Saturday, August 27, 2011

0 စာချုပ်ကိုလက်မှတ်ထိုးတဲ့လက်က မြို့ကိုဖျက်တယ်



အစိုးရအာဘော်တွေ၊ ဆင်ခြေထွင်လုံးတွေနဲ့လည်း ကင်းကွာလို့မရတော့ မကြည့်ချင် မဖတ်ချင်လည်း ဖတ်နေရပါတယ်။ အစိုးရဒလံ၊ ဖော်လံဖားတွေကလည်း ကလောင်ပုံးအမျိုးမျိုးနဲ့ ပေါက်လွှတ်ပဲစား၊ အရူးချေးပန်း လျှောက်ရေးနေကြရောဗျိုး ။အဲ့သလို မြင်ရတွေ့ရပြန်တော့လည်း ပြောချင်တာတွေက ကျလိကျလိဖြစ်လာတယ်ဗျာ့။

အစိုးရဘက်က ပေးနေတဲ့ ဆင်ခြေတွေက တအား ညံ့ဖျင်းလွန်းပါတယ်။ ပီပြင်တဲ့ ထောက်ပြပြောဆိုမှု၊ အချက်အလက်အကိုးအကားပြည့်စုံညီညွတ်မှုလည်း မရှိပါဘူး။ ဘာနဲ့တူသလဲဆိုတော့ .. လက်ပူးလက်ကြပ် CCTV ကင်မရာနဲ့ ထောင်ဖမ်းလို့ မိတဲ့ သူခိုး က ၊ ကျနော် မခိုးပါဘူး .. ဒီပစ္စည်းတွေက အော်တိုငုတ်တုပ် ကျနော့်လက်ထဲရောက်လာတာပါ။ လို့ ဆင်ခြေပေးသလို ဖြစ်နေပါတယ်။

ပညာရှင်အသိုင်းအဝိုင်းတွေက ကျယ်ကျယ်ပြန့်ပြန့်ကန့်ကွက်ကြတဲ့နေရာမယ် အချက်အလက်၊ ကိန်းဂဏန်းများ၊ဖြစ်နိုင်ချေများကို သဘာဝပတ်ဝန်းကျင်ရှုထောင့်ကနေ တင်ပြထားသလို၊ ကျနော်တို့ပြည်သူလူထုကလည်း “အမျိုးသားရေးလက္ခဏာ” ဆိုတဲ့ အမြင်နဲ့ မိမိတို့ရဲ့ ယဉ်ကျေးမှု၊ မိမိတို့ရဲ့သမိုင်း ဆိုတဲ့ အမြင်အရ ကန့်ကွက်ရခြင်းဖြစ်ပါတယ်။ သူများယောင်လို့ လိုက်ယောင်ကြတဲ့ နိုင်ငံရေး တတ်ယောင်ကားတွေ တစ်ကောင်တမြီးမှ မပါဝင်ပါဘူး။

ကျနော့်ကိုယ်ပိုင်ရပ်တည်ချက်ကို ပြောပါ့မယ်။ ဧရာဝတီကို နိုင်ငံရေးအမြတ်ထုတ်လိုမှုအတွက် ကန့်ကွက်နေတာမဟုတ်ပါဘူး။

“အမျိုးသားရေးလက္ခဏာ”အဖြစ်၊ ယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်အဖြစ်၊ မြန်မာပြည်နဲ့ မြန်မာလူမျိုးတိုင်းရဲ့ ပြယုဂ်တစ်ခုအဖြစ်၊ ဒါ့ထက်ပိုပြီး ရင်ဘတ်ထဲရှိရာ ရေးပြရယင် Vanity ဆိုတဲ့ မြန်မာပြည်သားတိုင်း မက်မက်မောမော၊ လက်ထဲက မလွှတ်စတမ်း၊ သေတဲ့တိုင်အောင် ဆွဲယူထားရမယ့် “ဂုဏ်” သိက္ခာအတွက် တိုက်ပွဲဝင်ပါမယ်။ ဒီတော့ ကျနော့်လိုကောင်မျိုးအတွက် “ကျနော်တို့လည်း ဧရာဝတီကို ချစ်ပါတယ်” ဆိုတဲ့ အခြေအမြစ်မရှိတဲ့ ပေါက်လွှတ်ပဲစား ဆင်ခြေမျိုးကို ပဲမနူးပါဘူး၊ ကြားမညှပ်ပါဘူး။

အဲ့သည့် အစိုးရအာဘော် ဟာ ထွင်လုံး၊ ဖြီးလုံး သက်သက်ဘဲ လို့ ကျနော် ယုံကြည်ပါတယ်။ ဧရာဝတီကို ချစ်တဲ့လူစားမျိုးက ဘယ်တော့မှ ဧရာဝတီကို လက်ညှိုးထိုး ရောင်းမစားပါ။ သူတောင်းစားမှာလည်း vanity ရှိသလိုလမ်းဘေးက ဖာသယ်မှာလည်း vanity ရှိပါတယ်။ ငွေကြေးဥစ္စာချမ်းသာကြွယ်ဝခြင်း၊ ဆင်းရဲခြင်းနဲ့ ဂုဏ်သိက္ခာမာန ဆိုတာ ဘာမှ မပတ်သက်ပါဘူး။ ဒီလို လမ်းဘေးက ကလေကလွင့်တောင်မှ မိမိရဲ့ vanity ကို မက်မောသေးတယ်၊ စောင့်ရှောက်သေးတယ်ဆိုယင်၊ အခု .. ပြည်ကြီးသားစိန ပေါက်ဖော်တွေကို “လာပါ၊ယူပါ ၂ ကျပ်ခွဲ ကြိုက်တာယူပါ” ဆိုပြီး လက်ညှိုးထိုးရောင်းစားနေတဲ့ သက်ဆိုင်ရာအာဏာပိုင်တွေဟာ သူတောင်းစားနဲ့ဖာသယ် လောက်တောင် ကျင့်ဝတ်သိက္ခာမရှိ၊ အောက်တန်းကျတယ်လို့ ဆိုလိုက်ချင်ပါတယ်။

စကားကြုံလို့ တစ်ခုလောက်ပြောခွင့်ပေးပါ။ ကျနော် အခု ဆြာမြသန်းတင့် ရေးခဲ့တဲ့ “တောင်သမန်ရွှေအင်းက လေညင်းဆော်တော့..” ဆိုတဲ့ ခရီးသွားဆောင်းပါးအက်ဆေး စာအုပ်ကို ဖတ်နေပါတယ်။ လိုရင်းပြောရယင် .. ဒီစာအုပ်မှာ ဘာတွေ သိခဲ့ရသလဲဆိုတော့...

“ဗမာပြည်ကို အင်္ဂလိပ်နယ်ချဲ့က သိမ်းပိုက်ရခြင်းအကြောင်းအရင်းဟာ “ဘုံဘေဘားမား ကုမ္ပဏီ” ကသစ်ခိုးထုတ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဗမာဘုရင်က ဒဏ်ရိုက်လို့ ” ကျနော်တို့ မူလတန်း ဖတ်စာအုပ်ပါ အကြောင်းပြချက်လေးပါ။

တကယ်တမ်း အခုမှသိရတာက သစ်ခိုးထုတ်တဲ့အတွက် မဟုတ်ပါဘူး။ ဗမာပြည်အပေါ်မှာ စီးပွားရေးအရ လက်ဝါးကြီးအုပ်ကျွန်ပြုနိုင်ဘို့ “ပြင်သစ်” ၊ “အီတလီ” ၊ “အင်္ဂလိပ်” ကိုလိုနီ ၃ နိုင်ငံရဲ့ နိုင်ငံရေးကျားကွက်ရွှေ့မှုဖြစ်ပါတယ်။ ဗမာဘုရင့်ပိုင်နက် အထက်ဗမာပြည်မှာ ဘဏ်တိုက်ဖွင့်ခွင့်၊ တောင်ငူ-မန္တလေး မီးရထားလမ်း ဖောက်လုပ်ခွင့်၊ ရွှေ၊ကြေးနီ၊ပတ္တမြား၊ကျောက်စိမ်း၊သတ္တုရိုင်းများ တူးဖော်ခွင့်၊ သစ်ခုတ်ယူခွင့်၊ ဧရာဝတီမြစ်ထဲမှာပြေးဆွဲတဲ့ ဖလုပ်တီလာသင်္ဘောလိုင်းထံမှ ဈေးကွက်လုယူခွင့်၊ လက်နက်ခဲယမ်း ရောင်းဝယ်ဖောက်ကားခွင့်၊ စတဲ့ ... စတဲ့ ..စီးပွားရေး လက်ဝါးကြီးအုပ် ကျွန်ပြုချင်လို့ ဖြစ်ပါတယ်။

ရှင်းရှင်း နဲ့ ရိုင်းရိုင်း ပြောရယင် လင်သေသွားလို့ အမွေပုံပေါ်ကျန်ခဲ့တဲ့ အရွယ်ကောင်းကောင်း ရုပ်ချောချော မုဆိုးမလေး၊ သူနဲ့အတူ သမီးချော အပျိုတစ်အုပ်လည်း ရှိဦးမယ်။ ရထားလိုက်တဲ့ အမွေတွေက မနည်းမနောကြီး။ ဆိုတော့ .. ဘေးပတ်ဝန်းကျင်ရပ်ကွက်ထဲက ကုလား တရုတ်တွေ မျက်စေ့ကျတာ ဆန်းသလားဗျ။ သူ့ထက်ငါ ဒီအိမ်ကြီးပေါ်တက်လို့ လက်ဝါးကြီးအုပ် ထင်တိုင်းကြဲခွင့်အတွက် ခွပ်ကြပြီပေါ့၊ ကိုက်ကြပြီပေါ့။

သီပေါဘုရင်မိသားစု ဆိုတာလည်း ဘဏ္ဍာတိုက်ထဲမှာ တစ်ပြားမှမရှိလေတော့ တွေ့သမျှသက်ရှိ သက်မဲ့အကုန်လုံးကို တိုင်းတပါး ကုန်သည်တွေဆီမှာ လက်ညိုးထိုး ရောင်းစားခဲ့ရပါတယ်။ သစ်ခုတ်ခွင့်တွေ ရောင်းခဲ့တယ်၊ ကြေးနီမိုင်းတွင်းတွေရောင်းတယ်၊ ပတ္တမြားတွင်းတွေရောင်းတယ်။ ရေနံတွင်းတွေ ရောင်းတယ်။ ဧရာဝတီမြစ်ထဲ သင်္ဘောခုတ်ခွင့် ရောင်းတယ်။ အဲ .. နောက်ဆုံး ဘဏ်တိုက်ဖွင့်ခွင့်၊ မီးရထားလမ်းဖောက်လုပ်ခွင့်၊ လက်နက်တင်သွင်းခွင့်တွေအတွက် ပြင်သစ်ကို ပေးလိုက်တဲ့အခိုက်မှာဘဲ အင်္ဂလိပ်က ဗမာပြည်ကို သိမ်းလိုက်ပါတော့တယ်။

ကဲ .. ကြည့်စမ်းပါ။ ကိုယ့်နိုင်ငံရဲ့ ကြွယ်ဝမှုမှန်သမျှကို နောင်ရေးမကြည့်၊ ရှေ့ရေးမမျှော်ဘဲ ဖြုတ်ဦးနှောက်သာသာ နိုင်ငံ့ခေါင်းဆောင်က လုပ်ချသွားတာ။ မြန်မာ့ သံယံဇာတဟူသမျှကို ဗမာဘုရင်က ဖြုန်းတယ်၊ အင်္ဂလိပ်ရောက်လာတော့ အင်္ဂလိပ်က ဖြုန်းတယ်၊ခိုးတယ်၊ ဂျပန်ဝင်လာတော့ ဂျပန်က ခိုးတယ်၊လုတယ်၊ ဗမာစစ်အစိုးရအဆက်ဆက် ခိုးတယ် ၊ ဖြုန်းတယ်။

နောက်ဆုံး နအဖ ခေတ်ပြောင်ခါနီး တိုင်းပြည်တစ်ခုလုံး ကုန်သလောက်နီးနီး ဖြူခါပြာကျတော့လည်း အတွင်းဝန်ရုံးတို့၊ပန်းခြံတို့၊မြေကွက်တို့၊ ဘာလုပ်ပိုင်ခွင့်၊ ညာလုပ်ပိုင်ခွင့်တို့ကို နီးစပ်ရာ လက်သိပ်ထိုး ခိုးရောင်းတယ်။ ဓါတ်ငွေ့သိုက် တွေ့တယ်၊ ရောင်းတယ်၊ ကျောက်စိမ်းတွေ ရောင်းတယ်၊ လက်နက်ဝယ်တယ်၊ သူတို့အိပ်ထဲ ခိုးထည့်တယ်။

ကဲ .. အခုကြည့် .. ဗမာတပြည်လုံးရောင်းလို့ကုန်၊ ခိုးလို့ကုန်တဲ့အခါကျတော့ ... သူ့ဖာသူနေတဲ့ မြစ်ကြီးတစ်စင်းလုံးကိုလက်ညိုးထိုးရောင်းစားပလိုက်တယ်။ အကြောင်းပြချက်ကတော့ “တိုင်းပြည့်ဘဏ္ဍာ ဖြည့်တင်းဖို့၊လျှပ်စစ်ဓါတ်အားအတွက်ပါ” တဲ့။ ပြည်တွင်းမှာ လုံလောက်တဲ့ ပညာ၊အခြေခံအဆောက်အဦ မရှိလို့ သူတပါးကို ကန်ထွိုက်ပေးရတာပါ တဲ့ခင်ဗျာ။

ကြည့်ကြပါခင်ဗျာ။ ကျုပ်တို့အစိုးရမင်းများကတော့ ... ကိုယ့်အမေ၊နှမတွေ အချောင်နှိုက် ကြာကူလီရိုက်မယ့် တဏှာရူးကို အိမ်ပေါ်ခေါ်တင်လာပါပြီခင်ဗျာ။ ဟိုကောင်တွေဆီက အရက်ဖိုးလေး ၊ ဆေးခြောက်ဖိုးလေး အရိုးအရင်းကိုက်ရရုံနဲ့ ကိုယ့်တစ်အိမ်လုံးကို ထိုးအပ်ပါတော့မယ်ခင်ဗျ။

သိပ္ပံနည်းကျ ရှုထောင့်တွေ၊ သဘာဝပတ်ဝန်းကျင်အရင်းအမြစ်တွေ၊ နိုင်ငံရေးကျားကွက် ဘာညာ သာရကာတွေ နဇာမိ၊ ငါမသိ။

မြန်မာလူမျိုးစစ်စစ်ရယ်လို့ လက်မ ထောင်ချင်တဲ့ ၊ မြန်မာပြည်ကိုချစ်တဲ့၊ ပြီးတော့ ဧရာဝတီဆိုတဲ့ အမျိုးသားဂုဏ်သိက္ခာကိုမြတ်မြတ်နိုးနိုးချစ်တဲ့ မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ Vanity အတွက် ဧရာဝတီကို ကာကွယ်သွားပါမယ်။

ဧရာဝတီတည်မြဲပါစေ။



မောင်ချမ်း (၂၆၊၀၈၊၁၁)
ချမ်းဟိန်းအေးFacebookမှ

0 ကြံ့ဖွံ့သမ္မတ ဦးသိန်းစိန် မိန့်ခွန်းအပေါ် ကိုမိုးသီးဇွန် နဲ့ ကိုထွန်းအောင်ကျော် သုံးသပ်ဆွေးနွေးချက်


Htun Aung Gyaw (Facebook)
Discussion on U Thein Sein Speech on August 18, 2011 at Kansas University, Lawrence on August 24th, 2011

0 သွေးလှူဒါန်းရေး ပါဝင်လှုပ်ရှားနေသူ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ၁၀ နှစ်ထောင်ချ



BGသွေးအကူအညီပေးရေးအဖွဲ့နဲ့အတူဗိုလ်ကြီးဟောင်းနေမျိုးဇင်ရဲ့သူ့ရဲ့လေးစားဂုဏ်ယူဖွယ်ကောင်းတဲ့လူမှုရေးလုပ်ဆောင်ချက်များအားvideoဖိုင်တိုလေးများတစုတည်းပေါင်းဖော်ပြပေးလိုက်ပါတယ်..

နယူးဒေလီ(မဇ္ဈိမ) ။ ။ ကုလသမဂ္ဂ လူ့အခွင့်အရေးအရာရှိ မစ္စတာ ကွင်တားနား မြန်မာနိုင်ငံမှ ထွက်ခွာအပြီးနောက်ရက်တွင်ပင် သွေးလှူဒါန်းရေး ပါဝင်လှုပ်ရှားနေသူ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို အီလက်ထရောနစ်ဥပဒေဖြင့် အင်းစိန်ထောင် အထူးတရားရုံးက သောကြာနေ့တွင် ထောင်ဒဏ် ၁ဝ နှစ် အမိန့် ချမှတ်လိုက်သည်။

ရုံးတင်စစ်ဆေးမှု ၄ လနီးပါးအကြာတွင် စီရင်ချက်ချလိုက်ခြင်းဖြစ်ပြီး မိသားစုဝင်များပင် တက်ရောက် နာကြားခွင့် မရှိသော ၁ နာရီခန့်ကြာ တံခါးပိတ်တရားခွင်တွင် ရန်ကုန် မြောက်ပိုင်းခရိုင် တရားသူကြီး ဦးခင်မောင်ကဦးနေမျိုးဇင်၏ အီးမေးလ်များ အတွင်း တပ်မတော်ကို သိက္ခာချထားသည့် ဆောင်းပါးကို တွေ့ရှိသဖြင့်ပြစ်မှုကျူးလွန်ကြောင်း ဖတ်ကြားသွားသည်ဟု တရားခွင်မှပြန်လာသူ တရားခံ၏ရှေ့နေ ဦးလှမျိုးမြင့်က ပြောသည်။

ထောင်တွင်းချော်လဲရာက ခါးရိုးအက်နေ၍ လက်တွန်းလှည်းဖြင့် တရားခွင်လာရသူ ဦးနေမျိုးဇင်က "တိုင်းပြည် အတွက် သစ္စာရှိရှိနဲ့ လုပ်ဆောင်ခဲ့တဲ့ လူငယ်တယောက်ကို ထောင် ၁ဝ နှစ်ချမှတ်ပြီး ထောင်ထဲမှာ အချိန်ကုန်ခိုင်း လိုက်တာဟာ လုံးဝ မတရားမျှတမှု မရှိဘူး။ အယူခံလည်းမဝင်ဘူး" ဟု တရားသူကြီးကို ပြန်လည် ပြောဆိုကြောင်း ဦးလှမျိုးမြင့်က ပြန်ပြောပြသည်။

ဦးနေမျိုးဇင်၏ ရှေ့နေများကမူ အမှုကို အယူခံဝင်ရန် ဆန္ဒရှိပြီး ဥပဒေလမ်းကြောင်းဆုံးသည် အထိဆောင်ရွက်ရန် ကြိုးပမ်းမည်ဟု ဆိုသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ရှေ့နေများဖြစ်သော ဦးလှမျိုးမြင့်နှင့်ဒေါ်ခင်ဌေးကြွယ် တို့က သူ၏အမှုတွင် လိုက်ပါကူညီပေးနေသည်။

“ဒီစာရွက်စာတမ်းတွေဟာ သူ့ဆီကရပါတယ်။ ရေးပါတယ်ဆိုတဲ့အကြောင်း ထင်ရှားအောင်မပြနိုင်ဘူး၊ စာရွက်စာတမ်းနဲ့ ကွန်ပျူတာတွေ သိမ်းတုန်းကလည်း ဥပဒေကျင့်ထုံးတွေနဲ့ မညီကြောင်းကို ကျနော်တို့ ရုံးတော်မှာ တင်ပြထားခဲ့ပါတယ်”ဟု ဦးလှမျိုးမြင့်က ပြောသည်။အီးမေးလ်ပါ ဆောင်းပါးတွင် ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟို အလုပ်မှုဆောင် ဦးဝင်းတင်တို့က ပြည်ပမီဒီယာများတွင် တပ်မတော်နှင့်ပတ်သက်၍ ပြောဆိုထားမှုများ ထည့်သွင်းရေးသားထားပြီး ယနေ့ခေတ် စစ်သားများ၏ စိတ်ဓာတ်ပျက်ပြားနေမှုအကြောင်းများ ပါဝင်သည်ဟုဆိုသည်။ ယင်းဆောင်းပါးပါ အသေးစိတ် အကြောင်းအရာများကို မသိနိုင်သေးပါ။

ဦးနေမျိုးဇင်သည် တပ်မတော်တွင် ၁ဝ နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး ၂ဝဝ၅ ခုနှစ်၌ တပ်မှ နှုတ်ထွက်ခဲ့သူဖြစ်ကာနိုင်ငံရေးပါတီဝင် မဟုတ်ဘဲ လူမှုရေး လုပ်ငန်းများတွင် ကူညီလေ့ရှိသူ ဦးနေမျိုးဇင်မှာ ခါးဒဏ်ရာကြောင့် အင်းစိန်ထောင်မှနေ၍ ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်ရှိ အရိုးကုဆေးရုံသို့ ယခင် တပတ်မှစ၍ သွားရောက် ကုသနေရသည်။

အဖမ်းမခံရခင်က အင်တာနက်ဆိုင် ပိုင်ရှင် တဦးလည်းဖြစ်သူ ဦးနေမျိုးဇင်ကို ဧပြီလ ၂ ရက်နေ့က တောင်ဒဂုံနေအိမ်တွင် အထူးရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ၊ ၂ ပတ်အကြာတွင်နေအိမ်ရှိ ကွန်ပျူတာနှင့် မိုဘိုင်းလ်ဖုန်း တို့ကိုလည်း ထပ်မံသိမ်းယူခဲ့သည်။ ယင်းနောက် အထူးရဲတပ်ဖွဲ့ ဒုရဲမှူး ဦးသန်းစိုးက တရားလိုပြု၍ အီလက်ထရောနစ် ဥပဒေပုဒ်မဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးစဉ်ကပင် ဖမ်းဝရမ်း မပါခြင်း၊ ရက်သတ္တပတ် ၃ ပတ်ကျော်အထိ တရားရုံးမတင်ဘဲ ဖမ်းဆီးထားခဲ့သဖြင့်၂ဝဝ၈ အခြေခံ ဥပဒေပါ နိုင်ငံသား ရပိုင်ခွင့်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း အာရှ လူ့အခွင့်အရေးကော်မရှင် AHRCက ဧပြီလ နောက်ဆုံးပတ်က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့များ တွေ့ဆုံမှုများ ပြုလုပ်ချိန်မှာပင် ဦးနေမျိုးဇင်ကို နှစ်ရှည်ထောင်ဒဏ် ချမှတ်ခြင်းသည် အစိုးရထိပ်ပိုင်းခေါင်းဆောင်များ၏ ကြိုးပမ်းမှုများကို သံသယ ဖြစ်စေကြောင်း တောင်ဒဂုံ BGသွေးကူညီရေး အဖွဲ့က ရှုမြင်သည်။

"အပေါ်က လုပ်သမျှကို အောက်က ဖျက်ဆီး နေသလိုပါပဲ” ဟု တောင်ဒဂုံ သွေးကူညီရေး BG အဖွဲ့ ခေါင်းဆောင် တဦးဖြစ်သူ ကိုညီညီက ဆိုသည်။

သဘောကွဲလွဲသူများကို ထောင်ချရာတွင် အသုံးပြုလေ့ရှိသည့် အီလက်ထရောနစ် ဥပဒေကို ၂ဝဝ၄ ခုနှစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ရာ အီလက်ထရောနစ် ဆက်သွယ်ရေး ကိရိယာများကို အသုံးပြု၍ နိုင်ငံတော်လုံခြုံရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ထိခိုက် ပျက်ပြားစေမှု၊နိုင်ငံတော် လျှို့ဝှက်ချက် ပြင်ပပေါက်ကြားစေမှု စသည့် ကိစ္စများနှင့် အကျုံးဝင်ပြီး အနည်းဆုံး ၇ နှစ်မှ ၁၅ နှစ် အထိ ထောင်ဒဏ်ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

