Friday, July 15, 2011

0 စေတနာသာ အဓိက သို့သော် နှပ် မထားရ

လွန်ခဲ့သော နှစ်များ(အတော်ကြာကြာ) ဆီက စိုးပေ သည် အကွက်သစ် ဖော်ကာစ ရပ်ကွက် တစ်ခုတွင် မြေကွက် တစ်ကွက်အား ချဲထီ (သုံးလုံး) ပေါက်ခိုက် နှင့် ကြုံကြိုက်သဖြင့် အပြေးကလေး ၀ယ်လိုက်လေသည်။ ထိုစဉ် အခါက ယင်းမြေကွက်ကလေးသည် မြန်မာကျပ်ငွေ တစ်သောင်း ရှစ်ထောင် (18000) ခန့်ပေးရလေသည် ဟူလို။ မြို့ပြင် အစွန်အဖျားလည်း ဖြစ်သည့် အပြင် လမ်းလည်း ကောင်းကောင်းမပေါက်၊ ရေလည်းမရ၊ မီးလည်း မရ သော ရပ်ကွက် အသစ်စက်စက် ဖြစ်လျှက် ရှိသောကြောင့် လွန်စွာမှ သက်သာချောင်ချိသော ဈေးနှုန်းဖြင့် ၀ယ်ယူ ရရှိလေသည်။ ၀ယ်သာဝယ်ရ စိတ်မချမ်းသာရသော်လည်း ငါသည်ကား မြေပိုင် ဖြစ်သည်ကား ဟူလျှက် စိုးပေသည် ထိုရက်ပိုင်း ကလေးများဆီက လွန်စွာမှ မြောက်ကြွ မြောက်ကြွ ဖြစ်ခဲ့သေးသည်။

စိုးပေ၀ယ်ထားသော မြေကွက်ကလေး နှင့် မလှမ်းမကမ်း တစ်လျှောက် လွန်စွာမှ ကျယ်ဝန်းလှသော မြေကွက်ကြီးတွင် ပြောင်းဖူးပင်များကို စိုက်ပျိုးလျှက် ထား၏။ ယင်းနောက် အခြားသော ကွက်ခြင်းဆက် မြေကွက် ကြယ်ကြီးများကိုလည်း ခြံခတ် လျှက် မြင်ရ၏။ အတော်ပင် ခေါင်ခိုက်သော စိုက်ပျိုးမရသော ရေမရ မီးမရသော ရပ်ကွက် တွင် အဘယ်ကဲ့သို့သော သူများသည် ငါ့ထက် ဦးစွာ မြေကွက် တို့ ရထားလေသနည်း။ ၀ယ်ယူ ထားကြလေသနည်း။ လွန်စွာမှ စီးပွားတွက် တွင်ကျယ် လေစွဟု အောက်မေ့ မိလေသည်။ ထို့တည်းနောက် တစ်ကွက်တည်းသော မြေကွက်ကလေးကိုပိုင်ဆိုင်သော စိုးပေသည် အားငယ်လျှက် ရှိလေသည်။

ယင်းမြေကွက် ၀ယ်ယူပြီးနောက် သုံးနှစ်ခန့် ကြာသော် အနှီ ရပ်ကွက်ကလေးတွင် နိုင်ငံတော်၏ စေတနာမိုးများ တလဟော ရွာသွန်းသည့် အတွက် လျှပ်စစ် မီတာဘောက်စ် များကို ချထားပေးလေသည် ကိုကြုံကြိုက်ရ၏။ တစ်ရပ်ကွက်လုံး မီးထိန်ထိန် လင်းမည် မလင်းမည်ကား မသေချာသော်ငြားလည်း မီတာဘောက်စ် ကလေးများတပ်ဆင်ပြီး လျှပ်စစ်ကြိုးကလေးများ ရှိရင်ဖြင့် မြေကွက် ဈေးတို့ ထောင်တက်လျှက် ဈေးကောင်း ရလတ္တံ့ဟု တွေးမိကာ စိုးပေသည် ပျော်မဆုံး ဖြစ်ခဲ့လေသည်။ ထင်သည့် အတိုင်းဈေးများလည်း အနည်းငယ် တက်၏။ သို့သော် လမ်းမကောင်းသေး ရေမရသေး။

