Saturday, December 25, 2010

0 Chatting ဘ၀အစ..... ရုပ်/သံ



Chat ရင် စာလုံးပေါင်း အသံထွက်ပြီး ချက်တတ်တဲ့ သူတွေအတွက်တော့ ပိုပြီးသဘောကျမယ်လို့ထင်ပါတယ်..

0 Merry Christmas and Happy Newyear ရေးထားသောစာသားဖြင့် ကရင်ပြည်နယ်ရှေ့တန်းတနေရာမှမြင်ကွင်းပုံ


ပြီးခဲ့တဲ့ ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းဆင်းပွဲ မိန့်ခွန်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တိုးတက်ကောင်းမွန်နေလို့ပြောသွားပါတယ်....
photo။ ။ danielpedersen

0 ပိုက်ဆံကိုစတာပလာနဲ့တွဲ တိတ်တွေနဲ့ ကပ်တဲ့ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ကြီးကိုနအဖကတော့တည်ထောင်နေပြီ

ပိုက်ဆံကိုစတာပလာနဲ့တွဲတဲ့tape တွေနဲ့ ကပ်တဲ့ခေတ်သစ်ကိုနအဖကတော့တည်ထောင်နေပြီ

ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ကြီးတည်ဆောက်နေတယ်တဲ့...ပီားပီား....ယုံဘူးဒီပုံကိုကြည့်

အတူတူဘဲနော် မြန်မာပြည်ဘဏ်တွေကမလည်းပေးလို့ဒီတိုင်းသုံးနေကြတာပါ

သူတို့တွေကျတော့ဒေါ်လာတွေကိုင်ကြတယ်ပြည်သူကိုတော့င်္ခြသေ့အစုတ်ကိုင်ခိုင်းတယ်နော်
ဓာတ်ပုံ. Min Thuya(ပြည်တွင်း)။
“ပိုက်ဆံအားလုံးက ဒီအတိုင်းချည်းပဲ။ လဲခိုင်းလည်း အသစ်ရမှာ မဟုတ်ဘူး” လို့ပြောပါတယ်။ ဈေးသည်တွေ ကားသမားတွေဆီက ပြန်အမ်းတဲ့ ပိုက်ဆံကို သတိထားကြည့်မိတယ်။ ဟုတ်ပါတယ် ၊ တော်တော်များများ ပိုက်ဆံတွေက ဟောင်းနွမ်း စုတ်ပြဲနေပြီး တချို့ဆို ပြဲနေတာကို tape တွေစတာပလာတွေနဲ့ ကပ်ပြီး ချုပ်ပြီး ပြန်သုံးနေကြတယ်။ ၅၀ တန်၊ ၂၀ တန်၊ ၁၀ တန်၊ ၅ ကျပ်တန်တွေဆို မတွေ့မိသလောက်ပဲ။ အစုတ်ပေးရင် အရင်လို ဘာမှ ပြန်မပြောတော့ပဲ ဒီအတိုင်းပဲ ယူလိုက်ကြတယ်။ ပိုက်ဆံကြီး စုတ်နေတယ် ပြန်လဲပေးပါ ဘာညာဆိုပြီး ပြောသံဆိုသံ မကြားရတော့ဘူး။ ကားသမားတစ်ယောက်ကတော့ “အစုတ်ပေးတာ မထူးဆန်းတော့ဘူး၊ အသစ်ပေးရင်တောင် အတုလားဆိုပြီး သံသယ ၀င်နေဦးမယ်” ဆိုပြီး ပြောလို့ ရီရသေးတယ်။ လို့ ရန်ကုန်မြို့ခံလူငယ်တဦးကပြောဆိုပါတယ်။

0 “ငါးဆယ့်နှစ်”





“ငါးဆယ့်နှစ်”

  • ၅၂ နှစ်တဲ့ဗျာ . . .

အရေးအကြောင်းတွေကစလာခဲ့ပြီဘဲ၊

သူမရဲ့ အတွေးအခေါ်တွေက နုပျိုလာဆဲ။

  • ၅၂ နှစ်တဲ့ဗျာ . . .

ခြေလှမ်းတွေက နှေးကွေးလာမြဲ၊

သူမရဲ့လှမ်းချက်တွေကတက်ကြွနေဆဲ။

  • ၅၂ နှစ်တဲ့ဗျာ . . .

အရွယ်နှောင်းလို့ ဖေးမကူကာတွဲ၊

သူမရဲ့ ဖေးမပေးဆပ်မှုကလူသားမျိုးစုံဘဲ။

  • ၅၂ နှစ်တဲ့ဗျာ . . .

ဖြတ်သန်းမှုတွေက ဘ၀မျိုးစုံထဲ၊

သူမရဲ့ဖြတ်သန်းမှုဘ၀ကတော့ သီလလုံဆဲ။

  • ၅၂ နှစ်တဲ့ဗျာ . . .

ဇရာဖက်ကို ခြေလှမ်းခဲ့ပြီဘဲ၊

ကျွန်တော့်အဖို့ကတော့ လှပနေဆဲ။

  • ၅၂ နှစ်တဲ့ဗျာ . . .

သူမနဲ့ ကျွန်တော်က မတိမ်းမယိမ်းရှိနေဆဲ၊

ကျွန်တော်နဲ့ သူမတို့ရဲ့ ဦးတည်အရပ်ကား အစဉ်ထာဝရ ငြိမ်းချမ်းမှုဒေသဘဲ။

(မောင်တစ်ထမ်းမယ်တစ်ရွက် ရုန်းကန်၊ တိုက်ခိုက်၊ ဖေးမ၊ ကူညီ၊ ပံ့ပိုးပေးခဲ့သော ကျွန်တော့်မဟေသီ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၏ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့ မွေးနေ့အတွက် နှစ်သစ်ကြိုဂုဏ်ပြု မွေးနေ့စာသား)

ကျော်သူ

0 ခရစ်စမတ် Flash သီချင်းလေးလက်ဆောင်ပါ


သီချင်းနားထောင်ရန်အပေါ်ကလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ဆန်ဒါကလော့ပုံလေးကိုနှိပ်ပြီးနားဆင်နိုင်ပါတယ်။ Taylor Swiftရဲ့ Last Christmassသီချင်းလေးပါ။

photo created by dawnmanhon

Friday, December 24, 2010

0 ပြည်တွင်းကပေးပို့လာသောစာ

ကရင်ပယက ဥက္ကဌ ဗိုလ်မှူးချုပ် ဇော်မင်းသည် သူ့လက်အောက်ရှိ ဌာနဆိုင်ရာ ပြည်နယ်အဆင့်များကို ဆဲဆိုကြိမ်းမောင်း ထိုးကြိတ်ခဲ့မှုသည် (၁) နှစ်လျှင် အနည်းဆုံး( ၁၀ ) ကြိမ်ထက်မနည်းရှိခဲ့သည့်အတွက် ဌာနဆိုင်ရာပြည်နယ်အဆင့်ရှိ ၀န်ထမ်းများမှာ ကြောက်ရွံ့  နေရပါသည်။ ၄င်းဝန်ထမ်းများသည် ကရင်ပြည်နယမှ ပြောင်းရွေ့ ခွင့် ရအောင် ကြိုးစားနေရကြောင်းကို စုံစမ်းလျှင်သိရှိနိုင်ပါသည်။

ကရင်ပြည်သူအတွက် မည်သည့်တိုးတက်မှုများကိုမှ တာဝန်ထမ်းဆောင်စဉ် ကာလထဲမှ ယနေ့တိုင်မ လုပ်ပေးဘဲနှိပ်ကွပ်လျက်ရှိပြီး ပြည်နယ်မှ ကရင်လူမျိုးများ အချင်ချင်း မသင့်မြတ်အောင် လုပ်ဆောင်နေခြင်း၊ ငြိမ်းချမ်းရေး အဖွဲ့ဝင်များကို အစိုးရနှင့် မသင့်မြတ်အောင် လုပ်ဆောင်ဖန်တီးခြင်း၊ လာဘ် အကြီးအကျယ်စားပြီး မန္တလေးမြို့တွင် မူးယစ်ဆေး အရောင်းအ၀ယ်ပြုလုပ်သည့် လူနှစ်ဦးထံမှ လာဘ်ငွေ ကျပ်သိန်း ( ၅၀၀၀) ခန့်ကို ယူပြီး မြ၀တီရှိ ကျောက်ခွဲစက်နျင့် ပဲတီစိမ်းစိုက်ရန် အတွက် ချပေးထားသော မြေဧက ( ၅၂) ဧကကို အိမ်ယာစီမံကိန်းအဖြစ် ဆောက်လုပ်ရန် (၀) အဖွဲ့အစည်းမှ လောစန်း၏ ကိုယ်စားလှယ်ခင်စန်းရီ ( ပင်းပဒုမ္မာ ) ကုမ္ပဏီ အမည်ဖျောက်ပြီး သူ၏ညီဖြစ်သူကို ကုမ္ပဏီ ထဲတွင်အလုပ်လုပ်ခိုင်ပြီး ရှယ်ယာဝင်ယူခဲ့ပါသည်။

၎င်းမြေ၏ အမည်ပေါက် ( ၃) ဦးရှိပါသည်။ နှစ်ဦးမှာ မူးယစ်ဆေးရောင်း ၀ယ်မှုဖြင့် သေဒါဏ် ကျခံနေရသော ဦးရန်လောက်ဟိုငင်း ၁၃ ၊ တလန (နိုင်) ၀၂၂၆၄၅ ကိုင်ဆောင်သူဖြစ်ပြီး ကျန်တစ်ဦးမှာ မူးယစ်အမှုဖြင့် ထွက်ပြေးတိမ်းရှောင်နေရသော ဦးမယူတဲ့ ၁၃။ တစန(နိုင်) ၀၃၃၆၈၁ ကိုင်ဆောင်သူ ဖြစ်ပါသည်။ ၄င်းတို့ ကျူးလွန်ခဲ့သော မူးယစ်ဆေးများမှာ မင်းပဒုမ္မာ ကုမ္ပဏီမှ ခင်စန်းရီ. နောက်ကွယ်မှ ၀အဖွဲ့အစည်း၏ အဖွဲ့မှ လောစန်းဖြစ်ပါသည်။ မူးယစ်ဆေးတန်ဘိုးများမရရှိသည့်အတွက် မြ၀တီမြို့ ရှိ ကျောက်ခွဲစက်နှင့် ပဲတီစိမ်းစိုက်ခင်းကို သိမ်းယူပြီး ပယက ဥက္ကဌ ဗိုလ်မှူး ချုပ်ဇော်မင်းကို ငွေပေး ပြီး မန္တလေးမြို့  တွင် တိုက်ဆောက်ပေးပြီး ဥက္ကဌ ညီကို ကုမ္ပဏီတွင် ပါဝင်ခိုင်ပြီး ရှယ်ယာဝင်ယူပြီး မူးယစ်ဆေးရောင်း ချသူ ထုပ်လုပ်သူ (၀) လူမျိုး လောက်စန်းတို့အား ကူညီပါဝင်ပတ်သက်နေသည့်ကို စုံစမ်းလျှင်သိရှိနိုင်ပြီး လာရောက်မစုံစမ်း မစစ်ဆေးဘဲနေသည်ကို ကရင်ပြည်သူလူထုနှင့် မြ၀တီမြို့ မှ တာဝန်ကျဝန်ထမ်းများမှာ သိလျက်နှင့် ပယက ဥက္ကဌ ကို ကြောက်နေရပါဝသည်။ ၀န်ထမ်းများမှာလည်း ၄င်းတို့ ကြံရာပါ အဖြစ် သတ်မှတ်ခံရမှာကို နေ့စဉ် စိုးရိမ်နေကြပါသည်။