Friday, August 26, 2011

1 ပါးစပ်တွေနဲ့  နားတွေနဲ့  ထောင်ထဲကလူတွေ


ဒီကနေ့မြန်မာ့အလင်းသတင်းစာမှာပါရေးသားဖော်ပြချက်

မနေ့ က ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီပါတီအချို့ နဲ့  လူ့ အခွင့်အရေးကိုယ်စားလှယ် အိုဟေးကင်တားနားတို့ 
တွေ့ ဆုံပွဲမှာ “ လက်ရှိအစိုးရအနေနဲ့  ထောင်ထဲကလူတွေ ပြန်ထွက်လာရင် ရရှိနေတဲ့ တည်ငြိမ်အေးချမ်းမှုတွေ
ပျက်ပြားသွားမှာ စိုးရိမ်စိတ် အမှန်ဘဲ ရှိနေပုံရတယ်။ ခင်ဗျားတို့ က အဲဒါကို အာမခံ ပေးလိုက်ပေါ့” လို့  သူ့ ကို
ပြောပြ တယ်လို့  ဦးသုဝေနဲ့  ရေဒီယိုမီဒီယာတစ်ခု အင်တာဗျူးမှာ ကြားလိုက်ရပါတယ်။

ဒီ “ပွိုင့်” ကို ကင်တားနားနဲ့  NLD အပါအ၀င် ပါတီတွေ စကား မပြောကြခင်ကတည်းက ကျွန်တော် ကြားဖူးပြီးသားဖြစ်ပါတယ်။ သိပ်တော့ မကြာသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့  သမ္မတဦးသိန်းစိန်တို့  နှစ်ယောက်တည်းစကားပြောကြတဲ့အခါ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကိစ္စ ပါ မပါ ရှင်းရှင်းပြတ်ပြတ် မသိရပေမယ့်ဒေါ်စုဘက်က ဒီကိစ္စကို ပြောပြလိမ့်မယ်လို့  ကျွန်တော် ယူဆပါတယ်။ ဒေါ်စု လွတ်မြောက်ရေးကို အခု ထောင်ထဲရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အဖမ်းမခံရခင်တုန်းက တစိုက်မတ်မတ် တောင်းဆိုလာခဲ့တဲ့အတွက်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  သူတို့ လွတ်မြောက်ရေးအတွက် သေချာပေါက် ထည့်ပြောခဲ့လိမ့်မယ်လို့ ပြောနိုင်တာပါ။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုတဲ့ မြန်မာစကားရှိပါတယ်။

နိုင်ငံတော်သမ္မတက ဒေါ်အောင်ဆန်းစုကြည် အာမခံရင် ပြန်လွှတ်ပေးမယ် လို့  ပြန်များပြောခဲ့ရင် ဆိုတဲ့
အတွေးတစ်ခုလည်း စဉ်းစားမိပါတယ်။ ကျွန်တော်တို့ လည်း ဒီအပေါ်မှာ ဦးနှောက်မုန်တိုင်းဆင်ကြည့်ကြဖို့ 
ကောင်းပါတယ်။ ထောင်ထဲကသူတွေ အပြင်အမြန်ပြန်ရောက်ရေးဟာ အတိုက်အခံအတွက်ရော အစိုးရအတွက်
ရော ကာယကံရှင်တွေအတွက်ရော အခုအချိန်မှာ ရှုထောင့်တစ်မျိုးစီက အရေးတကြီးကိစ္စဖြစ်သလို ကျွန်တော်တို့ မြန်မာပြည်ကြီး ပြုပြင်ပြောင်းလဲရေးအတွက်ပါ သေရေးရှင်ရေးတမျှ အပူတပြင်း အရေးတော်ကြီးတစ်ခုပါ။

ဘယ်လိုတွေလုပ်ရင်၊ ဘာတွေလုပ်ရင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ ထောင်ထဲက ရဲဘော်များ
အမြန်ဆုံး လွတ်မြောင်နိုင်မလဲ ဆိုတာ ခေါင်းမီးတောက်အောင် ကျွန်တော်တို့  စဉ်းစားရှာဖွေနေရပါမယ်။ ကျွန်တော်တို့ အတွက် တစ်နေကုန် လုပ်ချင်တဲ့ စီးပွားရေး၊ မိသားစုအရေး၊ ပါတီရေး၊ လူမှုရေး စတဲ့ နိစ္စဓူဝ အလုပ်တွေကိုလုပ်ပြီး ည အိပ်ရာဝင်၊ မနက်ပြန် ထ နဲ့  ပုံမှန်လှုပ်ရှားနေကြချိန်မှာ ထောင်ထဲကသူများ ပြစ်ဒဏ်တွေ နှစ်စေ့မှပြန်လွတ်လာရမယ်ဆိုရင် ကျွန်တော်တို့ ကိုယ်တိုင် အလိုလိုနေရင်း ပြစ်မှုတစ်ခုကို နေ့ စဉ်နေ့ တိုင်းကျူးလွန်နေသလို ဖြစ်နေပါလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တောင် နှစ်စေ့မှ၊ သူတို့ အခေါ် ပြစ်ဒဏ် တိတိကျကျ ကျခံပြီးမှ နေအိမ်
အကျယ်ချုပ်က ပြန်လွှတ်ပေးလိုက်တာပါ။ အခု ထောင်ထဲကသူတွေထဲမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သွေးနီး
သွေးရင်း တစ်ယောက်မှ မပါပေမယ့် ဗိုလ်ချုပ်စိတ်၊ ဗိုလ်ချုပ်သတ္တိမျိုးနဲ့  ဗိုလ်ချုပ်လို တိုင်းချစ်ပြည်ချစ်စိတ်
ထောင်းထောင်းကြေနေတဲ့ သူတွေချည်းပါ။ တိုင်းပြည်ကို ချောက်ထဲ တွန်းချမယ့်သူ၊ လူထုကို ကျွန်ဖြစ်နွံနစ်
စေမယ့်သူ တစ်ကောင်တစ်မြှီးမှ မပါပါဘူး။ ထောင်ထဲမှာ တစ်ရက်ပိုနေရလေ အားလုံးအတွက် ဆယ်ရက်နစ်နာ
လေပါဘဲ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေနဲ့  ပြေလည်အေးချမ်းဖို့ အတွက် ကိုယ်စွမ်းရှိသရွေ့  ကူညီဆောင်ရွက်
ပေးလိုပါတယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက်မျိုး၊ အလားတူပုံသဏ္ဍာန်မျိုး၊ ထိုကဲ့သို့ စေတနာ
မျိုးနဲ့  နိုင်ငံရေးအကျဉ်းသားများအရေးကို ဒေါ်စုဘက်က ဆောင်ရွက်ပေးဖို့  ဖြစ်နိုင်စရာတွေ ရှိပါတယ်။ ထောင်ထဲက အကျဉ်းသားတွေဟာ လက်နက်ကိုင်၊ ကျည်ဆံဖောက်နေတဲ့သူတွေ လုံးဝမဟုတ်ပါဘူး။ လက်နက်စွဲကိုင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားအုပ်စုတွေအပေါ်မှာတောင် စိတ်ရှည်ရှည်ထားပေးနိုင် တယ်ဆိုရင်၊တရားဝင်ပါတီမဟုတ်တော့တဲ့ နိုင်ငံရေးအဖွဲ့ အစည်းတချို့ အပေါ်မှာတောင် နားလည်မှုပေးပြီး ဖျောင်းဖျနားချမှုတွေ လုပ်နိုင်တယ်ဆိုရင် အစိုးရတာဝန်ရှိသူတွေအနေနဲ့  ထောင်ထဲက အကျဉ်းသားတွေ အရေးကို သဘောထားသိမ်မွေ့ စွာ ထားနိုင်ဖို့ သင့်ပါတယ်။

ဒီနေ့ ထုတ်နိုင်ငံပိုင်သတင်းစာတွေမှာ “နိုင်ငံတော်၏ လုပ်အားစုများကို အဆုံးရှုံးခံပြီး အကျဉ်းထောင်ထဲ
ထည့်ထားခြင်းမျိုးကို မည်သည့်အစိုးရကမျှ ပြုလုပ်လိုမည်မဟုတ်ပါကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို
အနှောင့်အယှက် မပြုကြောင်း သေချာသည့်အချိန်တွင် အကျဉ်းသားများအား ပြန်လွှတ်ပေးရန်ရှိနိုင်ကြောင်း” ဆိုပြီးအမျိုးသားလွှတ်တော်ဥက္ကဌဦးခင်အောင်မြင့်က အိုဟေးကင်တားနားကို ရှင်းလင်းဆွေးနွေးသွားခဲ့တာကို ဖော်ပြထားတာ ဖတ်ရပါတယ်။ ထို့ အတူဘဲ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုကလူ့ အခွင့်အရေးကိုယ်စားလှယ် ကင်တားနားကို ဖြေကြားရာမှာ “မြန်မာနိုင်ငံတွင် အစိုးရအဖွဲ့ သစ် ပေါ်ပေါက်လာပြီးနောက် နိုင်ငံတော်သမ္မတအနေဖြင့် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း အခါအားလျော်စွာ လွတ်ငြိမ်းချမ်းသာခွင့်များ ပေးသွားရန် အလားအလာရှိ ပါကြောင်း” လို့  ထည့်သွင်းပြောကြားသွားတာ တွေ့ ရပါတယ်။

“တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက်မပြုကြောင်း သေချာသည့်အချိန်” ဆိုတာကို ကျွန်တော်တို့  သိပ်
စိတ်ဝင်စားပါတယ်။ အစိုးရအဖွဲ့ ဘက်က ခိုင်ခိုင်မာမာယုံကြည်ထားတဲ့ အဲဒီအချိန်ကာလဟာ အခုမဟုတ် သေးဘူးလား။ ဒီမိုကရေစီခေါင်းဆောင်၊ အတိုက်အခံတို့ ရဲ့ ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ အစိုးရအဖွဲ့ အပေါ် နိုင်ငံရေးသဘောထား ဒိုင်မေးရှင်းပြောင်းလဲလာတာတွေ၊ ပူးပေါင်းလုပ်ဆောင် လိုစိတ် ပြင်းပြလာတာတွေက တည်ငြိမ်အေးချမ်းမှု ကြီးစိုးလွှမ်းမိုးခြင်းဆီ မျက်နှာပြုနေတာ မဟုတ်ဘူးလား။ အစိုးရပြောတဲ့သေချာသည့်အချိန် ဆိုတာ ထိုင်စောင့်နေလို့  မရပါဘူး။ စောင့်ကြည့်နေ၊ မျှော်လင့်နေ၊ လွတ်လာပါလိမ့်မယ်ဆိုပြီး လတွေ နှစ်တွေ ချီပြီး ကြာညောင်းသွားနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နဲ့  နောက်ဆုံးနေခဲ့ရတဲ့ကာလတွေမှာ အရင် နအဖ အစိုးရရဲ့ 
ကိုယ်စားလှယ်တချို့  တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်စုခြံထဲ အ၀င်အထွက်တွေလုပ်ပြီး လှို့ ဝှက်စွာ တွေ့ ဆုံမှု
ပြုလုပ်ခဲ့ပါတယ်။ အောင်မြင်တာ၊ မအောင်မြင်တာ တစ်ပိုင်းပေါ့။ အဲဒီရဲ့ အကျိုးဆက်တွေကြောင့် အခုလို
ဆက်ဆံရေးပုံစံတိုးတက်မှုများ ဖြစ်လာရတယ်လို့  ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည် မှတ်ချက်ပြုသွားတာ
ကြားရပါတယ်။ ဒေါ်စုနဲ့  သမ္မတဦးသိန်းစိန် ငြိမ်းငြိမ်းချမ်းချမ်းစကားပြောကြတာ တွေ့ မြင်ရတဲ့အခါ ပြည်သူ
တွေ စိတ်ချမ်းသာရတယ်၊ ပျော်ကြတယ်၊ သာဓုခေါ်ကြတယ်၊ ဘာဘဲဖြစ်ဖြစ် စစ်အရေခြုံအစိုးရကို အမှတ်ပေး
ကြတယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားဆိုတဲ့ လိပ်ခဲတည်းလည်း အစိုင်အခဲကြောင့် အမှတ်ရှည်ရှည် မပေး
ကြဘဲ တိုတိတိုနန့် အမှန်ခြစ်ကိုဘဲ ရရရှာတယ်။

အမှန်ခြစ် အမှတ်ရှည် ထင်ထင်ရှားရှားကြီး ရဖို့ ဆိုရင် “သေချာသည့်အချိန်” ဆိုတာကို လည်ပင်းရှည်အောင်
မစောင့်ကြဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ နှစ်ဦးနှစ်ဘက် လုပ်ကြရပါလိမ့်မယ်။ လုပ်လို့ လည်း ရနိုင်ပါ
တယ်။ မြန်မာနိုင်ငံအနှံ့  အကျဉ်းထောင်တွေထဲက နိုင်ငံရေးသမား ခေါင်းဆောင်များနဲ့  တွေ့ ဆုံစကားပြော
ရပါလိမ့်မယ်။ ဒီမိုကရေစီရေးရဲဘော်ရဲဘက်တွေကို အပြင်လောကကနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေအကြောင်း
ဂဃနဏ ခရေစေ့တွင်းကျ သိရှိနားလည်အောင် ပြောပြရပါမယ်။ သူတို့ မှာလည်း ထောင်ဝင်စာလာတွေ့ တဲ့
အချိန်လေးသာ နားထောင်ကြရတာပါ၊ အစိုးရသတင်းစာထဲ ပါသလောက်ကိုသာ သိခွင့်ရတာပါ။ ဒေါ်စုကိုယ်တိုင်
သူတို့ ကို သွားရောက်တွေ့ ဆုံခွင့်ရရင်၊ ရှင်းလင်းပြောကြားခွင့်ရရင် အခြေအနေတွေ ကောင်းတဲ့ဘက်ကို
ရွေ့ လာနိုင်ပါတယ်။ အစိုးရဘက်က တာဝန်ရှိသူတွေအနေနဲ့ လည်း သူတို့ နဲ့  တွေ့ ဆုံစကားပြောသင့်ပါတယ်။

ဆူဆူပူပူ အမြဲလုပ်သူတွေလို့ မမြင်ဘဲ တိုင်းကျိုးပြည်ပြု ငါ့နိုင်ငံသားတွေဘဲလို့  ခံယူပြီး တွေ့ ဆုံရေးလမ်းစတစ်ခု
ကို စတင် ပျိုးယူထားသင့်ပါပြီ။ ဘာဘဲဖြစ်ဖြစ် မည်သည့်ဘက်ကမှ အရင်းမရှုံးနိုင်ပါဘူး။

ပုထုစဉ်လူသားတွေရဲ့ သဘာဝအတိုင်း ဘယ်သူဖြစ်ဖြစ် ဘယ်ဝါဖြစ်ဖြစ် အသိအမှတ်ပြုမှုကို ခံယူချင်ပါတယ်။
ပစ်ပယ်ထားတာတွေ၊ ၀ိုင်းကျဉ်ထားတာတွေ၊ မခေါ်မပြောနိုင်ဖြစ်ရတာတွေနဲ့  တိုင်းပြည်တစ်ပြည်ကို တိုးတက်
အောင်မြင်အောင် တည်ဆောက်လို့ မရပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်က ပြည်တွင်းက ပုဂ္ဂိုလ်တချို့ 
နိုင်ငံခြားထွက်ပြီး မြန်မာနိုင်ငံကို ဆန့် ကျင်ပုန်ကန်နေသူတချို့ နဲ့  သွားရောက်တွေ့ ဆုံစကားပြောကြနိုင်သေး
တာဘဲ။ နှစ်ဘက်စကား နှစ်ဘက်နားတွေနဲ့  ရင်းနှီးမှုတွေ ရယူထားနိုင်ကြသေးတာဘဲ။ အခုဟာက ရေခြား
မြေခြား တိုင်းတစ်ပါးကို ခရီးရှည်ကြီး ဆန့် စရာ မလိုပါဘူး။ နီးနီးလေးနဲ့  ဝေ့ နေကြတာပါ။


အောင်မျိုးထွန်း

၂၆- ၈- ၂၀၁၁


0 မြန်မာပြည်တွင် အင်တာနက် ပိတ်ပင်မှု စတင် လျော့ချလာ


မြန်မာနိုင်ငံတွင် ယခင်က ပိတ်ပင်ထားသော အင်တာနက် စာမျက်နှာတချို့ ကို သြဂုတ်လ ၂၄ ရက်နေ့ မနက်ပိုင်းမှ အစပြု ၍ တိုက်ရိုက် ကြည့်ရှုခွင့် ရရှိနေကြောင်း အင်တာနက် အသုံးပြုသူများက ပြောသည်။ အများစုမှာ မြန်မာ့ဆက်သွယ်ရေးမှ ရယူထားသော MPT လိုင်းများတွင် ကြည့်ရှုခွင့် ရနေခြင်း ဖြစ်ကြောင်း သိရသည်။

“ပိတ်ထားတဲ့ ၀ဘ်ဆိုတ်တွေကို မနေ့ ညကတည်းက ကြည့်လို့ ရတယ်။ ဒီနေ့ မနက်တော့ ယူကျု့ ဘ် ၀ဘ်ဆိုက်ကို ဖွင့်လို့ ရနေပြီ။ တခြားဆိုဒ်တွေ တော်တော်များများလည်းကြည့်လို့ ရတယ်။” ဟု ရန်ကုန်မြို့ မှ အင်တာနက် အသုံးပြုနေသူ ဘာသာပြန် အယ်ဒီတာ တစ်ဦးက ပြောသည်။

ဘီဘီစီ၊ ဗွီအိုအေ စသည့် နိုင်ငံတကာ အသံလွှင့်ဌာနများ၏ အင်တာနက် စာမျက်နှာများနှင့် အခြား ဘလော့များကိုပါ အလွယ်တကူ ဖွင့်ကြည့်၍ ရကြောင်း၊ သို့သော် ပြည်ပအခြေစိုက် သတင်းဝက်ဆိုဒ် အချို့ကိုမူ ဖွင့်၍မရသေးကြောင်း သိရသည်။

ရန်ကုန်မြို့ အပြင် ပြင်ဦးလွင်နှင့် မန္တလေးမြို့ များတွင်လည်း Fiber to the home ( FTTH ) လိုင်းများတွင် ပိတ်ပင်ထားသည့် အင်တာနက် စာမျက်နှာများအား အလွယ်တကူ ကြည့်ရှုနိုင်ပြီဖြစ်ကာ အေဒီအက်စ်အယ်လ် နှင့် ၀ိုင်မက်စ်လိုင်းအချို့ တွင်လည်း ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၀၀ ခုနှစ် အင်တာနက်ကိုစတင်သုံးစွဲခဲ့သည့်အချိန်မှ စ၍ နိုင်ငံရေးအင်တာနက် စာမျက်နှာများနှင့် သတင်းစာမျက်နှာများ ကြည့်ရှုခြင်းကို တင်းကြပ်စွာ တားမြစ်ပိတ်ပင်ထားသည်။ ထို့ပြင် အများပြည်သူသုံး အင်တာနက် ဆိုင်များတွင် နိုင်ငံရေးနှင့် ပတ်သက်သော ၀ဘ်ဆိုဒ်များ မကြည့်ရ ဟူသည့် စာတမ်းများကပ်ပြီး အတိအလင်း တားမြစ်ထားခဲ့သည်။

ယခုကဲ့သို့ တားမြစ်ထားသည့် အင်တာနက်ဝဘ်ဆိုက်များကို ကြည့်ရှုခွင့် ပေးလာခြင်းသည် အစိုးရသစ်နှင့် ပြည်သူအကြား ပွင့်လင်းမြင်သာမှု ရှိသည်ဟူသော အမြင်မျိုး ရလို၍ ဖွင့်ပေးခြင်းဖြစ်နိုင်ကြောင်း လူငယ်အိုင်တီပညာရှင် တစ်ဦးက သုံးသပ်သည်။

၎င်းက “အမျိုးသားသင့်မြတ်ရေး လုပ်မယ်ဆို အတိုက်အခံတွေကိုပါ ပေးပြောရတော့မယ်။ အဲဒီအတွက် ပြည်သူနဲ့ အစိုးရကြား ပွင့်လင်းမြင်သာမှု ရှိမှဖြစ်မယ်။ သတင်း စီးဆင်းမှု ကလည်း မြန်လာတဲ့အတွက် ထိန်းထားလို့ လည်း မလွယ်တော့ဘူး” ဟုပြောသည်။

မြန်မာနိုင်ငံ၌ အများပြည်သူများ သုံးစွဲနိုင်မည့် Internet Bandwidth (အင်တာနက် လမ်းအကျယ်) ကို မြန်မာ့ဆက်သွယ်ရေးက ထိန်းချုပ်ထားပြီး မြန်နှုန်း နှေးကွေးကြောင်း ပြည်တွင်း အင်တာနက်သုံးစွဲသူများကပြောသည်။

ပြည်တွင်းတွင် အေဒီအက်စ်အယ်လ်၊ Dial-up၊ Satellite terminal၊ ၀ိုင်မက်စ်နှင့် Fibre to the home အင်တာနက်ဆက်သွယ်ရေး လမ်းကြောင်းများကို အသုံးပြုနေရာတွင် Fibre to the home မှာ မန္တလေးနှင့် ပြင်ဦးလွင်မြို့ တွင် သာ အသုံးပြုနိုင်ပြီး ရန်ကုန်မြို့ တွင် အသုံးပြုနိုင်ရန် စီစဉ်နေဆဲဖြစ်သည်။

၂၀၁၀ ခုနှစ်တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ကောက်ယူထားသော စာရင်းများအရ အင်တာနက် အသုံးပြုသူမှာ လေးသိန်းကျော် ရှိကြောင်း သိရသည်။ ထိုအရေအတွက်သည် နိုင်ငံလူဦးရေ၏ သုညဒသမ ရှစ်ရာခိုင်နှုန်းခန့် သာရှိ၍ အများစုမှာ ရန်ကုန်နှင့် မန္တလေးမြို့ များမှ အသုံးပြုခြင်းဖြစ်ကြောင်းသိရသည်။

Yangon Press International

0 စကားလုံးပြောင်းပြီး နိုင်ငံရေး အကျဉ်းသားအရေး လွှတ်တော်တင်


ချင်းမိုင် (မဇ္ဈိမ) ။ ။ နိုင်ငံရေး အကျဉ်းသားမရှိဟု မြန်မာအစိုးရမှ ငြင်းဆိုနေခြင်းကြောင့် "နိုင်ငံရေး အကျဉ်းသား" ဟူသည့် အသုံးအနှုန်းကို ရှောင်ကာ "ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ" စကားရပ်ဖြင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်မြောက်ရေး လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အဆိုကို ကြာသပတေးနေ့ လွှတ်တော်တွင်
ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က တင်သွင်းလိုက်သည်ဟု ပြည်သူ့လွှတ်တော်အမတ်များက ပြောသည်။

"အစိုးရဘက်က နိုင်ငံရေး အကျဉ်းသားမရှိဘူးလို့ ပြောထားတဲ့အတွက် ကျနော်တို့က အစိုးရရဲ့ လုပ်ဆောင်မှုတွေပြောဆိုမှုတွေ ကြားထဲမှာ ကျနော်တို့က လိုက်ပြီးလုပ်နေရတဲ့သူတွေအဖို့ ကိုယ်ပြောတဲ့စကားက ဘောင်မဝင်မှာစိုးလို့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ ဆိုပြီးတော့ သုံးလိုက်တဲ့ အသုံးအနှုန်းကို သုံးလိုက်တာဖြစ်တယ်" ဟု ပြည်သူ့လွှတ်တော်အမတ် ဦးခိုင်မောင်ရည် က ဆိုသည်။

