အစိုးရအာဘော်တွေ၊ ဆင်ခြေထွင်လုံးတွေနဲ့လည်း ကင်းကွာလို့မရတော့ မကြည့်ချင် မဖတ်ချင်လည်း ဖတ်နေရပါတယ်။ အစိုးရဒလံ၊ ဖော်လံဖားတွေကလည်း ကလောင်ပုံးအမျိုးမျိုးနဲ့ ပေါက်လွှတ်ပဲစား၊ အရူးချေးပန်း လျှောက်ရေးနေကြရောဗျိုး ။အဲ့သလို မြင်ရတွေ့ရပြန်တော့လည်း ပြောချင်တာတွေက ကျလိကျလိဖြစ်လာတယ်ဗျာ့။
အစိုးရဘက်က ပေးနေတဲ့ ဆင်ခြေတွေက တအား ညံ့ဖျင်းလွန်းပါတယ်။ ပီပြင်တဲ့ ထောက်ပြပြောဆိုမှု၊ အချက်အလက်အကိုးအကားပြည့်စုံညီညွတ်မှုလည်း မရှိပါဘူး။ ဘာနဲ့တူသလဲဆိုတော့ .. လက်ပူးလက်ကြပ် CCTV ကင်မရာနဲ့ ထောင်ဖမ်းလို့ မိတဲ့ သူခိုး က ၊ ကျနော် မခိုးပါဘူး .. ဒီပစ္စည်းတွေက အော်တိုငုတ်တုပ် ကျနော့်လက်ထဲရောက်လာတာပါ။ လို့ ဆင်ခြေပေးသလို ဖြစ်နေပါတယ်။
ပညာရှင်အသိုင်းအဝိုင်းတွေက ကျယ်ကျယ်ပြန့်ပြန့်ကန့်ကွက်ကြတဲ့နေရာမယ် အချက်အလက်၊ ကိန်းဂဏန်းများ၊ဖြစ်နိုင်ချေများကို သဘာဝပတ်ဝန်းကျင်ရှုထောင့်ကနေ တင်ပြထားသလို၊ ကျနော်တို့ပြည်သူလူထုကလည်း “အမျိုးသားရေးလက္ခဏာ” ဆိုတဲ့ အမြင်နဲ့ မိမိတို့ရဲ့ ယဉ်ကျေးမှု၊ မိမိတို့ရဲ့သမိုင်း ဆိုတဲ့ အမြင်အရ ကန့်ကွက်ရခြင်းဖြစ်ပါတယ်။ သူများယောင်လို့ လိုက်ယောင်ကြတဲ့ နိုင်ငံရေး တတ်ယောင်ကားတွေ တစ်ကောင်တမြီးမှ မပါဝင်ပါဘူး။
ကျနော့်ကိုယ်ပိုင်ရပ်တည်ချက်ကို ပြောပါ့မယ်။ ဧရာဝတီကို နိုင်ငံရေးအမြတ်ထုတ်လိုမှုအတွက် ကန့်ကွက်နေတာမဟုတ်ပါဘူး။
“အမျိုးသားရေးလက္ခဏာ”အဖြစ်၊ ယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်အဖြစ်၊ မြန်မာပြည်နဲ့ မြန်မာလူမျိုးတိုင်းရဲ့ ပြယုဂ်တစ်ခုအဖြစ်၊ ဒါ့ထက်ပိုပြီး ရင်ဘတ်ထဲရှိရာ ရေးပြရယင် Vanity ဆိုတဲ့ မြန်မာပြည်သားတိုင်း မက်မက်မောမော၊ လက်ထဲက မလွှတ်စတမ်း၊ သေတဲ့တိုင်အောင် ဆွဲယူထားရမယ့် “ဂုဏ်” သိက္ခာအတွက် တိုက်ပွဲဝင်ပါမယ်။ ဒီတော့ ကျနော့်လိုကောင်မျိုးအတွက် “ကျနော်တို့လည်း ဧရာဝတီကို ချစ်ပါတယ်” ဆိုတဲ့ အခြေအမြစ်မရှိတဲ့ ပေါက်လွှတ်ပဲစား ဆင်ခြေမျိုးကို ပဲမနူးပါဘူး၊ ကြားမညှပ်ပါဘူး။
