Saturday, August 15, 2009

0 အနာဂတ်နိုင်ငံတော်နှင့် လူငယ်များ၏တာဝန် အပိုင်း(၆)

Researcher

Mg Si Thu

ကမ္ဘာနှင့်အ၀န်းပြုပြင်ပြောင်းလဲနေသော ဖြစ်စဉ်ကြီးအတွင်း၌ မြန်မာ့နိုင်ငံရေး တနည်းအားဖြင့် နိုင်ငံတော်ကြီး အတွင်း လောကပါလတရားများ ဖြစ်ထွန်းအောင် ဆောင်ရွက်ရာ၌ မည်သည့်အတိုင်းအတာထိ တိုင်းပြည် အား အကျိုးသက်ရောက်ခဲ့သည် (သို့) မိမိတို့၏အခြေအနေမှန်များအပေါ် ပြန်လည်သုံးသပ်ဆင်ခြင်၍ အနာဂတ်လူငယ် လူရွယ်များအတွက် စွန့်လွှတ်ခြင်းအရာ၌ စံနမူနာအဖြစ်လည်းကောင်း၊ အနစ်နာခံခြင်းအရာ၌ စံနမူနာအဖြစ်လည်းကောင်း လက်တွေ့ကျကျ လုပ်ဆောင်ကျင့်သုံးသွားရန် လိုအပ် ပေလိမ့်မည်။

ဤအကြောင်းအရာနှင့်ပက်သတ်၍ ဗုဒ္ဓလမ်းစဉ် ရှု့ထောင့်မှ နမူနာယူအပ်သော စံအဖြစ်ထားအပ်သော အတွေးအခေါ် အယူ အဆအချို့နှင့် ဆရာကြီး ဦးရွှေအောင်ရေးသားသော “ဗုဒ္ဓ” အနှိုင်းမဲ့ကျေးဇူးရှင် စာအုပ်မှ အဆို အမိန့်များဖြင့် ကိုးကား နှိုင်းယှဉ် ဆက်လက်လေ့လာသွားပါမည်။
လူသည် ဘ၀အား လောဘဖြင့် စတင်ခဲ့သူဖြစ်၏။ ထို့ကြောင့် လူသည် မိမိလိုချင်သောအရာ မိမိ ရပ်တည် နိုင်ဖို့ရန်အတွက် အရာရာကိုလိုချင်တတ်မက်၍ ရအောင်လည်း အားထုတ်လေ၏။ ဤသည်မှာ လောကသဘာဝ တရား ပင်ဖြစ်ပေသည်။ တနည်း အားဖြင့်လည်း သူလို ကိုယ်လို သာမန်တွေးနိုင်သော လူသာမန်အတွေးမျိုးလည်းဖြစ်၏။
အဘယ့်ကြောင့်ဆိုသော် အတ္တ မိမိအကျိုးစီးပွါးတခုတည်းအပေါ်၌သာ ရပ်တည်နေခြင်း (သို့) အတ္တ၀ါဒ အတ္တဓမ္မတာ ဖြစ်သောကြောင့်ပင်ဖြစ်၏။
နိုင်ငံတော် ပြည်သူလူထု လူ့အဖွဲ့အစည်း အကျိုးစီးပွါးအတွက် ဆောင်ရွက်မည် ဆိုပါက (သို့) ဆောင်ရွက်နေ ပါသည် ဟူသော ပုဂ္ဂိုလ်၊ ဆောင်ရွက်မည့်ပုဂ္ဂိုလ် (သို့) လူ့အဖွဲ့အစည်း၏ ခေါင်းဆောင်အဖြစ်ဆောင်ရွက်လိုသည့် ခေါင်းဆောင်ငယ် ခေါင်းဆောင် လောင်းလျှာများအတွက်မူ အထက်၌ဖေါ်ပြခဲ့သော သူလို ကိုယ်လို သာမန်အတွေးမျိုးဖြင့် အတ္တ၀ါဒ၊ အတ္တဓမ္မတာ ဟူသော ကိုယ်ကျိုးစီးပွါး၊ ဆွေမျိုးကောင်းစားရေး၊ ကိုယ့်အုပ်စုအကျိုး ကိုယ့်ပါတီအကျိုး တခုတည်း အပေါ်အခြေခံသော အတွေးအခေါ်မျိုးဖြင့် မရရှိနိုင်ပါပေ။

နိုင်ငံရေးဟူသည်…

လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတတ်မှုကို ရှေ့ရှု့သော လုပ်ငန်းဖြစ်၏၊ မိမိအကျိုးထက် အများအကျိုးကို ရှေးရှု့သော လုပ်ငန်းဖြစ်၏။ တနည်း အားဖြင့်လည်း မိမိတို့လူ့အဖွဲ့အစည်းအတွင်း လောကပါလတရားများ ဖြစ်ထွန်းပေါ်ပေါက် နေအောင် ဤတရားများဖြင့် စည်ပင်နေ အောင် လူအဖွဲ့အစည်းအတွင်း ဟောပြောစည်းရုံး၍ ဆောင်ရွက်ရသော လုပ်ငန်း မျိုးလည်းဖြစ်၏။

ထိုသို့ဆောင်ရွက်ရာ၌ မိမိအကျိုးထက် လောကအကျိုးကို ရှေးရှု့ဆောင်ရွက်ရ၏။ မိမိတို့ဘ၀များကိုလည်း ပေးဆပ် ကောင်းပေးဆပ်ရ၏။ လုပ်သမျှလည်းအောင်မြင်လိမ့်မည်မဟုတ် သို့သော် အောင်မြင်သည်ဖြစ်စေ မအောင်မြင် သည်ဖြစ်စေ မျက်မှောက် လုပ်ဆောင်သော အခြေအနေများသည် အဖြေမဟုတ်ဘဲ မိမိ၏ လောကအပေါ် လူ့အဖွဲ့ အစည်းအပေါ်ထားရှိသော စေတနာသည်သာ အဓိကကျသည်ဖြစ်သောကြောင့် ဤသည်ကိုပင် မိမိလုပ်ငန်းအထ မြောက်သည်ဟု၍ဆိုအပ်ပါ၏။
ဤကဲ့သို့သော လုပ်ငန်းမျိုးသည် အနတ္တ၀ါဒီ အများအကျိုးကိုသာ ရှေးရှု့သော လမ်းစဉ် အနတ္တပဓါန လမ်းစဉ် ဟုဆိုပါ၏။

ဤသို့သောလုပ်ငန်းမျိုးကိုလည်း လူသာမန် သူလို ကိုယ်လိုကျင့်ကြံ ဆောင်ရွက်နိုင်ပါ၏။ ဤသို့အားဖြင့် အကြောင်းတရား အကျိုးတရားတို့အပေါ် အခြေခံ၍ လောက ခေတ်အဆက်ဆက်၌ အာဇာနည်များ ပေါ်ထွက်ခဲ့ကြ ခြင်းဖြစ်၏။ နောင်လည်းပေါ်ထွက်နေ အုံးမည် သာဖြစ်ပါ၏။

နိုင်ငံရေးဟုခေါ်သော “ တိုင်းပြု ပြည်ပြုလုပ်ငန်း” (သို့) “ လူ့အဖွဲ့အစည်းအတွင်း လောကပါလတရားများ ထွန်းကား စည်ပင်သထက် စည်ပင်အောင် ဟောပြောစည်းရုံး ဆောင်ရွက်သောလုပ်ငန်း” (သို့) လောကအကျိုးစီးပွါးကို ဦးတည်ဆောင်ရွက်ရ သောလုပ်ငန်း” ကို သာမန်သူလို ကိုယ်လိုမည်သူမဆို ဆောင်ရွက်နိုင်သော်လည်း သာမန် သူလိုကိုယ်အတွေးမျိုးဖြင့် မဆောင်ရွက် နိုင်ပါပေ။ ထိုသို့ဆောင်ရွက်ပါက တနည်းအားဖြင့် …
ဥပမာအားဖြင့်…

မြန်မာ စကားပုံများလာ အဆိုအမိန့်များမှ တခုဖြစ်သော…

“ အူမတောင့်မှ သီလစောင့်မယ်” ဟူသော စကားပုံမျိုးဖြင့် ၄င်းကို ယုံကြည်လက်ခံကျင့်သုံးသူများအတွက်တော့ လောက ဆိုသည့်၊ လူ့အဖွဲ့အစည်းဆိုသည့်၊ နိုင်ငံရေးဆိုသည့် ( အထက်၌ဖေါ်ပြထားသော အဓိပ္ပါယ်အတိုင်းရှိသော လုပ်ငန်းစဉ်) ဝေါဟာရမျိုးကိုပင် နားလည်သဘောပေါက်ရန် အလွန်ခက်ခဲနေပေလိမ့်မည်။

ဤအတွေးမျိုးဖြင့် ဆောင်ရွက်ပါက လောက၌ လောကပါလတရားများ စည်ပင်ဖို့ဝေးစွ တိုင်းပြည်အကျိုး လူ့အဖွဲ့အစည်း အကျိုး မဆိုထားနှင့် မိမိအကျိုးစီးပွါးပင် ပျက်ဆီးပေလိမ့်မည်။ လောက၌လည်း လောကပါလတရားများ ချုပ်ငြိမ်းသထက် ချုပ်ငြိမ်းသွား စေလိမ့်မည်ဖြစ်၏။ ထို့အပြင် ထို့လူအဖွဲ့အစည်းသည် ယဉ်ကျေးမှုနိမ့်ကျလျှက် အရိုင်း အစိုင်းများသာ ဖြစ်နေပေလိမ့်မည်။

မြန်မာနိုင်ငံသမိုင်းတလျောက် တိုင်းပြည်အား ပြန်လည်စုစည်းထူထောင်ခဲ့ကြသော ပုဂ္ဂိုလ်ကြီး (၄) ဦးရှိခဲ့ဘူးပါ၏။

၁. အနော်ရထာ (ပုဂံခေတ်)
၂. ဘုရင့်နောင် (ဟံသာဝတီခေတ်)
၃. အလောင်းဘုရား (ကုန်းဘောင်ခေတ်)
၎. ဗိုလ်ချုပ်အောင်ဆန်း ( မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး)

ဤပုဂ္ဂိုလ်ကြီးများသည် လူသာမန်တွေဖြစ်သော်လည်း သာမန်သူလို ကိုယ်အတွေးမျိုးဖြင့် နိုင်ငံတော်ကြီးနှင့် လောကအတွက် ဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်များ မဟုတ်ကြပေ။ ထို့ကြောင့်ပင် ဤ ပုဂ္ဂိုလ်ကြီးများကို မြန်မာနိုင်ငံသမိုင်း၌ အထူးလေးစားတန်ဖိုးထား အပ်သူများအဖြစ် မှတ်တမ်းတင်ထားခြင်းဖြစ်၏။

လောက၌လူရယ်လို့ ဖြစ်လာသောအခါ ယေဘူယျအားဖြင့် တောင်းတခြင်း (၄) မျိုးရှိပါ၏။

၁. အိမ်ယာထူထောင်လိုခြင်း၊
၂. စီးပွါးပစ္စည်းဥစ္စာ ပြည့်စုံသထက် ပြည့်စုံလိုခြင်း၊
၃. တရားဓမ္မနှင့်အညီ နေထိုင်လိုခြင်း၊
၎. လွတ်လပ်မှုနှင့် နေထိုင်လိုခြင်း စသည်တို့ဖြစ်၏။

ဖေါ်ပြပါအခြေအနေလေးရပ်သည် လူတိုင်းလူတိုင်း ခံစားလိုသော သဘောတရားများပင်ဖြစ်၏။ တနည်းဆိုသော် ပုထုဇဉ် လူသားများ လိုလားသော တောင့်တချက်များသာဖြစ်ပါ၏။ သူလို ငါလိုသူများလည်း တောင့်တပါ၏။ သူလို ငါလိုအဆင့်ထက် ကျော်သူများ လည်း လိုလားတောင့်တကြပါ၏။
သို့သော် သူလိုငါလို အဆင့်ထက်ကျော်လွန်သော သူများတောင့်တခြင်းသည် ဤတောင့်တခြင်းလေးမျိုးထက် လောက အကျိုး စီးပွါးကို ပိုမိုလိုလားတောင့်တကြပါ၏။ လောကအကျိုးအတွက်သော်၎င်း၊ အများအကျိုးအတွက်သော်၎င်း၊ တနည်းအားဖြင့် အဓမ္မအပေါ် ဓမ္မတရားက လွှမ်းမိုးနေမှုကို ပို၍လိုလားတောင်းတကြပါ၏။
ထိုသို့ပို၍ လိုလားတောင်းတသည်နှင့်အမျှ ကြိုးလည်းကြိုးစားကြ၏။ အားလည်းအားထုတ်၏။ ထိုသို့သော ပုဂ္ဂိုလ်များ၏ စိတ်သန္တာန်၌ သူလိုငါလို တောင့်တခြင်းမျိုး မရှိတော့ဘဲ လောကကောင်းကျိုးတခုတည်းအပေါ်၌သာ လုံလပြုသောကြောင့် တိုင်းပြည်များ မှာ လောကပါလတရားဖြစ်ထွန်းစည်ပင်ပြီး ဖွံ့ဖြိုးတိုးတတ်ကြကြောင်း လေ့လာ တွေ့ရှိရပါ၏။
ဤသို့သော ပုဂ္ဂိုလ်များကို မျိုးချစ်အာဇာနည်များဟု သက်ဆိုင်ရာနိုင်ငံတိုင်း နိုင်ငံတိုင်း၌ ခေါ်ဝေါ် ဂုဏ်ပြုကြခြင်းဖြစ်၏။ ဤသို့သော ပုဂ္ဂိုလ်များသည် မြန်မာ့သမိုင်း၌လည်းရှိပါ၏။ ၄င်း ပုဂ္ဂိုလ်တို့သည် လောကအတွက် မိမိဘ၀များကို ပေးဆပ်သူများဖြစ်၏။ ဤ ပုဂ္ဂိုလ်များကို နမူနာယူအပ်၏။ ထိုသို့နမူနာယူ ကျင့်ကြံဆောင်ရွက် နေသူများသည် သာမန်အတွေးအခေါ်များရှိသော သူများအမြင်၌ “လူအ” “လူညံ့” ဟုမြင်နေပေလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် အာဇာနည်စိတ်သဘောတရားကို နမူနာယူကျင့်ကြံအားထုတ်သော သူများသည် အခွင့်အရေး ဟူ၍လည်း မမက်မော၊ ရာထူးစည်းဇိမ်ဟူ၍လည်း မမက်မောဘဲ လောကသားတို့အပေါ်၌သာ လောကပါလ တရား၊ ချမ်းသာခြင်းတရား၊ စသည့် ဓမ္မတရားများ လွှမ်းမိုးရေးကိုသာ လိုလားသူများဖြစ်သောကြောင့်ပင်ဖြစ်၏။

