Saturday, June 26, 2010

0 လေ့လာ … မှတ်သား … အနာဂတ်ခေါင်းဆောင်များ


အနာဂတ် တိုင်းပြည်တစ်ပြည်တွင် ဦးဆောင်ကြမည့် အနာဂတ် မျိုးဆက်သစ် ကလေးငယ် များအတွက် အခြေခံအုတ်မြစ် တစ်ခုဖြစ်သော ပန်းချီပညာရပ်ကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၂၆.၅.၂၀၁၀ (ဗုဒ္ဓဟူး)နေ့တွင် စတင်ပြီး ပန်းချီဆရာ ဦးဝင်းကြည် (ကွယ်လွန်သူ ပန်းချီ သန်းမြင့်အောင်၏ ဆရာတစ်ဦး)မှ ပန်းချီရေးဆွဲခြင်း ပညာရပ်ကို သင်ကြားပေးခဲ့ရာ ယနေ့ ၂၇.၆.၂၀၁၀ (စနေ)နေ့တွင် တစ်လ ပြည့်မြောက်ခဲ့ပါသည်။

တစ်လပြည့် အထိမ်းအမှတ်အနေဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မျိုးဆက်သစ် ကလေးငယ်များအား ပုလဲကွန်ဒို၊ တိုက် (C)၊ Gr.07,09၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ Morekha Art Gallery ပိုင်ရှင် ဦးဘိုဘိုဦး၏ ပန်းချီပြခန်းအတွင်းတွင် ပန်းချီပညာရှင်ကြီး (၅၄) ဦးတို့ ရေးဆွဲထားသော ပန်းချီကားချပ်များအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ပန်းချီဆရာ ဦးဝင်းကြည်၊ အင်္ဂလိပ်စာဆရာမ ဒေါ်ဧရာမောင်မောင်နှင့် လုပ်အားပေး အသင်းသူ/သားများတို့မှ လိုက်လံ ရှင်းလင်း ပြသ လေ့လာခဲ့ကြသည်။

ပန်းချီဟာ လူသားတွေရဲ့ စိတ်ကို နူးညံ့သိမ်မွေ့စေသည်။

ပန်းချီပညာရှင်ဟာ ဘယ်တော့မှ အလှအပကို မဖျက်ဆီးပါ။

ပန်းချီပညာရှင်ဟာ လောကရဲ့အလှကို ရှာဖွေ တည်ဆောက်ပေးတတ်သည်။

ပန်းချီပညာဟာ အမှန်တရားကို မြတ်နိုးတတ်သည်။

ကိုကျော်သူ

0 အမြင့်ပျံခွပ်ဒေါင်း ( သို့ မဟုတ် ) ဆလိုင်းတင်မောင်ဦး


၁၉၇၆ ဇွန် ၂၆ မှာ ချင်းတိုင်းရင်းသား ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို မဆလ စစ်အာဏာရှင်တွေက ကြိုးပေးသတ်ခဲ့တယ်။

0 ရှေ့နေကြီးဦးဥာဏ်ဝင်းအားအာဏာပိုင်များမှခေါ်ယူသတိပေးမှု ပြောဆိုမှုအပေါ်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ မကျေနပ်ကြောင်း ပြောဆို....

ပြီးခဲ့တဲ့ ဇွန်လ(၁၁)ရက်နေ့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူလူထုက မဲဆန္ဒပေးတာလည်း မိမိရဲ့ အခွင့်အရေးဖြစ်သလို မဲမပေးတာလည်းပဲ မိမိရဲ့ အခွင့်အရေးပဲလို့ ပြောဆို ခဲ့တဲ့အပေါ် ရှေ့နေကြီးဦးဥာဏ်ဝင်းမှ မီဒီယာများအား ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီနေ့ ၁၁ရက်နေ့ သောကြာနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် အထူးအယူခံ အမှုကိစ္စနေ့လည်(၁)နာရီမှာ တွေ့ဆုံခွင့် ခွင့်ပြုချက်ရခဲ့ပါတယ်။ ဒီလိုတွေ့ဆုံမှု မပြုခင် နေ့လည် (၁၂)နာရီမှာ အာဏာပိုင်များက ရှေ့နေကြီး ဦးဥာဏ်ဝင်းအား အဆိုပါ ကိစ္စနဲ့ ပတ်သတ်ပြီး ခေါ်ယူသတိပေးခဲ့ပါတယ်။ ဒီလိုခေါ်ယူသတိပေးတာနဲ့ ပတ်သတ်ပြီး လူထုခေါင်းဆောင်မှ မကျေနပ်ကြောင်း မှန်ကန်မျှတမှုမရှိ တရားမျှတမှု မရှိကြောင်း ပြောဆိုခဲ့ပါတယ်လို့ ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ဒီနေ့ နေ့လည်(၁)နာရီကနေ (၃)နာရီအထိ ဆရာဦးကြည်ဝင်းရယ် အန်ကယ်ရယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အထူးအယူခံ အမှုကိစ္စအတွက် တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ဒီနေ့တခြားထူးထူးခြားခြား မရှိပေမယ့် ဒီနေ့အန်ကယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ခင်မှာ နေ့လည်(၁၂)နာရီမှာ အာဏာပိုင်တွေက အန်ကယ်ကို ခေါ်သတိပေးပါတယ်။ ပြီးခဲတဲ့ တစ်ခေါက်တွေ့တုန်းက ဒေါ်အောင်ဆန်းစုကြည်ကပြောတဲ့ ပြည်သူလူထုကို မဲဆန္ဒပေးတာလည်း မိမိရဲ့ အခွင့်အရေးဖြစ်သလို မဲမပေးတာလည်းပဲ မိမိရဲ့ အခွင့်အရေးပဲလို့ ပြောဆို ခဲပါတယ်။ ဒီလိုပြောတာနဲ့ ပတ်သတ်ပြီး မီဒီယာတွေက လွှင့်တော့ ဒီဟာကို အာဏာပိုင်တွေက သဘောမကျဘူ ဒီလို ဆောင်ရွက်လို့ မရဘူး အမှုအတွက်လာရင် အမှုအတွက်ပဲ ပြောဆိုပါလို့ သတိပေးပါတယ်။

ဒီလိုပြောဆိုတာနဲ့ ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုပြန်လည်ပြောပြတဲ့ အခါ ဒီကိစ္စနဲ့ ပတ်သတ်ပြီး မကျေနပ်ဘူး မှန်ကန်မျှတမှုမရှိ တရားမျှတမှု မရှိဘူး အဲ့ဒါကြောင့် ဒီဟာနဲ့ ပတ်သတ်ပြီး ဥပဒေအရ အချက်အလက်တွေရှာပြီးတော့ Complain လုပ်ဖို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေခံအချက်ကတော့ နံပါတ်တစ် အချက်က ရှေ့နေနဲ့ သူနဲ့တွေ့တဲ့အခါမှာ ဘယ်လို ပြောရမယ် ဆိုတာမျိုးကန့်သတ်တာ.. ဥပဒေ ပြဋ္ဌာန်းချက် မရှိဘူး.. နောက်တစ်ခုက အခုဒေါ်စုပြောလိုက်တဲ့ နိုင်ငံသားတစ်ယောက်ရဲ့ မဲပေးခွင့် ရှိမရှိဆိုတဲ့ ကိစ္စ ...ဒါဟာ ဥပဒပညာပေး ကိစ္စ တကယ်တန်းဆိုရင် အစိုးရမှာတောင် ဒီအတွက် တာဝန်တွေ အများကြီးရှိပါတယ်လို့ အဲ့လိုဒေါ်စုကပြောပါတယ်။ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီဝင် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

၂၀၀၉ ခုနှစ်က အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံ ယက်ထော နေအိမ်သို့ ဝင်ရာက်မှုနဲ့ ပတ်သက်ပြီး နေအိမ်အကျယ်ချုပ် မတရားချခံနေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အမှုကိစ္စနဲ့ ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည်မှ ဥပဒေအရ ဆုံးခန်းတိုင်အောင် ဆောင်ရွက်မယ်လို့ ဒီအမှုစဖြစ်တဲ့ အချိန်မှာ ပြောဆိုခဲ့ပါတယ်။ အမှုကိစ္စအတွက် အကျိုးဆောင်ရှေ့နေများနဲ့ တွေ့ခွင့်၊ ဆွေးနွေးခွင့် ပြုခဲ့ပြီး ယခုတစ်ကြိမ်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တဲ့ ပြောကြားချက်နဲ့ ပတ်သတ်ပြီး အာဏာပိုင်များမှ ပထမဦးဆုံးအကြိမ် ရှေ့နေများအား သတိပေး ပြောဆိုမှုဖြစ်ပါတယ်.။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူလူထုက မဲဆန္ဒပေးတာလည်း မိမိရဲ့ အခွင့်အရေးဖြစ်သလို မဲမပေးတာလည်းပဲ မိမိရဲ့ အခွင့်အရေးပဲလို့ ပြောဆိုတာ ပြန်ဖတ်ချင်ရင်.... http://www.demowaiyan.co.cc/2010/06/blog-post_9501.html

သတင်း.. ဒီမိုဝေယံ

0 The Voice Journal vol.6/No.32

0 Rapper များမဟုတ်သော F.F.S.S တိုက်စစ်မှူးများ

၂၅.၆.၂၀၁၀ (သောကြာ)နေ့ နံနက် (၈း၃၀) နာရီတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏(၇) ရက် သားသမီးတို့၏ နာရေးကိစ္စအ၀၀ကို နေပူ မိုးရွာမရှောင် အရိုးကျေကျေ အရေခမ်းခမ်း ပေးဆပ်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ရှေ့တန်း တိုက်စစ်မှူးများဖြစ်ကြသော ယာဉ်မောင်း ယာဉ်နောက်လိုက်တို့အား မိုးတွင်းကာလ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိရန်အတွက် ဥက္ကဌ ဦးကျော်သူမှ မိုးကာ ဂျာကင်များကို ဝေငှခဲ့ပါသည်။

ဓါတ်ပုံများကို ကြည့်ရှုပြီး သူတို့အား Hip Hop အဆိုတော်များ၊ Rapper များဟု မထင်စေချင်။ သူတို့သည် ပြည်သူလူထုအတွက် သူတို့တွင်ရှိသော ခွန်အား၊ လုံ့လ၊ ၀ီရိယအား တို့ဖြင့် ပေးဆပ်နေ ကြသော နာရေးကူညီမှုအသင်း(ရန်ကုန်) / F.F.S.S. (Free Funeral Service Society)၏ အမာခံ ရှေ့တန်း တိုက်စစ်မှူးများပင် ဖြစ်သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကောင်းသတင်း၊ ဂုဏ်သတင်းသည် သူတို့၏ စွမ်းဆောင်ချက်များ၊ ပေးဆပ်မှုများ၊ အနစ်နာခံမှုများ၊ ရိုးသားမှုများ၊ သီလလုံမှုများပေါ်တွင် မူတည်တော့သည်။

Friday, June 25, 2010

0့ နိုင်ငံရေးအကျဉ်းသားများပူးပေါင်းပါဝင်တဲ့ လန်ဒန်အခြေစိုက်Amnesty International မှသရုပ်ပြပွဲ




video။ ။ dvb and AAPP

Thursday, June 24, 2010

0 မြတ်ဗုဒ္ဓနှင့် နာရေးကူညီမှုအသင်း ဆုံတွေ့ခြင်း

တေးရေး/ဆို ကိုစိုးသိင်္ခမှ မိမိ သီဆိုရေးဖွဲ့ထားသော ကိုယ်ပိုင်သံစဉ်ဖြစ်သည့် “သစ္စာတည်ရာ မြတ်ဗုဒ္ဓကမ္ဘာ” စီးရီးအခွေအား နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှိရာ မြောက်ဒဂုံမြို့နယ်သို့ လာရောက်ပြီး လှူဒါန်းခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင် လက်ခံ ရယူခဲ့ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တေးရေး/ဆို ကိုစိုးသိင်္ခ၏ ရင်တွင်းခံစားချက်၊ ပြောကြား ချက်တို့အား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။

