Saturday, September 3, 2011

0 ယန်စီမှ ဧရာဝတီ သို့ …(နေသွင်)

တရုတ်ပြည်က ရေကာတာတွေကို ပေါက်ကွဲခါနီး ချိန်ကိုက်ဗုံးလို့တင်စားကြပါတယ်။ လောလောဆယ် တရုတ်ပြည်က ရေကာတာပေါင်း ၄ သောင်းဟာ ကျိုးပေါက်တော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ တရုတ်ပြည်က မြို့ကြီးတွေရဲ့ ၄ ပုံ ၁ ပုံဟာ အဲဒီ ရေကာတာတွေရဲ့ အောက်ပိုင်းမှာ ရှိနေကြပါတယ်။ ၁၉၅၀ ပြည့်လွန်နှစ်တွေက စလို့တရုတ်ပြည်မှာ နှစ်စဉ်နှစ်တိုင်း ရေကာတာ ၆၅ ခုဟာ ပုံမှန်ကျိုးပေါက်နေပါတယ်။

ယန်စီမြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ မြစ်ကျဉ်းသုံးသွယ် ရေကာတာ

၁၉၇၅ ခုနှစ်တုန်းက ဟီနန်းပြည်နယ်ထဲက ဇူမာဒီယံ ရေကာတာ ကျိုးပေါက်သွားတဲ့ အတွက် လူပေါင်း ၂ သိန်း ၆ သောင်း သေဆုံးခဲ့ရပါတယ်။ နောက်ထပ် လူပေါင်း ၁၄၅,၀၀၀ လည်း နောက်ဆက်တွဲ ကူးစက်ရောဂါတွေနဲ့အငတ်ဘေးကြောင့် သေဆုံးခဲ့ရဖူးပါတယ်။ တရုတ်ပြည်က ရေကာတာတွေကြောင့် လူပေါင်း ၂၃ သန်း နေရပ်တွေကနေ စွန့်ခွာခဲ့ရပါတယ်။ လူပေါင်း ၈ သောင်း သေဆုံးခဲ့ရတဲ့ ၂၀၀၈ စီချွမ်း ငလျင်ဖြစ်ရတာ ဇီပင်ပူ ရေကာတာ (Zipingpu Dam) ကြောင့်လို့ ဆိုတဲ့ သိပ္ပံနည်းကျ အထောက်အထားတွေလည်း ရှိနေပါတယ်။

ဒါကြောင့် အခု မြန်မာပြည်မှာ တည်ဆောက်မယ့် မြစ်ဆုံ ရေကာတာ စီမံကိန်းဟာ ငလျင်ကျောကို ဆွပေးသလို ဖြစ်မယ်လို့ ပညာရှင်တွေက ထောက်ပြ နေကြတာပါ။

ရေကာတာ တည်ဆောက်တဲ့ နည်းပညာအရာမှာ တရုတ်တွေ ဂုဏ်ယူလေ့ရှိတဲ့ ကမ္ဘာပေါ်က အကြီးဆုံးရေကာတာဟာ တရုတ်ပြည်မှာ တည်ရှိပါတယ်။ ယန်စီမြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ (Three Gorges Dam) မြစ်ကျဉ်းသုံးသွယ် ရေကာတာကြီးပါ။ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၈,၀၀၀ ထုတ်လုပ်ပြီး ဧရာဝတီမြစ်ပေါ်မှာ တရုတ်ကုမ္ပဏီက တည်ဆောက်နေတဲ့ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းနဲ့ နှိုင်းယှဉ်ရင် ၃ ဆပိုပါတယ်။ မြစ်ချင်းယှဉ်ရင်လည်း ယန်စီမြစ်ကတော့ အာရှက အရှည်ဆုံးမြစ်ဖြစ်ပြီး၊ မိုင်ပေါင်း ၃၉၀၀ ကျော် ရှည်လျားပါတယ်။ မြန်မာပြည်ရဲ့ ဧရာဝတီမြစ်က မိုင်ပေါင်း ၁၃၀၀ ရှည်လျားတဲ့အတွက် ယန်စီမြစ်က၊ ဧရာဝတီထက် ၃ ဆပို ရှည်ပါတယ်။

ဒါကြောင့် ယန်စီမြစ်ပေါ်က မြစ်ကျဉ်းသုံးသွယ်ရေကာတာကြောင့် လောလောဆယ် ခံစားနေရတဲ့ ဆိုးကျိုးတွေဟာ ဧရာဝတီမြစ်ပေါ်မှာ မြစ်ဆုံရေကာတာ တည်ဆောက်ပြီးရင် ကြုံရမယ့် ဆိုးကျိုးတွေပဲလို့ ယူဆလို့ရ နိုင်ပါတယ်။

