Tuesday, August 16, 2011

0 ဒေါ်စုကိုဆက်ချစ်ပါရစေ။


ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်ကို မျက်စေ့စုံမှိတ် တောက်လျှောက်ထောက်ခံလာတဲ့သူဆိုတော့ အခု တလော မေးခွန်းတစ်ခု လာလာမေးတာ ခံနေရပါတယ်။

“ ဒေါ်အောင်ဆန်းစုကြည်က အစိုးရနဲ့  ပေါင်းလိုက်ပြီလား”

သူတို့ အမေးကို ဌာန်ကရိုဏ်းကျကျ နိုင်ငံရေးစကားကြီးစကားကျယ်တွေ ရေလဲသုံးပြီး ပြန်ဖြေလိုက်တဲ့အခါ“သြော်.. တူတာတွဲလုပ် မတူတာ ဘေးဖယ်ထား” ဆိုပြီး ခေါင်းတငြိမ့်ငြိမ့်နဲ့  သူတို့ စဉ်းစား သွားကြပါတယ်။ အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့  ပေါင်းလိုက်ပြီလား လို့  မေးတဲ့သူ တစ်ယောက်မှ ထွက် မလာပါဘူး။ အဲဒီလိုအပေါက်မျိုးကို မတွေးကြတာလည်း NLD နဲ့  ဒေါ်စုတို့ ကို စစ်အစိုးရက နှစ် ၂၀ ကျော် တရကြမ်းဖိနှိပ်ခြေမှုန်းခဲ့လို့  ဘီလူးဟာ မင်းသားမလုပ်တတ်ဘူး ဆိုတဲ့ အမြင်ကြောင့်ဖြစ်ပါတယ်။

တူတဲ့ကိစ္စရပ်တွေထက် မတူညီတဲ့ကိစ္စရပ်တွေကို ကျွန်တော်တို့  ပိုစိတ်ဝင်စားပါတယ်။ အတိုက်အခံဆိုတာ သဘောကွဲလွဲမှုတွေကို ရှာဖွေမွှေနှောက်ပြီး ပြည်သူတွေထံ ချပြပြီး အာဏာရအစိုးရကို ဝေဖန် တိုက်ခိုက် နေရတာလေ။ မဟုတ်ရင်တော့ အာဏာရပါတီထဲဝင်ပြီး နိုင်ငံရေးလုပ်ရုံပါဘဲ။ အရိပ်ပါတီ၊ အရိပ်နိုင်ငံရေးဆိုတာ အင်မတန်ရွံရှာစရာပါ။ ကြံ့ဖွံ့ အစိုးရရဲ့  ပြည်ထောင်စုဝန်ကြီးတွေရဲ့  နိုင်ငံရေးလုပ်ကွက်တွေဟာ ခြေလှမ်းသွက်ပြီးတိုင်ပင်ကိုက် လှုပ်ရှားနေတာကို တွေ့ ရတော့ ကျွန်တော်တို့ တွေ ငထူငအ လုပ်နေရင် ကား ကနဲ ကျန်ရစ်တော့မယ့် အခြေအနေတချို့ ကို မြင်လာရပါပြီ။

ဒေါ်စုကို အစိုးရက အခုလိုဆက်ဆံနေတာကို အမေရိကန်အစိုးရရဲ့ ကြိုဆိုတယ်ဆိုတဲ့ စကားတစ်ခွန်းဟာ လည်းကျွန်တော်တို့ ထည့်တွက်ရမယ့်ကိစ္စပါ။ ဒေါ်စုနဲ့  အစိုးရတာဝန်ရှိသူတစ်ဦး တွေ့ ဆုံနေတာကို ဂွမ်းဆီထိ ပီတိဖြစ်နေတာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်ကို တက်အုပ်ချုပ်ပြီး အစိုးရလုပ်နေတာ ကျွန်တော်တို့  မြင်ချင်နေတာပါ။ ဘယ်စစ်ထွက်ပုဂ္ဂိုလ်မှန်သမျှ ဌာနအသီသီးရဲ့  ၀န်ကြီးနေရာ ယူထားကြတဲ့ အစိုးရအဖွဲ့ မျိုးကို မြင်ဖို့ ကျွန်တော်တို့  ဆန္ဒမရှိပါဘူး။

