောလိုက်သောအချိန်တွင်မူ မည်မျှ ကြောက်မက်ဖွယ်သော ဖြစ်ရပ်များနှင့် တွေ့ကြုံခဲ့ရပုံနှင့် စိတ်အမာရွတ် နက်ရှိုင်း စွာ အမြစ်တွယ်နေပုံတို့ကို ထင်ရှားစွာ ပေါ်လွင်လာသည်။ “ကျွန်မ အခုချိန်ထိ တစ်ယောက်တည်းအပြင်မထွက်ရဲသေးဘူး၊ အထူးသဖြင့် ညနေစောင်း တွေမှာပေါ့” ဟု သူမက ဆိုသည်။
“တစ်ခါတလေမှာ ပန်းခြံတွေထဲက ဈေးတန်းမှာ ရောင်းစားခံကြရတယ်၊ လူပွဲစားတွေက မိန်းကလေးတွေကို မိတ်ကပ်ပြင်ပြီး အဝတ်အစား လှလှ ဆင်ပေးကြတယ်လေ၊ တစ်ခါမှ မဝတ်ဖူးတဲ့ အဝတ်အစားကောင်းကောင်းတွေ ဝတ်ရလို့ ပျော်နေတဲ့မိန်းကလေးတွေဟာ နောက်ပိုင်းမှာတော့ ဟင်းရွက်ကန်စွန်းလို ရောင်းစားခံရတော့မှာပါပဲ၊ သိပ်ကို ရက်စက် ယုတ်မာလွန်းပါတယ်” ဟု Julia Marip က ပြောသည်။
သူမ၏ နေအိမ်နှင့် မိုင်ထောင်ချီဝေးသော အရပ်တွင် လူစိမ်းများက သူတို့၏ ကျေးကျွန်သဖွယ် နှိပ်စက်ခြင်းခံခဲ့ရသော အဘာ ခံစားခဲ့ရသည့် ကြောက်မက်ဖွယ် ဖြစ်ရပ်ကို စိတ်ကူးကြည့်လျှင်ပင် နာကျင်ပင်ပန်းလှပေသည်။
“ပထမပိုင်းမှာ တရုတ်စကားမတတ်သေးတော့ လုပ်ရမယ့် အိမ်မှုကိစ္စတွေကို နားမလည်ဘဲ အမှားတွေ လုပ်မိတာပေါ့။ ဒီတော့ အိမ်ရှင် အဘွားကြီး က ရိုက်တော့တာပါပဲ၊ စကားပြောစရာ သူငယ်ချင်းလည်း မရှိတော့ သိပ်ကို အထီးကျန်ပြီး တစ်ချိန်လုံး ကြောက်ရွံ့ထိတ်လန့်နေခဲ့ပါတယ်၊ ခဏခဏ လည်း ငိုမိပါတယ်၊ အစပိုင်းမှာ မငိုဖို့ ချော့ပြောကြပေမဲ့ နောက်ပိုင်းမှာတော့ ငိုပြီဆိုရင် အော်ဟစ် ငေါက်ငမ်းတော့တာပါပဲ” ဟု အဘာက နောက်ကြောင်း ပြန် ပြောပြသည်။
ပိုက်ဆံမရှိသည့်အပြင် တရုတ်ပြည်တွင်း သူမရောက်နေသော နေရာကိုပင် မသိသည့် အဘာအတွက် လွတ်မြောက်ရေး ဆိုသည်ကို စဉ်းစား မိ၍ပင် မရနိုင်ပါ။ တစ်ချိန်လုံး စောင့်ကြည့်နေကြတယ်။ တစ်ယောက်တည်း အပြင်ထွက်ခွင့်လည်း မပေးကြဘူး ဟု သူမက ဆိုသည်။
တစ်ရက်တွင်မူ သူမကို အနီးကပ်စောင့်ကြည့်နေကြခြင်း၏ အကြောင်းရင်းကို အဘာ သိရှိသွားတော့သည်။ အိမ်ရှင်မိသားစု၏ အသက် ၂ဝ အရွယ် သားနှင့် လက်ထပ်ရမည်ဟု သူမကို ပြောလာကြခြင်းကြောင့်ပင် ဖြစ်သည်။ “ဘာကြောင့် အခုလို ခေါ်ထားတယ် ဆိုတာကို အရင်က မသိခဲ့ဘူး လေ။ အခုလိုပြောလာတော့ ကျွန်မက ငြင်းပေမဲ့ သူတို့က လက်ထပ်ရမယ်လို့ ဇွတ်အတင်း ပြောကြပါတယ်” ဟု အဘာက ပြောပြသည်။
“အဓမ္မထိမ်းမြားပေါင်းသင်းခံရဖို့ ရောင်းစားခံရတဲ့ မိန်းကလေး အများစုဟာ မလုပ်လို့မရတဲ့ အိမ်ထောင်ရေး အကျဉ်းထောင်ထဲမှာ ပိတ်မိ သွားကြ တော့တာပါပဲ၊ အများစုဟာ မလွတ်မြောက်နိုင်ကြဘူး။ သူတို့ကို ကျွန်မတို့လည်း ကူညီလို့ မရနိုင်ပါဘူး” ဟု Miss Marip က ဆိုသည်။
မျှော်လင့်ချက်မဲ့နေသော အနေအထားနှင့် ရင်ဆိုင်ကြရသောအခါ အချို့ မိန်းကလေးများမှာ တရုတ် ကျေးလက်တွင် အလွယ်တကူ ရသော ပိုးသတ်ဆေးများကို ဘဝကို အဆုံးသတ်ရန် ရွေးချယ်လာကြသည်။
သို့ရာတွင် အဘာ ကမူ အဓမ္မထိမ်းမြားခဲ့ရခြင်းကို ရှောင်လွှဲနိုင်ခဲ့သည်။ သူမ လက်ထပ်ရန် သီတင်းပတ် အနည်းငယ်အလိုတွင် ထိုရပ်ကွက်သို့ နိုင်ငံသား မှတ်ပုံတင်ကတ် ပုံမှန်လာရောက် စစ်ဆေးသည့် ရဲများက သူမကို နိုင်ငံခြားသားမှန်း သိရှိသွားကာ ခေါ်ဆောင်သွားခဲ့ကြသည်။ သူမက ဖြစ်ပျက် သမျှကို ရှင်းပြသည့်အခါ ရဲများက ထိုမိသားစုထံ သွားရောက်၍ ခင်ဗျားတို့ လူကို ဝယ်လို့မရဘူး၊ သူတို့က တိရစ္ဆာန်တွေ မဟုတ်ဘူးဟု ပြောဆိုခဲ့ကြသည်ဟု သိရသည်။ "တရုတ်ရဲတွေက တရားစွဲမလားလို့ မေးကြပေမယ့် ကျွန်မက ငြင်းလိုက်ပါတယ်။ကျွန်မက ဒီကိစ္စကို မေ့ပစ်ပြီး အိမ်ကိုပဲ ပြန်ချင်တာပါ" ဟု အဘာက ဆိုသည်။
၃ နှစ်ကြာ မိသားစုဘဝကို ပျောက်ဆုံးခဲ့ရပြီးနောက်တွင် "အဘာ" တစ်ယောက် နယ်စပ်ကို တစ်ကိုယ်တည်း ဖြတ်ကူးကာ အိမ်သို့ ပြန်လာနိုင်ခဲ့ ပါပြီ။ "အဖေနဲ့အမေက ကျွန်မကို တွေ့တော့ အရမ်းတုန်လှုပ်သွားကြပါတယ်။ သူတို့က စပြီးငိုတော့ ကျွန်မလည်း ငိုတော့တာပေါ့၊ ပြန်တွေ့ရလို့ သိပ်ကို ပျော်မိပါတယ်" ဟု ပြောကြားသော "အဘာ" က သူမ၏ မိဘများက သူမကို ရှာရန်ကြိုးစားခဲ့ကြောင်း၊ တရုတ်ပြည်ထဲသို့ ရောင်းစားခဲ့ရခြင်း ဖြစ်သည်ဟု မူဆယ်ရဲအဖွဲ့ကို တိုင်ကြားခဲ့သော်လည်း ရဲများက စုံစမ်းပေးရန်အတွက် ယွမ် ၆၀၀၀ (မြန်မာငွေကျပ် ၉သိန်းခန့်) တောင်းသောကြောင့် သူမ ၏ မိဘများက မတတ်နိုင်ခဲ့ကြောင်း ရှင်းလင်းပြောဆိုသည်။
ယင်းပုံစံသည် မြန်မာအာဏာပိုင်များက လူကုန်ကူးမှုများကို တုန့်ပြန်နေကျ ပုံစံဖြစ်သည်ဟု KWAT အဖွဲ့က ပြောကြားသည်။နယ်စပ်၏ တစ်ဖက်တွင်မူ တရုတ်ရဲများက ပင်လယ်ရပ်ခြားမှ မိန်းကလေးများ ခိုးသွင်းသော ဂိုဏ်းများထက် ပြည်တွင်း၊ဒေသတွင်း လူကုန်ကူးမှုများကို ပိုမို တိုက်ဖျက် ရန် အာရုံစိုက်လျှက်ရှိကြသည်ဟု သိရှိရသည်။
ယခင်နှစ်ကအထိ လွတ်မြောက်လာသည့် လူကုန်ကူးခံ မိန်းကလေးအနည်းစုကို တရားမဝင် လူဝင်မှုဥပဒေဖြင့် အရေးယူကာ ပြန်မပို့ခင် အချိန်အထိ ဖမ်းဆီးထားကြသည်ဟု ဆိုသည်။
ယူနက်စကိုမှ David Feinqold က "အာဏာပိုင်တွေဒီလောက်လုပ်နိုင်တာကိုက အတော်လေးဟုတ်နေပါပြီ။ ရဲတပ်ဖွဲ့ရဲ့ အားထုတ်မှုနဲ့ လူကုန်ကူးမှုကို တိုက်ဖျက်မယ်ဆိုတာကတော့ ရယ်စရာကောင်းတဲ့ အိုင်ဒီယာပါ။ အမေရိကန် ပြည်ထောင်စုမှာတောင် ဒီကိစ္စကို မဖြေရှင်းနိုင်ပါဘူး။ နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းမှုကို ဖြစ်စေတဲ့ စီးပွားရေး၊ လူမှုရေး အခြေခံပြဿနာတွေကိုသာ ခင်ဗျားအနေနဲ့ ဖြေရှင်းပေးရမှာပါ" ဟု သုံးသပ် ပြောကြားသည်။
"အဘာ"ကဲ့သို့ပင် အားလုံးကလည်း ထိုအချက်များကို သိရှိကြသည်။ မြန်မာနိုင်ငံဖက်တွင် အလုပ်အကိုင် ရှားပါးမှုကြောင့် "အဘာ"သည် လွန်ခဲ့သည့် ၄ လခန့်က ရွှေလီဖက်သို့ တရားမဝင်ပြန်၍ ကူးကာ အလုပ်ရှာခဲ့ရသည်။ ယခုအခါ စားသောက်ဆိုင်တွင် စားပွဲထိုးအလုပ်ရသောကြောင့် တစ်လလျှင် ယွမ် ၆၅၀ (မြန်မာကျပ်ငွေတစ်သိန်းခန့်) ဝင်ငွေရှိနေပြီဖြစ်သည်။
ဆယ်ကျော်သက်အရွယ်တွင် တရုတ်ပြည်ထဲသို့ လူကုန်ကူးခံရသည့် "အဘာ" သည် ယခုအခါ မန်ဒရင်း ဘာသာစကားကို ကျွမ်းကျင်နေပြီ ဖြစ် သောကြောင့် ဒေသခံများနှင့် ရောနှော၍ ရသွားပြီဖြစ်သည်။ သူမ၏ဘဝ သုံးနှစ်တာ ဆုံးရှုံးမှုအတွက် တရုတ်စကားကျွမ်းကျင်မှုကို လျော်ကြေးရခဲ့ခြင်းဟု ဆိုရတော့မည်။
"ကျွန်မအပေါ်လုပ်ခဲ့သမျှအတွက် ဒီမိသားစုကို မုန်းနေတုန်းပါပဲ၊ တစ်သက်လုံးတောင် မုန်းနေမိမယ်လို့ ထင်ပါတယ်" ဟု အဘာက ပြောပြ သွားခဲ့သည်။