သင်္ကန်းကျွန်း လွှတ်တော် အမတ် ဦးသိန်းညွန့်သည် မတ်လအတွင်းပြုလုပ်သည့် လွှတ်တော် အစည်းအဝေးတွင်နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးရေးအဆိုကို တင်သွင်းခဲ့သေးသော်လည်း လွှတ်တော်တွင်း မဆွေးနွေးမီ မီဒီယာများသို့ ပေါက်ကြားခဲ့ခြင်းကြောင့်ဟုဆိုကာလွှတ်တော်တွင်း ဆွေးနွေးခွင့် ပိတ်ပင်ခံခဲ့ရသည်။

"နိုင်ငံရေအကျဉ်းသားမရှိဘူးဆိုတဲ့အပေါ်မှာ နိုင်ငံရေးရာကို ပြောင်းအောင်လုပ်တာ နိုင်ငံရဲ့ ရေးရာကိုလုပ်တာနိုင်ငံရေး အကျဉ်းသားသမားချည်းပဲ။ အဲဒီအပြင် မတရားအသင်း ဥပဒေ၊ နိုင်ငံတော်ကို ပုန်ကန်မှု၊ အစိုးရကိုအသရေ ပျက်အောင်လုပ်မှုတို့၊ ၁၉၇၅ ခုနှစ် နိုင်ငံတော်အား ဖျက်ဆီးလိုသူများ ဥပဒေ၊ အဲဒါတွေ အားလုံးကနိုင်ငံရေးပြစ်မှုလို့ သတ်မှတ်ထားတယ်။ မြန်မာပြည်မှာက နိုင်ငံတော်လုံခြုံရေးအရ ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံရသူအားလုံးက ကျနော်ကတော့ နိုင်ငံရေးအကျဉ်းသားလို့ပဲ မြင်တယ်" ဟု ဦးသိန်းညွန့်ကမဇ္ဈိမကို
ပြောသည်။

ယခုနှစ် မေလ အတွင်းက သမ္မတ ဦးသိန်းစိန်မှ ထုတ်ပြန်ခဲ့သည့် ပြစ်ဒဏ် လျော့ပေါ့မှုအမိန့်သည် လုံလောက်မှု မရှိသေးကြောင်းလည်း ဦးသိန်းညွန့်၏ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများအတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အဆိုတွင် ထောက်ပြတင်သွင်းသွားသည်။

ကြာသပတေးနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဦးသိန်းညွန့်ကပင် ၂၁ ရာစုနှင့် ညီညွတ်သော လူ့ဂုဏ်သိက္ခာကို အာမခံသော အကျဉ်းထောင်အက်ဥပဒေ မူကြမ်းရေးဆွဲပြီး ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တင်ပြဆွေးနွေးရန် အဆိုကို တင်သွင်းခဲ့ပြီး သောကြာနေ့တွင် ဆက်လက် ဆွေးနွေးရန် သင့်မသင့် ဆုံးဖြတ်မည်ဖြစ်သည်။

ဗုဒ္ဓဟူးနေ့တွင် တင်သွင်းခဲ့သည့် ဦးသိန်းညွန့်၏ တရားရုံးများကို မထေမဲ့မြင်ပြုသည့် ဥပဒေကို ဖျက်သိမ်းရန်
အဆိုသည် လွှတ်တော်အမတ်များ၏ ကန့်ကွက်ဆွေးနွေးမှုကြောင့် လွှတ်တော်က ဆက်လက် ဆွေးနွေးခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်။

ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်အမတ်များမှ မေးခွန်း ၈ ခုကိုလည်း မေးမြန်းခဲ့သေးသည်။

လွှတ်တော် အမတ်ဦးသိန်းညွန့်၏ အာဇာနည်နေ့ ဥသြဆွဲသံ မြန်မာ့အသံမှ ပြန်လည် ထုတ်လွှင့်ပေးနိုင်ခြင်း ရှိမရှိကိုပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ယခုခေတ် သမယတွင် မော်တော်ယာဉ်စီးရေမှာ အလွန်များပြားလာသဖြင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ရလေအောင်ဟု မလုပ်ဆောင်နိုင်ကြောင်း ပြန်လည် ဖြေကြားသွားသည်။
မြန်မာနိုင်ငံတဝှမ်းတွင် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်စီးရေ နှစ်သန်းကျော် ရှိသည်။

အင်းစိန် မဲဆန္ဒနယ်မှ ဦးအေးမြင့်၏ အမျိုးသား စာပေဆု ချီးမြှင့်ငွေ တိုးမြှင့်ပေးရန်ရှိ မရှိ မေးခွန်းကို မေးမြန်းရာ ဝန်ကြီးဦးကျော်ဆန်းက ကျပ်ငွေ ၆ သိန်းမှ ၈ သိန်းအထိ တိုးမြှင့်ပြီးဖြစ်ကြောင်း ပြောသည်။

ယင်းအပြင် ကွမ်ဟိန်း မဲဆန္ဒနယ်မှ ဒေါ်နန်းဝါနု၏ တိုင်းရင်းသားများ သွေးစည်းညီညွတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်ထားရှိမှုအခြေအနေကို မေးမြန်းရာ ဝန်ကြီးဦးကျော်ဆန်းမှ ငြိမ်းချမ်းရေး ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဖြေကြားသည်။

ယင်းအပြင် ဒဂုံမြို့သစ်မဲဆန္ဒနယ်မှ ဒေါ်စုစုလှိုင်၏ ရန်ကုန်မြို့တွင်း တောင်းရမ်းစားသောက်သူများ အရေး
ဆောင်ရွက်မှု အခြေအနေ၊ ကျောက်တံတား မဲဆန္ဒနယ်မှ ဦးစိုးဝင်း၏ ပြည့်တန်ဆာခန်းများ အရေးယူပေးရေး
မေးခွန်းကို ပြည်ထောင်စုဝန်ကြီး ဦးကိုကိုမှ ပြည့်တန်ဆာနှင့် ပတ်သက်သည့် အမှု ၂,၉၅၂ မှုနှင့် စည်းကမ်းချက်နှင့် မညီသည့် ကာရာအိုကေဆိုင်များမှ အမျိုးသမီး ၁,၅၉၁ ယောက်တို့ကို အရေးယူပြီးဖြစ်ကြောင်း ဖြေကြားသည်။

ကြာသပတေးနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဒေါက်တာမြဦးမှ ဗုဒ္ဓဟူးနေ့တွင် တင်သွင်းခဲ့သည့်
ကျေးလက် ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်ရေးအဆိုကို လွှတ်တော်မှ သဘောတူပြီး လာမည့် ပြည်ထောင်စု လွှတ်တော်တွင် ဆက်လက်ဆွေးနွေးမည်ဖြစ်သည်။

အမျိုးသား လွှတ်တော်အမတ် စောထွန်းမြင့်အောင်၏ ဖာဖွန် လေယာဉ်ကွင် ပြန်ဖွင့်ပေးရန် ရှိမရှိမေးခွန်းကို
ဆောက်လုပ်ရေး ဝန်ကြီး ဦးခင်မောင်မြင့်မှ လုံခြုံရေး အခြေအနေအရ လေယာဉ် ပျံသန်းခွင့် မပြုခြင်းဖြစ်ကြောင်းဖြေကြားသည်။

ကြာသပတေးနေ့ လွှတ်တော် အစည်းအဝေးများကို နံနက် ၁ဝ နာရီတွင်ကျင်းပကာ၊ ပြည်သူ့လွှတ်တော်သည်
နေ့လည် ၂ နာရီတွင် ပြီးဆုံးပြီး၊ အမျိုးသားလွှတ်တော်သည် ညနေ ၄ နာရီတွင် ပြီးဆုံးသည်။

0 ဖေ့စ်ဘွခ်ရဲ့ Privacy Options ပြောင်းပြီ

ဖေ့စ်ဘွခ် အသုံးပြုသူတို့ရဲ့ ကိုယ်ပိုင်ဒေတာတွေကို ထိန်းချုပ်တာနဲ့ ပတ်သက်ပြီး စိစစ်သုံးသပ်ရင်း ပိုမိုတိုးတက် ကောင်းမွန်အောင် အဓိကပြောင်းလဲမှုတွေကို လုပ်ဆောင်တော့မယ်လို့ ဖေ့စ်ဘွခ်က ကြေညာလိုက်ပါတယ်။

ဒီပြောင်းလဲမှုတွေထဲမှာ ဖေ့ဘုတ်ပေါ်တင်လိုက်သော အချက်အလက်တစ်ခုချင်းစီကို ဘယ်သူတွေကို တွေ့ခွင့်ပေးမလဲ ဆိုတဲ့ ကိုယ်ပိုင် အချက်အလက်ဝေမျှတဲ့ ဆက်တင်ပုံစံတွေ ရှိလာတော့မှာ ဖြစ်ပါတယ်။

ဖေ့စ်ဘွခ် အသုံးပြုသူတွေက သူတို့ရဲ့ ကိုယ်ပိုင်သတင်းအချက်အလက်တွေကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ဖို့ ဒီဇိုင်းရေးဆွဲ တည်ဆောက်ပေးခြင်းဖြစ်တဲ့ ဒီကြိုးပမ်းမှုအတွက် ဖေ့စ်ဘွခ်က အချိန်အတော်ကြာ ယူခဲ့ရပါတယ်။ ဒီလူမှုရေးကွန်ယက်ဟာ သတင်းအချက်ထိန်းချုပ်ရာမှာ အားနည်းချက်တွေရှိလို့ ဝေဖန်ခံနေရပါတယ်။

အခုဆိုရင်တော့ အသုံးပြုသူတွေက ဓာတ်ပုံဖြစ်ဖြစ်၊ ဗီဒီယိုဖြစ်ဖြစ် တင်ထားတဲ့ အချက်အလက်တွေမှာ အမည်မှတ်ခြင်း (tag) ခံရတဲ့ သူဟာ ဒီဓာတ်ပုံ ဗီဒီယိုတွေ သူ့ရဲ့ကိုယ်ပိုင် စာမျက်နှာထဲမှာ ချက်ချင်းပေါ်တော့မှာ မဟုတ်ပါဘူး။ ဒါတွေကို ကိုယ့်စာမျက်နှာပေါ်မှာ ပေါ်မလာမီ တင်ခွင့်ပေးမှာလား မပေးဘူးလားစတာတွေကို ပြုလုပ်ရွေးချယ်နိုင်မယ့် အခွင့်အရေးကို အမည်တပ်ခြင်းခံရသူက ရရှိတော့မှာ ဖြစ်ပါတယ်။

အင်တာနက်ပေါ်မှ လူဆိုးတွေဟာ ဒီအမည်မှတ်ခြင်းပြုလုပ်ပြီး မကောင်းတဲ့ဓာတ်ပုံတွေကို အခြားသူတွေရဲ့ အမည်တပ်လေ့ရှိတာက ပြသနာတစ်ခုပါ။ ဒီလိုကာကွယ်ပေးမှုဟာ အမည်သညာ မှတ်ခြင်းကြောင့် ဖြစ်ပေါ်နေတဲ့ ဒီလိုပြသနာတွေကို ဖြေရှင်းပေးနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

အခြားပြောင်းလဲမှုတွေကတော့ သုံးစွဲသူရဲ့ ကိုယ်ပိုင်စာမျက်နှာပေါ်မှာ အချက်အလက် အကြောင်းအရာ တစ်ခုချင်းစီအတွက် ကိုယ်ပိုင်ဒေတာတွေကို လူတိုင်းကို ပေးကြည့်မလား၊ သူငယ်ချင်းတွေကိုပဲလား၊ ဒါမှမဟုတ် ကိုယ်ကြည့်စေချင်သူကိုပဲ ကြည့်ခွင့်ပေးမလားစသည်ဖြင့် ထိန်းချုပ်တဲ့ ပုံစံလေးထည့်ပေးလာတာပါပဲ။

နောက်တစ်ခုကတော့ အမည်မှတ်ခြင်းကို ကိုယ်တိုင်ဖယ်ရှားနိုင်သလို ကိုယ့်ကို အမည်မှတ်တဲ့သူကို ဒီလို လုပ်ခြင်းမှ ရုတ်သိမ်းပေးဖို့ တောင်းဆိုနိုင်ပါတယ်။ ဒါမှမဟုတ် ဒီလို အမည်မှတ်သူကို ပိတ်ဆို့ထားလိုက်လို့လည်း ရပါတယ်။

အသုံးပြုသူတွေဟာ အမည်မှတ်ခြင်းကို ကိုယ်တိုင်ဖယ်ရှားနိုင်သလို အမည်မှတ်သူဆီကို ဒီလိုပြုလုပ်ခြင်းမှ ရပ်တန့်ဖို့၊ အမည်မှတ်ထားတာကို ဖယ်ရှားပစ်ဖို့ တောင်းဆိုနိုင်တော့မှာပါ။

နောက်ပုံစံတစ်ခုက အခြားလူတွေက ကိုယ့်ရဲ့ စာမျက်နှာကိုဘယ်လိုမြင်ရမလဲဆိုတာကို ကြည့်နိုင်မယ့် ပုံစံတစ်ခုကို (news feed) ရဲ့ အပေါ်မှာ ပေါ်လာတော့မှာပါပဲ။

ဖေ့စ်ဘွခ် ရဲ့ ဒုဥက္ကဌဖြစ်သူ ခရစ်စ်ကော့ခ်ဆ်ကတော့ ဒီလို ကိုယ်ပိုင်ဒေတာတွေကို ထိန်းချုပ်တာနဲ့ ပတ်သက်ပြီး ပုံစံအသစ်ပြုလုပ်ရခြင်းဟာ ပုံစံအဟောင်းက မကောင်းလို့ ရှုပ်ထွေးလို့ မဟုတ်ပါဘူးလို့ ပြောပါတယ်။

"ပုံစံအဟောင်းရဲ့ထိန်းချုပ်ပုံဟာ မကောင်းလို့မဆိုပါဘူး ။ ဒါပေမဲ့ ပုံစံအသစ်က ပိုမိုကောင်းမွန်ပါတယ်" လို့ သူက ဘီဘီစီကို ပြောဆိုပါတယ်။ " ဒီလိုပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ကိုယ်ပိုင်စာမျက်နှာထဲမှာ ဆက်တင်ပုံစံတွေကို ပိုမိုတိုးတက်ကောင်းမွန်အောင် ပြုလုပ်ဖို့နဲ့ ပိုမိုမြန်ဆန်လာစေဖို့ ဖြစ်ပါတယ်"

မစ္စတာ ကော့ခ်ဆ်က ဆက်လက်ပြီး ဖေ့စ်ဘွခ်ကို အသက် ၁၃ နှစ်အောက် ကလေးများ သုံးစွဲလို့ ရနိုင်အောင် တိုးချဲ့ခြင်းတွေကို ပြုလုပ်ကောင်း ပြုလုပ်မှာပါလို့ ပြောဆိုသွားပါတယ်။

"အခု ဒီပြောင်းလဲမှုဟာ ယနေ့ ဖေ့စ်ဘွခ်ကို သုံးစွဲနေသူတွေအတွက် ဖြစ်သလို ဒီနေ့မှ ဖေ့စ်ဘွခ်ကို စသုံးသူတွေ အတွက်ကတော့ ဒါတွေကြောင့် အရင်ကထက် ပိုမိုလွယ်ကူလာမှာပါ" လို့ ဆိုပါတယ်။

အခုဒီပြောင်းလဲမှု ဖြစ်စဉ်အတွင်းမှာ ဖေ့စ်ဘွခ်သုံးစွဲနေသူတွေရဲ့ ကိုယ်ပိုင် အချက်အလက်တွေကို ထိန်းချုပ်တဲ့ ပုံစံကို ထိခိုက်မှု မရှိစေပါဘူးလို့လည်း ကတိပြု ပြောကြားခဲ့ပါတယ်။ ဒါတွေဟာ အခုအသုံးပြုနေသူတွေရဲ့ ထိန်းချုပ်မှုပုံစံကို အရင်အတိုင်း ရှိနေစေမယ်လို့ သူကဆိုပါတယ်။

ဖေ့စ်ဘွခ်ကို ပထမဆုံးအသုံးပြုတဲ့အခါ သတင်းအချက်အလက်တွေကို ဝေမျှတဲ့ပုံစံမှာ ဖေ့စ်ဘွခ်က အကြံပေးတာကတော့ အရင်က everyone ဖြစ်ပြီး အခုတော့ public လို့ပြောင်းသွားမှာ ဖြစ်ပါတယ်။ တကယ်လို့ အသုံးပြုသူက အခြားပုံစံတွေကို ရွေးချယ်ခဲ့ရင်လည်း ရွေးချယ်ထားတဲ့အတိုင်းပဲ ရှိနေမှာပါ။

ဒီ ကိုယ်ပိုင်သတင်းအချက်အလက်တွေကို ဝေမျှတဲ့ ပုံစံအသစ်ကို သြဂုတ်လ ၂၅ ရက်နေ့မှာ စတင် စမ်းသပ် အကောင်အထည်ဖော်တော့မှာ ဖြစ်ပါတယ်။

သုခသခင်(www.maukkha.org/)

Ref : http://www.bbc.co.uk/news/technology-14633427

Thursday, August 25, 2011

0 နာမည်ကျော် Forbes မဂ္ဂဇင်းကြီး၏ ကမ္ဘာ့သြဇာအရှိဆုံး အမျိုးသမီးစာရင်း တွင် ဒေါ်စု ပါဝင်

ကမ္ဘာ့ သြဇာအကြီးဆုံး အမျိုးသမီး ၁၀၀ စာရင်းမှာ နံပါတ် ၁ က ဂျာမန်ဝန်ကြီးချုပ် အန်ဂလာ မာကဲလ် (Angela Merkel)၊ နံပါတ် ၂ က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) နဲ့ နံပါတ် ၃ မှာ ဘရာဇီးလ် သမ္မတ ဒီလ်မာ ရူးဆက်ဖ် (Dilma Roussef) တို့ကို အသီးသီး ဖော်ပြထားပြီး ဒေါ်အောင်ဆန်းစုကြည်ကိုတော့ Forbes မဂ္ဂဇင်းက နံပါတ် ၂၆ မှာ ဖော်ပြ

0 မောင်စိန်ဝင်း(ပုတီးကုန်း) စာပေနယ်မှပဲ့တင်သံများ



မြန်မာပြည်မှာ ဖိနပ်မစီးနိုင်တဲ့ ကျောင်းသားလေးတွေ ဘယ်လောက် များနေမလဲ .. အဲ့လောက် နိမ့်ကျတဲ့ လူတန်းစား ဘယ်လောက်များနေပြီလဲ.. ဖိနပ်မပါလို့  သံစူးရင် မေးခိုင်ရောဂါပိုး ၀င်တတ်တယ်လို့  မသိတဲ့အမေတွေ ဘယ်လောက်များနေပြီလဲ.. သိရင်တောင်မှ ကာကွယ်ဆေး မထိုးနိုင်တဲ့သူတွေ ဘယ်လောက် များနေပြီလဲ.. ဒီအခြေအနေမှန်တွေကို တွေးမိပါတယ်..
DVB entertainment

0 မြန်မာ့နိုင်ငံရေးပြောင်းလဲရေးသည် တစ်ဦး တစ်ယောက်ကြောင့် မဖြစ်နိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား



ဒေါ်အောင်ဆန်းစုကြည် နှင့် မစ္စတာ ကန်တားနား တွေ့ ဆုံ [ Tinhlaing Facebook)]

(YPI) - ယနေ့မွန်းလွဲပိုင်းက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားနှင့် တွေ့ဆုံအပြီးတွင် မြန်မာနိုင်ငံရေးပြောင်းလဲရေးသည် လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်ထဲကြောင့် မဖြစ်နိုင်ဟု မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကြောင့် ပြောင်းလဲမှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကြောင့် ပြောင်းလဲမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ကင်တားနားနှင့် တွေ့ဆုံအပြီး သတင်းထောက်များကို ပြောခဲ့သည်။

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ကိစ္စနှင့်ပတ်သတ်၍လည်း “ နိုင်ငံရေး အကျဉ်းသားကိစ္စဆိုတာ မစ္စတာ ကင်တားနားက ပြောမှာပါ။ ဒါကပွင့်ပွင့်လင်းလင်း ပြောရမဲ့ကိစ္စပါ”လို့ ၄င်းက ပြောသည်။

မြန်မာနိုင်ငံသို့ ၅ ရက်ကြာလာရောက်သော မစ္စတာကင်တားနားသည် ယခင်ရက်များက အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ လွှတ်တော်ဥက္ကဌများနှင့် တွေ့ဆုံအပြီး ယနေ့သြဂုတ် ၂၄ ရက် နေ့လည် ၃ နာရီက ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်နာရီခွဲကြာ တွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “ အင်မတန်ကျေနပ်မှုရှိပါတယ်၊ တကယ်လဲ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကို လုပ်ပေးဖို့ စေတနာရှိတဲ့လူဆိုတော့ သူနဲ့တွေ့ရတာ အားလည်းရပါတယ်” ဟု တွေ့ဆုံမှုအပြီးတွင် မှတ်ချက်ပေးသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်နာရိကျော်ကြာတွေ့ဆုံ ပြီးနောက် မစ္စတာကင်တားနားသည် ညနေ၅နာရီခန့်တွင် ပြန်လည်ထွက်ခွာသွားခဲ့သည်။

မစ္စတာကင်တားနားသည် သြဂုတ်လ ၂၅ရက်နေ့ တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွါမည်ဖြစ်ပြီး မထွက်ခွာမှီ လေဆိပ်တွင် သတင်းထောက်များနှင့် တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဟု သိရှိရသည်။

ကင်တားနား၏ ယခုခရီးစဉ်သည် အစိုးရသစ်လက်ထက်တွင် ပထမဆုံးအကြိမ်ဖြစ်ပြီး လွန်ခဲ့သည့်တစ်နှစ်ကျော် ကာလအတွင်း ၄င်းသည် မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့် အကြိမ်ကြိမ်ငြင်းဆိုခြင်းခံခဲ့ရသည်။
Yangon PressInternational

Wednesday, August 24, 2011

0 ဧရာဝတီမြစ်ဆုံဆည်ရေအားလျှပ်စစ်စီမံကိန်းလုပ်ဆောင်လျှက်ရှိသောSinohydro bureau တရုတ်ရေအားလျှပ်စစ်ကုမ္မဏီကမှတ်တမ်းရိုက်ကူးထားသောVideo


Tuesday, August 23, 2011

0 ဂျပန်နိုင်ငံထုတ်မာအိနိချိ နေ့စဉ် သတင်းစာမှာပါတဲ့ ဒေါ်အောင်ဆန်းစုကြည်၏ “မြန်မာပြည်မှ ပေးစာ - အားလပ်ရက် ၂” အမည်ရှိ ဆောင်းပါးဘာသာပြန်


( ဂျပန်နိုင်ငံတွင် ၂၀၁၁ သြဂုတ်လ ၂၂ နေ့ထုတ် မိုင်အိနိချိ နေ့စဉ်သတင်းစာပါ Letter from Burma: Holiday (2) ကို မြန်မာပြန်ဆိုပါသည် )

မောင်မောင်လှကြိုင်
စိမ်းလန်းစိုပြေတဲ့ကုန်းမြေရဲ့ အနောက်ဘက်နယ်ခြားတလျှောက် လေးတွဲ့စွာစီးဆင်းနေတဲ့ ဧရာဝတီမြစ်ရဲ့ အံ့မခန်းမြင် ကွင်းကို ပုဂံဟိုတယ်(မြစ်မြင်ကွင်း)က ပကတိဖော်ပြပေးနေပါတယ်။