သို့နှင့် နောက်ထပ် သုံးနှစ် ခန့်ကြာလတ်သော် တစ်အိမ်လျှင် ရေတစ်ပိုက် ပေးလေသည် ဟူလို။ စိုးပေ နောက်ထပ် ပျော်ရပြန်၏။ ရေ မီး စုံလင်သော ရပ်ကွက် ကလေး ဖြစ်လေစွ။ ဈေးကောင်းများလည်း ပေးကြလေစွ အို ပျော်စရာ အတိ။ သို့သော်လည်း စိုးပေ ရထားသော မြေကွက်သည် အကွက်အကွင်းမကောင်း လမ်းမကောင်း ဟူလို ဖြစ်ရပြန်၏။ ကတ္တရာ ကျောက်ချော လမ်းများခင်းထားသည်ကို စိုးပေ တွေ့ရပါ၏။ ယင်းလမ်းမများသည် စိုးပေတို့ အ့ကွက်များဆီသို့ မရောက်လာပဲ အထက်က ပြောခဲ့သည့် ကွက်ခြင်းဆက် မြေကွက်ကြီးများ ဘက်တွင် ဖြစ်ရ၏။ အလို အနှီ ထိုသူတို့ မြေကွက် များသည်ကား ကံကောင်းလေစွ။ နေရာလည်းကောင်း အချက်အခြာလည်းကျ လမ်းလည်း ကောင်း၏ ဈေးကောင်း ရမည်ကား မလွဲပေ။

ထို့နောက်တွင် မူကား ယင်းကွက်ခြင်းဆက် မြေကွက် ကြီးများ အကြောင်း စိုးပေ အနည်းငယ် စပ်စုမိလေသည် မှာ အောက်ပါ အတိုင်းပင် ဖြစ်လေသည် ဟူတကား။ ယင်း ရပ်ကွက် ကလေးကို စတင် အကွက်များ ဖော်စဉ်က အကွက်အကွင်း ကောင်းသော နေရာများကို စီနီယာ အလိုက် ဘဘကြီး၊ ဘဘလတ်၊ ဘဘငယ် ကလေးတို့က ရှေးဦးစွာ ပထမ ယူထားကြ လေသည် ဟူသတတ်။ ယင်းနောက်မှ ဘဘနောက်ပေါက် ကလေးများက ပုလင်းများ၊ ပုန်းများ အကြီးအကျယ် ပူဇော်လျှက် နောက်ထပ် အကွက်အ့ကွင်း သာသော နေရာကလေးများကို ထပ်မံ ယူကြလေသည် ဟူသတတ်။ ယင်းသို့ ဘဘကလေးများအဖွဲ့က အလကား မတ်တင်း ယူပြီးလတ်သော် စိုးပေတို့ ပြည်သူများကို ချောင်းဖျား ချောင်းနား ချောင်ကြို ချောင်ကြား မြေကွက်ကလေးများကို ရောင်းချလေသည် ဟူသတတ်။

စိုးပေတို့သည်ကား နှစ်ပါးသွားကကြရာ ဇာတ်ထုပ်တွင် နောက်မှ ဖြတ်လျှောက် ပေးမိလျှက်သာတည်း။ ဘဘတို့အဖွဲ့၏ မြေကွက်ကြီးများသည် အလကားမတ်တင်းဘ၀မှ သိန်းပေါင်း ရာချီတန်သော မြေကွက်များ ဘ၀ ရောက်လတ်သော် ဘဘတို့ ရောင်းကြ၏။ ဘဘတို့ တော်ပါ၏။ ဘဘတို့ သွက်ကြပါ၏။ စိုးပေတို့ မြေကွက်ကလေးများကား ထူးမခြားနား ဘ၀က မတက်။ စိုးပေတို့ တုန်း၏ အကြ၏။

