Saturday, August 15, 2009

0 အနာဂတ်နိုင်ငံတော်နှင့် လူငယ်များ၏တာဝန် အပိုင်း(၆)

Researcher

Mg Si Thu

ကမ္ဘာနှင့်အ၀န်းပြုပြင်ပြောင်းလဲနေသော ဖြစ်စဉ်ကြီးအတွင်း၌ မြန်မာ့နိုင်ငံရေး တနည်းအားဖြင့် နိုင်ငံတော်ကြီး အတွင်း လောကပါလတရားများ ဖြစ်ထွန်းအောင် ဆောင်ရွက်ရာ၌ မည်သည့်အတိုင်းအတာထိ တိုင်းပြည် အား အကျိုးသက်ရောက်ခဲ့သည် (သို့) မိမိတို့၏အခြေအနေမှန်များအပေါ် ပြန်လည်သုံးသပ်ဆင်ခြင်၍ အနာဂတ်လူငယ် လူရွယ်များအတွက် စွန့်လွှတ်ခြင်းအရာ၌ စံနမူနာအဖြစ်လည်းကောင်း၊ အနစ်နာခံခြင်းအရာ၌ စံနမူနာအဖြစ်လည်းကောင်း လက်တွေ့ကျကျ လုပ်ဆောင်ကျင့်သုံးသွားရန် လိုအပ် ပေလိမ့်မည်။

ဤအကြောင်းအရာနှင့်ပက်သတ်၍ ဗုဒ္ဓလမ်းစဉ် ရှု့ထောင့်မှ နမူနာယူအပ်သော စံအဖြစ်ထားအပ်သော အတွေးအခေါ် အယူ အဆအချို့နှင့် ဆရာကြီး ဦးရွှေအောင်ရေးသားသော “ဗုဒ္ဓ” အနှိုင်းမဲ့ကျေးဇူးရှင် စာအုပ်မှ အဆို အမိန့်များဖြင့် ကိုးကား နှိုင်းယှဉ် ဆက်လက်လေ့လာသွားပါမည်။
လူသည် ဘ၀အား လောဘဖြင့် စတင်ခဲ့သူဖြစ်၏။ ထို့ကြောင့် လူသည် မိမိလိုချင်သောအရာ မိမိ ရပ်တည် နိုင်ဖို့ရန်အတွက် အရာရာကိုလိုချင်တတ်မက်၍ ရအောင်လည်း အားထုတ်လေ၏။ ဤသည်မှာ လောကသဘာဝ တရား ပင်ဖြစ်ပေသည်။ တနည်း အားဖြင့်လည်း သူလို ကိုယ်လို သာမန်တွေးနိုင်သော လူသာမန်အတွေးမျိုးလည်းဖြစ်၏။
အဘယ့်ကြောင့်ဆိုသော် အတ္တ မိမိအကျိုးစီးပွါးတခုတည်းအပေါ်၌သာ ရပ်တည်နေခြင်း (သို့) အတ္တ၀ါဒ အတ္တဓမ္မတာ ဖြစ်သောကြောင့်ပင်ဖြစ်၏။
နိုင်ငံတော် ပြည်သူလူထု လူ့အဖွဲ့အစည်း အကျိုးစီးပွါးအတွက် ဆောင်ရွက်မည် ဆိုပါက (သို့) ဆောင်ရွက်နေ ပါသည် ဟူသော ပုဂ္ဂိုလ်၊ ဆောင်ရွက်မည့်ပုဂ္ဂိုလ် (သို့) လူ့အဖွဲ့အစည်း၏ ခေါင်းဆောင်အဖြစ်ဆောင်ရွက်လိုသည့် ခေါင်းဆောင်ငယ် ခေါင်းဆောင် လောင်းလျှာများအတွက်မူ အထက်၌ဖေါ်ပြခဲ့သော သူလို ကိုယ်လို သာမန်အတွေးမျိုးဖြင့် အတ္တ၀ါဒ၊ အတ္တဓမ္မတာ ဟူသော ကိုယ်ကျိုးစီးပွါး၊ ဆွေမျိုးကောင်းစားရေး၊ ကိုယ့်အုပ်စုအကျိုး ကိုယ့်ပါတီအကျိုး တခုတည်း အပေါ်အခြေခံသော အတွေးအခေါ်မျိုးဖြင့် မရရှိနိုင်ပါပေ။