ပယက ဥက္ကဌ အနေဖြင့် မူးယစ်မှုနှင့် ပတ်သက်သည့် မြေ အဆောက်အဦးတို့ကို နိုင်ငံပိုင် အဖြစ်ပြန်လည်သိမ်းယူရမည်ကို သိလျက်နှင့် (၀)လူမျိုး လောစန်း. အဆမတန် ပေးထားသော လာဘ်ငွေကြောင့် ယခုကဲ့သို့ အိမ်ယာစီမံကိန်ကို မင်းပဒုမ္မာကုမ္ပဏီသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်မှ စည်းကမ်းကို ဖောက်ဖျက်ကျူးလွန်ခဲ့ခြင်းဖြစ်ပါသည်။

မြို့ တော်ဝန်( မန္တလေး) ဗိုလ်မှူးချုပ် ( အငြိမ်းစား) ဖုန်းဇော်ဟန်ဟာ တပ်မမှူးဖြစ်စဉ်က မိမိတပ်မ၏လက်နက်တိုက်ကို မီးလောင်မှုဖြစ်အောင်လုပ်ဆောင်ပြီး သူ၏ဆရာသမားများ၏ အစီအစဉ်ဖြင့် မန္တလေး စည်ပင်သာယာသို့ အရည်အချင်းမရှိပဲ ရောက်ရှိလာပြီး လုပ်ငန်းရှင်၊ စီးပွားရေးသမားတွေနျင့် ပေါင်းသင်ပြီး နည်းမျိုးစုံလာဘ်စားခြင်း ကိုယ့်ထက်စီနီယာများကို နှိပ်ကွပ်ခြင်း၊ မြို့ တါင်းရေမြောင်းများကို မြေဖိှု့ အိမ်မြေကွက်များရောင်းစားခြင်း၊ ၄င်းဇနီးအမျိုးများ၏ကုမ္ပဏီ များ မိတ်ဆွေးများနှင့် ပူးပေါင်းကာ လာဘ်လာဘ မျိုးစုံယူ၍ တိုက် ခြံမြေ ဈေးဆိုင်ခန်းမြောက်များစွာကို ပိုင်ဆိုင်ပြီး အများပြည်သူ၏ဘဏ္ဍာငွေများကို လစဉ်အထက်လူကြီးဧည့်ခံစရိတ်ဟု ပြပြိး ကျပ်သိန်း (၈၀၀ ) မှ သိန်း (၁၀၀၀) ကြား လာဘ်ပေးပြီး ပြည်သူကို နှိပ်စက်ဒုက္ခပေးနေသည်။ ၄င်းထံမှ လာဘ်ရထားသော ဆရာသမားများကလည်း လာဘ်ငွေရရဗိနေသောကြောင့် သိလျက်နှင့် ငြိမ်နေပြီး ယခုအခါ ဦးနုသမီးဒေါ်သန်းသန်းနုနှင့် ယှဉ်ပြိုင်အမတ်ရွေးရန်လုပ်နေပြီး ပြည်သူလူထုကို ထပ်မံဒုက္ခပေး ဖို့ ကြံရွယ်နေသောသူ့ ကို မဲထည့်မည်စိုးရိမ်မိသဖြင့် DVB ၊ VOA တို့ကို သတင်းပေးခြင်းဖြစ်ပါသည်။ (စုံးစမ်းလျှင်သိနိုင်ပါသည်။)

မီးမလောင်ခင် ရတနာပုံဈေးကြီးကိုလည်း လမ်းများပိတ်၍ ဆိုင်ခန်းအသစ်ဆောက်ခြင်း၊ မီးသတ်လမ်းများကို ပိတ်၍ ဆိုင်ခန်းဆောက်ခြင်း၊ ရတနာပုံဈေး၏ မူလကန်ထရိုက်အင်ဂျင်နီယာမှ ယခုကဲ့သို့လုပ်လျှင် ပြိုကျမည်ဖြစ်ကြောင်း၊ မီးလောင်မှုဖြစ်လျှင် မီးသတ်ရန် ခက်ခဲမည်ဖြစ်ကြောင်းကို စာနှင့်တကွ အကြိမ်ကြိမ် ထိုသို့ မလုပ်ရန် တင်ပြသော်လည်း မြို့ တော်ဝန် ဖုန်းဇော်ဟန်မှာ လိုက်နာမှုမရှိဆက်လက် လုပ်ကိုင်ပြီး ဈေးအဟောင်း၏ ရေစင်များ အရေးပေါ်ထွက်ပေါက်များကို ပိတ်၍ ဆိုင်ခန်းများ ထပ်မံဆောက်ပြီး ဆိုင်ခန်းတစ်ခန်းလျှင် ကျပ်သိန်း(၁၀၀၀) မှ (၁၅၀၀) ဖြင့် ရောင်းချပါသည်။ ပြီးသည့်အခါ ဈေးလုံခြုံရေးကို လျှပ်စစ်ဝါယာ လျှော့(စ်) ဖြစ်အောင် ဖန်တီးခိုင်ပြိး ရတနာပုံဈေးကြီးကို မီးရှို့ ခိုင်းခဲ့ပါသည်။ ရတနာပုံဈေးကြီးမီးလောင်းသွားသည့်အခါ သူ့၏သမက်ဖြစ်သူနှင့် M.G.W ကုမ္ပဏီ ကို ဆောက်လုပ်ရေး တင်ဒါ မခေါ်ပဲ လက်သိပ်ထိုးဆောက်ခွင့်ပြု ပြီး သူ၏ ဆရာသမားများ မိန်းမ၏ မိတ်ဆွေများ အမည်ခံများအတွက် ဆိုင်ခန်းပေါင်း (၁၅၀) ကျော်ကို ချပေးပြီး တစ်ဘက်လှည့် နှင့် လာဘ်ငွေ ယူနေသည်ကို စုံစမ်း လျှင်သိနိုင်ပါသည်။ မန္တလေး စည်ပင်သာယာအတွက် လိုအပ်သော သံချောင်း၊ ဘိလပ်မြေ၊ ကတ္တရာ များကို ပေါက်ဈေးထက် ကျပ်(၁)သိန်းကျော်ပိုပေး၍ ယောက်ဖများ၊ ဆွေမျိုးများကို ကြိုတင်၍ ၀ယ်ခိုင်းပြီး တစ်ဘက်လှည့်နှင့် ငွေများလာဘ်စားနေကြောင်းကို စည်ပင်သာယာဝန်ထမ်းများမှ ပြောကြားနေပြီး မည်သူမှ လာရောက်မစစ်ဆေးသည့် အတွက် ပြောရန်ခက်ခဲနေကြပြီး တိုင်းကြားရန် ခက်နေပါသည်။ သက်ဆိုင်ရာမှ လာရောက်စစ်ဆေးလျှင် ပြောဆိုရန် အသင့်ရှိနေပါသည်။

ပေးပို့သော komyothantအားကျေးဇူးတင်ရှိပါသည်

0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေစဉ်၂၀၀၃ခုနှစ်က BBC 4 ကလွှင့်ခဲ့တဲ့ ရုပ်/သံ


ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေစဉ်က 2003 ခုနှစ်က BBC 4 ကလွှင့်ခဲ့တဲ့ အစီအစဉ်လေးပါ ။မိနစ် ၃၀ ကြာ အစီအစဉ် ဖြစ်ပြီး သူမရဲ့ နိုင်ငံရေးအမြင်များကိုလည်း သုံးသတ်တင်ပြထားပါတယ်။ ဒီထဲမှာ သူမရဲ့ စီးပွားရေး၊ နိုင်ငံရေး အကြမ်းမဖက်လှုပ်ရှားရေးတွေ ရှင်းပြထားပါတယ်။

မျှဝေသော ရဲသူရိန်မင်းအားကျေးဇူးတင်ရှိပါသည်.

0 ဘယ်သူမှာတာဝန်ရှိလဲ

ဒီနေ့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ငယ်ငယ်က ဖတ်ခဲ့ဘူးတဲ့ပုံပြင်လေးတစ်ပုဒ်ထဲက သူကြီး အိမ်က နွားနို့အိုးကြီးနဲ့ တူနေပါတယ်။ပုံပြင်လေးကတော့ ဒီလိုပါ….

တခါက ရွာလေးတရွာမှာ ပွဲလုပ်ဖို့ ရှိနေပါသတဲ့။ ကျေးရွာတွေမှာ လုပ်တဲ့ပွဲလေးဆိုတော့လည်း ထုံးစံ အတိုင်း စည်ကားအောင် လုပ်ရမှာက သူကြီးရဲ့တာဝန်ပဲမဟုတ်လား။ ဒီတော့ သူကြီးက မောင်းကို ထု၊ လူစုပြီးတော့ ပြောပါသတဲ့ “လာမဲ့ စနေနေ့ညနေမှာ ကျုပ်တို့ရွာမှာ ပွဲတော် လုပ်မှာကိုလူတိုင်းလည်း အသိဖြစ်တယ်။ ပွဲတော်မှာ လာတဲ့လူတွေကို ဧည့်ခံဖို့အတွက်အစားအသောက်ကို ရွာကလူတွေကပဲ စုပေါင်း ကျွေးမွေးရအောင်၊ ဒီတော့ ကျုပ်အိမ်ရှေ့မှာ ရာဝင်အိုးကြီး တစ်လုံးထားထားမယ်။ စနေနေ့ မနက်ကျရင်ရွာသားတွေက တစ်အိမ်ကို နွားနို့ ၂ ပိဿာစီလာထည့်ကြပါ။ ပွဲတော်ကိုလာတဲ့လူတွေကို နွားနို့နဲ့ ဧည့်ခံမယ်” လို့ ကြေငြာပါသတဲ့။ရွာသားတစ်ယောက်က အိမ်ပြန်ရောက်တော့ စဉ်းစားမိသတဲ့ “ ပွဲတော်မှာ နွားနို့တိုက်ဖို့ဆိုတော့ အိမ်တိုင်းကတော့ ပို့ရမှာပဲ။ ငါလည်း ပို့တော့ပို့ချင်တယ်။ ဒါပေမဲ့ ငါ့မှာက သားသမီးကလည်းများ၊ မိန်းမကလည်း မမာနဲ့ဆိုတော့ စီးပွားရေး ကအဆင်ပြေလှတယ်မဟုတ်ဘူး။ နွားနို့ ၂ပိဿာရဲ့တန်ဖိုးဆိုတာကလည်း နည်းတာ မဟုတ်လေတော့ ငါ အပိုမသုံးနိုင်ဘူး။

