ဒုက္ခသည်စခန်းက တဲကလေးကိုခွဲခွာချိန် တံခါးအပိတ်မှာ ပြန်လှည့်မကြည့်ဖြစ်အောင်သတိထားပြီး လက်နောက်ပြန်ဖြင့် ပိတ် လိုက်ဖြစ်သည်။ သံယောဇဉ်မတွယ်ချင်တော့။ ဘဝဒုက္ခများစွာကို အတူထမ်းပိုးသယ်ဆောင်ပေးခဲ့တဲ့တဲကလေးရေ နေရစ်ခဲ့တော့။ ငါ့ဘဝထဲက တံခါးတချပ်တော့ ပိတ်လိုက်ပြန်ပြီပေါ့လေ။ ဘဝတွင်ပိတ်ခဲ့ဖူးသည့်တံခါးများစွာအနက် သည်ဒုက္ခသည်ဆိုသည့်တံခါးကား ပိတ်ရသိပ်ခက်ခဲမည်မဟုတ်ဟု ထင်ထားမိခဲ့ဖူးသည့်အထင်သည် လက်တွေ့တွင်မမှန်ကြောင်း ယခုသိလာရပြီ။
ကျနော် အရှေ့သို့လားရင်း အနောက်သို့ စုန်ခဲ့ပါသည်။
တတိယတန်းစားတယောက်အတွက် တတိယတန်းရထားကြီးဖြင့်တော့မဟုတ်ပါ။ ခေတ်မီဂျက်လေယဉ်ပျံကြီးနှင့်ဖြစ်ပါသည်။ ဖယောင်းတိုင်မီး မှိတ်တုတ်မှိတ်တုတ်၊ သက်ကယ်မိုးထရံကာနှင့် အတန်ကြာအသားကျခဲ့ရသည့် ဒုက္ခသည်ဘဝသည် ဒုက္ခသည်စခန်း တွင်း၌ ဒုက္ခတွေခါးစည်းရင်း လက်ပြနုတ်ဆက်ချန်နေရစ်ခဲ့ပါပြီ။
ပြိုးပြိုးပြက်ပြက်လျှပ်စစ်မီးရောင်တို့နှင့် ပျားပန်းခတ်မျှလူးလာခေါက်တုံ့တို့အကြားမှာ အထုပ်အပိုးတွေ ဘိုသီဘတ်သီ ကလေးငယ် များတို့လို့တွဲလောင်းနှင့်ကျနော်တို့အား သုဝဏ္ဏဘုမိလေဆိပ်သစ်ကြီးက တအံ့တဩ။ ကျနော်တို့ ငေးရင်းလည်းမောခဲ့ကြပါသည်။ ပျော်သလိုလို ဘာလိုလို စိတ်ခံစားမှုလည်း ရှိခဲ့ကြမည်လားမပြောတတ်ပါ။
ဘန်ကောက်မှ နယူးယော့ခ်အထိ တိုက်ရိုက်ပျံသန်းသည့်လေယာဉ်ခရီးစဉ်မှာ ရှည်ကြာသလောက် ငြီးငွေ့စရာလည်းဖြစ်ပါသည်။ ကျနော့် တသက်စီးဖူးခဲ့သမျှ လေယာဉ်ခရီးစဉ်များအနက် အကြာဆုံးနှင့် အရှည်ဆုံးခရီးပင်ဖြစ်ပါသည်။ နယူးယော့ခ်မှတဆင့် ရှီကားဂို၊ ထိုမှ တဆင့် ဖို့ဝိန်း။ လမ်းတလျှောက်တွင် အင်္ဂလိပ်စကားမပြောတတ်သည့်သူများအကြား ချောက်တီးချောက်ချက်ပြောတတ်ရုံလေးဖြင့် ကျနော်က “ကြက်ဆူပင်” ဝင်ဝင်လုပ်ပေးခဲ့ရသည်လည်းရှိပါသည်။
ဖို့ဝိန်းရောက်တော့ ညသန်းကောင်ချိန်ဖြစ်နေပြီ။ လာကြိုနှင့်နေသူတွေနှင့် ပြန်ဆုံရချိန်တွင် ဝမ်းနည်းဝမ်းသာခံစားမှုများဖြင့် ဒွေးရောယှက်တင် ဖြစ်နေပါသည်။ လေဆိပ်မှ နေရမည့်အိမ်သို့ကားဖြင့်လာရင်း လမ်းတွင်ဘေးဘီကိုကြည့်ကာ “ဖို့ဝိန်းဆိုတာ အမေရိကန်က တောမြို့လေးတခုပါ” ဟု ပြောခဲ့ဖူးသည့် သူငယ်ချင်းတယောက်ကိုလည်း အမှတ်ရနေမိသည်။ သေချာတာတခုကတော့ ဘယ်အချိန် အိမ်ပြန်ရမည်သာ မသိနိုင်သေး၊ အိမ်နဲ့တော့ မိုင်ထောင်ချီဝေးသွားပြီဆိုခြင်းပင်။