ကျွန်ုပ်တို့ ပုဂံတွင် လေးရက်နေထိုင်စဉ်မှာ မုတ်သုန်ရာသီတွင်း ကောင်းစွာချဉ်းနင်းဝင်ရောက်နေသော်လဲ မိုးဖွဲလေး(အမှန် တကယ်ကိုအဖွဲဆုံးလေး) တကြိမ်ပဲ ရွာခဲ့ပါတယ်။ မြို့တော်ဟောင်းအတွက် ကျော်ကြားစေခဲ့တဲ့ ရှုမောဘွယ်ရာ နေဝင် ဆည်းဆာများကို ညနေတိုင်း ကျွန်ုပ်တို့ခံစားပျော်ရွှင်ခဲ့ရပါတယ်။

ကျွန်ုပ်တို့ ဘန်ဂလိုရဲ့ဝရံတာကနေ နေဝန်းနီကြီး တော်ဝင်ခြေလှမ်းများဖြင့် လျှော်ကျသွားနေတာကို ကြည့်မြင်ရပါတယ်။ တဘက်မြစ်ကမ်းကိုညှို့မှိုင်းနေစေတဲ့ မရမ်းနုရောင်နဲ့ မဲနယ်ပြာတောင်တန်းများ နောက်ကွယ်မှာ လျှိုးဝင်မပျောက်ကွယ်ခင် မှာ ကောင်းကင်ကို အပြောရခက်တဲ့ ဟင်္သာပြဒါးရောင်များနဲ့ လိမ္မော်ရောင်များနဲ့ အဝါရောင်များဖြင့် ရောင်ခြယ်လျက် အံ့ဘွယ်တိမ်ကောက်ကြောင်းများကို အရောင်လင်းလက်စေပါတယ်။ ဒါဟာ ခရီးသွားလက်ကမ်းကြော်ငြာမှဓါတ်ပုံကို အသက်ဝင်စေခဲ့တာပါ။

ပုဂံရဲ့ကြည်နူးဘွယ်အချစ်ဇာတ်ကြောင်းများနဲ့ အံ့မခန်းဘွယ်ရာများကို ပညာရှင်များ၊ အထူးပြုလေ့လာသူများ နဲ့ ထသွားထ လာဧည့်သည်များက ရေးသားခဲ့ကြပါတယ်။ ခြုံနွယ်သစ်ပင်များလွှမ်းတဲ့လွင်ပြင်မှာ အရွယ် အစားစုံ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ ထောင်ပေါင်းများစွာရှိနေပါတယ်။ (ရှေးဟောင်းသုတေသနဌာနက ဗိမာန်အသေးများရဲ့ အကြွင်းများ အပါအဝင် ၃ ထောင်ကျော် စာရင်းပြုစုထားပါတယ်။) အကြီးဆုံးမှ အသေးဆုံးအထိ တခုချင်းစီမှာ ကောင်းကင်ကို ထောင်တက်နေတဲ့ ထိပ်ဦးပိုင်းများ ဆောင်းထားကြပါတယ်။ ဒါဟာ ရုပ်ပိုင်းဆိုင်ရာဖန်တီးမှုဖြစ်ရုံထက် ပိုမိုမြင့်တဲ့အရာ တခုကို လွမ်းမောတမ်းတခြင်းရဲ့ ပိသုကာပညာဆိုင်ရာဖော်ပြမှုဖြစ်ပါတယ်။

တိကျတဲ့ပုံတူပွါးကိုရရန် မကြာခဏမခြယ်သတဲ့ပုံမှာ ကျွန်မရဲ့ ပုဂ္ဂလိကစိတ်ခံစားမှုကို အသေးစိတ်မခြယ်မှုန်းပဲ ဆေးရောင် အလင်းအရောင်တောက်ပခြင်းကို ပေါင်းထည့်ပေးနိုင်ပါတယ်။ ညနေဆည်းဆာချိန်မှာ အလားအလာမရှိတဲ့ ရည်ရွယ်ချက် မြို့တော်ကို အတိတ်မှာရော အနာဂတ်မှာမရှိတဲ့ မှေးမှိန်တဲ့လောကမှာ အရိပ်များနက်ရှိုင်းစေမှုဖြင့်ပယ်ဖျက်လိုက်ပါတယ်။

အဆောက်အဦးငယ်များစွာတို့ဟာ ပျက်စီးမှုအဆင့်ဆင့်မှာရှိနေပါတယ်။ အမြဲမတည်ရှိခြင်းနဲ့ ဟောင်းနွမ်း ဆွေးမြေ့ခြင်းနဲ့ အယူမှား အယုံမှားခြင်း အကျေအမွများရဲ့ သရုပ်ဖော်ချက်များအဖြစ်ရပ်တည်နေပါတယ်။

ဗုဒ္ဓဘာသာဒေသတွင်သာမက တန်ခိုးထွားသူများနဲ့ ဝါကြွားလိုသူများ သူတို့ရဲ့အာဏာပိုင်ခြင်းနဲ့ ဂုဏ်ဒြဗ်များကို ဖျက်မရ နိုင်တဲ့ အမှတ်တံဆိပ်များအဖြစ် ကျန်ရစ်အောင်ကြိုးစားခဲ့ကြတဲ့ ကမ္ဘာမြေကြီးရဲ့ မည်သည့် အစိတ်အပိုင်းမှာမှ မလျော်ကန် တဲ့သင်္ခန်းစာများကိုလဲလှစ်ပြနေပါတယ်။

ပုဂံဟာ ပျောက်ကွယ်သွားတဲ့ဂုဏ်ရောင်၊ ပျောက်ဆုံးသွားတဲ့လူမှုယဉ်ကျေးမှုနဲ့ လူတို့ရဲ့သနားစဘွယ် မာနတရားများကို ဖော်ညွှန်းနှိုးထနေပါတယ်။ အဆုံးမဲ့သဲကန္တာရသဲများတွင် ကြီးမားတဲ့အပိုင်းအစများအဖြစ် လဲလျောင်းနေတဲ့ အိုဇီမဲန်ဒီယား ရဲ့ အေးတိအေးစက်နိုင်တဲ့ သရော်လှောင်ပြောင်ချက်ဖြင့် ကောင်းစွာဖော်ပြပေးနေပါတယ်။ “ကျွန်ုပ်ရဲ့အလုပ်များနဲ့ မြော်လင့်ချက်မဲ့ခြင်းများကိုကြည့်ပါ - အိုဘုရားသခင် - ”

သူတို့ရဲ့ ထင်ရတဲ့ဘာသာရေးယုံကြည်မှုသက်သေအဖြစ် အုတ်များနဲ့အင်္ဂေတသရွတ်များဖြင့် စေတီပုထိုးများ တည်ခဲ့ကြတဲ့ ပုဂံရဲ့ ဘုရင်များ၊ မိဖုယားများ၊ မင်းသားများ၊ နန်းတွင်းသူနန်းတွင်းသား ဘယ်နှစ်ပါးဟာ သံသရာအနှောင်အဖွဲ့က အမှန်တ ကယ်လွတ်မြောက်အောင် ရှေ့ရှုကြပါသလဲ။

တန်ဘိုးကြီးအဆောက်အအုံများတည်ဆောက်ခြင်းဖြင့် ကမ္ဘာမှာ သူတို့ရဲ့ပစ္စည်းတန်ဘိုး သက်သေပြရုံမျှ ဘယ်နှစ်ယောက် စိတ်ပါဝင်စားခဲ့ပါသလဲ။


အဲဒီအလုပ်တွေဟာ နိဗ္ဗာန်ရောက်ကြောင်းတရားအယူအဆလွှမ်းခြုံမှုမှ သူတို့ရဲ့စိတ်များက ကြောက်ရွံ့ဖယ်ရှောင်နေတာ ကြောင့် အသက်ရှင်နေတဲ့သံသရာတလျှောက် သူတို့ရဲ့သက်တောင့်သက်သာရှိနေမှုကို အာမခံတဲ့ အာမခံပေါ်လီစီအဖြစ် ဘယ်နှစ်ယောက် ကြည့်မြင်ခဲ့ပါသလဲ။

ပုဂံကိုအုပ်စိုးခဲ့တဲ့ မင်းများရဲ့စာရင်းဟာ အမှန်တကယ်ရှည်လျားလှပါတယ်။ ဒါပေမင့် မင်းတပါးတည်းကသာ ကျွန်မရဲ့ အာရုံကိုဖမ်းစားခဲ့ပါတယ်။ ကျွန်မကလေးဘဝမှာ သမိုင်းစာအုပ်များက ကျန်စစ်သားမင်းဟာ မြန်မာနိုင်ငံကို ပထမဆုံးစည်း ရုံးသိမ်းသွင်းခဲ့တဲ့ဘုရင်အဖြစ်မှတ်တမ်းတင်ခဲ့တဲ့ အနော်ရထာမင်းကြီးရဲ့သားတော်တပါးဖြစ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။ ဒါပေမင့် ပညာရှင်များရဲ့သုတေသနကတော့ သူတို့နှစ်ဦးဟာ သွေးမတော်စပ်ကြောင်းဖော်ပြကြပါတယ်။

ကျန်စစ်သားမင်းဟာ သာမန်ပုဂ္ဂိုလ်တဦးဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမင့် ထူးခြားတဲ့ပါရမီရှင် ဖြစ်ပါတယ်။ သူဟာ သတ္တိဗျတ္တိနဲ့ရဲရင့်သူပါ။ တော်ဝင်တပ်မတော်ရဲ့စစ်သေနာပတိဖြစ်လာကာ ထင်ရှားတဲ့ သူရဲကောင်းတဦးဖြစ်ခဲ့ပါတယ်။

ဘုရင်အိုကြီးက သူ့ကိုအာခံတော်လှန်နိုင်ခြေရှိတဲ့သူလို့ မနာလိုမရှုစိမ့်ဖြစ်တာခံရပုံရပါတယ်။ ဘုရင်အနော်ရထာ နတ်ရွာစံ ပြီးနောက် ပျော့ညံ့အရည်အချင်းမရှိတဲ့သားတော်က အရိုက်အရာဆက်ခံခဲ့ပါတယ်။ သူ့ရဲ့သက်တမ်းဟာ အလွန် တိုတောင်းလှပါတယ်။ အနော်ရထာရဲ့အရိုက်အရာခံဘို့ ကျန်စစ်သားမင်းသားရဲ့ထီးနန်းသိမ်းဘိသိက်ခံရေးကို စိန်ခေါ်မဲ့သူ မရှိကြောင်းယူဆရပါတယ်။
ကျန်စစ်သားမင်းဟာ ဉာဏ်ပညာကြီးမားတဲ့၊ စွမ်းရည်ပြည့်တဲ့ အကြင်နာဂရုဏာတရားကြီးမားတဲ့ မင်းတပါးအဖြစ် သက်သေခံပါတယ်။ သူတည်ထားခဲ့တဲ့ အာနန္ဒာဘုရားဟာလဲ သူ့ရဲ့ဆွဲဆောင်မှု ပင်ကိုယ်စရိုက်ကို ရောင်ပြန်ဟပ်နေစေ ပါတယ်။ အလင်းအမှောင်နှစ်ခုစလုံး အားကောင်းအောင် ကျက်သရေရှိရှိ အချိုးကျ တည်ဖွဲ့ထားလို့ လှပတဲ့အဆောက် အအုံအဖြစ် သဘောထားယူဆရပါတယ်။ အာနန္ဒာစေတီကိုဖူးမျှော်ရတာဟာ ရှားပါးတဲ့ဘုရင်တပါးကို ကန်တော့ရသလို စေတီအတွင်းရှိ ထူးခြားတဲ့ဗုဒ္ဓရုပ်ပွားတော်များဟာ ဘာသာရေးအမွေအဖြစ်ကိုယ်စားပြုထားတာပါလားလို့ လေးလေးနက် နက် ချင့်ချိန်စဉ်းစားမိစေပါတယ်။

ဟိုတယ်မြေပေါ်မှာ ကျွန်ုပ်တို့ကို ရင်သပ်ရှုမောဘွယ် အံ့သြခြင်းအဖြစ်နဲ့ ကျန်စစ်သားမင်းကြီးကို ရည်စူး တည်ထားကိုး ကွယ်တဲ့ စေတီနှစ်ဆူကို ဖူးမျှော်ခွင့်ရစေခဲ့ပါတယ်။ တကယ်တမ်းကို မထင်မရှား လူသိမများတဲ့စေတီများဖြစ်ပါတယ်။ တဆူကတော့ ကျန်စစ်သားမင်းကြီးအုပ်ချုပ်စချိန်မှာ သူရဲ့ရန်သူများအပေါ် အောင်မြင်ခြင်းအတွက် ဂုဏ်ပြုရည်စူး တည် ထားတာလို့ ကျွန်မတို့ကိုပြောပြပါတယ်။ အခြားတဆူကတော့ စစ်ဝါဒီတယောက်အနေနဲ့ သူကျူးလွန်ခဲ့တဲ့ အကြမ်းဖက် ကျူးလွန်ခဲ့မှုများမှ ကြေရာကြေကြောင်းအတွက် သူ နတ်ရွာစံခါနီးမှာ တည်ထားပေးထား တာလို့ ဆိုပါတယ်။

စားသောက်ဆောင်အနီး ဥယျဉ်ထဲမှာတော့ သင့်တင့်တဲ့အရွယ် အဆောက်အအုံများရှိပါတယ်။ အဲဒိနေရာများမှာ ညနေ တိုင်း ရိုးရာစောင်းဂီတသံများဖြင့်တီးခတ်ဖျော်ဖြေကြပါတယ်။ သီးသန့်ဘုရားရှစ်ခိုးဆောင်များ အနံ့အသက်များရရှိပါတယ်။ ယင်းတို့တွင် ဆိတ်ငြိမ်ညနေဆည်းဆာမှာ ဆီးမီးဖယာင်းတိုင်များ ထွန်းညှိပူဖော်ကြရတာ ကြီးမားထင်ရှားတဲ့ ဘုရား ကြီးများမှာ ဘုရားရှိခိုးပူဇော်ရမှုနဲ့ ခြာနားတဲ့ခံစားမှုကိုရရှိပါတယ်။



ကျွန်မရဲ့သားနဲ့ကျွန်မတို့ဟာ အဆောက်အဦးဟောင်းများကို ကတိုက်ကရိုက်လျှောက်မကြည့်တော့ရန် ဆုံးဖြတ်လိုက်ကြ ပြီး၊ ဟိုတယ်ပရဝဏ်တွင်းရှိ အာနန္ဒဘုရားနဲ့ကျန်စစ်သားမင်းကြီးရဲ့ စေတီငယ်များအပြင် အခြားစေတီနှစ်ဆူဖြစ်တဲ့ သဗ္ဗညုနဲ့ မနုဟာဘုရားများကို သွားရောက်ဖူးမျှော်ခဲ့ကြပါတယ်။ မနုဟာစေတီကတော့ အကျဉ်းခံ မွန်ဘုရင် မနုဟာမင်း တည်ထားခဲ့တယ်လို့ အများကယေဘူယျယူဆထားတာမို့ တမူ ထူးခြားလျက်ရှိနေပါတယ်။ ကာလကြာရှည်လက်ခံထားတဲ့ သမိုင်းမှာ ပညာရှင်များ အငြင်းပွားနေကြပါ တယ်။ ဒါပေမင့် ဒီစေတီဟာ တားဆီးပိတ်ပင်ခံထားရတဲ့ လွတ်မြောက်မှုရဲ့ ပြင်းပြတဲ့ခံစားမှုဝန်းကျင်ကို ဖန်တီးဘို့ တမင်္ဂလာပုံစံဖော်ဆောင်ထားပုံရပါတယ်။ ဗုဒ္ဓရုပ်ပွားတော်များဟာ ရရှိတဲ့နေရာနဲ့ အချိုးမကျစွာ အလွန်ကြီးမားနေပါတယ်။ ဖူးမျှော်ရတဲ့ဧည့်သည်မှာတော့ ပိတ်လှောင်ကြောက်လွန်စိတ်ရောဂါ၊ လွတ် မြေက်လိုတဲ့စိတ်ဆန္ဒဖြစ်မှုရဲ့ အသက်ရှူမွန်းကျပ်ခြင်းကို ခံစားဖြစ်ပေါ်စေပါတယ်။ ဤသို့ဖူးမျှော်ရခြင်းကြောင့် ကျွန်ုပ်တို့နိုင်ငံရဲ့ လိုအပ်ချက်ကြီးနှစ်ခုကို သတိရစေပါတယ်။ “မတူကွဲပြားနေကြတဲ့ လူမျိုးစုတိုင်းရင်းသားများအတွင်း သဟဇာတမျှမှုကို ယှက်နွယ်ယက်ဖောက်ပေးဘို့ လိုအပ်ချက်” နဲ့ “နိုင်ငံရေးအကျဉ်း သားများအားလုံးလွတ်မြောက်ဘို့ ဆောင်ရွက်ပေးရမဲ့လိုအပ်ချက်တို့”ဖြစ်ကြပါတယ်။ ဒီလိုအသိတရားမှအားလပ်ခြင်းဆိုတာ မရှိနိုင်ပါ။



ဒေါ်အောင်ဆန်းစုကြည်

၂၀၁၁ သြဂုတ်လ ၂၂

မိုင်အိနိချိ၊ ဂျပန်

( ဂျပန်နိုင်ငံတွင် ၂၀၁၁ သြဂုတ်လ ၂၂ နေ့ထုတ် မိုင်အိနိချိ နေ့စဉ်သတင်းစာပါ Letter from Burma: Holiday (2) ကို မြန်မာပြန်ဆိုပါသည် )

မောင်မောင်လှကြိုင်

၂၀၁၁ သြဂုတ်လ ၂၂


--

0 ချိုသောစကားဆိုသော်လည်း လက်တွေ့ဆန်ဘို့လိုသည်။

Photo/ Saw Phyo Lay
ချိုသောစကားဆိုသော်လည်း လက်တွေ့ဆန်ဘို့လိုသည်။

နေပြည်တော်တွင် သြဂုတ်လ (၁၈) ရက်နေ့က သမတ ဦးသိန်းစိန်က တက်ရောက်လာသူများကို အံ့အားသင့်ဖွယ်ရာ မိန်းခွန့်ချွေစကားပြောဆိုခဲ့သည့်အပေါ် လူအများ စိတ်ဝင်စားစွာ ထိုကိစ္စကို ဝေဘန် ပြောကြားနေခဲ့ကြသည်။ မြန်မာလူမျိုးများသည် အကောင်းမြင်တတ်ကြသူများ၊ အပြုသဘောဆောင် မှုကို လိုလားကြသူများဖြစ်သည်။ အများစုသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး ဘာသာရေးအရ ခွင့်လွှတ်မှု၊ သဘောထားကြီးမှုကို လက်ကိုင်ထားကြသူများဖြစ်သည်။ ဦးသိန်းစိန် မိန့်ခွန်းတွင် အရေးပါသော အချက် (၃) ချက်ပါဝင်သည်။

(၁) သူက ပြည်တွင်းရှိ အမြင်မတူ သဘောကွဲပြား ခြားနားသူများနှင့် အတွေးအခေါ် ယုံကြည်ချက် မတူကြသူများကို သဘောထားကြီးကြီးထား၍ လက်တွဲပြီး တိုင်းပြည်ကို ထူထောင်ကြဘို့နဲ့ “ကျွန်တော်တို့ဟာ ဒီမိုကရေစီစံနစ်နဲ့ နိုင်ငံသစ်ကို ထူထောင်ရာမှာ အခက်အခဲတွေ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အမြင်မတူတဲ့ လူတွေနဲ့ လက်တွဲဆောင်ရွက်ဖို့ ဖိတ်ခေါ်ပါတယ်” လို့ ပြောကြားခြင်း။

(၂) ပြည်ပကို ရောက်နေကြတဲ့ တိုင်းရင်းသားတွေအားလုံးကိုလည်း ပြန်လာချင်တဲ့သူရှိရင် ပြန်လာနိုင်အောင် ပြုလုပ်ပေးဘို့ စဉ်းစားနေကြောင်းနဲ့ ရာဇတ်မှု ကျူးလွန်ခဲ့သူများ အနေနဲ့ ပြစ်မှုကြီးရင် ပြစ်ဒဏ်ကို ကျခံရမှာ ဖြစ်သော်လည်း အပြစ်ခံဖို့ ပြန်လာခဲ့ရင် အထူးသက်ညှာစွာ စဉ်းစားပေးမှာ ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း။

(၃) သူ့အနေနဲ့ မြန်မာပြည်ဟာ တချိန်က ကိုယ်ထက်နိမ့်ကျတဲ့ နိုင်ငံတွေ ကိုယ်နဲ့ တန်းတူရှိတဲ့ နိုင်ငံတွေထက် ယနေ့အချိန်မှာ များစွာနိမ့်ကျနေတဲ့ အခြေအနေရောက်နေပြီဆိုတာကို ၀န်ခံသွားခဲ့ပါသည်။ ဒီလိုနိမ့်ကျမှုကို မြှင့်တင်နိုင်အောင် အားလုံးက ၀ိုင်းဝန်း ပူးပေါင်းကြိုးစားဘို့ လိုကြောင်း ဆိုခဲ့ခြင်း။

ထိုသုံးချက်သည် ပြည်သူလူထုကို ဆွဲဆောင်နိုင်ရန်အတွက် ၎င်း ကမ္ဘာ့နိုင်ငံများက လက်ခံလာစေရန်အတွက် ၎င်းပြောဆိုခဲ့သော်လည်း တကယ့်ရင်ထဲမှ ထွက်လာသော စကားများ ဟုတ်မဟုတ်ဆိုသည်ကို စောင့်ကြည့်ဘို့ လိုပေသည်။

ပထမ ပြောဆိုချက်နဲ့ ပတ်သက်ပြီး သုံးသပ်ရလျှင် အစိုးရသစ်သည် ပြည်တွင်းအတိုက်အခံများ တည်ရှိနေမှုကို လက်ခံခြင်း၊ အမြင်မတူ ကွဲပြားခြားနားသည့်အတွက် မတရားထောင်သွင်း အကျဉ်းချထားသော နိုင်ငံရေး အကျဉ်းသားများကို သဘောထားကြီးစွာ လွှတ်ပေးဘို့လိုသည်။ အမြင်မတူ ကွဲပြားခြားနားသူများနှင့် လက်တွဲ လုပ်ချင်လျှင် မိမိကိုယ်တိုင်က သဘောထားကြီးကြောင်း ပထမ ပြနိုင်ဘို့လိုသည်။ စကားနောက်တွင် လက်တွ့ အလုပ်ရှိဘို့ လိုသည်။ အစိုးရအဖွဲ့ ကျမ်းသစ္စာ ကျိန်ဆိုကတည်းက လွှတ်ပေးသင့်သော်လည်း ယ္ခု ၅ လကျော် ကြာသည်အထိ နိုင်ငံတကာနှင့် ကုလသမဂ္ဂ အပါအဝင် အတိုက်အခံ ပါတီများက တောင်းဆိုနေသော်လည်း လွှတ်မပေးဘဲ ထားရှိခြင်းသည် သဘောထား မကြီးရာ၊ ရှေ့စကား နောက်စကား မညီရာကျသည်။

ဒုတိယအချက်မှာ အစိုးရသစ်ဖွဲ့ပြီးမှ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်သည့် တင်းကြပ်သည့် ဥပဒေထွက်လာခဲ့သည်။ အင်တာနက် အသုံးပြုသူများကို Skype, Gtalk, VZO နှင့် အင်တာနက် စကားပြော ပရိုဂရမ်များကို အသုံးအပြုရဟု အမိန့်ထုတ်ခြင်း၊ လွတ်လပ်စွာ ထုတ်ဝေခွင့်ကို ပိုမိုတင်းကြပ်စွာ ပြုလုပ်လာခြင်း၊ ပြည်သူ ၅၅ သန်းကျော်အတွက် အစိုးရပိုင်သတင်းစာ ၄ စောင်သာ ထားရှိပြီး လွတ်လပ်သော ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေခွင့် ယခုထက်တိုင် မရှိခြင်း။ လူထု လူတန်းစား ကိုယ်စားပြုအဖွဲ့အစည်းများ ယနေ့ထက်တိုင်ဖွဲ့စည်းခွင့်မရှိခြင်းတို့သည်ဦးသိန်းစိန်ကပြည်သူလူထုအားလက်တွေ့ လုပ်ကိုင်ပြသရမည့်