ယန်စီ ရေကာတာဟာ တရုတ်လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရဲ့ ၂ ရာခိုင်နှုန်းကို ထုတ်လုပ်ပြီး တနှစ်မှာ ကျောက်မီးသွေး တန်ချိန် သန်း ၃၀ ကို အစားထိုး ပေးနိုင်ပါတယ်။ ဒါပေမယ့် လူမှုရေး၊ သဘာဝပတ်ဝန်းကျင်၊ ပထ၀ီဆိုင်ရာ၊ ဘဏ္ဍာရေး ကုန်ကျမှုတွေကျတော့ ယုံနိုင်စရာတောင် မရှိပါဘူး။ လောလောဆယ် ယန်စီမြစ်ပေါ်က မြစ်​ကျဉ်းသုံးသွယ်ရေကာတာကြောင့်

၁။ မြို့ကြီး ၁၃မြို့၊ မြို့ငယ် ၁၄၀၊ ရွာပေါင်း ၁၃၅၀ ရေနစ်မြုပ်ပြီး လူပေါင်း ၁ သန်း ၂ သိန်း နေရပ်စွန့်ခွာခဲ့ရပါတယ်။ အစိုးရက ကတိတွေ အထပ်ထပ်ပေးပေမယ့် ပြောင်းရွှေ့ရသူတွေဟာ နစ်နာကြေးတွေ အလိမ်ခံ၊ အလုပ်လက်မဲ့၊ မြေယာမဲ့ဘ၀ ရောက်ကြပါတယ်။ မြို့သစ်တွေ တည်ပေမယ့် တချို့ပဲ အခြေတကျ ပြန်ဖြစ်ပြီး အလုပ်လက်မဲ့ဘ၀၊ ဆင်းရဲမွဲတေတဲ့ အခြေအနေ ရောက်ရသူတွေလည်း မနည်းပါဘူး။

၂။ ရေကာတာကြောင့် အာရှရဲ့ အရှည်ဆုံးမြစ် ယန်စီရဲ့ ဂေဟစနစ် အကြီးအကျယ် ပျက်ယွင်းသွားခဲ့ပါတယ်။ အရင်တုန်းက အရှိန်အဟုန်နဲ့ စီးဆင်းခဲ့ဖူးတဲ့ ယန်စီမြစ်ဟာ ရေသေမြစ် တစင်းလို ဖြစ်လာပြီး အမှိုက်တွေ၊ ဒိုက်တွေ၊ အဆိပ်ရေမှော်တွေ ပေါက်ရောက်ရာ မြစ်ကြီး ဖြစ်လာပါတယ်။ ငါးတွေ ကူးသန်းမှု မရှိတော့တာကြောင့် စီးပွားဖြစ် ငါးဖမ်းလုပ်ငန်းတွေ ကျဆင်းသွားပါတယ်။ ယန်စီ လင်းပိုင် (လပိုင်) တွေ မျိုးတုံးပျောက်ကွယ်သွားသလို တခြား ရေသတ္တ၀ါ မျိုးစိတ်တွေလည်း မျိုးတုံးတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

၃။ ရေကာတာက စီးကျတဲ့ ရေအရှိန်ကြောင့် ယန်စီ တောင်ကျော တလျှောက်မှာ ဆင်ခြေလျောတွေ ပြိုကျကုန်ပါတယ်။ မကြာခဏ မြေပြိုတာတွေ ဖြစ်ပါတယ်။ ရေကာတာ ရှိတဲ့ ဒေသရဲ့ တ၀က်လောက်မှာ မြေပြိုတာတွေ ဖြစ်နေပြီး နောက်ထပ် လူပေါင်း ၃ သိန်း ပြောင်းရွှေ့ရဖို့ရှိနေပါတယ်၊

၎။ ယန်စီမြစ်ဟာ နှစ်စဉ် နုန်းတန် သန်း ၅၀၀ မြစ်အောက်ပိုင်းကို ပို့ချပါတယ်။ အခုတော့ ရေစီးနှုန်းကျသွားပြီး နုန်းမြေတွေ ယန်စီ မြစ်ဝှမ်းဒေသကို မပို့ချတော့ပါဘူး။ အကျိုးဆက်အဖြစ် နှစ်စဉ် ကမ်းရိုးတန်းဒေသ ၄ စတုရန်း ကီလိုမီတာ ရေတိုက်စားခံနေရပါတယ်။ မြစ်ဝှမ်းဒေသ ကျွံသွားပြီး ပင်လယ်ရေ ၀င်ရောက်လာတာကြောင့် စိုက်ပျိုးရေးနှင့် သောက်သုံးရေကို ထိခိုက်နေပါတယ်။ မြစ်ထဲမှာ အာဟာရဓာတ်တွေ လျော့နည်းသွားတဲ့အတွက် ကမ်းခြေက ငါးတွေရဲ့ အသက်ရှင်မှုကိုလည်း ထိခိုက်စေပြန်ပါတယ်။