အိမ်ရောက်တော့ လူက တော်တော်လေးပန်းနေပြီ။ မေးတာတွေဖြေသိတာတွေပြော၊ ပါလာသည့် လက်ဆောင်ပစ္စည်းလေးတွေ ဝေငှ၊ ပြီးတော့ အိပ်ယာဝင်ခဲ့သည်။ အိပ်မပျော်နိုင်တော့။ လူကသာပမ်းနေပြီး အိပ်ချင်စိတ်ကပေါ်မလာသေး။ ဘာလို့များပါလိမ့်။ တွေးကြည့်တော့မှ လေယာဉ်ပေါ်မှာ တရက် ပျောက်သွားခဲ့ရသည်ကော။ အခုချိန်ဆို ဒုက္ခသည်စခန်းက နေ့လည်ချိန်ပါလားဟု သိလိုက်တော့မှ နေ့နှင့်ည မှားသွားတာကို ပြန်သတိရတော့သည်။ ကြိုးစားပြီးအိပ်ကြည့်သေးသည်။ မရတော့။ နာရီကတော့ လေယာဉ်ပေါ်မှာကတည်းက ရောက်သည့်အရပ်၏ စံချိန်ကိုလိုက်တိုက်ထားသည်မို့ ဒီကစံတော်ချိန်အတိုင်းဖြစ်နေသည်။ ကြည့်လိုက်တော့ မနက် ၅ နာရီအတိ။ ဆေးလိပ်ကလည်း သောက်ချင်နေသည်။ နောက်ပြီး ရောက်ရောက်ချင်း ပထမဆုံးအမေရိကန်မနက်ခင်းကို ကြည့်ဖြစ်အောင် ကြည့်မည်ဆိုသည့် စိတ်ကူးကလည်းရှိထားသည်။ အိပ်မပျော်သည့်အတူ အိပ်ယာကထသည်။ ဆေးလိပ်မီးခြစ်ယူသည်။ အိမ်သားတွေ ဘယ်သူမှမနိုးကြသေး။ တအိမ်လုံး တိတ်ဆိတ်နေ၏။ ကောင်းသည်။ ဘယ်သူ့ဘယ်သူမှ အနှောင့်အယှက်ဖြစ်စရာမရှိတော့။ အိမ်ရှေ့ခန်းတံခါးကိုဖွင့်ပြီး အပြင်ထွက်လိုက်သည်။ “အား..အေးလိုက်တာ” ဟု နှုတ်က အသံထွက်သွားမိသည်။ တံခါးကို လက်နောက်ပြန်ပိတ်လိုက်သည်။
အပြင်ဘက်မြင်ကွင်းကား လှပသည်။ “နွေဦးရာသီဆို ဒီမှာသိပ်လှတယ်” ဟုပြောခဲ့ဖူးသည့် မိတ်ဆွေကို အမှတ်ရလိုက်သည်။ ဟုတ်သားပဲ။ မြက်ခင်းစိမ်းလေးပေါ်မှာ ယုန်ကလေး တကောင်နှစ်ကောင် ခုန်ပေါက်နေသည်။ လူရှိနေမှန်းသိသိနှင့် ကြောက်လန့်ဟန်မရှိ။ လွတ်လပ်ပေါ့ပါးလွန်းလှသည်ပဲ။ စိတ်ထဲတွင် အိမ်တအိမ်က လွှတ်ထားသည့်ယုန်ကလေးတွေပဲနေမှာဟု ထင်နေသည်။ နောက်တော့မှ တောယုန်လေးတွေမှန်း သိရသည်။ နောက်ရက်တွေမှာ မိတ်ဆွေတယောက်က“ဒီမှာကတော့ တောတိရိစ္ဆာန်တွေကို အကြောင်းမဲ့ဖမ်းဆီး၊ နှိပ်စက်သတ်ဖြတ်ခွင့်မရှိဘူးလေ။ လုပ်ရင် လုပ်တဲ့သူအရေးယူခံရတယ်” ဆိုသည့်စကားကြောင့် ဩော်..တိရိစ္ဆန်လေးတွေတောင်ဥပဒေရဲ့ အကာအကွယ်အောက်မှာပါလား ဟု သိလိုက်ရသည်။ သစ်ပင်မြင့်မြင့်ကြီးတွေပေါ်က၊ ချုံပုတ်လိုလိုပန်းရုံလေးတွေဆီက မမြင်ဘူးသည့်ငှက်လေးတွေ တေးဆိုသံကြားရသည်။ နားထဲတော့ ခပ်စိမ်းစိမ်း။ သီချင်းသစ်တပုဒ်ကို စကြားကြားချင်းရလိုက်သည့်ခံစားမှုမျိုးနှင့်ဆင်သည်။ မျက်နှာချင်းဆိုင်က အိမ်အသစ်ကလေးကို ကြည့် လိုက်တော့လည်း နေချင်စရာလေး။ ဖြတ်သွားဖြတ်လာကားသံများမှလွဲ၍ ပကတိတိတ်ဆိတ်ငြိမ်သက်နေသည်။ ဆေးလိပ်ဖွာလိုက် ဝန်းကျင်ကိုငေးမောခံစားလိုက်နှင့်။ ဖန်တီးမှုမပါသည့် ရသတမျိုးမျိုးကို ရနေသည့်နှယ်။
