Friday, August 26, 2011

0 မြန်မာပြည်တွင် အင်တာနက် ပိတ်ပင်မှု စတင် လျော့ချလာ


မြန်မာနိုင်ငံတွင် ယခင်က ပိတ်ပင်ထားသော အင်တာနက် စာမျက်နှာတချို့ ကို သြဂုတ်လ ၂၄ ရက်နေ့ မနက်ပိုင်းမှ အစပြု ၍ တိုက်ရိုက် ကြည့်ရှုခွင့် ရရှိနေကြောင်း အင်တာနက် အသုံးပြုသူများက ပြောသည်။ အများစုမှာ မြန်မာ့ဆက်သွယ်ရေးမှ ရယူထားသော MPT လိုင်းများတွင် ကြည့်ရှုခွင့် ရနေခြင်း ဖြစ်ကြောင်း သိရသည်။

“ပိတ်ထားတဲ့ ၀ဘ်ဆိုတ်တွေကို မနေ့ ညကတည်းက ကြည့်လို့ ရတယ်။ ဒီနေ့ မနက်တော့ ယူကျု့ ဘ် ၀ဘ်ဆိုက်ကို ဖွင့်လို့ ရနေပြီ။ တခြားဆိုဒ်တွေ တော်တော်များများလည်းကြည့်လို့ ရတယ်။” ဟု ရန်ကုန်မြို့ မှ အင်တာနက် အသုံးပြုနေသူ ဘာသာပြန် အယ်ဒီတာ တစ်ဦးက ပြောသည်။

ဘီဘီစီ၊ ဗွီအိုအေ စသည့် နိုင်ငံတကာ အသံလွှင့်ဌာနများ၏ အင်တာနက် စာမျက်နှာများနှင့် အခြား ဘလော့များကိုပါ အလွယ်တကူ ဖွင့်ကြည့်၍ ရကြောင်း၊ သို့သော် ပြည်ပအခြေစိုက် သတင်းဝက်ဆိုဒ် အချို့ကိုမူ ဖွင့်၍မရသေးကြောင်း သိရသည်။

ရန်ကုန်မြို့ အပြင် ပြင်ဦးလွင်နှင့် မန္တလေးမြို့ များတွင်လည်း Fiber to the home ( FTTH ) လိုင်းများတွင် ပိတ်ပင်ထားသည့် အင်တာနက် စာမျက်နှာများအား အလွယ်တကူ ကြည့်ရှုနိုင်ပြီဖြစ်ကာ အေဒီအက်စ်အယ်လ် နှင့် ၀ိုင်မက်စ်လိုင်းအချို့ တွင်လည်း ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၀၀ ခုနှစ် အင်တာနက်ကိုစတင်သုံးစွဲခဲ့သည့်အချိန်မှ စ၍ နိုင်ငံရေးအင်တာနက် စာမျက်နှာများနှင့် သတင်းစာမျက်နှာများ ကြည့်ရှုခြင်းကို တင်းကြပ်စွာ တားမြစ်ပိတ်ပင်ထားသည်။ ထို့ပြင် အများပြည်သူသုံး အင်တာနက် ဆိုင်များတွင် နိုင်ငံရေးနှင့် ပတ်သက်သော ၀ဘ်ဆိုဒ်များ မကြည့်ရ ဟူသည့် စာတမ်းများကပ်ပြီး အတိအလင်း တားမြစ်ထားခဲ့သည်။

ယခုကဲ့သို့ တားမြစ်ထားသည့် အင်တာနက်ဝဘ်ဆိုက်များကို ကြည့်ရှုခွင့် ပေးလာခြင်းသည် အစိုးရသစ်နှင့် ပြည်သူအကြား ပွင့်လင်းမြင်သာမှု ရှိသည်ဟူသော အမြင်မျိုး ရလို၍ ဖွင့်ပေးခြင်းဖြစ်နိုင်ကြောင်း လူငယ်အိုင်တီပညာရှင် တစ်ဦးက သုံးသပ်သည်။

၎င်းက “အမျိုးသားသင့်မြတ်ရေး လုပ်မယ်ဆို အတိုက်အခံတွေကိုပါ ပေးပြောရတော့မယ်။ အဲဒီအတွက် ပြည်သူနဲ့ အစိုးရကြား ပွင့်လင်းမြင်သာမှု ရှိမှဖြစ်မယ်။ သတင်း စီးဆင်းမှု ကလည်း မြန်လာတဲ့အတွက် ထိန်းထားလို့ လည်း မလွယ်တော့ဘူး” ဟုပြောသည်။

မြန်မာနိုင်ငံ၌ အများပြည်သူများ သုံးစွဲနိုင်မည့် Internet Bandwidth (အင်တာနက် လမ်းအကျယ်) ကို မြန်မာ့ဆက်သွယ်ရေးက ထိန်းချုပ်ထားပြီး မြန်နှုန်း နှေးကွေးကြောင်း ပြည်တွင်း အင်တာနက်သုံးစွဲသူများကပြောသည်။

ပြည်တွင်းတွင် အေဒီအက်စ်အယ်လ်၊ Dial-up၊ Satellite terminal၊ ၀ိုင်မက်စ်နှင့် Fibre to the home အင်တာနက်ဆက်သွယ်ရေး လမ်းကြောင်းများကို အသုံးပြုနေရာတွင် Fibre to the home မှာ မန္တလေးနှင့် ပြင်ဦးလွင်မြို့ တွင် သာ အသုံးပြုနိုင်ပြီး ရန်ကုန်မြို့ တွင် အသုံးပြုနိုင်ရန် စီစဉ်နေဆဲဖြစ်သည်။

၂၀၁၀ ခုနှစ်တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ကောက်ယူထားသော စာရင်းများအရ အင်တာနက် အသုံးပြုသူမှာ လေးသိန်းကျော် ရှိကြောင်း သိရသည်။ ထိုအရေအတွက်သည် နိုင်ငံလူဦးရေ၏ သုညဒသမ ရှစ်ရာခိုင်နှုန်းခန့် သာရှိ၍ အများစုမှာ ရန်ကုန်နှင့် မန္တလေးမြို့ များမှ အသုံးပြုခြင်းဖြစ်ကြောင်းသိရသည်။

Yangon Press International

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.