နိုင်ငံရေးဟူသည်…

လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတတ်မှုကို ရှေ့ရှု့သော လုပ်ငန်းဖြစ်၏၊ မိမိအကျိုးထက် အများအကျိုးကို ရှေးရှု့သော လုပ်ငန်းဖြစ်၏။ တနည်း အားဖြင့်လည်း မိမိတို့လူ့အဖွဲ့အစည်းအတွင်း လောကပါလတရားများ ဖြစ်ထွန်းပေါ်ပေါက် နေအောင် ဤတရားများဖြင့် စည်ပင်နေ အောင် လူအဖွဲ့အစည်းအတွင်း ဟောပြောစည်းရုံး၍ ဆောင်ရွက်ရသော လုပ်ငန်း မျိုးလည်းဖြစ်၏။

ထိုသို့ဆောင်ရွက်ရာ၌ မိမိအကျိုးထက် လောကအကျိုးကို ရှေးရှု့ဆောင်ရွက်ရ၏။ မိမိတို့ဘ၀များကိုလည်း ပေးဆပ် ကောင်းပေးဆပ်ရ၏။ လုပ်သမျှလည်းအောင်မြင်လိမ့်မည်မဟုတ် သို့သော် အောင်မြင်သည်ဖြစ်စေ မအောင်မြင် သည်ဖြစ်စေ မျက်မှောက် လုပ်ဆောင်သော အခြေအနေများသည် အဖြေမဟုတ်ဘဲ မိမိ၏ လောကအပေါ် လူ့အဖွဲ့ အစည်းအပေါ်ထားရှိသော စေတနာသည်သာ အဓိကကျသည်ဖြစ်သောကြောင့် ဤသည်ကိုပင် မိမိလုပ်ငန်းအထ မြောက်သည်ဟု၍ဆိုအပ်ပါ၏။
ဤကဲ့သို့သော လုပ်ငန်းမျိုးသည် အနတ္တ၀ါဒီ အများအကျိုးကိုသာ ရှေးရှု့သော လမ်းစဉ် အနတ္တပဓါန လမ်းစဉ် ဟုဆိုပါ၏။

ဤသို့သောလုပ်ငန်းမျိုးကိုလည်း လူသာမန် သူလို ကိုယ်လိုကျင့်ကြံ ဆောင်ရွက်နိုင်ပါ၏။ ဤသို့အားဖြင့် အကြောင်းတရား အကျိုးတရားတို့အပေါ် အခြေခံ၍ လောက ခေတ်အဆက်ဆက်၌ အာဇာနည်များ ပေါ်ထွက်ခဲ့ကြ ခြင်းဖြစ်၏။ နောင်လည်းပေါ်ထွက်နေ အုံးမည် သာဖြစ်ပါ၏။

နိုင်ငံရေးဟုခေါ်သော “ တိုင်းပြု ပြည်ပြုလုပ်ငန်း” (သို့) “ လူ့အဖွဲ့အစည်းအတွင်း လောကပါလတရားများ ထွန်းကား စည်ပင်သထက် စည်ပင်အောင် ဟောပြောစည်းရုံး ဆောင်ရွက်သောလုပ်ငန်း” (သို့) လောကအကျိုးစီးပွါးကို ဦးတည်ဆောင်ရွက်ရ သောလုပ်ငန်း” ကို သာမန်သူလို ကိုယ်လိုမည်သူမဆို ဆောင်ရွက်နိုင်သော်လည်း သာမန် သူလိုကိုယ်အတွေးမျိုးဖြင့် မဆောင်ရွက် နိုင်ပါပေ။ ထိုသို့ဆောင်ရွက်ပါက တနည်းအားဖြင့် …
ဥပမာအားဖြင့်…

