Saturday, October 9, 2010

0 ဆရာအောင်သင်းရဲ့ စာပေဟောပြောပွဲ အသံဖိုင်


ဆရာဟာ အမှန်တရားကို လက်ကိုင်ထားပြီး လူငယ်များကို ကောင်းမွန်စေတဲ့ စေတနာနဲ့ ပြောတဲ့ အတွက် သူပြောသမျှ စကားတိုင်းဟာ လူငယ်များကို အသိပညာတိုးပွားစေလို့ ပြီးအောင် နားထောင်ကြည့်ကြပါ ။ နားထောင်ပြီးတာနဲ့ ကျွန်တော်တို့ ပုခုံးပြောင်းတာဝန် ယူကြရမယ့် အချိန်အခါကို ရောက်လာပြီဆိုတာကို သေချာသိရှိနားလည် လာပါလိမ့်မယ် ။ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းပြောထားတာကလည်း စိတ်ဝင်စားစရာ ကောင်းသလို မျက်ရည် ကျမိလောက်အောင်ကို ဗိုလ်ချုပ်ရဲ့ စေတနာကို ပိုမိုသဘောပေါက်လာမိပါတယ် ။ ပညာနဲ့ ဥစ္စာ ဘယ်အရာကို အရင် ရှာရမလဲ မေးမြန်းတတ်တဲ့ လူငယ်များကိုလည်း အတွေးအခေါ် မှန်ကန်လာအောင် လမ်းညွှန်ပြသထားပါတယ် ။ ဆရာရဲ့ လူငယ်များ အပေါ် မှာ ထားရှိတဲ့ စေတနာကို ကိုယ်တိုင် သိမြင်ခံစားနိုင်သလို သမိုင်းကြောင်း အမှန်အချို့ကိုလည်း သိမြင်လာကြစေဖို့ စေတနာနဲ့ ကူညီဖြန့်ဖြူးပေးပါလို့ လေးစားစွာ မေတ္တာရပ်ခံ အပ်ပါသည် ။

ခင်မင်လေးစားလျှက်

ဗမာ့သွေး

0 အကျဉ်းခံ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်ကြီး လီရှောင်ပို (Imprisoned Nobel peace laureate Liu Xiaobo)


အကျဉ်းခံ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်ကြီး လီရှောင်ပို

(Imprisoned Nobel peace laureate Liu Xiaobo)

နိုဗဲလ်ဆုပေးရေး ကော်မတီကြီးက တရုတ်လူ့အခွင့်အရေး လှုပ်ရှားသူ လီရှောင်ပို (Liu Xiaobo) အား ၂၀၁၀ ခုနှစ်၏ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ကြီး ကို ပေးအပ်လိုက်သည်။

ထိုသို့ တရုတ်အစိုးရမှ ထောင်ဒဏ် ၁၁ နှစ် မတရား အပြစ်ပေးခြင်းကို ခံနေရသော လီရှောင်ပို ကို နိုဗယ်ဆု ပေးအပ်ခြင်းဖြင့် သူသည် မတရား ဖမ်းဆီးထောင်ချခြင်း ခံရသော ဒုတိယမြောက် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ကြီး ဖြစ်လာခဲ့သည်။ ပထမဆုံး မတရား ဖမ်းဆီးခြင်းခံရသော ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ကြီး မှာ မြန်မာနိုင်ငံမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ နှစ်ဦးစလုံးမှာ အာရှတိုက်မှ ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများ ဖြစ်နေကြသည်။

နိုဗဲလ်ဆုပေးရေး အဖွဲ့ကြီးက လီရှောင်ပို (Liu Xiaobo) ကို သူ၏ တရုတ်ပြည်တွင်းတွင် ကာလရှည်ကြာစွာ နှင့် အကြမ်းမဖတ် လှုပ်ရှားမှုများ ကြောင့် ဆုပေးရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

အသက် ၄၅ နှစ်ရှိသော လီရှောင်ပို (Liu Xiaobo) ကို ၁၉၅၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် တရုတ်ပြည် ချန်ချွမ် (Changchuan) မြို့တော်၊ ကျီလင် (Jilin) ပြည်နယ် တွင် မွေးဖွားခဲ့သည်။

လီရှောင်ပို (Liu Xiaobo) သည် ၁၉၈၂ ခုနှစ်တွင် Jilin တက္ကသိုလ် မှ BA ဘွဲ့ကို Literature ဘာသာရပ်ဖြင့် ရရှိခဲ့သည်။ ၁၈၉၄ ခုနှစ်တွင် Beijing Normal University မှ MA ဘွဲ့ နှင့် PhD ဘွဲ့ကို ၁၉၈၈ ခုနှစ်တွင် ကိုရခဲ့သည်။ သူသည် Columbia University, the University of Oslo၊ University of Hawaii စသော နိုင်ငံတကာ တက္ကသိုလ်ကြီး များတွင်လည်း Visiting Scholar အဖြစ် လုပ်ခဲ့သည်။

တရုတ်ပြည်တွင် သူသည် လူ့အခွင့်အရေး လှုပ်ရှားသူ၊ ပညာတတ်၊ စာရေးဆရာ အဖြစ် ထင်ရှားသည်။

သူသည် လွတ်လပ်သော တရုတ်စာရေးဆရာများ ဗဟိုအဖွဲ့ကြီး (Independence Chinese PEN Center) ၏ ဥက္ကဋ္ဌ အဖြစ် ၂၀၀၃ ခုနှစ်ကတည်းက စတင် ဆောင်ရွတ်ခဲ့သည်။

သူ၏ ငြိမ်ချမ်းသောနည်းဖြင့် လူ့အခွင့်အရေး လှုပ်ရှားမှုများကြောင့် တရုတ် အာဏာပိုင်များ၏ မကြာခဏ မတရား ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း၊ ထောင်ချခြင်း များကို ခံခဲ့ရသည်။

သူသည် ၁၉၈၉ ခုနှစ် တွင်ပေါ်ပေါက်ခဲ့သော တရုတ်ပြည် တီယန်နန်မင် ရင်ပြင် ဆန္ဒပြပွဲကြီး (Tiananmen Square Protests ) တွင် တက်တက်ကြွကြွ ပါဝင်ခဲ့သည်။ ယင်း Tiananmen Square Protests ကို တရုတ် ကျောင်းသားများ နှင့် ပညာတတ်များမှ ဦးဆောင်ခဲ့ပြီး တရုတ် အာဏာပိုင်များမှ ရက်ရက် စက်စက် ပစ်ခတ်နှိမ်နှင်းခဲ့ သောကြောင့် ကျောင်းသား၊ ပြည်သူ ၃၀၀၀ နီးပါး သေဆုံးခဲ့ရသည်။

၁၉၉၁ ခုနှစ်တွင်လည်း Liu Xiaobo ကို “တန်ပြန် တော်လှန်ရေး ဝါဒဖြန့်မှု နှင့် အားပေးလှုံဆော်မှု” (Counter revolutionary propaganda and incitement) စွဲချက်တင်ခဲ့သည်။

၁၉၉၆ ခုနှစ် အောက်တိုဘာလ တွင်လည်း တရုတ် ကွန်မြူနစ်ပါတီ (Communist Party of China) ကိုဝေဖန်မှုကြောင့် “ပြည်သူ့အာဏာကို နှောက်ယှက်ခြင်း” (disturbing public order) ဟု စွပ်စွဲပြီး တရုတ်ပြည်တွင်း ဥပဒေ စနစ်တခု ဖြစ်သော Re-education through Labor ပုဒ်မဖြင့် ၃ နှစ် ထိန်းသိမ်းခဲ့သည်။

ယင်း “Re-education through Labor” စနစ်သည် တရုတ်ပြည်၏ ခိုးမှု၊ ပြည်တန်ဆာလုပ်မှု နှင့် တရားမဝင် ဆေးဝါးရောင်းဝယ်မှု စသော အငယ်စား ရာဇဝတ်မှု ကျုးလွန်သူများကို ဖမ်းဆီးထိန်းသိမ်းသော ဥပဒေ ဖြစ်သည်။ ယင်းစနစ်ကို ၁၉၅၇ ခုနှစ်တွင် စတင်ကျင့်သုံး ခဲ့သည်။ တရုတ် China Daily သတင်းစာကြီး၏ ခန့်မှန်းချက် အရ တရုတ်ပြည်တွင် Re-education through Labor စခန်းပေါင်း ၃၁၀ လောက်ရှိသည်။

၂၀၀၄ ခုနှစ်တွင် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (Reporters Without Borders) မှ လီရှောင်ပို ကို သူ၏ လူ့အခွင့်အရေး လှုပ်ရှားမှု လုပ်ရပ်များ ကို ဂုဏ်ပြုသော အားဖြင့် Foundation de France Prize ဆုကို ချီးမြှင်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင်လည်း တရုတ်ပြည်ပရှိ ဘလော့ခ်များ (Blogs)၊ ဝက်စ်ဆိုက်များ (Websites) များတွင် ရေးသားတင်ပြခဲ့သော သူ၏ ဆောင်းပါးများကြောင့် တရုတ်အာဏာပိုင်များ၏ ထိန်းသိမ်း စစ်ကြောမေးမြန်းခြင်း ခံခဲ့ရသေးသည်။

၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၈ ရက်တွင် ချာတာ ၀၈ (Charter 08) ကမ်ပိန်းတွင် ဦးဆောင် ပါဝင်မှုဖြင့် သူ့ကို တရုတ်အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် သူ့ကို ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခဲ့သည်။

‘ချာတာ ၀၈’ ( Charter 08 ) ဆိုသည်မှာ ကြေငြာစာတမ်း (Manifesto) တစ်ခုဖြစ်ပြီး တရုတ်ပြည် အတွင်း နိုင်ငံရေး ပြုပြင်မှု (Political reform) နှင့် ဒီမိုကရေစီ ဖော်ဆောင်ရေး (Democratization) မြှင့်တင်ပေးရန် တရုတ် ပညာတတ်များ၊ ရှေ့နေများ နှင့် လူ့အခွင့်အရေး လှုပ်ရှားသူ ၃၀၃ ဦး မှစတင်ကာ လက်မှတ် ရေးထိုး တောင်းဆိုထားခြင်းဖြစ်သည်။ ယင်း Charter 08 ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်း (Universal Declaration of Human Rights) ၏ နှစ် ၆၀ မြောက်နေ့ ဖြစ်သော ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်း “ချာတာ ၀၈” ကို ၂၀၀၉ ခုနှစ် အထိ တရုတ်ပြည်တွင်း ပြည်ပမှ လူပေါင်း ၈၆၀၀ ကျော် တောင်ခံလက်မှတ် ထိုးပြီးဖြစ်သည်။ မူလ လက်မှတ် ထိုးခဲ့သူများတွင် ရှေ့နေများ၊ တိဘတ် ဘလော့ခ်ဂါများ (Tibetan Bloggers)၊ တိဘတ် ကဗျာဆရာမ ဝိုးဆာ (Woeser) နှင့် ကွန်မြူနစ်ပါတီ အကြီးအကဲဟောင်း တစ်ဦးဖြစ်သူ ပေါင်တုန် (Bao Tong) စသူတို့ ပါဝင်ခဲ့ကြပြီး အားလုံးလိုလို ဖမ်းဆီး ထောင်ချခြင်း ခံခဲ့ကြရသည်။

bullog.cn ကဲ့သို့ အတိုက်အခံ ဘလော့ခ်များ၊ Charter 08 နှင့် ပတ်သတ်သော ဘလော့များ ၊ဝက်ဆိုဒ်များ ကို တရုတ်ပြည်တွင်းတွင် ပိတ်ပင်ခဲ့သည်။

လီရှောင်ပို (Liu Xiaobo) သည် ယင်း Charter 08 ကို ရေးဆွဲရာတွင် ဦီးဆောင် ပါဝင်ခဲ့သူ တစ်ဦး ဖြစ်ပြီး ယင်းချာတာကို အွန်လိုင်းမတင်မီ ဖမ်းဆီး ခံခဲ့ရခြင်း ဖြစ်သည်။

ယင်း Charter 08 တွင် တောင်းဆိုချက် ၁၉ ချက်ပါဝင်သည်။ ယင်းတို့မှာ

1. Amending the Constitution.

(ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြုပြင်ပေးရေး)

2. Separation of powers.

(အာဏာ ခွဲပေးရေး)

3. Legislative democracy.

(တရားဥပဒေ ပြုပိုင်ခွင့်ရှိသော ဒီမိုကရေစီ)

4. An independent judiciary.

(လွတ်လပ်သော တရားစီရင်မှု)

5. Public control of public servants.

(ပြည်သူ့ဝန်ထမ်းများ ကိုယ်တိုင် ထိန်းချုပ်ပိုင်ခွင့်)

6. Guarantee of human rights.

(လူ့အခွင့်အရေးကို လိုက်နာခြင်း)

7. Election of public officials.

(အရာရှိများကို ပြည်သူများက ရွေးချယ်တင်မြှောက်ခြင်း)

8. Rural–urban equality.

(ကျေးလက်- မြို့ပြ သာတူညီမျှမှု)

9. Freedom of association.

(လွတ်လပ်စွာ အသင်းအပင်း ဖွဲ့ပိုင်ခွင့်)

10. Freedom of assembly.

(လွတ်လပ်စွာ စုဝေးနိုင်ခွင့်)

11. Freedom of expression.

(လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့်)

12. Freedom of religion.

(လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်)

13. Civic education.

(ပညာရေး)

14. Protection of private property.

(ပုဂ္ဂလိက ပစ္စည်းဥစ္စာ ကာကွယ်ပိုင်ခွင့်)

15. Financial and tax reform.

(ဘဏာရေး နှင့် အခွန် ပြုပြင်ရေး)

16. Social security.

(လူမှု လုံခြုံရေး)

17. Protection of the environment.

(ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး)

18. A federated republic.

(ပြည်ထောင်စု သမ္မတဖွဲ့ရေး)

19. Truth in reconciliation.

(စစ်မှန်သော ရင်ကြားစေ့ရေး)

တို့ဖြစ်သည်။

ယင်း Charter 08 တွင် တရုတ်အစိုးရကို အလွန်ထိခိုက်စေသော တပါတီ အုပ်ချုပ်ရေး ဖျက်သိမ်းရေး (Elimination of one-party rule) ပါသည်။ ထို့ကြောင့် လီရှောင်ပို Liu Xiaobo ကို ၂၀၀၈ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ထိန်းသိမ်းခဲ့ပြီး ၂၀၀၉ ခုနှစ် ဇွန်လ ၂၃ တွင် နီုင်ငံတော်အာဏာကို ပျက်စီးစေရန် ကြံစည်မှုဖြင့် မတရား စွဲချက်တင်ခဲ့သည်။

၂၀၀၉ ခုနှစ် မတ်လတွင် One World Film Festival ကြီးမှ ပေးအပ်သော Homo Homini Award ကို ပေးအပ်ခဲ့သည်။ ယင်းဆုသာ် လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့်၊ ဒီမိုကရေစီ မူဝါဒမျာ နှင့် လူ့အခွင့်အရေး မြှင့်တင်ရေး အတွက် ပေးအပ်သော ဆုဖြစ်သည်။

ကမ္ဘာအရပ်ရပ်မှ နိုဗဲလ်ဆုရှင်ကြီးများ နှင့် အစိုးရ များမှလည်း လီ အပေါ် မတရားဖမ်းဆီး မှုအပေါ် ဝေဖန်ခဲ့ပြီး လွှတ်ပေးရန် တရုတ် သမ္မတ ဟူကျင်တောင် (Hu Jintao) ထံစာရေး တောင်းဆိုခဲ့သည်။

၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် ဥရောပ သမဂ္ဂ (European Union) နှင့် အမေရိကန် (United States) မှ လီရှောင်ပို (Liu Xiaobo) ကို ချွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ သို့သော် တရုတ် အာဏာပိုင်များက တရုတ်ပြည်၏ ဥပဒေကို လေးစားကြရန် နှင့် ပြည်တွင်းရေးကို ကြားဝင်ခြင်း မပြုရန် တုန့်ပြန်ခဲ့သည်။

ဂျာမဏီ အဓိပတိ Angela Merkel က “တရုတ်ပြည် အစိုးရ အနေနဲ့ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့် (Press freedom) ကို အလွန်အမင်း တင်းကြပ်ထားမှု အပေါ် အလွန်စိတ်ပျက်မိကြောင်း” ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ထိုင်ဝမ် သမ္မတ မာယင်ကျိုး (Ma- Ying- Jeou) ကလည်း ဘေကျင်း (Beijng) အစိုးရ အနေနဲ့ ‘အတိုက်အခံများအပေါ် သည်းခံခြင်း’ (Tolerate dissident) ကို ကျင့်သုံး သင့်ကြောင်းပြောခဲ့သည်။

၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် လီရှောင်ပို (Liu Xiaobo) ကို နိုဗဲလ်ဆု အတွက် အမည်တင်သွင်းခြင်းကို နိုဗဲလ်ဆုရှင်ကြီးများ ဖြစ်သော ချက်သမ္မတဟောင်း Václav Havel, တိဘတ် ဘုန်းတော်ကြီးးလိုင်းလားမား (်the 14th Dalai Lama)၊ André Glucksmann, Vartan Gregorian၊ Mike Moore၊ Karel Schwarzenberg၊ တောင်အာဖရိက ဘုန်းတော်ကြီး ဒစမွန် တူးတူး (Desmond Tutu) နှင့် Grigory Yavlinsky တို့မှ တင်ပေးခဲ့သည်။

တရုတ်နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Ma Zhaoxu က လီရှောင်ပို (Liu Xiaobo) ကို နိုဗဲလ်ဆု ပေးအပ်ခြင်းသည် “အလွန် မှားယွင်းမှု” (Total wrong) ဖြစ်လိမ့်မည်ဟု ပြောဆိုခဲ့သည်။

၂၀၁၀ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် Norwegia TV networks မှ လီရှောင်ပို (Liu Xiaobo) ကို ၂၀၁၀ ငြိမ်းချမ်းရေး နိုဗဲလ်ဆု အတွက် စကာတင် ရွေးချယ်ထားကြောင်း ဖော်ပြခဲ့သည်။ အောက်တိုလ ၈ ရက်နေ့တွင် လီရှောင်ပို (Liu Xiaobo) ကို ၂၀၁၀ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် အဖြစ်ရွေးချယ်လိုက်သည်။

တရုတ်အစိုးရပိုင် ရှင်းဝါ သတင်းဌာန (Xinhua News Agency) မှ လီရှောင်ပို (Liu Xiaobo) ကို နိုဗဲလ်ဆုပေး လိုက်ခြင်းသည် “တရုတ်- နော်ဝေး ဆက်ဆံရေး” (China- Norway relations) ကို ထိခိုက်စေလိမ့်မည်ဟု ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ အတွင်းတွင်လည်း လီရှောင်ပို (Liu Xiaobo) ငြိမ်းချမ်းရေး နိုဗဲလ်ဆု ရခြင်း သတင်းကို ဆင်ဆာလုပ်ခြင်း၊ သတင်းအမှောင်ချခြင်းများ ကို ပြုလုပ်ခဲ့သည်။

“တရုတ်ပြည်ရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို တဖြည်းဖြည်းခြင်းနှင့် ငြိမ်းငြိမ်းချမ်းချမ်း ဖော်ဆောင်ရမယ်။ စနစ်တကျ နဲ့ ထိန်းထိန်းသိမ်းသိမ်း လည်းဖြစ်သင့်တယ်။ ပြီးတော့ အထက်မှအောက်၊ အောက်မှအထက် အပြန်အလှန် အကျိုးသက်ရောက်မှုတွေ ရှိသင့်တယ်။ ဒီနည်းလမ်းကသာ အကုန်အကျ အနည်းဆုံးနဲ့ အလွန်ထိရောက်တဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်စေလိမ့်မယ်။

ကျွန်တော်သိတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုရဲ့ အခြေခံမူဝါဒ ကတော့ ‘စနစ်ကျပြီး ထိန်းချုပ် ကိုင်တွယ်နိုင်သော လူမှုပြောင်းလဲရေး’ (Orderly and controllable social change) ဟာ ‘ကသောင်းကနင်း နိုင်ပြီး ထိန်းမနိုင် သိမ်းမနိုင် အခြေအနေ” (chaotic and out of order) ထက်တော့ ပိုကောင်းတယ်’ ဘဲဖြစ်ပါတယ်။

အစိုးရရဲ့ အမိန်အာဏာဟာ မင်းမဲ့စရိုက် ကသောင်းကနင်း ဖြစ်မှုထက်တော့ ပိုကောင်းပါတယ်။ (The order of a bad government is better than the chaos of anarchy)

ဒါကြောင့်ဘဲ ကျွန်တော့ အနေနဲ့ အာဏာရှင်စနစ် (dictatorship) နဲ့ လက်ဝါးကြီးအုပ်မှု (Monopolize) ကို ဆန့်ကျင်နေခြင်းဖြစ်ပါတယ်။

နိုင်ငံတော် အာဏာကို ပျက်ဆီးးအောင် လှုံဆော်နေတာ မဟုတ်ပါဘူး။

အတိုက်အခံပြုခြင်းကို အဖျက်လုပ်ခြင်းနဲ့ ထပ်တူပြုလို့မရပါဘူး။ (Opposition is not equivalent to subversion)

(Liu Xiaobo, Guilty of 'crime of speaking', 9 February 2010 မှ ကောက်နုတ်ချက် ဖြစ်သည်။)

အာရှတိုက်မှ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရရှိသူ စုစုပေါင်းမှာ လီရှောင်ပို Liu Xiaobo အပါအဝင် ၁၃ ဦးရှိသည်။ ယင်းတို့မှာ…

၁။ ဗီယက်နမ် ငြိမ်းချမ်းရေး လှုပ်ရှားသူ Le Duc Tho (၁၉၇၃)

၂။ ဂျပန် ဝန်ကြီးချုပ်ဟောင်း Eisaku Sato (၁၉၇၄)

၃။ တိဘတ် ဘုန်းတော်ကြီး (The 14th Delai Lama, Tenzin Gyato) (၁၉၈၄)

၎။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည် (၁၉၉၁)

၅။ ပါလက်စတိုင်း ခေါင်းဆောင် Yasser Arafat (၁၉၉၄)

၆။ အစ္စရေး နိုင်ငံခြားရေး ဝန်ကြီး Shinmon Peres (၁၉၉၄)

၇။ အစ္စရေး ဝန်ကြီးချုပ် Yitzhaa Rabin (၁၉၉၄)

၈။ အရှေ့ တီမော ဘုန်းတော်ကြီး Bishop Carlos Filipe Ximenes Belo (၁၉၉၆)

၉။ အရှေ့ တီမော အတိုက်အခံ ခေါင်းဆောင်ကြီး Jose Ramos Horta (၁၉၉၆)

၁၀။ တောင်ကိုရီးယား သမ္မတ Kim Dae-jung (၂၀၀၀)

၁၁။ အီရန် အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူ Shirin Ebadi (၂၀၀၃)

၁၂။ ဘင်္ဂလားဒေ့ရှ် မှ အတွေးအခေါ် ပညာရှင် Muhanmmad Yunus (၂၀၀၆)

၁၃။ တရုတ် လူ့အခွင့်အရေးလှုပ်ရှားသူ Liu Xiaobo (၂၀၁၀)

ကမ္ဘာပေါ်တွင် မတရား အကျဉ်းခံနေရသော ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်ကြီးများမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် တရုတ် လူ့အခွင့်အရေး လှုပ်ရှားသူ လီရှောင်ပို Liu Xiaobo တို့နှစ်ဦးသာ ရှိသည်။

ထိုကြောင့် အမေ ဒေါ်အောင်ဆန်းစုကြည် မှာထားသလို..

