Saturday, April 24, 2010

0 နအဖလက်ချက်မှတပါး အခြားမရှိ

(ရွှေပြည်စိုး )
မိုးမခ၀က်ဆိုဒ်မှ
“သင်္ကြန်အကြတ်နေ့ X20 မဏ္ဍပ်ရှေ့မှာ ဖောက်ခွဲတဲ့ ရည်ရွယ်ချက်မှာ-
၁။ NLD နဲ့ အခြား ဒီမိုကရေစီ ပါတီတွေ၊ ဒီမိုကရေစီအင်အားစုတွေကို နာမည်ဖျက်ရေး
၂။ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ပြည်သူ့အချစ်တော် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ မှေးမှိန်သွားရေး
၃။ ဒီမိုကရေစီ အင်အားစုများနဲ့ ပြည်သူများအကြား အထင်လွဲမှားစေရေး
၎။ ဒီမိုကရေစီ အင်အားစုများအပေါ် နိုင်ငံတကာက အကြမ်းဖက်သမားအဖြစ် အထင်လွဲမှားစေရေး…. တို့ဖြစ်ပါတယ်။ …”
နအဖလက်ချက်မှတပါး အခြားမရှိဆိုတာဟာ ၂၀၁၀- ၄ လ ၁၅ ရက် သင်္ကြန်အကြတ်နေ့ X20 မဏ္ဍပ်ရှေ့ ပေါက်ကွဲမှုအပါအ၀င် ရန်ကုန်နယ်နိမိတ်အတွင်း ပေါက်ကွဲမှုများဟာ နအဖ လက်ချက်သာ ဖြစ်တယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။

ရန်ကုန်မြို့တည်ရှိမှု

ရန်ကုန်မြို့ဟာ ဟိုးနှစ်ပေါင်းများစွာ နိုင်ငံရေး အစိုးရအဆက်ဆက် ကတည်းက အလွန်စည်းကားသန့်ရှင်းသပ်ရပ်တဲ့ မြို့တော် ဖြစ်ပါတယ်။ ရန်ကုန်မြို့ဟာ အစိုးရရုံးစိုက်ရာ ကုလသမဂ္ဂရုံးစိုက်ရာ နိုင်ငံတကာ သံရုံးများစိုက်ရာ မြို့ဖြစ်တဲ့အပြင် ပြည်တွင်းပြည်ပကုန်သွယ်ရေးဆိုင်ရာ စီးပွားရေး အချက်အချာကျတဲ့ မြို့လည်း ဖြစ်ပါတယ်။
ပြည်သူအများထံမှ ကောက်ခံရရှိတဲ့ အခွန်တော်ငွေတွေနဲ့ ရှင်သန်နေရတဲ့ အစိုးရအဖွဲ့အစည်းများကလည်း ပြည်သူများရဲ့ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ပေးရမယ့် တာဝန်ရှိသလို တာဝန်ကျေပွန်အောင်လည်း ထမ်းဆောင်ခဲ့ကြပါတယ်။ ပြည်ပရန်နဲ့ လက်နက်ကိုင်သောင်းကျန်းသူများရဲ့ ရန်ကို ကာကွယ်ပေးဖို့ အစိုးရက ဖွဲ့စည်းထားတဲ့ တပ်မတော်ကလည်း သူတို့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့လို့ အစိုးရနဲ့ပြည်သူ တပ်မတော်နဲ့ပြည်သူများဟာ အစဉ်ကြည်ဖြူလျက်ရှိကြပါတယ်။ ပူပင်ကြောင့်ကြမှုဆိုတာလည်း မရှိကြပါ။
ယခုရန်ကုန်မြို့
န၀တ၊ နအဖ ခေတ်ရောက်လာတဲ့အခါ ရန်ကုန်မြို့ဟာ မြို့အင်္ဂါရပ်နဲ့ မညီတော့ဘဲ တောရွာဇနပုဒ် အဆင့်လောက်သာ ရှိပါတော့တယ်။ အခုဆိုရင် ဒုစရိုက်မြို့လို ဖြစ်နေပါပြီ။
ရန်ကုန်မြို့နယ်အတွင်းရှိ မြို့နယ်တိုင်း ရပ်ကွက်တိုင်းမှာ ဒုစရိုက်မှုတွေ၊ရာဇ၀တ်မှုတွေဟာ နေ့စဉ်နဲ့အမျှ ဖြစ်ပွားလျက်ရှိပါတယ်။ ဒါ့အပြင် မကြာခဏ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။ ဒါကြောင့် ရန်ကုန်သားတွေဟာ နေ့စဉ်နဲ့အမျှ ကြောင့်ကြပူပန်မှုတွေ စိုးရိမ်မှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
ရန်ကုန်မြို့တည်ရှိမှု
ရန်ကုန်မြို့ဟာ -
၁။ ထိုင်း အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေနဲ့ ထိစပ်နေတဲ့ နယ်စပ်မြို့ မဟုတ်တာရယ်
၂။ ရန်ကုန်မြို့ဝင်ပေါက်တွေ အားလုံးကို လုံခြုံရေးတပ်ဖွဲ့တွေက နေ့ညမပြတ်စောင့်ကြပ်နေတာရယ်
၃။ ရန်ကုန်နယ်နိမိတ်အတွင်းရှိ မြို့နယ်တိုင်း ရပ်ကွက်တိုင်းမှာ ထောက်လှန်းရေး၊ ရဲ၊ မယက၊ ရယက၊ ကြံ့ဖွတ်၊ စွမ်းအားရှင်တွေက ရပ်ကွက်ထဲဝင်လာတဲ့ သူစိမ်းမှန်သမျှကို နေ့ညမလွတ်တမ်း စောင့်ဖမ်းနေတာရယ်….
စတာတွေကြောင့် ရန်ကုန်မြို့အတွင်းကို ဘယ်နယ်ခြား၊ပယ်ခြားက လူစိမ်းမှ မလာရောက်နိုင်သလို ဘာလက်နက်မှလည်း မ၀င်နိုင်ပါ။ ရန်ကုန်မြို့သူမြို့သားတွေမှာ ဓားမတိုမှလွဲလို့ ဘာလက်နက်မှ မရှိပါ။ ဗုံးတို့၊ သေနတ်တို့ဆိုတာတော့ ဝေလာဝေးပါ။
ရန်ကုန်မြို့နေလူထုဟာ နအဖရဲ့ လုံခြုံရေးတပ်တွေ ထူထပ်စွာ ချထားနေပါလျက် သူပုန်သူကန်တွေလည်း မ၀င်နိုင်ပါလျက် ရန်ကုန်မြို့သားတွေမှာလည်း ဘာလက်နက်မှ မရှိပါလျက်နဲ့ ဘာကို စိုးရိမ်ကြောင့်ကြ နေကြတာလဲလို့ ဆန်းစစ်ကြည့်တဲ့အခါ မကြာခဏ ပေါက်ကွဲလေ့ရှိတဲ့ ဗုံးတွေကြောင့် ဖြစ်ကြောင်း တွေ့ရှိရပါတယ်။
ရန်ကုန်နေလူထုမှာလည်း ဒီလှိုဗုံးမျိုးမရှိ၊ နယ်ခြားက ဘယ်သူကမှ ၀င်မလာနိုင်လို့ ဘာဗုံးမှလည်း မရှိ။ အဲဒီတော့ ရန်ကုန်မှာ မကြာခဏပေါက်နေတဲ့ ဗုံးတွေဟာ ဘယ်ကထွက်လာသလဲလို့ ဆန်းစစ်ကြည့်ရင် ‘ရွှေသမင်ဘယ်ကထွက်၊ မင်းကြီးတာကထွက်’ ဆိုတဲ့အတိုင်း နအဖဆီက ထွက်လာတဲ့ဗုံးတွေ ဖြစ်နေပြီဆိုတာ သေချာပေါက် တွက်လို့ရပါပြီ။ ဒီလိုဆိုရင် သင်္ကြန်အကြတ် ၂၀၁၀၊ ၄ လ ၁၅ ရက်နေ့က X20 မဏ္ဍပ်ရှေ့မှာ ပေါက်ကွဲတဲ့ ဗုံးသုံးလုံးဟာ နအဖခွဲတဲ့ ဗုံးတွေဖြစ်နေပြီဆိုတာ သေချာနေပါပြီ။ အဲဒီဗုံးခွဲမှုမှာ လူ ၁၀ ယောက်သေ၊ ၁၇၀ ကျော် ဒဏ်ရာရတဲ့ ရာဇ၀တ်မှု တရားခံဟာ နအဖပါပဲ။
ဒါကြောင့် ရန်ကုန်နယ်နိမိတ်အတွင်း ပေါက်ကွဲတဲ့ဗုံးတွေဟာ နအဖ လက်ချက်မှတပါး အခြားမရှိ ဖြစ်နေပါတယ်။
နအဖရဲ့ရည်ရွယ်ချက်က ဘာလဲ
နအဖရဲ့ တခုတည်းသော ရည်ရွယ်ချက်မှာ ရာသက်ပန် အကြွင်းမဲ့ အာဏာရှင်ဖြစ်ရေး ဖြစ်ပါတယ်။
နအဖ အာဏာရှင်တွေဟာ အကြွင်းမဲ့ အာဏာရှင် ဖြစ်ရေးအတွက် ၂၀၁၀ ရွေးကောက်ပွဲကို ဗန်းပြပြီး လုပ်နေတာဖြစ်တယ်။ ဥပမာ-
၁။ NLD အပါအ၀င်နိုင်ငံရေးပါတီတွေ တခုမကျန်ဖျက်သိမ်းရေး
၂။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ပျက်သုဉ်းရေး
၃။ အဲလိုလုပ်ပြီးမှ ၂၀၁၀ ရွေးကောက်ပွဲနဲ့ အောင်ပွဲခံပြီး ရာသက်ပန် အာဏာတည်မြဲရေး ဖြစ်တယ်။
သင်္ကြန်အကြတ်နေ့ X20 မဏ္ဍပ်ရှေ့မှာ ဖောက်ခွဲတဲ့ ရည်ရွယ်ချက်မှာ-
၁။ NLD နဲ့ အခြား ဒီမိုကရေစီ ပါတီတွေ၊ ဒီမိုကရေစီအင်အားစုတွေကို နာမည်ဖျက်ရေး
၂။ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ပြည်သူ့အချစ်တော် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ မှေးမှိန်သွားရေး
၃။ ဒီမိုကရေစီ အင်အားစုများနဲ့ ပြည်သူများအကြား အထင်လွဲမှားစေရေး
၎။ ဒီမိုကရေစီ အင်အားစုများအပေါ် နိုင်ငံတကာက အကြမ်းဖက်သမားအဖြစ် အထင်လွဲမှားစေရေး…. တို့ဖြစ်ပါတယ်။
နအဖရဲ့ သမားရိုးကျကောက်ကျစ်နည်း
(က) စစ်အာဏာရှင်တွေဟာ အာဏာတည်မြဲရေးအတွက် လိမ်ညာကောက်ကျစ်နည်းတွေကို ရေလဲ သုံးလေ့ရှိပါတယ်။ အထိမ်းအမှတ်ပွဲ တခုခု သို့မဟုတ် နှစ်စဉ်ကျင်းပမြဲ ပွဲတော်တခုခု ရောက်ခါနီးတိုင်း အဖျက်သမားရန်ကြောင့်ဟု အကြောင်းပြပြီး လုံခြုံရေးအင်အားတိုးမြှင့်ချထား၊ ပြီးတော့မှ သူတို့ဘာသာ ဗုံးခွဲပြီး ကေအန်ယူ၊ အေဘီအက်ဒီအက်ဖ်၊ အန်န် စီယူပီ၊ အန်စီဂျီယူပီ စတဲ့ အဖွဲ့တခုခုရဲ့ လက်ချက်လို့စွပ်စွဲ၊ တရားခံကို မကြာမီဖော်ထုတ်မယ်လို့ ယုတ္တိရှိအောင် လိမ်ညာကာ ကြေညာ၊အစွပ်စွဲခံရတဲ့ အဖွဲ့တွေက ပြန်ငြင်းဆို၊ မကြာမီ ဘယ်နှစ်ယောက် ဖမ်းမိထားပြီလို့သာ သတင်းစာမှာကြေညာပေမယ့် ဖမ်းမိတဲ့ တရားခံရဲ့ဓာတ်ပုံ ဖော်ပြခြင်းမရှိ၊ဓာတ်ပုံ မပါတာကို ထောက်တော့ နအဖက ကြီးမားတဲ့ အစဉ်အလာအတိုင်း လိမ်ညာနေပြီဆိုတာ ထင်ရှားပါတယ်။
နအဖလက်ချက်မှတပါး အခြားမရှိတဲ့ လူသတ်မှုကြီးများ
(က) အက်စ်တူး ဗိုလ်ချုပ်တင်ဦးကို လုပ်ကြံမှုများ
၁၉၉၆ ခု၊ ဒီဇင်ဘာလကုန်ပိုင်း ကမ္ဘာအေးစေတီအနီးရှိ ပန်းအိုးအတွင်းက ပေါက်တဲ့ဗုံးကို ကေအင်န်ယူနဲ့၊ အေဘီအက်စ်ဒီအက်ဖ် တို့လက်ချက်လို့ စွပ်စွဲတယ်။ အဲဒီနှစ်ဖွဲ့က သူတို့လုပ်တာ မဟုတ်ဘူးလို့ ငြင်းဆိုတယ်။ နောက်မကြာမီမှာပဲ ကမ္ဘာအေးစေတီအနီး အမှိုက်ပုံထဲမှာ တစ်ကြိမ် ဗုံးပေါက်တယ်။ အဲဒီ နှစ်ကြိမ်စလုံးဟာ အက်စ်တူး တင်ဦးထွက်ခွါသွားပြီးမှ ပေါက်ကွဲတဲ့ ဗုံးတွေ ဖြစ်တယ်။
၁၉၉၇ ဧပြီလဆန်းမှာ တတိယအကြိမ် အက်စ်တူး တင်ဦးအိမ်မှာ စာအိပ်ဗုံးပေါက်ကွဲစဉ်က ဗိုလ်တင်ဦးရဲ့သမီး လဲ့လဲ့ဦးဟာ ဓားစာခံအဖြစ် သေဆုံးခဲ့ရတယ်။ အဲဒီစာအိပ်ဗုံးကို စီအာဒီဘီက ဂျပန်နိုင်ငံကနေ ပို့တဲ့ဗုံးဖြစ်သယောင် လိမ်ညာစွပ်စွဲခဲ့တယ်။ ဒါပေမယ့် ဂျပန်စာတိုက်ဌာနက အဲဒီစာအိပ်ဗုံးဟာ သူတို့ဆီက ထွက်သွားတဲ့ စာအိပ်ဗုံးမဟုတ်ဘူးလို့ အခိုင်အမာ ငြင်းဆိုတဲ့အတွက် နအဖ အရှက်ကွဲခဲ့ရတယ်။ အမှန်စင်စစ်က အက်စ်တူး တင်ဦးကို လုပ်ကြံဖို့ နအဖလက်ပါးစေတစ်ဦးက စာပို့သမားဟန်ဆောင်ပြီး စာအိပ်ဗုံးကို ဝေပေးသွားတာ ဖြစ်တယ်လို့ နောက်ပိုင်းတွင် သတင်းတွေ ထွက်ပေါ်လာတာ တွေ့ရပါတယ်။
ကမ္ဘာအေးစေတီမှာ ပေါက်ကွဲတဲ့ ဗုံးနှစ်လုံး၊ အက်စ်တူးတင်ဦးအိမ်မှာ ပေါက်ကွဲတဲ့ ဗုံးတစ်လုံး ပေါင်း ဗုံးသုံးလုံးဟာ နအဖအတွင်း အာဏာလွန်ဆွဲပွဲမှ အက်စ်တူးတင်ဦးကို မလိုလားတဲ့ဘက်က လုပ်ကြံတယ်ဆိုတာ ခုလောက်ဆို သိလောက်ပါပြီ။ ပိုထင်ရှားစေတဲ့ စတုတ္ထအကြိမ်လုပ်ကြံမှုက သက်သေပြနေပါတယ်။
၂၀၀၁- ၂- ၁၉ ရက်နေ့ မော်လမြိုင်က ဖားအံအသွား စစ်အရာရှိမောင်းတဲ့ ရုရှားလုပ် စစ်ရဟတ်ယာဉ် MI-17 Helicoptor ပေါ်မှာ အချင်းချင်း ပစ်ခတ်ရင်း အက်စ်တူး တင်ဦး သေဆုံးခြင်းက သက်သေခံနေပါတယ်။ စစ်အရာရှိကြီးငယ် ၂၀ ကျော် သေဆုံးတာဟာ နအဖချင်းရဲ့ လက်ချက်ဖြစ်ပေမယ့် စစ်အစိုးရက ရာသီဥတု ဆိုးဝါးမှုကြောင့် ရဟတ်ယာဉ်ပျက်ကျတာလို့ လိမ်ညာကာ ကြေညာခဲ့ပါတယ်။
(ခ) ဒီပဲယင်းလုပ်ကြံမှု
၂၀၀၃ ခု၊ မေလ ၃၀ ရက်နေ့ ညနေက ဖြစ်ပွားတဲ့ ဒီပဲယင်း သတ်ဖြတ်မှုဟာလည်း နအဖလက်ချက်ပါပဲ။ အဲဒီနေ့ညက ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူသွားသူများထဲမှ လူအချို့နှင့် ဒေါ်စုကို လာကြိုသူ စုစုပေါင်း ၂၈၂ ယောက် အသတ်ခံရပြီး ရာနဲ့ချီပြီး ဒဏ်ရာရတဲ့ ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှုဟာ (ဒီပဲယင်းလုပ်ကြံမှု အရေးယူဆောင်ရွက်ရေးကော်မတီ၏ ဒုတိယအကြိမ် ပဏာမအစီအရင်ခံစာ) နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် လှို့ဝှက်ညွှန်ကြားပြီး ဗိုလ်ချုပ်စိုးဝင်း (ယခုကွယ်လွန်သူ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း) က အနီးကပ် ကြီးကြပ်တဲ့ လူသတ်ပွဲကြီးဖြစ်တယ်။ ဒါပေမယ့် ဒေါ်စုကို ထောက်ခံသူများနဲ့ ဒေါ်စုကို ဆန့်ကျင်သူများအုပ်စု နှစ်ခု ခိုက်ရန်ဖြစ်ပွားတာလို့ စစ်အစိုးက လိမ်ညာကာ ကြေညာခဲ့ပါတယ်။
ဒါဟာလည်း နအဖလက်ချက်မှတပါး အခြားမရှိတဲ့ လူသတ်မှုကြီးပါပဲ။
(ဂ) တက္ကသိုလ်ရိပ်သာလမ်း ၅ လောင်းပြိုင်လူသတ်မှု
၂၀၀၈ ခု၊ မတ်လ ၃ ရက်နေ့ ညနေက ဖြစ်ပွားတဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ၅ လောင်းပြိုင်လူသတ်မှုဟာလည်း နအဖလက်ချက်ပါပဲ။ အသတ်ခံရတဲ့အိမ်ဟာ အစိုးရ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာနဲ့ ဒေါ်အောင်ဆန်းစုကြည် အိမ်အကြားမှာဖြစ်ပြီး လက်နက်ကိုင် လုံခြုံရေးတွေ အမြဲ အပြည့်ချထားတဲ့ နေရာဖြစ်တယ်။ ဒီလမ်းဟာ ဘက်စ်ကားလိုင်းတွေ ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့လမ်း၊ ကိုယ်ပိုင်ကားတွေတောင် သွားချင်တိုင်း သွားလို့မရတဲ့လမ်း။ လက်နက်ပါသူမပြောနဲ့ လက်နက်မပါတဲ့ သာမန်လူတွေ သွားတာတောင်မှ စစ်ဆေးရေးဂိတ်တွေကို ဖြတ်ပြီးမှ သွားရတဲ့လမ်းဖြစ်လို့ ဒီ ၅ လောင်းပြိုင် သတ်တဲ့ တရားခံဟာ သာမန်အရပ်သူ၊ အရပ်သားတွေ မဖြစ်နိုင်သလို မိသားစု ၀င်တွေထဲကလည်း လုံးဝမဖြစ်နိုင်။ အဲဒီတော့ ဒီ ၅ လောင်းပြိုင် လူသတ်မှုဟာ နအဖလက်ချက်မှတပါး အခြား ဘယ်သူမှ မရှိပါ။
လူသတ်သမားတွေက အသံတိတ် (၉မမ) ပစ္စတိုသုံးပြီး သွေးအေးအေးနဲ့ ပစ်သတ်သွားတယ်လို့ ဆိုတယ်။ သေသူတွေကတော့ မြန်မာပြည်မှာ အချမ်းသာဆုံးစာရင်းဝင် ကျောက်သူဋ္ဌေးကြီး မိုးကုတ်ဦးမြမောင်ရဲ့ သမီး ဒေါ်စန်းစန်းမြမိသားစု ၅ ယောက် ဖြစ်ပါတယ်။
နအဖ သတင်းစာတွေမှာ ရာဇ၀တ်မှုတွေကို နေ့ချင်းညချင်းဖော်ထုတ်နိုင်တယ်၊ဖမ်းဆီးနိုင်တယ် လို့ မကြာခဏ ဖော်ပြပါတယ်။ ရဲချုပ် ဗိုလ်ချုပ်ခင်ရီကလည်း လူသတ်တရားခံအစစ်ကို မိဖို့ အသေအခြာ စစ်ဆေးနေပါတယ် လို့ ပြောပါတယ်။ (ဒီဗွီဘီ ၃၊ ဂျူလိုင်၊ ၂၀၀၈) ဒါပေမယ့် ဒီနေ့အထိ သုံးနှစ်ကျော်လာပြီ။ ဘာသဲလွန်စမှ မပေါ်သေးတာကို ထောက်တော့ ဒီ ငါးလောင်းပြိုင်လူသတ်မှုဟာ နအဖလက်ချက် ဖြစ်နေလို့ပေါ့။ သာမန်အမှုဆို နေ့ချင်းညချင်း ဖမ်းမိပါတယ်။
ပိုသေချာပြီ နအဖလက်ချက်
ယနေ့မြန်မာ (Burmatoday) ဆီဝင်လာတဲ့ “ငါးလောင်းပြိုင်လူသတ်မှုနဲ့ ပတ်သက်တဲ့ အီးမေးတစ်စောင်အရ- ငါးလောင်းပြိုင်လူသတ်မှုတရားခံတွေဟာ ထိုင်းလူမျိုး ခြောက်ဦးနဲ့ ၀လူမျိုး တစ်ဦးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့သားက ငှါးရမ်းသတ်ဖြတ်ခိုင်းတာဖြစ်ကြောင်း၊ သတ်ရခြင်းရဲ့ အကြောင်းရင်းက ဗိုလ်သန်းရွှေရဲ့သမီး သန္တာရွှေရဲ့ မင်္ဂလာဆောင်မှာ (အသတ်ခံရသူ) ဒေါ်စန်းစန်းမြဆီက ငှါးရမ်းထားတဲ့ စိန်တွေကို ပြန်မပေးလို့ ဒေါ်ကြိုင်ကြိုင်နဲ့ စကားများရာက ဗိုလ်သန်းရွှေရဲ့သားက လူရမ်းကားတွေကို ငှါးရမ်း သတ်ဖြတ်ခိုင်းတာ ဖြစ်ကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။ (ယနေ့မြန်မာ ၉ - ၂၆ - ၂၀၀၈)
အဲဒီနောက် ဒီဗွီဘီက ရတယ်ဆိုတဲ့ အီးမေးတစ်ပုဒ်မှာလည်း- သေဆုံးသူမိသားစုဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သမီး မင်္ဂလာဆောင်အတွက် စိန်လက်ဝတ်ရတနာတွေ ငှါးပြီးပြန်မပေးလို့တောင်းရာက အသတ်ခံရတာလို့လည်း ပါရှိပါတယ်။ (“ငါးလောင်းပြိုင်လူသတ်မှု ၁ နှစ်ခွဲကျော်ကြာသည်အထိ မပေါ်သေး” ဟူသောခေါင်းစဉ်ဖြင့် ဒီဗွီဘီ ၁၉ - ၁၀ - ၂၀၀၉ တွင် ဖော်ပြထားသည့် သတင်းဖြစ်ပါသည်။)
တဖန် ဒီဗွီဘီရဲ့ အခြားသတင်းတစ်ပုဒ်မှာ- ဒီအမှုမှာ ထိပ်ပိုင်း စစ်ဗိုလ်ချုပ် မိသားစုဝင်တွေ ပါဝင်ပတ်သက်နေတာမှို့ ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် မဆုံးဖြတ်နိုင်ဘဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးပို့လိုက်ရတယ်လို့လည်း ဆိုထားပါတယ်။ (ဒီဗွီဘီ ဂျူလိုင် ၃ - ၂၀၀၈)
ပိုသေချာတဲ့ စာပေစိစစ်ရေးရဲ့ညွှန်ကြားချက်
တက္ကသိုလ်ရိပ်သာလမ်း ငါးလောင်းပြိုင်လူသတ်မှုဟာ နအဖလက်ချက်ဆိုတာ တိကျမှန်ကန်အောင် စာပေစိစစ်ရေးရဲ့ ညွှန်ကြားချက်ကလည်း သက်သေပြနေပါတယ်။ ၎င်းညွှန်ကြားချက်အရ- ပြည်တွင်းပုဂ္ဂလိက ဂျာနယ်များအနေဖြင့် ယခုအမှုနှင့်ပတ်သက်၍ သတင်းရေးသားပါက အစိုးရပိုင် သတင်းစာများတွင် ရေးသားဖော်ပြသည်ထက် ပိုမိုဖော်ပြခြင်းမပြုရန် စာပေစိစစ်ရေးက ညွှန်ကြားထားတယ် လို့လည်း သိရပါတယ်။ (ခေတ်ပြိုင် ၁၄ - ၃ - ၂၀၀၈)
အထက်ဖော်ပြပါ ၂၀၁၀ - ၄ - ၁၅ သင်္ကြန်အကြတ်နေ့က ပေါက်ကွဲပြီး လူအများ သေကြေဒဏ်ရာရတဲ့ ရာဇ၀တ်မှုဟာ ရက်သတ္တ နှစ်ပတ်ပြည့်တော့မယ်။ ဘာသဲလွန်စမှ မပေါ်သေးပါ။ အရင်က ဖြစ်ပျက်ခဲ့တဲ့ နအဖ အက်စ်တူး ဗိုလ်ချုပ်တင်ဦးလုပ်ကြံခံရမှု၊ ဒီပဲယင်းမှာ လူပေါင်း ၂၈၂ ယောက် အသတ်ခံရမှု၊ တက္ကသိုလ်ရိပ်သာလမ်းက ငါးလောင်းပြိုင် လူသတ်မှု၊ စတဲ့ရာဇ၀တ်မှုတွေဟာ ဒီနေ့အထိ ဘာသဲလွန်စမှ မပေါ်သေးပါ။
သာမန်အားဖြင့် ရာဇ၀တ်မှုများကို နအဖက နေ့ချင်းညချင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အထက်ဖော်ပြပါ လူသတ်မှုကြီးတွေဟာ ဒီနေ့အထိ လက်သည် တရားခံမပေါ်သေးတာကို ထောက်တော့ ဒီပြစ်မှုကြီးတွေမှာ နအဖအာဏာရှင်ကြီးတွေကိုယ်တိုင် ကျူးလွန်၊ သို့မဟုတ် ပါဝင်ပတ်သက်နေတယ်ဆိုတာ ထင်ရှားနေပါပြီ။
ဒါကြောင့် လက်သည်တရားခံမပေါ်တဲ့ ရန်ကုန်နယ်နိမိတ်အတွင်းက ဖြစ်ပွားတဲ့ ရာဇ၀တ်မှုတွေဟာ နအဖလက်ချက်မှတပါး အခြားမရှိ ကြောင်း အများပြည်သူများ သိကြစေရန် တင်ပြအပ်ပါကြောင်း။