အမေရိကန်မနက်ခင်းကိုလည်း နဖူးတွေ့ဒူးတွေ့သိလိုက်ပြီ။ ဆေးလိပ်သောက်လည်းအာသာပြေပြီ။ ခဏနေတော့ အနွေးထည် ဝတ်မလာတာမို့ နည်းနည်းလည်းအေးလာသည်။ အိမ်ထဲပြန်ဝင်တော့မှ၊ တံခါးလက်ကိုင်ကိုလှည့်လိုက်သည်။ ဖွင့်မရ။ ဘာများဖြစ်ပါလိမ့် ဆိုပြီး ထပ်လှည့်ကြည့်သည်။ မပွင့်။ ခက်ပြီ။ ထပ်လှည့်ကြည့်သည်။ ထိုအတိုင်းပင် တံခါးကတုတ်တုတ်မျှမလှုပ်။ ဒီတော့မှ သဘောပေါက်သွား၏။ အပြင်ထွက်ဖို့ တံခါးဖွင့်တုန်းက အထဲကနေ Lock ချထားတာကို သတိမပြုမိခဲ့။ အမှန်က တံခါးပြန်မပိတ်ခင် Lock ကို ဖွင့်ထားခဲ့ရမည်။ ဒါမှ ပြန်ဝင်သည့်အခါ အပြင်ကပြန်ဖွင့်လို့ရမည်။ အခုတော့ သွားပြီ။ Lock ကျသွားခဲ့ပြီကော။ ဘာမှမတတ်နိုင်တော့။ အိမ်သားတွေက တယောက်ယောက်နိုးလာချိန်ထိ စောင့်ရတော့မည်။
လူတိုင်းဘဝတွင် Lock ကျခဲ့ရသည်များရှိနိုင်သလို Lock ချခဲ့ရသည်များလည်းရှိပါမည်။ ဘဝသစ်တခုကို တည်ဆောက်မည်ဆိုလျင် ဘဝဟောင်းကိုဖျောက်မှရမည်ထင်သည်။ ထိုကိစ္စသည် ဘဝတခု၏တံခါးတခုကို Lock ချလိုက်ခြင်းဖြစ်ရမည်။ Lock ချလိုက်ခြင်းဖြစ်ပါ သည်။ ရံခါတွင် မိမိက Lock ချလိုက်သည်မဟုတ်ပဲ အခြေအနေက (သို့မဟုတ်) ဘဝကိုယ်၌က Lock ချပေးလိုက်ခြင်းများလည်း ရှိပါမည်။ မည်သို့ပင် Lock ချလိုက်ချင်သည်ဖြစ်စေ၊ ချမရသည့် (သို့မဟုတ်) ချ၍မကျသည့် Lock များစွာလည်း ရှိနိုင်ပါမည်။ Lock ကို အပြီးချလိုက်သည့်ကြားမှ ပြန်ပြန်ပွင့်လာခြင်းမျိုးများလည်း ရှိနိုင်မည်ထင်သည်။
ယခု ကျနော် အမေရိကန်၏ ပထမဆုံးနံနက်ခင်းတွင် Lock ကျနေပြီကော။ သည် Lock ကား ဘယ်အချိန်အထိ ကျနေဦးမည်နည်း။ ကျနော်မချခဲ့သည့် Lock သည် ကျနော့်အတွက် ကျခဲ့ပြီ။ နောင်ကိုလည်း ဘဝတွင် အကြိမ်မည်မျှ Lock ကျရဦးမည်လဲ။ အကြိမ်မည်မျှ Lock ချရဦးမည်လဲ။ ကျနော် မတွေးတတ်တော့။ တွေးလည်းမတွေးချင်တော့။ ကျနော့်ဘဝတွင် အကြိမ်မည်မျှ Lock ကျခဲ့ပြီးပြီလဲ၊ ချခဲ့ပြီးပြီလဲဆိုသည်ကိုသာ တွေးနေမိသည်။
မျိုးမြင့်ချို
ဇွန် ၂၅ ၂ဝဝ၈
မိုးမခမှာတင်ခဲ့တာက မေ ၃၀၊ ၂၀၀၉
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို
အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်
-
မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့
အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး
အသစ်ကို အ...
2 years ago
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်