Saturday, September 3, 2011

0 မူးယစ်ဆေးဝါးရှာတာလား အနုကြမ်းစီးတာလား

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ဘိုးလိန်းအောင် မင်္ဂလာရပ်ကွက်၊ နှင်းဆီလမ်း၊ တိုက် (B-4 )၊ အခန်း (၂၀၅) အား ရန်ကုန်တိုင်း မူးယစ်အထူး အရှေ့ပိုင်းခရိုင်မှ ရဲအုပ်မြင့်သိန်း ဦးဆောင်သောအဖွဲ့ ဝင် (၅ )ဦးတို့က သတင်းပေး တိုင်တန်းချက်အရဟုဆိုပြီး ၂၇-၈-၂၀၁၁ (စနေ) နေ့ ည (၇) နာရီခန့်က ရှာဖွေခဲ့ကြပါတယ်။

တိုက်ခန်းပိုင်ရှင် ဗိုလ်စိုင်း (ခ) သားကြီးကို တိုက်ရဲ့အရှေ့ဘက်၊ လမ်းမပေါ်မှာတွေ့ရှိပြီး မူးယစ်အထူးတပ်ဖွဲက သားကြီး ကို လက်နှစ်ဘက် လက်ထိပ်ခတ်ပြီး အတင်းတွန်းထိုးဆွဲတင်ရာ အဓမ္မဖမ်းဆီးခံရသူ သားကြီးက သက်သေပါမလာလို့ သက်ဆိုင်ရာ ရပ်ကွက်တာဝန်ရှိသူကို ခေါ်ပေးဖို့ အော်ဟစ်တောင်းဆိုတဲ့အတွက် ထိုသို့ အော်ရမလား ဆိုပြီး မူးယစ်အ ထူးအဖွဲ့ဝင်တွေက ၀ိုင်းဝန်းထိုးကြိတ်ကြပါတယ်။ တိုက်ပေါ်ကို အတင်း ဆွဲတင်ကြပါတယ်။

ဒီဲဖြစ်ရပ်ကို အပြင်ကပြန်လာတဲ့ ဇနီးသည်က မြင်ပြီး ပတ်ဝန်းကျင်သို့ အော်ဟစ်ခဲ့ရာ သိပ်မကြာခင်မှာ ရပ်ကွက်အုပ်ချုပ် ရေးမှူး ရောက်လာခဲ့ပါတယ်။ ဇနီးသည်က တာမွေရဲစခန်းကို ဖုန်းဆက် အကြောင်းကြားတဲ့အခါ စခန်းကိုဖုန်းဆက်တာ မကျေနပ်တဲ့အတွက် အဖွဲ့ခေါင်းဆောင်က ပါးရိုက်ခဲ့ပါတယ်။
အုပ်ချုပ်ရေးမှုးနဲ့ တာမွေစခန်းမှူးတို့ ရောက်လာပြီးမှ တိုက်ခန်းရှင်က မိမိအိမ်ပေါ်သို့ တက်ရောက်ခွင့်ပြုပြီး ရှာဖွေမှုကို ခံယူပါတယ်။ တိုက်ခန်းတခုလုံး မွှေနှောက်ရှာဖွေတဲ့အခါ အခန်းတွင်းရှိ ဘီဒို သေတ္တာများကို ဓားမနဲ့ ကလန့်ဖွင့်ပြီး ချိုးဖဲ့ ဖျက်ဆီးကြပါတယ်။ သူတို့တွေ့ချင်တဲ့ မူးယစ်ဆေးဝါးဆိုတာကို ရှာလို့မတွေ့ပါဘူး။
ဒါနဲ့ အိပ်ခန်းထဲကို ဆက်ရှာဖွေမယ်အလုပ်မှာ ရှာမယ့်သူတွေကို အခန်းထဲမ၀င်ခင် ဦးဆုံး ပြန်ပြီးရှာကြည့်ချင်တယ်လို့ တိုက်ခန်းပိုင်ရှင် သားကြီးက ပြောတော့ အဲဒီလို ပြန်ပြောရကောင်းလားဆိုပြီး စခန်းမှူး အုပ်ချုပ်ရေးမှူး တို့ရှေ့မှာပဲ ထိုး ကြိတ် ကန်ကျောက်ပါတယ်။

သူတို့လင်မယားဟာ လောင်းကစား၊ မူးယစ်ဆေးတို့နဲ့ မပက်သက်ဘဲ သားသမီး နှစ်ယောက်နဲ့ ရိုးရိုးသားသား လုပ်ကိုင် စားသောက်နေတဲ့ မိသားစု ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်မတိုင်ခင် တပတ်လောက်က ဘာသာခြား ရာအိမ်မှုးအဖွဲ့နဲ့ လမ်း ထဲမှာ ပုဂ္ဂိုလ်ရေးအရ ကတောက်ကဆ စကားများအချင်းပွားခဲ့ဖူးပါတယ်။ ပုဂ္ဂိုလ်ရေးအရ ချောက်ချ၊ သတင်းပေး တိုင် ကြားတဲ့အပေါ်မှာ တာဝန်ရှိမူးယစ်အဖွဲ့က လုပ်ပိုင်ခွင့်ထက် ကျော်လွန်ပြီး စည်းလွတ်ဝါးလွတ် ပြုမူခဲ့မှုများကြောင့် မိသား စုအရှက်တကွဲ ဖြစ်ရပါတယ်။ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှာ မျက်နှာပျက်ရပါတယ်။ အခုအခါ ထိုအိမ်မှာ မနေတော့ပါ ဘူး။

အဆိုပါ ဖြစ်စဉ်ဟာ ဥပဒေစိုးမိုးမှုကို လျော့ရဲစေပြီး သာမန်နိုင်ငံသားတဦးရဲ့ အခွင့်အရေးနဲ့ လုံခြုံမှုဘ၀ကို ထိပါးကျူး လွန် ခဲ့ခြင်းဆိုတာ ထင်ရှားလှပါတယ်။ နိုင်ငံတော်ရဲ့ လက်ရှိသွားနေတဲ့ မူဝါဒလမ်းစဉ်အပေါ် အောက်ခြေ ၀န်ထမ်းအဖွဲ့ အစည်းတွေရဲ့ လိုက်နာဆောင်ရွက်မှု အားနည်းခြင်းနဲ့ ကိုယ်ကျိုးရှာနေမှုများကို ဖော်ညွှန်းနေတဲ့ မြင်ကွင်းတွေပဲ ဖြစ်ပါ တယ်။

S ခင်ဇိုင်

0 မြန်မာနိုင်ငံ၏ နာမည်ကျော် တပ်မတော်အစိုးရ ပြောင်းလဲနေတာ ဟုတ်ရဲ့လား

(TIME မှ 31 August 2011 ရက်စွဲပါ “Is Burma’s Notorious Military Junta Reforming?” သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်။)

မြန်မာနိုင်ငံကို ရာစုနှစ် ထက်ဝက်နီးပါးမျှ “မကြုံဘူးလျှင် ယုံဖို့ပင်ခက်သည့်” ရက်စက်ကြမ်းကြုပ်မှုများဖြင့် တပ်မတော် ခေါင်းဆောင်များ တစ်ဗိုလ်ဆင်း တစ်ဗိုလ်တက် အုပ်ချုပ်ခဲ့ကြသော်လည်း လတ်တလော ဖြစ်ရပ်များကမူ မြန်မာ့အရေး စောင့်ကြည့်သူများအား “အပြောင်းအလဲ ဖြစ်လာပြီ လား” ဟူသော အတွေးဖြင့် အံ့အားသင့်စေခဲ့သည်။

မနှစ်က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သော ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ အတွင်းက ရန်ကုန် အပြင်ဖက်သို့ ပထမဆုံးအကြိမ် စည်းရုံးရေးဆင်းရာတွင် ၂၀၀၃ ခုနှစ်က တပ်မတော်အစိုးရပိုင် လူမိုက်များ နှောက်ယှက်ခဲ့သည့် ဖြစ်ရပ်နှင့်မတူတော့ပဲ စိတ်ဓာတ် တက်ကြွနေသည့် လူအုပ်ကြီး၏ ကြိုဆိုထောပနာ ပြုခြင်းကိုခံခဲ့ရသလို ရန်ကုန်ကို နောက်တစ်ကြိမ်ခွာ၍ နေပြည်တော်၌ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံပြီးနောက်တွင်လည်း သူမအနေဖြင့် ပျော်ရွှင်မှုနှင့် ကျေနပ်အားရမှု ရှိခဲ့သည်ဟု သိရှိရသည်။

ကမ္ဘာ့ သက်ဆိုးအရှည်ဆုံး တပ်မတော်အာဏာရှင် အစိုးရများထဲမှ တစ်ခုသည် နောက်ဆုံးတွင် ပြုပြင် ပြောင်းလဲမှုကို ဦးတည်ကာ အခါလည်သား မတ်တပ်ရပ် လမ်းလျှောက်သလို တုံ့နှေးတုံ့နှေးဖြင့် စတင်နေသလား ဟူသော မေးခွန်းနှင့် ပတ်သက်၍ ကျွမ်းကျင်သူများအကြားမှာပင် အမြင်ကွဲလွဲမှု ရှိလာခဲ့သည်။ “စစ်မှန်တဲ့ ဒီမိုကရေစီ ထွန်းကားစေလိုတဲ့ စေတနာရှိတဲ့ အထောက်အထားမျိုး လုံးဝ မတွေ့ရသေးပါဘူး”ဟု ပြောကြားသူမှာ သြစတြေးလျ Griffith University မှ သုတေသန ပညာရှင် Andrew Selth ဖြစ်သည်။ “ဒါပေမယ့်လည်း လေ့လာ ဆန်းစစ်သူတွေ မျှော်လင့်မထားတဲ့ ပျော့ပြောင်းမှုဒီဂရီကို မြန်မာအစိုးရက ပြသခဲ့တယ်ဆိုတာကိုတော့ ဝန်ခံရမှာပါ” ဟု ယင်းက ဆက်လက် ပြောဆိုသည်။

အောက်တွင် မြန်မာအစိုးရ ပြုပြင် ပြောင်းလဲနေသည်ဟူသော လက္ခဏာငါးချက်နှင့် ယင်းတို့ ဟန်ဆောင်နေကြောင်း သတိထားရမည့် လက္ခဏာငါးချက်စီကို အသီးသီး ဖော်ပြထားသည်။

ကောင်းသတင်းများ


(၁) သမ္မတသစ်

ဦးသိန်းစိန်သည် ယခင်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ရွေးထုတ် ကောက်ယူခံရသူ ဖြစ်သော်လည်း သူ ကိုယ်တိုင်မှာမူ အာဏာရှင် မဟုတ်ပေ။ “သူတာဝန်ထမ်းဆောင်ခဲ့တာဟာ ကိုယ်ကျိုး စီးပွားအတွက် မဟုတ်ပါဘူး။ ဒါ့အပြင် သဘောကောင်းပြီး ဆက်ဆံလို့ ကောင်းတဲ့သူ တစ်ယောက် ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ တာဝန်ရှိသူအဖြစ် ယခင်လုပ်ကိုင်ခဲ့သော အကဲခတ် လေ့လာသူ Richard Horsey က ပြောကြားသည်။ “သူက အကြံကောင်း၊ ဥာဏ်ကောင်းတွေကို လိုလိုလားလား ကြိုဆိုတဲ့ သူဖြစ်သလို သူနဲ့ ဆွေးနွေး ရာမှာလည်း ထုံးတမ်းစဉ်လာ ဟန်ကြီးပန်ကြီး လုပ်မှုတွေမရှိဘူး ဆိုတာကို ပြသနေပါတယ်” ဟု Horsey က သုံးသပ်သည်။ ဦးသိန်းစိန်ကို တောင်အာဖရိက အသားရောင်ခွဲခြားမှု ခေတ်လွန်သမ္မတ FW de Klerk နှင့် လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို နယ်လဆင်မင်ဒဲလားနှင့် လည်းကောင်း အသီးသီးနှိုင်းယှဉ်လျှင် အထူးပင် ဆီလျော်ပေလိမ့်မည်။

(၂) ဗိုလ်ချုပ်အောင်ဆန်း ပြန်လည်ပေါ်ထွက်လာမှု

မြန်မာ့လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းသည် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဖြစ်နေသောကြောင့် သူ၏ရုပ်ပုံကို ငွေစက္ကူများနှင့် အစိုးရရုံး နံရံများပေါ်မှ တပ်မတော် အစိုးရက ဖယ်ရှား ပစ်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း သူ၏ သမီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဦးသိန်းစိန်က ကြိုဆို နှုတ်ဆက်သော အခန်းထဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏ လူငယ်ဘဝပုံတူကို ထင်ထင်ရှားရှား ချိတ်ဆွဲထားခြင်းမှာ သမ္မတကြီးသည် ဗိုလ်ချုပ်အောင်ဆန်းအား လေးစားသူဟူသော နောက်ထပ် လက္ခဏာတစ်ခု ဖြစ်ကြောင်း Horsey က ဆိုသည်။

(၃) အင်းစိန်ထောင် ခရီးစဉ်


ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ Tomas Ojea Quintana သည် နိုင်ငံရေး အကျဉ်းသားများနှင့် စကားပြောဆိုနိုင်ရန် အတွက် ရန်ကုန်၏ နာမည်အပျက်ဆုံး အင်းစိန်ထောင်သို့ သွားရောက်ခွင့် ရခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် သာမက အစိုးရ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့သည်။

(၄) ခပ်ပါးပါး လွတ်လပ်ခွင့် ရလာတဲ့ မီဒီယာ


အစိုးရဆင်ဆာက ခွင့်လွှတ်တယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပေမယ့် True News ဂျာနယ်က လတ်တလော မျက်နှာဖုံးသတင်း တစ်ပုဒ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလို့ မှားယွင်းဖော်ပြခဲ့တာကို သတိပေးရုံသာ ပြုလုပ်ခဲ့သည်။ ဂျာနယ်စာစောင်တွေမှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ မိန့်ခွန်းစကားတွေကို ဖော်ပြလို့ မရနိုင်သေးပေမယ့် သူမရဲ့ ဓာတ်ပုံတွေကိုတော့ လွတ်လွတ်လပ်လပ် ဖော်ပြခွင့် ရနေကြသည်။

(၅) ဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေးအဖွဲ့ အကြီးအကဲ ရွေးချယ်မှု

သမ္မတရဲ့ အကြံပေး အဖွဲ့ထဲက ပညာရှင်တွေ များစွာထဲမှာ ဦးမြင့် ကတော့ အများလေးစားကြတဲ့ စီးပွားရေး ပညာရှင် ဖြစ်သလို ဒေါ်အောင်ဆန်း စုကြည်ရဲ့ မိတ်ဆွေတစ်ဦးလည်း ဖြစ်သည်။

မကောင်းသော သတင်းများ

(၁) သမ္မတသစ်

သမ္မတ ဦးသိန်းစိန်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ရုပ်သေးရုပ်သာဖြစ်၍ သူ၏ ရပ်တည် ရှင်သန်မှုကို ဆွဲဆန့်ရန်နှင့် တပ်မတော် အပေါ် ဖိအား လျော့စေရန်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဟန်ဆောင် လိမ်ညာ ပူးပေါင်း ပြနေသည်ဟု အချို့သော ဝေဖန် ဆန်းစစ်သူများက ပြောကြားသည်။ “တောင် အာဖရိက ရဲ့ FW de Klerk နဲ့တူတဲ့ ခေါင်းဆောင်မျိုးကို မြန်မာ တပ်မတော် ခေါင်းဆောင်တွေထဲမှာ ရှာတဲ့ ကိစ္စဟာ လမိုက်ည သန်းခေါင်ယံမှာ ကောက်ရိုးပုံထဲ အပ်ရှာရ သလိုပါပဲ” ဟု London School of Economics and Political Science မှ သုတေသန လေ့လာသူ မောင်ဇာနည်က ဒီမိုကရက်တစ် မြန်မာ့အသံ DVB ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

(၂) အင်းစိန်ထောင်

အင်းစိန်ထောင်တွင်း အခြေအနေသည် ကြောက်မက်ဖွယ် ကောင်းနေဆဲပင် ဖြစ်သည်။ အမှု စစ်ကြောသူများက ထိန်းသိမ်းခံ အကျဉ်းသားများကို စားမရ၊ အိပ်မရအောင် ပြုလုပ်ခြင်း၊ ရိုက်နှက်ခြင်း၊ လိင်အင်္ဂါအပါအ၀င် ခန္ဓာကိုယ် အစိတ်အပိုင်းများကို မီးဖြင့် တို့ခြင်း တို့ဖြင့် ဖြောင့်ချက်ရအောင် ပြုလုပ်လျက် ရှိသည်ဟု ကုလ ကိုယ်စားလှယ် Quintana က အစီရင်ခံထားသည်။ သံဃာတော် ၂၂၅ ပါး အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ခန့်ကို အစိုးရက ဖမ်းဆီး အကျဉ်းချထားကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ထုတ်ဖော် ပြောဆိုထားသည်။

(၃) NLD ပါတီကို ဆက်လက် နှိပ်ကွပ်

ဒေါ်အောင်ဆန်းစုကြည် ၏ NLD ပါတီဝင် တစ်ဦးဖြစ်သူ ဦးအောင်လှမြင့်သည် မြန်မာပြည် အလယ်ပိုင်း ယင်း နေထိုင်ရာ ဇာတိမြို့မှထွက်ခွာ၍ ခရီးသွားခြင်းကြောင့် လတ်တလော ထောင်ဒဏ် ၁၆ လ ချမှတ်ခြင်း ခံခဲ့ရသည်။

(၄) အရှိန်မြင့်လာသည့် ပြည်တွင်း စစ်ပွဲများ


မြန်မာ့ တပ်မတော်က ဆောင်ရွက်နေသော သောင်းကျန်းမှု နှိမ်နှင်းရေး စစ်ဆင်ရေးများကြောင့် ယခုနှစ်အတွင်း ကရင်၊ ကချင်နှင့် ရှမ်းပြည်နယ် များမှ ဒေသခံ တောသူတောင်သား ၅၀၀၀ ခန့် အိုးပစ်၊ အိမ်ပစ်၊ အိမ်မဲ့၊ ယာမဲ့ ဒုက္ခသည်များ ဖြစ်နေသည်ဟု Human Right Watch က အထောက် အထား ခိုင်လုံစွာ စွပ်စွဲထားသည်။ တစ်ခါတစ်ရံ မိုင်းကွင်းကို အတင်းဖြတ်လျှောက် ခိုင်းခြင်း ခံရသော အကျဉ်းသား ပေါ်တာ များအပေါ် မြန်မာ့ တပ်မတော်၏ နှိပ်စက်မှုများသည် စစ်ရာဇဝတ်မှုနှင့် အကြုံးဝင်သည်ဟု နယူးရောက် အခြေစိုက် လူ့အခွင့်အရေး အုပ်စုက ယုံကြည်လျက် ရှိသည်။