Yangon Chronicle
Burma's women forced to be Chinese brides
Original link :http://www.telegraph.co.uk/news/worldnews/asia/burmamyanmar/8739403/Burmas-women-forced-to-be-Chinese-brides.html
Monday, September 5, 2011
0 This Prison Where I Live (ရုပ်/သံ)အစအဆုံး
DVB မှ ထုတ်လွှင့်ခဲ့သောကိုဇာဂနာ အကြောင်းရိုက်ကူးထားတဲ့ မှတ်တမ်းတင် ရုပ်ရှင် This Prison Where I Live
Video..www.knuaffjp.net
0 ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်၊ကဇူးကျေးရွာရှိ ခရစ်ယာန် ဘုရားကျောင်းအတွင်း အစိုးရစစ်တပ်က မိုင်းထောင်ထားခြင်းကိစ္စတိုင်ကြားစာ
0 "သူများယောင်တိုင်း လိုက်ယောင်၊ အမောင်တောင်မှန်းမသိ"
မြန်မာနိုင်ငံမှာ အခုဆိုရင် နအဖကနေ မွေးထုတ်ပေးလိုက်တဲ့ ပါလီမာန်ဆိုတာကြီး ပေါ်လာပါပြီ။ အဲဒီပါလီမာန်ကနေ တိုင်းပြည်ကို စီမန်ခန့်ခွဲ အုပ်ချုပ်သွားမယ်တဲ့။ ပါလီမာန်မှာ ဝင်ထိုင်နေတဲ့ လူတွေကတော့ ပြည်သူကိုယ်စားပြု အမတ်မင်းတွေ။ ပြည်သူလူထုကို ဦးဆောင်လမ်းပြ အုပ်ချုပ်စီမံသွားမယ့် ပြည်သူ့ကိုယ်စားလှယ်တွေ၊ လူကြီးလူကောင်းတွေ၊ တိုင်းပြည်ရဲ့ ဒိတ်ဒိတ်ကျဲ ပညာတတ်တွေနဲ့ တချိန်က ကိုယ့်ဘာသာ နိုင်ငံတော်လို့ ခေါ်နေတဲ့ စစ်ဘောင်းဘီချွတ် ပုဂ္ဂိုလ်ကြီးတွေပါဝင်တဲ့ တတ်ရောက်နေတဲ့ ပါလီမန်ကြီးပါပဲ။
ဒီတော့ ကျွန်တော်လည်း မြန်မာနိုင်ငံသား တစ်ယောက်ပီပီ စိတ်ဝင်စားမိတယ်။ ဝမ်းသာအားရပေါ့။ လူကြီးလူကောင်းတွေ တတ်ရောက်ဆွေးနွေးရာ ပါလီမာန်ကြီးရဲ့ ဓါတ်ပုံတွေကိုလည်း စိတ်တဝင်တစားကြည့်မိတယ်။
တွေ့ပါပြီဗျာ။ ပါလီမာန် အသစ်စက်စက်ကြီးရဲ့ အစည်းအဝေးခန်းမကြီးမှာ အမြင်မတော်တာကို စမြင်ရတော့တာပဲ။
ပါလီမာန် ဥက္ကဌရဲ့ ရှေ့တည့်တည့်မှာ ချထားတဲ့ ဘာမှန်းညာမှန်း မသိတဲ့ အချောင်း(ဘင်ခရာ တီးဝိုင်းမှာတော့ အဲဒီလို အချောင်းမျိုးကို အရှေ့ဆုံးက လူက ဂီတသံစဉ်အတွက် အချက်ပြဖို့ သုံးတယ်။ "ကျိုင်း" လို့ ခေါ်တယ်ထင်တယ်။) ကြီးကို တွေ့မိတော့တာပါ။ (အထက်ပါ ပုံကို ကြည့်ပါ။)
တိုင်းပြည်အုပ်ချုပ်မယ့် အမတ်မင်းများ ခင်ဗျာ ... အဲဒီ အချောင်းကြီးက ဘာအတွက် အဲဒီမှာ ချထားတာလဲ ဆိုတာ ရှင်းပြပေးစေချင်ပါတယ်လို့သာ မေးခွန်းမေးချင်နေမိတယ်။ "သူများယောင်တိုင်း လိုက်ယောင်၊ အမောင်တောင်မှန်းမသိ" သော လူပုဂ္ဂိုလ်များက တိုင်းပြည်အုပ်ချုပ် နေကြတယ် ထင်ပါတယ်။
ဗြိတိသျှ ပါလီမာန်မှာ အဲဒီလို အချောင်းမျိုးကို ပါလီမန် အစည်အဝေး ခန်းမမှာ ချထားတာကို မြင်ပြီး ငါတို့ ပါလီမာန်မှာလည်း အဲဒီ အချောင်းကြီး ချထားမှ ပါလီမာန်နဲ့ တူမယ်ထင်ပြီး ချထားပုံရပါတယ်။ အမေရိကန် လွှတ်တော်မှာ အဲဒီအချောင်း မရှိပါဘူး။ အဲဒီ အချောင်းကြီးကို ဘာအတွက် ချထားတာလဲဆိုတာ တိုင်းပြည်အုပ်ချုပ်မယ့် အမတ်မင်းတွေ သိပုံ မရပါဘူး။ တိုင်းပြည်တော့ တိုးတတ်ကြီးပွားဦးမယ့် လက္ခဏာပါပဲ။
ဗြိတိသျှ ပါလီမာန်မှာ လွှတ်တော် နှစ်ရပ် ရှိပါတယ်။ ပြီးတော့ စည်းမျဉ်းခံ ဘုရင်စနစ်အရ ဘုရင်မကြီးရှိပါတယ်။ ဒီတော့က တိုင်းပြည်ရဲ့ အရေးပါတဲ့ လွှတ်တော်ကို ဗြိတိသျှတွေရဲ့ ရိုးရာ အစဉ်အလာအရ ဘုရင်မကြီးရဲ့ ရှေ့မှောက်မှာ ကျင်းပရပါတယ်။ တကယ့်လက်တွေ့မှာ အစည်းအဝေးတိုင်းအတွက် ဘုရင်မကြီးက မတတ်ရောက်နိုင်ပါဘူး။ ဒါကြောင့် ဘုရင်မကြီးကိုယ်စား အဲဒီ အချောင်းကြီးကို ပါလီမာန်မှာ ချထားတာ ဖြစ်ပါတယ်။ အစည်းအဝေး "စ" တော့မယ်ဆိုရင် အဲဒီ အချောင်းကြီးကို ဘုရင်မကြီး အစည်းအဝေးခန်းထဲ ဝင်လာတဲ့ အထိမ်းအမှတ်နဲ့ အားလုံးက အရိုအသေပေးပြီး ပါလီမန်ထဲကို လူတစ်ယောက်က သယ်လာရပါတယ်။ အစည်းအဝေးပြီးရင် ပြန်သယ်သွားရပါတယ်။ ဒါ ဗြိတိသျှ ထုံးစံပါ။
နယူးဇီလန်၊ သြစတေးလျှလို ဗြိတိသျှ ဘုရင်မကြီး သြဇာခံ ဓနသဟာရ နိုင်ငံတွေမှာ အဲဒီအချောင်းကြီးကို ပါလီမာန်မှာ ထားရှိပါတယ်။
အမေရိကန်မှာ ဘုရင် စနစ် မရှိလို့ အဲဒီလို အချောင်းကြီး ပါလီမာန်မှာ မရှိပါဘူး။ ပြင်သစ်ပါလီမာန်မှာ ဘုရင် စနစ် မရှိလို့ အဲဒီအချောင်းကြီး မရှိပါဘူး။ ဂျာမနီမှာလည်း အဲဒီ အချောင်းကြီး မရှိပါဘူး။
တိုင်းပြည်အုပ်ချုပ်မယ့် အမတ်မင်းများခင်ဗျာ ... ကျွန်တော်တို့ မြန်မာနိုင်ငံကြီးရဲ့ ပါလီမာန်မှာ ဘာလို့ အဲဒီ အချောင်းကြီး ချထားရတာပါလဲ။ ... ဒါမှ မဟုတ် ဗြိတိသျှ ကိုလိုနီအဖြစ် တိုင်းပြည်ကို အမတ်မင်းတို့ လက်ထက်ရောက်မှ အလိုလို သတ်မှတ်နေတာလားဆိုတာတော့ ...
foezan facebookမှ
0 ရင်ထဲက ရှစ်ဆယ့်ရှစ် ( နိဂုံးပိုင်း ) ( မောင်မောင်ဝမ်း )
အဲဒီလိုကျေငြာလိုက်တာနဲ့တပြိုင်နက်ထဲ…ရပ်ကွက်အသီးသီးကလူထုက သူတို့နယ်မြေတွေကို လုံခြုံရေးအဖွဲ့ တွေ ဖွဲ့…သက်ဆိုင်ရာ ပါတီ၊ကောင်စီတွေ၊ရဲတွေ၊မိသားစုဝင်တွေကို လုံးဝကို ဖြတ်သန်းသွားလာခွင့် မပြုတော့ ဘူး….အကျိုးဆက်ကဘာဖြစ်လာသလည်းဆိုတော့ သူတို့မှာဈေးဝယ်စားစရာ ဘာမှ မရှိ တော့ဘူး…အဲဒီ့ကျေငြာချက်ကို လက်ကမ်းစာစောင်တွေနဲ့ပါဝေတော့..စာရိုက်တဲ့သူက ၂ / ၈၈ မှာ မျဉ်းစောင်းက ပါမလာဘူး …လူထုကဘယ်လိုကောက်ချက်ဆွဲကြသလည်းဆိုတော့..အစိုးရက ပိုဒ်မ ၁၄၄ ထုတ်တာလူထုက မလိုက်နာဘူး..ကျောင်းသားတွေက ကျေငြာချက် ၂၈၈ ထုတ်တာ.. အကုန် လိုက်နာ ကြတယ် ဆို..ပြောဆိုနေကြတာ..ကျနော်တို့တောင်သူတို့ပြောမှသဘောပေါက်တယ်
နောက်ရက်မှာ ဖမ်းထားတဲ့သူတွေကိုပြန်လွှတ်ပေးလိုက်တယ်…ဒေသအုပ်ချုပ်ရေးက အစည်းပြေနေပြီ…အစိုးရအာဏာက မသက်ရောက်တော့ဘူး…ဒါပေမဲ့ ကျောင်းသားသမဂ္ဂ သြဇာ လွှမ်းမိုး နေတာတော့ထူးထူးခြားခြားတွေ့နေရတယ်…မဆလပါတီ၊ကောင်စီတွေကလည်းသူတို့ရုံးထဲကတောင်အပြင်မထွက်ရဲကြဘူး..ရဲလုံခြုံရေးနဲ့နေနေရတယ်…ဖြစ်ပျက် လာတဲ့ ကိစ္စအ၀၀ကိုကျောင်းသားသမဂ္ဂ ကတာဝန် ယူဖြေရှင်းနေရတယ်…အတွင်းရေးမှုးက စည်ပင်ကိုကိုင်တွယ်၊ ကျနော်က အုပ်ချုပ်ရေးပိုင်းမှာတာဝန်ယူ စသဖြင့်တာဝန်တွေအသီးသီးခွဲဝေပြီးလုပ်နေချိန်မှာ…..သမ္မတဦးစိန်လွင်ရာထူးမှနှုတ်ထွက်လိုက်ရပြီးဒေါက်တာမောင်မောင် တက်လာတယ်…မာရှယ်လောရုတ်သိမ်းပေးလိုက်ပြီး..ဒေါက်တာမောင်မောင်က လူထုကို လေပြေလေး နဲ့ စည်းရုံးတယ် ဒါပေမဲ့..မရတော့ဘူး လူထုကအရှိန်ကောင်းနေပြီ ထိန်းလို့ မရတော့ဘူး.. မြို့က သက်ဆိုင်ရာ ပါတီ ကောင်စီတွေအကုန်လုံးနီးပါး ရှောင်ပြေး ကုန်ကြတယ်..