ဤကမ္ဘာ၌ နိုင်ငံဖြစ်စေ၊ ဒေသဖြစ်စေ၊ လူမျိုးဖြစ်စေ၊ နိုင်ငံအတွက်လူမျိုးအတွက် အနစ်နာခံသူများ ဘ၀ကိုပေးဆပ်သူများ ပေါများလေလေ ထိုနိုင်ငံ ထိုလူမျိုးတို့သည့် ကမ္ဘာ၌ထိပ်တန်းနိုင်ငံများ ထိပ်တန်းလူမျိုးများအဖြစ် ရပ်တည်နိုင်ကြပါ၏။ ထိပ်တန်း ဟုဆို ရာ၌ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုချည်းသက်သက်မဟုတ်ဘဲ ကိုယ့်ကျင့်တရား၊ လူ့ကျင့်ဝတ်သိက္ခာစောင့်စည်းလိုက်နာ ကျင့်သုံးခြင်းအရာ၌လည်း ထိပ်တန်းအဆင့် မြင့်မားတိုးတတ်ကြပါ၏။ ထို့ကြောင့်ပင် ထိုနိုင်ငံများသည် ကမ္ဘာ၌ ၀င့်ကြွားစွာရပ်တည်နိုင်ကြခြင်း ဖြစ်ပါ၏။

ဥပမာအားဖြင့် …..နယူးဇီလန်၊ နော်ဝေး၊ ဆွီဒင် …အစရှိသည်အားဖြင့်

“မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရှိစဉ် မြန်မာပြည်သည် အာရှ၌ နိုင်ငံရေးအရလည်းကောင်း၊ စီးပွါးရေးအရ လည်းကောင်း၊ လူမျိုးဂုဏ်သိက္ခာမြင့်မားသော အခြေအနေတရပ်ဖြစ်ခဲ့ဘူးပါသည်။”

သို့သော် နိုင်ငံဖြစ်စေ၊ ဒေသဖြစ်စေ၊ လူမျိုးဖြစ်စေ၊ နိုင်ငံအတွက်လူမျိုးအတွက် အနစ်နာခံသူများ ဘ၀ကို ပေးဆပ်သူများ နည်းပါးလေလေ (သို့) ကိုယ်ကျိုးစီးပွါးတခုတည်းကိုသာကြည့်သောသူများ ပေါများလေလေ ထိုနိုင်ငံ၊ ထိုဒေသ၊ ထိုလူမျိုးတို့သည် အဓမ္မတရားများဖုံးလွှမ်းနေပြီး၊ ဆင်းရဲခြင်းအပေါင်း၊ ဒုက္ခအပေါင်းနှင့် ရင်ဆိုင်နေရပေ လိမ့်မည်။ ကမ္ဘာ့အလယ်၌လည်း လူလုံးမလှ လူရာမသွင်း အနှိမ်ခံ ဘ၀များဖြင့်သာ ဖြစ်နေပေလိမ့်မည်။


တဖန် တရားတော်လာ ဓမ္မပဒ စာအုပ် အပိုဒ် (၉၈) ၌
ဒေသတခုသည် ရွာဖြစ်ချင်ဖြစ်၊ တောဖြစ်ချင်ဖြစ်မည်၊ ကျီးကုန်းဖြစ်ချင်ဖြစ်မည်၊ချိုင့်ဝှမ်းဖြစ်ချင်ဖြစ်မည် သို့ရာတွင် မည်သို့ပင်ဖြစ်စေ သူတော်စင်၊ သူတော်ကောင်း (သို့) ဓမ္မတရားကို လက်ကိုင်ပြုကျင့်သုံးနေသူများ ဖြစ်ရိုးမှန်ပါက ထိုဒေသသည် ဤကမ္ဘာမြေပေါ်တွင် မွေ့လျှော်ဖွယ်အကောင်းဆုံးဖြစ်၏”
ဟူ၍ ရေးသားထားပါ၏။

အထက်ပါစာပိုဒ်သည် မြန်မာ့လူ့အဖွဲ့အစည်းအနေဖြင့် အထူးသတိပြုရန်လိုအပ်ပါလိမ့်မည်။ မြန်မာ့နိုင်ငံရေး အယူအဆ တရပ်အနေဖြင့် ရှုမြင်ကြည့်ပါက နိုင်ငံအကျိုး၊ လောကအကျိုး ကိုဆောင်ရွက်ရာတွင် တနည်းအားဖြင့် လောကပါလတရားများ မိမိတို့ လူ့အဖွဲ့အစည်းအတွင်း ဖြစ်ထွန်းအောင် ဆောင်ရွက်ရာ၌ ဆောင်ရွက်မည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ တို့သည်လည်း ဓမ္မတရား များကို လိုက်နာကျင့်သုံးရန်အထူးသတိတရားထားရှိဖို့ကိုလည်း လမ်းညွှန် ထားပါ၏။
နိုင်ငံနှင့်လူမျိုး၊ မိမိတို့နေထိုင်ရာလူ့အဖွဲ့အစည်းတို့အပေါ် ဒုက္ခစုံကျရောက်နေသော ကာလ၊ တနည်းအားဖြင့် အဓမ္မတရားများ ဖုံးလွှမ်းနေသောအချိန်များ၌ စွန့်လွှတ်စွန့်စားအနစ်နာခံဆောင်ရွက်ကြသူများသည် တိုင်းနိုင်ငံအသီးသီး တို့၌ ပေါ်ထွန်းကြပါ၏။ ထိုသို့ နိုင်ငံနှင့်လူမျိုး လူ့အဖွဲ့အစည်းအတွက် စွန့်လွှတ်အနစ်နာခံဆောင်ရွက်ကြသော ပုဂ္ဂိုလ်များ၌လည်း (၂) မျိုးရှိပါ၏။

၁. နိုင်ငံနှင့်လူမျိုး လူ့အဖွဲ့အစည်းအတွက် ပစ္စည်းဥစ္စာစွန့်ကြပါ၏။ ခြေလက်အင်္ဂါများလည်း စွန့်လွှတ်ကြပါ၏၊ ထို ပုဂ္ဂိုလ်များ သည် ထိုနိုင်ငံ ထိုလူမျိုး ထို့လူ့အဖွဲ့အစည်းအတွက် အဓမ္မတရားအပေါ် ဓမ္မတရားက ဖုံးလွှမ်း အောင်ဆောင်ရွက်ကြသူများပင်ဖြစ်ပေ၏။ တနည်းအားဖြင့် လောက၌ အဓမ္မတရား မထွန်းကားအောင် မိမိတို့ဘ၀ ဥစ္စာပစ္စည်း၊ စည်းဇိမ်တွေကို လောကအတွက် စတေးသော သူများပင်ဖြစ်၏။ သို့သော် မိမိတို့၏ အနစ်နာခံမှုကြောင့် အကျိုးတရားများပေါ်ထွန်းလာသောအခါ မိမိသည် ရာထူး၊ စည်းဇိမ်၊ အာဏာစသည့် အခွင့်အရေးများကိုလည်း ခံစားထိုက် သည်ဟု ခံယူသော ပုဂ္ဂိုလ်များလည်းရှိကြောင်းတွေ့ရမည်ဖြစ်၏။


၂. လောက၌ အဓမ္မတရားအပေါ် ဓမ္မတရားမှ ဖုံးလွှမ်းအောင်ဆောင်ရွက်ရာ၌ မိမိ၏ စွန့်လွှတ် အနစ်နာခံမှုများ၏နောက်၌ မည်သည့်အခွင့်အရေးကိုမျှ မမက်မော၊ မည်သည့်ခံစားခွင့်ကိုမှလည်း မမျှော်လင့်သော ပုဂ္ဂိုလ်များလည်း ရှိပါ၏။ ထို ပုဂ္ဂိုလ်မျိုးတို့ သည်သာ တကယ့်အာဇာနည်သူရဲကောင်း အစစ်အမှန်ပင်ဖြစ်ပေ၏။ လောက၌ အဓမ္မအပေါ် ဓမ္မတရားက လွှမ်းမိုးအောင် ဆောင်ရွက် ရာ၌ မိမိအတ္တအကျိုးပါမှ၊ ရာထူး၊ ငွေကြေး၊ စည်းဇိမ်ရမှ (သို့) ရသင့်သည်ဟူသောအယူအဆသဘောတရားများသည် စစ်မှန်သောစွန့် လွှတ်ခြင်း အနစ်နာခံခြင်းဟု မမည်ပေ။ ထို့ကြောင့် အာဇာနည် ပုဂ္ဂိုလ်ဟု မဆိုအပ်၊ တနည်းအားဖြင့် ဤသည်မှာ အတ္တ၀ါဒ အတ္တလမ်းစဉ် သာဖြစ်ပေ၏။
ဤကမ္ဘာ၏ တိုင်းနိုင်ငံအသီးသီး၊ လူ့အဖွဲ့အစည်း အသီးသီးတို့၌ အာဇာနည် ပုဂ္ဂိုလ်များသည် ရှိကြပါ၏။ထို ပုဂ္ဂိုလ်များသည် လောကအတွက် မိမိတို့ ဘ၀ကိုစတေး၍ လောကအကျိုးစီးပွါးတခုတည်းအပေါ်၌သာ ရှေးရှုကြပါ၏။ ထို့ကြောင့်လည်း ထို ပုဂ္ဂိုလ်များကို သူလို ငါလို သာမန်အဆင့်ထက် ကျော်လွန်မြင့်မြတ်သောသူ၊ သူရဲကောင်းများ၊ အာဇာနည် ပုဂ္ဂိုလ်ကြီးများအဖြစ် တိုင်းနိုင်ငံအသီးသီး၊ လူ့အဖွဲ့အစည်းအသီးသီးတို့၌ ၄င်းနိုင်ငံ၊ ၄င်းလူမျိုးတို့ကို ကိုယ်စားပြုသော ပုဂ္ဂိုလ်ကြီးများအဖြစ် တန်ဖိုးထားကဗျည်းထိုး အလေး အမြတ် ပြုကြခြင်းဖြစ်ပါ၏။

မြန်မာ့နိုင်ငံရေးအယူအဆများအနက် အောက်ဖေါ်ပြပါ အဆုံးအမတခုမှာ လွန်စွာမှတ်သား လိုက်နာကျင့်သုံး ဖွယ်ဖြစ်၏။

ဗုဒ္ဓလမ်းစဉ်အရ လူတိုင်း၌ ကျင့်စဉ်အားဖြင့် သုံးဆင့်ရှိပါ၏..