(၅) ထိန်းမရ သိမ်းမရ ဖြစ်သွားတဲ့ ကျပ်ငွေ

အမေရိကန်ဒေါ်လာနှင့် ညီမျှသည့် ပြည်တွင်းသုံး ကျပ်ငွေတန်ဖိုး ရုတ်တရက် ထိုးတက်သွားခြင်းကြောင့် ပို့ကုန်သမားများနှင့် တောင်သူ လယ်သမားများ အထိနာသွားကြသည်။ စီးပွားရေးအခြေအနေ ဆိုးဝါးကာ ဆင်းရဲတွင်းနက်မှုက ၁၉၈၈ နှင့် ၂၀၀၇ ခုနှစ်များတွင် ပြည်လုံးကျွတ် ဆန္ဒ ပြပွဲများ ဖြစ်ပေါ်စေခဲ့သလို ယခုလည်း နောက်ထပ် ဖြစ်ပွားလာမည့် အခြေအနေတစ်ခု ရှိနေသည်။ မြန်မာ ဗိုလ်ချုပ်ကြီးများကို အမှန်တကယ် မောင်းနှင် နေသော အချက်မှာ တော်လှန်အုံကြွမှုကို ကြောက်ရွံ့ခြင်းသာ ဖြစ်ပြီး ပြုပြင်ပြောင်းလဲလိုသော စိတ်ရင်းဆန္ဒမှန် မဟုတ်ဟု ဝေဖန် ဆန်းစစ်သူများက ဆိုကြသည်။ အမှန်တကယ်တွင်လည်း မူဘာရတ်နှင့် ကဒါဖီတို့၏ လတ်တလော ဖြစ်ရပ်များက ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား သန်းခေါင်ကျော် ထထိုင် ဇောချွေးပြန်စေလျက် ရှိသည်ဟု ယုံကြည်ရပေသည်။

0 ယန်စီမှ ဧရာဝတီ သို့ …(နေသွင်)

တရုတ်ပြည်က ရေကာတာတွေကို ပေါက်ကွဲခါနီး ချိန်ကိုက်ဗုံးလို့တင်စားကြပါတယ်။ လောလောဆယ် တရုတ်ပြည်က ရေကာတာပေါင်း ၄ သောင်းဟာ ကျိုးပေါက်တော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ တရုတ်ပြည်က မြို့ကြီးတွေရဲ့ ၄ ပုံ ၁ ပုံဟာ အဲဒီ ရေကာတာတွေရဲ့ အောက်ပိုင်းမှာ ရှိနေကြပါတယ်။ ၁၉၅၀ ပြည့်လွန်နှစ်တွေက စလို့တရုတ်ပြည်မှာ နှစ်စဉ်နှစ်တိုင်း ရေကာတာ ၆၅ ခုဟာ ပုံမှန်ကျိုးပေါက်နေပါတယ်။

ယန်စီမြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ မြစ်ကျဉ်းသုံးသွယ် ရေကာတာ

၁၉၇၅ ခုနှစ်တုန်းက ဟီနန်းပြည်နယ်ထဲက ဇူမာဒီယံ ရေကာတာ ကျိုးပေါက်သွားတဲ့ အတွက် လူပေါင်း ၂ သိန်း ၆ သောင်း သေဆုံးခဲ့ရပါတယ်။ နောက်ထပ် လူပေါင်း ၁၄၅,၀၀၀ လည်း နောက်ဆက်တွဲ ကူးစက်ရောဂါတွေနဲ့အငတ်ဘေးကြောင့် သေဆုံးခဲ့ရဖူးပါတယ်။ တရုတ်ပြည်က ရေကာတာတွေကြောင့် လူပေါင်း ၂၃ သန်း နေရပ်တွေကနေ စွန့်ခွာခဲ့ရပါတယ်။ လူပေါင်း ၈ သောင်း သေဆုံးခဲ့ရတဲ့ ၂၀၀၈ စီချွမ်း ငလျင်ဖြစ်ရတာ ဇီပင်ပူ ရေကာတာ (Zipingpu Dam) ကြောင့်လို့ ဆိုတဲ့ သိပ္ပံနည်းကျ အထောက်အထားတွေလည်း ရှိနေပါတယ်။

ဒါကြောင့် အခု မြန်မာပြည်မှာ တည်ဆောက်မယ့် မြစ်ဆုံ ရေကာတာ စီမံကိန်းဟာ ငလျင်ကျောကို ဆွပေးသလို ဖြစ်မယ်လို့ ပညာရှင်တွေက ထောက်ပြ နေကြတာပါ။

ရေကာတာ တည်ဆောက်တဲ့ နည်းပညာအရာမှာ တရုတ်တွေ ဂုဏ်ယူလေ့ရှိတဲ့ ကမ္ဘာပေါ်က အကြီးဆုံးရေကာတာဟာ တရုတ်ပြည်မှာ တည်ရှိပါတယ်။ ယန်စီမြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ (Three Gorges Dam) မြစ်ကျဉ်းသုံးသွယ် ရေကာတာကြီးပါ။ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၈,၀၀၀ ထုတ်လုပ်ပြီး ဧရာဝတီမြစ်ပေါ်မှာ တရုတ်ကုမ္ပဏီက တည်ဆောက်နေတဲ့ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းနဲ့ နှိုင်းယှဉ်ရင် ၃ ဆပိုပါတယ်။ မြစ်ချင်းယှဉ်ရင်လည်း ယန်စီမြစ်ကတော့ အာရှက အရှည်ဆုံးမြစ်ဖြစ်ပြီး၊ မိုင်ပေါင်း ၃၉၀၀ ကျော် ရှည်လျားပါတယ်။ မြန်မာပြည်ရဲ့ ဧရာဝတီမြစ်က မိုင်ပေါင်း ၁၃၀၀ ရှည်လျားတဲ့အတွက် ယန်စီမြစ်က၊ ဧရာဝတီထက် ၃ ဆပို ရှည်ပါတယ်။

ဒါကြောင့် ယန်စီမြစ်ပေါ်က မြစ်ကျဉ်းသုံးသွယ်ရေကာတာကြောင့် လောလောဆယ် ခံစားနေရတဲ့ ဆိုးကျိုးတွေဟာ ဧရာဝတီမြစ်ပေါ်မှာ မြစ်ဆုံရေကာတာ တည်ဆောက်ပြီးရင် ကြုံရမယ့် ဆိုးကျိုးတွေပဲလို့ ယူဆလို့ရ နိုင်ပါတယ်။

ယန်စီ ရေကာတာဟာ တရုတ်လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရဲ့ ၂ ရာခိုင်နှုန်းကို ထုတ်လုပ်ပြီး တနှစ်မှာ ကျောက်မီးသွေး တန်ချိန် သန်း ၃၀ ကို အစားထိုး ပေးနိုင်ပါတယ်။ ဒါပေမယ့် လူမှုရေး၊ သဘာဝပတ်ဝန်းကျင်၊ ပထ၀ီဆိုင်ရာ၊ ဘဏ္ဍာရေး ကုန်ကျမှုတွေကျတော့ ယုံနိုင်စရာတောင် မရှိပါဘူး။ လောလောဆယ် ယန်စီမြစ်ပေါ်က မြစ်​ကျဉ်းသုံးသွယ်ရေကာတာကြောင့်

၁။ မြို့ကြီး ၁၃မြို့၊ မြို့ငယ် ၁၄၀၊ ရွာပေါင်း ၁၃၅၀ ရေနစ်မြုပ်ပြီး လူပေါင်း ၁ သန်း ၂ သိန်း နေရပ်စွန့်ခွာခဲ့ရပါတယ်။ အစိုးရက ကတိတွေ အထပ်ထပ်ပေးပေမယ့် ပြောင်းရွှေ့ရသူတွေဟာ နစ်နာကြေးတွေ အလိမ်ခံ၊ အလုပ်လက်မဲ့၊ မြေယာမဲ့ဘ၀ ရောက်ကြပါတယ်။ မြို့သစ်တွေ တည်ပေမယ့် တချို့ပဲ အခြေတကျ ပြန်ဖြစ်ပြီး အလုပ်လက်မဲ့ဘ၀၊ ဆင်းရဲမွဲတေတဲ့ အခြေအနေ ရောက်ရသူတွေလည်း မနည်းပါဘူး။

၂။ ရေကာတာကြောင့် အာရှရဲ့ အရှည်ဆုံးမြစ် ယန်စီရဲ့ ဂေဟစနစ် အကြီးအကျယ် ပျက်ယွင်းသွားခဲ့ပါတယ်။ အရင်တုန်းက အရှိန်အဟုန်နဲ့ စီးဆင်းခဲ့ဖူးတဲ့ ယန်စီမြစ်ဟာ ရေသေမြစ် တစင်းလို ဖြစ်လာပြီး အမှိုက်တွေ၊ ဒိုက်တွေ၊ အဆိပ်ရေမှော်တွေ ပေါက်ရောက်ရာ မြစ်ကြီး ဖြစ်လာပါတယ်။ ငါးတွေ ကူးသန်းမှု မရှိတော့တာကြောင့် စီးပွားဖြစ် ငါးဖမ်းလုပ်ငန်းတွေ ကျဆင်းသွားပါတယ်။ ယန်စီ လင်းပိုင် (လပိုင်) တွေ မျိုးတုံးပျောက်ကွယ်သွားသလို တခြား ရေသတ္တ၀ါ မျိုးစိတ်တွေလည်း မျိုးတုံးတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

၃။ ရေကာတာက စီးကျတဲ့ ရေအရှိန်ကြောင့် ယန်စီ တောင်ကျော တလျှောက်မှာ ဆင်ခြေလျောတွေ ပြိုကျကုန်ပါတယ်။ မကြာခဏ မြေပြိုတာတွေ ဖြစ်ပါတယ်။ ရေကာတာ ရှိတဲ့ ဒေသရဲ့ တ၀က်လောက်မှာ မြေပြိုတာတွေ ဖြစ်နေပြီး နောက်ထပ် လူပေါင်း ၃ သိန်း ပြောင်းရွှေ့ရဖို့ရှိနေပါတယ်၊

၎။ ယန်စီမြစ်ဟာ နှစ်စဉ် နုန်းတန် သန်း ၅၀၀ မြစ်အောက်ပိုင်းကို ပို့ချပါတယ်။ အခုတော့ ရေစီးနှုန်းကျသွားပြီး နုန်းမြေတွေ ယန်စီ မြစ်ဝှမ်းဒေသကို မပို့ချတော့ပါဘူး။ အကျိုးဆက်အဖြစ် နှစ်စဉ် ကမ်းရိုးတန်းဒေသ ၄ စတုရန်း ကီလိုမီတာ ရေတိုက်စားခံနေရပါတယ်။ မြစ်ဝှမ်းဒေသ ကျွံသွားပြီး ပင်လယ်ရေ ၀င်ရောက်လာတာကြောင့် စိုက်ပျိုးရေးနှင့် သောက်သုံးရေကို ထိခိုက်နေပါတယ်။ မြစ်ထဲမှာ အာဟာရဓာတ်တွေ လျော့နည်းသွားတဲ့အတွက် ကမ်းခြေက ငါးတွေရဲ့ အသက်ရှင်မှုကိုလည်း ထိခိုက်စေပြန်ပါတယ်။

ဒါဟာ မြစ်​ကျဉ်းသုံးသွယ်ရေကာတာ စတင်လည်ပတ်တဲ့ ၂၀၀၈ ခုနှစ်က တွက်ရင် ၃ နှစ်ပဲ ရှိပါသေးတယ်။

ဒါက တပိုင်းဖြစ်ပါတယ်။ တဘက်က ကြည့်မယ်ဆိုရင်တော့ ၂၀၀၇ ခုနှစ်မှာ တရုတ်ပြည်ဟာ ကမ္ဘာပေါ်မှာ ဖန်လုံအိမ်ဓာတ်ငွေ့အများဆုံး ထုတ်လွှင့်တဲ့ နိုင်ငံဖြစ်လာပါတယ်။ ၂၀၀၉ ခုနှစ် ကိုပင်ဟေဂင် ရာသီဥတုထိပ်သီးညီလာခံမှာ တရုတ်အစိုးရက ကာဗွန်သိပ်သည်းဆ (ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှင့်တာ) ကို ၂၀၂၀ နှစ်ကျရင် ၄၀ ရာခိုင်နှုန်း လျှော့ချဖို့ ကြေညာခဲ့ပါတယ်။ အဲဒီကတိကို တည်ဖို့ တရုတ်အစိုးရအတွက် လာမယ့် ၅ နှစ်အတွင်းမှာ ၁၄၀ ဂစ်ဂါဝပ် ထုတ်လုပ်ပေးနိုင်မယ့် ရေအားလျှပ်စစ်စက်ရုံတွေ လိုအပ်လာပါတယ်။

တချိန်တည်းမှာ တရုတ်ဟာ ရေကာတာတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ ရန်ဖြစ်နေရပါတယ်။ မဲခေါင်မြစ် ကော်မရှင် အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ လာအို၊ ကမ္ဘောဒီယား၊ ဗီယက်နမ်တို့က မြစ်ထက်ပိုင်းက တရုတ်ရေကာတာ ၁၁ ခုမှာ ရေတွေ အဆမတန် ပိတ်လှောင်တာကြောင့် မြစ်အောက်ပိုင်းဒေသတွေမှာ ရေနည်းသွားတာကို မကျေမနပ် ကန့်ကွက်နေကြပါတယ်။ ဒီလိုအခြေအနေကြားကပဲ တရုတ်က သူ့ နိုင်ငံတောင်ပိုင်းက ယူနန်ပြည်နယ်ထဲမှာ ရေကာ ၈ ခုကို ဆက်ဆောက်နေပြီး ၄ ခုက ပြီးနေပြီလို့ သိရပါတယ်။ မဲခေါင်ဒေသ နိုင်ငံတွေကလည်း သူတို့ နယ်စပ်နားက အဲဒီရေကာတာတွေကို မဆောက်ဖို့ အပြတ်ဆန့်ကျင်နေကြပါတယ်။

ဒီအခြေအနေ နောက်ခံမှာ မြန်မာပြည်မှာ မြစ်ဆုံရေကာတာတည်ဆောက်ဖို့ ဖြစ်လာတာပါပဲ။ မြစ်ဆုံရေကာတာကြီး ပြီးသွားရင် ကမ္ဘာမှာ ဆဌမမြောက် အကြီးဆုံး ရေကာတာ ဖြစ်လာမှာပါ။ မြစ်ဆုံရေကာတာအရွယ် ရေကာတာတွေ ကမ္ဘာမှာ အမေရိကားနှင့် ရုရှမှာပဲ ရှိတာပါ။ ဖွံ့ဖြိုးတိုးတက်မှုနှင့် နည်းပညာ အရာမှာ မြန်မာပြည်နဲ့ဆီနှင့် ရေလို ကွာဟာနေတဲ့ နိုင်ငံတွေပါ။ တရုတ်နိုင်ငံကတော့ သူ့အခြေအနေ၊ လူဦးရေသန်း ၁၃၀၀ ရဲ့ လိုအပ်ချက်၊ သူ့အကျိုးစီးပွားနှင့်သူမို့လို ဘာမှ ပြောစရာ မရှိပါဘူး။ ဒီလိုအခြေအနေမျိုးမှာ မြန်မာပြည်က နိုင်ငံအကြီးအကဲ ဆိုသူတွေက မိမိနိုင်ငံ ပိုင်နက်ထဲက၊ နိုင်ငံရဲ့ အဓိက အသက်သွေးကျောလည်းဖြစ်၊ အစဉ်အလာကြီးလှတဲ့ ဧရာဝတီမြစ်ကိုမှာ တရုတ်လက်ထဲ ၀ကွက်အပ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့တွေကြားက ဆက်ဆံရေးဟာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ထက်တောင် ကျော်သွားပြီလားလို့တွေးစရာ ဖြစ်လာပါတယ်။

အဲဒီစီမံကိန်းကနေ ထွက်တဲ့ လျှပ်စစ်ဓာတ် အားလုံးနီးပါးကို တရုတ်ကို ရောင်းရင်၊ မြန်မာအစိုးရက နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ရမယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမယ့် အခုလည်း မြန်မာပြည်ကနေ သဘာဝဓာတ်ငွေ့လို သယံဇာတတွေ၊ ကျောက်မျက်ရတနာတွေ ထုတ်ရောင်းနေပေမယ့် လူထုဘ၀တွေ ဘာတခုမှ ထူးခြား ပြောင်းလဲသွားတာ မတွေ့ခဲ့ရပါဘူး။

တိုင်းသူပြည်သား အများစုကတော့ ဆင်းရဲတွင်းထဲက မတက်နိုင်သေးပါဘူး။ ဧရာဝတီမြစ်ကြီးကို ရောင်းစားလို့ရမယ့်ငွေကိုလည်း ပြည်သူလူထုက မျှော်လင့်နေတာ မဟုတ်ပါဘူး။ ဒီစီမံကိန်းကို စမယ်ဆိုတဲ့ အချိန်တုန်းကလည်း ပြည်သူလူထုကို အသိမပေးခဲ့ပါဘူး။ တဖက်မှာ တရုတ်ကုမ္ပဏီတွေရော၊ တရုတ်အစိုးရ ကိုယ်တိုင်ပါ ရေအားလျှပ်စစ်စီမံကိန်းတွေမှာ တာဝန်ယူမှု တာဝန်ခံမှုနဲ့ ပတ်သက်လို့သူ့ပြည်တွင်းမှာရော၊ အာရှ၊ အာဖရိကမှာပါ နာမည်မကောင်းပါဘူး။

ကချင်ပြည်နယ်၊ ဧရာဝတီမြစ်ဖျားမှာ တည်ဆောက်မယ့် မြစ်ဆုံရေကာတာ စီမံကိန်းက ဖြစ်လာမယ့် ဆိုးကျိုးတွေကို တရုတ်မြန်မာ ပညာရှင်တွေကလည်း ထောက်ပြထားပြီး ဆက်မလုပ်ဖို့ တောင်းဆို ထားကြပါပြီး၊ ရေတိုမှာရော၊ ရေရှည်မှာပါ ဘာမှ အကျိုးပြုစရာ မရှိဘူးဆိုတာ သက်သေတွေ နေရာတကာမှာ အများကြီး ရှိနေပါတယ်။