နိုင်ငံရေးအတွက်

ကိုယ့်ရဲ့ ဘ၀ကို အနစ်နာခံ စွန့်လွတ်ရတယ်ဆိုတာ

ဒါအင်မတန်မှ သိက္ခာရှိပါတယ်။

အင်မတန်မှလည်း ကျေနပ်မှုရှိစရာပါ။

အားလုံး ပြန်ပြီးတော့ စဉ်းစားကြပါ။

ဆိုတဲ့ စကားကိုဘဲ ထပ်လောင်း ဖော်ပြချင်ပါတော့တယ်…..။ ။

ရေးသားတင်ပြသူ…ဘလော့ခ်ဂါ အလင်းဆက်

0 စစ်အစိုးရ၀ါဒဖြန့်အနုပညာရှင်များအားလုံးကိုအမေရိကန်အစိုးရက ဗီဇာရုတ်သိမ်းလိုက်ပြီ

ပေးပို့သူ။ ။ ကိုမောင်ရစ်(မိုးမခ)


ယမန်နေ့ညနေခင်း ရရှိသော သတင်းအရ အမေရိကန်အစိုးရ၏ လူဝင်မှုကြီးကြည်ရေးဌာနက မြန်မာပြည်မှ ရောက်ရှိဖျော်ဖြေနေသော အိုဗေးရှင်းအဖွဲ့တခုလုံး၏ ဗီဇာကို ရုတ်သိမ်းကြောင်း ထုတ်ပြန်လိုက်သည်ဟု သိရသည်။

လွန်ခဲ့သည် သြဂုတ်လဆန်းကတည်းက ရောက်ရှိပြီး အမေရိကန်ပြည်အနှံ့ လှည့်လည်ဖျော်ဖြေမှု ပြုနေသော လူ ၁၀ ဦး ပါဝင်သည့် မြန်မာဂီတအဖွဲ့သည် စစ်အစိုးရ၏ ၀ါဒဖြန့်သရုပ်ဆောင်နှင့်အတူ ပူးပေါင်းလှုပ်ရှားနေသည့်အတွက် မြန်မာဒီမိုကရေစီရေး လှုပ်ရှားသူများက ဆန့်ကျင်ကန့်ကွက်မှုများ တောက်လျောက် ပြုလုပ်ခဲ့ကြသည်။ နောက်ဆုံး အောက်တိုဘာ ၇ ရက်တွင် ၎င်းအဖွဲ့ကို ဗီဇာအာမခံပေးခဲ့သူ ဘုန်းတော်ကြီးကိုယ်တော်တိုင်က မေတ္တာရပ်ခံ၍ မရသည့်အဆုံး ရှေ့နေများနှင့်တိုင်ပင်ပြီး အာမခံမှုကို တရားဝင် ရုတ်သိမ်းကြောင်း အမေရိကန်အစိုးရထံ အကြောင်းကြားခဲ့ရသည်။

“ဒီနေ့မနက်ကတည်းက မေရီလင်းပြည်နယ်က အောက်လွှတ်တော်အမတ် Chris Van Hollen ၊ အထက်လွှတ်တော်အမတ် Charles Schumer တို့ကိုယ်တိုင်က ကျနော်တို့ကို ခေါ်ယူပြီး မေးမြန်းစုံစမ်းတယ်။ ကျနော်တို့ကလည်း ဒီဂီတဖျော်ဖြေပွဲနဲ့ အမေရိကန်မြန်မာကွန်မြူနီတီရဲ့ ပဋိပက္ခတွေ၊ အချင်းချင်း အငြင်းပွားမှုတွေ ဖြစ်ရတာကို ပြောပြတာပေါ့နော်။ နောက်ဆုံး ၀ါရှင်တန်ဒီစီမက်ထရိုက မြန်မာတွေရဲ့ သဘောထား၊ ဗီဇာကို စပွန်ဆာပေးခဲ့တဲ့ ဆရာတော်ရဲ့ သဘောထားတွေကိုပါ ရှင်းပြတယ်။ အဲဒီနောက်မှာ အမေရိကန်လူဝင်မှုကြီးကြပ်ရေး အရာရှိတွေ၊ ဌာနဆိုင်ရာတွေနဲ့ ဆက်သွယ်ပြောဆိုကြတာတွေ အပြီးမှာ သူတို့အားလုံးကို အမေရိကန်အစိုးရက တရားဝင်ထုတ်ပေးထားတဲ့ P1 visa ပေါ့နော်၊ ဖျော်ဖြေရေးပြည်ဝင်ခွင့်ကို ဒီကနေ့မှာပဲ ရုတ်သိမ်းလိုက်ပြီဆိုပြီး အရေးယူလိုက်တယ် လို့ ကျနော့်ကို အကြောင်းကြားလိုက်ပါတယ်”

ဟု ယခုအရေးအခင်းတွင် မြန်မာမိသားစု အသိုင်းအ၀န်းများနှင့်အတူ ပါဝင်ဆောင်ရွက်နေသည့် ကိုညီညီအောင်က မိုးမခကို ပြောပြသည်။

ထိုသို့ တရားဝင်ဗီဇာဖြင့် နေထိုင်ခွင့်ကို ရုတ်သိမ်းလိုက်သည့်အတွက် ၎င်းတို့အားလုံးသည် တရားမ၀င်ဧည့်သည်များဖြစ် အဖြစ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ပုံမှန်အားဖြင့်ဆိုလျင် ၎င်းတို့သည် တိုင်းပြည်မှ ချက်ခြင်း ထွက်ခွာကြရမည် ဖြစ်သည်။ မထွက်ခွာမီ ၎င်းတို့ရောက်ရှိရာတွင် ဒေသခံပြည်သူတို့က လက်မခံကြောင်း သက်ဆိုင်ရာသို့ တိုင်ကြားပါက သက်ဆိုင်ရာတို့က ထိန်းသိမ်းပြီး မူလနိုင်ငံသို့ ထွက်ခွာစေရန် ဆောင်ရွက်နိုင်သည်ဟု ဆိုသည်။ ထို့အပြင် ထိုကဲ့သို့ အရေးယူခံရသူများကို နောင်တွင် အမေရိကန်ပြည်ဝင်ခွင့်ကိုလည်း အချိန်အကန့်အသတ်ဖြင့် ပိတ်လိုက်ပြီဖြစ်သည်ဟု သိရသည်။

“ကျနော်တို့ လက်ခံရရှိတဲ့ စာတွေအရ သူတို့အနေနဲ့ ဇူလိုင် ၁၂ ရက်စွဲနဲ့ ခွင့်ပြုထားတဲ့ ဧည့်ဗီဇာကို အာမခံလျောက်ပေးခဲ့တဲ့ အဖွဲ့က အောက်တိုဘာ ၈ ရက် နေ့စွဲနဲ့ ရုတ်သိမ်းကြောင်း တောင်းဆိုလာတဲ့အတွက် ဥပဒေနဲ့အညီ ထိုဧည့်ဗီဇာတွေကို ရုတ်သိမ်းလိုက်တယ်လို့ ရေးသားထားတာကို တွေ့ရပါတယ်။ နံမည်စာရင်းတွေအရ - စိုးမိုး၊ မင်းမော်ကွန်း၊ ရဲလေး၊ မောင်မောင်လွင်၊ ပက်ထရစ်မေလာ၊ ရဲဖုန်း၊ တွတ်ကီ၊ ၀ိုင်းစုခိုင်သိန်း၊ အယ်လ်ဆိုင်းဇီ၊ ရေဘက္က၀င်း - အားလုံးပေါင်း ၁၀ ဦးစလုံးကို ဗီဇာရုတ်သိမ်းတယ်လို့ ရေးထားတယ်။ နံမည်ရင်းတွေနဲ့ ရေးထားတာကို ဖတ်ပြရရင် - Wyaw Min, Ye Tuk Min, D Myaing, May H Mu, Wyine Thein စတာတွေ ဖြစ်ပါတယ်။ ပြန်သွားပြီးသား လူတွေကိုကောပါ ဗီဇာရုတ်သိမ်းပြီး အရေးယူတဲ့ သဘောပေါ့နော်။ အမေရိကန်အစိုးရအနေနဲ့ အခုလိုမျိုး မြန်မာအမေရိကန်ပြည်သူတွေ ကိုယ်တိုင် အများစုက လက်မခံတဲ့ကိစ္စကို အစိုးရကိုယ်တိုင်လည်း လက်မခံဘူး ဆိုတာကို ပြသတဲ့ သဘောပါပဲ။”

ဟု ကိုညီညီအောင်က ဖြစ်စဉ်ကို ပြောပြသည်။

ထိုသတင်းကို ကြားသိရသည့် ဆန်ဖရန်ဘေးဧရိယာနေ၊ အင်န်အယ်ဒီ (လွတ်မြောက်နယ်မြေ) ၏ တာဝန်ခံတဦး ဖြစ်သူ ကိုတိုးလွင်က ၎င်း၏ သဘောထားကို ပြောကြားရာတွင် -

“ဒီခရီးစဉ် စတင်ကတည်းက ကျနော်တို့မြန်မာကွန်မြူနီတီအတွင်းမှာ အချင်းချင်း ပြောဆို ဆွေးနွေးကြတာတွေ အကြိမ်ကြိမ်ရှိခဲ့တယ်။ ကျနော်တို့ မြန်မာ့အရေးလှုပ်ရှားသူတွေအနေနဲ့ နိုင်ငံရေးရပ်တည်ချက်အရ ကန့်ကွက်ဆန္ဒပြရတာတွေကို လုပ်ခဲ့ကြရတာ ဖြစ်ပါတယ်။ မည်သူကိုမှ နစ်နာအောင် တမင်ရည်ရွယ်ပြီး လုပ်ခဲ့တာ မရှိပါဘူး။ အမေရိကန်မြန်မာတွေရဲ့ သဘောထား၊ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေနဲ့ ဒါတွေကို ဥပဒေနဲ့ အညီ စနစ်တကျ ရင်ဆိုင် တင်ပြနိုင်ခဲ့လို့ လှုပ်ရှားဆောင်ရွက်နိုင်ခဲ့လို့ ပြီးတော့ စစ်အစိုးရကို နိုင်ငံရေးအရ ပိတ်ဆို့အရေးယူထားတဲ့ အမေရိကန်အစိုးရရဲ့ မူဝါဒ ရပ်တည်ချက်တွေကြောင့် အခုလိုမျိုး အဖြေထွက်ပေါ်လာရတယ်လို့ ပြောချင်ပါတယ်”ဟု ပြောဆိုလိုက်သည်။

(Burmese Protest Poster at LA on 12th Sept 2010)



မြန်မာစစ်အစိုးရသည် ၁၉၈၈ တွင် တိုင်းပြည်အာဏာကို အကြမ်းဖက် သိမ်းယူခဲ့ပြီင်္းသည့် အချိန်မှ စတင်ပြီး မြန်မာပြည်တွင်းတွင် စာပေ စာနယ်ဇင်း ရုပ်ရှင် သဘင် ဂီတ မီဒီယာများ၏ လွတ်လပ်ခွင့်ကို ဖိနှိပ်ချုပ်ချယ်သည့်အပြင် ၎င်းတို့၏ စစ်အာဏာရှင်ဝါဒဖြန့်ချိရေးအတွက် မီဒီယာကို ဘက်ပေါင်းစုံတွင် အသုံးချခဲ့သည်။ စစ်အစိုးရ၏ လုပ်ကြံဝါဒဖြန့် အနုပညာရှင်များကို မြန်မာပြည်တွင်းရှိ ပြည်သူများက အတိအလင်း ကန့်ကွက်ခြင်း မပြုနိုင်ခဲ့သော်လည်း ကျောင်းသားအရေးအခင်းများ ဖြစ်ပွားတိုင်း ကျောင်းသားများက ၎င်းအနုပညာရှင်များကို ထုတ်ဖော်ဝေဖန်ခဲ့ကြသည်များ ဖြစ်ပွားခဲ့သည်။ နှစ်ပေါင်း ၂၀ ကျော် ကြာခဲ့ပြီး ပြည်ပတွင် မြန်မာပြည်သူအများအပြား ရွှေ့ပြောင်းနေထိုင်လာကြရာ ယခုအချိန်တွင် စစ်အစိုးရ၏ လုပ်ကြံဝါဒဖြန့်ချိမှုများကို ကန့်ကွက်ရှုတ်ချကြောင်း လှုပ်ရှားမှုများ မြန်မာပြည်ပတွင် ပထမဦးဆုံးအကြိမ် အတိအလင်း ဖြစ်ပွားခြင်းဖြစ်သည်။

ယခု ၂၀၁၀ နိုဝင်ဘာလတွင် စစ်အစိုးရ၏ တဖက်သတ် စိတ်တိုင်းကျ ချယ်လှယ်ထားသည့်အတွက် အတိုက်အခံနိုင်ငံရေး အင်အားစုများက ဆန့်ကျင်သပိတ်မှောက်ထားသော ရွေးကောက်ပွဲကျင်းပရန် ဆောင်ရွက်နေချိန်တွင် အမေရိကန်ရှိ ပြည်ပရောက် မြန်မာမိသားစု အသိုင်းအ၀ိုင်းများက စစ်အစိုးရ၏ လုပ်ကြံဝါဒဖြန့်မှုများကို လက်မခံကြောင်း၊ ထိုအပြုအမူများကို အားပေးကူညီဆောင်ရွက်သည့် အနုပညာရှင်များကိုလည်း ဆန့်ကျင်ရှုတ်ချကြောင်း လှုပ်ရှားမှုတခု ထွက်ပေါ်လာခြင်း ဖြစ်သည်။“အခုလိုမျိုး အမေရိကန်ရောက် မြန်မာပြည်သူတွေရဲ့ ညီညွတ်တဲ့ သဘောထားကို တယောက်တလက်၊ ကိုယ်ထူကိုယ်ထ ပြသနိုင်တဲ့အတွက်ကော၊ ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတော်များ ကိုယ်တိုင်ကလည်း တရားသဖြင့် ရပ်တည်ပေးကြတဲ့အတွက်ကော၊ မြန်မာပြည်ရဲ့ ဒီမိုကရေစီရေးနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရကိုယ်တိုင်က ဥပဒေနဲ့ အညီ ဆောင်ရွက်ပေးတဲ့အတွက် အများကြီး ၀မ်းသာပါတယ်။”ဟု သတင်းကြားသိရသည့် အယ်လ်အေမြန်မာကွန်မြူနီတီက ကိုကျော်က မိုးမခသို့ ပြောကြားသည်။

မိုးမခအထောက်တော်

0 “ခွေးတိုးပေါက်၊ငါးမျှားချိတ်နဲ့ ဖွတ်”...

ကျနော်ငယ်ငယ်က အဖြစ်အပျက်လေးတခုသတိရမိတယ် သူငယ်ချင်းတွေနဲ့ စစ်တိုက်တန်း ကစားကြတာ ကစားရင်းနဲ့ ခြံစည်းရိုးတခု နားရောက်တော့ အောက်ခြေမှာ အပေါက်သေးသေး လေးတခုတွေ့တယ်- ခွေးတိုးပေါက်လို့ခေါ်တာပေါ့လေ ကစားရင်းနဲ့ အရှိန်လေး ကလည်းရှိ တော့ ခလေးပဲဆိုတော့ တဖက်ရောက်ဘို့တိုးဝင်လိုက်တာ ကျောကုန်းမှာ ခြံစည်းရိုးနဲ့ငြိက ရော သွေးတွေထွက်လာတော့ ထုံးစံ အတိုင်းငိုတော့တာပေါ့ဗျာ- ပြီးတော့ ကျနော့်ဘဘ ဆီကိုအော်ပြေးတော့တာပေါ့ ဘဘကမေးတယ် မင်းဘာဖြစ်လာတာလဲတဲ့ ကျနော်ဟိုအ ပေါက်ကလေးကတိုးဝင်လိုက်တာ အခုလိုဖြစ်သွားတာဆိုတော့ တယ် ဒီကောင်လေးနယ် အဲ့ဒါ ခွေးတိုးပေါက်လေးပဲကွ မင်းကလူလေခွေးမှ မဟုတ်တာ ဖြစ်ပြီမလား လာခဲ့ဆိုပြီး အရက်ပြန် နဲ့သုတ်တော့ အော်ခဲ့ရတာလေးမှတ်မိနေသေးတယ်။ (စကားချပ်)

အခုလဲလေ နအဖစစ်အုပ်စုကလုပ်မဲ့ (၂၀၁၀) ရွေးကောက်ပွဲဆိုတဲ့ အပေါက်ကနေတိုးဝင် ကြဘို့လုပ်နေကြတဲ့သူတွေအတွက် ကျနော်စဉ်းစားမိနေတာကတော့ ကျနော်ငယ်ငယ်က ခွေးတိုးပေါက်ကတိုးဝင်သလိုဖြစ်နေမလားတွေးမိတာ။ ဘယ့်နှယ့်ဗျာ အခြေခံဥပဒေဆိုတာကြီး တခုလုံးကလည်း ဘယ်လိုမှတရားမျှတမှုမရှိ (ဥပမာ။ ။ စစ်တပ်က အာဏာသိမ်းလို့ရအောင် တောင်ဥပဒေထဲထည့်ရေးထားတာ ကမ္ဘာပေါ်မှာ ဘယ်ဒီမိုကရေစီနိုင်ငံမှာမှမရှိဘူး) ဒါကြီး အောက်မှာမှ ကော်မရှင်ဆိုတာလဲ ။

စစ်အုပ်စုစိတ်ကြိုက်လူတွေနဲ့ ဥပဒေကလဲ မတရား ဒီတော့ ဒီရွေးကောက်ပွဲကဘာဖြစ်လာမလဲ ရှင်းနေတဲ့ဟာကြီးနော်။ ကြံဖွံ အသင်းကနေ အခု ပါတီဖြစ် သွားပြီ။ ဒါကို ကြံဖွံအသင်းဆိုတာကြီးစစ်အုပ်စုလုပ်ကတည်းက ထောက်ပြခဲ့ကြတာပဲ တချိန် မှာ ဒီလိုလုပ်မှာပါဆိုတာလေ။ ဒါကိုပဲ တလော့လေးကကြားလိုက်ပါသေးတယ်။ ဒီအပေါက်က နေတဆင့်သွားသင့်တယ်လေးဘာလေး မြန်မာ့အရေးဆိုင်ရာပညာရှင်လေးတွေ စာတမ်းဖတ် တယ်ဆိုလားဘာလား။ အေးဟေ့ အားနာနာနဲ့ပြောရရင်အဲ့ဒါ ခွေးတိုးပေါက်ဟေ့ ခွေးတိုးပေါက် ဟ ။စည်းကမ်းရှိသောဒီမိုကရေစီ ဆိုတာကြီးကို စစ်အစိုးရက သွားပါ့မယ်ပြောပြောနေတာလေ ဒီလောက်မှဖွင့် မထားရင်ဘယ်ရမလဲ။ ဒါကိုအခွင့်အလမ်းးဆိုပြီးမှန်းနေကြတာ တော်တော်လေး ကိုခက်နေကြပါကလား။

အခုပဲကြည့်လေ ရွေးကောက်ပွဲဘယ်ရက်စမယ်မပြောသေးပေမဲ့ ကြံဖွံပါတီကြတော့ လုပ်စရာ ရှိတာတွေလုပ်နေကြတာ ဗိုလ်သိန်းစိန်တောင် ဦးသိန်းစိန်လုပ်ပြီးသွားပြီ ။ကျန်တဲ့ပါတီတွေ ကြတော့ ဘာမလုပ်နဲ့ ညာမလုပ်နဲ့ အိုဗျာ.. စုံနေတာပဲ ဒါလားဒီမိုကရေစီ သွားချင်တာ။ ဗမာစကားပုံတွေကစုံနေတော့ ထပ်ပြောခြင်သေးတာ ၂၀၁၀ ရွေးကောက်ပွဲဆိုတာ စစ်အုပ်စု ကငါးစာချထားတာ-

ဟင်း…ပြေးဟတ် လိုက်လို့ကတော့ ငါးမျှားစာမိပြီသာမှတ်၊ လွတ်တော်ထဲ အတိုက်အခံတွေမရောက်နိုင်အောင်ဂွင်ဆင်ပြီးသားကြီးရှင်းနေတာပဲလေ။ တိုင်းရင်းသား ပါတီတချို့ အခုထိတောင်မှတ်ပုံတင်လို့မရသေးဘူး စစ်အုပ်စုဘက်ကတော့ အကွက်စိအောင်သေသေချာချာလုပ်နေတာ ရှင်းနေတာပဲ အာဏာသူတို့လက်ထဲကနေလွတ် မသွားအောင်ပုံစံတမျိုးနဲ့ ဂွင်ဆင်ထားတာကြီး။

အခုတလောရွေးကောက်ပွဲဝင်မယ်လို့ဆိုထားတဲ့အဖွဲ့တွေပဲ မီဒီယာမှာ ငြီးသံလေးတွေစုံလို့ ကြားလာရတာ တချို့ကြတော့လဲ နီးစပ်ရာ လေးတွေညီးပြသဗျ ဒီပုံဆိုရင်တော့ ဘာဖြစ်သ လေးညာဖြစ်သလေး ရွေးကောက်ပွဲဆိုတာနီးလာလေ သူတို့လုပ်ရ ကိုင်ရတာ ကြပ်လာလေနဲ့ တူပါတယ်လေ။အစကတည်းက ဒါကြီး(၂၀၁၀ ရွေးကောက်ပွဲဆိုတာကြီးက) လိမ်ဆင်ကြီးပါ ဆိုတော့ ဒီအပေါက်ကပဲ တိုးဝင်ရမယ် ဆိုသလိုလို အခုတော့ငြီးလာလိုက်ကြတာလေ။ ကျနော် တွေးမိတယ်လေ အော်… အိပ်များငိုက် လာလိုက်ကြ သလားလို့။ ဟုတ်တယ်လေ ကြာလေ ဘီလူးရုပ်က ပိုပီပြင်လာလေ ဆိုတော့ ဖြစ်ကြမှာပေါ့လေ လူ့သဘာဝကိုး။

ဒီတော့ အကြံလေးဘာလေး ရွေးကောက်ပွဲ ဝင်မယ်ဆိုတဲ့ ကိုယ်တော့်ကြီး၊ သေးများကို အကြံ ပေးခြင်သဗျာ။ အခုကတည်းက မတရား တာတွေကို စံနစ်တကျ ထောက်ပြကြပါ စုနိုင်သမျှ စုပြီးလုပ်ပေး၊ တောင်းဆိုပေး။ လူထုကိုစည်းရုံးလို့ရ သလောက်ဂွင်ကနေ ဒီဟာကတော့ မတရား တာ ၊ဒါကတော့ မဖြစ်သင့်တာဆိုတာကို တိုင်းပြည်ကိုရွေးကောက်ပွဲကနေတဆင့် ပြောင်းလဲမှု ဆီသွားချင်ပါတယ်ဆိုတဲ့ သူတွေက လုပ်ကိုလုပ်ရမဲ့ အလုပ်လို့ထင်တာပဲ။

ဒါလုပ်နိုင်တဲ့အလုပ် လေးတွေကို တရားသဖြင့်လုပ်တာလို့ ကျုပ်ကတော့ထင်တာပဲ၊ ကျုပ်တို့ကတော့ (၂၀၁၀) အစကတည်းက လက်မခံဘူး ဒီတော့ ကျုပ်တို့အလုပ်ဆက်လုပ်သွားကြမှာပါ စိတ်ချပါ။ ဒီလိုမဟုတ်လို့ကတော့ နောက်ထပ်စကားပုံလေးတခုပြောရအုံးမယ်ဗျာ မွဲခြင်တဲ့ ခွေးပြာပုံတိုး တဲ့ လိုအပ်သလိုသာ တွေးကြပေတော့ဗျို့။ ခင်းဗျားတို့နဲ့(ရွေးကောက်ပွဲ ဝင်ချင်တဲ့သူတွေ) နဲ့ ကျနော်တို့နဲ့ တိုင်းပြည်ကို ပြောင်းလဲချင် တာတော့ တူလောက်တယ်ထင်တာပဲ။ မတူတာက စဉ်းစားတွေးခေါ်လုပ်ကိုင်ပုံပဲ။ ထားလိုက်ပါတော့လေ ဗန်းမော်ဆရာတော် စကားနဲ့ပြောရ ရင်တော့ ဖွတ်ကြိုက်တဲ့ကောင် ကလည်းဖွတ်၊ မိန်းမကြိုက်တဲ့ကောင် ကလည်းမိန်းမလို့ ပြော သွားတာတော့ ကြားဘူး၊ဖတ်ဘူးပါတယ်။