မြန်မာ စကားပုံများလာ အဆိုအမိန့်များမှ တခုဖြစ်သော…

“ အူမတောင့်မှ သီလစောင့်မယ်” ဟူသော စကားပုံမျိုးဖြင့် ၄င်းကို ယုံကြည်လက်ခံကျင့်သုံးသူများအတွက်တော့ လောက ဆိုသည့်၊ လူ့အဖွဲ့အစည်းဆိုသည့်၊ နိုင်ငံရေးဆိုသည့် ( အထက်၌ဖေါ်ပြထားသော အဓိပ္ပါယ်အတိုင်းရှိသော လုပ်ငန်းစဉ်) ဝေါဟာရမျိုးကိုပင် နားလည်သဘောပေါက်ရန် အလွန်ခက်ခဲနေပေလိမ့်မည်။

ဤအတွေးမျိုးဖြင့် ဆောင်ရွက်ပါက လောက၌ လောကပါလတရားများ စည်ပင်ဖို့ဝေးစွ တိုင်းပြည်အကျိုး လူ့အဖွဲ့အစည်း အကျိုး မဆိုထားနှင့် မိမိအကျိုးစီးပွါးပင် ပျက်ဆီးပေလိမ့်မည်။ လောက၌လည်း လောကပါလတရားများ ချုပ်ငြိမ်းသထက် ချုပ်ငြိမ်းသွား စေလိမ့်မည်ဖြစ်၏။ ထို့အပြင် ထို့လူအဖွဲ့အစည်းသည် ယဉ်ကျေးမှုနိမ့်ကျလျှက် အရိုင်း အစိုင်းများသာ ဖြစ်နေပေလိမ့်မည်။

မြန်မာနိုင်ငံသမိုင်းတလျောက် တိုင်းပြည်အား ပြန်လည်စုစည်းထူထောင်ခဲ့ကြသော ပုဂ္ဂိုလ်ကြီး (၄) ဦးရှိခဲ့ဘူးပါ၏။

၁. အနော်ရထာ (ပုဂံခေတ်)
၂. ဘုရင့်နောင် (ဟံသာဝတီခေတ်)
၃. အလောင်းဘုရား (ကုန်းဘောင်ခေတ်)
၎. ဗိုလ်ချုပ်အောင်ဆန်း ( မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး)

ဤပုဂ္ဂိုလ်ကြီးများသည် လူသာမန်တွေဖြစ်သော်လည်း သာမန်သူလို ကိုယ်အတွေးမျိုးဖြင့် နိုင်ငံတော်ကြီးနှင့် လောကအတွက် ဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်များ မဟုတ်ကြပေ။ ထို့ကြောင့်ပင် ဤ ပုဂ္ဂိုလ်ကြီးများကို မြန်မာနိုင်ငံသမိုင်း၌ အထူးလေးစားတန်ဖိုးထား အပ်သူများအဖြစ် မှတ်တမ်းတင်ထားခြင်းဖြစ်၏။

လောက၌လူရယ်လို့ ဖြစ်လာသောအခါ ယေဘူယျအားဖြင့် တောင်းတခြင်း (၄) မျိုးရှိပါ၏။

၁. အိမ်ယာထူထောင်လိုခြင်း၊
၂. စီးပွါးပစ္စည်းဥစ္စာ ပြည့်စုံသထက် ပြည့်စုံလိုခြင်း၊
၃. တရားဓမ္မနှင့်အညီ နေထိုင်လိုခြင်း၊
၎. လွတ်လပ်မှုနှင့် နေထိုင်လိုခြင်း စသည်တို့ဖြစ်၏။