“ နာရေးကူညီမှုအသင်း(ရန်ကုန်)က ကန့်သတ်ထုတ်ဝေထားတဲ့ အခွေတွေမှာ ကျွန်တော် ကိုယ်တိုင်ရေး သီဆိုထားတာပါ။ ကိုယ်ပိုင်သံစဉ်လေးပေါ့။ နောက်ပြီးတော့ ကျွန်တော်နဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ကိုကျော်သူနဲ့က မရင်းနှီးပါဘူး။ ကျွန်တော်က ဂီတသမား၊ သူက ရုပ်ရှင်သမား … တစ်နေ့ ကျွန်တော် ကိုညီဂျော်နဲ့ ပတ်သက်ပြီးတော့ သူတို့ ရုပ်ရှင်/ဗီဒီယို ထုတ်လုပ်ရေးတိုက်မှာ ကျွန်တော် ဇာတ်ဝင်သီချင်း ရေးပေးနေတာ အဲဒီမှာ ကိုညီဂျော်က ကဒ်ကလေး ကျွန်တော်ကို ထုတ်ပေးလိုက်တယ်။ နာရေးကူညီမှုအသင်း(ရန်ကုန်) လိပ်စာကဒ်လေးပေါ့။ အဲဒီကဒ် လေးမှာ “ဗြဟ္မစိုရ်နှလုံးသားနှင့် ခရီးသွား၍ ပေးဆပ်နေသူများ” ဆိုတဲ့ စာတန်းလေးကို ကျွန်တော် တွေ့လိုက်တော့ အရမ်းရင်ခုန်သွားတယ်။ အဲဒါလေးကို ကျွန်တော် သီချင်းလေး လုပ်ချင်တယ်။ ဒီ နာရေးကူညီမှုအသင်း လုပ်ဆောင်ချက်ကို အတိအကျ မသိပေမယ့်။ လေးစားနေတယ်။ ကိုယ် မလုပ်နိုင်တော့ ဒီလို လုပ်ကိုင်ပေးနေတဲ့ လူတွေကို ကျွန်တော်က အရမ်းလေးစားတယ်။ အဲဒါနဲ့ ကျွန်တော် ကိုကျော်သူနဲ့ အဆက်အသွယ်လုပ်တော့ ၀မ်းသာအားရနဲ့ပဲ ကြိုဆိုတယ်။
ကျွန်တော် Mood ပေါ့နော်။ အရမ်းလုပ်ချင်တဲ့ စိတ်ပြင်းထန်နေတဲ့အတွက် (၂) ပါတ်အတွင်း သီချင်းရေးပြီး သွားခဲ့တယ်။ နိုင်ငံခြားသံစဉ်တွေနဲ့လည်း မလုပ်ချင်ဘူး။ ခမ်းခမ်းနားနားလည်း လုပ်ချင်တယ်။ အဲဒီမှာ ကိုယ်ပိုင် သံစဉ် စစ်စစ်လေးကို သေသေချာချာ ပုံစံမျိုးနဲ့ (၂) ပါတ်အတွင်း ပြီးအောင်လုပ်ခဲ့တယ်။ အသံသွင်း တာကတော့ (၁) လလောက် ကြာသွားခဲ့တယ်။ အဆိုတော်ကို စဉ်းစားတော့ ကျွန်တော်သီချင်းက Rock ဘက်ကို နွယ်တော့ Rock သီချင်းကို သီဆိုနိုင်တဲ့ အဆိုတော်ကို စဉ်းစားတယ်။ အကုန်လုံးနဲ့ တိုင်ပင်လိုက်တော့ မငယ် (မေခလာ)နဲ့ ကိုကျော်သူက ရင်းနှီးတယ်။ ဖုန်းဆက်လိုက်တော့ ချက်ချင်းပဲ အားရ၀မ်းသာ လုပ်မယ်ဆိုပြီးတော့ အဲဒါနဲ့ မငယ် (မေခလာ)နဲ့ ဖြစ်သွားတာပဲ။ အဲဒီမှာတင် “ဗြဟ္မစိုရ်နှလုံးသားနှင့် ခရီးသွားသူများ” ဆိုတဲ့ သီချင်းဖြစ်ပေါ် လာတော့ တာပါပဲ။
အဲဒီနောက်ပိုင်း နာဂစ်မုန်တိုင်း ၀င်တော့တာပဲ။ အဲဒီမှာတင် နာရေးကူညီမှုအသင်းမှာက နာဂစ်အတွက် ကယ်ဆယ်ရေးတွေ လှူဒါန်းမှုတွေနဲ့ အလုပ်တွေ နေ့ညမအား ရှုပ်နေတာကို ကျွန်တော် မြင်တွေ့ခဲ့တယ်။ ဒါနဲ့ နာဂစ်နဲ့ ပတ်သက်ပြီး သီချင်းလေးတစ်ပုဒ် ကျွန်တော် ထပ်မံ ဖန်တီးခဲ့တယ်။ နာဂစ်ပုံစံမျိုးနွယ်တဲ့ အသံပိုင်းဆိုင်ရာ Effect တွေ ကျွန်တော် အကုန်စဉ်းစားရပြီ။ အဲဒီမှာ ကျွန်တော် (၂) ပါတ်လောက် ကြာသွားတယ်။ ဒီသီချင်းကလည်း ကျွန်တော်ရဲ့ Owntune ဖြစ်တဲ့ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်မယ့် Melody ပေါ့နော်။ အဲဒါလေးကို ပရိတ်သက်ကအစ နာရေးကူညီမှု အသင်းဝင်အားလုံး ကြိုက်ကြတယ်။ သြဘာပေးကြတယ်ဆိုတော့ အတိုင်းအဆ မရှိပေါ့ဗျာ။ အမှန်က အဲဒီလောက်အထိ မရည်ရွယ်ပါဘူး။ ကျွန်တော် လုပ်ချင်တဲ့ ဆန္ဒနဲ့ပဲ လုပ်ခဲ့တာ။
ဒီ နာရေးကူညီမှုအသင်းနဲ့ ပတ်သက်ပြီးတော့ အသံနဲ့ ကူညီပေးရုံတင်မကပဲ ဈာပန ကိစ္စတွေ ကိုပါ ကျွန်တော် လိုက်ပြီး ကူညီပေးဖို့ စိတ်ဝင်စားခဲ့တယ်။ ဒါနဲ့ စနေနေ့တိုင်း အသင်းဝင်ရောက် ပြီးတော့ လုပ်အားပေးတယ်။ အဲဒီမှာ တစ်ရက်လောက် နာရေးကူညီမှုအသင်းကို မသွားဖြစ်ရင် ဘယ်လိုဖြစ်သလဲဆိုတော့ ရေမချိုးရသေးတဲ့ လူတစ်ယောက်လို ခံစားရတယ်။ နာရေးကူညီမှု အသင်းကို လာပြီးတော့ နာရေးလမ်းကြောင်းလေး လိုက်ပြီး ကူညီလိုက်မှပဲ စိတ်ထဲမှာ သန့်ရှင်းသွား တယ်။ အဲဒါ ကျွန်တော် စိတ်ပဲ။
ကျွန်တော်တို့ အနုပညာ အသိုင်းအ၀ိုင်းက လူတွေကို ကျွန်တော် ပြောတယ် …. လုပ်အားပေး လာကြဖို့ …. နောက် ဒီမှာ လုပ်ကြကိုင်ကြဖို့ …. သူငယ်ချင်း အပေါင်းအသင်းတွေကိုလည်း ဒီမှာ လှူကြဒါန်းကြဖို့ ကျွန်တော် အမြဲတိုက်တွန်းတယ်။
အခု ကျွန်တော် နောက်ထပ်ပြီး “သစ္စာတည်ရာ မြတ်ဗုဒ္ဓကမ္ဘာ” ဆိုတဲ့ ဓမ္မသီချင်း အခွေကိုလည်း ကျွန်တော်ကိုယ်တိုင်ရေး သီဆိုထားတာပါ။ ဓမ္မတေးဆိုတော့ ရည်ရွယ်ချက်ကလည်း ကျွန်တော်တို့ နိုင်ငံမှာ လူငယ်တွေက အဓိကပေါ့။ လူငယ်တွေမှာ အသိပညာ ဘာသာရေးနဲ့ ပတ်သက်လို့ အားနည်းတာကို ကျွန်တော် တွေ့တယ်။ ဒီ လူငယ်တွေ နားထောင်လို့ရတဲ့ Music နဲ့ လူငယ်တွေ ကြိုက်နိုင်တဲ့ Music တွေနဲ့ ကျွန်တော် ပညာပေးချင်တယ်။ ကျွန်တော်က Rocker ဆိုတော့ Rock music နဲ့ပဲ ပညာပေးချင်တာပေါ့။ အဲဒီမှာ ကျွန်တော် ဘုန်းဘုန်းတွေနဲ့ တိုင်ပင်ရပြီ။ တပည့်တော် မရိုင်းတဲ့ Music တွေနဲ့ အနောက်တိုင်းပုံစံနဲ့ပေါ့ …. ဒီလို လုပ်ချင်တယ်။ ဘုန်းဘုန်းတွေ ကို တိုင်ပင်တဲ့အခါ ဘုန်းဘုန်းတွေက ခွင့်ပြုတယ်ဆိုတော့ ကျွန်တော်လည်း ဓမ္မတေး စီးရီးလေး ဖန်တီးခဲ့တာပေါ့။ ဖြစ်သွားပြီဆိုတဲ့အခါကြမှ အဆိုတော်တွေ အကုန်လုံးက မေတ္တာနဲ့ အတီးသမား စတူဒီယိုတွေက အစပေါ့ ၀ိုင်းပြီး လုပ်လိုက်တော့ ပြီးသွားတယ်။ အဲဒါကိုလည်း ကျွန်တော် ဒီ နာရေးကူညီမှုအသင်းကိုလည်း လှူချင်တယ်။ ကျွန်တော် စီးပွားဖြစ် မလုပ်ချင်တော့ဘူး။ ဒီ ဥစ္စာက ထိုက်တန်တာ ဒီ နာရေးကူညီမှုအသင်းနဲ့ပဲ ထိုက်တန်တယ်လို့ ကျွန်တော်ထင်တယ်။ ဘာသာရေး တကယ်လုပ်နေတာကလည်း ဒီ နာရေးကူညီမှုအသင်း၊ လူမှုရေးတကယ်လုပ်နေတာကလည်း ဒီ နာရေးကူညီမှုအသင်း။ နာရေးကူညီမှုအသင်း လက်ထဲရောက်ရင် လူငယ်တွေကြားမှာ ပိုပြီး ပျံ့နှံ့လိမ့် မယ်လို့ ကျွန်တော် ယုံကြည်တယ်။
နောက်ပြီးတော့ Hip Hop အဆိုတော်တွေ အနဂ္ဂတို့ ဂျေမီတို့တွေ နာရေးကူညီမှုအသင်း အတွက် သီချင်းသီဆို ပေးထားတယ်လို့ သိရတဲ့အတွက်လည်း ကျွန်တော် ချီးကျူးတယ်။ ဘယ်လို သီချင်းပုံစံမျိုးစုံ၊ မိုနိုနဲ့ ဖြစ်ဖြစ်၊ စတီဒီယိုနဲ့ ဖြစ်ဖြစ်၊ Rock နဲ့ပဲ ဖြစ်ဖြစ်၊ Hip Hop နဲ့ပဲ ဖြစ်ဖြစ်ပေါ့နော် လူတွေ စိတ်ဝင်စားတဲ့ ဥစ္စာမျိုး လုပ်လို့ရှိရင် အောင်မြင်မှုကို ရနိုင်တယ်။
လူ့ဘ၀က တိုတိုလေးပါ။ မသေခင်မှာ သမိုင်းကောင်းလေးတွေ ထားခဲ့နိုင်ခဲ့ရင် ကောင်းတဲ့ ဟာလေးပေါ့။ ကောင်းတာလုပ်တာဆိုတော့ ကောင်းတာတွေက အများကြီးပဲလေ …. ကောင်းတဲ့ အထဲမှာ လူတွေမှာ တကယ်လိုအပ်ချက် အမှန်တကယ်ဖြစ်တဲ့ ဒီလိုကိစ္စမျိုးတွေကို များများလုပ်လေ လူတွေ အမောပြေလေပေါ့နော်။ ဒါ လူတွေ အမောပြေအောင် လုပ်တဲ့အလုပ်လေ။ ကျွန်တော်တို့ နာရေးကူညီမှုအလုပ်ဆိုတာ ဒုက္ခရောက်နေတဲ့ လူတွေ ပေါ့ပါးသက်သာသွားအောင် လုပ်တဲ့အလုပ် အဲဒီ အလုပ်မျိုးကိုပဲ အဓိက စောင်းပေးပြီးတော့ အားလုံးရင်ထဲမှာ ရှိထားမယ်ဆိုရင် အရမ်းကောင်း ပါတယ်။ ” ဟု တေးရေး/ဆို အလှူရှင် စိုးသိင်္ခမှ ရင်ထဲရှိသမျှ ဖွင့်ချသွားခဲ့ပါသည်။
တေးရေး/ဆို စိုးသိင်္ခမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းသော “သစ္စာတည်ရာ မြတ်ဗုဒ္ဓကမ္ဘာ” တေးစီးရီးတွင် -