အော် ကျန်သွားလို့ထပ်ပြောပါရစေဗျာ ဘာတဲ့.. အော် ဘုရားမှတ်လို့ကိုးကွယ်တာ ဖွတ်ထွက် လာမှ တောင်ပို့မှန်းသိတော့တယ် ဆိုသလိုဆိုရင်တော့ ကျိန်းသေတယ်ဗျို့ ထွက်လာမဲ့ဖွတ်က ကြံဖွတ် ဆိုတာတော့ ကျိန်းသေတယ်။

ထွန်းထွန်း (လူ့ဘောင်သစ်)

0 တရုတ် လူ့အခွင့်အရေးသမားကို နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်


တရုတ်အမျိုးသား Liu Xiaoboဟာ လူ့ အခွင့်အရေးနဲ့  ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှုအတွက် ၂၀၁၀ ခုနှစ် - နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ရရှိသွားတဲ့အတွက် ဂုဏ်ယူလေးစားပါတယ်။

0 ဥပဒေမရှိတဲ့ မရဏမင်း


ရင်နှင့်ဖွယ် ဖြစ်ရပ်ကလေးတစ်ခု ။ ။ ၇.၁၀.၂၀၁၀ (ကြာသပတေးနေ့) နံနက် (၉း၃၀) နာရီ အချိန်တွင် တောင်ဒဂုံမြို့နယ်နေ ကွယ်လွန်သူ ဒေါ်အုံးရီ အသက် (၆၇)နှစ် နှင့် သားဖြစ်သူ ဦးခင်ဦး အသက်(၄၈) နှစ်တို့၏ ရုပ်အလောင်းများကို နာရေးကူညီမှုအသင်း(ရန်ကုန်)က အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်နှင့် အသင်းသားများ၊ ၀န်ထမ်းများမှ နိဗ္ဗာန်ယာဉ် (၂) စီးဖြင့် သွားရောက် သယ်ဆောင်ကာ ကျီစုသုဿန်သို့ ပို့ဆောင်မီးသင်္ဂြိုလ်ပေးခဲ့သည်။

သားဖြစ်သူ ဦးခင်ဦးသည် TB ရောဂါဝေဒနာရှင် တစ်ဦးဖြစ်သည်။ ဦးခင်ဦးသည် နာတာရှည် ရောဂါဝေဒနာကို ခံစားနေခဲ့ရာမှ လွန်ခဲ့သော (၅) ရက်ခန့်က သတိမေ့မျောနေကာ မိခင်ကြီး ဒေါ်အုံးရီ မှ အနီးကပ်ပြုစု စောင့်ရှောက်လျှက်ရှိသည်။ ဇနီးဖြစ်သူသည် ကလေးငယ် (၂) ဦးနှင့် မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှား၍ ရှာဖွေပေးနေသူ တစ်ဦးဖြစ်သည်။ မိခင်ကြီး ဒေါ်အုံးရီသည် ၆.၁၀.၂၀၁၀ ရက်နေ့က သားဖြစ်သူအား ရက်ရှည်ပြုစု စောင့်ရှောက်ပေးခဲ့ရသော်လည်း သားဖြစ်သူ ဦးခင်ဦးသည် သတိပြန်လည်ရရှိခြင်း မရှိသဖြင့် မိခင်မေတ္တာ၊ သားသမီးဇောတို့ဖြင့် ပေါက်ကွဲပြီး သတိလစ်နေသော သားဖြစ်သူအား လှုပ်ရမ်းကာ “သား မောင်ခင်ဦး … သားလေး မောင်ခင်ဦး” ဟု နှစ်ခွန်းသာ ခေါ်ဆို၍ နှလုံးဖောက်ပြန်ပြီး ဘ၀တပါးသို့ ည (၆း၀၀) နာရီတွင် ကွယ်လွန်သွားရှာခဲ့သည်။ သားဖြစ်သူ ဦးခင်ဦးသည် မိခင်၏ အော်ခေါ်မှုတို့ကို ကြား၊ မကြားတော့ မသိ။ ည (၈း၀၀) နာရီတွင် မိခင်ကြီး ဒေါ်အုံးရီ နောက်သို့ လိုက်ပါသွားတော့သည်။ ကျန်ရစ်သူ ဇနီးနှင့် သမီးငယ်လေး နှစ်ယောက်တို့သည် လောကကြီးအလယ်တွင် ခိုကိုးရာမဲ့၊ အားကိုးရာမဲ့ဘ၀ဖြင့် ကျန်ရစ်ခဲ့တော့သည်။

ကမ္ဘာမြေပြင်ပေါ်သို့ ရောက်ရှိသည့် နေ့ရက်၊ အချိန်ကာလများ မတူညီကြသော်လည်း ကမ္ဘာ မြေပြင်မှ ပြန်လည်ထွက်ခွာသွားချိန်တို့သည် အဘယ်ကြောင့် တူညီတိုက်ဆိုင်နေကြပါသလဲ ဟူ၍ တွေးမိတော့သည်။

ထို့ကြောင့် မရဏမင်းသည် ဥပဒေမရှိ။ လူတန်းစား မခွဲ။ အချိန်ကာလ သတ်မှတ်ချက်မရှိ၊ ဆင်းရဲချမ်းသာ မိတ်ဆွေရန်သူ မခွဲချေ။

အာဏာကို ရူးသွပ်သူများ၊ ဥစ္စာပစ္စည်း မက်မောသူများ၊ မိဘ၊ ဆရာ၊ သားသမီး၊ ဇနီး၊ ခင်ပွန်း စသဖြင့် သံယောဇဉ် တွယ်တာသူများအဖို့ သံဝေဂရသင့်ပြီ ဖြစ်သည်။ ဥပဒေမရှိတဲ့ မရဏမင်း၊ လူတန်းစားမခွဲခြားတဲ့ မရဏမင်း၊ အသက်ကြီးငယ်မရွေး ခေါ်ဆောင်တတ်တဲ့ မရဏမင်းနှင့် မတွေ့ခင် စပ်ကြား သီလလုံခြုံရန်၊ မေတ္တာလွှမ်းခြုံ၍ လောကကောင်းကျိုး ထမ်းဆောင်ပေးရန်၊ သရဏဂုံ တည်မြဲရန် အရေးကြီးလှပါပေသည်။

မမျှော်လင့်ဘဲ - ဗြုန်းကနဲ၊

နာလည်းနာနိုင်သည်။

မမျှော်လင့်ဘဲ - ဗြုန်းကနဲ၊

သေလည်းသေနိုင်သည်။

ငါသည်မုချ သေရမည်။

အချိန်အနည်းငယ်သာ လိုတော့သည်။

အသေမဦးခင် - ဥာဏ်ဦးအောင်၊

တရားအားထုတ်ကြပါလော့။

(မိုးကုတ်ဆရာတော်ဘုရားကြီး သြ၀ါဒ)

ကိုကျော်သူ

Friday, October 8, 2010

0 နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး ကုလအတွင်းရေးမှူးချုပ်ထပ်မံ ပြောဆို

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီးမွန်းက မြန်မာစစ်အစိုးရကို နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးဖို့နဲ့ လာမဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲကို ပွင့်လင်းမျှတမှု ရှိပြီး သက်ဆိုင်ရာ နိုင်ငံရေး အဖွဲ့အစည်း အားလုံး ပါဝင် နိုင်အောင် အာမခံချက်ပေးဖို့ မိမိ ဆက်လက် တိုက်တွန်းနေကြောင်း အောက်တိုဘာ ၆ ရက် မနေ့က ပြောဆိုလိုက်ပါတယ်။

မိမိရဲ့အဲဒီတိုက်တွန်းချက်ကို ပြီးခဲ့တဲ့လက မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့တွေ့ဆုံစဉ်မှာပြော ကြားခဲ့တာဖြစ်ကြောင်း မစ္စတာဘန်ကီးမွန်းက ကုလသမဂ္ဂဌာနချုပ်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အခုကျင်းပမဲ့ ရွေးကောက်ပွဲဟာ နှစ်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံမှာ ပထမဦးဆုံး ကျင်းပတာ ဖြစ်ပါတယ်။ လူအများ လေးစား ယုံကြည် လက်ခံနိုင်တဲ့ ရွေးကောက်ပွဲဖြစ်အောင် နိုင်ငံရေး အကျဉ်းသားအားလုံး ရွေးကောက်ပွဲမတိုင်ခင် လွှတ်ဖို့ စစ်အစိုးရအပေါ် လူသိရှင်ကြား တောက်လျှောက် တောင်းဆို တိုက်တွန်းခဲ့ပါတယ်။ ဒါဟာ ကျနော်ရဲ့ လေးနက်ခိုင်မာတဲ့ အမှာစကားဖြစ်သလို ဆက်လက်ပြီးတော့လည်း ဖိအားပေး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သူက ပြောသွားပါတယ်။

ဒါအပြင် ပြီးခဲ့တဲလက ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ စိတ်ဝင်စားတဲ့ နိုင်ငံတွေနဲ့ အနီးကပ် ဆွေးနွေးညှိနှိုင်းမှုတွေ ရှိခဲ့ပြီး ရွေးကောက်ပွဲဟာ သက်ဆိုင်သူ အားလုံးပါဝင်နိုင်ဖို့၊ ထင်သာမြင်သာ ဖြစ်ဖို့စတဲ့ အချက်တွေဟာ ကျနော်တို့အားလုံးရဲ့ ဦးစားပေးအချက်တွေ ဖြစ်တယ်လို့ မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ဒီလကုန်ပိုင်းမှာ ကျင်းပတော့မဲ့ အာဆီယံနဲ့ ကုလသမဂ္ဂ ထိပ်သီးညီလာခံကို တက်ရောက်ဖို့ ရှိပြီး မြန်မာနိုင်ငံကိစ္စကို ထပ်မံပြောဆိုမယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။
(rfa)

Thursday, October 7, 2010

0 မဝေနှင်းပွင့်သုန်၏ မြန်မာပြည်အတွက်စကား (မြန်မာစာတမ်းထိုး)


moemaka

0 အစိုးရ၏ ယုတ်မာသော အကြံကို သတိပြုရန်


အာဏာရှင်တွေ၏ ယုတ်မာ ကောက်ကျစ်သော အကြံဆိုးကို အားလုံး နားလည်စေချင်သောကြောင့် ဖြန့်ဝေ ပေးလိုက်ပါသည် ။
အာဏာရှင်တို့သည် သူတို့အား အုပ်ချုပ်ရေးအာဏာကို ပြည်သူလူထုမှ တရားဝင် အပ်နှင်းရန် အလိုရှိသောကြောင့် အရေခွံလဲပွဲကို ကျင်းပခြင်းဖြစ်သည် ။ မြန်မာနိုင်ငံသားများ ဗိုလ်ချုပ်အောင်ဆန်း၏ ရင်သွေးလည်းဖြစ် ၊ မြန်မာနိုင်ငံအား စစ်မှန်သော ဒီမိုကရေစီ စနစ်ကိုဖော် ဆောင်ပေးမည့်
ဒေါ်အောင်ဆန်းစုကြည်ကို လည်းလွန်စွာ မုန်းတီးလျှက် ရှိသော ကြောင့် NLD ပါတီကို ဖျက်စီးရန် အမျိုးမျိုး ကြိုးစားလျှက် ရှိပေသည် ။
ထို့ကြောင့် NLD ပါတီဝင်များထဲမှ ကိုယ်ကြိုးရှာ နိုင်ငံရေး သမားများကို စည်းရုံးကာ ပါတီခွဲထောင်ရန် နောက်ကွယ်မှ ထောက်ပံ့ပေး၍ ကြိုးကိုင်လျှက်ရှိပါသည် ။ ယခု အစိုးရ၏ ရွေးကောက်ပွဲသည် အတု အယောင် ရွေးကောက်ပွဲ ဖြစ်သည်သာ မက ရွေးကောက်ပွဲဝင် ပါတီများ၏ နောက်ကွယ်တွင် စစ်အစိုးရ နှင့် လျှို့ဝှက်ဆက်သွယ်၍ မြန်မာ တမျိုးသားလုံးကို ကျွန်အဖြစ် သွတ်သွင်းရန် ကြံစည်လျှက်ရှိပါသည် ။
ထိုရွေးကောက်ပွဲကို လက်ခံလိုက်ခြင်းသည် သင့်ကိုယ်သင် ကျွန်အဖြစ် အသိအမှတ်ပြု လက်မှတ်ထိုး လိုက်ခြင်းနှင့် တူတူပင်ဖြစ်သည် ။
ထို့ကြောင့် ရွေးကောက်ပွဲကို ဆန့်ကျင်ရမည် ။ ရွေးကောက်ပွဲ ဆန့်ကျင်ခြင်းသည် လမ်းဆုံးမဟုတ် ၊ သို့သော် ဒီမိုကရေစနစ်၏ လမ်းစပင်ဖြစ်သည် ။
တရားမျှတ၍ လွတ်လပ်သော ဒီမိုကရေစီ နိုင်ငံအဖြစ်သို့ ရောက်ရှိလိုပါလျှင် တရားမျှတမှု မရှိသော ယခု ရွေးကောက်ပွဲကို အရင်ဆုံးဆန့်ကျင်ကြပါ လေးစားစွာ တိုက်တွန်းပြောကြားလိုပါတယ် ။

ခင်မင်လေးစားလျှက်

ဗမာ့သွေး

0 ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ဆန့်ကျင် သပိတ်မှောက်ရေးလှုပ်ရှားမှု အရှိန်မြင့်လာ

မိုးမိုးကျော် (Arakan Review)

အောက်တိုဘာလ (၈) ရက်၊ ၂၀၁၀။

နအဖ စစ်အစိုးရ၏ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသက်သွင်းမည့် (၂၀၁၀) ရွေးကောက်ပွဲကျင်းပရက် နီးလာသည်နှင့်အမျှ ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ သပိတ်မှောက်ရေး လှုပ်ရှားမှုများလည်း တစ်နေ့ထက် တစ်နေ့ ပိုမို အရှိန်မြှင့် ဆောင်ရွက် လာကြကြောင်း တွေ့ရှိလာရသည်။ ယခင်လများက မာန်အောင်၊ ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တော စသော ရခိုင်ပြည်နယ်ရှိ မြို့နယ် အတော် များများတွင် ရွေးကောက်ပွဲဆန့်ကျင်ရေး NO Campaign များကို ပြုလုပ်ခဲ့ကြပြီး အခုအခါ တောင်ကုတ်၊ မအီ မြို့နယ်များရှိ ကျေးရွာပေါင်း အနည်းဆုံး (၁၂) ရွာတွင် ယနေ့ နံနက်ပိုင်းက (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် (၂၀၁၀) ရွေးကောက်ပွဲကို သပိတ်မှောက်ကြ စာတမ်းပါသော ပိုစတာများကို တက်ကြွလှုပ်ရှားသူများက ကပ်ထားခဲ့ကြသည်ကို တွေ့ရှိရပါသည်။ ပိုစတာကပ် လှုပ်ရှားမှုနှင့် ပတ်သက်၍ ပါဝင် ဆောင်ရွက်ခဲ့သူတစ်ဦးက Arakan Review သို့ အခုလို ရှင်းပြခဲ့သည်။

“လာမယ့် နိုဝင်ဘာ (၇) ရက်နေ့တွင် ကျင်းပမယ့် ရွေးကောက်ပွဲကို အားလုံးက သပိတ်မှောက်ကြဖို့ ရွေးကောက်ပွဲ တလအလို ဒီနေ့ မှာ တောင်ကုတ၊် မအီမြို့ (၂) မြို့နယ်မှာ ရှိတဲ့ ကျေးရွာပေါင်း (၁၂) ရွာတွင် ပိုစတာ တစ်ထောင်လောက် ကပ်ခဲ့ကြတာ ဖြစ်တယ်။ ကျေးလက် တောရွာထိ လုပ်ရတာက လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် နအဖရဲ့ ရွေးကောက်ပွဲကို ဆန့် ကျင် သပိတ်မှောက်ကြဖို့ ရည်ရွယ်တာပါ။ နောက်ပြီး တောင်ကုတ်မြို့နယ်နဲ့ မအီမြို့နယ်ကို ဘာလို့ ပေါင်းလုပ် ရလဲဆိုရင် ဒီမြို့နယ် (၂) ခု ပေါင်းမှ မဲဆန္ဒနယ် တစ်ခုတည်း သတ်မှတ်ထားလို့ပဲ။ နောက်တခုက တောင်ကုတ်မြို့နယ် မဲဆန္ဒနယ်မှာ ကြံ့ဖွံ့နဲ့ တစညပါတီကလွဲလို့တခြား ဘယ်ပါတီမှမရှိတော့ သပိတ်မှောက်တဲ့အခါ မျက်နှာပူစရာ မလိုတော့ဘူး။ ကျနော်တို့ က (၂၀၀၈) ဖွဲ့ စည်းပုံကို လုံးဝဆန့် ကျင်ခဲ့တယ်။ ဒီသေမင်းတမန် ဖွဲ့ စည်းပုံကို အသက်သွင်းမယ့် (၂၀၁၀) ရွေးကောက်ပွဲကို ဘယ်နည်းနဲ့မှ အသိအမှတ်မပြုနိုင်ဘူး။ ကိုယ့်အန်ဖတ်ကို ကိုယ် ပြန် ကောက်မစားနိုင်ဘူး။ အဲ… နအဖက ရွေးကောက်ပွဲနဲ့ အဓမ္မ လုပ်သွားလည်း တွေ့ဆုံဆွေးနွေးရေး ဖြစ်လာတဲ့အထိ တောက်လျှောက် ဆက်တိုက်နေရမှာပဲ။ တောင်ကုတ် ပြည်သူလူထု အားလုံးကို နိုင်ငံရေးသမားတွေ ဖြစ်လာအောင် နအဖ ကိုယ်တိုင်က ဖန်တီးခဲ့တာပဲဗျ။” ဟု ပြောပြသည်။

တက်ကြွ လှုပ်ရှားသူများသည် တောင်ကုတ်မြို့နယ်မှ မြို့ပေါ် ကျေးရွာများအပါအ၀င် ကိုင်းရှည်၊ ရန်မျော၊ ကင်းတောင်၊ ရွာမ၊ ရွှေပြည်သာ၊ ကျောက်ဆိပ်တောင်၊ မြို့တောင်၊ သက္ကယ်ကျွန်းစသော ကျေးရွာများ၊ မအီမြို့နယ်မှ မြို့ပေါ် ကျေးရွာများအပြင် လမူးမော်ရွာ၊ ဘူးရွှေမော်၊ ကျော်ကိုင်း၊ ဆားပြင် စသော ကျေးရွာများတွင်လည်း (၂၀၁၀) ရွေးကောက်ပွဲ သပိတ်မှောက်ရေး ပိုစတာများကို ကပ်ခဲ့ကြသည်ဟု သိရှိရသည်။ သက်ဆိုင်ရာ အာဏာပိုင်များက နံနက် (၉) နာရီခန့်တွင်မှသာ ရောက်ရှိလာပြီး လိုက်ခွာခဲ့ကြရသည်ဟု ဆိုသည်။ အဆိုပါ ပိုစတာကပ် ရွေးကောက်ပွဲ ဆန့်ကျင် လှုပ်ရှားမှုကြောင့် လိုက်လံ ဖမ်းဆီး၊ စစ်ဆေးမှုများ မရှိသေးကြောင်းလည်း အဆိုပါ တက်ကြွလှုပ်ရှားသူက ပြောကြားခဲ့သည်။


သူက ဆက်ပြီးပြောသည်မှာ “လာမယ့် ရွေးကောက်ပွဲမှာ တောင်ကုတ် မဲဆန္ဒနယ် ပြည်သူလူထုရဲ့ ဆန္ဒမဲ လုံးဝမရဘဲ ဖြစ်သွားအောင် ဆက်ပြီး အရှိန်မြှင့် လုပ်ဆောင်သွားဖို့ ရှိတယ်။ ရွေးကောက်ပွဲကိုလည်းစောင့် ကြည့်ဖို့ ပြင်ဆင်ထားတယ်။ မဲပေးပိုင်ခွင့်ရှိတဲ့ စာရင်းမှာလဲ NLD အဖွဲ့ဝင် တချို့ကိုလည်း ချန်လှန်ထားတာ တွေ့ရတယ်” ဟု ပြောသွားခဲ့သည်။

တောင်ကုတ်မြို့နယ်မှ ပြည်သူလူထုအချို့ကို လက်လှမ်းမှီသလောက် Arakan Review မှ စုံစမ်း မေးမြန်းကြည့်ရာ အများစုက ရွေးကောက်ပွဲ နေ့ရက်တွင် မဲ ပေးမည်မဟုတ်ဟု ဖြေကြားကြပြီး အကယ်၍ သူတို့ကို နအဖအနေဖြင့် ဖိအားပေးပြီး မဲရုံကိုသွားခိုင်းပြီး မဲပေးခိုင်းလျှင် ရွေးကောက်ပွဲမှ တဆင့် လူထု ဆန္ဒပြပွဲဖြစ်လာအောင် လုပ်ဆောင်သွားရန် ရည်ရွယ်ထားကြကြောင်း သိရှိရသည်။

တောင်ကုတ်မြို့ ပြည်သူလူထုက ရွေးကောက်ပွဲကို လုံးဝသပိတ်မှောက်ရေး လမ်းကြောင်းကို ရွေးချယ် ထားသောကြောင့် တစညပါတီနှင့် ကြံ့ဖွံ့ ပါတီများမှ အပ အခြား မည့်သည့်ပါတီကမျှ တောင်ကုတ် မြို့နယ် မဲဆန္ဒနယ်တွင် ၀င်ရောက် အရွေး မခံကြကြောင်း သိရှိရသည်။

တောင်ကုတ်မြို့သည် စစ်အစိုးရအား ဆန့်ကျင်သည့် လှုပ်ရှားမှုများ မကြာမကြာ ဖြစ်ပွားလေ့ရှိပြီး စစ်အစိုးရ အထူးစောင့်ကြည့်ခံရသော မြို့နယ်တခုဖြစ်ကာ မြန်မာနိုင်ငံရှိ နိုင်ငံရေးအရ နှိုးကြားတက်ကြွဆုံး မြို့နယ်များတွင် တခုအပါအ၀င် ဖြစ်သည်။

Wednesday, October 6, 2010

0 ဝေနှင်းပွင့်သုန်က မြန်မာပြည်အတွက် ကျမတို့ ဆက်လုပ်ကြမယ်ဟု ပြောဆိုတိုက်တွန်း


“ဝေနှင်းပွင့်သုန်က မြန်မာဘာသာနဲ့ မြန်မာပရိသတ်ကို အခုလို ပြောလိုက်တော့ ပြည်တွင်း ပြည်ပက မြန်မာအမျိုးသားရေးကို စိတ်ဝင်စားနေသူတွေကော၊ စိတ်မ၀င်စားဘဲ အပျော်အပါး စတိတ်ရှိုးတွေနောက် လိုက်နေသူတွေကော၊ မျိုးဆက်သစ်၊ မျိုးဆက်ဟောင်းတွေကို လှုပ်နိုးလိုက်ပြီလို့ မြင်ပါတယ်”