ဒီအခြေအနေ အရပ်ရပ်ကို မစူးစမ်းဘဲ အာဏာပိုင်တွေက ရေကာတာကို ဆောက်လုပ်ဖို့ သဘောတူခဲ့တာပါ။ အခုလည်း ကချင်ပြည်နယ်က တိုက်ပွဲတွေကြား၊ ကန့်ကွက်နေတဲ့ ကြားကပဲ မြစ်ဆုံစီမံကိန်းကို တရုတ်ကုမ္ပဏီက ဆက်ပြီး အကောင်အထည် ဖော်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဘာမှ အသုံးမကျတဲ့ မြစ်ဆုံရေကာတာ စီမံကိန်းကို ရှေ့ဆက်တိုးလို့မရအောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တွန်းတွန်းတိုက်တိုက် တိုက်တွန်းဖို့၊ တိုက်တွန်းတဲ့နည်းနဲ့မရရင် ရတဲ့နည်းနဲ့ လုံးဝရပ်သွားအောင် ဖျက်ကြဖို့ဘဲ ပြည်သူတွေအတွက် ရွေးစရာ ကျန်ပါတော့တယ်။

ဒီတခါ လူထုက အလျှော့ပေးလိုက်ရင်တော့ ဧရာဝတီရဲ့ နောက်ဆုံးနေ့တွေကို ကျနော်တို့ သက်တမ်းမှာပဲ မြင်တွေ့ရဖွယ်ရှိတဲ့အကြောင်း တင်ပြလိုက်ရပါတယ်။

http://burmese.dvb.no/archives/15058မှကူးယူဖော်ပြပါသည်၊

Thursday, September 1, 2011

0 တိုင်းပြည်ရဲ့သမိုင်းအမွေအနှစ်ဖြစ်တဲ့ဧရာဝတီမြစ်ကို ခြံခတ်ပြီး တရုတ်ကို လျှပ်စစ်ဓာတ်အားရောင်းစားဖို့ လုပ်နေတဲ့ ဦးသိန်းစိန်

(09-05-21)
တိုင်းပြည်ရဲ့သမိုင်းအမွေအနှစ်ဖြစ်တဲ့ဧရာဝတီမြစ်ကို ခြံခတ်ပြီး တရုတ်ကို လျှပ်စစ်ဓာတ်အားရောင်းစားဖို့ လုပ်နေတဲ့ ဦးသိန်းစိန် (2010-12-18)


KDNG 2 (vimeo)မြန်မာစာတမ်းထိုး
မေလ၂၀၁၁ တွင် အထက်ပါ ဗီဒီယိုကို တရုတ်ပြည်၏ အကြီးဆုံးသော ရေကာတာဆောက်လုပ် သည့် ဆိုင်နိုဟိုက်ဒရိုကော်ပိုရေးရှင်းကုမ္ပဏီ ဗဟိုသတင်းဌာနမှ ထုတ်လုပ်ဖြန့်ချီခဲ့သည်။ ရေကာတာစီမံကိန်းပိုင် နိုင်ငံတကာ-တရုတ်စွမ်းအင်အဖွဲ့ (cpi)မှ မြစ်ဆုံရေကာတာ ဆောက်လုပ်ရေး ပထမအဆင့်ကို ပြီးစီးအောင်လုပ်ဆောင်ရန် ဆိုင်နိုဟိုက်ဒရိုကို စာချုပ်ချုပ်ဆိုထားပြီဖြစ်သည်။


Myanmar Prime Minister Thein Sein met with General Manager Zhai Ruoyu

0 လစ်ဗျားသူပုန်များကဲ့သို့ အောင်ပွဲခံနိုင်ရန် တိုင်းရင်းသားများ စည်းလုံးမှုလိုအပ်

မြောက်အာဖရိကရှိ လစ်ဗျားနိုင်ငံမှ သူပုန်များ ကဲ့သို့ အောင်ပွဲခံနိုင်ရန်စည်းလုံး ညီညွတ်ရန် လိုအပ်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောသည်။ ဆယ်စုနှစ် ၄၊၅ ခုကြာ တော်လှန်တိုက်ခိုက် ခဲ့သော်လည်း အစိုးရက တိုင်းရင်းသား လူမျိုးစုများကို စည်လုံး ညီညွတ် မူမရှိစေရန် သွေးခွဲမူများပြုလုပ်သောကြောင့် စည်းလုံးညီညွတ်မူရရှိမှသာ လစ်ဗျားကဲ့သို့ နိုင်ငံတကာမှ အကူအညီများလည်း ရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း KIO နိုင်ငံခြားရေး တာဝန်ရှိသူ ဂျိမ်းစ် လွမ်းဒေါင် က ပြောသည်။ ဒီ အချိန်မှာ တိုင်းရင်းသား စည်းလုံး ညီညွတ်ဖို့လိုပြီ၊ ဒါမှ နိုင်ငံတကာ က ကူညီဖို့ စိတ်ဝင်စားလာမှာပေါ့”ဟု ၎င်းက ဆိုသည်။

ထို့အပြင် တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အတွင်းရေးမှူး နိုင်ဟံသာ ကလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တော်လှန်ရေး မအောင်မြင်သေးခြင်းသည် ပြည်ပ အကူအညီ မရရှိသောကြောင့် ဖြစ်သည်ဟု ပြောသည်။ လစ်ဗျားနိုင်ငံ ထရီပိုလီ မြို့တွင် အဏာရှင်စနစ်ဖြင့် ၄၁ နှစ် အုပ်ချုပ်ခဲ့သည့် ဗိုလ်မှူးကြီး ကဒါဖီ ကို နိုင်ငံတကာနှင့် နေတိုးခေါ် မြောက်အတ္တလန်တိတ် စာချူပ် အဖွဲ့(North Atlantic Treaty Organization-NATO)၏ စစ်ရေးအကူအညီကြောင့် သြဂုတ်လ ၂၃ ရက် နေ့တွင် လစ်ဗျားသူပုန်များက တော်လှန်နိုင်ခဲ့သည်။

NATO က စစ်ရေးကူညီမူဖြင့် လေကြောင်း တိုက်ခိုက်မှု၊ သံတမန်ရေး၊ စီးပွားရေးပိတ်ဆို့မှုများနှင့် လစ်ဗျား သူပုန်များက အမျိုးသားလုံးဆိုင်ရာ အသွင်ကူးပြောင်းရေး ကောင်စီ(NTC) လက်အောက်တွင် စည်းလုံးညီညွတ်မူဖြင့် တော်လှန်တိုက်ခိုက်မှု အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်သည်။ ကဒါဖီ သည် နိုင်ငံတကာ ၌ ဖြစ်ပွားနေသည့် အကြမ်းဖက်မူများအား ထောက်ခံအားပေးနေသည်ဟု နိုင်ငံတကာမှ စွပ်စွဲထားပြီး လူ့အခွင့်အရေး ချိုးဖောက်မူကို ကျူးလွန်သူဖြစ်သည်ဟုဆိုကာ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် လစ်ဗျားကို လူ့အခွင့်အရေး ကောင် စီအဖွဲ့ဝင် အဖြစ်မှ ယာယီ ရပ်ဆိုင်းထားသည်။

၁၉၈၈ ခုနစ်ကစပြီး ၂၃ နှစ်ကျော် အုပ်ချုပ်ခဲ့သော မြန်မာစစ်အစိုးရသည်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ဖြစ်ပွားသည့် စစ်ပွဲများအတွင်း လူ့အခွင့်အရေး ချိုးဖောက်မူများရှိနေကြောင်း ကုလသမဂ္ဂသို့ တိုင်ကြားမှုများရှိနေသည်။ လတ်တလောတွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ကရင်ပြည်နယ်များအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် အစိုး ရတပ်များ တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး ရာနှင့်ချီသော ဒုက္ခသည်များလည်း အိုးအိမ်စွန့်ခွာ၍ ထွက်ပြေး တိမ်းရှောင်နေရသည်။ ထိုအခြေအနေများကြောင့်၂ဝ၁၁ ခု ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၆ ရက်အထိ ကျင်းပသော တိုင်းရင်းသား လူမျိုးများညီလာခံတွင် အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး တို့အတွက် UNFC ကို ဖွဲ့စည်းခဲ့သည်။

UNFC တွင် အင်အား အကြီးမားဆုံးဖြစ်သော ကရင်အမျိုးသားအစည်းအရုံး KNU ၊ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO ၊ ရှမ်းပြည် တပ်မတော် SSA စသည့် အဖွဲ့များ အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ပါဝင်သည်။KNU သည် ၁၉၄၇ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၄၉ ခုနှစ်မှစ၍ အစိုးရကို လက်နက်ကိုင် ဆန့်ကျင်ခဲ့သည့် အဖွဲ့ဖြစ်ပြီး KIO မှာ ၁၉၆၁ ခုနှစ် ၌ စတင်ဖွဲ့စည်း၍ အစိုးရကို ဆန့်ကျင်တော်လှန်ခဲ့ရာမှ ၁၉၉၄ ခုနှစ်တွင် အပစ်အခတ် ရပ်စဲရေးပြုလုပ်ခဲ့သည့် အဖွဲ့ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လဆန်း မှ စတင်၍ အစိုးရတပ်များနှင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီး အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြား ခဲ့ရသည်။SSA အဖွဲ့သည် ၁၉၆၄ ခုနှစ်တွင်စတင်ဖွဲ့ခဲ့ပြီး အစိုးရကို ဆန့်ကျင်ခဲ့ရာမှ SSA မြောက်ပိုင်းက ၁၉၈၉ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ ငြိမ်းချမ်းရေး ယူခဲ့သည်။၂၀၁၁ ခုနှစ် မေလအတွင်းက SSA မြောက်နှင့်တောင် ပူးပေါင်းပြီး SSPP/SSA ဟူ၍ ခေါ်ခဲ့သည်။ မြန်မာအစိုးရအပေါ် မွန်၊ ချင်း နှင့် ကရင်နီ စသည့် တိုင်းရင်းသားများကလည်း လက်နက်ကိုင် တိုက်ပွဲဝင်လျက် ရှိသည်။
Yangon PressInternational

0 မြစ်ဆုံရေကာတာတားမြစ်ရေးအတွက် ဖောင်မျောပွဲတွေလုပ်ကြစို့


Wednesday, August 31, 2011

0 စည်းခြားမရနိုင်တဲ့ သူနှစ်ယောက်




စည်းခြားမရနိုင်တဲ့ သူနှစ်ယောက်

ကမ္ဘာမြေပြင်သို့ ရောက်လာခဲ့ပြီးသည့်နောက် အမျိုးမျိုး အဖုံဖုံ ဝေဖန်ရှုံ့ချ ကဲ့ရဲ့ပြစ်တင် တိုက်ခိုက်ထိုးနှက်ခြင်း လောကဓံတွေအကြား လူးလိမ်ရုန်းကန် လောင်မြိုက်ခြင်းတည်း ဟူသော သောကပင်လယ်အကြား မှတ်ကျောက်အတင်ခံပြီး ကျောခြင်းကပ် ရင်ခြင်းအပ် ကြံ့ကြံ့ခံကာ လူသားတို့အတွက် လူပီသစွာ မေတ္တာတရားကို လက်ကိုင်ပြုပြီး သီလလုံစွာ ပေးဆပ်ခဲ့သော သူမနှင့် ကျွန်တော်တို့ဖြတ်သန်းခဲ့သော နှစ်ပေါင်း (၃၀) တိတိနေ့ (သို့) ပုလဲရတုနေ့မြတ်ကို ၃၁.၈. ၂၀၁၁ (ဗုဒ္ဓဟူးနေ့) နံနက် (၁၀း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၌ ကျင်းပပြု လုပ်ခဲ့သည်။

ယင်း ပုလဲရတုနေ့မြတ်တွင် ကျွန်တော်တို့နှင့် လက်တွဲဖော်လက်တွဲဖက်၊ ရဲဘော်ရဲဖက်များ၊ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ပန်းချီ အပေါင်းအသင်း မိတ်ဆွေများ၊ အသင်းသူ/သားများ၊ ၀န်ထမ်းများ၊ မိဘဖြစ်သူ ဦးစိန်တင် + ဒေါ်မြသန်းနှင့် ဆွေမျိုးသားချင်းများ စုံညီစွာ တက်ရောက်အားပေးကြ သည်။ OK ရှမ်းအိုးစည် တီးဝိုင်းအဖွဲ့မှလည်း မေတ္တာဖြင့် လာရောက်တီးခတ် ဖျော်ဖြေကာ သီးစုံ ထောပတ်ထမင်း၊ ကြက်သားဟင်း၊ ချဉ်ပေါင်ဟင်းချိုနှင့် ရေခဲမုန့်တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။ မင်္ဂလာနေ့မြတ် အထိမ်းအမှတ်အဖြစ် အသည်းပုံကိတ်မုန့်၊ ပုလဲလုံးလေးများ စီရီထားသော ကိတ်မုန့်တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။ ကျော်သူ + ရွှေဇီးကွက်တို့၏ ရဲဘော်ရဲဖက်၊ မိတ်ဆွေ တစ်ချို့၏ ပုလဲရတုနေ့မြတ်အဖြစ် ဂုဏ်ပြုရေးသားထားသော ကဗျာ၊ စာသားတချို့ဖြင့် အမှတ် တရများ ရေးသားပေးခဲ့ကြသည်။ ထို့အပြင် ကြွရောက်လာကြသော အနုပညာရှင်များဖြစ်သော ဦးဝင်းငြိမ်း၊ ဦးရဲလွင်၊ ကိုနေ၀င်း၊ အနဂ္ဂ၊ သံသာဝင်း၊ မေခလာ၊ မင်းထင်ကိုကိုကြီး၊ မင်းလူ၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ မသီတာ (စမ်းချောင်း)၊ ကိုမျိုး (မြန်မာစာ)၊ ကိုမြတ်ဆွေ၊ မိုက်တီးတို့မှ နှုတ်ခွန်းဆက် မင်္ဂလာစကားများကို ပြောကြားပေးခဲ့သည်။ ယင်းအခမ်းအနားတွင် အသည်းပုံ ကိတ်မုန့်ကိုလှီး၍ မည်သူကပို၍ချစ်ကြောင်း ပြသရန် ဆရာမ ဒေါ်သန်းမြင့်အောင်မှ တောင်းဆိုမှု ကြောင့် ကိုကျော်သူသည် အသည်းပုံကိတ်မုန့်ကို မလှီးရက် ကြောင်းဟုပြောဆိုကာ ရွှေဇီးကွက်၏ ပါးပြင်အား အနမ်းဖြင့် မည်မျှချစ်ကြောင်း သက်သေပြလိုက် သည့်အတွက် ပရိသတ်များ ပွဲကျကာ လက်ခုပ်လက်ဝါးများ တီးခတ်၍ သြဘာပေးခဲ့ကြသည်။ ဧည့်ပရိသတ်များ နှုတ်ခွန်းဆက်၍ ပြန်လည်ထွက်ခွာသွားချိန်တွင် ဦးရဲလွင်(မဇ္ဈိမလှိုင်း)၏ ဂုဏ်ပြု သီဆိုပေးထားသော “စည်းခြားမရ နိုင်သူ” သီချင်းအား ကျော်သူ + ရွှေဇီးကွက်တို့ ငယ်စဉ်သမီး ရည်းစားဘ၀မှ ယခုအချိန်ထိ အနှစ် (၃၀) ဖြတ်သန်းခဲ့သော ပုံရိပ်လွှာများဖြင့် ဖော်ကျူးထားသော DVD အချပ်အား လက်ဆောင်အဖြစ် ၄င်း၊ အနှစ် (၃၀) ပြည့် အထိမ်းအမှတ်ထုတ်ထားသော T-Shirt အင်္ကျီအား အမှတ်တရအဖြစ် ပြန်လည်၍ ပေးအပ်ပါသည်။

နေ့လည်ပိုင်းတွင် အသင်းသူ/သားများနှင့် ၀န်ထမ်းများအား ဦးကျော်သူမှ ပန်းပေါင်းစုံ မြတ်စွာဘုရား (၃) ဆူအား မဲဖောက်၍ ကုသိုလ်ပြုခဲ့ကာ ပုလဲလုံးလေးများ စီရီထားသောကိတ်မုန့် အား အသင်းသူ/သားများအား ကျွေးမွေးကာ အနှစ် (၃၀) ပြည့် ပုလဲရတု အမှတ်တရအဖြစ် စုပေါင်း၍ မှတ်တမ်းဓါတ်ပုံကို ပျော်ရွှင်စွာရိုက်ကူး၍ အခမ်းအနားအား အဆုံးသတ်ခဲ့ပါသည်။

ကိုကျော်သူ

0 မြစ်ဆုံရေကာတာကိစ္စကို တရားစွဲဆိုရန် ပြင်ဆင်

ဧရာဝတီမြစ်ဆုံ ရေကာတာ တည်ဆောက်ရေးနှင့်ပတ်သက်၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း တရားလိုအဖြစ် ပြုလုပ်မည့် ဦးဝင်းချိုက ပြောကြားသည်။

ဒလမြို့နယ်တွင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးချယ်ခံခဲ့သူ ဦးဝင်းချိုအပြင် အခြားမြို့နယ်များတွင် ဝင်ရောက် အရွေးချယ် ခံခဲ့သည့် ဒေါ်ဘောက်ဂျာ၊ ဦးမင်းအောင်၊ ဦးစိုးကြည်နှင့် ဦးအောင်မျိုးဦးတို့က ပူးပေါင်း၍ တရားလိုအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

"ဧရာဝတီမြစ်ကို ကာကွယ်ဖို့ အဘက်ဘက်ကဝိုင်းလုပ်ကြတဲ့နေရာမှာ အန်ကယ်တို့က ဥပဒေဘက်ကနေ လှုပ်ရှားသွားမှာပါ"ဟု ဦးဝင်းချိုက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၈)၊ ပုဒ်မ(၃၇၇)အရ နိုင်ငံသားများ၏ မူလအခွင့်ရေးတစ်ရပ်ရပ်ကို ရယူလိုပါလျှင် သတ်မှတ်ချက်များနှင့် အညီ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လျှောက်ထားပိုင်ခွင့် ရှိသည်။

တစ်ဖက်၌လည်း မြစ်ဆုံဆည် ဆောက်လုပ်နေခြင်းကို အလွန်အန္တရာယ်များသည့်အတွက် အမြန်ဆုံးရပ်တန့်ရန် တောင်းဆိုသည့် စုပေါင်း လက်မှတ်ရေးထိုးမှုကို အရှိန်မြှင့် ဆောင်ရွက်နေကြောင်း ဧရာဝတီကို ထာဝရ ရှင်သန်စေလိုသူများက ပြောကြားလိုက်သည်။