ဒေါသထွက်နေတဲ့လူထုက သီးမခံနိုင်တော့..သူတို့အိမ်တွေဝင်ဖျက်စီးဘို့လုပ်ကြတယ်…သတင်းရချိန်မှာတော့ ကျနော်တို့ခေါင်းဆောင်ပိုင်းတွေ အချိန်မှီတားစီးနိုင်လိုက်ကြတယ်..မဖျက်စီးဘို့တောင်းပန်တယ်…ဒါပေမဲ့ သူတို့ အိမ်ထဲက ပစ္စည်းတွေကိုတော့ သိမ်းဆည်းခွင့်ပေးလိုက်တယ် ဒါတွေအကုန်လုံးကို သပိတ်စခမ်းမှာ လေလံတင်ရောင်းချပစ်လိုက်ကြတယ်…ရလာတဲ့ငွေကြေးတွေကို သေဆုံးသူ မိသားစုဝင်တွေ သွားထောက်ပံ့ ကြတယ်။
မဆလပါတီ၊ကောင်စီခေါင်းဆောင်ပိုင်းတွေထွက်ပြေးကုန်တော့…ဒေသကိုအုပ်ချုပ်ဘို့တာဝန်က ကျောင်းသား သမဂ္ဂခေါင်းပေါ်ကျလာတယ်လေ…သူတို့အားလုံးလည်းထွက်ပြေးကုန်တော့…ရဲတွေက ကျနော်တို့နဲ့ လာပေါင်းတယ်….ဘာပဲဖြစ်ဖြစ် ကြိုဆိုပါတယ်…ရဲတွေ ဆန္ဒပြပွဲကိုဝင်ရောက်လာတုန်းကဆိုရင် အားလုံးက ကြောက်နေကြတာ..ကျောင်းသားတွေက သူတို့ကို ၀န်းရံပေးထားတော့.. အေးအေးဆေးဆေးပါပဲ… အဲဒီနေ့မှာပဲ..ရဲမြို့နယ်မှုးနဲ့ ကျနော်နဲ့တွေ့တယ်…
“ညီလေးတို့…အခုသက်ဆိုင်ရာ..အာဏာပိုင်တွေဆိုတာလည်းမရှိတော့ဘူး…အုပ်ချုပ်ရေးယန္တယားတာဝန်တွေက..အကိုတို့ရဲတပ်ဖွဲ့နဲ့..ကျောင်းသားသမဂ္ဂပေါ်မှာကျရောက်နေပြီ…ဒီတော့တို့ပူးပေါင်းဆောင်ရွက်ရအောင် ”
“ ကျနော်တို့က..ကျောင်းသားတွေပါ မြို့နယ်မှုးကြီး…တကယ်တော့ အုပ်ချုပ်ရေးဆိုတာ နားလည် မလည်ပါဘူး ကျွှမ်းလည်းမကျွှမ်းကျင်ပါဘူး လိုအပ်တာရှိရင်..ကျနော်တို့ကို အကြံပေးပါ ” အားလုံး ကလည်း သဘောတူကြတယ်…တခါမြို့နယ်မှုးက ကျောင်းသားသမဂ္ဂခေါင်းဆောင်ပိုင်းတွေကို ရဲလုံခြုံရေးပေးမဲ့အစီအစဉ်ကိုတော့လက်မခံခဲ့ဘူး…ဒါပေမဲ့..သူက ကျနော့်ကို လုံခြုံရေးအရ အရေးကြီး ကြောင်း စသဖြင့်အရှည်ကြီးရှင်းပြပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဘို့ဆို ခြောက်လုံးပြူးသေနပ်တလက် ထုတ်ပေးတယ်…ခက်တာက ကျနော်က သေနပ်ဆိုတာ ကိုင်တောင်မကိုင်ဘူးဖူး ပစ်လည်းမပစ်တတ်ဘူး ဟန်ကိုယ့်ဘို့အနေနဲ့ အဲဒီ သေနပ်ကိုတော့ယူထားလိုက်တယ် ( ကျနော်ထောင်ကျတဲ့အထဲမှာ အဲဒီ့အမှု့က နှစ်နှစ်ပါတယ် - အဲဒီ့မြို့နယ်မှုး အလုပ်ပြုတ်သွားတယ် )။
တကယ်တော့အာဏာရှင်များဟာအကွက်ကျကျယုတ်မာလိုက်တာပဲဖြစ်တယ်…အုပ်ချုပ်ရေးယန္တယားကြီးပြိုသွားအောင်လုပ်တယ်…ကျောင်းသားတွေဆိုတာ အုပ်ချုပ်ရေး ကျွှမ်းကျင်ကြတာမဟုတ်.. မတန်တဆ တာဝန်တွေက မထမ်းချင်လည်း ထမ်း ..ထမ်းချင်လည်းထမ်းဖြစ်လာတော့တယ်…အဲဒီတော့ ကျနော့်ကို သတင်းစာတွေ စာစောင်တွေထဲကနေဝေဖန်ကြတော့တယ် ( ကာလတခုမှာ စာပေလွတ်လပ်ခွင့်တော်တော်ရလိုက်ပါတယ်) ကျောင်းသားသမဂ္ဂ ဥက္ကဌ ပုလိပ်ထဲဝင်သွားခြင်း ဆိုပြီး ---ဟုတ်တော့လည်း ဟုတ်တယ်ဗျ ကျနော့်မှာကိုယ်လုပ်ချင်တဲ့ နိုင်ငံရေးကပျောက်သွားပြီး လူဆိုးသူခိုး ဆူပူမှု့တွေနှိမ်နင်းရတဲ့ အလုပ်တွေလိုက်လုပ်နေရတယ် (တခုတော့ရှိတယ်..အခုအသက်အရွယ်ရောက်လာမှ ၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီးပြောသွားသလိုပဲ အာဏာနဲ့ငွေဟာ လူတွေနဲ့သိပ်မတဲ့ဘူးဆိုတာ သဘောပေါက်လာတယ် ) လက်နှက်ကိုင်ပြီး ပါဝါပြနေရတာ…နည်းနည်းသဘောကျနေသလိုပဲ
..စဉ်းစားကြည့်ပေါ့ အသက်နှစ်ဆယ်ကျော်အရွယ်မှာ ရင်ခုန်တတ်တာ ဓမ္မတာပဲလေ အဲဒီကာလမှာ မိန်းမချောလေးတွေဆိုတာ ၀ိုင်းရံနေကြတာ ကိုယ်ဘယ်ကိုသွားချင်လည်း မော်တော်ကားဆိုတာ အသင့် ဘာစားချင်လည်း အလကား ( ခေါင်းဆောင်ဖြစ်ခဲ့တဲ့ကာလက စိတ်အစဉ်ကိုပြန်ဆန်းစစ်ကြည့်မယ်ဆို အာဏာကို ယစ်မှုးခဲ့မိတာအမှန်ပဲ )
ရေနံမြေကြီးတခုလုံးကလည်း ကျောင်းသားသမဂ္ဂလက်ထဲမှာ အဲဒီတော့ဘာလုပ်သလည်းဆိုတော့ လက်နှက်စက်ရုံက အနားယူလာတဲ့ တပ်ထွက်ရဲဘော်ဟောင်းတွေက ရှိတဲ့ပစ္စည်းတွေနဲ့ လက်နှက်တွေ လုပ်ကြတယ်….လက်လုပ်စိန်ပြောင်းတွေလုပ်တယ် ( သူတို့ကတော့ စိန်ပြောင်းလို့ပဲသုံးတယ် ကျနော် လက်နှက်အကြောင်းသိပ်နားမလည်ဘူး ) ပစ်လိုက်ရင်တော့ တဒိန်းဒိန်းနဲ့ ဟုတ်နေတာပဲ နောက်တခါ ရေနံမြေက လမ်းလျှောက်စကားပြောစက်တွေရလာတယ် လှမ်းလျှောက်စက်တကိုင်ကိုင်နဲ့သွားနေရတာကိုက ကျနော်တို့အားလုံးမှာ မြောက်နေကြတာ။ တနေ့တော့ ရပ်ကွက်တခုမှာ စကားများရန်ဖြစ်ပြီး မီးရှို့တာ ဖြစ်တယ်…ကျနော်တို့ဒေသက မီးဆိုအရမ်းကြောက်ကြတယ်လေ မီးဒဏ်ခနခဏခံခဲ့ရတာကိုး ကျောင်းသားသမဂ္ဂလုံခြုံရေးအဖွဲ့တွေက သွားတားတာ မရဘူး ဒါနဲ့ကျနော်လိုက်သွားတယ် ရဲမြို့နယ်မှုးက လည်း ကျနော့်ကိုလှမ်းအကြောင်းကြားပြီး ရဲတွေလွှတ်ပေးမဲ့အကြောင်းပြောတော့ ကျနော်ကလက်မခံခဲ့ဘူး သူ့ဆီက လက်နှက် ဆယ်လက်လောက်ကိုပဲ ခနဌားလိုက်တယ် ( ပြီးတော့ပြန်ပေးပါတယ် ) လုံခြုံရေးအဖွဲ့ထဲက ပစ်တပ်ခပ်တတ်တဲ့သူတွေကိုရွေးထုတ်ပြီး ခေါ်သွားတယ်၊ ဖြစ်တဲ့နေရာက ချိုင့်ထဲလို နေရာမှာ ကျနော်က တောင်ကုန်းတခုပေါ်ကနေ မီးနဲ့ဆက်မရှို့ဘို့လော်စပီကာနဲ့အော်တော့မရဘူး မီးသတ်ကားကငြိမ်းဘို့ရောက်လာတာတောင် မီးသတ်ကားကိုခဲတွေ လောက်လေးဂွတွေနဲ့ပစ်လို့ ကားလည်းစုတ်ပြတ်သတ်သွားတယ် ၊ မရတော့ဘူး ဒါနဲ့ လက်လုပ် စိန်ပြောင်းနှစ်လက်ကိုထုတ်လာပြီး အပစ်ခိုင်းလိုက်တယ် လူတွေမှန်အောင်တော့မပစ်ပါဘူး ( သေနပ်နဲ့ဘာလို့မပစ်တာလည်းဆိုတော့ ကျည်ဆန်ကုန်မှာဆိုးလို့ လိုအပ်မှ ဘယ်လိုမှမရမှ ထုတ်သုံးမယ်ဆို ဆုံးဖြတ်ထားတာ ) ညအမှောင်ထု ရဲ့တိတ်ဆိတ်နေတဲ့အချိန်မှာတဒုန်းဒုန်းနဲ့ဆိုတော့မြို့လူထုကလည်းကြောက်ကြတာပေါ့……
ကျနော်ဒီအလုပ်တွေမလုပ်ချင်ဘူး ဒါပေမဲ့မတတ်နိုင်ဘူးလုပ်ရတော့တယ် ဒီကြားထဲမှာ အကျဉ်းထောင်တွေထဲ က အကျဉ်းသားတွေကိုထောင်ဖွင့်လွှတ်ပေးလိုက်တော့ အုပ်ချုပ်ရေးက ပိုဆိုးကုန်တယ်. ကျနော်တို့ ဒေသမှာတော့ ဘာပဲဖြစ်ဖြစ်တတ်နိုင်သလောက်နိုင်အောင်ထိန်းနိုင်ခဲ့ပါတယ် ၊
သံဝေဂရစရာတခုက မြို့ရဲစခမ်းအချုပ်ထဲက အချုပ်သား တရာကျော်လောက်က လွှတ်ပေးဘို့ ဆန္ဒပြပါလေရော ရဲမြို့နယ်မှုးက ကျနော့်ကိုလှမ်းခေါ်လို့သွားတော့ သူတို့ကရှင်းပြတယ် အချုပ်က ထမင်းကို တနေ့ တနပ်ပဲကျွှေးနိုင်တော့တယ်…စားစရာရိက္ခာ အထောက်အပံ့က မလုံလောက်တော့ဘူး ဒါနဲ့ အဲဒီညနဲ့ မနက်အတွက် သပိတ်စခမ်းကနေ ထမင်းတွေပို့ပေးလိုက်ရတယ် နောက်နေ့မနက်မှာ လာလွှတ်ပေးမယ် ကတိပေးလိုက်လို့ ထွက်လာလိုက်တဲ့ အချုပ်သားတွေအသံက တမြို့လုံးကကိုကြားနေရတာ……
နောက်နေ့မနက်ရောက်တော့ အချုပ်သားတွေကိုလွှတ်ပေးဘို့ သွားတယ်..တရားရုံးတခုက အခန်းထဲမှာရော အပြင်မှာရောအားလုံးကိုထိုင်ခိုင်းလိုက်ပြီး သြ၀ါဒတွေချွှေရတာပေါ့လေ ဥပဒေအရာရှိ ( နောင်တရားသူကြီး )ရော ရဲမြို့နယ်မှုးရောပါတယ်…ကျနော့်အလှည့်ရောက်တော့
“ ခင်ဗျားတို့ကို ကျောင်းသားသမဂ္ဂတာဝန်ရှိသူများရဲ့ဆုံးဖြတ်ချက်အရ လွှတ်ပေးမယ်..ဒါပေမဲ့ ဒေသတွင်းလုံခြုံရေးကိုတော့ပျက်ပြားအောင်မလုပ်ပါနဲ့ ပျက်ပြားအောင်လုပ်မယ်ဆိုရင် ခင်ဗျားတို့ကိုထိန်းသိမ်းထားစရာနေရာမရှိဘူး…သဘောပေါက်လား ”
“ ပေါက်ပါတယ်…..”
