နန္ဒာသိန်းဇံ နှင့် ကန်ရေခမ်းခြင်း
ဘုရားသခင် သေပြီ....
လူမျက်နှာပျောက်သွားတဲ့ လူသား....
ကိုယ်ကလွဲ ငရဲ....
မင်းငါ့ကို ချေမှုန်းပစ်လိုက်လို့ ရ ကောင်း ရ မယ်....NO မပြောဖို့ တော့ မဖြစ်နိုင်ဘူး....
လွတ်လပ်မှုရဲ့ ဖွားဘက်တော်....
ပီတာရေ...
ပြီးခဲ့တဲ့စနေနေ့ က UMFCCI မှာလုပ်တဲ့ ဆရာနန္ဒာသိန်းဇံ ရဲ့ “ ဟိုအကြောင်း ဒီအကြောင်း ” ဟောပြောပွဲမှာ ထိုင်နေရင်း ဒီစကားလုံးတွေကို ငါတွေးနေမိတာပါ။
ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း၊ ဘ၀အဓိပ္ဖာယ်နှင့် ဘ၀သစ္စာ၊ မှန်သောစကားကိုဆိုခြင်း တို့ က ဆရာ့ရဲ့ မှတ်တိုင်တွေဖြစ်သလို ငါ့ရဲ့ မပြီးသေးတဲ့ပန်းချီကားတွေပါဘဲ။
နိုင်ငံ့စီပွား...
ခေါင်းဆောင်ကောင်းတို့ လက္ခဏာ....
၂၀၁၀ ရွေးကောက်ပွဲအလွန်....
စီမံခန့် ခွဲခြင်းပညာ....
တရုတ်ဂုဏ်တော်ဖွင့်....
စတဲ့ နားညည်းလောက်အောင် ကြားကြားနေရတဲ့ စကားလုံးတွေရဲ့ လွတ်ရာကျွတ်ရာ “ ပို့ စ်မော်ဒန်လူသား ” အဖြစ်
လူ့ ဘ၀ထဲ ရှင်သန်နေထိုင်သွားဖို့ ကိုသာ ဆရာ ရည်ရွယ်သွားပါတယ်။
ခပ်နွမ်းနွမ်းကွက်စိပ်ပုဆိုးအနီ၊ အဖြူရောင်လက်ရှည်အင်္ကျီ၊ ဆံပင်ဖွာလန်လန်၊မျက်နှာချိုင့်ချိုင့်၊ ပိန်လျလျခန္ဓာ၊ စီးမျောမှုအပြည့်နဲ့ ဆရာ ဟောပြောနေပုံတွေဟာ ဒီခန်းမကြီးနဲ့ ဘယ်လိုမှ လိုက်ဖက်ခြင်း မရှိပေမယ့် အဲဒီ့ ဟာမိုနီလွဲနေတာကိုကဘဲ ငါ့အတွက်တော့ အလှအပတစ်ခုပါ သူငယ်ချင်း။
ဝါဒတစ်ခုရဲ့ အကျဉ်းသား မဖြစ်ဖို့ ....
ယုံကြည်ခြင်းကို အမြဲသံသယရှိနေဖို့ ....
အဆုံးတွေရဲ့ အစွန်းကို မရောက်ဖို့ ....
လွတ်မြောက်လွတ်လပ်သော လူသားဘ၀ကို ရွေးချယ်ဖို့ ....
ပီတာရေ....
အမေးအဖြေလုပ်ကြတော့လည်း လူငယ်တွေအများစုရဲ့ မေးခွန်းအားလုံးက ငါ့အတွက် အံ့သြစရာပါ။
“စည်းအပြင်က လူ” အကြောင်း၊ “ပလိပ် ” အကြောင်း၊ မားဆိုးအကြောင်း၊ သေကြောင်းကြံစည်မှုတွေ အကြောင်း၊ ဂျိန်းဂျွိုက်စ်အကြောင်း၊ Existentialism အကြောင်း၊ မောင်ချောနွယ်အကြောင်း...စုံလို့ ပါဘဲကွာ။
အနုပညာတွေ အဘောရှင်းဖြစ်ကြတဲ့ မြန်မာပြည်....
ပို့ စ်မော်ဒန်တွေ ခြေဖြတ်လက်ဖြတ်ခံရတဲ့ မြန်မာပြည်....
အရက်သောက်လို့ သိပ်ကောင်းတဲ့ မြန်မာပြည်....
အိပ်မောမကျတဲ့ မြန်မာပြည်....