ဗုဒ္ဓနှင့် တွေ့ဆုံခြင်း (၁)
ဗုဒ္ဓနှင့် တွေ့ဆုံခြင်း (၂)
သစ္စာတည်ရာ မြတ်ဗုဒ္ဓကမ္ဘာ
ခင်ပွန်းကြီး (၁၀)ပါး
နိဗ္ဗာန်ဆော်
သစ္စာရှင်သန် ၀ဋသုတ္တံ
မျှော်လင့်ခြင်း
ငြိမ်သက်ခြင်း
လွတ်မြောက်မဲ့ သံသရာ
ဂုဏ်တော်များရှင်၏ ထေရုပ္ပတ္တိ
မြင့်မြတ်တဲ့လမ်း အစရှိသော Rock ဓမ္မတေး သီချင်းများ ဖြစ်တော့သည်။



ထိုကဲ့သို့ ဂီတစွမ်းအားတို့ကို လူမှုရေးလုပ်ငန်းဖြစ်သော နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းသည့်နေ့တွင် စင်္ကြ၀ဌာ အာကာသ ကောင်းကင်ဘုံဝယ် ဒေ၀တာနတ်မင်းများ၏ စောင်းကြိုးခတ်သံ၊ လောကပါလ နတ်မင်းကြီး၏ ဆည်းလည်းခတ်သံတို့သည် သြကာသ လောကကြီး တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်ဟု ပြောရလျှင် လွန်အံ့မထင်တော့ပါ . . . . ။

ကျော်သူ

0 အစဉ်သဖြင့်...ငြိမ်းချမ်းရေးသို့ ....။


လူမှုရေးလုပ်ဆောင်ရာတွင် ဗြဟ္မစိုရ်နှလုံးသားကို လက်ကိုင်ပြု လုပ်ကိုင်ကြရသော်ငြား … အဓမ္မ၀ါဒီ၊ အတ္တသမားများကို အစဉ်တိုက်ထုတ်ပစ်ရမည် ဖြစ်ပါ၏။

လူသားတို့အတွက် လူမှုရေးသည် လူသားတို့ရဲ့ ငြိမ်းချမ်းရေးသို့ ရှေ့ရှုရမည်ဖြစ်သည်။

ငြိမ်းချမ်းရေးဟု ဆိုရာတွင် လူ့အသိုင်းအ၀ိုင်းရဲ့ ငြိမ်းချမ်းရေး

လူ့အဖွဲ့အစည်း၏ ငြိမ်းချမ်းရေး

လူ့ဘောင်လောကကြီး၏ ငြိမ်းချမ်းရေး

ကမ္ဘာလောကကြီး၏ ငြိမ်းချမ်းရေး တို့အပြင်

မိမိ ကိုယ်ကို ငြိမ်းချမ်းမှု ရရှိစေရမည်။

မိမိ ကိုယ်ကို ငြိမ်းချမ်းပါမှ အများအတွက် ငြိမ်းချမ်းရေးကို ပေးဆပ်နိုင်မည်ဖြစ်၏။

ငြိမ်းချမ်းရေး မရှိပါက လူ့အခွင့်အရေး ဆုံးရှုံးမည်ဖြစ်သည်။

လွတ်ငြိမ်းမှု ရှိပါမှ လူ့အခွင့်အရေး အပြည့်အ၀ ရရှိမည်။

လူ့အခွင့်အရေး ပြည့်ဝပါမှ သာယာစိုပြေသော ကမ္ဘာမြေကြီးပေါ် နေထိုင်ရကျိုး နပ်မည် ဖြစ်သည်။

ထို့ကြောင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ငြိမ်းချမ်းရေးကို ခုတုံးလုပ်၍ လူမှုရေးကို ထမ်းဆောင်သည်။

လူမှုရေးကို ခုတုံးလုပ်၍ ငြိမ်းချမ်းမှုကို ဖန်တီးဖော်ထုတ်မည် ဖြစ်၏။

ငြိမ်းချမ်းရေးကို တွေ့နေရပြီ။

ငြိမ်းချမ်းမှုအရသာကို သိရှိနေရပြီ။

ငြိမ်းချမ်းမှုကို ခံစားချင်ကြပြီ။

သို့သော် … ငြိမ်းချမ်းရေးကို မဖော်ထုတ်ကြ၊ မဖန်တီးကြ၊ မတူးဖော်ကြ . . . ။

ထို့ကြောင့် … လူသားတို့ မပျော်ရွှင်ကြ၊ မလွတ်လပ်ကြ၊ စာရိတ္တများ ပျက်ဆီးကြ၊ သီလများ မလုံခြုံကြ၊ အတ္တသမားများဖြစ်ကြ၊ အဓမ္မ၀ါဒီကို ကျင့်သုံးနေကြခြင်း ဖြစ်သည်။

ကမ္ဘာလောကကြီး ငြိမ်းချမ်းသာယာဖို့ … ကိုယ့်တိုင်းပြည်၊ ကိုယ့်နိုင်ငံ ငြိမ်းချမ်းရေးသည် အဓိက။

ကိုယ့်တိုင်းပြည်၊ ကိုယ့်နိုင်ငံ ငြိမ်းချမ်းရေးအတွက် … ကိုယ့်လူမျိုး၊ ကိုယ့်ပြည်သူ ငြိမ်းချမ်းရေးသည် အဓိက။

ကိုယ့်လူမျိုး၊ ကိုယ့်ပြည်သူ ငြိမ်းချမ်းရေးသည် … ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်ဌာန ငြိမ်းချမ်းရေးသည် အဓိက။

ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်ဌာန ငြိမ်းချမ်းရေးသည် … ကိုယ့်အိမ်၊ ကိုယ့်မိသားစု ငြိမ်းချမ်းရေးသည် အဓိက။

ကိုယ့်အိမ်၊ ကိုယ့်မိသားစု ငြိမ်းချမ်းရေးသည် … မိမိ ကိုယ်ကို ငြိမ်းချမ်းရေးသည် အဓိက။

ထို့ကြောင့် … မိမိ ကိုယ်ကို ငြိမ်းချမ်းမှုကို ရှာဖွေကြသော … ဘာသာတရား၊ အဆုံးအမ၊ သြ၀ါဒ၊ မြတ်ဗုဒ္ဓ၏ လမ်းညွှန်မှုတို့ကို ကျင့်သုံးရတော့မည်။

မိမိ ကိုယ်ကို တကိုယ်ရေသန့်ရှင်းမှု၊ မိမိ၏ အဖွဲ့အစည်းမှ အဖွဲ့ဝင် အားလုံး၏ သန့်ရှင်းမှု၊ စည်းကမ်းရှိမှု၊ လူ့ဝတ္တရား တာဝန်ကျေမှု၊ ဖေးမမှု၊ ပံ့ပိုးမှု၊ ပေးဆပ်မှု စသဖြင့် ဗြဟ္မစိုရ်တရား ပြည့်ဝမှု၊ လိုက်နာမှုတို့သည် အဓိကကြတော့သည်။

မိမိတို့၏ ၀န်ထမ်းများ၊ အမှုဆောင်များ၊ အသင်းသူ/သားများတို့သည် ဗြဟ္မစိုရ်တရား လက်ကိုင်ထားသည့်အလျောက် အသင်းအဖွဲ့ကြီး တစ်ခုအနေနှင့် ပြည်သူလူထုအား ပေးဆပ်နေကြရုံနှင့် မပြီး။ ညင်သာ ထွေးပွေ့ပေးရုံနှင့် မပြီး … မိမိတို့၏ ၀တ်စားဆင်ယင် သပ်ရပ်မှု သည်လည်း အဓိက ပါဝင်သည်။

ထို့ကြောင့် … လိုအပ်သော သင့်လျော်မည့် ၀တ်စားဆင်ယင်မှုတို့ကိုလည်း မိမိတို့ အစဉ်အမြဲ ဖန်တီးပေးနေကြသည်။

ထို့ပြင် … မိမိတို့ထံ ဆေးဝါးလာရောက်ကုသကြသော ဝေဒနာရှင် လူနာများ၊ ငွေလှူဒါန်းရန် လာရောက်ကြသော အလှူရှင်များ၊ လာရောက်လေ့လာကြသော ဧည့်သည်တော်များ၊ ပညာရေး၊ အနုပညာရေး လာရောက်သင်ကြားကြသော မျိုးဆက်သစ် ကလေးငယ်များ၊ မိဘများတို့သည် မိမိတို့ အသင်းအဖွဲ့ တည်ရှိရာ နေရာသို့ ၀င်ရောက်လာပြီဆိုပါက … နွေးထွေးသော ကြိုဆိုမှု၊ အသင်းလုပ်ဆောင်မှုတို့ကို စိတ်ရှည်လက်ရှည် ရှင်းလင်းပြသမှု၊ လူနာတို့ကို နွေးထွေးစွာ ဆေးဝါးကုသပေးမှု၊ ကလေးငယ်တို့အား ပညာဒါန ဖြန့်ဝေပေးမှု စသည်တို့ကို မပြုလုပ်မီ . . . . အသင်းအဖွဲ့ရုံးသို့ ၀င်ဝင်လာခြင်း စိတ်ကြည်နူးမှု၊ အေးချမ်းမှု၊ သာယာစိုပြေသော ငြိမ်းချမ်းသော စိတ်အင်အားများ ဖြစ်ပေါ်လာစေရန် … မိမိတို့၏ အဆောက်အအုံ ခြံဝင်းသည် စိမ်းလန်းစိုပြေသော ကမ္ဘာလေး တစ်ခုသို့ ရောက်ရှိသွားစေရန် … စိုက်ပျိုးရေးကဏ္ဍတစ်ခုဖြစ်သော အရိပ်ရအပင်၊ အလှပန်းပင်၊ သီးပင်စားပင်များ စိုက်ပျိုးမှုများကိုလည်း လုပ်ဆောင်နေရပါသည်။ မိမိတို့ ရရှိထားသော နိုင်ငံတော်မှ ပေးထားသော မြေနေရာသည် ကြွပ်ကြွပ်အိတ် (ပလပ်စတစ်) အမှိုက်ပုံဖြစ်နေ၍ အဆောက်အဦး ဆောက်လုပ်ခြင်း၊ စိုက်ပျိုးရေး ပြုလုပ်ခြင်းတို့သည် များစွာအခက်အခဲ ရှိသော်ငြားလည်း လူအင်အား၊ ငွေအင်အား၊ အချိန်ပေး၍ အမှိုက်ထဲမှ ရွှေဖြစ်အောင် လုပ်ဆောင်ရသည်မှာ မိမိတို့၏ တာဝန်ဖြစ်တော့သည်။

မြန်မာပြည် ငြိမ်းချမ်းရေး၊ ကမ္ဘာငြိမ်းချမ်းရေး၊ လူ့ဘုံဘ၀တစ်ခုလုံး ငြိမ်းချမ်းရေးအတွက် ရည်စူးကာ ၁၉.၆.၂၀၁၀ (စနေ) နေ့မြတ်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ် ဆေးခန်းမှ ဓါတ်မှန်ခန်း ဖွင့်ပွဲအခမ်းအနားတွင် ဂျိုးငှက်များ၊ ခိုများ၊ စာကလေးများကို ဘေးမဲ့လွှတ်ခြင်း၊ မိုးပျံပူဖောင်းများကို လွှတ်တင်ခြင်း အခမ်းအနားတွင် “အတ္တ၀ါဒီ ကျဆုံးပါစေ . . . အဓမ္မ၀ါဒီ ကျဆုံးပါစေ” ဟု မိမိမှ တိုင်တည်၍ ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပါသည်။

ထို့ကြောင့် … ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ်တို့ ခိုင်မာဖို့အရေးကြီးသည်။