မိုးမခမှ

0 ခေတ်ဆိုးကြီးထဲက ရှားရှားပါးပါး ခံစားရတဲ့ ပီတိလေး


ခေတ်ဆိုးကြီးထဲက ရှားရှားပါးပါး ခံစားရတဲ့ ပီတိလေး


မောင်ခင်အေးတင့်(မဒေါက်)

၂၀၁၀ခုနှစ် အောက်တိုဘာလ(၅)ရက်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တွေက ဦးစီးဦးဆောင်ပြုပြီး ပြီးခဲ့တဲ့ အောက်တိုဘာ(၂)ရက်နေ့မှာ စည်းလုံး ညီညွတ်သော တိုင်းရင်းသားမဟာမိတ်များအဖွဲ့ချုပ် (UNA)က အသက်အရွယ်အရရော ရပ်တည်ယုံကြည်ချက်အရ ကြီးရင့်ပြီဖြစ်တဲ့ ချင်းအမျိုးသား ဦးပူကျင်ရှင်းထန်နဲ့ ဦးထောင်ကိုထန်းတို့ကို သွားရောက်ဂါရ၀ပြု ရှစ်ခိုးကန်တော့ကြပါတယ်။

ဒါဟာ ဒီလို ခေတ်ဆိုးစနစ်ဆိုးကြီးမှာ အင်မတိအင်မတန် ရှားပါးလှတဲ့ ကြည်နူးနှစ်လိုဖွယ်ကောင်းပြီး အံ့ဩ၀မ်းမြောက်ဖွယ် လုပ်ရပ်တခုလည်း ဖြစ်ပါတယ်။ ကျနော်တို့အားလုံး သာဓု ခေါ်ကြရမှာပါ၊ ခရစ်ယာန်ယုံကြည်သူများအတွက်တော့ ကောင်းချီး ပေးရမှာဖြစ်သလို အစ္စလာမ်ဘာသာဝင်များအတွက်လည်း အလ္လာမ် ပြုကြရမယ့်ကိစ္စပါ။

ထူးခြားတာက ဒီလုပ်ရပ်မျိုးက အင်မတန် အတုယူနမူနာယူစရာ တခုပါ။ ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်သူများက ခရစ်ယာန် ကိုးကွယ်ယုံကြည်သူကို သွားရောက်ရှစ်ခိုးကန်တော့တယ်ဆိုတာ ဖြစ်တောင့်ဖြစ်ခဲ ကြားဖို့ခဲယဉ်းတဲ့ ကိစ္စမျိုးပါ။

ဘာကြောင့်ဆို ဗုဒ္ဓဘာသာဝင်တွေက လက်ဆယ်ဖြာ ဦးထိပ်ပန်ဆင် ရှစ်ခိုးကန်တော့တာဟာ အသက်အရွယ်ကြီးရင့်လာတဲ့ သူတွေ၊ လောကီကောင်းကျိုး လောကုတ္တရာကောင်းကျိုး ဆောင်ရွက်တဲ့သူတွေ၊ မိမိယုံကြည်ချက်အပေါ်မှာ စွဲစွဲမြဲမြဲ တစိုက် မတ်မတ် ရပ်တည်ရှင်သန် ရုန်းကန်အားထုတ်နေတဲ့သူတွေ၊ လောက၀ါစဉ် ကြီးရင့်တဲ့သူတွေနဲ့ အနီးဆုံးဆိုရင် မိမိကိုယ်ကျိုး ကို မငဲ့ကွက်ဘဲ အများပြည်သူကောင်းကျိုးအတွက် ကြိုးပမ်းဆောင်ရွက်တဲ့သူတွေကို ဦးညွတ်ဂါရ၀ပြုတဲ့ ကောင်းကျိုးအမှု ကိစ္စတခုပါ။

ဒါ့ပြင် ပူဇော်ခံပုဂ္ဂိုလ်ကြီးတွေရဲ့ နိုင်ငံရေးသီလဂုဏ်၊ ကျင့်ဝတ်သိက္ခာဂုဏ်နဲ့ လူမှုကျင့်ဝတ်ဂုဏ်တွေကို လေးစားကြည်ညို မှုရှိလို့၊ အားကိုးယုံကြည်မှုရှိလို့ အခုလို လာရောက်ဂါရ၀ပြု ရှစ်ခိုးကန်တော့ရတာပါ။ ဘဘတို့နောက်မှာ ကျနော်တို့ လူငယ်မျိုးဆက်သစ်တွေ အခိုင်အမာ ရပ်ခံရှိနေပါတယ်၊ ဘဘတို့ရဲ့ လမ်းညွှန်မှာကြားချက်၊ ဆုံးမဩ၀ါဒတွေကို ခံယူ လိုက်နာဖို့နဲ့ ဘဘတို့ ဖြစ်စေချင် ရောက်ရှိချင်တဲ့ ပန်းတိုင်ကိုလည်း မရောက်ရောက်အောင် ဆက်လက်ချီတက် ကျင့်ကြံကျိုးကုတ် လုပ်ဆောင်သွားပါ့မယ်ဆိုတဲ့ ရင်တွင်းစကားသံကိုလည်း ထင်ဟပ်စေနိုင်မှာပါ။

ချင်းအမျိုးသားကြီး ဦးပူကျင့်ရှင်းထန်နဲ့ ဦးထောင်ကိုထန်းတို့အနေနဲ့လည်း လူငယ်တွေရဲ့ ဒီလုပ်ရပ်အပေါ် အံ့အားတသင့် ၀မ်းသားအယ်လဲ ပီတရသကို ခံစားကြရမယ်လို့လည်း တွေးထင်မိပါတယ်။ အင်မတန်မှကို ကြည်နူးစရာ ၀မ်းသာစရာ ပီတိဖြစ်စရာကောင်းတဲ့ ကောင်းမှုပြုချက်ပါ။ ဂါရဝေစ နိဝါတောစဆိုတဲ့ ပူဇော်ထိုက်သူကို ပူဇော်ခြင်းဟာ ဗုဒ္ဓရဲ့ (၃၈)ဖြာ မင်္ဂလာတရားတော်နဲ့လည်း ကိုက်ညီပါတယ်။ အင်မတန် ယဉ်ကျေးသိမ်မွေ့လွန်းတဲ့ ပြုမူချက်ပါ။

အခြားသက်ဆိုင်ရာ ဘာသာတရား ကိုးကွယ်ယုံကြည်သူတွေမှာလည်း ဒီလိုအလေ့အထ အပြုအမူမျိုးတွေ ကိုယ်စီကိုယ်င ရှိကြမှာပါပဲ။ ပြုမှုဆောင်ရွက်ပုံ နည်းလမ်းပိုင်းမှာသာ မတူတာ ကွဲပြားတာ ရှိကြပါလိမ့်မယ်၊ အနှစ်သာရပိုင်းအနေနဲ့တော့ အထူးအခြား ကွဲပြားလိမ့်မယ် မထင်ပါဘူး။

ခရစ်ယာန်ဘာသာဝင်တွေဆိုရင်လည်း အသက်အရွယ်ကြီးရင့်တဲ့သူတွေ၊ သာသနာအတွက် စဉ်ဆက်မပြတ် ကြိုးကုတ် အားထုတ် ၀တ်ဖြည့်နေသူတွေ၊ လူအများကောင်းကျိုးချမ်းသာကို လုပ်ဆောင်နေသူတွေကို အစဉ်ချီးမြှောက် ကောင်းချီးပေး ဆုတောင်းပေးလေ့ရှိပါတယ်။ ဒါဟာလည်း အနှစ်သာရပိုင်းကကြည့်ရင် ဂါရဝေစ နိဝါတောစဆိုတဲ့ လူသားယဉ်ကျေးမှုတခုကို ဖော်ဆောင်နေတာ ဖြစ်ပါတယ်။

သက်ဆိုင်ရာ အခြားဘာသာဝင်တွေအနေနဲ့လည်း လုပ်ဆောင်ပြုမှုပုံ နည်းလမ်းပိုင်း ကွာခြားနိုင်ပေမဲ့ တကယ့် အနှစ်သာရ ပိုင်းကတော့ ဒီသဘောပဲ ဖြစ်ကြပါလိမ့်မယ်။ ဘာကြောင့်ဆို သက်ဆိုင်ရာ ဘာသာဝင်တိုင်းအပေါ် မိမိတို့ ကိုးကွယ်ယုံကြည် အားထားကြတဲ့သူတွေရဲ့ သင်ကြားချက်၊ ဩ၀ါဒတွေက အခြေခံအားဖြင့် တူညီနေကြလို့ ဖြစ်ပါတယ်။

ဒါကိုက ယဉ်ကျေးမှုတိုင်းဟာ တခုနဲ့တခု နှီးနှောဆက်နွယ်နေတာကို ဖော်ပြတာပါပဲ။ အခြေခံအယူအဆ သဘောတရား တွေက တူညီကြပါတယ်။ ဒီကမှ ရေမြေသဘာဝ၊ လူမှုဘ၀ ပတ်ဝန်းကျင်အပေါ်တည်ပြီး ကျင့်ကြံဖော်ဆောင်ပုံ နည်းလမ်းပိုင်း ကွဲပြားသွားတဲ့အတွက် အချို့သော ယဉ်ကျေးမှုအစိပ်အပိုင်းတွေလည်း အသွင်တမျိုးစီဖြစ်သွားတာပါ။

ဗုဒ္ဓ၀ါဒမှာဆို မဟာဂရုဏာရှင် ကြီးမြတ်သော မဟာလူသားကြီး မြတ်စွာဘုရားရှင်က ဗုဒ္ဓဘာသာဝင်တိုင်း လက်ခံလိုက်နာ ကျင့်ကြံအားထုတ်ရမယ့် အနိမ့်ဆုံး အခြေခံတရားဖြစ်တဲ့ (၅)ပါးသီလကို စောင့်ထိန်းရမယ်၊ ဒီလို အခြေခံတရား(၅)ပါးကို စောင့်ထိန်းကျင့်ကြံမှသာ ဗုဒ္ဓဘာသာဝင်အစစ် ဖြစ်တော်မူတယ်၊ ဒါမှလည်း ဗုဒ္ဓသာသနာတော်ကို ပြန့်ပွားအောင် လုပ်ဆောင်နေတာ၊ ကာကွယ်စောင့်ရှောက်နေတာဖြစ်တယ်လို့ လမ်းညွှန်ပြသ သင်ကြားပေးခဲ့ပါတယ်။

အလားတူ ခရစ်ယာန်ဘာသာမှာဆိုရင်လည်း ထာဝရဘုရားသခင် ယေရှု့ကိုယ်တော်၊ အစ္စလာမ်ဘာသာမှာဆိုရင်လည်း အလ္လာအရှင်မြတ် မိုဟာမက်သခင်နဲ့ အခြားသော ဘာသာတရားတွေမှာလည်း ဒီလိုမျိုး စစ်မှန်တဲ့ လူသားပီသတဲ့ လူသားဆန်တဲ့ လူသားယဉ်ကျေးမှုတွေ အသီးသီးရှိကြမှာ ဧကန်မုချ ဖြစ်ပါလိမ့်မယ်။

တနည်းပြောရင်တော့ ကမ္ဘာ့လူသားထုအားလုံးကို အေးချမ်းတည်ငြိမ်အောင် ငြိမ်းချမ်းသာယာ ကြည်နူးဖွယ်ကောင်းတဲ့ ဘ၀အစစ်အမှန်ကို ရေရှည်တသက်တာလုံး ခံစားရရှိအောင် ဆုံးမလမ်းညွှန်ပေးနေတဲ့ လူသားယဉ်ကျေးမှုတရပ် ဖြစ်ပါတယ်။ လူသားထုတရပ်လုံးအတွက် လူသားအပေါင်းကို အရိုင်းအစိုင်းစိတ် တိရစ္ဆာန်စိတ်တွေ မဖြစ်ပေါ်ရအောင် ထိန်းကျောင်းပဲ့ပြင် သင်ကြားပေးလာတဲ့ လူသားယဉ်ကျေးမှုတွေ ကိုယ်စီရှိနေတာရဲ့ ဖွင့်လှစ်ဖော်ပြချက်ပါပဲ။

ဘာသာတိုင်းသာသနာတိုင်းမှာ ဒီလို မြင့်မြတ်စင်ကြယ်လှတဲ့ လူသားယဉ်ကျေးမှုတွေဟာ အလွန်ကို လိုအပ်တယ်၊ အလွန်ကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်သွားဖို့ လိုအပ်တယ်၊ ဒါ့အပြင် မိမိရဲ့ယဉ်ကျေးမှုနဲ့ အခြားသော ယဉ်ကျေးမှုတွေကိုလည်း ထိတွေ့ကူးလူး ဆက်စပ်ဖလှယ်သင့်တယ်၊ ဒီလိုသာ လုပ်နိုင်ခဲ့ရင် ဒီစင်္ကြာဝဠာကြီးတခုလုံးဟာ တကယ့်ကို စစ်မှန်တဲ့ အေးငြိမ်းသာယာတဲ့ လူသားယဉ်ကျေးမှု အစုအပေါင်းကြီးတခုအဖြစ် တကယ့် ချမ်းသာအစစ်ကို လူသားထုတရပ်လုံး ရရှိ ခံစားနိုင်မှာ ဖြစ်ပါလိမ့်မယ်။

အဲဒါကြောင့် ဒီကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် လူငယ်တွေရဲ့ လှုပ်ရှားဆောင်ရွက် အကောင်အထည်ဖော်မှုဟာ အင်မ တန်ကို အံ့ဩချီးမွမ်းဖွယ် ဂုဏ်ယူဖွယ် စံပြလုပ်ရပ်ဖြစ်တဲ့အတွက် အခြားသော လူငယ်လူရွယ်အများကလည်း အတုယူလုပ် ဆောင်ကြခြင်းဖြင့် ကမ္ဘာလောကကြီးကို လူသားဆန်တဲ့ လူပီသတဲ့ ယဉ်ကျေးမှုအပေါင်းအစုကြီးဆီ ရောက်ရှိသွားစေမှာ ဖြစ်ပါတယ်။

အခုလုပ်ရပ်ရဲ့ ထူးခြားချက်က အပူဇော်ခံသူ ပုဂ္ဂိုလ်တွေက ထာဝရဘုရားသခင်ကို ယုံကြည်ကြတဲ့ ခရစ်ယာန်ဘာသာဝင် တိုင်းရင်းသား နိုင်ငံရေးသမားကြီးတွေ ဖြစ်ကြပြီး သွားရောက်ပူဇော်ကြသူ အားလုံးကတော့ ဗုဒ္ဓမြတ်စွာဘုရားကို ကိုးကွယ်ယုံကြည်ကြတဲ့ ဗုဒ္ဓဘာသာဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်တွေ ဖြစ်နေတဲ့အချက်ဖြစ်ပါတယ်။ ဒီအဖွဲ့ကို မဖြူဖြူသင်းနဲ့ လူငယ်တာဝန်ခံ ကိုရာဇာတို့က ဦးဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

အရင်တုန်းကတော့ ဘာသာစုံဝတ်ပြု ဆုတောင်းပွဲတွေ၊ ဘာသာစုံ ပူးပေါင်းလှုပ်ရှားဆောင်ရွက်မှုတွေတော့ အမြဲတန်းလို ရှိနေကြားနေ မြင်နေတွေ့နေရပေမဲ့လို့ အခုလိုမျိုး အရင်က တခါမှမရှိခဲ့သေးပါဘူး၊ ကြားလည်းမကြားမိပါဘူး။

ဒီလို ယဉ်ကျေးမှုတခုနဲ့တခု အနေဝေးအောင် အလှမ်းကွာသွားအောင် ထိတွေ့ဆက်စပ်မှုမရှိအောင် တနည်း ငါ့ယဉ်ကျေးမှုမှ အကောင်းဆုံးလို့ ထင်မြင်စွဲသွားအောင် ဖန်တီးရိုက်သွင်းခဲ့တဲ့ မူလတရားခံကတော့ မဆလ တပါတီအာဏာရှင်စနစ်၊ န၀တ စစ်အုပ်ချုပ်ရေးခေတ်နဲ့ ဒီကနေ့ စစ်အာဏာရှင်စနစ်တွေကို အရှိန်မပျက် ဆက်လက်မောင်းနှင် တွန်းတင်နေတဲ့ အာဏာငန်း ဖမ်း အာဏာရှူး အုပ်ချုပ်သူလူတန်းစား အဆက်ဆက်ပဲ ဖြစ်ပါတယ်။

Your browser may not support display of this image.

ဒါကြောင့် ကိုးကွယ်ယုံကြည်မှု မတူညီကြပေမဲ့လို့ ဘာသာတခုနဲ့ဘာသာတခု သီးခြားစီ ဖြစ်နေတာမှုတ်ဘူး။ အနီးဆုံးမှာ ရှိနေကြတယ်။ အခြေခံတရားနဲ့ ယဉ်ကျေးမှုချင်း ပေါင်းဆက်နေတယ်။ Unity in Diversityလို့ဆိုတဲ့ မတူကွဲပြားခြားနားမှု တွေက အင်အားတွေပါပဲ၊ ယုံကြည်မှုတွေပါပဲ၊ ညီညွတ်မှုတွေပါပဲ၊ စည်းလုံးဆောင်ရွက်မှုတွေပါပဲ ဆိုတာကို မီးမောင်းထိုးပြလိုက်သလို ကျနော်တို့ တိုင်းရင်းသား ညီအကို မောင်နှမတွေအားလုံးက ဒီအတွင်းပိုင်းအနှစ်သာရတွေကို ဆက်လက် အားထုတ်ရုန်းကန်သွားကြမှသာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပျောက်ကွယ် သွားမှာဖြစ်ပြီး ကျနော်တို့အားလုံး မျှော်မှန်းတဲ့ စစ်မှန်တဲ့ ပြည်ထောင်စုကြီး ကို အမှန်တကယ် ရောက်ရှိပုံဖော် တည်ဆောက်သွားနိုင်မှာပါ။

အဲဒါကြောင့် ဒီကနေ့ လူငယ်မျိုးဆက်သစ်တွေရဲ့ အားမာန် အပြည့် ဇွဲလုံ့လစိုက်ထုတ်မှုဟာ စစ်အာဏာရှင်စနစ် အကုန်အစင် ဖျက်သိမ်းရေးလုပ်ငန်းစဉ်အတွက် အရေးပါတဲ့ အခန်းကဏ္ဍတရပ်ဖြစ်သလို အဓိက အခရာကျတဲ့ အချက်ကတော့ အမှန် တကယ် တိုင်းပြည်နဲ့လူမျိုးအကျိုးအတွက် လုပ်ကိုင်ဆောင်ရွက်ချင်တဲ့ စိတ်ဆန္ဒအာသီသရှိဖို့၊ မွေးမြူကြဖို့ ဖြစ်ပါတယ်။

ဒါမှသာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံဖော်ဆောင်မယ့် ပြည်နယ်ပေါင်းစု ပြည်ထောင်စုကြီးဆီကို ဒီကနေ့ လူငယ်မျိုးဆက်သစ်တွေရဲ့ ရဲသွေးရဲမာန် စိတ်ဓါတ်ခွန်အားတွေနဲ့ တင်းပြည့်ကျပ်ပြည့် လှမ်းဆွတ်ဆုပ်ကိုင်နိုင်မှာ သေချာကြောင်းပါ။

0 “တပ်နဲ့ နိုင်ငံရေးရောရင် ငါးပါးတင်မကဘူး ဆယ်ပါးအထိ မှောက်တတ်တယ်”

ကျနော့်ကို ၁၉၄၁ ခုနှစ်မှာ မွေးတယ်။ တော်လှန်ရေး အကြောင်းတွေကို ကျနော့်အနေနဲ့ မသိခဲ့ရဘူး။ နောက် မျိုးချစ်စိတ်နဲ့ လှုပ်ရှားတဲ့ ကျောင်းသားတွေ၊ လူငယ် တွေကိုလည်း မမီခဲ့ဘူး။ ဒါပေမယ့် ဘာကို မီသလဲဆိုတော့ တရုတ်ဖြူအရေးအခင်းကို ကျနော်တို့က မီတယ်။ တရုတ်ဖြူအရေးအခင်း ဖြစ်တဲ့ချိန်မှာ ကျနော်က ၅ တန်း၊ ၆ တန်းဆိုတော့ အဲဒီမှာ စိတ်ကနိုးကြား နေပြီ။

U-Win-Htein

ဦးဝင်းထိန်

အဲဒီလို အချိန်မှာ တရုတ်ဖြူက ဗမာပြည်ကို ဒီလို ကျူးကျော်လာတဲ့ အခါကျတော့ အဲဒီအရေး အခင်းဟာ တမျိုးသားလုံးရဲ့ အရေးအခင်း ဆိုပြီးမှ တပ်မတော်က တိုက်ရတယ်။ တပ်မတော်က အင်မတန် လူကြိုက် များနေတဲ့ အချိန်လည်း ဖြစ်နေတယ်။

ကျနော် ကြီးပြင်းလာတဲ့ အခါကျတော့ ကံအားလျော်စွာ စစ်တက္ကသိုလ် ဆိုတာ ပေါ်လာပြီး လူငယ်တွေကို စုဆောင်းတဲ့ အခါမှာ ကျနော် စစ်တက္ကသိုလ်ကို ၁၉၅၉ ခုနှစ်မှာ ရောက်သွားခဲ့တာပေါ့။ ဝင်ခွင့် ဖြေရတယ်၊ အောင်တဲ့လူ ရွေးပြီးမှ OTT (ဗိုလ်ရွေး) ကိုခေါ်၊ အဲဒီအခါကျမှ ကျနော်တို့က စစ်တက္ကသိုလ် အရွေးခံရတာပေါ့။ အပတ်စဉ် ၅ ပေါ့လေ။

အပတ်စဉ် ၁ နဲ့ ၂ တုန်းကတော့ စစ်တက္ကသိုလ်က ဗထူးမှာ၊ ဗိုလ်လောင်းတွေက ၄ နှစ်သင်တန်းတက်တဲ့အခါမှာ အားတဲ့ အချိန်မှာကြည့်ကြဖို့ စာအုပ်ဆိုင်တွေ၊ ရုပ်ရှင်ရုံတွေဆိုရင် ကောင်းကောင်း မရှိတဲ့အတွက် ၄ နှစ်သင်တန်းသားတွေ အနေနဲ့ ပြင်ပ လေ့လာစရာ ကိစ္စတွေနည်းတယ်။ နောက်ပြီးတော့ အပန်းဖြေစရာတွေ နည်းတယ် ဆိုပြီးတော့ မေမြို့ (ပြင်ဦးလွင်) ကို ပြောင်းပစ်လိုက်တာ။

ကျနော်တို့ စစ်တက္ကသိုလ်တက်တုန်းက အုပ်ချုပ်မှုစနစ်ဆိုတာ အမေရိကန် ဝက်စ်ပွိုင့် စစ်တက္ကသိုလ်က အုပ်ချုပ်ပုံအတိုင်း ဗိုလ်လောင်းအချင်းချင်း အုပ်ချုပ်တဲ့စနစ် (Senior Junior system) လုပ်ထားပါတယ်။ အဲဒီလို အုပ်ချုပ်တဲ့အခါမှာ စပြီးတော့ လုပ်တဲ့ အချိန်မို့လို့လား မသိဘူး။ အခုခေတ်လိုတော့ အပေါ်က senior ကနေ junior ကိုဖိတာ အင်မတန် နည်းတယ်။ အမိန့်အတိုင်းပဲ လုပ်ကြတယ်။ တိတိကျကျ လုပ်ကြတယ်။

အခုကျတော့ Senior က Junior ကို ညှင်းဆဲတာတွေ အလွန်အကျွံတွေ ကြားရနေတယ်။ Senior က မျက်မုန်းကျိုးတဲ့ကောင် ဆိုရင် နေ့ရော ညရော အကြောင်းရှာပြီး အပြစ်ပေးတော့တာပဲ။