ဘယ်လိုလုပ်ရင်ကောင်းမလဲ” ဆိုပြီး စဉ်းစားပါသတဲ့။ စဉ်းစားနေရင်းနဲ့မှ သူအကြံတစ်ခုကို ရလိုက်တဲ့အတွက် အရမ်း ၀မ်းသာသွားပြီး အဲဒီလိုလုပ်ဖို့ပဲဆုံးဖြတ်လိုက်ပါသတဲ့။ သူ့အကြံကတော့ သူကြီး အမိန့်နဲ့ ရွာပွဲတော်အတွက် အလှူဆိုတော့ လူတိုင်းကတော့ နွားနို့လာထည့်ကြမှာပဲ။ ငါကတော့ ဆင်းရဲတဲ့လူလည်းဖြစ်ပြန်၊ စီးပွားရေးလည်း အဆင်မပြေပြန်ဆိုတော့ နွားနို့အစား ရေ၂ပိဿာပဲ သွားထည့်လိုက်မယ်။

လူတိုင်း နွားနို့ ထည့်ထားတဲ့ အိုးထဲကို ငါရေ ၂ပိသာလောက် ရောရုံနဲ့တော့ဘာမှ မဖြစ်သွားလောက်ပါဘူး ဆိုပြီး တွေးမိ တော့ သူအတော်စိတ်ချမ်းသာသွားတယ်။ နွားနို့ထည့်ရမဲ့ စနေနေ့ မနက်ကျတော့ သူလည်း ရေ၂ပိသာကို နွားနို့ ပုံးထဲထည့် ပြီးသူကြီးအိမ်ရှေ့က အိုးထဲကိုသွားထည့်ခဲ့တယ်တဲ့။ အိုးကြီးကလည်း ရာဝင် စဉ့်အိုးကြီး ဖြစ်နေလေ တော့အထဲမှာ မှောင်မှောင်မဲမဲ ဘာမှ မမြင်ရလေတော့ သူ့အတွက် အတော်လေးအဆင်ပြေသွားတာပေါ့။

အဲဒီလိုနဲ့ ညနေရောက်လာလို့ ဧည့်သည်တွေကို ဧည့်ခံရတော့မဲ့အချိန်ရောက်တော့သူကြီးက ဧည့်သည် တွေကို ရွာသားတွေစုပေါင်း ဧည့်ခံမှုအဖြစ် နွားနိ့နဲ့ဧည့်ခံမယ့်အကြောင်းကြေငြာပြီး နွားနို့ အိုးကို ဖွင့် ပြီး ခွက်နဲ့ခပ်လိုက်သတဲ့ ပြီးတော့ မှ ဧည့်သည်တွေကို ခွက်ပေးမယ်အလုပ်မှာ သူကြီးရဲ့မျက်နှာဟာ ပျက်သွားပြီး ခွက်ကို အိုးထဲ ပြန်ထည့်ပြီး ပြန်ခပ်ပြန်သတဲ့။သူကြီးတစ်ယောက် အိုးထဲကို ခွက်နဲ့ ခပ်လိုက် ကြည့်လိုက် ပြန်ခပ်လိုက်လုပ်နေရင်းကနေ တဖြည်းဖြည်း မျက်နှာကြီးနီလာပြီး“ဟေ့၊ ဒီအိုးထဲကို နွားနို့ ၂ပိသာစီ ထည့်ရမယ် မှာထားရက် နဲ့ ရေ တွေထည့်တာ ဘယ်သူတွေလည်းကွ” လို့ အော်ပါသတဲ့။ ဒီတော့ ရွာသားတွေလည်း အပြေးလာကြည့်ကြတော့ အိုးကြီး တစ်လုံးလုံးမှာ နွားနို့နဲ့ တူတာဆိုလို့တစ်စက်မှ မရှိပဲ တစ်အိုးလုံးဟာ ရေတွေကြီး ဖြစ်နေတာကို တွေ့ရ ပါသတဲ့။

ကဲ ကျမတို့ မြန်မာနိုင်ငံတော ဒီမိုကရေစီ အရေးတော်ပုံနဲ့ သူကြီးအိမ်ရှေ့ကနွားနို့အိုးကြီးနဲ့ ဘာများ ကွာခြားပါသေးလည်း။ ဒီမိုကရေစီအရေးတော်ပုံအတွက် လူတိုင်းလူတိုင်းမှာ တာဝန်ရှိနေပါတယ်။ မြန်မာပြည်ဒီမိုကရေစီ ရဖို့အရေးကို ကုလသမဂ္ဂ ကလည်း လာလုပ်ပေးလို့ မရပါဘူး၊အမေရိကန်ကလည်း မကူနိုင်ပါဘူး။ ပြည်သူတွေက မိမိတို့ ကံကြမ္မာကိုမိမိကိုယ်တိုင်ဖန်တီးမှ ဖြစ်မှာပါ။ အဲဒီလို ကိုယ့်ကြမ္မာကိုယ်ဖန်တီးကြရမဲ့အချိန်မှာ ကျမတို့ မြန်မာ လူမျိုး ပြည်တွင်း၊ ပြည်ပက လူတွေ ဘာလုပ်နေကြပါသလဲ။ အင်တာနက် စာမျက်နှာပေါ်မှာတော့ နအဖ စစ်အစိုးရကိတိုက်နေလိုက်ကြတာ၊ ဇာတ်ပွဲတွေထဲမှာ လူရွှင်တော်တွေ ပြက်သလိုမျိုးကောင်မလေးကို ဘယ်နှယ့်ဝိုင်းမယ်၊ ဒီနှယ်ဝိုင်းမယ် ဆိုပြီးမိုးလုံးပြည့်ပဲ။ ဒါပေမဲ့ လက်တွေ့မပါတဲ့ စကားလုံးတိုင်းဟာ အလုပ်မပြီးမြောက်ဘူး၊ နွားနို့အိုးထဲကို ထည့်တဲ့ ရေတစ်ပုံးဖြစ်သွားမှာပဲ ဆိုတာကိုသတိရစေချင်တယ်။

ပြည်တွင်းမှာ ရှိနေတဲ့ လူငယ်တွေကရော၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ဖို့သမိုင်းကပေးတဲ့ ဒီမိုကရေစီ အရေးကို လက်ဆင့်ကမ်းနိုင်ဖို့၊ လူတွေမှာရသင့်ရထိုက်တဲ့ လူ့အခွင့်အရေးတွေကို လူနဲ့အတူ၊ သူများတွေနဲ့ အမျှခံစားနိုင်ဖို့ ဘာတွေများကြိုးစားပမ်းစား ဆောင်ရွက်နေကြပါသလဲ။

တနေ့တနေ့chat room ထိုင်၊ ဘောပွဲကြည့်၊ ဘီယာဆိုင်သွား၊ ဟေးလားဝါးလားလုပ်နေရုံနဲ့တော့ ဘာမှ ဖြစ်မလာနိုင်ပါဘူး။ ကိုယ့်သွားရမဲ့ လမ်းကိုကိုယ့်ဘာသာ ရှာကြည့်ဖို့ မကြိုးစားကြပဲနဲ့ အမှောင်ခေတ်မှာ မွေးလာရတာမို့လမ်းလျှောက်ရင်း လမ်းပျောက်နေရ တာပါလို့ ပြောနေကြမယ်ဆိုရင်တော့ အတွေးအခေါ်အယူအဆတွေ လွဲနေပြီလို့ပဲ ထင်ပါတယ်။

ကျမတို့ ပြည်သူလူထုတွေ သူတလူ ငါတစ်မင်းနဲ့ မညီမညွတ် စည်းလွတ်ဝါးလွတ်ကိုယ်ကချင်တဲ့ ဇာတ်ကို ကိုယ်ရေးလို့ ပြည်တွင်းက လူတွေကလည်း ကိုယ်ထင်ရာကိုယ်စိုင်း၊ ပြည်ပကလူတွေကလည်း အင်တာနက် ပေါ်ကအော်လိုက်၊ သံရုံးရှေ့သူများ စာရွက်ကိုင်ရင် လိုက်ကိုင်လိုက်၊ ဒါတွေကိုပဲ ကိုယ့် အကျိုးအတွက်လှည့်ကွက်လုပ်ပြီး သုံးတဲ့လူက သုံးသွားလိုက်လုပ်နေတဲ့ အချိန်မှာ နအဖစစ်အစိုးရကတော့ ငကန်းပြီးသွားရင် ထားသွားရမဲ့ ငစွေလေးတွေကို မွေးနေပါတယ်။လူတွေ မှတ်မှတ်သားသား သတိမထားမိခင်မှာပဲ သူတို့အတွက် အသေခံပေးဖို့တန်ဆာခံလေးတွေကို ရုရှားပို့ ပညာရပ်ပေါင်းစုံတွေကို သင်ပြီးပညာမတတ်ခဲ့တဲ့ သူတို့ ထက် ပို ယုတ်မာတဲ့ မျိုးဆက်တွေကို မွေးဖို့လုပ်နေကြပါပြီ။

ကျမတို့ ပြည်သူလူထုရဲ့ ရင်သွေး အနာဂတ်လူငယ်လေးတွေက B.Sc (copy), B.A(မိတ္တူ) ဘွဲ့တွေပိုက် လို့ ပိုက်ဆံရပြီးရောဖွင့်ထားပြီးတက်တဲ့လူတိုင်းအောင်လက်မှတ်ရနေတဲ့ သင်တန်းတွေက အောင်လက်မှတ်တွေနဲ့လူရာဝင်နေတဲ့အချိန်မှာ နအဖက သူတို့ရဲ့ အနာဂါတ်ကို နအဖက ရုရှားပြန်စစ်ဗိုလ်တွေနဲ့ တည်ဆောက် နေပါတယ်။ နောင်တစ်ချိန်မှာ ပညာမတတ်တဲံ့အစိုးရလက်အောက်မှာ ငါတို့မနေနိုင်ဘူး၊ ၅ယောက်ပေါင်းလို့မှ၁၀တန်းမအောင်တဲ့ကောင်တွေ အုပ်ချုပ်တာမခံနိုင်ဘူးလို့ ပြောလာကြမဲ့ပါးစပ်တွေကို ကြိုတင်ပိတ်ထားနိုင်ဖို့ သူတို့စီစဉ်နေကြပါပြီ။

ပိုက်ဆံရှိတဲ့လူတွေက မြန်မာပြည် ပညာရေးကို အထင်မကြီးလို့ကိုယ့်ပိုက်ဆံနဲ့ ကိုယ် နိုင်ငံခြားမှာ ကျောင်းတွေ ကိုတက်၊နိုင်ငံခြားတက္ကသိုလ်တွေက ရတဲ့ M.B.A, Engineer, Network ပညာရှင်ဘွဲ့တွေကို ရထားတဲ့ လူငယ်တွေကလည်း ကိုယ့်တိုင်းပြည် ကိုယ်မပြန်ပဲသူတို့ဘွဲ့နဲ့ ထိုက်တန်တဲ့လစာ ရတဲ့ ရေကြည် ရာမြက်နှရာမှာ ဒေါ်လာတွေစားပြီး သေချာတဲ့ အနာဂါတ်ကို တည်ဆောက်နေကြချိန်မှာ မြန်မာပြည်ရဲ့အနာဂါတ်မှာ ဘယ်သူတွေက ဦးဆောင်မှာလဲ ဆိုတဲ့ မေးခွန်းဟာမေးစရာမလိုလောက်အောင် ရှင်းလင်းတဲ့ အဖြေထွက်လို့ နေပါပြီ။