ဖေါ်ပြပါအခြေအနေလေးရပ်သည် လူတိုင်းလူတိုင်း ခံစားလိုသော သဘောတရားများပင်ဖြစ်၏။ တနည်းဆိုသော် ပုထုဇဉ် လူသားများ လိုလားသော တောင့်တချက်များသာဖြစ်ပါ၏။ သူလို ငါလိုသူများလည်း တောင့်တပါ၏။ သူလို ငါလိုအဆင့်ထက် ကျော်သူများ လည်း လိုလားတောင့်တကြပါ၏။
သို့သော် သူလိုငါလို အဆင့်ထက်ကျော်လွန်သော သူများတောင့်တခြင်းသည် ဤတောင့်တခြင်းလေးမျိုးထက် လောက အကျိုး စီးပွါးကို ပိုမိုလိုလားတောင့်တကြပါ၏။ လောကအကျိုးအတွက်သော်၎င်း၊ အများအကျိုးအတွက်သော်၎င်း၊ တနည်းအားဖြင့် အဓမ္မအပေါ် ဓမ္မတရားက လွှမ်းမိုးနေမှုကို ပို၍လိုလားတောင်းတကြပါ၏။
ထိုသို့ပို၍ လိုလားတောင်းတသည်နှင့်အမျှ ကြိုးလည်းကြိုးစားကြ၏။ အားလည်းအားထုတ်၏။ ထိုသို့သော ပုဂ္ဂိုလ်များ၏ စိတ်သန္တာန်၌ သူလိုငါလို တောင့်တခြင်းမျိုး မရှိတော့ဘဲ လောကကောင်းကျိုးတခုတည်းအပေါ်၌သာ လုံလပြုသောကြောင့် တိုင်းပြည်များ မှာ လောကပါလတရားဖြစ်ထွန်းစည်ပင်ပြီး ဖွံ့ဖြိုးတိုးတတ်ကြကြောင်း လေ့လာ တွေ့ရှိရပါ၏။
ဤသို့သော ပုဂ္ဂိုလ်များကို မျိုးချစ်အာဇာနည်များဟု သက်ဆိုင်ရာနိုင်ငံတိုင်း နိုင်ငံတိုင်း၌ ခေါ်ဝေါ် ဂုဏ်ပြုကြခြင်းဖြစ်၏။ ဤသို့သော ပုဂ္ဂိုလ်များသည် မြန်မာ့သမိုင်း၌လည်းရှိပါ၏။ ၄င်း ပုဂ္ဂိုလ်တို့သည် လောကအတွက် မိမိဘ၀များကို ပေးဆပ်သူများဖြစ်၏။ ဤ ပုဂ္ဂိုလ်များကို နမူနာယူအပ်၏။ ထိုသို့နမူနာယူ ကျင့်ကြံဆောင်ရွက် နေသူများသည် သာမန်အတွေးအခေါ်များရှိသော သူများအမြင်၌ “လူအ” “လူညံ့” ဟုမြင်နေပေလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် အာဇာနည်စိတ်သဘောတရားကို နမူနာယူကျင့်ကြံအားထုတ်သော သူများသည် အခွင့်အရေး ဟူ၍လည်း မမက်မော၊ ရာထူးစည်းဇိမ်ဟူ၍လည်း မမက်မောဘဲ လောကသားတို့အပေါ်၌သာ လောကပါလ တရား၊ ချမ်းသာခြင်းတရား၊ စသည့် ဓမ္မတရားများ လွှမ်းမိုးရေးကိုသာ လိုလားသူများဖြစ်သောကြောင့်ပင်ဖြစ်၏။

ဤကမ္ဘာ၌ နိုင်ငံဖြစ်စေ၊ ဒေသဖြစ်စေ၊ လူမျိုးဖြစ်စေ၊ နိုင်ငံအတွက်လူမျိုးအတွက် အနစ်နာခံသူများ ဘ၀ကိုပေးဆပ်သူများ ပေါများလေလေ ထိုနိုင်ငံ ထိုလူမျိုးတို့သည့် ကမ္ဘာ၌ထိပ်တန်းနိုင်ငံများ ထိပ်တန်းလူမျိုးများအဖြစ် ရပ်တည်နိုင်ကြပါ၏။ ထိပ်တန်း ဟုဆို ရာ၌ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုချည်းသက်သက်မဟုတ်ဘဲ ကိုယ့်ကျင့်တရား၊ လူ့ကျင့်ဝတ်သိက္ခာစောင့်စည်းလိုက်နာ ကျင့်သုံးခြင်းအရာ၌လည်း ထိပ်တန်းအဆင့် မြင့်မားတိုးတတ်ကြပါ၏။ ထို့ကြောင့်ပင် ထိုနိုင်ငံများသည် ကမ္ဘာ၌ ၀င့်ကြွားစွာရပ်တည်နိုင်ကြခြင်း ဖြစ်ပါ၏။

