Sunday, August 28, 2011

0 ကုလသမဂ္ဂသို့ ဒီပဲယင်းအရေး တင်ပြခြင်းသည် လက်စားချေလိုခြင်းကြောင့်မဟုတ်ဟုဆို


၂၀၀၃ ခုနှစ်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည် စီးနင်းလာသည့် ယာဉ်တန်း အကြမ်းဖက် တိုက်ခိုက် ခံရမှုနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တရားဝင် ဆက်လက်ရပ်တည်ရေး စသည့် အကြောင်းအရာများ ပါဝင်သည့် ကုလသမဂ္ဂသို့ ပေးပို့မည့် အစီရင်ခံစာ သည် NLD အနေဖြင့် လက်စားချေလိုသည့် စိတ်ဆန္ဒဖြင့် ပေးပို့ခြင်းမဟုတ်ကြောင်း ယင်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဆိုသည်။

အဆိုပါ စာတမ်းကို NLD ပါတီ၏ ဥပဒေအကြံပေးအဖွဲ့က လေ့လာစုံစမ်းရေးသားထားခြင်း ဖြစ်ပြီး ယင်းစာတမ်းတွင် ဒီပဲယင်း အကြမ်းဖက် မှုကြောင့် ပါတီဝင်များသေဆုံးမှု၊လက်ရှိ NLD ၏ရပ်တည်ခွင့်နှင့် ဖြတ်သန်းခဲ့ရသည့် မှတ်တမ်းများ ပါဝင်ကြောင်း သိရသည်။

“ဒါက သမိုင်းပါ၊ ဥပဒေကြောင်းအရ ဖြေရှင်းဖို့ လိုအပ်တယ်လို့ ယူဆတဲ့အတွက် လုပ်ဆောင်ရတာပါ”ဟု ဦးဥာဏ်ဝင်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အစိုးရအဖွဲ့တို့ သုံးကြိမ်တွေ့ဆုံပြီး ကောင်းမွန်သော အခြေအနေများ ရရှိနေသော အချိန်တွင် NLD အနေဖြင့် ယင်းအစီရင်ခံစာ တင်သွင်းမည်မှာ မဖြစ်နိုင်ကြောင်း မြန်မာ့အရေး လေ့လာသူ အသိုင်းအဝိုင်းက သုံးသပ် သည်။

“ဒေါ်စုက အမုန်းတရား မရှိပါဘူးလို့ ပြောနေတာရယ်၊ သူ့အကျိုး၊ ပါတီအကျိုးထက် ပြည်သူအကျိုးကိုသာ အလေးထားပါမယ်လို့ ပြောထားတဲ့ အတွက် ဒီအစီရင်ခံစာကို တင်သွင်းမယ်ဆိုရင်တောင် သူမှာအစိုးရနဲ့ တစ်ခုခု Agree ဖြစ်ပြီးလို့ လုပ်တာလို့ ယူဆတယ်”ဟု ထိုင်းနိုင်ငံ၊ ချင်းမိုင် အခြေစိုက် မြန်မာပညာရှင်တစ်ဦးက သုံးသပ်သည်။

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ နယ်လှည့် မော်တော်ယာဉ်တန်းကို စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် တုတ်၊ ဓား၊ လက်နက်ကိုင်ဆောင်သူများ၏ တိုက်ခိုက်မှုကြောင့် ပါတီဝင်များ သေဆုံးခဲ့ပြီး အချို့မှာ ဆူပူအောင်လှုံဆော်မှုဖြင့် အကျဉ်းချခြင်း ခံခဲ့ရသည်။

မြန်မာပြည်သို့ ၅ ရက်ကြာ လာရောက်နေသော ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာတင်သွင်းသူ မစ္စတာ ကွင်တားနားကိုလည်း ကုလသမဂ္ဂသို့ တင်သွင်းမည့် အစီရင်ခံစာပေးလိုက်ပြီး၊ မစ္စတာ ကွင်တားနားက ယင်းကိစ္စရပ်နှင့် ပတ်သက်၍ ဥပဒေရေးရာ ကျွမ်းကျင်သူတစ်ဦး စေလွှတ်ပေးမည် ဖြစ်ကြောင်း ဂတိပြုသွားခဲ့သည်။

YC(KS)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.