အခြေခံအုတ်မြစ် ခိုင်မာစေရန် … မိမိတို့ အစဉ်သဖြင့် ကြိုးစားလျှက် ရှိပါကြောင်း . . . . . ။

ကျော်သူ

0 “ရှေ့ဆက်မတက်နိုင်ကြသေးရင်တောင်နောက်ဆုတ်မပေးရအောင် တောင့်ခံထားကြဘို့တော့လိုတယ် ”
မောင်ချင့်ချိန်

(၁)
ငါတို့ခေါင်းဆောင်၊ လူထုခေါင်းဆောင်ရဲ့ ၆၅နှစ်မြောက်မွေးနေ့လို့ တစ်ကမ္ဘာလုံးမှာ ကျင်းပခဲ့ ကြတယ် ၊ လက်ရှိ , ရှိနေတဲ့ ဗမာပြည်နိုင်ငံရေးအခြေအနေတွေအတွက် ဒီလိုအခန်းအနား တွေဟာ တစ်စုံတရာအထောက်အကူပြုလှုပ်ရှားမှုမျိုး ဖြစ်စေမှာပါ ၊ ဒါပေမဲ့ အခန်းအနား ပြီး သွားရင် ထုတ်ပြန်ချက်စာရွက်တွေ , သ၀ဏ်လွှာ ဆိုတာတွေ , ဓါတ်ပုံတွေ , ဟိုတစ သည် တစ ဟိုလူနင်းသည်လူနင်းပြန့်ကျဲလို့ ၊ ၂၀၀၉ က မဲဆောက်မှာ လုပ်တဲ့ ၆၄နှစ်မြောက် ပွဲမှာ တုန်းကဆို တခါသုံးဗူးနဲ့နန်ကြီးသုတ်ကြွေးပြီး ကြေငြာချက်တွေတစ်ရှုးဖြစ်ကုန်ရော၊ ပွဲအပြီး အမှိုက်ပုံးထဲမှာ ပွဲထဲမှာဝေတဲ့ဒေါ်စုပုံမျက်နှာဖုံးတွေ အထပ်လိုက်။

အဲဒီလို ရာသီစာအဖြစ် ၊ သတင်းထဲပါရုံ ၀တ်ကျေတန်းကျေအခန်းအနားတွေကတော့ ဟန် ဆောင်နေကြသလိုပါပဲ၊ တကယ်လေးစားတန်ဘိုးထားရင် ဒေါ်စုလွတ်မြောက်ရေးရဲ့ အဖြေမှန်ဖြစ်တဲ့ စစ်အာဏာရှင် ဖြုတ်ချရေးတိုက်ပွဲ ထိထိရောက်ရောက်ဆင်နွှဲကြရမှာ။

ခုပဲကြည့် အမေရိကန်နယူးယောက်မှာလုပ်တဲ့မွေးနေ့ပွဲမှာ စစ်အာဏာရှင်အုပ်စုဝင်တယောက် က ဒေါ်စုပုံကိုခြေနဲ့ကန်သွားပြီ ၊ အခန်းအနားကပန်းတွေကိုနင်းသွားပြီ ၊ အဲဒီအတွက် မွေးနေ့ပွဲ ကျင်းပသူတွေကိုအပြစ်မတင်လိုပေမဲ့ နှစ်ချက်တော့ပြောချင်ပါတယ် ။



နံပါတ်တစ်က ဒီဖြစ်စဉ်ပေါ်ကနေ ဘယ်မှာဖြစ်ဖြစ်စစ်အုပ်စုကိုလျှော့မတွက်မိဘို့ သင်ခန်းစာ ယူစေချင်ပါတယ် ၊ စစ်အုပ်စုဟာ ဒေါ်စုပုံမပြောနဲ့ ဘုရားပုံတောင်တက်နင်းဘို့ဝန်မလေးဘူး၊ သံဃာကိုတောင်ရိုက်ဘို့ဝန်မလေးဘူးဆိုတာ ၂၀၀၇ စက်တင်ဘာမှာ ကျွန်တော်တို့မြင်ခဲ့ သိခဲ့ကြပြီးပါပြီ ၊ မိမိတို့တော်လှန်ရေးအင် အားစုတွေကို လုပ်ကြံသတ်ဖြတ်တာ ၊ ရောက်ရာ နိုင်ငံရဲ့ဥပဒေတွေနဲ့ငြိစွန်းအောင် ထောင်ချောက်ဆင်တာ ၊ ဂုဏ်သိက္ခာယုတ်လျော့အောင် လုပ်တာ စသဖြင့်ဘာမဆိုလုပ်မဲ့သူတွေ ဖြစ်တယ်ဆိုတာ သတိရှိကြပါ။

နံပါတ်နှစ်အချက်ကတော့ ဒေါ်စုဟာကျွန်တော်တို့ခေါင်းဆောင်ဖြစ်တယ်၊ လူထု ခေါင်းဆောင် ဖြစ်တယ် ၊ ဒေါ်စုပုံကိုကန်ပြတာဟာ မင်းတို့တော်လှန်ရေးဆိုတာကိုဒါပဲကွလို့ စော်ကား စိန်ခေါ်လိုက်တာပဲဖြစ်တယ်၊ ပြည်တွင်းမှာလူကိုယ်တိုင်ကိုဖမ်းထားပြီး ထင်ရာစိုင်း နေရုံသာ မက ပြည်ပမှာပါထင်ရာစိုင်းတော့မယ်လို့ စစ်အုပ်စုက ရှေ့တိုးပြီးရင်းတိုးလာတာာ ဖြစ်တယ် ၊ ဒါမျိုးကို ပြီး,ပြိးရောသဘောထားရင် နောက်ဆုတ်သထက်ဆုတ်ပေးတာမျိုးဖြစ်ပြီး အတိုက်အခံ လောက နေစရာတောင်ရှိတော့မှာမဟုတ်ဘူး၊ ဒါ့ကြောင့် ဒီစော်ကားခံရမှုအတွက် ထိထိရောက် ရောက်တုန့်ပြန်ဘို့ တာဝန်ရှိသွားပြီဆိုတာ သတိပေးတောင်းဆိုချင်ပါတယ်။(၂)

စစ်အုပ်စုက တလှမ်းခြင်း ပါးပါလေးရှေ့တိုးခဲ့ပေမဲ့ ကျွန်တော်တို့ကနောက်ကို သိသိသာသာ ဆုတ်ပေးခဲ့ရတာချည်းပါပဲ ၊ ရှေ့နှစ်လမ်းတိုးရအောင် နောက်တစ်လှမ်းဆုတ်ပေးသလိုလိုနဲ့ မူလ ရပ်ခဲ့ရာကိုတောင် ပြန်မလှမ်းနိုင်တဲ့အခြေအနေချည်းကြုံခဲ့တာပါပဲ။



ရှစ်ဆယ့်ရှစ်နောက်ပိုင်းပေါ်လာတဲ့အဖွဲ့အစည်းတွေထဲက အများစုကယုံကြည်မျှော်လင့်ခဲ့တဲ့
အဖွဲ့အစည်းတွေဖြစ်တဲ့ ပြည်တွင်းမှာဆိုရင် NLD ၊ လက်နက်ကိုင်တပ်ဖွဲ့မှာဆို ABSDF ဆိုတဲ့ အဖွဲ့တွေကိုကြည့်ပါ ၊ နှစ်ဆယ့်နှစ်နှစ်ဆိုတဲ့သက်တမ်းမှာ ရှေ့ကိုဘယ်လောက်တိုးနိုင်ခဲ့ပြီး နောက်ကိုဘယ်လောက်ဆုတ်ပေးခဲ့ရပါသလဲ ။



လတ်တလောအရေးအပါဆုံးအဖွဲ့အစည်းဖြစ်တဲ့ NLD ကနေ စပြောကြည့်ပါရစေ ၊ ကျွန်တော် တို့ဒီမိုအရေစီအင်အားစုအားလုံးလိုလိုက NLD ကိုတပ်ဦးပါတီအဖြစ် သဘောထားဝန်းရံခဲ့ကြ တာ စစ်အုပ်စုကသိတယ်၊ဒါကြောင့် ၁၉၈၉မှာ ဒေါ်စုကိုဖမ်းကြည့်ပြီး NLD အခြေအနေကို ကြည့်ပါတယ် ၊(တိတိပပပြောရရင် ၁၉၈၉ မတ်လမှာ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ကိုအရင်ဖမ်းကြည့်ပြီး ပြောပလောက်တဲ့ အုံကြွမှုမရှိဘူးဆိုမှ ဂျူလိုင်လမှာ တလှမ်းထပ်တိုးပြီး ဒေါ်စုကိုဖမ်းတာပါ)၊ အမြန်ဆုံးပြန်လွှတ်ပေးရန်တောင်းဆိုလိုက်သည် ဆိုတာလောက်ပဲရှိပြီး ထိထိရောက်ရောက်တိုက်ပွဲဝင်တောင်းဆိုမှုမျိုးမလုပ်တဲ့အခါမှာ စစ်အုပ်စုဟာ သူတို့ရထားတဲ့ အခြေနေကနေနောက်ပြန်မဆုတ်တော့ပဲ ဒေါ်စုကိုအကျယ်ချုပ်ချထားလိုက်ပြီး သဘောထား တင်းမာတဲ့ခေါင်းဆောင်တွေကိုဖမ်းဆီးထောင်ချတာမျိုး တလှမ်းချင်းတိုးလာပါတော့တယ်။



အဲဒီအချိန်ကNLDမှာ ပါတီဝင်အင်အားသန်းနဲ့ချီရှိနေပြီး လူ့ဘောင်သစ်၊ ဗကသ စတဲ့ ကျောင်း သားအဖွဲ့အစည်းတွေကလဲ ၀န်းရံရှိနေခဲ့တာပါ ၊ ၁၉၈၈မှာ ဒေါ်စုက ဗိုလ်ချုပ်အောင်ဆန်းသမီး အဖြစ်ပေါ်ထွက်လာခဲ့ပြီး နောက်ပိုင်းမှ ထိပ်တိုက်ရင်ဆိုင်ရေးဆိုပြီး (ရဲရဲဝံ့ဝံ့) ကျောင်းသား တွေ
ပြည်သူတွေရှေ့ကနေဦးဆောင်ခဲ့လို့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဖြစ်လာခဲ့ တာပါ ၊ ဒေါ်စုထိမ်းသိမ်းခံနေရစဉ်တလျှောက်လုံးမှာတော့ NLD ဟာ ဒေါ်စုရဲ့ (မတရားတဲ့ အမိန့်
အာဏာဟူသမျှ တာဝန်အရဖီဆန်ကြဆိုတဲ့) ထိပ်တိုက်ရင်ဆိုင်ရေးမူကို သွေဖီခဲ့ပါတယ်၊ အာဏာပိုင်တွေနဲ့ ပြဿနာနဲပြီးရော နောက်ဆုတ်အလျှော့ပေးရေးမူကိုပဲ ကျင့်သုံးခဲ့ပါတယ်၊ (ရှေ့ဆက်ရမဲ့ခရီးအတွက် အပြုသဘောပြောနေတာဖြစ်တဲ့အတွက် တချို့လူနည်းစုလေး တိုက် ပွဲဝင်ခဲ့တာကို ထောက်ပြကာဗာလုပ်မငြင်းစေချင်ပါဘူး၊ဗမာတစ်နိုင်ငံလုံး အဖွဲ့အစည်းအားလုံး ပေါင်းမှ နိုင်ငံရေးအကျဉ်းသားနှစ်ထောင်ကျော်ကျော်ရှိတာ၊ အဲဒီထဲက NLD အင်အား ဟာ သန်းချီရှိခဲ့တဲ့ပါတီဝင်တွေနဲ့ဆိုရင် ဘာမှမဟုတ်ပါဘူး)။