ဒီလိုမျိုး ဒေါ်အောင်ဆန်းစုကြည်အပေါ် အားမလိုအားမရနဲ့  စိတ်ပျက်ငြီးငြူသံ၊ ရှေ့ မှာ ပေါ်တင်ဆန့် ကျင်သံမျိုး တွေ ဒီ့ ထက်ပိုပြီး ထွက်လာနိုင်စရာရှိပါတယ်။ ရေဒီယိုမီဒီယာတစ်ခုမှာ မွန်လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တစ်ဦး က ဒေါ်စုကို “ငြိမ်းချမ်းရေးကိစ္စ လက်တွေ့ လုပ်ကြည့်ပါ၊ အဲဒီအခါ မလွယ်မှန်းသိလိမ့်မယ်၊ မရရင် ပြန်လှည့်ခဲ့ပေါ့”လို့  သုံးသပ်လိုက်သံကို ကြားတဲ့အပြင် တချို့ နိုင်ငံရေးဆောင်းပါးနဲ့ ဝေဖန်သူတွေရဲ့  အမြင်မှာလည်း “အပိုတွေ၊မယုံနဲ့ ၊ စစ်အစိုးရက ရုပ်ရှင်ရိုက်နေတာ၊ ဒေါ်စု ခံသွားရလိမ့်မယ်” ဆိုပြီး မှတ်ချက်ပေးနေကြပါတယ်။ ဒါ..ဒေါ်စုနဲ့ ဦးအောင်ကြည် ၂ ခါဘဲ တွေ့ ရသေးလို့ ၊ သုံးလေးငါးခါများတွေ့ ပြီးလို့  သောင်တင်ရေမကျ၊ ၀ါးတားတား ဆက်ဖြစ်နေဦးမယ်ဆိုရင် ဒီ့ ထက် ဆူညံတဲ့အသံတွေကို ကြားလာရဖို့ ရှိပါတယ်။

နောက်တစ်ပတ်မှာ နေပြည်တော်လွှတ်တော်ကို အချိန်ကိုက် ပြန်စတာဟာ အစိုးရမှာ ရည်ရွယ်ချက်တစ်ပုံတစ်ပင်နဲ့ ပါ။ ပြည်တွင်းပြည်ပက တောင်းဆိုနေကြတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် လွှတ်ပေးရေး၊ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ တွေနဲ့  တွေ့ ဆုံစကားပြောရေး၊ မြစ်ဆုံရေကာတာ ဆက်မလုပ်ဖို့ နဲ့  ဧရာဝတီမြစ်ထိန်းသိမ်းရေး စတဲ့ လူပြောသူပြောများလွန်းနေတဲ့ အရေးတကြီးကိစ္စရပ်တွေကို တစ်ဘက်မှာ ဒေါ်စုကို ကြေညာချက်ထုတ်ချွေးသိပ်ထားပြီး ကြံ့ဖွံ့ အစိုးရရဲ့  နိုင်ငံရေးမောင်းနှင်ရာ နေပြည်တော် လွှတ်တော်က နေ ဟော့ရှော့ခ်ဖြစ်နေတဲ့ ဒီကိစ္စ၃ ခုကို မဲဆန္ဒရှင်များအကြိုက်ဆိုပြီး တဖောင်းဖောင်းတဒိန်းဒိန်း ပစ်လွှတ်ဖို့  အလားအလာတွေ့ ရပါတယ်။ ပြည်သူ့ ဆန္ဒကို လွှတ်တော်ကြီးက အကောင်အထည်ဖော်လေသတည်း ဆိုပြီး လွှတ်တော်ထဲက တိုင်းရင်းသားပါတီတွေ၊ဒီမိုကရက်တစ်ပါတီတွေနဲ့  အာဏာရပါတီတို့  ရောကြိတ်သမမွှေ ကြမယ့်သဘောပါ။ ကြံ့ဖွံ့ ပါတီမဟုတ်တဲ့လွှတ်တော်ထဲက ကျန်အင်းအားစုတွေရဲ့  စွမ်းဆောင်ချက်က ဟောဒီလို အားရစရာပါဆိုပြီး လုပ်ပြပါလိမ့်မယ်။

