Saturday, June 18, 2011

0 ဒေါ်အောင်ဆန်းစုကြည် ဇွန် ၂၂ ရက်နေ့ ခရီးစထွက်မည်

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ပထမဆုံးပြည်တွင်းခရီးစဉ်အား ဇွန်လ ၂၂ ရက်နေ့တွင် စတင်ရန် ပြင်ဆင်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှတာဝန်ရှိသူတစ်ဦးက ဆိုသည်။ ယင်းတာဝန်ရှိသူက “ မွေးနေ့ပွဲပြီးတာနဲ့၃ ရက်အကြာ ဇွန် ၂၂ ရက်မှာခရီးစတင်ထွက်မှာပါ၊

ဘယ်နေရာကိုစတင် ထွက်မယ်ဆိုတာတော့ ပြောဖို့ စောပါသေးတယ်”ဟုဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်လာပြီးနောက်တွင် မိမိသည် နိုင်ငံသားတစ်ဦး ဖြစ်ခြင်းကြောင့် မိမိလုံခြုံရေးသည် အစိုးရတွင် အပြည့်အဝတာဝန်ရှိကြောင်း မီဒီယာစာမျက်နှာထက်တွင် ဆိုခဲ့သည်။

ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်မြောက်မွေးနေ့ အခမ်းအနားအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် အခမ်းအနားပြင်ဆင်မှုများရှိနေသော်လည်း ပြည်တွင်းခရီးစဉ် ထွက်ရှိရန် ဒေါ်အောင်ဆန်းစုကြည်က နှောင့်နှေးမည်ကိုမလိုလားကြောင်း ယင်းအဖွဲ့ချုပ်အသိုင်းအဝိုင်းမှ ကြားသိရသည်။

အဖွဲ့ချုပ်လူငယ်တစ်ဦးက “ခရီးထွက်ဖို့ကို အမေက နောက်ကျမှာ မလိုလားဘူး။ အခု အောက်က
အခန်းမှာ အမေ့မွေးနေ့အတွက် ပွဲတိုက်တယ်၊ အပေါ်က အခန်းတွေမှာတော့ ခရီးသွားဖို့ ပြင်ဆင်နေ
ကြတယ်။ အစည်းအဝေးတွေ လုပ်နေကြတယ်” ဟုဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့်
ဒီပဲယင်းလုပ်ကြံမှု အပြီးတွင် ၇ နှစ်ကျော်ကြာ နအဖအစိုးရ၏ နေအိမ်အကျယ်ချုပ်ထားခြင်းခံခဲ့ရသည်။


ကျော်စွာ

( မေးထဲသို့ ရောက်လာသော Yangon Chronicle သတင်းလွှာမှ ကူးယူဖော်ပြပါသည် )

aung myo tun

Friday, June 17, 2011

0 ရုရှပြန်စစ်ဗိုလ်အုပ်စုလုပ်ရပ်အား အရေးယူရန် ပုဂ္ဂိုလ်ရေးအရ တောင်းဆိုခြင်း

ရုရှပြန်စစ်ဗိုလ်အုပ်စုတွေရဲ့ အင်တာနက်ဘလော့များတွင် ပုဂ္ဂိုလ်ရေးအရမကပဲ အမျိုးသမီးတဦးရဲ့ ဂုဏ်သိက္ခာနဲ့ ကျမရဲ့မိသားစုကိုပါ ထိခိုက်အောင် ရေးသားဖေါ်ပြလာတာတွေ့ရပါတယ်။ ဒီဘလော့တွေဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ပအတိုက်အခံ အဖွဲ့အစည်းတွေကို နည်းမျိုးစုံနဲ့တိုက်ခိုက်ရေးသားနေတဲ့ ဘလောဂ်တွေလည်းဖြစ်ပါတယ်။

၂၀၁၁ ဧပြီလအတွင်းမှာ ကျမရဲ့ဂျီမေလ်းအကောင့်နဲ့ ညီမဖြစ်သူအကောင့်နှစ်ခုစလုံး ခိုးယူခံရပါတယ်။ ခိုးယူသွားတဲ့အကောင့်ကို ပြန်ယူပြီးနောက် ၀င်ရောက်ထားတဲ့ IP တွေကို စစ်ကြည့်တဲ့အခါ မြန်မာပြည်က ဆိုတာတွေ့ရပါတယ်။ အင်တာနက်ရာဇ၀တ်မှု (cyber crime )ကို ကျူးလွန်ပြီး၊ ကျမဆီကို ခြိမ်းခြောက်အကြပ်ကိုင်ကာ အပေးအယူလုပ်ဖို့ ရုရှပြန်စစ်ဗိုလ်အုပ်စုတွေက ကမ်းလှမ်းရေးသားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျမရဲ့ ယုံကြည်ရပ်တည်ချက်အရ လက်ခံစဉ်းစားမှာ မဟုတ်ဘူးဆိုတာ အဲဒီအချိန်ကတည်းက ဒီစစ်ဗိုလ်တွေကို ပြတ်ပြတ်သားသားတုန့်ပြန်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျမအပေါ်တိုက်ခိုက်ရေးသားချက်တွေကို ရုရှပြန်စစ်ဗိုလ်တွေရဲ့ face book တွေမှာ အချင်းချင်းဖြန့်ဝေရေးသားတာတွေ့မြင်ရပါတယ်။

ကျမနဲ့ ခင်ပွန်းဖြစ်သူနှစ်ယောက်စလုံးဟာ မြန်မာနိုင်ငံတွင်း ကျောင်းသားနိုင်ငံရေး လှုပ်ရှားထဲဖြတ်သန်းခဲ့ကတည်းက မမှန်မကန်စွပ်စွဲ ပုတ်ခတ်မှုတွေ ခြိမ်းခြောက်အကြပ်ကိုင်မှုတွေကို ရင်ဆိုင်ခဲ့ရလို့ ဒီကိစ္စမှာ ရင့်ကျက်ပြီးသားဖြစ်နေပါပြီ။ အိမ်ထောင်ရေးဘ၀မှာ လုံးဝ ထိခိုက်မှု မရှိပါဘူး။ ဒါပေမယ့် ခြောက်နှစ်အရွယ် ရင်သွေး သမီးငယ်ကိုပါ ထိခိုက်လာတဲ့အတွက် မိခင်တဦးအနေနဲ့ ရုရုပြန်စစ်ဗိုလ်တွေရဲ့လုပ်ရပ် အပေါ်တုန့်ပြန်ပြောဆိုဖို့ လိုအပ်လာပါတယ်။

အခုလို ပုဂ္ဂိုလ်ရေးအရ ထိခိုက်နစ်နာအောင်ရည်ရွယ်ချက်သက်သက်နဲ့ နိုင်ငံတော်ငွေတွေသုံးပြီး ပညာသင်ခဲ့တဲ့ ရုရှပြန်စစ်ဗိုလ်အုပ်စုလုပ်ဆောင်နေတာဟာ မြန်မာစစ်တပ်ရဲ့မူဝါဒလား ၊ အစိုးရသစ်ရဲ့မူဝါဒလား ဆိုတာမေးခွန်းထုတ်ရပါလိမ့်မယ်။

နိုင်ငံပိုင်ငွေနဲ့ပညာသင်ပြီး၊ တတ်မြောက်လာတဲ့ နည်းပညာကို အလွဲသုံးစားလုပ်ကာ အရပ်သားလူပုဂ္ဂိုလ်တွေကို ခြိမ်းခြောက်အကြပ်ကိုင် ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့ ရုရှပြန်စစ်ဗိုလ်တွေလုပ်ရပ်တွေဟာ အနာဂတ်တိုင်းပြည်အတွက်ရော မြန်မာနိုင်ငံသားတွေအတွက်ပါ ရင်လေးစရာပါ။

နောက်ပြီး ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းမှာလက်ခံလို့မရတဲ့ Cyber Crimes၊ အမျိုးသမီးနဲ့ကလေးငယ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စော်ကားမှု၊ လူလူချင်းထိခိုက်နစ်နေစေတဲ့လုပ်ရပ်တွေ ရုရှပြန်စစ်ဗိုလ်တွေကျူးလွန်နေတဲ့အပေါ်မှာ သက်ဆိုင်ရာ တာဝန်ရှိအာဏာပိုင်တွေက အရေးယူဖို့လိုအပ်ပါတယ်။

အခုကိစ္စနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေအနေနဲ့ တရားခံ ရုရှားပြန်စစ်ဗိုလ်တွေကို ဖော်ထုတ်အရေးယူမယ်ဆိုရင် ဒီလူတွေနဲ့ပတ်သက်လို့ ကျမမှာရရှိထားတဲ့ အချက်အလက်တွေ မျှဝေပါ့မယ်။ လျှို့ဝှက်လုပ်တဲ့အပေးအယူမဟုတ်ပါဘူး။ အများသိအောင် ဗြောင်အပေးအယူလုပ်မှာပါ။ တကယ်လို့ သက်ဆိုင်ရာ မြန်မာအာဏာပိုင်တွေက မဖြေရှင်းနိုင်ရင်၊ ကိုင်တွယ်နိုင်မယ့် နိုင်ငံတကာအဖွဲ့အစည်းအဆင့်ဆင့်ကို အရေးယူပေးဖို့ တိုင်ကြားပါ့မယ်။

ကိုယ်ပိုင် အီးမေလ်းအကောင့်တွေကို ဖောက်ခံရပြီး၊ အကြပ်ကိုင် ခြိမ်းခြောက်ခံရသူအားလုံးလဲ ဒီကိစ္စမှာ ပါဝင်ကြမှာလို့ မေတ္တာရပ်ခံပါတယ်။

ယခုစာကို အောက်ပါ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များထံ ပေးပို့ပါတယ်။

၁. ဦးသိန်းစိန်၊ နိုင်ငံတော်သမတရုံး၊ ပြည်ထောင်စုသမတမြန်မာနိုင်ငံ

၂. ဦးဝဏမောင်လွင်၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့

၃. ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ်

၎. မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်

၅. မြန်မာသံရုံး၊ ၀ါရှင်တန်ဒီစီ

၆. ပြည်တွင်း ပြည်ပသတင်းဌာနများ


အင်ကြင်းနိုင်

ဝါရှင်တန်ဒီစီ

အမေရိကန်ပြည်ထောင်စု

မအင်ကြင်း facebookမှ

0 မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် (၆၆)နှစ်မွေးနေ့ အကြိုဈေးရောင်းပွဲတော်,ဓာတ်ပုံ/ရုပ်သံ(၁၆.၆.၂၀၁၁)



ဓာတ်ပုံ.Video.. မိုးငယ်

Thursday, June 16, 2011

0 ရန်ကုန်မှာ "နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး"စာအိတ်ပေးပို့ခြင်း နဲ့  စာရွက်ဖြန့် ၊ဝေ ၊ ကပ် လှုပ်ရှားမှုစတင်






နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးအတွက် လှုပ်ရှားမှုများဆောင်ရွက်ကြရာတွင် ယနေ့ မနက်ပိုင်းက ရန်ကုန်မြို့ နယ် အနှံ့ တွင် တက်ကြွစွာလှုပ်ရှားဆောင်ရွက်နေကြသော လူငယ်လူရွယ်များ စုပေါင်း၍ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးလှုပ်ရှားမှုတစ်ရပ်အနေဖြင့် အများပြည်သူများ လက်မှတ်ရေးထိုးတောင်းဆိုမှုပြုလုပ်ကြရန် ပန်ကြားထားသည့်စာများအား စာအိတ်များတွင် ထည့်သွင်းပေးပို့ ခြင်းများ၊ အမျိုးသားခေါင်းဆောင်ကြီး လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်းရုပ်ပုံနှင့်တကွ ဖေါ်ပြထားသော “နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး” အစရှိသည့် စာသားပါ စာရွက်စာတမ်းများအား အများပြည်သူများ စည်ကားသွားလာရာနေရာများတွင် ပေးဝေခြင်း ဖြန့် ချီခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ကြပါတယ်။

ဤလှုပ်ရှားမှုအား ဇွန်လ (၁၄) ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့ တွင်လည်း ယခုကဲ့သို့  ထပ်မံဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ရန်ကုန်မြို့ ပတ်ဝန်းကျင်တွင် လုံခြုံရေးများ တင်းကြပ်နေသည့်ကြားမှပင် အဆိုပါလူငယ်လူရွယ်များမှ အစုအဖွဲ့ များ ခွဲပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ယခုလှုပ်ရှားမှုနှင့် ပတ်သက်၍ - "မထသ (၁၀၂) ကားပေါ်တွေ၊ ပန်းခြံတွေမှာပါ ဖြန့် ဝေပါတယ်။ ဒီအပြင် စစ်ရုံးဘေးမှတ်တိုင်တွေ၊ နဝဒေးရုပ်ရှင်ရုံရှေ့ တွေ ၊ (၂၉) လမ်း မဂိုလမ်းနဲ့  မြေနီကုန်းဘက်တွေမှာ ဖြန့် ဝေကြပါတယ်။ မြောက်ဥက္ကလာပက ဆေးရုံတွေရဲ့  စာသင်ဆောင်တွေမှာလည်း စာရွက်စာတမ်းတွေကို ကပ်ခဲ့ကြတယ်။ စာသင်ဆောင် ဆေးကျောင်းသားတွေနေရာ မြောက်ဥက္ကလာပက အထက (၁) နဲ့ (၂) ကျောင်းတွေဘက်ပါ ဖြန့် ဝေခဲ့ကြပါတယ်” လို့  ပြောကြားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးလှုပ်ရှားမှုတစ်ရပ်အနေဖြင့် အများပြည်သူများ လက်မှတ်ရေးထိုးတောင်းဆိုမှုပြုလုပ်ကြရန် ပန်ကြားထားသည့်စာများအား စာအိတ်အရေအတွက် (၂၀၀၀) ၀န်းကျင် ဖြန့် ဝေခဲ့ပါတယ်။ စာထဲမှာ ရေးသားထားတဲ့ စာသားတွေကတော့ “လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်းရဲ့  သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ 
ယခုကျရောက်မည့် (၆၆) နှစ်မြောက် မွေးနေ့တွင် အများပြည်သူများမှ ည (၇) နာရီတိတိအချိန်တွင် မိမိတို့ အိမ်ဘုရားတွင် ဖရောင်းတိုင် (၅) တိုင် ထွန်းညှိပြီး မွေးနေ့ဆုတောင်းပေးကြရန်နှင့် မြန်မာပြည်သူပြည်သားများအတွက် စစ်မှန်သော ဒီမိုကရေစီ ရရှိဖို့  တိုက်ပွဲဝင်းရင်း အာဏာရူးများရဲ့  မတရားဖမ်းဆီးမှုကို ခံနေကြရသော နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်စေဖို့ ဆုတောင်းမေတ္တာပို့ပေးကြပါရန် ဆိုပြီး ရေးသားထားပါတယ်" လို့  ပြောဆိုပါတယ်။