“ အဲဒီတော့ အဲဒီ့အချက်ကိုချိုးဖောက်မယ်ဆိုရင် ပစ်သတ်မယ် ” အားလုံးက
“ ကျနော်တို့ ကတိပေးပါတယ် ကျနော်တို့ကျောင်းသားတွေအနှောက်ယှက်ဖြစ်အောင်မလုပ်ပါဘူး ” အားလုံးကို ကျနော်တို့လွှတ်ပေးလိုက်တယ် ။ ( အဲဒီ့အချိန်ကပြောခဲ့တဲ့စကားတွေကို ပြန်သတိရတိုင်း အရမ်းရှက်မိတာအမှန်ပါ …ကျနော် အသက်နှစ်ဆယ်ကျော်အရွယ်မှာ အာဏာသုံးပြီး မောက်မောက်မာမာ ပြောခဲ့တဲ့စကားတွေကို အခု စစ်အာဏာရှင်များက အသက် ငါးဆယ် ခြောက်ဆယ်ကျော် အရွယ်တွေမှာ ပြောပြောနေတော့ စဉ်းစားမိတယ် အော် ငါက အသက်နှစ်ဆယ်ကျော်အရွယ်မှာပြောခဲ့တာ..သူတို့က ဒီ အသက်အရွယ်မှာဆိုတော့ သူတို့အတွေးအခေါ်ဆင်ခြင်တုံတရားက အသက်နှစ်ဆယ်ကျော် လူငယ် တယောက် လောက်ပါပဲလားဆိုတာ စဉ်းစားမိတယ် ) သံဝေဂ ရစရာဆိုတာကတော့ ကျနော့်ကို ထောင်ချ တဲ့အခါ အဲဒီ့ရုံးခန်းအတွင်းမှာပဲ..တရားသူကြီးက ကျနော်ထိုင်ခဲ့တဲ့ထိုင်ခုံပေါ်မှာထိုင်ပြီး ကျနော့်ကိုထောင်ချခဲ့တာပါ။
တကယ်တော့ အသက်နှစ်ဆယ်ကျော်အရွယ်ကျောင်းသားတွေအနေနဲ့ ဒေသဆိုင်ရာအုပ်ချုပ်ရေးကိုကိုင်တွယ်ဘို့ဆိုတာအတော်မလွယ်ကူတဲ့ကိစ္စပါ….ကျနော်တို့မှာဘာအတွေ့အကြုံမှလည်းမရှိ…ဘာပညာရပ်မှလည်းမရှိ တော်တော့်ကို ကသောင်းကနင်းနိုင်လှပါတယ် လူထုခမျာလည်း အားကိုးစရာ အခြားမရှိလေတော့ အိမ်မှာ ဒန်အိုး ဒန်ခွက်ပျောက်တာက အစကျောင်းသားသမဂ္ဂကို လာတိုင်တန်း ကြတယ် တတ်နိုင်သလောက်လည်း လုံခြုံရေးအဖွဲ့ဝင်များက ရှင်းပေးကြပါတယ် ။ ဒီလိုနဲ့ အတတ်ပညာရှင်များကလည်း တတ်သည့်ပညာမနေသာဆိုသလို လွတ်လပ်သွားတဲ့ကာလလေးတခုမှာ လွတ်လွတ်လပ်လပ် တီထွင်ကြတယ် ရေဒီယိုပညာရှင် ဆရာဦးသန်းစိန် က အသံလွှင့်ဌာန အသေးစားလေးတခုကို ထူထောင်တယ် သိပ်အဝေးကြီးတော့မရပါဘူး မိုင် ၂၀ ပတ်လည်လောက်တော့ ရတာပေါ့လေ ဘာပဲဖြစ်ဖြစ် ကျောင်းသားသမဂ္ဂ ကအရေးကြီးတဲ့ကိစ္စရပ်တွေ ကျေငြာချက်တွေကို အရင်လို လောစပီကာကြီးတွေနဲ့လိုက်အော်စရာမလိုတော့ဘူး အသံလွှင့်ဌာနကနေ ကျေငြာလိုက်ယုံပဲ ဟန်တော့ကျတယ်……..
ကျနော်ဆို နေ့ဘက်မှာ တာဝန်တွေထမ်းဆောင်လိုက် ညဘက်ဆို အားဆေးပုလင်းချိတ်ပြီးနေ့စဉ် နီးပါးလောက် ဆေးသွင်းနေရတယ် တခါတလေ အရေးပေါ်လာရင် သွင်းလက်စ အားဆေးပုလင်းကို ဇွတ်ဖြုတ်ခိုင်းပြီး ပြေးရတော့တာပဲ ….ဒီကြားထဲ ဦးနု က အစိုးရအဖွဲ့ဖွဲ့လိုက်တော့ ကျနော်တို့က ဘာလုပ် ရမှန်း လည်းမသိဘူး…တယောက်ကလာပြောတယ် ထောက်ခံလိုက် ဒါအရေးကြီးတယ် ..အားလုံးဝိုင်းထောက်ခံကြပါဆိုတော့ ရေဒီယိုအသံလွှင့်ဌာနကနေ ကျောင်းသားသမဂ္ဂ အာဘော်ကို ထုတ်လွှင့်လိုက်တယ်…နောက်မကြာဘူး နောက်တဖွဲ့က ဒါ ထောက်ခံရမဲ့ ကိစ္စမဟုတ်ဘူး ပွဲလန့်တုန်းဖျာဝင်ခင်းတာ မင်းတို့ထောက်ခံလိုက်ရင် တိုင်းပြည်ဘာဖြစ်သွားမယ်ထင်သလည်းဆိုတော့ စောစောက ထောက်ခံချက်ကိုပြန်ရုတ်သိမ်းရ (ဘာတွေဖြစ်လို့ဖြစ်ကုန်မှန်းကိုမသိတော့)
ဒီလိုနဲ့ကျနော်နဲ့ကျောင်းသားအချို့ကျောက်ပန်းတောင်းမြို့ကျောင်းသားသမဂ္ဂနဲ့သွားတွေ့အပြီး အပြန် ညနေခင်းလောက်မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီဆိုတဲ့အကြောင်းသတင်းဆိုးကိုကြားလိုက်ရတယ် ရေဒီယိုကလည်း စစ်သီချင်းတွေ အဆက်မပြတ်လွှင့် ကျေငြာချက်တွေ အဆက်မပြတ်ကြေငြာနဲ့ အားလုံး လှုတ်လှုတ်ရွရွတွေဖြစ်ကုန်ကြတယ်…ဘာဆက်လုပ်ကြမလည်း ခေါင်းဆောင်ပိုင်းတွေအားလုံးက ဆုံးဖြတ်လိုက်တယ် ရှိတဲ့လက်နှက်တွေနဲ့ခံချမယ် ၊ စက်တင်ဘာလ ၁၈ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းအပြီး နောက်ရက် ၁၉ ရက်နေ့မှာ တမြို့လုံး ချီတက် ဆန္ဒပြတယ် ကျနော်တို့ စစ်တပ်ကို ခံချမယ်ဆိုတဲ့အကြောင်းကိုလည်း လူထုကို အသိပေးလိုက်တယ် မြို့လူထုက ထိပ်လန့်နေကြပြီ
၁၉ ရက်နေ့ညမှာ ကျနော်တို့တတွေ မြို့တောင်ဖက်ဖျားက ကမ်းပါးနှစ်ခုကို ဆက်ထားတဲ့ တံတားကို ရေနံမြေက ယူလာတဲ့ ယမ်းတွေနဲ့ ကျွှမ်းကျင်သူများက မိုင်းတွေတပ်ဆင်ကြတယ် ရှိတဲ့လက်နှက်တွေနဲ့ ခံဆော်ကြမယ် ည ၁၁ နာရီလောက်ရောက်တော့ မြို့မိမြို့ဖ လူကြီးတွေရောက်လာကြပြီး မျက်ရည်စက်လက်နဲ့တောင်းပန်ကြတယ် ဒီလို မလုပ်ဘို့ ဒီလိုသာလုပ်မယ်ဆိုရင် မြို့နာလိမ့်မယ်ဆိုတာကိုရှင်းပြကြတယ် ဒါပေမဲ့ ကျနော်တို့အများစုက လက်မခံခဲ့ဘူး မနက် ၁ နာရီလောက်အရောက်မှာ ဗုန်းပေါက်ကွဲသံကြီးတခုက တော်တော်ကိုကျယ်ကျယ်လောင်လောင်ကြားလိုက်ရပြီ ဘာပဲပြောပြော အားလုံးက ကြောက်ရွံ့ကုန်ကြတာတော့အမှန်ပါ ( အဲဒီ့ဖြစ်ရပ်က ကျနော်တို့ကိုကယ်သွားတာပါ တကယ်က စစ်တပ်ကလည်း ကျနော်တို့နဲ့ ၆မိုင်လောက်အကွာမှာရောက်နေပြီ ၊ ဗုန်းက ကျနော်တို့လည်းမဟုတ် စစ်တပ်ကလည်းမဟုတ် ကြားထဲက ထပေါက်ကွဲတာ ၊ ဗုန်းဆံအဟောင်းတလုံးကို လူတစုက ဖောက်ခွဲလိုက်တာ….စစ်တပ်ကလည်း ကျနော်တို့လို့ထင် ကျနော်တို့ကလည်း စစ်တပ်လို့ထင်နဲ့….မြို့ကိုသိမ်းမဲ့စစ်တပ်က ရှေ့ဆက်မတက်တော့ပဲ နောက်ကြောင်းပြန်လှည့်သွားတယ် ကျနော်တို့ကလည်း ဒီပုံဆို အခြေနေမကောင်းဘူးဆို ပြန်ဆုတ် တပ်ဖျောက်လိုက်ကြတော့တယ်
နောက်မနက်လင်းလို့ ၂၀ ရက်နေ့ရောက်ခါမှစစ်တပ်က ၀င်သိမ်းတယ် ကျနော်တို့အားလုံး ရှောင်တိမ်းပြီး ပုန်းအောင်းနေခဲ့ကြတယ်…..စစ်တပ်ကတော့ အပြီးတိုင် သပိတ်စခမ်းကို ၀င်သိမ်းလိုက်ပြီ ကျနော်တို့တော်တော်ဝမ်းနည်းခဲ့ကြတယ် ဘာတတ်နိုင်မှာလည်း ကျနော်တို့မှာ ပြန်လှန်တွန်းလှန်ဘို့ဆိုတာ မဖြစ်နိုင်…..စစ်တပ်အာဏာသိမ်းမှု့မှာတော့ သေဆုံးမှု့မရှိခဲ့ဘူး။
လွန်ခဲ့တဲ့ ၂၃ နှစ်က ပုံရိပ်တွေဟာ ကာလကြာခဲ့ပေမဲ့ အစဉ်မြဲ ထင်ဟပ်နေဆဲပါ… ကျနော်သေဆုံးသွားသည့်တိုင် ရှစ်ဆယ်ရှစ်ရဲ့သမိုင်းတခေတ်ဟာ ရင်ထဲမှာကျန်ရစ်နေဦးမလား……..။
အားလုံးကိုလေးစားစွာဖြင့်
( မောင်မောင်ဝမ်း )
0 “လူမွဲတွေက မနှေးခေတ်မီ သူဌေးဖြစ်တော့မည်”