သို့နှင့် စဉ်းစားမိ၏။ ရပ်ကွက်သစ် တစ်ခုအား အ့ကွက်သစ် ဖော်ခြင်း ဟူသည်ကား လိုအပ်ချက် အရဖြစ်တန်ရာ၏။ မြို့ပြနေလူတန်းစား တို့အတွက် လိုအပ်ချက် ဖြစ်သောကြောင့်သာ အကွက်သစ် ဖော်ရ၏။ ထို့ကြောင့် လိုအပ်သော အရာများ ဖြစ်သည့် ရေ၊ မီး၊ လမ်း၊ တံတား အစုံအလင် တို့ကို အ့ကွက်သစ် ဖော်စဉ် အခါကပင် တစ်ပါတည်း အပြီး ဆောင်ရွက်သော် မရသလော။ အမှန်သာ စေတနာဖြင့် ဖော်ဆောင် ပါက ရပါ၏။ သို့သော်ငြားလည်း အဘယ်ကဲ့သို့သော ကြောင့် တစ်ရေးတစ်မော အိပ်မောကျလျှက်မှ တစ်ရေးနိုးသော် အကြံပေါ်သကဲ့သို့ မီတာကလေးများ ပေးလိုက်၊ ရေကလေးများ ပေးလိုက် လုပ်လေသနည်း။

စိုးပေတို့က နားမလည်သော်လည်း နားလည်သူများကမူ ဈေးကစားခြင်း ဖြစ်ကြောင်း ပြောလေ၏။ လက်ဖက်ရည်ကြမ်းကောင်း သောက်ချင်လျှင် အနှပ်ကောင်းရမည် ဆိုသကဲ့သို့ မြေကွက်ဈေးကောင်း ရလိုလျှင် အနှပ်ကောင်းရမည် ဟူ၏။ မြေကွက်အား ထိုပုံ ထိုနည်း နှပ် ထားခြင်း ဖြစ်လေသည် တကား။ အံ့ချီးဖွယ် အကြံပင်တည်း။ နိုင်ငံတော်မှ စေတနာ ဗလပွ ဖြင့်ဖော်ဆောင်ပေးသော ရပ်ကွက် သစ်ကြီးသည် သုံးနှစ်ခန့် ကြာသော် မီတာကလေးများရ၏၊ နောက်သုံးနှစ်ကြာသော် ရေကလေးများ ရ၏၊ နောက် သုံးနှစ် ခန့်ကြာသော် လမ်းကလေးများခင်းလာပေး၏။ နိုင်ငံတော်၏ စေတနာတို့သည်ကား ရှုံချီ နှပ်ချီ စေတနာများ ဟုဆိုရတော့မည်လား မယားငယ် လစာပေး စေတနာဟု ဆိုရတော့မည်လား မသိ လွန်စွာမှ တွန့်ဆုတ် တွန့်ဆုတ် နိုင်လျှက် ရှိပေသည် တကားဟု စိုးပေ သဘောပေါက်မိ၏။ စေတနာတို့ တွန့်ဆုတ်လျှက် ပြီးသော် နိုင်ငံ့သားကောင်းရတနာကြီးများ သည်လည်း ဈေးကောင်းရသော မြေကွက်တို့ကို တစ်ပြားမှ မစိုက်ရပါပဲလျှက် ရောင်းချကြ၏။ မြတ်ကြ၏။ ကောင်း၏။ နိုင်ငံတော်၏ စေတနာ ဗလပွ တို့သည်ကား နှပ် ထားသော စေတနာပင် ဖြစ်ပေ၏။ လွန်စွာ အံ့ချီးဖွယ် ဖြစ်ရပါတကား။