တရုတ်အစိုးရပိုင် China Power Investment ကော်ပိုရေးရှင်းနှင့် မြန်မာအစိုးရ ပူးတွဲ အကောင်အထည် ဖော်နေသော ထိုစီမံကိန်း ရပ်တန့်ရေးကို လိုလားသူ အများအပြားက လက်မှတ်ထိုး ထောက်ခံနေကြကြောင်းသိရသည်။

ဒေသအသီးသီးမှ စုဆောင်းရရှိသည့် လက်မှတ်များကို စာတိုက်ကြီးမှတဆင့် သမ္မတ ဦးသိန်းစိန်ထံ တရားဝင် ပို့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

''အရင်းအမြစ်တွေကို အသုံးချပြီး ရလာတဲ့ အကျိုးအမြတ်ကို ပြည်သူတွေ ရမလား၊ ဘယ်သူရမလဲဆိုတာက အရေးကြီးပါတယ်။ ပြီးတော့ အဲဒီ ဒေသ၀န်းကျင်က လူထုကို ပြန်လည်နေရာချထားဖို့၊ အသက်မွေးဝမ်းကျောင်းတွေ ပြန်လည်အခြေကျဖို့၊ မြစ်ချောင်း သဘာဝပတ်ဝန်းကျင်ကို စီမံခန့်ခွဲနိုင် ဖို့က အရေးကြီးပါတယ်''ဟု ဆည်တည်ဆောက်ရေး လုပ်ငန်းများကို လေ့လာခဲ့သည့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်း တစ်ခုမှ ပညာရှင်တစ်ဦးက ဆိုသည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဧရာဝတီမြစ်ကြီး အန္တရာယ်နှင့် ရင်ဆိုင်နေရသည့်အတွက် အားလုံး လက်တွဲ ပူးပေါင်းဆောင်ရွက်သွားကြရန် ပန်ကြားလွှာတစ်စောင်ကို သြဂုတ်လ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

ဧရာဝတီမြစ်တွင် ပြဿနာပေါင်းစုံ ဖြစ်ပေါ်လာရခြင်းမှာ စနစ်ကျသည့် စီမံကိန်းများ မရှိခြင်း၊ ထိန်းသိမ်းမှုဆိုင်ရာ ဥပဒေများကို မလိုက်နာခြင်း၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာနှင့် ဗဟုသုတ အားနည်းခြင်းတို့ကြောင့် ဖြစ်သည်ဟု အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် ထုတ်ပြန်သည့် ပန်ကြား ချက်တွင် ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြထားသည်။

ယခုအခါ ကချင်ပြည်နယ် မြစ်ဆုံဒေသ အနီးဝန်းကျင်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် မြန်မာအစိုးရ စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် ဆောက်လုပ်ရေး လုပ်ငန်းများ ရပ်တန့်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ ယင်း စီမံကိန်းအတွက် ဒေါ်လာ ၃.၆ ဘီလျံ အကုန်ကျခံကာ ၂၀၀၉ ခုနှစ် မှ စတင် ဆောက်လုပ်နေပြီး ၁၀ နှစ် ကြာ စီမံကိန်းကြီးဖြစ်ကြောင်း သိရသည်။

Peace Press(YC)

0 Lock ကျသွားသည့်မနက်ခင်း (မျိုးမြင့်ချို)


ဒုက္ခသည်စခန်းက တဲကလေးကိုခွဲခွာချိန် တံခါးအပိတ်မှာ ပြန်လှည့်မကြည့်ဖြစ်အောင်သတိထားပြီး လက်နောက်ပြန်ဖြင့် ပိတ် လိုက်ဖြစ်သည်။ သံယောဇဉ်မတွယ်ချင်တော့။ ဘဝဒုက္ခများစွာကို အတူထမ်းပိုးသယ်ဆောင်ပေးခဲ့တဲ့တဲကလေးရေ နေရစ်ခဲ့တော့။ ငါ့ဘဝထဲက တံခါးတချပ်တော့ ပိတ်လိုက်ပြန်ပြီပေါ့လေ။ ဘဝတွင်ပိတ်ခဲ့ဖူးသည့်တံခါးများစွာအနက် သည်ဒုက္ခသည်ဆိုသည့်တံခါးကား ပိတ်ရသိပ်ခက်ခဲမည်မဟုတ်ဟု ထင်ထားမိခဲ့ဖူးသည့်အထင်သည် လက်တွေ့တွင်မမှန်ကြောင်း ယခုသိလာရပြီ။

ကျနော် အရှေ့သို့လားရင်း အနောက်သို့ စုန်ခဲ့ပါသည်။

တတိယတန်းစားတယောက်အတွက် တတိယတန်းရထားကြီးဖြင့်တော့မဟုတ်ပါ။ ခေတ်မီဂျက်လေယဉ်ပျံကြီးနှင့်ဖြစ်ပါသည်။ ဖယောင်းတိုင်မီး မှိတ်တုတ်မှိတ်တုတ်၊ သက်ကယ်မိုးထရံကာနှင့် အတန်ကြာအသားကျခဲ့ရသည့် ဒုက္ခသည်ဘဝသည် ဒုက္ခသည်စခန်း တွင်း၌ ဒုက္ခတွေခါးစည်းရင်း လက်ပြနုတ်ဆက်ချန်နေရစ်ခဲ့ပါပြီ။

ပြိုးပြိုးပြက်ပြက်လျှပ်စစ်မီးရောင်တို့နှင့် ပျားပန်းခတ်မျှလူးလာခေါက်တုံ့တို့အကြားမှာ အထုပ်အပိုးတွေ ဘိုသီဘတ်သီ ကလေးငယ် များတို့လို့တွဲလောင်းနှင့်ကျနော်တို့အား သုဝဏ္ဏဘုမိလေဆိပ်သစ်ကြီးက တအံ့တဩ။ ကျနော်တို့ ငေးရင်းလည်းမောခဲ့ကြပါသည်။ ပျော်သလိုလို ဘာလိုလို စိတ်ခံစားမှုလည်း ရှိခဲ့ကြမည်လားမပြောတတ်ပါ။

ဘန်ကောက်မှ နယူးယော့ခ်အထိ တိုက်ရိုက်ပျံသန်းသည့်လေယာဉ်ခရီးစဉ်မှာ ရှည်ကြာသလောက် ငြီးငွေ့စရာလည်းဖြစ်ပါသည်။ ကျနော့် တသက်စီးဖူးခဲ့သမျှ လေယာဉ်ခရီးစဉ်များအနက် အကြာဆုံးနှင့် အရှည်ဆုံးခရီးပင်ဖြစ်ပါသည်။ နယူးယော့ခ်မှတဆင့် ရှီကားဂို၊ ထိုမှ တဆင့် ဖို့ဝိန်း။ လမ်းတလျှောက်တွင် အင်္ဂလိပ်စကားမပြောတတ်သည့်သူများအကြား ချောက်တီးချောက်ချက်ပြောတတ်ရုံလေးဖြင့် ကျနော်က “ကြက်ဆူပင်” ဝင်ဝင်လုပ်ပေးခဲ့ရသည်လည်းရှိပါသည်။

ဖို့ဝိန်းရောက်တော့ ညသန်းကောင်ချိန်ဖြစ်နေပြီ။ လာကြိုနှင့်နေသူတွေနှင့် ပြန်ဆုံရချိန်တွင် ဝမ်းနည်းဝမ်းသာခံစားမှုများဖြင့် ဒွေးရောယှက်တင် ဖြစ်နေပါသည်။ လေဆိပ်မှ နေရမည့်အိမ်သို့ကားဖြင့်လာရင်း လမ်းတွင်ဘေးဘီကိုကြည့်ကာ “ဖို့ဝိန်းဆိုတာ အမေရိကန်က တောမြို့လေးတခုပါ” ဟု ပြောခဲ့ဖူးသည့် သူငယ်ချင်းတယောက်ကိုလည်း အမှတ်ရနေမိသည်။ သေချာတာတခုကတော့ ဘယ်အချိန် အိမ်ပြန်ရမည်သာ မသိနိုင်သေး၊ အိမ်နဲ့တော့ မိုင်ထောင်ချီဝေးသွားပြီဆိုခြင်းပင်။

အိမ်ရောက်တော့ လူက တော်တော်လေးပန်းနေပြီ။ မေးတာတွေဖြေသိတာတွေပြော၊ ပါလာသည့် လက်ဆောင်ပစ္စည်းလေးတွေ ဝေငှ၊ ပြီးတော့ အိပ်ယာဝင်ခဲ့သည်။ အိပ်မပျော်နိုင်တော့။ လူကသာပမ်းနေပြီး အိပ်ချင်စိတ်ကပေါ်မလာသေး။ ဘာလို့များပါလိမ့်။ တွေးကြည့်တော့မှ လေယာဉ်ပေါ်မှာ တရက် ပျောက်သွားခဲ့ရသည်ကော။ အခုချိန်ဆို ဒုက္ခသည်စခန်းက နေ့လည်ချိန်ပါလားဟု သိလိုက်တော့မှ နေ့နှင့်ည မှားသွားတာကို ပြန်သတိရတော့သည်။ ကြိုးစားပြီးအိပ်ကြည့်သေးသည်။ မရတော့။ နာရီကတော့ လေယာဉ်ပေါ်မှာကတည်းက ရောက်သည့်အရပ်၏ စံချိန်ကိုလိုက်တိုက်ထားသည်မို့ ဒီကစံတော်ချိန်အတိုင်းဖြစ်နေသည်။ ကြည့်လိုက်တော့ မနက် ၅ နာရီအတိ။ ဆေးလိပ်ကလည်း သောက်ချင်နေသည်။ နောက်ပြီး ရောက်ရောက်ချင်း ပထမဆုံးအမေရိကန်မနက်ခင်းကို ကြည့်ဖြစ်အောင် ကြည့်မည်ဆိုသည့် စိတ်ကူးကလည်းရှိထားသည်။ အိပ်မပျော်သည့်အတူ အိပ်ယာကထသည်။ ဆေးလိပ်မီးခြစ်ယူသည်။ အိမ်သားတွေ ဘယ်သူမှမနိုးကြသေး။ တအိမ်လုံး တိတ်ဆိတ်နေ၏။ ကောင်းသည်။ ဘယ်သူ့ဘယ်သူမှ အနှောင့်အယှက်ဖြစ်စရာမရှိတော့။ အိမ်ရှေ့ခန်းတံခါးကိုဖွင့်ပြီး အပြင်ထွက်လိုက်သည်။ “အား..အေးလိုက်တာ” ဟု နှုတ်က အသံထွက်သွားမိသည်။ တံခါးကို လက်နောက်ပြန်ပိတ်လိုက်သည်။

အပြင်ဘက်မြင်ကွင်းကား လှပသည်။ “နွေဦးရာသီဆို ဒီမှာသိပ်လှတယ်” ဟုပြောခဲ့ဖူးသည့် မိတ်ဆွေကို အမှတ်ရလိုက်သည်။ ဟုတ်သားပဲ။ မြက်ခင်းစိမ်းလေးပေါ်မှာ ယုန်ကလေး တကောင်နှစ်ကောင် ခုန်ပေါက်နေသည်။ လူရှိနေမှန်းသိသိနှင့် ကြောက်လန့်ဟန်မရှိ။ လွတ်လပ်ပေါ့ပါးလွန်းလှသည်ပဲ။ စိတ်ထဲတွင် အိမ်တအိမ်က လွှတ်ထားသည့်ယုန်ကလေးတွေပဲနေမှာဟု ထင်နေသည်။ နောက်တော့မှ တောယုန်လေးတွေမှန်း သိရသည်။ နောက်ရက်တွေမှာ မိတ်ဆွေတယောက်က“ဒီမှာကတော့ တောတိရိစ္ဆာန်တွေကို အကြောင်းမဲ့ဖမ်းဆီး၊ နှိပ်စက်သတ်ဖြတ်ခွင့်မရှိဘူးလေ။ လုပ်ရင် လုပ်တဲ့သူအရေးယူခံရတယ်” ဆိုသည့်စကားကြောင့် ဩော်..တိရိစ္ဆန်လေးတွေတောင်ဥပဒေရဲ့ အကာအကွယ်အောက်မှာပါလား ဟု သိလိုက်ရသည်။ သစ်ပင်မြင့်မြင့်ကြီးတွေပေါ်က၊ ချုံပုတ်လိုလိုပန်းရုံလေးတွေဆီက မမြင်ဘူးသည့်ငှက်လေးတွေ တေးဆိုသံကြားရသည်။ နားထဲတော့ ခပ်စိမ်းစိမ်း။ သီချင်းသစ်တပုဒ်ကို စကြားကြားချင်းရလိုက်သည့်ခံစားမှုမျိုးနှင့်ဆင်သည်။ မျက်နှာချင်းဆိုင်က အိမ်အသစ်ကလေးကို ကြည့် လိုက်တော့လည်း နေချင်စရာလေး။ ဖြတ်သွားဖြတ်လာကားသံများမှလွဲ၍ ပကတိတိတ်ဆိတ်ငြိမ်သက်နေသည်။ ဆေးလိပ်ဖွာလိုက် ဝန်းကျင်ကိုငေးမောခံစားလိုက်နှင့်။ ဖန်တီးမှုမပါသည့် ရသတမျိုးမျိုးကို ရနေသည့်နှယ်။

အမေရိကန်မနက်ခင်းကိုလည်း နဖူးတွေ့ဒူးတွေ့သိလိုက်ပြီ။ ဆေးလိပ်သောက်လည်းအာသာပြေပြီ။ ခဏနေတော့ အနွေးထည် ဝတ်မလာတာမို့ နည်းနည်းလည်းအေးလာသည်။ အိမ်ထဲပြန်ဝင်တော့မှ၊ တံခါးလက်ကိုင်ကိုလှည့်လိုက်သည်။ ဖွင့်မရ။ ဘာများဖြစ်ပါလိမ့် ဆိုပြီး ထပ်လှည့်ကြည့်သည်။ မပွင့်။ ခက်ပြီ။ ထပ်လှည့်ကြည့်သည်။ ထိုအတိုင်းပင် တံခါးကတုတ်တုတ်မျှမလှုပ်။ ဒီတော့မှ သဘောပေါက်သွား၏။ အပြင်ထွက်ဖို့ တံခါးဖွင့်တုန်းက အထဲကနေ Lock ချထားတာကို သတိမပြုမိခဲ့။ အမှန်က တံခါးပြန်မပိတ်ခင် Lock ကို ဖွင့်ထားခဲ့ရမည်။ ဒါမှ ပြန်ဝင်သည့်အခါ အပြင်ကပြန်ဖွင့်လို့ရမည်။ အခုတော့ သွားပြီ။ Lock ကျသွားခဲ့ပြီကော။ ဘာမှမတတ်နိုင်တော့။ အိမ်သားတွေက တယောက်ယောက်နိုးလာချိန်ထိ စောင့်ရတော့မည်။

လူတိုင်းဘဝတွင် Lock ကျခဲ့ရသည်များရှိနိုင်သလို Lock ချခဲ့ရသည်များလည်းရှိပါမည်။ ဘဝသစ်တခုကို တည်ဆောက်မည်ဆိုလျင် ဘဝဟောင်းကိုဖျောက်မှရမည်ထင်သည်။ ထိုကိစ္စသည် ဘဝတခု၏တံခါးတခုကို Lock ချလိုက်ခြင်းဖြစ်ရမည်။ Lock ချလိုက်ခြင်းဖြစ်ပါ သည်။ ရံခါတွင် မိမိက Lock ချလိုက်သည်မဟုတ်ပဲ အခြေအနေက (သို့မဟုတ်) ဘဝကိုယ်၌က Lock ချပေးလိုက်ခြင်းများလည်း ရှိပါမည်။ မည်သို့ပင် Lock ချလိုက်ချင်သည်ဖြစ်စေ၊ ချမရသည့် (သို့မဟုတ်) ချ၍မကျသည့် Lock များစွာလည်း ရှိနိုင်ပါမည်။ Lock ကို အပြီးချလိုက်သည့်ကြားမှ ပြန်ပြန်ပွင့်လာခြင်းမျိုးများလည်း ရှိနိုင်မည်ထင်သည်။

ယခု ကျနော် အမေရိကန်၏ ပထမဆုံးနံနက်ခင်းတွင် Lock ကျနေပြီကော။ သည် Lock ကား ဘယ်အချိန်အထိ ကျနေဦးမည်နည်း။ ကျနော်မချခဲ့သည့် Lock သည် ကျနော့်အတွက် ကျခဲ့ပြီ။ နောင်ကိုလည်း ဘဝတွင် အကြိမ်မည်မျှ Lock ကျရဦးမည်လဲ။ အကြိမ်မည်မျှ Lock ချရဦးမည်လဲ။ ကျနော် မတွေးတတ်တော့။ တွေးလည်းမတွေးချင်တော့။ ကျနော့်ဘဝတွင် အကြိမ်မည်မျှ Lock ကျခဲ့ပြီးပြီလဲ၊ ချခဲ့ပြီးပြီလဲဆိုသည်ကိုသာ တွေးနေမိသည်။

မျိုးမြင့်ချို

ဇွန် ၂၅ ၂ဝဝ၈

မိုးမခမှာတင်ခဲ့တာက မေ ၃၀၊ ၂၀၀၉

Tuesday, August 30, 2011

0 ယုဇနကုမ္မဏီမှလယ်ယာမြေများအားမတရားအားဓမ္မသိမ်းပိုက်ခြင်းအပေါ်တိုင်ကြားစာ







0 မြစ်ရေစီးသံ နာခံလော့

ဗမာပြည်ကတော့ ထွေလာဆန်းကြယ်တွေ တမျိုးပြီးတမျိုး ပေါ်နေတော့တာပဲ။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာကြီး ကင်တာနား ဗမာပြည်သွားလိုက်မှဘဲ ဗိုလ်ကြီးဟောင်းနေမျိုးဇင်တို့ တပ်ကုန်းက NLD ခေါင်းဆောင် ကိုဖိုးထောင်တို့ ပြည့်ပြည့်ဝဝ ထောင်ကျသွားတော့တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့ရဲ့ တွေ့ဆုံပွဲကလည်း (သူတို့အပြောအရ) ကျေနပ်စရာကောင်းနေတဲ့အချိန် သွားတာဆိုတော့ ကော်မရှင်နာကြီးရဲ့ ခရီးကို ပရိတ်သတ်အပေါင်းက မျှော်လင့်ချက်ကောင်းကောင်းနဲ့ စောင့်ကြည့်နေ လိုက်တာ ကင်တားနားလည်း ဖင်ကားယားနဲ့ အဆုံးသတ်သွားတော့မှ ဟာခနဲ ဖြစ်ကျန်ခဲ့ရတယ်။