အခုတလော တီဗီထဲမှာ ညတိုင်းကြားနေရတဲ့ “ဆင်းရဲနွမ်းပါးမှု လျှော့ချရေး” ဆိုတဲ့ စကားလုံးကလေးကို အရင်က မကြားဖူးခဲ့လို့ အသစ်အဆန်းဖြစ်နေပေမယ့် အဲဒါ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ကော့စမက်တစ်အတောင့်လိုက်နဲ့ ဘိုကေကို ပြောင်နေအောင်ဖြီးလို့ ဘန်ကောက်လုံချည်တရွှမ်းရွှမ်းဝတ်တဲ့ ဘိုးတော်ကြီးခင်မောင်ရင် ခေတ်ကတည်းက “ ဆင်းရဲခြင်း လွတ်ကင်းအောင် လမ်းပြဆောင်ပါမည်” လို့ ဆိုနေလိုက်တာ ဒီကနေ့ မြေးများမြစ်များခေတ်မှာတောင် ကာရာအိုကေ ဘီယာဆိုင် စင်တင်တေးဂီတတို့အလယ်မှာ ဘဘကြီးတို့အကြိုက် ဟစ်သီချင်းဖြစ်နေဆဲပါပဲ။ သူသူကိုယ်ကိုယ် ဆိုချင်တိုင်းဆိုနေကြလို့ အလွတ်တောင်ရနေကြပြီဆိုပေမယ့် “အဲဒါ ဘာပြောတာလဲ” လို့ ရေရေရာရာ မေးကြည့်ရင် ဘယ်သူမှ ဂဃနဏ မပြောနိုင်ပါဘူး။ “သိဘူးလေ။ သီချင်းပဲ။ ဒီလိုပဲ ဆိုပလိုက်တာပေါ့” လို့ ပြောကြပါလိမ့်မယ်။ နဂါးနီဆိုတာ ဘာပြောမှန်းသိတဲ့သူ အင်မတန်ရှားပါတယ်။
( မယုံရင် ကိုယ့်ဘာသာ လိုက်မေးကြည့်ပေတော့) တကယ်တော့ နဂါးနီဆိုတာ အင်္ဂလိပ်နယ်ချဲ့လက်အောက်မှာတုန်းက မြန်မာအမျိုးသားတို့ရဲ့ အသိဥာဏ်တွေရင့်သန်စေဖို့ ဖွင့်လှစ်လိုက်တဲ့ စာဖတ်အသင်းကြီးရဲ့ အမည်ဖြစ်ပြီး “မြန်မာတွေ ဆင်းရဲတွင်းက လွတ်စေဖို့ အသိဥာဏ်တိုးအောင် စာဖတ်သင့်တယ်” လို့ အဓိပ္ပါယ်ရတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ မြန်မာသီချင်းကို မြန်မာတွေနားလည်အောင် မြန်မာလိုပြန်ပြရတာ ဖတ်ဖတ်ကိုမောပါရောလား။ ဆိုမယ့်သာဆိုနေကြပြီး စာသားတွေက လျှာဖျားကနေ ဦးနှောက်ထဲအထိမှ စိမ့်ဝင်မလာပဲကိုး။ အလွတ်မှတ်မိတာတောင် အဓိပ္ပါယ် မကောက်မိတာ အံ့သြပါ့။ အခုလည်း ပြောမယ့်သာပြောနေတာ လျှာပေါ်တင်ဝဲပြီး လေထဲတွင် ပျောက်သွားမှာစိုးလို့ တွေးမိတွေးရာ ဆက်ပြိး တွေးကြည့်မိပါတယ်။ လုပ်တာ မလုပ်တာကတော့ မမြင်ရသေးတာမို့ ဧ၀ံမေသုတံ အဆင့်ပဲ ရှိသေးတာ။ အရင်တုန်းကလို “မရှိစကား မကြားရစေသတည်း” ဆိုပြီး ဆင်းရဲသားခန်းဆို ရုပ်ရှင်ထဲတောင် ထည့်မရိုက်ရဘူးလို့ ကြိုတင် ဆင်ဆာဖြတ်ထားတာထက်စာရင်တော့ အများကြီး တိုးတက်ပြောင်းလဲလာပြီပေါ့။ ဆင်းရဲသားများကို လူလူသူသူ စကားထဲထည့်ပြောဖော်ရတာကိုက ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်စရာ မဟုတ်ပါလား။ ( ဒါကြောင့် ရှေးလူကြီးတွေက ခွေးဝမ်းသာအောင် လေလည်မပြနဲ့ လို့ ပြောကြတာနေမှာ)
ပထမဦးဆုံးအဆင့်ကတော့ မြန်မာပြည်မှာ ဆင်းရဲနွမ်းပါးတဲ့သူတွေ ရှိနေတယ်ဆိုတဲ့အချက်ကို မသိကျိုးကျွံပြုနေရာကနေ တခုခု လုပ်ပေးရတော့မယ်လို့ နှုတ်၏စောင်မခြင်းနဲ့ အာရုံစူးစိုက်ခံလိုက်ရတာပေါ့။ “ဟုတ်စလား။ ငါတို့ တကယ်ပဲ ဆင်းရဲမွဲတေသွားပလား” လို့ ကိုယ့်ဘာသာပြန်တွေးကြည့်ပြန်တော့ အဲသလောက်လည်း အဆိုးကြီး မဟုတ်သေးပါဘူး။ ငယ်ငယ်တုန်းကဆို သမဆိုင်မှာ ငစိန် ငကျွဲ ဧည့်မထလောက်ကို စာအုပ်နဲ့ တန်းစီပြီး ထုတ်စားရတဲ့ဘ၀၊ နှုတ်ခမ်းပါးနား မပါတဲ့ သာယာဝတီထုတ် ကြွေပန်းကန်ထူကြီးတွေကို ကြွေရည်သုတ် ဒန်ဇလုံ ဒန်ဇွန်းနဲ့ စားရတဲ့ဘ၀၊ တီဗီဆိုတာ ကောင်စီရုံးရှေ့မှာ ညဘက်နေရာဦးပြီး ကြည့်ရတဲ့ဘ၀မှာ တော်တော်များများ အသားတကျ နေလာခဲ့တာပါ။ ဘယ်သူကမှ ငါတို့ ဆင်းရဲလေစွ ဆိုတဲ့စိတ်တောင် မပေါက်ခဲ့ဘူး။ ဒီကနေ့ခေတ် လူအများစုရဲ့ အိမ်တွေနဲ့ ယှဉ်ကြည့်လိုက်ရင် ၀င်းသူဇာနဲ့ စီးတီးမတ်လောက်ကို လူသုံးပစ္စည်းအဆင့်အတန်းတွေက ကွာခြားသွားပြီ။ ဒါ အများစုရဲ့ လူနေမှုအဆင့်အတန်းကိုပြောတာပါ။ အရမ်းချမ်းသာတဲ့သူ အရမ်းဆင်းရဲတဲ့သူဆိုတာကတော့ ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် ရှိကြတာပဲလေ။ “လူတန်းစားတွေ ကွာဟကုန်မှာပေါ့။ မင်းတို့က ငါ့ပြောစကားမှ နားမထောင်တာ” လို့ သွားလေသူကြီးက ရောက်ရာဘ၀ကနေ မင်္ဂလာဝင်ယူနေပါဦးမယ်။ အဲသလိုတော့လည်း မဟုတ်ပြန်ပါဘူး။ လူတန်းစားကွဲပြားတာ ပြဿနာမှ မဟုတ်တာ။ နိမ့်ကျဆင်းရဲတဲ့လူတန်းစားအပေါ်မှာ ဘယ်သူက ငဲ့ညှာမလဲ ဘယ်သူ ကူညီဖေးမ မလဲဆိုတာကသာ ပြဿနာပါ။ ဘယ်စားရိတ်တွေ ဘယ်လိုပဲ မိုးပျံအောင်ကြီးပါစေ ကျူရှင်ပြစားတဲ့ ၀င်ငွေနဲ့တင် နိုင်ငံခြားကို လေယာဉ်စင်းလုံးငှားပြိး ဆေးသွားကုနိုင်သူတွေအတွက် အစိုးရအထောက်အပံ့ တစ်ပြားသားမှ မလိုပေမယ့် မတ်တတ်စာသာရှိပြီး တုန်းလုံးစာမရှိတဲ့ ဆင်းရဲသားပြည်သူတွေအတွက်တော့ အခမဲ့ဆေးကုသခွင့်ဆိုတာကလေး ရှိသင့်တယ်ဆိုတဲ့အကြောင်း ဆရာဝန်ပီပိ ကိုယ်နဲ့ဆိုင်တဲ့ဆီကပဲ အစဆွဲထုတ်လိုက်ပါတယ်။
နိုင်ငံတော်က ငွေကြေးသန်းပေါင်းများစွာစိုက်ထုတ်ပြီး ဆေးရုံဆေးပေးခန်းများစွာဖွင့်လှစ်၊ ၀န်ထမ်းအင်အား အမြောက်အများခန့်ထားပြီးပြီလို့ မကြာခန ကြော်ငြာထုတ်နေတာဟာ ဦးနေ၀င်းလက်ထက်က ဒေါ်လာဈေးကို ဆယ့်ခြောက်ကျပ်နဲ့ဖြတ်ထားပြီး တသက်လုံးလှေနံဓားထစ်ထားသလိုပါပဲ။ အဲဒီဆေးရုံတွေမှာ ဆရာဝန်တွေ အလုပ်လုပ်ရင် လုပ်သလောက် နောက်ထပ်လိုအပ်လာတဲ့ ကုန်ကျစားရိတ်ဆိုတာ မီတာတက်သလို တက်လာဦးမှာပဲ။ စောန ဥပမာနဲ့ပဲ တဆက်တည်းတွေးရရင် ကျူရှင်ဆရာတစ်ယောက်ရဲ့ မသေးလှတဲ့ဝင်ငွေကို မြင်တာနဲ့ ကျောင်းသားတစ်ယောက်ကျခံရတဲ့ ပညာရေးကုန်ကျစားရိတ်တွေကို ခန့်မှန်းနိုင်ပါတယ်။ ပညာရွှေအိုး လုမတိုးနိုင်လို့ ပညာရေးဆုံးခန်းမတိုင်လိုက်ရတဲ့သူတွေအတွက် အခမဲ့ ပညာသင်ကြားရေးဆိုတာကလေးရော မရှိသင့်ဘူးလား။ အိမ်တိုင်းမှာ အသိဥာဏ်ရင့်ကျက်တဲ့သူ တစ်ယောက်စီသာ ရှိနေမယ်ဆိုရင် သူ့အိမ်ကြီးပွားတိုးတက်ဖို့ သူ့ဘာသာ ကြိုးစားလိမ့်မပေါ့။ မဟုတ်ဘူးလား။ ဒီနေရာမှာလည်း နိုင်ငံတ၀ှမ်းလုံး တက္ကသိုလ်ကောလိပ် ဘယ်၍ဘယ်မျှ ဘွဲ့ရပညာတတ် တစ်နှစ်ကိုဘယ်လောက်ဆိုတာနဲ့ မရပြန်ပါဘူး။ နှစ်ကုန်ပြိးမြောက်ကြောင်း စာရွက်ပေါ် ဓါတ်ပုံကပ်ပေးလိုက်တာထက် အသိပညာ အတတ်ပညာတစ်ခုခု ခေါင်းထဲအရောက်သွင်းပြီး ထိုက်သင့်တဲ့ နေရာတစ်နေရာရာမှာ တစ်ခုမျှလျှက် အသက်မွေးကြောင်း ဖြစ်တုံရှောင်း၏ လို့ ဖြစ်သင့်တာ မဟုတ်ပါလား။