ယခုဆောင်ရွက်သော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးလှုပ်ရှားမှုအား အဆိုပါ လူငယ်လူရွယ်များအနေဖြင့် လက်ရှိလုံခြုံရေးတင်းကြပ်စွာချထားမှုများကြားထဲမှ ခက်ခက်ခဲခဲ လုပ်ကိုင်ကြရခြင်းဖြစ်တယ်လို့ လည်း ပြောဆိုပါတယ်။ "ကျတော်တို့ သူငယ်ချင်းတွေအားလုံး စုပေါင်းပြီး ၀ိုင်းဝန်းကူညီကြတဲ့ လူငယ်အားလုံးပေါင်း (၁၀) ဦးကျော်ကျော် ပါဝင်ပါတယ်။ နောက်ပြီး ဗိုလ်ချုပ်အောင်ဆန်းပုံပါ “နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွှတ်” ဆိုပြီး စာသားတွေပါတဲ့ စာရွက်တွေကိုတော့ လက်ကမ်းစာစောင်တွေ၊ နံရံကပ်စာရွက်တွေအနေနဲ့ လည်း ပြုလုပ်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်၊ ပြီးတော့ အရင်က လုပ်ခဲ့ကြတဲ့ မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave – GW) ရဲ့ လုပ်ဆောင်မှုတွေကိုလည်း ကျွန်တော်တို့  လေးစားတယ် အားကျတယ်" လို့  အခက်အခဲများကြားမှ ဆောင်ရွက်ခဲ့ကြသူ လူငယ်လူရွယ်များထဲမှ တစ်ဦးက ပြောဆိုခဲ့ပါတယ်။

ယခုဆောင်ရွက်သော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးလှုပ်ရှားမှု စုပေါင်းဆောင်ရွက်ခဲ့ကြသော လူငယ်လူရွယ်များမှာ ၂၀၀၇ ခုနှစ် “ရွှေဝါရောင်တော်လှန်ရေး သံဃာတော်များ လှုပ်ရှားမှု” မှ စတင်သန္ဓေတည် ပေါက်ဖွားခဲ့ပြီး ယနေ့ထိတိုင် အာဏာရူးများအား နည်းလမ်းပေါင်းစုံဖြင့် ဆန့် ကျင်တိုက်ပွဲဝင်နေကာ တိုင်းပြည်နှင့် လူမျိုး အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေး၊ အမိမြန်မာနိုင်ငံ ငြိမ်းချမ်းသာယာရေးနှင့် မြန်မာပြည်သူပြည်သားများ လူ့ အခွင့်အရေး ရရှိရေးအတွက် ဆောင်ရွက်ကြိုးပမ်းနေကြသော အမျိုးသားရေးစိတ်ဓါတ်ပြည့်ဝကြသည့် လူငယ်လူရွယ်များ ဖြစ်ကြပါတယ်။

ပေးပို့သောခေတ်နေ၊ကိုနစ်နေမန်းတို့အားကျေးဇူးတင်ရှိပါသည်..

0 နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးဆုတောင်းပွဲများနှင့်အားပေးတွေ့ဆုံပွဲများတွင်ပြည်သူတရပ်လုံးလက်တွဲပါဝင်ကြ


0 KIA တပ်မတော်မှ အသိပေးကြေငြာချက်.

0 ခရစ်တော်၌ အိပ်ပျော်ခြင်း



ခရစ်တော်၌ အိပ်ပျော်ခြင်း

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေါ်နွဲ့နွဲ့မူသည် ၂၀၁၁ ခုနှစ်၊ မေလမှစ၍ ကျန်းမာရေးချို့ယွင်း လာပြီး ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံကြီး)၌ တတ်ရောက်ဆေးကုသမှု ခံယူနေစဉ် ၂၀၁၁ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့ နံနက် (၅း၅၀) နာရီတွင် ခေါ်တော်မူခြင်းခံခဲ့ရသည်။ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေါ်နွဲ့နွဲ့မူသည် ရုပ်ရှင်ဇာတ်ကားပေါင်း (၁၀၀) ကျော်နှင့် ဗီဒီယို ဇာတ်ကားပေါင်းများစွာတို့ကို ထူးချွန်ထက်မြက်သော အနုပညာစွမ်းအား၊ အနုပညာပါဝါတို့ဖြင့် ရိုက်ကူးသရုပ်ဆောင်ခဲ့သော အစားထိုး၍ မရနိုင်သော အနုပညာရှင်စစ်စစ် တစ်ဦးဖြစ်သည်။

မြန်မာ့ရုပ်ရှင်လောကမှ အနားယူသွားပြီဖြစ်သော နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူကိုယ်တိုင်သွားရောက်၍ ဈာပနပို့ဆောင်ခြင်းကို ပြုလုပ်ခဲ့ရာ စမ်းချောင်းမြို့နယ်ရှိ ချင်းနှစ်ခြင်းခရစ်ယာန်အသင်းတော်တွင် မဆုံတွေ့ရသည်မှာ ကြာပြီဖြစ်သော ရုပ်ရှင်ပညာရှင်ကြီးများ ဖြစ်သော ဒေါ်မြင့်မြင့်ခင်၊ ဒေါ်ချိုပြုံး၊ ဦးထွန်းထွန်းဝင်း၊ ဦးအောင်လွင်၊ ကိုမြညွှန့်၊ ကိုလူချောအဖွဲ့သား များ၊ ခရစ်ယာန်ဘာသာဝင် ဘုန်းတော်ကြီးများနှင့် ခရစ်ယာန်ဘာသာဝင် ပြည်သူလူထုတို့မှလည်း ၀မ်းသာအားရ ကျေးဇူးတင်စွာဖြင့် နှုတ်ခွန်းဆက်ခဲ့ကြသည်။

လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေးတို့၏ နာရေးကိစ္စများကို ဖေးမကုသိုလ်ဖြစ် သင်္ဂြိုလ်ပေး နေသော နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသားများသည် ၁၅.၆.၂၀၁၁ နံနက် (၁၀း၀၀) နာရီ အချိန်တွင် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေါ်နွဲ့နွဲ့မူ (ခ) ဒေါ်မြသန်းနွဲ့ အသက် (၆၁) နှစ်၏ ရုပ် အလောင်းအား ဂျပန်ဆေးရုံကြီးမှ သယ်ဆောင်ကာ စမ်းချောင်းမြို့နယ်ရှိ ချင်းနှစ်ခြင်းခရစ်ယာန် အသင်းတော်သို့ ပို့ဆောင်၍ ခရစ်ယာန်ဘာသာ ထုံးထမ်းအစဉ်အလာအရ ဈာပန၀တ်ပြု ကိုးကွယ်ခြင်း အစီအစဉ်ကို (၁၁း၀၀) နာရီအချိန်တွင် ကျင်းပခဲ့ပြီးနောက် ရေဝေးခရစ်ယာန် ဂိုဏ်းပေါင်းစုံသုဿန်သို့ ပို့ဆောင် ဂူသွင်းသင်္ဂြိုလ်ပေးခဲ့သည်။

ကိုကျော်သူ

Tuesday, June 14, 2011

1 အဆိပ်သင့်သူများ

“ကျောက်မီးသွေးပြာတွေရော ဖုံမှုန့်တွေပါရှုနေရတာ။
ကြာရင်ဒီဘက်ပိုင်းမှာနေတဲ့သူတွေ အဆုတ်ရောဂါတွေဖြစ်ပြီးတော့ အသက်တိုလိမ့်မယ်. . . ”

ဇင်ဝင်း ရေးသားသည်။

တီကျစ်၊ ဇွန် ၁၄ ၊၂၀၁၁ (YPI) - ဂေါ်ဖီစိုက်ခင်းတွေကြားထဲမှာ သုံးဖာလုံပတ်လည်လောက်ရှိပြီး ပေ ၂၀၀ လောက်နက်တဲ့ ကျောက်မီးသွေးတွင်းကြီးက နေရာယူထားတယ်။ အဲသည့်တွင်းကြီးနဲ့မလှမ်းမကမ်းမှာ တွင်းထဲကထွက်လာတဲ့ ကျောက်မီးသွေးမဟုတ်တဲ့ မြေစာခဲပုံကြီးက တောင်ပူစာတစ်လုံးလောက်ရှိတယ်။

`အဲဒီမြေစာပုံအောက်မှာ ကျွန်တော့်လယ်တွေရှိတယ်´ လို့ အသက် ၅၄ နှစ်အရွယ် လိုင်ခါးရွာသား ဂျန်ဖာစိုင်းက မြေစာပုံကြီးကိုကြည့်ပြီး ဖြည်းဖြည်းချင်းပြောပါတယ်။

မြေစာပုံကြီးဟာ ကျေးရွာထဲကလူနေအိမ်တွေထက်ကို သုံးလေးဆလောက်မြင့်တက်နေတယ်။

ယခင်ကသည်နေရာတွေအကုန်လုံးဟာလယ်စိုက်ကွင်းတွေ၊ ဥယျာဉ်ခြံမြေတွေဖြစ်ခဲ့ဖူးပေမဲ့ လွန်ခဲ့တဲ့ရှစ်နှစ်ကျော်ကစပြီး သည်လယ်ကွင်းတွေထဲမှာ ကျောက်မီးသွေးစတင်တူးဖေါ်ခဲ့ကြတယ်။ ရရှိတဲ့ကျောက်မီးသွေးတွေကိုတော့ ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံအတွက်အသုံးပြုပါတယ်။

တီကျစ်ကျောက်မီးသွေးတွင်း

တီကျစ်ကျောက်မီးသွေးတွင်း စီမံကိန်းအတွက် သိမ်းယူခဲ့တဲ့လယ်မြေတွေနဲ့ ရွှေ့ပြောင်းခဲ့တဲ့ရွာတွေအတွက် လျော်ကြေးပေးခဲ့ပေမယ့် အမှန်တစ်ကယ်တန်ဖိုးထက်များစွာနည်းပါးတယ်လို့ ဒေသခံရွာသားတွေက ပြောကြပါတယ်။

`လျော်ကြေးလေးနည်းနည်းပါးပါးတော့ပေးတာပေါ့။ အိမ်ဆောက်ဖို့မလောက်ဘူး´ လို့ အသက် ၆၂ နှစ်အရွယ် တောင်ပို့လရွာသား ဦးဂွေကပြောတယ်။

၎င်းကျေးရွာဟာ အိမ်ခြေ ၂၀ ကျော်သာရှိပြီး တစ်ရွာလုံးပြောင်းအရွှေ့ခံခဲ့ကြရပါတယ်။

အိမ်တစ်လုံးကို ငွေကျပ်တစ်သိန်းနဲ့ လယ်တစ်ဧကကို ကျပ်တစ်သောင်းသာပေးခဲ့တယ်လို့ ရွာသားတွေကပြောကြပါတယ်။

တောင်ပို့လကျေးရွာလိုပဲ ပြောင်းရွှေ့ခံခဲ့ရတဲ့ လိုင်ခါးရွာသား ဂျန်ဖာစိုင်းကလည်း `လျော်ကြေးပေးပြီးတော့ ဘာမှလှည့်မကြည့်တော့ဘူး။ တစ်အိမ်တည်းပြောင်းတာမဟုတ်ဘဲ ရွာလုံးကျွတ်ပြောင်းရတော့ တစ်ရွာလုံးလိုလိုဒုက္ခရောက်ကြရတယ်။ မိုးရွာတာ ရွှံ့တွေက ဒူးခေါင်းလောက်နဲ့။ အိမ်တွေရွှေ့ ပစ္စည်းတွေရွှေ့။ ၀ါးတစ်လုံးနိုင်ရင် ၀ါးတစ်လုံးသယ် ။ ကလေးတွေဆိုရင် သက်ကယ်တစ်ချက်နိုင်ရင် သက်ကယ်တစ်ချပ်သယ်ပဲ´ လို့ ၄င်းတို့ပြောင်းရွှေ့ခဲ့ရပုံကို ပြန်ပြောင်းပြောပြပါတယ်။

တီကျစ်ကျောက်မီးသွေးတွင်းကိုဗဟိုပြုပြီး ငါးမိုင်ပတ်လည်မှာ ကျေးရွာပေါင်း ၂၅ ရွာရှိပြီး ခန့်မှန်းလူဦးရေ ၁၂,၀၀၀ ကျော်နေထိုင်တယ်လို့ အစိုးရရဲ့တရားဝင်စာရင်းတွေကဖော်ပြပါတယ်။

တီကျစ်ကျောက်မီးသွေးတွင်းနဲ့ လျှပ်စစ်ဓါတ်အားပေးစက်ရုံဟာ အင်းလေးကန်ရဲ့ အနောက်တောင်ဖက် ၁၃ မိုင်အကွာ၊ ကလောမြို့ရဲ့တောင်ဖက် ၂၂ မိုင်အကွာ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာ မှာတည်ရှိပြီး တစ်နှစ်ကို ကျောက်မီးသွေးတန်ပေါင်း ၆၄၀,၀၀၀ အသုံးပြုလျှက်ရှိတယ်လို့ ပအို့ဝ်လူငယ်အစည်းအရုံးက ရေးသားထုတ်ပြန်ခဲ့တဲ့ အဆိပ်သင့်မိုးတိမ်များအမည်ရ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

တီကျစ်ကျောက်မီးသွေးတွင်းစီမံကိန်းကို ၂၀၀၂ ခုနှစ်မှာ လယ်ယာမြေတွေနဲ့ ဒေသခံကျေးရွာတွေကိုဖယ်ရှားပြီး စတင်အကောင်အထည်ဖော်ခဲ့တာပါ။

စီမံကိန်းစတုန်းက အမှတ်(၃) မြန်မာ့သတ္တုလုပ်ငန်းဌာန၊ တရုတ်နိုင်ငံ အမျိုးသားအကြီးစားစက်မှုကော်ပိုရေးရှင်း (China National Heavy Machinery Corporation – CHMC)၊ ရွှေသံလွင်ကုမ္ပဏီ၊ အရှေ့ဖျားဖွံ့ဖြိုးရေးကုမ္ပဏီ၊ ဧဒင်အုပ်စုကုမ္ပဏီ၊ အေ၀မ်းကုမ္ပဏီနှင့် အထူးဒေသ(၆) စီးပွားရေးလုပ်ငန်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ၂၀၀၃ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာဖော်ပြထားပါတယ်။