ဘာမှ လေ့လာသင်ယူထားခြင်းမရှိပဲ၊ ကမ္ဘာ့စီးပွားရေး၊လူမှုရေးတွေကိုအကျွမ်းတ၀င် နားမလည်၊ ဘ၀ကိုရေစုန်မျောရင်း၊စားဝတ်နေရေးအတွက် ရုန်းကန်ရင်း နဲ့ အသိပညာတွေ ထပ်ဖြည့်မထားနိုင်ဘဲတစ်လုံး၊ နှစ်လုံး၊ သုံးလုံး သံသရာဝဲထဲက ရုန်းမထွက်နိုင်တဲ့ လူတွေကိုအုပ်ချုပ်နိုင်ဖို့ ဆိုတာ အရမ်းကို လွယ်ကူတဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ်တယ်ဆိုတာကို ကျမတို့ သတိမထားမိခင်မှာပဲ နအဖက သိရှိပြီးပြည်သူတစ်ရပ်လုံးကို အဲဒီလမ်းကို တွန်းပို့ ထားပြီးပါပြီ။

အဲဒီတော့…….။ သူကြီးအိမ်ရှေ့မှာတော့ မြန်မာပြည်ရဲ့ အနာဂါတ်အတွက်နွားနို့အိုးကြီး တစ်လုံး ရှိနေပါပြီ၊ အဲဒီအိုးကို ဖွင့်တဲ့အချိန်မှာနွားနို့ရှိမလား၊ ရေတွေချည်းပဲ ဖြစ်နေမလားဆိုတာကတော့ အိုးကြီးထဲကိုနွားနို့ ထည့်ရမဲ့ တစ်ဦးတစ်ယောက်စီရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။

ကျမတစ်ဦးတစ်ယောက်ထဲရဲ့ အမြင်ကို ပြောရရင်တော့ ခုချိန်အထိ မြန်မာပြည်ဒီမိုကရေစီ မရသေးတာဟာ နွားနို့အိုးထဲမှာ ရေများနေသေးလို့ပဲ ထင်ပါတယ်။

(ရေးသားသူ - မေမင်းဆက်)။

ဘယ်သူမှာတာဝန်ရှိလဲ ဆို အားလုံးသော မြန်မာပြည်သူပြည်သားအားလုံး( ပြည်တွင်း၊ပြည်ပ ၊ရဟန်း သံဃာ ၊နိုင်ငံရေးသမား အစစ ) မှာတာဝန်ရှိတယ် အစိုးရ ၊( သူ့မှာလုပ်ပိုင်ခွင့်အရှိဆုံး ) သူကနွားနို့ အိုးကို ခွဲလိုက်ရင်ရသလို အမျိုးမျိုးလုပ်ပိုင်ခွင့်အရှိဆုံး ၊ပြည်သူတွေကလဲနွားနို့ထည့်ရမယ်ဆိုတဲ့အသိညဏ် လဲရှိရအုံးမယ် ၊အားလုံးကညီတူမျှတူ ဖြစ်ရမယ်ဆိုတဲ့ အခွင့်ရေးတွေရှိရင်တော့ မြန်မာပြည်သူပြည်သားအားလုံး နွားနို့ တွေရေမရောပဲ ထည့်ကြမှာပါ..

လူတိုင်းလူတိုင်းကအမြင်တူကြမှာမဟုတ်ဘူး ကိုယ်ဝါသနာနဲ့ ကိုယ်လုပ်နိုင်တာတွေလဲ တူမှာမဟုတ်ဘူး ၊အားလုံးသတိထားရမှာက အမှားကိုအမှန်မဖြစ်စေပို့ အမှန်အမှားသုံးသပ်နိုင်ပို့ ၊အမှားတွေကိုမပံ့ပိုးမိစေပို့ အမှန်တရားဘက်က ရပ်တည်ကြပို့ ကိုယ်ကိုတိုင်မလုပ်နိုင်သော်လည်း လုပ်နိုင်တဲ့သူတွေကိုမစော်ကားပို့ အာဃာတမထားကြပို့ အနစ်နာခံနိုင်အောင်ကြိုးစားကြပို့ မှားခဲ့ရင်လည်း သင်ခန်းစာယူနိုင်ပို့ ၊ညီညွတ်ကြပို့

Thursday, December 23, 2010

0 Inside Burma: Last call for the resistance



photo/ www.globalpost.com

0 ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့မြေးနေရွှေသွေးအောင်အား ဝေဖန်ပြောဆိုမှုများ

စစ်အစိုးရအကြီးအကဲဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ပြီးခဲ့တဲ့စက်တင်ဘာလဆန်းတရုတ်ပြည်ခရီးစဉ်ကစလို့မကြာခင်ရက်ပိုင်းက wikileaksအင်တာနက်စာမျက်နှာတွေကနေပေါက်ကြားခဲ့တဲ့ရန်ကုန်အမေရိကန်သံရုံး လျှို့ဝှက်ကြေးနန်းစာ တွေမှာပါဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့မြေးဖြစ်တဲ့နေရွှေသွေးအောင်နဲ့ပတ်သတ်တဲ့ဝေဖန်ပြောဆိုမှုတွေကျယ်ကျယ်လောင်လောင်ကိုထွက်ပေါ်လာပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့အချစ်ဆုံးမြေးလို့ လူသိများတဲ့နေရွှေသွေးအောင်ကို ပြီးခဲ့တဲ့စက်တင်ဘာလ တရုတ်ပြည်ခရီးစဉ်မှာတရုတ်အစိုးရအဖွဲ့နဲ့မြန်မာအစိုးရအဖွဲ့ကိုယ်စားလှယ်အဖွဲ့တွေ့ဆုံဆွေးနွေးတဲ့ပွဲတခုမှာ ဗိုလ်ချုပ်ကြီးရာထူးကနေနုတ်ထွက်ခါစ သူရဦးရွှေမန်းနဲ့အတူ ယဉ်တွဲထိုင်ခိုင်းခဲ့တာ၊ ပြီးခဲ့တဲ့ရက်ပိုင်း စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းဆင်းပွဲတခုမှာ အတွင်းရေးမှူး(၁) သူရဦးတင်အောင်မြင့်ဦးနဲ့ တတန်းတည်းအထိုင်ခိုင်းခဲ့တာတွေကို ထောက်ပြီးတော့ ဒါတွေဟာထူးခြားချက်တွေအဖြစ် ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက လုပ်ငန်းရှင်တွေတချို့အကြားမှာ ဝေဖန်ပြောဆို သုံးသပ်တာတွေရှိနေပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့မြောက်ကိုးရီးယားသမတ ကင်ဂျုံအီးလ်လို မြေးဖြစ်သူကို နိုင်ငံရေး နေရာပေးချင်လို့အခုလိုပွဲထုတ်လာတာလား? စသဖြင့်သို့လောသို့လော တီးတိုးဝေဖန်တာတွေလည်း ရှိနေတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဦးနေ၀င်းရဲ့ အကျဉ်းကျနေတဲ့မြေးတွေဖြစ်တဲ့ ကျော်နေ၀င်း။ ဇွဲနေ၀င်းနဲ့ အေးနေ၀င်းတို့တုန်းးကလို တပ်က အရာရှိတွေကိုလည်ကတုံးစတစ်ကော်လံအင်္ကျီတွေဝတ်ခိုင်းပြီး သက်တော်စောင့်ဖွဲ့ထားတဲ့ နေရွှေသွေးအောင်ရဲ့အဖွဲ့သစ်ကလည်း ဒီရက်ပိုင်း ရန်ကုန်က ညကလပ်လောကမှာ လက်စောင်းထက်လာနေတယ်လို့ပြောကြပါတယ်။

အမည်မဖော်လိုတဲ့ရန်ကုန်စီးပွားရေးလုပ်ငန်းရှင်တဦးကအခုလိုပြောပြပါတယ်။ ဘယ်လိုပြောမလဲ ..သူ့ကိုလုံခြုံရေးယူထားတဲ့အဖွဲ့တွေကနေပြီးတော့ သူလုပ်ချင်ရာလုပ်ခွင့်ဆိုတာ အောက်ကပြဿနာတော့အစကတည်းက ကျနော်တို့ဆီမှာ စံနစ်ကပျက်သွားပြီလေ ဥပဒေ တရားဥပဒေဆိုတာမရှိဘူး ဥပမာပြောရရင် တိုင်းမှူးတယောက်ရဲ့သား အဲဒီတိုင်းမှာသူဆရာကြီးဘဲ သူလုပ်ချင်ရာလုပ်မှာဘဲ တိုင်းမှူးထက်မြင့်တဲ့ ကောင်ထက်မယဉ်ရသေးသ၍တော့ သူကဆရာကြီးဖြစ်နေတာ ဥပဒေကိုမရှိတော့. အဲဒီတော့ တိုင်းမှူးသားလောက်တောင်မှဖြစ်ချင်ရာဖြစ်နေတာဆိုတော့ No(1)ရဲ့မြေးဆိုတော့သူ့ကိုပြပြီးတော့အောက်ကလူတွေကလုပ်ခံရမယ်သူ့ကိုပြပြီးတော့လုပ်ချင်တာတွေလုပ်မယ်ကလေးကလည်းငယ်တော့ဘာမှနားမလည်တော့ဘူး. သူ့အတွက်ကောင်းတယ် သူ့ကို ဦးစားပေးတယ်ဆိုရင်ကြိုက်တယ်. အဲဒါမျိုးတွေဖြစ်လာတော့ ဒါကဖြစ်မှာဘဲ ဥပဒေရဲ့ ထိန်းကြောင်းမှုမရှိတဲ့နေရာမှာတော့ဒါကဖြစ်မှာသဘာဝဘဲ။
ဒီလူမှမဟုတ်ဘူးနောက်လူတွေတက်လာရင်လုပ်မှာဘဲ။ ဒါပေမဲ့ နိုင်ငံတော်အခမ်းအနားတွေဘာတွေတော့ နေရာပေးတာမပေးတာတော့ရှိချင်မှ ရှိမှာပေါ့။ အခုဥစ္စာကအကြည့်ရဆိုးတာကတော့ နိုင်ငံတော်အခမ်းအနားတွေမှာထည့် officalကိစ္စတွေမှာ ထားထားတော့။

