Wednesday, October 6, 2010

0 ခေတ်ဆိုးကြီးထဲက ရှားရှားပါးပါး ခံစားရတဲ့ ပီတိလေး


ခေတ်ဆိုးကြီးထဲက ရှားရှားပါးပါး ခံစားရတဲ့ ပီတိလေး


မောင်ခင်အေးတင့်(မဒေါက်)

၂၀၁၀ခုနှစ် အောက်တိုဘာလ(၅)ရက်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တွေက ဦးစီးဦးဆောင်ပြုပြီး ပြီးခဲ့တဲ့ အောက်တိုဘာ(၂)ရက်နေ့မှာ စည်းလုံး ညီညွတ်သော တိုင်းရင်းသားမဟာမိတ်များအဖွဲ့ချုပ် (UNA)က အသက်အရွယ်အရရော ရပ်တည်ယုံကြည်ချက်အရ ကြီးရင့်ပြီဖြစ်တဲ့ ချင်းအမျိုးသား ဦးပူကျင်ရှင်းထန်နဲ့ ဦးထောင်ကိုထန်းတို့ကို သွားရောက်ဂါရ၀ပြု ရှစ်ခိုးကန်တော့ကြပါတယ်။

ဒါဟာ ဒီလို ခေတ်ဆိုးစနစ်ဆိုးကြီးမှာ အင်မတိအင်မတန် ရှားပါးလှတဲ့ ကြည်နူးနှစ်လိုဖွယ်ကောင်းပြီး အံ့ဩ၀မ်းမြောက်ဖွယ် လုပ်ရပ်တခုလည်း ဖြစ်ပါတယ်။ ကျနော်တို့အားလုံး သာဓု ခေါ်ကြရမှာပါ၊ ခရစ်ယာန်ယုံကြည်သူများအတွက်တော့ ကောင်းချီး ပေးရမှာဖြစ်သလို အစ္စလာမ်ဘာသာဝင်များအတွက်လည်း အလ္လာမ် ပြုကြရမယ့်ကိစ္စပါ။

ထူးခြားတာက ဒီလုပ်ရပ်မျိုးက အင်မတန် အတုယူနမူနာယူစရာ တခုပါ။ ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်သူများက ခရစ်ယာန် ကိုးကွယ်ယုံကြည်သူကို သွားရောက်ရှစ်ခိုးကန်တော့တယ်ဆိုတာ ဖြစ်တောင့်ဖြစ်ခဲ ကြားဖို့ခဲယဉ်းတဲ့ ကိစ္စမျိုးပါ။

ဘာကြောင့်ဆို ဗုဒ္ဓဘာသာဝင်တွေက လက်ဆယ်ဖြာ ဦးထိပ်ပန်ဆင် ရှစ်ခိုးကန်တော့တာဟာ အသက်အရွယ်ကြီးရင့်လာတဲ့ သူတွေ၊ လောကီကောင်းကျိုး လောကုတ္တရာကောင်းကျိုး ဆောင်ရွက်တဲ့သူတွေ၊ မိမိယုံကြည်ချက်အပေါ်မှာ စွဲစွဲမြဲမြဲ တစိုက် မတ်မတ် ရပ်တည်ရှင်သန် ရုန်းကန်အားထုတ်နေတဲ့သူတွေ၊ လောက၀ါစဉ် ကြီးရင့်တဲ့သူတွေနဲ့ အနီးဆုံးဆိုရင် မိမိကိုယ်ကျိုး ကို မငဲ့ကွက်ဘဲ အများပြည်သူကောင်းကျိုးအတွက် ကြိုးပမ်းဆောင်ရွက်တဲ့သူတွေကို ဦးညွတ်ဂါရ၀ပြုတဲ့ ကောင်းကျိုးအမှု ကိစ္စတခုပါ။