တီကျစ်ကျောက်မီးသွေးတွင်းနဲ့ လျှပ်စစ်ဓါတ်အားပေးစက်ရုံကထွက်ရှိလာတဲ့လျှပ်စစ်ဓါတ်အားတွေကို တီကျစ်နဲ့ မိုင်၄၀ အကွာမှာဆောက်လုပ်နေတဲ့ ပင်းပက် သံမဏိစက်ရုံကိုအများဆုံးပို့ဆောင်ပေးတာဖြစ်ပါတယ်။

အသက်မွေးဝမ်းကျောင်း ကပြောင်းကပြန်

တီကျစ်ကျောက်မီးသွေးတွင်းနဲ့ လျှပ်စစ်ဓါတ်အားပေးစက်ရုံကြောင့် ဒေသခံတွေရဲ့လူမှုစီးပွားပုံသဏ္ဍာန်တွေ ပျက်စီးပြောင်းလဲခဲ့တဲ့အပြင် ၄င်းဒေသရဲ့သဘာဝပတ်ဝန်းကျင်ကိုပါ အနှောက်အယှက်ဖြစ်စေခဲ့ပြီး နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေပါ ဖြစ်လာတဲ့အတွက် ဒေသခံတွေဟာ သူတို့ရဲ့ ရှေ့ရေးအတွက် စိုးရိမ်မကင်းဖြစ်နေကြပါတယ်။

တီကျစ်ကျောက်မီးသွေးတွင်းကထွက်လာတဲ့ မြေစာပုံကြီးကပိတ်ဆို့လိုက်လို့ဖြစ်ပေါ်လာတဲ့ ရေကန်ကြီးထဲမှာ ထင်းရှုးပင်အသေတွေကိုတွေ့ရပုံ

ကျေးရွာတွေရွှေ့ပြောင်းခံလိုက်ရသလို စိုက်ပျိုးစားသောက်စရာလယ်မြေတွေလည်း အသိမ်းခံလိုက်ရတာကြောင့် ကျပန်းအလုပ်နဲ့ တောင်ပေါ်တက်ပြီးထင်းခုတ်တဲ့အလုပ်တွေဟာ ဒေသခံရွာသားတွေရဲ့ဝင်ငွေရှာတဲ့ အဓိကလုပ်ငန်းတွေဖြစ်လာပါတယ်။

` လူကြီးတွေတောင်သစ်ပင်ကိုခုတ်ပြီးမီခိုနေရတော့ လူငယ်တွေပိုဆိုးတယ်။ အလုပ်မရှိအကိုင်မရှိဖြစ်ပြီး ပညာလည်းမတတ်တဲ့အခါကျတော့ အလုပ်လည်းရှာရတာခက်တယ်။ တစ်ချို့က ကုန်တင်ကားနောက်လိုက်ရင်းနဲ့ လုပ်ကိုင်စားသောက်ရတာတွေဖြစ်လာတယ်´ လို့ ၄င်းဒေသကိုသွားရောက်လေ့လာပြီး အဆိပ်သင့်မိုးတိမ်များ အစီရင်ခံစာကိုရေးသားရာမှာပါဝင်ခဲ့တဲ့ ပအို့ဝ်လူငယ်အစည်းအရုံးဝင် ဓါတုဗေဒဘွဲ့ရတစ်ဦးကကပြောပါတယ်။

စိုက်ပျိုးစားသောက်စရာ မြေယာတွေနည်းသွားတာကြောင် ဒေသခံတွေရဲ့ဝင်ငွေကျဆင်းလာပြီး ကလေးငယ်တွေကို ကျောင်းမထားနိုင်တဲ့သူတွေတဖြည်းဖြည်းနဲ့များလာတယ်လို့ ဒေသခံတွေကပြောပြကြပါတယ်။

`မိဘတွေက၀င်ငွေနည်းတော့ ကျောင်းမအပ်နိုင်ဘူးလေ။ ကျောင်းအပ်တော့ ကျောင်းဝင်ကြေးတွေဘာတွေ ပေးရသေးတယ်။ အလကားအပ်လို့ရတာမှမဟုတ်တာ။ ကျောင်းဝင်ကြေးမရှိ၊ စာအုပ်ဖိုးမရှိ၊ ကျောင်းဝတ်စုံမရှိ အဲဒီလိုတွေ´ လို့ လယ် ၁၀ ဧကအသိမ်းခံလိုက်ရတဲ့ တီကျစ်ရွာသားခွန်မောင်သိန်းက ပြောပြတယ်။

အလုပ်အကိုင်ပျောက်သွားရတဲ့ ဒေသခံအများစုဟာ သူတို့ရဲ့လယ်မြေတွေပေါ်မှာတည်ဆောက်ထားတဲ့ လျှပ်စစ်ဓါတ်အားပေးစက်ရုံမှာအလုပ်လုပ်လိုကြပေမယ့် သူတို့ရဲ့ပညာအရည်အချင်းမပြည့်စုံမှုကြောင့် အလုပ်အကိုင်မရရှိခဲ့ကြပါဘူး။ တစ်ယောက်စနှစ်ယောက်စလောက်သာ ၄င်းစက်ရုံမှာ အလုပ်သမားအဖြစ် အလုပ်လုပ်ခွင့်ရရှိခဲ့ကြပါတယ်။

`သူတို့ကပညာတတ်မှခေါ်တာကိုး။ လက်ရှိနေတဲ့ပြည်သူတွေက ပညာတတ်မပြောနဲ့ ၁၀ တန်းတွေ အထက်တန်းအဆင့်တောင်မအောင်တဲ့သူတွေအများကြီးပဲ´ လို့ ခွန်မောင်သိန်းက သူတို့ရဲ့အခက်အခဲကိုပြောပါတယ်။

လူမှုစီးပွား အကုန်ပျက်ပြား

ရွှေ့ပြောင်းခံခဲ့ရတဲ့တောင်ပို့လကျေးရွာနဲ့ တီကျစ်ကျေးရွာကြားထဲမှာ ကျောက်မီးသွေးတွင်းကြီးနဲ့အတူ ကျောက်မီးသွေးတွင်းကထွက်လာတဲ့ ကျောက်မီးသွေးမြေစာခဲပုံကြီးကတောင်ကြီးတစ်လုံးလိုခြားသွားပါတယ်။

ကျောင်းသားကလေးငယ်တွေကျောင်းသွားရတဲ့အခါ အဲသည့်မြေစာတောင်ပုံကြီးကိုဖြတ်သန်းသွားရပြီး အဲဒီလမ်းတစ်လျှောက်မှာလည်း မြေစာခဲသယ်ယူစွန့်ပစ်နေတဲ့ ကုန်တင်ကားကြီးတွေဥဒဟိုသွားလာနေတာကြောင့် အန္တရာယ်အလွန်ဖြစ်မှာ ရွာသားတွေစိုးရိမ်ကြပါတယ်။

`ကျောင်းသားတွေကျောင်းသွားကျောင်းပြန်အဲဒီ(မြေစာပုံ)နားမှာခိုကပ်နေကြတယ်။ ဆော့နေကြတာလေ။ မိုးရွာရင် (မြေစာပုံ) ပြိုကျမှာ အဲဒီတစ်ခုတော့စိုးရိမ်တယ်´ လို့ လိုင်ခါးကျေးရွာသား ဂျန်ဖာစိုင်းကပြောတယ်။

တူးဖော်ပြီးသား ကျောက်မီးသွေးတွေကို ဓါတ်အားပေးစက်ရုံကိုမပို့ခင် ကျေးရွာချင်းဆက်သွယ်သွားလာတဲ့ လမ်းတွေဘေးမှာပုံထားတာတွေ့ရတယ်။ ကျောက်မီးသွေးတွေက နေအပူရှိန်နဲ့အလိုလိုမီးတောက်လောင်နေတယ်။ ဖြတ်သွားဖြတ်လာတွေက မီးတောက်နေတဲ့ကျောက်မီးသွေးတွေကိုမနင်းမိအောင်သတိထားပြီးသွားလာရတယ်။

ကျောက်မီးသွေးတွင်းတစ်ဝိုက်မှာ ဖုံတထောင်းထောင်းထနေပြီး အနီးနားကကျေးရွာတွေရဲ့ အိမ်ခေါင်မိုးတွေပေါ်မှာရော သီးနှံစိုက်ခင်းတွေပေါ်မှာပါ မြေစာမှုန့်ဖုံတွေတွေ့ရပါတယ်။

တီးကျစ်ကျောက်မီးသွေးတွင်းကထွက်လာတဲ့ ကျောက်မီးသွေးတွေကို လောင်စာအဖြစ်အသုံးပြုပြီးလည်ပတ်နေတဲ့ လျှပ်စစ်ဓါတ်အားပေးစက်ရုံ

ကျောက်မီးသွေးမိုင်းတွင်းစတင်တူးဖော်စဉ်က မိုင်းခွဲရတာကြောင့် မြေကြီးတွေတုန်ခါပြီး တီကျစ်ရွာမှာတည်ထားတဲ့ ရှေးဟောင်းစေတီတစ်ဆူပြိုသွားခဲ့ပါတယ်။ ၄င်းစေတီလေးမှာနှစ်စဉ်နှစ်တိုင်း ဘုရားပွဲကျင်းပလေ့ရှိပါတယ်။ ယခုချိန်မှာတော့ ဘုရားမရှိတော့တာကြောင့် ၄င်းဘုရားပွဲလည်းမကျင်းပရတော့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

` တန်ခူးသီတင်းကျွတ်ဆိုရင် ပဌာန်းရွတ်ပွဲတို့ ဆီမီးတစ်ထောင်တို့လုပ်တယ်။ ဘုရားပွဲကို အကြောင်းပြုပြီး ဆွေမျိုးတွေ နှစ်စဉ်နှစ်တိုင်းပြန်ဆုံရတာလေ။ အခုတော့စေတီလည်းမရှိတော့ဘူး။ စိတ်ဆိုးတော့ရောဘာတတ်နိုင်မှာလည်း ။ သူတို့လက်ခုပ်ထဲကရေတွေပဲလေ´ လို့ အသက် ၄၅ နှစ်အရွယ် တီကျစ်ရွာသားစိုက်ပျိုးရေးသမားတစ်ဦးက စေတီပြိုသွားတာနဲ့ပတ်သက်ပြီး သူ့ခံစားချက်ကိုဖွင့်ဟတယ်။

ကျောက်မီးသွေးတွင်းတာဝန်ယူထားတဲ့ကုမ္ပဏီက ပြိုသွားတဲ့စေတီကို ပြန်လည်တည်ဆောက်ပေးမယ်ဆိုပေမယ့် ယနေ့အချိန်ထိပြန်လည်တည်ဆောက်ပေးခြင်းမရှိသေးပါဘူး။ ပြိုကျသွားတဲ့စေတီနေရာကို လူတွေမ၀င်နိုင်အောင် ၀ါးကတ်နဲ့ ရာဇမတ်ကာထားတာတွေ့ရတယ်။

တီကျစ်လျှပ်စစ်ဓါတ်အားပေးစက်ရုံကနေ ဒေသခံကျေးရွာအချို့ကို လျှပ်စစ်ဓါတ်အားထောက်ပံ့ပေးထားပေမယ့်လည်း ၄င်းစက်ရုံကြောင့် ဒေသခံတွေဆုံးရှုံးမှုကပိုကြီးမားတယ်လို့ ဆိုကြပါတယ်။

`လျှပ်စစ်ပေးတာလည်း အလကားပေးတာမှမဟုတ်တာ။ မီတာတစ်လုံး နှစ်သိန်းခွဲဆိုလည်း ကိုယ့်ဖာသာပေးရတာပဲ။ ဒီရွာဆိုရင် လယ်လည်းပျက်၊ ရွာလည်းရွှေ့ရ။ ပညာရေးလည်းနောက်ကျ၊ ကျန်းမာရေးလည်းထိခိုက်တယ်´ လို့ တီကျစ်ကျေးရွာသား ခွန်မောင်သိန်းကပြောပါတယ်။

အသိမ်းမခံရဘဲကျန်ခဲ့တဲ့ သူပိုင်တဲ့လယ်ကွက်လေးထဲကိုရေသွင်းရတာခက်ခဲလာတာကြောင့် သီးနှံဖြစ်ထွန်းမှုကျဆင်းလာတာတွေ့ရတယ်။ သူစိုက်ပျိုးထားတဲ့ ပိုးကိုက်နေတဲ့ဂေါ်ဖီပင်တွေပေါ်မှာ မြေစာမှုန့်တွေတင်နေပြီး လယ်ကွက်မြေတွေပက်ကြားအက်နေတယ်။

သဘာ၀၀န်းကျင်နဲ့ ကျန်းမာရေး

မြန်မာနိုင်ငံမှာ အဓိကတူးဖော်နေတဲ့ကျောက်မီးသွေးတွင်းသိုက်ကြီး ၁၆ ခုရှိနေပြီး ကျောက်မီးသွေးတန်သန်းပေါင်း ၂၆၀ နီးပါးထုတ်လုပ်နိုင်မယ်လို့ခန့်မှန်းထားပါတယ်လို့ စွမ်းအင်ဝန်ကြီးဌာနရဲ့ အင်တာနက်စာမျက်နှာမှာဖော်ပြထားပါတယ်။ ဖော်ပြထားချက်အရ တီကျစ်ကျောက်မီးသွေးတွင်းဟာ ပဉ္စမအများဆုံးထုတ်လုပ်နိုင်တဲ့ကျောက်မီးသွေးတွင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့အကြီးဆုံး ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံကို တနင်္သာရီတိုင်းအတွင်း တည်ဆောက်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းမှာထည့်သွင်းထားပြီး ဓါတ်အား ၄၀၀၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။

တီကျစ်ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံဟာ ၁၂၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ပါတယ်။ ဒ်ီကျောက်မီးသွေး တွင်းကနေ တစ်ရက်ကို ကျောက်မီးသွေးတန်ချိန် ၁၇၀၀ နဲ့ ၂၀၀၀ အကြားတူးဖော်ထုတ်လုပ်ပါတယ်။ ၄င်းကျောက်မီးသွေးတွေကို အသုံးပြုတဲ့လျှပ်စစ်ဓါတ်အားပေးစက်ရုံကနေ တစ်ရက်ကို ကျောက်မီးသွေးပြာမှုန့် တန် ၁၀၀ ကနေ ၁၅၀ ကြားထုတ်လွှတ်တယ်လို့သိရပါတယ်။

