ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေသာ မရှိခဲ့ရင် အခက်ပဲ။ ကျမသားတွေ တစ်သက် စာတတ်မယ် တောင် မထင်ဘူး
ရန်ကုန်၊ ၁၅ ဇူလိုင်၊ ၂၀၁၁ (YPI)
ချစ်ဦးမောင်ရေးသားသည်။
-တခြားမိခင်တွေလိုပဲ မမြသည်လည်း သူမ၏ သားနှစ်ဦးကို ပညာတတ်တွေတော့ ဖြစ်စေချင်သည်။ သို့သော်လည်း ခင်ပွန်းသည်မရှိတော့သည့် သူမအဖို့ တစ်အိမ်တက်ဆင်း အ၀တ်လိုက်လျှော်နိုင်ပါမှ နေ့ဖို့ညစာမှန်ရုံ၊ အိမ်ငှားခ၊ မီးဖိုချောင်စရိတ် ကာမိရုံသာရှိသော အခြေအနေတွင် ကလေးတွေကို ကျောင်းထားနိုင်ဖို့ရန်မှာ မလွယ်ကူ။မြင်သာမြို့ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသားများ
မူလတန်းပညာရေးကို အခမဲ့ပညာရေးအဖြစ် အစိုးရက သတ်မှတ်ထားသောကြောင့် သူမ၏ သားများကို အစိုးရကျောင်း ထားလျင် ကျောင်းလခအကုန်ကျခံစရာမလိုလျင်တောင်မှ စာအုပ်ဖိုး၊ ကျောင်းဝတ်စုံဖိုးတွေကရှိသေးသည်။ နောက်ပြီးလျင် အတန်းထဲမှာ အခြား အပိုငွေကြေးကောက်ခံမှုများရှိလာဦးမည် ဆိုလျင် သူများတန်းတူ မပေးနိုင်ပါက ကလေးတွေ စိတ်အားငယ်ကြရမည်ကို မမြစိုးရိမ်သည်။
နောက်ဆုံးတော့ သူမပတ်ဝန်းကျင်က ဆင်းရဲနွမ်းပါးသည့် မိဘတွေနည်းတူ မမြသည်လည်း သူမ၏ သားနှစ်ဦးကို ပညာအခမဲ့ သင်ကြားပေးသည့် လှိုင်သာယာမြို့နယ်ထဲက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတစ်ခုသို့ သွားပို့လိုက်ရတော့သည်။
“ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တွေသာ မရှိခဲ့ရင် အခက်ပဲ။ ကျမသားတွေ တစ်သက် စာတတ်မယ် တောင်မထင်ဘူး” ဟု အသက် ၃၅နှစ်ဝန်းကျင်ရှိပြီဖြစ်သည် မမြက ဆိုသည်။
အရှေ့တောင်အာရှတွင် အဆင်းရဲဆုံးနိုင်ငံဖြစ်ပြီး၊ နိုင်ငံလူဦးရေ၏ ၂၆ ရာခိုင်နှုန်းမှာလည်း ဆင်းရဲမွဲတေမှုမျဉ်း အောက်ရောက်နေသော မြန်မာနိုင်ငံတွင် မမြတို့လို ဆင်းရဲနွမ်းပါးသည့် မိဘများ၏ သား၊သမီးတွေနှင့် မိဘမဲ့ ကလေးငယ်တွေ စာတတ်မြောက်ရေးအတွက် ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းများ၏ အခန်းကဏ္ဍသည် များစွာအရေးပါလှသည်။
အယုတ်၊ အလတ်၊ အမြတ်မရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေ့း ပညာသင်ကြားပေးနေသော ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများသည် ပညာကို အခမဲ့သင်ကြားပေးသည့်အပြင် ဖတ်စာအုပ်၊ မှတ်စုစာအုပ်မှအစ ကျောင်းသားသုံး ပစည်းမှန်သမျှကိုပါ ထောက်ပံ့ပေးကြရာ ဆင်းရဲသော မိဘများအဖို့ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများသည် သူတို့ကလေးတွေ စာတတ်မြောက်ရေးအတွက် တစ်ခုတည်းသော အားကိုးရာ၊ ပညာသင်ယူရာဌာနတစ်ခုဖြစ်လို့နေသည်။