အစိုးရဘက် တဘက်တည်းကို အားကိုးနေလို့တော့ မဖြစ်သေးပါဘူး။ ပြည်သူတွေဘက်ကလည်း ပြုပြင်ယူရမယ့် အကျင့်တွေ အများကြိး ရှိနေပါတယ်။ အလကားရရင် “အိမ်မှာ ကလေးသုံးယောက်ကျန်သေးတယ်။ ပေးလိုက်ပါဦးလား” ဆိုတဲ့ မတော်လောဘကို အစသတ်နိုင်ရပါမယ်။ ဂီရိတုန်းက တစ်ယောက်တည်း ဓါတ်ဆားထုတ် ၁၅ခါလာထုတ်ပြီး လမ်းထိပ်တင် ပြန်ပြန်ရောင်းစားတဲ့ ကုလားမှင်စာလေးတွေအကြောင်း ခုထက်ထိ ပြောလို့မဆုံးသေးပါဘူး။ ဘာမှ တန်ဖိုးမရှိတဲ့ ဓါတ်ဆားထုပ်တောင် အဲလိုလုပ်စားနေမှတော့ ငွေကြေးသိန်းသောင်း မြတ်ရာမြတ်ကြောင်းမြင်လို့ကတော့ ဘာပြောကောင်းမလဲနော်။ မြန်မာပြည်ကလူတွေ ဖုန်းတွေ ကားတွေနဲ့ မတန်ရတဲ့အကြောင်းမှာ အဲဒီမတော်လောဘတွေက ထိပ်ဆုံးကပါပါတယ်။ တစ်ရာရင်းလို့ တစ်ဆယ်မြတ်ရင်ရောင်းမယ်။ နှစ်ဆယ်မြတ်ရင်ရောင်းမယ်ဆိုတာမျိုးမရှိတော့ပဲ “အမြင့်ဆုံး ဘယ်လောက်ရမလဲ။ ရသလောက်တင်ထားမယ်။” “ အနိမ့်ဆုံး ဘယ်လောက် အောက်ဈေးနှိုက်လို့ရမလဲ။ ရသလောက်နှိမ်ဝယ်မယ်” ဆိုတဲ့ စိတ်ဓါတ်တွေကြောင့် ကမ္ဘာပေါ်မှာ အဖောင်းပွဆုံးဈေးကွက်ကြီးကို အဆင်းရဲဆုံးနိုင်ငံမှာ တွေ့နေရတာမဟုတ်ပါလား။ (လူတွေအကြောင်းပဲ ပြောမယ်နော်။ အထက်က လူလွန်မသားတွေအကြောင်းတော့ မပြောတော့ဘူး။ ဗေဒင်ဆရာတွေ ဟောပေါင်းများလို့ အပြောအဆို ဆင်ခြင်မှ) ဒါကြောင့်လည်း တရုတ် ကုလား ယိုးဒယားတို့ စပါယ်ယာလိုက်ရင်း တံမျက်စည်းလှည်းရင်း နားမှာချိတ်ထားတဲ့ ဖုန်းကို ကိုယ်တွေဆီမှာ အရာရှိတောင် မစုမဆောင်းပဲ မ၀ယ်နိုင်ဘူးမဟုတ်လား။
ကိုယ်လိုချင်တဲ့ ကြိုက်ဈေး အမြင့်ဆုံးရလို့ ရောင်းရောင်းစားနေမယ်ဆိုရင်လည်း သူဌေးတော့ဖြစ်လာမှာ မဟုတ်ပါဘူး။ အထည်ကြီးပျက်ပဲ ဖြစ်လာပါလိမ့်မယ်။ အဘွားဆုံးတုန်းက ကိုယ်နေတဲ့တိုက်တန်းလျားကလေးဟာ လေးခန်းတွဲ နှစ်ထပ်အိမ်ကလေးပါ။ တိုးတက်စည်ပင်လာတဲ့ မြို့ပြလူနေမှုစံနစ်မှာ တိုက်ခန်းအသစ်တွေ ဈေးကောင်းလွန်းနေတာမို့ အိမ်ခန်းသုံးခန်းတောင်ရှိတဲ့ မိတ်ဆွေကြီးမိသားစုခမျာ အိမ်ရှင်နဲ့ပေါင်းလို့ အကောင်းကြိးရှိသေးတဲ့ တိုက်ခန်းတွေကို ညတွင်းချင်းပဲ ပြိုကျတော့မယောင် ဟိန်းဟောက်ဖယ်ခိုင်းပြီး အထပ်မြင့်တိုက်ကြီး ဆောက်စေပါတယ်။ ပြီးမျ သူ့အခန်းတွေကို စိတ်ကြိုက်ခေါင်းခေါက်ပြီး ဒေါင်ဒေါင်မြည်ဈေးတွေနဲ့ ရောင်းစား၊ နောက်တစ်ခန်းဝယ်၊ ကြိုက်ဈေးရရောင်းနဲ့ ရောင်းကောင်းလိုက်တာ သိပ်မကြာခင်မှာပဲ နေစရာ အိမ်ပိုင်တောင် မရှိတော့တဲ့ဘ၀ ရောက်သွားပါလေရော။ ကုဋေရှစ်ဆယ် သျူေဌးသားလို သိုထားမတတ် အရပ်ရပ်၌ နဲ့မရောင်းတတ် မ၀ယ်တတ်လို့ ဆင်းရဲသွားတာမဟုတ်ပါဘူး။ ရောင်းတတ်ဝယ်တတ်လွန်းလို့ လက်ထဲတင် ပိုက်ဆံတွေ လုံးပါးပါးပြီး ကုန်တာပါ။ သူ့ခမျာ စည်းစိမ်တောင် ခံစားရတာ မမြင်ဘူး။ မန္တလေးက မြန်မာတွေ ဆင်ခြေဖုံးရောက်ကုန်တာလည်း ထိုနည်းလည်းကောင်းပဲ နေမှာပါ။
ဥစ္စာဟူသည် မျက်လှည့်မျိုးဆိုတဲ့ လောကဓံသံဝေဂတွေကို ဒီခေတ်ကြီးထဲမျာတော့ မကြာခန တွေ့ရပါလိမ့်မယ်။ ဒီကနေ့ ဒီအချိန်မှာ ချွေတာစုဆောင်း သူဌေးလောင်းဆိုတာ မဖြစ်နိုင်တော့ဘူးလေ။ ဆယ်တန်းအောင်ကာစက သူ့သားကြီးနောင်ရေးကျောင်းစားရိတ်ကို စိတ်ပူရှာတဲ့အမေဟာ မြန်မာ့စီးပွားရေးဘဏ်က ကျပ်တစ်ရာတန် ငွေစုလက်မှတ်ကလေးတွေ ၀ယ်ဝယ်စုထားပါတယ်။ ၁၂ နှစ်ကြာရင် ခြောက်ရာကျပ်ကြီးများတောင် ဖြစ်လာမှာတဲ့။ အခုတော့ အဲဒီငွေစုလက်မှတ်ကလေးတွေမြင်တိုင်း ပြုံးမိတယ်။ အသက်လေးဆယ့်ငါးနှစ်ထဲက ပညာတတ် အရာရှိ ဆရာဝန်ကြီးခမျာ ဘယ်ဘဏ်မှာမှ တစ်ကျပ်တစ်ပြား စာရင်းဖွင့်ထားတာ မရှိသေးဘူး။ ကောင်းတော့ အကောင်းသား။ ပိုက်ဆံတွေ သိမ်းတော့မှာတဲ့။ ဘဏ်တွေ ဒေ၀ါလီခံပြီတဲ့လို့ ကောလာဟလတွေ ကြားတိုင်း “ တို့ကတော့ ပူပေါင်ဗျာ” လို့ မိန့်မိန့်ကြီး ပြောလို့ရတာပေါ့။ ချက်စာအုပ်ဆိုတာတောင် ဘူတန်သွားတုန်းကမှ ပထမဆုံး စကိုင်ဖူးတာ။ ဆက်ကြွားနေရင် ဓါးပြလာတိုက်မှာစိုးလို့ ဆက်ဦးစို့။
ဒါကြောင့်မို့လို့ ဆင်းရဲနွမ်းပါးမှုတွေ လျှော့ချဖို့ဆိုရင် တည်ငြိမ်တဲ့ ငွေကြေးနဲ့ တည်ငြိမ်တဲ့ဈေးကွက်ရှိနေဖို့ မလိုဘူးလားလို့ တွေးမိပါတယ်။ “ဒါဆိုရင်တော့ အဲဒါတွေ တည်ငြိမ်ဖို့ တည်ငြိမ်တဲ့အစိုးရ ရှိဖို့လိုတာပေါ့” လို့ ၀မ်းသာအားရ နှပ်ကြောင်းပေးလာရင်တော့ “ သိပ်လိုတာပေါ့” လို့ အားရပါးရ ထောက်ခံလိုက်ပါ့မယ်။ ခေတ်ကာလစီးပွားရေးဆိုတာ ၀မ်းဘဲဆေးပေါ့လိပ်တို့ န၀ရတ်ရေစင်သွေးဆေးတို့ ခေတ်တုန်းကလို လူတစ်ယောက်တစ်ပြားမြတ်၊ လူတစ်သိန်းသောက်ရင် ရက်တစ်ရာကြာတော့ တစ်သိန်းမြတ်မယ်ဆိုတဲ့ လူထုအခြေပြုဈေးကွက်စီးပွားရေးမဟုတ်ဘူး။ ပိတ်ထားတဲ့စီးပွားရေး အခွင့်အလမ်းတွေကို ရွှေသော့နဲ့ ဖွင့်ဖွင့်ပြီးဝင်သွားရတဲ့ ကျောထောက်နောက်မှီ စီးပွားရေးဖြစ်နေပြီ။ ဒါကြောင့်မို့ ဒီကနေ့ခေတ် ဇောတိက ဇဋိလကြီးတွေလည်း အခြေယိုင်တဲ့အထဲပါသွားရင် နောက်တနေ့ မာဒင်္ဂဘ၀နဲ့ ထောင်နန်းစံချင်စံရတတ်ပါတယ်။
ဒီလိုအဖြစ်မျိုးမရောက်ရလေအောင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုပြီး လူမွဲတွေအပေါ် စေတနာထားလာကြတဲ့အခါ သားသားတို့ကလည်း အဲဒီကိစ္စအတွက်ပဲ ကျေးဇူးရှင် အစိုးရအဖွဲ့ကြီး တည်ငြိမ်စေကြောင်း တည်မြဲစေကြောင်း ဆုတောင်းမေတ္တာများ ပြန်လည်ပို့သအပ်ပါတယ်။ ဘိုးတော်ကြီးများက ကဒါဖီးလောက် စေတနာရှိရင်တော့ သားသားတို့လည်း လစ်ဗျားလောက်တော့ ချမ်းသာမှာပေါ့။ မူဂါဘီလောက် သဘောကောင်းရင်တော့ ဇင်ဘာဘွေလောက် ကြီးပွားဦးမှာပေါ့။ အထက်က မေတ္တာဝေလာတဲ့အခါ အောက်ကလည်း မေတ္တာများ ပြန်လည်ပို့သလိုက်ရကြောင်းပါ။
( သူများအားမကိုးပဲ ကိုယ့်ဒူးကိုယ်ချွန် ကြီးပွားချမ်းသာလိုတဲ့လူငယ်တွေအတွက်တော့ အသိဥာဏ်တိုးအောင် စာတွေဖတ်သင့်ပါတယ်လို့ ပလီပလာမနှောပဲ ပြောလိုက်ပါရစေ။ ညကျရင် နဂါးနီပြန်ဆိုကြည့် ပိုအရသာရှိလာလိမ့်မယ်။)
Soemin Facebook
0 ကချင်မှာမြစ်ဆုံ ဗမာမှာ ပုဂံ တရုတ်မှာ မဟာတံတိုင်း