ဒါ့ပြင် ပူဇော်ခံပုဂ္ဂိုလ်ကြီးတွေရဲ့ နိုင်ငံရေးသီလဂုဏ်၊ ကျင့်ဝတ်သိက္ခာဂုဏ်နဲ့ လူမှုကျင့်ဝတ်ဂုဏ်တွေကို လေးစားကြည်ညို မှုရှိလို့၊ အားကိုးယုံကြည်မှုရှိလို့ အခုလို လာရောက်ဂါရ၀ပြု ရှစ်ခိုးကန်တော့ရတာပါ။ ဘဘတို့နောက်မှာ ကျနော်တို့ လူငယ်မျိုးဆက်သစ်တွေ အခိုင်အမာ ရပ်ခံရှိနေပါတယ်၊ ဘဘတို့ရဲ့ လမ်းညွှန်မှာကြားချက်၊ ဆုံးမဩ၀ါဒတွေကို ခံယူ လိုက်နာဖို့နဲ့ ဘဘတို့ ဖြစ်စေချင် ရောက်ရှိချင်တဲ့ ပန်းတိုင်ကိုလည်း မရောက်ရောက်အောင် ဆက်လက်ချီတက် ကျင့်ကြံကျိုးကုတ် လုပ်ဆောင်သွားပါ့မယ်ဆိုတဲ့ ရင်တွင်းစကားသံကိုလည်း ထင်ဟပ်စေနိုင်မှာပါ။

ချင်းအမျိုးသားကြီး ဦးပူကျင့်ရှင်းထန်နဲ့ ဦးထောင်ကိုထန်းတို့အနေနဲ့လည်း လူငယ်တွေရဲ့ ဒီလုပ်ရပ်အပေါ် အံ့အားတသင့် ၀မ်းသားအယ်လဲ ပီတရသကို ခံစားကြရမယ်လို့လည်း တွေးထင်မိပါတယ်။ အင်မတန်မှကို ကြည်နူးစရာ ၀မ်းသာစရာ ပီတိဖြစ်စရာကောင်းတဲ့ ကောင်းမှုပြုချက်ပါ။ ဂါရဝေစ နိဝါတောစဆိုတဲ့ ပူဇော်ထိုက်သူကို ပူဇော်ခြင်းဟာ ဗုဒ္ဓရဲ့ (၃၈)ဖြာ မင်္ဂလာတရားတော်နဲ့လည်း ကိုက်ညီပါတယ်။ အင်မတန် ယဉ်ကျေးသိမ်မွေ့လွန်းတဲ့ ပြုမူချက်ပါ။

အခြားသက်ဆိုင်ရာ ဘာသာတရား ကိုးကွယ်ယုံကြည်သူတွေမှာလည်း ဒီလိုအလေ့အထ အပြုအမူမျိုးတွေ ကိုယ်စီကိုယ်င ရှိကြမှာပါပဲ။ ပြုမှုဆောင်ရွက်ပုံ နည်းလမ်းပိုင်းမှာသာ မတူတာ ကွဲပြားတာ ရှိကြပါလိမ့်မယ်၊ အနှစ်သာရပိုင်းအနေနဲ့တော့ အထူးအခြား ကွဲပြားလိမ့်မယ် မထင်ပါဘူး။

ခရစ်ယာန်ဘာသာဝင်တွေဆိုရင်လည်း အသက်အရွယ်ကြီးရင့်တဲ့သူတွေ၊ သာသနာအတွက် စဉ်ဆက်မပြတ် ကြိုးကုတ် အားထုတ် ၀တ်ဖြည့်နေသူတွေ၊ လူအများကောင်းကျိုးချမ်းသာကို လုပ်ဆောင်နေသူတွေကို အစဉ်ချီးမြှောက် ကောင်းချီးပေး ဆုတောင်းပေးလေ့ရှိပါတယ်။ ဒါဟာလည်း အနှစ်သာရပိုင်းကကြည့်ရင် ဂါရဝေစ နိဝါတောစဆိုတဲ့ လူသားယဉ်ကျေးမှုတခုကို ဖော်ဆောင်နေတာ ဖြစ်ပါတယ်။