0 " NLD ဆိုတာ”
Mr.Creator

0 ပိစပ်ရွက်၊ စူလာနဖာရွက်တို့၏ ဆေးဖက်ဝင်ပုံအကြောင်းတို့ကို သုတေသနပြုစုသူ စာရေးဆရာကြီး သာဂဒိုး (ခ) ဦးတင်စိုး အသက် (၈၅)နှစ် ကွယ်လွန်ပြီ


စာရေးဆရာကြီး ဦးသာဂဒိုး အသက် (၈၅)နှစ်သည် ယနေ့နံနက် (၆း၀၀) နာရီအချိန်ခန့်တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းရရှိပါသည်။ မကွယ်လွန်မီ ဆရာ သာဂဒိုးအား ကျန်းမာရေး စစ်ဆေးချက် ပြုလုပ်ရန်အတွက် ရန်ကုန်ဆေးရုံကြီး ပြင်ပလူနာဌာနတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။ ဆရာကြီး၏ ရောဂါအခြေအနေမှာ ထွေထွေထူးထူးမရှိ၍ ဆရာဝန်ကြီးများမှ ပြန်လည်ဆင်းခိုင်းခါနီးတွင် ကွယ်လွန်သွားခြင်း ဖြစ်ပါသည်။ ဆရာကြီး သာဂဒိုးကို ဖေဖော်ဝါရီ (၁၃) ရက်နေ့ ၁၉၂၆ ခုနှစ်တွင် အဖ ဦးဆိုင်၊ အမိ ဒေါ်မေညွှန့်တို့မှ ဖျာတန်းရွာ၊ ဒါးကမြို့နယ်၊ ပုသိမ်မြို့၌ မွေးဖွားခဲ့ပါသည်။ ဆရာကြီး ကွယ်လွန်သွားချိန်တွင် အမှတ် (၇၃)၊ ၅၁ လမ်း (အလယ်)၊ (၁) ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်။ သာဂဒိုးဂေဟာ၌ သားများဖြစ်ကြသော ဦးသိဒ္ဓိ + ဒေါ်စန်းစန်းမြင့်၊ ဦးစံလူလူ + ဒေါ်သန်းသန်းတင့်၊ ဦးအေးမင်း + ဒေါ်အေးအေးခိုင်နှင့် မြေး (၆) ယောက်၊ မြစ် (၂) ယောက်တို့ ကျန်ရှိခဲ့ကြောင်း သိရှိခဲ့ရပါသည်။

လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေး ခုနှစ်ရက်သားသမီးတို့၏ နာရေးကိစ္စများ၊ ဆေးကုသမှုများ၊ လေးဘေး၊ မီးဘေး၊ ရေဘေးကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အခမဲ့ ကူညီဆောင်ရွက်ပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်) မှလည်း ဆရာကြီး ဦးသာဂဒိုး၏ ရုပ်ကလပ်အတွက် မှန်ခေါင်းကူညီမည်ဖြစ်ပြီး ၂၆.၄.၂၀၁၀ တနင်္လာနေ့ မနက် (၁၀)နာရီ ရေဝေးမှာ သဂြို င်္ဟ်မည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

လေးစားဦးညွတ်လျှက်

Burma Paparazi

0 ဒီမိုကရေစီရေး စစ်တပ်ထဲက ပူးပေါင်းဖို့ အမေရိကန်အမတ် တိုက်တွန်း

Dana Rohrabacher, July 17, 2007-AP
အမေရိကန် အောက်လွှတ်တော်အမတ် မစ္စတာ ဒေနာ ရိုရာဘာကာ။
ဇူလိုင် ၁၇၊ ၂၀၀၇။
မြန်မာနိုင်ငံအတွင်းမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားဖို့ စစ်တပ်အတွင်းက မျိုးချစ်တပ်သားတွေ အနေနဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ခေါင်းဆောင်တွေကို တိုက်ထုတ်ကြဖို့ အမေရိကန် အောက်လွှတ်တော်အမတ် ဒေနာ ရိုရာဘာကာ (Dana Rohrabacher) က တောင်းဆိုလိုက်ပါတယ်။ ဒီစစ်ခေါင်းဆောင်တွေရဲ့ ကူညီ လုပ်ဆောင်ပေးမှုတွေကြောင့် မြန်မာပြည်ဟာ တဖြည်းဖြည်းနဲ့ တရုတ်နိုင်ငံရဲ့ လက်အောက်ခံနိုင်ငံ ဖြစ်လာနေပြီလို့ သူက ပြောပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံရဲ့ အချုပ်အချာ အာဏာဟာ တိုင်းတပါးရဲ့ လက်ထဲကို ရောက်တဲ့ အဖြစ်မျိုးနဲ့ မြန်မာနိုင်ငံသားတွေ ရင်ဆိုင်နေကြရတယ်လို့ ကာလီဖိုးနီးယားပြည်နယ်က ရီပတ်ဘလီကန် လွှတ်တော်အမတ် ဒေနာ ရိုရာဘာကာက ပြောဆိုလိုက်တာပါ။ ဒါ့အပြင် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ သယံဇာတတွေ ခိုးယူနေရုံမကဘဲ မြန်မာနိုင်ငံကို သူ့လက်ခံ နိုင်ငံတနိုင်ငံ ဖြစ်ဖို့အတွက် တဖြည်းဖြည်းနဲ့ သိမ်းသွင်းနေတယ်လို့ သူက ပြောပါတယ်။

“တရုတ်နိုင်ငံဟာ မြန်မာလူထု လက်ထဲကနေ တိုင်းပြည်ကို တဖြည်းဖြည်းနဲ့ လုယူနေပါတယ်။ အဲဒီလို မတရားသဖြင့် ရယူနိုင်ဖို့ အတွက်လည်း ကိုယ့်တိုင်းပြည်အပေါ် သစ္စာစောင့်သိဖို့ထက် မိမိအာဏာ တည်မြဲရေးကိုသာ ဦးစားပေး လုပ်ဆောင်နေကြတဲ့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ အကူအညီ အထောက်အပံ့နဲ့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

“ဒါကြောင့် တိုင်းပြည်ကို ကယ်တင်လိုစိတ်ရှိတယ်၊ စစ်မှန်တဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို လုပ်ဆောင်လိုကြတယ်၊ မြန်မာနိုင်ငံကြီး တိုင်းတပါး လက်အောက်ခံနိုင်ငံ ဖြစ်မသွားစေချင်ဘူး ဆိုရင် မျိုးချစ်စိတ် ရှိသူတွေနဲ့ လွတ်လပ်မှုကို လိုလားကြတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ အာဏာရှင်တွေကို ဆန့်ကျင် တိုက်ထုတ်နိုင်ဖို့ အားလုံး တညီတညွတ်တည်း ပူးပေါင်းလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။”

တိုင်းပြည်ကို ဆယ်စုနှစ်ပေါင်းများစွာ တင်းတင်းကျပ်ကျပ် ဖိနှိပ် အုပ်ချုပ်လာခဲ့တဲ့ စစ်အာဏာရှင်တွေကို တိုက်ထုတ်နိုင်ဖို့အတွက် လက်နက်ကိုင် တိုင်းရင်းသား အင်အားစုတွေ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ တခြား မျိုးချစ်ပုဂ္ဂိုလ်တွေ ပူးပေါင်း လုပ်ဆောင်ကြဖို့ လိုအပ်တယ်လို့လည်း သူက ပြောပါတယ်။

ဒါ့အပြင် တပ်မတော်အတွင်းက မျိုးချစ် အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားတွေ အနေနဲ့လည်း ဒီမိုကရေစီ အင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ခေါင်းဆောင်တွေကို ပုန်ကန် တိုက်ထုတ်ကြဖို့ လွှတ်တော်အမတ်က တောင်းဆိုလိုက်ပါတယ်။

“အတိုက်အခံ အင်အားစုတွေကလည်း ဂုဏ်သရေ ပြည့်ဝပြီး ပြည်သူနဲ့ တိုင်းပြည်အကျိုးကို ရှေးရှုတဲ့ တပ်မတော်ကြီး ဖြစ်လာဖို့ ဆန္ဒရှိနေကြတဲ့ စစ်တပ်အတွင်းက မျိုးချစ်ရဲဘော်တွေနဲ့ လက်တွဲ လုပ်ဆောင်ကြဖို့ လိုပါတယ်။ တပ်မတော်အတွင်းက စစ်မှန်တဲ့ စိတ်ထား ရှိကြတဲ့ ခေါင်းဆောင်တွေ အနေနဲ့လည်း အမှန်တကယ် လွတ်လပ်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ မြန်မာနိုင်ငံတော်ကြီး ဖြစ်လာရေး လုပ်ဆောင်ကြဖို့ အချိန်ရောက်ပါပြီ။”

အခုချိန်ဟာ တိုင်းရင်းသားတွေနဲ့ ဒီမိုကရေစီ အင်အားစုတွေ အပါအ၀င် မျိုးချစ်စိတ်ရှိတဲ့ တပ်မတော်သားတွေအတွက် တော်လှန် ပုန်ကန်ကြဖို့ အခွင့်အခါကောင်း ဖြစ်တာကြောင့် ဒီအခွင့်အရေးကို လက်လွတ်ဆုံးရှုံး မခံကြဖို့ လွှတ်တော်အမတ် ရိုရာဘာကာက တိုက်တွန်းပါတယ်။ အဲဒီလို ဒီမိုကရေစီ အရေးအတွက် တော်လှန် ပုန်ကန်သူတွေဘက်မှာ ကမ္ဘာ့မိသားစုကြီးက ရှိနေမှာ ဖြစ်သလို သူတို့ကို ထောက်ခံအားပေးကြမှာပါလို့ သူက ပြောပါတယ်။

မြန်မာစစ်အစိုးရက အခုနှစ်အတွင်း ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကို တရားမျှတပြီး သက်ဆိုင်သူတွေ အားလုံး ပါဝင်နိုင်အောင် ဖန်တီးပေးဖို့ အာဆီယံနိုင်ငံ အတွင်းက ခေါင်းဆောင်တွေ အပါအ၀င် ကမ္ဘာ့တိုင်းပြည် အသီးသီးက ၀ိုင်းဝန်း တောင်းဆိုနေကြတဲ့ အချိန်မှာ လွှတ်တော်အမတ် ဒေနာ ရိုရာဘာကာက အမေရိကန် လွှတ်တော်ကို ပြောကြားတဲ့အထဲ အခုလို ထည့်သွင်း ပြောဆိုသွားတာပါ။

မြန်မာစစ်အစိုးရက ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေက တရားမျှတမှု မရှိတဲ့အပြင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရှိအောင် တမင် လုပ်ကြံရေးဆွဲ ထားတာကြောင့် ဒီဥပဒေတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ စစ်အစိုးရအပေါ် ပိုမိုပြင်းထန်တဲ့ ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်လုပ်ဆောင်ပေးဖို့ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းတုန်းက အမေရိကန် အထက်လွှတ်တော်အမတ် ၉ ဦးက သမ္မတ အိုဘားမားကို စာရေးသား တောင်းဆိုခဲ့ကြပါတယ်။

voa

0 Burma's hip-hop resistance spreads message of freedom


The Guardian သတင်းစာမှာ ဆောင်းပါးရှင် Jack Daviesက hip-hop နံမည်ကြီးအဆိုတော်သားစိုးအကြောင်းရေးသားဖော်ပြထားပါတယ်။ ဆောင်းပါးမှာရေးသားဖော်ပြထားတာက စစ်အာဏာရှင်စံနစ်အောက် မြန်မာပြည်မှာ ဟိုဟာအပိတ်ခံ ဒီဟာအပိတ်ခံ ဖြစ်နေရတဲ့အထဲမှာ လူငယ်တွေဟာဂီတရေစီးကြောင်းနဲ့သူတို့ရဲ့အမြင်တွေကိုဖော်ထုတ်ဖို့ကြိုးစားနေတယ်လို့ဆောင်းပါးရဲ့အာဘော်မှာ ရေးသားထားပါတယ်။ သားစိုးဟာလန်ဒန်အခြေစိုက် SAE Instituteမှာ ပညာသင်ကြားခဲ့ဖူးသူဖြစ်ပြီး အနောက်တိုင်းဂီတကိုသာမက မြန်မာ့ရိုးရာဂီတကိုပါ စိတ်ဝင်စားသူဖြစ်ကြောင်း ဆောင်းပါးမှာဖော်ပြထားပါတယ်။

ဂီတဆိုတာ မြန်မာပြည်ရဲ့တော်လှန်ရေးသမိုင်းမှာ အရေးပါတဲ့နေရာက ပါဝင်ခဲ့တယ်ဆိုတာငြင်းလို့မရဆိုသလို ပိုမိုလွတ်လပ်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ဂီတတွေဖန်တီးနိုင်ပါစေလို့ ဆောင်းပါးမှာရေးသားဖော်ပြထားပါတယ်။

Friday, April 23, 2010

0 မြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရာမှာ တာဝန်သိဖို့ အမေရိကန်သတိပေး

မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံရာမှာ မြန်မာအပါအဝင် နိုင်ငံအားလုံးဟာ သတိကြီးကြီးထားဖို့နဲ့ နိုင်ငံတကာ သိသာအောင် ပွင့်ပွင့်လင်းလင်း ရှိဖို့ အထူးတာဝန်ရှိတယ်လို့ အမေရိကန် ပြည်ထောင်စုက ဧပြီ ၂၁ ရက် မနေ့က သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်ရက်အတွင်း မြောက်ကိုရီးယားလက်နက်တင် သင်္ဘောတစီး ရန်ကုန်ဆိပ်ကမ်းကို ကပ်ပြီး စစ်သုံးလက်နက်ကြီးနဲ့ ကျည်တွေ ပို့ခဲ့တယ်ဆိုတဲ့ သတင်းအပေါ်မှာ အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Philip Crowley က တုံ့ပြန် ပြောလိုက်တာ ဖြစ်ပါတယ်။

မြန်မာအပါအဝင် နိုင်ငံအားလုံးဟာ မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံရာမှာ သတိထားဖို့နဲ့ နိုင်ငံတကာ သိသာအောင် ပွင့်လင်းမှုရှိဖို့ အထူးတာဝန်ရှိပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ မြောက်ကိုးရီးယားနဲ့ မြန်မာ နှစ်နိုင်ငံအကြား စစ်ရေး ဆက်ဆံမှုကို စိုးရိမ်မှုရှိတဲ့အကြောင်း အရင်ကတည်းက လူသိထင်ရှား ပြောထားပါတယ်လို့ မစ္စတာခရိုလီက ပြောသွားပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်ရက်အတွင်း ဘိလပ်မြေအိတ်တွေအောက်မှာ လက်နက်ပစ္စည်းတွေ တင်လာတဲ့ မြောက်ကိုရီးယား ကုန်သင်္ဘောတစီးဟာ ရန်ကုန်သီလဝါ ဆိပ်ကမ်းကို ကပ်ခဲ့ပြီး စစ်လက်နက် ပစ္စည်းတွေကို ညဖက်မှာ ချခဲ့တယ်လို့ ဆိပ်ကမ်းဝန်ထမ်းတဦးကို ကိုးကားပြီး RFA က သတင်း ထုတ်လွှင့်ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ မစ္စတာခရိုလီက အသေးစိတ်မတုံ့ပြန်ခဲ့ပေမဲ့ မြောက်ကိုးရီးယားနဲ့ ဆက်ဆံတဲ့ နိုင်ငံတွေအနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို လိုက်နာ စောင့်ထိန်းဖို့ လိုတယ်လို့လည်း ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာအပါအဝင် မြောက်ကိုရီးယားနဲ့ ဆက်ဆံတဲ့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတိုင်းဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၇၁၈ နဲ့ ၁၈၇၄ တို့ကို လိုက်နာလိမ့်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောသွားပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် နှစ်ရပ်ဟာ ၂၀ဝ၆ နဲ့ ၂၀ဝ၉ ခုနှစ်တွေက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံက ညူကလီးယားလက်နက်၊ ဓာတုလက်နက်နဲ့ ဇီဝလက်နက်တွေကို ရောင်းဝယ်တာကို ပိတ်ပင်ထားပြီး သယ်ဆောင်မှုကိုလည်း နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိပါးတဲ့ ပြစ်မှုအဖြစ် သတ်မှတ်ထားပါတယ်။
(RFA)

0 နအဖ၏မတရားသည့် ရွေးကောက်ပွဲ ဥပဒေနှင့် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲအား ချီတက်ကန့် ကွက်ဆန္ဒပြပွဲ(တိုကျို)


ဓာတ်ပုံမှတ်တမ်းရိုက်၍ပို့ပေးသော ကိုမင်းညိုဝမ်း(moethaukkye)အားကျေးဇူးတင်ရှိပါသည်။

0 ရွှေတိဂုံစေတီပေါ်သို့ အေးချမ်းစွာဘုရားဖူးလာကြသောပြည်သူများပါမချန် နအဖ လုံခြုံရေးများက ဖောက်ခွဲရေးပစ္စည်းများကို သဲသဲမဲမဲ ရှာဖွေ.

