Friday, April 23, 2010

0 မြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရာမှာ တာဝန်သိဖို့ အမေရိကန်သတိပေး

မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံရာမှာ မြန်မာအပါအဝင် နိုင်ငံအားလုံးဟာ သတိကြီးကြီးထားဖို့နဲ့ နိုင်ငံတကာ သိသာအောင် ပွင့်ပွင့်လင်းလင်း ရှိဖို့ အထူးတာဝန်ရှိတယ်လို့ အမေရိကန် ပြည်ထောင်စုက ဧပြီ ၂၁ ရက် မနေ့က သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်ရက်အတွင်း မြောက်ကိုရီးယားလက်နက်တင် သင်္ဘောတစီး ရန်ကုန်ဆိပ်ကမ်းကို ကပ်ပြီး စစ်သုံးလက်နက်ကြီးနဲ့ ကျည်တွေ ပို့ခဲ့တယ်ဆိုတဲ့ သတင်းအပေါ်မှာ အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Philip Crowley က တုံ့ပြန် ပြောလိုက်တာ ဖြစ်ပါတယ်။

မြန်မာအပါအဝင် နိုင်ငံအားလုံးဟာ မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံရာမှာ သတိထားဖို့နဲ့ နိုင်ငံတကာ သိသာအောင် ပွင့်လင်းမှုရှိဖို့ အထူးတာဝန်ရှိပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ မြောက်ကိုးရီးယားနဲ့ မြန်မာ နှစ်နိုင်ငံအကြား စစ်ရေး ဆက်ဆံမှုကို စိုးရိမ်မှုရှိတဲ့အကြောင်း အရင်ကတည်းက လူသိထင်ရှား ပြောထားပါတယ်လို့ မစ္စတာခရိုလီက ပြောသွားပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်ရက်အတွင်း ဘိလပ်မြေအိတ်တွေအောက်မှာ လက်နက်ပစ္စည်းတွေ တင်လာတဲ့ မြောက်ကိုရီးယား ကုန်သင်္ဘောတစီးဟာ ရန်ကုန်သီလဝါ ဆိပ်ကမ်းကို ကပ်ခဲ့ပြီး စစ်လက်နက် ပစ္စည်းတွေကို ညဖက်မှာ ချခဲ့တယ်လို့ ဆိပ်ကမ်းဝန်ထမ်းတဦးကို ကိုးကားပြီး RFA က သတင်း ထုတ်လွှင့်ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ မစ္စတာခရိုလီက အသေးစိတ်မတုံ့ပြန်ခဲ့ပေမဲ့ မြောက်ကိုးရီးယားနဲ့ ဆက်ဆံတဲ့ နိုင်ငံတွေအနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို လိုက်နာ စောင့်ထိန်းဖို့ လိုတယ်လို့လည်း ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာအပါအဝင် မြောက်ကိုရီးယားနဲ့ ဆက်ဆံတဲ့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတိုင်းဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၇၁၈ နဲ့ ၁၈၇၄ တို့ကို လိုက်နာလိမ့်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောသွားပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် နှစ်ရပ်ဟာ ၂၀ဝ၆ နဲ့ ၂၀ဝ၉ ခုနှစ်တွေက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံက ညူကလီးယားလက်နက်၊ ဓာတုလက်နက်နဲ့ ဇီဝလက်နက်တွေကို ရောင်းဝယ်တာကို ပိတ်ပင်ထားပြီး သယ်ဆောင်မှုကိုလည်း နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိပါးတဲ့ ပြစ်မှုအဖြစ် သတ်မှတ်ထားပါတယ်။
(RFA)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.