၁. လောကအတွက်ဖြစ်သည်။
၂. နိုင်ငံနှင့်လူမျိုးအတွက်ဖြစ်သည်။
၃. မိမိနှင့် မိမိတို့မိသားစုအတွက်ဖြစ်သည်။

မိမိနှင့် မိမိ မိသားစုအကျိုးစီးပွါးကို ဆောင်ရွက်ရာ၌ မိမိနိုင်ငံ၊ မိမိတို့အမျိုးသားများအရေးနှင့်လည်း ဆက်စပ် ပေသည်။ မိမိ “အား” ကောင်းလျှင် ကောင်းသလို နိုင်ငံအကျိုး၊ အမျိုးသားရေးအကျိုးတို့ကို ပိုမိုဆောင်ရွက်နိုင်ပေမည်။ ထို့ကြောင့် မိမိ “အား” ကောင်းပါမှ နိုင်ငံ လူမျိုးအတွက် လူ့အဖွဲ့အစည်းအတွက် ဆောင်ရွက်နိုင်ပေမည်၊ နိုင်ငံနှင့်လူမျိုး “အား” ကောင်းမှ ဤကမ္ဘာလောက အကျိုးအတွက် ပိုမိုဆောင်ရွက်နိုင်ပေမည်ဖြစ်ပါ၏။

ထို့ကြောင့် မိမိအကျိုးစီးပွါးကို တနည်းအားဖြင့် မိမိကိုယ်မိမိ “အား” ကောင်းအောင် မြင့်မားသည် ထက်မြင့်မားအောင် ဆောင်ရွက်ခြင်းသည် မိမိနိုင်ငံ မိမိလူမျိုး မိမိတို့လူ့အဖွဲ့အစည်းအကျိုးစီးပွါးအတွက် ဆောင်ရွက်ရန် ဖြစ်ပါ၏။ တနည်းအားဖြင့် မိမိအား လောက အတွက် အသုံးချရန်ဖြစ်၏။ ဤသို့ဆောင်ရွက်နိုင်ပါမှ လောက၌ လူ ပီသ၏၊ လောက၌ လူဖြစ်ရကျိုးနပ်၏၊ ထို့ကြောင့်ပင် မြန်မာ့ နိုင်ငံရေးအယူအဆ၌ စံတန်ဖိုးများသည် -

“ ငါကောင်းစားရေးသာ ပထမ” ဟူသော အယူအဆမဟုတ်ဘဲ “ လောက ကောင်းစားရေးသည်သာ ပထမ” ဟူသော စံတန်ဖိုးပင်ဖြစ်ပါ၏။ တနည်းအားဖြင့် “အနတ္တပဓါန လမ်းစဉ်” ပင်ဖြစ်ပေသည်။

အနာဂတ်နိုင်ငံတော်နှင့် လူငယ်များ၏တာဝန် အပိုင်း(၇)ဆက်လက်ဖော်ပြမည်။


0 ဆီနိတ်တာ ၀က်ဘ်ခရီးစဉ် ဘယ်သူအကျိုးရှိမလဲ

ကာတွန်းပညာရှင် ဆရာဟန်လေး၏လက်ရာ
မနေ့က စစ်အစိုးရ သတင်းစာတွေထဲမှာ “မေတ္တာကို မေတ္တာနှင့်သာ” ဆိုတဲ့ ဆောင်းပါးတပုဒ် ပါလာတာ တွေ့လိုက်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ စီရင်ချက်ချတဲ့ကိစ္စနဲ့ ဗိုလ်ချုပ်မှူးကြီးက သက်ညှာခွင့်ပေးတာ ပြည်သူတွေက ကြိုဆိုကြပါတယ်တဲ့။ နောက်ဆုံးအပုဒ်မှာတော့ မဆီမဆိုင်ဘဲ အမေရိကန်သမ္မတ က - change ဆိုပြီးတော့ အပြောင်းအလဲ ကိစ္စကို ကြွေးကြော်သလို စစ်အစိုးရကလည်း ပြောင်းလဲချင်တယ်ဆိုတဲ့သဘော ပြတယ်လို့ ဆိုပါတယ်။ စစ်အစိုးရက တကယ်ပဲ ပြောင်းလဲတော့မှာလား… ဦးကျော်ဇံသာက သုံးသပ်တင်ပြထားပါတယ်။

မနေ့က သတင်းစာထဲမှာ နိုင်ငံတော်အပိုင်းက change လို့ ခြေတလှမ်းစတင်လိုက်ခြင်း ဖြစ်နိုင်တယ်လို့ ဆိုထားတာတွေ့ရပါတယ်။ သူတို့က အပြောင်းအလဲလို့ မပြောတော့ဘဲ ဘိုဆန်ဆန် change လို့ပဲ ပြောထားတာ တွေ့ရပါတယ်။ ဒါ အမေရိကန်ဘက်က ပြောင်းလဲမယ်ဆိုရင် သူတို့လည်း ပြောင်းလဲဖို့ အဆင်သင့်ပဲ ဆိုတာကို ပြောတဲ့သဘောပါပဲ။ အပြုံးကို အပြုံးနဲ့ မေတ္တာကို မေတ္တာနဲ့ တုံ့ပြန်မယ်လို့ ဆိုထားပါတယ်။ တကယ်တော့ စစ်အစိုးရ အနေနဲ့ အခု အမေရိကန်က ဆီနိတ်တာ တယောက် မစ္စတာ ဂျင်မ်ဝက်ဘ် မြန်မာနိုင်ငံကို ရောက်ရှိနေတာကို အမေရိကန်အစိုးရက သဘောထားပြောင်းလဲဖို့ နိမိတ်ပြတယ်လို့ သူတို့ အဓိပ္ပါယ် ထုတ်ယူလိုဟန် ရှိပါတယ်။ ဒါပေမယ့်လည်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန ကတော့ သူတို့အစိုးရ အနေနဲ့ မစ္စတာ ဂျင်မ်ဝက်ဘ် နဲ့ ဘယ်လို သတင်းစကားမျိုးမှ စစ်အစိုးရဆီကို မပါးလိုက်ပါဘူး ဆိုပြီး မနေ့ကပဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အတိအလင်း အခုလို ငြင်းဆန်သွားပါတယ်။

“သူဟာ အစိုးရဆီက ဘယ်သတင်းစကားမျိုးကိုမှ သယ်ဆောင်သွားခြင်း မရှိပါဘူး။” - လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကိုယ်တိုင်က ပြောသွားတာဖြစ်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် မနေ့ကပဲ အင်တာနက် အွန်လိုင်းမှာ ကာတွန်း ဟန်လေး ကလည်း မြန်မာနိုင်ငံက အစိုးရက change လို့ ပြောပေမယ့် change ချင်းမတူဘူး ဆိုတာကို သူက ကာတွန်းထဲမှာ ဆွဲပြထားပါတယ်။ သမ္မတ အိုဘားမားကတော့ change - အပြောင်းအလဲ လုပ်ရမယ်၊ ကမ္ဘာကြီးကို အပြောင်းအလဲ လုပ်ရမယ် ဆိုပြီး ပြောခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စစ်အစိုးရရဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လို ကာတွန်းဆွဲပြီးတော့ သူက အော်ပြောနေတာက - chains we need။ chain ကို chain လို့ ပြောင်းထားပါတယ်။ ဒါက နှောင်ကြိုးတွေ၊ သံကြိုးတွေပေါ့လေ ဆိုပြီးတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပုံရဲ့ နောက်မှာလည်း ဘာလုပ်ထားလဲ ဆိုတော့ ကျောင်းသားတွေ၊ ပြည်သူတွေ၊ အမျိုးသမီးတွေ၊ ခမောက်ဆောင်းတဲ့သူတွေ၊ ဘုန်းတော်ကြီးတွေ၊ မယ်သီလရှင်တွေကိုပဲ သံကြိုးနဲ့တုတ်ပြီးတော့ တသီတတန်းကြီး ထိုင်ခိုင်းထားတာ တွေ့ရပါတယ်။ ဆိုတာကတော့ ဒါဟာ မြန်မာစစ်အစိုးရ လိုလားတဲ့ chain ဖြစ်တယ်။ အိုဘားမား အစိုးရပြောတဲ့ change၊ အပြောင်းအလဲ မဟုတ်ဘူး ဆိုတာကို ကာတွန်း ဟန်လေးက ကာတွန်းဆွဲပြီး လှောင်ပြောင်ထားတာလည်း တွေ့ရပါတယ်။

တကယ်တော့ ဒီလို ကာတွန်းဟန်လေးလို အဓိပ္ပါယ်ဖွင့်တာဟာ သူသာ မကပါဘူး။ အမေရိကန်မှာ နေထိုင်တဲ့ မြန်မာ့အရေး လေ့လာသူတွေ ကျွမ်းကျင်သူ တော်တော်များများကလည်း အလားတူ သုံးသပ်ကြပါတယ်။ အမေရိကန်က Heritage Foundation ရဲ့ ညွှန်ကြားရေးမှူးဖြစ်တဲ့ Walter Lohman ဆိုရင် စစ်အစိုးရကို ခိုင်မြဲသွားအောင် ပံ့ပိုးရာရောက်တယ် ဆိုပြီးတော့ ဝေဖန်တဲ့ဆောင်းပါးတွေ ရေးခဲ့ပါတယ်။ သူက မစ္စတာ ဂျင်မ်ဝက်ဘ်ဟာ ဆီနိတ်တာ တယောက် အနေနဲ့ သူ ကြိုက်သလိုသွားနိုင်ပေမယ့် အခုလို အချိန်အခါမျိုး သွားတာကတော့ unfortunate ဖြစ်တယ်ပေါ့လေ။ သိပ်ကို ကသိကအောင့်ဖြစ်စေတဲ့အချိန် ဖြစ်နေတယ်ဆိုပြီးတော့ အခုလို ပြောပါတယ်။

“သွားတဲ့အချိန်က နည်းနည်း ကသိကအောင့် ဖြစ်နေတယ်လို့ ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထိန်းသိမ်းချုပ်နှောင်ထားတဲ့ကိစ္စကို စစ်အစိုးရက ထပ်ပြီး တိုးချဲ့လိုက်တဲ့အချိန်ပါ။ ဒါဟာ မသွားသင့်တဲ့အချိန်ပါ။ စစ်အစိုးရကို ကမ္ဘာ ပြစ်တင်ရှုတ်ချနေချိန်မှာ ထွက်ပေါက်ပေးလိုက်သလို ဖြစ်နေပါတယ်။ စစ်အစိုးရနဲ့ စကားပြောတာကတော့ ပြောပေါ့ဗျာ။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းလည်း ၂ ကြိမ်လောက်သွားပြီး ပြောခဲ့တာပဲ။ ဒါပေမယ့် အခုချိန်က ပြဿနာဖြစ်နေတဲ့အချိန် မဟုတ်လားဗျာ။”

ဒါပေမယ့် မနေ့ကထုတ်တဲ့ မြန်မာစစ်အစိုးရ သတင်းစာထဲမှာ သူတို့ကလည်းပဲ အိုဘားမားက change လို့ပြောတဲ့အခါ သူတို့ကလည်း change ကို လိုချင်တဲ့သဘော ခြေတလှမ်းပြလိုက်တယ်လို့ ယူဆထားတယ် ဆိုပြီးတော့ ဖော်ပြထားပါတယ်။ အဲဒါကိုရော မစ္စတာ Lohman ဘယ်လိုများ အဓိပ္ပါယ် ဖွင့်မလဲခင်ဗျ။ -

“ကျနော့်အထင်ကတော့ စစ်အစိုးရက အပြောင်းအလဲ တစုံတရာ လုပ်ချင်တဲ့ဆန္ဒ အစစ်အမှန် မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး ထိန်းသိမ်းထားလိုက်တာက သူတို့အနေနဲ့ အပြောင်းအလဲ လုပ်ဖို့ အဆင်သင့်မရှိဘူး ဆိုတာကို ပြသလိုက်တာပါ။ တကယ်လို့သာ စစ်အစိုးရဘက်က ပြောင်းလဲချင်တဲ့သဘော ပြသတာဖြစ်တယ်လို့ ယူဆကြမယ်ဆိုရင်တော့ ဒါဟာ ဖြစ်ချင်တာတွေကို စိတ်ကူးတွေယဉ်ပြီး တွေးတာပဲ ဖြစ်ပါလိမ့်မယ်။ စစ်အစိုးရက ဖမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်က အရင်ကထက်တောင် ပိုပြီးများလာနေတာ မဟုတ်ဘူးလားဗျာ။ သူတို့သာ တကယ် ပြောင်းလဲချင်တယ်ဆိုရင် ရွေးကောက်ပွဲကို နိုင်ငံတကာစောင့်ကြည့်မှုအောက်မှာ တရားမျှတစွာ ပြုလုပ်ပေးပါမယ်လို့ သူတို့က ကြေညာရမှာပေါ့ဗျာ။”

ဒါကတော့ အမေရိကန် အခြေစိုက် Heritage Foundation ရဲ့ ညွှန်ကြားရေးမှူး Walter Lohman ပြောသွားတာဖြစ်ပါတယ်။ ဆိုတော့ မြန်မာနိုင်ငံအစိုးရက ဘယ်လိုပဲ အမေရိကန်အစိုးရ ရဲ့ အပြောင်းအလဲတွေကို လိုက်ပြီးတော့ သူတို့လုပ်ဖို့ ကြိုးစားတယ်ဆိုပေမယ့် လက်မခံတဲ့သူတွေ အများကြီးဆိုတာ တွေ့ရပါလိမ့်မယ်။ တကယ်တော့ ဒီကနေ့ ဆောင်းပါးမှာ ရေးတာကလည်း အမေရိကန်ဘက်က အထက်လွှတ်တော်အမတ် တယောက် လာလည်နေတာဟာ သူတို့ စစ်အစိုးရကို လိုလိုလားလား ဆက်ဆံဖို့ နိမိတ်ပြလာတယ် ဆိုတဲ့သဘောမျိုး ဖော်ပြလိုဟန် ရှိပါတယ်။ တနည်းပြောရရင် ဂျင်မ်ဝက်ဘ် ရဲ့ ခရီးစဉ်ကို အမြတ်ထုတ် အသုံးချလိုက်တယ်လို့ ဆိုရလိမ့်မယ်ထင်ပါတယ်။

(voa)

Friday, August 14, 2009

0 လူပြောများနေသော ရန်ကုန်မြို့လယ်ကခေတ်သစ် ကင်ပေတိုင်စခန်း

A crowd waits outside Rangoon’s passport office. (Photo: Yuzo/The Irrawaddy)
ပြည်သူ့အထောက်တော်၊ ရန်ကုန်