လက်ထောက်မှောက်ခိုင်းတယ်။ ဂျွမ်းထိုးခိုင်းတယ်။ နောက်ပြီးတော့မှ ထုပ်တန်းခုန်ပြီးတော့ တချို့ဆိုရင်ပေါ့လေ ဆိုးဆိုးရွားရွား ဒဏ်ရာရပြီးတော့ ထွက်သွားတဲ့ ဗိုလ်လောင်းတွေတောင်ရှိတယ်။ ဒါမဖြစ်သင့်ဘူး။ ဒါမျိုးတွေကို ဘယ်လို ကာကွယ် သင့်သလဲဆိုရင် သက်ဆိုင်ရာ ဗိုလ်လောင်းတာဝန်ကျတွေမှာ တာဝန်ရှိတယ်။ တပ်ခွဲအရာရှိတွေမှာ တာဝန် ရှိတယ်။ ဒါကို တားကို တားမြစ်ရမယ်။

ကျနော်တို့ခေတ်တုန်းက အပြစ်ပေးတယ်ဆိုတာအလွန်အကျွံမဟုတ်ဘူး။ ခါးပတ်မပြောင်တာတို့၊ ဖိနပ်မပြောင်တာ တို့ဆိုရင် အပြစ်ပေးတယ်။ ဘယ်လိုလုပ်လဲဆိုတော့ ကျောပိုးအိတ်ထဲမှာ အုတ်ခဲလေးလုံးထည့် ပြီးတော့ ညနေ နာရီဝက်လောက် လေ့ကျင့်ခန်း လုပ်ရတယ်။ ခံရတဲ့လူကလည်း သက်သာတယ်။ အခုနောက်ပိုင်းမှာ တော်တော် ရက်စက်တယ်။

အဲဒီခေတ်က တက္ကသိုလ်ပေါ်ခါစဆိုတော့ ကျောင်းမှာရောက်လာတဲ့ စာပေပိုင်းက ဆရာတွေရော၊ လေ့ကျင့်ရေးပိုင်းက ဆရာတွေရော အင်မတန်တော်ကြတယ်။ ဆရာတွေဆိုရင် အမေရိကန် စစ်တက္ကသိုလ်၊ Command and General Staff ကောလိပ်၊ အဲလိုနေရာတွေက ဆင်းလာတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ တော်ပေ့ဆိုတဲ့ဆရာတွေကို ခေါင်းခေါက် ရွေးလာတဲ့ ဆရာကောင်း သမားကောင်းတွေ မီလိုက်တာပေါ့။

နှစ်စဉ်နှစ်တိုင်း ကျောင်းဆင်းတဲ့ ဗိုလ်လောင်းတွေကို တော်အောင်၊ ပြိုင်ဆိုင်ချင်စိတ်ရှိအောင်ဆိုပြီးမှ အမှတ်တွေကို အကဲ ဖြတ်ပြီး ဆုတွေ ဘာတွေ ပေးကြတာပေါ့။ အမှန်တော့ ဗိုလ်လောင်းတိုင်းက တော်ချင်ကြတယ်၊ ဆုရချင်ကြတယ်။ အဲဒီတော့ ဆုရဖို့အတွက် ပေါ်ပေါ်ထင်ထင် ကြိုးစားတဲ့လူရှိသလို ကြိတ်ပြီးကြိုးစားတဲ့ဗိုလ်လောင်းတွေ ရှိတယ်။

ကျနော်ကတော့ ကြိတ်ကြိုးစားတာလည်း မဟုတ်ဘူး၊ ပေါ်ပေါ်ထင်ထင်လည်း ကြိုးစားတာမဟုတ်ဘူး။ ဒါပေမယ့် ချတဲ့ စည်းမျဉ်းအတိုင်းကိုတော့ အလုပ်လုပ်တယ်။ နောက် ကျနော်က နည်းနည်းတော့ ဉာဏ်ရည် ထက်နေတဲ့အချိန်ဆိုတော့ စာတွေဘာတွေ ရတယ်။

ဒါပေမယ့် ပထမနှစ် မှာတုန်းက ရူပ၊ ဓာတု နဲ့ အင်္ဂလိပ် သင်ရတယ်ဗျာ။ ကျနော်တို့က တောကျောင်းကလာတာလေ။ ၅ တန်းလောက်ကျမှ အင်္ဂလိပ်စာ သင်ရတဲ့အခါကျတော့ ဘယ်လိုမှ စာမလိုက်နိုင်ဘူး။ ပထမ လပတ်စာမေးပွဲတုန်းက ၈ ဘာသာမှာ ၄ ဘာသာ ကျတယ်။ လူက တော်တော် ခြောက်ခြားသွားတယ်။ ဘာကြောင့် ခြောက်ခြားသွားလဲဆိုတော့ ကျနော့်ရဲ့ senior လည်းဖြစ်၊ ကျောင်းနေဘက် သူငယ်ချင်းလည်းဖြစ်တဲ့ သူငယ်ချင်းတယောက်က စာမေးပွဲကျလို့ ခြေလျင်တပ်ကို ရဲဘော်အဖြစ်နဲ့ပြောင်းသွားရတယ်။

ဟာ ဒီမှာ စာမေးပွဲကျပြီ၊ ဒုက္ခပဲဆိုပြီး စွက်ကျက်လိုက်တာ ဒုတိယ လပတ်စာမေးပွဲမှာတော့ ကျနော်က ရူပနဲ့ ဓာတု နှစ်ဘာသာပဲ ကျတော့တယ်။ ကျနော်က ည ၇ နာရီကနေ ၉ နာရီ ပုံမှန်ကျက်တယ်။ အားတဲ့အချိန်ဆိုရင် စာကျက်တယ်၊ အပြင်လည်းသိပ်မထွက်ဖြစ်ဘူး။ အောက်တိုဘာ နှစ်ဝက်စာမေးပွဲ ပြီးတဲ့အခါမှာ လေ့လာရေး ထွက်ကြတယ်။ ပုပ္ပားတို့ မင်းဘူးတို့ ပုဂံတို့မှာ ၂ ပတ်နေပြီးတော့ ပြန်လာတယ်။ ပြန်လာပြီးအောင်စာရင်းထွက်တော့ ကျနော်က ပထမ ရတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အံ့ဩသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က စာကျက်တာ ဘုန်းကြီးတွေ ကျက်သလို ကျက်တာကိုး။

ဒုတိယနှစ်၊ တတိယနှစ်မှာ ကျနော့်ကို မီတဲ့လူ သိပ်မရှိတော့ဘူး။ နောက်ဆုံးနှစ် ရောက်တဲ့အချိန်မှာ စာပေဆုရမယ်ဆိုတာ ကျနော့်ကိုယ်ကျနော်သိတယ်။ ဒါပေမယ့် ကြွားလဲမကြွားဘူး။ သူများကိုလည်း ထုတ်မပြောဘူး။ အောင်စစ်သည် ဆုကိုတော့ ကျနော့်အနေနဲ့ သိပ်မထင်ဘူး။ အဲဒါက စာပေပိုင်းရော၊ လေ့ကျင့်ရေးပိုင်းပါ တော်မှ ရမှာလေ။ ပြီးတော့ ကျနော်က ကိုယ့်ကိုယ်ကိုယ် စာပေဆုရမယ်လို့ သိနေတော့ နောက်ထပ်တဆု ရမှာမဟုတ်ဘူးလို့ တွက်ထားတယ်။

ကျနော်တို့ ကျောင်းဆင်းပွဲမှာ ဗိုလ်ချုပ်ကြီး စန်းယုတက်တယ်။ စစ်ရေးပြနဲ့ ချီတက်၊ အလေးပြုပြီးတော့ ဆုတွေကို ဘယ်သူတွေရလဲ ဆိုတာကို ကြေညာတော့မယ်။ အဲဒီအချိန် စိတ်ထဲမှာ တော်တော်သိချင်နေပြီ။

အဲဒီမှာ အောင်စစ်သည်ဆုအတွက် ကျနော့် နာမည် အော်ခေါ်လိုက်တဲ့အခါကျတော့ ကျနော်အံ့အားသင့်သွားပြီးတော့ တစက္ကန့် နှစ်စက္ကန့်လောက် ငိုင်သွားတယ်။ ငိုင်သွားပြီးမှ သတိဆွဲ၊ အလေးပြု၊ ဗိုလ်ချုပ်စန်းယုဆီသွားပြီးတော့မှ အဲဒီဆုကိုယူ၊ အဲဒီချိန်မှာ စိတ်က လမ်းသာလျှောက်နေရတာ၊ လူက လေထဲရောက်နေသလိုပဲ။ ဟာပြီး မြောက်နေတယ်။

ဒုတိယအကြိမ် ကြေညာတာက လေ့ကျင့်ရေး ထူးချွန်ဆု၊ အဲဒါကိုတော့ ကျနော်တို့ဆီက ကိုလှကြည်ဆိုတဲ့ ဗိုလ်လောင်း ရသွားတယ်။ တတိယ ခေါ်တာက စာပေထူးချွန်ဆု၊ အဲဒီဆုအတွက် ကျနော့်နာမည်ကို ထပ်ခေါ်တဲ့အချိန် အဲဒီမှာ ဘာဖြစ်သွားလဲဆိုတော့ စိတ်က မြောက်သွားတယ်။ လမ်းလျှောက်ရင်တောင် လျှောက်မှန်းမသိတော့ဘူး။ သူငယ်ချင်း တွေ ချီးကျူးတာတောင်မှ လေထဲမှာ လွင့်သွားသလိုခံစားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက စစ်တက္ကသိုလ်သမိုင်းမှာ ကျနော်က ပထမ ဦးဆုံးရလိုက်တာပဲ။

စာပေထူးချွန်ဆုအတွက် ရွှေတံဆိပ်ပေးတယ်။ အောင်စစ်သည်ဆုအတွက် ပေးတဲ့ ငွေဓားကတော့ အခုထက်ထိအိမ်မှာ ရှိတယ်။ အဲဒီဓားကို အင်္ဂလန်နိုင်ငံ ရှက်ဖီး ကုမ္ပဏီက လုပ်တာပါ။

ကျနော် အောင်စစ်သည်ဆုရတယ် ဆိုပေမယ့်လည်း ညစာစားပွဲမှာ အခုခေတ်လိုမျိုး တပ်ချုပ်ကြီးနဲ့ စားပွဲတဝိုင်းတည်း ထိုင်ပြီး စားရတာမျိုးမရှိဘူး၊ စားချင်တဲ့ဝိုင်းမှာစား၊ လူကြီးတွေ၊ ဗိုလ်ချုပ်စန်းယုတို့၊ ကျောင်းအုပ်ကြီးတို့ ဘာတို့ စားတဲ့ဝိုင်းက သပ်သပ် ထားတာ။ ကျနော်တို့ကို လွှတ်ထားပေးတော့ ကျောင်းဆင်းပွဲဟာ ကျောင်းသားတယောက်ရဲ့ ကျောင်းဆင်းပွဲ ပီပီသသ ဖြစ်သွားတာပေါ့။

ကျောင်းဆင်းတော့ ကျနော် စပြီးတာဝန်ထမ်းဆောင်ရတဲ့ မိခင်တပ်ရင်းက သနက (၅) ကျုံပျော်မှာ။ အဲဒီအချိန်တုန်းက မြစ်ဝကျွန်းပေါ်မှာ သူပုန်တွေက ပြည့်လို့။ အလံနီရှိတယ်၊ အလံဖြူရှိတယ်၊ ကရင်ရှိတယ်။ မြို့ကနေထွက် နာရီဝက် အတွင်း သူတို့နဲ့ တိုက်ပွဲဖြစ်လေ့ဖြစ်ထရှိတဲ့ ဒေသပေါ့။ အင်မတန်ပဲ ကြမ်းတမ်းတယ်၊ အင်မတန်လည်း ခက်ခဲတယ်။ ကျနော်တို့ သာရင် ကျနော်တို့ တိုက်လို့ သူတို့ကခံသွားရတယ်။ သူတို့သာရင်လည်း တပ်စုလိုက်ပြုတ်တဲ့အထိ တိုက်တဲ့ တိုက်ပွဲတွေ ရှိသေးတယ်။

ကျုံပျော်မှာ တနှစ်လောက်နေပြီးတော့ မအူပင်ပြောင်းတယ်။ မအူပင်ပြောင်းတဲ့အချိန်မှာ ကျနော်တို့ အရှေ့မြောက်ဒေသ ကွတ်ခိုင် အခု နမ့်ဖတ်ကာ၊ မုန်းပေါ်၊ တာမိုးညှင်း မှာဝင်ရတယ်။ အဲတုန်းက ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ပေါ့၊ ဗကပ မပေါ်သေးဘူး။

မြစ်ဝကျွန်းပေါ်မှာ နေရတုန်းကလည်း ပြောက်ကျား နဲ့ပဲ အတိုက်ခံရတာ။ အရှေ့မြောက်ပိုင်းကို ဝင်ရတော့လည်း KIA က ပြောက်ကျားလို တိုက်နေတဲ့အခါကျတော့ သိပ်ပြီးတော့ ထူးထူးခြားခြား ကွာခြားတာမျိုးမရှိဘူး။ ရေမြေ တောတောင် အပြောင်းအလဲတော့ ရှိတာပေါ့။

အဲဒီတုန်းက ရဲဘော်တွေ၊ အကြပ်တွေက တော်တော်ရိုးတယ်။ ဘယ်လို ရိုးဖြောင့်သလဲဆိုရင် သူပုန်စစ်ကြောင်းက ဘိန်းတွေ မိတယ်၊ နည်းတာမှမဟုတ်ဘူးမိတာ၊ ဂုန်နီအိတ်တလုံးဆိုရင် ၁ ပိဿာ၊ ၂ ပိဿာလောက်ရှိတဲ့ ဘိန်း ၃၊ ၄၊ ၆ လုံး လောက်ပါတယ်။ အဲဒီလို ဂုန်နီအိတ်တွေ အလုံး ၂၀၊ ၃၀ မိတယ်။ ကျနော်တို့က အဲဒါတွေကို လာရှိုးမှာရှိတဲ့ တိုင်း စစ်ဌာနချုပ်ကို သွားပြီးအပ်လိုက်တာပဲ။ လုံးဝ ကိုယ်ရေးကိုယ်တာ မသုံးဘူး။

အခုက တပ်မတော်ကို အရမ်းချဲ့လိုက်တော့ အရေအတွက် များသွားပြီး အရည်အချင်းရှိတဲ့သူတွေက နည်းသွားပြီ။ ငွေရေးကြေးရေးကိုလည်း အဓိက ထားလာကြတယ်။ ဒေသအလိုက် စောင့်ရတဲ့တပ်တွေကို သူတို့ရဲ့ လမ်းကြောင်းထဲ ကုန်တွေတင်ပြီး ဖြတ်သန်းတဲ့ ထော်လာဂျီ၊ မော်တော်ဆိုင်ကယ်၊ ကား မှန်သမျှ ဆက်ကြေးပေးရတယ်။ အဲဒီဆက်ကြေးကို သူတို့ခွဲယူကြသတဲ့။ အဲဒီဆက်ကြေး ခွဲယူတဲ့စနစ်က ဟိုးတုန်းက သူပုန်တွေလုပ်တာ။ အခုခေတ် တပ်မတော်ကြီးက အဲဒီလောက်တောင် ဖြစ်သွားပြီလား ဆိုပြီးတော့ ကျနော် တော်တော် အံ့သြမိတယ်၊ ဝမ်းလည်း နည်းတယ်။

နောက်တခုက ကျနော် စစ်ရုံးမှာ တာဝန်ထမ်းဆောင်ရတဲ့ အချိန် ဗိုလ်ချုပ်ကြီးတင်ဦး နုတ်ထွက်သွားတဲ့အခါမှာ အရာရှိတွေ ပွစိပွစိပြောလာကြတယ်။ အဲဒီတုန်းက ကျနော်လည်း ပြောမိပါတယ်။ သို့သော် ကျနော်ပြောတာက ကိုယ့်အထက် လူကြီးကို နှမြောလို့၊ ကိုယ့်ဟာကို စိတ်မချမ်းသာလို့ ပြောမိတာပဲရှိတယ်။ ဒါပေမယ့် အဲဒီမှာ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ ဗိုလ်စံကြည်တို့က မကျေနပ်လို့ ချမယ်၊ ပြုမယ် ဘာညာဆိုတာကို သဲ့သဲ့တော့ကြားတာပေါ့။

ကြားတဲ့အခါမှာ ဗိုလ်ကြီးအုန်းကျော်မြင့် ကိုတော့ ကျနော်မပြောဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်နဲ့သူနဲ့ အလှမ်းဝေးလို့ ဗိုလ်စံကြည်ကိုတော့ ကျနော်ပြောတယ်။ ဟေ့ မင်းတို့ အဲဒါမျိုးတွေ မပြောနဲ့။ ဗိုလ်ချုပ်ကြီး တင်ဦးထွက်လို့ မကျေနပ်ရင် ထွက်။ ဒါပေမယ့် ငါကတော့ မထွက်ချင်ဘူး။ ဘာကြောင့်လဲဆိုတော့ တပ်မတော်ကို မြတ်နိုးတယ်၊ တပ်မတော်ထဲမှာ ဆက်နေမယ်။ အဲဒီခါးသီးတဲ့ ခံစားချက်ကိုတော့ ဖျောက်ရမှာပဲလို့ ပြောတဲ့အခါကျတော့ အုန်းကျော်မြင့်တို့ စံကြည်တို့ နောက်ထပ် ကျနော့်ကို အဆက်အသွယ် မလုပ်တော့ဘူး။

၁၉၇၆ ဇူလိုင် ၂၀ ရက်နေ့ သတင်းနားထောင်တဲ့ အခါကျတော့ အစိုးရအဖွဲ့နဲ့ နိုင်ငံ့ခေါင်းဆောင်များကို လုပ်ကြံမယ့် အရာရှိ တွေကို ဖော်ထုတ်တယ်ဆိုပြီးတော့ကြေညာတယ်။ အဲဒီမှာပါတဲ့ အုန်းကျော်မြင့်တို့၊ စံကြည်တို့၊ ထွန်းကျော်တို့က ကျနော်နဲ့ သိတဲ့ကောင်တွေချည်းပဲ အဲဒီမှာအံ့လည်းအံ့ဩသွားတယ်။ အဲဒီအချိန်မှာ ကျနော်က ရှမ်းပြည်ရောက်နေပြီ၊ မိုင်းရှူးခွင် ခေါ်တာပေါ့။

အဲဒီပြဿနာဖြစ်တော့ ကျနော့်ကို ရှေ့တန်းက ပြန်ခေါ်၊ ရေကြည်အိုင် ပို့၊ အဲဒီကိစ္စဘာကြားသလဲ၊ ပတ်သက်မှုရှိလား၊ အုန်းကျော်မြင့်တို့နဲ့ ရင်းနှီးလား၊ အစုံပဲ ကျနော့်ကို စစ်ကြောရေးလုပ်တယ်။

အမှုလည်းပြီးရော ကျနော့်ကို တပ်ထဲမှာ ဆက်မနေရတော့ဘူးဆိုပြီးမှ ပင်စင်ပေးလိုက်တာ။ အဲဒါ ၁၉၇၇ ခုနှစ် ဇန်နဝါရီလ ပေါ့။

ကျနော် ဖတ်ခဲ့ဖူးတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတခုဆိုရင် ဗိုလ်ချုပ်ဘဝနဲ့ နိုင်ငံရေးလုပ်လို့မရဘူး၊ တပ်နဲ့ နိုင်ငံရေး ရောရင် ငါးပါးမကဘူး၊ ဆယ်ပါးမှောက်တတ်တယ်လို့ပြောသွားတာ။ အခုခေတ် ရဲဘော်တွေလည်း ကျနော်ပြောတာ ကြားနိုင်မယ်ဆိုရင်တော့ တပ်မတော်နဲ့ နိုင်ငံရေး ရောလုပ်မယ်ဆိုရင် ပြဿနာအကြီးအကျယ်တက်နိုင်တယ်ဆိုတဲ့ဟာကို ထပ်ပြီး သတိမူစေချင်ပါတယ်။

ဦးဝင်းထိန်သည် မြန်မာ့တပ်မတော်ထဲတွင် ၁၅ နှစ် ဝန်းကျင် တာဝန်ထမ်းဆောင်ခဲ့သည်။ စစ်တက္ကသိုလ် သမိုင်း တလျှောက်တွင် အောင်စစ်သည်ဆုနှင့် စာပေထူးချွန်ဆုကို ပထမဆုံး ရရှိခဲ့သူဖြစ်သည်။ ၁၉၇၇ တွင် တာဝန်မှ အငြိမ်းစား ပေးခံခဲ့ရပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ကိုယ်ရေး အရာရှိ အဖြစ် ဆောင်ရွက်ခဲ့သည်။ ဦးဝင်းထိန်ကို စစ်အစိုးရက ၁၉၈၉ မှ ၁၉၉၅ ခုနှစ်အထိ ထောင်ဒဏ် ၅ နှစ်ခွဲ၊ ၁၉၉၆ မှ ယခုနှစ် ဇူလိုင်လအထိ ထောင်ဒဏ် ၁၄ နှစ်နှင့် ၂ လကြာ ချမှတ်ခဲ့သည်။

မူရင်း။ ။ ဧရာဝတီ

0 ဗမာနိုင်ငံဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများ (ဗဒတ) တပ်ပေါင်းစုမှ နိုင်ငံတကာသံရုံးများသို့ တောင်းဆိုစာများ ပေးပို့ ။

ဗမာနိုင်ငံဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများ (ဗဒတ) တပ်ပေါင်းစုမှ EU အပါအ၀င်နိုင်ငံတကာသံရုံးများသို့  ၄င်းတို့ ၏ ကြေငြာချက်နှင့် တပ်ပေါင်းစုဝင် ကျောင်းသားလူငယ်ပေါင်းနှစ်ရာနီးပါး လက်မှတ်ရေးထိုးတောင်းဆိုထားသော တောင်းဆိုချက်စာကို ပေးပို့ ခဲ့ကြသည်။

တောင်းဆိုချက်စာတွင် နိုင်ငံကြီးများအနေဖြင့် မြန်မာနိုင်ငံတွင် စစ်အစိုးရကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုကြရန်နှင့် ရွေးကောက်ပွဲဝင်ပါတီများကိုလည်း ထောက်ပံ့ကူညီမှုများ မပြုလုပ်ကြရန် ကန့် ကွက်တောင်းဆိုထားပြီး ဗဒတတပ်ပေါင်းစု၏ အချက်ခြောက်ချက်ပါ ကြေငြာချက်နှင့် လက်မှတ်ပေါင်းနှစ်ရာနီးပါး ပါဝင်သော တောင်းဆိုချက်စာကိုပါ တပါတည်းပေးပို့ ခဲ့ကြခြင်းဖြစ်သည်။

ဗမာနိုင်ငံဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများ (ဗဒတ) တပ်ပေါင်းစုကို ၁၉၈၈ပြည်သူ့အရေးတော်ပုံ နှစ်ဆယ့်နှစ်နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်သည့် (၈.၈.၂၀၁၀) ရက်နေ့ တွင် စတင်ဖွဲ့ စည်းခဲ့ခြင်းဖြစ်ပြီး (၁၆.၉.၂၀၁၀) ရက်နေ့ တွင် ၄င်းတို့ ၏ အချက်ခြောက်ချက်ပါ ကြေငြာချက်ကို ထုတ်ပြန်ကြေငြာခဲ့ကြသည်။