ထို့ပြင် ဆင်းရဲသော မိဘတွေအနေနှင့် သူတို့ကလေးတွေ နေ့လည်စာအတွက်ပါ ပူပန်စရာမရှိအောင် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းအများစုက နေ့လည်စာပါကျွေးမွေးလေ့ရှိတတ်ကြသည်။ ထိုမျှမက ရပ်ဝေးမှ လာသော ကျောင်းသားများနှင့် မိဘမဲ့ကလေးငယ်များအတွက်လည်း ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများက အိပ်စရာ၊ နေစရာများပါ စီစဉ်ပေးကြသည်ကို တွေ့ရသည်။
ထိုမျှ အရေးပါသော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းပေါင်း မြန်မာနိုင်ငံမှာ၁,၄၀၀ ကျော်ရှိပြီး ယင်းကျောင်းများတွင် ကျောင်းသားပေါင်း နှစ်သိန်းကျော် ပညာသင်ယူနေကြသည်ဟု အစိုးရကိန်းဂဏန်းများကဆိုသည်။
ကလေးသူငယ်များအရေး အထူးပြုကူညီပေးနေသော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Save the Children မှ ကျောင်းပြင်ပ ပညာရေးကိစများကို လိုက်ပါဆောင်ရွက်ပေးနေသည့် အရာရှိတစ်ဦး၏ အဆိုအရ ကလေးတွေ၏ ပညာရေးစရိတ်ကို မတတ်စွမ်းနိုင်သော မိဘများ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာသောကြောင့် ထိုလိုအပ်ချက်ကို ဖြည့်တင်းဖို့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအရေအတွက်သည်လည်း တစ်နှစ် ထက်တစ်နှစ် ပိုမိုများပြားလာလျက်ရှိသည်ဟ သုံးသပ်ပြောဆိုသည်။
``မရှိဆင်းရဲတဲ့ မိဘတွေ ပိုများလာကြတော့ ဘ/က (ဘုန်းတော်ကြီးသင်ပညာရေးကျောင်း)တွေရဲ့ အခန်းကဏ္ဍကလည်း တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး ကြီးကြီးလာနေတာပေါ့´´ဟု အဆိုပါအရာရှိက သုံးသပ်ပြောဆိုသည်။
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှာ ရှေ့လျှောက်လည်း မှေးမှိန်သွားစရာမရှိဘဲ ခေတ်စနစ်၏ လိုအပ်မှုတစ်ခု အဖြစ် နောင်နှစ်ပေါင်းများစွာ တည်ရှိသွားလိမ့်မည်ဖြစ်ကြောင်းလည်း အဆိုပါအရာရှိက ဆိုပါသည်။
အစဉ်အလာကြီးခဲ့သည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
မြင်သာမြို့ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသားများ
၁၁ ရာစုလောက်ကတည်းက မြန်မာနိုင်ငံမှာ တည်ရှိလာခဲ့သော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသည် မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှလက်အောက်မရောက်မီအထိ မင်းညီမင်းသားမှသည် သူဆင်းရဲများအထိ `အ သုံးလုံး´(အရေး၊အဖတ်၊ အတွက်)နှင့် ဗုဒစာပေကျမ်းဂန်များ လေ့လာသင်ယူရာ တစ်ခုတည်းသော ပညာရေးအဖွဲ့အစည်း ဖြစ်ခဲ့သည်။
ဗြိတိသျှတို့ မြန်မာပြည်ကို သိမ်းပိုက်လိုက်ပြီးနောက်တွင်တော့ ခရစ်ယာန်သာသနာပြုကျောင်းတွေက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေနေရာကို တစ်စတစ်စ ၀င်ယူလာကြသည်။
သို့နှင့်တိုင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ ကွယ်ပျောက်သွားခြင်းမရှိခဲ့ပေ။ မြို့ကြီးပြကြီးတွေမှာ ခရစ်ယာန်သာသနာပြုကျောင်းတွေက ပညာသင်ကြားရေးကဏ္ဍမှာ ဦးဆောင်နေစဉ်မှာ ကျေးလက်တောရွာတွေမှာတော့ ပညာသင်ကြားရေးကဏ္ဍမှာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေကပဲ ဦးဆောင်နေခဲ့သည်။