အလုပ်ဖြစ်သည်။ဒီမိုကရေစီစံနှစ်တွင် ရှိသင့်ရှိအပ်သည်ကို လက်တွေ့လုပ်ရပ်များဖြစ်သည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့် ပတ်သက်၍ ပြောကြားရာတွင် ပြစ်မှုကြီးများ ကျူးလွန်ထားသူများ အနေအနှင့် အပြစ်ဒါဏ်ခံရမည်ဖြစ်ကြောင်း အပြစ်မှု ကျူးလွန်ခြင်း မရှိသူများ အနေနှင့် ပြန်လာနိုင်ရန် စဉ်းစားနေကြောင်း ပြစ်မှု ကျူးလွန်သူများအနေနှင့် ပြစ်မှုကို ကျခံရန် ပြန်လာလျှင် အထူးသက်ညှာစွာ စဉ်းစားပေးမည်ဖြစ်ကြောင်း ပြောကြားချက်သည် “ဘက်လိုက်မှု ရှိသည်ဟုဟုမြင်သည်”။

ပြစ်မှု ကျူးလွန်သည်ဟု မည်ကဲ့သို့ အချက်အလက် အထောက်အထားများဖြင့် အဓိပ္ပါယ်ဖွင့်မည်နည်း။ တဖက်တွင်လည်း ၂၀၀၈ အခြေခံဥပဒေတွင် ၁၉၈၈ ခုနှစ်ပိုင်းမှစ၍ အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ဆောင်မှုများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးထားခဲ့သည်။ ထိုစဉ် ဦးသိန်းစိန်သည် အစိုးရအဖွဲ့ဝင် ဗိုလ်ချုပ်တယောက်ဖြစ်သည်။ စစ်အစိုးရ လူများကို လွတ်ငြိမ်းချမ်းသာခွင့်ကို ၂၀၀၈ အခြေခံဥပဒေတွင် ထည့်သွင်းပြီး အကာအကွယ် ပေးထားသော်လည်း ၁၉၈၈ ခုနှစ် နောက်ပိုင်း ပြည်ပသို့ ထွက်ခွာလာ ကြသူများကိုမူ ချွင်းချက်များဖြင့် ခွဲခြားသတ်မှတ်ထားခြင်းမှာ တရားမျှတမှု မရှိဘဲ တဖက်သတ် ဘက်လိုက်ထားမှု ဖြစ်ကြောင်း တွေ့ရှိရသည်။

ထို့ပြင် ၁၉၈၈ ခုနှစ်တွင် ရန်ကုန်မြို့၌ လူ ၃၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့မှု (ကျောင်းသားလူငယ်များ အပါအ၀င်)။ ဒီပဲယင်း လုပ်ကြံသတ်ဖြတ်မှုတွင် လူပေါင်း တရာကျော် သတ်ဖြတ်သည့် တရားခံကို တယောက်မှ အရေးယူမခံရခြင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသော ရဟန်းသံဃာ တော်များကို ရက်စက်စွာ သတ်ဖြတ်ထောင်ချခဲ့ခြင်းနှင့် ရာပေါင်းများစွာကို ထောင်သွင်းချထားခြင်းတို့ကို ပြုလုပ်ခဲ့သူများကို ၂၀၀၈ အခြေခံဥပဒေဖြင့် တဖက်သတ် အကာအကွယ်ပေးထားပြီး မိမိယုံကြည်ချက်ဖြင့် ပြည်ပသို့ ထွက်ခွါခဲ့ကြပြီး တိုက် ပွဲဝင်နေသူများကိုမူ ရာဇ၀တ်ကျူးလွန်ခဲ့ပါက အရေးယူမယ်၊ သတ်ညှာစွာ စဉ်းစားပေးမည် ဆိုသည်က မျှတမှု မရှိချေ။ ဦးသိန်းစိန်အနေနှင့် ဤအချက်ကို အလေးအနက်ထားပြီး မျှတစွာ ဘက်လိုက်မှုမရှိဘဲ စဉ်းစားဘို့လိုသည်။

တတိယအချက်အနေနှင့် တိုင်းပြည်က ကမ္ဘာ့အလယ်တွင် ချမ်းသာကြွဝသော နိုင်ငံမှ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံဘ၀သို့ ကျရောက်သွားခဲ့ရသည်ကို ၀န်ခံခြင်းသည် အမှန်ကို တင်ပြရဲခြင်း ဖြစ်သော်လည်း စစ်အာဏာရှင် စံနစ်ကြောင့်ဖြစ်သည်။ စစ်အာဏာရှင်များ အာဏာအလွဲသုံးစားမှုကြောင့် ဖြစ်သည်ဟု ထုတ်ဖေါ် ပြောကြားခဲ့ခြင်း မရှိချေ။ သူ့အစိုးရသည် မြန်မာပြည်သူများ ဆင်းရဲမွဲတေမှုကို သတိပြုမိသည်။ ထို့အတွက်ကြောင့် ပြည်သူများ စိတ်ချမ်းသာစေရန် ဈေးကွက်စီးပွားရေး စံနစ်ကို ပြုလုပ်ပေးခဲ့ပြီး လွတ်လပ်တဲ့ ယှဉ်ပြိုင်မှုကို ပွင်လင်း မြင်သာအောင် စီမံဆောင်ရွက်နိုင်ခဲ့တယ် ဆိုခဲ့ပါသည်။ ကျေးလက်ကျေးရွာတွေ ဖွံ့ဖြိုးရေးအတွက်လည်း အလုပ်ရုံ ဆွေးနွေးပွဲတွေ လုပ်ပေးခဲ့တယ် ဆိုခဲ့ပါသည်။ သို့ရာတွင် နှစ်ပေါင်း ၂၀ ကျော် အစိုးရနဲ့ ပေါင်းပြီး တိုင်းပြည်ရဲ့ သဘ၀သယံဇာတများကို ယှဉ်ပြိုင်သူမရှိ လက်ဝါးကြီးအုပ်ပြီး ဗိုလ်ချုပ်များနဲ့ အကျိုးအမြတ်ကို မျှဝေခံစားနေကြသော ခေတ်ပျက်သန်းကြွယ်သူဋ္ဌေး လက်တဆုတ်စာ ကို သာမန်ပြည် သူတွေ အနေနဲ့ ဘယ်လိုမှ ယှဉ်ပြိုင်ပြီး ဈေးကွက်ထဲကို ၀င်လို့မရနိုင်ပါဘူး။ ဒီအတွက် မျှတတဲ့ ဈေးကွက်စီးပွားရေးစံနစ်ကို ပြုလုပ်မယ်ဆိုရင် ချမ်းသာလွန်းနေတဲ့ သူတွေရဲ့ လက်ဝါးကြီးအုပ်ထားမှုကို ဥပဒေထုတ် ကန့်သတ်ပြီး သာမန်ပြည်သူတွေအတွက် လုပ်ပိုင်ခွင့်တွေကို ဖွင့်ပေးရမည်ဖြစ်ပါသည်။

အမေရိကန်နိုင်ငံကို နိုင်ငံရေးခိုလှုံသူ အဖြစ်တောင်းခံခဲ့သော မြန်မာစစ်သံမှူး၊ ဗိုလ်မှူးအောင်လင်းထွဋ်က ယနေ့အခြေအနေကို သုံးသပ်ထားမှုဟာ စိတ်ဝင်စား လက်ခံနိုင်စရာ ကောင်းပါသည်။ ဦးအောင်လင်းထွဋ်က ယ္ခင်စစ်အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၇) ဖွဲ့နှင့် ငြိမ်းချမ်းရေး ယူနိုင်ခဲ့ခြင်းကို အောင်မြင်မှုကြီး တရပ်အဖြစ် အသားပေး ဖေါ်ပြခဲ့ကြပြီး ၎င်းတို့သည်တိုင်းပြည် ငြိမ်းချမ်းရးကို ဆောင်ကျဉ်းနိုင်သူများအဖြစ်မော်ကြွားခဲ့ကြပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကိုမူတိုင်းဖျက် ပြည်ဖျက်များ အဖြစ် အပုပ်ချခဲ့သည်။ ယခု ဦးသိန်းစိန်၏ စစ်ဝတ်ချွတ် အစိုးရလက်ထက်တွင်မူ ယခင်နည်းဗူဟာကို ပြောင်းပြန်လှန်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို တိုင်းပြည် ဖျက်သူများအဖြစ် ပုံဖော် ခါ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့နဲ့ သင့်မြတ်နေပါပြီ ဆိုပြီး ပွဲထုတ်လာ ခဲ့ပြန်တယ်ဟု ဆိုထားပါသည်။ အဓိက ရည်ရွယ်ချက်မှာ အဖက်သတ် ရေးဆွဲ အတည်ပြုထားသော နာဂစ် အခြေခံဥပဒေကိုမူ အဖြစ်ကိုင်စွဲပြီး ဒေါ်အေင်ဆန်းစုကြည်ကို ၂၀၀၈ ဥပဒေဘောင်အတွင်းသို့ သွတ်သွင်း နေခြင်းဖြစ်သည်ဟု ထောက်ပြထား ခဲ့ပါသည်။

အစိုးရသစ်မှ ၎င်းတို့နှင့် တိုက်ခိုက်နေကြသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို သားဆိုးများဖြစ်သည်၊ ဖျောင်းဖျယူရမည် ၊ ဖြစ်ကြောင်း ပြောကြားချက်သည် ပဋိပက္ခကို ဖြေရှင်းနိုင်ဘို့ထက် တမင်သက်သက် ပြဿနာကြီးထွားအောင် ဆွပေးသကဲ့သို့ ဖြစ်စေပါသည်။အုပ်ချုပ်သူတို့က ဖခင်နေရာမှနေ၍ တိုင်းရင်းသားများသည် သားဆိုးများနေရာတွင် ထား၍ပြောကြားခြင်းသည် နှိမ့်ချခြင်းသဘောဖြစ်သည်။ ယ္ခုလုပ်ရပ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတို့ကြားသပ်လျှို ဖြိုခွဲခြင်းသာဖြစ်သည်။ ဒီမိုကရေစီအင်အားစုများကို စိတ်ဓါတ်စစ်ဆင်ရေး တိုက်ကွက်တခု ဖြစ်နိုင်သဖြင့် သတိထားသင့်သည်ဟု မြင်သည်။

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဦးသိန်းစိန်ကိုနောက်မှ ကြိုးဆွဲထားပြီး ၎င်းနောက်တွင် ဗိုလ်ချုပ်သန်းရွှေ ရှိနေသည်ဟု ယူဆရသည်။

ကျွန်တော်တို့အားလုံး တော်လှန်ရေးသတိ ရှိကြရမည်ဖြစ်ပြီး ဦးသိန်းစိန်၏ ပြောကြားချက်သည် အမှန်တကယ် ပြောင်းလဲရန်အတွက် ရိုးသားစွာ ပထမခြေလှမ်းအနေနှင့် လှမ်းခြင်းလော သို့မဟုတ် ပျားရည်ဆမ်းစကား သက်သက်မျှသာ ဖြစ်သလော စောင့်ကြည့်ဘို့ လိုပေလိမ့်မည်။

တိုင်းရင်းသား အဖွဲ့အစည်းများကိုလည်းကောင်း၊ မြန်မာပြည်သူများကိုလည်းကောင်း၊ စစ်အာဏာရှင် အဆက်ဆက်သည် ကတိမျိုးစုံ ပေး၍ လိမ်လည်လှည့်ဖျား ထားခဲ့ကြသည့်အတွက် သံသယ ဖြစ်သည်ကို အပြစ်တင်စရာ မရှိပေ။ ပြည်တွင်းပြည်ပရှိ မျိုးချစ်မြန်မာများအနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ပြီးနောက်မှ ယုံယုံကြည်ကြည် လိုက်ကြရန် အထူးလိုအပ်ပေသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဖွင့်ပေးသော တခါးမှန်သမျှကို တိုးဝင်စူစမ်းရင်း ဟန်ဆောင်မှုလား၊ အမှန် ပြောင်းလဲရန် ပြုလုပ်ခြင်းလား ဆိုသည်ကို ထုထ်ဖေါ်ပေးပါလိမ့်မည်။ ဆန္ဒစောပြီး နိုင်ငံရေး ကစားကွက်တွင် ခက်ခက်ခဲခဲပါဝင် ကစားနေကြသည့် ဒေါ်စုကို မပုပ်ခတ်ဘို့ နားလည်မှု ပေး၍ စောင့်ကြည့်ရင်း အားပေးဘို့ အထူးလိုအပ်နေသော အချိန်ဖြစ်သည်။ ကျားကွက် မရွေ့ခင် သူက ဘာထင်သည် ငါက ဘာထင်သည်နှင့် ရန်ဖြစ်နေလျှင် ကျွန်ုပ်တို့ ရည်မှန်းချက် ပန်းတိုင်သို့ မရာက်နိုင်ဘဲ ရှိမည်သာဖြစ်သည်။ ထို့ကြောင့် ဦးသိန်းစိန်တွင် တကယ်ပြောင်းလဲလို စိတ်ရှိ မရှိ၊ အပေါ်ယံနိုင်ငံရေး အမြတ်ထုတ်လိုမှုဖြင့် ကစားခြင်းလော။ တနှင့်တဦကို ခွဲခြားဆက်ဆံပြီး သွေးကွဲအောင်လုပ်၍ အုပ်ချုပ်ရန် ကြံစည်ခြင်းလော ဆိုသည်တို့ကိုစစ်အုပ်စုသည် ဘက်စုံမှ အကြပ် အတည်းဖြစ်လာတိုင်း ထွက်ပေါ်ရှာသည့် အနေနှင့် ပြုလုပ်တတ်သဖြင့်ဟန်ပြပြောင်းလဲရန် တာစူပြခြင်းလား သိဘို့လိုသည်။

အကယ်၍ ဦးသိန်းစိန်အနေနှင့် ဗိုလ်သန်းရွှေ အရိပ်အောက်မှ အမှန်တကယ် ရုန်းထွက်ပြီး စစ်မှန်သော ဒီမိုကရေစီစံနစ်ကိုတည်ထောင်လိုလျှင်သူသည်မြန်မာနိုင်ငံ၏ရာမိုစ်(ပြည်သူဘက်ပြောင်းလာသော ဖိလစ်ပိုင်စစ်ဗိုလ်ချုပ်အမည်) ဖြစ်လာပေလိမ့်မည်။ ဗိုလ်သိန်းစိန် အနေနှင့် ၎င်းပြောခဲ့သော ပျားရည်ဆမ်းစကားများသည် အမှန်တကယ် ပြုပြင်ပြောင်းလဲလိုစိတ်နှင့် ပြောကြားခြင်းကြောင်းကို သက်သေပြသည့်အနေနှင့် ပြုလုပ်ရန် အထူးလိုအပ်လှပေသည်။

(၁) နိုင်ငံရေး အကျဉ်းသားအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန်။

(၂) ပြည်ပရောက် မြန်မာများကို အထွေထွေ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးရန်။

(၃) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံးနှင့် ဗဟိုအစိုးရတို့ ဒေါ်အောင်ဆန်းကြည်အား ကြားဖြန်ဖြေရေး နေရာတွင် ထားပြီး ဆွေးနွေးညှိနှိုင်းပြီး ငြိမ်းချမ်းရေးယူကြရန်။

ပထမဦးဆုံး ကျွန်ုပ်တို့၏ ထောင်တွင်း အကျဉ်းကျခံနေရသော ကျွန်ုပ်တို့ ညီအစ်ကို မောင်နှမများကို လွှတ်ပေးခြင်းဖြင့် ဗိုလ်ချုပ် သိန်းစိန်က အပြောမဟုတ်၊ အလုပ်ဖြင့်သက်သေပြခြင်းကို ကြည့်လိုပါသည်။ ဗိုလ်သိန်းစိန် သက်သေပြချက်ကို စောင့်မျှော်ကြည့်ရင်း အပြောနှင့် အလုပ်လက်တွေ့ကျ မကျကို ဆုံးဖြတ်မည် ဖြစ်ပါသည်။

ထွန်းအောင်ကျော်

0 မြန်မာနိုင်ငံ၏ အပြောင်းအလဲ လက္ခဏာများကြားတွင် စောင့်နေသော လေဒီ



(20 August 2011 ရက်စွဲပါ Sydney Morning Herald မှ Lady is for waiting amid signs of change in Burma ကို ဘာသာပြန်ဆိုသည်)

AK 47 သေနတ် ကိုင်ထားသော စစ်သားများသည် အမှတ် (၅၄) တက္ကသိုလ်ရိပ်သာ လမ်းရှိ နှစ်ထပ် ကိုလိုနီပုံစံ အိမ်သို့ သွားမည့် သြစတြေးလျ သံရုံးမှ ကားအား သံဆူးကြိုးများ ကာထားသော စစ်ဆေးရေး ဂိတ်တွင် သေနတ်တ၀င့်ဝင့်နှင့် ၀ိုင်းထားခဲ့ကြသည်။

ထို အဖြစ်အပျက်သည် ဘာလင်တံတိုင်း ပြိုသော၊ Tiananmen ရင်ပြင် လူသတ်ပွဲများ ဖြစ်ပွားသော၊ ကမ္ဘောဒီးယားမှ ဗီယက်နမ် စစ်တပ်များ ရုတ်သိမ်းသွားသော ၁၉၈၉ ခုနှစ်၏ တစ်ခုသော နံနက်ခင်းတွင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။

ထိုအဖြစ်အပျက် မတိုင်မီ လအနည်းငယ်ကပင် မြန်မာစစ်သားများသည် ရန်ကုန်မြို့၏ လမ်းများပေါ်တွင် လူ (၃၀၀၀)ခန့်ကို သတ်ဖြတ်ခဲ့ပြီး လူထု ဆန္ဒပြပွဲကို ရပ်ဆိုင်းပစ်ခဲ့သည်။

ထိုအချိန်က ကျွန်ုပ်သည် အရှေ့တောင်အာရှ သတင်းထောက်အဖြစ် ခန့်ထားခြင်းခံရ၍ ကျွန်ုပ်အဖို့ အာရှသည် အသစ်ဖြစ်လျက် ရှိနေချိန် ဖြစ် သည်။

ကျွန်ုပ် ရန်ကုန်သို့ ရောက်သောအခါ ယခင်က အရှေ့၏ဘုရင်မ (queen of the east) ဟု အမည်တွင်ခဲ့သော ဗြိတိသျှအုပ်ချုပ်ခဲ့သော မြို့တော် သည် ပျက်စီးယိုယွင်းနေသော အခြေအနေကိုတွေ့ရ၍ အံအားသင့်ခဲ့ရသည်။ ရန်ကုန်တွင် လူအများသည် ၁၉၆၂ ကတည်းက လျှို့ဝှက်ပြီး၊ အထူးအဆန်း များကို ယုံသော ဗိုလ်ချုပ်များ၏ လက်အောက်တွင် မြင့်မားသော ကုန်ဈေးနှုန်းများဖြင့် ရှင်သန်ရေးအတွက် ရုန်းကန်နေကြရသည်။

ထိုစဉ်က သြစတြေးလျသံအမတ်ကြီး Christopher Lamb သည် ဒီမိုကရေစီ လှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာဗျူး ပြုလုပ်နိုင်ရန် ကျွန်ုပ်အား ကူညီခဲ့သည်။ သူမသည် ကျွန်ုပ်အား အင်းလျားကန်တွင် မေးတင်ထားသော အိမ်၏တံခါးဝတွင် ထိုနေ့နံနက်က နွေးထွေးစွာ ကြိုဆို နှုတ်ဆက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပန်းပွင့်လေးများ ပါသောအင်္ကျီကို ၀တ်ဆင်ထားပြီး၊ ရိုးရာထမီကို ၀တ်ဆင်ထားပြီး သူမနှင့် ထိုစဉ်က ဖိလစ်ပိုင် သမ္မတ Corazon Aquino၊ ပါကစ္စတန်ဝန်ကြီးချုပ် Benazir Bhutto တို့နှင့် နှိုင်းယှဉ်ခြင်းကို လက်မခံခဲ့ပေ။ Aquino နှင့် Bhutto တို့သည် အနောက်နိုင်ငံ တွင် နေထိုင်ရာမှ ယင်းတို့၏ တိုင်းပြည်များသို့ ပြန်လာကာ ဒီမိုကရေစီလှုပ်ရှားမှုများကို သူမကဲ့သို့ ဦးဆောင်ခဲ့သူများ ဖြစ်သည်။

သူမသည် ဆုံးဖြတ်ချက် ခိုင်မာအားကောင်းမှုကြောင့် သူမအား ၁၅ နှစ်ခန့် နေအိမ်အကျယ်ချုပ်ဖြင့် အထီးကျန် ပြုထားချိန်တွင် လူရောစိတ်ပါ ကျန်းမာနေစေရန် များစွာအထောက်အကူ ပြုသည်။ ယနေ့ ကမ္ဘာပေါ်တွင် သက်တမ်း အရှည်ဆုံး စစ်အစိုးရသည် သူမအား တိုင်းပြည်၏ ရန်သူသဖွယ် ပြုမူ ဆက်ဆံခဲ့သည်။
“လူတွေအခြေအနေ တော်တော် ဆိုးရွားနေပါပြီ။ ဒါဟာ ရှင်းရှင်းလေးပဲ။ ပြောင်းလဲမှုအတွက် အချိန် ရောက်နေပါပြီ” ဟု သူမက ကျွန်ုပ်အား ပြောပြသည်။

“ပြည်သူတွေက အပြောင်းအလဲကို လိုချင်နေကြပြီ။ ဒါရဖို့ သူတို့ စွန့်လွတ်အနစ်နာခံဖို့ ပြင်ဆင်ထားကြပြီ” ဟု သူမက ပြောသည်။

၂၂ နှစ် လွန်သော်


ယခုလတွင် ကျွန်ုပ်သည် ထိုဒေသသို့ သတင်းထောက်အဖြစ် ပြန်ရောက်ခဲ့သည်။ ပြည်ပတွင် “ပြည်သူတွေက အပြောင်းအလဲကို လိုချင်နေကြပြီ။ ဒါရဖို့ သူတို့ စွန့်လွတ်အနစ်နာခံဖို့ ပြင်ဆင်ထားကြပြီ” ဟု သူမက ပြောသည်။

၂၂ နှစ် လွန်သော်

ယခုလတွင် ကျွန်ုပ်သည် ထိုဒေသသို့ သတင်းထောက်အဖြစ် ပြန်ရောက်ခဲ့သည်။ ပြည်ပတွင် ထွက်ပြေးနေထိုင်နေကြသော မြန်မာများရော လူ့ အခွင့်အရေး စောင့်ကြည့် လေ့လာသူများကပါ အသက် ၆၆ နှစ်ရှိ နိုဘယ်ဆုရှင်အပေါ် ဗိုလ်ချုပ်များအား ရင်ဆိုင်နေနိုင်ဆဲ သတ္တိကို ချီးကျူး ပြောဆို နေကြဆဲ ဖြစ်သည်။ ဗိုလ်ချုပ်များသည် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ခန့်ကို ထိန်းသိမ်းထားဆဲ ဖြစ်ပြီး၊ ပြီးခဲ့သည့် လပိုင်းများအတွင်း အရှေ့ပိုင်းရှိ တိုင်းရင်း သား အုပ်စုများကို တိုက်ခိုက်မှုအရှိန် မြှင့်တင်လာသည်။

နှစ်ပေါင်းများစွာအတွင်း ဗိုလ်ချုပ်များသည် “လေဒီ” အပေါ် စာနာမှု အနည်းငယ်ပင် မပြနိုင်ခဲ့ကြပေ။ ၁၉၉၉ ခုနှစ် ယင်း၏ ၅၃ နှစ်မြောက် မွေးနေ့ တွင် ကွယ်လွန်ခဲ့သော သူမ၏ ခင်ပွန်း Michael Aris ကင်ဆာ ရောဂါ ခံစားနေရချိန်တွင် ယင်း မြန်မာပြည်သို့ လာရောက်ခွင့် ငြင်းပယ်ခြင်း ခံရသည်။