ယခုပြုလုပ်သော တောင်းဆိုချက်ပေးပို့ ခြင်းကို EU အပါအ၀င် နိုင်ငံတကာသံရုံးအတော်များများသို့ ပေးပို့ ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ တပ်ပေါင်းစုပြန်ကြားရေးကော်မတီက ယခုလှုပ်ရှားမှုကို သတင်းထုတ်ပြန်ရာတွင် နိုင်ငံတကာအနေဖြင့် မြန်မာပြည်သူများ၏ ယခုလက်ရှိအခြေအနေနှင့် ခံစားချက်အစစ်အမှန်များကို ကောင်းစွာနားလည်မှုမရှိပဲ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံအားပေးနေခြင်းများကို တွေ့ မြင်နေရသဖြင့် ယခုကဲ့သို့ သံရုံးများသို့ စာရေးတောင်းဆိုရခြင်းဖြစ်ကြောင်းနှင့် ၄င်းသံရုံးများမှတဆင့် သက်ဆိုင်ရာနိုင်ငံများ၏အစိုးရများက မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်ကို နားလည်သဘောပေါက်လာပြီး ၄င်းတို့ ၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒသဘောတရားများကို ပြန်လည်သုံးသပ်ပြုပြင်လာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားသွားပါသည်။

ဗမာနိုင်ငံဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများ (ဗဒတ) တပ်ပေါင်းစုတွင် မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့တပ်ပေါင်းစု၊ ၂၀၀၇မျိုးဆက်ကျောင်းသားသမဂ္ဂ၊ ရွှေဝါရောင်မျိုးဆက်၊ NEW GENERATION၊ ရန်ကုန်တိုင်း အတွင်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ကျောင်းသား လူငယ် အင်အားစုအဖွဲ့ နှင့် မြေလတ်ကျောင်းသား များအဖွဲ့ များ ပါဝင်ပြီး အမာခံကျောင်းသားလူငယ်ပေါင်းနှစ်ရာကျော်နှင့် တနိုင်ငံလုံးအနေဖြင့် တပ်ပေါင်းစုအဖွဲ့ ဝင်ပေါင်း ငါးရာကျော်ထိ ရှိသည်။ ၄င်းတို့ တပ်ပေါင်းစုသည် စစ်အာဏာရှင်စနစ်ဖြုတ်ချရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲဆန့် ကျင်ရေးကို ပုံစံမျိုးစုံ နည်းမျိုးစုံဖြင့် မည်သည့်အင်အားစုနှင့်မဆို ပူးပေါင်းလုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း သိရှိရသည်။



ပေးပို့သော မမြတ်လေးငုံအားကျေးဇူးတင်ရှိပါသည်။

Tuesday, October 5, 2010

0 နိုင်ငံကျော် အနုပညာရှင်များကို ဗန်းပြ၍ ကြံ့ဖွံ့မဲဆွယ်

ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ပါဝင် ယှဉ်ပြိုင်ရန် ပြင်ဆင်နေသော ဇေကမ္ဘာ ဦးခင်ရွှေသည် ၎င်း၏ စည်းရုံးရေး ခရီးစဉ်များတွင် နိုင်ငံကျော် အနုပညာရှင်များကို ခေါ် သွားကြောင်း သိရသည်။
၎င်း၏ စည်းရုံးရေး ခရီးစဉ်တွင် နိုင်ငံကျော်အနုပညာ ရှင်များဖြစ်သော မင်းသားလွင်မိုး၊ မင်းသမီးနန္ဒာလှိုင်၊ ဟာသသရုပ် ဆောင် ဦးမိုးဒီ တို့ပါဝင်ကြောင်း သိရသည်။

မင်းသား လွင်မိုးနဲ့ ဦးခင်ရွှေကြီးက ဂေါက်ရိုက်ဖော် ရိုက်ဖက်၊ မိုးဒီကြီးကတော့ ဦးခင်ရွှေတည်တဲ့ ဘုရားပွဲတွေဆိုရင် အမြဲ အတူသွားနေကြတဲ့။ နန္ဒာလှိုင်ကတော့ သူချွေးမဖြစ်လို့ ပြောစရာမလိုပါဘူး။ (ဒီနေရာမှာတော့ ဒီချွေးမ တော်တော် အသုံးတည့်သွားပြီ ပြောရမှာပေါ့)

အဲဒီလို “ဂေါက်သီး ဒီပလိုမေစီ” နဲ့ “ဘာသာရေး ဒီပလိုမေစီ” ဆက်ဆံရေးတွေကြားမှာ ဘုရားလည်းဖူးရင်း လိပ်ဥလည်းတူးရင်း အဲ ... မဟုတ်ပေါင် ပါတီစည်းရုံးရေးဆင်းရင်း ဦးခင်ရွှေကြီးကတော့ ဟုတ်နေတာပါပဲ။

ဦးခင်ရွှေက မင်သား၊ မင်းသမီး နာမည်ကြီး သရုပ်ဆောင်တွေ အသုံးချပြီး မဲဆန္ဒရှင်တွေရဲ့ အာရုံကို ဆွဲဆောင်နေချိန်၊ မန္တလေးတိုင်း မလှိုင်မြို့ ရပ်ကွက်ကြီး (၄) ကြံ့ဖွံ့ စည်းရုံးရေးမှူး တဦးကတော့ “စည်းရုံးရေး မဆင်းဘူးလား” လို့ မေးမိတဲ့ ရယက စာရေးတယောက်ကို ပြန်ဖြေပုံက ...

“ဘာစည်းရုံးရေး ဆင်းစရာလိုလဲ၊ လူတယောက် ပါးတချက်ရိုက်ရင် မဲဆယ်မဲ ထွက်တယ်” တဲ့။

ကောင်းလိုက်တဲ့ လူထု စည်းရုံးရေး ပါပဲ။ နိုင်ငံရေး ဆက်လုပ်မယ့် လူတွေ မှတ်သားကြပါကုန်။

အဲဒီလို ထူးမခြားနားပဲ ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းမှာရှိတဲ့ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရယကတွေကတော့ လူထုကို “ကြံ့ခိုင်ရေး ကိုသာမဲပေး ကြ ပါ၊ နောက်တက်မယ့် အစိုးရလည်း ငါတို့ပဲလုပ်မှာ” ဆိုပြီး အားရှိစရာ စကားတွေနဲ့ မဲဆွယ်ပါသတဲ့။

ဒီပုံအတိုင်းသာဆို ပြည်သူတွေမှာ ဘယ်ပါတီက ကောင်းတယ်၊ မကောင်းဘူး ဆိုတာ ရွေးချိန်ရမယ့် ပုံမပေါ်ပါဘူး။

ပဲခူးတိုင်း သာယာဝတီမြို့နယ်မှာကတော့ တမျိုးတဖုံပါ။ ဗိုလ်ချုပ်လူထွက်တွေ တည်ထောင်ထားတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) ကို ပူပူနွေးနွေး ဗိုလ်ချုပ်ဟောင်းတွေ ထောင်ထားတဲ့ ကြံဖွံ့က အနိုင်အထက်လုပ်လို့ တစညက တရားရုံးမှာ ဦးတိုက်လျှောက် ထားသတဲ့။ (စားမာန်ခုတ်တဲ့ သဘောမှာ ပြတယ်)

ဒါတွေကတော့ မှတ်သားဖွယ်ရာ ကြံဖွံ့ ပါတီရဲ့ ခေတ်သစ်မဲဆွယ်နည်းတွေ ပါပဲ။

မင်းသား လွင်မိုးက “ကျနော်က ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြုပြီး လိုက်လာတာ မဟုတ်ပါဘူး။ အန်ကယ်လ် ဦးခင်ရွှေနဲ့ ရင်နှီးတဲ့အတွက် အဖော်လိုက်လာ ပေးတာပါ။ နိုင်ငံတော်က ပထမဆုံးအကြိမ် ပြုပြင်ပြောင်းလဲမှု တွေလုပ်နေပြီလေ။ ဒီတော့ ပြည်သူတွေက နိုင်ငံရေးအပေါ် ဘယ်လိုသဘောထားလဲ ဆိုတာ လေ့လာတဲ့သဘောပါ။ လူတိုင်းက နိုင်ငံရေး လုပ်ပိုင်ခွင့် ရှိတယ်လေ”
အခုအချိန်မှာ လွင်မိုး ဆိုပြီးလည်း နိုင်ငံရေးပါတီ ထောင်ခွင့်ရှိတယ်။ နောင် ၅ နှစ်ကြာရင် လွင်မိုးလည်း အမတ်ဖြစ်ရင် ဖြစ်လာနိုင်တာပေါ့လေ” ဟုပြောသွားကြောင်း။

Ref: irrawaddyblog.com/

Monday, October 4, 2010

0 ရုပ်ရှင်သရုပ်ဆောင် ဒေါ်တင်တင်လှ ဈာပနာမြင်ကွင်းနှင့်သံဝေဂတရား ထပ်မံရရှိခြင်း



သံဝေဂတရား ထပ်မံရရှိခြင်း

ရုပ်ရှင်သရုပ်ဆောင် ဒေါ်တင်တင်လှ အသက် (၆၈) နှစ်သည် ၂.၁၀.၂၀၁၀ (စနေနေ့) နံနက် (၆း၄၅)နာရီ အချိန်၌ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်အနိစ္စ ရောက်ရှိခဲ့ပါသည်။ ကျန်ရစ်သော ရုပ်ခန္ဓာအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ရေဝေးသုဿန် အအေးခန်းသို့ နာရေး ကူညီမှုအသင်း(ရန်ကုန်)က သွားရောက်သယ်ဆောင် ကူညီပေးခဲ့ပါသည်။

ယနေ့ ၄.၁၀.၂၀၁၀ (တနင်္လာနေ့) နံနက် (၁၁း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ နာရေး ကူညီမှုအသင်း(ရန်ကုန်)က အလှူမီနီယမ် မှန်ခေါင်းဖြင့် ဈာပနအခမ်းအနား ပြင်ဆင် ပေးကာ အသင်းသူ/သားများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ၀တ်အဖွဲ့မှ သံဝေဂလင်္ကာများ ရွတ်ဖတ်ပူဇော် အမျှပေးဝေခြင်းတို့ကို ကုသိုလ်ဖြစ်ပေးဆပ် ကူညီပံ့ပိုး ပေးခဲ့ပါသည်။

ရုပ်ရှင်အစည်းအရုံးမှ “နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် သရုပ်ဆောင်များ အနေဖြင့် သွားရောက်ကူညီ သင်ကြားပို့ချပေးခြင်း မပြုလုပ်ရန်” ဟူသော စာထုတ်ခဲ့သော်လည်း အနုပညာရှင်များဖြစ်သော ဘဘ ဦးသုခမှ အစပြု၍ ဒွေး၊ သုမောင်၊ ဂျော်လီဆွေ၊ ညီဘွား၊ ထွန်းထွန်းနိုင်၊ ဇော်ဝမ်း၊ စန္ဒာအောင်သိန်း၊ အေ၀မ်း ဦးလှမျိုး၊ အလှဖန်တီးရှင် မိတ်ကပ် အောင်အောင် (တောင်ကြီး)နှင့် ဇာတ်ပို့ဇာတ်ရံများ၊ လူကြမ်းသရုပ်ဆောင်များ၊ ဟာသသရုပ် ဆောင်များ၊ အနုပညာရှင်များတို့၏ မိဘ ဆွေမျိုးသားချင်းတို့၏ နာရေးကိစ္စများကိုလည်း နာရေးကူညီမှုအသင်း(ရန်ကုန်)က လုပ်ဆောင် ပေးဆပ်လျှက် ရှိပါသည်။

ကျွန်တော်သည် အမေ ဒေါ်တင်တင်လှ၏ အသုဘအခမ်းအနားတွင် မြင်တွေ့ခဲ့ရသော မြင်ကွင်းများက ကျွန်တော်အတွက် သံဝေဂတရားများကို ထပ်မံ၍ ရရှိစေခဲ့သည်။

အကြောင်းမှာ - အမေ ဒေါ်တင်တင်လှသည် ကျွန်တော်တို့၏ ရုပ်ရှင်ဘက်တွင် မင်းသားကြီး ဦးရွှေဘ၊ တွံတေး သိန်းတန်တို့ လက်ထက်ကတည်းက မင်းသမီးအဖြစ် သရုပ်ဆောင်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ ထို့နောက် ရုပ်ရှင်လောကတွင် ရုပ်ရှင်ဖလင်များ ပျက်တောက်သွားသည့် အချိန်တွင် ရုပ်ရှင်လောက သားများ ခေတ္တရုပ်ရှင် အနုပညာလောကနှင့် အလှမ်းဝေးခဲ့ကြရသည်။ တဖန် ဗီဒီယိုများပေါ်ကာစ အချိန်ကာလတွင် ကျွန်တော်၏ ပထမဦးဆုံး သော ဗီဒီယိုဇာတ်ကား ဖြစ်သည့် စာရေးဆရာမ မအေးလေး ၀တ္ထုဖြစ်သော “ဥက္ကာ” အမည်ရှိ ဗီဒီယိုဇာတ်လမ်းတွင် ကျွန်တော်၏ မိခင်အဖြစ် ပြန်လည်၍ ရုပ်ရှင်အနုပညာလောကသို့ ၀င်ရောက် လာခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ကျွန်တော်တို့၏ နောက်မှ ရုပ်ရှင်လောကအတွင်းသို့ ၀င်ရောက် လာသော မင်းသား၊ မင်းသမီးသစ်များ၏ အဒေါ် ဇာတ်ဝင်ခန်း၊ အမေ ဇာတ်ဝင်ခန်း များတွင် ပါဝင်၍ သရုပ်ဆောင်ပေးခဲ့ရသော ၀ါရင့်သရုပ်ဆောင် တစ်ဦးလည်းဖြစ်သည်။ ထို့ပြင် ရုပ်ရှင်လုပ်ငန်း၊ ရုပ်ရှင်အစည်းအရုံးတို့၏ ခိုင်းစေချက်များ (နိုင်ငံတော်ကိစ္စ) ရပ်များကို အချိန် မရွေး မိမိ၏ အလုပ်မအားလပ်သည့်ကြားမှ မိမိ၏ အနုပညာကို အသုံးချကာ ပေးဆပ်နေသူ တစ်ဦးလည်း ဖြစ်သည်။ အမေ ဒေါ်တင်တင်လှ ကဲ့သို့ ရုပ်ရှင်အစည်းအရုံး၏ ခိုင်းစေချက်များကို မိမိတို့၏ ကျန်းမာရေး၊ လူမှုရေး၊ အိမ်တွင်းရေးကိစ္စ အ၀၀တို့ကို စွန့်လွှတ်ကာ ပေးဆပ်ခဲ့ကြသော အနုပညာရှင်ပေါင်းများစွာ ရှိခဲ့သည်။ သို့သော် ယခုကဲ့သို့ နိုင်ငံတော်အတွက်၎င်း၊ ရုပ်ရှင်အစည်းအရုံး အတွက်၎င်း၊ ရုပ်ရှင်လုပ်ငန်းအတွက်၎င်း မညီးမညူပေးဆပ်ခဲ့ကြသော သရုပ်ဆောင်များ၏ နောက်ဆုံး အချိန်ဖြစ်သော ဈာပန အခမ်းအနားများတွင် ထိုကဲ့သို့ ခိုင်းစေခဲ့သော လူပုဂ္ဂိုလ်၊ အသင်းအဖွဲ့၊ အမှုဆောင်များသော်၎င်း၊ အဖွဲ့ဝင်များသော်၎င်း၊ တစ်ဦးတစ်ယောက်မျှ မတွေ့ရှိခဲ့ရခြင်းသည် သံဝေဂရဖွယ် ဖြစ်သည်။ ရုပ်ရှင်အစည်းအရုံး အဖွဲ့ဝင်တစ်ဦး ဖြစ်သည်နှင့်အညီ ရုပ်ရှင်လုပ်ငန်းအတွက်သော်၎င်း၊ ရုပ်ရှင်အစည်းအရုံး ရန်ပုံငွေပွဲများသော်လည်း မည်မျှပင်ပေးဆပ်ခဲ့ပါမူ ဤကမ္ဘာမြေပြင်မှ ထွက်ခွာသွားရသည့် အချိန်တွင် “သင် သွားလိုရာသွားနိုင်ပြီ ကျွန်ုပ်တို့နှင့် ယခု အချိန်မှစ၍ ပတ်သက်ခြင်းမရှိတော့” ဟူသော ပြန်တမ်းစာလေး တစ်စောင်ကိုသာ လူကြုံနှင့် ထည့်ခိုင်းလိုက်ခြင်းသည် မလုပ်သင့် မလုပ်ထိုက်သော လူလူချင်း စာနာစိတ်မရှိသော လုပ်ရပ်ပင် ဖြစ်သည်ဟု ကျွန်တော်ယုံကြည်သည်။

ဝမ်းနည်းကြေကွဲရပါကြောင်း ပန်းခြင်းလေးတစ်ခု၊ ပန်းခွေလေးတစ်ခုကိုမျှ မမြင်တွေ့ခဲ့ရ။ ထိုနေ့ ထိုရက်တွင် ယင်း အနုပညာ အဖွဲ့အစည်းကြီး၏ အမှုဆောင်များ၊ ဥက္ကဌများ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များအားလုံးတို့သည် မည်မျှအရေးကြီးသည့် လုပ်ငန်းတစ်ခုကို တစ်ယောက်မကျန် လုပ်ဆောင် နေရပါသနည်း။

တလက်စတည်း ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် မေဆွိ၏ ဖခင်၊ ထပ်ဆင့်အကယ်ဒမီ ဒေါ်မြင့်မြင့်ခင် (အန်တီဘေဘီ)၏ ခင်ပွန်း ဘ၀တစ်ပါးသို့ ပြောင်းလဲစဉ်ကလည်း ထိုနည်း အတိုင်းပင် မြင်တွေ့ခဲ့ရသည်။

ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် မေဆွိ မြန်မာပြည်တွင်ရှိစဉ်က၄င်း၊ မိခင်ဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ ဒေါ်မြင့်မြင့်ခင် (အန်တီဘေဘီ) မကျန်းမာစဉ် အချိန်က၄င်း နိုင်ငံတော်အခမ်းအနားများ၊ ရန်ပုံငွေပွဲများ တွင် စင်မြင့်ပေါ်သို့ အတင်းအဓမ္မ တက်ခိုင်း၍ “ဟေလားရေ မောင်တို့ …. ဟေလားရေ မောင်တို့” စသည့် သီချင်းကို မောပန်းနွမ်းနယ်မှုများကြားမှ မညှာစတမ်း သီဆိုဖျော်ဖြေ ပေးခဲ့ရသော်လည်း ခင်ပွန်းဖြစ်သူ၏ ဈာပနအခမ်းအနားတွင်တော့ ထိုခိုင်းစေခဲ့သော လူပုဂ္ဂိုလ်များ မတွေ့ရှိခဲ့။

အနုပညာရှင်များသည် လူရယ်လို့ လူ့လောကကြီးထဲ ရောက်လာသည့်အချိန်မှစ၍ ပေးဆပ်မှုများစွာ လောကကြီးအတွက်၊ လူသားများအတွက်၊ နိုင်ငံတော်အတွက် ပေးဆပ်မှုများ ရှိခဲ့သော်လည်း ထိုသူတို့၏ နောက်ဆုံးခရီး ကမ္ဘာမြေကြီးကို နှုတ်ဆက်သည့် အခမ်းအနားတွင် စည်ကားသိုက်မြိုက်စွာဖြင့် နှုတ်ဆက်ခရီးလမ်းကြောင်းကို တက်ညီလက်ညီလာရောက် အားပေးပြုပါက ကျန်ရစ်သူ မိသာစုများအနေဖြင့်၎င်း၊ လာရောက်ကြသော ဧည့်ပရိတ်သတ်များ အတွက်၎င်း အမြင်တင့်တယ်၍ မင်္ဂလာရှိပေမည်။

အချုပ်ဆိုရသော် “ရုပ်ရှင်သည် ပြည်သူ့အတွက်၊ ရုပ်ရှင်အစည်းအရုံးသည် ရုပ်ရှင်လောက သားများအတွက်” ဟူသော ဆောင်ပုဒ်များကို ထုတ်ဖော်ကြွေးကြော်ခဲ့သည့် ရုပ်ရှင်အစည်းအရုံး၊ ရုပ်ရှင်လုပ်ငန်းမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အနုပညာရှင်များ ပတ်သက်ခြင်းမပြုရ ဟူသော စာများထုတ်ပြန်ခဲ့သည့် လူပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့များအနေနှင့် လူလူချင်း စာနာစိတ်မွေးကာ မြတ်ဗုဒ္ဓဟောကြားထားသော ဗြဟ္မစိုရ်တရားလေးပါး (မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာ) အနက်မှ တစ်ပါးတည်းသော ကရုဏာတရားလေးကို လက်ကိုင်ပြု၍ မိမိတို့ အသင်းအဖွဲ့အား စည်းလုံးညီညွတ်စွာဖြင့် အုပ်ချုပ်စေချင်တော့သည်။ သို့တည်း မဟုတ်ပါက မိမိတို့၏ အသင်းအဖွဲ့ အမည်နာမဖြစ်သော ရုပ်ရှင်အစည်းအရုံး ဟူသော အမည်ကို ပြောင်းလဲသင့်ပြီဖြစ်ပါကြောင်း မေတ္တာ ကရုဏာ မုဒိတာ ဥပက္ခာထား၍ ကရုဏာဒေါသောဖြင့် ပြောကြား လိုက်ရပါတော့သည်။

အမေ ဒေါ်တင်တင်လှ၏ ရုပ်အလောင်းအား အအေးခန်းမှ ထုတ်လာစဉ် ခန်းမထဲ အရောက် ကြည့်ရှုလိုက်သောအခါ အမေ၏ အောက်နှုတ်ခမ်းသည် လောကကြီးကို မကျေနပ် ၍၄င်း၊ အနုပညာလောကကြီးကို နာကျဉ်း၍၄င်း၊ ဝေဒနာကို ခံစားရ၍၄င်း … စသည့် နာကျဉ်း မှုများ၊ ကြေကွဲမှုများ၊ မကျေနပ်မှုများကြောင့်လားတော့မသိ။ သွားဖြင့် ပြတ်လုနီးပါး ကိုက်ထားသော ဒဏ်ရာတွင် သွေးစို့နေသည်ကို မြင်တွေ့လိုက်ရသည်။ ဤ ဒဏ်ရာ၏ တရားခံ အဖြေကိုတော့ ကာယကံရှင်များသာ သိပါလိမ့်မည်။

မည်သို့ဖြစ်စေ အများပြည်သူတို့အား ထဲထဲဝင်ဝင် နာရေးကူညီမှု၊ ဆေးဝါးကူညီမှု၊ ပညာဒါန ပေးဆပ်မှု စသည့် လူမှုရေးကောင်းမှုတို့ကို နေ့စဉ်မပျက် အချိန်ပြည့် ပေးဆပ်မှုများ ပြုလုပ်ခွင့်ရခဲ့သည်မှာ (၃) နှစ် တိတိ ရှိခဲ့ပြီ ဖြစ်ပါ၍ ကျွန်တော်အား အနုပညာလုပ်ဆောင်ချက်များ ပိတ်ပင်ခဲ့သော နိုင်ငံတော်မှ လူပုဂ္ဂိုလ်ကြီးများအား ကျေးဇူးအထူးတင်ရှိကာ သာဓု ခေါ်ဆို လိုက်ပါသည်။

ကျော်သူ

Sunday, October 3, 2010

0 အောင်ဆန်းစုကြည်လေးတယောက် မွေးဖွားလာပြီ

ကျွန်တော် ဝေနှင်းပွင့်သုံရဲ့ ဗြိတိသျှလေဘာပါတီကွန်ဖရင့်မှာ တက်ရောက်ပြောကြား ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းလေးကို ကြည့်ပြီး အရမ်းဝမ်းသာကြည်နူးပီတိဖြစ်မိပါတယ်။ ကျွန်တော့ ပါးပြင်တလျှောက် စီးကျလာတဲ့ မျက်ရည်တွေကို ရပ်တန့်သွားအောင်လုပ်ဘို့ ကျွန်တော် မတတ်နိုင်ခဲ့ပါဘူး။