ပြီးခဲ့တဲ့ဒီဇင်ဘာလ(၆)ရက် wikilaksကပေါက်ကြားခဲ့တဲ့ သတင်းမှာဗိုလ်ချုပ်ကြီးသန်းရွှေမြေး ဖိုးလပြည့်က မန်ချက် စတာကလပ် ရှယ်ယာများကို ၀ယ်ယူဖို့ အကြိမ်ကြိမ် ပူဆာခဲ့ကြောင်း ဗိုလ်ချုပ်မှုးကြီးက ဒေါ်လာ သန်း တစ်ထောင်(တစ်ဘီလီယံ) ဖြင့် မန်ယူကို ၀ယ်ယူလိုက်လျှင် အစိုးရအတွက် ဝေဖန်မှုများဖြစ်ပေါ်ပြီး အဆိုးဖြစ်ပေါ်လာနိုင်သောကြောင့်၊ ဒေါ်လာ သန်းပေါင်း များစွာ အကုန်ကျခံပြီး မြန်မာ့ အမျိုးသားဘောလုံးကလပ်များ ဖန်တီးဖို့ အမိန့်ပေးခဲ့သည်။ အဲဒီအချိန်က နာဂစ်မုန်းတိုင်းဒဏ်မှ အသက်ရှင် ကျန်သူများမှာ အိုးမဲ့အိမ်မဲ့၊ သောက်သုံးရေမဲ့ ဖြစ်နေချိန်လည်းဖြစ်ပါသည်။

ဖိုးလပြည့်လို့လူသိများတဲ့ နေရွှေသွေးအောင်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သမီးတဦးဖြစ်တဲ့ ဒေါ်ကြည်ကြည်ရွှေ နဲ့အငြိမ်းစားဒုဗိုလ်မှူးကြီးဦးနေစိုးမောင်တို့က၁၉၉၁ခု မေလ၂၂ရက်နေ့မှာ မွေးဖွားတာဖြစ်ပါတယ်။ သူ့ကိုမွေးအပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အာဏာရခဲ့တဲ့အတွက် ကံထူးခြားစေတဲ့ကလေးအဖြစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့မိသားစုအသိုင်းအ၀ိုင်းမှာပိုပြီး တော့မျက်နှာသာရခဲ့တယ်လို့အစိုးရလုပ်ငန်းရှင်ကပြောပြပါတယ်။ သူက ဦးသန်းရွှေအနေနဲ့ သူကဒီလိုမျိုးထိပ်ကိုမရောက်လာခင်မှာ ဗေဒင်ဆရာတဦးကသူ့ကိုဟောတာကတော့ သူ့မိသားစုမှာကလေးတယောက်မွေးလာမယ် ဒီလိုကလေးတယောက်ကြောင့် သူဟာထိပ်ကိုရောက်လိမ့်မယ်. မင်းဖြစ်လာမယ်။ လို့ဟောတယ်။ တကယ်ဘဲမထင်မှတ်ဘဲဗြုံးစားကြီး ဒီကလေးမွေးပြီးဦးသန်းရွှေဟာထိပ်ရောက်သွားတယ်ပေါ့နော်. အဲဒီလိုဖြစ်လို့ဆိုပြီး ဒီကလေးကို အရမ်းဦးစားပေးတယ်။ဟိုပွဲတွေဒီပွဲတွေမှာလည်း သူတယောက်တည်းတော့မဟုတ်ပါဘူး တခြားလူတွေလည်းပါပါတယ်။ အောက်ကစီစဉ်တဲ့တပည့်တွေကလည်း ဖားကောင်းကောင်းနဲ့လုပ်နေရင်းနဲ့ သူလည်းဘာမှမပြောဘဲနဲ့ကြည့်နေတာလားတော့မသိဘူးပေါ့လေ။

နေရွေသွေးအောင်ဟာ ပြီးခဲ့တဲ့၂၀၀၇ခုနှစ် ၁၆နှစ်ပြည့်မွေးနေ့ပွဲကစလို့ ၂၀၀၈ခုနှစ်ဇွန်လက စီးပွားရေးလုပ်ငန်းရှင်မောင်ဝိတ်အပါ မူးယစ်ဆေးအမှု၊ ၂၀၀၉ခုနှစ်ဇန္န၀ါရီလက မော်ဒယ်အမျိုးသမီးတဦးငယ် ခေတ္တပျောက်ဆုံးသွားတဲ့အမှု တွေနဲ့ သတင်းစာမျက်နှာတွေအပြင်ဖက်မှာ ထင်ရှားသူတဦးလည်းဖြစ်ပါတယ်။ တခြားတဖက်မှာလည်း အသက်အရွယ်ငယ်ပေမဲ့ အစိုးရနိုင်ငံတော်ပွဲလမ်းသဘင်တွေမှာ နေရာရလာတာတွေလည်းရှိတဲ့အတွက် မြန်မာ့နိုင်ငံရေးလေ့လာသူတွေအကြားမှာ ကွယ်လွန်သူအာဏာရှင်ကြီးဦးနေ၀င်းနဲ့ နိုင်ငံရေးသံဝေဂတွေအကြောင်းစပ်ဆက် တွေးစကြတာတွေလည်းရှိလာကြပါတယ်။


ဗိုလ်ချုပ်မှူးကြီးသန်းရွှေမိသားစုအကြောင်းကို တစိုက်မတ်မတ်လေ့လာရေးသားဖော်ပြနေတဲ့ ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီသတင်းဌာနက ကိုအောင်ဇော်က အခုလိုသုံးသပ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဆုံးသွားတဲ့ ဗိုလ်ချုပ်ကြီး နေ၀င်းနဲ့မတူတာလေးတွေရှိတယ်။ ကျနော်မြင်တာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေကသူ၁၉၉၂/၉၃အာဏာရလာကတည်းကသူ့ရဲ့မြေးကိုအဲဒီတုန်းကတော်တော်ငယ်သေးတာပေါ့နော်..သူpromoteလုပ်ခဲ့တာတွေအခုထိကလူတွေကြားမှာပြောစရာတခုဖြစ်သွားတယ်ပေါ့လေ။ ဗိုလ်ချုပ်နေ၀င်းကြတော့ အဲဒီလိုမဟုတ်ဘူး။ ဗိုလ်ချုပ်နေ၀င်းကသူရဲ့သမီး ဒေါ်ခင်စန္ဒာဝင်းရှိတယ်သူ့ရဲ့မြေးတွေ ရှိတယ်ပေါ့နော်။ အခုလက်ရှိထောင်ကျနေတဲ့သူ့ရဲ့မြေး၃ယောက်ရှိတယ်ပေါ့။ နိုင်ငံရေးကိုအဲလိုမျိုးဆွဲသွင်းတာမျိုး တွေ ခုနလိုမျိုး ဗိုလ်ချုပ်မှူးကြီးသန်းရွှေခရီးထွက်တဲ့အခါမျိုးမှာ ပေါ်ပေါ်ထင်ထင်ခေါ်သွားပြီးတော့ Dsaသင်တန်းဆင်းပွဲဖြစ်ဖြစ် ဘုရားဖူးတာဘဲဖြစ်ဖြစ် တရုတ်ပြည်အိန္ဒိယပြည်ကိုသွားတဲ့ခရီးစဉ်မှာဘဲဖြစ်ဖြစ် အဲဒီလိုမျိုး လူကြားထဲမှာကန့်လန့်ကန့်လန့်ပါလာတာမျိုးတွေ မရှိခဲ့ဘူး။ ပြန်လေ့လာကြည့်မယ်ဆိုရင် ..ဒေါ်ခင်စန္ဒာဝင်းဓားထက်တယ် အာဏာအရမ်းကြီးတယ်ဆိုတာက အတိုင်းအတာတခုဘဲ ကျနော်တို့သိရတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ အဲဒီလိုမျိုးမဟုတ်ဘူး သူ့ရဲ့မိသားစုကို အကြီးအကျယ်ကိုရှေ့တန်းတင်တာကိုတွေ့ရတယ် ဒါက ထူးခြားမှုတခုလို့မြင်တယ်။ အဲဒါကြောင့်မိုလို့လည်း လူတွေကမေးခွန်းထုတ်တာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ့ရဲ့မြေးကို အထူးသဖြင့် သူအရမ်းချစ်တဲ့ နေရွှေသွေးအောင်ကို နိုင်ငံရေးထဲကိုဆွဲသွင်းချင်တာလား ဒါမှမဟုတ်သူ့ရဲ့အစီအစဉ်ကဘာလဲ။ ဘာကြောင့်လဲဆိုတော့ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာမကြာခင်မှာဘဲ ဒီတပ်ထဲက အနားယူရတော့မယ် နောက်ကွယ်ကကြိုးဆွဲမှာလား သူစိတ်ချရတဲ့သူထားမှာပါဆိုရင် သူ့ရဲ့အုပ်စုတစုဖန်တီးဖို့ လိုအပ်လာတဲ့အခါကြတော့ ဒါကြောင့်ဘဲနေရွှေသွေးအောင်ကို promoteလုပ်နေတာလားလို့ မေးခွန်းထုတ်လာပါတယ်။ ဒါကလည်းဒီအချိန်မှာအတော်ပြောရခက်ပါတယ်။ နေရွှေသွေးအောင်ကို စစ်တပ်ထဲဆွဲသွင်းတာမတွေ့ရဘူး။ စီးပွားရေးသမားတွေနဲ့လုံးတာတွေ့ရတယ်၊ သူ့ရဲ့ကိုယ်ရံတော်တွေနဲ့အပျော်အပါးလိုက်စားတာမျိုးတွေ မာဖီးယားဆန်ဆန်လုပ်လာတာမျိုးတွေ့ရတယ်။

ဦးနေ၀င်းရဲ့တော်ဝင်မိသားစုကို အခြေအနေယိုင်လဲသွားတဲ့အထိ အရေးယူခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ သူ့အလှည့်မှာဒီလိုအဖြစ်မျိုးမဖြစ်ရအောင် အထူးသတိထားတယ်လို့ဆိုပါတယ်။ ဒါပေမဲ့မိသားစုထဲမှာ စစ်တပ်ရာထူးလက်ကိုင်ရှိသူကို နေရာချန်မထားခဲ့နိုင်တဲ့ ဦးနေ၀င်းတုန်းကလို အဖြစ်မခံဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ဘယ်လိုနိုင်ငံရေးကျားကန်မလဲဆိုတာကတော့ အထူးစောင့်ကြည့်ရမှာ ဖြစ်ပါတယ်လို့လည်း မြန်မာနိုင်ငံရေးလေ့လာသူတွေနဲ့ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက လေ့လာသုံးသပ်နေကြပါတယ်။

ကိုကျော်မင်းထွန်းစုစည်းတင်ပြသော Rfaမှ အသံလွှင့်ချက်အားပြန်လည်ဖော်ပြလိုက်ပါတယ်။

0 ယနေ့ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးမှာ ကျင်းပ ပြုလုပ်တဲ့ ပြည်ထောင်စု စိတ်ဓာတ်အကြောင်း ဟောပြောပွဲအခမ်းအနား သတင်းဓာတ်ပုံ..