တီကျစ်ကျောက်မီးသွေးတွင်းအနီးလယ်ကွင်းများကိုဖြတ်၍ အိမ်ပြန်လာသော သားအဖနှစ်ဦး

ဓါတ်အားပေးစက်ရုံက မီးရှို့ပြီးတဲ့ကျောက်မီးသွေးပြာမှုန့်တွေကို စွန့်ထုတ်တဲ့အခါ ပြာမှုန့်တွေဟာ ကောင်းကင်ပေါ်မှာ လွင့်မျောနေပြီး အနီးအနားကျေးရွာတွေကို ပျံ့လွင့်ရောက်ရောက်ရှိလာပါတယ်။ ကျောက်မီးသွေးမီးရှို့တဲ့အခါမှာလည်း မီးလောင်ညှော်နံ့ဟာ အလွန်ပြင်းထန်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အထူးသဖြင့် ဓါတ်အားပေးစက်ရုံနဲ့ ကပ်လျက်တည်ရှိနေတဲ့ တောင်ပို့လ၊ သာယာကုန်းနဲ့ ပြင်သာကျေးရွာတွေဟာ ကျောက်မီးသွေးပြာမှုန့်တွေရဲ့ဒါဏ်နဲ့ညှော်နံ့ကို အများဆုံးခံရပါတယ်။

` ကျန်းမာရေးအတွက်ထိခိုက်တာ ကျောက်မီးသွေးပြာတွေရော ဖုံမှုန့်တွေပါရှုနေရတာ။ ကြာရင်ဒီဘက်ပိုင်းမှာနေတဲ့သူတွေက အဆုတ်ရောဂါတွေဖြစ်ပြီးတော့ အသက်တိုလိမ့်မယ်´ လို့ တီကျစ်ရွာသားခွန်မောင်သိန်းက သူ့ရဲ့ထင်မြင်ချက်ကိုပြောပြတယ်။

တီကျစ်ကျောက်မီးသွေးမိုင်းကထွက်တဲ့မီးခိုးတွေ၊ ဖုံမှုန့်တွေနဲ့ ရေဆိုးရေညစ်တွေကြောင့် ၄င်းဒေသတစ်ဝိုက်မှာနေထိုင်တဲ့သူအချို့ အရေပြားယားယံတဲ့ ကျန်းမာရေးပြဿနာတွေကြုံတွေ့လာရတယ်လို့လည်း ၄င်းဒေသကိုအစီရင်ခံစာရေးဖို့သွားရောက် လေ့လာခဲ့တဲ့သူတွေနဲ့ ရွာသားအချို့ကပြောကြပါတယ်။

`အရေပြားယားယံတာလည်း စက်ရုံကထွက်လာတဲ့မီးခိုးကတစ်ဆင့်ရွာချတဲ့မိုးရေကိုချိုးတယ်သုံးတယ်၊ သောက်တယ်။ အဲဒီကတစ်ဆင့်ပြီးတော့မှ အရေပြားတွေယားယံလာတယ်။ တခြားနေရာတွေမှာမဖြစ်ဘူး။ စက်ရုံနဲ့နီးတဲ့နားမှာပဲဖြစ်ကြတာ´ ပအို့ဝ်လူငယ်အစည်းအရုံးဝင် ဓါတုဗေဒဘွဲ့ရက ၄င်းရဲ့တွေ့ရှိချက်ကိုပြောပြတယ်။

အသိမ်းမခံရဘဲကျန်ခဲ့တဲ့ လယ်မြေအနည်းငယ်မှာစိုက်ပျိုးထားတဲ့သီးနှံတွေဟာလည်း ကျောက်မီးသွေးပြာမှုန့်တွေနဲ့ မြေစာမှုန့်တွေကြောင့် သီးနှံအထွက်လျော့လာတယ်လို့ ဒေသခံစိုက်ပျိုးရေးလုပ်နေသူတွေကပြောကြပါတယ်။

ကျောက်မီးသွေးတွင်းကစွန့်ထုတ်လိုက်တဲ့ ရေဆိုးရေညစ်တွေကလည်း စိုက်ပျိုးရေးလုပ်ငန်းကို ထိခိုက်စေတယ်လို့ဆိုကြပါတယ်။

ရေစုပ်စက်တွေနဲ့စုပ်ထုတ်လိုက်တဲ့ မိုင်းတွင်းကထွက်တဲ့ရေတွေဟာ တီကျစ်ရွာအနောက်ဖက်ကိုစီးဆင်းသွားပြီး အင်းလေးကန်ထဲကိုစီးဝင်တဲ့ ဘီလူးချောင်းထဲကို စီးဝင်ပါတယ်။ မိုင်းတွင်းကထွက်လာတဲ့ရေတွေစီးဆင်းလာတဲ့ ချောင်းရိုးကျဉ်းလေးထဲကရေတွေဟာ မီးခိုးရောင်သမ်းနေတာတွေ့ရတယ်။

၎င်းဒေသတစ်ဝိုက်မှာ ဂေါ်ဖီ၊ ကြက်သွန်၊ အာလူးနဲ့ စပါးတွေကို အဓိကထားစိုက်ကြပြီးတခြားရာသီပေါ်သီးနှံတွေလည်း စိုက်ပျိုးကြပါတယ်။

`ကျောက်မီးသွေးတွင်းကထွက်တဲ့ရေတွေကို ဆယ်ခေါင်းရွာဘက်တွေ တီကျစ်ရွာတွေမှာသုံးကြတယ်။ ကျွန်တော့်တို့အမြင်နဲ့ပြောရရင်တော့ ကျောက်မီးသွေးက အနည်အနှစ်တွေပါလာတော့ လယ်ကန်သင်းမှာ အနှစ်တွေတက်လာတယ်။ အပင်တွေအားသာမှုအများကြီးကွာသွားတယ်။ သိပ်မဖြစ်ထွန်းဘူး´ လိုင်ခါးကျေးရွာသား ဂျန်ဖာစိုင်းကပြောတယ်။

ကျောက်မီးသွေးတွင်းကထွက်လာတဲ့ မြေကျစ်စာပုံကြီးကြောင့် တောင်ကျချောင်း ရေစီးရေလာပိတ်ဆို့သလိုဖြစ်ပြီး တောင်ပို့လရွာအနီးမှာ ရေကန်ကြီးနှစ်ကန်ဖြစ်လာပါတယ်။ ၄င်းရေကန်ကြီးကြောင့်လယ်ယာမြေအများအပြားလည်း နစ်မြုပ်ကုန်ပါတယ်။ ရေကန်ကြီးထဲမှာ သေဆုံးနေတဲ့ ထင်းရှုးပင်တွေလည်းတွေ့ရတယ်။

ကျောက်မီးသွေးမိုင်းတွင်းကြောင့် မြေအောက်ရေကြောတွေအပြောင်းအလဲဖြစ်ကုန်တယ်လို့လည်းဆိုကြပါတယ်။ ဓါတ်အားပေးစက်ရုံနဲ့ကပ်လျက်တည်ရှိတဲ့ သာယာကုန်းကျေးရွာမြောက်ဘက်က ရေကန်ကြီးဟာ ကျောက်မီးသွေးမိုင်းတူးပြီးနောက်ပိုင်း တစ်ဖြည်းဖြည်းနဲ့ခမ်းခြောက်သွားပါတယ်။ ယခင်က ငါးတွေအများအပြားရှိခဲ့တဲ့ရေကန်ကြီးထဲမှာ ကျောက်တုံးတွေပဲကျန်နေတာတွေ့ရတယ်။

အလုပ်လက်မဲ့ဖြစ်သွားတဲ့ ဒေသခံရွာသားတွေကလည်း တောင်ပေါ်တက်ပြီး သစ်ခုတ်၊ ထင်းခုတ်အလုပ်တွေလုပ်ကိုင်လာတာကြောင့် ၄င်းဒေသမှာ သစ်တောတွေ အလျင်အမြန်ပြုန်းတီးလာပြီး အနာဂတ်မှာ ရေထွက်ရင်းမြစ်တွေကိုပါ ထိခိုက်လာမှာစိုးရိမ်ရတယ်လို့ ၄င်းဒေသကိုသွားရောက်လေ့လာပြီး အဆိပ်သင့်မိုးတိမ်များ အစီရင်ခံစာကိုရေးသားရာမှာပါဝင်ခဲ့တဲ့ ပအို့ဝ်လူငယ်အစည်းအရုံးဝင် ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

၎င်းကပဲ တီကျစ်ကျောက်မီးသွေးတွင်းနဲ့ပတ်သက်ပြီး ၄င်းရဲ့အမြင်ကိုအခုလိုပြောပြပါတယ်။

`လူဦးရေတွေလည်း တစ်ဖြည်းဖြည်းပိုများလာတယ်။ စိုက်ပျိုးစရာမြေတွေလည်းမရှိတော့ဘူးဆိုတော့ သူတို့ဘ၀ အာမခံချက်လည်းမရှိဘူးဖြစ်နေတယ်။ လယ်ယာမြေတွေ ပိုင်ဆိုင်ခွင့်ဆုံးရှုံးတယ်။ အသက်ရှင်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရတယ်။ ပြောမယ်ဆိုရင်တော့ ပုံစံတစ်မျိုးနဲ့ လူ့အခွင့်အရေးချိုးဖောက်တာ(ခံနေရတာ)ပါပဲ´။ ။

ဤဆောင်းပါးတွင်ထည့်သွင်းရေးသားထားသောအမည်များကိုလွှဲပြောင်းထားပါသည်။


မူရင်း။ ။ Yangon PressInternational

0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ ဒဂုံမြောက်ပိုင်းမှာ ရှိတဲ့ သီတဂူဆရာတော်အား ဂါရဝပြု ဖူးမြော်ခဲ့ (ဓာတ်ပုံ -သတင်း)




ဒီနေ့နေ့လည်က ဒေါ်အောင်ဆန်းစုကြည်ဟာ ဒဂုံမြောက်ပိုင်းမှာ ရှိတဲ့ သီတဂူဆရာတော်ရဲ့ ကျောင်းကို သွားရောက်ပြီး ဆရာတော်ကို ဂါရဝပြု ဖူးမြော် ခဲ့ပါတယ်..
ဓာတ်ပုံ...National League for Democracyfacebook

0 မြန်မာ့လူမှု တရားမျှတရေး ILO ကူညီဖို့ ဒေါ်စု ပန်ကြား(ရုပ်/သံ)


မြန်မာနိုင်ငံမှာ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ရရှိဖို့နဲ့ လူမှုရေး တရားမျှတမှုတွေ ပေါ်ပေါက်လာအောင် ကူညီဆောင်ရွက်ပေးဖို့ ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်ကြီးကို မြန်မာ့ဒီကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ မြန်မာပြည်တွင်းမှာ လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်းတည်ထောင်ခွင့် ရဖို့ လိုအပ်သလို မြန်မာအလုပ်သမားတွေ အနေနဲ့လည်း နိုင်ငံတကာ အဆင့်အတန်းနဲ့အညီ အခွင့်အရေးနဲ့ အလုပ်လုပ်ကိုင်ခွင့်တွေ ရဖို့ လိုအပ်တဲ့အကြောင်း ILO အလုပ်သမား အဖွဲ့ချုပ်ကြီးရဲ့ အကြိမ် ၁၀၀ မြောက် ညီလာခံကို ဒီနေ့ တနင်္လာနေ့ ပေးပို့တဲ့ ဗွီဒီယို မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။တခါက အရှေ့တောင်အာရှမှာ ဖွံ့ဖြိုးတိုးတက်မှု အရှိဆုံး နိုင်ငံတခုအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံဟာ အခုဆိုရင် ဒေသတွင်းမှာ နောက်အကျဆုံး တိုင်းပြည်တခု ဖြစ်နေတဲ့ အကြောင်းနဲ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေ အားလုံး တခုနဲ့တခု ဆက်နွယ်နေတယ် ဆိုတာကို ILO မြန်မာနိုင်ငံအတွင်း တာဝန်ယူ ဆောင်ရွက်ပေးနေတဲ့ လုပ်ငန်းတာဝန်တွေက မီးမောင်းထိုးပြနေတယ်လို့ ဆိုပါတယ်။မြန်မာနိုင်ငံမှာ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ပပျောက်ရေး ကြိုးပမ်းရင်း ကလေးစစ်သား စုဆောင်းတာတွေအပြင် ဥပဒေ စိုးမိုးရေး၊ နိုင်ငံရေး အကျဉ်းသားတွေ အရေးနဲ့ လွတ်လပ်စွာ အသင်းအပင်း တည်ထောင်ခွင့်ရရေး ကိစ္စတွေကို ILO အနေနဲ့ မလွှဲသာ မရှောင်တာ ပါဝင် ဆောင်ရွက်လာရတဲ့ အကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုသွားပါတယ်။

တိုင်းပြည်တပြည်ရဲ့ တိုးတက်မှုဟာ အလုပ်သမားတွေရဲ့ အခွင့်အရေး အပြည့်အ၀ ရရှိမှု အပေါ်မှာ မူတည်တဲ့ အကြောင်းနဲ့ ILO မျှော်မှန်း ယုံကြည်တဲ့အတိုင်း နိုင်ငံအားလုံး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဘယ်တိုင်းပြည်မဆို နောက်ကျ ကျန်မနေဖို့ လိုတဲ့အကြောင်း၊ ဒါကြောင့်လည်း မြန်မာနိုင်ငံ ကမ္ဘာ့အလယ်မှာ နောက်ကျ ကျန်မနေအောင် ၀ိုင်းဝန်းကူညီပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က အလေးအနက် မေတ္တာရပ်ခံ သွားပါတယ်။

ရေရှည်တည်တန့်တဲ့ ငြိမ်းချမ်းရေးကို ရဖို့ လူမှုရေး တရားမျှတမှုကို အခြေခံပြီး တည်ဆောက်ရမယ်ဆိုတဲ့ ILO ရဲ့ မူလ ကြေညာချက်နဲ့ ရပ်တည်ချက်ပါ အချက်တွေအတိုင်း အကောင်အထည် ဖော်နိုင်အောင် မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံတွေ အားလုံးက ၀ိုင်းဝန်း ဆောင်ရွက်ရမှာ ဖြစ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။(ဗီအိုအေ)