သို့သော် ယနေ့ရန်ကုန်တွင် သတိထား၍ အကောင်း မြင်ကြည့်ရမည့် စိတ်ဝင်စားဖွယ် တိုးတက်မှု ဖြစ်ပေါ်နေသည်။

အကယ်၍ တိုင်းပြည်ကို အပယ်ခံ နိုင်ငံတစ်ခုအဖြစ် မမြင်စေလိုလျှင်၊ ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည် စည်းလုံးညီညွတ်ရေး ဖြစ်စဉ်တွင် ထည့်သွင်း ရမည် ဆိုသည်ကို ဗိုလ်ချုပ်များ သဘောပေါက် လာလေသလော။

သူမသည် မကြာသေးမှီက အလုပ်သမား ၀န်ကြီး ဦးအောင်ကြည်နှင့် နှစ်ကြိမ် ဆက်တိုက် တွေ့ဆုံခဲ့သည်။ ပြီးခဲ့သည့် အပတ် အကုန်ကလည်း သူမသည် နိုဝင်ဘာ လွတ်မြောက်ပြီးကတည်းက ပထမဆုံး နိုင်ငံရေးခရီးစဉ်အဖြစ် ခရီးထွက်ပြီး ထောက်ခံသူများ၊ ရေဘေးဒုက္ခသည်များကို တွေ့ဆုံ နှုတ်ဆက်ခဲ့သည်။

နေပြည်တော်တွင် ရှားရှားပါးပါး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ဒေါ်အောင်ဆန်းစုကြည်၏ အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်သည် တရားဝင်ရပ်တည်ခွင့် မရှိတော့သော်လည်း၊ အမျိုးသား အကျိုးစီးပွားဖြစ်သည့် စုစည်းညီညွတ်မှုအတွက် လုပ်ဆောင် နိုင်ရန် မိမိတို့ အခွင့်အလမ်းများ ဖွင့်ပေးထားဆဲ ဖြစ်ကြောင်း ကြေညာခဲ့သည်။

NLD သည် ပြီးခဲ့သည့် မေလက ဖျက်သိမ်းခံခဲ့ရသည်။ ဦးကျော်ဆန်းက သူမအား တရားဝင် နိုင်ငံရေး ပါတီတည်ထောင်၍ နိုင်ငံရေးတွင် ပါဝင် လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ နောက်ဆုံး တွေ့ဆုံမှုအပြီးတွင် ပူးတွဲကြေညာချက် ထုတ်ပြန်ရာတွင် နှစ်ဦးနှစ်ဖက်သည် တည်ငြိမ်ရေး၊ ငြိမ်သက်ရေးနှင့် စီးပွားရေးနှင့် လူမှုရေးအဖွဲ့အစည်းနှင့် ဥပဒေများ တိုးတက်မှုအတွက် ပူးတွဲဆောင်ရွက်ရန်နှင့် မတူညီသော အမြင်များ ရှောင်ရှားသွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ယမန်နေ့ကလည်း အစိုးရသည် နေပြည်တော်တွင် ကျင်းပသည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံ ဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတ ဦးသိန်းစိန်နှင့်အတူ တက်ရောက်ရန် ပထမဆုံးအကြိမ် ဖိတ်ကြားခဲ့သည်။

အစိုးရသည် ကုလသမဂ္ဂ ကိုယ်စားလှယ် Tomas Quintana အား မြန်မာနိုင်ငံသို့ လာရောက်ရန် ခွင့်ပြုခဲ့သည်။ ယခုအခါ ဒေါ်အောင်ဆန်း စုကြည်သည် ပြောဆိုမှုများ၊ လုပ်ဆောင်မှုများကို သတိထား၍ ဂရုစိုက် ပြုလုပ်လျက် ရှိသည်။

သူမသည် အဓိက လုပ်ငန်းများတွင် Sanction ကို ထောက်ခံသော်လည်း၊ ပုဂ္ဂလိက ခရီးသွားကဏ္ဍအတွက် သူမ၏ ရပ်တည်ချက်ကို မကြာသေးမှီက လျော့ပေးခဲ့သည်။ သူမက ဦးအောင်ကြည်နှင့် ဆွေးနွေးခဲ့မှုများတွင် ပါဝင်သော အကြောင်းအရာများကို ပြောရန် စောသေးသည်ဟု ဆိုသည်။

“ကျွန်မ အမှား မလုပ်မိချင်ဘူး။ အလားအလာကောင်းတွေ ရှိနေပါတယ်” ဟု သူမက ပြောသည်။

(Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။)

Original link http://www.smh.com.au/world/lady-is-for-waiting-amid-signs-of-change-in-burma-20110819-1j2bu.html

0 ဧရာဝတီမြစ်ကြီးထာဝရရှင်သန်ရေးအတွက်မြန်မာပြည်သူပြည်သားများက သမ္မတဦးသိန်းစိန်ထံသို့ပေးစာ

မြန်မာနိုင်ငံ မြန်မာလူမျိုး တို့ရဲ့ အသက်သွေးကြော ဧရာဝတီမြစ်ကြီးကို ကမ္ဘာတည်သရ်ျ အရှည်တည်တံ့နိုင်စေရန် မြန်မာပြည်သူ ပြည်သား အားလုံး ၀ိုင်းဝန်းပူးပေါင်း ပါဝင်ကြရန် အလေးအနက် မေတ္တာရပ်ခံ တိုက်တွန်းနှိုးဆော် အပ်ပါသည်။ (Myint Myint Khin Pe)

0 ၂၀၀၈ ဖွဲ့စည်းပုံ လက်ခံရေးအတွက်သမ္မတ ဦးသိန်းစိန် ပြည်ထောင်စုလွှတ်တော်မှာ ပြော (အသံဖိုင်)


၂၀၀၈ ဖွဲ့စည်းပုံ လက်ခံရေးအတွက်သမ္မတ ဦးသိန်းစိန် ပြည်ထောင်စုလွှတ်တော်မှာ ၂၂-၈-၂၀၁၁ နေ့လည် (၁) နာရီ ကပြောကြား(အသံဖိုင်)

သမ္မတ ဦးသိန်းစိန်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံတဲ့ အဖွဲ့အစည်းတွေ လက်ခံလာအောင် ကြိုးစားနေပါတယ်လို့ ပြောဆိုလိုက်ပါတယ်။ အရင်က ပြောဆိုဆွေးနွေးတာတွေ မလုပ်ခဲ့ဘူးတဲ့ ပုဂ္ဂိုလ်တွေနဲ့ ယုံကြည်မှု တည်ဆောက်ဖို့ ဆောင်ရွက်နေသလို သမ္မတအဖြစ် တာဝန်ယူခဲ့စဉ်က ပေးခဲ့တဲ့ ကတိနဲ့အညီ ပြည်သူ့ဆန္ဒအရ သန့်ရှင်းတဲ့ အစိုးရ ဖြစ်အောင် အကောင်အထည်ဖော် လုပ်ဆောင်နေပါတယ်လို့လည်း ဒီနေ့ စတင်ကျင်းပတဲ့ ဒုတိယအကြိမ် ပုံမှန် အစည်းအဝေးမှာ သမ္မတ ဦးသိန်းစိန်က အဖွင့်မိန့်ခွန်း ပြောဆိုသွားခဲ့တာပါ။ အပြည့်အစုံကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

သမ္မတ ဦးသိန်းစိန်က အုပ်ချုပ်မှုကဏ္ဍ၊ ဥပဒေပြု လွှတ်တော်ကဏ္ဍ၊ တရားစီရင်ရေး ကဏ္ဍတွေနဲ့ ပတ်သက်ပြီးတော့ သူ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတုန်းက ကတိပေးထားတဲ့အတိုင်း ဆောင်ရွက်နေပါတယ်လို့ ဒီနေ့ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်မှာ အဖွင့်မိန့်ခွန်း ပြောသွားတာ ဖြစ်တယ်လို့ အဲဒီအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်မြေ အမှတ် ၉ ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်ရွှေက အခုလို ပြောပြပါတယ်။

“ကတိသစ္စာ ပြုထားတဲ့အတိုင်း ထိရောက်စွာ ဆောင်ရွက်နေတယ် ဆိုတာတို့၊ စီးပွားရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပွင့်လာအောင် သူ ကြိုးပမ်းနေတယ် ဆိုတာတို့၊ အခြေခံဥပဒေကို လက်ခံပေးဖို့အတွက် လက်ခံမပေးသေးတဲ့ အဖွဲ့တွေကိုလည်း ဆက်လက် လက်ခံဖို့ သူ စည်းရုံးတယ် ဆိုတာတို့၊ အစိုးရကောင်း သန့်ရှင်းသောအစိုးရ အနေနဲ့ ဖြစ်ဖို့အတွက်ကိုလည်း လုပ်ငန်းစဉ်တွေ အကောင်အထည် ဖော်နေတယ် ဆိုတာတို့၊ နောက် ပြည်သူ့ဝန်ထမ်းကောင်းတွေ ဖြစ်အောင် သူ ဆောင်ရွက်နေတယ် ဆိုတာတို့၊ ပြည်ထောင်စု အဆင့်ကနေ ဆင့်ကဲ ဆင့်ကဲ စနစ်တကျ ဖွဲ့နေတယ် ဆိုတာတို့။”

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံတဲ့ အဖွဲ့အစည်းတွေလို့သာ ယေဘုယျသဘော ပြောသွားပေမဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရယ်လို့တော့ တိတိကျကျ ထုတ်ဖော် ပြောဆိုတာ မရှိဘူးလို့ ဆိုပါတယ်။

ဆက်လက်ပြီး လူမှုရေး၊ ပညာရေး၊ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့လည်း သမ္မတ ဦးသိန်းစိန်က အတတ်နိုင်ဆုံး တိုးတက်မှုရှိအောင် ဆောင်ရွက်နေတဲ့အကြောင်း ရှင်းလင်း ပြောဆိုသွားတယ်လို့ ဒေါက်တာ ခင်ရွှေက ပြောပြပါတယ်။

“ခေတ်နဲ့အညီ ပညာရေးနဲ့ ကျန်းမာရေးတွေကိုလည်း ဆက်လက် ဆောင်ရွက်သွားမယ်ဆိုတဲ့ အကြောင်းတွေ၊ မဖွံ့ဖြိုး မတိုးတက်တဲ့ နေရာမှာ NGO နဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်ဆိုတဲ့ အကြောင်းတွေ၊ နောက် ကမ္ဘာ့နိုင်ငံတွေနဲ့လည်း လက်တွဲ ဆောင်ရွက်မယ်ဆိုတဲ့ အကြောင်းတွေ၊ သဘာဝ ဘေးကနေ ညီညွတ်စွာ ကျော်လွှားမယ် ဆိုတာတွေ၊ ပြည်သူတွေ ဖြစ်စေချင်တာတွေ အကုန်လုံးကို ကြိုးစားပြီး ဆောင်ရွက်မယ့် အကြောင်းတွေ ပြောသွားပါတယ်။”

ဒီနေ့ကျင်းပတဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးကနေ ကော်မတီ ၈ ခုကို ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။ တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရာ ကော်မတီ၊ နိုင်ငံသားများရဲ့ အခွင့်အရေးနဲ့ ပြည်ပရောက် နိုင်ငံသားများ အရေးဆိုင်ရာ ကော်မတီ၊ အမျိုးသား စီမံကိန်းနဲ့ ငွေရေးကြေးရေးဆိုင်ရာ ကော်မတီ၊ ပညာရေး၊ ကျန်းမာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ၊ အမျိုးသမီးနဲ့ ကလေးသူငယ်များဆိုင်ရာ ကော်မတီ၊ ပြည်သူများရဲ့ တိုင်ကြားစာနဲ့ အသနားခံစာဆိုင်ရာ ဆပ်ကော်မတီ၊ ကုလသမဂ္ဂနဲ့ အာဆီယံ APA ခေါ် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး ဆပ်ကော်မတီနဲ့ တောင်သူလယ်သမားနဲ့ ပြည်တွင်းပြည်ပ အလုပ်သမားရေးရာ ကော်မတီ စသဖြင့် ကော်မတီ ၈ ခုကို ဖွဲ့စည်းခဲ့တယ်လို့ ဒေါက်တာ ခင်ရွှေက ပြောပြပါတယ်။

ဒီနေ့မနက် ၁၀ နာရီမှာ စတင်ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကလည်း အဖွင့်မိန့်ခွန်း ပြောဆိုခဲ့ပါတယ်။ ပြည်သူတွေရဲ့အသံ၊ ဆန္ဒသဘောနဲ့ မျှော်လင့်ချက်တွေကို အလေးထား ဆန်းစစ်ဝေဖန်ပြီး လက်တွေ့ အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်ကြပါလို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို တိုက်တွန်းလိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့က ပြည်သူ့ဆန္ဒနဲ့အညီ ဖြစ်အောင် အတတ်နိုင်ဆုံး အစွမ်းကုန် ကြိုးစား အကောင်အထည် ဖော်နေပါတယ်လို့ ပြောခဲ့ပေမဲ့ အများမျှော်လင့်နေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ ပတ်သက်လို့တော့ ပြောဆိုတာ မရှိပါဘူးလို့ သိရပါတယ်။

ဒီနေ့ စတင်ကျင်းပတဲ့ လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေးတွေကို ပြည်တွင်း သတင်းမီဒီယာတွေ၊ ပြည်တွင်းအခြေစိုက် နိုင်ငံခြား သတင်းဌာနက သတင်းထောက်တွေ စုစုပေါင်း ၅၀ ကျော် တက်ရောက်ခဲ့ပါတယ်။(Voa)
ဓာတ်ပုံပေးပို့သော ကိုနစ်နေမန်းအားကျေးဇူးတင်ရှိပါသည်.

0 ရင်ထဲကရှစ်ဆယ့်ရှစ် အပိုင်း ( ၅ )(မောင်မောင်ဝမ်း)



သြဂုတ်လ ၉ ရက် ၁၉၈၈

ဒီနေ့လည်း မနေ့ကရှစ်လေးလုံးလိုပဲ..လူထုဆန္ဒပြပွဲနဲ့စီတန်းလှည့်လည်တာကို မြို့မြောက်ဘက်က နေထွက်ပြီးတောင်ဘက်ကပြန်ဝင်လာခဲ့တယ်…ထူးခြားတာက..ပစ်တာခတ်တာလုံးဝမရှိခဲ့ဘူး..မြို့လူထုကပိုရဲတင်းလာတယ်…သောက်ရေတွေအိုးတွေကိုအိမ်တွေရှေ့မှာတန်းစီချထားတာမျိုး၊သပိတ်တပ်ဦးကိုပန်းကုံးတွေစွပ်တာမျိုးတွေလုပ်ကြတယ်….သတင်းတွေထဲမှာလည်းတနိုင်ငံလုံးလောက်လူထုအုံကြွမူ့တွေစနေကြပြီ…တမြို့ပြီးတမြို့ဆန္ဒပြပွဲတွေအကြောင်းအသံလွှင့်ဌာနတွေကတဆင့်သိနေရတယ်….တကယ်တော့…လူထုဟာဘယ်ဟာမတရားဘူး၊ဘယ်ဟာတရားတယ်ဆိုတာကိုသိကြပါတယ်..အကြောက်တရားတွေဖြစ်အောင်ခြောက်လှန့်ဖိနှိပ်ထားလို့သာမလွန်ဆန်ဖြစ်နေကြတာပါ..လွတ်လပ်ခွင့်နဲ့ထိုးဖောက်ခွင့်တစုံတရာလည်းရောက်လာရော..လူထုရဲ့ဆန္ဒတွေသဘောထားတွေကသိသာတယ်…

သပိတ်စခမ်းထဲဆန္ဒပြစစ်ကြောင်းကြီးပြန်ဝင်တော့..ကျနော်တို့ကျောင်းသားခေါင်းဆောင်တ တယောက်ကိုတယောက်ကြည့်ပြီးတော်တော်ရီချင်နေကြတယ်..ဘာလို့လည်းဆိုတော့..လူတွေကချွှေးတွေတရွဲရွဲနဲ့ဆံပင်တွေမှာလည်းဖုံတွေအလိမ်းလိမ်း..ဒါပေမဲ့..လည်ပင်းမှာအစွတ်ခံထားရတဲ့ပန်းကုံးတွေကဇာတ်မင်းသားလိုလိုဘာလိုလိုနဲ့ဆိုတော့..စပ်ဖြဲဖြဲပုံတွေပေါက်နေကြတယ်….ဒီကြားထဲမှာ..သပိတ်စခမ်းထဲက..စင်မြင့်မှာနိုင်ငံရေးတရားဟောတော့..ပန်းကုံးတွေကမချွှတ်ရဲသေးဘူး..လူထုကတမြတ်တနိုးနဲ့ချီးမြှင့်ထားတာဆိုတော့…ငြိုငြင်သွားမှာကိုလည်းကြောက်ရသေးတယ်..တခါဆန္ဒပြလမ်းကြောင်းကိုအကြံပေးတဲ့အမကြီးကလုပ်ပြန်ပါလေရော..ကျနော်တို့စင်မြင့်ပေါ်တက် တရားမဟောခင် ခြေထောက်အောက်နားမှာ ခြင်္သေ့ပုံနဲ့ နေ၀င်း ၊ စိန်လွင်ဆိုနှစ်ပုံခင်းထားတယ်လေ…အဲဒီပုံတွေပေါ်ခြေဖနောင့်နဲ့“ဟိတ်”ဆိုပေါက်ပြီးမှပြောရမယ်တဲ့..ကျနော်တို့ကလည်းအားနာတတ်တယ်..ဒါလေးလုပ်တာဘာမှမခက်ပါဘူးလေဆို..သူပြောသလိုလုပ်လုပ်ပြီးမှစင်ပေါ်တက်ရတယ်..သူကတော့..တော်တော်ကိုကျေနပ်လို့…ပြီးတော့ပြောလိုက်သေးတယ်“ သူတို့ကလည်းငါတို့ကို ဗေဒင်၊ယေတြာတွေနဲ့တိုက်နေတာ..ငါတို့ကလည်းပြန်တိုက်စစ်ဆင်ရမယ်လေတဲ့”

ရင်ထဲမှာသူ့ကိုကြိတ်ပြီးတော့ချီးကျူးမိတာရှိပါတယ်..သူလည်းသူတတ်နိုင်သလောက်တော်လှန်ရေးလုပ်နေတာကိုပါ။တမြို့လုံးမှာရှိတဲ့ရပ်ကွက်အသီးသီးကထမင်းထုတ်တွေစုပြီးလာပေးကြတယ်..ရှစ်လေးလုံးလူထုဆန္ဒပြပွဲကာလတွေမှာ လူထုကပေးတဲ့..ထမင်းထုတ်တွေစားရတာကိုက သိပ်အရသာရှိလှပါတယ်…

သြဂုတ်လ ၁၀ ရက် ၁၉၈၈

ဒီနေ့မှာ..ရေနံမြေအလုပ်သမားတွေက..သူတို့ရဲ့လုပ်ငန်းခွင်တွေကိုစွန့်ခွာပြီး..ကျောင်းသားသမဂ္ဂရှိရာသပိတ်စခမ်းကိုချီတက်လာကြတယ်..ပြီးတော့..ရေနံမြေအလုပ်သမားသမဂ္ဂဆိုတာကိုရေနံမြေအလုပ်သမားအများစု ထောက်ခံမူ့နဲ့ဖွဲ့လိုက်ကြတယ်..ဥက္ကဌက..ဦးခင်ဝင်း ( ယခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် ဥက္ကဌ ) အတွင်းရေးမူးကဦးချစ်ညီညီ(လွှတ်တော်ကိုယ်စားလှယ်လောင်းအမျိုးသားဒီမိုကရေစီပါတီ)….ရေနံမြေအလုပ်သမားတပ်ကြီးချီတက်လာတော့..မြို့နေလူထုကသောင်းသောင်းဖျဖျကြိုဆိုကြတဲ့မြင်ကွင်းကိုအခုထိသတိရနေဆဲပါ..တခါ…ပွင့်ဖြူ ၊စလင်း နယ်ဘက်က လယ်သမားတွေ နဲ့ ရေနံချောင်းပတ်လည်ရွာတွေက လယ်သမားတွေလည်းချီတက်လာမဲ့ဆိုတဲ့…သတင်းတွေကိုလည်းရထားတယ်…တချို့ရွာတွေကလယ်သမား တွေ..မော်တော်တွေနဲ့တက်လာပြီတဲ့…ဒါနဲ့..ကျနော်တို့လည်းသူတို့လာချိန်နဲ့တိုက်ပြီးမှ..စီတန်းလှည့်လည် ဆန္ဒပြပွဲကိုထွက်ဘို့ဆုံးဖြတ်လိုက်ကြတယ်…. မနက် ( ၉ ) ရီမှာစတင်ပြီး သပိတ်ဆန္ဒပြစစ်ကြောင်းကို စခမ်းထဲကနေစတင်ထွက်ခွာလိုက်ကြတယ်…ဒီနေ့နေကလည်းအရင်နေ့ကထက်စာရင်နည်းနည်းပြင်းသလားမသိဘူး..လူတွေကြည့်လိုက်ရင်ချွှေးသံတရွဲရွဲနဲ့..ဒါပေမဲ့ဘယ်သူမှမောရပမ်းရကောင်းမှန်းမသိ..မြင့်ငွေဆိုရင်..ရှေ့ကကြွေးကြော်သံတိုင်ရလွန်းလို့အသံတွေဝင်ပြီးထွက်တောင်မထွက်တော့ဘူး…မြို့လည်ဈေးတနေရာရောက်တော့..ကျနော်စီးလာတဲ့ဘိနပ်ကပြတ်သွားတယ်..အဲဒါကိုသပိတ်တပ်ဦးမှာအလံကိုင်လာတဲ့..ကျောင်းသား..သူ့နံမည်ကသန်းဇော်ဦးတဲ့..ရေနံချောင်းကောလိပ်မှာတက်နေတာ..သူကချက်ခြင်းသူ့ဘိနပ်ကိုချွှတ်ပြီးကျနော့်ကိုထိုးပေးတော့ကျနော်ကငြင်းတယ်…ဒါပေမဲ့မရဘူးသူကဇွတ်အတင်းထိုးပေးတာနဲ့..ကျနော်လည်းအားနာပြီးယူစီးလိုက်မိတယ်..ဒါနဲ့…ကျနော်က