ဗမာအစိုးရအနေနဲ့က သူတို့ ပုဂံကိုချစ်သလို၊ ပုဂံကို မပျက်စီးစေချင်သလို၊ ကျမတို့ရဲ့ မြစ်ဆုံကိုလည်း အဲလို မချစ်နိုင်ရင်တောင် မဖျက်ဆီးစေချင်ဘူး။ တရုတ်တွေအနေနဲ့လည်း သူတို့ မဟာတံတိုင်းကြီးကို ပျက်စီးစေမယ့်ဟာမျိုးဆိုရင် သူတို့ လုပ်ပါ့မလား၊ လက်ခံပါ့မလား …
Photo..www.missgreenlady.com
ချစ်ဦးမောင်ရေးသားသည်။ (ဆိုင်းဆွတ်နှင့် ကိုဂျွန် အားဖြည့်ကူညီသည်။)
- ရွှေရှာသူတွေအသုံးပြုတဲ့ ရေစုပ်စက် တစ်ဒါဇင်ကျော်ကထွက်လာတဲ့ တထုံးထုံး၊ တထိန်းထိန်း အသံနဲ့ ၀န်းကျင်တခိုဟာ ဆူညံနေတယ်။ ရွှေရှာဖွေတဲ့ လုပ်ငန်းခွင်ကနေ မြစ်ထဲကို အန်ချလိုက်တဲ့ မဲညစ်ညစ်ရေအနောက်အကျိတွေနဲ့ ၀ါကျင့်ကျင့် မြစ်ရေရဲ့ အနားသပ်ဟာ ညစ်ထေးကုန်တယ်။ မြစ်ကမ်းပါးတွေဟာ ရွှေရှာသူတွေ တူးဆွ၊ ထိုးဖွထား လို့ ကျောက်စရစ်ပုံ တွေ ဟိုနားတစ်စု၊ ဒီနားတစ်စုနဲ့ ထောင်းနမောင်းလန်ကျန်ရစ်ခဲ့တယ်။
ငွေအား၊ စက်အား မတတ်နိုင်တဲ့ တစ်ပိုင်တစ်နိုင် ရွှေကျင်သူတွေဆိုတာဟာလည်း ရေအစပ်မှာ ရွှေကျင်တဲ့ ကျင်ဝိုင်း (အလယ်က နဲနဲချိုင့်နေတဲ့ သစ်သားနဲ့ လုပ်ထားတဲ့ ဗန်းတစ်မျိုး) ကိုယ်စီနဲ့ ရနိုင်သမျှ ရွှေစ၊ ရွှေနလေးတွေကို သည်းကြီးမည်းကြီးလိုက်ရှာနေကြတယ်။
“ဒီအချိန်လေး ရွှေကျင်ရတာ ကျနော်တို့မှာ။ နောက်ဆို လာချင်ပါတယ်ဆိုလို့ ဒီနေရာကိုလာလို့ရတော့မှာ မဟုတ်ဘူး”လို့ အသက် ၄၀ ၀န်း ကျင်လောက်ရှိတဲ့ ကိုအောင်ဆန်းမြင့်ဆိုသူက ကျင်ဝိုင်းပေါ်က ရွှေအစအနလေးတွေကို ပြူးတူးပြဲတဲ လိုက်ရှာရင်း လှမ်းပြောတယ်။
ဒီနေရာကတော့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရဲ့မြောက်ဘက် ၂၇ မိုင်အကွာအဝေးမှာရှိတဲ့ မေခမြစ်နဲ့ မလိခမြစ် တို့ ပေါင်းဆုံရာ၊ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောကြီးဖြစ်တဲ့ ဧရာဝတီမြစ်ကို မွေးဖွားပေးရာ မြစ်ဆုံဧရိယာပဲဖြစ်ပါတယ်။
ကိုအောင်ဆန်းမြင့်တို့ ရွှေကျင်နေတဲ့ မြစ်ဆုံဧရိယာဟာ နောက်ရှစ်နှစ်လောက်ဆိုရင် ရေအောက် စုန်းစုန်းမြုပ် ပျောက်ကွယ်သွားရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ နောက်ပြီး
ကချင်လူမျိုးတွေရဲ့ နှလုံးသားနယ်မြေ၊
ယဉ်ကျေးမှုအမွေအနှစ်ဖြစ်တဲ့ မြစ်ဆုံကနေ အောက်ဘက်နှစ်မိုင်လောက်အကွာအဝေးမှာ မြန်မာအစိုးရဟာ တရုတ်အစိုးရပိုင် ကုမဏီတစ်ခုနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးဖြစ်လာမယ့် ရေအားလျှပ်စစ်စက်ရုံကို တည်ဆောက်နေတာဖြစ်ပါတယ်။ အဲဒီရေအားလျှပ်စစ်စီမံကိန်းကို မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအဖြစ်အမည်ပေးထားတာဖြစ်ပါတယ်။
သတ်မှတ်ထားတဲ့အတိုင်း ၂၀၁၉ ခုနှစ်လောက်မှာ မြစ်ဆုံရေကာတာဆောက်လုပ်ပြီးစီးလို့ ရေလှောင်လိုက်ပြီဆိုတာနဲ့ မြစ်ဆုံဧရိယာဟာ ကွယ်ပျောက်သွားမယ့်အပြင် စင်ကာပူနိုင်ငံလောက် ကျယ်ဝန်းမယ့် ရေလွှမ်းဧရိယာကြောင့် ဆည်ရဲ့အထက်ဘက်မှာရှိတဲ့ ကမ္ဘာ့ရှားပါး ဇီဝမျိုးစုံမျိုးကွဲတွေဟာလည်း ကွယ်ပျောက်ပျက်စီးသွားကြတော့မှာဖြစ်ပါတယ်။ ဟိုး…မြစ်အောက်ပိုင်းက ဧရာဝတီမြစ်ကို မှီခိုလုပ်ကိုင် စားသောက်နေကြ တဲ့ လူသန်းပေါင်းများစွာဟာလည်း ဆိုးကျိုးအမျိုးမျိုးကို ခံစားကြရမှာဖြစ်ပါတယ်။
ဒီအတွက်ကြောင့်လည်း ဒေသခံကချင်ပြည်သူတွေရော၊ ပြည်တွင်းပြည်ပက တတ်သိနားလည်တဲ့ ပညာရှင်တွေကပါ ၀ိုင်းဝန်းဆန့်ကျင် ကန့်ကွက်နေကြတာဖြစ်ပါတယ်။
“ဗမာအစိုးရအနေနဲ့က သူတို့ ပုဂံကိုချစ်သလို၊ ပုဂံကို မပျက်စီးစေချင်သလို၊ ကျမတို့ရဲ့ မြစ်ဆုံကိုလည်း အဲလို မချစ်နိုင်ရင်တောင် မဖျက်ဆီးစေချင်ဘူး။ တရုတ်တွေအနေနဲ့လည်း သူတို့ မဟာတံတိုင်းကြီးကို ပျက်စီးစေမယ့်ဟာမျိုးဆိုရင် သူတို့ လုပ်ပါ့မလား၊ လက်ခံပါ့မလား …” လို့ ဒေသခံ ကချင်အမျိုးသမီးတစ်ယောက်က သူရဲ့အမြင်သဘောထားကို ဖွင့်ဟပြောဆိုပါတယ်။
ဒါပေမယ့် ဒီရေအားလျှပ်စစ်စက်ရုံက ထွက်ရှိမယ့် လျှပ်စစ်ဓာတ်အားကို မြန်မာအစိုးရက တရုတ်ပြည်ကို ရောင်းချတဲ့အခါ တစ်နှစ်၊ တစ် နှစ် အမေရိကန် ဒေါ်လာသန်းပေါင်း ၅၀၀ လောက် ရရှိမှာဖြစ်လို့ မြန်မာအစိုးရအနေနဲ့ ရပ်တန်းကရပ်ဖို့ တွန့်ဆုတ်နေတာဖြစ် ပါတယ်။
တောင်တွေလည်းဆုံး၊ တောလည်းပြုန်း
ဒီနှစ်ထဲမှာ ရေကာတာတည်ဆောက်ရေး ပထမအဆင့်ပြီးစီးအောင် တည်ဆောက်ကြမယ့် ရာဂဏန်းချီတဲ့ တရုတ်အင်ဂျင်နီယာတွေ နဲ့ မြန်မာအလုပ်သမားတွေရဲ့ တောရှင်းတာတွေ၊ လမ်းဖောက်တာတွေ၊ မြောင်းတူးတာတွေ၊ တမံတုပ်တာတွေ လုပ်ဆောင်နေကြတဲ့ အတွက် အခုဆိုရင် မြစ်ဆုံနဲ့ ရေကာတာတည်ဆောက်မယ့်နေရာအကြားက တချို့တောင်ကုန်းတွေဟာ တောင်ကတုံးတွေဖြစ်ကုန်ကြ တာတွေ ရှိသလို တချို့တောင်တွေဟာလည်း အခုတ်အထစ်၊ အလှီးအဖဲ့ ခံထားရတာတွေ့ရတယ်။ မြစ်ဆုံကနေ အောက်ဘက်အဆင်း ၀ဲဘက်ခြမ်းက တောင်ကုန်းတွေရဲ့ နံရံတွေဆိုတာဟာ ဟိုနား တစ်ချို့၊ ဒီနားတစ်ဝက် အလှီးအဖဲ့ခံထားရတယ်။
“တိုက်ပွဲတွေ မဖြစ်ခင်ကဆိုရင် စက်ယန္တရားတွေနဲ့ အကြီးအကျယ် လုပ်နေတာပေါ့ ဒီနေရာမှာ…အခုဟာ တိုက်ပွဲတွေဖြစ်နေလို့ တရုတ်အင်ဂျင်နီ ယာတွေ ပြန်ကုန်ကြလို့ စက်ယန္တရားတွေနဲ့ လုပ်နေတာ ခဏရပ်ထားတာ” လို့ စာရေးသူနဲ့အတူ မြစ်ဆုံဘက် လိုက်ပါလာတဲ့ မြစ်ကြီး နားမြို့ခံက ပြောပြတယ်။
ဇွန်လဒုတိယပတ်ကစပြီး မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်(Kachin Independence Army - KIA) အကြား တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ကြတဲ့နောက်ပိုင်း တရုတ် အင်ဂျင်နီယာတွေ ပြည်တော်ပြန်ပြီး တိမ်းရှောင်သွားကြတဲ့အတွက် စက်ယန္တရား ကြီးတွေနဲ့ ဆောက်လုပ်နေတာတွေ သြဂုတ်လ တတိယပတ်အထိ မတွေ့ကြရပေမယ့် လူအားနဲ့ လုပ်လို့ရတဲ့ အသေးစားလုပ်ငန်း လုပ်ဆောင်နေတာတွေကတော့ ဆက်လက်ရှိ နေခဲ့တယ်လို့ ဒေသခံ တွေကဆိုပါတယ်။
“စစ်ဖြစ်တဲ့ကာလမှာ သူတို့ ရပ်ထားတယ်ဆိုပေမဲ့ လမ်းတွေတော့လုပ်နေတုန်းပဲ။ လုံးဝ ရပ်ဆိုင်းထားတာတော့ မဟုတ်ဘူး” လို့ မြစ်ဆုံ စီမံကိန်းရပ်တန့်ရေးကို တစိုက်မတ်မတ် အရေးဆိုနေတဲ့ ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက် (Kachin Development Networking Group - KDNG) ရဲ့ ပြောရေးဆိုခွင့်ဆိုသူ ဒေါ်အားနန်က ဆိုပါတယ်။