ဥပမာအားဖြင့် …..နယူးဇီလန်၊ နော်ဝေး၊ ဆွီဒင် …အစရှိသည်အားဖြင့်

“မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရှိစဉ် မြန်မာပြည်သည် အာရှ၌ နိုင်ငံရေးအရလည်းကောင်း၊ စီးပွါးရေးအရ လည်းကောင်း၊ လူမျိုးဂုဏ်သိက္ခာမြင့်မားသော အခြေအနေတရပ်ဖြစ်ခဲ့ဘူးပါသည်။”

သို့သော် နိုင်ငံဖြစ်စေ၊ ဒေသဖြစ်စေ၊ လူမျိုးဖြစ်စေ၊ နိုင်ငံအတွက်လူမျိုးအတွက် အနစ်နာခံသူများ ဘ၀ကို ပေးဆပ်သူများ နည်းပါးလေလေ (သို့) ကိုယ်ကျိုးစီးပွါးတခုတည်းကိုသာကြည့်သောသူများ ပေါများလေလေ ထိုနိုင်ငံ၊ ထိုဒေသ၊ ထိုလူမျိုးတို့သည် အဓမ္မတရားများဖုံးလွှမ်းနေပြီး၊ ဆင်းရဲခြင်းအပေါင်း၊ ဒုက္ခအပေါင်းနှင့် ရင်ဆိုင်နေရပေ လိမ့်မည်။ ကမ္ဘာ့အလယ်၌လည်း လူလုံးမလှ လူရာမသွင်း အနှိမ်ခံ ဘ၀များဖြင့်သာ ဖြစ်နေပေလိမ့်မည်။


တဖန် တရားတော်လာ ဓမ္မပဒ စာအုပ် အပိုဒ် (၉၈) ၌
ဒေသတခုသည် ရွာဖြစ်ချင်ဖြစ်၊ တောဖြစ်ချင်ဖြစ်မည်၊ ကျီးကုန်းဖြစ်ချင်ဖြစ်မည်၊ချိုင့်ဝှမ်းဖြစ်ချင်ဖြစ်မည် သို့ရာတွင် မည်သို့ပင်ဖြစ်စေ သူတော်စင်၊ သူတော်ကောင်း (သို့) ဓမ္မတရားကို လက်ကိုင်ပြုကျင့်သုံးနေသူများ ဖြစ်ရိုးမှန်ပါက ထိုဒေသသည် ဤကမ္ဘာမြေပေါ်တွင် မွေ့လျှော်ဖွယ်အကောင်းဆုံးဖြစ်၏”
ဟူ၍ ရေးသားထားပါ၏။

အထက်ပါစာပိုဒ်သည် မြန်မာ့လူ့အဖွဲ့အစည်းအနေဖြင့် အထူးသတိပြုရန်လိုအပ်ပါလိမ့်မည်။ မြန်မာ့နိုင်ငံရေး အယူအဆ တရပ်အနေဖြင့် ရှုမြင်ကြည့်ပါက နိုင်ငံအကျိုး၊ လောကအကျိုး ကိုဆောင်ရွက်ရာတွင် တနည်းအားဖြင့် လောကပါလတရားများ မိမိတို့ လူ့အဖွဲ့အစည်းအတွင်း ဖြစ်ထွန်းအောင် ဆောင်ရွက်ရာ၌ ဆောင်ရွက်မည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ တို့သည်လည်း ဓမ္မတရား များကို လိုက်နာကျင့်သုံးရန်အထူးသတိတရားထားရှိဖို့ကိုလည်း လမ်းညွှန် ထားပါ၏။
နိုင်ငံနှင့်လူမျိုး၊ မိမိတို့နေထိုင်ရာလူ့အဖွဲ့အစည်းတို့အပေါ် ဒုက္ခစုံကျရောက်နေသော ကာလ၊ တနည်းအားဖြင့် အဓမ္မတရားများ ဖုံးလွှမ်းနေသောအချိန်များ၌ စွန့်လွှတ်စွန့်စားအနစ်နာခံဆောင်ရွက်ကြသူများသည် တိုင်းနိုင်ငံအသီးသီး တို့၌ ပေါ်ထွန်းကြပါ၏။ ထိုသို့ နိုင်ငံနှင့်လူမျိုး လူ့အဖွဲ့အစည်းအတွက် စွန့်လွှတ်အနစ်နာခံဆောင်ရွက်ကြသော ပုဂ္ဂိုလ်များ၌လည်း (၂) မျိုးရှိပါ၏။