“ ညီလေး မင်းခြေထောက်တွေပူမှာပေါ့…နေကပူတယ်ကွ ”ဆိုတော့

“ရပါတယ်အကိုရာ..နေပူတာ..နေ၀င်းပူတာလောက်မဆိုးသေးပါဘူးတဲ့”ဒီစကားလေးကကျနော့်ရင်ထဲစိမ့်ကနဲ ၀င်သွားတယ်…နေ၀င်းဆိုတာအဲဒီအခါကမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ဥက္ကဌကြီးနိုင်ငံအကြီးအကဲ ဦးနေ၀င်းကိုပြောတာ…ဒါပေမဲ့ အဲဒီအချိန်မှာသူကအနားယူသွားပြီး ဦးစိန်လွင် ( ဗိုလ်မူးချုပ်စိန်လွင် ) ကို ပါတီ ဥက္ကဌ ရာထူးရော ၊ ကောင်စီ ဥက္ကဌရာထူးရောလွှဲပေးထားခဲ့ပြီး နောက်ကွယ်ကနေကြိုးကိုင်တယ်….ဒီလိုနဲ့ လမ်းခွဲတနေရာကိုရောက်တော့စောစောကပြောခဲ့တဲ့တောင်သူလယ်သမားတွေက..ဆီးစောင့်နေကြတယ်.. နည်းတဲ့အင်အားလားတော်တော်များတယ်…ကျနော်တို့လည်းတော်တော်လေးဝမ်းသာကြတယ်…တောင်သူ လယ်သမားဦးကြီးတွေကနဲ့ကျနော်တို့ပွေ့ဖက်နှုတ်ဆက်ပြီး..သပိတ်စစ်ကြောင်းကိုဆက်ချီတက်လာတော့…… ရှေ့ကလွှတ်ထားတဲ့ ကင်းထောက်လူငယ်တွေက အပြေးအလွှားသတင်းတွေလာပို့ကြတယ်…..ရှေ့မှာ ရဲတွေ သေနပ်တွေနဲ့လမ်းပိတ်ပြီးအဆင်သင့်နေရာယူစောင့်နေကြပြီတဲ့…..ကျနော်တို့အားလုံးဘာဆက်လုပ်ကြမလည်း ဆုံးဖြတ်ရတော့မယ်…ခေါင်းဆောင်တွေစုစည်းပြီးချက်ခြင်းဆုံးဖြတ်လိုက်တယ်…ရှေ့ဆက်တက်ဘို့ ( ဒီဆုံးဖြတ် ချက်ဟာမှားတယ်လို့မဆိုနိုင်ပေမဲ့မမှန်ခဲ့တာတော့သေချာပါတယ်)..အားလုံးကသွေးဆူနေကြတာမဟုတ်လား..တရွေ့ရွေ့နဲ့သပိတ်တပ်ကြီးက မိုးလုံးညံကြွေးကျော်သံတွေနဲ့ချီတက်လာရာကနေ…မြို့နယ်ကောင်စီရုံရှေ့မှာ ရဲတွေကလမ်းကိုကန့်လန့်ပိတ်ပြီးသေနပ်တွေနဲ့ချိန်ထားတယ်….နောက်မှာလည်းသံဆူးကြိုးအထပ်ထပ်ကာလို့…ရှေ့ဆက်တက်မလာဘို့ကိုလော်စပီကာနဲ့အော်တယ်….ကျနော်ကသပိတ်တပ်ဦးမှာရှိနေတော့..အလံကိုင်အဖွဲ့ကိုခနရပ်တန့်ကြည့်ဘို့ပြောလိုက်တယ်…ဆဲသံဆိုသံအော်သံတွေနဲ့ဆူညံနေတော့..ဟိုဘက်ကလော်စပီကာနဲ့ အော်နေတာ..သဲသဲကွဲကွဲမကြားရဘူး…တချက်တချက်ကြားရတာက…အခုပုဒ်မ၁၄၄ထုတ်ထားကြောင်း ( ပုဒ်မ ၁၄၄ ဆိုတာ- ည၆နာရီကနေမနက်၆နာရီပြင်ပကိုထွက်ခွင့်မပြု ၊ လူငါးဦးထက်ပိုမစုဝေးရ ဆိုတဲ့ ဥပဒေပါ ) နောက်ကြွေးကျော်သံတွေသံပြိုင်တိုင်တယ်….ပထမမိုးပေါ်ထောင်ပစ်တဲ့သေနပ်သံတွေထွက်လာတယ်…နောက်တော့လူအုပ်ကြီးရှိနေတဲ့အနီးနားကတမာပင်ကိုင်းတွေကိုလှမ်းပစ်ပြီးချောက်လှန့်တယ်…လူအုပ်ကြီးဘက်က လည်းပါလာတဲ့လောက်လေးဂွတွေ..ဂျင်ကလိတွေနဲ့ဝိုင်းပစ်ကြတယ်…ဒါပေမဲ့နည်းနည်းအလှမ်းဝေးနေတော့မ ရောက်နိုင်ပါဘူး..အပေါ်ကသစ်ကိုင်းတွေ..သေနပ်မှန်ပြီး…တဖျောင်းဖျောင်းကျလာတာမနည်းရှောင်လိုက် ရတယ်….ရှေ့ဆုံးကအလံကိုင်သပိတ်တပ်ဦးက..ရှေ့ဆက်တက်ဘို့ရုန်းထနေတော့..သေနပ်သံတွေအဆက် မပြတ်ထွက်လာပြီးကျည်ဆံတွေတရွှီရွှီပြေးနေတယ်လို့တောင်ထင်ရတယ်…အားလုံးကရုန်းရင်းဆန်ခပ်ဖြစ်နေပြီ..…တဘက်ကလည်း အဆက်မပြတ်ပစ်နေပြီ…ရုတ်တရက်..ကျနော့်ဘေးနားမှာ အလံကိုင်နေတဲ့ စောစောက ကျနော်တင်ပြခဲ့တဲ့..ကျောင်းသား..သေနပ်မှန်သွားတယ်..ရင်အုံလောက်မှာဖြစ်မယ်ထင်တယ်…သွေးတွေဖျာကနဲထွက်လာတာကိုတွေ့လိုက်ရတယ်…အလံကိုင်ထားရက်ကကတ္တရာလမ်းမပေါ်ကိုမှောက်ရက်ကျသွားတယ်.. ဒီမြင်ကွင်းကိုမြင်လိုက်ရပြီး..ကျနော့်လည်းပူထူသွားတယ်..ဘေးမှာလူထုကကျနော့်ကိုချက်ခြင်းဝိုင်းလိုက်ပြီး..လှဲချ..အပေါ်ကနေအုပ်ထားတယ်..ပြီးတော့.သေနပ်သံယာယီအစဲလောက်မှာ..ကျနော့်ကိုဆွဲထူပြီးအပြေးအလွှား ခေါ်သွားတော့တာပဲ…ကျည်ကွယ်ရာကုန်းကမူတခုကိုရောက်တော့မှအပေါ်စီးကနေလှမ်းကြည့်နေတော့….လမ်းမပေါ်မှာလဲကျနေတာ..လေးဦးလောက်ရှိမယ်…အလံကိုင်ကျောင်းသားသန်းဇော်ဦးကတော့ချက်ခြင်း..ကျဆုံး သွားတယ်..ရဲတွေနဲ့သက်ဆိုင်ရာအာဏာပိုင်တွေရောက်လာပြီး..သူ့အလောင်းနားရောက်တော့..ရဲတယောက်က ဘိနပ်နဲ့မျက်နှာကိုဆွဲလှန်လိုက်တယ်…ကျန်တဲ့သူတွေက..ကျန်တဲ့အလောင်းတွေလိုက်ကောက်နေတယ်…

အဲဒီနေ့ကမြင်ကွင်းကိုတော့ကျနော့်တသက်မှာဘယ်တော့မှမမေ့နိုင်ပါဘူး..ကျနော့်ဘ၀မှာငိုကြွေးတယ်ဆိုတာအလွန်မှရှားပါးပါတယ်…ကျနော်သာမကအားလုံးသာလူထုတော်တော်များများဝမ်းနည်းပက်လက်ငိုကြွေးမိကြတယ်..တကယ်တော့ဒီမျက်ရည်တွေဟာခံပြင်းနာကျဉ်းလို့ကျလာတဲ့မျက်ရည်တွေသာလျှင်ဖြစ်ပါလိမ့်မယ်…လူထုရဲ့စိတ်ဓါတ်ခွန်အားတွေကတော့မာသထက်မာကျောသွားပြီ..ဘယ်လိုနည်းနဲ့နှစ်သိမ့်မူ့ကိုမှလက်မခံ တော့ဘူး…ပိုပြီးတော့စုစည်းကျစ်လစ်လာကြတယ်…သပိတ်အမာခံစခမ်းကိုအသက်နဲ့လဲကာကွယ်ဘို့ဆုံးဖြတ် ကြတယ်…၁၀ရက်နေ့ကလေးဦ်းကျဆုံးပြီးအများအပြားဒဏ်ရာရရှိခဲ့ပါတယ်…အဲဒီ့နောက်ပိုင်းမှာတော့..ချီတက်တန်းစီဆန္ဒပြပွဲကိုယာယီရပ်ဆိုင်းထားကြတယ်။

အဲဒီနေ့ညမှာပဲတခါ…သပိတ်စခမ်းကိုဝင်စီးဘို့ကြိုးစားခဲ့တဲ့..ရဲတွေကိုပြည်သူလူထုကြီးက..မောင်းထုတ်နိုင်ခဲ့ တယ်..ညဘက်မှာထိပ်တိုက်တွေ့ကြတယ်…သူတို့ရဲတွေက..သပိတ်စခမ်းရှိရာလမ်းသွယ်ထဲကိုဝင်လိုက်တာနဲ့..လူထုက သူတို့ကို ၀ိုင်းပတ်ထားလိုက်ပြီ…ရဲတွေက နယ်မြေမကျွှမ်းကျင်ဘူး.. ပြီးတော့အမှောင်ထဲမှာ… လူထုကတားတယ်..ရှေ့ဆက်တက်ရင်ခုခံမယ်ဆိုတာပြောတယ်..သူတို့ကမရဘူး..အထက်အမိန့်အရ..သပိတ်စခမ်းကိုဝင်သိမ်းမယ်ဆိုတာပြောတော့….မမြင်ရတဲ့အမှောင်ထဲကထွက်လာလိုက်တဲ့..သံလုံးထဲ့ပစ်တဲ့လောက်လေးဂွတွေ၊ဂျင်ကလိတွေနဲ့ဝိုင်းအုံပစ်ကြတာ..ရဲတွေဒဏ်ရာရပြီး..ကစင့်ကလျားထွက်ပြေးကုန်ကြတယ်….သေနပ်နဲ့ တောင်ပြန်မပစ်နိုင်အားဘူး……အဲဒီ့နောက်ပိုင်းမှာ..သူတို့သပိတ်စခမ်းကိုလာမစီးရဲတော့ဘူး….(နောက်ပိုင်းမှသိရတာက..ဒီကိစ္စတွေအတွက် တိုင်းရဲမူးနဲ့ သက်ဆိုင်ရာ ပါတီ၊ကောင်စီတွေနဲ့ ပြသနာ တက်တယ် ၊ တိုင်းရဲမူးက ပြောတာ…အမုန်းခံရ၊ အနာခံရတော့ကျုပ်တို့ရဲတွေ… ခင်ဗျားတို့က ပါတာမဟုတ်ဘူး.. စားပွဲပေါ်ထိုင်ရာမပျက် အမိန့်ပေးနေတယ်…ကျုပ်တို့မလုပ်နိုင်ဘူးလို့အာခံတယ်…)

နောက်ပိုင်းမှာကျနော်တို့ဆီကသတင်းမှားတွေသူတို့ရတယ်….ဘာလည်းဆိုတော့..ကျနော်ကျောင်း သားတွေလက်ထဲမှာလက်နှက်အချို့ရောက်နေပြီဆိုတာသူတို့ကြားမှာသတင်းကြီးသွားတယ်..ဒါ့ကြောင့်ဝင်မစီးရဲတော့တာလည်းပါတယ်…အမှန်ကကျနော်တို့လက်ထဲမှာလောက်လေးဂွ၊ဂျင်ကလိ၊လေးမြှားလိုလက်နှက်ကလွဲရင် ကျန်တာဘာမှမရှိဘူး…ဖြစ်တာက ဒီလိုပါ…ကျနော်တို့အဖွဲ့ထဲက မြင့်ငွေနဲ့ ၊ ကိုအေးမောင်မောင်ကြည် (ယခုရွှေဝါရောင်တော်လှန်ရေးနဲ့ထောင်ကျနေသူ)ကညဘက်ရောက်ရင်..တယောက်တလှည့်လော်စပီကာနဲ့ အော်နေတာ…စကားဝှက်တွေလည်းပါတယ်…တခါဘာလုပ်သလည်းဆိုတော့…ကျနော်တို့ကို လူတစုက…ရိုင်ဖယ်ကျည်ဆံတွေလာပေးတယ်…အတောင့်၄၀လောက်ရှိမယ်ထင်တယ်..အဲဒါတော့ရှိတယ်…ဒါနဲ့ဘာလုပ်လို့ရမှာလည်း…ဒီတော့….ဘာလုပ်သလည်းဆိုတော့..လေသေနပ်အလက်လေးလက်လောက်ရှာလာတယ်…လုပ်တဲ့သူတွေကလည်းပေါက်ပေါက်ရှာရှာလုပ်တတ်တယ်ဗျ….လေသေနပ်ပြောင်းတံထိပ်မှာ..စောစောကရိုင်ဖယ်ကျည်ကိုတိတ်စတွေနဲ့အသာကပ်ထားတယ်…ကျည်ဆံဖင်ကို..လေသေနပ်ကျည်ကရိုက်ထွက်တဲ့ သဘောပေါ့…(လေသေနပ်ကျည်ကကျည်ရိုက်တံလိုဖြစ်သွားတယ်)…ညလူခြေခပ်တိတ်တိတ်အချိန်ရောက်ပြီဆို မိုးပေါ်ထောင်ပစ်လိုက်တယ်…တကယ်သေနပ်ပစ်လိုက်တဲ့အတိုင်း ဟိန်းထွက်နေတာ…တလက်ပစ်ပြီးပြီဆို တခါ..တိတ်နဲ့ပြန်ကပ်ပေါ့…နောက်တခါ တချက်ပစ်လိုက်….လော်စပီကာနဲ့ကလည်းအော်သေးတာ…

“ ရဲဘောတို့ ကျည်တွေသိပ်မဖြုန်းပါနဲ့…တတောင့်ကို တယောက်မှန်အောင်ပစ်ပါ ”….

(နောက်မှပြန်သိရတာက..အဲဒီအချိန်မှာရဲစခမ်းအချုပ်ထဲမှာဆန္ဒပြပွဲကြောင့်ဖမ်းထားတာ…အယောက်၃၀ လောက်ရှိတယ်..သူတို့က ရဲစခမ်းမှာဖြစ်ပျက်နေတဲ့မြင်ကွင်းစုံကို အကုန်တွေ့နေရတယ်…ကျနော့်တို့ဆီက သေနပ်သံတွေထွက်လာပြီဆို..နေရာတွေယူ..အသင့်တွေပြင်..ပြာယာခပ်နေကြတာတဲ့….)

နောက်..လူထုဟောပြောကနေ..ကျနော်ကပြင်းပြင်းထံထံတောင်းဆိုချက်တခုကိုတောင်းဆိုလိုက်တယ်….ဖမ်းထားတဲ့သူတွေကိုချက်ခြင်းလွှတ်ပေးပါ..လွှတ်မပေးရင်..ရဲစခမ်းအပါဝင်…ပါတီကောင်စီရုံးတွေ…သက် ဆိုင်ရာအာဏာပိုင်တွေအိမ်တွေကိုအကုန်ဝင်စီးမယ်….မိရင်မိတဲ့သူ..အကုန်ရှင်းမယ်ဆိုခပ်တည်တည်ပဲကျေငြာလိုက်တယ်….ညဘက်ရောက်တော့…ကျနော်တို့ဆရာတွေဖြစ်တဲ့…ဆရာဦးသိန်းနဲ့…ဦးရဲမြင့်တို့နှစ်ဦးကို သက်ဆိုင်ရာအာဏာပိုင်တွေကအကူညီတောင်းပြီးကျောင်းသားတွေနဲ့စေ့စပ်ဆွေးနွေးလိုကြောင်းကိုကမ်းလှမ်းလာတယ်…ကျနော်တို့ဆီကလွှတ်လိုက်မဲ့..ကိုယ်စားလှယ်ကိုလည်း..လုံးဝဖမ်းဆီးခြင်း..အန္တယာယ်ပြုခြင်းမလုပ်မဲ့အကြောင်းကိုလည်းကတိက၀တ်တွေနဲ့မှာလိုက်တယ်…ကျနော်တို့ဘက်ကကျောင်းသားသမဂ္ဂ..တွဲဖက် အတွင်းရေးမူး(မကွေးကောလိပ်ကျောင်းသားကျော်စွာ)လိုက်သွားတယ်….အေးအေးဆေးဆေးပဲပြန်ရောက်လာပါတယ်….သူတို့ဘက်ကကျနော်တို့ကိုအကြမ်းမဖက်ဘို့ကတိပေးလာတယ်..ကျနော်တို့ကလည်းအကြမ်းမဖက်ဘို့ပြောတယ်..နောက်ဖမ်းထားတဲ့သူတွေကိုမနက်မှာပြန်လွှတ်ပေးမယ်ဆိုပြောတယ်…တွဲဖက်အတွင်းရေးမူးကလည်း

“အန်ကယ်တို့ဘက်ကကတိတည်ရင်..ကျနော်တို့ဘက်ကလည်းကတိတည်ပေးပါ့မယ်..ဒါပေမဲ့စောင့်ကြည့်လေ့လာဦးမယ်..သို့သော်သပိတ်လှန်ဘို့ကိစ္စမျိုးကိုတော့လုံးဝ..လုံးဝ လက်မခံပါ ”ဆိုပြောလာခဲ့တယ်….ပြောမယ်ဆို အဲဒီနေ့ညက..အပစ်အခပ်ရပ်စဲထားတယ်ပေါ့….

တနိုင်ငံလုံးမှာလည်းမြို့နယ်အသီးသီးရှစ်လေးလုံးသပိတ်တိုက်ပွဲကြီးကိုဆင်နွဲနေတဲ့အကြောင်းသတင်းတွေထဲ မှာကြားနေရပြီ…ကျနော်တို့တိုက်ပွဲအရှိန်ကလည်းမြင့်သထက်မြင့်လာနေတယ်…ဒီလိုနဲ့…နောက်နေ့ရောက် တော့မြို့ထဲဈေးနှစ်ဈေးကဈေးသူဈေးသားတွေကစုပြီးကျောင်းသားသမဂ္ဂသပိတ်စခမ်းကိုရောက်လာကြတယ်…သူတို့က..ဈေးပိတ်ထားရတဲ့အတွက်များစွာနစ်နာနေတဲ့အကြောင်း၊ဈေးကိုပြန်ဖွင့်ခွင့်ရအောင်ကြိုးစားပေးဘို့အ ကြောင်းတွေတင်ပြလာတယ်....ကျနော်တို့ဘာလုပ်နိုင်မှာလည်း…ကျနော်တို့ကတော်လှန်ရေးလုပ်နေတာ..အာဏာပိုင်တွေလည်းမဟုတ်..ဒါပေမဲ့..ဟန်ကိုယ့်ဘို့ဆိုတဲ့အတိုင်းကျနော်တို့ကြိုးစားပေးပါ့မယ်ဆိုပြောလိုက်ကြတယ်…သူတို့ပြန်သွားတော့..ခေါင်းဆောင်ပိုင်းတွေစုဝေးပြီးတို့ဘာလုပ်ကြမလည်း..ဒီကိစ္စဘယ်လိုလုပ်ရပါ့ လည်းပေါ့….ဒါနဲ့ကျနော်က …

“ငါ့အမြင်ကတော့..ဖြစ်လာတာမလာတာခနထား..အာဏာပိုင်တွေကိုသရော်ချင်တယ်ကွ…သရော်တယ်ဆိုတာလည်းတကယ်တော့အံတုခြင်းတမျိုးပဲ…ဘယ်လိုလည်းဆိုတော့ကွာ..ငါတို့ကအမိန့်ကျေငြာစာထုတ်မယ်…”ဆိုတော့..အားလုံးကဟာသ..သဘောမျိုး..သရော်တဲ့သဘောမျိုးထားပြီးချကွာ..လုပ်မယ်ကွာဆိုသဘောတူ ခဲ့ကြတယ်..ဒါနဲ့ ကျနော်တို့အမိန့်ကြေငြာစာကို လူထုသိအောင်ကျေငြာလိုက်ကြတယ်….



အမိန့်ကြေငြာချက်အမှတ် ၁ / ၈၈

နေ့စွဲ---- +++++++++++++

ဒီကနေ့ ( +++++++++++) ရက်နေ့မှစပြီး..ရေနံချောင်းဈေးကြီးအား တရားဝင်ဖွင့်လှစ်ခွင့်ပြုလိုက်သည်။ ယခုအမိန့်သည် ဥပဒေကဲ့သို့တည်စေရမည်။

ပုံ

ကျောင်းသားသမဂ္ဂ

-----------------------------------------------------------------------------------------

ခပ်တည်တည်ပဲကျေငြာလိုက်တယ်…တကယ်က..မဆလအစိုးရခေတ်မှာလူတွေလှောင်ပြောင်ကြတာတခုရှိ တယ်..ပုံ-စိန်လွင်ဆိုတာ…တခုခုကိုအမိန့်ပေးချင်ပြီဆို…ဥပမာယောကျာင်္းကမိန်းမကိုထမင်းခူးခိုင်းချင်တယ်ဆို…

“မိန်းမငါထမင်းစားမယ်..ထမင်းခူးလိုက်ပါ…ပုံ..စိန်လွင်….လူတွေကဟာသလုပ်ကြတယ်..ဘာလို့ဒီလိုလုပ်ကြတာလည်းဆိုတော့..ငွေစက္ကူတွေသိမ်းလည်း ..ပုံ- စိန်လွင် ဆိုအမိန့်ထုတ်သိမ်း ၊ ဟိုဟာအာဏာပြချင် ၊ ဒီဟာပါဝါပြချင်လည်း..ပုံ.စိန်လွင်ဆိုအမိန့်ထုတ်နေတော့လူတွေစိတ်ထဲမှာနာကျဉ်မူ့တွေကိုဖောက်ခွဲဘို့..ဟာသလုပ်ပစ်လိုက်ကြတယ်..ဒါကိုကျနော်တို့ကတန်ပြန်သရော်ဘို့လုပ်လိုက်တာ..အကျိုးဆက်ကဘာဖြစ်လာသ လည်းဆိုတော့…ကျောင်းသားတွေက ဈေးဖွင့်ခိုင်းလိုက်ပြီ..ဖွင့်လို့ရပြီ ဆို ဈေးကြီးကို စည်စည်ကားကား ပြန်ဖွင့် ရောင်းဝယ်ဖောက်ကားကြတော့တယ်.. ကျနော်တို့လည်းတော်တော်အံသြကုန်ကြတယ်..ဘာတွေဖြစ်ကုန်မှန်းကိုမသိတော့ဘူး….ဒီလိုနဲ့ကျနော်တို့ဆက်အကြံထုတ်တယ်….ဆက်အားစမ်းကြည့်ဦးမယ်ဆို ဒုတိယအကြိမ်မြောက် အမိန့်ကျေငြာချက်ဆိုတာကို ၂ / ၈၈ နဲ့ထုတ်ပြီး ကျောင်းသားသမဂ္ဂပိုင်နက်ဆို နယ်မြေတွေသတ်မှတ်ပစ်လိုက်တယ်… အဲဒီထဲမှာ ဘာပါ သလည်းဆိုတော့…ဒီနယ်မြေများအတွင်း သက်ဆိုင်ရာ အာဏာပိုင်များ ၊ ရဲများ ၊ ယင်းတို့မိသားစုဝင်များ ၊ ကူးလူးခြင်း သွားလာခြင်း ၊ ရောင်းဝယ်ဖောက်ကားခြင်း နေထိုင်ခြင်းခွင့်မပြု..တွေ့ရှိပါက ပြင်းထံစွာအရေးယူမည်ဆို ကျေငြာလိုက်တယ်…..