သတင်းဓာတ်ပုံ။ ။ ဒီမိုဝေယံ(ပြည်တွင်း)

0 AlJazeeraအသံလွှင့်ဌာနမှ ထုတ်လွှင့်သွားသောလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နဲ့ဗီဒီယို၊ တယ်လီဖုန်း တိုက်ရိုက် ဆက်သွယ် ဆွေးနွေးခန်း


လန်ဒန်မြို့ရှိ LSE London School of Economics တက္ကသိုလ်မှာ Al Jazeera ရုပ်မြင်သံကြားဌာန ပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗီဒီယို၊ တယ်လီဖုန်း တိုက်ရိုက် ဆက်သွယ် ဆွေးနွေးခန်း ကျင်းပခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ ကွန်ယက်တခု ကို ကမ္ဘာတလွှား ဖြန့်ကျက် ဖန်တီးနိုင်ရေးဟာ အရေးကြီးတဲ့ အကြောင်း၊ မြန်မာနိုင်ငံ အတွင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး နဲ့ ဒီမိုကရေစီ ပေါ်ထွန်းရေး လမ်းစ၊ စတာတွေ အပြန်အလှန် ဆွေးနွေးရာမှာ သူဟာ စစ်အစိုးရ အပေါ် ခြိမ်းခြောက်တဲ့ အသွင် မဆောင်တဲ့ အကြောင်း၊ တက်ရောက်လာသူ ပညာရှင်တွေနဲ့ ကျောင်းသူ ကျောင်းသား ၄ဝဝ ကျော် ကို ရှင်းပြခဲ့ ပါတယ်။ဒါပေမဲ့ စစ်အစိုးရ ဖက်က နိုင်ငံ့အရေး ဖြေရှင်းရေးမှာ၊ ပူးပေါင်း ဆောင်ရွက်လိုတဲ့ တုံ့ပြန်ချက် တစုံတရာ မရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် က ပြောပြ ပါတယ်။

မြင့်လှိုင်။ ဒီဇင်ဘာ ၂၃ ရက်၊ ၂၀၁၀

မြန်မာ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက် ဆက်သွယ် စကားပြောခြင်း အစီအစဉ်တခုကို အယ်လ်ဂျာဇီးယား ရုပ်သံမှ ဒီဇင်ဘာ ၂၂ ရက် (ဗုဒ္ဓဟူးနေ့) ဂရင်းနစ်စံတော်ချိန် မနက် ၁၂ နာရီ ၃၀ မိနစ်၊ မနက် ၇ နာရီ ၃၀ မိနစ်၊ ဒီဇင်ဘာ ၂၃ ရက် (ကြာသပတေးနေ့) ဂရင်းနစ်စံတော်ချိန် နေ့လည် ၁၂ နာရီ ၃၀ မိနစ်၊ ည ၇ နာရီတွင် ထုတ်လွှင့်ပြသကြောင်း သိရှိရပါတယ်။

အဲဒီ အစီအစဉ်ကို လန်ဒန် စီးပွားရေးကျောင်း (School of Economic) တွင် ရိုက်ကူးခဲ့တာ ဖြစ်ကာ ကျောင်းသားပေါင်း ၄၀၀ ပါဝင် ကြည့်ရှု ဆွေးနွေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်မှနေ အင်တာနက်ကတဆင့် တိုက်ရိုက် ရုပ်သံနဲ့ ဖြေကြားခဲ့ခြင်း ဖြစ်ပါတယ်။ ဒီ အစီအစဉ်အတွက် ဒီမိုကရက်တစ် မြန်မာ့အသံက အကူအညီပေးခဲ့ပြီး ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး တိုက်ရိုက် ရုပ်သံ မေးမြန်းမှု ထုတ်လွှင့်ခြင်း ဖြစ်ပါတယ်။

ဒီ အစီအစဉ်ကို “ဆုံးဖြတ်ချက်ရဲ့ လမ်းဆုံမှာ - ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခြင်း (At the Crossroads: Dialogue with Aung San Suu Kyi)“ လို့ အမည်ပေးထားပြီး အစီအစဉ်မှူးအဖြစ် ဗရော်နီကာ ပက်ဒရိုဇာ (Veronica Pedrosa) က ဆောင်ရွက်ကာ လန်ဒန် စီးပွားရေးကျောင်းတွင် သုတေသန ပညာရှင်အဖြစ် ဆောင်ရွက်နေတဲ့ ဒေါက်တာဇာနည်၊ လန်ဒန် စီးပွားရေးကျောင်း ပါမောက္ခတဦးဖြစ်ပြီး Gobal Governance အဖွဲ့ရဲ့ တွဲဘက် ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မယ်ရီ ကယ်လ်ဒေါ (Mary Kaldor) နဲ့ ဗြိတိန် ဂါဒီးယန်းသတင်းစာ ပုံမှန်ကလောင်ရှင်၊ သမိုင်းသုတေသီ၊ နိုင်ငံရေး ဝေဖန်သုံးသပ်သူ တင်မသီ ဂါတွန် အက်ရှ် (Timothy Garton Ash) တို့လည်း ပါဝင် ဆွေးနွေးခဲ့ပါတယ်။
Aung San Suu Kyi speaks to audience at LSE

ထို ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံ ဆွေးနွေးရေး၊ စီးပွားရေး ပိတ်ဆို့မှု အပါအ၀င် မြန်မာ့အရေးဆိုင်ရာ ကိစ္စ အတော်များများကို ဆွေးနွေးသွားခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ ရှေးဦးစွာ ဗရော်နီကာ ပက်ဒရိုဇာက အမျိုးသား ပြန်လည်သင့်မြတ်ရေးကို မေးမြန်းသွားသလို ဒေါက်တာဇာနည်က စီးပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။ အဲဒီနောက် မယ်ရီ ကယ်လ်ဒေါက နိုင်ငံတကာပြည်သူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကွန်ယက်တွင် ဘယ်လို ပါဝင်နိုင်မလဲဆိုတဲ့အချက်ကို မေးမြန်းကာ တင်မသီ ဂါတွန် အက်ရှ်ကတော့ မြန်မာစစ်အာဏာရှင်တွေ ကျူးလွန်ခဲ့တဲ့အမှုတွေကို စုံစမ်း
စစ်ဆေးမယ့်ကိစ္စကို မေးမြန်းခဲ့ပါတယ်။ ထို့နောက် ဗရော်နီကာ ပက်ဒရိုဇာက စည်းလုံးမှု တည်ဆောက်ပြီး ပြောင်းလဲမှုကို လုပ်နိုင်မလားလို့ မေးမြန်းသွားပါတယ်။ ဒါ့အပြင် မန္တလေးတွင် မွေးဖွားပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်းနဲ့လည်း သိကျွမ်း ရင်းနှီးသူ ၁၉၉၈ စီးပွားရေး နိုဘယ်လ်ဆုရှင် အမာတီရာ စန် (Amartya Sen) က ဒေါ်အောင်ဆန်းစုကြည်ခင်ပွန်း မကွယ်လွန်မီက တွေ့ဆုံကြုံခဲ့ရပုံများကို ပြောပြခဲ့ပါတယ်။ အဲဒီနောက် တက်ရောက်လာကြတဲ့ ကျောင်းသားများက မေးခွန်းများကို မေးမြန်းသွားရာ မြန်မာရိုဟင်ဂျာအဖွဲ့က ဦးထွန်းခင်လည်း ပါဝင် မေးမြန်းခဲ့ပါတယ်။

အခုလို မေးမြန်းမှုများအား ဒေါ်အောင်ဆန်းစုကြည် ပြန်လည် ဖြေကြားခဲ့ပုံများကို အောက်ပါအတိုင်း အကျဉ်းချုပ် ဖော်ပြလိုက်ပါတယ်။

အမျိုးသား ပြန်လည် သင့်မြတ်ရေး
ကျွန်မတို့အနေနဲ့ အမြဲတမ်းပဲ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ယုံကြည်ပါတယ်။ မြန်မာပြည်မှာ လိုက်လျောညီထွေမှု မရှိတဲ့ အမြင် နှစ်ခု ရှိပါတယ်။ ကျမတို့က ပြောင်းလဲမှု လုပ်ချင်ပါတယ်။ စစ်အာဏာပိုင်တွေကတော့ ပြောင်းလဲမှု မလုပ်ချင်ပါဘူး။ ဒါဟာ အဓိကပြဿနာ ဖြစ်ပါတယ်။ ကျွန်မတို့က မလွတ်လပ်တဲ့ဘ၀ကနေ လွတ်လပ်ခြင်းကို ပြောင်းလဲချင်ပါတယ်။ ကျွန်မတို့ မြန်မာစစ်အစိုးရနဲ့အတူတူ ပြောင်းလဲမှုတွေ လုပ်ချင်ပါတယ်။

စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ
ရွေးကောက်ထားတဲ့ ဒီမိုကရေစီကို မလိုချင်ပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီကို လိုလားပါတယ်။ ဒါဟာ တွေ့ဆုံ ဆွေးနွေးရေးကိုပဲ ပြန် ရောက်သွားပါတယ်။ တွေ့ဆုံ ဆွေးနွေးတဲ့အခါ ဒီမိုကရေစီဆိုတာကို ဘယ်လို မြင်သလဲဆိုတာ အမြင်ဖလှယ်ကြရပါမယ်။ သူတို့အနေနဲ့ ဒီမိုကရေစီတခုခုကို လိုလားတဲ့သဘော မြင်ရပါတယ်၊ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီပုံစံ ဆိုပါစို့။ ကျမတို့က ပြောပြချင်ပါတယ်၊ ကျမတို့ ဘာကို မျှော်လင့်သလဲဆိုတာကို။

စီးပွားရေး ပိတ်ဆို့မှု

စီးပွားရေး ပိတ်ဆို့မှုဟာ မြန်မာပြည်သူတွေရဲ့ လူသားချင်းဆိုင်ရာ အကူအညီတွေနဲ့ ပတ်သက်ပြီး ဘာမှ မသက်ဆိုင်ဘူးလို့ ထင်ပါတယ်။ လူသားချင်းဆိုင်ရာ အကူအညီ ပတ်သက်ပြီး ကျမတို့ ပြောတဲ့အခါ ပွင့်လင်းမြင်သာမှု ရှိရမယ်၊ တာဝန်ခံမှု တာဝန်ယူမှု ရှိရတယ်၊ လွတ်လပ်စွာ လေ့လာစောင့်ကြည့်မှု ရှိရမယ်လို့သာ ပြောတာပါ။ ကျမတို့ လူသားချင်းဆိုင်ရာ အကူအညီတွေကို ဘယ်တုန
်းကမှ ပိတ်ဆို့မထားပါဘူး။ ပညာရေးနဲ့ ကျန်းမာရေးအသုံးစရိတ်ဟာ အစိုးရအသုံးစရိတ်ရဲ့ ငါးရာခိုင်နှုန်းအောက်မှာပဲ ရှိတယ်ဆိုတာကို ကြည့်ရင် လူသားချင်းဆိုင်ရာ အကူအညီတွေ ရဖို့ဆိုတာဟာ စီးပွားရေးပိတ်ဆို့မှုကို ပြောတာထက် အစိုးရမူဝါဒကို ပြောတာက ပိုကောင်းမယ်ဆိုတာကို စဉ်းစားကြည့်နိုင်ပါတယ်။