၁. နိုင်ငံနှင့်လူမျိုး လူ့အဖွဲ့အစည်းအတွက် ပစ္စည်းဥစ္စာစွန့်ကြပါ၏။ ခြေလက်အင်္ဂါများလည်း စွန့်လွှတ်ကြပါ၏၊ ထို ပုဂ္ဂိုလ်များ သည် ထိုနိုင်ငံ ထိုလူမျိုး ထို့လူ့အဖွဲ့အစည်းအတွက် အဓမ္မတရားအပေါ် ဓမ္မတရားက ဖုံးလွှမ်း အောင်ဆောင်ရွက်ကြသူများပင်ဖြစ်ပေ၏။ တနည်းအားဖြင့် လောက၌ အဓမ္မတရား မထွန်းကားအောင် မိမိတို့ဘ၀ ဥစ္စာပစ္စည်း၊ စည်းဇိမ်တွေကို လောကအတွက် စတေးသော သူများပင်ဖြစ်၏။ သို့သော် မိမိတို့၏ အနစ်နာခံမှုကြောင့် အကျိုးတရားများပေါ်ထွန်းလာသောအခါ မိမိသည် ရာထူး၊ စည်းဇိမ်၊ အာဏာစသည့် အခွင့်အရေးများကိုလည်း ခံစားထိုက် သည်ဟု ခံယူသော ပုဂ္ဂိုလ်များလည်းရှိကြောင်းတွေ့ရမည်ဖြစ်၏။


၂. လောက၌ အဓမ္မတရားအပေါ် ဓမ္မတရားမှ ဖုံးလွှမ်းအောင်ဆောင်ရွက်ရာ၌ မိမိ၏ စွန့်လွှတ် အနစ်နာခံမှုများ၏နောက်၌ မည်သည့်အခွင့်အရေးကိုမျှ မမက်မော၊ မည်သည့်ခံစားခွင့်ကိုမှလည်း မမျှော်လင့်သော ပုဂ္ဂိုလ်များလည်း ရှိပါ၏။ ထို ပုဂ္ဂိုလ်မျိုးတို့ သည်သာ တကယ့်အာဇာနည်သူရဲကောင်း အစစ်အမှန်ပင်ဖြစ်ပေ၏။ လောက၌ အဓမ္မအပေါ် ဓမ္မတရားက လွှမ်းမိုးအောင် ဆောင်ရွက် ရာ၌ မိမိအတ္တအကျိုးပါမှ၊ ရာထူး၊ ငွေကြေး၊ စည်းဇိမ်ရမှ (သို့) ရသင့်သည်ဟူသောအယူအဆသဘောတရားများသည် စစ်မှန်သောစွန့် လွှတ်ခြင်း အနစ်နာခံခြင်းဟု မမည်ပေ။ ထို့ကြောင့် အာဇာနည် ပုဂ္ဂိုလ်ဟု မဆိုအပ်၊ တနည်းအားဖြင့် ဤသည်မှာ အတ္တ၀ါဒ အတ္တလမ်းစဉ် သာဖြစ်ပေ၏။
ဤကမ္ဘာ၏ တိုင်းနိုင်ငံအသီးသီး၊ လူ့အဖွဲ့အစည်း အသီးသီးတို့၌ အာဇာနည် ပုဂ္ဂိုလ်များသည် ရှိကြပါ၏။ထို ပုဂ္ဂိုလ်များသည် လောကအတွက် မိမိတို့ ဘ၀ကိုစတေး၍ လောကအကျိုးစီးပွါးတခုတည်းအပေါ်၌သာ ရှေးရှုကြပါ၏။ ထို့ကြောင့်လည်း ထို ပုဂ္ဂိုလ်များကို သူလို ငါလို သာမန်အဆင့်ထက် ကျော်လွန်မြင့်မြတ်သောသူ၊ သူရဲကောင်းများ၊ အာဇာနည် ပုဂ္ဂိုလ်ကြီးများအဖြစ် တိုင်းနိုင်ငံအသီးသီး၊ လူ့အဖွဲ့အစည်းအသီးသီးတို့၌ ၄င်းနိုင်ငံ၊ ၄င်းလူမျိုးတို့ကို ကိုယ်စားပြုသော ပုဂ္ဂိုလ်ကြီးများအဖြစ် တန်ဖိုးထားကဗျည်းထိုး အလေး အမြတ် ပြုကြခြင်းဖြစ်ပါ၏။