နိုင်ငံတော်သည် ရှေးယခင်က ယင်းသို့ မြေကွက်များ ရပ်ကွက် သစ်များ ပေါ်တွင်သာ စေတနာများကို နှပ် ထားသည် မဟုတ် ယခု မျက်မှောက် ကာလတွင်လည်း သူ၏ စေတနာများကို နှပ် လျှက် ထားသေးသည်။ စိုးပေတို့သည် တယ်လီဖုန်း မြောက်မြားစွာကို ကြားရ မြင်ရ၏။ တစ်လ နှစ်လ ကြာလျှင် ဖုန်း အမျိုးအစား အသစ် တစ်ခု ပေါ်၏။ ထို့နောက် နောက်ထပ် အသစ် ပေါ်လာပြန်၏။ နိုင်ငံတော်မှ စေတနာ ဗလပွ ဖြင့် ဖြန့်ထားပေးသော တယ်လီဖုန်းများကို အရပ် အရပ် မှ ဖားကလေးများက ခေါင်းပြူလျှက် လာရောက် လျှောက်ထားကြ၏။ ယင်းသို့ ခေါင်းပေါ်လာသော ဖားလေးများကို ခေါင်းကို ရိုက်လျှက် စား၏။ ရာသီစာ စားသကဲ့သို့ ချိုမြိန်မည် ဖြစ်သော နိုင်ငံတော်၏ စေတနာသည်ကား လွန်စွာ အားကျဖွယ် ကောင်းလေစွ။ မြောက်မြား စွာသော တယ်လီဖုန်း အမျိုးအစားတို့သည်ကား တစ်နိုင်ငံလုံး ဗလပွ ဖြစ်လျှက် ရှိနေသည်မှာကား နိုင်ငံတော်၏ စေတနာများပင် မဟုတ်လော။ လိုင်းကြပ် လို့ ခေါ်မရလို့ ဆိုသည့် အသံများ နောက်မှ ပွက်ပွက်ညံ့ကြပေလော့ နိုင်ငံတော်သည်ကား ရာသီစာကလေးများကို စားလျှက် နှပ်နေ ပေတော့မည် သာဖြစ်၏။ တော်ကြာနေ ဒီလို လုပ်လိုက် ခနနေ ဟိုလိုလုပ်လိုက် နည်းနည်းကြာလျှင် ထိုသို့လုပ်လိုက် ဖြင့် စေတနာတို့ ပြောင်းလဲလျှက် ရှိသည်မှာကား အပျိုဖော်ဝင်ကာစ သူငယ်မ၏ စိတ်ကဲ့သို့ပင် ဂဏာမငြိမ် ဖြစ်သည်နှင့် တူပေတော့သည် မဟုတ်လော။

ထို့နည်းတူ အင်တာနက် ဆိုသော အရာတွင်လည်း နိုင်ငံတော်သည် စေတနာ ဗလပွ ဖြင့် နှပ် ထားသေး၏။ ကြည့်လေရာ အရပ်တွင် မျိုးစုံ စွာသော အင်တာနက် များကို မြင်ရ၏။ သို့သော်လည်း ရာသီစာ စားမည့် စေတနာ မှန်း ကြည့်ရုံမျှ ဖြင့်သိနိုင်၏။

သို့သော်လည်း စေတနာဟူသည်မှာကား အပြစ်မမြင်စကောင်းပေ။ တစ်ဦးက စေတနာ တစ်ဥိးက မေတ္တာ ဆိုသည့် အတိုင်း စိုးပေတို့သည် နိုင်ငံတော်၏ နှပ် ထားသော စေတနာကြီး အောက်ဝယ် အနှပ် ခံကြရပေဦးမည် မဟုတ်လော။ မေတ္တာဖြင့် သည်းခံ ပေရော့။ စေတနာတို့သည်ကား ပေါများ ဖောင်းပွ ဗလပွ ဖြစ်လျှက် ရှိနေ၏။ နေရာတကာ စေတနာ ဖြင့် လုပ်ပေး ကိုင်ပေး၏။ သို့သော် နှပ်ထားသော စေတနာတို့ ကောင်းစွာ နူးနပ် လာသော အခါ ပြသနာ တို့ ကြုံရမည် ဖြစ်၏။ ထို့ကြောင့် စေတနာ များသည်ကား များပါ၏ သို့သော်မုဒိတာ ကား မပွားနိုင်ပါ။

စိုးပေ (Lay Lwint Thu facebook)


0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.