နိုင်ငံတကာပြည်သူတွေအနေနဲ့ ဘယ်လို ကူညီနိုင်မလဲ
အားလုံးအနေနဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေး အပြောင်းအလဲမှာ သက်ဆိုင်သူတွေအားလုံး ပါဝင်ဖို့ကိစ္စကို တောင်းဆိုစေလိုပါတယ်။ ဒါဟာ ပထမဆုံးခြေလှမ်းဖြစ်ပြီး အခုပဲ တောင်းဆိုစေလိုပါတယ်။ နိုင်ငံရေးမှာ အားလုံး ပါဝင်ဖို့ဆိုရင် ပထမအဆင့်အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ဖို့ လိုအပ်ပါတယ်။ မြန်မာပြည် ဒီမိုကရေစီ ပြောင်းလဲလိုသူ ကမ္ဘာသားတွေအားလုံးအနေနဲ့ ဒီ အချက်အပေါ်မှာ ရပ်တည်စေလိုပါတယ်။ အခုအချိန်ဟာ ကျမတို့အနေနဲ့ အဲဒီအချက်ကို စတင် လုပ်ဆောင်နေပါတယ်။ ကျမတို့အနေနဲ့ လက်တွေ့ကျတဲ့ တိုးတက်မှု ရလိမ့်မယ်လို့ ယူဆပါတယ်။

စစ်အစိုးရရဲ့ ပြစ်မှုတွေကို စုံစမ်းစစ်ဆေးရေးကော်မရှင် နဲ့ စစ်ဆေးဖို့

ပါမောက္ခ ကင်တားနားက ကမ္ဘာ့ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းဖို့ တောင်းဆိုတယ်လို့ ကျမထင်ပါတယ်။ ဒါဟာ လိုအပ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အဲဒီ အတွေးအခေါ်ကို ထောက်ခံပါတယ်။ ဒါဟာ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုတာပါ။ တချို့လူတွေထင်နေတဲ့ စစ်ဗိုလ်ချုပ်တွေကို စွဲချက်တင် တရားစွဲဖို့ဆိုတာနဲ့ ကွဲကွဲပြားပြား သိစေလိုပါတယ်။ မြန်မာပြည်က လူ့အခွင့်အရေး အခြေအနေတွေ ပြောင်းလဲဖို့အတွက်ဆိုရင် ကမ္ဘာ့ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းဖို့ လိုအပ်တယ်လို့ ပါမောက္ခကင်တားနားက ယူဆပါတယ်။

စည်းလုံးညီညွတ်မှု

ကျမတို့ ဘာတွေ ကြိုးစားပြီး လုပ်ကိုင်ချင်သလဲဆိုတော့ တိုင်းရင်းသားများရဲ့ ပြင်းပြတဲ့ဆန္ဒ၊ မျှော်လင့်ခြင်းတွေနဲ့ ဦးတည်ချက်တခုကို သွားပြီး အဲဒီ ပြင်းပြတဲ့ဆန္ဒတွေကို အခြေခံတဲ့ ပြည်ထောင်စုစိတ်ဓါတ်တခုကို တည်ဆောက်ရမှာပါ။ ဆွေးနွေးမှုတွေ၊ တွေ့ဆုံပွဲတွေ အများကြီး လုပ်နေပါတယ်။ ကျွန်မတို့ကို တိုင်းရင်းသားအဖွဲ့အများအပြားက ထောက်ခံနေပါတယ်။ ပိုမို ကျယ်ပြန့်လာအောင်လည်း ကြိုးစားနေပါတယ်။ အားလုံး ပါဝင်ရမယ်ဆိုတာ ဒီကနေ့ ကျမတို့ ပြောနေတဲ့ အချက် ပါ။ အားလုံး ပါဝင်ရမယ်ဆိုတာက တိုင်းရင်းသားတွေတင်မကပါဘူး၊ မြန်မာပြည်က နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးနဲ့ ပတ်သက်သူအားလုံး ပါဝင်ပါတယ်။

နောက် ဆယ်နှစ်အကြာ မြန်မာပြည်ကို ဘယ်နေရာမှာ မြင်လိုပါလဲ

ကျမကတော့ ဒီနေရာမှာပဲ ရှိမှာပါ။ နိုင်ငံရေးအရ ဘယ်နေရာမှာ ရှိမလဲဆိုရင်တော့ ကျမအနေနဲ့ ရုပ်ခန္ဓာအရ ဒီနေရာမှာ ရှိနေပေမယ့် မျှော်လင့်တာကတော့ ကျမတို့ ဒိထက် အများကြီး အရှေ့ကို ရောက်နေမှာပါ။ ဆယ်နှစ်အကြာကျရင် ကျမအနေနဲ့ ရဲရင့်တဲ့ မြန်မာလူငယ်တွေအတွက် သူတို့ မျှော်လင့်တဲ့ လွတ်လပ်ခြင်းနဲ့ လုံခြုံခြင်းတွေ ပြည့်စုံတဲ့ မြန်မာပြည်မှာ ပျော်ရွှင်စွာ နေထိုင်နိုင်ကြမယ်လို့ မြင်လိုပါတယ်။

အခု ဖော်ပြခဲ့တာတွေကတော့ ဆွေးနွေးမှုတွေကို ပြန်လည် ဖြေကြားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေတချို့ ဖြစ်ပါတယ်။ အခုလို ဖော်ပြရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆွေးနွေးမှုကို အပြည့်အစုံ ဘာသာပြန်ဖော်ပြခြင်း မဟုတ်ဘဲ အဓိကအချက်များကိုသာ ကောက်နှုတ်ပြီး အဓိပ္ပါယ် ခြုံငုံအောင် ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။

(စာညွန်း - သတင်းဆောင်းပါး ရေးသားရန် အကြံပြုတဲ့ ဒီမိုဝေယံ အတွက်)

(သတင်းရင်းမြစ် - ယနေ့မြန်မာ)

အာလုံး ဖတ်ရှူလေ့လာနိုင်ရန် ပြန်လည် ရေးသားတင်ပြပေးတဲ့ အကိုမြင့်လှိုင်အား ကျေးဇူးတင်ပါသည်..။

0 ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဟူသည့်အစွဲများ ပပျောက်ရေးသာဖြစ်သည်-
ရေးသူ- ထွန်းအောင်ကျော်

နိဒါန်း

ကျွန်တော်ရေးသားခဲ့သော ပြည်ထောင်စု တည်ဆောက်ရေး ဆောင်းပါး၏ ဦးတည်ချက်သည် စစ်မှန်သော ပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက် အခက်အခဲများကို မည်သို့မည်ပုံ ဖြေရှင်းရမည် (Solution) ကို မိမိအတွေ့အကြုံအရလည်းကောင်း၊ လေ့လာချက်များအရလည်းကောင်း တိုင်းပြည်ချစ်စိတ်နှင့် တင်ပြခြင်းသာဖြစ်သည်။ ၎င်းအပေါ် ကိုကျော်သန်းက သူ့အမြင်ကို တင်ပြလာခြင်းအပေါ် ပြန်လည်ရှင်းလင်းရန် လိုသည်ဟု ယူဆသဖြင့် ဤဆောင်းပါးကို ရေးလိုက်ခြင်းဖြစ်ပါသည်။ ကိုကျော်သန်းကိုလည်း ကျွန်တော့ အမြင်ကို ပိုမိုရှင်းလင်းရန်အတွက် လမ်းဖွင့်ပေးသဖြင့် ကျေးဇူးတင်ပါသည်။
ယနေ့ ITခေတ်တွင်စာဖတ်သူများမှီငြမ်းချက်များကိုတိုက်ရိုက်လေ့လာနိုင်ရန်အတွက်အောက်ခြေမှတ်စု (Foot Notes) များကိုဖေါ်ပြရာ၌အင်တာနက်လင့်များကိုစာဖတ်သူများတိုက်ရိုက်ယှဉ်တွဲ၍ ဖတ်ရှု့နိုင် ရန်ဖေါ်ပြထားခဲ့ပါသည်။ထို့အပြင်အင်တာနက်မှတိုက်ရိုက်မကြည့်နိုင်သောအထောက်အထားများကို ကျမ်းကိုးစာရင်းတွင်ဖေါ်ပြထားခဲ့ပါသည် ။

တိုင်းသူပြည်သားများကိုသတင်းမှောင်ချ၍တပါတီအာဏာရှင်စံနစ်ကိုကျင့်သုံးပြီးဝါဒဖြန့်စာပေများဖြင့် အုပ်ချုပ်နေသောခေတ်သည်ကုန်ဆုံးချိန်ရောက်နေပါပြီ ။
ထို့ကြောင့်ထိုအခွင့်အရေးကိုအသုံးချ၍ကျနော်တို့အားလုံးပြည်သူများကိုသတင်းမှန်အထောက်အထားမှန်တို့ဖြင့်မျက်စိနားဖွင့်ပေးဖို့တာဝန်ရှိပါသည် စာဖတ်သူများ မှအောက်ခြေမှတ်စုများရှိလင့်များကို
တိုက်ရိုက်ကြည့်ရှု့လေ့လာခြင်းအားဖြင့်အမှားအမှန်ကိုကိုယ်ပိုင်ဥာဏ်ဖြင့်ထိုးထွင်းသိမြင်နိုင်ကြပါစေ။


နိုင်ငံအမည်နှင့် ပတ်သက်၍ သဘောထား
နိုင်ငံအမည်နှင့် ပတ်သက်၍ ယခင်က တင်ပြထားသည့်အတိုင်း
(၁) ညီညွတ်ရေးသည် အဓိကဖြစ်သည်။
(၂) အမည်သည် ပညတ်မျှသာဖြစ်သည်ဟု သုံးသပ်ပါသည်။
နံမည်တခုကြောင့် ညီညွတ်ရေး ပျက်ပြားမည်ဆိုလျှင် ကျွန်တော့အနေနှင့် အမည်ကို အများသဘော ကျ၊ ဘ၀င်ကျသည့် နံမည် ရွေးချင်းကို ထောက်ခံမည်ဖြစ်ပါသည်။ ဗမာဘဲခေါ်ခေါ် မြန်မာဘဲခေါ်ခေါ် သုဝဏ္ဏဘုမ္မိလို့ ခေါ်ခေါ် ကြိုက်ရာခေါ် ညီညွတ်ကြလျှင် ငြင်းစရာ မရှိပါ။
ဥပမာ- ကမ္ဘောဒီယားနိုင်ငံကို ကွန်မြူနစ်တို့က ကမ်ပူးခြားဟု ပြောင်းလဲလိုက်သည်။ သန်းရွှေတို့က Burma ကို Myanmar ဟု ပြောင်းလဲလိုက်သည်။ အင်္ဂလိပ်လို ပြောင်းလိုက်သော်လည်း ဗမာလိုရေးလျှင်မူ အတူတူပင် ဖြစ်သည်။ တိုင်းပြည်နံမည် ပြောင်းလိုက်သော်လည်း စစ်အုပ်စုက ဆက်လက်စိုးမိုးနေသဖြင့် ထူးမခြားနားပင် ဖြစ်သည်။ ထို့ကြောင့် နံမည်ကိစ္စကို အငြင်းမပွါးလိုပါ။ တိုင်းရင်းသား အားလုံးနှင့် ညီညွတ်ရေး ယူနိုင်သည့် နံမည်ဖြစ်ရေးသည် အဓိက အရေးကြီးသော အချက်ဖြစ်ပါသည်။ ဗမာလူမျိုးတွေ ကြီးစိုးတဲ့ နိုင်ငံဟူသောအစွဲ ကွယ်ပျောက်ပြီး ပြည်တွင်းရှိ တိုင်းရင်းသားများ အားလုံးက “ငါတို့ နိုင်ငံ” ဟူ၍ ၀င့်ကြွားစွာ ပြောဆိုနိုင်သော နံမည်ဖြစ်လျှင် ရည်မှန်းချက်ပြီးပြည့်စုံပါသည်။ ကျွန်တော့တွင် နံမည်စွဲ မရှိပါ။ ညီညွတ်ရေးသာ လိုလားပါသည်။