ရယ်လည်းရယ်စရာ၊ မောလည်းမောစရာ မင်းကိုနိုင်ရဲ့စကားလေးကို သတိရမိတယ်။ အရင် ကုလကိုယ်စား လှယ်တော်ကြီး ဂမ္ဘာရီလက်ထက်ကပေါ့။ ထောင်ထဲမှာ အကျဉ်းသားတွေအကြား ဂမ္ဘာရီလာမယ်၊ ထူးမယ်၊ ဂမ္ဘာရီပြန်ရင် ထူးမယ်နဲ့ မျှော်လိုက်ရတာ ဂမ္ဘာရီသာ လာလိုက်ပြန်လိုက်နဲ့ သူ့တာဝန်သာ ပြီးဆုံးသွားတယ် ဘာမှ ထူးမလာဘူး။ အခု ကင်တားနားလည်း ရယ်စရာမောစရာနဲ့ဘဲ ပြီးသွားပြန်ပြီ။ ဒီတခါကတော့ မတူတာတွေ ဘေးထားပြီး တူတာတွေ အတူလုပ်ကြမယ်ဆိုတဲ့ စကားသံတွေကြောင့် အကောင်းမျှော်လင့်နေ ချိန်မှာဆိုတော့ မောစရာက ပိုကြီးသွားတော့တယ်။ လူထုအပေါင်းခင်ဗျာ ရင်ခေါင်းလောက်အထိ တက်လာတဲ့ ဝမ်းမြောက်ချင်တဲ့ သဒ္ဓါစိတ်ကလေးတွေ ဖုတ်ခနဲဖုတ်ခနဲ ပြုတ်ကျသွားရရှာတော့တယ်။

ဒါလားဟဲ့ စစ်ဗိုလ်ချုပ်များရဲ့ စိတ်ကောင်းစေတနာ၊ ဒါလားဟဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ မျိုးချစ်စိတ်။

ကြက်တူရွေးလွှတ်တော်ဥက္ကဋ္ဌကြီးဗိုလ်ချုပ်ကြီး(အရပ်ဝတ်)ရွှေမန်းတို့၊ခင်အောင်မြင့်တို့က နိုင်ငံရေး အကျဉ်းသား တွေကိုလွှတ်ချင်ပါတယ်။ အခုတော့မလွှတ်နိုင်သေးဘူး။ အခြေအနေကောင်းမှ လွှတ်မယ်လို့ ကော်မရှင်နာကြီး ကိုပြောလိုက်သတဲ့။ (၂၃)နှစ်ရှိနေတာတောင် အခြေအနေတွေက မကောင်းသေးဘူး လား။ သူတို့အုပ်ချုပ်မှ ဘယ်ခေတ်နဲ့မှ မတူအောင်ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်နေပြီလို့ တစာစာပြောခဲ့တဲ့ ခေါင်းဆောင်ကြီးတွေ ရဲ့စကားတွေ ဘယ်ပျောက်ကုန်ပြီလဲ၊ ကြက်တူရွေးဥက္ကဋ္ဌကြီးတွေရဲ့ အခြေအနေကောင်းမှ လွှတ်မယ်ဆိုတော့ အခုကအခြေအနေ မကောင်းသေးဘူးလို့ဆိုတဲ့ အဓိပ္ပါယ်ပေါ့၊ ဒါဆို အဘက်ဘက်က ဘယ်ခေတ်နဲ့မှမတူအောင် တိုးတက်နေပြီလို့ပြောခဲ့ကြတဲ့ ခေါင်းဆောင်ကြီးတွေ လိမ်တာ ပေါ့။ မတူတာတွေ ဘေးထားပြီး တူတာတွေ တွဲလုပ်ကြမယ်ဆိုတာကော တကယ်ပဲလား၊ လိမ်တာလားလို့ မေးရင် ဘယ်လိုဖြေ မလဲ။ ဒါလဲ နောက်ကွယ်က လူလိမ်ကြီးတွေ ခိုင်းတဲ့အတိုင်း ပြောရတာပါလို့ ပြောဦးမယ် ထင်ပါရဲ့။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ မဟုတ်သေးပါဘူး။ ပခုံးနဲ့ရင်ဘတ်မှာ သူရသတ္တိဆိုင်ရာဘွဲ့ တံဆိပ်တွေ အပြည့်ချိတ်ထားတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ သတ္တိကောင်းလိုက်ပုံက ဒီနိုင်ငံရေးအကျဉ်းသားတွေက လွှတ်ပေးပြီးရင် လမ်းမတွေပေါ်တက်ပြီး ဆန္ဒမပြကြဘူးလို့အာမခံမှ လွှတ်ပေးမယ်လို့ပြောလိုက်ပြန်သေးတယ်။ ပြောရဲပေ့ မောင်ကာဠုရယ်။ ကံကုန်ခါနီးတော့ဉာဏ်ထုံဆိုသလို ဒီစကားပြောရင် အာရပ်ကမ္ဘာကစခဲ့တဲ့ ကမ္ဘာ့ ဒီမိုကရေစီလှိုင်းတံပိုးကြီး ဗမာပြည်ကိုကူးစက်ရိုက်ခတ်မှာ စိုးရိမ်ကြောက်လန့်နေတဲ့ သူတို့အတွင်းသဘော ပေါ်သွားလိမ့်မယ်ဆိုတာတောင်မစဉ်းစားနိုင်ကြရှာတော့ဘူး။ ဖြစ်ရရှာပေ စစ်ဗိုလ်ချုပ်တွေရဲ့ဘဝ။ ပြောပဲ ပြောရဲ နိုင်လွန်းလိုက်တာ။ ဆာလို့ငိုတဲ့ကလေးကိုရိုက်ပြီး အရိုက်မခံချင်ရင်မငိုနဲ့လို့ပြောသလို ဖြစ်နေပြီ။ ကလေး ဆာတာကို ရှာကြံကျွေးမယ်လို့ စိတ်မကူးဘူး။ ဒါလားဟဲ့ မိဘနဲ့တူတဲ့ နိုင်ငံတော် အကြီးအကဲများဆိုတာ။

ဒါကို အဟုတ်လုပ်ပြီး ကော်မရှင်နာကြီးကလည်း အတိုက်အခံ နိုင်ငံရေးသမားတွေကို ခင်ဗျားတို့ ကြားဝင် အားမခံပေးမလားလို့ မေးရဲပြောရဲသလို၊ သူပြောရင် လိုက်လျောမယ်ဆိုတဲ့ အကျင့်စွဲနေတဲ့ နိုင်ငံရေးသမား ဆိုသူများကလည်း ကျနော်တို့ ကြိုးစားပါ့မယ်လို့ ပြောလိုက်ပြန်တယ်။ ပြီးတော့ စစ်ဗိုလ်ချုပ်ကြီးတွေ အကြိုက် နိုင်ငံရေးအကျဉ်းသားဆိုတဲ့စကားလုံးကို မသုံးဘဲ ယုံကြည်ချက်ကြောင့် အကျဉ်းချခံသူများလို့ နာမည်ပြောင်း သုံးပြီး အသနားခံကြမယ်ဆိုပါလား။ တိုင်းပြည်ကောင်းဖို့ ကိုယ့်အမြင်ကိုယ်ပြော၊ ကိုယ်ယုံကြည်ရာကို ဘယ်သူ့ကိုမှ မထိခိုက်စေဘဲလုပ်တာ နိုင်ငံရေးလုပ်တာမဟုတ်လား။ ဒီလိုပြော ဒီလိုလုပ်လို့ အဖမ်းခံရ အကျဉ်းချထားခံရသူဟာ နိုင်ငံရေးအကျဉ်းသား မဟုတ်ဘူးလား။ ပုဂံမင်း မိဖုရားဖြစ်လာတဲ့ အရပ်သူ မယ်နုက သူ့နာမည်ကို ပြည်သူပြည်သားတွေ မခေါ်ရ မသုံးရလို့ မတော်တရော် ကမောက်ကမ အမိန့်ထုတ်လို့ အရပ်သားတွေ မကျည်းရွက်နု၊ ဟင်းရွက်နုကို မကျည်းရွက်ထွတ်၊ ဟင်းရွက်သစ်လို့ ပြောခဲ့ကြ သုံးခဲ့ကြရတာကို သတိရစရာပဲ။ သမိုင်းစဉ်ဆက် ရယ်စရာကို ဖြစ်ရောပဲ။

ကြုံလို့ ပညာရှိသူတော်ကောင်းတွေရဲ့စကား နားခါးတတ်တဲ့စစ်ဗိုလ်ချုပ်တွေကို ကျွဲပါးစောင်းတီး လုပ်ပါဦးမယ်။ ဆရာကြီး ဒေါက်တာသန်းထွန်းက သမိုင်းဆိုတာ မအ အောင်လို့သင်တာလို့ဆိုတယ်။ သမိုင်းထဲမှာ သင်္ခန်းစာ ယူစရာတွေအပြည့်ရှိတယ်။ ဒါ့ကြောင့် ဆရာကြီးကဒီစကား မှာထားခဲ့တာပဲ။ ပုဂံမင်းဆိုတာ ဒီနေ့ စစ်ဗိုလ်ချုပ်မင်းတွေနဲ့အတော်တူတဲ့ ကုန်းဘောင်ခေတ်ကမင်းဆိုးမင်းညံ့တယောက်ပဲ။ ပြည်သူတွေဆီက အခွန် အကောက်ရထားတဲ့ ကောက်ပဲသီးနှံတွေကို သူ့မိဖုရားတွေက ငတ်နေတဲ့ပြည်သူကို ပြန်ရောင်စားတဲ့သူပဲ။ တိုင်းသူပြည်သားတွေအရေး တစက်ကလေးမှထည့်မစဉ်းစားဘဲ ကြက်တိုက်ငှက်တိုက်နဲ့ သောက်စားမူးယစ် အချိန်ဖြုန်းတယ်။ သူ့ဝါသနာဆိုးကို ကောင်းကောင်းဖြည့်ဆီးပေးနိုင်လို့ ကြက်သမား၊ နွားတိုက်သမား ကုလား ဘိုင်ဆတ်ကို မြို့ဝန်ခန့်တယ်။ လူပေါ့လူသွမ်း ကုလားဘိုင်ဆတ်က မြို့ဝန်အာဏာနဲ့ တိုင်းပြည်သူသားတွေကို နှိပ်စက်ညှင်းပန်းလွန်းလို့ နောက်ဆုံးသူကိုယ်တိုင်အမိန့်ထုတ် သတ်ပစ်ရတယ်။ အခု စစ်ဗိုလ်ချုပ်များက အရပ်ပျက် ကလေကဝတွေကို ကြံ့ဖွတ်တို့ စွမ်းအားရှင်တို့ဆိုပြီး လက်သပ်မွေး အာဏာပေးထားတာနဲ့ တပုံစံတည်းပဲ။ အခုတော့ ဗမာပြည်က ထောင်ထဲထားရမဲ့သူတွေကို အာဏာပေး၊ တိုင်းပြည်အုပ်ချုပ်ရမဲ့သူတွေကို ထောင်ထဲထဲ့နဲ့ တကဲ့ကို ကမောက်ကမတိုင်းပြည်။ အုပ်ချုပ်မင်းလုပ်သူတွေ တရားမဲ့ရင် ပြည်ပျက်တာပဲ။ သူ့လက်ထက်မှာ အောက်ဗမာပြည်ကို အင်္ဂလိပ်တွေ အလွယ်လေးသိမ်းသွားတာ ခံလိုက်ရတယ်။ ပြည်သူပြည်သားတွေ မခံမရပ်နိုင်လို့ ညီတော် မင်းတုန်းမင်းသားက ထီးနန်းသိမ်းလိုက်ရတယ်။ ပုဂံမင်းလည်း အရူးဘဝနဲ့ ဇာတ်သိမ်းသွားရတယ်။

အခု စစ်ဗိုလ်ချုပ်များခေတ်မှာလည်း ဗမာပြည် ခေါင်းပြတ်တော့မလို ဖြစ်နေပြီ။ ဗမာပြည်ရဲ့ မိခင်မြစ်ကြီး ဧရာဝတီလည်း ဖုတ်လိုက်ဖုတ်လိုက် အသက်ငင်နေပြီ။ ဒီတော့ စစ်ဗိုလ်ချုပ်တွေမှာ မျိုးချစ်စိတ်ကလေး နည်းနည်းကျန်သေးရင် ပုဂံမင်းအဖြစ်ကို င်္သခန်းစာယူပြီး လက်တွဲသင့်တဲ့သူနဲ့ လက်တွဲ၊ ပြင်စရာရှိတာတွေကို ပြင်ပြီး အမိဗမာပြည်ကို ကယ်တင်ရမဲ့ အချိန်ပဲဖြစ်တယ်။

ဒီနေ့စစ်ဗိုလ်ချုပ်တွေအနားမှာရှိတဲ့ ပြည်တွင်းပြည်ပကအသင်းအပင်းတွေကြားမှာ စစ်ဗိုလ်ချုပ်တွေကို ကြည်သာ နှစ်လိုလို့ပေါင်းနေတဲ့မိတ်ဆွေတယောက်မှမပါဘူး။ သူတို့ လိုဘ တခုတည်းအတွက် မချစ်သော်လည်း အောင့်ကာနမ်းနေကြတယ်ဆိုတာ စစ်ဗိုလ်ချုပ်တွေအသိဆုံးပါ။ ဒီနေ့ခေတ် ကမ္ဘာ့အခင်းအကျင်းကြီးမှာ ဒီတခါ တိုင်းပြည်နွံနစ်ရင်တော့ကမ္ဘာ့သုဉ်းတဲ့အထိကျွန်ဖြစ်ကြဘို့ဘဲရှိတော့တယ်။ နိုင်ငံရေး အကြပ်ဆိုက်လာမှ ဟိုလူနဲ့ တွေ့ပြလိုက်၊ ဒီလူကို ကတိကဝတ်ပြုလိုက်၊ နိုင်ငံရေးအကျဉ်းသားလေး မဆိုစလောက် လွှတ်ပြလိုက်။ ပြီးတော့ အသက်ရှူချောင်လာရင် ရူးချင်ယောင်ဆောင်လိုက်နဲ့ တသက်လုံးဘိန်းစွဲသလိုစွဲလာတဲ့ နိုင်ငံရေးကလိန် ကကျစ် မျက်လှည့်ပွဲတွေရပ်သင့်ပါပြီ။ မင်းမှာသစ္စာ လူမှာကတိ ဖြစ်အောင် ကြိုးစားပြင်ဆင်ဖို့ လိုပါပြီ။

ဒီနေ့ စစ်ဗိုလ်ချုပ်တွေ လုပ်နေတဲ့ နိုင်ငံရေးစတန့်တွေကို ဘာကြောင့်လုပ်တယ်။ ဘာလိုချင်လို့ လုပ်တယ်ဆိုတာ နည်းနည်း အကင်းပါးတဲ့သူတိုင်းမြင်ပါတယ်။ သူတို့ခြေလှမ်းက (၈၈) အရေးအခင်းပြီးစမှာ လူမျိုးစု လက်နက် ကိုင်အဖွဲ့တွေကို မရ ရတဲ့ဈေးနဲ့ စေ့စပ်ထားပြီး ပြည်တွင်းကဒီမိုကရေစီအင်စားစုတွေကို အာရုံစိုက်ဖိနှိပ် ကွပ်ညပ်ခဲ့သလို အခုတခါ ပြောင်းပြန်တဆစ်ချိုးပြီး ပြည်တွင်းကအင်အားစုတွေနဲ့ ဟန်ပြနားလည်မှုယူပြီး လူမျိုး စုလက်နက်ကိုင်အဖွဲ့တွေကို အာရုံစိုက်ချေမှုန်းဘို့ဟန်ပြင်တာပါပဲ။ ဒီဖော်နည်းကားကဒီတခါ အသုံးမဝင်နိုင် တော့ဘူး။ ခေတ်ကပြောင်းသွားပြီ။ လူထုဆက်သွယ်ရေးနည်းပညာတွေတိုးတက်လာလို့ အင်အားစုတွေ တခုနဲ့ တခုအကြား သတင်းဆက်သွယ် အမြင်ဖလှယ်နိုင်တာတွေက သိပ်ကိုအားကောင်းနေပြီ။ တနေရာတည်းမှာ နှစ်ခါချောင်းတဲ့မုဆိုးဟာ သားကောင်ဖြစ်တတ်တယ်။ ဒီတခါဖြစ်မယ့်သားကောင်က စစ်ဗိုလ်ချုပ်တွေတင်မကပဲ တိုင်းပြည်နဲ့ လူမျိုးပါ ရောပါသွားမှာပဲ။

နောက်အာရပ်ကမ္ဘာကစလိုက်တဲ့ ကမ္ဘာ့ဒီမိုကရေစီလှိုင်းကြီး ဗမာပြည်ကိုရိုက်ခတ်ပြီး လူထုအုံကြွမှာကိုကြောက် တယ်။ စစ်တပ်အောက်ခြေ အများစုကလည်း အရင်လို ခိုင်းမရတော့မှာကိုသိနေတယ်။ ဒါဟာ မြစ်တစင်းထက် အင်အားပြင်းတဲ့ လူထုရဲ့ဆန္ဒဖြစ်တယ်။ ဧရာဝတီကိုပိတ်ဆို့လို့ ရကောင်းရမယ်။ (၂၃) နှစ်တိုင်တိုင် ဖိနှိပ်ဖျောက်ဖျက်လို့ မရတဲ့အပြင် ပြင်းသထက်ပြင်းလာတဲ့ လူထုဆန္ဒကိုတော့ ဖိနှိပ်ပိတ်ဆို့လို မရနိုင်ဘူး။ ရနေတယ်ဆိုတာက အခိုက်အတန့်သာဖြစ်တယ်။ ဒါကြောင့် မြစ်ရေစီးသံကို နာခံဘို့ လိုပါတယ်။