သက်ဆိုင်ရာ အခြားဘာသာဝင်တွေအနေနဲ့လည်း လုပ်ဆောင်ပြုမှုပုံ နည်းလမ်းပိုင်း ကွာခြားနိုင်ပေမဲ့ တကယ့် အနှစ်သာရ ပိုင်းကတော့ ဒီသဘောပဲ ဖြစ်ကြပါလိမ့်မယ်။ ဘာကြောင့်ဆို သက်ဆိုင်ရာ ဘာသာဝင်တိုင်းအပေါ် မိမိတို့ ကိုးကွယ်ယုံကြည် အားထားကြတဲ့သူတွေရဲ့ သင်ကြားချက်၊ ဩ၀ါဒတွေက အခြေခံအားဖြင့် တူညီနေကြလို့ ဖြစ်ပါတယ်။

ဒါကိုက ယဉ်ကျေးမှုတိုင်းဟာ တခုနဲ့တခု နှီးနှောဆက်နွယ်နေတာကို ဖော်ပြတာပါပဲ။ အခြေခံအယူအဆ သဘောတရား တွေက တူညီကြပါတယ်။ ဒီကမှ ရေမြေသဘာဝ၊ လူမှုဘ၀ ပတ်ဝန်းကျင်အပေါ်တည်ပြီး ကျင့်ကြံဖော်ဆောင်ပုံ နည်းလမ်းပိုင်း ကွဲပြားသွားတဲ့အတွက် အချို့သော ယဉ်ကျေးမှုအစိပ်အပိုင်းတွေလည်း အသွင်တမျိုးစီဖြစ်သွားတာပါ။

ဗုဒ္ဓ၀ါဒမှာဆို မဟာဂရုဏာရှင် ကြီးမြတ်သော မဟာလူသားကြီး မြတ်စွာဘုရားရှင်က ဗုဒ္ဓဘာသာဝင်တိုင်း လက်ခံလိုက်နာ ကျင့်ကြံအားထုတ်ရမယ့် အနိမ့်ဆုံး အခြေခံတရားဖြစ်တဲ့ (၅)ပါးသီလကို စောင့်ထိန်းရမယ်၊ ဒီလို အခြေခံတရား(၅)ပါးကို စောင့်ထိန်းကျင့်ကြံမှသာ ဗုဒ္ဓဘာသာဝင်အစစ် ဖြစ်တော်မူတယ်၊ ဒါမှလည်း ဗုဒ္ဓသာသနာတော်ကို ပြန့်ပွားအောင် လုပ်ဆောင်နေတာ၊ ကာကွယ်စောင့်ရှောက်နေတာဖြစ်တယ်လို့ လမ်းညွှန်ပြသ သင်ကြားပေးခဲ့ပါတယ်။

အလားတူ ခရစ်ယာန်ဘာသာမှာဆိုရင်လည်း ထာဝရဘုရားသခင် ယေရှု့ကိုယ်တော်၊ အစ္စလာမ်ဘာသာမှာဆိုရင်လည်း အလ္လာအရှင်မြတ် မိုဟာမက်သခင်နဲ့ အခြားသော ဘာသာတရားတွေမှာလည်း ဒီလိုမျိုး စစ်မှန်တဲ့ လူသားပီသတဲ့ လူသားဆန်တဲ့ လူသားယဉ်ကျေးမှုတွေ အသီးသီးရှိကြမှာ ဧကန်မုချ ဖြစ်ပါလိမ့်မယ်။

တနည်းပြောရင်တော့ ကမ္ဘာ့လူသားထုအားလုံးကို အေးချမ်းတည်ငြိမ်အောင် ငြိမ်းချမ်းသာယာ ကြည်နူးဖွယ်ကောင်းတဲ့ ဘ၀အစစ်အမှန်ကို ရေရှည်တသက်တာလုံး ခံစားရရှိအောင် ဆုံးမလမ်းညွှန်ပေးနေတဲ့ လူသားယဉ်ကျေးမှုတရပ် ဖြစ်ပါတယ်။ လူသားထုတရပ်လုံးအတွက် လူသားအပေါင်းကို အရိုင်းအစိုင်းစိတ် တိရစ္ဆာန်စိတ်တွေ မဖြစ်ပေါ်ရအောင် ထိန်းကျောင်းပဲ့ပြင် သင်ကြားပေးလာတဲ့ လူသားယဉ်ကျေးမှုတွေ ကိုယ်စီရှိနေတာရဲ့ ဖွင့်လှစ်ဖော်ပြချက်ပါပဲ။