ပြီးခဲ့တဲ့ အပတ်က ထုတ်ပြန်ခဲ့တဲ့ ဒေါ်အားနန်တို့အဖွဲ့ရဲ့ ကြေညာချက်ထဲမှာတော့ တိုက်ပွဲတွေကြောင့် ရှောင်တိမ်းသွားခဲ့ကြတဲ့ တရုတ် အင်ဂျင်နီယာတွေဟာ အခုအခါ မြစ်ဆုံရေကာတာဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ပြန်လည်ရောက်ရှိနေကြပြီး ဆိုင်းငံ့ထားတဲ့ ဆာက်လုပ်ရေး လုပ်ငန်းတွေကို ပြန်လည်လုပ်ဆောင်နေကြပြီလို့ဆိုပါတယ်။
ဆိုးမွေကို ပိုက်ထွေးမလား
တကယ်တော့ မြစ်ဆုံရေကာတာစီမံကိန်းဟာ စစ်အစိုးရက သူ့လက်ထက်မှာ ပြည်သူ့မျက်နှာကို မကြည့်၊ ပြည်သူ့အသံကို နားမထောင် ဘဲ လုပ်ချင်တိုင်းလုပ်ခဲ့ပြီး အပြီးမသတ်ခဲ့တဲ့ စီမံကိန်းလုပ်ငန်းတွေ၊ တစ်နည်းအားဖြင့် နောက်အစိုးရတစ်ရပ်ကို လက်ဆင့်ကမ်းခဲ့တဲ့ ဆိုးမွေတွေ အများကြီးထဲက တစ်ခုဖြစ်ပါတယ်။
ပြုပြင်ပြောင်းလဲရေးအချို့လုပ်လာပြီး သူတို့ကိုယ်သူတို့ အရပ်သားအစိုးရပါလို့ ခေါ်ဝေါ်နေတဲ့ ဦးသိန်းစိန်အစိုးရဟာ အဲဒီဆိုးမွေကို ဆက် လက်ပိုက်ထွေးသွားမလား၊ လွှတ်ချခဲ့မလားဆိုတာကတော့ သူတို့ ပြည်သူကို ဘယ်လောက်အလေးထားသလဲဆိုတဲ့ အချက်ပေါ်မှာ လုံးလုံးလျားလျား မူတည်နေမှာဖြစ်ပါတယ်။
ဦးသိန်းစိန်ခေါင်းဆောင်တဲ့ လက်ရှိအစိုးရအနေနဲ့ ပြည်သူ့မျက်နှာကို ကြည့်တတ်တဲ့ အရပ်သားအစိုးရအဖြစ် အမြင်ခံချင်ရင် ပြည်သူ တွေရဲ့အသံ၊ ပညာရှင်တွေရဲ့အကြံဥာဏ်တွေကို ထည့်သွင်းစဉ်းစားသင့်တယ်လို့ ဝေဖန်ဆန်းစစ်သူတွေက ဆိုပါတယ်။
မြန်မာပညာရှင်တွေနဲ့ တရုတ်ပညာရှင်တွေ ပူးပေါင်းလေ့လာတင်ပြခဲ့ကြတဲ့ “သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုစစ်တမ်း (Environmental Impact Assessment - EIA)” အထဲက ပညာရှင်တွေ အကြံပေးခဲ့တဲ့အထဲ မှာ မြစ်ဆုံဆည်ဆောက်မယ့် အစား မြစ်ဆုံအထက် မေခနဲ့ မေလိခမြစ်နှစ်သွယ်ပေါ်က သင့်တော်တဲ့ နေရာတွေမှာ ရေကာတာအသေးနှစ်ခု တည်ဆောက်ပြီး လျှပ်စစ် ဓာတ်အား ထုတ်ယူနိုင်တယ်လို့ အကြံပေးထားပါတယ်။
ယင်းဆည်နှစ်ခုက ထုတ်ပေးနိုင်မယ့် လျှပ်စစ်ဓာတ်အား ပမာဏဟာ မြစ်ဆုံဆည်က ထုတ်ပေးမယ့် လျှပ်စစ်ဓာတ်အား ပမာဏနဲ့ ညီမျှနိုင်တဲ့အတွက်ကြောင့် အစိုးရအနေနဲ့ အဲဒီအချက်ကို ထည့်သွင်းစဉ်းစားသင့်တယ်လို့ ပညာရှင်တွေက အကြံပေးထားတာဖြစ် ပါတယ်။
ဒီလိုနည်းနဲ့ ကချင်လူမျိုးတွေရဲ့ အမွေအနှစ် နှလုံးသားနယ်မြေ ကွယ်ပျောက်သွားမယ့်ဘေးကနေ ရှောင်ရှားနိုင်မှာဖြစ်သလို မြစ်ဆုံ ဆည်ဆောက်လိုက်တဲ့ အတွက် နောက်ဆက်တွဲဖြစ်လာမယ့် သဘာဝပတ်ဝန်းကျင်အပေါ်ဆိုးကျိုး သက်ရောက်လာမယ့် အရေးတွေကို လည်း ရှောင်လွှဲနိုင်လိမ့် မယ်လို့ ပညာရှင်တွေက အကြံပြုထားပါတယ်။
“ ‘ကျနော်တို့လည်း ဧရာဝတီကိုချစ်ပါတယ်’ လို့ ပါးစပ်ကပဲ ပြောနေတာဟာ မိချောင်းမျက်ရည် ကျပြတာပဲ။ တကယ်ချစ်ရင် ဦးသိန်းစိန် အစိုးရအနေနဲ့က ပညာရှင်တွေ အကြံပေးတာတွေကို လက်ခံပြီး စဉ်းစားသင့်တာပေါ့။ လက်ခံလို့လည်း ရနိုင်မှာပါ။ ဒီလိုနည်းနဲ့ လက်တွေ့မှာ ချစ်ပြဖို့လိုတယ်” လို့ အမည်မဖော်လိုတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တစ်ဦးက ဆိုပါတယ်။
အသက်မွေးဖို့ အခက်ကြုံ
မြစ်ဆုံဆည်စီမံကိန်းကနေ ဒေသခံတွေ အဘယ်ပုံအကျိုးခံစားရနိုင်တယ်၊ ဘယ်လိုအလုပ်အကိုင်တွေ ရရှိနိုင်တယ်လို့ အစိုးရက ပြောနေ ပေမယ့် လောလောဆယ်မှာတော့ မြစ်ဆုံတ၀ိုက်ကနေ ဖယ်ပေးရတဲ့ မိသားစုတွေမှာ စားရေးသောက်တာ အခက်ကြုံနေကြပါတယ်။
မြစ်ဆုံတ၀ိုက်ရှိ ကျေးရွာတွေကနေ ရွှေ့ပြောင်းလာကြတဲ့ မိသားစုတွေကို နေရာချထားပေးတဲ့အနေနဲ့ တည်ဆောက်ထား တဲ့ အောင်မြင်သာစံပြကျေးရွာမှာ အစိုးရက အိမ်ထောင်စုတစ်ခုချင်းအတွက် အိမ်တစ်လုံး၊ ၂၁ လက်မတီဗွီတစ်လုံး၊ အချိန်ပိုင်း လျှပ်စစ်မီး၊ သောက်ရေသုံးရေနဲ့ ဆန်ထောက်ပံ့ပေးထားတယ်လို့ဆိုပါတယ်။
လယ်ယာမြေတွေကိုလည်း အစားပြန်ပေးထားတယ်လို့ဆိုပါတယ်။ဒါပေမယ့်လည်း လယ်သမားတွေ စောဒက တက်ကြတာကတော့ အစိုးရက အစားပြန်ပေးတဲ့ လယ်တွေ ဟာ ကျောက်စရစ် မြေတွေအများစုဖြစ်တာကြောင့် ဘာမှ စိုက်ပျိုးလို့ မရဘူးလို့ဆိုပါတယ်။
နေရာသစ်မှာ မိသားစုဝင်ငွေ ရှာဖွေဖို့ရန်မှာ မဖြစ်နိုင်တာကြောင့် အခြားအရပ်ဒေသကို သွားပြီး ပိုက်ဆံ ရှာကြသူတွေ ရှိသလို နေရာဟောင်းကို ပြန်သွားပြီး အရင်လုပ်လေ့လုပ်ထရှိတဲ့ အလုပ်ကိုင်တွေကိုပဲ ကျီးလန့်စာစား လုပ်နေကြသူတွလည်းရှိပါတယ်။
ကိုအောင်ဆန်းမြင့်ဆိုရင် အောင်မြင်သာမှာ ဘာမှလုပ်ကိုင်စားသောက်စရာမရှိလို့ မိန်းမဖြစ်သူကိုပါ မြစ်ဆုံကိုခေါ်လာပြီး တစ်နေ့ နှစ်ထောင်ငါးရာပဲရရ၊ သုံးထောင်ပဲရရ ရွှေကျင်တဲ့အလုပ်ကို တစ်နေကုန်၊ တစ်နေခန်း လာလုပ်နေရတာဖြစ်ပါတယ်။
အောင်မြင်သာကို ပြောင်းရပြီးနောက်မှာ ကလေးသုံးယောက်အဖေဖြစ်သူ ကိုအောင်ဆန်းမြင့်ဟာ အကြီးဆုံး သားကို လေးတန်းကနေ ကျောင်းထုတ်ပြီး မိဘတွေနဲ့အတူ မိသားစုဝင်ငွေကို ကူရှာခိုင်းထားရတယ်လို့ဆိုပါတယ်။
မြစ်ဆုံရဲ့ ဟိုမှာဘက်ကမ်းက ထိပ်ဆုံးမှာ လက်ဝါးကပ်တိုင်တစ်ခု ကျန်ရှိနေဆဲဖြစ်တဲ့ တောင်ကတုံးလေးကို ငေးမောကြည့်ရင်း ကိုအောင်ဆန်းမြင့်က “ဒီမှာ လုပ်ခွင့်ရသလောက်တော့ လုပ်ရမှာပေါ့။ ဟို(အောင်မြင်သာ)မှာက ဘာမှ လုပ်စားစရာမှ မရှိဘဲ” လို့ ညည်းရှာတယ်။
လယ်တွေကိုပစ်၊ ဥယျာဉ်ခြံမြေတွေကိုပစ်ပြီး နေရာအသစ်ကို ရွှေ့ပြောင်းခံခဲ့ရသူ အများစုလိုပဲ ကိုအောင်ဆန်းမြင့် အနေနဲ့လည်း အနာဂတ်မှာ ဘယ်လို အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ လုပ်ကိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး သူ့မှာ အဖြေမရှိပါဘူး။
မြစ်ဆုံကို လာပြီး အလုပ်လုပ်လို့ မရတော့ဘူးဆိုရင်ကောဆိုတော့ တခြားသူတွေပြန်ဖြေသလိုပဲ ကိုအောင်ဆန်းမြင့်ကလည်း “ဘာလုပ်စားရမလဲ ဆိုတာ မပြောတတ်ပါဘူး” လို့သာ သူ့အနေနဲ့ ပြန်ပြောနိုင်တယ်။
Yangon Press International