ဒီနိုင်ငံရေးစတန့်တွေလုပ်ရတဲ့နောက်တချက်က စစ်အုပ်စုဟာတဖက်မှာလည်း အတုအယောင်ရွေးကောက်ပွဲက ထင်သလောက်ခရီးမပေါက်ပဲ နိုင်ငံတကာဝင်ဆံ့ဖို့အကြံမမြောက်ဖြစ်နေတယ်။ အာဆီယံဥက္ကဋ္ဌနေရာရဖို့ဆိုတာ ဒီအကြံအစည်းရဲ့ပထမခြေလှမ်းပဲ။ ဒီက တဆင့်တိုးပြီး နိုင်ငံတကာကို ဝင်ဆံ့လာရာကနေ နောက်ဆုံး အရေးယူ ပိတ်ဆို့မှု ဆန်ရှင်တွေရုတ်သွားဖို့ပဲဖြစ်တယ်။ စစ်ဗိုလ်ချုပ်တွေ အရူးအမူးဆန်ရှင်ပြုတ်စေချင်တာကလည်း တိုင်းပြည်နဲ့လူမျိုးအကျိုးထက် သူတို့ အတ္တအကျိုးကပိုပါတယ်။ ဆန်ရှင်ပြုတ်မှလည်း သူတို့ရဲ့နည်းပေးလမ်းပြ ခေါင်းကိုင်အဖ ဝဲစားကြီးဗိုလ်နေဝင်းနဲ့ နိုင်ငံတကာကအာဏာရှင်များလို ပြည်သူတွေဆီက ခိုးဆိုးလုယက် စုဆောင်းထားတာတွေကို ဆွစ်ဇာလန်ဘဏ်လို နိုင်ငံခြားဘဏ်တွေမှာ ဆွေစဉ်မျိုးဆက် သုံးစားနိုင်ဖို့ ပြောင်းရွှေ့သိုဝှက်နိုင်မှာ ဖြစ်တယ်။

အချုပ်ပြောရရင်တော့ ဗမာတပြည်လုံး ဘက်ပေါင်းစုံမှာ အကြပ်အတည်းပေါင်းစုံ ဆိုက်နေတယ်။ တိုင်းပြည် အနာဂါတ်ကို ခြိမ်းခြောက်ခံရပြီ။ လူမျိုးစုံ ပြည်သူတွေအကြား အမျိုးသားရင်ကြားစေ့ရေးကတဆင့် အမျိုးသား ညီညွတ်ရေးနဲ့ အမိဗမာပြည်ကို ဝိုင်းဝန်းကယ်တင် စောင့်ရှောက်ကြဖို့ အရေးတကြီး လိုအပ်နေပြီ ဖြစ်တယ်။ သေချာတာကတော့ အမျိုးသားရင်ကြားစေ့ရေးတို့ အမျိုးသားစည်းလုံးညီညွတ်ရေးတို့ဆိုတာ (၂၀၀၈) စစ်ကျွန် ဖွဲ့စည်းပုံဘောင်ထဲမှာ လုံးဝမဖြစ်နိုင်ဘူးဆိုတဲ့အချက်ပဲ။ (၂၀၀၈) အဖွဲ့စည်းပုံဟာ စစ်ခေါင်းဆောင်တွေ အချင်းချင်းကြားတင်မက စစ်တပ်နဲ့ လူမျိုးစုံပြည်သူတွေအကြား ထာဝရစိတ်ဝမ်းကွဲစေပြီး ပဋိပက္ခတွေ တခြိမ်းခြိမ်း ထုတ်လုပ်ပေးနေမယ့် ယန္တရားဖြစ်တယ်။

လူမျိုးစုံ ပြည်သူတွေအကြား အမျိုးသားရင်ကြားစေ့နိုင်ဖို့ဆိုတာက သမမျှတတဲ့ အပေးအယူ ညှိနှိုင်း သဘောတူညီမှုတွေနဲ့မှသာဖြစ်နိုင်ပါတယ်။ ငါက အသာစီးရလို့ မတော်မတရား သဘာဝမကျတဲ့ တောင်းဆိုမှု တွေကိုတောင်းဆို၊ ပြေလည်ချင်ဇောနဲ့ သဘာဝမကျတဲ့လိုက်လျောတဲ့သဘောတူညီမှုတွေဆိုတာ သမမျှတမှု မရှိတဲ့ အပေးအယူညိနှိုင်းသဘောတူမှုတခုပဲဖြစ်တယ်။ ဒီလို မတော်မတရားသဘာဝမကျတဲ့ စေ့စပ်ဆွေးနွေးပွဲ က ရလာတဲ့ အဖြေဆိုတာကလည်း တိုင်းပြည်အနာဂါတ်အတွက် ဘယ်လိုမှ မကောင်းနိုင်ပါဘူး။

စစ်ဗိုလ်ချုပ်တွေတိုင်းပြည်ကို တကယ်ကောင်းစေချင်၊ ပြောင်းလဲချင်ရိုးမှန်ရင်တော့ ပညာရှိ သတိမမူ ဂူမမြင် ဖြစ်မှာစိုးရိမ်လို့ မဟတ္တမဂန္ဒီကြီးရဲ့ စကားတခုကို မျှဝေလိုက်ပါတယ်။ ဂန္ဒီကြီးက စေ့စပ်ဆွေးနွေးရေးနဲ့ ဆက်စပ်ပြီး အောက်ကအတိုင်း ပြောခဲ့ပါတယ်။

“စေ့စပ်ဆွေးနွေးမှု မှန်သမျှဟာ အပေးအယူကို အခြေခံပေမယ့်၊ အခြေခံမူ ကျောရိုးကိုတော့ အပေးအယူလုပ်လို့ မရဘူး။ အခြေခံမူ ကျောရိုးကို အပေးအယူလုပ်တဲ့ စေ့စပ်ညိနှိုင်းမှုဆိုတာ လက်နက်ချခြင်းတမျိုးဖြစ်တယ်။ အရာအားလုံးကို အချည်းအနှီးပေးလိုက်ခြင်းဖြစ်တယ်။” (All compromise is based on give and take, but there can be no give and take on fundamentals. Any compromise on mere fundamentals is a surrender. For it is all give and no take.)



ရဲဘော်ကျော်သန်း

၂၉၊ ၈၊ ၂၀၁၁။

0 ဒေါ်အောင်ဆန်းစုကြည်ရေးသည့် ဆောင်းပါး စီစစ်ရေး ဖြတ်ခံရ၍ မဖေါ်ပြနိုင်

ပြည်သူ့ခေတ် ဂျာနယ်တွင် ဖေါ်ပြရန် ပေးအပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးသားသည့် ခရီးသွားဆောင်းပါး၏ အစိတ်အပိုင်းအချို့အား စာပေစိစစ်ရေးမှ ဖြတ်တောက်ခဲ့ခြင်းကို ဆောင်းပါးရေးသူက လက်မခံနိုင်သဖြင့် ယခုလောလောဆယ် ဖေါ်ပြနိုင်ခြင်း မရှိသေးကြောင်း ဂျာနယ် အတိုင်ပင်ခံအယ်ဒီတာ ဆရာမောင်ဝံသ က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်သည့် သတင်းဖေါ်ပြထားသည့် သတင်းဂျာနယ်များ၊ ( နိုဝင်ဘာ ၂၀၁၀ ခုနှစ်) ဓါတ်ပုံ YPI

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပုဂံခရီးသွားဆောင်းပါး ရေးသားပေးခြင်း ဖြစ်သည်ဟု သိရှိရသည်။ အဆိုပါ ဆောင်းပါးကို လွန်ခဲ့သော ၂ ပတ်ခန့်က ပြည်သူ့ခေတ်ဂျာနယ်မှ ပုံနှိပ်ဖေါ်ပြရန် စာပေစိစစ်ရေးသို့ တင်ပြခဲ့သည်။ စာပေ စိစစ်ရေးမှ အဆိုပါဆောင်းပါး၏ အစိတ်အပိုင်း အချို့ကို ဖြတ်တောက်ပြီးမှသာ ဖော်ပြရန် ခွင့်ပြုခဲ့သည်။

ဂျာနယ် အနေဖြင့် ထိုအဖြစ်အပျက်ကို ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည် အသိပေးခဲ့ရာ ဖြတ်တောက် ထားသည့် စာမူကို ဖေါ်ပြခြင်းမပြုရန် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည် ဟု ဆရာမောင်ဝံသက ဆောင်းပါးကိစ္စနှင့် ပတ်သတ်၍ ဒေါ်အောင်ဆန်းစု ကြည် ငြင်းဆိုခဲ့ပုံကို ရှင်းပြသည်။

“ကျွှန်တော်တို့ကဒီလိုပဲဖြုတ်ခိုင်းထားတယ် လက်ခံမလားဆိုတော့ သူကအဲဒါတွေဖြုတ်ရမယ်ဆိုရင် သူ့ဆောင်းပါး မထည့်နဲ့လို့ ပြောတယ်။” ဟု မောင်ဝံသက ဆိုသည်။

အဆိုပါဆောင်းပါးကို လာမည့်အပတ်တွင် အပြည့်အစုံ ဖော်ပြခွင့်ပြုရန် စာပေစိစစ်ရေးရုံးသို့ ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်း ပြည်သူ့ခေတ်ဂျာနယ်၏ အယ်ဒီတာချုပ် ဦးဖေမြင့်က ပြောသည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ု မြန်မာနိုင်ငံ စာပေစိစစ်ရေးမှ တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်မေးမြန်းခဲ့ရာ စာပေစိစစ်ရေးမှ သတင်းဆောင်းပါးများနှင့် ပတ်သတ်၍ ယခုနောက်ပိုင်း လုံးဝဖြုတ်လိုက်ခြင်းမျိုး မပြုတော့ဘဲ ဆိုင်းငံ့ထားသည့် အခြေအနေများသာ ရှိနေကြောင်း နောက်ပိုင်းသတင်းများနှင့် ပတ်သက်၍ ထူးခြားလာမည့် အခြေအနေ ရှိလာမည်ဖြစ်ကြောင်းကို ဖြေကြားခဲ့သည်။

“အခုက လူကြီးတွေရဲ့ သဘောထားတွေလည်း ပျော့ပြောင်းလာတယ်လေ အခုဒီကိစ္စ (ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်းပါးကိစ္စ) လည်း ထူးခြားလာမှာပါ”ဟု ၎င်းက ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်းပါးမှာ ဂျာနယ်များတွင် ဖော်ပြလေ့ရှိသော ဆောင်းပါးပုံစံ ဖြစ်ပြီး စာပေစိစစ်ရေးမှ မည်သည့်စာပုဒ်များအား ဖြုတ်ပယ်ခဲ့သည်ကို မေးမြန်းခဲ့ရာ ဆရာမောင်ဝံသမှ ပြန်လည် ဖြေကြားခဲ့ခြင်း မရှိခဲ့ပေ။

ပြည်သူ့ခေတ်ဂျာနယ်သည် ရွေးကောက်ပွဲမတိုင်ခင် လပိုင်းအလို ၂၀၁၀ ဇူလိုင်လတွင် စတင်ထုတ်ဝေခဲ့ သော နိုင်ငံရေး သတင်းနှင့် ဆောင်းပါးများအား ဦးစားပေးဖေါ်ပြသည့် ဂျာနယ် တစ်စောင် ဖြစ်သည်။

လွန်ခဲ့သည့် သီတင်းပတ်များအတွင်း ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ်ဘာသာဖြင့် ရေးသားသည့် ပုဂံခရီးစဉ်နှင့်ပတ်သက်သည့် ဆောင်းပါးအချို့ကို ဂျပန်နိုင်ငံထုတ် မိုင်အိနိချိ နေ့စဉ် သတင်းစာတွင် ဖေါ်ပြခဲ့သည်။

Yangon Press International

0 ငြိမ်းချမ်းငြိမ်သက်စွာဖြင့် ထွက်ခွာသွားလေသူ ဘဘဦးသုခ၏ မဟေသီ


ငြိမ်းချမ်းငြိမ်သက်စွာဖြင့် ထွက်ခွာသွားလေသူ ဘဘဦးသုခ၏ မဟေသီ

ကျေးဇူးရှင် စာရေးဆရာ၊ ဒါရိုက်တာ၊ နာယကကြီး ဘဘဦးသုခ ကမ္ဘာမြေပြင်မှ ထွက်ခွာသွားခဲ့ သည်မှာ (၆) နှစ်တာကာလအတွင်းသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ဘဘဦးသုခ သက်ရှိထင်ရှားရှိစဉ် တိုင်းပြည်အကျိုး၊ ဘာသာ သာသနာအကျိုး၊ အများပြည်သူတို့၏ နာရေးကိစ္စ အ၀၀ကို ချောမွတ်အ ဆင်ပြေရန် ဖွဲ့စည်းတည်ထောင်ခဲ့သော နာရေးကူညီမှုအသင်း(ရန်ကုန်) စသည့် လူမှုရေးစွမ်းဆောင် ချက်များကို ဘဘဦးသုခ၏ နံဘေးမှ ပါရမီဖြည့်ဆည်းပေးခဲ့သော ဘဘဦးသုခ၏ ဇနီး ဒေါ်ကျင်မေ အသက် (၈၁)နှစ်သည် ၂၇.၈.၂၀၁၁ (စနေနေ့) နံနက် (၀၂း၀၀) နာရီအချိန်တွင် စံပြဆေးရုံကြီး၌ ကွယ်လွန်သွားပါ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဋ္ဌ ဦးကျော်သူကိုယ်တိုင် သွားရောက်၍ မိခင်ကြီး ဒေါ်ကျင်မေ၏ ရုပ်အလောင်းအား ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင်ကူညီ ဖေးမပေးခဲ့ သည်။

၂၉.၈.၂၀၁၁ (တနင်္လာနေ့) နံနက် (၁၁း၀၀) နာရီအချိန်တွင် ကျေးဇူးရှင် ဘဘဦးသုခ၏ ဇနီး မိခင်ကြီး ဒေါ်ကျင်မေအား မီးသင်္ဂြိုလ်ခြင်း အခမ်းအနားကို ရေဝေးသုဿန်တွင် ကျင်းပခဲ့သည်။ ယင်း အခမ်းအနားတွင် ဘဘဦးသုခနှင့် မိခင်ကြီး ဒေါ်ကျင်မေ၏ သား - သုခ (သား) (ခ) ကိုရဲအောင်နှင့် မြေးဖြစ်သူတို့နှင့်အတူ ဆွေမျိုးသားချင်းများအပြင် ဘဘဦးသုခ၏ သားတပည့်များ၊ လက်တွဲဖော်များ၊ ဧည့်ပရိသတ်များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများတို့ဖြင့် ငြိမ်းချမ်းငြိမ်သက်စွာ ကျင်းပပြီးစီးခဲ့သည်။

ဘဘဦးသုခနှင့် မိခင်ကြီး ဒေါ်ကျင်မေ သက်ရှိထင်ရှားရှိစဉ် အချိန်က ဘဘဦးသုခ၏ ပါရမီ လမ်းရှိ နေအိမ်သို့ အနုပညာကိစ္စရပ်များ၊ လူမှုရေးကိစ္စရပ်များ၊ စာပေကိစ္စရပ်များ တိုင်ပင်ဆွေးနွေး သြ၀ါဒခံယူရန် သွားရောက်သည့်အချိန်တိုင်းတွင် မိခင်ကြီး ဒေါ်ကျင်မေသည် စကားဝိုင်းတွင် ၀င်ရောက် စွက်ဖက်ခြင်းမရှိ။ ဘုရားခန်းထဲတွင်၎င်း၊ ဧည့်ခန်းထဲတွင်၎င်း ခပ်လှမ်းလှမ်းမှ အေးချမ်း တည်ငြိမ်သော အပြုံးကလေးဖြင့်သာ ကြည့်ရှုနေသော ပါရမီဖြည့်ဖက် တစ်ဦးလည်းဖြစ်သည်။ ယခု မိခင်ကြီး ဒေါ်ကျင်မေ၏ နောက်ဆုံးနှုတ်ဆက်ပွဲသည်လည်း မိခင်ကြီး ဒေါ်ကျင်မေဖြစ်စေချင်သည့် ငြိမ်းချမ်းမှု၊ အေးချမ်းမှု၊ စိတ်ငြိမ်မှု၊ ငြိမ်သက်မှုတို့ဖြင့် ကမ္ဘာလောက ကြီးထဲမှ ထွက်ခွာသွားခြင်း ဖြစ်တော့သည်။

ကိုကျော်သူ

Monday, August 29, 2011

0 ၂၀၀၇ -ဗကသ နှစ်ပါတ်လည် အထိမ်းအမှတ်အခမ်းအနားမှမှတ်တမ်းဓါတ်ပုံများ




၂၀၀၇ ဗကသ များအဖွဲ့ချုပ် နှစ်ပတ်လည်အထိမ်းအမှတ်အခမ်းအနားကို ၂၈၊၈၊၁၁ ရက်နေ့ နေ့လည် (၂)နာရီ တွင် အင်စိန်းမြို့နယ်ဖေါ့ကန်ရပ်ကွက်၊ ဂျပန်လမ်းရှိ ဒေါက်တာနေ၀င်းအိမ်တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ အခမ်းအနားသို့ ၈၈ မျိုးဆက်ကျောင်းသားများ၊၂၀၀၇ မျိုးဆက်ကျောင်းသားများ၊ မျိုးဆက်သစ်ကျောင်းသားများ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ဖမ်းဆီးခံခဲ့ရသော ၂၀၀၇ မျိုးဆက်ကျောင်းသားများ ၏ မိခင်များ၊ အဖွဲ့ချုပ်အဖွဲ့ဝင်များ စုံလင်စွာတတ်ရောက်ခဲ့ကြပါသည်။

လက်ရှိ သမ္မတ ထံသို့ ဗကသများအဖွဲ့ချုပ် တရားဝင်ဖွဲ့စည်းသွားနိုင်ရေး တောင်းဆိုသွားရန် ဆုံးဖြတ်ခဲ့ကြသိဟုသိရှိရပါသည်။
ဓါတ်ပုံများမှာ ၄င်းအခမ်းအနားမှ မှတ်တမ်းအချို့ဖြစ်ပါသည်။

ပေးပို့သော ရွှေနန္ဒအားကျေးဇူးတင်ရှိပါသည်.