ဘာသာတိုင်းသာသနာတိုင်းမှာ ဒီလို မြင့်မြတ်စင်ကြယ်လှတဲ့ လူသားယဉ်ကျေးမှုတွေဟာ အလွန်ကို လိုအပ်တယ်၊ အလွန်ကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်သွားဖို့ လိုအပ်တယ်၊ ဒါ့အပြင် မိမိရဲ့ယဉ်ကျေးမှုနဲ့ အခြားသော ယဉ်ကျေးမှုတွေကိုလည်း ထိတွေ့ကူးလူး ဆက်စပ်ဖလှယ်သင့်တယ်၊ ဒီလိုသာ လုပ်နိုင်ခဲ့ရင် ဒီစင်္ကြာဝဠာကြီးတခုလုံးဟာ တကယ့်ကို စစ်မှန်တဲ့ အေးငြိမ်းသာယာတဲ့ လူသားယဉ်ကျေးမှု အစုအပေါင်းကြီးတခုအဖြစ် တကယ့် ချမ်းသာအစစ်ကို လူသားထုတရပ်လုံး ရရှိ ခံစားနိုင်မှာ ဖြစ်ပါလိမ့်မယ်။

အဲဒါကြောင့် ဒီကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် လူငယ်တွေရဲ့ လှုပ်ရှားဆောင်ရွက် အကောင်အထည်ဖော်မှုဟာ အင်မ တန်ကို အံ့ဩချီးမွမ်းဖွယ် ဂုဏ်ယူဖွယ် စံပြလုပ်ရပ်ဖြစ်တဲ့အတွက် အခြားသော လူငယ်လူရွယ်အများကလည်း အတုယူလုပ် ဆောင်ကြခြင်းဖြင့် ကမ္ဘာလောကကြီးကို လူသားဆန်တဲ့ လူပီသတဲ့ ယဉ်ကျေးမှုအပေါင်းအစုကြီးဆီ ရောက်ရှိသွားစေမှာ ဖြစ်ပါတယ်။

အခုလုပ်ရပ်ရဲ့ ထူးခြားချက်က အပူဇော်ခံသူ ပုဂ္ဂိုလ်တွေက ထာဝရဘုရားသခင်ကို ယုံကြည်ကြတဲ့ ခရစ်ယာန်ဘာသာဝင် တိုင်းရင်းသား နိုင်ငံရေးသမားကြီးတွေ ဖြစ်ကြပြီး သွားရောက်ပူဇော်ကြသူ အားလုံးကတော့ ဗုဒ္ဓမြတ်စွာဘုရားကို ကိုးကွယ်ယုံကြည်ကြတဲ့ ဗုဒ္ဓဘာသာဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်တွေ ဖြစ်နေတဲ့အချက်ဖြစ်ပါတယ်။ ဒီအဖွဲ့ကို မဖြူဖြူသင်းနဲ့ လူငယ်တာဝန်ခံ ကိုရာဇာတို့က ဦးဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

အရင်တုန်းကတော့ ဘာသာစုံဝတ်ပြု ဆုတောင်းပွဲတွေ၊ ဘာသာစုံ ပူးပေါင်းလှုပ်ရှားဆောင်ရွက်မှုတွေတော့ အမြဲတန်းလို ရှိနေကြားနေ မြင်နေတွေ့နေရပေမဲ့လို့ အခုလိုမျိုး အရင်က တခါမှမရှိခဲ့သေးပါဘူး၊ ကြားလည်းမကြားမိပါဘူး။