၁၉၉၀ရွေးကောက်ပွဲမှာ ပြည်သူတွေက NLD ကို ထင်မှတ်ထားတာထက်ကို ထောက်ခံခဲ့ကြ တယ် ၊ဒါပေမဲ့ NLD က ပြည်သူ့အားနဲ့ အနိုင်ကိုကိုင်ပြီးရှေ့မတိုးခဲ့ဘူး ၊ စစ်အုပ်စုကသာ အကြောင်းအမျိုးမျိုးပြအာဏာမလွှဲတဲ့အပြင် ရှေ့တလှမ်းတိုးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲ ရေးခေါင်စဉ်နဲ့ ညောင်နှစ်ပင်အမျိုးသားညီလာခံဆိုတာကို လုပ်လာခဲ့တယ် ။ဒီကြားထဲမှာ စစ် အုပ်စုကတစ်လှမ်းခြင်းတိုးပြိး NLD ကတစ်လှမ်းခြင်းဆုတ်ပေးခဲ့တာ အများကြိး ၊ အားလုံးသိပြီး သားတွေမို့ အသေးစိတ်မပြောနေလိုတော့။ အချို့ဆို နောက်ဆုတ်ရင်းဆုတ်ရင်း ပြည်သူ လူထု နှင့်ဝေးရာနိုင်ငံများဆိသို့ အဝေးရောက်အစိုးရအဖြစ်ရောက်ရှိပြီး အချောင်သမားများပင် ဖြစ်နေ ကြလေပြီ။



၂၀၀၈နောက်ပိုင်းမှာတော့ စစ်အုပ်စုဟာ ရှေ့ကိုခပ်ကြမ်းကြမ်းတိုးလာပါတော့တယ်၊ ဒါဟာလဲ ၂၀၀၇ စက်တင်ဘာမှာ ဘုန်းကြီးကျောင်းတွေကိုချိတ်ပိတ် ၊သံဃာတွေကိုရိုက်နှက်သတ်ဖြတ် ထောင်ချလုပ်တာတောင်မှ ဘယ်ပါတီကမှဦးဆောင်အုံကြွမလာတဲ့အပေါ် ၊ သံဃာတော်တွေ အပါအ၀င်နယ်စပ်ထွက်ပြေးသူတွေကလည်း ထိထိရောက်ရောက်ပြန်တိုက်ပွဲဝင်ရေးမလုပ်ပဲ ဒုက္ခသည်အဖြစ် နိုင်ငံတကာထွက်သွားတာမျိုးပဲလုပ်တဲ့အပေါ် အပိုင်တွက်ပြီးတိုးလာတာ မျိုးပါ ၊ဖွဲ့စည်းပုံဥပဒေဆန္ဒခံယူပွဲဆိုပြီးတိုးကြည့်ပြီးနောက်မှာ ဒေါ်စုကို အိမ်ချုပ်ကနေဆိုင်းငံ့ ထောင် ဒါဏ်ဆိုတာမျိုး တိုးကြည့်တယ် ၊ ဘာမှဖြစ်မလာတဲ့နောက်မှာ ၂၀၁၀ရွေးကောက်ပွဲ ကော်မရှင် ဥပဒေဆိုတာနဲ့ နိုင်ငံရေးပါတိများမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေတွေကို မတရား သဖြင့်ကြေငြာ ပြီး လုံးလုံးလျားလျားဖိတိုးလိုက်တော့တာပါပဲ ။၁၉၉၀ရွေးကောက်ပွဲကို သူတို့ ဘက်က လုံးလုံး ဖျောက်ဖျက်လိုက်ပြီလို့ တရားဝင်ကြေငြာလိုက်တာပါပဲ ။

၂၀၁၀ မတ်လ ၂၉ ရက်နေ့ ၊ နိုင်ငံရေးပါတီအဖြစ် ထပ်ပြီးမှတ်ပုံတင်စရာ မလိုတော့ဘူးလို့ ဆုံးဖြတ်ချက်ချတဲ့နေ့ဟာ NLD တိုက်ပွဲဝင်ပြီ၊နောက်မဆုတ်တမ်းရပ်ခံပြီလို့ ယူဆစရာ နေ့တစ် နေ့ ဖြစ်ခဲ့ပါတယ် ၊အဖွဲ့စည်းအားလုံးကလဲ ထောက်ခံအားပေးခဲ့ပါတယ်၊ခုတော့ NLD ရဲ့ အဲဒီ ဆုံးဖြတ်ချက်ဟာ အာဏာပိုင်တွေနဲ့ထိပ်တိုက်မတွေ့ရေး၊ ပြဿနာကင်းကင်းနေထိုင် ရပ်တည် နိုင်ရေး အတွက်လားလို့တောင် စဉ်းစားစရာဖြစ်လာပါတယ်။

စစ်အုပ်စုကတောင်ဘာမှထပ်မလုပ်ရသေးဘူး ၊ သစ္စာဖေါက်တွေက ပါတီကိုစွန့်ခွာကြတယ်၊ တိုက်ပွဲမ၀င်ရဲသူတွေက ပါတီဆိုင်းဘုတ်တွေ ဖြုတ်ထားလိုက်ကြတယ်၊လက်ကျန်လူတွေက ပါတီဆိုင်းဘုတ်သာမဖြုတ်တာ၊ ထိပ်တိုက်မတွေ့ရေးရှောင်ရှားနေကြပြီ ၊ပါတီဌာနချုပ်(သို့မဟုတ်) တိုင်းရုံးလိုနေရာတွေမှာလုပ်ရမဲ့ NLD ရဲ့အထွေထွေအတွင်းရေးမှုး ၊လူထုခေါင်း ဆောင်ရဲ့မွေးနေ့ကို ရန်ကုန်မြို့စွန်(၁၀မိုင်ကုန်း)က ဒေါ်မေနှင်းကြည်အိမ်မှာပဲလုပ်တာ ၊ NLD ပါတီကြီးရှေ့ဆက်ရမဲ့ခရီးအတွက်ဆွေးနွေးပွဲကို ပါတီရုံးမှာမလုပ်ပဲ ဘဘဦးတင်ဥိးအိမ်မှာပဲ လုပ်တာတွေဟာ တိုက်ပွဲကိုရှောင်တယ်လို့ခံစားမိပါတယ် ။ ဒီလိုကိုပဲ နိုင်ငံရေးနည်းပရိယာယ် ဆိုရင်လဲ နှစ်နှစ်ဆယ်ကျော်လုံးရှေ့မတိုးနိုင်တဲ့ အခံဘက်နည်းဆိုတာသိနားလည်ပြီး ပြောင်းလဲ သင့်နေပါပြီ ။

ဒေါ်စုအပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးခြွင်းချက်မရှိပြန်လွှတ်ပေးရေး ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ဒီမိုကရေစီစံနှုန်းများနှင့်မကိုက်ညီသည့်အချက်များကိုပြင်ဆင်ပေးရေးနှင့် အား လုံးပါဝင်နိုင်မည့် လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲအဖြစ် နိုင်ငံတကာ၏စောင့်ကြပ် လေ့လာမှုကိုခွင့်ပြုရေး စသည့်အချက်များပါဝင်သောရွှေဂုံတိုင်ကြေညာချက်ကို လူမှုရေးလုပ် ငန်းများသာလုပ်နေရုံ၊ပါတီမပျက်ပါဟု ပြောရရုံတွေ့ဆုံပွဲများ၊အခန်းအနားများကျင်းပနေရုံမျှနှင့် ဆက်လက်ဆုတ်ကိုင်ထားနိုင်ပါမည်လား ။ စစ်အုပ်စုကတော့ သူတို့သဘောသူတို့ဆောင်၍ မည်သည်ကိုမှမလိုက်လျောပဲ ဆက်တိုးနေလေပြီ၊် ရွှေဂုံတိုင်ကြေငြာစာတမ်း၏ဂုဏ်သိက္ခာ အတွက် NLD မည်သို့ထိမ်းသိမ်းပါမည်နည်း ။

ပင်မနိုင်ငံရေးအခြေခံမကောင်း၍ လိုအပ်ချက်များရှိလာရသော လူမှုရေးလုပ်ငန်းများအတွက် ကိုကျော်သူ၊ဦးအေးမြင့်၊မဖြူဖြူသင်းတို့ကဲ့သို့ စေတနာ့ဝန်ထမ်းများကလုပ်ကြမှာဖြစ်ပြီး NLD ကဲ့သို့လူထုကိုယ်စားပြုနိုင်ငံရေးပါတီကြီးက အကြောင်းရင်းမှန်ဖြစ်တဲ့ နိုင်ငံရေးပြုပြင်ပြောင်း လဲရန်သာ တိုက်ပွဲဝင်ရမှာဖြစ်ပါတယ် ။ ဘဘဦးတင်ဦးလို ပုဂ္ဂိုလ်ကြီးက စည်းရုံးရေးခေါင်းစဉ် ဖြင့် HIV သမားများနှင့်အတူထမင်းစားပြရန်၊ ဘဘဦးဝင်းတင်လိုပုဂ္ဂိုလ်ကြီးက သစ်ပင်လျှောက်စိုက်ပြရန် မလိုတော့ပါ ။



NLD ပါတီဖြတ်သန်းခဲ့သောသမိုင်းကိုကြည့်ရင် ပါတီဝင်အများစုဟာ မူဝါဒဦးဆောင်မှု နောက် ကိုမလိုက် ၊ လူပုဂ္ဂိုလ်ဦးဆောင်မှုနောက်သို့သာ လိုက်ခဲ့ကြတယ် ၊ထို့အတွက် ဆုံးဖြတ် ချက် အမှားများဖြစ်ခဲ့ဘူးတယ် ၊ ထို့အတွက် ပါတီဝင်အင်အားများစွာလျော့ကျသွားခဲ့ရတယ်၊ ထို့ အတွက် ပါတီကိုကျောခိုင်းပြေးသော သစ္စာဖေါက်များကြုံတွေ့ခဲ့ရတယ်၊ထို့အတွက် စစ်အုပ်စု ကိုထိထိရောက်ရောက်တိုက်ပွဲမ၀င်နိုင် အခံဘက်မှနေဆုတ်ပေးခဲ့ရတ်ာချည်းဖြစ်တယ်။ဘဘ ဦးတင်ဦး , ဦးဝင်းတင်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ဟာ် ဦးစီးဦးဆောင်ကောင်းများဖြစ်ကြ ပါတယ် ၊ သို့သော် ဒေါ်စုပင်လျှင်အသက်ခြောက်ဆယ့်ငါးနှစ်ပြည့်ပြီဖြစ်ပြီး ဘဘများကား ရှစ် ဆယ်ကျော်များဖြစ်နေကြပေပြီ ၊ နောင်မည်မျှကြာအောင် ကျန်းမာရေးကောင်းကောင်းဖြင့် စစ်အုပ်စုကိုအံတုနေနိုင်ပါမည်နည်း၊ NLD အနေဖြင့်အချိန်ရှိခိုက်ကလေးတွင် ပြတ်ပြတ်သား သား တိုက်ပွဲတရပ် လူထုကိုဦးဆောင်ဆင်နွှဲသင့်ပေပြီ ။

စစ်အုပ်စုကတော့ နောက်ထပ်ခြေလှမ်းများစွာ ထပ်တိုးတော့မည်ဖြစ်ပါတယ် ၊ ရွေးကောက်ပွဲ ပြုလုပ်ပြီး ကြံ့ဖွတ်ပါတီအား အရပ်သားအစိုးရအဖြစ်သရုပ်ပြပါတော့မယ်၊NLD ပါတီအပြင် အခြားဆန့်ကျင်နိုင်သည့်ပါတီများကိုပါ ဖျက်သိမ်းပေလိမ့်မယ်၊(ယခုကား အချိန်တခု အခြေနေ တခု စောင့်နေခြင်းသာဖြစ်နိုင်ပြီး သေချာပေါက်လုပ်ပါလိမ့်မယ်)၊ ဒီပဲယင်းကဲ့သို့ ယုတ်မာကောက်ကျစ်တဲ့နည်းနဲ့ လူသတ်ပွဲများထပ်မလုပ်ပါလို့လည်း ဘယ်သူအာမခံနိုင်ပါ့မလဲ ။



“ နောက်မဆုတ်လိုလျှင်ရန်သူကိုရှေ့မတိုးနိုင်အောင်ကာ”ဆိုတဲ့သဘောတရားအတိုင်းစစ်အုပ်စုထင်ရာစိုင်းနေသည်ကိုတားဆီးရန်အတွက်NLDပါတီဟာလူထုနှင့်ဒီမိုကရေစီအင်အားစုတို့၏တပ်ဦးပါတီအနေဖြင့်သော်လည်ကောင်း ၊ ကျဉ်းထဲကြပ်ထဲရောက်နေသည့် ပါတီ တစ်ရပ်အနေဖြင့်သော်လည်ကောင်း တိုက်ပွဲတစ်ရပ် မလွှဲမသွေဆင်နွှဲရမှာပါ ။