တကယ်တော့ ၂၀၀၈ ဖွဲ့ စည်းပုံဥပဒေနဲ့ စခန်းသွားတဲ့ နေပြည်တော်လွှတ်တော်နိုင်ငံရေးရဲ့  အလုပ်ဖြစ်နေပုံ၊ရွေးကောက်ပွဲနိုင်ငံရေးရဲ့  အကျိုးဆက်ကြောင့် နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပြီ၊ စစ်ပွဲတွေ ရပ်ပြီ၊ မြစ်ဆုံဆည်တည်ဆောက်ရေး ဆက်မလုပ်ဖြစ်တော့ဘူး.. ဆိုတာကို စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို No လုပ်ခဲ့ကြတဲ့ အင်အားစုအားလုံးအပြင် နိုင်ငံတကာကိုပါ မြှူဆွယ်ဖြားယောင်းမယ့်သဘောပါ။ ဒေါ်စုအနေနဲ့  ရွေးကောက်ပွဲအ၀န်းအ၀ိုင်းထဲ ၀င်ရောက်ဖို့  စဉ်းစားတဲ့အခါ အနည်းငယ်အဖုအထစ်ဖြစ်နေတဲ့ NLD ထဲက သဘောထားတင်းမာတဲ့အုပ်စုနဲ့ လူထုအုံကြွမှုနည်းနဲ့  အစိုးရကို ဖြုတ်ချရမယ်လို့  စဉ်းစားထားကြတဲ့သူတွေကို ဒေါ်စုကိုယ်စား နေပြည်တော်ကဖွဲ့ ဆိုတင်ဆက်ပေးမယ့်ပုံမျိုးလုပ်တာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် ဘာစကားတွေပြောကြသလဲ ကျွန်တော်တို့ မသိရပါဘူး။ ဒေါ်စုက NLD ဗဟိုအစည်းအဝေးမှာ ပြောပြခဲ့တယ်လို့  ကြားရပေမယ့် ဦးဥာဏ်ဝင်းက ဒါကိုလည်း ထုတ်ဖော် မပြောနိုင်ပါလို့ အင်တာဗျူးတစ်ခုမှာ ပြောသွားတာကြောင့် လောလောဆယ်သိဖို့ လမ်းစမရှိ တော့ပါဘူး။ အားလုံးဟာ ထိပ်တန်းလျို့ ဝှက်ချက်တွေ ဖြစ်နေပါတယ်။ အဖြေတိတိကျကျ မရသေးလို့  ကျွန်မ ပြောလို့ မရသေးဘူးလို့  ဒေါ်စု ပဲခူးခရီးစဉ်မှာ ပြောသွားတဲ့အတွက် အစိုးရသတင်းစာက ထုတ်ပြန်သလောက်ဘဲ သိကြရဦးမှာပါ။ ဒီလိုမျိုး အထိမ်မ၀ှက်တွေနဲ့  ဆက်သွားးနေမယ်ဆိုရင် အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ရဲ့  တွေ့ ဆုံမှုအခန်းဆက်ကို လူထုအနေနဲ့  စိတ်အချဉ်ပေါက်လာဖို့  ရှိပါတယ်။ လက်ခုပ်သံတွေ တိုးတိတ်သွားဖို့  ရှိပါတယ်။

ဒေါ်စုနဲ့  NLD ကို အချိုသတ်ထားပြီး အစိုးရအနေနဲ့ တစ်ဘက်မှာ သူတို့ အဓိကထားတဲ့ လွှတ်တော် နိုင်ငံရေးကို အနှောက်အယှက်ကင်းကင်းနဲ့  ရုပ်လုံးကြွလာအောင် အခုအချိန်မှာ ထုဆစ်ပုံဖော်ပါတော့မယ်။ ကျွန်တော်တို့ ကဟိုဘက်ကို ငေးမော၊ ဒီဘက်ကို ထောက်ခံနဲ့  ကျွန်တော်တို့ မကြိုက်တဲ့ ကြံ့ဖွံ့ အစိုးရရဲ့  နူးညံ့တဲ့လက်သီးထိုးချက်တွေကို ထုံပေပေခံရတော့မယ့်ပုံပါဘဲ။ အခုတောင် ကျွန်တော့်ကို မေးနေကြပြီလေ။

ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော် ဆက်ပြီးထောက်ခံနေဦးမှာပါ။ ကျွန်တော့် နိုင်ငံရေးဖီလင်က ဒေါ်စုဆီမှာဘဲ ကိန်းဝပ်လျက်ပါ။ ဒီခေတ်နိုင်ငံရေးမှာ ဒေါ်စုက လွဲရင် ထောက်ခံဖို့ ကောင်းတဲ့သူ မတွေ့ သေးလို့  ဒေါ်စုကိုဆက်ချစ်ပါရစေ။

အောင်မျိုးထွန်း

၁၆- ၈- ၂၀၁၁

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.