အဲ့သည့် အစိုးရအာဘော် ဟာ ထွင်လုံး၊ ဖြီးလုံး သက်သက်ဘဲ လို့ ကျနော် ယုံကြည်ပါတယ်။ ဧရာဝတီကို ချစ်တဲ့လူစားမျိုးက ဘယ်တော့မှ ဧရာဝတီကို လက်ညှိုးထိုး ရောင်းမစားပါ။ သူတောင်းစားမှာလည်း vanity ရှိသလိုလမ်းဘေးက ဖာသယ်မှာလည်း vanity ရှိပါတယ်။ ငွေကြေးဥစ္စာချမ်းသာကြွယ်ဝခြင်း၊ ဆင်းရဲခြင်းနဲ့ ဂုဏ်သိက္ခာမာန ဆိုတာ ဘာမှ မပတ်သက်ပါဘူး။ ဒီလို လမ်းဘေးက ကလေကလွင့်တောင်မှ မိမိရဲ့ vanity ကို မက်မောသေးတယ်၊ စောင့်ရှောက်သေးတယ်ဆိုယင်၊ အခု .. ပြည်ကြီးသားစိန ပေါက်ဖော်တွေကို “လာပါ၊ယူပါ ၂ ကျပ်ခွဲ ကြိုက်တာယူပါ” ဆိုပြီး လက်ညှိုးထိုးရောင်းစားနေတဲ့ သက်ဆိုင်ရာအာဏာပိုင်တွေဟာ သူတောင်းစားနဲ့ဖာသယ် လောက်တောင် ကျင့်ဝတ်သိက္ခာမရှိ၊ အောက်တန်းကျတယ်လို့ ဆိုလိုက်ချင်ပါတယ်။
စကားကြုံလို့ တစ်ခုလောက်ပြောခွင့်ပေးပါ။ ကျနော် အခု ဆြာမြသန်းတင့် ရေးခဲ့တဲ့ “တောင်သမန်ရွှေအင်းက လေညင်းဆော်တော့..” ဆိုတဲ့ ခရီးသွားဆောင်းပါးအက်ဆေး စာအုပ်ကို ဖတ်နေပါတယ်။ လိုရင်းပြောရယင် .. ဒီစာအုပ်မှာ ဘာတွေ သိခဲ့ရသလဲဆိုတော့...
“ဗမာပြည်ကို အင်္ဂလိပ်နယ်ချဲ့က သိမ်းပိုက်ရခြင်းအကြောင်းအရင်းဟာ “ဘုံဘေဘားမား ကုမ္ပဏီ” ကသစ်ခိုးထုတ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဗမာဘုရင်က ဒဏ်ရိုက်လို့ ” ကျနော်တို့ မူလတန်း ဖတ်စာအုပ်ပါ အကြောင်းပြချက်လေးပါ။
တကယ်တမ်း အခုမှသိရတာက သစ်ခိုးထုတ်တဲ့အတွက် မဟုတ်ပါဘူး။ ဗမာပြည်အပေါ်မှာ စီးပွားရေးအရ လက်ဝါးကြီးအုပ်ကျွန်ပြုနိုင်ဘို့ “ပြင်သစ်” ၊ “အီတလီ” ၊ “အင်္ဂလိပ်” ကိုလိုနီ ၃ နိုင်ငံရဲ့ နိုင်ငံရေးကျားကွက်ရွှေ့မှုဖြစ်ပါတယ်။ ဗမာဘုရင့်ပိုင်နက် အထက်ဗမာပြည်မှာ ဘဏ်တိုက်ဖွင့်ခွင့်၊ တောင်ငူ-မန္တလေး မီးရထားလမ်း ဖောက်လုပ်ခွင့်၊ ရွှေ၊ကြေးနီ၊ပတ္တမြား၊ကျောက်စိမ်း၊သတ္တုရိုင်းများ တူးဖော်ခွင့်၊ သစ်ခုတ်ယူခွင့်၊ ဧရာဝတီမြစ်ထဲမှာပြေးဆွဲတဲ့ ဖလုပ်တီလာသင်္ဘောလိုင်းထံမှ ဈေးကွက်လုယူခွင့်၊ လက်နက်ခဲယမ်း ရောင်းဝယ်ဖောက်ကားခွင့်၊ စတဲ့ ... စတဲ့ ..