(၃)

လက်နက်ကိုင်အဖွဲ့အစည်းတွေထဲမှာလဲ ကျောင်းသားတပ်မတော် (ABSDF)ရဲ့အခြေအနေက ရှေ့တိုးဘို့မပြောနဲ့ လက်နက်ကိုင်အဖွဲ့ပါလို့ပြောဖြစ်ရုံ ဆိုးဆိုးရွားရွားအခြေနေမှာရှိနေပါတယ်။


ရှစ်လေးလုံးအရေးတော်ပုံကြီးကနေပေါက်ဖွားပြီး တိုင်းရင်းသားအဖွဲ့အစည်းတွေဝန်းရံပေးခဲ့တဲ့ ကျောင်းသားတပ်မတော် (ABSDF) ဟာ စစ်အုပ်စုက ရန်သူလို့တန်းတူထား သတိနဲ့တိုက်ရ လောက်အောင် ရပ်တည်နိုင်ခဲ့ဘူးပါတယ် ။ ပြောပလောက်တဲ့ တိုက်ပွဲတွေ အောင်ပွဲတွေလဲ ရှိခဲ့ဘူးပါတယ် ၊ နိုင်ငံတကာမှာရောက်နေတဲ့ရဲဘော်ဟောင်းတွေက ကျွန်တော်/ကျွန်မဟာ ABSDF ကပေါ့လို့ ဂုဏ်ယူဝင့်ကြွားစွာပြောရလောက်အောင်လည်း သိက္ခာကြီးမားခဲ့တာပါ။


နယ်မြေရပ်တည်မှုအရ တိုင်းရင်းသားတွေကိုမှီခိုခဲ့ရတဲ့ ကျောင်းသားတပ်မတော်(ABSDF)ဟာ တိုင်းရင်းသားအဖွဲ့စည်းတချို့ စစ်အုပ်စုနဲ့ အပစ်ရပ်ငြိမ်းချမ်းရေးယူပြီးနောက်မှာ အခက်အခဲတွေ စတင်ကြုံတွေ့လာခဲ့ပါတယ် ၊ ABSDF ကိုအဓိကကူညီခဲ့တဲ့ KNU တပ်စခန်းအချို့နဲ့ မာနယ်ပလောကို စစ်အုပ်စုသိမ်းပိုက်ပြီးချိန်ကနေ တဖြည်းဖြည်းဆုတ်ယုတ်ခဲ့ပါတယ်။


စစ်အုပ်စုက ရှေ့ကိုတစ်လှမ်းချင်းတိုးပြီး နယ်မြေတစ်ခုခြင်းသိမ်းလာလို့ တဖြည်းဖြည်းဆုတ် ပေးခဲ့ကြရာမှာ အဆိုးဆုံးက စိတ်ဓါတ်ရေးရာအရပါနောက်ဆုတ်လိုက်ကြခြင်းပါ ၊ လက်နက် ကိုင်ပြီးတော်လှန်မယ်လို့ ခံယူချက်ပြင်းပြင်း စိတ်ဓါတ်ပြင်းပြင်းတောခိုခဲ့ကြတဲ့ ရဲဘော်တွေက၊ ခေါင်းဆောင်တွေအကွဲအပြဲ၊ အနေအစားဆင်းရဲ၊ရန်သူထိုးစစ်ဒါဏ်လဲခံရဆိုတာမှာ လက်နက် ကိုင်ဘ၀ဆိုတာကို တဖြည်းဖြည်းစွန့်ခွာသွားကြပါတယ် ။


လက်နက်ကိုင်တော်လှန်ရေးမှာကြုံတွေ့ရတဲ့ ပင်ပန်းဆင်းရဲမှုအခက်အခဲမျိုးစုံနဲ့ ပေးဆပ်ရတာ တွေကိုဆက်ရင်မဆိုင်ချင်တော့လို့ ၊ ABSDF ရဲဘော်ဟောင်းအဖြစ် ပြတ်ပြတ်သားသား နှုတ် ထွက်ပြီး ဘယ်မှာသွားနေနေ ပြဿနာမရှိပါဘူး ၊ ကိုယ့်ကိုယ်ကိုယ် ABSDF ရဲ့ ရဲဘော်ပါ၊ ဗဟိုကော်မတီဝင်ပါဆိုပြီး မြို့တွေပေါ်မှာပဲ လက်နက်ကိုင်တပ်ဖွဲ့ဝင်ပုံစံနဲ့မတူတော့ပဲ ကွဲလွဲနေ နေကြတာတွေဟာ ABSDF ကို ပျက်ဆီးဘို့ဖြစ်လာစေပါတော့တယ်။

အထောက်အပံ့ရရေးအတွက် လက်နက်ကိုင်တော်လှန်ရေးကနေသွေဖီသွားတဲ့ တပ်ပေါင်းစုမှာ ၀င်ပါပြီးနောက်မှာ ရပ်တည်ချက်တွေပါ တဖြည်းဖြည်းပြောင်းလဲလာပါတယ် ၊ ကိုယ့်တော်လှန် ရေးကိုယ်ယုံကြည်ရင် ဘယ်သူကအကြမ်းဖက်သမားပြောပြော လုပ်ရပ်ပြောပြော ၊ ရင်ဆိုင်ရဲ လုပ်ရဲဖြစ်ရမှာ၊ ခုတော့ မြို့ပေါ်မှာဘာဖြစ်ဖြစ် “ကျွန်တော်တို့မဟုတ်ပါဘူး၊ကျွန်တော်တို့အဖွဲ့မှာ အဲဒီလူတွေမရှိပါဘူး၊အဲဒီလိုအကြမ်းဖက်လုပ်ရပ်တွေ ကျွန်တော်တို့အဖွဲ့ကဘယ်တော့မှလုပ်မှာ မဟုတ်ပါဘူး” ဆိုတာမျိုး ဥက္ကဌ/အတွင်းရေးမှုးဆိုသူတွေကိုယ်တိုင်က ငြင်းတော့တာပါပဲ ၊ လက်နက်ကိုင်လမ်းစဉ်ဆိုတာ ဘာပါလဲ ၊ မြို့တွေပေါ်မှာ မိသားစုတွေနဲ့အေးဆေးနေပြီး၊ အရက် ကလေးသောက်ချင်တဲ့အခါသောက် ၊ဟိုဒီစားသောက်ဆိုင်တွေသွားလုပ်နေတာတွေက လက်နက်ကိုင်လမ်းစဉ်လား ။

နှစ်ဆယ့်နှစ်နှစ်ဆိုတဲ့ကာလမှာ ABSDF ဟာတဖြည်းဖြည်းဆုတ်ယုတ်လာနေပါတယ်၊ မြန်မာ ပြည်အောက်ပိုင်း ၊ တနင်္သာရီတိုင်း ၊ ရေးဘိတ်ထားဝယ်ကနေ အထက်ပိုင်းကချင်ပြည်နယ် အထိ အင်အားသောင်းနဲ့ချီရှိခဲ့ရာကနေ ခုတပ်ရင်းဘယ်နှရင်းပဲရှိပါတော့လဲ ၊ တပ်ရင်းတစ်ရင်း စီမှာရော စစ်တိုက်နိုင်တဲ့အင်အား(ဖွဲ့စည်းပုံ)ဘယ်နှစ်ယောက်ပဲရှိပါတော့လဲ ၊ စစ်တိုက်ဘို့ လက်နက်အင်အားကရော ဘယ်လောက်ပဲရှိပါတော့လဲ ၊ တစ်လတစ်လ တောတွင်းလက်နက် ကိုင်စခန်းကို စစ်လက်နက်ရိက္ခာဖြည့်စည်းမှု ဘယ်လောက်ပဲလုပ်နိုင်ပါတော့လဲ ။

ကျောင်းသားတပ်မတော်ရဲ့ဂုဏ်သိက္ခာ ၊ ABSDF တပ်ဖွဲ့ဝင်တွေရဲ့ဂုဏ်သိက္ခာ ပြန်လည်မြှင့် တင်သင့်ပါပြီ ၊ ဗမာပြည်နိုင်ငံရေးခရီးကား လက်နက်ကိုင်လမ်းစဉ်မပါပဲ စစ်အုပ်စုနှင့်တန်းတူ အခြေအနေ လုံးဝ မဖြစ်နိုင်ပါ ၊ သို့ဖြစ်ပါ၍ မဲဆောက် , မဲစရီးယန်းနှင့်ဒုက္ခသည်စခန်းတွေမှာ ရောက်နေတဲ့ တပ်ဖွဲ့ဝင်တွေပြန်စုစည်းပြီး လက်နက်ကိုင်အင်အားအဖြစ်ပြန်ရှိစေခြင်း၊ မဲဆောက် ,မဲစရီးယန်း,ချင်းမိုင်,ဘန်ကောက် စတဲ့မြို့တွေပေါ်က ဗဟိုကော်မတီဝင်တွေကို ရံပုံ ငွေရှာဖွေရေးနဲ့ ထောက်ပို့တာဝန်အတွက် သီးသန့်ထားမဲ့သူကလွဲရင် တပ်ကိုအနီးကပ်ဦးစီးနိုင် တဲ့စခန်းတွေမှာနေထိုင်ဘို့ တာဝန်အဖြစ် ပြတ်ပြတ်သားသားညှိနှိုင်းရပါမယ်။ တိုင်းရင်းသား အင်အားစုများနှင့် ညှိနှိုင်း၍ ထိုးစစ်များဆင်နိုင်ရန် ကြိုးစားကြသင့်ပါတယ်။

မျှစ်ချိုးစား ၊၀ါးရင်းတုတ်ဖြင့်စစ်သင်တမ်းတက် ၊ရန်သူ့လက်နက်ကိုယ့်လက်နက် ၊ရန်သူ့ရိက္ခာ ကိုယ့်ရိက္ခာ ကြွေးကြော်တိုက်ပွဲဝင်ခဲ့ပြီး ၂၂နှစ်ဖြတ်သန်းနိုင်ခဲ့ပြီးကာမှ ဖွဲ့တည်ခဲ့တဲ့ကာလ ကထက် ဆိုးသောအခြေအနေမျိုးမရောက်စေလိုတော့ပါ ၊ တော်လှန်ရေးတစ်ရပ်လုံးရဲ့ အခြေ အနေအရ ရန်သူစစ်အုပ်စုအား ထိုးစစ်များမဆင်နိုင်သေးလျှင်တောင် မိမိတပ်များအခြေအနေ ယိုယွင်းလျော့ပါးမသွားစေရန် အထူးသတိထားတည်ဆောက်ကြရမဲ့အချိန် ရောက်နေပါပြီ ။

တော်လှန်ရေးသစ္စာ ခိုင်မာမှုဖြင့်



မောင်ချင့်ချိန်

0 မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ရဲ့ အဖိုးတန်သော စာတမ်း တစ်စောင်
ဘာသာပြန်ဆိုသူ-အလင်းဆက်



http://www.mediafire.com/?yioozhmtzzt

0 ကဗျာသမိုင်း မှတ်တိုင်စိုက်ပျိုးမှု


၂၂.၆.၂၀၁၀ (အင်္ဂါ)နေ့တွင် ကဗျာဆရာ သစ္စာနီ၊ စာရေးဆရာ မောင်စိမ်းနီတို့ ဦးဆောင်သော ကဗျာဆရာများအဖွဲ့သည် ဓမ္မစေတီကျောင်းဝင်း အတွင်းတွင် ကွယ်လွန်သွားကြပြီဖြစ်သော တိုင်းကျိုး ပြည်ကျိုးပြု ကဗျာဆရာကြီးများ၏ ပုဂ္ဂိုလ်တစ်ဦးချင်းစီအား ရည်စူး၍ မှတ်မှတ်ရရ အရိပ်ရ သစ်ပင်ကြီးများ စိုက်ပျိုးခြင်း ပြုလုပ်ရန်နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်သို့၎င်း ၀င်ရောက်၍ “သုခအလင်း စာကြည့်တိုက်”အား လေ့လာကြည့်ရှုကြပြီး အဖိုးတန် စာအုပ်စာပေများအား လာရောက်လှူဒါန်းခြင်းနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ခြံဝင်းအတွင်းတွင်လည်း သမိုင်းဝင် မှတ်တိုင်အဖြစ် အရိပ်ရ သစ်ပင်ကြီးများအား လာရောက်ပြီး စိုက်ပျိုးမည်ဟု ကဗျာဆရာများအဖွဲ့မှ ဥက္ကဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ရွှေဇီးကွက်)တို့ကို ပြောကြားသွားခဲ့ပါသည်။