သမိုင်းတစ်လျှောက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၏ အခန်းကဏ္ဍ မည်မျှပင် အရေးပါလှသော်လည်း ၁၉၆၂ ခုနှစ်အရောက်တွင် အာဏာရှင်ဗိုလ်ချုပ်ကြီးနေ၀င်း၏ ဆိုရှယ်လစ်အစိုးရက ဘုန်းတော်ကြီးသင်ပညာရေးစနစ်ကို ဖျက်သိမ်းပစ်လိုက်သည်။
ထိုသို့ဖျက်သိမ်းလိုက်သော်လည်း ဘုန်းတော်ကြီးသင်ပညာရေးစနစ်မှာ လုံးလုံးကြီးကွယ်ပျောက်သွား ခြင်းမရှိဘဲ သူ့နည်းသူ့ဟန်နှင့် ရှင်သန်နေခဲ့သည်။ သည်လိုနှင့် ဆယ်စုနှစ် သုံးခုအကြာ ၁၉၉၃ ခုနှစ်တွင်တော့ အစိုးရက ဘုန်းတော်ကြီးသင် ပညာရေးစနစ်ကို ပြန်လည် အသိမှတ်ပြုလာသည်။ အားပေးအားမြှောက်လည်းပြုလာသည်။
“အစိုးရကျောင်းကို မတက်နိုင်တဲ့ ကလေးတွေ စာတတ်မြောက်ဖို့ ဘ/က တွေ လိုအပ်တယ်ဆိုတာကို အစိုးရက သတိ ထားမိပုံပေါ်တယ်။ ဒီလိုဖွင့်ခွင့်ပေးလိုက်လို့လည်း အစိုးရအနေနဲ့ ဘာမှ ထောက်ပံ့စရာမှ မလိုတဲ့အခါကျတော့ အသာတကြည်ဖွင့်ခွင့် ပြန်ပေးလိုက်တဲ့သဘောပဲ” ဟု ရန်ကုန်မြို့ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတစ်ခုတွင် စာသင်နေသော ကျောင်းဆရာ တစ်ဦးက သူ့အမြင်ကို ပြောပြသည်။
ရှေးယခင်က စနစ်နှင့် မတူတော့သည်က ခေတ်သစ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသည် အစိုးရကျောင်းများမှာ အသုံးပြုနေသော သင်ရိုးညွှန်းတန်းတွေကို အသုံးပြုလာကြသလို အစိုးရကျောင်း များတွင် အတန်းခွဲသည့်ပုံစံ၊ ပညာသင်နှစ် သတ်မှတ်သည့် ပုံစံအတိုင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများက လိုက်နာကျင့်သုံးလာကြသည်။
သို့သော်လည်း ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း ၁,၄၀၀ ကျော်ထဲမှ အစိုးရက ကျောင်းနှစ်ကျောင်းကိုသာ အထက်တန်းအဆင့်ထိ တိုးမြှင့်ဖွင့်လှစ်ခွင့်ပေးပြီး ကျန်သည့် ကျောင်းများကိုမူ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်ဖြင့်သာ ဖွင့်လှစ်ခွင့်ပေးထားသည်။
သို့ဖြစ်ရာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ မူလတန်း၊ အလယ်တန်းပြီးသူများအနေနှင့် အစိုးရ အထက်တန်းကျောင်း ဆက်တက်ဖို့ရန်မှာ များစွာအခက်အခဲရှိကြသည်ဟုဆိုသည်။
အချို့သောဘုန်းတော်ကြီးသင်ပညာရေးကျောင်းများက သူတို့ကျောင်းမှ အတန်းကုန်အောင် ပြီးစီးသွားသော ကျောင်းသားများကို အစိုးရအထက်တန်းကျောင်းတက်နိုင်ရေးအတွက် လိုအပ်သော ကျောင်းလခ၊ စာအုပ်စာတမ်း၊ ကျောင်းဝတ်စုံကြေးများကို ထောက်ပံ့ပေးနိုင်ကြသော်လည်း အချို့ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအနေနှင့် မတတ်စွမ်းနိုင်ကြပေ။