Sunday, August 28, 2011

1 ဗိုလ်ချုပ်ဈေးအဓိကရုဏ်း

မနေ့က(27.8.2011) ညနေ ၅း၁၀ နာရီခန့်အချိန်တွင် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေး အနောက်ဖက်တန်း တွင် အဓိကရုဏ်းတစ်ခုဖြစ် ပွားခဲ့ပြီး ရာနှင့်ချီသောလူထု အုံကြွမှု တစ်ခုဖြစ်ပေါ်ခဲ့ပါသည်။

အဆိုပါ ဖြစ်ရပ်မှာ ဗိုလ်ချုပ်အောင်ဆန်းဈေး အနောက်ဖက်တန်းရှိ ယာဉ်အ၀င်လမ်းဘေးရှိ ယာဉ်ရပ်နားရာနေရာတွင် ရပ်နားထားသော မော်တော်ယာဉ်အမှတ် ၁က/၇၈၃၁ (Town ace) ၏ နောက်ကြည့်မှန်အား အသက် (၆၀) ခန့်ရှိ အမျိုးသားတစ်ဦးမှ ဘေးမှလာသောယာဉ်အား ရှောင်ရင်း ၀င်တိုက်မိသဖြင့် ကားပိုင်ရှင် ညီအစ်ကိုနှစ်ဦးမှ လျော်ကြေးတောင်းခံခဲ့ကြသည်။

ထိုအခါ ၀င်တိုက်မိသူ အမျိုးသားမှ ကားနောက်ကြည့်မှန်မှာ ထိခိုက်မှု တစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိသည့်အတွက် မလျော်ပေးနိုင်ကြောင်းနှင့် မိမိ ပုခုံးဖြင့် ထိမိသည့်အတွက် တောင်းပန်ပါကြောင်း ပြောကြားမှုကို မော်တော်ယာဉ်အမှတ် ၁က/၇၈၃၁ (Town ace) ၏ ယာဉ်ပိုင်ရှင် ညီအစ်ကိုမှ ကျေနပ်မှုမရှိပဲ အထက်ပါ အသက် (၆၀) ခန့်ရှိ အမျိုးသားအား လည်ပင်းညစ်ပြီး မျက်နှာကို လက်သီးဖြင့်ထိုးခဲ့ရာ ၄င်းအမျိုးသားကြီးမှာ နှာခေါင်းမှ သွေးများ အဆက်မပျက် ကျဆင်းလာပြီး သွားလည်းနှစ်ချောင်း ကျိုးသွားခဲ့ပါသည်။

ထိုကဲ့သို့ သွေးများ အလိမ်းလိမ်းဖြင့် နာကျင်နေသောကြောင့် အမျိုးသားကြီးက လျော်ပေးမည်ဖြစ်ကြောင်း ပြောဆိုသော်လည်း ယာဉ်ပိုင်ရှင် ညီအကိုနှစ်ဦးအနက် အကြီးဖြစ်သူက မော်တော်ယာဉ်ပေါ်တွင် အသင့်ယူဆောင်လာသော နှစ်တစ်လက်မ (၂ x ၁ လက်မ) တုတ်ကို ယာဉ်မောင်းထိုင်ခုံအောက်မှ ဆွဲယူလာကာ အဆိုပါ အသက်အရွယ်ကြီးသူအား လိုက်ရိုက်ခဲ့ပြန်ပါသည်။

ထိုအခါတွင် ဈေးလုံခြုံရေးနှင့် ဈေးသူဈေးသားများက ၀ိုင်းဝန်းဆွဲသဖြင့် ယာဉ်ပိုင်ရှင်မှာ ၄င်း၏ မော်တော်ယာဉ်သို့ ပြန်လည် ထွက်ခွာလာပြီး ရဲတိုင်ကာ အရေးယူမည်ဖြစ်ကြောင်း အော်ဟစ်ကြိမ်းမောင်းသွားပါသည်။

ထိုအခါမှ အဖြစ်မှန်ကိုသိကြသော ဈေးသူဈေးသားများမှာ ဒေါသပြင်းထန်စွာထွက်ပြီး အထက်ပါ နိုင်ထက်စီးနင်းပြုကျင့်ခဲ့သူ ယုတ်မာရိုင်းဆိုင်းကာ လူမဆန်စွာ ရမ်းကားခဲ့သော ယာဉ်ပိုင်ရှင် ညီအကိုနှစ်ဦးအား ထိရောက်စွာ အရေးယူပေးရန်အတွက် ဈေးလုံခြုံရေး နှင့် တာဝန်ကျ ယာဉ်စောင့်များအား ၀ိုင်းဝန်းပြောဆိုခဲ့သဖြင့် ၄င်းတာဝန်ရှိသူများမှ လိုအပ်သလိုဆောင်ရွက်ပေးနိုင်ရန် အတွက် မော်တော်ယာဉ်အမှတ် ၁က/၇၈၃၁အား မော်တော်ယာဉ်အထွက်လမ်းမှ စောင့်နေသော်လည်း မော်တော်ယာဉ်မှာ ထွက်မလာပဲ ဈေးအတွင်းပတ်ရှောင်နေသဖြင့် ဈေးသူဈေးသားများနှင့် ဈေးအပြန်ကားပိုင်ရှင်များမှာ အမျက်ဒေါသထွက်ကာ ၀ိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့ကြပါသည်။

ထိုသို့ ၀ိုင်းဝန်းပိတ်ဆို့မှုကြောင့် ရာနှင့်ချီသော လူအုပ်ကြီးမှာ ဗိုလ်ချုပ်အောင်ဆန်းဈေးကြီးအတွင်း ဟိုပြေးဒီလွှားဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါသည်။

နောက်ဆုံး ကားကို ပိတ်ဖမ်းမိသောအခါ ယာဉ်ပိုင်ရှင်များမှ ဘယ်သူမှ စောက်ဂရုမစိုက်ဘူး သတ္တိရှိတဲ့ကောင် ထွက်ခဲ့ မဆိုင်ရင် မဆိုင်သလိုနေ အစရှိသဖြင့် ရိုင်းပြစွာစော်ကားခဲ့ပြန်သဖြင့် ဈေးသူဈေးသားများမှ မခံမရပ်နိုင်ဖြစ်ပြီး ၀ိုင်းဝန်းအော်ဟစ်ခြင်းများ ဖြစ်ပွားခဲ့ပါသည်။

ထိုအခါ ဈေးလုံခြုံရေးနှင့်တာဝန်ကျယာဉ်ထိန်းရဲများ ရောက်ရှိလာပြီး အထက်ပါ ယာဉ်ပိုင်ရှင် ညီအစ်ကိုနှစ်ဦးအား ဈေးရုံးခန်းသို့ ခေါ်ဆောင်သွားခဲ့ပါသည်။

အရိုက်ခံရသူ အမျိုးသားကြီးအား ဈေးသူဈေးသားများ ၀ိုင်းဝန်းကာ ရန်ကုန်ဆေးရုံကြီး အရေးပေါ်လူနာဌာနသို့ ပို့ဆောင်ပေးခဲ့ကြပါသည်။

အထက်ပါ ဖြစ်ရပ်တွင် အလွန်တရာ ယုတ်မာရိုင်းဆိုင်းပြီး လူမဆန်သော လူရမ်းကား ညီအကိုနှစ်ဦးအား ဈေးသူဈေးသားများအားလုံး ကျေနပ်မှု လုံးဝမရှိပဲ စစ်မှန်သော တရားဥပဒေ၏ အဆုံးအမကို ခံယူစေရန်နှင့် နောက်နောင်တွင် ယခုကဲ့သို့သော မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော၊ တရားဥပဒေမဲ့သော၊ မင်းမဲ့စရိုက်ဆန်သော၊ လူသားချင်းစာနာမှုကင်းမဲ့သော လုပ်ရပ်မျိုးကို ပြည်သူပြည်သားများ မခံရစေရန်နှင့် ဒီမိုကရေစီဗန်းပြကာ အများပြည်သူအား ထိခိုက်စေမည့်လုပ်ရပ်များ ဖြစ်ပေါ်မလာစေရန် တရားဥပဒေ၏ အဆုံးအဖြတ်ကို စောင့်မျှော်လျှက် ရှိကြပေသည်။

ကားနောက်ကြည့်မှန်ကို မတော်ဆစ်ဆ တိုက်မိပေမယ့် ပျက်ဆီးမှု လုံးဝမရှိဘဲ တိုက်မိတဲ့ အသက်အရွယ်ကြီးသူကို လူမဆန်စွာ ရမ်းကားခဲ့သူနှစ်ဦးကတော့ အောက်ဖေါ်ပြပါ ကားမှ ဖြစ်ပါတယ်။ ....

အမှုအခင်းဖြစ်ပွားရာကား (ဘေးတိုက်မြင်ရပုံ)

အမှုအခင်းဖြစ်ပွားရာကား (ရှေ့မှမြင်ရပုံ)

အမှုအခင်းဖြစ်ပွားရာ ကားနောက်ကြည့်မှန် (မည်သည့်ပျက်စီးမှုမှမရှိ)

အခြားတစ်ဖက်ရှိ ကားနောက်ကြည့်မှန်
Shine Win Facebookမှ

0 ကုလသမဂ္ဂသို့ ဒီပဲယင်းအရေး တင်ပြခြင်းသည် လက်စားချေလိုခြင်းကြောင့်မဟုတ်ဟုဆို


၂၀၀၃ ခုနှစ်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည် စီးနင်းလာသည့် ယာဉ်တန်း အကြမ်းဖက် တိုက်ခိုက် ခံရမှုနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တရားဝင် ဆက်လက်ရပ်တည်ရေး စသည့် အကြောင်းအရာများ ပါဝင်သည့် ကုလသမဂ္ဂသို့ ပေးပို့မည့် အစီရင်ခံစာ သည် NLD အနေဖြင့် လက်စားချေလိုသည့် စိတ်ဆန္ဒဖြင့် ပေးပို့ခြင်းမဟုတ်ကြောင်း ယင်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဆိုသည်။

အဆိုပါ စာတမ်းကို NLD ပါတီ၏ ဥပဒေအကြံပေးအဖွဲ့က လေ့လာစုံစမ်းရေးသားထားခြင်း ဖြစ်ပြီး ယင်းစာတမ်းတွင် ဒီပဲယင်း အကြမ်းဖက် မှုကြောင့် ပါတီဝင်များသေဆုံးမှု၊လက်ရှိ NLD ၏ရပ်တည်ခွင့်နှင့် ဖြတ်သန်းခဲ့ရသည့် မှတ်တမ်းများ ပါဝင်ကြောင်း သိရသည်။

“ဒါက သမိုင်းပါ၊ ဥပဒေကြောင်းအရ ဖြေရှင်းဖို့ လိုအပ်တယ်လို့ ယူဆတဲ့အတွက် လုပ်ဆောင်ရတာပါ”ဟု ဦးဥာဏ်ဝင်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အစိုးရအဖွဲ့တို့ သုံးကြိမ်တွေ့ဆုံပြီး ကောင်းမွန်သော အခြေအနေများ ရရှိနေသော အချိန်တွင် NLD အနေဖြင့် ယင်းအစီရင်ခံစာ တင်သွင်းမည်မှာ မဖြစ်နိုင်ကြောင်း မြန်မာ့အရေး လေ့လာသူ အသိုင်းအဝိုင်းက သုံးသပ် သည်။

“ဒေါ်စုက အမုန်းတရား မရှိပါဘူးလို့ ပြောနေတာရယ်၊ သူ့အကျိုး၊ ပါတီအကျိုးထက် ပြည်သူအကျိုးကိုသာ အလေးထားပါမယ်လို့ ပြောထားတဲ့ အတွက် ဒီအစီရင်ခံစာကို တင်သွင်းမယ်ဆိုရင်တောင် သူမှာအစိုးရနဲ့ တစ်ခုခု Agree ဖြစ်ပြီးလို့ လုပ်တာလို့ ယူဆတယ်”ဟု ထိုင်းနိုင်ငံ၊ ချင်းမိုင် အခြေစိုက် မြန်မာပညာရှင်တစ်ဦးက သုံးသပ်သည်။

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ နယ်လှည့် မော်တော်ယာဉ်တန်းကို စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် တုတ်၊ ဓား၊ လက်နက်ကိုင်ဆောင်သူများ၏ တိုက်ခိုက်မှုကြောင့် ပါတီဝင်များ သေဆုံးခဲ့ပြီး အချို့မှာ ဆူပူအောင်လှုံဆော်မှုဖြင့် အကျဉ်းချခြင်း ခံခဲ့ရသည်။

မြန်မာပြည်သို့ ၅ ရက်ကြာ လာရောက်နေသော ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာတင်သွင်းသူ မစ္စတာ ကွင်တားနားကိုလည်း ကုလသမဂ္ဂသို့ တင်သွင်းမည့် အစီရင်ခံစာပေးလိုက်ပြီး၊ မစ္စတာ ကွင်တားနားက ယင်းကိစ္စရပ်နှင့် ပတ်သက်၍ ဥပဒေရေးရာ ကျွမ်းကျင်သူတစ်ဦး စေလွှတ်ပေးမည် ဖြစ်ကြောင်း ဂတိပြုသွားခဲ့သည်။

YC(KS)

0 ယူအက်စ်စီဘီ၊ ပေါ်လစီဒါရိုက်တာနှင့်၊ ကဗျာရေးတဲ့ ဒတ္ထ၊ (မျိုးမြင့်ချို)


ယူအက်စ်စီဘီ၊ ပေါ်လစီဒါရိုက်တာနှင့်၊ ကဗျာရေးတဲ့ ဒတ္ထ၊၂ဝ၁၁ ဧပြီလ၂ ရက် နှင့် ၃ ရက်နေ့များတွင် ယူအက်စ်ကမ်ပိန်းဖေါ်ဘားမား (USCB) ၏ နိုင်ငံလုံးဆိုင်ရာစည်းရုံးရေးအစည်းအဝေး (2011, National Organization Meeting- USCB)ကို ဝေါ်ရှင်တန်ဒီစီတွင် ကျင်းပခဲ့၏။ ထိုအစည်းအဝေးတက်ရောက်ရန် ဖိတ်သဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်ရ၏။ ဝေါ်ရှင်တန်ဒီစီသို့ တတိယအကြိမ် ရောက်ခြင်းဖြစ်၏။ (USCB) မှ အစစအရာရာ စီစဉ်ဆောင်ရွက်ပေး၏။ ကျေးဇူးတင်ရသလို အားလည်းနာမိ၏။

အစီအစဉ်များက ၈ နာရီခွဲမှ ၉ နာရီ ၁၅ မိနစ်အထိ တက်ရောက်လာသူများမှတ်ပုံတင်ခြင်းနှင့် မနက်စာ ဧည့်ခံခြင်း။ ၉ နာရီ ၁၅ မိနစ်မှ ၉ နာရီ ၃ဝ အထိ USCB Board of Directors များ၏ တွဲဘက်ဥက္ကဋ္ဌက အဖွင့်စကားပြော၏။ ၉ နာရီ ၃၅ မိနစ်မှ ၄ဝ အထိ ဒေါ်အောင်ဆန်းစုကြည်မှပေးပို့သည့် ဗီဒီယို အမှာ စကားကိုပြပေး၏။ ၉ နာရီ ၄ဝ မှ ၅ဝ အထိ မူဝါဒရေးရာညွှန်ကြားရေးမှူး ကိုအောင်ဒင်က အမှာ စကားပြော၏။

၉ နာရီ ၅ဝ မှ ၁၁ နာရီ ၅ မိနစ်အထိ လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေ (Situation on The Ground) ခေါင်းစဉ်အောက်မှ ဗမာပြည်တွင်လက်ရှိဖြစ်ပေါ်နေသည့်နိုင်ငံရေးအခြေအနေများအကြောင်း (Panel Discussion) ဖြစ်၏။ ထို Panel Discussion တွင် အလယ်ထိုင်လူအဖြစ် USCB မှ Patrick Cook-Deegan ကဆောင်ရွက်ပြီး Panelists များအဖြစ် USCB မှ မိုင်ရာဒါဖေါ၊ ဒေါက်တာ ပါဗင်န်းပါမာ Dr. Parveen Parmar(Associate Director of Brigham and Women’s Hospital, International Emergency Medicine Fellowship and Physicians for Human Rights)၊ ဒေါက်တာသောင်းထွန်း (The Burma Fund-UN Office) နှင့်ကျနော် (Myo Myint, Former Burmese Soldier, NLD Member and Former Plitical Prisoner) တို့က ထိုင်ပေးရ၏။

၁၁ နာရီ ၁ဝ မိနစ်မှ ၂၅ မိနစ်အထိ အမေရိကန်အစိုးရ၏ နိုင်ငံတကာမူဝါဒနှင့် ဗမာပြည်အပေါ် အရေးယူဆောင်ရွက်ချက် (International Policy and Action on Burma) ခေါင်းစဉ်ဖြင့် နောက်ထပ် Panel Discussion တခုလုပ်၏။ ထို Panel Discussion တွင် အလယ်ထိုင်လူအဖြစ် (USCB) မှ Jennifer Quigley ကဆောင်ရွက်ပြီး ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန်း(Joseph Yun, Deputy Assitant Secretary of State-Bureau ofr East Asia and Pacific) နှင့် သမ္မဘုရှ်လက်ထက် အမျိုးသားလုံခြုံရေး ကောင်စီဝင်နှင့် ဂျော့ခ်ျတောင်းတက္ကသိုလ်တွဲဘက်ပါမောက္ခ ဒေါက်တာမိုက်ဂရင်း(Dr. Mike Green,Former Senior Director for Asia at National Security Council,Associate Professor at Gorgetown University and Senior Advisor and Japan Chair,CSIS) နှင့် ဒီမိုကရေစီရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစီမံချက်ညွှန်မှူး မစ္စ ဒေါ့က်ဟီ ဖက်စီဟီရန် (Ms. Dokhi Fassihian, Executive Director, The Democracy Coalition Project) တို့က Panel ထိုင်ကြ၏။

နေ့လည် ၁ နာရီ ၃၅ မိနစ်ကနေ ၁ နာရီ ၅ဝ အထိက Burma Soldier documentary film ဗီဒီယိုကားတိုလေး ၂ ခုကိုပြခဲ့၏။

Burma Soldier video clips လေးတွေပြပြီးတော့ ကျနော် ၁၅ မိနစ်ခန့်စကားပြောခွင့်ရခဲ့၏။ ဗမာစစ် အစိုးရ၏ လူ့အခွင့်အရေး ချိုးဖေါက်နေမှုအကြောင်း၊ ဗမာ့တပ်မတော်မှလူမျိုးစုဒေသများတွင် နိုင့်ထက်စီးနင်းလုပ်ဆောင်နေမှုများအကြောင်း၊ အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများအခြေအနေနှင့် ထောင်တွင်းအခြေအနေများ၊ စစ်ကြောရေးစခန်းနှင့် ထောင်တွင်းနှိပ်စက်ညှဉ်းပမ်းမှုများအကြောင်း ခပ်တိုတိုချုပ်ပြီးတင်ပြခဲ့၏။ ထို့နောက် တက်လာသူများက မေးသည့်မေးခွန်းများအား ပြန်လှန်ဖြေကြားပြီး ဗမာပြည်ဒီမိုကရေစီရေးအတွက် တိုးတက်ပြောင်းလဲလာစေရန် လုပ်ဆောင်နိုင်မည့်အခြေအနေများ အခွင့်အလမ်းများကိုလည်း ဆွေးနွေးပြောဆိုဖြစ်ခဲ့၏။ တက်လာသူတိုင်း၏ တလှိုက်တလှဲ စိတ်ဝင်တစားရှိမှုကြောင့်လည်း အားတက်မိသလို လာရကျိုးတက်ရကျိုးနပ်သည့် အစည်းအဝေးဟုမြင်၏။