စီးပွားရေး လက်ဝါးကြီးအုပ် ကျွန်ပြုချင်လို့ ဖြစ်ပါတယ်။
ရှင်းရှင်း နဲ့ ရိုင်းရိုင်း ပြောရယင် လင်သေသွားလို့ အမွေပုံပေါ်ကျန်ခဲ့တဲ့ အရွယ်ကောင်းကောင်း ရုပ်ချောချော မုဆိုးမလေး၊ သူနဲ့အတူ သမီးချော အပျိုတစ်အုပ်လည်း ရှိဦးမယ်။ ရထားလိုက်တဲ့ အမွေတွေက မနည်းမနောကြီး။ ဆိုတော့ .. ဘေးပတ်ဝန်းကျင်ရပ်ကွက်ထဲက ကုလား တရုတ်တွေ မျက်စေ့ကျတာ ဆန်းသလားဗျ။ သူ့ထက်ငါ ဒီအိမ်ကြီးပေါ်တက်လို့ လက်ဝါးကြီးအုပ် ထင်တိုင်းကြဲခွင့်အတွက် ခွပ်ကြပြီပေါ့၊ ကိုက်ကြပြီပေါ့။
သီပေါဘုရင်မိသားစု ဆိုတာလည်း ဘဏ္ဍာတိုက်ထဲမှာ တစ်ပြားမှမရှိလေတော့ တွေ့သမျှသက်ရှိ သက်မဲ့အကုန်လုံးကို တိုင်းတပါး ကုန်သည်တွေဆီမှာ လက်ညိုးထိုး ရောင်းစားခဲ့ရပါတယ်။ သစ်ခုတ်ခွင့်တွေ ရောင်းခဲ့တယ်၊ ကြေးနီမိုင်းတွင်းတွေရောင်းတယ်၊ ပတ္တမြားတွင်းတွေရောင်းတယ်။ ရေနံတွင်းတွေ ရောင်းတယ်။ ဧရာဝတီမြစ်ထဲ သင်္ဘောခုတ်ခွင့် ရောင်းတယ်။ အဲ .. နောက်ဆုံး ဘဏ်တိုက်ဖွင့်ခွင့်၊ မီးရထားလမ်းဖောက်လုပ်ခွင့်၊ လက်နက်တင်သွင်းခွင့်တွေအတွက် ပြင်သစ်ကို ပေးလိုက်တဲ့အခိုက်မှာဘဲ အင်္ဂလိပ်က ဗမာပြည်ကို သိမ်းလိုက်ပါတော့တယ်။
ကဲ .. ကြည့်စမ်းပါ။ ကိုယ့်နိုင်ငံရဲ့ ကြွယ်ဝမှုမှန်သမျှကို နောင်ရေးမကြည့်၊ ရှေ့ရေးမမျှော်ဘဲ ဖြုတ်ဦးနှောက်သာသာ နိုင်ငံ့ခေါင်းဆောင်က လုပ်ချသွားတာ။ မြန်မာ့ သံယံဇာတဟူသမျှကို ဗမာဘုရင်က ဖြုန်းတယ်၊ အင်္ဂလိပ်ရောက်လာတော့ အင်္ဂလိပ်က ဖြုန်းတယ်၊ခိုးတယ်၊ ဂျပန်ဝင်လာတော့ ဂျပန်က ခိုးတယ်၊လုတယ်၊ ဗမာစစ်အစိုးရအဆက်ဆက် ခိုးတယ် ၊ ဖြုန်းတယ်။