ဒီလို ယဉ်ကျေးမှုတခုနဲ့တခု အနေဝေးအောင် အလှမ်းကွာသွားအောင် ထိတွေ့ဆက်စပ်မှုမရှိအောင် တနည်း ငါ့ယဉ်ကျေးမှုမှ အကောင်းဆုံးလို့ ထင်မြင်စွဲသွားအောင် ဖန်တီးရိုက်သွင်းခဲ့တဲ့ မူလတရားခံကတော့ မဆလ တပါတီအာဏာရှင်စနစ်၊ န၀တ စစ်အုပ်ချုပ်ရေးခေတ်နဲ့ ဒီကနေ့ စစ်အာဏာရှင်စနစ်တွေကို အရှိန်မပျက် ဆက်လက်မောင်းနှင် တွန်းတင်နေတဲ့ အာဏာငန်း ဖမ်း အာဏာရှူး အုပ်ချုပ်သူလူတန်းစား အဆက်ဆက်ပဲ ဖြစ်ပါတယ်။

Your browser may not support display of this image.

ဒါကြောင့် ကိုးကွယ်ယုံကြည်မှု မတူညီကြပေမဲ့လို့ ဘာသာတခုနဲ့ဘာသာတခု သီးခြားစီ ဖြစ်နေတာမှုတ်ဘူး။ အနီးဆုံးမှာ ရှိနေကြတယ်။ အခြေခံတရားနဲ့ ယဉ်ကျေးမှုချင်း ပေါင်းဆက်နေတယ်။ Unity in Diversityလို့ဆိုတဲ့ မတူကွဲပြားခြားနားမှု တွေက အင်အားတွေပါပဲ၊ ယုံကြည်မှုတွေပါပဲ၊ ညီညွတ်မှုတွေပါပဲ၊ စည်းလုံးဆောင်ရွက်မှုတွေပါပဲ ဆိုတာကို မီးမောင်းထိုးပြလိုက်သလို ကျနော်တို့ တိုင်းရင်းသား ညီအကို မောင်နှမတွေအားလုံးက ဒီအတွင်းပိုင်းအနှစ်သာရတွေကို ဆက်လက် အားထုတ်ရုန်းကန်သွားကြမှသာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပျောက်ကွယ် သွားမှာဖြစ်ပြီး ကျနော်တို့အားလုံး မျှော်မှန်းတဲ့ စစ်မှန်တဲ့ ပြည်ထောင်စုကြီး ကို အမှန်တကယ် ရောက်ရှိပုံဖော် တည်ဆောက်သွားနိုင်မှာပါ။

အဲဒါကြောင့် ဒီကနေ့ လူငယ်မျိုးဆက်သစ်တွေရဲ့ အားမာန် အပြည့် ဇွဲလုံ့လစိုက်ထုတ်မှုဟာ စစ်အာဏာရှင်စနစ် အကုန်အစင် ဖျက်သိမ်းရေးလုပ်ငန်းစဉ်အတွက် အရေးပါတဲ့ အခန်းကဏ္ဍတရပ်ဖြစ်သလို အဓိက အခရာကျတဲ့ အချက်ကတော့ အမှန် တကယ် တိုင်းပြည်နဲ့လူမျိုးအကျိုးအတွက် လုပ်ကိုင်ဆောင်ရွက်ချင်တဲ့ စိတ်ဆန္ဒအာသီသရှိဖို့၊ မွေးမြူကြဖို့ ဖြစ်ပါတယ်။

ဒါမှသာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံဖော်ဆောင်မယ့် ပြည်နယ်ပေါင်းစု ပြည်ထောင်စုကြီးဆီကို ဒီကနေ့ လူငယ်မျိုးဆက်သစ်တွေရဲ့ ရဲသွေးရဲမာန် စိတ်ဓါတ်ခွန်အားတွေနဲ့ တင်းပြည့်ကျပ်ပြည့် လှမ်းဆွတ်ဆုပ်ကိုင်နိုင်မှာ သေချာကြောင်းပါ။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.