(၂၀၁၀) သင်္ကြန်အကြတ်နေ့ ကန်တော်ကြီးပတ်လမ်းပေါ်ရှိ X20 မဏ္ဏပ် အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရန်ကုန်မြို့တွင်း ရှာဖွေရေးစီမံချက်ကို အပူတပြင်း လုပ်ဆောင်လျှက်ရှိကြောင်း သိရှိရပါသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသား (၅) ဦးနှင့် အမျိုးသမီး (၃) ဦး သေဆုံးပြီး လူပေါင်း (၁၇၀) ကျော် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု နအဖ၏ သတင်းထုတ်ပြန်ရေးဌာနဖြစ်သော မြန်မာ့အသံ (အသံလွှင့်ဌာန)၊ ကြေးမုံသတင်းစာနှင့် မြန်မာ့အလင်းသတင်းစာတို့မှ သတင်းဖော်ပြခဲ့သည်။ ပြည်ပရောက် အဖွဲ့အစည်းများနှင့် ပြည်တွင်းသောင်းကျန်းသူများ၏ လက်ချက်ဟုလည်း နအဖက တိုက်ရိုက်စွပ်စွဲပြောဆိုခဲ့ပါသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အမှန်တကယ် သေဆုံးသူဦးရေမှာ (၄၅) ဦး ရှိပြီး၊ ရန်ကုန်ဆေးရုံကြီး (ဦးနှောက်နှင့်အာရုံကြောဌာန) တွင် အတွင်းလူနာအဖြစ် (၈) ဦး တက်ရောက်ဆေးကုသမှု ခံယူနေလျှက်ရှိပါသည်။ ဒဏ်ရာရသူဦးရေမှာ (၂၀၀) ကျော်ရှိကြောင်း ရန်ကုန် ဆေးရုံကြီး (၅/၆) တွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်လောင်းတစ်ဦးမှ ပြောကြားခဲ့ပါသည်။ နအဖ၏ အမှတ် (၄) စစ်ဒေသမှုး ဗိုလ်မှုးကြီးအုံးချိုအား စင်္ကာပူနိုင်ငံရှိ ဆေးရုံသို့သွားရောက်ဆေးကုသခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကြားသိရပါသည်။

ဗုံးပေါက်ကွဲမှု၏ အဓိက သံသယ တရားခံမှာ နအဖစစ်အစိုးရ၏ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ မြေးဖိုးလပြည့်(ခ) နေရွှေသွေးအောင် ဖြစ်သည်ဟု ယူဆနေကြပြီး၊ ၄င်းတို့ နအဖအတွင်းရှိ သူ မကျေနပ်သော ဗိုလ်ချုပ်များ၏ သားများကို လုပ်ကြံခြင်းဖြစ်ကြောင်း ခိုင်လုံတိကျသေချာသော သတင်းရပ်ကွက်မှ သတင်းရရှိပါသည်။

နအဖ စစ် အစိုးရမှ ယင်းဗုံးပေါက်ကွဲမှု သတင်းကို ပြည်တွင်း မီဒီယာဂျာနယ်များတွင် အကျယ်တ၀င့်ဖော်ပြရန် ညွှန်ကြားနေကြောင်း၊ ဂျာနယ်မျက်နှာဖုံးများ၌ပင် ကြီးမားစွာ ဖော်ပြခိုင်းနေကြောင်း၊ ဤပေါက်ကွဲမှုသည် မိမိတို့နှင့် မသက်ဆိုင်၊ မိမိတို့တွင် တာဝန်မရှိ ၊ မိမိတို့၏ လုပ်ကြံခြင်း မဟုတ်ကြောင်း သိသာစေရန် နအဖစစ်အစိုးရ၏ ကာကွယ်မှုတစ်ရပ်ပင်ဖြစ်ကြောင်း ပြည်သူများအကြား ပြောဆိုဝေဖန်လျှက်ရှိပါသည်။

ရန်ကုန်မြို့နေရာအနှံ့အပြားတွင်လည်း ရှာဖွေရေးလုပ်ငန်းများကို ပြင်းပြင်းထန်ထန်လုပ်ဆောင်နေပြီး၊ ဗုံးဖေါက်ခွဲသူအားဖမ်းဆီးမိပါက ဆုငွေ (၁၀) သိန်းဆုချမည်ဆိုသည့် ကြော်ငြာစာများကိုလည်း လမ်းဆုံလမ်းခွများတွင် ရယကများ ၊ စွမ်းအားရှင်များကလိုက်ကပ်နေကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့ပါသည်။

ဗုဒ္ဓဘာသာဝင်များ၏ အထွဋ်အမြတ်ဖြစ်သော လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးပေါ်သို့ လာရောက်ကြသူ ဘုရားဖူးပြည်သူများကိုလည်း မုခ်ဦးအပေါက်ဝများမှနေ၍ နအဖ လက်အောက်ခံ လုံခြုံရေးများ၊ အရပ်ဝတ် စရဖ ထောက်လှမ်းရေးများမှ အိတ်သွန်ဖာမှောက် သဲသဲမဲမဲ ရှာဖွေစစ် ဆေးလျှက် ရှိပါသည်။ နအဖ၏လုပ်ရပ်များသည် ကလေးနှင့် ခွေးများကပင် ယုံကြည်မှုမရှိ၊ ရွံ့မုန်းလျှက်ရှိကြောင်း လူတိုင်းလူတိုင်း၏ ပါးစပ်ဖျားတွင် ရေပန်းစား ပြစ်တင်ဝေဖန်သံများစွာ ဆူညံ၍ ထွက်ပေါ်နေပါတော့သည်။

(ပေးပို့သူ- ဘားမားပါပါရာဇီ)။

Thursday, April 22, 2010

0 မြန်မာ့ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှုများ စတင်

လာရီဂျေဂင် (မဇ္ဈိမ)
ဘန်ကောက်။ ။ သင်္ကြန်ပွဲတော် နှင့် မြန်မာ နှစ်သစ်ကူး ပွဲတော်အပြီး တွင် အနှစ်နှစ်ဆယ်ကျော်အတွင်း မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများအား လုပ်ဆောင်လာကြရာ အရှိန်ရလာခဲ့ပြီ ဖြစ်သည်။ စစ်အစိုးရမှ ရွေးကောက်ပွဲရက်ကို အတိအကျ မထုတ်ပြန်သေးသော်လည်း လာမည့် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန်အတွက် အနည်းဆုံး နိုင်ငံရေးပါတီ နှစ်ဆယ်သည် မှတ်ပုံတင်ပြီးကြပြီ ဖြစ်သည်။ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသည့် အခြားမှတ်ပုံမတင်ရသေးသော ပါတီများသည်လည်း လာမည့် ရက်သတ္တပတ် အနည်းငယ် အတွင်းတွင် ရွေးကောက်ပွဲ ကော်မရှင်ထံ၌ မှတ်ပုံတင်ကြလိမ့်မည်ဟု မျှော်လင့်ရပေသည်။

အဓိက အတိုက်အခံ နိုင်ငံရေးပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် ရွေးကောက်ပွဲသည် လွတ်လပ်မှုနှင့် တရားမျှတမှု ရှိလိမ့်မည် မဟုတ်ဟု ယူဆသည့်အတွက် ရွေးကောက်ပွဲအား သပိတ်မှောက်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သော်လည်း စစ်အစိုးရသည် ရွေးကောက်ပွဲအား နိုင်ငံတကာ၏ အသိအမှတ်ပြုခြင်းခံရရန် အထူးလိုလားနေသည်။ ထို့ ကြောင်း စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ထင်ရှားသည့် နိုင်ငံရေးလှုပ်ရှားသူများ အပါအဝင် နိုင်ငံရေး အကျဉ်းသားများစွာအား အလုံးအရင်းနှင့် လွတ်ငြိမ်းချမ်းသာ ခွင့်ပေးရန် စီစဉ်နေသည်ဟု အဆင့်မြင့် စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်များ အရ သိရသည်။

သို့ ရာတွင် လူကိုးဦး သေဆုံးစေပြီး လူပေါင်းရာနှင့်ချီကာ ဒဏ်ရာရစေခဲ့သည့် သင်္ကြန်ပွဲတော်ရက် အတွင်း ဗုံးပေါက်ကွဲမှုက အစီအစဉ်များကို နှောင့်နှေး ကြန့် ကြာ စေခဲ့သည်။ ထို့ ကြောင့် စစ်ဘက်မှ ပါဝင်သော ယာယီကြားဖြတ် အစိုးရ ဖွဲ့ စည်းရေးနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး အစီအစဉ်အား ခေတ္တခဏ ဆိုင်းထားခြင်း ဖြစ်သည်ဟု ယူဆ ရပေသည်။

“လုံခြုံရေး ကိစ္စဆိုတာက စစ်အစိုးရ ထိပ်ပိုင်းအရာရှိတွေ အမြဲတမ်း အဓိကထားတဲ့ ကိစ္စတရပ်ပါ။ ဒါကြောင့်မို့ လို့  ဒါဟာ သီခြား ကိစ္စတခုဖြစ်ပြီးတော့ ပူးပေါင်းကြံစည် လုပ်ဆောင်မှု တခုလည်း မဟုတ်ဘူးလို့ သူတို့ စိတ်မချ မချင်း သူတို့ ဘာမှ ဆက်မလုပ်ဖို့ များပါတယ်” ဟု ချင်းမိုင် တက္ကသိုလ်တွင် သင်ကြားပို့ ချမှုများ ပြုလုပ်နေသည့် ကထိက ဦးဝင်းမင်းက မှတ်ချက်ချခဲ့ပါသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အရာရာအား သံသယ ဝင်နေပြီး ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်း၌ နေရာဒေသတခုတွင် နှစ်ညဆက်တိုက် မည်သည့်အခါမျှ အိပ်လေ့ မရှိဟု သူ၏ မိသားစုနှင့် နီးစပ်သူများဆီမှ တဆင့် သိရသည်။ ၂ဝဝ၂ ခုနှစ် ဦးနေဝင်း၏ မိသားစုမှ အာဏာသိမ်းရန် ကြံစည်သည့် ကာလ၌ စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင် သုံးဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး နှင့် ဗိုလ်ချုပ်ခင်ညွန့် တို့ သုံးဦးသည် ဦးနေဝင်း၏ သားမက်မှ ငှားရမ်းထားသော နိုင်ငံခြား ကြေးစားစစ်သားများ၏ လုပ်ကြံမှု ခံရမည်ကို စိုးရိမ်သည့်အတွက် စစ်ရုံးတွင် တပတ်ကျော်ခန့် သွားရောက်ကာ အိပ်ခဲ့ရသည်ဟု ထိုအချိန်က မြန်မာ ထောက်လှမ်းရေး အရာရှိ တဦးက မဇ္ဈိမကို ပြောခဲ့ဖူးသည်။

“ဗုံးပေါက်ကွဲမှုတွေဟာ နိုင်ငံရေးအခြေအနေ တင်းမာနေမှုကို ဖော်ပြနေပေမယ့် ဒီလိုဗုံးပေါက်ကွဲမှုတွေက စစ်အစိုးရရဲ့ ရွေးကောက်ပွဲ အစီအစဉ်တွေကိုတော့ ပြောင်းလဲအောင် စွမ်းနိုင်မှာ မဟုတ်ပါဘူး” ဟု လာမည့် မြန်မာနိုင်ငံ ရွေးကောက်ပွဲနှင့် ပတ်သတ်၍ အစီရင်ခံစာ စာတမ်းများ ရေးသားခဲ့သည့် မြန်မာ့အရေး အထူးကျွမ်းကျင်သူ Richard Horsey က မဇ္ဈိမသို့  ပြောကြားခဲ့ပါသည်။

သို့ သော် ထိုဗုံးပေါက်ကွဲမှုများ၏ တရားခံကို မဖော်ထုတ်နိုင်သေး သရွေ့ ထိုဗုံးပေါက်ကွဲမှုများက ရွေးကောက်ပွဲ အပေါ်တွင် မည်သို့  ဂယက်ရိုက်နိုင်ကြောင်း ခန့် မှန်းတွက်ဆရန် ခက်ခဲလိမ့်မည်ဟု မြန်မာ့ နိုင်ငံရေး ကျွမ်းကျင်သူများက ယူဆကြပါသည်။

“သန်းရွှေကိုယ်တိုင်က ရွေးကောက်ပွဲကို ရွှေ့ ချင်လို့ ဆင်ခြေဆင်လက် ရှာတာလည်း ဖြစ်နိုင်တယ်။ ဒါဆို ရွေးကောက်ပွဲကို သူ့ စိတ်ကြိုက် ရွှေ့ လို့ ရပြီးတော့ ကချင်လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) နဲ့  ဝပြည် သွေးစည်းညီညွတ်သော တပ်မတော် (UWSA) တွေက စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ် အသွင် ပြောင်းရေး အစီအစဉ်ကို ဆက်ပြီး ဆန့် ကျင်နေကြမယ် ဆိုရင် အဲဒီ့ဘက်ကိုလည်း လှည့်ပြီး ကိုင်တွယ်ဖို့ လို မှာ ဖြစ်တယ်။ ကချင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဖြစ်ပွါးခဲ့တဲ့ ဗုံးပေါက်ကွဲမှု တွေကလည်း ဒီလိုအမြင်တွေကို ပိုပို ခိုင်မာ စေပါတယ်။” ဟု မြန်မာ ပညာရှင် နှင့် စစ်ဘက်ရေးရာ ကျွမ်းကျင်သူ တဦးဖြစ်သည့် ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ် မဟာဗျူဟာ လေ့လာရေးဌာနမှ ဒေါက်တာမောင်ဇာနည် မှ မဇ္ဈိမသို့ ပြောကြားခဲ့သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ကာ ရွေးကောက်ပွဲ အတွက် ပြင်ဆင်လာကြသော်လည်း အများစုမှာ နိုင်ငံရေးပါတီသစ်များ၊ အဖွဲ့ အစည်းအသစ်များသာ ဖြစ်ကြသည်။ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ဆယ်ခု ရှိသည့်အနက် သုံးခုသာလျှင် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်မှ အပြတ်အသတ် အနိုင်ရခဲ့သော ၁၉၉ဝ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် နိုင်ငံရေးပါတီဟောင်းများ ဖြစ်ကြပြီး ယခုအကြိမ်တွင်လည်း ပါဝင်ယှဉ်ပြိုင်ရန် ပြင်ဆင်နေကြသည်။

သို့ သော် မြန်မာနိုင်ငံ၏ အကြီးဆုံးစီးပွါးရေးမြို့ဖြစ်သည့် ရန်ကုန်မြို့နေ ပြည်သူများကမူ ရွေးကောက်ပွဲ အပေါ် သံသယ ဝင်ကာ စိတ်ပါဝင်စားမှု လျော့နည်းနေသည်။ “ကျနော်တို့ ဘာလို့ ဂရုစိုက်ရမှာလဲ။ ဘာမှ ပြောင်းလဲလာမှာမှ မဟုတ်တာ” ဟု တက်စီ ယာဉ်မောင်းတဦးက သူ့  ခံစားချက်ကို ရင်ဖွင့်ခဲ့သည်။ အသက် ၂၈ နှစ် အရွယ် ကျောင်းဆရာ တဦးဖြစ်သည့် ကိုမောင်မောင်သိန်းက “မြန်မာနိုင်ငံကတော့ ရှာမှရှားပဲ။ ကျနော်တို့ ဆီမှာ သမ္မတတော့ ရှိလာလိမ့်မယ်။ ဒါပေမယ့် အဲဒီ့ သမ္မတက ဘာအာဏာမှ ရှိမှာ မဟုတ်တဲ့ သမ္မတပဲဖြစ်မှာ” ဟု ပြောကြားခဲ့သည်။

ဗုံးပေါက်ကွဲမှုများသည် စစ်အစိုးရ၏ လုပ်ဆောင်ချက် အချိန်ဇယားကို နှောင့်ယှက် ဟန့် တားကောင်း ဟန့် တားနိုင်ပါ လိမ့်မည်။ ရွေးကောက်ပွဲ ကာလအထိ တိုင်းပြည်အား စီမံခန့် ခွဲရန်နှင့် ရွေးကောက်ပွဲ ပြီး နောက်ပိုင်းတွင် ပေါ်ပေါက်လာမည့် အရပ်သားအစိုးရဟာ ချောမောစွာ အာဏာလွှဲပြောင်း ပေးရန် အတွက် စီမံခန့် ခွဲ့မည့် ကြားဖြတ် အစိုးရအဖွဲ့ အမည်စာရင်းအား ကြေညာရန် နှောင့်နှေးသွားပုံရသည်။

စစ်ဘက်အသိုင်းအဝိုင်းမှ သတင်းများအရ ဆိုလျှင် စစ်ဘက်မှ ပါဝင်မှုရှိမည့် ကြားဖြတ်အစိုးရ အဖွဲ့  တွင် ဝန်ကြီး ၁၇ဦး ရှိလိမ့်မည်ဟု သိရသည်။ လက်ရှိ ဝန်ကြီး အချို့သည် ရှိမြဲ ရာထူးအတိုင်း ဆက်ရှိနေလိမ့်မည် ဖြစ်ပြီး အများစုမှာမူ အငြိမ်းစားယူလျှင်ယူ (သို့ မဟုတ်) နိုင်ငံရေး လောကထဲသို့  ဝင်ရောက်ကြလိမ့်မည် ဖြစ်သည်။ အငြိမ်းစား ယူလိမ့်မည်ဟု မျှော်လင့်ရသည့် လက်ရှိ ဝန်ကြီးချုပ်သည် ၄င်းနှင့် နီးစပ်သော ယုံကြည်စိတ်ချရသူများအား သင်္ကြန်ပြီးလျှင် မြို့တော် နေပြည်တော်ရှိ သူ၏ အစိုးရ နေအိမ်သို့ ရွှေ့ပြောင်းရမည့် အကြောင်း ပြောခဲ့သည်ဟု သိရသည်။ ထို့ပြင် စက်မှုဝန်ကြီး ဦးအောင်သောင်း အပါအဝင် အခြား ဝန်ကြီးများသည်လည်း နေပြည်တော် ဝန်းကျင်ရှိ ခမ်းနားထည်ဝါသော နေအိမ်များသို့ ပြောင်းရွှေ့နေကြပြီ ဖြစ်ကြောင်းနှင့် ဝန်ကြီးအချို့၏ နေအိမ်များကိုလည်း နေပြည်တော်နား တဝိုက်တွင် တည်ဆောက်လျက် ရှိကြောင်း သိရသည်။

ပြန်ကြားရေး ဝန်ကြီး ဗိုလ်ချုပ် ကျော်ဆန်း၊ ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ်မောင်ဦး နှင့် စိုက်ပျိုးရေးဝန်ကြီး ဗိုလ်ချုပ်ဌေးဦး အပါအဝင် အနည်းဆုံး ဝန်ကြီး တဒါဇင်ခန့် သည် နိုင်ငံရေး လောကထဲသို့ ဝင်ရောက်ရန် အတွက် ရာထူးများမှ နုတ်ထွက်လိမ့်မည်ဟု သိရသည်။ ပဉ္စမမြောက် အာဏာ အရှိဆုံး နှင့် စစ်ထောက်လှမ်းရေး အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်မြင့်ဆွေအား ကြားဖြတ် အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ် နေရာအတွက် လျာထားခြင့် ခံရသည်ဟု ယူဆရပေသည်။ သို့  ရာတွင် သူသည် လူ ၂ဝ သေဆုံး၍ ၂ဝဝ ကျော် ဒဏ်ရာ ရခဲ့သည့် ၂ဝဝ၅ ခုနှစ် မေလက ဗုံးပေါက်ကွဲမှုအား စုံစမ်းစစ်ဆေးရာတွင် အဓိက တာဝန်ယူခဲ့ရပြီး လက်သည် တရားခံ မဖော်ထုတ်နိုင်ခဲ့သဖြင့် လျာထားသော နေရာ အတွက် ပြန်လည် စဉ်းစားကောင်း စဉ်းစားပေမည်။

“ပြီးခဲ့တဲ့လက ဗိုလ်ချုပ်တွေနဲ့ ဗိုလ်မှူးကြီးတွေကို သင်တန်းပေးဖို့ နေပြည်တော်ကို ခေါ်တယ်လို့  သိရတယ်။ သူတို့ ထဲက တချို့က ကြားဖြတ်အစိုးရရဲ့ ဝန်ကြီးအဖွဲ့ မှာ ဝန်ကြီးနေရာ ယူကြလိမ့်မယ်။ တချို့ကတော့ နိုင်ငံရေး လုပ်ကြလိမ့်မယ်” ဟု ဦးဝင်းမင်းက ပြောကြားသည်။

“ပေါ်ပေါက်လာမယ့် ပါလီမန်ရဲ့ နေရာ ၂၅ ရာခိုင်နှုန်းမှာ စစ်ဘက်ကလူတွေကို ခန့်  ရမှာမို့ စစ်ဘက်က အရာရှိ ၂ဝဝ လောက်ဟာ အမျိုးသားလွှတ်တော် အမတ်တွေ ဖြစ်လာပါလိမ့်မယ်။ ပြီးတော့ ဒေသဆိုင်ရာ ပါလီမန် ဆယ့်လေးခုကလည်း ရှိသေးတယ် ဆိုတော့ စစ်ဘက်က လူတွေ နိုင်ငံရေးနယ်ပယ်ထဲကို ရောက်လာကြမှာပါ။ အခုဆိုရင် စစ်သား တထောင်ကျော်ကျော်လောက်ဟာ ဗိုလ်ချုပ် သူရရွှေမန်း ဦးစီးပြီး ဖွင့်တဲ့ ကျောင်းမှာ စာရင်းပေးထား တယ်လို့ သိရပါတယ်။ သူတို့ ကို နိုင်ငံရေးမှာ ပါဝင်ဖို့  အသင့်ဖြစ်အောင်လို့ ပါလီမန်အတွင်းက လုပ်ထုံးလုပ်နည်းတွေနဲ့ အရပ်ဘက် ကိစ္စတွေ သင်တန်းပေးမယ်လို့ သိရပါတယ်” ဟု သူက ဆက်လက် ပြောသည်။

၎င်းတို့ ထဲမှ အများစုသည် စစ်တပ်မှ ဒုတိယတန်းစားများ အဖြစ် လုပ်ဆောင်ရမည်ကို နှစ်သက်မှု မရှိကြဟု စစ်ဘက်မှ အငြိမ်းစား အရာရှိများအား အင်တာဗျူးများ ပြုလုပ်ခဲ့သည့် အနောက်နိုင်ငံမှ သုတေသီ တဦးက မဇ္ဈိမကို ပြောခဲ့သည်။ ပါလီမန်တခု၏ သက်တမ်းဖြစ်သည့် ငါးနှစ်ကြာပြီး နောက်ပိုင်တွင်မူ ထိုစစ်ဘက်မှ ပုဂ္ဂိုလ်များသည် ၄င်းတို့ ၏ နဂို ရာထူးများအား ပြန်လည် ရရှိ ကြလိမ့်မည်ဟု မျှော်လင့် နိုင်သော်လည်း ထိုးငါးနှစ် အတွင်းတွင် ရာထူးတိုးနိုင်မည့် အခွင့်အလမ်းများအား လက်လွှတ် လိုက်ရမည်ကို စိုးရိမ်နေကြသည်။

၎င်း စစ်ဘက်မှ ကိုယ်စားလည်များအား အမျိုးသားလွှတ်တော်တွင် နေရာပေးခြင်းအားဖြင့် နှစ်သိမ့်ထားလိမ့်မည်။ ထိုစစ်တပ်မှ ကိုယ်စားလှည်များ အားလုံးသည် ဂုဏ်သတင်းကြီးမားသော စစ်ဘက်ဆိုင်ရာ ကျောင်းများမှ ဘွဲ့ရရှိခဲ့ကြ သူများဖြစ်သည်။ “ကျနော် နိုင်ငံရေးလောကထဲကို ဝင်ရောက်ဖို့ လေ့လာ သင်ယူခဲ့တာ မဟုတ်ပါဘူး။ တနေ့ နေ့ မှာ ဗိုလ်ချုပ်တယောက် ဖြစ်လာဖို့ ရည်ရွယ်ပြီး လေ့လာ ခဲ့တာပါ” ဟု ဗိုလ်မှူးကြီး တဦးက ယုံကြည်မှု အပြည့်ဖြင့် ပြောခဲ့သည်။

စစ်အစိုးရမှ အသစ်ဖွဲ့စည်းပေးလိုက်သည့် ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ရန် အတွက် လိုအပ်သည့် စာရွက်စာတမ်းများ တင်သွင်းပြီးသော နိုင်ငံရေး ပါတီများသည် ရွေးကောက်ပွဲ အတွက် ပေါ်ပေါ်ထင်ထင် ပြင်ဆင်မှုများ ပြုလုပ်ရန်နှင့် တရားဝင် မဲဆွယ်စည်းရုံးနိုင်ရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်၏ အတည်ပြုချက်ကို စောင့်ဆိုင်းနေကြရသည်။ သို့ သော် ထိုနိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုများကို ကန့် လန့် ကာ နောက်ကွယ်တွင် ပြုလုပ်နေကြပေသည်။

ဒီိမိုကရက်တစ် ပါတီ၏ ခေါင်းဆောင် တဦးဖြစ်သူ ဦးသုဝေက ရွေးကောက်ပွဲ ကိုယ်စားလှည်များ မှတ်ပုံတင်ခွင့် ပေးသည်နှင့် တပြိုင်နက် အသင့်ဖြစ်စေရန် သူ၏ ပါတီမှ ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် ၁ဝဝ ခန့် ကို ရွေးချယ်ထားပြီး ဖြစ်သည်ဟု ပြောခဲ့သည်။ ၁၉၉ဝ ရွေးကောက်ပွဲတွင် ၁ဝ နေရာ အနိုင်ရကာ မဲ ၂ဝ ရာခိုင်နှုန်းခန့်  ရခဲ့သည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) မှလည်း ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် အမတ်လောင်းများကို ရွေးချယ်ထားပြီး ဖြစ်သည်ဟု သိရသည်။ တစည ခေါင်းဆောင်မှ ကုလသမ္မဂ္ဂ လူ့ အခွင့်အရေးဆိုင်ရာ အထူးသံတမန် သောမတ်စ် အိုဂျေ ကွင်တားနားအား ဖေဖော်ဝါရီ လက ပြောကြားခဲ့ရာတွင် ၄င်းတို့ သည် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များအား ရွေးချယ်ထားပြီး ဖြစ်ကြောင်းနှင့် ၄င်းတို့၏ ရွေးကောက်ပွဲ နည်းဗျူဟာကို ချမှန်နေကြောင်း ပြောကြားခဲ့ပါသည်။