၎ ရက်နေ့ရောက်တော့ နေထိုင်ရာပြည်နယ်ရဲ့ ကွန်ဂရက်စ်လွှတ်တော်အမတ်များနှင့်တွေ့ပြီး ဗမာပြည် အရေးဆွေးနွေး တင်ပြနိုင်ရန် စီစဉ်ပေး၏။ (Dirksen Senate Office Building) တွင် အမေရိကန်ပြည်ထောင်စုတခုလုံးက ဆီနိတ်တာတွေရုံးထိုင်ကြရ၏။ ကျနော် အင်ဒီယားနားပြည်နယ် ဆီနိတ်တာရုံးသို့သွားကာ ဗမာပြည်အရေးအတွက် အမေရိကန်ပြည်ထောင်စုက ချမှတ်လုပ်ကိုင် ဆောင်ရွက်နေသည့် ပေါ်လစီဆိုင်ရာကိစ္စများအား သူနှင့်ဆွေးနွေးဖြစ်ခဲ့၏။ သူက သိချင်သည်များ မေးမြန်းသလို ကျနော်ကသူသိလိုမည် ထင်သည့်ကိစ္စများအား ဆွေးနွေးဖြစ်၏။ ၄၅ မိနစ်ခန့်ကြာမည်ထင်၏။ ဗမာပြည်တွင် လူ့အခွင့်အရေးအခြေအနေ တစုံတရာတိုးတက်ပြောင်းလဲမှုမရှိမချင်း စစ်ဗိုလ် များနှင့်ယင်းတို့၏အဝန်းအဝိုင်းများအပေါ် အမေရိကန်ပြည်ထောင်စုကချမှတ်ထားသည့် ပစ်မှတ်ထား စီးပွားရေးပိတ်ဆို့မှု ဆက်လက်ထားရှိ ရေးကို ထောက်ခံကြောင်းဆွေးနွေးပြီး နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းခြက်မရှိနှင့်အမြန်ဆုံးလွှတ်ပေးရေး၊ လွတ်လာပြီးနောက်တွင် ဗမာ့နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်၏ အဆင့်တိုင်းတွင် ယင်းတို့အား အကန့်အသတ်အချုပ်အချယ်မရှိ ပါဝင်ခွင့်ရရေးအတွက် အမေရိကန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းပေးရေးကိစ္စများကို ဆွေးနွေးတင်ပြခဲ့၏။


ထိုခရီးစဉ်တွင် အထူးသဖြင့်ကိုအောင်ဒင်၏ လှိုက်လှဲပျူငှာမှုကိုကြည်နူးရ၏။ သူနှင့်ကျနော်က ၁၉၉ဝ ပြည့်နှစ်များက အင်းစိန်ထောင် တွင်အတူရှိခဲ့ဖူးသူများ။ ၁ဝ (က) ပုဒ်မနှင့်ထိန်းသိမ်းခံကာလအတွင်း (၁)တိုက်တွင် အတူရှိခဲ့ကြ၏။ သူတို့အခန်းမှာ သူရယ်၊ သဲကုန်း ကိုအောင်သန်းရယ်၊ ဒေါတ်တာမောင်မောင်ကျော်ရယ်၊ ဗိုလ်ဝေနိုင်(ဦးတင်မြင့်ဟုထင်သည်)ရယ်၊ နတ္တလင်းက ဖြိုးဝေဝင်းရယ် အတူနေသည် ဟုမှတ်မိနေ၏။ သူနှင့်ကျနော့ကြားမှာ အမှတ်ရစရာ မှတ်မှတ်ရရကိစ္စလေးတခုရှိခဲ့ကြ၏။ နိုင်ငံရေးအကျဉ်းသားများအား လူမဆန်စွာနှိပ်စက်ကလူပြုလွန်းသည့် ထောင်မှူးမောင်ပြုံး၊ ချစ်မောင်တို့အား ကျနော်တို့အပြုတ်တိုက်စဉ်ကဖြစ်၏။ ကျနော်နှင့်ကိုနေမင်း(ရှေ့နေကိုဝင်းရွှေ) တို့ အခြားသူများနှင့်တိုင်ပင်ပြီး သူ့အရိုးနှင့်သူ့ပြန်ထိုးအစီအမံအတွက် လျှို့ဝှက်လုပ်နေရသည့်အချိန်။ ကျနော့်နှင့်ကိုနေမင်းအတွက် ထောင်တွင်း အန္တရာယ်အလွန်ကြီးနေသည့်အချိန်။ ကိစ္စမပြတ်ခင်လက်သည်ပေါ်သွားပါက အချိန်မရွေးထုတ်ရိုက်၊ ပြစ်ဒဏ်တိုက်ရောက်သွားနိုင်သည့် အနေအထား။ အရာရာသတိကြီးကြီးထားနေရစဉ်။ အထူးလျှို့ဝှက်လုပ်ကိုင်နေရသည့်ကာလ။ ကျနော့်အခန်းဖေါ်တယောက်က တိုက်ပွဲ၏ အလားအလာကောင်းမှုအပေါ် အားရစိတ်ဖြင့်ထောင်ဝါဒါတယောက်အား ဝင့်ဝါမိလိုက်၏။ ကျနော်လက်သည်ဖြစ်ကြောင်း ထောင်မှူးများ ဘက်က ဖေါ်ထုတ်ရနိုင်သည်မို့ ကျနော်အစိုးရိမ်ပိုရ၏။ သူ့ကိုလည်းမပြောသာသဖြင့် ကိုအောင်ဒင့်အား တိုးတိုးတိတ်တိတ်ပြောပြီး အကူ အညီတောင်းမိ၏။ နောက်တနေ့ရေချိုးဆင်းချိန်တွင် ကိုအောင်ဒင်ကျနော်တို့အခန်းရှေ့လာပြီး ကျနော့်အခန်းဖေါ်အား ထိုသို့မဆိုရန် ယဉ် ကျေးသိမ်မွေ့စွာ တားမြစ်ပေး၏။ ကျနော့်အခန်းဖေါ်လည်း နှုတ်ထိမ်းသွား၏။ ကျနော် သူ့ကို ထိုကိစ္စအတွက် ကျေးဇူးတင်သလို အမှတ်လည်း ရနေဆဲဖြစ်၏။

နောက် သူရောကျနော်ပါ ထောင်ကျသွားပြီးနောက် သူက (၅)တိုက်။ ကျနော်က (၄)တိုက်ရောက်သွားကြ၏။ ရေချိုးဆင်းချိန် တယောက်ကိုတယောက် လက်ပြနှုတ်ဆက်ရုံမှတပါး စကားပြောဆိုရန်အခွင့်မသာခဲ့ကြ။ နောက်တော့ စက်တင်ဘာ ၂၅ အပြီးမှာ ကျနော် တောင်ငူထောင်ရောက်သွား၏။ သူနှင့်မတွေ့ရတော့။ နောက် ကျနော်ထောင်ကလွတ်လာပြီး မဲဆောက်ရောက်တော့ သူအမေရိကားကနေ ထိုင်းကိုဆင်းလာတုန်း အေအေပီပီတွင်ဆုံမိပြန်၏။ တခါ ပြန်ကွဲသွားပြန်၏။ နောက် ကျနော် အမေရိကားရောက်လာပြီး ရှစ်လေးလုံး အနှစ်၂ဝ အခမ်းအနားကို နူးယော့ခ်မှာသွားတက်တော့ ခနပြန်ဆုံ၏။ သူ့လိပ်စာကဒ်ပေးပြီး ဆက်သွယ်ဖို့ဆို၏။ ကျနော်လည်း တခါတရံကိစ္စရှိသည်မှ အပ ဖုန်းမဆက်ဖြစ်။ အခုတခေါက်ပြန်ဆုံတော့ ဝေါ်ရှင်တန်ဒီစီမှာ။ သူက (USCB) ၏ မူဝါဒရေးရာညွှန်ကြားရေးမှူး(Policy Director)။ ကျနော်က အဖိတ်ခံဧည့်သည်နှင့် Panelist ဖြစ်နေ၏။ စကားတော့ သိတ်များများမပြောဖြစ်ခဲ့ကြ။ အချိန်လည်းမရ။ သူလည်း အလုပ်တွေနှင့် ပိနေပုံပေါ်၏။ လူလည်း အတန်ငယ်နွမ်းနယ်နေသယောင်ထင်၏။ သို့သော်သူသည် သူယုံကြည်ရာကို တစိုက်မတ်မတ်လုပ်ခဲ့၏။ လုပ်နေ၏။ လုပ်နေဦးမည့်သူဖြစ်မည်ဟု ကျနော်ယုံ၏။

မျိုးမြင့်ချို

0 The Ladyရုပ်ရှင်ဇာတ်ကားတွင်ပါဝင်သရုပ်ဆောင်သောMichelle Yeoh၏ပုံတူပန်းချီကားအားလော့စ်အိန်ဂျလေ့စ်မြို့မှပန်းချီအနုပညာရှင် (Shepard Fairey)မှထပ်မံရေးဆွဲ

The Battle of Algiers Criterion cover Diabolique Criterion cover

ယခင်ရေးဆွဲခဲ့သော ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားတွင် အနီရောင်အလင်းတန်းများ၏ ထိပ်တွင်သူမ၏အသဲနှလုံး အထက်၌ ဂျိုးငှက်တစ်ကောင်ဖြင့် သရုပ်ဖေါ်ထားပြီး “Freedom to Lead” စာသားကို ထည့်သွင်းထားပါသည်။ ပန်းချီဆရာ ဖိုင်ရီ(Shepard Fairey)ပြောသည်မှာ “ သူမရဲ့ နေအိမ်အကျယ်ချုပ် အကျဉ်းခံနေရမှုကို အမှတ်ရစေဖို့နဲ့ မြန်မာစစ်အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်ထားမှုတွေကို ပေါ်လွင်စေဖို့ ဒီပန်းချီကားကို ဖန်တီးခဲ့တာပါ” လို့ပြောကြား ခဲ့ပါသည်။

0 NLD ကိုဘောင်ခတ်နေပြီ



" ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မြန်မာနိုင်ငံ၏ အရေးကိစ္စများ၌ ပါဝင်မှုသည် သူတဦးတည်း ပါဝင်ရန် မဟုတ်ဘဲ သူ၏တရားဝင် နိုင်ငံရေးပါတီပါ ပါဝင်နေမည်ဖြစ်ကြောင်း"

"ဥပဒေနှင့်အညီ ပါတီတည်ထောင်ခွင့် လျှောက်ထားနိုင်ပါကြောင်း ပြောဆိုကာ ရွေးကောက်ပွဲ ကျင်းပရန် လစ်လပ်နေသော လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၄၈ နေရာ ရှိသည်ဟုဆိုသည်။"

“ ဒေါ်အောင်ဆန်းစုကြည်၏ တရားဝင်ပါတီနှင့် နိုင်ငံတော် အစိုးရတို့သည် အပြန်အလှန် ကူညီသည့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ် (Reciprocal Basis) ဖြင့် ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါကြောင်း”

2008 ခုနှစ် ဖွဲ.စည်းပုံအခြေခံ ဥပဒေကို လက်မခံနိုင်သည့်အတွက် ရွှေဂုံတိုင် စာတမ်းကို ဆက်လက် ဆွဲကိုင်ထားဆဲဆိုတဲ့ NLD ကို မှတ်ပုံတင်ဖို့ အတင်းတိုက်တွန်းနေတဲ့ စကားတွေပါ။ အလုပ်သမားဝန်ကြီးနှင့် လူမှုဝန်ထမ်းနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဦးအောင်ကြည်က ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ် သောမတ်အိုဟေး ကွင်တားနားနှင့် တွေ.ဆုံစဉ်က ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ရဲ့ ၂ ကြိမ်တွေ.ဆုံခြင်းတွေ အပေါ်မှာ သုံးသတ်ပြောဆိုခဲ့တဲ့ စကားတွေပါ။

ကြံ.ဖွံ.အစိုးကတော့ NLD ကိုဘောင်ခတ်နေပါပြီ။ လုပ်ပိုင်ခွင့်တွေနည်းအောင်လုပ်နေပါပြီ။ ဒေါ်စုရဲ့ အခန်းကဏ္ဍကို လျှော့ချ၊ နိုင်ငံတကာနဲ့ ဒေါ်စုရဲ့ကြား အဟန့်အတား ဖြစ်အောင်ကြံစည်နေပါပြီ။ နုတ်ပိတ်ဖို့ ကြီုးစားခြင်းသက်သက်မျှသာ။

မှတ်ပုံမတင်ရင်

...................

NLD မှတ်ပုံမတင်ဘူးဆိုရင် ကြံ.ဖွံ. အစိုးရအနေနဲ့ ထောက်ကွက် ဖြစ်လာပါလိမ့်မယ်။ သူတို့ အနေနဲ့ သဘောထားကြီးကြီး စိတ်ရှည်စွာနဲ့ NLD ကို မှတ်ပုံဖို့ ပြောပေမဲ့ NLD အနေနဲ့ မှတ်ပုံမတင်ဘူး။ ဒါကြောင့် သူတို့ NLD ရဲ့ လှုပ်ရှားမှုတွေကို အရေးယူတာတွေ ၊ တားမြစ်တာတွေ ရှိလာနိုင်ပါတယ်။ နောက်ဆုံး အကြောင်းပြချက်မျိုးစုံနဲ့ ထောင်ထဲ ပြန်ထဲ့နိုင်ပါတယ်။ NLD ကို မှတ်ပုံတင်ဖို့ အမြဲပဲ တိုက်တွန်းနေတာတွေ.နေရပါတယ်။ ဒါကြံ.ဖွံ. အစိုးရအနေနဲ့ NLD ကို တရားမ၀င် အဖွဲ.အစည်း အဖြစ် ထောက်ပြနေခြင်းသက်သက်ပါ။ NLD ဟာ တရားဝင် အဖွဲ.အစည်း မဟုတ်ကြောင်း ခြိမ်းခြောက် နေခြင်းသက်သက်သာဖြစ်ပါတယ်။ တရားမ၀င် အသင်းဖွဲ.စည်းခြင်း နှင့် တရားမ၀င် အသင်းအဖွဲ.နှင့် ဆက်သွယ် ပတ်သက်ခြင်း ဥပဒေကို တချိန်မှာ အသုံးချ ဖမ်းဆီးနိုင်ရန် ကြိုတင် ပြင်ဆင်မှုများလို့ ယူဆရပါတယ်။

မှတ်ပုံတင်ရင်


...................

မှတ်ပုံတင်ရင်တော့ သူတို့ အိပ်ထဲက ဖား ဖြစ်သွားပါပြီ။ ချက်စားလိုကစား၊ ကင်စားလိုကစား၊ NLD ကကြံ.ဖွတ် အစိုးရ ထားရာနေ စေရာသွား ရတော့မှာပါ။ တရားဝင်ပါတီဖြစ်လာတဲ့ အတွက် သူတို့ ရဲ့ လက်အောက်မှာ လှုပ်ရှားရတော့မှာ ဖြစ်လို့ အရင်လို အလွတ်ပြောဆိုတာတွေ၊ နိုင်ငံတကာနဲ့ ဆက်ဆံတာတွေ အစိုးရခွင့်ပြုချက် မရဘဲ မလုပ်နိုင်တော့ပါဘူး။ အနိုင်ရ အမတ်တွေ လောက်သာ အချို.ကိစ္စတွေမှာ ပြောရေးဆိုခွင့် ရှိလာမှာ ဖြစ်ပြီး အမတ်အဖြစ် မှတ်ပုံတင်ထားခြင်းမရှိသော ၊ ရွှေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိသော ၊ ရွေးကောက်ပွဲ အနိုင်မရသော သူများမှာ မီဒီယာမှာ ပြောခဲ့ရင် အဖမ်းခံရပါမယ်။ ပါတီကို ကန့်သတ်လိုက်တဲ့ သဘောပါ။ တရားဝင် အစိုးရ နိုင်ငံရေးပါတီ ဖြစ်တဲ့ အတွက် အမတ် မဟုတ်သူအများစုက ပါးစပ်တွေ ပိတ်ထားဖို့သာရှိပါတယ်။ လွတ်တော် အမတ်ဖြစ်လာသူကလည်း ၊လွတ်တော် မှာ အရေးတယူ ပြောဆိုနိုင်လောက်အောင်ထိ တိုးပေါက်မှာ မဟုတ်ပါဘူး။ ပါလီမန်တက် ၊ သူတို့ပြောတာနားထောင်ပြီး ပြန်ရုံပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို အတိုက်အခံခေါင်းဆောင်ဆိုသော အနေအထားမှ လွှတ်တော်အမတ်ဆိုသော အနေအထားကို လျှော့ချပြီး ချိုးနှိမ်ဖို့ သက်သက် ဖြစ်ပါတယ်။ သေချာတာကတော့ နိုင်ငံတကာနဲ့ အဆက်ဖြတ်ပြစ်လိုက်တာပါ။ ပီးရင် သူ့ရဲ့ ၀ါဒတွေ ရိုက်သွင်းပါလိမ့်မယ်။ နိုင်ငံတကာမှလည်း သူတို့ရဲ့ လွှတ်တော် အမတ်ကို တွေ.ဖို့ အရေး သူတို့ ခွင့်ပြုချက်ရယူဖို့လိုပါလိမ့်မယ်။ (ပိုဂ္ဂိုလ်ရေးတွေ.ဆုံမှုမျိုးမဟုတ်ပဲ ၊ နိုင်ငံဖွင့်ဖြိုးတိုးတက်ရေး အတွက်ဆိုရင် ၊ သက်ဆိုင်ရာ ၀န်ကြီးများ ၊ တာဝန်ရှိ ပုဂ္ဂိုလ်များနဲ့ သံတမန်နည်းလမ်းများအရ တွေ.ဆုံရပါမယ်။)


မှတ်ပုံတင်သည်ဖြစ်စေ၊မှတ်ပုံမတင်သည် ဖြစ်စေ NLD ကို ဘောင်ခတ်နေတာတော့ သေချာနေပါပြီ။

ရဲသူရိန်မင်း

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.