သွေးသစ်လူငယ်များထဲမှ အောင်ဆန်းစုကြည်လေးတယောက် ပေါ်ထွက်လာခဲ့တာကို ကြည့်ရင်း ကြည်နူးမိလို့ ကျတဲ့ မျက်ရည်ပါ။ ကျွန်တော်တို့အားလုံးကို ဝေနှင်းပွင့်သုံဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးကို ကြိုးစားမယ့် လူငယ်တဦးဆိုတာကို သက်သေပြခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ မိန့်ခွန်းပြောကောင်းသူတဦးလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုက်ပွဲအတွက် သွေးသစ်လူငယ်များ အများကြီး လိုအပ်နေပါတယ်။

စစ်အုပ်စုဟာ ဗိုလ်လောင်း မြောက်များစွာကို မွေးထုတ်ပြီး တိုင်းပြည်ကို စစ်အာဏာ စက်အောက်မှာ ထားဘို့ ကြိုးစားနေခဲ့တာ ရာစုနဲ့ချီ ရှိနေပါပြီ။ ကျွန်တော်တို့အနေနဲ့ လူငယ်သွေး သစ်များကို အားပေးပြီး တဦးနဲ့ တဦး ဆက်သွယ်နိုင်နဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေကို ချပေးရမည့် တာဝန်ရှိပါတယ်။ ဒီလူငယ်တွေ တဦးနဲ့တဦး ဆက်သွယ်ကြပြီး မိမိတို့ ကျွမ်းကျင်ရာ ပညာတွေကို ဖလှယ်ကြရင်း အမိမြန်မာပြည်တွင်းမှာ ရှိနေတဲ့ အဖိုးအဖွား၊ အဖေအမေ၊ ဦးကြီး၊ ဦးလေး၊ ဒေါ်ကြီး၊ ဒေါ်လေး၊ အစ်ကို၊ အစ်မ၊ မောင် ညီမတို့ရဲ့ ဒုက္ခကို ဘယ်လို ကယ်တင်ကြမယ်ဆိုတာကို တွေ့ဆုံဆွေးနွေးခွင့်ရကြရင် အရမ်း အကြိုးရှိမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ အနေနဲ့ အောင်ဆန်းစုကြည်လေးပေါင်းများစွာ၊ မင်းကိုနိုင်ပေါင်းများစွာ လိုအပ်ပါတယ်။ ဒီကလေးတွေကို မြေတောင်မြောက်ပေးရမည့် တာဝန် နိုင်ငံခြားကို ထွက်လာတဲ့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။
အမိမြေကို စွန့်ခွာပြီး တတိယနိုင်ငံတွေမှာ အခြေချလာကြတဲ့ တော်လှန်ရေး မိသားစုတွေ ထောင်နဲ့ချီပြီး ရှိနေပါပြီ သူတို့ရဲ့ ရင်သွေးတွေ နိုင်ငံခြားတိုင်းပြည်တွေမှာ ပညာသင်ကြားရင်း အရွယ်ရောက်လာကြပြီ ဖြစ်ပါတယ်။ ဒီလူငယ်တွေဟာ သူတို့အခြေချတဲ့ နိုင်ငံရဲ့ ဘာသာစကားကို အသံနေအသံထားအရ အင်္ဂလိပ်လူမျိုး၊ အမေရိကန်လူမျိုး တွေနဲ့မခြား ပြောနိုင်ဆိုနိုင်ပြီး အစိုးရတွင်း ထိုးဖောက်ဝင်ရောက်နိုင်တဲ့ အနေအထားမှာ ရှိနေပါပြီ။ သူတို့လေးတွေကို လူကြီးတွေဖြစ်တဲ့ ကျွန်တော်တို့တတွေက ပခုံးထမ်းတင် ပေးရမည့် တာဝန်ကို ယူရပါတော့မယ်။

အမေရိကန်ကွန်ဂရက်၊ ဆီနိတ်နဲ့ ဥရောပနိုင်ငံတွေမှာ ထိထိရောက်ရောက် တက် ရောက်ပြောကြားနိုင်မဲ့ လူငယ်မျိုးဆက်သစ်တွေကို နေရာပေးရမယ့်အချိန် ရောက်နေပါပြီ။ ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ သဘာဝရင်းမြစ်တွေဟာ တတိတိနဲ့ သန်းရွှေဓားပြဂိုဏ်းက ရောင်းစားလို့ ကုန်သလောက်ရှိနေပါပြီ။ ဒါကြောင့် လူသားရင်းမြစ် (Human Resources) တွေကို ကျွန်တော်တို့ အားကိုးရပါတော့မယ်။ ဝေနှင်းပွင့်သုံတို့လို လူငယ်သွေးသစ် လေးတွေကို ရှာဖွေပြီး တဦးနဲ့ တဦး မိတ်ဆက်တွေ့ဆုံ ဆွေးနွေးပွဲတွေလုပ်ပေးဘို့အတွက် လူကြီးတွေဖြစ်တဲ့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။

ဒီလိုတာဝန်တွေကို ဘယ်သူတွေက ယူပြီး လုပ်ကြမလဲ? ကျွန်တော့အနေနဲ့ ပါဝင်ကြိုး စားပေးဖို့ ကတိပြုပါတယ်။ လူကြီးတွေဖြစ်တဲ့ တော်လှန်ရေးသမားတွေလို့ ပြောနေကြတဲ့ ခင်ဗျားတို့ကော ပါဝင်ကူညီဘို့ အဆင့်သင့်ဖြစ်ပြီလားလို့ မေးလိုက်ပါတယ်။ လူငယ်တွေကို မြှင့်တင်ပေးမယ်ဆိုတဲ့ စိတ်သန့်သန့်လေးနဲ့ ဝိုင်းဝန်း ပါဝင်ကြဘို့ ဖိတ်ခေါ်ပါတယ်။ ခင်ဗျားတို့ရဲ့ သားသမီးတွေ နိုင်ငံခြားမှာနေပြီး မိမိနိုင်ငံရဲ့ ဒုက္ခတွေကို မမေ့ပါစေနဲ့၊ သူတို့လေးတွေ အားလုံးစုစည်းနိုင်ရင် ကျွန်တော်တို့အတွက် တအားပေါ့။
“လူငယ်သွေးသစ်များ တွေ့ဆုံဆွေးနွေးဖလှယ်ပွဲ” တခုဖြစ်အောင် ဖန်တီးကြပါစို့၊ စိတ်ဝင်စားသူများ မိမိနေထိုင်ရာမြို့များမှ လူငယ်များကို ဆွေးနွေးပြီး ဆက်သွယ်ကြပါ။ တခုမှာချင်တာက လူငယ်များကို ထိန်းချုပ်ဘို့၊ အသုံးချဘို့မဟုတ်ဘဲ သူတို့အချင်းချင်း တွေ့ဆုံပေးရေးကို ဦးစားပေးဆောင်ရွက်နိုင်ဘို့သာဖြစ်တယ်ဆိုတာ ကို အားလုံးရှင်းလင်းစွာ သိစေလိုပါတယ်။

ကျေးဇူးတင်ပါတယ်
ဆက်သွယ်ရန်
ထွန်းအောင်ကျော်
တယ်လီဖုံး 607-339-6054

0 ဘွိုင်းကောက် ၂၀၁၀ ဂျာနယ် အတွဲ(၁) အမှတ် (၅)

Boycott 2010 Vol. 5

1 နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုများမှတ်တမ်းရုပ်/သံ -
နောက်ခံအသံ-ကိုကျော်သူ


ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ မိတ်ဆွေရန်သူ မရွေးတို့၏ နာရေးကိစ္စ၊ ကျန်းမာရေး ကိစ္စအဝဝတို့ကို နိုင်သလောက် ထမ်းဆောင်ပေးဆပ်လျှက် ရှိပါသည်။

ကိုကျော်သူ --
မူရင်းvideo။ ။ Burmese Classic.comမှ

0 ချောက်ပေါက်လား၊ ထွက်ပေါက်လား?


ကာတွန်း ဟန်လေး

ရွေးကောက်ပွဲတဲ့။

သူ အာဏာမလွှဲခဲ့တဲ့ ၁၉၉၀ အထင်ကရ ရွေးကောက်ပွဲကြီးကို ပြည်သူတွေ မေ့လောက်လျော့လောက်အောင် အနှစ် ၂၀ နှပ်ထား ပြီးမှ ရွေးကောက်ပွဲ လုပ်တမ်း ကစားရတာကို ၀ါသနာပါတဲ့ န၊ အ၊ ဖ က နောက်ထပ် ရွေးကောက်ပွဲ အသစ်တခုအဖြစ်နဲ့ လုပ်လိုက်ပြန်တဲ့ ရွေးကောက်ပွဲပါ။

ဒီရွေးကောက်ပွဲမှာကလည်း သူ မောင်ပိုင်ဖြစ်အောင် အဘက်ဘက်က စ စီမံထားပေမဲ့ သူ့ကိုယ်သူ ကျော မလုံသေးတဲ့ န၊ အ၊ ဖ ဟာ အရင် ရွေးကောက်ပွဲတုန်းကလိုပဲ လွှတ်တော်ခေါ်မယ့်ရက်ကို ဂယ်ပေါက်အဖြစ် မရေမရာ ဖြစ်အောင် လုပ်ထားပါသေးတယ်။

ဘာပဲပြောပြော အဲ့ဒီ ရွေးကောက်ပွဲ ဆိုတာကြီးက နီးလာပြန်တယ်ဆိုတော့ အာရုံစိုက်မှု တွေက ပိုကဲလာခဲ့ကြပါပြီ။ ဒါပေမဲ့ အာရုံစိုက်တယ် ဆိုတာ ပြည်သူတွေက အာရုံစိုက်တာ မဟုတ်ပါဘူး။

‘ရွေးကောက်ပွဲ သာလျှင် ဒီမိုကရေစီအတွက် တခုတည်းသော ထွက်ပေါက်ပါ’- လို့ ပြောပြောနေကြတဲ့ နိုင်ငံရေး ပါတီတွေဆိုတာကသာ စိတ်ဝင်တစား အာရုံစိုက်နေကြတာပါ။ ပြည်သူတွေကတော့ ဒါမျိုး- ရိုးနေပြီ ဆိုတာမျိုး... ဘာသိဘာသာပါပဲ။

အဲဒီ နိုင်ငံရေးပါတီခေါင်းဆောင် ဆိုတဲ့ လူတွေ ပြောတဲ့ တခုတည်းသော ထွက်ပေါက် ဆိုတာ ကြားရတော့ ရန်ကုန်က ဘတ်စ်ကား စပယ်ယာ တွေ ပြောနေကျစကားကို သွားသတိရတယ်။ ‘အပေါက်ကို ပိတ်မထားကြပါနဲ့၊ ကျုပ်တို့က အဲဒီအပေါက်ကလေးနဲ့ လုပ်စားနေရတာ ပါ’….တဲ့။ ဘတ်စ်ကားကျပ်ကျပ်ထဲ စိတ်က တိုချင်ချင်ရယ် ဆိုပေမဲ့ စပယ်ယာ့စကား ကြားရတော့ ပြုံးချင်စိတ် ပေါက်လိုက်မိရသေးတယ်။

အခု နိုင်ငံရေးပါတီခေါင်းဆောင် ဆိုတဲ့ လူတွေပြောတဲ့ တစ်ပေါက်တည်းသော အပေါက် ဆိုတာကျတော့ မပြုံးမိတော့ဘူး။ ဒီလောက်တောင် အဘက်ဘက်က လေစိမ်းမတိုးနိုင်အောင် လုပ်ထားတဲ့ ရွေးကောက်ပွဲ အတုအယောင် အစုတ်အပြတ် ကျပ်ကျပ်တည်းတည်း ကြီးထဲမှာ ဒီ တစ်ပေါက်ပဲ ရှိပါတယ်ဆိုတော့ စိတ်တိုမိတော့တယ်။

ဘယ့်နှယ်… ဒီမိုကရေစီပန်းတိုင် ခရီးအတွက် ရွေးကောက်ပွဲဆိုတာက တစ်ခုတည်းသော ထွက်ပေါက် ဟုတ်ရမှာတုန်း။ ရွေးကောက်ပွဲဆိုတာက ဒီမိုကရေစီပန်းတိုင်ကို သွားတဲ့လမ်းမှာ မလွဲမသွေ ကြုံရ ဖြတ်သန်းသွားရမယ့် မှတ်တိုင်တွေပါ။ မှတ်တိုင် ဆိုတာနဲ့ ထွက်ပေါက် ဆိုတာ ဘယ်လို ကွာခြားတယ်ဆိုတာတော့ သိကြမှာပါ။

မှတ်တိုင်ဆိုတာက ကိုယ်သွားရမယ့် ပန်းတိုင်အတွက် ခရီးဘယ်လောက်ပေါက်ခဲ့ပြီ ဆိုတာကို ပြတဲ့ သတ်မှတ်ကမ္ပည်းတင်ချက်ပါ။

ထွက်ပေါက်ဆိုတာကျတော့ ကိုယ်သွားရမယ့် ခရီးပန်းတိုင်အတွက် ဒါမှ မဟုတ်လည်း အန္တရာယ်ရှိနေတဲ့ နေရာက ထွက်ဖို့အတွက် အပေါက်။ ဥပမာ ဆိုပါတော့ မီးလောင်နေတဲ့ အိမ်ထဲကနေ မီးလွတ်ရာကို ထွက်နိုင်မယ့် အပေါက်။ အဲ့ဒီလို ဘေးလွတ်ရာကို ရောက်စေနိုင်ဖို့ အသင့်ဖောက်လုပ်စီမံထားတဲ့ အပေါက်ကိုမှ ထွက်ပေါက်လို့ ခေါ်တာပါ။

ဒါပေမဲ့ အခုတော့ န၊ အ၊ ဖ က ကျင်းပပေးမယ့် ရွေးကောက်ပွဲ ဆိုတာကို ထွက်ပေါက်မှန်း ၀င်ပေါက်မှန်း မှတ်တိုင်မှန်း မသိကြတဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေဟာ န၊ အ၊ ဖ စည်း အထပ်ထပ်ပတ်လည်ချပြီးမှ ဖောက်ပေးထားတဲ့ ချောက်ပေါက်ထဲကို ၀င်ကြဖို့ အားစိုက် တာစူ နေကြလေရဲ့။ အဲဒီအပေါက်ဟာ ထွက်ပေါက်မဟုတ်ဘူး။ ချောက်ထဲကို ဒလိန့်ခေါက်ကွေး ကျမယ့် ချောက်ကမ်းပါးဆီကို ၀င်တဲ့ ချောက်ပေါက်ကြီးပါလား ဆိုတာ အထဲ လုံးလုံးရောက်မှ သိကြပါလိမ့်မယ်။

(voa)

0 ပြည်သူ့ရင်ခွင်မှသည် ဘ၀တက္ကသိုလ်သို့တက်ရောက်သူ ဗိုလ်ကြီးဟောင်း စိုင်းဝင်းကျော်

တပ်မှူး တပ်သား ပြောစကား (၀၂၈)