လွန်ခဲ့သည့် ၁၅နှစ်ကျော်ကျော်က စစ်အကြီးအကဲ ဗိုလ်ချုပ်သန်းရွှေ ကိုယ်တိုင် ဖွဲ့  စည်းပေးခဲ့သည့် စစ်အစိုးရ ကျောထောက်နောက်ခံ အဖွဲ့ ဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းသည်လည်း နိုင်ငံရေးပါတီ အသွင်ပြောင်းကာ လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ရှိသည့် အတွက် စစ်တပ်မှ အသုံးချစရာ ယာဉ်တစီး သဖွယ် ဖြစ်လာပေလိမ့်မည်။ ထို အသင်း၏ လက်ရှိခေါင်းဆောင် ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သော ဆက်ဆံရေး ရှိသူ စိုက်ပျိုးရေး ဝန်ကြီးသည် လာရောက်လည်ပတ်ကြသော သံတမန်များအား ၄င်း နိုင်ငံရေးလောကထဲသို့  မကြာမီ ဝင်ရောက်တော့မည့် အကြောင်းကို မကြာခဏ ပြောခဲ့ဖူးသည်။ ၄င်းသည် ရွေးကောက်ပွဲ ပြီးလျှင် အရပ်သား အစိုးရ အဖွဲ့၌ ဝန်ကြီးချုပ်သစ် ဖြစ်လိမ့်မည်ဟု လူအများမှ ထင်ကြေးပေးခံနေရသူလည်း ဖြစ်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း၏ သင်္ကေတ အမှတ်တံဆိပ်မှာ ခြင်္သေ့ဖြစ်သည်။ ထိုအသင်းအနေဖြင့် နိုင်ငံရေး ပါတီ ဖြစ်လာခဲ့လျှင် ၄င်း ခြင်္သေ့ သင်္ကေတကိုပင် ဆက်လက် သုံးစွဲလိမ့်မည်ဟု လေ့လာသူ အများစုက သုံးသပ်ကြသည်။

၁၉၉ဝ ရွေးကောက်ပွဲတွင် အပြတ်အသတ် အောင်ပွဲခံ အနိုင်ရရှိခဲ့သော်လည်း အစိုးရ ဖွဲ့ ခွင့်မရခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အနေနှင့်မူ ၄င်းတို့၏ ခေါင်းဆောင် နိုဗယ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲ ဖြစ်စဉ်မှ ပထုတ်ထားသဖြင့် မှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ထောင်ဒဏ် ချမှတ်ခံထားရသူများသည် နိုင်ငံရေးပါတီ တွင် အဖွဲ့ ဝင် ဖြစ်ခွင့် မရှိပေ။ ထိုဥပဒေသည် လက်ရှိအခြေအနေတွင် နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်အား ပထုတ်ထားသကဲ့သို့ ဖြစ်နေသည်။ သူမသည် လွန်ခဲ့သည့် ၂၁ နှစ် အတွင်း၌ ၁၄နှစ်ကျော် ပြစ်ဒဏ်ချမှတ် ခံခဲ့ရသူဖြစ်သည်။ သူမသည် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ၌လည်း နေအိမ်အကျယ်ချုပ် ကျခံနေရသဖြင့် ပါဝင်ယှဉ်ပြိုင်ခြင်းမှ တားမြစ်ခြင်း ခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍအား ရွေးကောက်ပွဲမှ ဖယ်ထုတ်ထားသည့် အချက်သည် နိုင်ငံရေးလှုပ်ရှားသူများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအား ရွေးကောက်ပွဲသည် လွတ်လပ်မှုနှင့် တရားမျှတမှု မရှိကြောင်း ယုံကြည်စေခဲ့သည်။ ထိုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးမှ ဖယ်ထုတ်လိုခြင်းသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံတွင် အမြဲကိန်းအောင်းနေသည့် ဆန္ဒတခု ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

“စစ်အစိုးရရဲ့ ရွေးကောက်ပွဲဥပဒေ တွေက အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်နဲ့  ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲဖြစ်စဉ် ကနေ ပထုတ်ချင်လို့ ဆိုတာ ထင်ရှားပါတယ်” ဟု ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အတ္ထုပ္ပတ္တိကို ရေးခဲ့သူ ဗြိတိသျှ လူမျိုး မြန်မာ့ရေးရာ ကျွမ်းကျင်သူဖြစ်သည့် ဂျပ်စတင် ဝင်းတဲ(လ်) က ပြောကြားခဲ့ပါသည်။ ၄င်း၏ ထင်မြင်ချက်သည် အနောက်နိုင်ငံမှ သံတမန်များ၏ ထင်မြင်ချက်နှင့်လည်း ဆင်တူနေပါသည်။ “ကျနော်တို့ အနေနဲ့ ရွေးကောက်ပွဲ ဥပဒေတွေ နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ရင်ဆိုင်နေရတဲ့ အခြေအနေ တွေ အတွက် အထူး စိုးရိမ်မကင်း ဖြစ်မိပါတယ်။ ဒီဥပဒေတွေဟာ အတိုက်အခံတွေကို အရမ်း ခက်ခဲ့တဲ့ အခြေအနေတွေဆီကို တွန်းပို့ လိုက်ပါတယ်” ဟု အာဆီယံဆိုင်ရာ အမေရိကန် သံအမတ် စကော့ မာစီယယ် မှ မဇ္ဈိမကို မကြာသေးမီက ပြောခဲ့ဖူးပါသည်။

ဝေဖန်မှုများအား မဖြုံသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် လာမည့်လတွင် နိုင်ငံရေး အကျဉ်းသားများ ရာနှင့်ချီကာ လွှတ်ပေးခြင်း အားဖြင့် ဖိအားများကို လျှော့ချလိမ့်မည်ဟု ယူဆရပါသည်။ လွတ်ငြိမ်းချမ်းသာခွင့် ရမည့် နိုင်ငံရေး အကျဉ်းသားများ စာရင်းအား ပြုစုပြီး ဖြစ်ကြောင်းနှင့် စိစစ်အတည်ပြုရန်အတွက် ဗိုလ်ချုပ်မှူးကြီးထံသို့ ပေးပို့ ထားပြီးပြီ ဖြစ်ကြောင်းကိုလည်း နေပြည်တော်မှ သတင်းများ အရ သိရပါသည်။

ထိုစာရင်းတွင် အုပ်စုပေါင်းစုံမှ နိုင်ငံရေး အကျဉ်းသားများ ပါဝင်ကြသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့  ချုပ်မှ နိုင်ငံရေး လှုပ်ရှာသူ အချို့ ပါဝင်ပြီး အဓိက အများစုမှာ တိုင်းရင်းသား လက်နက်ကိုင်များ၊ ၈၈ မျိုးဆက်များ၊ ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့် လက်အောက်မှ စစ်ထောက်လှမ်းရေး အရာရှိဟောင်းများ ပါဝင်ကြသည်။

ထိုစာရင်းတွင် လူမှုရေး တက်ကြွ လှုပ်ရှားသူများလည်း ပါဝင်ကြသည်။ ၄င်းတို့ ထဲမှ အများအပြားမှာ မြန်မာ နိုင်ငံတွင် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း ကယ်ဆယ်ရေးနှင့် လူမှုရေး လုပ်ငန်းများ ပြုလုပ်သည့်အတွက် ပြစ်ဒဏ် ချမှတ် ခံခဲ့ကြရခြင်း ဖြစ်သည်။ ထင်ရှားသည့် လူရွှင်တော် ဖြစ်သူ ဇာဂနာ သည်လည်း ထိုအထဲတွင် ပါဝင်ကြောင်း သေချာသလောက်ရှိသည်။ အင်တာနက် ရာဇဝတ်မှု ကျူးလွန်သူများဟု စွပ်စွဲ ခံခဲ့ရသူများနှင့် ဂျာနယ်လစ်(စ်) များလည်း ထိုစာရင်းတွင် ပါဝင်ကြသည်။ ထို လွတ်ငြိမ်းချမ်းသာခွင့် ပေးမည့် စာရင်းတွင် တိုင်းရင်းသား ခေါင်းဆောင်များ ပါဝင်ကြသော်လည်း ရှမ်းလူမျိုး ခေါင်းဆောင် ခွန်ထွန်းဦးတော့ ပါဝင်ဖွယ် မရှိချေ။

ရိုဟင်ဂျာ အချို့ လည်း ထိုစာရင်းထဲတွင် ပါဝင်နိုင်သည်ဟု စစ်ဘက်မှလာသော သတင်းများ အရ သိရသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် စစ်အစိုးရနှင့် နီးစပ်သူများ ရွေးကောက်ပွဲတွင် အနိုင်ရရေး အတွက် ရိုဟင်ဂျာများအား အသုံးချဖွယ်ရာ ရှိနေသည်။ ရိုဟင်ဂျာများသည် သနားစဖွယ် ကံဆိုးသော သူများ ဖြစ်ကြပြီး ၄င်းတို့ ထိမ်းမြား လက်ထပ်လိုလျှင် အာဏာပိုင်များထံမှ ခွင့်ပြုချက် ရယူပြီးမှ လက်ထပ်ကြရသူများ ဖြစ်ကြသည်။

ထိုအကျဉ်းသားများအနက် ၈၈ ကျောင်းသားခေါင်းဆောင်များနှင့် ဇာဂနာတို့ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိမ့်မည်ဟု စစ်ခေါင်းဆောင်က မျှော်လင့်ထားသည်။ သို့သော်လည်း အန်အယ်ဒီ၏မကြာသေးခင်က ဆုံးဖြတ်ချက်ကြောင့် သူတို့အနေဖြင့် ရွေးကောက်ပွဲလမ်းကြောင်းကို ရွေးချယ်မှာ မဟုတ်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် သန်းရွှေကတော့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် ဘက်စုံပါဝင်ရေးနှင့် ယုံကြည်မှုရအောင် လုပ်ပါသည်ဆိုခြင်းကို ပြသနိုင်လိမ့်မည်ဟု မျှော်လင့်နေမှာဖြစ်သည်။

ဒါပေမယ့်လည်း နိုင်ငံရေးလေ့လာသုံးသပ်သူ မြန်မာစာရေးစာဆရာတဦး မဇ္ဈိမကို မကြာသေးခင်က ပြောခဲ့ဖူးသလို၊ မြန်မာတွေကိုလျှော့တွက်လို့မရပါ။ ” ပြည်သူတွေက အစိုးရကို အပြစ်ပေးလိမ့်မယ်” ဟု သူက ဆိုသည်။ ” လက်စားချေတာကို ရွေးကောက်ပွဲမှာ တွေ့ရပါလိမ့်မယ်ဗျာ”

0 အပစ်ရပ်နိုင်ငံရေး မည်သို့ အဆုံးသတ်ကြမည်နည်း?

လွန်ခဲ့သော အနှစ် ၂၀ ကျော်မှစတင်၍ လူမျိုးးစုံတိုင်းရင်းသား လက်နက်ကိုင်အင်အားစု အများအပြားသည် (နအဖ)အစိုးရနှင့် စစ်တိုက်ခြင်းမှ ရပ်စဲခဲ့ကြသည်။ အပစ်ရပ်အဖွဲ့တိုင်းသည် မိမိတို့၏ မူလနိုင်ငံရေးရည်ရွယ်ချက်ကို အပစ်ရပ်ကာလတွင် ဆက်လက် အကောင်အထည်ဖော်ရန် ဆန္ဒပြင်းပြကြပေလိမ့်မည်။

သို့သော် ထိုအပစ်ရပ်ကာလတွင် လူမျိုးစုံတိုင်းရင်းသား လက်နက်ကိုင်အင်အားစုများသည် မိမိတို့၏ မူလနိုင်ငံရေး ရည်ရွယ်ချက်ကို အကောင်အထည်ဖော် လုပ်ဆောင်ခွင့် ဘယ်လောက်အထိ ရရှိခဲ့ကြပါသလဲ … ဆိုတဲ့ မေးခွန်းတခုလည်း မေးစရာ ဖြစ်ပေါ်လာပါသည်။ ကာယကံရှင် အပစ်ရပ်အဖွဲ့များကတော့ မည်သို့ နိဂုံးချုပ် အဖြေထုတ်ကြမည်မသိသေး။

သေချာတာတခုကတော့ လက်တွေ့ နိုင်ငံရေးတွင် အပစ်ရပ်အဖွဲ့အစည်းများအပေါ် (နအဖ)စစ်အစိုးရက နိုင်ငံရေးအရ ဘယ်လိုသဘောထားနှင့် ဆက်ဆံခဲ့သည်၊ ဆက်ဆံနေသည် ဆိုသောအချက်ကို မေးခွန်း၏ အဖြေတွင် ထည့်သွင်းပြောကြလိမ့်မည်။ အဖွဲ့တိုင်း တုန့်ပြန်သံ မတူညီနိုင်။ တဖွဲ့ချင်းစီ၏ ကိုယ်စားပြု အကျိုးစီးပွား ကွဲပြားမှုကြောင့် အသံတွေ ကွဲပြားမည်။

မျက်မှောက်ကာလသည် အပစ်ရပ် နိုင်ငံရေးအခြေအနေအတွက် စိန်ခေါ်မှုတွေနှင့် အပြင်းအထန် ရုန်းကန်နေကြရသည်။ အပစ်ရပ်နိုင်ငံရေး၏ အခင်းအကျင်း အပြောင်းအလဲတခု မုချထွက်ပေါ်လာတော့မည်။ နိုင်ငံရေးအရ အဆင့်တဆင့် လှမ်းတက်ခြင်းလား သို့မဟုတ် နောက်တဆင့် ဆုတ်ယုတ်ခြင်းလား ဆိုတာ ဝေခွဲမရသေးသည့် အချိန်လည်း ဖြစ်နေသေးသည်။

လူမျိုးစုံ လက်နက်ကိုင်အင်အားစု အသီးသီးသည် မတူကွဲပြားသည့် နိုင်ငံရေးနောက်ခံအခြေအနေများဖြင့် အပစ်ရပ် နိုင်ငံရေးဖြစ်စဉ်ကို လက်ခံဖြတ်သန်းနေကြသည်။ ထိုဖြစ်စဉ်ကို ဖြတ်သန်းနေစဉ်အတွင်းမှာပဲ နအဖ၏ နိုင်ငံရေးသဘောထားနှင့် နိုင်ငံရေးနည်းပရိယာယ်တို့ကိုတော့ အပစ်ရပ်အင်အားစု အသီးသီးအား တူညီစွာ ခံစားစေခဲ့သည်။

အပစ်ရပ်စဲ,စကာလက နဝတ-နအဖစစ်အစိုးရ၏ သဘောထားမှာ လူမျိုးစုံ လက်နက်ကိုင်အင်အားစုများ၏ နိုင်ငံရေး ပြဿနာများကို နောက်တက်လာမည့် နိုင်ငံရေးအစိုးရနှင့်သာ ဖြေရှင်းကြရန်ဖြစ်သည်။ စစ်အစိုးရ၏ နည်းပရိယာယ်မှာ အပစ်ရပ်အားလုံးကို မိမိတို့ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများတွင်သာ လုပ်ကိုင်ဆောင်ရွက်ကြရန် (နိုင်ငံရေးပြဿနာနှင့် ကင်းကင်းရှင်းရှင်း နေရန်) ဖြစ်သည်။ စစ်အစိုးရ၏ နိုင်ငံရေးသဘောထားနှင့် နည်းပရိယာယ်များက အပစ်ရပ်အဖွဲ့ အားလုံးကို ယာယီ (နှစ်အချို့) နှစ်သိမ့်မှုကိုသာ ရရှိစေလိုက်သည်။

နှစ်, ကြာကြာမစောင့်လိုက်ရပါ။ စစ်အစိုးရ၏ သဘောထားအစစ် ပြောင်, ဖော်ပြလာရပြီ။ န၀တ-နအဖ စစ်အစိုးရသည် ၎င်း၏ နိုင်ငံရေးလိုအပ်ချက်အရ သားစဉ်မြေးဆက် ခိုင်မြဲမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးလုပ်ငန်းကို မင်းဆိုးမင်းညစ်ဘွဲ့ခံယူကာ အကောင်အထည်ဖော် လုပ်ဆောင်လာသည်။ အပစ်ရပ်အဖွဲ့များကိုလည်း ထိုနိုင်ငံရေးစည်းဝိုင်း (ညောင်နှစ်ပင်ညီလာခံ) အတွင်းသို့ သူခိုးသေဖော်ညှိဖို့ ဆွဲခေါ်လာခဲ့ပါသည်။ ဒီနည်းဖြင့် အပစ်ရပ်အဖွဲ့များအားလုံးသည် နအဖ ပြင်ဆင်ခင်းကျင်းထားသည့် နိုင်ငံရေးစည်းဝိုင်းထဲ ဝင်ရောက်ပါဝင်ခဲ့ရသည်။

(နအဖ)က ပါဝင်ကစားခွင့်ပေးခဲ့သော ထိုနိုင်ငံရေးစည်းဝိုင်းတွင် အပစ်ရပ်အဖွဲ့များသည် လူမျိုးစုအသီးသီး၏ ကိုယ်စားလှယ်အဖြစ် ဖိတ်ကြားခြင်းမခံရ။ ဖိတ်ကြားသင့်သည့်သူများ ဆိုသည့် နာမည်နှင့်သာ တက်ရောက်ခွင့်ပြုခဲ့သည်။ ထိုအခွင့်အရေးကို လက်လွတ်မခံဘဲ အပစ်ရပ်အဖွဲ့တိုင်းသည် မိမိတို့နှင့် သက်ဆိုင်သည့် လူမျိုးရေးဆိုင်ရာ အခွင့်အရေးများကို တင်ပြတောင်းဆိုခဲ့ကြသည်။ တင်ပြတောင်းဆိုခွင့်တော့ ရကြ၏။ သို့သော် နောင်ဖြစ်ပေါ်လာမည့် (နအဖ) ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထည့်သွင်းပြဌာန်းခွင့်တော့ လုံးဝ မရရှိ။ တင်ပြချက်များကို မှတ်တမ်းတင်ထား (ချောင်ထိုးထား) ခြင်းဖြင့်သာ ကျေနပ်လိုက်ကြရသည်။ အပစ်ရပ်ပြီးနောက် စစ်အစိုးရ၏ နိုင်ငံရေးမိတ်ဆက်ချက်ကို ပွဲဦးထွက် ရရှိလိုက်ခြင်းဖြစ်သည်။

အပစ်ရပ်အဖွဲ့တဖွဲ့သည် ထိုနိုင်ငံရေးစည်းဝိုင်းကို ဒီမိုကရေစီနည်းမကျသည့် ညီလာခံဖြစ်သည်ဟုဆိုကာ ပါဝင်ဆွေးနွေးသူများအဖြစ်မှ နှုတ်ထွက်လိုက်သည်၊ လေ့လာစောင့်ကြည့်သူအဖြစ်သာ တက်ရောက်ခဲ့သည်။ အချို့အပစ်ရပ်အဖွဲ့များကတော့ (နအဖ) တဖက်သတ်ရေးဆွဲနေသည့် အခြေခံမူများကို သဘောမတူသည့်တိုင် ညီလာခံပြီးဆုံးသည့်အထိ ပါဝင်တက်ရောက်ကြသည်။

အပစ်ရပ်အဖွဲ့စည်းများကိုယ်တိုင် ပါဝင်ဆွေးနွေးခဲ့ပြီး၊ မိမိတို့ တင်ပြတောင်းဆိုချက်များကို ငြင်းပယ်ခြင်းခံရသော ညောင်နှစ်ပင်ညီလာခံမှ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေတခု ထွက်ပေါ်လာခဲ့ပြီ။

ထိုဖွဲ့စည်းပုံအခြေခံဥပဒေကို (နအဖ)စစ်အစိုးရသည် ၂၀၀၈ ခုနှစ်၊ မေ (၁ဝ) ရက်နေ့တွင် လူထုဆန္ဒကို လုယူပြီး အတည်ပြုလိုက်သည်။ ထိုဖွဲ့စည်းပုံတွင် ပါရှိသော အခန်း (၇) ။ ပုဒ်မ (၃၃၈) တွင် နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိရမည် ဟု ပြဌာန်းထားသည်။ ထိုဥပဒေပုဒ်မ ပြဌာန်း လိုက်ခြင်းသည် အပစ်ရပ်အဖွဲ့များ၏ နိုင်ငံရေးဘဝ ရှင်သန်ရပ်တည်ရေး အသက်ရှူလမ်းကြောင်းကို ဖြတ်တောက်ရန် ဖြစ်သည်။ လူမျိုးပေါင်းစုံ အပစ်ရပ်အဖွဲ့အစည်းအသီးသီးးက တောင်းဆိုသော နိုင်ငံရေးအခွင့်အရေးများအတွက် ထိုဖွဲ့စည်း ပုံအခြေခံဥပဒေတွင် နေရာကွက်လပ်မရှိ ဖြစ်ခဲ့ရသည်။

နအဖစစ်အုပ်စုသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် လမ်းပြမြေပုံရေးဆွဲပြီး အကောင်အထည် ဖော်လျှက် ရှိသည်။ အခုဆို အဆင့် ၅ ကို တက်လှမ်းပြီး အောင်ပွဲခံဖို့ အရူးအမူး ပြင်ဆင်နေချိန်ဖြစ်သည်။ ပြင်ဆင်ချိန်ကာလတွင် ၂၀၀၈ ဖွဲ့စည်းပုံကို အကြီးမားဆုံး အဟန့်အတားဖြစ်စေမည့် အရာမှန်သမျှကို ပစ်မှတ်ရှာ ချေမှုန်းရတော့မည်။ စီမံချက် (ဝါမြိုရေး၊ ချေမှုန်းရေးပေါ်လစီ) ရေးဆွဲပြီး ဦးစားပေးချေမှုန်းရမည့် လုပ်ငန်းများထဲတွင် အပစ်ရပ်အဖွဲ့အစည်းများ၏ အရေးကိစ္စလည်းတခု အပါအဝင်ဖြစ်သည်။ အပစ်ရပ်များ၏ လက်ရှိအနေအထားကို အခြေခံမှစ၍ အသွင်ပြောင်းလဲပစ်ရန် လိုအပ်လာသည်။ အကြောင်းအရင်းမှာ (နအဖ)၏ ရေတို/ရေရှည် နိုင်ငံရေးလိုအပ်ချက်နှင့် မကိုက်ညီသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လက်ငင်းဖြေရှင်းရမည့် နိုင်ငံရေးးဖြစ်စဉ်တခုသည် အပစ်ရပ် နိုင်ငံရေးနယ်ပယ်တွင် ဖုတ်ပူမီးတိုက် ပေါ်ထွက်လာခဲ့ရခြင်း ဖြစ်သည်။

အပစ်ရပ်ပြဿနာကို ဖြေရှင်းရန် ၂၀၀၉ ခုနှစ်၊ ဧပြီ ၂ရ/၂၈ မှစတင်၍ နယ်ခြားစောင့်တပ်(BGF) သို့မဟုတ် နယ်မြေ စောင့်တပ် သို့မဟုတ် ပြည်သူ့စစ် အသွင်ပြောင်းရေး စီမံကိန်းရေးဆွဲပြီး အကောင်အထည်ဖော်နေတာ တနှစ်တိတိ ပြည့်တော့မည်။ ထိုတနှစ်တာ ကာလအတွင်း (နအဖ)၏ အသွင်ကူးပြောင်းရေးစီမံချက်ကို လက်ခံသည့် အဖွဲ့အစည်းများရှိသလို၊ လက်မခံသည့် အဖွဲ့အစည်းများလည်း ရှိသည်။ အပစ်ရပ်အဖွဲ့များအတွင်း အုပ်စု ၂ ခုအဖြစ် ကွဲထွက်လာသည်ကို လောလောဆယ် တွေ့မြင်ရသည်။

၁။ နအဖ၏ BGF အသွင်ကူးပြောင်းရေး စီမံချက်အား လက်ခံသည့် အပစ်ရပ်အဖွဲ့များ၏ အခြေအနေ

နအဖ၏ BGF အသွင်ပြောင်းရေးစီမံချက်ကို လက်မခံသည့် ကိုးကန့်(လောက်ကိုင်) အပစ်ရပ်အဖွဲ့ကို ဥပဒေချိုးဖောက် သည်ဟုဆိုကာ အမှုဆင်ပါသည်။ အဲဒီနောက် (နအဖ)က စစ်ရေးအရ ချေမှုန်းလိုက်သည်။ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာမှာတော့ နအဖ၏ အသွင်ပြောင်းရေးစီမံချက်ကို လက်ခံလိုက်ရသည်။

ထိုအပြင် BGF စီမံချက်ကို သဘောတူသည့် အပစ်ရပ်အဖွဲ့အချို့ရှိသည်။ ထိုအဖွဲ့များမှာ ဒီမိုကရေစီသစ်တပ်မတော် (ကချင်) NDA(K)၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) နှင့် အခြား အင်အားသေးငယ် သည့် လူမျိုးငယ်အဖွဲ့အစည်းများဖြစ်သည်။ ထိုအဖွဲ့များကတော့ နအဖ၏ အသွင်ကူးပြောင်းရေး စီမံချက်ကို ၂၀၀၉ ခုနှစ် နိုင်ဝင်ဘာတွင် လွယ်လင့်တကူ လက်ခံလိုက်ကြသည်။ BGF သို့မဟုတ် ပြည်သူ့စစ်တပ်ဖွဲ့များ အသွင်ပြောင်းလဲသွားပြီး (နအဖ) လက်အောက်ခံတပ်ဖွဲ့များ ဖြစ်သွားတော့သည်။