သြဂုတ် ၁၄၊ ၂၀၀၉

ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ နိုင်ငံကူးလက်မှတ်ထုတ် ပေးရေးရုံးနဲ့ ၃၇၊ ၃၈ လမ်းတ၀ိုက် ကျင်လည်နေသော ပတ်စပို့ (လမ်းလျှောက်ပွဲစား)အယောက် ၂၀ ကျော်ကိုဖမ်းဆီးခဲ့ပြီးနောက် အချို့အား ပြီးခဲ့သည့် ဗုဒ္ဒဟူးနေ့က ကျောက်တံတားတရားရုံး၌ ချုပ်နှောင်ခွင့်စတင်ယူခဲ့တယ်လို့ ၃၇ လမ်းတွင်နေထိုင်သူ တစ်ဦးက ပြောတယ်။ အဆိုပါပုဂ္ဂိုလ်က

'' ဇူလိုင်လစောစောပိုင်းက ၃၇ လမ်းအလယ်နှင့်အောက်ဘလောက်၊ ၃၈လမ်းက လဘက်ရည်ဆိုင်တွေမှာထိုင်နေ ကြတဲ့ ပတ်စပို့ပွဲစားမှန်သမျှ အကုန်ဖမ်းခေါ်သွားတယ်။ ဒါပေမယ့် တကယ်အလုပ်ဖြစ်နေတဲ့ ပွဲစားကြီးတွေကိုတော့ ကြို တင်ဆက်သွယ်ရှောင်တိမ်းခိုင်းထားလို့ ဒီနေ့ထိ စီအိုင်ဒီ နဲ့ အက်စ်ဘီက မဖမ်းနိုင်ခဲ့တာကို နေပြည်တော်မှအထူးအဖွဲ့ ဖြစ် တဲ့ ပြည်ထဲရေးဝန်ကြီး၏ အာဏာကုန်လွှဲအပ်ခံရသော အောက်ဗမာပြည်ညွှန်ချုပ်ဆိုသူက ဆက်လက်တာဝန်ယူစစ်ဆေး နေပြီး ပတ်စပို့ရုံးအတွင်း အမြဲတမ်းတာဝန်ကျခဲ့တဲ့ အောက်ခြေ၀န်ထမ်းငယ်များရဲ့ ပိုင်ဆိုင်မှုစာရင်း၊ ရုံးသက်သာချောင် ချိရေးငွေစာရင်းအပါအ၀င် ဓါတ်ပုံရိုက်ကူးရေးလုပ်ငန်းငွေစာရင်းများကိုသာ အထပ်ထပ်လှန်လှောနေတယ်လို့ပြောသံကြား တယ် '' ဟုဆိုပါသည်။

ကျောက်တံတားမြို့နယ်ရှိ ၀ါရင့်ဝန်ထမ်းဟောင်းတစ်ဦးက ပြောဆိုရာတွင်မူ

'' ဟုတ်တယ်။ စသုံးလုံး ဆိုတာကတော့ မဆလကိုကာကွယ်စောင့်ရှောက်ဖို့ ဖွဲ့ခဲ့တာလေ။ သူတို့အနေနဲ့ ငွေကြေး ဘဲအဓိကဖြစ်ပြီး စီးပွားရေးနဲ့ ပတ်သက်လို့ မျိုးရိုးစဉ်ဆက်ကိုကြည့်အုံး ဈေးဗန်းတစ်ဗန်း၊ ကွမ်းယာတစ်ခုံ ရောင်းဝယ် ဖောက်ကားဘူးတာ မရှိဘူး။

တစ်ချိန်က ကာစတန် ကိုဖြိုခွင်းတုန်းကလည်း ယောက်ျားသားဝန်ထမ်းတွေကို ဥပဒေနဲ့ မညီဘဲ စစ်ဆေး ထိန်း သိမ်းထားပြီးနောက်ပိုင်း နေအိမ်တွေကို ခြိမ်းခြောက်တော့ မသိနားမလည်မိန်းမသားတွေမှာ သက်သာရာ သက် သာကြောင်း အားကိုးခဲ့ပြီး ငွေကျပ် သိန်းရာနှင့်ချီနေသော နိုင်ငံတော်ဘဏ္ဍာ ဖြစ်သင့်သည့် ငွေကြေးများအား စစ်ဆေးသူ စ သုံးလုံးအရာရှိများ၏ ကိုယ်ပိုင်ဘဏ်ငွေစာရင်းများသို့ ထည့်သွင်းဖျောက်ဖျက်တဲ့နည်းသုံးတယ်။

နာဂစ်ကိစ္စနဲ့ပတ်သက်လို့ လူမှုဝန်ထမ်းက အလွဲသုံးစားပြုတယ်လို့ဆိုပြီး အရေးယူဆောင်ရွက်ရာမှာလည်း ဆန်
ခိုးမမိ၊ ဖွဲခိုးမိ ပြောရမလား၊ တကယ်တော့ပြည်တွင်းဖြစ်ပစ္စည်းတွေရဲ့ အဲဒီကာလကဈေးနှုန်းနဲ့ ဒီကနေ့ဈေးနှုန်း
အမှန်မသိရှိဘဲ တွက်ချက်ခြင်းနဲ့အတူ ကြောက်ရွံ့ပြီး လာဘ်လာဘ၊ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့တာကို
ရယူ၍ တန်ဘိုးအားနေ့စဉ်ဝင်ငွေဟု သတ်မှတ်လျှက် ၃၆၅ ရက်နှင့်မြှောက်သည့်တွက်ချက်ခြင်းတို့ဖြင့် အထက် လူကြီးအကြိုက် ကိန်းဂဏန်းများကို တရားမ၀င်ပိုင်ဆိုင်ခဲ့သည်ဟု ရေးသားဘူးပါတယ်။

မနှစ်က ပဲကုန်သည်ကြီးတွေရဲ့ အဖြစ်အပျက်ကလည်း ဘာမှမထူးပါဘူး။ ဒီနေ့ထိ စ သုံးလုံး ရုံးကြီးလို့ လူသိများတဲ့ ရန်ကုန်မြို့လယ်က ခေတ်သစ်ကင်ပေတိုင်စခန်းကြီးမှာ အများပြည်သူမြင်သာအောင် နေ့ခေါ်ယူ၊ ညခိုးလွှတ်နဲ့ ပိုင်ဆိုင်မှုတွေ ရှာဖွေသိမ်းဆည်း ချိပ်ပိတ်နေတာကလည်း နေအိမ်အချို့နဲ့ မြေကွက်များကို ထက်ဝက် စားဖျောက်ဖျက်ပေးနေတယ်လေ။ အမှန်တကယ် နစ်နာတဲ့ ပွဲစားငယ်နဲ့ တောင်သူတွေက ရလိမ့်နိုးနိုးမျှော်လင့်နေသော်လည်း အမှုဖွင့်မထားဘူး၊ စာရင်းမပေါ်ဘူး၊ကုန်သည်မှာပိုင်ဆိုင်မှုမရှိတော့ဘူးလို့အကြောင်းအမျိုးမျိုးပြတယ်။

အခုလည်းဘဲ ပတ်စပို့ရုံးနဲ့ပတ်သက်ပြီး အဖြစ်မှန် စုံစမ်းစစ်ဆေး ဖော်ထုတ်နေတယ်လို့ ပြောတယ်။ ဒါပေမယ့် အက်စ်ဘီကို တကယ်စစ်မှာလား၊ တကယ်ညှစ်မှာလားဆိုတာ စောင့်ကြည့်ရအုံးမယ်။ လမ်းလျှောက်ပွဲစားကို စစ်ဆေးရုံနဲ့ရုံးတံစက်မြိက်ကအောက်ခြေ၀န်ထမ်းလောက်အကြောင်းဖော်ထုတ်ပြီး ပြည်သူနဲ့အစိုးရကို လိမ်လည်
ရန်တိုက်တဲ့အဆင့်မှာ ပြီးသွားမယ်လို့ထင်တယ်။


လာမယ့်အပတ်ထဲမှာလည်း အခွန်ရုံးက ၀န်ထမ်းတွေအပြင် ပတ်စပို့ရုံးမှာ တာဝန်ကျခဲ့တဲ့ လ၀ကအရာရှိ ၇၀
ကျော်ကိုလည်း စစ်ဆေးဘို့ လိုအပ်တယ်ဆိုပြီး ခေါ်ထားတယ်လို့ကြားတယ်။ ဒီရက်ပိုင်းတစ်နေကုန်တစ်နေခန်း
ရန်ကုန်တိုင်းက ရဲအရာရှိအချို့နဲ့ရဲမေတွေလည်း စသုံးလုံးမှာ လာရောက် အစစ်ဆေးခံနေတာ တွေ့နေတယ်။''
ဟု ဖြစ်ပေါ်နေသောအခြေအနေကို ပြောပြပါတယ်။

လူပြောများနေသော ရန်ကုန်မြို့လယ်က ခေတ်သစ် ကင်ပေတိုင်စခန်းဖြစ်သည့် စသုံးလုံးရုံးကြီးအတွင်း အာဏာ ပါးကွက်သားပမာ အကြောင်းအမျိုးမျိုးပြ၍ ခေါ်ယူစစ်ဆေးမှုများပြုလုပ်နေပါသည်။ ဥပဒေနဲ့မညီဘဲ ခြိမ်းခြောက်ခြင်း၊ ဆန္ဒမပါသော ထွက်ဆိုချက်ရယူခြင်း၊ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်ခြင်း၊ ရိုင်းပြသော ပြောဆိုဆက်ဆံခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ တရားဥပဒေအား ကျောခိုင်းပြီး ထင်ရာစိုင်းနေသည့်အပြုအမူများအပေါ် မည်သည့် ၀န်ထမ်းဌာန အဖွဲ့အစည်းကမျှ တုံ့ပြန်နိုင်ခြင်းမရှိသည်ကို အာဏာပိုင်များအနေဖြင့် ပြန်လည်စီစစ်ခြင်းမရှိဘဲ စသုံးလုံးက ပြောဆို ရေးသားမှုမှန်သမျှ အမှန်တရားဟုလက်ခံနေခြင်းအပေါ် နိုင်ငံ့ဝန်ထမ်းများအစား ရင်လေးမိပါတယ်။

Thursday, August 13, 2009

0 ယက်တောကို လွှတ်ပေးဖို့ ဗိုလ်သန်းရွှေ တွေ့ချင်တဲ့သူ

ပျော်တော်ဆက် သာဂိ


ခင်ဗျားနဲ့ အဆက်ကပြတ်နေတော့ ပြက်လုံးတွေ မကြားရဘူး။ ကျုပ်တို့ဖက်ကပဲ ခင်ဗျား ရီရအောင် ပြက်လုံးတွေ လုပ်ကြံရတော့မှာပေါ့။ အခု ဒေါ်စုနဲ့ မိတ်ဆွေ ၂ ယောက်ကို အကျယ်ချုပ် ၁၈ လ ချလိုက်တယ်။ နေအိမ်ကို ပြန်နေကြဆိုပဲ။ နောက် လူစိမ်းတွေ ရေကူးပြီး မ၀င်နိုင်အောက် အင်းယားကန်က ရေတွေကို ဖောက်ထုတ်ပစ်ထားမယ်လို့လဲ အမိန့်ထုတ်ထားသော်လည်း ဟိုမျောက်လောင်းကလေး မော်တော်ဘုတ်စီးဖို့ ရေကန် မရှိမှာစိုးလို့ဆိုပြီး “ဆိုင်းငံ့” ထားသေးသတဲ့။

အဲ … ဟို အမေရိကန် ယက်တောကိုတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ် ချလိုက်တယ်။ ချမယ့်ချ အနှစ် ၆၀၊ ၇၀ မချဘူးဗျ။ ၇ နှစ် ဆိုပဲ။ ပြီးတော့ မြစ်ကြီးနားထောင်လည်း မပို့ဘူး။ အမေရိကန်က သူ့မိသားစု ထောင်ဝင်စာ လာတွေ့ဖို့ ခက်မှာ စိုးသနဲ့ တူပါရဲ့။

ယုံကြည်စိတ်ချရတဲ့ အတွင်းသတင်းကတော့ မင်းတရားကြီး ဗိုလ်သန်းရွှေက ယက်တောကို လွှတ်ပေးဖို့ အကြံအစည်ရှိထားပြီးသားလို့ ဆိုတယ်။

အီရန်က ဖမ်းထားတဲ့ အမေရိကန်ဂျာနယ်လစ် မမတယောက်ကိုလည်း အမေရိကန်က “ကလင်တန်မ” နဲ့ အီရန်တို့ အခြားအာရပ်နိုင်ငံတွေ ကြားခံပြီး တွေ့ဆုံ ညှိနှိုင်းကြတဲ့နောက်ပိုင်းမှာ အီရန်က သဘောထားကြီးကြောင်းပြတဲ့အနေနဲ့ လွှတ်ပေးလိုက်ခဲ့တယ်လေ။