``ကျောင်းသားမိဘတော်တော်များများက သူတို့သား၊ သမီးတွေ သေစာ၊ ရှင်စာတတ်ရင်ပဲ တော်ပြီဆိုပြီး ကျေနပ်ကြတာတွေရှိတယ်။ အဲတော့ သူတို့ကလေးတွေ အထက်တန်းပြီးအောင် မနေနိုင်လဲ သူတို့အတွက် ပြသနာမဟုတ်ဘူး။ အဲဒါနဲ့ပဲ ကျေနပ်နေကြတယ်´´ ဟု ကျောင်းသားပေါင်း ၁၅၀၀ နီးပါးကို အခမဲ့ပညာသင်ကြားပေးနေသော ရန်ကုန်တိုင်း၊ ရွှေပြည်သာ မြို့နယ်ထဲက အနောက်အုတ်ကျင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဆရာတော်က မိန့်ဆိုသည်။
ထိုသို့သော အနေအထားများရှိနေသောကြောင့် အထက်တန်းအထိပြီးစီးအောင်မနေနိုင်ပါကလည်း အပြင်မှာ လုပ်ကိုင်စားသောက်နိုင်စေရန်အတွက် တချို့သော ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများက အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များကိုပါ တစ်ပါတည်း သင်ပေးကြသည်များလည်းရှိသည်။
စိန်ခေါ်မှုများစွာ
ရွှေပြည်သာက အနောက်အုတ်ကျင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ စာသင်နေကြတဲ့ ကလေးငယ်များ
ထိုသို့ လူမှုအသိုင်းအ၀ိုင်းအတွက် များစွာအသုံးကျလှသော်လည်း ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများမှာ အစိုးရကျောင်းများနှင့် မတူသည်က အစိုးရဆီမှ မည်သည့်အထောက်အပံ့မှ မရကြဘဲ ပုဂလိကအလှူရှင်တွေအပေါ်မှာပဲ လုံးလုံးလျားလျားအားကိုးကြရသည့်အနေအထားဖြစ်နေရာ ဘဏ္ဍာရေးကိစ္စမှအစ အခက်အခဲများစွာ ကြုံကြိုက်ကြရသည်။
``ဘုန်းကြီးတို့မှာ သင်ထောက်ကူပစည်းဝယ်ဖို့၊ စာသင်ခုံတွေဝယ်ဖို့က အစ၊ အလှူလက်ခံလို့ရတဲ့ ငွေကနည်းတော့ အစစအရာရာ အခက်အခဲတွေရှိတယ်´´ ဟု ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့ပေါ်က ရွှေကျင်(ဂျား)ကျောင်း ဘုန်းတော် ကြီးကျောင်းကို ဖွင့်လှစ်ထားသည့် ဆရာတော်ဦးပညာဝရက မိန့်ဆိုသည်။
ထို့အပြင် ကျောင်းဆရာ၊ ဆရာမတွေကို လစာပေးချိန်ရောက်လျင် ဘုန်းတော်ကြီးများမှာ ကျပ်ကျပ်တည်းတည်း အလှူငွေလိုက်ရှာရသည်ဟုဆိုသည်။ အချို့ဘုန်းတော်ကြီးများမှာ ဆရာ၊ ဆရာမတွေကို လစာမပေးနိုင်သောကြောင့် ယင်းလစာနှင့် တန်ဖိုးချင်းတူညီသော ပစ္စည်းပစ္စယများကို အစားထိုးပေးကြရသည်ဟုဆိုသည်။
ကော့မှူးမြို့နယ်ထဲက (ကော့မှူးမြို့ကနေ တစ်နာရီနီးပါးလောက် ဆိုင်ကယ်တတန်၊ စက်လှေတတန်သွားရသော) ခလောက်ခမယ်ရွာထိပ်ရှိ ဓမ္မသုခဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဖွင့်လှစ်ထားသော ဦးဇင်းဦးကောဝိဒဆိုလျင် သူ့ကျောင်းက ဆရာ၊ ဆရာမတွေကို လစဉ်ပုံမှန် လစာမပေးနိုင်ဘဲ နှစ်ကုန်မှ တစ်နှစ်စာ လစာကိုတွက်ပြီး ငွေသားမပေးဘဲ စပါးကို တောင်းနှင့်ချိန်ပြီးပေးနေရသည်။