ထိုပုံစံဖြင့် အပစ်ရပ်နိုင်ငံရေး အဆုံးသတ်နည်း တခုကို မြင်တွေ့လိုက်ကြပြီ။

၂။ (နအဖ)၏ BGF အသွင်ကူးပြောင်းရေး စီမံချက်အား လက်မခံသေးသည့် အပစ်ရပ်အဖွဲ့များ၏ အခြေအနေ

နောက်ထပ် အပစ်ရပ်အဖွဲ့အစည်းများဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ရှမ်းပြည်တပ်မတော် (မြောက်) (SSA –N)နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့က (နအဖ) ချမှတ်ဆောင်ရွက်နေသော BGF အသွင်ပြောင်းရေး စီမံချက်ကို လုံးဝ လက်မခံသည့် အဖွဲ့အစည်းများရှိသကဲသို့ မူကိုတော့ လက်ခံသည်၊ သို့သော် သီးခြားလိုလားချက်များ တင်ပြတောင်းဆိုထားသည့် အဖွဲ့အစည်းများလည်း ရှိသည်။

BGF လက်မခံသည့်အဖွဲ့များ၏ နောက်ဆုံး(ဧပြီ ပထမပါတ်အထိ) အခြေအနေများကို လေ့လာကြည့်ရုံဖြင့် (နအဖ) အားထုတ်လုံးပမ်းနေသည့် စီမံချက်သည် ဒုတ်ပြ၊ ဓါးပြနဲ့ အင်အားသုံး အကောင်အထည်ဖော်နေရတာကို တွေ့မြင်နိုင်သည်။

တဖွဲ့ချင်းစီနှင့် နအဖတို့၏ တွေ့ဆုံဆွေးနွေးချက်များကို လေ့လာကြည့်လျှင် နအဖ၏ BGF အသွင်ပြောင်းရေး စီမံချက်သည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းဖို့ ဆန္ဒမရှိကြောင်း ထပ်မံ သိမြင်လာပါလိမ့်မည်။

(က) KIO နှင့် (နအဖ)တို့၏ တွေ့ဆုံမှုအခြေအနေ (၂၀၁၀ ဧပြီ ပထမအပါတ် အထိ )

KIO အနေဖြင့် (နအဖ)တောင်းဆိုထားသည့် BGF အသွင်ကူးပြောင်းရေး စီမံချက်ကို မူ အရ ငြင်းပယ်ထားသည့် အပစ်ရပ် အဖွဲ့အစည်းဖြစ်သည်။

KIO အပစ်ရပ်အဖွဲ့မှ နအဖသို့ တောင်းဆိုချက်များကို အကျဉ်းချုပ်တင်ပြရလျှင်-

* နအဖ က KIO အဖွဲ့အား BGF အသွင်ကူးပြောင်းရန် ၂၀၀၉ ဧပြီ နောက်ဆုံးပတ်ထဲမှာ တောင်းဆိုခဲ့သည်။ KIO မှ (၃၀ /၇/၀၉) ရက်စွဲဖြင့် တောင်းဆိုချက် (၇) ချက်ကို တင်ပြကာ ပြန်လည်တုန့်ပြန်ခဲ့သည်။ ထိုတောင်းဆိုချက်များထဲတွင် နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးနှင့် လူမှုရေးဆိုင်ရာ လက်တွေ့လိုအပ်ချက်များကို တောင်းဆိုထားသည်။
* ပင်လုံစာချုပ်ကို (နအဖ) သဘောတူညီမည်ဆိုပါက BGF အသွင်ပြောင်တာမျိုးမလုပ်၊ လက်နက်ကိုင် တော်လှန်ရေးစွန့်မည်ဟုဆိုသည်၊ (၂၀၀၉ အောက်တိုဘာလတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးစာတွင် ဖော်ပြထား)
* တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် မရသ၍ BGF အသွင်ပြောင်းခြင်းကို လက်မခံဟု ၂၀၁၀ ဖေဖော်ဝါရီ ၅ ရက် KIO တော်လှန်ရေးနေ့ သဝဏ်လွှာတွင် သဘောထား ထုတ်ဖော်ပြောထားသည်။

အပစ်ရပ်အဖွဲ့ KIO နှင့် နအဖတို့ မတ်လ ၁၂ ရက်နေ့တွင် မြစ်ကြီးနားတွင် တွေ့ဆုံဆွေးခဲ့ကြသည်။ ထိုဆွေးနွေးပွဲသည် BGF စီမံချက်ရေးဆွဲ အကောင်အထည်ဖော်နေသည့် (၁၁) လ အတွင်း (၁၂) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်သည်။ ထိုဆွေးနွေးပွဲတွင် (နအဖ) မှ ယခင် KIO ဘက်မှတင်ပြတောင်းဆိုချက်ကို ပြန်လည်ဖြေရှင်းခြင်းမပြုဘဲ မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး BGF အသွင်ပြောင်းရန်ထပ်မံပြောဆိုခဲ့သည်။

KIO ဘက်ကတော့ ယခင် တင်ပြတောင်းဆိုချက်များကို ပြန်လည်ဆွေးနွေးခဲ့သည်။ ထိုအပြင် KIO အနေနဲ့ နိုင်ငံရေး ပါတီ သို့မဟုတ် လူမှုအစည်းအရုံးတခုအဖြစ် အသွင်ကူးပြောင်းသွားလိုကြောင်းနှင့် အသွင်ကူးပြောင်းရေး လုပ်ငန်းပူးတွဲ ညှိနှိုင်းရေး ကော်မတီတရပ်အား KIO၊ (နအဖ)နဲ့ ကချင် တိုင်းရင်းသား ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များနှင့် ပါဝင် ဖွဲ့စည်းသွားရန် စသည့် အချက်များကိုလည်း ထပ်မံတင်ပြခဲ့ကြသည်။ (ဥက္ကဌ ဇောင်းဟရာ လက်မှတ်ထိုးပြီး နေပြည်တော် သို့ ၁၁.၃.၁၀ ရက်စွဲဖြင့် ရေးသားတင်ပြခဲ့သည်။ ယခင် တောင်းဆိုချက်များအပါအဝင် တောင်းဆိုချက်အသစ်များလည်း ပါဝင်သည်၊)

သို့သော် ထိုဆွေးနွေးပွဲမှ နှစ်ဖက်စလုံးအတွက် မည်သည့် ရလဒ်ကောင်းမျှမရရှိခဲ့ပေ။ အကျိုးဆက်အဖြစ် နှစ်ဘက် စစ်ရေးပြင်ဆင်မှုများ၊ စစ်နေရာချထားမှုများ ပိုမိုလုပ်ဆောင်လာခဲ့ကြသည်။ (မတ်လ တတိယအပတ်နှင့် နောက်ဆုံးပတ်အတွင်းက အဖြစ်အပျက်များ)

အထူးသဖြင့် (နအဖ)ဘက်မှ စစ်ရေးပြင်ဆင်မှုတွေ တိုးမြှင့်လုပ်ကိုင်လာခဲ့သည်။ တဖက်မှလည်း KIO နှင့် ဆက်လက်ပြီး ဧပြီလ ၅ ရက်တွင် ၁၃ ကြိမ်မြောက် (BGF စီမံကိန်းစတည်းက) တွေ့ဆုံခဲ့ ကြသည်။

ထိုတွေ့ဆုံဆွေးနွေးပွဲ၏ ရလဒ်အဖြေကလည်း ယခင် တွေ့ဆုံဆွေးနွေးမှုများကဲသို့ပင်ဖြစ်သည်။ သို့သော် ထူးခြားချက် မှာ KIO အပစ်ရပ်အဖွဲ့အား ၂၀၁၀ ခုနှစ် ဧပြီ ၂၈ ရက်နေ့နောက်ဆုံးထားပြီး BGF အသွင်ကူးပြောင်းရန်၊ ဆုံးဖြတ်ချက်ပေးရမည်ဟု မိန့်မှာခဲ့တာဖြစ်သည်။ အကယ်၍ သတ်မှတ်ရက်တွင် အကြောင်းပြန်ကြားခြင်း မရှိပါက မတရားသင်းအဖြစ် သတ်မှတ်မည်ဟု ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က ခြိမ်းခြောက် ပြောကြားခဲ့သေးသည်။

(ခ) မွန်ပြည်သစ်ပါတီ (NMSP) နှင့် (နအဖ) စစ်အစိုးရတို့၏ တွေ့ဆုံမှု အခြေအနေ (၂၀၁၀ ဧပြီ ပထမအပါတ် အထိ )

မွန်ပြည်သစ်ပါတီကလည်း (နအဖ) တောင်းဆိုထားသည့် BGF အသွင်ကူးပြောင်းရေး စီမံချက်ကို မူအရ ငြင်းပယ်ထားသည့် အပစ်ရပ်အဖွဲ့အစည်းတခုဖြစ်သည်။

မွန်ပြည်သစ်ပါတီအား ၂၀၀၉ ခုနှစ် ဧပြီ ၂၈ ရက်နေ့ က BGF သို့မဟုတ် ဌာနေပြည်သူ့စစ် အသွင်ကူးပြောင်းရန် (နအဖ)မှ အကြောင်းကြားခဲ့သည်။ မွန်ပြည်သစ်ပါတီမှ ၅/ ၈/၀၉ နေ့တွင် တောင်းဆိုချက်များ ပါဝင်သည့် တုန့်ပြန်ချက်ဖြင့် (နအဖ)အား အကြောင်းပြန်ခဲ့သည်။

တောင်းဆိုချက်တွင် -

* ၂၀၁၀ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မည်မဟုတ်၊
* ဌာနေပြည်သူ့စစ် တပ်ဖွဲ့ကြီးအဖြစ် ပြောင်းလဲဖို့ လက်မခံ
* တရားဝင်အစိုးရ တက်လာသည်အထိ တပ်ဖွဲ့မျာအား ဒီအတိုင်း ဆက်ထားမည်
* (နအဖ)က မွန်ပြည်သစ်ပါတီအား၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်စေလိုလျှင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတိုက်အခံ အင်အားစုများ ပါဝင်သည့် ပြန်လည်သုံးသပ်ရမည့်အပိုင်း အရင်လုပ်ဆောင်ရန် တို့ဖြစ်သည်။

မတ်လ ၁၆ ရက်နေ့က မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ရော့စ ဦးစီးသည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အား ရတခ တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းက မော်လမြိုင်တွင် တွေ့ဆုံစကားပြောစဉ်က ရွေးကောက်ပွဲဥပဒေ ထွက်လာပြီဖြစ်လို့ ရွေးကောက်ပွဲဝင်လိုက ၂ လအတွင်း ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း အသိပေးခဲ့သည်။

ထိုသို့တွေ့ဆုံပြီးနောက် မွန်ပြည်သစ်ပါတီအနေဖြင့် ၁၈.၃.၁၀ နေ့တွင် ဗဟိုကော်မတီ စုံညီဆွေးနွေးပွဲထိုင်ပြီး ဗဟိုဆုံးဖြတ်ချက်ကို မီဒီယာများတွင် ဖော်ထုတ်လာပါသည်။ ဖော်ထုတ်ချက်များမှာ ယခင်တောင်းဆိုချက်များနှင့် အနှစ်သာရ အတူတူပင်ဖြစ်သည်။ အထူးသဖြင့် မွန်ပြည်သစ်တပ်မတော်ကို ဌာနေပြည်သူ့စစ်တပ်ဖွဲ့ကြီးအဖြစ် ပြောင်းလဲဖွဲ့စည်းမှာကို လက်ခံမှာမဟုတ်ကြောင်း ဖော်ပြချက်က ပိုပေါ်လွင်သည်။

မွန်ပြည်သစ်ပါတီ ဗဟိုဆုံးဖြတ်ချက် ထုတ်ဖော်ပြောဆိုပြီး မကြာမှီ ဧပြီလ ၇ ရက်နေ့က စရဖ အရာရှိချူပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က မွန်ပြည်သစ်ပါတီမှ ဒုဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင်များအား မော်လမြိုင် ရတခ စစ်ဌာနချုပ်တွင် ခေါ်ယူတွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံစကားပြောစဉ်က မွန်ပြည်သစ်ပါတီကို ပါတီမှတ်ပုံတင်ရန်နှင့် မွန်ပြည်သစ် တပ်မတော်အား ဌာနေပြည်သူ့စစ် ဖွဲ့စည်းရန်ဖြစ်သည်။ ဧပြီ ၂၂ ရက်နေ့တွင် အကြောင်းပြန်ရန် ပြောကြားခဲ့သည်ဟု သိရသည်။

ဌာနေ ပြည်သူ့စစ်အသွင်ပြောင်းရန်နှင့် ပါတီထောင် ရွေးကောက်ပွဲဝင်ရန်အတွက် (နအဖ)၏ BGF စီမံချက်ချမှတ်ပြီးနောက် ဖိအားပေး အကြပ်ကိုင်တာမျိုး မွန်ပြည်သစ်ပါတီတွင် မရှိခဲ့သေးကြောင်းလည်း သိရသည်။

(ဂ) ရှမ်းပြည်တပ်မတော် (မြောက်) နှင့် (နအဖ)စစ်အစိုးရတို့၏ တွေ့ဆုံမှုအခြေအနေ (၂၀၁၀ ဧပြီ ပထမအပါတ် အထိ)

ရှမ်းပြည်တပ်မတော် (မြောက်) (SSA –N) ကလည်း (နအဖ)၏ HGF (Home Guard Force) နယ်မြေစောင့်တပ်ဖွဲအဖြစ် အသွင်ကူးပြောင်းရေး စီမံချက်ကို မူအားဖြင့်ကို လက်မခံသည့် အဖွဲ့အစည်းဖြစ်သည်။

အပစ်ရပ်အဖွဲ့အစည်းများအပေါ် ကျင့်သုံးမည့် (နအဖ)၏ ထိုပေါ်လစီသည် SSA –N ကိုလည်း ချန်လှပ်မထားခဲ့ပါ၊ ၂၀၀၉ ဧပြီလကုန်ရက်ပိုင်းလောက်က HGF အဖွဲ့ ဖွဲ့စည်းရန် အကြောင်းကြားလာပါသည်။ ထိုအကြောင်းကြားချက်ကို ၂၀၀၉ ဇွန်လကုန်ပိုင်းက ဥက္ကဌ ဦးလွယ်မောင်း လက်မှတ်ဖြင့် စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်ထံ လိပ်မူပြီး ပြန်လည်အကြောင်းပြန်ခဲ့သည်။

ထိုအကြောင်းပြန်ချက်တွင် – နယ်မြေစောင့်တပ်အဖြစ် ပြောင်းလဲရန် တပ်မှူး၊ တပ်သား နားလည်မှုရှိလာစေရန် စည်းရုံးရေး ခက်ခဲနေကြောင်း အကြောင်းပြန်ခဲ့သည်။ ထိုအပြင် ၁၉၈၉ ခုနှစ် စက်တင်ဘာ ၂၄ နေ့ကလားရှိုးမြို့တွင် (န၀တ) ကိုယ်စားလှယ်နှင့် ဗိုလ်ချုပ်ဆေထင် ဦးဆောင်သည့် SSA –N ကိုယ်စားလှယ်တို့ အပစ်အခတ်ရပ်စဲစဉ်က သဘောတူမှုတခု ရှိခဲ့သည်။ ထိုသဘောတူညီချက်မှာ နောက်တက်လာမည့် အစိုးရနှင့်သာ နိုင်ငံရေးဆွေးနွေးမည် ဆိုတာ ဖြစ်သည်။ ထိုအချက်ကြောင့် (နအဖ)၏ နယ်မြေစောင့်တပ်ဖွဲ့(ပြည်သူ့တပ်ဖွဲ့ကြီး) အဖြစ် အသွင်ပြောင်းရေးကို ရှမ်းပြည်တပ်မတော်မှ လက်မခံတာဖြစ်ကြောင်းကိုလည်း ဖော်ပြထားသည်။

၂၀၁၀ ဖေဖော်ဝါရီလကုန်မှ မတ်လ ပထမပတ်အတွင်း နအဖသည် SSA – N အား ရမခတိုင်း(လားရှိုး မြို့) တွင် ၃ ကြိမ် ခေါ်ယူပြီး ဌာနေပြည်သူ့စစ် အသွင်ပြောင်းရန် ဖိအားပေးမှုမျိုးရှိခဲ့သည်။ မတ်လ ၄ ၇က်နေ့ ခေါ်ယူဆွေးနွေးခဲ့စဉ်ကလည်း HGF အသွင်ပြောင်ရေးအတွက် စေ့စပ်ရေး နာယကအဖွဲ့ကို ဇွတ်ဖွဲ့စည်းခိုင်းသည်။ ပြည်သူ့စစ်အသွင်ပြောင်းလျှင် ဘယ်နေရာ တပ်တည်ထားရမည်။ မူလ SSA တပ်မတော်ဌာနချုပ်နှင့် တပ်များ ဆုတ်ခွာပေးရမည်။ SSA – N နယ်မြေရှိ ကျေးရွာ/ရပ်ကွက် ကိုယ်စားလှယ်များကို နအဖ အမာခံများဖြင့် အစားထိုးဖြည့်ဆည်းသွားရမည် စသဖြင့် တဖက်သတ် စည်းကမ်းများချမှတ်ကာ SSA – N ကိုယ်စားလှယ်များအား အသိပေးပြောကြားခဲ့သည်။

SSA – N ကိုယ်စားလှယ်များအနေဖြင့် တဖက်သတ် ပြောစကားကိုသာ နားထောင်ခဲ့ရပြီး ပြန်လာခဲ့ရတာဖြစ်သည်။ မိမိတို့၏ ထင်မြင်ချက်များ တုန့်ပြန်ပြောဆိုခွင့် မရရှိခဲ့ပေ။

၂၀၁၀ ခုနှစ် ဧပြီ ၂ ရက်နေ့မှာတော့ ရှမ်းပြည်နယ်ရှိ အခြားအပစ်ရပ်အဖွဲ့များအား စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့် က BGF အသွင်ပြောင်းရေး လိုက်လံပြီး လှုံဆော်ကြိမ်းမောင်းရေး လုပ်ခဲ့စဉ်က SSA – N ကိုယ်စားလှယ်အဖွဲ့ကို လားရှိုး တွင် ခေါ်ယူတွေ့ဆုံပြီး စကားပြောခဲ့သည်။ စကားပြောဆိုတာထက် (နအဖ) သဘောထားကို ခေါ်ပြောပြတာ ပိုမှန်ပေလိမ့်မည်။

စရဖ အရာရှိချုပ်နှင့် နောက်ဆုံးတွေ့ဆုံစဉ်က BGF အသွင်ပြောင်းရေးအတွက် ဧပြီ ၂၂ ရက် နောက်ဆုံးထား စာရင်းပေး ပို့ရန်၊ မပေးပို့ပါက ၂၈ ရက်နေ့ နောက်ပိုင်း မတရားအသင်း ဖြစ်သွားမည်” ဟု ဖိအားပေးပြောဆိုသွားခဲ့သည်။

(ဃ) ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) နှင့် နအဖ စစ်အစိုးရတို့၏ တွေ့ဆုံမှုအခြေအနေ ( ၂၀၁၀ ဧပြီ ပထမအပါတ် အထိ )

၂၉ .၄. ၂၀၀၉ မှ စတင်ပြီး ယနေ့ ( ၁၄.၄.၁၀) ထိ UWSP အား နအဖက BGF တပ်ဖွဲ့အသွင်ပြောင်းရန် ဖိအားမျိုးစုံ ပေးလျှက်ရှိသည်။

UWSP ကလည်း BGF တပ်ဖွဲ့အသွင်ပြောင်းရန် နအဖ တိုက်တွန်းတောင်းဆိုစဉ်ကတည်းက မူဆိုင်ရာပြဿနာများကို စကားမပြောခဲ့။ လက်တွေ့နိုင်ငံရေးပြဿနာ လက္ခဏာဆောင်သော(နယ်မြေပြဿနာ၊ အုပ်ချုပ်ရေးပြဿနာ၊ တပ်ဖွဲ့စည်းရေး၊ စီပွားရေး၊ ဘဏ္ဍာရေး ပြဿနာများ — စသဖြင့်) အချက် (၉) ချက်ကို ၂၀၀၉ နိုဝင်ဘာ ၁၀ ရက်နေ့က တင်ပြ တောင်းဆိုပြီး တုန့်ပြန်ခဲ့သည်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် UWSP ဥက္ကဌ ပေါက်ယူချန်းနှင့် စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်တို့ တန့်ယန်း မြို့တွင် တွေ့ဆုံခဲ့စဉ်က UWSP ဘက်မှ တင်ပြချက် (၉) ချက်ကို နအဖဘက်မှ လက်မခံငြင်းပယ်ကြောင်း အကြောင်းပြန်ကြားခဲ့သည်။ (နအဖ)ဖက်က ငြင်းပယ်ရခြင်းအကြောင်းအရင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လူထုထောက်ခံထားသဖြင့် ပြန်ပြင်လို့မရနိုင်တော့ကြောင်း အကြောင်းပြခဲ့သည်။

UWSA နှင့် (နအဖ)တို့ ၂၆.၂ .၁၀ နေ့က တွေ့ဆုံစကားပြောပြီးနောက်ပိုင်း ၂.၃.၁၀ ရက်စွဲဖြင့် UWSA ဥက္ကဌက နအဖထံ စာရေးပြီး BGF အသွင်ပြောင်းရက် ထပ်မံတိုးမြှင့်ရန်နှင့် ယခင် တောင်းဆိုချက် (၉) ချက်ကို ပြန်လည်တင်ပြခဲ့သည်။

ဖေဖော်ဝါရီ ၂၆ တွေ့ဆုံဆွေးနွေးပွဲတွင် ဝ ဖက်မှ တင်ပြချက်ကို (နအဖ) က ငြင်းဆိုပြီးနောက် မတ်လဆန်း ပိုင်းမှစ၍ နှစ်ဘက် အခြေအနေတင်းမာမှု ပိုမိုမြင်တွေ့ရသည်။ UWSA အခြေစိုက် ပန်းဆန်း (ပန်ခမ်း) မြို့များတွင် လုံခြုံရေးတိုးမြှင့်ချထားခြင်း၊ ဝတပ်ဖွဲ့များကို တပ်လှန့်ထားခြင်းတွေအထိ ရှိလာခဲ့သည်။

တပြိုင်နက်တည်း ၀ နဲ့ထိစပ်နယ်မြေတလျှောက်တွင် နအဖ တပ်မ၊ တပ်ရင်းတွေ တိုးမြှင့်နေရာချတာမျိုးအထိ ရှိလာသည်။ UWSA အား BGF အသွင်ပြောင်းစေရေးအတွက် တရုတ်နိုင်ငံမှ တိုက်တွန်းပေးရန် တဖက်လှည့်ဖြင့် အကူအညီ တောင်းခံတာမျိုး ရှိသလို (နအဖ) အလိုကျ မဖြစ်ခဲ့လျှင် UWSA အား စစ်ရေးဖြင့် ဖိအားပေးရတော့မည် ဆိုတာ အသိပေး ခဲ့သည်။ ထိုလုပ်ဆောင်ချက်များနှင့် တပြိုင်နက် နအဖ သည် ဝ ဒေသရှိ ၎င်းတို့၏ ဝန်ထမ်းများ၊ NGOs, UN ဝန်ထမ်းများကိုလည်း ဝ ဒေသမှ အမြန်ဆုံး ဆုတ်ခွာရန် ညွှန်ကြားချက်များပေးခဲ့သည်။