ဒါဟာ မြစ်​ကျဉ်းသုံးသွယ်ရေကာတာ စတင်လည်ပတ်တဲ့ ၂၀၀၈ ခုနှစ်က တွက်ရင် ၃ နှစ်ပဲ ရှိပါသေးတယ်။

ဒါက တပိုင်းဖြစ်ပါတယ်။ တဘက်က ကြည့်မယ်ဆိုရင်တော့ ၂၀၀၇ ခုနှစ်မှာ တရုတ်ပြည်ဟာ ကမ္ဘာပေါ်မှာ ဖန်လုံအိမ်ဓာတ်ငွေ့အများဆုံး ထုတ်လွှင့်တဲ့ နိုင်ငံဖြစ်လာပါတယ်။ ၂၀၀၉ ခုနှစ် ကိုပင်ဟေဂင် ရာသီဥတုထိပ်သီးညီလာခံမှာ တရုတ်အစိုးရက ကာဗွန်သိပ်သည်းဆ (ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှင့်တာ) ကို ၂၀၂၀ နှစ်ကျရင် ၄၀ ရာခိုင်နှုန်း လျှော့ချဖို့ ကြေညာခဲ့ပါတယ်။ အဲဒီကတိကို တည်ဖို့ တရုတ်အစိုးရအတွက် လာမယ့် ၅ နှစ်အတွင်းမှာ ၁၄၀ ဂစ်ဂါဝပ် ထုတ်လုပ်ပေးနိုင်မယ့် ရေအားလျှပ်စစ်စက်ရုံတွေ လိုအပ်လာပါတယ်။

တချိန်တည်းမှာ တရုတ်ဟာ ရေကာတာတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ ရန်ဖြစ်နေရပါတယ်။ မဲခေါင်မြစ် ကော်မရှင် အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ လာအို၊ ကမ္ဘောဒီယား၊ ဗီယက်နမ်တို့က မြစ်ထက်ပိုင်းက တရုတ်ရေကာတာ ၁၁ ခုမှာ ရေတွေ အဆမတန် ပိတ်လှောင်တာကြောင့် မြစ်အောက်ပိုင်းဒေသတွေမှာ ရေနည်းသွားတာကို မကျေမနပ် ကန့်ကွက်နေကြပါတယ်။ ဒီလိုအခြေအနေကြားကပဲ တရုတ်က သူ့ နိုင်ငံတောင်ပိုင်းက ယူနန်ပြည်နယ်ထဲမှာ ရေကာ ၈ ခုကို ဆက်ဆောက်နေပြီး ၄ ခုက ပြီးနေပြီလို့ သိရပါတယ်။ မဲခေါင်ဒေသ နိုင်ငံတွေကလည်း သူတို့ နယ်စပ်နားက အဲဒီရေကာတာတွေကို မဆောက်ဖို့ အပြတ်ဆန့်ကျင်နေကြပါတယ်။

ဒီအခြေအနေ နောက်ခံမှာ မြန်မာပြည်မှာ မြစ်ဆုံရေကာတာတည်ဆောက်ဖို့ ဖြစ်လာတာပါပဲ။ မြစ်ဆုံရေကာတာကြီး ပြီးသွားရင် ကမ္ဘာမှာ ဆဌမမြောက် အကြီးဆုံး ရေကာတာ ဖြစ်လာမှာပါ။ မြစ်ဆုံရေကာတာအရွယ် ရေကာတာတွေ ကမ္ဘာမှာ အမေရိကားနှင့် ရုရှမှာပဲ ရှိတာပါ။ ဖွံ့ဖြိုးတိုးတက်မှုနှင့် နည်းပညာ အရာမှာ မြန်မာပြည်နဲ့ဆီနှင့် ရေလို ကွာဟာနေတဲ့ နိုင်ငံတွေပါ။ တရုတ်နိုင်ငံကတော့ သူ့အခြေအနေ၊ လူဦးရေသန်း ၁၃၀၀ ရဲ့ လိုအပ်ချက်၊ သူ့အကျိုးစီးပွားနှင့်သူမို့လို ဘာမှ ပြောစရာ မရှိပါဘူး။ ဒီလိုအခြေအနေမျိုးမှာ မြန်မာပြည်က နိုင်ငံအကြီးအကဲ ဆိုသူတွေက မိမိနိုင်ငံ ပိုင်နက်ထဲက၊ နိုင်ငံရဲ့ အဓိက အသက်သွေးကျောလည်းဖြစ်၊ အစဉ်အလာကြီးလှတဲ့ ဧရာဝတီမြစ်ကိုမှာ တရုတ်လက်ထဲ ၀ကွက်အပ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့တွေကြားက ဆက်ဆံရေးဟာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ထက်တောင် ကျော်သွားပြီလားလို့တွေးစရာ ဖြစ်လာပါတယ်။