0 ချိန်ခါသင့်ပြီ


တရုတ်အစိုးရက ရေပြင်ပိုင်နက်အငြင်းပွားမှုဟာ သက်ဆိုင်ရာနိုင်ငံနှစ်ခုရဲ့ အရေးဖြစ်တာကြောင့် တခြား နိုင်ငံတွေ၊ ဒေသအဖွဲ့ အစည်းတွေ လက်ရှောင်နေဖို့  သတိပေးသံ ထွက်လာတာကို ကြားရတဲ့အခါ အလွန် အံ့သြမိပါတယ်။ မဆိုင်သူဘေးဖယ် ကြားညပ်သွားမယ် ဆိုတဲ့သဘောပါ။ဗီယက်နမ်အနေနဲ့ ဒီအကြပ်အတည်းကို တစ်ကိုယ်တော်ကြိတ်တာထက်စာရင် သူ့ ဘက်ကရပ်တည်နိုင်မယ့် တခြားအစိုးရတွေကို ပါဝင်ပက်သက်စေချင်ပုံ ရပါတယ်။ ကမ္ဘာ့ အင်အားအကြီးဆုံးနိုင်ငံနဲ့ ထိပ်တိုက် တွေ့ တော့မှာမို့ စာရွက်တွေပေါ်က စစ်ရေး၊ နိုင်ငံရေးထောက်ပံ့မှုကို လိုအပ်နေပါတယ်။ဗီယက်နမ်ရော၊ တရုတ်ရော တစ်ပါတီစနစ်နဲ့ မောင်းနှင်နေတဲ့ ကွန်မြူနစ်နိုင်ငံတွေပါ။ လွန်ခဲ့တဲ့ဆယ်စုနှစ် တစ်ခုအတွင်း စီးပွားရေးတစ်ဟုန်ထိုး တိုးတက်လာကြပြီး ဒေသတွင်းနဲ့ နိုင်ငံတကာကပါအာရုံစိုက်ခံလာရတဲ့ နိုင်ငံနှစ်ခု ဖြစ်ပါတယ်။

နိုင်ငံ ခြောက်နိုင်ငံလောက် သူပိုင်ကိုယ်ပိုင်အငြင်းပွားနေကြတဲ့ တောင်တရုတ်ပင်လယ်ထဲက ရေပြင် ပိုင်နက်မှာ ဗီယက်နမ်ဘူမိတိုင်းတာရေးသဘောင်္ကို တရုတ်ငါးဖမ်းလှေတွေက ၀င်တိုက်ခဲ့လို့နှစ်နိုင်ငံတင်းမာမှုတွေ စတင်ခဲ့တာဖြစ်ပြီး အခုဆို ဗီယက်နမ်ရဲ့ ဟနွိုင်းနဲ့ ဟိုချီမင်းမြို့ ကြီးတွေမှာ တရုတ်ဆန့် ကျင်ရေးဆန္ဒပြပွဲတွေ ပေါ်ပေါက်လာပါတယ်။ ဗီယက်နမ်ကွန်မြူနစ်အစိုးရက အဲဒီဆန္ဒပြမှုတွေကိုခွင့်ပြု ထားပြီး တိုင်းပြည်တွင်းမှာ နေထိုင်ကြတဲ့ တရုတ်မျိုးနွယ်တွေနဲ့ တရုတ်အစိုးရကိုပါ ရည်ရွယ်ချက်ထားတဲ့ တရုတ်ဆန့် ကျင်ရေး လှုပ်ရှားမှုတွေ ဖြစ်ပါတယ်။

နှစ်နိုင်ငံစလုံးက သူတို့ ရဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်သွားမယ်လို့ 
ကြေညာလိုက်ပြီး ဗီယက်နမ်ရဲ့ စစ်ရေးလေ့ကျင့်မှုမှာ သေနတ်ကျည်ဆံအစစ်တွေကို အသုံးပြုသွားတယ်
လို့ လည်း နောက်ဆုံးသိရှိရပြီး တရုတ်စစ်တပ်က ဒီလကုန် ပစိဖိတ်သမုဒ္ဒရာအနောက်ဘက်မှာ လေ့ကျင့်
မှုတွေ စတင်မှာ ဖြစ်ပါတယ်။

ခွင့်ပြုချက်မရဘဲ ရေနံရှာဖွေဖို့ ကို လက်သင့်မခံနိုင်ဘူးလို့ တရုတ်ကပြောဆိုလိုက်ပြီး သံသယဖြစ်ဖွယ်
မရှိတဲ့ အချုပ်အချာအတွက် သေချာပေါက်ကာကွယ်သွားရလိမ့်မယ်လို့ ဗီယက်နမ်က တုန့် ပြန်လိုက်ပါ
တယ်။ အာဆီယံနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံရဲ့ အရေးကို အာဆီယံအသင်းကြီးက ဘယ်လို
သဘောထားပေး ပါဝင်ပက်သက်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ဗီယက်နမ်- တရုတ်အရေးကို မြန်မာပြည်သူတွေလည်း နားစွင့်နေကြပြီး ဘယ်သူလွန်တယ် ဘယ်သူ
မလွန်ဘူးဆိုပြီး သုံးသပ်သံတွေ ထွက်ပေါ်လာပါတယ်။ အများစုက ဗီယက်နမ်ဘက်က ရပ်တည်ကြပြီး
တရုတ်လှေတွေက အသားလွတ်သွားတိုက် ရန်စတာလို့ ထင်မြင်နေကြပါတယ်။ အားနည်းတဲ့နိုင်ငံဘက်
က ဖေးမတဲ့စိတ်အပြင် တရုတ်နိုင်ငံနဲ့ ပက်သက်လို့ မြန်မာလူမျိုးတွေရဲ့ ရှုထောင့်က တစ်မျိုးတစ်မည်
ဖြစ်လာပုံလည်း ရပါတယ်။

မြန်မာနဲ့ တရုတ်အစိုးရတို့ မဟာဗျူဟာမြောက်ဆက်ဆံရေးအဆင့် တိုးမြှင့်လိုက်ပြီး မကြာခင်
ဗီယက်နမ်ဝန်ကြီးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဒု-၀န်ကြီးချုပ်လည်း မြန်မာနိုင်ငံကို ရောက်လာပါတယ်။

စီးပွားရေးစာချွန်လွှာမြောက်မြားစွာကို လက်မှတ်ရေးထိုးသွားကြပါတယ်။ မြန်မာနဲ့ တရုတ်ဟာ အစိုးရချင်း နီးနီး ကပ်ကပ်ဖြစ်လွန်းတဲ့အပြင် တရုတ်ကွန်မြူနစ်ပါတီနဲ့ အာဏာရကြံ့ခိုင်ရေးပါတီတို့ လည်း အပြန်အလှန် ကူညီဆက်သွယ်မှုတွေ လုပ်လာတာကို တွေ့ ရပေမယ့် အာဆီယံတစ်နိုင်ငံဖြစ်တဲ့၊ ဘက်မလိုက် မူဝါဒ ချမှတ်ထားတဲ့ မြန်မာနိုင်ငံအနေနဲ့  ဗီယက်နမ်-တရုတ် ရေပြင်ပိုင်နက်အရေးအခင်းမှာကြားနေပြီး မျှမျှတတရပ်တည်သွားတာကို မြန်မာပြည်သူတွေက မျှော်လင့်နေကြပါတယ်။ အာဆီယံနိုင်ငံတွင်း အဖွဲ့ ဝင်ဖြစ်လာဖို့  မြန်မာနိုင်ငံကို ဗီယက်နမ်က နိုင်ငံရေးအရ ကျားကန်ပေးခဲ့ဖူးပါတယ်။

အနောက်အုပ်စုရဲ့ စီးပွားရေးပိတ်ဆို့ မှုတွေကြောင့်၊ အမေရိကန်ရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့မူဝါဒတွေကြောင့် မြန်မာဟာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကြီးနဲ့ အခုလို ပူးကပ်လွန်းသွားရတာလို့ ဝေဖန်ကြတဲ့ နိုင်ငံရေး သမားတချို့ ရှိပါတယ်။ တရုတ်နိုင်ငံကြီး အခုလိုစီးပွားရေးကြီးထွားလာပြီး နိုင်ငံရေးနဲ စစ်ရေးမှာ ကမ္ဘာ့ ရှေ့ တန်းကို တမုဟုတ်ချင်း ချဉ်းနင်းလာတာကို သွားရည်တမျှားမျှားနဲ့ အားကျနေကြတဲ့ နိုင်ငံရေးသမားတချို့ ရှိပါတယ်။

တရုတ်ရဲ့ စီးပွားရေးအားကောင်းမောင်းသန်ဖြစ်လာရတာဟာ လွန်ခဲ့တဲ့ (၂၅)နှစ်လောက်က စပြီး တရုတ်အစိုးရ ခေါင်းဆောင်အဆက်ဆက်ရဲ့ တရုတ်ပြည်တရုတ်သားတွေ အပေါ်ထားတဲ့ တကယ့်ရိုးသား
တဲ့ စိတ်ရင်းစေတနာကြောင့်ပါ။ ဗီယက်နမ်လည်း ထို့ အတူပါဘဲ။ အခုလောက် မြန်မြန်ဆန်ဆန်ကြီး
ကွန်မြူနစ်စနစ်အောက်မှာ စီးပွားရေး အင်မတန်သန်စွမ်းခဲ့ရတာ ဗီယက်နမ်ခေါင်းဆောင်တွေရဲ့ ဥာဏ်အမျော်အမြင်ကြီးမှုနဲ့ ပြည်သူတွေအပေါ်ထားတဲ့ ရိုးစင်းဖြောင့်မှန်တဲ့ စိတ်ကောင်းစေတနာကြောင့်
ဘဲ ဖြစ်ပါတယ်။

ဒီနှစ်နိုင်ငံစလုံးမှာ တူညီတဲ့အချက်တစ်ခု ရှိပါသေးတယ်။ သူတို့ အမျိုးသားအကျိုးစီးပွားအတွက်မရှိမဖြစ် လိုအပ်တယ်လို့ ယူဆထားတဲ့အချက်က အမေရိကန်နိုင်ငံနဲ့ စိမ်းလန်းတဲ့ဆက်ဆံရေး ရှိနေဖို့ ပါဘဲ။ မြန်မာပြည်သူတွေအနေနဲ့  မြန်မာ- အမေရိကန်ဆက်ဆံရေး အထူးကောင်းမွန်ဖို့ လိုလားနေကြတာဟာ ယုတ္တိရှိသလို ချိန်ခါလည်း သင့်နေပါပြီ။ သိသိကြီးနဲ့ ခံနေရတဲ့ ဘ၀များမှ လွန်မြောက်လိုပါပြီ။


အောင်မျိုးထွန်း

၁၄- ၆- ၂၀၁၁
( Weekly Eleven News - Vol 6 , No 37 မှ ကာတွန်းပုံဖြစ်ပါသည် )

Monday, June 13, 2011

0 နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များ၏ ညီညွတ်မှုပြသ


ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများနှင့် အကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များ

မကြာသေးမီကမှ ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများနှင့် အကျဉ်းကျခံနေရသော နိုင်ငံ ရေး အကျဉ်းသားမိသားစုများ တွေ့ဆုံပွဲလေးတခုကို အကျဉ်းကျခံနေရသော ၈၈ မျိုးဆက်ကျောင်းသား ကိုပဏ္ဍိတ်ထွန်း နေအိမ်တွင် ယနေ့ နေ့လည် ၁း၀၀ နာရီတွင် ပြုလုပ်ခဲ့ပါသည်။

ထိုပွဲသို့ အကျဉ်းကျခံနေရသော “၈၈” မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသည့် ကိုမင်းကိုနိုင်၏အမ၊ ကိုမြအေး၊ ကိုပြုံးချို၊ ကိုဇော်သက်ထွေးတို့၏ ဇနီးများ၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ မဖြိုးဖြိုး အောင်၏ဖခင်၊ ကိုဒီငြိမ်းလင်း၊ ကိုရှိန်းရာဇာထွန်းတို့၏မိခင်များ၊ ကိုနေဖုန်းလတ်၏ မိဘနှစ်ပါးတို့အပြင် တခြားနိုင်ငံရေးအကျဉ်းသား မိသားစုဝင်များ တက်ရောက်ခဲ့ကြပါသည်။

ထို့အပြင် “၈၈”မျိုးဆက်ကျောင်းသားများ၊ အန်အယ်(လ်)ဒီအဖွဲ့ဝင်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ပြည်သူများလည်း တက်ရောက်ခဲ့ကြပါသည်။

နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်လာရေးအတွက် ဥပဒေကြောင်းအရ ဆက်လက်ရင်ဆိုင်နိုင်ရန်၊ နိုင်ငံရေးအကျဉ်းသား မိသားစုဝင် အချင်းချင်း အပြန်အလှန် ဝိုင်ဝန်းကူညီနိုင်ရန်နှင့် အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုဝင်များသည် တသွေးထဲ တသားထဲ ရှိနေကြောင်းတို့ကို ပြသနိုင်ရေး ရည်ရွယ်ချက်တို့ဖြင့် ထိုတွေ့ဆုံပွဲလေးကို ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရပါသည်။


ကိုပြုံးချို ရဲ့ ဇနီးမှ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ဆုတောင်းနေစဉ်

ယနေ့ ပြုလုပ်ခဲ့သော တွေ့ဆုံပွဲတွင် ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများက သူတို့ ခံစားခဲ့ရသည့် ထောင်အတွေ့အကြုံများကို ပြန်လည် ပြောပြခြင်း၊ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များက သူတို့၏ ခံစားချက်များကို ပြောကြားကြခြင်းနှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆုတောင်းမှုများ ပြုလုပ် ခဲ့ကြပြီး ညနေ ၄း၀၀ နာရီတွင် တွေ့ဆုံပွဲ ပြီးဆုံးခဲ့ပါသည်။ ။

ABFSU(FAC)

0 ထာဝရ နှင်းဆီ ( သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည် -
ရေးသူ-( မောင်မောင်ဝမ်း )


- ပန်းဆိုတာ နွမ်းတတ်တယ်

ပန်းဆိုတာ ညှိုးတတ်တယ်

ဒါပေမဲ့……

မညှိုးတဲ့ ပန်း…မနွမ်းတဲ့ နှင်းဆီဆိုတာ ရှိတယ်…

အဲဒါ……ထာဝရ နှင်းဆီ

ဒေါ်အောင်ဆန်းစုကြည်က သူ့ဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းထက် နှစ်ဆသာသွားပြီ …ဟုတ်တယ်…..နှစ်ဆသာသွားပြီ

ဗိုလ်ချုပ်ကျဆုံးသွားတော့ သူ့အသက်က ၃၃ နှစ်ပဲရှိသေးတယ်လေ ၊ အခု အန်တီစု အသက်က ၆၆ ဆိုတော့ဘာပဲဖြစ်ဖြစ်ဖခင်ဗိုလ်ချုပ်ထက်တော့လူ့ဘ၀မှာနှစ်ဆနေခွင့်ရသွားပြီ..(နေခွင့်ရသွားပြီလို့ပြောလိုက် တာက နေခွင့်မရအောင်ကြိုးစားတဲ့သူတွေရှိလို့ပါ )

အငြိုးအတေးများနဲ့ ဦးနေ၀င်း

ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ အသံကြားရင် ဒေါသတွေမွှန်လာတတ်တဲ့ န.၀.တ အတွင်းရေးမူး ( ၂ ) ဗိုလ်ချုပ်ကြီး တင်ဦး