0 နေ့ထူးနေ့မြတ်


လက်ချိုးလို့တွက်ရေစစ်ရင်

ခရစ်သက္ကရာဇ်က 1945 ခုနှစ်

မွေးတဲ့လက ဂျွန်လတစ်ဆယ့်ကိုး

တကမ္ဘာလုံးက မော်ကွန်းထိုးလို့ မှတ်တမ်းတင်

ငြိမ်းချမ်းရေး နိုဘယ်(လ်) ဆုရှင်

အောင်ဆန်းဆုကြည်သခင်ရဲ့

အသက် (၆၅)နှစ်ပြည့် အားလုံးမမေ့နိုင်တဲ့

မွေးနေ့မြတ်ပေါ့သူငယ်ချင်း

ဒေါ်စုပေးတဲ့ ငြိမ်းချမ်းရေးအလင်း

ဒို့ပြည်မှာ လင်းခဲ့လို့ အားလုံးအလင်းရ

တစ်ကမ္ဘာလုံးက အသိအမှတ်ပြုကုန်ကြပြီသူငယ်ချင်း

ဒို့ရဲ့မြန်မာပြည်မှာ လေးဆယ့်ရှစ်နှစ်ကြာ

စစ်အာဏာအမှောင်ကျ အားလုံးကန်းကုန်ကြလို့

လမ်းတွေလည်းပျောက် ဘယ်လျှောက်ရမှန်းမသိ

ထွက်ရာလမ်းမသိ ဖြေမရှိချိန်

ဒေါ်စုက ဦးဆောင်လို့ မီးထွန်းပြ

ငြိမ်းချမ်းရေး အလင်းရောင်ရကြလို့

ဒို့တတွေ ညီညွတ်ကြကာ လက်တွဲလျှောက်

ဟောတစ်ယောက် ဟောတစ်ယောက်နဲ့

အာဏာရှင်တွေလည်း တဖြည်းဖြည်းပျောက်သွား

ဒီလိုသာရှေ့ ဆက်သွားကြရင်

ဒို့ရဲ့မြန်မာပြည်မှာ

အာဏာရှင်မှိုင်းတွေ ကွာကျ

တစ်နေ့ဒီမိုကရေစီ အမှန်ရမှာမို့

ဒေါ်စုရဲ့ အသက် (၆၅) နှစ်ပြည့်

မွေးနေ့မြတ်မှသည်

အသက်ရာကျော် ရှည်ပါစေကြောင်း

ဒို့တတွေ အားလုံးက စုပေါင်းလို့ လက်အုပ်ချီ

ဘုရား၊ တရား၊ သံဃာ တွေနား

ချဉ်းကပ်သွားလို့ ကုသိုလ်ပြု

ဒို့ပြုသမျှကောင်းမှု မွေးနေ့ရှင်ဒေါ်စု

သာဓုခေါ်လို့ အန္တရာယ်တွေကင်း

ဘေးကင်းလို့ ကျန်းမာ စိတ်ချမ်းသာစွာဖြင့်

ငြိမ်းချမ်းရေးအလင်းတန်း

မြန်မာမက ကမ္ဘာကျအောင်

ထွန်းတောက်နိုင်ပါစေ တောင်းဆုချွေသည်

ဆုတောင်းတိုင်းသာ ပြည့်ပါစေ။

နို့ဘိုး ဒုက္ခသည်စခန်းတွင်ကျင်းပသောဒေါ်အောင်ဆန်းစုကြည်အသက် (၆၅) ပြည့်မွေးနေ့တွင်ရွတ်ဖတ်ခဲ့သောကဗျာဖြစ် ပါသည်။

မင်းသုည (ဗုဒ္ဓတက္ကသိုလ်)

0 လက်နဲ့မကွာသော အလှူရေစက်များ


စေတနာရှင် ကုသိုလ်ရှင် အများပြည်သူ (ပြည်တွင်း ပြည်ပ)မှ လှူဒါန်းထားသော အလှူငွေများဖြင့် ရေဒုက္ခသည်များရှိရာ မြို့နယ်၊ ကျေးရွာ၊ ဒေသများသို့ ရေတိုစီမံကိန်းအဖြစ် ရေးဆွဲချမှတ်ကာ အရေးပေါ် လိုအပ်လျှက်ရှိသော သောက်သုံးရေများအား ပေးဝေ လှူဒါန်းမှုများ ပြုလုပ်ဆောင်ရွက်ခဲ့သလို ရေရှည်စီမံကိန်းအဖြစ်လည်း “အများပြည်သူအတွက် အများပြည်သူ ကောင်းမှု နာရေးကူညီမှုအသင်း(ရန်ကုန်)”ဟု ကဗျည်းရေးထိုးကာ ရေတွင်း (အ၀ီစိတွင်း) တူးဖော်ခြင်း၊ အုတ်ရေကန် တည်ဆောက်ခြင်း၊ ရေစုပ်စက် မော်တာများ တပ်ဆင်ခြင်းတို့ကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လက်ဆင့်ကမ်း ကုသိုလ်ယူကာ နယ်ခံ၊ ဒေသခံ လူမှုရေးသမား များနှင့် ပူးပေါင်း လုပ်ဆောင်ပေးခဲ့ရာ ယခုဆိုလျှင် အကောင်အထည်ဖော် လှူဒါန်းမှုများ အောင်မြင်စွာ ပြီးစီးသွားပြီ ဖြစ်ပါကြောင်းနှင့် ပြည်မြို့နယ် အတွင်းတွင် ကျန်ရှိနေသော တူးဖော်ဆဲ အ၀ီစိတွင်းများ၊ အုတ်ရေကန်များ လုံးဝ ပြီးစီးသွားပါက အများပြည်သူအလှူငွေဖြင့် အများပြည်သူအတွက် ပေးဆပ်ခဲ့သော ကုသိုလ်ရေးကို ရေစက်သွန်းချ အမျှပေးဝေ သွားမည်ဖြစ်ပါကြောင်း . . . .

Wednesday, June 23, 2010

0 သတိ..... သက်သာ...အေးစေ....(မမေ့သေးပေ)နအဖ ယိမ်းအဖွဲ့

လာအို ဝန်ကြီးချုပ်ကို အသင့်အနေအထားဖြင့် ကြိုဆိုနေကြသည့် ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် ဝန်ကြီးအဖွဲ့
(ဓာတ်ပုံ - ဧရာဝတီ)

ဦးနေဝင်းလက်ထက်ကတောင်ပုဆိုးကိုရိုးရိုးဒီဖက်ခေတ်အဆင်တွေပဲဝတ်ကြတယ်..
တော်သေးတာပေါ့..အရှေ့မှာဦးစိန်အောင်မင်းဝတ်သလိုဟိုဟာလေးမထုတ်ထားလို့..
အရောင်တွေမထပ်ပုံထောက်ရင်ကတော်တွေဖုန်းနဲ့ညကအတော်အလု ပ်ရှုပ်ကြပုံရတယ်။
ဦးသန်းရွှေခောတ်ရောက်မှပဲဝန်ကြီးပြောင်တွေတွေ့ဖူးတော့ တယ်..

0 ForeignPolicyမဂ္ဂဇင်းထဲက ရွေးထုတ်ထားသောကမ္ဘာ့အဆိုးရွားဆုံးစစ်အာဏာရှင်ခေါင်းဆောင်များ



July/Augလထုတ်ForeignPolicyမဂ္ဂဇင်းထဲကFailedStatesတွေကနေပြီးကမ္ဘာ့အဆိုးရွားဆုံးစစ်အာဏာရှင်ခေါင်းဆောင်များကို ရွေးထုတ်လိုက်တာ မြန်မာပြည်မှ အာဏာရူးသန်းရွှေက နံပါတ်သုံးတဲ့။
ဒီနေရာမှာ သွားရောက်ဖတ်ရူနိုင်ပါတယ်။

0 ဒေါ်အောင်ဆန်းစုကြည် ပါကစ္စတန် ဂုဏ်ထူးဆောင်ဆု ရရှိ

မြန်မာပြည်သူတွေနဲ့ မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက်နေတဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါကစ္စတန် လက်ရှိ အာဏာရ ပါကစ္စတန် ပြည်သူ့ပါတီ (PPP) က Benazir Bhutto Shaheed ဆု ပေးအပ်လိုက်ပါတယ်။

နှစ်ပေါင်းများစွာ အကျဉ်းချခံထားရပေမဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို အံတုနေတဲ့ သူ့ရဲ့သတ္တိကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဆုကို ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်တာ ဖြစ်တယ်လို့ PPP ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ပါကစ္စတန်နိုင်ငံရဲ့ ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတို (Benazir Bhutto) ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီမိုကရေစီ ရရှိရေး ဆောင်ရွက်နေသူ၊ လူ့အခွင့်အရေး ရရှိရေး ဆောင်ရွက်နေသူ၊ အများအတွက် ပရဟိတ လုပ်နေသူနဲ့ အမျိုးသမီးများ စွမ်းရည် မြှင့်တင်ရေး လုပ်နေသူတွေဆိုပြီး ကဏ္ဍ ၄ မျိုးခွဲပြီး ဆုပေးတာဖြစ်တယ် ဆိုတာကို ပါတီရဲ့ ခေါင်းဆောင်လည်းဖြစ်၊ လက်ရှိ နိုင်ငံသမ္မလည်းဖြစ်တဲ့ အာဆစ်ဖ် အလီ ဇာဒါရီ (Asif Ali Zadari) ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီမိုကရေစီ ရရှိရေး ဆောင်ရွက်နေသူဆုအတွက် ရရှိတာ ဖြစ်ပါတယ်။

ကွယ်လွန်သူ ဘနာဇီယာရဲ့ တနင်္လာနေ့က ကျရောက်တဲ့ ၅၇ နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုပြီး သူ့ရဲ့ပါတီက ဒီဆုတွေကို ပထမဆုံး ပေးအပ်တာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဘူတိုဟာ ပါကစ္စတန်မှာ ၂၀၀၇ ခုနှစ်က လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
(voa)

Tuesday, June 22, 2010

0 ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျောင်းသူဘ၀ငယ်စဉ်ဘ၀ကဓာတ်ပုံတချို့ပါ။


0 သျှမ်းပြည်တပ်မတော် တောင်ပိုင်း SSA-S နှင့် စစ်အစိုးရ တပ်များ တိုက်ပွဲ ဗွီဒီယိုများ((၂၀၀၉)


အပိုင်း(၁)မှာအပိုင်း(၄)အထိ တဆက်တည်းကြည့်နိုင်ပါသည်။
Video။ ။ maungwto

0 နတ်ပြည်မတက်တဲ့ အင်ဂျင်နီယာများ

တစ်နေ့မှာ နတ်ပြည်ကသိကြားမင်းနဲ့ ငရဲပြည်ကငရဲမင်းတို့ တွေ့ဆုံပြီး နတ်ပြည်နဲ့ ငရဲပြည်ကိုတိုက်ရိုက်ဆက်သွယ်ပေးမယ့် အထူးအမြန်ရထားလမ်းကြီး တစ်လမ်းအမြန်ဖောက်ဖို့ သဘောတူသတဲ့..။ ကြားဘူတာအနေနဲ့လူ့ပြည်ကိုသတ်မှတ်ပြီး နှစ်ဖက်ရဲ့ လမ်းဖောက်လုပ်ရေးရဲ့ ဆုံမှတ်ကလည်းလူ့ပြည်ပဲဖြစ်ပါတယ်တဲ့..။
ငရဲပြည်ကဖောက်လာတဲ့လမ်းပိုင်းနဲ့နတ်ပြည်ကဖောက်လာတဲ့လမ်းပိုင်း နှစ်ဖက်ဟာ အလယ်ဖြစ်တဲ့လူ့ပြည်မှာလာဆုံမယ်ဆိုပြီး သဘောတူကြသတဲ့..။