နောက်ဆုံး နအဖ ခေတ်ပြောင်ခါနီး တိုင်းပြည်တစ်ခုလုံး ကုန်သလောက်နီးနီး ဖြူခါပြာကျတော့လည်း အတွင်းဝန်ရုံးတို့၊ပန်းခြံတို့၊မြေကွက်တို့၊ ဘာလုပ်ပိုင်ခွင့်၊ ညာလုပ်ပိုင်ခွင့်တို့ကို နီးစပ်ရာ လက်သိပ်ထိုး ခိုးရောင်းတယ်။ ဓါတ်ငွေ့သိုက် တွေ့တယ်၊ ရောင်းတယ်၊ ကျောက်စိမ်းတွေ ရောင်းတယ်၊ လက်နက်ဝယ်တယ်၊ သူတို့အိပ်ထဲ ခိုးထည့်တယ်။
ကဲ .. အခုကြည့် .. ဗမာတပြည်လုံးရောင်းလို့ကုန်၊ ခိုးလို့ကုန်တဲ့အခါကျတော့ ... သူ့ဖာသူနေတဲ့ မြစ်ကြီးတစ်စင်းလုံးကိုလက်ညိုးထိုးရောင်းစားပလိုက်တယ်။ အကြောင်းပြချက်ကတော့ “တိုင်းပြည့်ဘဏ္ဍာ ဖြည့်တင်းဖို့၊လျှပ်စစ်ဓါတ်အားအတွက်ပါ” တဲ့။ ပြည်တွင်းမှာ လုံလောက်တဲ့ ပညာ၊အခြေခံအဆောက်အဦ မရှိလို့ သူတပါးကို ကန်ထွိုက်ပေးရတာပါ တဲ့ခင်ဗျာ။
ကြည့်ကြပါခင်ဗျာ။ ကျုပ်တို့အစိုးရမင်းများကတော့ ... ကိုယ့်အမေ၊နှမတွေ အချောင်နှိုက် ကြာကူလီရိုက်မယ့် တဏှာရူးကို အိမ်ပေါ်ခေါ်တင်လာပါပြီခင်ဗျာ။ ဟိုကောင်တွေဆီက အရက်ဖိုးလေး ၊ ဆေးခြောက်ဖိုးလေး အရိုးအရင်းကိုက်ရရုံနဲ့ ကိုယ့်တစ်အိမ်လုံးကို ထိုးအပ်ပါတော့မယ်ခင်ဗျ။
သိပ္ပံနည်းကျ ရှုထောင့်တွေ၊ သဘာဝပတ်ဝန်းကျင်အရင်းအမြစ်တွေ၊ နိုင်ငံရေးကျားကွက် ဘာညာ သာရကာတွေ နဇာမိ၊ ငါမသိ။
မြန်မာလူမျိုးစစ်စစ်ရယ်လို့ လက်မ ထောင်ချင်တဲ့ ၊ မြန်မာပြည်ကိုချစ်တဲ့၊ ပြီးတော့ ဧရာဝတီဆိုတဲ့ အမျိုးသားဂုဏ်သိက္ခာကိုမြတ်မြတ်နိုးနိုးချစ်တဲ့ မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ Vanity အတွက် ဧရာဝတီကို ကာကွယ်သွားပါမယ်။
ဧရာဝတီတည်မြဲပါစေ။
မောင်ချမ်း (၂၆၊၀၈၊၁၁)
ချမ်းဟိန်းအေးFacebookမှ
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို
အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်
-
မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့
အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး
အသစ်ကို အ...
2 years ago
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်