သေနတ်နဲ့သေအောင်ပစ်သတ်ခိုင်းတဲ့….ဗိုလ်ချုပ်မြင့်အောင်

တုတ်နဲ့လူမဆန်စွာ ရိုက်သတ်ခိုင်းတဲ့….ဗိုလ်ချုပ်စိုးဝင်း

သူတို့တတွေ…….သူတို့တတွေ ငရဲပြည်မှာဆုံစည်းနေကြရင်….တကမ္ဘာလုံးမှာ ခြိမ့်ခြိမ့်သဲ ကျင်းပတော့မဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို ကြည့်ရင်း ဒေါသတွေနဲ့ ကျိန်ဆဲနေရှာရော့မယ်……

“တို့တွေကသူ့ကိုမသေသေအောင်သတ်တာ….သူကမသေဘူး…..ငါတို့ကအရင်သေကုန်ကြတယ်….. အောင်မာ…၆၆ နှစ် မွေးနေ့ပွဲတောင် ကျင်းပနေပါ့လား….တောက် ”

သူတို့ထက် ပိုခံစားရမှာက………မကျယ့်တကျယ်နဲ့ နေနေရတဲ့….ဗိုလ်ချုပ်ထွန်းကြည် တို့…..ကျော်ဘ တို့လိုလူတွေ

ထောင်ထဲမနေရယုံတမယ် နေနေရတဲ့ ……မာယာများတတ်တဲ့…..ဗိုလ်ချုပ်ခင်ညွန့်လိုလူတွေ

သူတို့တတွေကတော့ပြောနေရော့မယ်…..“လူကြီးသူမတွေပြောတဲ့…ဆံပင်ဆိုတာဒါမျိုးများလား..ရိတ်လေ.. သန်လေ တဲ့… ရိတ်တဲ့သူတွေသာ အရိတ်ခံလိုက်ရတယ်…ဆံကတော့ သန်ဆဲပါပဲလား……”

နေပြည်တော်ဆိုတဲ့အရပ်ဒေသရဲ့…..လုံခြုံရေးအစောင့်ရှောက်များ(နောက်များမကြာမှီသူတို့တတွေ ဟာ ထောင်ဝန်ထမ်း အစောင့်များလည်း ဖြစ်လာကောင်းဖြစ်လာနိုင်ပါသည် )ကြားက စံနန်းတော်ကြီး ပေါ်မှာ ဗိုလ်ချုပ်မူးကြီးဟောင်း သန်းရွှေ ကတော့……..ဖြစ်ပျက် တရားကိုရှုရင်း…….

ဖြစ်လာခဲ့တဲ့ အရာတွေဟာ ပျက်တော့မှာ ပါ့လား….ဆိုတဲ့ သံဝေဃ လေသံအပြည့်နဲ့ မြည်တွန် နေဆဲ……အာရုံ ထဲမှာ သူ့လူတွေက သူ့ကို အာဏာဖီဆန် တော့မဲ့ နိမိတ်ပုံရိပ်….သူသတ်ခဲ့တဲ့ သံဃာင်္တွေ ရဲ့ခြောက်လှန့်နေမူ့များကြားက………အော်….မစုတောင်…..၆၆နှစ်ပြည့်ပြီပဲ….ငါတို့လည်းနေ၀င်ချိန်နီးပါပေါ့..ဆိုပြီးသင်ခန်းစာတွေရနေမလား…….အတိုက်အခံဆိုလက်ညှိုးထိုးကောင်ယုံလောက်ထား..ကျန်တာရှင်း..တလက်မ မှတက်မလာစေနဲ့ဆို….ဒေါသစိတ်တွေနဲ့ ကန်လန့်ကာနောက်ကွယ်က မုန်ယိုနေမလား

ဘယ်လိုပဲဖြစ်ဖြစ် ထာဝရနှင်းဆီရဲ့ရနံ့တွေကြိုင်သင်းနေတာကတော့ ၆၆ နှစ်တိုင်ခဲ့လေပြီ။

ကျနော် ၈၈ လူထုအရေးတော်ပုံကြီးဖြစ်နေတော့ ( ဒေါ်အောင်ဆန်းစုကြည်လည်း ပေါ်ထွက်မလာသေးဘူး ) စိတ်ထဲမှာခွန်အားတခုဖြစ်မိတာရှိတယ်………မြန်မာပြည်လူထုအရေးတော်ပုံကြီးကိုဦးဆောင်ဘို့အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသား အောင်ဆန်းဦး ရောက်လာတော့မယ်တဲ့ ကျနော်တို့ ၀မ်းသာမိခဲ့တာအမှန်ပါ…..ဒါပေမဲ့ဒါတွေဟာကောလဟာလတွေဖြစ်ပြီးသမိုင်းကိုပြောင်းပြန်ဖန်တီးသူဖြစ်သွား တယ်ဆိုတာ နောက်ထပ် ဆယ်နှစ်လောက်အကြာမှာသိလိုက်ရပါတော့တယ်။ တကယ်တော့ မြန်မာ လူထုတော်တော်များများကဒေါ်အောင်ဆန်းစုကြည်ကိုသိပ်မျှော်တွေးမထားမိကြဘူး။အရင်ဆုံးမျှော်လင့်ခဲ့မိသူက အကိုဖြစ်သူ…ဦးအောင်ဆန်းဦး………….

လွဲတဲ့အခါလည်း….လွဲပေမပေါ့…………

ဒေါ်အောင်ဆန်းစုကြည်ဆိုဖြစ်တည်လာခဲ့မူ့မှာ…ဗိုလ်ချုပ်အောင်ဆန်း အရိပ်ပါ ပါတယ်…ဒါပေမဲ့ လုံးလုံးလျားလျားကြီးကြီးတော့မဟုတ်ပါဘူး…….

သတ္တိတွေ၊ရိုးသားမူ့တွေ၊အနစ်နာခံမူ့တွေမရှိခဲ့ရင်…….လူထုခေါင်းဆောင်ဖြစ်လာနိုင်ပါ့မလား…. ဗိုလ်ချုပ်အောင်ဆန်းရင်သွေးမို့ဒေါ်အောင်ဆန်းစုကြည်ကိုလူထုကချစ်မြတ်နိုးလေးစားကြည်ညိုနေတယ်ဆိုရင်……သားကြီး ဦးအောင်ဆန်းဦးကိုရော လူထုက ဒီလိုသဘောထား တထပ်တည်းရှိပါသလား………

တခါမြန်မာ့ဒီမိုကရေစီလူတ်ရှားမူ့သက်တမ်းအနှစ်၂၀ကျော်ကာလရောက်လာတဲ့အခါသူ့အပေါ်အပစ်ဖို့သူတွေကဖို့……..ဆရာကြီးလေသံတွေနဲ့ဟိုဟာလုပ်ပါ့လား….ဒီဟာလုပ်ပါ့လား….ဟိုဟာမလုပ်ခဲ့လို…ဒီလိုဖြစ်တာပေါ့…ဒီဟာမလုပ်လို့…ဟိုဟာမဖြစ်တာပေါ့….စသည်..စသည်ဖြင့်……သေချာတာတခုကတော့….ယောက္ခမသေမယ်မှန်းသိရင်…နွားအကျွှေးဝယ် လိုက်တာပေါ့ဗျာ………..

တမျိုးက…ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွက်ဘာတွေလုပ်ခဲ့လို့လည်းတဲ့………ဘာမှလုပ်ခွင့်မရအောင်လုပ်ထားမှတော့….တိုင်းပြည်ကို ချစ်တဲ့စိတ်….အနစ်နာခံမူ့တွေကလွဲလို့ဘာလုပ်ပြနိုင်မှာလည်း…………ပါးစပ်ကိုပိတ်ထားပြီးမှသီချင်းလည်းမဆိုဘူး ဆိုတာမျိုးလား……….မျက်စိဖွင့်ပြီး အိပ်ကြည့်စမ်းပါ ဆိုတဲ့ သီချင်းလိုလား………

တိုင်းပြည်အတွက် လုပ်ခွင့်ရအောင်….၀ိုင်းဝန်းပံ့ပိုးပေးကြပါ့လား…..ပြည်သူလူထုကြီးရေ………..

- သူလုပ်ပြပါလိမ့်မယ် ….. ကျနော်ပြောရဲတယ်ဗျာ….သူတကယ်လုပ်ပြပါလိမ့်မယ်……….

ဒါပေမဲ့……အမေရိကန်ပြည်ထောင်စုကိုတည်ထောင်ခဲ့တဲ့ ဂျော့ဝါရှင်တန်ကတော့ပြောခဲ့ဘူးတယ်…..စနစ်တခုကို ကူးပြောင်းဘို့တော်လှန်ရေးလုပ်တယ်ဆိုတာ အင်မတန်မှ ခက်ခဲပါတယ်…….ဘာဖြစ်လို့လည်းဆိုတော့ အဲဒီ့ စနစ်ကို အောင်မြင်စွာတည်ဆောက်နိုင်ဘို့ အခွင့်အလမ်းတွေ သင့်ဆီကိုရောက်လာခဲ့ရင်……သင့်ရဲ့ သားစဉ်မြေးဆက် အမွေဆက်ခံနိုင်မှာမို့ပါတဲ့…….

------ သူ့ကို ချစ်တဲ့သူ

သူ့ကို မုန်းတဲ့သူ

သူ့ကို ကြောက်တဲ့သူ

သူ့ကိုဘယ်လိုမှ မနေတဲ့သူ………အားလုံးအတွက်

ထာဝရနှင်းဆီရဲ့ရနံ့များသင်းပြန့်နေတာကတော့……..၆၆ နှစ်တိုင်ခဲ့လေပြီ။

အားလုံးကိုလေးစားစွာဖြင့်

မောင်မောင်ဝမ်း

0 “ရွှေပြည်စိုး၊ ဘိုင်အိုမင်းသစ်နှင့် ၆၆ နှစ်စာ သောက” (မျိုးမြင့်ချို)


“ရွှေပြည်စိုး၊ ဘိုင်အိုမင်းသစ်နှင့် ၆၆ နှစ်စာ သောက”

ပြည်သူ့မြင်စာစောင်၏တာဝန်ခံ ဆရာရွှေပြည်စိုးက ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ်မြောက်မွေးနေ့အတွက် အမှတ်တရတခုခုရေးပါလား ဟုတိုက်တွန်းတော့ ကျနော့်စိတ်က စာရေးဆရာ၊ ကျူရှင်ဆရာ ဘိုင်အိုမင်းသစ်ဆီရောက်သွား၏။

၁၉၈၈ ခုနှစ်လူထုအုံကြွမှုကာလတွင် စင်ပေါ်သို့ လူအတော်များများတက်လာကြ၏။ ကိုယ်သန်ရာသန်ရာ ထောင့်များမှနေ၍ လူထုအား စည်းရုံးသိမ်းသွင်း လှုံ့ဆော်ခဲ့ကြ၏။ သို့နှင့် ကျနော်တို့လည်း ထိုသူများအနက် သင့်ရာတော်ရာသူများအားဖိတ်ကာ တရားပွဲတွေလုပ်ဖြစ် ၏။ တကြိမ်တွင် အခြားသူများနှင့်အတူ ဆရာဘိုင်အိုမင်းသစ်လည်းပါ၏။ တယောက်ပြီးတယောက် ဟောကြပြောကြရင်း သူ့အလှည့်ရောက်တော့ သူက သူဟောမည့်ပရိသတ်သည် လူကြီးများမဟုတ်ကြောင်းအစချီကာ မူလတန်းအလယ်တန်းကလေးများ အားရှေ့ဆုံးတွင် နေရာယူစေ၏။ ထို့နောက် လူကြီးများအား တရားဟောမည်မဟုတ်ကြောင်း၊ သူနှင့်ကလေးများအမေးအဖြေသာ လုပ်မည်ဖြစ်ကြောင်း၊ လူကြီးများ ကိုယ့်နေရာကိုယ်နေပြီး သူနှင့်ကလေးများကိစ္စတွင် ဝင်မပါစေလိုကြောင်းဆို၏။

စစခြင်း သူက "သားတို့သမီးတို့ရေ..ဗိုလ်မင်းရောင်ခေါ်ဗိုလ်လရောင်ကို သိကြသလား” ဟု မေး၏။ ကလေးများက “သိပါတယ်.. သိပါတယ်”ဟု ဆိုတော့ “သိရင် ဘယ်သူလဲ” ဟု ထပ်မေး၏။ ကလေးတို့က “ဗိုလ်ချုပ်အောင်းဆန်းရဲ့အဖိုးပါ” ဟု အုံးအုံးကြွက်ကြွက် ပြန်ဖြေ၏။ “ဒါဆိုရင်.. “ဦးဖါနဲ့ဒေါ်စုကိုရော” ဟုမေးတော့ ကလေးတို့က “ဗိုလ်ချုပ်အောင်ဆန်း အဖေနဲ့အမေပါ” ဟု သံပြိုင်ဖြေပြန်၏။ “ဒါဖြင့် နောက်ဆုံးတခုမေးမယ်” ဟုဆိုပြီး “ဒေါ်အောင်ဆန်းစုကြည်ကိုရော” ဟုထပ်မေးပြန်၏။ ကလေးတို့ကလည်း သိကြောင်းပြောပြန် ၏။ “သိရင်ပြော.. ဘယ်သူလဲ” ဟုဆိုတော့ ကလေးတို့က “ဗိုလ်ချုပ်အောင်ဆန်းသမီးပါ” ဟု သံပြိုင်ပြန်ဖြေ၏။

“မင်းတို့ကလည်း အကုန်သိနေတော့တာပါပဲလား” ဟုဆိုကာ နဖူးကိုလက်ဖြင့်ရိုက်ပြီးနောက် “ကဲကွာ ဒါလောက်တောင်သိ တဲ့ကောင်တွေ” ဆိုပြီး “ဦးနေဝင်းကိုရောသိကြလား” ဟု အသံမြှင့်ပြီးမေး၏။ ကလေးတို့ကလည်းအားကျမခံ အသံကုန်အော်ပြီး “သိပါတယ် သိပါတယ်” “ပါတီဥက္ကဋ္ဌကြီးပါ..ပါတီဥက္ကဋ္ဌကြီးပါ” ဟုပြောပြန်၏။ “ဟာ..ဒီကောင်တွေ သိပြန်ပြီ။ ကဲကွာ ဒါဆို ပြောကြစမ်း အဲဒီ ဥက္ကဋ္ဌကြီး အဖေနဲ့အမေ နာမည်တွေ” ဟုလည်းဆိုလိုက်ရော ကလေးတို့ဆီက ဘာသံမှထွက်မလာတော့။ အားလုံးတိတ်ပြီးငြိမ် ကျသွား၏။ သည်တော့မှ သူက “အဲဒါပဲ… ရှေးလူကြီးတွေပြောတဲ့ လူမှာအမျိုးကြက်မှာအရိုးဆိုတာ..” ဟု ပိတ်ချလိုက်တော့၏။ ကလေးပရိသတ်က ကြောင်နေဆဲ၊ လူကြီးပရိသတ်ထံမှ လက်ခုတ်သံတွေတဖြောင်းဖြောင်း၊ လက်ခေါက်မှုတ်သံတွေတရွှီရွှီ၊ ပရိသတ်ကား ပတ်တုတ်လို့မရတော့။