ဒီလိုနဲ့ ငရဲမင်းကြီးလည်း အားကြိုးမာန်တက်နဲ့ ဖောက်လိုက်တာ တစ်ပါတ်လောက်ကြာတော့ လူ့ပြည်ရောက်ဖို့ လမ်းခုလတ်ကို ရောက်လာရောတဲ့..။ “ငါ့ဖက်ကတောင် ဒီလောက်ပြီးနေပြီဆိုတော့ နတ်ပြည်ဖက်ကလည်းတော်တော်ပြီးလောက်ပြီ”..ဆိုပြီး အပေါ်ကိုမော့ကြည့်တော့..ဘာလုပ်ငန်းမှမစသေးတာတွေ့သတဲ့..။ ဒါနဲ့ “သူတို့ဖက်က ပြီးတယ်မပြီးတယ်ကသူတို့အပိုင်းပဲ..။ ကိုယ့်ဖက်ကတော့ တာဝန်ကျေဖို့လိုတယ်”…လို့စိတ်ကတွေးပြီး ရထားလမ်းကြီးဆက်ဖောက်တာပေါ့..။ နောက်တစ်ပါတ်လောက်ထပ်ကြာတော့ငရဲမင်းကြီးရဲ့ ရထားလမ်းကြီးက သတ်မှတ်ဆုံရပ်ဖြစ်တဲ့လူ့ပြည်ကိုရောက်လာပါရော…။ ဒီတော့ ငရဲမင်းကြီးလည်း အပေါ်ကိုတစ်ခါထပ်မော့ကြည့်တော့ နတ်ပြည်ဖက်က ဘာလှုပ်လှုပ်ရှားရှားရှိတယ်မှ မတွေ့တော့နဲနဲတင်းသွားတယ်..။ “ဒီလောက်ဖြစ်တဲ့ သိကြားမင်းဆိုတဲ့ကောင်..အလကားရေသာခိုနေတယ်.. မထူးဘူး..တစ်ခါတည်းဖောက်လက်စနဲ့ ငါကပဲဒီလမ်းကိုနတ်ပြည်အထိအပြီးဖောက်လိုက်တော့မယ်..”..ဆိုပြီး ဒေါနဲ့မောနဲ့အမိန့်ပေးပြီးဆက်ဖောက်လိုက်တဲ့ ရထားလမ်းကြီးလည်း နောက်နှစ်ပါတ်လောက်ကြတော့နတ်ပြည်တံခါးဝထိ ရောက်လေရော ဆိုပဲ…။

ဒါနဲ့ ငရဲမင်းကြီးလည်း သိကြားမင်းကိုတွေ့ပြီး ပွမ်တော့တာပေါ့…။ “ခင်ဗျားကြီးကပြောတော့ တစ်မျိုး.. လုပ်တော့တစ်မျိုး..။ ခုပေးမယ်ပြောပြီး အချိန်ဆွဲနေတာ.. နှစ်တွေလည်းမနဲတော့ဘူး… ဘာဖြစ်တယ်ညာဖြစ်တယ်…”..ပေါ့..။
ဒီတော့ သိကြားမင်းက လေသံအေးလေးနဲ့ပြန်ဖြေရှင်းပါတယ်..။

“အင်း…ခင်ဗျားပြောတော့လည်း ခံရတော့မှာပဲဗျ..။ မတတ်နိုင်ဘူးလေဗျာ..။ အင်ဂျင်နီယာတို့၊ဆောက်လုပ်ရေးအရာရှိတို့၊ကန်ထရိုက်တို့ ဆိုတာ သေရင်ခင်ဗျားဆီပဲ ရောက်တာကလား..။ ကျူပ်ဆီမှာ အဲလိုကောင်တွေမရှိတော့အလုပ်ဘယ်ကစလုပ်ရမှန်းကိုမသိတာ..။ “…တဲ့ဗျား…။

ကဲမခက်ပေဘူးလားဒီမြန်မာနိုင်ငံကအင်ဂျင်နီယာတွေ..တိုက်လေးတွေကို ကောင်းကောင်းဆောက်ပေးပြီးနတ်ပြည်လေးတော့ တက်ပေးပါဦးလို့......................

0 ABMA Journal Volume 1 No. 10


ပေးပို့သော ကိုဒီမိုဝေယံအားကျေးဇူးတင်ရှိပါသည်။

Monday, June 21, 2010

0 မီဒီယာသစ်ကြောင့် မြန်မာအကြောင်း လူသိပိုလာ

0 တပ်မတော် အတွင်းက ကြီးနိုင် ငယ်ညှင်း သတ်ဖြတ်မှု


မေမြို့တပ်မတော် နည်းပညာ တက္ကသိုလ် (DSTA) က ဒုတိယနှစ် ကျောင်းသား ဗိုလ်လောင်း အောင်ကျော်ဖြိုးကို ဘုရင့်နောင်တပ်ခွဲ ( ၉ ) က ဗိုလ် လောင်းသုံးယောက်က ဝိုင်းဝန်း ထိုးကြိတ်ကြလို့ ဇွန်လ ( ၆ ) ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။

ကျောင်းသားကြီးက ကျောင်းသားငယ်ကို စစ်တပ်အစဉ်အလာအတိုင်း အပိုးကျိုးအောင် ပုံစံပေး ထိုးကြိတ်ရာမှာ ဗိုလ်လောင်း အောင်ကျော်ဖြိုးဟာ အစာစားပြီးစဖြစ်တဲ့ အတွက် အစားအစာတွေ ပြန်အန်ထွက်ပြီး သေဆုံးခဲ့တယ်လို့ တက္ကသိုလ် နဲ့နီးစပ်သူတယောက်က ဘီဘီစီကို ဆက်သွယ် သတင်းပေးပါတယ်။

ညှင်းပန်းသတ်ဖြတ်မှုနဲ့ စွပ်စွဲခံရသူ နှစ်ကြီးသမား သုံးယောက်ကို ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

ဒီတလ အတွင်းမှာပဲ နောက်ထပ် အလားတူ ဖြစ်ရပ်တခုလည်း ဖြစ်ပွားခဲ့ပါတယ်။

မလွန်ကို ကွင်းဆင်းလေ့လာတဲ့ ကျောင်းသားထဲက ဘုရင့်နောင်တပ်ခွဲ ( ၁ ) က ကျောင်းသား ဗိုလ်လောင်းစိုးမိုးအောင်ကို ဝိုင်းဝန်းထိုးကြိတ်ကြရာကနေ လက်လွန်ပြီး သေဆုံးသွားလို့ မနေ့ကပဲ ရက်လည် ဆွမ်းသွပ်ခဲ့ပါတယ်။

ဗိုလ်လောင်းသင်တန်းတွေမှာ အကြီးတန်းတွေက အငယ်တန်းတွေကို ညီအစ်ကို စနစ်နဲ့ ဆုံးမပညာပေး အုပ်ချုပ်ကြတဲ့ စနစ်ရှိတယ်ဆိုပေမယ့် ဒီလိုသေဆုံးမှုတွေ ဗိုလ်လောင်းသင် တန်းတော်တော်များများမှာ တွေ့လာရတဲ့ အတွက် လေ့ကျင့်သင်တန်းပေးမှုနဲ့ ညှင်းပန်းနှိပ်စက်မှု ခွဲခြားမရအောင်ဖြစ်နေပြီလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာနေပါတယ်။
(BBC)

Sunday, June 20, 2010

0 ဦးဝင်းတင်၊ လူထုစိန်ဝင်းနဲ့ မဖြူဖြူသင်းတို့ရဲ့ ဒေါ်အောင်ဆန်းစုကြည် ၆၅ မွေးနေ့ နှုတ်ခွန်းဆက်စကားများ





အသံဖိုင်များကို မိုးမခ မီဒီယာမှတဆင့်ဖော်ပြလိုက်ပါသည်။

0 ဂျပန်ရောက်မျိုးချစ်မြန်မာများ၏ဒေါ်အောင်ဆန်းစုကြည်(၆၅)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အလှူ (ထိုင်း၊မဲဆောက်)

ဒေါ်အောင်ဆန်းစုကြည် (၆၅)နှစ်ပြည့်မွေးနေ့အလှူမှာ အားရပါးရ မုန့်ဟင်းခါးစားနေတဲ့ချစ်စဖွယ်ကလေးငယ်


မြန်မာပြည်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅နှစ်ပြည့် မွေးနေ့ ကိုဂုဏ်ပြုသောအားဖြင့် မဲဆောက်ဒေသရှိ လိုင်းသစ်ကျောင်း၊ ဆာမူထောကျောင်း၊ ဝှေးနုကလယ်ကျောင်း၊ ရွှေသဇင်ကျောင်းနှင့် နေ့ သစ်ကျောင်းတို့ မှ ကျောင်းသား/သူနှင့် ဆရာ/မ စုစုပေါင်း ၁၃၀၀ခန့် အား မုန့် ဟင်းခါးကျွေးခြင်းနှင့် ကျောင်းဝတ်စုံများ၊ စာအုပ်နှင့် စာရေးကိရိယာများအား လှူဒါန်းခဲ့သည့် ဓာတ်ပုံမှတ်တမ်းများဖြစ်ပါသည်။ အဆိုပါ ကောင်းမူကုသိုလ်ပြုမူအား ဂျပန်နိုင်ငံရှိ မြန်မာကလေးသူငယ်ပညာထောက်ပံ့မူအစီအစဉ်၏ အဖွဲ့ ဝင်များနှင့် မျိုးချစ်မြန်မာများမှ စုပေါင်းလှူဒါန်းခဲ့ပါသည်။

ဓာတ်ပုံသတင်းအတွက် Zawhtunအားကျေးဇူးတင်ရှိပါသည်။

0 ဂျပန်အသံလွှင့်ဌာနများမှထုတ်လွှင့်သွားသော ရန်ကုန်တွင်ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်အခမ်းအနား (ရုပ်/သံ)

0 မိခင်၏ နှောင်ကြိုးကို ဖြေပါအံ့ -
ရေးသူ-ဒေါ်အောင်ဆန်းစုကြည်


မိခင်၏ နှောင်ကြိုးကို ဖြေပါအံ့ …
သည်းစွာသောအနာကို ကုစားပါအံ့
သမီး၏ လုံ့လဝီရိယဖြင့် နာလန်ထူပါစေအံ့ …
မွေးကျေးဇူးကို မသိတတ်သော
ထိုသူတို့အား
သိနားလည်အောင် ဆွဲဆောင်နိုင်စွမ်းကို
သမီးအား ပေးပါလေ …

တွေ့ရအံ့သော ဘေးရန်တို့ကို
သမီး ထီမည်မဟုတ် …

တဘဝတွင် တခါသာ သေရသည်ဖြစ်၍
အဘယ်နည်းနှင့် သေရသည်ဖြစ်စေ
သမီး၌ မထူးခြား …

သမီး၏ စိတ်ကူးတို့
အကယ်အဖြစ်သို့ရောက်သောအချိန်တွင်
အသင်တို့သည်လည်း ပျော်မြူးကြရမည် …

အခြားအခြားသော သူတို့၏
ရှုတ်ချခြင်း
ကဲ့ရဲ့ခြင်း
မုန်းတီးရွံရှာခြင်း
နာမည်ဖျက်ခြင်းတို့ကို
သမီး အလျဉ်း ဂရုမပြု …

မိခင်ထံမှ ဒါမှ ငါ့သမီး ဟူသော
ကျူးရင်သံကိုသာ တောင့်တပါ၏ …

လောကတွင် မိခင်၏ကျေးဇူးကို
အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏ ။ ။

ရေးသူ။ ။ ဒေါ်အောင်ဆန်းစုကြည်

မျှဝေသော design Komyoအားကျေးဇူးတင်ရှိပါသည်။

0 တကမ္ဘာလုံးကလေးစားမြတ်နိုးရတဲ့ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံအား နယူးယောက်ရှိမြန်မာစစ်သံရုံးဝန်ထမ်းငမိုက်သားမှ ခြေထောက်ဖြင့်ကန်တဲ့လုပ်ရပ်သက်သေ ဗီဒိယိုမှတ်တမ်း


0 နအဖ စစ်ခေါင်းဆောင်တွေ ဗုဒ္ဓသာသနာကို ဖျက်ဆီးကြလေပြီ




ကိုလွင်အောင်စိုး အားကျေးဇူးတင်ရှိပါသည်။

0 မြန်မာ့အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်(၆၅)နှစ်မြောက်မွေးနေ့ဘာသာပေါင်းစုံဆုတောင်းပွဲအခမ်းအနား ဓာတ်ပုံမှတ်တမ်း(ဂျပန်)

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.