” မောင်ချောနွယ်ကို ကျွန်တော်ကြိုက်ပါတယ်၊ သူက ရှေ့ ကို သိပ်ရောက်လွန်းအားကြီးနေတယ်၊
သူ့ လူ့ အဖွဲ့ အစည်းခမျာ မလိုက်နိုင်ရှာဘူး၊
ဒီမှာက ပို့ စ်မော်ဒန်ကိုသိပြီး တန်ဘိုးဖြတ်တတ်သူ ရှားလွန်းပါတယ်၊
တခြားအကြောင်းတွေလည်း ရှိမှာပါ ” ဆရာနန္ဒာသိန်းဇံရဲ့ အဖြေပါ။
အောက်က ပုံပြင်လေးတစ်ပုဒ်နဲ့ ဆရာ့ရဲ့ ဟောပြောခြင်းအဆုံးသတ်ခဲ့တယ်။
ဖလော်ဆော်ဖီဆရာကြီးတစ်ယောက်ကို ပုံခဏခဏလာပြောခိုင်းတဲ့ ကလေးလေးကို ပြောတဲ့ပုံလေးပါ။
ရေကန်လေးတစ်ခုထဲမှာ ငါးလေးတွေရယ်၊ ပုစွန်လုံးတစ်ကောင်ရယ်၊ ဗျိုင်းတစ်ကောင်ရယ် ရှိသတဲ့။
နေအလွန်ပူတဲ့ နွေတစ်ခုမှာ ကန်ရေခမ်းတော့ ငါးလေးတွေ ကြောက်စိတ်ဝင်တာကို ဗျိုင်းက အခွင့်ကောင်း ယူပြီး ဟိုးဘက်နားမှာ ဘယ်တော့မှ ရေမခမ်းတဲ့ စမ်းချောင်းလေးရှိတယ်၊
ငါ့နှုတ်သီးနဲ့ ချီပြီး တစ်ကောင်ပြီး တစ်ကောင် ခေါ်သွားမယ်လို့  စည်းရုံးတယ်။
ငါးတွေက လက်ခံကြတယ်။
ငါးတစ်ကောင်စီ သစ်ပင်ပေါ်ချီသွားပြီး စားလိုက်၊ တစ်ကောင်ပြန်လာခေါ်လိုက်နဲ့  အပင်အောက်မှာ ငါးအရိုးတွေ ပွကြဲလို့ ပေါ့။
ဒါကို ပုစွန်လုံးက ကောင်းကောင်းရိပ်မိတယ်။
ဒီလိုနဲ့ ငါးတွေကုန်သွားတဲ့အခါ ပုစွန်လုံးရေ...မင်းဘဲကျန်တော့တယ်၊
ဟိုကောင်တွေတော့ စမ်းချောင်းလေးမှာ မြူးတူးပျော်ရွှင်နေကြပြီ ဆိုပြီး ပုစွန်လုံးကို လေပြေထိုးပါတော့တယ်။
ကျုပ်က ခန္ဓာကိုယ်ကြီးတော့ ခင်ဗျားနှုတ်သီးနဲ့ ဆန့် မှာ မဟုတ်ဘူး၊ ခင်ဗျားလည်ပင်းကို ကိုက်ပြီး လိုက်ခဲ့မယ် ဘယ်လိုလဲ သဘောတူလား...လို့ ဗျိုင်းကို ညှိတဲ့အခါ ဗျိုင်းက သဘောတူလိုက်တယ်။
ဒီတစ်ခါတော့ စမ်းချောင်းလေးနားအထိ ပုစွန်လုံးကိုခေါ်သွားပြီး ငါ့လည်ပင်းလည်း နာလာပြီ မင်းဆင်းတော့ လို့ ပြောလိုက်တယ်။
ဆင်းတာနဲ့ သူ အစားခံရတော့မှာ သိတဲ့ ပုစွန်လုံးက မဆင်းတော့ဘဲ ဗျိုင်းလည်ပင်းကို ညှပ်ပြီး ဖြတ်ချပစ်လိုက်တော့တယ်။ လည်ပင်းပြတ်ပြီး ဗျိုင်းလည်း သေပါရော။
ပုစွန်လုံးလည်း တလှုပ်လှုပ်နဲ့ စမ်းချောင်းလေးထဲ ဆင်းသွားပါတော့တယ်။
ပီတာရေ....
ဒီပုံပြင်လေးကို ပြောပြီး ဖလော်ဆော်ဖာကြီးက ကလေးလေးကို မေးခွန်းထုတ်တယ်။
သူများပြောတိုင်း ယုံတဲ့ ငတုံးငအ ငါးတွေဘ၀မျိုး ကြိုက်လား....
တပါးသူဒုက္ခရောက်တာကို အခွင့်အရေးယူ၊ လိမ်ညာကိုယ်ကျိုးရှာတဲ့ ဗျိုင်းလို လုပ်မှာလား....