အဲ နောက်ပြီးတော့ ဗိုလ်သန်းရွှေ မဟာမိတ် မြောက်ကိုရီးယားခေါင်းဆောင်ကြီးကလည်း သူဖမ်းထားတဲ့ အမေရိကန်ဂျာနယ်လစ်ပေါက်စမလေး ၂ ယောက်ကို လွှတ်ပေးဖို့အရေး အိုက်တင်တွေ အိုက်စရင်တွေ ခံပြီးတော့ ဟိုအမေရိကန်က “ကလင်တန်ကောင်” နဲ့ တွေ့ချင်တယ်လို့ လုပ်ချပြလိုက်တယ် မဟုတ်လား။ ကလင်တန်ကောင်ကို ကင်ဂျုံအီက ငယ်ငယ်ကတည်းက ကြိတ်ပြီး ကြည်ညိုနေခဲ့တာလို့ အတွင်းသတင်း ဖြစ်နေတာကလား။ သူနဲ့ “ကလင်တန်ကောင်”တို့ ဓာတ်ပုံတွဲရိုက်ပြီး ကမ္ဘာမီဒီယာပေါ်မှာ ဟစ်တ် ဖြစ်သွားတာကို မြန်မာပြည်က ဗိုလ်သန်းရွှေကလည်း ကြိတ်ပြီး အားကျနေတာကိုး။

အခုတော့ အချက်ကောင်းတွေ့တာနဲ့ အမေရိကန်က ယက်တောကြီးကို ကမန်းကတန်း ဆေးရုံကနေ ထောင်ထဲ တန်းပို့ပြီး ထောင် ၇ နှစ် ချပစ်လိုက်တာဟာ မင်းတြားကြီး ဗိုလ်သန်းရွှေ အကြံကြီးကြီးနဲ့ အကွက်ချလိုက်တာပေါ့။

သူလည်း ကမ္ဘာမှာ နံမယ်ကြီးအောင် အမေရိကန်က ဘယ်သူနဲ့ ခေါ်တွေ့ရင် ကောင်းမလဲလို့ ဗိုလ်သန်းရွှေတယောက် စိတ်ကူးယဉ်တော့တာကိုးလေ။ “ကလင်တန်မ” တို့ “ကလင်တန်ကောင်” တို့ကို အီရန်တို့ မြောက်ကိုရီးယားတို့က ခေါ်သုံးထားပြီးဆိုတော့ အမေရိကန်က ဘယ်သူ့ကို ဆင့်ခေါ်တွေ့ဆုံ၊ ဓာတ်ပုံတွဲ ရိုက် ရင် ကောင်းမလဲ ပေါ့။ အမေရိကန်သမ္မတ “အိုဘားမား” ကိုတော့ ဗိုလ်သန်းရွှေက မတွေ့ချင်ဘူး။ နံမယ်မှာ “ဘားမား” ပါနေတော့ … ဒါ သူ့ကို စော်ကားသလို ဖြစ်နေတယ်လေ။ မသကာ အမေရိကန်သမ္မတနံမယ်က “အိုဘားမား” မဟုတ်ဘဲ “အိုမြန်မာ” ဆိုရင် သူက ခေါ်တွေ့ချင် တွေ့မှာကိုး …။

ပြီးတော့ “မိမိ၏ လုပ်ပိုင်ခွင့်အာဏာအတွင်းမှ မောင်ယက်တောကို စာနာထောက်ထား သနားသက်ညှာသော အားဖြင့်” ဆိုတဲ့ စကားလုံးကြီး သုံးပြီး ပြန်လွှတ်ပေးလိုက်မယ်ဆိုရင် ဘယ်လောက်တောင် ကမ္ဘာမှာ ဟစ်တ် အကြီးအကျယ် ဖြစ်ပေလိမ့်မလဲ … လို့ စဉ်းစားခန်းဖွင့်နေတော့တယ် လို့ ဆိုပါတယ်။

ဗိုလ်သန်းရွှေ ဆိုတဲ့ ဘုရင်မှူးချုပ်ကြီးကလည်း ပြည်တွင်းမှာပဲ မျက်စိပိတ် နားပိတ်နေတာ သူ့တသက်လုံးဆိုတော့ အမေရိကန်က ဘယ်သူတွေကို ဆင့်ခေါ်ပြီး တွေ့ဆုံဆွေးနွေး ရရင် ကောင်းပေလိမ့်မလဲ ဆိုတာ သိပ် မတွေးခေါ်တတ်တော့ သူ့အနီးကပ် မိဖုရားကြီး ကြက်ဆူပင်ကြိုင်ကြိုင်နဲ့ မြေးတော်လေး စိန်မျောက်လောင်းဆီက အကြံတောင်းရတော့တာပေါ့လေ။

ဒါပေမယ့် ခက်ပုံက ကြက်ဆူပင်ကြိုင်ကြိုင်နဲ့ စိန်မျောက်လောင်းတို့ကလည်း တောင်ကိုရီးယားက ရုပ်သံဇာတ်လမ်းတွဲတွေလောက်သာ ကြည့်ဖူး၊ ကြိုက်ဖူး၊ အသည်းစွဲဖူးကြရှာတာ ဆိုတော့ တောင်ကိုရီးယား မင်းသား၊ မင်းသမီး အမည်တွေလောက်သာ ကြားဖူးနားဝ ရှိတာကလား။ အမေရိကန်က နံမယ်ကြီးတဲ့ ခေါင်းဆောင်တွေ၊ စတားတွေ၊ သတင်းစာဆရာကြီးတွေ မပြောနဲ့ဦး … ဆွိုင်းဖလူတို့၊ ၀က်စ်နှိုင်းဗိုင်းရပ်စ်တို့ကိုတောင် ဖွာလူဒါတို့၊ ဗီးဂတ်စ်စီးကရက်တို့လို မှတ်ပြီး အတင်း ခိုးဝှက်တင်သွင်းမိလို့ တိုင်းပြည်တောင် ကာလနာ တိုက်နေတာ ဆိုတော့ ဗိုလ်သန်းရွှေလည်း အကြပ်အတည်းဆိုက်နေရတာပေါ့ ခင်ဗျာ။

အဲတာနဲ့ ဗိုလ်သန်းရွှေကလည်း သူ့မှာ ရှိတယ်ထင်တဲ့ ရွှေဉာဏ်တော် တထွာ တမိုက်ကလေးနဲ့ပဲ ငါ့ဇာတ်ကို ငါ ကတော့မယ် ဆိုပြီး အကြံထုတ်တော့တယ်လို့ သိရပါတယ်။ အမေရိကန်က ဆီနိတ်တာ ဂျင်ဝက်ဆိုသူကလည်း လာဖို့ အချိန်ကနီးနေတော့ အချိန်မီ သူရဲ့ တောင်းဆိုချက်ကို ပို့ပေးနိုင်ဖို့ကလည်း ဖိအားဖြစ်နေတာကိုး။ ဗိုလ်သန်းရွှေက ဂျင်ဝက်တောင် သိပ်လာစေချင်တာ မဟုတ်ဘူး။ နံမယ်ထဲမှာ “၀က်” ပါနေတော့ တုတ်ကွေးတွေ ခေါ်လာမှာကို စိုးရိမ်နေတယ်လို့ ပြောသံကြားတယ်။

ဗိုလ်သန်းရွှေလည်း အမေရိကန်က နာမည်ကြီးလူပုဂ္ဂိုလ်တွေကို ပြည်တွင်းထုတ် ဂျာနယ်တွေ၊ စာစောင်တွေ တလစာလောက်ကို စုဆောင်း ဖတ်ရှုပြီး ရှာဖွေ စဉ်းစားတော့တယ်လို့ သိရပါတယ်။ ပြည်တွင်းက စာနယ်ဇင်းတွေကလည်း ဆင်ဆာတွေ မိုးလုံးပြည့်ဆိုတော့ နိုင်ငံခြားဘောလုံးသမားနံမယ်တွေလောက်သာ ဗိုနံမယ်တွေအဖြစ် ရှောရှောရှုရှု ပုံနှိပ်ဖော်ပြခြင်း ခံရတာဆိုတော့ ကိုယ့်ရှူး ကိုယ်ပတ်ပြီး အတော်ကြီးကို ချွေုးပြိုက်ပြိုက်ကျတော်မူရှာပါတယ်။

နောက်ဆုံးမှာတော့ “ငါဟဲ့ သန်းရွှေ … ခေသူမဟုတ်ပါတကား” ဆိုပြီး တမဟုတ်ချင်း ခုန်ထ၊ လက်ခမောင်း တဖြောင်းဖြောင်း ခပ်တဲ့ပြီးသကာလ ယက်တောကို ပြန်လွှတ်ပေးဖို့အရေး မဟာ့မဟာ ဖိုတိုအပေါ်ကျုနတီ ခေါ် ကမ္ဘာကျော်မယ့် ဓာတ်ပုံအခွင့်ကောင်းယူရန် တွေ့ဆုံဖို့ အမေရိကန်က နံမယ်ကြီးလူတဦးရဲ့ နံမည်ကို ထုတ်ဖော်ရရှိလိုက်ပါတော့ သတဲ့။

အဲသဟာနဲ့ အမေရိကန်သံရုံးထံကို ဗိုလ်သန်းရွှေက သံကြိုးရိုက်ပြီး ရာဇသံ ပေးလိုက်ပုံက …

“ဟေ့ ကလင်တန်မ …

နင်တို့လူ ယက်တောကောင်ကို လွှတ်ပေးစေချင်ရင် ငါကိုယ်တော်မြတ်ဆီကို နင်တို့ အမေရိကန်က အခုတလော အမည်ဟိုးဟိုးကျော်တဲ့ ဟိုတကောင်ကို အမြန်လွှတ်ပေးလိုက်။ သူနဲ့ ငါကိုယ်တော်မြတ် တွေ့ဆုံပြီးမှသာ ယက်တောကို လွှတ်ပေးနိုင်လိမ့်မယ် …”

လို့ ဆိုပါသတဲ့။

ဗိုလ်သန်းရွှေက အခုတလော အမေရိကန်မှာ နံမယ်အလွန်ကြီးတယ်ဆိုပြီး တွေ့ချင်တဲ့သူ နံမယ်ကြားလိုက်တဲ့အခါ အမေရိကန်ကအစိုးမင်းများခင်မျာ အလွန် အကြပ်ရိုက်ကုန်ကြရပါတယ်တဲ့ ခင်ဗျား …

ဗိုလ်သန်းရွှေ တွေ့ချင်သူက …

“မိုက်ကယ်ဂျက်ဆင် …”

(အဟိ …)



(စာကြွင်း - ကိုဇာဂနာရေ့ … အမေရိကန်အစိုးရအတွင်းသတင်းအရကတော့ ခုချိန်ထိ မိုက်ကယ်ဂျက်ဆင်အသုဘကြီးကို မြေမချသေးဘဲ ဒီအတိုင်းထိန်းသိမ်းထားတဲ့ နောက်ကွယ်က လျို့ဝှက်ချက်ဟာ ဗိုလ်သန်းရွှေကြောင့်ဆိုတာ ကျန်ရစ်သူမိသားစုတွေတောင် မသိကြသေးဘူး ဆိုပဲ။)

http://moemaka.com/index.php?option=com_content&task=view&id=4619&Itemid=1


0 ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်စီရင်မှုအပေါ် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကန့်ကွက်ရူတ်ချ

သတင်းနှင့် မီဒီယာကွန်ယက်။
သြဂုတ် ၁၂ ရက်၊၂ဝဝ၉ ခုနှစ်။

မြန်မာ့ လွတ်လပ်ရေး တိုက်ပွဲနှင့် ဗမာ့တပ်မတော် ထူထောင်ရာတွင် ဦးဆောင်ပါဝင်ခဲ့သူ တဦးဖြစ်သည့် ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူး ချုပ်ဟောင်း ကျော်ဇောက ဒေါ်အောင်ဆန်းစုကြည်အပေါ် နအဖကတရားစီရင် ပြစ်ဒဏ်ချမှု အပေါ်ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား များ အားလုံး လွတ်မြောက်ရေးအတွက် တပ်မတော်နှင့် ပြည်သူတရပ်လုံး လှုပ်ရှားကြရန် တိုက်တွန်းနိုးဆော် လိုက်သည်။

ယနေ့ရက်စွဲဖြင့်ထုတ်ပြန်သည့်ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏ထုတ်ပြန်ကြေညာချက်တွင်“နအဖခေါင်းဆောင် ဗိုလ်သန်းရွှေကတော့တပြည်လုံးပြည်သူတွေကိုရောတကမ္ဘာလုံးကိုရော ရန်လုပ်ပြီး ဒေါ်အောင်ဆန်းစု ကြည်ကို ထောင်ချလိုက်ပါပြီ၊ ဒါကိုကျွန်တော် ပြင်းပြင်းထန်ထန် ကွန့်ကွက်ရှုတ်ချလိုက်ပါတယ် ”ဆိုပြီး ကြေညာချက်ကို အစချီ ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရုပ်ပျက်ဆင်းပျက်အဖြစ်ခံ၊ အမှုဆင်ထောင်ချမှုဟာ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ယုံ ကြည်မှု ကင်းမဲ့နေတာကို ပြသရာရောက်သလို ၂ဝဝ၈ခုနှစ်၊ မေလဆန္ဒခံယူပွဲမှာ ရာခိုင်နူန်း(၉ဝ)ကျော် ထောက်ခံ ခဲ့တယ်ဆိုတာဟာ ပျက်လုံးတရပ် ဖြစ်ကြောင်း ပြသလိုက်တာဘဲလို့ ဗိုလ်မျူးချုပ်ဟောင်း ကျော်ဇောက နအဖ ကို ထောက်ပြဝေဖန်လိုက်သည်။