အခြေအနေ တင်းမာမှုများ ဖြစ်နေစဉ်အတွင်း ၂၀၁၀ ဧပြီလ ၁ ၇က်နေ့တွင် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် UWSA ဒုဥက္ကဌ ကျောက်ဝမ်ကွမ်းနှင့် တန့်ယန်းမြို့တွင် နောက်ထပ်တွေ့ဆုံခဲ့ကြသည်။ UWSA နှင့်( နအဖ)အကြားက ရှေ့မတိုးနောက် မဆုတ်ဖြစ်နေသည့် အပစ်ရပ်နိုင်ငံရေး အခြေအနေကို ကျော်လွှားရန် ကြိုးပမ်းချက်တခု တင်ပြဆွေးနွေးခဲ့သည်။ ထိုတင်ပြချမှာ ယခင် UWSA မှ တင်ပြထားသည့် အချက် (၉) ချက်ကို ပြန်လည်ရုတ်သိမ်းခဲ့ပြီး အချက် (၈) ချက်ပါ တင်ပြတောင်းဆိုချက် အသစ်ကို ပြန်လည်တင်ပြထားသည်၊ ထိုတင်ပြချက်တွင် ယခင်တင်ပြချက်ကို ပြန်လည်မွမ်းမံထားတာ ဖြစ်သလို UWSA တပ်ဖွဲ့အတွင်း (နအဖ)စစ်အရာရှိများ ပါဝင်ဖွဲ့စည်းခွင့်ကိုလည်း ဖော်ပြထားသည်။

မည်သို့ဆိုစေကာမူ UWSA ၏ တင်ပြတောင်းဆိုချက်သည် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၏ ဧပြီ ၁ ရက်နေ့ မိန့်မှာကြားချက်အောက်တွင် အသုံးမဝင်တော့ချေ။ ထိုမိန့်မှာချက်မှာ ဧပြီလ ၂၂ ရက်နေ့ နောက်ဆုံး အသွင်ပြောင်းမည့် တပ်ရင်းတပ်ဖွဲ့ စာရင်းပေးပို့ရမည်။ နို့မို့ရင် ဧပြီ ၂၈ ရက်နေ့ရောက်ရင် မတရားအသင်းဖြစ်သွားမည်ဟု ပြောဆိုသွားတာဖြစ်သည်။ တကယ်တော့ ဤမိန့်မှာချက်သည် နအဖ၏ အပစ်ရပ်များအပေါ် ထားရှိသည့် ခိုင်မာသော သဘောထားလည်းဖြစ်သည်ဆိုတာ ထင်ရှားစေသည်။

(င) မိုင်းလား (NDAA) အပစ်ရပ်အဖွဲ့နှင့် (နအဖ) စစ်အစိုးရတို့၏ တွေ့ဆုံမှုအခြေအနေ ( ၂၀၁၀ ဧပြီ ပထမ အပါတ်အထိ)

မိုင်းလား (အမျိုးသားဒီမိုကရေစီ မဟာမိတ်အဖွဲ့ – NDAA) အပစ်ရပ်အဖွဲ့အား ၂၀၀၉ ခုနှစ် ဧပြီလ နောက်ဆုံးရက်များ က BGF တပ်ဖွဲ့သို့ အသွင်ကူးပြောင်းရန် (နအဖ) က တိုက်တွန်းဖိအားပေးခြင်းခံရသည်။ ထို တိုက်တွန်းဖိအားပေးမှုကို မိုင်းလား အပစ်ရပ်အဖွဲ့က ၂၀၀၉ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင် အကြောင်းပြန်ခဲ့သည်။ အကြောင်းပြန်ကြားချက်တွင် မိုင်းလားအပစ်ရပ်အဖွဲ့အနေဖြင့် နအဖတင်ပြသည့် (နိုင်ငံတခု၊ တပ်မတော်တခု) မူကို လက်ခံသည်။

၂၀၀၉ အောက်တိုဘာ ၂၈ ရက်နေ့က ကျိုင်းတုံတွင် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် တွေ့ဆုံစဉ်ကလည်း မိုင်းလား သဘောထားကို ထပ်မံပြောကြားခဲ့သည်။ BGF တပ်ရင်းများတွင် (နအဖ)စစ်တပ်အရာရှိများ ပါဝင်မှုနှင့် ဌာနဆိုင်ရာ အစားထိုးမှု အချိန်စောနေသေးကြောင်း၊ မိုင်းလားတပ်ဖွဲ့ကို မူလအတိုင်း ဆက်လက်ထားရှိမည်ဖြစ်ကြောင်း မိုင်းလားသဘောထားကို ပြောပြခဲ့သည်၊

၂၀၀၉ နိုဝင်ဘာ ၆ ရက်နေ့ကလည်း တပ်အသွင်ပြောင်းလဲရေးနှင့် သက်ဆိုင်သည့် မိုင်းလား လိုလားချက် (၆) ချက် ကို အမှတ် (၂) ကစထမှူး (ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး) ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံ တင်ပြခဲ့သည်။ တင်ပြချက်များတွင် အသွင်ပြောင်းတပ်ဖွဲ့စည်းလျှင် နအဖတပ်မှူးများ မပါဝင်ရန်၊ နယ်မြေပြဿနာ၊ အုပ်ချုပ်ရေးပြဿနာများ၊ တပ်စည်းရုံးဖွဲ့စည်းရေးပြဿနာများကို ဖော်ပြထားသည်။

၂၀၁၀ ဖေဖော်ဝါရီ ၂၅ ရက်ကလည်း မိုင်းလားအပစ်ရပ်အဖွဲ့မှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နှင့် တြိဂံတိုင်းတိုင်းမှူးတို့ ကျိုင်းတုံတွင် တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံစကားပြောပွဲတွင် မိုင်းလားဥက္ကဌ ဦးစိုင်းလင်းကိုယ်တိုင် မလာသဖြင့် ဒုဗိုလ်ချုပ်ကြီး ရဲမြင့် ထွက်မတွေ့ဘဲ တိုင်းမှူးကို ထွက်တွေ့စေသည်ဟု သတင်းများ တွင်ဖော်ပြထားသည်။ (နအဖ)က BGF အသွင်ပြောင်းရန် ဆက်လက်တိုက်တွန်းသလို ဆွေးနွေးပွဲအပြီး မိုင်းလားအဖွဲ့ကလည်း ယခင်တောင်းဆိုချက်များအတိုင်း ဆက်လက်တောင်းဆိုသည့်စာ (နအဖ) ထံ ပေးပို့ခဲ့သည်။

မိုင်းလားအပစ်ရပ်အဖွဲ့၏ သဘောထားများ တုန့်ပြန်ပြီးနောက် (နအဖ) ဘက်မှ တပ်ဖွဲ့များ တိုးမြှင့်ချထားသည်။ မိုင်းလားဒေသတွင်း လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် UN အဖွဲ့များနှင့် NGOs အဖွဲ့များကို မိုင်းလားဒေသမှ ဆုတ်ခွာရန် သတိပေး အကြောင်းကြားခဲ့သည်။ မိုင်းလားဒေသတွင်း တည်ငြိမ်မှုမရှိ ဖြစ်စေခဲ့သည်။

မတ်လ အတွင်းက မိုင်းလားဒေသအခြေအနေမှာ တင်းမာမှုရှိနေဆဲဖြစ်သည်။ သို့သော် မတ်လ၂၉ ရက်နေ့တွင် ဒုဗိုလ်ချုပ်ကြီး ရဲမြင့် က မိုင်းလား အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို ကျိုင်းတုံတွင် ခေါ်တွေ့ပြီး (နအဖ)သဘောထားကို ပြောပြခဲ့သည်။ (နအဖ)သဘောထားတွင် BGF အသွင်ကူးပြောင်းရန် နောက်ဆုံးရက် (ဧပြီ ၂၈ အထိ) သတ်မှတ်ပေးထားသည်။ ထိုရက်ထက်ကျော်လွန်ပါက ၁၉၈၉ ခုနှစ် အပစ်အခတ်မရပ်စဲခင်က အခြေအနေ (တရားမဝင်အဖွဲ့အစည်း) အတိုင်း သတ်မှတ်မည်ဟု တဖက်သတ်ကျကျ ပြောဆိုသွားသည်။ မိုင်လားတင်ပြချက်များကိုလည်း ၂၀၀၈ ဖွဲ့စည်းပုံနှင့် ကိုက်ညီ ခြင်းမရှိသည့်အတွက် အကြုံးမဝင်ဟု တုန့်ပြန်ပြောဆိုသွားသည်။

မိုင်လားအဖွဲ့ကို BGF အသွင်ကူးပြောင်းရန် နောက်ဆုံးရက်သတ်မှတ်ပေးခဲ့သည်မှာ ယခုအကြိမ်နှင့်ပါဆိုလျှင် (၅) ကြိမ် ရှိခဲ့ပါပြီ။ အခြားနောက်ဆုံးသတ်မှတ်ရက်များမှာ ပထမအကြိမ် – အောက်တိုဘာ ၂၀၀၉၊ ဒုတိယအကြိမ် – ဒီဇင်ဘာ ၂၀၀၉၊ တတိယအကြိမ် – ဖေဖေါ်ဝါရီ ၂၀၁၀၊ စတုတ္ထအကြိမ် – မတ် ၁၀ ရက်နေ့မျုားဖြစ်သည်။

(နအဖ) အတွက် ၂၀၁၀ နိုင်ငံရေးလိုအပ်ချက် ပြီးမြောက်ဖို့ ရှိသမျှ အား (တရားသည်ဖြစ်စေ/ မတရားသည်ဖြစ်စေ) သွန်မှောက်ပြီး လုံးပမ်းနေရသည်။ ထိုအခြေအနေမှာပဲ အပစ်ရပ်အဖွဲ့များအား BGF အသွင်ကူးပြောင်းရေး နောက်ဆုံးရက် သတ်မှတ်ပေးနေရတာဖြစ်သည်။ ထိုအချက်ကိုတော့ အပစ်ရပ်အဖွဲ့များ အထူးသတိပြုမိကြပေလိမ့်မည်။

မည်သို့ဆိုစေကာမူ (နအဖ) နိုင်ငံရေးလိုအပ်ချက် ပြီးမြောက်ရေးလုပ်ဆောင်ချက်က နဂိုတည်ရှိနေသော အပစ်ရပ်နိုင်ငံရေး အခြေအနေကိုတော့ ကြီးမားသော ဂယက်ရိုက်ခတ်မှုကို ဖြစ်စေခဲ့သည်။

အကြပ်အတည်းဆိုက်နေသည့် အပစ်ရပ်နိုင်ငံရေး အခြေအနေ

နအဖ စစ်အစိုးရသည် ၂၀၁၀ နိုင်ငံရေးအခင်းအကျင်းကို လွယ်ကူချောမွေ့စွာ ဖြတ်သန်းနိုင်ဖို့ အရေးကြီး နိုင်ငံရေးပြဿ နာ၂ ခုကို ( ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ် ပြဿနာနှင့် အပစ်ရပ်နိုင်ငံရေးပြဿနာ) ကို ကိုင်တွယ်ဖြေရှင်းနေရပြီ။

၉၀ ခုနှစ် ရွေး ကောက်ပွဲရလဒ် ပြဿနာကိုတော့ ပါတီများမှတ်ပုံတင်ခြင်း ဥပဒေထုတ်ပြန်ပြီး မျက်နှာပြောင်တိုက် ဖြေရှင်းလိုက်သည်။ လူထုဆန္ဒတွေကို စာတကြောင်း၊ နှစ်ကြောင်းရေးပြီး နင်းချေပြလိုက်သည်။ လက်ရဲဇက်ရဲလုပ်ရတာကလဲ လူထုထံမှ လက်တုန့်ပြန်နိုင်မှု အင်အား ဘာမှမရှိသေးဘူး ဆိုတာ သိနေလို့ဖြစ်သည်။ သို့သော် ဒီဖြေရှင်းနည်း၏ နောက်ဆက်တွဲ ဂယက်က ဘယ်အတိုင်းအတာထိ ကြီးမားကျယ်ပြန့်မည်ဆိုတာတော့ နအဖ မမြင်နိုင်ပါ။

အပစ်ရပ် နိုင်ငံရေးပြဿနာမှာတော့ ဥပဒေတရပ် ထုတ်ပြန်ပြီး ဖြေရှင်းရုံနှင့်မရဘူးဆိုတာ နအဖသိသည်။ အပစ်ရပ်အဖွဲ့ များ၏ လက်ထဲတွင် ကိုင်ထားသည့်အရာသည် ဒုတ်တိုများ မဟုတ်ဘူးဆိုတာကိုလည်း ကောင်းကောင်းသိသည်။ နိုင်ငံရေးအရလှည့်စားဖို့၊ (ပြောင်လိမ်၊ ပြောင်စား ဖဲ ၃ ချပ်သမားလို လုပ်တတ်ဖို့ ) အချိန်ကာလအချို့ လိုလိမ့်ဦးမည်။

ထိုအကြောင်းအချက်များကြောင့် (နအဖ)သည် အပစ်ရပ်ပြဿနာကို အချိန်ယူဆောင်ရွက်နေရခြင်းဖြစ်သည်။ ပြဿနာ လွယ်ကူစွာမပြီးပြတ်လို့ အချိန်ယူ လုပ်ဆောင်နေရခြင်းဖြစ်သည်။ ဒါကို နိုင်ငံရေးအရ လိုအပ်လာရင် – နိုင်ငံတော်က တိုင်းရင်းသားများအပေါ် ဘယ်လို သဘောထားကြီးကြောင်း အသံကောင်းဟစ်ဖို့ လုပ်ကွက်တခု ဖြစ်လာနိုင်သေးသည်။

ရွေးကောက်ပွဲနှင့် ပါတီများမှတ်ပုံတင်ခြင်းဥပဒေ ထုတ်ပြန်ပြီးနောက်၊ NLD က ၂၀၁၀ ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံတင်မှာမဟုတ်ကြောင်း မတ်လ ၂၉ ရက်နေ့က ဆုံးဖြတ်ချက်ထုတ်ပြန်ပြီးနောက် (နအဖ)သည် ၂၀၁၀ နိုင်ငံရေး လိုအပ်ချက် အောင်မြင်ရေးအတွက် အာသီသ ပိုမိုပြင်းပြလာသည်။ သို့သော် အပစ်ရပ်ပြဿနာကလည်း မြွေမသေ၊ ဒုတ်မကျိုး ဖြစ်နေသေးသည်။ ဒီအခြေအနေက နအဖကို စိတ်မရှည်နိုင်အောင် ထိုးဆွပေးလိုက်သည်။ ဒါ့ကြောင့် မတ်လကုန် ရက်ပိုင်းလောက်နှင့် ဧပြီ ပထမပတ်အတွင်းက ဗိုလ်ချုပ်ရဲမြင့်သည် အပစ်ရပ်အဖွဲ့အစည်းများထံ သွားရောက်ခဲ့သည်။ ထိုခရီးစဉ်သည် BGF လက်မခံသေးသည့် အပစ်ရပ်အဖွဲ့များအား နအဖ၏ သဘောထားအမှန်၊ နောက်ဆုံး ရာဇသံကို လိုက်လံအသိပေးသည့် ခရီးစဉ်တခုဟုဆိုလျှင် ပိုမှန်ကန် ပေလိမ့်မည်။

နှစ် ၂၀ အတွင်း န၀တ – နအဖ တို့၏ နိုင်ငံရေးလိုအပ်ချက် အပြောင်းလဲများ

တကယ်တော့ ဗမာပြည်နိုင်ငံရေးတွင် အပစ်ရပ်နိုင်ငံရေး အသွင်အပြင်တရပ် ပေါ်ပေါက်လာခဲ့ရခြင်းသည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရာမှ ထွက်ပေါ်လာသော ရလဒ်မဟုတ်ချေ။

၁၉၈၈ ခုနှစ် လူထုတိုက်ပွဲဖြင့် မဆလ တပါတီအာဏာရှင်စနစ်ကို ဖြိုချနိုင်ခဲ့သည်။ သို့သော် လူထုသည် အာဏာကို အရမယူလိုက်နိုင်ခဲ့ပါ။ တိုင်းပြည်၏ အကြွင်းမဲ့အာဏာကို စစ်တပ်က သိမ်းပိုက်လိုက်ပြီး န၀တ စစ်အစိုးရ မင်းမူလာခဲ့သည်။ အာဏာသိမ်း န၀တ စစ်အစိုးရတွင် (၁၉၈၉ ခုနှစ်တွင်) နိုင်ငံရေးလိုအပ်ချက်များ ရှိလာသည်။ ထိုနိုင်ငံရေးလိုအပ်ချက်အရ အပစ်ရပ် နိုင်ငံရေးဆိုတာ ပေါ်ပေါက်လာခဲ့ရသည်။ (န၀တ နိုင်ငံရေးလိုအပ်ချက်ကို အထောက်အကူဖြစ် စေရန်အတွက်ဖြစ်သည်)

ထိုစဉ်က န၀တ စစ်အစိုးရ၏ နိုင်ငံရေးလိုအပ်ချက်များမှာ -

* ၎င်း၏ ဦးတည်ရန်သူဖြစ်သည့် ဗကပ ကို ချေမှုန်းရန်၊
* တရုတ်ပြည်နယ်စပ်က လက်နက်ကိုင်အင်အားစုများနှင့် ရှစ်လေးလုံးမျိုးဆက်သစ် လက်နက်ကိုင်အင်အားစုတို့ ဆက်စပ်မှုမရှိအောင်လုပ်ရန် (ဗမာပြည်ပြည်မ နိုင်ငံရေးရေစီးကြောင်းနှင့် လူမျိုးစု လက်နက်ကိုင်အင်အားတို့ မနီးစပ်ရန်) ၊
* အိမ်နီးနားခြင်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်ရန် စသည်တို့ဖြစ်သည်။

န၀တ မှ နအဖ တဖြစ်လဲ စစ်အစိုးရ၏ နှစ် ၂၀ အကြာ (၂၀၀၉ -၁၀) နိုင်ငံရေးလိုအပ်ချက်သည်အတိုင်း (၁၉၈၉) အတိုင်း မဟုတ်တော့။ အပြောင်းလဲရှိလာသည်။ ၎င်းတို့မှာ -

* NLD ကိုချေမှုန်းပြီး၊ ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပစ်ရန်၊
* ရှစ်လေးလုံး မျိုးဆက် နိုင်ငံရေးအင်အားစု (ပြည်တွင်း၊ ပြည်ပ) များအား နိုင်ငံရေးအရ ဦးချိုးပစ်ရန်။ အညံ့ခံလာစေရန်၊
* စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် ၂၀၀၈ ဖွဲ့စည်းပုံကိုရေးဆွဲ၊ အတည်ပြု၊ အသက်သွင်းရန်၊
* နိုင်ငံတကာနှင့် ဆက်ဆံရေး ကောင်းမွန်လာစေရန် (အထူးသဖြင့် အမေရိကန်နှင့် ဆက်ဆံရေးကောင်းမွန်လာစေရန်) စသည်တို့ဖြစ်သည်။

နအဖ၏ နိုင်ငံရေးလိုအပ်ချက်နှင့် အပစ်ရပ်နိုင်ငံရေးတို့၏ ထိပ်တိုက်တွေ့နေမှုများ

အပစ်ရပ်အဖွဲ့အစည်းများ ဖျက်သိမ်းရေးပေါ်လစီတခုဖြစ်သည့် BGF အသွင်ပြောင်းရေး မူကို လက်မခံနိုင်သည့် အဖွဲ့ကရော၊ မူကို လက်ခံသည့်အဖွဲ့များကပါ မိမိတို့ အမျိုးသားရေးဆိုင်ရာ အခွင့်ရေးများကို ဖော်ထုတ်က သီးခြားလိုလားချက်များ ဖော်ထုတ်၊ တောင်းဆိုလာကြသည်။ ဤသို့ဖြင့် မိမိတို့အဖွဲ့အစည်းများ ရှင်သန်တည်တန့် ခိုင်မြဲရေးကို နည်းသဏ္ဍာန်ပေါင်းစုံဖြင့် ရုန်းကန်နေကြသည်။

BGF မူကို လက်ခံသည့်/ လက်မခံနိုင်သေးသည့်အဖွဲ့အစည်းတိုင်း၏ သီးခြားလိုလားချက်များ တောင်းဆိုရာတွင် တူညီသည့်အချက်များကို တွေ့ရသည်။ ထိုအချက်များမှာ -

* မိမိတို့၏ လက်နက်ကိုင်တပ်ဖွဲ့များကို BGF သို့မဟုတ် HGF သို့မဟုတ် ဌာနေပြည်သူ့စစ်အဖွဲ့သို့ လုံးဝ မပြောင်းလဲလိုခြင်း။ (မိမိတပ်ဖွဲ့အတွင်းသို့ နအဖ တပ်မှူးများ ပါဝင်ဖွဲ့စည်းခြင်းကို ငြင်းပယ်ကြခြင်း)
* ရရှိပြီးသား အပစ်ရပ်စဲထားသည့် နိုင်ငံရေးအခြေအနေကို အပျက်စီးမခံလိုခြင်း။
* ပြဿနာများကို စစ်ပွဲဖြင့် မဖြေရှင်းလိုခြင်း။ ငြိမ်းချမ်းစွာဖြေရှင်းလိုခြင်း။
* ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေကို မတူသည့် ပုံသဏ္ဍာန်များဖြင့် ငြင်းပယ်နေခြင်း။
* မိမိတို့အခြေစိုက်ရာ နယ်မြေများဒေသကို မိမိတို့၏ အုပ်ချုပ်ရေးလက်အောက်တွင်ထားရှိလိုခြင်း စသည့် အချက်များဖြစ်သည်။

ထိုအပစ်ရပ်အဖွဲ့များ၏ သီးခြားလိုလားချက်များကို လေ့လာကြည့်လျှင် မိမိတို့နှင့်ဆိုင်သည့် နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုရေး အခွင့်အရေးများကို လက်တွေ့ကျကျ ဖော်ထုတ်၊ တောင်းဆိုထားတာ တွေ့ရှိရသည်။ လက်တွေ့နိုင်ငံရေးပြဿနာလည်း ဖြစ်နေပြန်သဖြင့် (နအဖ) အနေနဲ့ ကိုင်တွယ်ဖြေရှင်းရန် အခက်တွေ့နေရခြင်း ဖြစ်သည်။

နအဖသည် အပစ်ရပ်အဖွဲ့အစည်းများအပေါ် BGF အသွင်ပြောင်းရေး ပေါ်လစီ ချမှတ်ပြီးကတည်းက တနှစ်အတွင်း အကြိမ်များစွာ (၁၀ ကြိမ်မက) တွေ့ဆုံဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲတိုင်းတွင် အဖွဲ့အစည်းအသီးသီး၏ တင်ပြချက်၊ တောင်းဆိုချက်များကို ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။ BGF အသွင်ပြောင်းရေးကိုသာ တဖက်သတ် ဖိအားပေးခဲ့သည်။ အပစ်ရပ်အဖွဲ့များ၏ ထပ်မံတင်ပြချက်များကိုလည်း ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံခြေခံဥပဒေနှင့် မကိုက်ညီသောကြောင့်ဟုဆိုကာ တဖက်သတ် ပယ်ချလေ့ရှိသည်။

ဆွေးနွေးပွဲရလဒ်တိုင်းက နအဖ၏ နိုင်ငံရေးလိုအပ်ချက်ကို အားရကျေနပ်မှုမဖြစ်စေခဲ့ပါ။ နအဖသည် ထိုအခြေအနေအပေါ် စိတ်ရှည်မှု ကုန်ခမ်းသွားပုံရသည်။ ဖော်ပြချက်အဖြစ် တွေ့လိုက်ရသည်မှာ ဧပြီလဆန်းပိုင်းက ဗိုလ်ရဲမြင့်၏ အပစ်ရပ်အဖွဲ့များထံ သွားရောက်ခဲ့သည့် ခရီးစဉ်ဖြစ်သည်။ ထိုခရီးစဉ်က အပစ်ရပ်နိုင်ငံရေး အဆုံးသတ်မည့်ရက်ကို၊ ကန့်သတ်ရက်, ရက်ချိန်းပေးခြင်းဖြစ်သည်။ မလိုက်နာပါက တရားမ၀င်အဖွဲ့အဖြစ် သတ်မှတ်မှာဖြစ်ကြောင်း သွယ်ဝိုက်မနေ၊ ဒဲဒိုးကြီး ပြောဆိုခဲ့သည်။