မြန်မာ့နိုင်ငံရေးအယူအဆများအနက် အောက်ဖေါ်ပြပါ အဆုံးအမတခုမှာ လွန်စွာမှတ်သား လိုက်နာကျင့်သုံး ဖွယ်ဖြစ်၏။

ဗုဒ္ဓလမ်းစဉ်အရ လူတိုင်း၌ ကျင့်စဉ်အားဖြင့် သုံးဆင့်ရှိပါ၏..

၁. လောကအတွက်ဖြစ်သည်။
၂. နိုင်ငံနှင့်လူမျိုးအတွက်ဖြစ်သည်။
၃. မိမိနှင့် မိမိတို့မိသားစုအတွက်ဖြစ်သည်။

မိမိနှင့် မိမိ မိသားစုအကျိုးစီးပွါးကို ဆောင်ရွက်ရာ၌ မိမိနိုင်ငံ၊ မိမိတို့အမျိုးသားများအရေးနှင့်လည်း ဆက်စပ် ပေသည်။ မိမိ “အား” ကောင်းလျှင် ကောင်းသလို နိုင်ငံအကျိုး၊ အမျိုးသားရေးအကျိုးတို့ကို ပိုမိုဆောင်ရွက်နိုင်ပေမည်။ ထို့ကြောင့် မိမိ “အား” ကောင်းပါမှ နိုင်ငံ လူမျိုးအတွက် လူ့အဖွဲ့အစည်းအတွက် ဆောင်ရွက်နိုင်ပေမည်၊ နိုင်ငံနှင့်လူမျိုး “အား” ကောင်းမှ ဤကမ္ဘာလောက အကျိုးအတွက် ပိုမိုဆောင်ရွက်နိုင်ပေမည်ဖြစ်ပါ၏။

ထို့ကြောင့် မိမိအကျိုးစီးပွါးကို တနည်းအားဖြင့် မိမိကိုယ်မိမိ “အား” ကောင်းအောင် မြင့်မားသည် ထက်မြင့်မားအောင် ဆောင်ရွက်ခြင်းသည် မိမိနိုင်ငံ မိမိလူမျိုး မိမိတို့လူ့အဖွဲ့အစည်းအကျိုးစီးပွါးအတွက် ဆောင်ရွက်ရန် ဖြစ်ပါ၏။ တနည်းအားဖြင့် မိမိအား လောက အတွက် အသုံးချရန်ဖြစ်၏။ ဤသို့ဆောင်ရွက်နိုင်ပါမှ လောက၌ လူ ပီသ၏၊ လောက၌ လူဖြစ်ရကျိုးနပ်၏၊ ထို့ကြောင့်ပင် မြန်မာ့ နိုင်ငံရေးအယူအဆ၌ စံတန်ဖိုးများသည် -

“ ငါကောင်းစားရေးသာ ပထမ” ဟူသော အယူအဆမဟုတ်ဘဲ “ လောက ကောင်းစားရေးသည်သာ ပထမ” ဟူသော စံတန်ဖိုးပင်ဖြစ်ပါ၏။ တနည်းအားဖြင့် “အနတ္တပဓါန လမ်းစဉ်” ပင်ဖြစ်ပေသည်။

အနာဂတ်နိုင်ငံတော်နှင့် လူငယ်များ၏တာဝန် အပိုင်း(၇)ဆက်လက်ဖော်ပြမည်။


0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.