နဝတ၊နအဖ စစ်အစိုးရအနေဖြင့် အမြော်အမြင်မဲ့စွာလုပ်ခဲ့၍ တိုင်းပြည်နှင့်ပြည်သူလည်း နစ်နာလှကြောင်း၊ တ နပ်စားဉာဏ်ဖြင့် ပြဿနာများကိုဖြေရှင်းခဲ့၍ ပြဿနာက ခဏတာ ငုတ်သွားသလိုရှိပြီး ပုံစံတမျိုးဖြင့် ပြဿနာ သစ်ပြန်ဖြစ်စေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချရင် လူကိုဘဲထောင်ချလို့ရမယ်၊ စိတ်ဓာတ်ကို ထောင်ချလို့မရကြောင်း၊ နိုင်ငံတကာ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ကတောက်ကဆဖြစ့်ပြီး ဗာပြည် ပြည်သူလူထုကလည်း လက်ပိုက်ပြီး ကြည့်နေမှာ မဟုတ်ကြောင်း ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ ကြေညာ ချက်ထဲ တွင် နအဖကို သတိပေးထားသည်။

အဆိုပါထုတ်ပြန်ကြေညာချက်ထဲတွင် “ဗမာပြည်သူတွေကရောဗမာ့တပ်မတော်သားများကပါ ဒေါ်အောင် ဆန်းစုကြည်အပါ မတရားဖမ်းဆီးခံထားရသူ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးကို မိမိ အရေးလို သဘောထားပြီး ရရာနေရာက လှုပ်ရှားကြဖို့ တိုက်တွန်း နိုးဆော်လိုက်ပါတယ် ”ဟု ကြေ ညာချက်ကို နိဂုံးချုပ်ထားသည်။

Wednesday, August 12, 2009

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေငြာချက်

0 ဂျွန်ဝီလီယံ ယက်တော၏ ရန်ကုန်ဆေးရုံကြီးတွင်ကုသနေသော ဗီဒီယိုဖိုင်


အခက်အခဲများကြားမှ ပြည်တွင်းမှဗီဒီယိုဖိုင် ပေးပို့လာသော ကြယ်ပျိုးခင်းအား အထူးကျေးဇူးတင်ရှိပါသည်။ ဂျွန်ဝီလီယံ ယက်တော ဟာခဏခဏတက်ပြီး ၀က်ရူးပြန်ေ၇ာဂါဖြစ်ခဲ့တဲ့အချိန်တုန်းက ရန်ကုန်ဆေးရုံကြီးမှာရိုက်ခဲ့တဲ့ဗီဒီယိုဖြစ်ပါတယ်။ ဒီဗီဒိယိုဖိုင်ကို ဂျွန်ဝီလီယံ ယက်တောနဲ့ပတ်သတ်သောမိသားစုဝင်များလည်း ကြည့်ချင်လိမ့်မည်ဟုထင်ပါသည်။

0 ဒေါ်အောင်ဆန်းစုကြည်ကို မတရားပြစ်ဒဏ်ချမှတ်ခြင်းအပေါ် ဂျပန်ရှီဒီမိုကရေစီလှုပ်ရှားသူများက ပြင်းထန်စွာကန့်ကွက်






တိုကျို၊ သြဂုတ်(၁၁)
သန့်မျိုးထွေး
ယနေ့တွင် အင်းစိန်ထောင်အထူးတရားရုံးမှနေ၍ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင်ထောင်ဒဏ်ချမှတ်လိုက်အတွက် ဂျပန်တွင်ရောက်ရှိနေသည့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူများက တိုကျိုရှိ မြန်မာနအဖသံရုံးသို့ သွားရောက်ပြီး
အပြင်းအထန်ဆန်ကျင်ကွန့်ကွက်ကြကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့တွင်မတရားပြစ်ဒဏ်အမိန့်ချမှတ်မည်ဆိုပါက ပြင်ထန်းစွာကန့်ကွက်တုံ့ပြန်မည်ဟု ပြောဆိုထားသည့်အတိုင်းနေ့လည် ၁ နာရီခွဲခန့်မှစတင်၍ အင်အား ၃၀၀ ကျော်ခန့်က သွားရောက်ဆန္ဒပြခြင်းဖြစ်သည်။

ဆန္ဒပြပွဲတွင်ပါဝင်သည့် အန်အယ်ဒီ(လွတ်မြောက်နယ်မြေ-ဂျပန်)မှကိုမြသိန်းက “ဒေါ်စုကိုထောင်ချတယ်လို့ ကြားလည်းကြားရော လူအုပ်ကြီးက
မတိုင်ပင်ထားဘဲ အနီးနာမှာရှိတဲ့ရေဗူးတွေ၊ လမ်းမှာတားဆီးထားတဲ့ မှတ်တိုင်တွေ၊ ခဲတွေနဲ့ ၀ိုင်းပေါက်ကြပါလေရော၊ တချို့ကသံရုံးတခါးကိုသွားပြီးအထဲကလူတွေ(နအဖ၀န်ထမ်း)တွေကို ဆဲကြတယ်၊ အချို့ဆိုသံရုံးထဲဝင်ဖို့ထိကြိုးစားကြတယ်၊ ဒါမတရားတဲ့အမှုပေါ့နော်...။”ဟုပြောပြသည်။

အင်းစိန်အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်(၃)နှစ်ဟုဥပဒေကြောင်းအရ ချမှတ်ခဲ့ခြင်းဖြစ်သော်လည်းလွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်ခြင်း၊နှင့်တဦးအပေါ်တဦးအာဃာတမထားလိုခြင်းစသည့်အကြောင်းပြချက်များဖြင့် နအဖဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏အမိန့်အရပြစ်ဒဏ်ထက်ဝက်လျော့ချ၍ ထောင်ဒဏ်(၁၈)လကိုသာ ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် နေအိမ်တွင်အကျယ်ချုပ်ကျခံရမည်ဟု စီရင်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက်တွင်ဆန္ဒပြသူများကိုဂျပန်ရဲများကလာရောက်ထိမ်းသိမ်းခဲ့ကြပြီးကောင်းမွန်စွာဆက်လက်ဆန္ဒပြရန်နှင့် ၁၅မိနစ်အတွင်းလူစုခွဲရန်တောင်းဆိုကြောင်းသိရသည်။

သို့သော်ဆန္ဒပြသူများမှာမည်သူ့ကိုမျှဂရုမထားဘဲလူထုခေါင်းဆောင်အတွက်ဆက်လက်၍ထိုင်သပိတ်ဖြင့်ကန့်ကွက်ဆန္ဒပြပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးမှတဆင့် မြန်မာနအဖသံအမတ်အား ဒေါ်အောင်ဆန်းစုကြည်ကို မည်သို့မည်ပုံစီရင်ချက်ချပြီး အရေးယူထောင်ဒဏ်အပြစ်ပေးသည်ကို
ထွက်၍ရှင်းလင်းပြောဆိုပေးရန် တောင်ဆိုကြသည်။

“ဘယ်လိုဘဲကြည့်ကြည့်ဒါလူထုခေါင်းဆောင်ကို ၂၀၁၀ရွေးကောက်ပွဲမှာဝင်မပါနိုင်အောင် မတရားအမှုဆင်ထောင်ချတာ၊ ဘယ်လိုမှကျနော်တို့လက်မခံနိုင်ပါဘူး။ အကယ်၍လူထုခေါင်းဆောင်ကိုပြန်လွတ်ပေးရင်ပေး၊ မပေးဘူးဆိုရင် ဒီမိုကရေစီတိုင်ပွဲအတွက်ရော၊ လူထုခေါင်းဆောင်လွတ်မြောက်ရေးအတွက်ရောဒီ့ထက်ပိုမိုတဲ့နည်းတွေနဲ့ကျနော်တို့ဆက်လက်တိုက်ပွဲဝင်သွားမယ်၊ အဲ့လိုနအဖကိုသတိပေးချင်တယ်...။”ဟုဆန္ဒပြသူတဦးဖြစ်သည့်ကိုကျော်စိန်ထွန်းမှ ပြောဆိုသည်။

အလားတူဒေါ်အောင်ဆန်းစုကြည်အား ပြုစုစောင့်ရှောင့်နေသည့် ဒေါ်ခင်ခင်ဝင်းနှင့်မ၀င်းပပတို့အား အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၃)နှစ်ကို ဒေါ်အောင်ဆန်းစုကြည်နည်းတူချမှတ်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်နေအိမ်အတွင်းသို့ ၀င်ရောက်ခဲ့သည့် အမေရိကန်နိုင်ငံသား ဂျွန်ဝီလီယံ ယက်တောကိုမှု ထောင်ဒဏ် (၇)နှစ်ကျခံစေရန်အမိန်ချမှတ်ခဲ့သည်။

နအဖ၏လုပ်ရပ်ကြောင့် မကျေနပ်သည့်မြန်မာဒီမိုကရေစီအရေးလှုပ်ရှားသူများသည်တိုကျိုရှိနအဖသံရုံးရှေ့တွင် မကြာခဏဆိုသလိုဆန္ဒပြတောင်းဆိုရင်းဂျပန်ရဲ၏ အင်အားသုံးဖြိုခွင်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သော်လည်း ယခုဆန္ဒပြမှုတွင်မှု တဦးတယောက်မှထိခိုက်ဒဏ်ရာနှင့်ဖမ်းဆီးခံရမှု
မရှိခဲ့ကြောင်းသိရသည်။

Tuesday, August 11, 2009

0 ဒေါ်စုကို ပြစ်ဒဏ်ချသည့်အပေါ် အတိုက်အခံများ ကန့်ကွက်

ချင်းမိုင် (မဇ္ဈိမ)။ ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ် ၁၈ လ ချမှတ်လိုက်သည့်အပေါ် ဒီမိုကရေစီအရေး လှုပ်ရှားသည့် အဖွဲ့အစည်းများက ယနေ့ ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချလိုက်သည်။

ပြည်တွင်း အဖွဲ့အစည်းများဖြစ်သော ၈၈ မျိုးဆက်ကျောင်းသားများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုအဖွဲ့ကြီး၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် - ဗကသနှင့် ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရေစီဖိုရမ် (FDB) တို့က ကန့်ကွက်လိုက်ခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလိုက်ခြင်းဟာ ပြည်သူလူထု တရပ်လုံးအပေါ် စစ်အစိုးရက တွန်းပို့တာပဲ။ အမျိုးသား ရင်ကြားစေ့ရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ အမျိုးသား ညီညွတ်ရေး လုပ်ငန်းစဉ်တွေကို ထိခိုက်သွားစေတယ်။ ဒါကြောင့် ဒီလုပ်ရပ်ကို ကန့်ကွက်ပါတယ်” ဟု ၈၈ ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်က မဇ္ဈိမကို ပြောသည်။

ထို့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပြည်သူလူထုအားလုံးကို ပြတ်ပြတ်သားသား၊ ရဲရဲရင့်ရင့် ဦးဆောင်မှုများ ပေးသင့်သည်ဟုလည်း သူက ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုအဖွဲ့ကြီး၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နှင့် ဗကသ က ''လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အပြစ်မဲ့ ထောင်ချမှုကို အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချ၊ ဒီမိုကရေစီ တိုက်ပွဲလမ်းကြောင်းကို အရှိန်အဟုန်နဲ့ ဆက်လက်ချီတက်ကြ'' ဟု ခေါင်းစည်းတပ်ထားသည့် ကြေညာချက်တစောင်ကို ယနေ့ ထုတ်ပြန်ခဲ့သည်။

ထိုထဲတွင် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သည့် ဒီပဲယင်း လုပ်ကြံမှု အပါအဝင် နည်းမျိုးစုံနဲ့ အသက်အန္တရယ်ပေးခဲ့ပြီးနောက် အကျယ်ချုပ် ချထားခဲ့ကာ လွတ်ရက်စေ့ကာနီးမှ အမှုဆင် မတရားစွဲဆိုလျက် မတရား ထောင်ချပစ်လိုက်ခြင်းဖြစ်ကြောင်း ထောက်ပြထားသည်။

ဤသည်မှာ အန်အယ်ဒီ၏ နိုင်ငံရေး ဦးဆောင်မှုကို အားပျော့သွားစေရန်၊ တိုင်းရင်းသားအင်အားစုများနှင့် ပြည်သူလူထု၏ အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီရေး တိုက်ပွဲလမ်းကြောင်းကို ယိမ်းယိုင်သွားစေရန်နှင့် စစ်အာဏာရှင်စနစ် ရေရှည် တည်တံ့ရေး လုပ်ငန်းစဉ်များကို စိတ်ချလက်ချ အကောင်အထည် ဖော်နိုင်ရန်အတွက်ဖြစ်ကြောင်း အထင်အရှား တွေ့နေရသည်ဟု ဆိုထားသည်။

လူထုခေါင်းဆောင်အား အပြစ်မရှိဘဲ ယခုလို မတရား ထောင်ချလိုက်ခြင်းအပေါ် အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချကြောင်းနှင့် စစ်အာဏာရှင်တို့ အလိုကျ လမ်းကြောင်းအတိုင်း မဖြစ်စေဘဲ၊ မြန်မာပြည်သူ လူထုကြီးနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အပါအဝင် ဒီမိုကရေစီတိုက်ပွဲ လမ်းကြောင်းကို အရှိန်အဟုန်ဖြင့် ဆက်လက် ဆင်နွှဲသွားမည်ဖြစ်ကြောင်း ကြေညာချက်ထဲတွင် ဆက်လက် ရေးသားထားသည်။