ထို့အတွက် ခလောက်ခမယ်ရွာကနေ လယ်နှစ်ဧကလောက်ကို ငှားပြီး သူရင်းငှားတစ်ယောက်နှင့် မိုးစပါး၊ နွေစပါးစိုက်သည့်အလုပ်ကို လုပ်ရသည်ဟုဆိုသည်။ ယင်းမှ ရသည့်စပါးကို ဆရာ၊ဆရာမများကို လခအဖြစ်ပေးနေရသလို ပိုလျှံသည့် စပါးများကို ရောင်းချပြီး ကလေးများအတွက် ကျောင်းသားသုံးပစည်းတွေဝယ်ယူရသည်ဟုဆိုသည်။
``ဒီလိုမှ မလုပ်ရင်လည်း မရတော့ဘူးလေး။ ဒါတောင် ဦးဇင်းမှာ အကြွေးတွေက မနည်းဘူး တင်နေတုန်း။ တင်လဲ မတတ်နိုင်ဘူးလေ။ ဦးဇင်းတို့က အစိုးရကျောင်းသွားမတက်နိုင်တဲ့ ကလေးတွေကို ဒီအတိုင်းကြည့်မှ မကြည့်နိုင်ဘဲ´´ ဟု ဦးဇင်းဦးကောဝိဒက လယ်ကွင်းပေါ်မှာ ဆောက်လုပ်ထားသည့် သူ၏ ခနော်နီခနော်နဲ့ ၀ါးထရံကာ၊ သက်ကယ်မိုး စာသင်ကျောင်းဆောင်ထဲမှာ ခပ်ခွေခွေလေးထိုင်ရင်းပြောပြသည်။
ကိုယ်အလေးချိန် ပေါင် ၁၄၀-၁၅၀ လောက်လေးလံသည့် လူတစ်ယောက်လမ်းလျှောက်လျင် အချိန်မရွေးကျွံကျ သွားနိုင်သည့် အဆိုပါစာသင်ဆောင်၏ ၀ါးကြမ်းခင်းမှာ ကျိုးတိုးကျဲတဲဖြစ်ပြီး ကြမ်းခင်းအောက် လက်တစ်ထွာ လောက်အကွာမှာ ပေါင်းပင်ထိုးထိုးထောင်ထောင်နှင့် ရေပြင်ရှိသည်။
ဦးဇင်းဦးကောဝိဒက သူ၏စာသင်ကျောင်း ဆက်လက်လည်ပတ်နိုင်ဖို့ သူ့အနေနှင့် မည်မျှ ရုန်းကန်ရပုံကို ရှင်းပြနေချိန်မှာ သူထိုင်နေသော ကြမ်းအောက်က ရေပြင်ထဲမှာ လေးလက်မအရွယ် ငါးလေးသုံးကောင်က ဟိုဟိုဒီဒီကူးခတ်နေကြသည်။
မည်မျှပင် အကြွေးတင်၊ အခက်အခဲဖြစ်နေသော်လည်း ဦးဇင်းကောဝိဒက သူ့မူလတန်းကျောင်းကို မူလွန် (မူလတန်းအလွန်)အထိ အဆင့်တိုးမြှင့်ရန် ကြံရွယ်နေသည်။
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ဖွင့်လှစ်ထားသော ဘုန်းတော်ကြီးများအနေနှင့် ၄င်းတို့၏ ကျောင်းများ ရေရှည်တည်တံ့စေရေး ရုန်းကန်နေရသည့်တချိန်တည်းတွင် ၄င်းတို့မှာ နောက်ထပ်စိုးရိမ်ပူပန်စရာတစ်ခုက သူတို့နှင့် အမြဲလိုလိုရှိနေသည်။
ယင်းမှာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများရှိ ဆရာ၊ ဆရာမအများစုမှာ ဆရာဖြစ်သင်တန်း၊ စာသင်နည်း သင်တန်းများ တက်ရောက်ထားသူများမဟုတ်ကြသဖြင့် စာသင်ကြားရာတွင် ထိရောက်မှုရှိသင့်သလောက်မရှိမည် ကို ဘုန်းတော်ကြီးများက စိုးရိမ်ကြသည်။
အစိုးရကျောင်းမှ ကျောင်းဆရာ၊ဆရာမများနှင့် မတူသည်က ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများရှိ ဆရာ၊ ဆရာမများမှာ အစိုးရဆီမှ မည်သည့် ဆရာဖြစ်သင်တန်းမှ ရရှိခြင်းမရှိဟု ဘုန်းတော်ကြီးများက ဆိုသည်။
Save the Children မှ အရာရှိကတော့ လိုအပ်မှုများစွာရှိနေသော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို အားလုံး ၀ိုင်းဝန်းကူညီကြဖို့လိုအပ်ကြောင်း အကြံပြုပြောဆိုသည်။
အကြောင်းမူ ``ဘ/က တွေကို ကူညီတယ်ဆိုတာက အစိုးရကျောင်းကို မသွားနိုင်တဲ့၊ သွားခွင့်မကြုံတဲ့ ကံမကောင်းကြတဲ့ ကလေးသူငယ်တွေ စာတတ်မြောက်ဖို့ ကူညီပေးရာရောက်လို့ပါပဲ´´ဟု ဆိုသည်။
[By Yangon PressInternational]