လောကတွင် လူတို့ မွေး၏။ နေ၏။ သေ၏။ ဘာမှမဆန်း။ သို့သော် လူတဦးခြင်းစီအလိုက် အမွေး၊ အနေ၊ အသေတွင်မူ ယုတ်ခြင်း၊ လတ်ခြင်းနှင့်မြတ်ခြင်းရှိ၏။ လူတို့က လူတဦးချင်းစီ၏ တန်ဖိုးဆိုသည်ကိုလည်း ထို အယုတ်၊ အလတ်၊ အမြတ်နှင့် အမွေး၊ အနေ၊ အသေ ဆိုသည့် နှုန်းစံတို့ဖြင့် ချင့်တွက်ကြ၏။ လူတို့အတွက် မဆန်းသောကိစ္စသည် လူတဦးချင်းစီအတွက် ထူး၏။

မမွေးခင်ကပင် သန္ဓေမြတ်နှင့်သူ၊ မွေးမွေးခြင်း လောကကောင်းချီးရသူတို့အကြောင်း ဗုဒ္ဓဝင်၊ ခရစ်ဝင်နှင့် ကိုရ်အန်ကျမ်းစာများ၌ သာမက သူမြတ်တို့အကြောင်း စာပေများတွင်ပါတွေ့ရ၏။

ထိုမျှ မကြီးမြတ်ငြားလည်း ထိုက်သလောက်ကြီးမြင့်သူတို့၏ နေခြင်းအတွက် လောကဝမ်းမြောက်ရသလို၊ ထိုသူတို့၏သေခြင်း၌ လောကနာကျင်ရ၏။ ထိုသူတို့နေခြင်းအား ကမ္ဘာမြေသည်အမွန်မြတ် အထွဋ်တပ်သလောက် ထိုသူတို့သေခြင်းအား သင်္ခါရတို့၊ အနိစ္စ တို့နှင့် နှလုံးသွင်းသည့်တိုင် စုပ်တသတ်သတ်ဖြစ်ရ၏။ “အသေစောလိုက်တာ” ဆိုသည့်တမ်းတသံသည် ထိုသူတို့အားအကြောင်းပြု၍ လာခြင်း ဖြစ်တန်ရာ၏။

မမွေးခင်ကပင် သန္ဓေယုတ်နှင့်သူ၊ ဖွားသည့်မိခင်၏ ဝမ်းရည်စပ်ရသူတို့အကြောင်းလည်း လောကီနှင့်လောကုတ္တရာစာပေတို့တွင် တွေ့ရ ၏။ ထိုသူတို့မွေးဖွားလာခြင်းအတွက် လောကညည်းတွားရသလို ထိုသူတို့သေဆုံးခြင်း၌ ပီတိဖြစ်စရာမဟုတ်သည့်တိုင် လောက ဝမ်းမြောက်ရသည်လည်း ရှိ၏။ “သက်ဆိုး(ဇိုး)တော်တော်ရှည်ခဲ့တာ” ဆိုသည့် ငြီးတွားသံသည် ထိုသူတို့အားအကြောင်းခံခြင်း ဖြစ် တန်ရာ၏။

ကျနော်တို့သည် “အသေစောလိုက်တာ” ဟု ဆိုစမှတ်တွင်လောက်အောင် ကြီးမြတ်သူတို့နှင့် ထိုက်တန်သူများဖြစ်သလို၊ “သက်ဆိုး (ဇိုး)တော်တော်ရှည်” များနှင့်လည်း နေနေရ၏။

ကျနော်တို့တွင် ကနောင်မင်းသားကြီးကိုရခဲ့ဖူး၏။ တန်ဖိုးထားရကောင်းမှန်းမသိသူတို့လက်ချက်ဖြင့် သူရောသူ့နိုင်ငံပါဆုံးရှူံးခဲ့ရဖူး၏။ ကျနော်တို့တွင် ဗိုလ်ချုပ်အောင်ဆန်းကိုရခဲ့ဖူး၏။ အထွဋ်တင်ရကောင်းမှန်းမသိသူတို့လက်ချက်ဖြင့် သူရောသူ့တိုင်းပြည်ပါနစ်နာနေရ ၏။ ကျနော်တို့တွင် ယခုခေါင်းဆောင်တယောက်ရပြန်၏။ ယခုတိုင် ရှင်သန်နေရဆဲသည် ကောင်းပါ၏။ သို့သော် ပြည်ဖျက်သူတို့၏ လက်ဖျစ်တတွက်တွင် ထိုခေါင်းဆောင်၏အသက်တာသည် ရေပွက်ပမာဖြစ်မသွားဟု မည်သူမှမဆိုနိုင်ကြ။ သောကဖြင့် အကောင်း ကိုမျှော်ကြည့်ရခြင်းသည် ပူလောင်၏။ ဒွိဟစိတ်ဖြင့် မျှော်ကိုးရခြင်းသည် မချင့်မရဲဖြစ်ရ၏။ အပူကင်းအကောင်းမြင်၊ ဧကစိတ် ချင့်ချင့်ရဲရဲဖြင့် ကိုးစားရခြင်း၌ အသက်ရာကျော်ပါစေဟုသာဆိုချင်၏။

မျိုးမြင့်ချို

Sunday, June 12, 2011

0 The Voice Weekly ဂျာနယ် [Vol.7-No.26_ June 13-19]

0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် (၆၆)နှစ်မြောက်မွေးနေ့အတွက် အဆိုတော်လားရှိုးသိန်းအောင်ရဲ့ မွေးနေ့တေးလက်ဆောင်

0 လျစ်လျှူမရှုပါနဲ့

ဇော်မင်း(ရွက်မွန်)

ဒါတွေဟာ ကိုယ်နဲ့မဆိုင်ဘူး ဝင်ပါမနေနဲ့၊ ဒီလိုမျိုးတွေက ဒို့အလုပ်မဟုတ်ဘူး သူ့ဟာသူ နေပါ့စေ၊ အာဏာပိုင်ဆိုတာ ဒီ လိုမျိုး လုပ်တတ်တာပဲ၊ သွားပြောနေလည်း အပိုပဲ၊ ကိုယ့်အလုပ်ကိုယ်လုပ် ကိုယ့်စီးပွားကိုယ်ရှာ မဆိုင်ရင်ဝင်ပါမနေနဲ့၊ တရားတာ မတရားတာ မင်းအလုပ်မဟုတ်ဘူး ကိုယ့်လမ်းကိုသွား၊ ဒါက ကိုယ်နဲ့အနေသာ ကြီးဥစ္စာ အစရှိတဲ့ အပြုအ မူတွေ၊ အယူအဆတွေ၊ အမြင်တွေ၊ လုပ်ရပ်တွေ အမှိုက်ပုံသလို အထပ်ထပ် ပုံလာနေတဲ့ လူ့အဖွဲ့အစည်းဟာ တိုးတက် ဖို့ ခက်ခဲတယ်လို့ လူမှုဗေဒဆရာများက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အဖွဲ့အစည်းဟာ ရှေးတုန်းကထဲက ပြည်ရှင်မင်း၊ ဘုရင်၊ အုပ်ချုပ်သူ အာဏာပိုင်တွေကို ကြောက်ကြ ရတဲ့ အခြေအနေအောက်မှာ နှစ်ပေါင်း ရာနဲ့ချီပြီး နေခဲ့ရတော့ ကိုယ်နဲ့မဆိုင်ဖူးလို့ ထင်ထင်၊ ဆိုင်တယ်လို့ ထင်ထင် ပါဝင် ပတ်သက်ရမှာကို စိုးရွံ့တဲ့ လူမျိုးပါ။ ဘုရင်ဆိုတာကလည်း အမျက်ဒေါသထွက်ရင် ဆွေခွန်နှစ်ဆက် မျိုးခွန်နှစ် ဆက်ပါ မီးလောင်တိုက်သွင်းပြီး သုတ်သင်တဲ့ ဇာတ်လမ်းမျိုးကလည်း ရှိနေတာကိုး။ ဒါ့အပြင် “မင်းနားတထောင်” ဆို တဲ့ အဆိုတခု ရှိသေးတယ် မို့လား။

အရမ်းကာရော လျှောက်ပြောမနေနဲ့ ဘုရင်ကြားသွားရင် တောင်စွယ်နေကွယ် ဖြစ် သွားလိမ့်မယ် ဆိုတာမျိုးလည်း အားလုံးကြားဖူးမှာပါ။ ဘာကြောင့် မင်းနားတထောင်လို့ ပြောကြတာလဲ။ ဘုရင့်ကို သံတော်ဦးတင်မယ့် သူတွေ ရပ်ရွာထဲမှာ အလုံးအရင်းနဲ့ ရှိနေတာကို ရည်ညွှန်းတယ်လို့ ပြောလို့ရပါတယ်။

ဒီခေတ်စကားနဲ့ ပြောရရင်တော့ သက်ဦးဆံပိုင် ဘုရင့်မှာ အင်ဖော်မာလို့ ခေါ်တဲ့ သတင်းပေးတွေ အမြောက်အများ ရှိ နေတာကို ဆိုလိုရင်းပါ။ ဒီသဘောမျိုးနဲ့ ကောက်ပြီး ပြောရရင် မြန်မာနိုင်ငံသားတွေဟာ ရှေးတုန်းကထဲက အုပ်ချုပ်သူ တွေကို ဖားဖားရားရား လုပ်တတ်တယ်လို့ ပြောနိုင်တာပေါ့။ မဟုတ်ဖူးလား။ ဒါပေမယ့် ဟုတ်တယ်ဆိုရင်လည်း ဘာ ကြောင့်လဲ။ ဘုရင့်ဆီက အသပြာလေး ငွေစ လေး ရဖို့အတွက် သတင်းပေးတယ်လို့ ဆိုရမှာထက် အကြောက်တရား ကြောင့် အင်ဖော်မာ ဖြစ်နေရတယ်လို့ ကျနော်က ဆိုချင်ပါတယ်။ ကျနော်တို့ ကျမတို့ ဒီကိစ္စမှာ မပါပါဘူး၊ မပတ်သက် ပါဘူး ဆိုတာ အာဏာပိုင်တွေ သိစေဖို့အတွက် ကြားထားတဲ့ သတင်းစကားကို ကိုယ့်ဖက်က ဦးအောင် အစီရင်ခံရတဲ့ သဘောမျိုးလို့လည်း ပြောရင်ရပါတယ်။

အကြောက်တရား အပေါ်မှာ အခြေခံတဲ့ ဒီလိုအမူအကျင့်တွေ နှစ်ပေါင်းရာနဲ့ ချီပြီး အမြစ်တွယ်လာတော့ ဒီလို အမူအ ကျင့်တွေကို ပြောင်းလဲပြစ်ဖို့ဆိုတာ တော်တော်လေးတော့ ကြိုးစားရဦးမှာပါ။ လွယ်တဲ့အလုပ်တော့ မဟုတ်ပါဘူး။ ကနေ့လို အာဏာရှင်အုပ်ချုပ်နေတဲ့ တိုင်းပြည်မှာလည်း သဘောကတော့ အတူတူပါပဲ။ လူတွေဟာ ကြောက်နေရ တုံးပါပဲ။

အာဏာရှင် အုပ်ချုပ်သူကို မဆိုထားနဲ့ အလုပ်ရှင်ကိုတောင် သေးထွက်မတတ် ကြောက်ကြရတာမျိုးလည်း ရှိပါတယ်။ ဥပမာ တခုလောက် ပြောခြင်ပါတယ်။ ပြည်ပအခြေစိုက် သတင်းအဖွဲ့အစည်း တခုက လူကြီးတဦးက ရုံးအတွင်းမှာ ပြောပါတယ် တဲ့။ ဒီစကားကို ရုံးအတွင်းက ဝန်ထမ်းတဦးကပဲ ကျနော့်ကို ရင်ဖွင့်တဲ့ အနေနဲ့ ပြန်ပြောပြတာပါ။

အဲဒီလူကြီးက တခါသားမှာ ဘယ်လို ပြောသတုံးဆိုတော့ “ဒီကောင်မက အဖြူတွေကြား မှာသာ ရေပန်းစားတာ။ ဘာမှ သိတာ မဟုတ်ဘူး” လို့ တခြားသော ရုံးဝန်ထမ်းများ ရှေ့မှာ ဆိုပါတယ်။ ဒီကောင်မဆိုတာ ဒေါ်အောင်ဆန်းစုကြည် ကို ဆိုလိုတာလို့ အဲဒီရုံး ဝန်ထမ်းက ကျနော့်ကို ရှင်းပြပါတယ်။ ဒီစကားကို ကြားလိုက်တဲ့ ရုံးဝန်ထမ်းများအားလုံး တုန် လှုပ်သွားကြပါတယ်။ သူတို့လူကြီးကို အဲသလို အသုံးအနှုန်းမျိုး မသုံးဖို့ ဘယ်သူကမှ ဝင်မပြောရဲပါဘူးတဲ့။ ဘာ ကြောင့်လဲဆိုတော့ လူကြီး ညိုငြင်သွားရင် သူတို့ အလုပ်ပြုတ်နိုင်တာကြောင့် ဖြစ်ပါတယ်။ အလုပ်ပြုတ်သွားလိမ့်မယ် ဆိုတဲ့ အကြောက်တရားကြောင့် မသင့်တော်ဘူးလို့ ပြောရမယ့် ကိစ္စကို မပြောရဲဘဲ ခေါင်းငုံ့ ခံနေကြရတာကို မြင်နိုင် ပါတယ်။

အကြောက်တရား တခုခု တမျိုးမျိုး အပေါ်မှာ အခြေခံပြီး ဖြစ်ပေါ်လာရတဲ့အတွက် ကိုယ်နဲ့ မဆိုင်ဘူး၊ မဆိုင်ဘဲနဲ့ ဝင် မပါနဲ့ ဆိုတဲ့ အမူအကျင့်က တဖြည်းဖြည်းနဲ့ အလေ့အထလို ဖြစ်လာခြင်းကို ဆိုလိုပါတယ်။ အင်္ဂလိပ် ဘာသာစကား မှာတော့ အဲသလို ကိုယ်နဲ့ မဆိုင်ဘူးဆိုပြီး လျစ်လျှူရှုတဲ့ ကိစ္စမျိုးကို indifference လို့ သုံးနှုန်းပါတယ်။ ကျနော်အနေနဲ့ လျစ်လျှူရှုတယ် ဆိုတဲ့ အသုံးအနှုံးအပြင် တခြားသော အလားတူ အသုံးအနှုန်း တွေကိုလည်း ထပ်တွေ့ပြန်ပါတယ်။ “ဂရုမစိုက်ဖူး၊ နေစိမ့်တယ်၊ ပေယျလကန် နိုင်တယ်၊ ဥပေက္ခာပြုတယ်၊ မျက်ကွယ်ပြုတယ်” စတဲ့ အသုံးအနှုံးတွေပါ။