အင်မတန် ဂျင်ခြေလည်ပြီး သတ်ရဲဖြတ်ရဲတဲ့ ပုစွန်လုံးကို အတုယူမှာလား....တဲ့။
ကလေးလေးက ဟောဒီလို ပြန်ဖြေတယ်။
ဆရာကြီး မတရားဘူး။
ဒါတွေအားလုံးဟာ ရေခမ်းလို့ ဖြစ်တာ....
ကန်ရေ ဘာ့ကြောင့် ခမ်းတာလဲ....
aung myo tun
မြန်မာပြည်က နာမည်ကျော် စာရေးဆရာ နန္ဒာသိန်းဇံဟာ ဒီကနေ့ ညနေပိုင်းမှာပဲ ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားပါတယ်။ နန္ဒာသိန်းဇံဟာ အတွေးအခေါ်ရေးရာနဲ့ ပတ်သက်တဲ့ စာအုပ်စာပေ အများအပြား ရေးသားထုတ်ဝေခဲ့သူဖြစ်ပြီး ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒ ဌာနမှာလည်း ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့သူပါ။ သူ့ရဲ့ အတွေးအခေါ်ဆိုင်ရာ စာအုပ်စာတမ်းတွေဟာ စာဖတ်ပရိသတ်ကို အများကြီး လွှမ်းမိုးခဲ့ပါတယ်။
နာမည်ကျော် စာရေးဆရာ တယောက်ပဲဖြစ်တဲ့ စာရေးဆရာ ဖေမြင့်က အတွေးအခေါ် စာရေးဆရာ နည်းပါးလှတဲ့ မြန်မာစာပေလောကမှာ ဆရာ နန္ဒာသိန်းဇံ ကွယ်လွန်သွားတာဟာ အတွေးအခေါ် စာပေပိုင်းမှာ ကြီးမားတဲ့ ဆုံးရှုံး လစ်ဟာမှုကြီးပဲ ဖြစ်တယ်လို့ ပြောပါတယ်။
“ဆရာ နန္ဒာသိန်းဇံက စောစောပိုင်းတုန်းက တော်တော်များများ ရေးခဲ့တယ်ဗျ။ သူ့စာတွေက တော်တော်ကြီး လွှမ်းမိုးပါတယ်။ နောက်ပိုင်း ဆရာ နန္ဒာသိန်းဇံက ကျန်းမာရေး မကောင်းလို့လား မသိဘူး၊ သိပ်ပြီး မရေးဖြစ်တာ တော်တော်ကြာပါပြီ။ ကျနော်တို့ကတော့ ဆရာ့စာအုပ်တွေ မှတ်မိတယ်၊ ဆရာနဲ့အတူ ဟောပြောပွဲတွေ ဘာတွေ ဟောပြောဖူးတယ်၊ ပြောတဲ့အခါမှာ ဆရာ နန္ဒာသိန်းဇံက ဘာထူးခြားလဲဆိုတော့ အတွေးအခေါ် အကြောင်းအရာကို တော်တော်စိတ်ဝင်စားအောင် သူက ပြောနိုင်တယ်ဗျ။ အဲဒါကတော့ သူ့ရဲ့ ထူးခြားချက်ပဲ။ ဒဿန အကြောင်းအရာ တရပ်ကို သာမန်ပရိသတ်တွေ စိတ်ဝင်စားအောင် ပြောနိုင်တယ်။”
ဆရာ နန္ဒာသိန်းဇံ ရေးသားခဲ့တဲ့ စာအုပ်တွေထဲမှာ ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း၊ မိတ်ကောင်းဆွေကောင်းနှင့် ခရီးသွားခြင်း၊ ဘ၀အဓိပ္ပာယ်နှင့် ဘ၀သစ္စာ စတဲ့စာအုပ်တွေက အောင်မြင် ထင်ရှားလှပြီး သူ့ရဲ့ ဒဿနိကဗေဒဆိုင်ရာ ဟောပြော ပို့ချချက်တွေကိုလည်း လူကြိုက်များကြပါတယ်။ လူမှုရေး၊ ဘာသာရေးနဲ့ အတွေးအခေါ်ဆိုင်ရာ ဆောင်းပါးတွေလည်း အများအပြား ရေးသားခဲ့တဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။
ဆရာဟာ ၁၉၉၈ ခုနှစ် ဒီဇင်ဘာလက စပြီးတော့လည်း သာသနာတော် ထွန်းကားပြန့်ပွားရေး ဌာနမှာ ဧည့်ပါမောက္ခအဖြစ် တာဝန်ယူခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာတော့ နိုင်ငံတော်အစိုးရက ချီးမြှင့်တဲ့ မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့ကို ရရှိခဲ့ပါတယ်။ ဆရာ နန္ဒာသိန်းဇံဟာ ကွယ်လွန်ချိန်မှာ အသက် ၆၄ နှစ်ရှိပြီ ဖြစ်ပါတယ်။(voa)
သတင်းအကျဉ်းချုပ် ...