နအဖသည် ၎င်း၏ (၂၀၀၉ – ၁၀) နိုင်ငံရေးလိုအပ်ချက် အောင်မြင်ပြီးမြောက်ရန် တခါက ငြမ်းအဖြစ် အသုံးချခဲ့သည့် အပစ်ရပ် နိုင်ငံရေးအခြေအနေကို ဖယ်ရှားရတော့မည်။ ထိုအခါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လှံအဖြစ်၊ ဒိုင်းအဖြစ် အသုံးချလာရတော့သည်။ အပစ်ရပ်အဖွဲ့များ၏ နိုင်ငံရေးအခြေအနေသည်လည်း နဝတ နိုင်ငံရေးလိုအပ်ချက်အရ ပေါ် ပေါက်လာခဲ့ရသလို၊ နအဖ နိုင်ငံရေးလိုအပ်ချက်အရ ပျောက်ကွယ်ရတော့မည့် ကိန်းဆိုက်နေသည်။

ဗမာပြည်နိုင်ငံရေးလောကတွင် အနှစ်၂၀ ကျော်/နီးပါး တည်ရှိခဲ့ကြသော အပစ်ရပ်နိုင်ငံရေးအခြေအနေသည် သေရေးရှင်ရေး အကြပ်တည်းကြီးတခုနှင့် ရင်ဆိုင်နေရပြီ။ ထိုအကြပ်အတည်းသည် နအဖ၏ နိုင်ငံရေးလိုအပ်ချက်မှ ပေါ်ပေါက်လာရ တာဖြစ်သည်။ ထိုအကြပ်အတည်းသည် တနေ့ထက်တနေ့ ပိုမိုကြီးထွားလာနေပြီ။

နအဖ၏ BGF အသွင်အပြောင်းရေးကို အပစ်ရပ်အဖွဲ့များက ဆက်လက်ငြင်းပယ်မြဲ ငြင်းပယ်နေမည် ။ ထိုအခါ နအဖသည် အပစ်ရပ်အဖွဲ့များအား တရားမဝင်အဖွဲ့အစည်းများအဖြစ် သတ်မှတ်လိုက်မည်။ ထိုအခါ အပစ်ရပ်နိုင်ငံရေး၏ ဇာတ်ဝင်ခန်း အဆုံးသတ်သွားပြီ ဆိုသည့် အဓိပ္ပါယ်ဖြစ်သည်။ နောက်ဆက်တွဲ အကျိုးဆက်များကတော့ ပြည်တွင်းစစ် ဆက်လက် တောင်လောင်နေသော ဗမာပြည်၊ နိုင်ငံရေး မတည်ငြိမ်မှုတွေ ပိုင်ဆိုင်ထားသည့် ဗမာပြည်၊ ဂီလာနတိုင်းပြည် ဗမာပြည် ….. စသည့် ဂုဏ်ပုဒ်များဖြင့် ကျော်မကောင်းကြားမကောင်း တိုင်းပြည် ဖြစ်လာလိမ့်အုံးမည်။

မည်သို့ပင်ဖြစ်စေကာမှု အပစ်ရပ်နိုင်ငံရေးပြဿနာ၏ အကြပ်အတည်းကို ဖန်တီးခဲ့သော၊ ဖန်တီးနေသော နအဖ စစ်အစိုးရက ပြဿနာကို ဘယ်လိုသဘောထားနှင့် ဖြေရှင်းသွားမလဲ။ အပစ်ရပ်နိုင်ငံရေးကို နအဖ စစ်အုပ်စု မည်သို့ အဆုံးသတ်နှင့် ပွဲသိမ်းစေမလဲ ဆိုတဲ့ မေးခွန်းများ၏ အဖြေကိုတော့ ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုများကတော့ ပွဲကြည့်ပရိတ်သတ်လို မျက်ခြေမပြတ် စောင့်ကြည့်နေကြပေတော့မည်။ အကြောင်းမှာ ဗမာပြည်၏ မျက်မှောက်နိုင်ငံရေး အခင်းအကျင်းများတွင် အရေးကြီးပြဿနာတခုအဖြစ် တွေးဆနေသောကြောင့်ဖြစ်သည်။

နအဖ ပြော,ပြောနေသော ငြိမ်းချမ်းရေးအဖွဲ့များသည် အခုတလော နအဖ၏ နိုင်ငံရေးလိုအပ်ချက်ကြောင့် ငြိမ်သက်မှု မရှိနိုင်တော့။ လှုပ်ခတ်နေရပြီ။

အပစ်ရပ်နိုင်ငံရေး၏ ခရီးရှည်ချီတက်ပွဲ ဆုံးခန်းတိုင်ထိ ရောက်နိုင်ကြပါမလား။

x x x x x

ရဲဘော်ထွန်းဦး

၁၈ ဧပြီ ၂၀၁၀

Ref: လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ

Wednesday, April 21, 2010

0 အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချို ရရှိသော ဗုံးဒဏ်ရာ များအား စင်ကာပူတွင် သွားရောက် ကုသရန် ကြိုးပမ်းနေ

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး ကန်ပတ်လမ်းရှိ X2O ရေကစား မဏ္ဍပ် ရှေ့၌ သင်္ကြန် အကြတ်နေ့ ဧပြီ (၁၅)ရက်၊ မွန်းလွဲ ၃ နာရီ ခန့်တွင် ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့မှုကြောင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် ၊ အမှတ် (၄)စစ်ဒေသမှူး ၊ ဗိုလ်မှူးကြီး အုန်းချို သည် မျက်နှာ နှင့် ၀မ်းဗိုက် တို့တွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပြီး စိုးရိမ်ရသော အခြေ အနေတွင် ရှိကြောင်း အမှတ် (၁) တပ်မတော် ဆေးရုံကြီး ၊ ကုတင် (၁၀၀၀) မှ အမည် မဖော်လိုသူ အရာရှိကြီး တစ်ဦး ထံမှ စုံစမ်း သိရှိ ရပါသည်။ အမှတ် (၁) တမ်မတော် ဆေးရုံကြီး ၊ ကုတင် (၁၀၀၀) မှ တာဝန်ကျ အရာရှိ တစ်ဦးကတော့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး အမှတ် (၄) စစ်ဒေသမှူး ၊ ဗိုလ်မှူးကြီး အုန်ချို ဆေးရုံကို ရောက်ရှိလာပုံကို အခုလို ပြောပြ ပါတယ် ။ မွန်းလွဲ ၃ နာရီ ၃၀ လောက်မှာ ဗိုလ်မှူးကြီး အုန်းချို ကျွန်တော်တို့ တပ်မတော် ဆေးရုံကြီး ကုတင် (၁၀၀၀) ကို ဒဏ်ရာ တွေနဲ့ ရောက်လာ ပါတယ် ၊ ဗိုလ်မှူးကြီး အုန်းချိုကို ခွဲစိတ်ပါရဂူကြီး ဗိုလ်မှူးကြီး အုန်းမောင်မောင်နဲ့ အကူ အရာရှိတွေ အချိန် (၃)နာရီကြာ ခက်ခက် ခဲခဲ ဗုံးစတွေကို ခွဲထုတ် ရပါတယ် ။ မျက်နှာမှာ ကတော့ ဒဏ်ရာ သိပ်မပြင်းပါဘူး ၊ ဒဏ်ရာပြင်းတာက ၀မ်းဗိုက်မှာပါ ၊ အသဲ နဲ့ အူမကြီးကို ဗုံးစတွေ တော်တော် ထိသွားပါတယ် ၊ အခု ဗိုလ်မှူးကြီး အုန်းချိုကို ကျွန်တော်တို့ အမှတ် (၁) တပ်မတော် ဆေးရုံကြီး ကုတင် (၁၀၀၀) အထူး ကြပ်မတ်ဆောင်မှာ ထားပါတယ်။ ကျွန်တော် သိရ သလောက်တော့ အခြေအနေက မကောင်း ဘူးလို့ သိရ ပါတယ်။

တိုင်းမှူး တို့ ကျန်းမာရေး ၀န်ကြီးတို့တော့ ဗိုလ်မှူးကြီး အုန်းချိုကို လာကြည့်ကြတယ်။ ဗိုလ်မှူးကြီး အုန်းချို မိသားစုတွေ ကတော့ ဒီမှာ အခြေအနေ မကောင်းတဲ့ အတွက် အရင်က နိုင်ငံတော် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း သွားကုတဲ့ စင်ကာပူက ဆေးရုံကို သွားကုဖို့ ကြိုးစားနေကြတယ် ဟု ဗိုလ်မှူးကြီး အုန်းချို မိသားစု နှင့် နီးစပ်သော အသိုင်း အ၀ိုင်း ထံမှ သိရှိ ရပါသည်။

နောက်ဆုံး ရရှိသော သတင်း အရ ဗိုလ်မှူးကြီး အုန်းချိုကတော်မှ တိုင်းမှူးကတော်ကြီး မှ တဆင့် တိုင်းမှူး အား အသနားခံပြီး ဗိုလ်မှူးကြီး အုန်းချိုအား စင်ကာပူ ဆေးရုံတွင် သွားရောက်ဆေးကုသခွင့် ရရှိရန် ကြိုးစားနေကြောင်း သတင်း ရရှိပါသည်။
(ဟံသာဝတီ)မှ

0 ရန်ကုန်မြို့သင်္ကြန်အကြတ်နေ့ဗုံးပေါက်ကွဲမှုနှင့်ပါတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)၏ထုတ်ပြန်ကြေငြာချက်


ပေးပို့သော မမြတ်လေးငုံအားကျေးဇူးတင်ရှိပါသည်။

Tuesday, April 20, 2010

1 သင်္ကြန်အကြတ်နေ့ဗုံးပေါက်ကွဲမှု နအဖစစ်အစိုးရစစ်တပ်မှလူများအချင်းချင်း လုပ်ကြံမှုဖြစ်ကြောင်းသတင်းထွက်



စစ်ကျွန်အဖြစ်မှလွတ်မြောက်ရန် တိုက်ပွဲဝင်နေကြသော ယုံကြည်ချက် ညီအစ်ကိုတော်အပေါင်းတို့ခင်ဗျား


၂၀၁၀ အတာသင်္ကြန်အကြတ်နေ့ ဗုံးပေါက်ကွဲမှုကြောင့် နောက်ထပ် သေဆုံးမှုများမှာ ပိုမိုတိုးပွားလာနေပါသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် နအဖ စစ်အစိုးရ၏ လက်အောက်ခံ စစ်တပ်မှ အရာရှိအရာခံများ ၊ မယက ဥက္ကဌ ၊ စည်ပင်ဝန်ထမ်း ၊ရယကများနှင့် အပြစ်မဲ့သော ပြည်သူများ သေဆုံးခဲ့ပါသည်။ နအဖစစ်အစိုးရ၏ လက်အောက်ခံများ သေဆုံးခြင်းမှာ ၀မ်းနည်းဖွယ်ရာ မရှိသော်လည်း ကျွန်တော်များ ဒီမိုကရေစီဘက်တော်သား အပေါင်းတို့မှ လူသားချင်း စာနာသောအားဖြင့် ကောင်းမွန်သော ဘုံဘ၀များသို့ ရောက်ရှိစေရန် ဆုတောင်းပေးခဲ့ကြပါသည်။ သေဆုံးသွားကြကုန်သော အပြစ်မဲ့ပြည်သူ များအတွက်မူ ရင်ထဲအသည်းထဲမှ လှိုက်လှုက်လှဲလှဲ ၀မ်းနည်းကြရပါသည်။ နောက်နောင်ဘ၀များတွင်လည်း စစ်အစိုးရ၏ နှိပ်စက်ညှဉ်းဆဲ သတ်ဖြတ်ခြင်းခံရသော အဖြစ်ဆိုးများမှ ကင်းဝေးကြစေရန် ဆုတောင်းမေတ္တာ ပို့သအမျှပေးဝေ ခဲ့ကြပါသည်။

ယနေ့အထိ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူဦးရေမှာ အယောက်၄၀ကျော်ပြီ ဖြစ်ကြောင်း ခိုင်လုံသော သတင်းရပ်ကွက်မှ ရရှိပါသည်။ ၁၉.၄.၂၀၁၀နေ့အထိ ရေဝေးသုဿန်တွင် ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူများကို သဂြိုဟ်ခဲ့ရာ ၁၀ဦးတိတိ ရှိပြီဖြစ်ကြောင်း၊ ထိန်ပင်သုဿန်၌ သဂြိုဟ်မှု ဦးရေမည်မျှရှိသည်ကို အတိအကျ မပြောဆိုနိုင်သေးကြောင်း၊ ဒဏ်ရာရထားသူ များမှာလည်း နောက်ထပ် သေဆုံးနိုင်ဖွယ်ရာရှိကြောင်း ကြားသိခဲ့ရပါသည်။ ယနေ့မွန်းလွဲပိုင်း ၂ နာရီ တွင် ရေဝေးသုဿန်၌ မီးသဂြိုလ်ခဲ့သော သေဆုံးသူ လူငယ်လေးမှာ မောင်ပိုင်ပိုင်ဦး အသက်(၁၈)နှစ်ဖြစ်ကြောင်း၊၄င်းလူငယ်လေးသည် ဗုံးပေါက်ကွဲမှုကြောင့် ဦးခေါင်းနောက်စေ့တွင် ဒဏ်ရာရရှိခဲ့ပြီး ၁၇.၄.၂၀၁၀ နေ့လည် ၁း၄၅ အချိန်တွင် ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာန၌ သေဆုံးသွားခြင်းဖြစ်ပါသည်။

ဗုံးပေါက်ကွဲမှု၏ နောက်ဆက်တွဲသတင်းများမှာ နအဖစစ်အစိုးရ၏ ခေါင်းဆောင်သန်းရွှေ၏ မြေး ဗိုလ်ချုပ်မှုးလေး ဖိုးလပြည့်အား စစ်ဖက်မှ ဗိုလ်ချုပ်တစ်ဦး၏ သားဖြစ်သူမှ လုပ်ကြံခြင်းဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျှက်ရှိပါသည်။ ယင်းပေါက်ကွဲမှု မဖြစ်ပွားခင် ၂ရက်အလိုတွင် စရဖ ထောက်လှမ်းရေးအဖွဲ့မှ သတင်းကြိုတင်ရကြောင်း၊ ယင်းဖေါက်ခွဲရေးဗုံးကို X20 မဏ္ဍာပ်ပေါ်မှနေ၍ LINCONL ကုမ္ပဏီမှဆေးလိပ်များ၊ အရက်ပုလင်းများ ကြဲချရာတွင် ရော၍ပစ်ချကြောင်း၊ ဖေါက်ခွဲမှုပြုလုပ်သူများမှာ နအဖစစ်အစိုးရ စွပ်စွဲပြောဆိုနေသော တိုင်းရင်းသားအဖွဲ့အစည်း၊ ကျောင်းသားအဖွဲ့အစည်းများ မဟုတ်ဘဲ နအဖစစ်အစိုးရ စစ်တပ်မှ လူများအချင်းချင်း လုပ်ကြံမှုဖြစ်ပါကြောင်း ခိုင်လုံသေချာတိကျသော သတင်းရပ်ကွက်များမှ ပေးပို့လာပါသည်။

ပေးပို့လာသော Burma paparazi အားကျေးဇူးတင်ရှိပါသည်။

0 ဗုံးခွဲတရားခံများအား သတင်းပေးနိုင်က ဆုငွေချီးမြှင့်မည်ဟု တယက ကြေညာ

(ခောတ်ပြိုင်) ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး ကန်ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်တွင် ဗုံးခွဲသည့် လက်သည်တရားခံများအား ထိရောက်စွာ သတင်းပေးနိုင်ပါက ဆုငွေ ကျပ် (၁၀) သိန်း ချီးမြှင့်မည်ဟု ညွှန်ကြားချက် ထုတ်ပြန်လိုက်ကြောင်း ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (တယက) မှ သိရသည်။

ယင်းညွှန်ကြားချက်ကို ဧပြီ (၁၈) ရက်တွင် ထုတ်ပြန်လိုက်ပြီး သက်ဆိုင်ရာ ခယက၊ မယက၊ ရယက ရုံးများတွင် ထင်သာမြင်သာ ကပ်ထားမည် ဖြစ်ကြောင်း သိရသည်။

ဧပြီ (၁၅) ရက် သင်္ကြန် အကြတ်နေ့ မွန်းလွဲ (၃) နာရီခန့်တွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး ကန်ပတ်လမ်းရှိ X2O ရေကစား မဏ္ဍပ်ရှေ့၌ ဗုံး (၃) လုံး ဆက်တိုက် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူ (၈) ဦးသေဆုံးကာ (၁၇၀) ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ထိုဗုံးပေါက်ကွဲမှုနောက်ပိုင်း ထုတ်ပြန်လိုက်သည့် ညွှန်ကြားချက် အပြည့်အစုံမှာ “မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၁၅.၄. ၂၀၁၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုတွင် မသင်္ကာဖွယ်ရာ အဖျက်သမား (၂) ဦးမှ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွား၍ အပြစ်မဲ့ ပြည်သူများ သေဆုံး ဒဏ်ရာရရှိခဲ့ပါသည်။ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သူများအား တွေ့ရှိသူများက သတင်းပေးနိုင်ရေး ကူညီဆောင်ရွက်ပေးကြရန်နှင့် ထိရောက်သော သတင်းဖြစ်ပါက ဆုငွေ ကျပ် (၁၀) သိန်းအား ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ချီးမြှင့်မည်” ဟု ဖော်ပြပါရှိသည်။



ယင်းညွှန်ကြားချက်ပါ မသင်္ကာဖွယ် အဖျက်သမား (၂) ဦးဟု တိကျစွာ ဖော်ပြထားခြင်းအပေါ် ပြည်သူများက သို့လော သို့လော အငြင်းပွားစရာဖြစ်နေကြသည်။

“အဖျက်သမား (၂) ဦးဆိုတာ သူတို့အချင်းချင်းပဲ သိနိုင်မယ်။ အဲဒီနေ့က ကျနော်တို့ ညီအစ်ကိုက X2O ပိုင် လိုက်အေ့စ် ဇုန်ကားရှေ့မှာ ရှိနေတယ်။ အဲဒီမှာ X2O မဏ္ဍပ်ပေါ်က စူပါဝမ်းလင်ကွန်း စီးကရက်အမည်းဘူးလေးတွေ ကြွပ်ကြွပ်အိတ်နဲ့ ထုတ်ပြီး စင်အောက်ကြဲတယ်။ ဒါလည်း သူတို့ နေ့စဉ်ဝေနေကျ။ အဲလို ဝေအပြီး မိနစ်ပိုင်းအကြာမှာ ၀ုန်းဆို ထကွဲတာ။ ကျနော့်အစ်ကို ခါးကိုတောင် ဗုံးစ စင်သွားသေးတယ်” ဟု မျက်မြင်လူငယ်တဦးက ဆိုသည်။

အခြား မျက်မြင်တဦးကလည်း “ပထမအလုံးနဲ့ မိနစ်ဝက်လောက်အကြာမှာ နောက်ထပ် ဗုံး (၂) လုံး ဆက်ပေါက်တယ်။ လူတွေဆိုတာ ဖွေးခနဲပဲ။ သွေးတွေနဲ့ ကောင်မလေးတယောက်ဆို လက်ကလေးထောင်ပြီး လှုပ်ပြနေတာ တွေ့ရတယ်။ ကုလားကြီးတယောက်က ကျနော့်လက်ထဲမှာ သေသွားတယ်။ ရဲအုပ်တယောက်ဆို သွေးအိုင်ထဲကနေ အဘကို ခေါ်ပေးပါနဲ့ ကယောင်ကတမ်း အော်နေတယ်” ဟု ၎င်း၏ အတွေ့အကြုံကို ရှင်းပြသည်။

အဆိုပါ X2O မဏ္ဍပ်သည် နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး ဖိုးလပြည့်၏ သူငယ်ချင်း ဖိုးအေးဆိုသူ၏ မဏ္ဍပ် ဖြစ်ကြောင်း၊ သင်္ကြန်အကျနေ့ နေ့လယ်မတိုင်မီတွင် ဖိုးလပြည့်က (၁၅) မိနစ်ခန့် ရေပက်ကစားခဲ့ကြောင်း၊ ဗုံးပေါက်ကွဲသည့် သင်္ကြန်အကြတ်နေ့တွင် X2O မဏ္ဍပ်သို့ ဖိုးလပြည့် ရောက်ရှိမလာကြောင်း မဏ္ဍပ်တွင် ရေကစားသူတဦးက ပြောသည်။

မျက်မြင်အချို့ကမူ “ဗုံးမပေါက်မီ နာရီဝက်လောက်အလိုမှာ စစ်ဒေသမှူးအပါအ၀င် ဒေသအာဏာပိုင်တွေ X2O မဏ္ဍပ်ရှေ့ ရောက်လာတယ်။ သတင်းရလို့လား၊ ပုံမှန် စစ်ရိုး စစ်စဉ်လား မသိဘူး။ မဏ္ဍပ်ဝန်းကျင်ကို လာစစ်တယ်။ ဗုံးရှိနေတယ်လို့လည်း ပြောနေကြတယ်။ အဲဒီ စစ်ဒေသမှူးသားနဲ့ ဖိုးလပြည့်တို့က အရင်ကတည်းက အငြိအစွန်းတွေ ရှိတယ်လည်း ကြားတယ်” ဟု ပြောကြသည်။

လုံခြုံရေးယာဉ်များနှင့် ဆေးရုံလူနာတင်ကားများ သင်္ကြန်အကျနေ့ကတည်းက ကန်တော်ကြီးပန်းခြံအတွင်း အသင့်ရှိနေခြင်း ကလည်း ထူးခြားချက်တရပ်ဟု အချို့က ယူဆနေကြသည်။

“လုံခြုံရေးယာဉ်တွေ ရှိနေတာ ထားတော့။ လူနာတင်ကားက ဘာလို့ ကြိုစောင့်နေရတာလဲ။ ဗုံးကွဲပြီးပြီးချင်း လူနာတင်ကား ချက်ချင်း ရောက်လာတယ်။ ဗုံးပေါက်တော့မယ်ဆိုတာ ကြိုသိနေလို့လား။ ဒါကြောင့် ကြိုတင်အကွက်ချ စီမံထားတာလား သံသယဖြစ်စရာပဲ” ဟု အချို့က မေးခွန်းထုတ်နေကြသည်။

X2O မဏ္ဍပ်ပေါ်ရှိ ရေကစားသူများ တဦးတယောက်မှ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ခြင်းအပေါ် အဆိုပါဗုံးသည် စီးကရက်ကြဲဖြန့်ချိန် သို့မဟုတ် အင်အားပြင်းလှသော ရေလုံးအားနှင့်အတူ ပါလာခြင်း ဖြစ်နိုင်သည်ဟု အချို့က သုံးသပ်ကြသည်။

“ဗုံးအမျိုးအစား ခွဲခြားတာ၊ ဗုံးအစအန ရှာဖွေတာတွေကို စစ်မြေပြင် အင်ဂျင်နီယာတပ်တွေသာ လုပ်ကြပါတယ်။ သူတို့တွေ တယောက်မှ ရောက်မလာဘဲ ယာဉ်ထိန်းရဲတွေက ပေကြိုးဆွဲ၊ မြေပြင်ရှင်းလင်းရေးတွေ လုပ်နေတာ သဘာဝမကျဘူး။ ကိုယ့်လူနဲ့ကိုယ် အဖွင့်အပိတ် စည်းဝါးရိုက်ထားလည်း ဖြစ်နိုင်တယ်” ဟု အများက သံသယ၀င်နေကြသည်။

နအဖလက်ထက် အရုပ်ဆိုး အကျည်းတန်စေခဲ့သော (S2) ဗိုလ်ချုပ်ကြီးတင်ဦး၏ သမီး သေဆုံးသွားသည့် စာအိတ်ဗုံးကိစ္စ၊ ကမ္ဘာအေးဘုရား ပန်းအိုးအတွင်းမှ ပေါက်ကွဲခဲ့သော ဗုံးကိစ္စ၊ ၀င်ဒါမီယာ (၅) လောင်းပြိုင် လူသတ်မှု၊ မြေနီကုန်း Junction 8 Center ဗုံးပေါက်ကွဲမှုဖြစ်စဉ်များသည် ယနေ့အထိ လက်သည်တရားခံ ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