voaမှ တွေ့ဆုံမေးမြန်းချက်အသံဖိုင်
၁၉၈၈ ရှစ်လေးလုံးလူထုအုံကြွမှု အရေးတော်ပုံကာလမှာ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့သူ၊ စစ်တက္ကသိုလ်ကျောင်းဆင်း ဗိုလ်ကြီးဟောင်းစိုင်းဝင်းကျော်က သူ့ရဲ့ ရှစ်လေးလုံးကာလ ဖြတ်သန်း မှုနဲ့ နိုင်ငံရေးအကျဉ်းသားဘ၀ အတွေ့အကြုံတွေ၊ နိုင်ငံရေးအမြင်တွေကို ဗီအိုအေကို ပြောပြခဲ့ပါတယ်။ ဒီသီတင်းပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ၊ ဗိုလ်ကြီး ဟောင်းစိုင်းဝင်းကျော်ရဲ့ ပြောစကားတွေကို ဦးရော်နီညိမ်းက စီစဉ်တင် ဆက်ထားပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်ကြီး ခင်ဗျ၊ ဗိုလ်ကြီးအနေနဲ့ အဲဒီလိုမျိုး ပြည်သူ့ရင်ခွင်ကို ကူးပြောင်းခဲ့ပြီး မကြာခင်မှာ စစ်အာဏာသိမ်းမှု ဖြစ်တယ်။ ဖြစ်ပြီးတဲ့အခါမှာ ဗိုလ်ကြီး ရွှေ့ ပြောင်းပုန်းအောင်း နေထိုင်နေရတယ်ပေါ့။ ဗိုလ်ကြီး အဖမ်းခံခဲ့ရပြီးတော့ ဗိုလ်ကြီးကို သေဒဏ် ချမှတ်ခံရတယ်။ နောက်ပိုင်းမှာ ဗိုလ်ကြီးက ထောင်ဒဏ်နှစ်ရှည် ကျခံခဲ့ရတယ် ဆိုတာ တော့ ကျနော်တို့ သိထားပါတယ်။ အဲဒါလေးကို အကျဉ်းချုံးပြီးတော့ ပြောပြပေးပါလား ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ကျနော့်အနေနဲ့ ရွှေ့ပြောင်းပြီး ပုန်းအောင်းနေထိုင်ရတဲ့ ကာလတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော် အဆက်အသွယ်ရှိပါတယ်။ နိုင်ငံရေးအခင်းအ ကျင်းက ဘယ်လိုဖြစ်သွားသလဲဆိုတော့ ဗိုလ်ချုပ်ကြီးစောမောင်က ပါတီတွေ မှတ်ပုံတင်ခွင့်ပြုပါတယ်။ ၁၉၈၉ ခုနှစ်မှာ ရွေးကောက်ပွဲကို ၁၉၉၀ ခုနှစ်မှာ ကျင်းပမယ်ဆိုတာကို သူက တစ်နှစ်ကျော်ကျော်လောက် စောပြီးတော့မှ ကြေညာခဲ့ပါတယ်။ အဲဒီတော့ ဒေါ်စု အပါအ၀င် လူကြီးတွေကို ကျနော်တင်ပြပါတယ်။ ကျနော်တို့က အခုချိန်မှာ နိုင်ငံရေးကို တရားဝင်လုပ် လို့လည်း မရဘူး၊ မည်သည့်ပါတီ အဖွဲ့အစည်းကိုမှ ကျနော်တို့ ၀င်လို့မရဘူး၊ ကျနော်တို့က တပ်ပြေးတွေ ဖြစ်နေတယ်၊ ကျနော်တို့အတွက် ဘယ်လို စဉ်းစားပါသလဲလို့ မေးတဲ့အချိန် မှာ ဒေါ်အောင်ဆန်းစုကြည်ကအစ ခေါင်းဆောင်တွေအားလုံးကလည်း “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်” ကိုဖွဲ့စည်းပြီးတော့မှ နိုင်ငံရေးလှုပ်ရှားမှုတွေကို သူတို့ စတင်နေပါပြီ။ သူတို့က ကျနော်တို့ အနေအထားနဲ့ ပတ်သက်ပြီး စဉ်းစားတာကတော့ ဒီကိစ္စတွေဟာ ဒီအချိန်မှာ ကိုင်တွယ်ဖြေရှင်းလို့ မရသေးဘူးပေါ့။ ဒီအချိန်ဟာ စစ်တပ်က အာဏာသိမ်းထားတဲ့အချိန် ဖြစ်နေတဲ့အတွက်ကြောင့် ဘယ်လိုမှ ဖြေရှင်းလို့ မရသေးဘူး။ အဲဒီတော့ အကျပ်အတည်းကာလလေးကို ကြိုးစားပြီးတော့မှ ကိုယ့်အစီစဉ်နဲ့ကိုယ်ပဲ ရန်ုးကန်ပြီးတော့မှဖြေရှင်းပါ။ လှည့် လည်ရွှေ့ပြောင်း ပုန်းအောင်သွားလာပြီး နေထိုင်ပါ။ သူတို့နဲ့လည်း ကျနော်က တရားဝင် အဆက်အသွယ်လုပ်လို့လည်း မရပါဘူး။ ကြားလူတွေကတဆင့် ကျနော် မေးရတာပဲဖြစ်ပါ တယ်။ အဲဒီလိုမျိုး သူတို့ဆီကသဘောထားတွေကို တိတိလင်းလင်းမဟုတ်ပေမယ့် အရိပ်အမြွက်တချို့ ကျနော် သိလိုက်ရပြီးတဲ့ နောက်ပိုင်းမှာ ကျနော် အခုလိုမျိုး လှည့်လည်ရွှေ့ ပြောင်း ပုန်းအောင်းနေထိုင်တာ ဖြစ်ပါတယ်။ အဲဒီတုန်းက ကျနော် ဘာကြောင့် လက်နက်ကိုင်တော်လှန်ရေးကို မရောက်ဖြစ်ခဲ့ သလဲဆိုတော့၊ အဲဒီလိုမျိုး နိုင်ငံရေးအခြေအနေ အခင်း အကျင်းတွေနဲ့ ဆက်စပ်ပြီးတော့မှ သူတို့ရဲ့ မှာကြားချက်အရ ဒီကိစ္စတွေဟာ ရွေးကောက်ပွဲပြီးသွားရင် အားလုံးပြေလည်သွားမှာပါ ဆိုတော့၊ ကျနော့်အနေနဲ့ ၁၉၉၀ ခုနှစ်ရွေးကောက် ပွဲအပေါ်မှာ မျှော်လင့်ပြီးတော့မှ ဒီကြားထဲမှာပဲ တစ်နှစ်လောက် ကာလလေးကို ရွေ့ပြောင်းပုန်းအောင်းနေထိုင်ပြီး တကယ်လို့ နိုင်ငံရေးအပြောင်းအလဲ ဖြစ်လာမယ့် ၉၀ ခုနှစ်နောက် ပိုင်းမှာ အခြေနေတွေ ပြောင်းလဲသွားမယ်ဆိုရင် ကျနော်တို့ ကိုယ်တိုင်လည်း မြန်မာပြည်နိုင်ငံရေးမှာ တတပ်တအား၊ တင်းပြည့်ကျပ်ပြည့် အချိန်ပြည့် ပါဝင်ထမ်းဆောင်မယ်။ မြန်မာ ပြည်ရဲ့ ဒီမိုကရေစီရေးလူ့အခွင့်အရေး ကြိုးပမ်းမှုတွေနဲ့ နိုင်ငံသစ်တည်ထောင်ရေးလုပ်ငန်းတွေမှာ ကျနော်တို့ကိုယ်တိုင် တတ်အားသရွေ့ကိုယ်စွမ်းညာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင် ရွက်မယ်ဆိုတဲ့စိတ်ဓါတ်ကလေးနဲ့ ကျနော် ပုန်းအောင်းနေထိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ပုန်းအောင်းနေထိုင်စဉ်ကာလမှာလည်း အဓိက ကူညီပေးခဲ့တာကတော့ ကျောင်းသားနဲ့ပြည်သူ တွေ ပါပဲ။ ပြည်သူတွေရဲ့ထမင်းကို ကျနော်စားရပါတယ်။ ကျောင်းသားတွေလည်း သူတို့ အသက်နဲ့ ရင်းပြီး ကာကွယ်ခဲ့တာတွေ ရှိပါတယ်။ အဲဒီ ကျေးဇူးတွေလည်း ကျနော် မမေ့ပါ ဘူး ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်ကြီး ခင်ဗျ၊ ရွေးကောက်ပွဲ ပြီးသွာတော့လည်း ဗိုလ်ကြီး မျှော်လင့်သလို ဖြစ်မလာခဲ့ ဘူးပေါ့နော်။ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ အဲဒီမတိုင်ခင် ကျနော်က ၁၉၈၉ခုနှစ် ဧပြီလမှာပဲ ရန်ကုန်မြို့တွင်းတနေရာမှာ အဖမ်းခံရပါတယ်။ နောက်ဆုံး ကျနော် ပုန်းအောင်တိမ်းရှောင်ဖို့ အခက်အခဲ ဖြစ်လာတဲ့အချိန်၊ ကျနော်နဲ့နီးစပ်တဲ့ ဆွေမျိုးအိမ် မှာ သွားရောက်ပုန်းအောင်းစဉ်ကာလမှာ သူတို့ သတင်းရသွားပြီးတော့ ကျနော့်ကို လက်ရဖမ်းဆီးသွားတာ ဖြစ်ပါတယ်။ ဖမ်းဆီးသွား တဲ့နောက်ပိုင်းလည်း အပြင်းအထန်နှိပ်စက်ပြီးတော့မှ ခုနကပြောတဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေကို သူတို့ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ကျနော်ဖြတ်သန်းခဲ့ရတဲ့ ထောင်မကျသေးခင် ကာလက တော့ အဲဒီလို အခြေအနေ တွေပါပဲ ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ ကိုယ်မျှော်လင့်ခဲ့သလို မြန်မာ့နိုင်ငံရေးဟာ ဖြစ်မလာဘူး။ ရွေးကောက်ပွဲ ပြီးသွားရင် ကိုယ့်လုံခြုံရေးကိစ္စ ပြေလည်သွားမယ်ဆိုတာ မြန်မာ့နိုင်ငံရေး တစ်ခုလုံးနဲ့ ယှဉ်လိုက်ရင် မပြောပလောက်တဲ့ မပြေလည်မှုပေါ့။ ဒီလိုမျိုး မြန်မာ့နိုင်ငံရေးတစ်ခုလုံး မပြေမလည်ဆက်ဖြစ်နေတာကို ဗိုလ်ကြီး အကျဉ်းကျနေစဉ်ကာလမှာ တနိုင်ငံလုံးအ တွက် ဘယ်လို ဖြစ်ပေါ်ခံစားမိပါသလဲ ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ထောင်ထဲမှာ ကျနော့်ရဲ့အတွေ့အကြုံတွေကတော့ တန်ဖိုးမဖြတ်နိုင်ပါဘူး ခင်ဗျ။ မြန်မာပြည်နိုင်ငံရေးကို ထောင်ထဲရောက်မှ ကျနော်လည်း နားလည်တာ ပါ။ အစက ကျနော် နားမလည်ပါဘူး။ ကျနော် စာဖတ်ခဲ့တဲ့အတွေ့အကြုံ၊ ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံ ဒါတွေလောက်ပဲ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ ဘ၀တက္ကသိုလ် ထောင်ထဲမှာ ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားရဲဘော်တွေနဲ့ ကျနော် တွေ့ဆုံပြီး သူ့အမြင်ကိုယ့်အမြင် ဆွေးနွေးဖလှယ်ကြပြီး တဖြည်းဖြည်း တည်ဆောက်ခဲ့ရတာတွေ ရှိပါတယ်။ အဲဒီအချိန် မှာပဲ ကျနော့်ယုံကြည်ချက်က ပိုပြီးတော့ ခိုင်မာလာပါတယ်။ ထောင်ထဲမှာ ကျနော် အဘဦးသော်က တို့၊ ဗိုလ်မှူးဂျွန်လှဝင်း တို့၊ အဲဒီလူတွေနဲ့လည်း ကျနော် တွေ့ခဲ့ပါတယ်။ ဗိုလ်မှူးသူရ ဦးငွေလှိုင် ဆို အန်အယ်လ်ဒီ ကပါပဲ။ အင်းစိန် အမတ်ပေါ့၊ အဲဒီတုန်းက သူတို့နဲ့ ကျနော် တွေ့ခဲ့ပါတယ်။ နောက်တစ်ခုက ၄၈၂၈ (ဗမာပြည်ကွန်မြူနစ်ပါတီ၏ မြေအောက်ကလပ်စည်း) ကိုသက်ခိုင်အမှုတွဲတွေ ဗိုလ်စက်ရောင်တို့ နောက်ပြီးတော့ ပဲခူးရိုးမထိုးဖောက်အဖွဲ့တွေ ၊ ဘီဘီစီသတင်းထောက် ဦးနေမင်းတို့၊ တိုက်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေပေါင်းစုံ ကျနော် တို့ အတူတကွ လက်ရည်တပြင်တည်း စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုကို ကြံ့ကြံ့ခံရင်ဆိုင်ပြီးတော့ ဖြတ်သန်းခဲ့ရတာတွေ ရှိပါတယ်။ အဲဒီမှာ တဖြည်းဖြည်း ကျနော် အတွေ့အကြုံတွေ ပို ရ လာတယ်။ ယုံကြည်ချက်တွေ ပိုခိုင်မာလာတယ်။ အဲဒီမှာ ကျနော်တို့ သတင်းတွေနဲ့လည်း အဆက်မပြတ်ပါဘူး ခင်ဗျ။ ၁၉၉၀ခုနှစ်ရွေးကောက်ပွဲကို ကျနော်တို့အားလုံးက မျှော်လင့် တကြီးနဲ့ စောင့်စားခဲ့ပါတယ်။ ကျနော်တို့ မျှော်လင့်ခဲ့တဲ့အတိုင်းလည်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အန်အယ်လ်ဒီပါတီက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရွေးကောက်ပွဲ မ၀င်ပေမယ့်လည်း ပြတ်ပြတ်သားသားအနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက န၀တက ဘယ်လောက်ထိ ညစ်ပတ်သလဲဆိုလျှင် ရွေးကောက်ပွဲ အဖြေရလဒ်ကို (၃)လ ကြာအောင် အချိန်ဆွဲပြီးတော့ ရေဒီယိုကနေ တစ်ခုချင်း ကြေညာသွားတယ်ဆိုတာ ကျနော် မှတ်မှတ်ရရ ရှိနေပါတယ်။ ဆက်သွယ်ရေး၊ ရာသီဥတု အကြောင်းပြချက်တွေနဲ့ တစ်ညမှာ တစ်မြို့နယ်၊ နှစ်မြို့နယ်လောက် ကြေညာသွားပြီး မြို့နယ်အားလုံးပေါင်း သုံးရာကျော်ကို သုံးလလောက် အချိန်ဆွဲပြီး ကြေညာသွားတာပါ။ အဲဒီတော့ ကျနော်တို့ အနေနဲ့ ၁၉၉၀ခုနှစ်ရွေးကောက်ပွဲ ပြီးတဲ့နောက်ပိုင်းမှာ ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ ကတိအတိုင်း သူတို့အားလုံးဟာ စစ်တမ်းလျားကို ပြန်သွားပြီးတော့မှ နိုင်ငံတော်အာဏာကို အနိုင်ရရှိထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ထံ လွှဲပေးမှာပဲလို့ ကျနော်တို့ မျှော်လင့်ခဲ့ကြပါတယ်။ မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတဲ့အခါ ၁၉၉၀ခုနှစ် စက်တင်ဘာလ (၂၅) ရက်နေ့မှာ ထောင်တွင်းဆူပူမှု ဖြစ်ပါတယ် ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ဒီ ဆူပူမှုတွေဟာလည်း ချက်ချင်း ထပြီးဖြစ်တာ မဟုတ်ပါဘူး။ ထောင်အာဏာပိုင်တွေ ရဲ့ မတရားဖိနှိပ်မှုတွေကို နောက်ဆုံး ဘယ်လိုမှ မခံနိုင်တဲ့အဆုံး မှာ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးပါတဲ့၊ တခြားအဆောင်က ရာဇ၀တ်မှုအကျဉ်းသားတွေ မပါတဲ့ နိုင်ငံရေးလှုပ်ရှားမှုကြီးတစ်ခု ထောင်ထဲမှာ ဖြစ်ခဲ့တာပါ။ သေဒဏ်ကျ တဲ့ အကျဉ်းသားတွေလည်း ပါပါတယ်။ ကျနော်တို့လို နှစ်ကြီးကျတဲ့ တိုက်ထဲမှာရှိနေတဲ့ အကျဉ်းသားတွေ အားလုံကပါဝင်ပြီး (၉၀)ခုနှစ်ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော် ပေးဖို့ ၊ အမြန်ဆုံး အာဏာလွှဲပြောင်းပေးဖို့၊ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ဆိုတဲ့ အော်ဟစ်ကြွေးကြော်ပြီးတော့ တောင်းဆိုတာ ရှိပါတယ်။ ငြိမ်းချမ်းတဲ့နည်းလမ်း နဲ့ ဆန္ဒပြပြီး ကျနော်တို့ တောင်းဆိုတာပါ။ အဲဒီအတွက်ကြောင့်လည်း ထောင်အာဏာပိုင်တွေက ၁၉၉၀ ခုနှစ် စက်တင်ဘာလ (၂၅) ရက်နေ့မှာ ကျနော်တို့ကို အကြီးအကျယ် တနေ ကုန် ရိုက်နှက်ပြီးတော့မှ စစ်ခွေးတိုက်ထဲထည့် နောက်တစ်နေ့ မနက်အစောကြီးမှာ သရက်ထောင်ကိုပြောင်းတဲ့ အနေအထားမျိုးထိ ဖြစ်သွားပါတယ်။ အဲဒီတော့ ကျနော်တို့ အနေနဲ့က တော့ နောက်ပိုင်းမှာ တိုက်ပွဲဟာ ဆက်လက်တည်ရှိနေဦးမှာပါလား၊ မြန်မာပြည်ရဲ့ ဒီမိုကရေစီ အရေးအခင်းဟာ မပြီးဆုံးသေးဘူး။ အကျပ်အတည်းတွေဟာ ရှေ့မှာအများကြီးရှိနေ တယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ အများကြီး ဖြတ်သန်းရဦးမယ်ဆိုတာ ကျနော်သဘောပေါက်ခဲ့ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ ဗိုလ်ကြီးရဲ့ အခုလို နိုင်ငံရေးအကျဉ်းသားအဖြစ် ဖြတ်သန်းခဲ့မှု အတွေ့အကြုံ၊ နောက်တခါ လွတ်မြောက်နယ်မြေကို ရောက်ရှိလာတဲ့အချိန်မှာလည်း ဗိုလ်ကြီးဟာ ဒီအတိုင်းမနေဘူး၊ နိုင်ငံအတွက် ဆက်လုပ်တယ်။ ပြည်ပမှာအခြေစိုက်တဲ့ “မြန်မာနိုင်ငံ မျိုးချစ်စစ်သည်ဟောင်းများ အစည်းအရုံး” ကို ဗိုလ်ကြီးဟာ စတင် လှုံ့ဆော်တည် ထောင်သူ တစ်ဦးလည်း ဖြစ်တယ်။ ခုနက ဗိုလ်ကြီးပြောသလို ကိုယ်က ပြည်သူ့ ရင်ခွင်ထဲကို ကူးပြောင်းတယ်ဆိုပြီးတော့ ရှစ်လေးလုံးအချိန် ကူးပြောင်းလိုက်စဉ်တုန်းကတော့ emotion (စိတ်ခံစားမှု) အရ မတရားမှုတွေ ဒီလောက်ဖြစ်နေတာ ငါ မတရားတဲ့ဘက်မှာတော့ မနေချင်ဘူး ဆိုတဲ့ စိတ်ဓာတ်ခံယူချက်မျိုးနဲ့ ကူးပြောင်းခဲ့ပြီးတော့ နောက် နှစ်ရှည်နိုင်ငံ ရေးအကျဉ်းသား ဖြစ်လာတဲ့အခါမှာ နိုင်ငံရေးကို ပိုနားလည်လာတယ်၊ ပိုရင့်ကျက်လာတယ် ပိုသိလာတယ် ဆိုတော့ အဲဒီအနေအထားကနေ အခု မြန်မာပြည် နိုင်ငံရေးအခင်းအကျင်း ကို ဗိုလ်ကြီး ဘယ်လိုမြင်ပါသလဲ၊ အထူးသဖြင့်ပေါ့နော်၊ ဗိုလ်ကြီးက တပ်မတော်အထဲမှာ နေခဲ့တဲ့လူဖြစ်တဲ့အတွက်ကြောင့်မို့ ကိုယ့်အထက်တပ်မှူးတွေရဲ့ mentality စိတ်နေစိတ်ထား၊ သဘောထား လုပ်နည်းကိုင်နည်းတွေ ဗိုလ်ကြီး သိနေမယ်လို့ ကျနော် ထင်ပါတယ်။ အခု လက်ရှိ စစ်ခေါင်းဆောင်တွေဟာ ဗိုလ်ကြီးတို့ ရှိစဉ်အခါတုန်းက ဗိုလ်ကြီးတို့နဲ့ သိပ်မကွာတဲ့ စစ်ခေါင်းဆောင်တွေပါ။ အဲဒီတော့ ဒီအချက်တွေပေါ် မူတည်ပြီးတော့ ယနေ့ လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းနဲ့ နောက်လာမယ့်အလားအလာ၊ အခု ၂၀၁၀ ရွေးကောက်ပွဲကို ပြ ထားပြီးတော့ စစ်အစိုးရလှုပ်ရှားနေမှုအပေါ်မှာ ဗိုလ်ကြီး သုံးသပ်ပေးပါ ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နတခ(အနောက်တောင်တိုင်းစစ်ဌာနချုပ်) တိုင်းမှူး၊ ကျနော်က ခလရ (၅၁)မှာ တပ်စုမှူး၊ အဲဒီတော့ သူ ကျနော်တို့ တပ်ကို လာ စစ်တဲ့အချိန်မှာ ကျနော်တို့ တွေ့ဖူးပါတယ်။ သူ ဦးဆောင်တဲ့ စစ်ဆင်ရေးတွေမှာလည်း ကျနော်တို့ ပါဝင်ခဲ့ရပါတယ်။ အခုအချိန်မှာ ကျနော်မြင်တာကတော့ ဗမာ့တပ်မတော်ဟာ အကြီး အကျယ်ပြောင်းလဲသွားပြီ ခင်ဗျ၊ ပြောင်းလဲသွားတဲ့နောက်ပိုင်းမှာ တစ်ဦးတစ်ယောက် ခေါင်းဆောင်မှုဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဦးဆောင်မှုကို ဘယ်သူမှ မတွန်းလှန်ရဲတဲ့အနေ အထား ဖြစ်နေပါတယ်။ ဒီလို အနေအထား ဖြစ်နေတယ်ဆိုတာ သိပ်ကောင်းတဲ့အလားအလာတော့ မဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရေးကို ဦးတည်ပြီးတော့မှ တပ်မတော်ကို တည်ဆောက်နေ တယ်။ နိုင်ငံတော်ကို လုပ်ချင်သလိုလုပ်နေတယ် ဆိုရင်၊ ဒါဟာ ကောင်းတဲ့အလားအလာတော့ မဟုတ်ပါဘူး။ နောက်တစ်ခုက စစ်သားဆိုရင် ကတိတည်ရပါတယ်။ ကိုယ်ပေးတဲ့ကတိ ကို အောင်မြင်အောင် အကောင်အထည်ဖော်ရပါတယ်။ အဲဒီတော့ ကောင်းကောင်းဆိုးဆိုး ကိုယ့်ကတိအတိုင်း ဖြစ်လာတဲ့ရလဒ်တွေအပေါ် မူတည်ပြီးတော့ ဆက်လက်လုပ်ဆောင် သွား ဖို့လိုပါတယ်။ ဒါပေမယ့် ကျနော်တို့ တပ်မတော်ခေါင်းဆောင်အများစုက ဘာဖြစ်နေသလဲဆိုလျှင် ကျနော် လေ့လာမိသလောက် အခုအချိန်မှာ အများကြီးလည်း ပျက်စီးသွားပြီ။ ပြည်သူလူထုကို ရင်ဝယ်သားလို သဘောမထားနိုင်တော့ဘူး အတိုက်အခံတွေကို ရက်ရက်စက်စက် ဖိနှိပ်၊ နှိပ်ကွပ်နေတယ်။ နိုင်ငံရေးလွတ်လပ်ခွင့်၊ ဒီမိုကရေစီလွတ်လပ်ခွင့်၊လူ့အခွင့် အရေးတွေကအစ ဘာမှ ဂရုမစိုက်တော့ဘူး။ တိုင်းရင်းသား အ ခွင့်အရေး၊ ပြည်နယ်တွေရဲ့အခွင့်အရေး၊ ပြည်သူလူထုရဲ့ ဘ၀တွေကိုလည်း မစာနာတော့ဘူး။ ဒီအချိန်မှာ ကိုယ့်မိ သားစု ကိုယ့်ဆွေမျိုးသားချင်း ကောင်းစားရေးတွေပဲ လုပ်နေကြတယ် ခင်ဗျ။ အဲဒီတော့ အခုချိန်မှာ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့မိသားစုတွေ ဆွေမျိုးသားချင်းတွေက အရမ်းကို ကြွယ်ဝချမ်းသာလာပြီးတော့ မြန်မာပြည်ရဲ့ ကျန်တဲ့ သာမန်ပြည်သူလူထုအများစုက ကုန်းကောက်စရာမရှိအောင် ဆင်းရဲမွဲတေပြီး နိမ့်ကျသွားတဲ့ အနေအထား ရှိပါတယ်။ အဲဒီအတွက်ကြောင့် ကျနော် စိတ်မကောင်းပါဘူး။ ဒါတွေဟာ စစ်အာဏာရှင်စနစ်ဆိုးရဲ့ ပြယုဂ်တွေပါ။ ဒါပေမယ့် တစ်ဖက်ကလည်း ဗိုလ်ကြီးအုန်းကျော်မြင့်တို့က အစ အမှန်တရားကို ဦးတည်ပြီးတော့မှ ပြောခဲ့ဆိုခဲ့တာတွေ ရှိပါတယ်။ (၈၈)အရေးအခင်းမှာ ကျနော်ပါဝင်ခဲ့တယ်။ အဲဒီတော့ ကျနော်တို့ အမှန်တရားပြောဆိုမှုတွေဟာ ရလဒ်တွေအနေနဲ့ အခု တပ်မတော် ထဲမှာ မျိုးဆက်သစ်တွေ ကကော၊ ကျနော့်ထက် စီနီယာကျတဲ့ အစ်ကိုကြီးတွေ ကကော၊ ကျနော့်ထက် ဂျူနီယာကျတဲ့ ညီငယ်တွေ ကကော၊ ကျနော်နဲ့ level တန်းတူ အဆင့်ရှိတဲ့ တချို့သော အရာရှိတွေ ကကော၊ အတွေးအမြင်တွေ ပြောင်းလဲပြီး၊ အမှန်တရားကို ဖော်ထုတ်ပြောဆိုရဲတဲ့ သတ္တိတွေရှိလာတယ်။ အင်မတန်မှ အားရစရာကောင်းတဲ့ လေးစားထိုက် တဲ့ ပုဂ္ဂိုလ်တွေ ပေါ်ထွက်လာတယ်။ နောက်ပြီး သေဒဏ်နဲ့ တစ်သက်တစ်ကျွန်း ကျသွားတဲ့ တချို့ပုဂ္ဂိုလ်တွေလည်း ထွက်လာတယ်ဆိုတော့ အမှန်တရားကိုမူတည်ပြီး ပြောရဲဆိုရဲလုပ် ရဲကိုင်ရဲရှိတဲ့ အရာရှိ အကြပ် စစ်သည်တွေ တပ်မတော်ထဲမှာ အများကြီးပေါ်ပေါက်လာဖို့ ကျနော့်အနေနဲ့ အများကြီး ဂုဏ်ယူပါတယ် ခင်ဗျ။ ၀မ်းသာပါတယ်။ ဒါဟာ ကျနော်တို့နိုင်ငံ ပြု ပြင်ပြောင်းလဲတိုးတက်ဖို့အတွက် ကောင်းတဲ့ အလားအလာပဲလို့ ကျနော်တော့ ယူဆပါတယ်ခင်ဗျ။ အမှန်တရာကို လိုလားပြီး အမှန်တရားကို ပြောရဲဆိုရဲသတ္တိရှိတဲ့၊ အမှန်တရားဘက် က ရပ်တည်တဲ့၊ ပြည်သူလူထုနဲ့ နိုင်ငံတကာအခြေအနေတွေကို နားလည်တဲ့၊ တိုးတက်တဲ့ အသိအမြင် အတွေး အခေါ်ရှိတဲ့၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာတန်ဘိုး ထားတတ်တဲ့၊ ငြိမ်းချမ်းရေးကို လိုလားမြတ်နိုးတဲ့ တပ်မတော်သားနဲ့ပြည်သူတွေ အများစုကသာလျှင် မြန်မာပြည်နိုင်ငံရေးကို အဓိကကျတဲ့နေရာမှာ အဆုံးအဖြတ်ပေးပြီး အပြောင်းအ လဲကြီး တစ်ခုဟာ မကြာခင်ကာလအတွင်းမှာ ဖြစ်ပေါ်လာမယ်လို့ ကျနော့်အနေနဲ့ အကောင်းဆုံး ကို မျှော်လင့်ထားပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီးကာလမှာ ပြည်သူလူထုကိုပစ်ခတ်နှိမ်နင်းဖို့ တာဝန်ပေးခြင်းခံထားရတဲ့ တပ်မတော်အရာရှိအဖြစ်ကနေ ပြည်သူလူထုဘက် ကို ကူးပြောင်းပါဝင်ခဲ့သူ၊ အခုအခါ ပြည်ပမှာအခြေစိုက်တဲ့ “မြန်မာနိုင်ငံ မျိုးချစ်စစ်သည်ဟောင်းများ အစည်းအရုံး”ကို စတင် တည်ထောင်သူတွေထဲက တစ်ဦးဖြစ်ခဲ့တဲ့ ဗိုလ်ကြီးဟောင်း စိုင်းဝင်းကျော်ရဲ့ စစ်သားဘ၀ကနေ မမျှော်လင့်ဘဲ နိုင်ငံရေးအကျဉ်းသားအထိဖြစ်လာတဲ့ နိုင်ငံရေးအတွေ့အကြုံတွေကို တင်ဆက်ပေးခဲ့တာပါ ခင်ဗျာ။ မကြာသေးခင်က အသစ်ခန့်အပ် လိုက်တဲ့ မြန်မာ့တပ်မတော်ရဲ့ ဒုတိယတန်းစစ်ခေါင်းဆောင်တွေ ဖြစ်ကြသူ စစ်တိုင်းမှူး(၁၃)ဦးထဲမှာ ဗိုလ်ကြီးဟောင်းစိုင်းဝင်းကျော် တက်ရောက်ခဲ့တဲ့ စစ်တက္ကသိုလ်ဗိုလ်သင်တန်း အ ပတ်စဉ်(၂၄)က ကျောင်းဆင်းတဲ့ စစ်တိုင်းမှူး(၅)ဦး ပါရှိပါတယ်။ ကျန်တဲ့ စစ်တိုင်းမှူးတွေဟာလည်း ဗိုလ်ကြီးစိုင်းဝင်းကျော်ထက် နှစ်အနည်းငယ်ပဲစောပြီး ဗိုလ်သင်တန်းဆင်းသူ၊ နှစ်အ နည်းငယ်ပဲ နောက်ကျပြီး ဗိုလ်သင်တန်းဆင်းကြသူတွေပါ။ လာမယ့် အောက်တိုဘာလ(၁၀)ရက် တနင်္ဂနွေနေ့မနက် “တပ်မှူးတပ်သား ပြောစကား ” အပတ်စဉ်ကဏ္ဍမှာတော့ ဗိုလ်ကြီး ဟောင်းစိုင်းဝင်းကျော်က သူနဲ့ခေတ်ပြိုင် လက်ရှိစစ်တိုင်းမှူးတွေနဲ့ ပတ်သက်ပြီး သုံးသပ်တင်ပြထားတာတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ စောင့်မျှော်နားဆင်ကြပါ ခင်ဗျာ။ ကျနော် ရော်နီညိမ်းပါ။

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.