ထိုင်းနိုင်ငံအခြေစိုက် FDB အတွင်းရေးမှူးချုပ် ဒေါက်တာ နိုင်အောင်ကလည်း “ဒေါ်အောင်ဆန်းစုကြည်ကို ဒီလိုအကျယ်ချုပ် ချထားတယ်ဆိုတဲ့ ပြစ်ဒဏ်တွေက တရားမဝင်ဘူး။ အစကလည်း အမှုဆင်ပြီးတော့ လုပ်ခဲ့တယ်။ ဒါတွေ အားလုံး ရှုတ်ချတယ်။ မတရားဘူး။ ဒီလို သူ့ကို အကျဉ်းချလိုက်ခြင်းဟာ ဒီမိုကရေစီလမ်းစကို ပိတ်လိုက်တာပဲ” ဟု မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် အမိန့်ချမှတ်လိုက်ခြင်းသည် အန်အယ်ဒီက ကမ်းလှမ်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြန်လည်သုံးသပ်ပြုပြင်ရေးကို ငြင်းဆိုလိုက်ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့အား ၂၀၁၀ ရွေးကောက်ပွဲကို မပါဝင်နိုင်ရန် ကန့်သတ်လိုက်ခြင်းလည်း ဖြစ်သည်ဟု သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ် ဧပြီလတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ်တွင် စစ်အစိုးရ၏ နှောင့်ယှက်ခြင်းကို ခံခဲ့ရသည်။ ၂၀၀၃ ခုနှစ်တွင် ဒီပဲယင်းလုပ်ကြံမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နေအိမ်အကျယ်ချုပ် ၆ နှစ် ကျခံခဲ့သည်။

နေအိမ်အကျယ်ချုပ် သက်တမ်းကုန်ခါနီး အမေရိကန်နိုင်ငံသား ဂျွန်ယက်တောက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ဝင်ရောက်ခဲ့မှုနှင့် ပတ်သက်ပြီး “နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂” အား ဖောက်ဖျက်သည်ဟု စွပ်စွဲ၍ အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင်တရားရုံးက ယနေ့နံနက်တွင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

သို့သော် နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ ၅ အရ တရားရုံးက ချမှတ်ထားသော ပြစ်ဒဏ်များအနက် ပြစ်ဒဏ်၏ ထက်ဝက်ကိုသာ ကျခံစေရန် လျော့ပေါ့ ပြောင်းလဲလိုက်ပြီး ကျန်ရှိသော ပြစ်ဒဏ်ကိုလည်း ဆိုင်းငံ့လိုက်သည်ဟု စစ်အစိုးရ ထုတ်ဖော် ကြေညာခဲ့သည်။

0 အာဏာရူးသန်းရွှေပြောတဲ့စကား

Sunday, August 9, 2009

0 21st 8888 held in Japan Part-1


(21st 8888 held in Japan)Part-2

ဗီဒီယိုမှတ်တမ်းတင် ကိုမောင်ကြီးအား အထူးကျေးဇူးတင်ရှိပါသည်။

0 အနာဂတ်နိုင်ငံတော်နှင့် လူငယ်များ၏တာဝန် အပိုင်း(၅)

Researcher

Mg Si Thu

မြန်မာ့နိုင်ငံရေးအယူအဆ


၁။ မူလအခြေခံသဘောတရား
၂။ ကျင့်ဝတ်သိက္ခာ


မူလအခြေခံသဘောတရားများ

မြန်မာနိုင်ငံရေးဆိုင်ရာ အယူအဆမျာသည် အခြေခံအားဖြင့်ဘာသာရေးဆိုင်ရာ အဆုံးအမများမှ ဆင်းသက် လာသည်ဟု ယူဆရပါသည်။
ဥပမာအားဖြင့် မြန်မာနိုင်ငံ၏သမိုင်းအထောက်အထားများအရ အနော်ရထားမင်းမှသည် သီပေါမင်းအထိ ခတ် အဆက်ဆက်၌ ကျင့်သုံးခဲ့သော အုပ်ချုပ်ရေးစနစ်များသည် အကြွင်းမဲ့သက်ဦးဆံအပိုင်းဘုရင်စနစ်အတွင်း ဖြတ်သန်းခဲ့ သည်သာဖြစ်ပေသည်။
ထို့ကြောင့် ရှေးခေတ်မြန်မာနိုင်ငံရေးအယူအဆ၌ ထူးခြားသော အတွေးအခေါ်အယူအဆများ မတွေ့ရဘဲ မင်းကျင့် တရား(၁၀)ပါး နာယကဂုဏ်(၆)ပါးဟူသော ကျင့်ဝတ်သိက္ခာများအပေါ် အခြေတည်၍ တိုင်းပြည်အား စီမံအုပ်ချုပ် ခဲ့ကြလေသည်။

မင်းကျင့်တရား(၁၀)ပါး

1.လှူဒါန်းခြင်း
2.သီလဆောက်တည်ခြင်း
3.ပေးကမ်းစွန့်ကြဲခြင်း
4.ရိုးသားတည်ကြည်ဖြောင့်မတ်ခြင်း
5.နူးညံ့သိမ်မွေ့ခြင်း
6.အဌင်္ဂသီလ ဆောက်တည်ခြင်း
7.အမျက်မထွက်ခြင်း
8.သည်းခံခြင်း
9.ပြည်သူကို မညှဉ်းဆဲခြင်း
10.ပြည်သူကို မဆန့်ကျင်ခြင်း စသည်တို့ဖြစ်ပါ၏။
(မှန်နန်းမဟာ ရာဇ၀င်တော်ကြီး။ စာ -၃၈)


ထို့ကြောင့် မြန်မာနိုင်ငံရေးအယူအဆများ၏ မူလအခြေခံအကြောင်းတရားများသည်-
မင်းကျင့်တရား(၁၀)ပါး ဟူသော ကျင့်ဝတ်သိက္ခာများပင် ဖြစ်ပေသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် တိုင်းပြည်အားစီမံအုပ်ချုပ်သော စနစ်အားဖြင့်(၂)မျိုးနှစ်စားရှိခဲ့ပြီး တနည်း အားဖြင့် မြန်မာနိုင်ငံသမိုင်းတလျောက် ထွန်းကားခဲ့သော အကြွင်းမဲ့သက်ဦးဆံပိုင်စနစ်အား လုံးဝချုပ်ငြိမ်းစေ၍ သမ္မတ နိုင်ငံ ထူထောင်ခဲ့ကြပါ သည်။
ထို့သို့ထူထောင့်ခဲ့ရာ၌ လွတ်လပ်ရေးရပြီး (၁၉၄၈-၁၉၆၂)ထိ ပါလီမန်မိုဒီမိုကရေစီစနစ်အား ၁၉၄၇ အခြေခံဥပဒေ ဖြင့်(၁၄) နှစ်ကြာအုပ်ချုပ်ခဲ့ပါသည်။ (၁၉၆၂)မတ်လ (၂)ရက်နေ့၌ စစ်တပ်မှအာဏာသိမ်း၍ အုပ်ချုပ်စေပြီး (၁၉၇၄-၁၉၈၈)ထိ စစ်တပ်မှ ခေါင်းဆောင်များ အရပ်ဘက်သို့ အသွင်ပြောင်း၍ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဟုခေါ်သော တပါတီအုပ်ချုပ်သောစနစ်ဖြင့် (၁၉၇၄) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအား ပြဌာန်းကာ တိုင်းပြည်အား အုပ်ချုပ်ခဲ့ပါသည်။
ဤအခြေအနေများအားလေ့လာသောအခါ မြန်မာ့နိုင်ငံရေး၌ အယူအဆအတွေးအခေါ်များသည် အနောက်တိုင်း နိုင်ငံရေး အတွေးအခေါ်များအပေါ် အခြေခံ၍ တည်ဆောက်ခဲ့ကြသည်ဟု ဆိုရပေမည်။
မျက်မှောက်ကာလ မြန်မာ့နိုင်ငံရေးအခြေအနေအပေါ်၌ ရှေးခေတ်မြန်မာ့နိုင်ငံရေး အယူအဆများ၏ သက်ရောက် မှု အတိုင်းအတာ(သို့မဟုတ်) ရှေးခေတ်မြန်မာ့နိုင်ငံရေးအယူအဆများသည် မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေးဖြစ်စဉ် အပေါ် မည်မျှအကျိုး သက်ရောက်မှုရှိသနည်း ဆိုသောမေးခွန်းအား ဤနေရာမှဖြေဆိုလျှင် အကျိုးသက်ရောက်မှု မရှိ ကြောင်း တွေ့ရပေမည်သာ ဖြစ်ပါသည်။
ထို့ကြောင့် မြန်မာ့နိုင်ငံရေးဆိုင်ရာအယူအဆများသည် ကိုယ်ပိုင်မူဟန်ပျောက်လျှက်ရှိပြီး နိုင်ငံရပ်ခြား၊ အထူး သဖြင့် အနောက် နိုင်ငံများ၏အတွေးအခေါ်အယူအဆများမှ ကောင်းနိုးရာရာများအားရွေးချယ်၍ မြန်မာ့ ယဉ်ကျေးမှု ဓလေ့များနှင့် ကိုက်ညီမည့်ပုံစံများ ကိုယူဆောင်ပြီး မြန်မာ့နိုင်ငံရေး၏ ပြုပြင်ပြောင်းလဲနေသော ဖြစ်စဉ် တလျှောက် ဆက်စပ်တွေးခေါ်၍ ဆွေးနွေးနေခဲ့ကြဟန်ရှိပါသည်။

- သို့သော်လည်း မှန်ကန်သောလမ်းစဉ်တစ်ခုကိုကား တိတိကျကျသတ်မှတ် ချမှတ်နိုင်ခဲ့ခြင်းကား မရှိခဲ့ သေးချေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။

ဤအဖြေအားမဖြေဆိုမီ မြန်မာ့နိုင်ငံရေးဆိုင်ရာအချက်အလတ်များအပေါ် လေ့လာရာ၌ အောက်ပါအချက် အလက်များသည် ပြန်လည်သုံးသပ်သင့်ပေသည်။

4.မြန်မာနိုင်ငံသည် အကြွင်းမဲ့သက်ဦးဆံပိုင်ဘုရင်စနစ်အတွင်း ရှည်လျားစွာဖြတ်သန်းခဲ့ခြင်း၊
5.မြန်မာနိုင်ငံသမိုင်းတလျောက် နှစ်ပေါင်းတထောင်ကျော်၌ နှစ်ပေါင်းကိုးရာကျော်ခန့်သည် အချင်းချင်း သော်၎င်း၊ ပြည်ပနှင့်သော်၎င်း ရှည်လျားစွာ စစ်မက်ဖြစ်ပွါးနေခဲ့ခြင်း၊
6.အနော်ရထာမင်းလက်ထက်မှ ထူထောင်ခဲ့သော မြန်မာနိုင်ငံအား သုံးကြိမ်တိုင်တိုင် ပြန်လည် စုစည်း ခဲ့ရခြင်း၊ ထိုစည်းလုံးမှုပျက်ပြားနေသော ကာလများ၏အကျိုးဆက်များ၊
7.ကမ္ဘာပေါ်၌ ခေတ်စနစ်များကို အခြေအနေအချိန်ခါနှင့်အညီ ပြောင်းလဲကျင့်သုံးနေကြသော်လည်း မြန်မာ နိုင်ငံအား အုပ်ချုပ်ခဲ့သော အစိုးရများသည် များသောအားဖြင့် အကြွင်းမဲ့သက်ဦးဆံပိုင်စနစ်နှင့် အာဏာရှင် စနစ်များသာ ထွန်းကားခဲ့ခြင်း၊
8.မြန်မာ့နိုင်ငံရေးဖြစ်စဉ်တလျောက် ပြုစုပျိုးထောင်ခြင်းထက် ဖျက်ဆီးခြင်း၊ ဖိနှိပ်ခြင်း၊ သတ်ဖြတ်ခြင်း၊ ဖမ်းဆီး အကျဉ်းချခြင်း၊ နိုင်လိုမင်းထက်လုပ်ခြင်း၊ မိမိအင်အားသာလာပါက တဖတ်သားအပေါ် အနိုင်ယူဗိုလ်ကျ လိုခြင်း၊ မနာလိုခြင်း၊ မိမိအနစ် နာခံခဲ့ရခြင်းအပေါ် ပြန်လည်၍ အခွင့်ထူးများရယူ လိုခြင်း၊ ရာထူး စည်းဇိမ် အထူးမက်မောခြင်း၊ ငွေကြေး၊ တန်စိုး လက်ဆောင်မက်မောခြင်း၊ မိမိ၏အရှိန် အ၀ါဖြင့် မိမိတို့မိသားစု ဆွေမျိုးသားချင်း ကောင်းစားရေးအား ဦးစွာလုပ်ဆောင် နေကြခြင်း၊
9.စည်းလုံးမှု လုံးဝမရှိခြင်း၊
10.စနစ်တကျ တိုင်ပင်စည်းဝေးမှု လုံးဝမရှိခြင်း၊
11.လူလူချင်းစာနာစိတ် အလွန်အားနည်းခြင်း၊
12.ထေရ၀ါဒဗုဒ္ဓဘာသာလမ်းစဉ်အား ကျင့်သုံးသော နိုင်ငံတော်ဖြစ်သော်လည်း အတ္တ၀ါဒနှင့် အနတ္တ လမ်းစဉ် အား နိုင်ငံရေး၌ မှန်ကန်စွာ သဘောပေါက်နားလည်မှု အလွန်အားနည်းနေခြင်း၊
13.ငွေကြေး၊ ရာထူးထက်ပို၍ လူကိုတန်းဖိုးထားတတ်သော စိတ်ဓါတ်အလွန်အားနည်းခြင်း၊
14.ကျေးဇူးရှင်ကြီး၊ ဆရာကြီးအဖြစ်နှင့်သာ အစဉ်အမြဲခံယူလို၍ တပည့်မွေးသောအကျင့်ဆိုးများသာ မြန်မာ့ နိုင်ငံရေး လောက၌ ထွန်းကားနေခြင်း၊
15.မိမိ၏ပုဂ္ဂလအကျိုးစီးပွါးမှလွဲ၍ လူမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများအား လုပ်ဆောင်သော ပုဂ္ဂိုလ်များ အလွန် ရှားပါးနေခြင်း၊
16.ဒေသတစ်ခု၌ဖြစ်ပေါ်နေသော ပြဿနာအကြောင်းအရာတစ်ခုပေါ်တွင် ဖြေရှင်းခြင်း၊ ကူညီခြင်းလုပ်ငန်းစဉ် များအား လုပ်ဆောင်ရာ၌ မိမိ၏အကျိုးစီးပွါးအား ထည့်သွင်းတွက်ချက်၍ အမြတ်ထုတ်တတ်သော ဖြေရှင်း မှုမျိုးသာ မြန်မာ့နိုင်ငံ ရေးလောက၌ ထွန်းကားနေခြင်း။
17.နိုင်ငံရေးပြဿနာများအား ဖြေရှင်းရာ၌ စုပေါင်းအားဖြင်၎င်း၊ မှန်ကန်သောဦးဆောင်မှုဖြင့်၎င်း၊ တဦးနှင့်တဦး အပြန်အလှန် တန်ဖိုးထား၍ အနစ်နာခံခြင်းစိတ်ဓါတ်တို့ဖြင့်၎င်း၊ ခိုင်မာသောကိုယ်ကျင့် သိက္ခာရှိမှုဖြင့်၎င်း၊ သတိနှင့် အသိပညာရှိမှုဖြင့် ၄င်း၊ စုပါင်းလုပ်ဆောင်နိုင်မှသာ အောင်မြင်ရာဖြစ်ကြောင်းအား လက်တွေ့ ကျင့်သုံးနိုင်မှု အလွန်အားနည်းခြင်း။
18.မျိုးဆက်သစ်ပြုစုပျိုးထောင်မှု အလွန်အားနည်းခြင်း။
19.ပန်းတိုင်မရောက်ခင် “တက်” ထောင်တတ်သော အကျင့်ဆိုးရှိခြင်း။
20.သာယာဖွယ်၊ လွတ်လပ်ခြင်းတို့နှင့် ထိတွေ့ပြီးလျှင် ဘ၀မေ့ခြင်း၊ မိမိတို့၏ မူလရည်မှန်းချက် ပန်းတိုင်အား မေ့လျှော့ခြင်း။
21.အောင်မြင်မှုအပေါ်၌သာ စံစားခံစားတတ်သော်လည်း ပြဿနာများအပေါ် ဆုံးရှုံးမှုဖြစ်ခဲ့သော် တာဝန် ယူရဲသောသတ္တိ၊ တာဝန်ခံရဲသောသတ္တိတို့ရှိမှု အလွန်အားနည်းခြင်း။