Monday, April 19, 2010

0 သင်္ကြန်အကြတ်နေ့က ဗုံးထိမှန်သောလူငယ်တဦး ထပ်မံသေဆုံး

သင်္ကြန်အကြတ်နေ့ဗုံးပေါက်ကွဲမှု၌ဦးခေါင်းနောက်စေ့အား ထိမှန်ခဲ့သောလူငယ်တစ်ဦး မနေ့နေ့လည် ၁နာရီ အချိန်တွင်ဦးနှောက်နှင့်အာရုံကြောဆေးရုံ(ရန်ကုန်)၌ သေဆုံးသွားပါသည်။
၎င်းလူငယ်၏အမည်မှာမောင် ပိုင်ပိုင်ဦး အသက်(၁၈)နှစ်ဖြစ်ကြောင်းသိရသည်။စက်ဆန်း၊ရုံးလေး တွင်ရှိသော ကိုဘုန်းဝပ်ရှော့ပိုင်ရှင်၏ မွေးချင်းမရှိတစ်ဦးတည်းသော သားဖြစ်ကြောင်းသိရသည်။

Burmapaparazi

0 အမျိုးသမီးများအပေါ် ကျူးလွန်ထားသည့် နအဖစစ်အစိုးရ၏ ရာဇ၀တ်မှုများကို ပြည်သူ့တရားရုံးတင် တရားစွဲဆိုနိုင်ရေး ဂျပန်ရှိဒီမိုကရေစီသမားများပြင်ဆင်

သတင်း-သန့်မျိုးထွေး

နအဖစစ်အစိုးရမှ အပြစ်မဲ့ပြည်သူများနှင့်တိုင်းရင်းသားအမျိုးသမီးငယ်များအပေါ် မတရားကျူးလွန်ထားသည့် ပြစ်မှုများ(Criminal Case)များကိုဖော်ထုတ်နိုင်ရန်အတွက် ဂျပန်နိုင်ငံတွင်ပြည်သူ့တရားရုံးဖွဲ့စည်း၍ ရုံတင်စစ်ဆေးတရားစွဲဆိုနိုင်ရန် ပြင်ဆင်ကြိုးစားနေကြောင်းသိရသည်။

ဂျပန်ရှိ မြန်မာအမျိုးသမီးသမဂ္ဂ၏ဥက္ကဋ္ဌ ဒေါ်ချိုချိုအေးမှ ဦးဆောင်၍ နအဖစစ်အစိုးရ၏ အမျိုးသမီးများအပေါ် ကျူးလွန်သော ရာဇ၀တ်မှုများနှင့် ပတ်သတ်၍ ဂျပန်နိုင်ငံတွင် ပြည်သူ့တရားရုံးကျင်းပရေးကော်မတီဟု အမည်ပေးထားသည့် အလုပ်ကော်မတီတခုကိုတိုကျိုမြို့ အိုးစုခအရပ်ရှိ မိနားမိအိုးစုခခန်းမ၌ ပြုလုပ်သော အစည်းအဝေးတွင် ဂျပန်ရှိ ဒီမိုကရေစီလှုပ်ရှားသူများနှင့်စုပေါင်း ဖွဲ့စည်းလိုက်ပြီး လာမည့်ဇွန်လတွင် တရားခွင်ပြုလုပ်၍ ကြားနာစစ်ဆေးကြမည်ဟုဆိုသည်။

ဥက္ကဋ္ဌဒေါ်ချိုချိုအေးက"ဒါမျိုးလုပ်လိုက်လို့ စစ်အစိုးရက ချက်ခြင်ကြီးပြုတ်ကျသွားမယ်လို့ မဆိုလိုဘူး။ နအဖပြုတ်ကျသွားနိုင်လောက်အထိလဲ ဖြစ်ချင်မှဖြစ်မယ်၊ မဖြစ်ချင်လဲ မဖြစ်ဘူး၊ ဘာတွေအကျိုးကျေးဇူးရှိမလဲဆိုတော့ ကျမတို့အပေါ်လူ့အခွင့်အရေးချိုးဖောက်တာတွေက ပါးစပ်နဲ့ဘဲပြောလို့ရတယ်၊ နအဖမကောင်းကြောင်းကို တကမ္ဘာလုံးကသိတယ်၊ သိပေမဲ့ ဒီလိုအထောက်အထားအချက်အလက်နဲ့မပြောနိုင်တဲ့အခါမှာ ပြောရင်းပြောရင်းနဲ့လေထဲမှာဘဲ ပျောက်သွားတယ်၊ ဒီတော့ ဒီလိုအထောက်အထားနဲ့ပြောနိုင်မယ်ဆိုရင် ဒီမှတ်တမ်းမှတ်ရာတွေဟာ သမိုင်းဝင်အဖြစ်လဲကျန်ခဲ့မယ်၊ ဒီကနေချက်ခြင်းအကျိုးသက်ရောက်မှုမရှိတောင် သမိုင်းမှာဒါတွေဟာ ဖျောက်ဖျက်လို့မရနိုင်ဘူး"ဟု အကျိုးသက်ရောက်မှုရှိနိုင်ပုံနှင့်ရည်ရွယ်ချက်ကို ရှင်းပြသွားသည်။

ယနေ့တွင်ကော်မတီဖွဲ့စည်းလိုက်ကြခြင်းသာဖြစ်ပြီး အခြေအနေအရ တရားခွင်၏ ဂျူရီလူကြီးများ၊ တရားသူကြီးများအဖြစ် စစ်မေးမည့်ပုဂ္ဂိုလ်များကို အကြမ်းဖြင်းအားဖြင့် လျာထားခြင်းသာဖြစ်သည့်အတွက် တရားဝင်မထုတ်ပြန်နိုင်သေးကြောင်းနှင့် တရားခွင်တွင် စစ်မေးခံမည့်သူများမှာ နအဖစစ်အစိုးရက အမှန်တကယ်ညှင်းပန်းနှိပ်စက်မတရားပြုကျင့်ခြင်းကို ခံထားရပြီး ထိုင်း-မြန်မာနယ်စပ်တွင် ထွက်ပြေးတိမ်းရှောင်နေသည့် အမျိုးသမီးငယ်များဖြစ်ကြောင်းသိရသည်။

ဆက်လက်ပြီး ဒေါ်ချိုချိုအေးက"ကျမတို့တိုင်းပြည်ထဲမှာ တရားဥပဒေမစိုးမိုးလို့ အခြားနိုင်ငံကိုထွက်ပြီးတော့ တရားရုံးတောင်လုပ်ယူရတယ်ဆိုတာ သမိုင်းမှာကျန်ခဲ့တာဘဲ၊ နောက်တချက်ကလဲ ကျမတို့လူ့အခွင့်အရေးချိုးဖောက်ခံရတာကိုလဲ ဘယ်သူ့ပြောရမှန်းမသိ၊ ဘယ်သူမှလည်း အကာအကွယ်မပေးနိုင်တဲ့ဘ၀မှာ ဒီတရားစီရင်မှုကို ကမ္ဘာတ၀ှမ်းလုံးမှာရှိတဲ့ လူတွေကို အထောက်အထားအချက်အလက်ခိုင်ခိုင်လုံလုံနဲ့ ကျမတို့မှာအကာကွယ်မဲ့နေပါတယ်၊ ဥပဒေအရကာကွယ်စောင့်ရှောင့်မှုပေးနိုင်ခြင်း မရှိပါဘူးဆိုတာကို လက်တွေ့ပြနိုင်တဲ့ဟာက ပါစပ်နဲ့ပြောတာနဲ့မတူပါဘူး"ဟုရှင်းပြသည်။

ဖွဲ့စည်းလိုက်သော ကော်မတီတွင် အမှုဆောင် (၁၈)ဦးပါရှိပြီး ဆက်လက်၍ပါဝင်လိုသူများကို ဖိတ်ခေါ်ထားပြီး တရားခွင်ကျင်းပမှုကုန်ကျစားရိတ်များအတွက် နိုင်ငံတကာရှိ မည်သည့်အဖွဲ့အစည်း၏ အကူအညီမျှမယူဘဲ ဂျပန်ရှိဒီမိုကရေစီအဖွဲ့အစည်းများစုပေါင်း၍ စားရိတ်စိုက်ထုတ်အကုန်အကျခံကာ တရားရုံး၏ဆုံးဖြတ်ချက်ကို လူ့အခွင့်အရေးစောင့်ရှောက်ရေးအဖွဲ့များ၊ ကုလသမဂ္ဂနှင့် ဂျပန်အစိုးရအပါအ၀င် နိုင်ငံတကာသို့ဖြန့်ဝေသွားမည်ကြောင်း သိရသည်။

နအဖစစ်အစိုးရက ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများကို ကော်မရှင်တရပ်ဖွဲ့စည်း၍ စုံးစမ်းစစ်ဆေးရန် အီးယူအဖွဲ့ဝင် ဗြိတိန်နှင့်ချက်နိုင်ငံတို့က စတင်တောင်းဆိုပြီးနောက် အခြားအဖွဲ့ဝင်နိုင်ငံများအားလည်း ထောက်ခံကြရန် ဘားမားကမ်ပိန်(ယူကေ)က တိုက်တွန်းခဲ့ကာ အမေရိကန်နိုင်ငံတွင် နိုဘယ်လ်ဆုရှင်များက ဦးဆောင်၍ ကြားနာစစ်ဆေးမှုတခုကို ပြီးခဲ့သည့် မတ်လဆန်းပိုင်းက ပြုလုပ်နိုင်ခဲ့ပြီး ဂျပန်တွင်လည်း အလားတူစုံစမ်းစစ်ဆေးနိုင်ရန်ကြိုးပမ်းကြခြင်းဖြစ်သည်။

Sunday, April 18, 2010

0 "တရားခံ ဘယ်သူလဲဟေ့"


ကာတွန်းစောငို - စစ်အစိုးရ၏ နှစ်သစ်ကူးလက်ဆောင်

၂၀၁၀ နှစ်ကူးအချိန်အခါ

အတာရေအေးနဲ့ မလန်းခဲ့

မသာသေဘေးနဲ့လွှမ်းခဲ့

သွေးနဲ့ဖြန်းတဲ့သင်္ကြန် ၊ ။


ပိုးလိုးပက်လက်လန်အောင်

ပိုးဆိုးပက်စက်အကြံနဲ့

ဆိုးကျိုးရက်စက်ပြန် ။ ။


အာဏာစက်ကွင်းကို

ကြာကြာဆက်နင်းလို

ယတြာကက်ကင်းအလို

အခါခါအသက်သွင်းသကို ၊ ။


ရှိသမျှမဏ္ဍာပ်များအကြား

“အိတ်စ်တူးအို” ကံကွက်ကျား

ဗုံးဆံစနက်တံများ ပေါက်ပြန်တယ်

‘အမှောင့်အန္တရာယ် ပျက်ပြန်ဘို့

နှစ်ထောင့်တဆယ် အဖျက်ခံရပီဗျို့’

ကက်ကင်းအကြံ ဟန်စေ ဖန်ပေသကို။ ။*****


“အိတ်စ်တူးအို”လို့ အမည်ပေး

ဘယ်သူတွေးပီး ဘယ်သူဆိုင်

ဘယ်သူပိုင်လို့ ဆောက်သလဲ

ထောက်ဆအမြဲ ‘ကွင်းဆက်’တွက် ၊ ။


ပြည်သူသွေးချင်းတို့

ဘေးကင်းဘို့အစုံတွေး

လုံခြုံရေးအထပ်ထပ်

မပြတ်မလတ် ချထားသကွဲ့

များလှတဲ့အစောင့်တွေကြား

အမှောင့်ထွေပြား သောကပွားအောင်

မောဟသားမောင် အတင့်ရဲတင်းပီး

မင်းကြီးတာကထွက် ။ ။


လူတစုအကျိုးအတွက်

လူထုအကျိုးပျက်

မျိုးပျက်တွေရဲ့အကြံ

ဆိုးချက်တွေကမဟန်

လူမဆန်ဓလေ့ ၊ ။


အပြစ်မဲ့ပြည်သူတွေကို

ဓားစာခံပြုမူရဲပေ့

တရားခံဘယ်သူလဲဟေ့။ ။


*****

ကက်ကင်း = ပြောင်းပြန် ယတြာချေခြင်း

X = ရောမဂဏန်း 10

X2O = 1020 (10-20 သည် 20-10 ၏ပြောင်းပြန်)

{စကားကြွင်း၊ ၊ “အိတ်စ်တူးအို”မဏ္ဍာပ်ဟုကြားရ၍ H2O= ‘ရေ’ လို့

ထင်ခဲ့၏။ မြင်ရတော့မှ X2O ဖြစ်နေသည်ကိုသိရ၏။ ဆန်းနေသည်ကို

သတိထားမိကာ ဆန်းစစ်ကြည့်မိခြင်းဖြစ်ပါသည်။}

ကြိုင်လှမောင်မောင်
၂၀၁၀-၀၄-၁၇

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နှစ်ဆန်း(၁)ရက်နေ့ကပြုလုပ်သော သက်ကြီးပူဇော်ပွဲ







0 ကန့်ဘလူမြို့နယ်သစ်တောကြိုးဝိုင်းအတွင်းမှတောင်သူများအား မတရားဖယ်ရှားခိုင်းခြင်း ....



နအဖကတော့ တော်တော်အနိုင်ကျင့်ရက်စက်ပုံများကတော့အေးချမ်းစွာ နှစ်ပေါင်းများစွာ ရိုးရိုးသားသားလယ်ယာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းနေရတဲ့ တောင်သူလယ်သမားကြီးတွေကို ကြိုးဝိုင်းကျူးကျော်တောင်သူများအားလုံးဆိုပြီး ခေါင်းစဉ်တပ်ပြီး မတရားအတင်းအဓမ္မ ဖယ်ရှားခိုင်းနေတယ့်စာပါ။ ညာဘက်က စာကတော့တောင်သူလယ်သမားကြီးတွေရဲ့ နံမည်နဲ့ မတရားအသိမ်းခံရတဲ့ လယ်မြေဧကတွေပါတဲ့စာပါ။

မျှဝေပေးသော ကိုဒီမိုအားကျေးဇူးတင်ရှိပါသည်။

0 " ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး အမေရိကန် ကျောင်းသူ/ကျောင်းသား( ၁၀၀၀) ကျော် တောင်းဆို"


*သတင်း ရေးသူ-အောင်မိုးဝင်း (BGAN)*
အပြည်အပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က နှစ်စဉ်ကြီးမှူးပြုလုပ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ Get On TheBusဆန္ဒပြပွဲကိုယမန်နေ့ကဧပြီလ၁၆ရက်၊သောကြာနေ့တစ်နေ့လုံးနယူးရောက်မြို့မှာပြုလုပ်ခဲ့ပါတယ်။ယခုနှစ်အတွက်အာရုံစိုက်ဆန္ဒပြတဲ့အကြောင်းအရာ တွေကတော့မြန်မာနိုင်ငံအရေးအဖြစ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊တိဘတ်နှင့်သီရိလင်္ကာနိုင်ငံတွေမှာလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရရှိရေးနဲ့ကွန်ဂိုနိုင်ငံကအမျိုးသမီးအခွင့်အရေးကာကွယ်သူတွေကိုကာကွယ်ပေးရေးတို့ဖြစ်ပါတယ်။ အဆိုပါဆန္ဒပြပွဲသို့ တက်ရောက်ရန် မနက် ၈ နာရီခန့်မှစတင်ကာ အမေရိကန်အရှေ့တောင်ပိုင်းပြည်နယ်များမှတက္ကသိုလ်နှင့် အထက်တန်းကျောင်းသူကျောင်းသား၁၀၀၀ကျော်နယူးရောက်မြို့ရောက်ရှိလာပြီးပထမဆုံးအခမ်းအနားဖြစ်တဲ့ ဟောပြောပွဲအစီအစဉ်ကို မနက် ၁၁ နာရီမှာ ကူးပါးယူနီယံ တကသိုလ်ကျောင်းရဲ့ခန်းမထဲမှာ ကျင်းပါတယ်။

အဆိုပါအခမ်းအနားမှာအပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့တာဝန်ရှိသူတွေက မိုင်ပေါင်းများစွာမှ လာရောက်ကြတဲ့ ကျောင်းသူ ကျောင်းသား တွေကို ကျေးဇူးတင်စကား ပြောပြီးအမှာစကားများလည်း ပြောကြားခဲ့ပါတယ်။သီရိလင်္ကာနိုင်ငံတွင် သတင်းထောက်များအပေါ် ဖိနှိပ်မှုများအကြောင်းကို နယ်စည်းခြားမဲ့ သတင်းထောက်များအဖွဲ့ရဲ့အမေရိကန်နိုင်ငံတာဝန်ခံတာလာဒောင်လာ့ရှာဟီကလည်း ကောင်း၊ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာများကို ရွှေဝါရောင် သံဃာတော်နှစ်ပါးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးပညာဇောတနှင့်ဦးဃောသိတတို့က လည်းကောင်း၊ ကွန်ဂိုနိုင်ငံက အမျိုးသမီးအရေးကို နယူးရောက်မြို့လွတ်ငြိမ်းချမ်းသာခွင့်တာဝန်ခံ သန်ဂျိဝေမက်ဟဲရစ်က လည်းကောင်း၊ တိဘက်နိုင်ငံအတွင်းတရုတ်အစိုးရရဲ့လူအခွင့်အရေးချိုးဖောက်မှုများကို တိဘတ်ဘုန်းတော်
ကြီးတပါးဖြစ်တဲ့ ဂာလျှီလော့ဘ်ဆန်တန်ပာက လည်းကောင်း ဟောပြောရှင်းပြပြီး တက်ရောက်သူတွေကို ဒီထက်မက ပါဝင်လုပ်ဆောင်ဖို့တိုက်တွန်းခဲ့ကြပါတယ်။

ထို့နောက် ချီတက်ဆန္ဒပြပွဲများကို ၁ နာရီ ၅၀ မိနစ်မှ စတင်ကာ သီရိလင်္ကာအရေးကို သီရိလင်္ကာသံရုံးရှေ့တွင်လည်းကောင်း၊ ၂ နာရီ ၅၅ မိနစ်တွင် မြန်မာအရေးနှင့် ကွန်ဂိုအရေးတို့ကို ကုလသမဂ္ဂလည်းကောင်း၊၄ နာရီ ၁၅ မိနစ်တွင် တိဘတ်အရေးကို တရုတ်နိုင်ငံ၏ ကုလသမဂ္ဂကိုယ်စားလှယ်ရုံးအရှေ့တွင် လည်းကောင်းပြုလုပ်ခဲ့ပါတယ်။ မြန်မာအရေးဆန္ဒပြသရာတွင်ဒေါ် အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား၂၀၀၀ ကျော်ကို ချက်ချင်းလွှတ်ပေးရန်၊ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့်မသမာနည်းများဖြင့်ကျင်းပမည့် ၂၀၁၀ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန်ကျင်ကြောင်းနှင့် ကုလသမဂ္ဂအဖွဲ့မှ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့လူ့အခွင့်အရေးချိုးဖောက်မှုများကိုအပြောမဟုတ်ဘဲ လက်တွေ့ကျတဲ့ နိုင်ငံတကာခုံရုံးတင် စစ်ဆေးနိုင်ဖို့အတွက်လုပ်ဆောင်ရန် အဆိုပါကျောင်းသူ ကျောင်းသား ၁၀၀၀ ကျော်နှင့်အတူ မြန်မာ့အရေး တက်ကြွလုပ်ကိုင်သူများကတောင်းဆို ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိပါတယ်။
-အောင်မိုးဝင်း (BGAN)

0 လူထုတိုက်ပွဲကော်မတီ(၂၀၁၀)၏“ဘူးလှုပ်ရှားမှု”အဖြစ် ‘ဘူး’ သင်္ကြန်သံချပ်ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော မင်္ဂလာမောင် သံချပ်အဖွဲ့ တင်ဆက်မှု


ဒေါက်တာလွဏ်းဆွေဘလောက်မှတဆင့်ပြန်လည်တင်ဆက်လိုက်ပါသည်။အပိုင်း(၈)ပိုင်းတဆက်တည်းကြည့်လို့ရအောင်စီစဉ်ထားပါသည်။

0 မြန်မာနှစ်ဆန်း တစ်ရက်နေ့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုများ


၁၃၇၂ ခုနှစ် နှစ်သစ်သို့ ကူးပြောင်းသွားပြီဖြစ်သော မြန်မာနှစ်ဆန်း တစ်ရက်နေ့၌ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ပေးဆပ်မှု လုပ်ငန်းဆောင်ရွက်ချက်များကို သွားရောက်မေးမြန်းခဲ့ပါသည်။

မြန်မာနှစ်ဆန်း တစ်ရက်နေ့ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် စာနယ်ဇင်း၊ စာပေပညာရှင်များနှင့် ဂျာနယ်လစ်များမှ ဈာပနာ မော်တော်ယာဉ် စီးနင်းလိုက်ပါပြီး ကုသိုလ်ဖြစ် လုပ်အားဒါန လာရောက် ပေးလှူခဲ့ကြသည်။စေတနာရှင်၊ကုသိုလ်ရှင် ပြည်သူများမှလည်း မြန်မာနှစ်ဆန်း တစ်ရက်နေ့ အခါသမယတွင် စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် အမှတ် - ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်သို့ လာရောက်ပြီး လှူဒါန်းခဲ့ကြသည်။နာရေးကူညီမှုအသင်း(ရန်ကုန်)သို့လှူဒါန်းထားရှိသောစစ်ကျန်ဘတ်(စ်)ကားကြီးကို ကွယ်လွန်သူ (ဦးစံတင် အသက် - ၄၂ နှစ်)၏ ဈာပနကို လိုက်ပါပို့ဆောင်သူများ စီးနင်းရန် တောင်ဥက္ကလာပမြို့နယ်မှ ရေဝေးသုဿန်သို့ ပထမဦးဆုံးအကြိမ် နာရေးလမ်းကြောင်းအဖြစ် ဖွင့်လှစ်ပြီး စာနယ်ဇင်း၊ စာပေပညာရှင်များနှင့် ဂျာနယ်လစ်များမှ လိုက်ပါ ကုသိုလ်ယူ ကူညီပေးခဲ့ကြပါသည်။ညနေအချိန်တွင်နာရေးကူညီမှုအသင်း၏ဘုရားခန်းတွင်သံဃာတော်(၅)ပါးပင့်ဆောင်ပီးအန္တရာယ်ကင်းပရိတ်တရားတော်များကိုရွတ်ဖတ်ပြီးသင်္ကန်းအစရှိသောလှုဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှုဒါန်းခဲ့ကြပါကြောင်းနာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဌဦးကျော်သူမှပြောကြားသွားခဲ့ပါသည်။

ဥက္ကဌဦးကျော်သူမှ (၁၃၇၂)ခုနှစ်၊နှစ်သစ်အခါသမယအတွက်မေတ္တာစကားပြောကြားသွားခဲ့

သည်မှာ………..

“ ကျွန်တော်တို့နာရေးကူညီမှုအသင်းအနေနဲ့လက်ရှိထက်ဆထက်ထမ်းပိုးလူတွေရဲ့ 

အကျိုးကိုဆောင်ရွက်ပေးသွားမှာပါ။လူသားတွေအားလုံးဘယ်တော့မှ မသေတော့မဲ့နေ့ကြမှ

ကျွန်တော် အနားယူပါ့မယ်လို့ ကျွန်တော်ကတိသစ္စာပြုပါတယ်။ခုနှစ်သစ်မှာလည်း လူသား

တွေအားလုံး ကျန်းမာ၊ချမ်းသာစွာနဲ့ဘေးရန်အန္တရာယ်ခပ်သိမ်းကင်းဝေးကြပါစေလို့ ကျွန်တော်

တောင်းဆုပြုပါတယ်။ ” ဟုပြောကြားသွားခဲ့ပါသည်။

ပေးပို့သူ... ဘားမားပါပါရာဇီ။ ကိုဒီမိုဝေယံ

0 ပြီးခဲ့သည့်ရန်ကုန်သင်္ကြန်တွင်ဗုံးပေါက်ခဲ့ပြီးပြီးချင်း တွေ့မြင်ရသည့်မြင်ကွင်းဓာတ်ပုံများ

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.