အပိုင်း ( ၆ ) ဆက်ပါဦးမည်

အားလုံးကိုလေးစားစွာဖြင့်

( မောင်မောင်ဝမ်း )

0 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့မှုအပေါ် ယနေ့ထုတ်ပြန်လိုက်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေညာချက်


Monday, August 22, 2011

0 ဧရာဝတီနှင့် အတူ


video..Aung Myin Oo
ဧရာဝတီနှင့် အတူ သူတို့ အားလုံး ဆက်လက် ရှင်သန်နိုင်ကြ ပါတော့မလား။ ငါတို့ ရဲ့ သဘာဝ အံ့ဖွယ် ငါတို့ ရဲ့  ဘ၀ ရှင်သန်ရာ မြစ်မင်း ဒါတွေကို ကာကွယ်ဖို့ ရာ ငါတို့ ဘာလုပ်ကြမလဲ.....။

“ဧရာဝတီမြစ်နှင့် ဆက်စပ်၍ ဖြစ်ပေါ်လာသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ အတတ်ပညာဆိုင်ရာ နှင့် နိုင်ငံရေးဆိုင်ရာပြဿနာ အလုံးစုံကို ကျွန်ုပ်တို့ အားလုံး ပူးပေါင်းခြင်းဖြင့်
... အောင်မြင်စွာ ဖြေရှင်း နိုင်ကြ ပါမည်”

(ဒေါ်အောင်ဆန်းစုကြည်)

0 ဒီမိုကရေစီနဲ့ နီးစပ်လာပြီဖြစ်သော လစ်ဗျားနိုင်ငံ




လစ်ဗျားနိုင်ငံမှာ ရာထောင်ချီတဲ့ လက်နက်ကိုင် တိုက်ပွဲဝင် သူပုန်တွေက ထရစ်ပိုလီမြို့တလွှားမှာ ဖြန့်ကျက်ထားလိုက်ပါပြီ။
ရုပ်မြင်သံကြား သတင်းတွေ အရ မြို့လယ်က အစိမ်းရောင်ရင်ပြင်ကို သူပုန်တွေ ရောက်လာတော့ လူထုက သူတို့ကို သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။သူပုန်တွေ မြို့ထဲဝင်တော့ အစိုးရတပ်ရဲ့ တိုက်ခိုက်မှု အနည်းအကျဉ်း လောက်သာ ကြုံခဲ့ရတယ်လို့ ဆိုပေမယ့် တချို့အရပ်ဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်နေဆဲ လို့ သိရပါတယ်။

လစ်ဗျား အစိုးရဖက်က သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့တဲ့ ဟော်တယ်မှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် အဆိုအရ အဲဒီ အဆောက်အအုံကို သူပုန်တွေက သိမ်းပိုက်ဖို့ကြိုးစား နေတယ်လို့ဆိုပါတယ်။ တနင်္ဂနွေနေ့လယ် ကတည်းက ဆိုရင် ၁၃ နာရီတောင် မဟုတ်ပါဘူး ၁၂နာရီ အတွင်း သေဆုံးသူ ၁၃ဝဝလောက် ရှိပြီး လူငါးထောင် ဒဏ်ရရခဲ့တယ် ဆေးရုံတွေမှာ လူနာတွေ ထားစရာ နေရာတောင်မရှိ ဖြစ်နေရတယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ အစောပိုင်းတုန်းက လစ်ဗျား အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Moussa Ibrahim က ဆိုသွားခဲ့ ပါတယ်။

ဗိုလ်မှူးကြီး ကဒါဖီ ရဲ့ အရိုက်အရာကို ခံယူလိမ့်မယ်လို့ တစ်ပေးခံရတဲ့ သူ့ရဲ့ တတိယမြောက်သား Saif al-Islam ကို ဖမ်းထားလိုက်ပြီ လို့ နိုင်ငံတကာ ရာဇဝတ် တရားရုံးက အမှုလိုက် ရှေ့နေတွေက အတည်ပြုပြောကြားခဲ့ပါတယ်။ နောက်သား တယောက်ဖြစ်တဲ့ Mohammed လည်း သူပုန်တွေဆီမှာ လက်နက်ချ ခဲ့တယ်လို့ ဆိုပါတယ်။

လစ်ဗျားက လူမျိုးစု ခေါင်းဆောင်တွေအနေနဲ့ ထရစ်ပိုလီကိုလာပြီး သူပုန်တွေကို တိုက်ပေးကြပါလို့ ဗိုလ်မှူးကြီး ကဒါဖီက ထပ်မံတောင်းဆို လိုက်ပါတယ်။တနင်္ဂနွေနေ့က ဒုတိယအကြိမ် ထုတ်လွှင့်တဲ့ သူရဲ့ အသံသွင်း ပြောကြားချက်ထဲမှာ မြို့တော် ထရစ်ပိုလီ တဝိုက်ကလူတွေကို အိမ်ပြင်ထွက်လာပြီး ကာကွယ်ကြဖို့ ပန်ကြားထားပါတယ်။

လစ်ဗျား ပြည်သူတွေ အနေနဲ့ အဲဒီလို မကာကွယ်ဘူးဆိုရင် သူ့အဆိုအရ ပြင်သစ် သိမ်းပိုက်တာ ခံရပြီး ဗြိတိသျှ ကိုလိုနီ အဖြစ်ကို ရောက်သွားမယ်လို့ ကဒါဖီက သတိပေးထားပါတယ်။အစောပိုင်းတုန်းက ထုတ်ပြန်ခဲ့တဲ့ သူ့သတင်းစကား တခုထဲမှာတော့ ထရစ်ပိုလီမြို့ကို ဘယ်တော့မှ လက်လွှတ်ဆုံးရှုံး ခံမှာ မဟုတ်ဘူး ၊ အဆုံးတိုင် ခုခံကာကွယ်သွားမယ်လို့ ဆိုပါတယ်။လစ်ဗျားနိုင်ငံမှာ ဗိုလ်မှူးကြီး ကဒါဖီ ချက်ခြင်း ရာထူးက ဆင်းပေးဖို့ နိုင်ငံ တကာက ထပ်မံ တောင်းဆို လိုက်ကြ ပြန်ပါပြီ။

ကဒါဖီ အစိုးရဟာ အစိတ်စိတ် အမွှာမွှာ ကွဲနေပြီး ဒီစစ်ပွဲမှာ သူမအောင်နိုင် တော့ဘူး ဆိုတာ သဘောပေါက်သင့်ပြီလို့ နေတိုးတပ်ဖွဲ့ရဲ့ ပြောခွင့်ရ အမျိုးသမီးက ဆိုပါတယ်။လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးသမား သူပုန်တွေက မြို့တော် ထရစ်ပိုလီမှာ ထိုးစစ်ဆင်နွှဲနေပြီလို့ အမေရိကန်က ပြောပြီး လစ်ဗျား ခေါင်းဆောင် အနေနဲ့ ဆက်လက် ရပ်တည်နိုင်ဖို့ ရက်နည်းနည်းဘဲ ကျန်တော့တယ်လို့ ဆိုပါတယ်။ဗြိတိသျှ အစိုးရ ကတော့ ကဒါဖီ အုပ်ချုပ်ရေး အဆုံးသတ်ဖို့ နီးလာပြီ ၊ သူ့ပြည်သူတွေ ထပ်မံ ထိခိုက်နစ်နာမှု မရှိရအောင် ဆင်းပေးဖို့ ဆော်သြ လိုက်ပါတယ်။ပြင်သစ် သမ္မတ Nicolas Sarkozyပြင်သစ် သမ္မတ နီကိုလပ် ဆာကိုဇီကတော့ လစ်ဗျားမှာ အဆုံးအဖြတ် ပေးတော့မယ် အချိန် ရောက်လာပြီလို့ ဆိုပါတယ်။သွေးထွက် သံယိုမှုတွေ ထပ်မဖြစ်ရအောင် ဗိုလ်မှူးကြီး ကဒါဖီက အမြန်ဆုံး အာဏာလွှဲပေးရင် ကောင်းမယ်လို့ ဂျာမန် ဝန်ကြီးချုပ် အန်ဂလာ မာခဲက ပြောကြားလိုက်ပါတယ်။
(bbc-Video/cnn)

0 ပန်းချီဆရာကြီး ရာဟုလာကိုယ်တိုင်ပြောပြခဲ့တဲ့ ဘ၀ဇာတ်ကြောင်း(ရုပ်/သံ)








အထက်ပါပုံများမှာ ဦးကျော်သူ နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပန်းချီသင်တန်းတခုမှ ကလေးငယ်များ ၂၉.၈.၂၀၁၀ (တနင်္ဂနွေ) နေ့က ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း၊ Morekha Art Gallery ရှိ ပန်းချီဆရာကြီး ရာဟုလာ၏ Solo Show ပွဲသို့ သွားရောက် လေ့လာစဉ် ရိုက်ကူးထားခြင်းဖြစ်သည်။ ပန်းချီဆရာကြီး ရာဟုလာက သူ့လက်ရာတချို့အကြောင်း ရှင်းပြနေပုံများ ဖြစ်သည်။

သူကွယ်လွန်ခြင်းနှင့် ပတ်သက်ပြီး သတင်းသမားတဦးက Facebook တွင် အောက်ပါအတိုင်း ရေးသားထားသည်။

"ကိုကိုးကျွန်းထောင် ဖျက်သိမ်းခဲ့တဲ့ နှစ်လေးဆယ်မြောက် ကျရောက်တဲ့ ဒီနေ့ (၃၁.၇.၂၀၁၁) မှာ ကိုကိုးကျွန်းထောင်မှ အကျဉ်းကျဖူးခဲ့တဲ့ မင်းကွန်းက နာမည်ကြီး ပန်းချီဆရာ ရာဟုလာ ၁၂ နာရီ ၁၅ မိနစ်မှာ ကွယ်လွန်ပါတယ်။
ကိုကိုးကျွန်းထောင်ဟာ နိုင်ငံရေးသမားတွေကို ထောင်ချတဲ့နေရာအဖြစ် နာမည်ကြီးခဲ့ပါတယ်။
ပန်းချီဆရာ ရာဟုလာ ဟာ လူပျိုအရွယ်မှာ နိုင်ငံရေးအမှုနဲ့ ထောင် ရ နှစ်ခွဲ ခန့်ကို အင်းစိန်ထောင်၊ ကသာထောင်၊ ကိုကိုးကျွန်းထောင်တို့မှာ အကျဉ်းကျခံခံရပြီး မကွယ်လွန်မီ နောက်ဆုံးရေးဆွဲနေတဲ့ ပန်းချီကားက ကိုကိုးကျွန်းမှာ ဖြစ်ခဲ့တဲ့ အလောင်းလုပွဲ မြင်ကွင်း ပန်းချီကားပဲဖြစ်ပါတယ်"
ဆရာကြီးမကွယ်လွန်မှီနောက်ဆုံးဆွဲနေတဲ့ ကိုကိုးကျွန်းက အလောင်းလုပွဲပုံ

ဆရာကြီးနောက်ဆုံးဆွဲနေတဲ့ ကိုကိုးကျွန်းက အလောင်းလုပွဲပုံ


Photo..Moemakha facebook

Sunday, August 21, 2011

0 “ဧရာဝတီ”အလုပ်ရုံဆွေးနွေးပွဲ


၁၈-၈-၂၀၁၁ နေ့ က ဗေဒါသင်တန်းကျောင်းမှာ“ဧရာဝတီ”အမည်နဲ့ အလုပ်ရုံဆွေးနွေးပွဲတခုကျနော်စီစဉ်ဖြစ်ခဲ့ ပါတယ်။

ကျနော်လုပ်ရမဲ့ အလုပ်တခုလုပ်ပြီးပြီလို့ သဘောထားပြီးခပ်တည်တည်နေလိုက်တာ ဒီနေ့ အထိဘဲဆိုပါတော့ လေ။

ဒီနေ့ ကိုခင်မောင်ဝင်းကသတိပေးမှဒီအကြောင်း Online ပေါ်မှာ ကျနော်ဘာမှမပြောဖြစ်သေးပါလား ဆိုတာသတိရတယ်။

မနက်(၉)နာရီတိတိမှာ ကျနော်အခမ်းအနားစပါတယ်။ဘယ်သူလာလာ/မလာလာ ရှိသမျှနဲ့ စမယ်လို့ ဆုံးဖြတ်ထားတာကိုး။

လူဦးရေ(၃၀)ကျော်တက်ရောက်ပါတယ်။ခင်ဗျားတို့သိနိုင်တဲ့လူသိများသူတွေထဲကဦးအောင်ကြည်ညွန့်(ချောင်းဆုံ)။ ကိုဖြိုးမင်းသိန်း။ ကိုမျိုးရန်နောင်သိမ်း။တို့ ပါပါတယ်။ကျန်တဲ့ သူများကတက်ကြွလှုပ်ရှားသူများပေါ့ ဗျာ။

ကျနော့် ရဲ့ On line မိတ်ဆွေထဲကတယောက်တော့ လာနှုတ်ဆက်လို့ကျနော့် တော်တော်ဝမ်းသာ သွားတယ်။ (အရင်မမြင်ဘူးဘူး)

တကယ်တမ်း“အလုပ်ရုံဆွေးနွေးပွဲ”လို့ နံမယ်တပ်ထားပေမဲ့ လူရင်းတွေအချင်းချင်း ထိုင်စကားပြောသလို ပါဘဲ။(ဘုံတူညီချက်ရှိနေတာကိုး)

ကျနော်တို့ အားလုံးကသိချင်နေကြသူတွေလေ။အစဉ်အလာအရ(နှစ်ပေါင်း(၂၀)ကျော်ဘာမှမသိဘဲ နေလာခဲ့ရတဲ့အခါကျတောဟိုဟာလည်းသိချင်/ဒီဟာလည်းသိချင်။““မောင်လူမွှေး””မေးသလို“စာကလေးတွေကဘာကြောင့်ဖိနပ်မစီးသလဲ””ဆိုတာမျိုးပေါ့ ဗျာ။

အလုပ်ရုံဆွေးနွေးပွဲရဲ့ အင်္ဂါရပ်နဲ့ လည်းမညီတဲ့ အတွက်အဲသလိုနံမယ်မတပ်ပါနဲ့ လို့ တယောက်က ထောက်ပြတယ်။

အဲဒီအတွက်နောက်ဆွေးနွေးပွဲကို“ဧရာဝတီ”စကားဝိုင်းလို့ဘဲနံမယ်တပ်တော့မှာဖြစ်ပါတယ်။နောက်ပြီးဗေဒါသင်တန်းကျောင်းနေရာဟာလည်းတကယ်တမ်းကျတော့ လူ(၃၀)ကျော်ကိုတောင်မချိမဆန့် ထမ်းထားရတာဖြစ်တဲ့ အတွက်နောက်ထပ်သင့် တင့် တဲ့ နေရာကိုရွေးဘို့ လည်းအားလုံးကတိုက်တွန်းကြပါတယ်။

ပြောတဲ့ အကြောင်းအရာတွေကိုခြုံငုံသုံးသပ်ရရင်တော့ 

(၁) ဧရာဝတီမြစ်နဲ့ တကွမြစ်ဆုံပေါ်မှာတည်ဆောက်မဲ့ ဆည်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ(ရရှိခဲ့ သမျှ)ကိုဝေမျှပေးနိုင်ခဲ့ ပါတယ်။

(၂) (မြစ်ဆုံဆည်အပါအ၀င်)ဧရာဝတီမြစ်ပေါ်မှာတည်ဆောက်မဲ့ ဆည်တွေနဲ့ ပတ်သက်ပြီးရရှိခဲ့ သမျှအချက်အလက်တွေအရဆက်လက်တည်ဆောက်ခြင်းကိုဆိုင်းငံ့ ပေးထားရန်တောင်းဆိုဘို့ လိုအပ်ကြောင်းသဘောတူညီမှုရရှိခဲ့ ပါတယ်။

(၃)ဆည်တည်ဆောက်ခြင်းများကို ဖွဲ့ စည်းပုံအခြေခံဥပဒေ (နိုင်ငံသားတို့ ၏မူလအခွင့် အရေးများနှင် တာဝန်များအခန်းကဏ္ဍ)အရကန့် ကွက်နိုင်သည့် အကြောင်းအရာများကိုသိရှိကြေငြာနိုင်ခဲ့ ပါတယ်။

(၄)သို့ အတွက်ပထမဦးစွာစတင်ဆောင်ရွက်နိုင်တဲ့ လုပ်ငန်း (အမည်ရင်း။ လိပ်စာမှန်။ အမျိုးသားမှတ်ပုံတင် အမှတ်များနှင် အတူ)အဖြစ်နိုင်ငံတော်သမတကြီးထံလိပ်မူပြီးလက်မှတ်ထိုးတောင်းဆိုမှု(Signature Campaign) ကိုတက်ရောက်လာသူများအားလုံးက တညီတညွတ်တည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။

(၅)နောက်တကြိမ်ထပ်မံပြုလုပ်မယ်“ဧရာဝတီစကားဝိုင်းမှာလူထု၊လူတန်းစားအမျိုးမျိုးပါဝင်နိုင်ရေး။အသိပညာရှင်။အတတ်ပညာရှင်များမှဦးဆောင်ပါဝင် ဆွေးနွေးနိုင်ရေး။နှင့် အခြားသောလူပုဂ္ဂိုလ်။အဇွဲ့ အစည်းများမှဆောင်ရွက်သည့် “ဧရာဝတီ”လှုပ်ရှားမှုများကို အားပေးကူညီမည်ဖြစ်ကြောင်းအားလုံးသဘောတူဆုံးဖြတ်နိုင်ခဲ့ ကြပါတယ်။

ပြည်တွင်းပြည်ပမှ မိတ်ဆွေများခင်ဗျား။

ကျနော့်ရဲ့ပထမဆုံးအကြိမ်“ဧရာဝတီ”လှုပ်ရှားမှုနဲ့ပတ်သက်ပြီးအစီရင်ခံနိုင်တာဟာအင်မတန်နည်းပါးတယ်။အားမရဖြစ်ရတယ်ဆိုခဲ့ ရင်ကျနော်ရဲ့ အားနည်းချက်တွေကြောင့် သာဖြစ်ပါတယ်။ရရှိနိုင်ခဲ့ တဲ့ သတင်းအချက်အလက်။ကျင်လည်နေရတဲ့ အသိုင်းအ၀ိုင်းနှင့်တကွအခြားသောချို့ ငဲ့ မှုများကိုအကြောင်းမပြတော့ ပါဘဲထပ်မံပြုလုပ်ရန် (အသည်းအသန်)ကြိုးပမ်းနေသောဒုတိယအကြိမ်“ဧရာဝတီ”စကားဝိုင်းမှာတော့ကျနော်ယခုထက် ပိုမိုကြိုးစားပါမယ်လို့ ကတိပြုပါတယ်။

(ပထမအကြိမ်“ဧရာဝတီ”အားအောင်မြင်နိုင်ရန်အားပေးကူညီခဲ့ကြသူများအားလုံးအား အထူးကျေးဇူးတင်ရှိပါသည်ခငိဗျား)

ဦးဝင်းချို(တစ်သီးပုဂ္ဂလ)

ဆက်သွယ်ရန်။၀၁-၃၉၃၁၅၅လိုင်းခွဲ၂၆၄။၀၉-၈၀၃၃၅၅၄

email.wincho1020@gmail.com

0 ကုန်းတတန် ရေတတန် လေတတန်

ကမ္ဘာမြေပြင်မှ ထွက်ခွာသွားသူတို့သည် အမျိုးမျိုးသော ထွက်ခွာခြင်းများနှင့်အတူ အသီးသီး ထွက်ခွာသွားကြသည်။ သက်တမ်းကုန်ဆုံး၍ ထွက်ခွာခြင်း၊ (၉၆) ပါးသော ရောဂါနှင့် သက်တမ်းမကုန်ဆုံးခင် ထွက်ခွာသွားခြင်း၊ ဥပစ္ဆေဒကကံကြောင့် ထွက်ခွာသွားခြင်းတည်းဟူသော ဖူး၍ကြွေ၊ ပွင့်၍ကြွေ၊ နု၍ကြွေ၊ ရင့်၍ကြွေ၊ မှည့်၍ကြွေ၊ ပိုးကိုက်၍ကြွေ၊ ခူးကြွေသော ကြွေပုံ ကြွေနည်း၊ သေပုံ သေနည်းတို့ဖြင့် အသီးသီး သေဆုံးကြရကုန်၏။

ဦးသိန်းဝင်းသည် ဒလမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး မိသားစု စားဝတ်နေရေးအတွက် ရေခြားမြေခြား သမုဒ္ဒရာပင်လယ်အော်ကြီးထဲတွင် နိုင်ငံရပ်ခြားပိုင် ပင်လယ်ကူးသင်္ဘောကြီးပေါ် တွင် သင်္ဘောလုပ်သားအဖြစ် ရိုးသားစွာ လုပ်ကိုင်နေသူဖြစ်သည်။ မိမိ၏၀မ်းစာ၊ မိသားစုဝမ်းစာ အတွက် ပင်ပန်းကြီးစွာ အသက်စွန့်၍ ပင်လယ်ပြင်ကြီးထဲ ရှာဖွေနေဆဲ ဦးသိန်းဝင်း၏ မလွန်ဆန် နိုင်သည့် ပင်ပန်းဆင်းရဲမှုဒဏ်ကြောင့် ဖြစ်ပေါ်လာသော ရောဂါဝေဒနာကို ခံစားလာခဲ့သည်။ ထို့ကြောင့် မိမိ၏ ရောဂါဝေဒနာ ခံစားမှုအား ကြံကြံခံ၍ အမိမြေ မိသားစုရှိရာ ဒလမြို့သို့ ပြန်လာ၍ ဆေးဝါးကုသမှုကို မိသားစုနှင့် မခွဲတမ်း အနီးကပ်ကုသရန်အတွက် ကြိုးစားတော့သည်။ ဝေဒနာ ကိုခံစားရင်း တိုင်ဝမ်မြို့မှ ရန်ကုန်သို့ ပြန်အလာ လေယာဉ်သည် တိုက်ရိုက်ရန်ကုန်သို့ ပြန်သန်း မည့် လက်မှတ်ကို မရရှိခဲ့သည့်အတွက် ထိုင်းနိုင်ငံမှတဆင့် ရန်ကုန်(ဒလ)သို့ ပြန်ရန်ကြိုးစားတော့ သည်။ သို့သော် ၁၆.၈.၂၀၁၁ (အင်္ဂါ) နေ့တွင် ထိုင်းနိုင်ငံအရောက် လေယာဉ်ပေါ်တွင် ဦးသိန်းဝင်း သည် ရောဂါဝေဒနာဖောက်ကာ အသက်ပါ ဆုံးရှုံးသွားခဲ့ရသည်။ ထို့ကြောင့် ဦးသိန်းဝင်း၏ ရုပ် အလောင်းအား ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့မှ ဘန်ကောက်မြို့ရှိဆေးရုံသို့ ပို့ဆောင်စစ်ဆေးကာ ရန်ကုန်မြို့ သို့ ၁၈.၈.၂၀၁၁ (ကြာသပတေးနေပ) ည (၇း၀၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဦးသိန်းဝင်း၏ ရုပ်အလောင်းအား စစ်ဆေးကာ ညတွင်းချင်း ရန်ကုန်ပြည်သူ့ဆေးရုံ အအေးခန်းသို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အကူအညီဖြင့် အသင်းသားများနှင့် ၀န်ထမ်းတို့မှ ပို့ဆောင်ကူညီပေးခဲ့သည်။

၂၀.၈.၂၀၁၁ (စနေနေ့) နံနက် (၁၁း၀၀) နာရီအချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံ အအေးခန်းမှ ဦးသိန်းဝင်း၏ ရုပ်အလောင်းအား ကျန်ရစ်သူမိသားစုတို့၏ ဆန္ဒအရ နာရေးကူညီမှု အသင်း(ရန်ကုန်) အကူအညီဖြင့် ဒလမြို့သို့ ရန်ကုန်မြို့ စဥ့်အိုးတန်းဆိပ်ကမ်းမှတဆင့် စက်တပ် သမ္ဗာန်ဖြင့် ပြန်လည်၍ ပို့ဆောင်ကာ ဓနိတောသုဿန်၊ ဒလမြို့နယ်တွင် အပြီးသတ် သင်္ဂြိုလ်ပေး မည်ဖြစ်သည်။

ဦးသိန်းဝင်းကဲ့သို့ ကုန်းတတန်၊ ရေတတန်၊ လေတတန်ဖြင့် ကမ္ဘာမြေပြင်ကြီးမှ နောက်ဆုံး ထွက်ခွာသွားခြင်းမျိုးကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကူညီဖေးမမှုတို့သည် အလွန်ထူးခြား သော ဖြစ်ရပ်ဖြစ်စဉ်တစ်ခုပင် ဖြစ်တော့သည်။

ကောင်းရာသုဂတိလားပါစေ . . . . ။

(ကျော်သူ)


 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.