နောက်ထပ် ဆီလျှော်တာတွေလည်း ရှိဦးမှာပါ။ ဒီစကားလုံး အသုံးအနှုံးတွေရဲ့ အဓိပ္ပါယ်ကို ပြန်ချုပ်လိုက်ရင်တော့ နောက်ဆုံးမှာ “စိတ်ဝင်စားမှု မရှိခြင်း” ဆိုတဲ့ လမ်းကိုဆိုက်ပါတယ်။

မြန်မာပြည်ထက် ဒီမိုကရေစီပိုရှိ ပိုလွတ်လပ်ပြီး၊ ချမ်းသာစပြုလာတဲ့ ထိုင်းနိုင်ငံမှာတောင် ထိုင်းပြည်သူတွေ အကြား မှာ ကိုယ့်လူ့အဖွဲ့အစည်းကို လျစ်လျှူရှုတဲ့ ပြဿနာမျိုးတွေ နေရာအနှံ့ ရှိနေသေးတယ်၊ အမြစ်တွယ် နေသေးတယ်လို့ ဆိုပါတယ်။ အဲတာနဲ့ ပတ်သက်လို့ ထိုင်းလူမျိုး ပညာရှင် တဦးဖြစ်တဲ့ “စာဝေဘွန်မ” က ထောက်ပြထားပါတယ်။ သူဟာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စီးပွားရေးပညာရှင် တဦးဖြစ်ပါတယ်။ ထိုင်းလူမျိုး တွေဟာ ချမ်းသာမှုဆိုတဲ့ ရုပ်ဝတ္ထု နောက်ကို လိုက်ရင်း လိုက်ရင်းနဲ့ ကိုယ့်လူ့အဖွဲ့အစည်းအတွင်းမှာ ဖြစ်ပျက်နေတဲ့၊ မြင်နေရတဲ့ မတော်မတရား တာတွေ ကို ဂရုပြုမှု ဝေဖန်မှု နည်းပါးလာသလို လူ့အဖွဲ့အစည်းအတွင်း လိုအပ်နေတဲ့ ကွက်လပ်တွေကို ဖြည့်ဆည်းကူညီတဲ့ အ လုပ်တွကိုလည်း မျက်ကွယ်ပြု လာတယ်လို့ ထောက်ပြပါတယ်။

ပေယျလကန် နိုင်လာတယ်လို့ ဆိုရင်လည်း ဆိုနိုင်ပါ တယ်။ ထိုင်းနိုင်ငံမှာ ဖြစ်နေတာက မလွတ်လပ်လို့ မဟုတ်ပါ။ ပြောခွင့်၊ ဆိုခွင့်၊ လုပ်ပိုင်ခွင့်၊ ဝေဖန်ခွင့်၊ ထောက်ပြခွင့် ရှိကြရဲ့သားနဲ့ အဲတာတွေ ကို လူ့အဖွဲ့အစည်းအတွက် အကျိုးရှိရှိ အသုံးမချဘဲ မေ့လျော့နေတယ်လို့ ဆိုခြင်းပါ။ တချိန် တုန်းက တည်ရှိခဲ့တဲ့ ထိုင်းလူမျိုးတွေရဲ့ တဖက်သားကို ကူညီလိုစိတ်၊ ဝိုင်းဝန်းလိုစိတ်ဟာ ရုပ်ပိုင်းဆိုင်ရာ စီးပွားရေး ကောင်းလာတာနဲ့ အမျှ တဖြည်းဖြည်း လျှော့နည်းလာတယ်လို့ သူကထောက်ပြပါတယ်။ ထိုင်းလူမျိုးတွေ တကိုယ်ရေ တိုးတက်ချမ်းသာမှုအတွက် အလုပ်လုပ်နေရင်း တဖက်ကလည်း ထိုင်းလူ့အဖွဲ့အစည်းကို လျစ်လျှူရှု မထားဘဲ ဆိုရေး ရှိက ဆိုကြဖို့၊ ကူညီရမယ့်နေရာ မှာ ကူညီကြဖို့ တိုက်တွန်းထားပါတယ်။

ဒီနေရာမှာ ထိုင်းနိုင်ငံကို ကြည့်ရင် ထိုင်းနိုင်ငံဟာ တိုးတက်ချမ်းသာလာပြီးမှ လူတွေဟာ ရုပ်ဝတ္ထုနောက် အလိုက်လွန် လို့ လူ့အဖွဲ့အစည်းကို လျစ်လျှူရှုသလိုမျိုး ဖြစ်လာတာကို တွေ့ရပါတယ်။ မြန်မာပြည်ကတော့ ချမ်းသာတိုးတက် ဖွံ့ဖြိုးဖို့ ကလည်း အဝေးကြီးမှာလည်း ရှိနေသလို ဒီမိုကရေစီထွန်းကားဖို့ ဆိုတာကလည်း ခရီးရှည် ချီတက်နေရသလိုမျိုးပါ။ ဘာမှ မတိုးတက်ရသေးတဲ့ အခြေအနေမှာ အကြောက်တရား တခုခုကြောင့် ကိုယ့်လူ့အဖွဲ့အစည်းကို လျစ်လျှူရှုတာ၊ မျက်ကွယ်ပြုတာ၊ ပေယျလကန်ပြုတာ များသထက် များလာနေရင်တော့ ပိုဆိုးလိမ့်မယ်လို့ သတိပေးလိုပါတယ်။

ဒီမို ကရေစီရေးအတွက် တိုက်ပွဲဝင်တာမျိုး၊လှုပ်ရှားတာမျိုး၊ နိုင်ငံရေး သက်သက်လုပ်တာမျိုးနဲ့တော့ လူ့အဖွဲ့အစည်း အ တွက် မပြည့်စုံသေးပါ။ လူ့အဖွဲ့အစည်းအတွင်းမှာ အကြောက်တရားနဲ့ စိုးရိမ်မှုကြောင့် မွေးဖွားလာရတဲ့ “ဂရုမစိုက်ဘူး၊ နေစိမ့်တယ်၊ ပေယျာလကန် နိုင်တယ်၊ ဥပေက္ခာပြုတယ်၊ မျက်ကွယ်ပြုတယ်” ဆိုတဲ့ အရာတွေကို လျှော့ကြအောင် လည်း ဆောင်ရွက်နိုင်မှသာ ပိုလို့အကျိုးများဖြစ်ကြောင်း ပြောလိုပါတယ်။ ကြောက်စိတ်ဆိုတာ လူတိုင်းမှာ ရှိပါတယ်။ ဒါပေမယ့် မစုစုနွေး တခါက ပြောခဲ့ဖူးတဲ့ စကားလေးကို ကိုးကားပြီး ပြန်ပြောပါရစေ။

“ကြောက်တယ် ဆိုပြီး မျက်စေ့စုံ မှိတ်ပြီး မကြောက်ကြပါနဲ့ မျက်စေ့ဖွင့်ပြီး ကြောက်ကြပါလို့”

ပြောခဲ့တာလေး ဖြစ်ပါတယ်။

ဇော်မင်း
၈ ရက်၊ ဇွန်လ၊ ၂ဝ၁၁ ခုနှစ်
ရွက်မွန် … မှ

0 ဒေါ်အောင်ဆန်းစုကြည်၏ ၆၆-နှစ်မြောက် မွေးနေ့ အခမ်းအနားသို့ ဖိတ်ကြားခြင်း


ကျန်းမာကြပါစေ, မင်္ဂလာပါ-စင်္ကာပူရောက် မြန်မာအပေါင်းတို့ ခင်ဗျား

ကျွန်တော်တို့ အားလုံး ချစ်ကြတဲ့  ဒေါ်အောင်ဆန်းစုကြည်၏ ၆၆-နှစ်မြောက် မွေးနေ့ အခမ်းအနားသို့ ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်။

...ဒေါ်စု၏ သူမတူသည့် အမျိုးသားနိုင်ငံရေး ခေါင်းဆောင်မှုနှင့် ပြည်သူလူထု လွတ်မြောက်ရေးအတွက် မရပ်မနား စွမ်းစွမ်းတမံ ကျိုးပမ်းအားထုတ်မှုများကို ဂုဏ်ပြုကြပါမည်။

မြတ်စွာဘုရား အမှူးရှိသော သံဃာတော် အရှင်သူမြတ်များကို ဒေါ်စု ကိုယ်စား အာရုံဆွမ်း ဆက်ကပ်မည်ဖြစ်ပြီး အစီအစဉ် အသေးစိပ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

နေ့ ရက် ------------------------- ၁၉ ရက် ဇွန်လ ၂၀၁၁ခုနှစ် ( တနင်္ဂနွေနေ့  )
နေရာ ------------------------- တိုးပါးရိုး မြန်မာဗုဒ္ဓဘာသာ ကျောင်းတိုက်ကြီး

( ၁ ) နံနက် ၁၀း၀၀ နာရီမှ ၁၂း၃၀ နာရီဧည့်ပရိတ်သတ်များကိုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံခြင်းနှင့် မွေးနေ့ အထူးအစီအစဉ်များ

( ၂ ) နေ့ လည် ၁၂း၃၀ နာရီမှ ၁း၃၀နာရီဆွမ်းအနုမောဒနာ တရားတော်နာကြားခြင်းနှင့် မေတ္တာပို့ ခြင်း

( ၃ ) နေ့ လည် ၂း၀၀ နာရီမှ ၄း၀၀နာရီစုပေါင်းသွေးလှူဒါန်းခြင်း( ဘုန်းကြီးကျောင်းမှ Tamang Jurong CC သို့ ကားများဖြင့် ၁း၃၀ တွင်ထွက်ခွါပါမည်။ )

သွေးလှူဒါန်းလိုသူများ ကြိုတင်စာရင်း ပေးပါရန် နှိုးဆော်အပ်ပါသည်။
( ၁ ) ကိုဝဏ (၉၂၂၇ ၆၄၉၀)
( ၂ ) ကိုစိုးထွန်း (၉၄၀၇ ၄၄၁၃)

လေးစားစွာဖြင့်
ကိုဝဏ
(စီစဉ်သူများ ကိုယ်စား)

0 နေပြည်တော် မြို့မဈေးတွင် ယမန်နေ့ညက ဗုံးပေါက်ကွဲမှု ဖြစ်ပွား

အခု သတင်းကတော့ ကိုယ်တိုင် မြင်တွေခဲ့ရလို့ရေးလိုက်ပါတယ်.

သတင်းကတော့ နေပြည်တော် မြို့မဈေးသစ်သီးတန်း အနီးက မိန်းမ အိမ်သာတွင် ပေါက်ကွဲမှုပါ။
အခင်းဖြစ်တဲ့ အချိန်မှာ ကျွန်တော်က အခင်းဖြစ်တဲ့ နေရာနဲ့ နီးတဲ့ ရွေမန်းသူ ကားဂိတ်ရှေ့ မှာ ရပ်ထားတဲ့ ကားပေါ်မှာပါ. ပေါက်ကွဲမှုဖြစ်တဲ့ အချိန်က ည ၉း၃ဝ လောက်မှာပါ. စစချင်းတော့ ကျွန်တော်က ကားပေါ်မှာဆိုတော့ ကားက လုံတာကော ဖုန်းပြောနေတာ နဲ့ကော ပေါက်တဲ့ အသံကို မကြားမိလိုက်ဘူး

.. ပြီးတော့မှ ကားအပြင်မှာ ရှိနေ တဲ့ လူတွေ က ဗုံးပေါက်တယ် ပြောမှ ကြည့်လိုက်တော့ မှ ရွေမန်းသူ ကားဂိတ်ကနေ ဆို အခင်းဖြစ်တဲ့ နေရာနဲ့ သိပ်မဝေးပါဘူး.

မြို့မဈေးသစ်သီးဈေးဆိုင်တန်း အနီး ကားလမ်းကြားထဲ က အိမ်သာလို့ပြောပါတယ်. ကားလမ်းကြားဘက်ကြည့်လိုက်တော့ မှာ.. ရုတ်ရုတ်သဲသဲဖြစ်နေတဲ့ အဲအနီးအနား မှာ အတားအဆီးတွေ ကာရံပီး လမ်းကြားကို ပိတ်လိုက်ပါတယ်. ကားအပြင်မှာ ရှိနေတဲ့ လူတစ်ယောက် ပြောတာ တော့ ပေါက်ကွဲမှု အရမ်းမပြင်းထန်ပေမယ့် ပေါက်ကွဲချိန်မှာ အိမ်သာခေါင်း မိုး ပွင့်ထွက်သွားတယ် ပြောပါတယ်. အချို့ကလဲ Police တံဆိပ်ပါတဲ့ ကား အနီးအနားမှာ ဖြတ်သွား တုန်း(ကင်းလှည့်တဲ့ကားတော့ မဟုတ်လောက်) ဖြစ်တော့ မြန်မြန်ဆန်ဆန် သိသွား ကြတယ်ပြောပါတယ်. နောက် ၁၅ မိနစ် လောက်ကြာတော့ မှန်မဲမဲ ကားတွေ တစ်စီးပီး တစ်စီးယောက်ချလာပါကော. အသေအပျောက် တော့ မရှိပေ မယ့် ပေါက်ကွဲမှုကြောင့်မိန်းမ အိမ်သာ အုတ်နံရံ ပြိုကျပီး လူ တစ်ယောက် နှစ်ယောက်လောက် သာ ပွန်းပဲ့ ထိခိုက်မှု ရှိတယ်.. ပြောပါတယ်.

အဲလိုလဲ ဖြစ်ပီး သိပ်မကြာပါဘူး .. ရန်ကုန်-နေပြည်တော် တိုးဂိတ်သွား တဲ့ လမ်းတစ်လျှောက် နေရာတော်တော်များများ မှာ ရဲတွေက လာသမျှ ဆိုင်ကယ်တွေကို ရှယ် စစ်ဆေးပါတယ်. ကားလဲအဲလို ပါပဲ.. နေပြည်တော် အထွက်စစ်ဆေးရေးဂိတ်မှာ အရင်ထက် ပိုပြီး ကားကိုစစ်ဆေးမှုလုပ်ပါတယ်

MMCPမှwebmonkeyအားကျေးဇူးတင်ရှိပါသည်..

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.