စသည့် အကြောင်းတရားများကြောင့် တိုင်းပြည်နှင့်လူမျိုးသည် အရှိန်အ၀ါမှေးမှိန်လျှက် အဆင်းရဲဆုံးနိုင်ငံအဖြစ် ရပ်တည် နေရခြင်း ဖြစ်ပါသည်။

ထို့ကြောင့် မျက်မှောက် မြန်မာ့နိုင်ငံရေးအတွေးအခေါ်အယူအဆများသည် မူလဆင်းသက်လာရာ အကြောင်း တရားများဖြစ်သော ဗုဒ္ဓလမ်းစဉ်၏အဆုံးအမတရား ဒေသနာတော်များနှင့်သော်လည်းကောင်း၊ ရှေးခေတ်နိုင်ငံရေးဆိုင်ရာ လူပုဂ္ဂိုလ်ဆိုင်ရာ အဆုံးအမသဘောတရားများဖြစ်သော မင်းကျင့်တရားဆယ်ပါး၏ စံတန်ဖိုးများနှင့်သော်လည်းကောင်း မျက်မှောက် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးအား လေးကြိမ်တိုင်တိုင်စုစည်းထူထောင်ခဲ့ကြသော အာဇာနည် ခေါင်းဆောင် ပုဂ္ဂိုလ်တို့၏ ခံယူချက်သဘောထား အတွေးအခေါ်အယူအဆများနှင့်သော်လည်းကောင်း ကိုက်ညီခြင်း မရှိဟု ဆိုရပါမည်။
ယေဘူယျအားဖြင့် နိုင်ငံတနိုင်ငံ၏ ဖွံ့ဖြိုးတိုးတတ်မှုနိမ့်ကျခြင်းသည် ၄င်းနိုင်ငံ၏ အုပ်ချုပ်ရေးစနစ် အပေါ် မူတည်ပေသည်။ သို့သော် ဤအချက်တခုတည်းကိုပင် ထပ်မံခွဲခြမ်းလေ့လာပါက အုပ်ချုပ်ရေးစနစ်အား မည်သူတို့က ပြဌာန်းသနည်း ဟူသော မေးခွန်းရှိ လာရပါသည်။

သို့ဆိုလျှင် …

၁. တပါတီ(သို့) အာဏာရှင်တို့က ၄င်းတို့စိတ်ကြိုက် (သို့) ၄င်းတို့သဘောအမိန့်အတိုင်း ပြဌာန်းသည်လော၊
၂. ပြည်သူလူထုသဘောဆန္ဒဖြင့် ပြဌာန်းပေးသည်လော ဟူသည့်အချက် နှစ်ချက်အား တွေ့ရှိရမည်ဖြစ်ပါသည်။

မည်သို့ပင်ဆိုစေ နိုင်ငံတနိုင်ငံဟု သတ်မှတ်မည်ဆိုပါက ပြည်သူလူထု ဆန္ဒသဘောထားများကို လျစ်လျူရှု၍ မရနိုင်ပါပေ။ ထို့ကြောင့် နိုင်ငံတနိုင်ငံ၏ အုပ်ချုပ်ရေးစနစ်အား ပြည်သူလူထု၏ ဆန္ဒသဘောထားအပေါ် အခြေခံ၍ ဤနိုင်ငံတော်ကြီး ဤဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူ ပြည်သားအပေါင်းတို့၏ ဆန္ဒသဘော ထားများဖြင့် ဤနိုင်ငံတော်ကြီးအား ထူထောင်ပါသည် ဟူသော ကဗျဉ်းစာတမ်းထိုးနိုင်အောင် ဆောင်ရွက်နိုင်ပါမှ တရား ဥပဒေသည်လည်းစိုမိုးပြီး လောကပါလတရား (လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း၊ တန်းတူညီခြင်း) များလည်း ပေါ်ထွန်းလာပါမည်။ ဤသို့အားဖြင့် ဤနိုင်ငံ ဤပြည်သူတို့၏ ဂုဏ်သိက္ခာ အရှိန်အ၀ါသည်လည်း ကြီးမားပြီး နိုင်ငံတော် ကြီး၏ ဒေသပတ်ဝန်းကျင်အ၀န်းအ၀ိုင်း၌လည်း ဖွံ့ဖြိုးတိုးတတ်မှုများ ဖြစ်ပေါ်လာမည် ဖြစ်ပါသည်။

ထို့ကြောင့် နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတတ်ဖို့ရန်အတွက် (သို့) ဒေသအတွင်း လောကပါလတရားများ ဖြစ်ထွန်း ပေါ်ပေါက်လာရန် အတွက် မလိုလားအပ်သော အောက်ဖေါ်ပြပါ စနစ် (သို့) ၀ါဒများကို ဆန့်ကျင်ပြီး မကျင့်သုံး ရန်လိုအပ်ပါလိမ့်မည် -

၁. အာဏာရူးသောဝါဒ (Authoritarianism)
၂. ကိုယ့်မိသားစုဆွေမျိုးသားချင်းများ ကောင်းစားရေးအတွက်သာ ဆောင်ရွက်တတ်သော ၀ါဒ (Depotisim)
၃. အာဏာရှင်စနစ် (Dictatorship), (Totalitarianism)
၎. ကိုယ်နှင့်မတူတိုင်း တူရာအုပ်စုဖွဲ့ဗိုလ်ကျစိုးမိုးခြင်း၊ ညှင်းဆဲနှိပ်စက်သတ်ဖြတ်ခြင်းဝါဒ (Tyranny)
၅. စစ်ဝါဒ (Militarism)

စသည့် စနစ် (သို့) ၀ါဒများကို မိမိတို့ လူ့အဖွဲ့အစည်းအတွင်း မဖြစ်ပေါ်အောင် မကျင့်သုံးနိုင်အောင် ပြည်သူ ပြည်သား တွေသည် မိမိတို့ မိသားစုအရေးထက် ပို၍အရေးကြီးသော လုပ်ငန်းစဉ်အဖြစ်လည်းကောင်း၊ နိုင်ငံတော်အတွင်း လူ့အဖွဲ့ အစည်းအတွင်း၌ လောက ပါလတရားများ ဖြစ်ထွန်းနေအောင်သော်လည်းကောင်း ဦးစွာပထမကြိုးပမ်း ဆောင်ရွက်ဖို့ရန် လိုအပ်ပေလိမ့်မည်။

နိုင်ငံရေးသိပ္ပံဘာသာရပ်ဖြင့် မျက်မှောက်မြန်မာနိုင်ငံအခြေအနေအား လေ့လာရာ၌ ယထာဘူတကျကျ တည့်တည့်မက်မက် ကြည့်ရန်လိုအပ်ပါလိမ့်၏။
ဤစာတမ်းသည် နိုင်ငံတော်နှင့်ပြည်သူလူထုအကျိုး၊ နောင်အခါ တိုင်းပြည်အုပ်ချုပ်မည့် နိုင်ငံခေါင်းဆောင် လောင်း လူငယ် လူရွယ်များ အတွက် သတိပြုစရာ၊ သင်ခန်းစာယူစရာ၊ ဝေဖန်စရာ၊ ဆင်ခြင်တုံတရားလက်ကိုင်ထား၍ နိုင်ငံအကျိုးသယ်ပိုးစေခြင်းငှါ ဤနိုင်ငံရေး သိပ္ပံလေ့လာရေးစာတမ်း၏ တခုတည်းသော ရည်ရွယ်ချက်ဖြစ်ပါ၏။

အနာဂတ်နိုင်ငံတော်နှင့် လူငယ်များ၏တာဝန် အပိုင်း(၆) ဆက်လက်ဖော်ပြပါမည်။


0 မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave)၏ လှုပ်ရှားမှုများ


မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave) အဖွဲ့ဝင်လူငယ်များသည် နအဖအစိုးရက ဒေါ်အောင်ဆန်းစုကြည်အား မတရားဖမ်းဆီးထောင်ချရန် ကြိုးစားနေခြင်းကို ဆက်လက်ဆန့်ကျင်လျက်ရှိနေပြီး၊ ယမန်နေ့ သြဂုတ်လ (၈) ရက်နေ့ ၂၀၀၉ ခုနှစ်တွင် ပြည် နတ္တလင်း၊ ပေါင်းတလည်၊ ပေါက်ခေါင်း၊ အောင်လံနယ်မြို့ နယ်အသီးသီးတို့၏ အခြေခံပညာအထက်တန်းကျောင်းနှင့် လူစည်ကားရာ ဈေးများ စသည့်နေရာတို့တွင် ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံနှင့်  FREE DAW AUNG SAN SUU KY နှင့် FREE BURMA စာတန်းပါ စာရွက်စာတမ်းတို့ ကို ဖြန့် ကျဲခဲ့ခြင်းတို့  ပြုလုပ်ပါသည်။

ပြည်သူလူထုတရပ်လုံးနှင့် လူငယ်များအနေဖြင့်လည်း နအဖအစိုးရ၏ မတရားဖိနှိပ်မှုများကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့်အတူ ပူးပေါင်းဆန့်ကျင်၍ အရှိန်မြှင့်လှုပ်ရှားမှုများတွင် ပါဝင်ဆင်နွှဲကြပါရန် အလေးအနက် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

"အမျိုးသားခေါင်ဆောင်ဒေါ်အောင်စုကြည်အားခုချက်ချင်းလွတ်"

မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave)။

On Aug 8.2009 Generation Wave did pamphlet action today, Action happened at

key crowded places in Bago Division(Pyay ,Paungdale, Pukkaung) , Magwe

Divison (Aunlan) in Burma.

We also want to encourage people and especially youth of Burma

to do all they can to take actions for the release of Daw Aung San Suu Kyi.

“FREE OUR NATIONAL LEADER DAW AUNG SAN SUU KYI NOW!”


Best Regards,


Min Yan Naing

0 ၂၁ နှစ်ပြည့်မြောက် ရှစ်လေးလုံးအထိမ်းအမှတ်သူတို့အမြင်များ


အင်တာဗျူးသူ - နန်းအိမွန်ချစ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.