အဲဒီစီမံကိန်းကနေ ထွက်တဲ့ လျှပ်စစ်ဓာတ် အားလုံးနီးပါးကို တရုတ်ကို ရောင်းရင်၊ မြန်မာအစိုးရက နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ရမယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမယ့် အခုလည်း မြန်မာပြည်ကနေ သဘာဝဓာတ်ငွေ့လို သယံဇာတတွေ၊ ကျောက်မျက်ရတနာတွေ ထုတ်ရောင်းနေပေမယ့် လူထုဘ၀တွေ ဘာတခုမှ ထူးခြား ပြောင်းလဲသွားတာ မတွေ့ခဲ့ရပါဘူး။

တိုင်းသူပြည်သား အများစုကတော့ ဆင်းရဲတွင်းထဲက မတက်နိုင်သေးပါဘူး။ ဧရာဝတီမြစ်ကြီးကို ရောင်းစားလို့ရမယ့်ငွေကိုလည်း ပြည်သူလူထုက မျှော်လင့်နေတာ မဟုတ်ပါဘူး။ ဒီစီမံကိန်းကို စမယ်ဆိုတဲ့ အချိန်တုန်းကလည်း ပြည်သူလူထုကို အသိမပေးခဲ့ပါဘူး။ တဖက်မှာ တရုတ်ကုမ္ပဏီတွေရော၊ တရုတ်အစိုးရ ကိုယ်တိုင်ပါ ရေအားလျှပ်စစ်စီမံကိန်းတွေမှာ တာဝန်ယူမှု တာဝန်ခံမှုနဲ့ ပတ်သက်လို့သူ့ပြည်တွင်းမှာရော၊ အာရှ၊ အာဖရိကမှာပါ နာမည်မကောင်းပါဘူး။

ကချင်ပြည်နယ်၊ ဧရာဝတီမြစ်ဖျားမှာ တည်ဆောက်မယ့် မြစ်ဆုံရေကာတာ စီမံကိန်းက ဖြစ်လာမယ့် ဆိုးကျိုးတွေကို တရုတ်မြန်မာ ပညာရှင်တွေကလည်း ထောက်ပြထားပြီး ဆက်မလုပ်ဖို့ တောင်းဆို ထားကြပါပြီး၊ ရေတိုမှာရော၊ ရေရှည်မှာပါ ဘာမှ အကျိုးပြုစရာ မရှိဘူးဆိုတာ သက်သေတွေ နေရာတကာမှာ အများကြီး ရှိနေပါတယ်။

ဒီအခြေအနေ အရပ်ရပ်ကို မစူးစမ်းဘဲ အာဏာပိုင်တွေက ရေကာတာကို ဆောက်လုပ်ဖို့ သဘောတူခဲ့တာပါ။ အခုလည်း ကချင်ပြည်နယ်က တိုက်ပွဲတွေကြား၊ ကန့်ကွက်နေတဲ့ ကြားကပဲ မြစ်ဆုံစီမံကိန်းကို တရုတ်ကုမ္ပဏီက ဆက်ပြီး အကောင်အထည် ဖော်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဘာမှ အသုံးမကျတဲ့ မြစ်ဆုံရေကာတာ စီမံကိန်းကို ရှေ့ဆက်တိုးလို့မရအောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တွန်းတွန်းတိုက်တိုက် တိုက်တွန်းဖို့၊ တိုက်တွန်းတဲ့နည်းနဲ့မရရင် ရတဲ့နည်းနဲ့ လုံးဝရပ်သွားအောင် ဖျက်ကြဖို့ဘဲ ပြည်သူတွေအတွက် ရွေးစရာ ကျန်ပါတော့တယ်။

ဒီတခါ လူထုက အလျှော့ပေးလိုက်ရင်တော့ ဧရာဝတီရဲ့ နောက်ဆုံးနေ့တွေကို ကျနော်တို့ သက်တမ်းမှာပဲ မြင်တွေ့ရဖွယ်ရှိတဲ့အကြောင်း တင်ပြလိုက်ရပါတယ်။

http://burmese.dvb.no/archives/15058မှကူးယူဖော်ပြပါသည်၊

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.