အရေးကြီးဆုံး အချက်မှာ တကယ်စစ်မှန်သည့် ပြည်ထောင်စု စံနစ်ကို အများဆန္ဒနှင့် ညီညွတ်ရေးတည်ဆောက်ခြင်းနှင့် လက်တွေ့ကျကျ ကျင့်သုံးနိုင်ရေးပင်ဖြစ်သည်။ စာရွက်ပေါ်တွင် ရှိသည့် ညီညွတ်ရေးမျိုး၊ စာရွက်ပေါ်တွင် ရေးသားထားသည့် စိတ်ကူးယဉ် (Utopia) လောက နိဗ္ဗာန်မျိုးထက် တကယ့် လက်တွေ့တွင် ပြည်သူပြည်သားများ၏ လူ့အခွင့်အရေး အပြည့်အ၀ ပေးနိုင်သော စံနစ်များ ဖြစ်ဖို့သာ လိုပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပင်လုံစာချုပ်
ကိုကျော်သန်း ပြောသလို အဲဒီခေတ်ကို သူရော ကျွန်တော်ရော မမှီပါဘူး။ မမွေးသေးလို့ ဖြစ်ပါသည်။ ဒါပေမဲ့ ကိုကျော်သန်းက ဗိုလ်ချုပ်အောင်ဆန်းက ခွဲထွက်ခွင့်ကို သဘောတူ လက်မှတ်ရေးထိုးလိုက်ခြင်းဟာ လက်ဝဲအယူအဆကို သက်ဝင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ လီနင်ရဲ့ ခွဲထွက်ခွင့်နဲ့ ကိုယ့်ကြမ္မာ ကိုယ် ပြဋ္ဌာန်းခွင့်ပြုတယ်ဆိုတဲ့ သဘောတရားအရ လက်ခံခဲ့၍ ဖြစ်မယ်လို့ ဆိုခြင်းဟာ ဘာအထောက်အထားမှ မရှိဘဲ ကိုယ်လိုရာကို ဆွဲရေးတယ်လို့ ယူဆပါတယ်။

ကျွန်တော့စာထဲမှာ တချို့လက်ဝဲသမားတွေကလို့ ဆိုခဲ့ရာမှာ ကွန်မြူနစ်တွေကလို့ တိတိကျကျ မရည်ညွန်းခဲ့ပါဘူး။ ဒါဟာလဲ စစ်အာဏာရှင်ကို အင်အားစု အားလုံးနဲ့ ညီညီညွတ်ညွတ် တိုက်ချင်တဲ့ စိတ်ကြောင့်ဖြစ်ပါသည်။ နောက်ဗိုလ်ချုပ်အောင်ဆန်း ကြည်ညိုသူတွေနဲ့ လက်ဝဲကွန်မြူနစ်တွေနဲ့ တိုက်ပေးတယ် ဆိုရအောင်လဲ ဗိုလ်ချုပ်အောင်ဆန်းကို ကွန်မြူနစ်ပါတီက ဗြိတိသျှအစိုးရအဖွဲ့ထဲမှာ အာဏာလွှဲပြောင်းယူဖို့အတွက် ပထမအဆင့်အနေနဲ့ ပါဝင်ခဲ့တဲ့ အတွက် ဗိုလ်ချုပ်အောင်ဆန်း နဲ့ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကို ဗြိတိသျှ အစိုးရချပေးတဲ့ ဖောက်ပြန်ရေးလမ်းစဉ်ကို လိုက်တယ်ဆိုပြီး ကွန်မြူနစ်ပါတီက ပြင်းပြင်းထန်ထန်ဝေဖန်ပြီး တိုက်ခိုက်ခဲ့တဲ့ အတွက် ကွန်မြူနစ်ပါတီကို ဖ.ဆ.ပ.လ ထဲက ထုတ်ပစ်လိုက်တာကြောင့် ဗိုလ်ချုပ်အောင်ဆန်းဟာ ကွန်မြူနစ်ဝါဒကို နိုင်ငံရေးသမ္ဘာ ရှိလာတဲ့အခါ လက်မခံနိုင်ဘူးဆိုတာ ထင်ရှားပါသည်။[1] ရန်တိုက်ပေးစရာ မလိုပါဘူး။ ထိုခေတ်က ကိုလိုနီစံနစ်ကို တိုက်ဖျက်သူတိုင်း လက်ဝဲ၀ါဒကို ကြိုက်ကြပါတယ်။ ဒါဟာလဲ လက်ဝဲဝါဒက ကိုလိုနီစံနစ်ကို တိုက်နိုင်တဲ့အကြောင်းပြချက်ကို စံနစ်တကျ တင်ပြနိုင်ခဲ့လို့ပါ။ ဒါပေမဲ့ ကွန်မြူနစ်အတွေးအခေါ်မှာ လူတွေကို ခံစားမှုမရှိတဲ့ ကုန်ပစ္စည်းတွေလို သဘောထားခဲ့တာတွေ၊ အထူးသဖြင့် ဒီကွန်မြူနစ်စံနစ်ကို အကောင်အထည်ဖေါ်တဲ့ ခေါင်းဆောင်တွေ ကို ဘုရား ရဟန္တာတွေလို ကိုးကွယ်ခဲ့တာတွေဟာ အဓိက မှားယွင်းမှုကြီးလို့ မြင်ပါတယ်။ ကွန်မြူနစ်စံနစ်ကို ခေါင်းဆောင်ခဲ့သူတွေဟာ လူထဲက လူတွေဘဲဖြစ်ပါတယ်။ ဘုရား ရဟန္တာတွေ မဟုတ်ပါဘူး။ ဒီလူတွေမှာ လောဘ၊ ဒေါသ၊ မောဟတွေရှိတယ်ဆိုတာ ကွန်မြူနစ်ကြီးစိုးတဲ့ နိုင်ငံတွေကို ကြည့်ရင် အထင်းသား မြင်နိုင်ပါတယ်။

ဒါကြောင့် လီနင်ရဲ့ စာတမ်းအရ “ခွဲထွက်ခွင့်နှင့်တကွ ကိုယ့်ကြမ္မာကိုယ် ပြဋ္ဌာန်းခွင့်ထက် နိမ့်ကျတဲ့ မည်သည့်မူဝါဒကမျှ လူမျိုးစု ပြဿနာကို မဖြေရှင်းနိုင်ပါ” လို့ ရေးထားခဲ့တာကို ကိုကျော်သန်းက ကိုးကားပြောခဲ့လို့ ဒီလိုရေးသားချက်အရ ကျွန်တော်တို့က မျက်စိမှိတ် ထောက်ခံဘို့ ဆိုတာထက် စာတွေ့သီအိုရီ (Theory) နဲ့ လက်တွေ့ (Practical) ကျင့်သုံးမှုကို လေ့လာမှသာ အဖြေမှန်ကို တွေ့ရှိနိုင်မယ်လို့ ယုံကြည်ပါသည်။

ဒါကြောင့် ကွန်မြူနစ်ဝါဒနဲ့ ၎င်းဝါဒကို ကျင့်သုံးခဲ့တဲ့ နိုင်ငံကြီး (၂) နိုင်ငံကို လေ့လာကြည့်တဲ့အခါ စာထဲမှာပါတဲ့ အကြောင်းအရာ သီအိုရီနဲ့ လက်တွေ့ကျင့်သုံးပုံဟာ မိုးနဲ့မြေပမာ ကွာခြားနေတာကို သွားတွေ့ရပါတယ်။ ရုရှားနိုင်ငံကြီးမှာ ကွန်မြူနစ်စံနစ် ကျင့်သုံးခဲ့စဉ်က မိမိပြည်တွင်းရှိ လူမျိုးစုများကို ဆိုက်ဗေးရီးယားကိုပို့ပြီး ဂူးလပ်(Gulags) ခေါ် ပြုပြင်ရေးစခန်းတွေမှာ မျိုးတုံးသတ်ဖြတ်မှုတွေ၊ ရုရှားပြည်တွင်းရှိ ပိုလစ်လူမျိုးတွေ၊ ဂျာမန်လူမျိုးတွေကို သူတို့ဒေသတွေက အတင်းအကြပ် ရွှေ့ပြောင်းပြီါ် အလွန်အေးမြတဲ့ ဆိုက်ဗေးရီးယားကို အသုတ်လိုက် သန်းချီပိုခဲ့တာတွေ၊ Red Terror လို့ ခေါ်တဲ့ အနီရောင်အန္တရယ်အကြောင်း စာအုပ်ပေါင်း မြောက်မြားစွာ ရုရှားကိုလိုနီဘဝရောက်ခဲ့တဲ့ အရှေ့ဥရောပ နိုင်ငံတွေ လွတ်လပ်တဲ့အခါ ပြည့်စုံစွာ စာအုပ်စာတမ်းများအဖြစ် ထွက်ပေါ်လာခဲ့ပါသည်။[2]

ထိုအကြောင်းများ ရေးပြနေလျှင် ဆောင်းပါးရဲ့ မူလ အာဘော်ပျောက်သွားမည် စိုးသဖြင့် အကျယ်မရေးလိုတော့ပါ။ အဓိက ပြောလိုသည်မှာ “ခွဲထွက်ခွင့်နှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခြင်း”ဆိုတဲ့ သီအိုရီဟာ လက်တွေ့မှာ မမှန်ပါဘူး။ ကွန်မြူနစ်တွေဟာ ရုရှားနိုင်ငံအတွင်းရှိ တိုင်းရင်းသား လူနည်းစုများကို ဖိနှိပ်အုပ်ချုပ်ပြီး Russianization ရုရှားအဖြစ် အတင်းအကြပ် ပြုပြင်ပြောင်းလဲဘို့ ကြိုးစားခဲ့သလို အရှေ့ဥရောပကိုလည်း ၎င်းရဲ့ သံကွန်ခြာအောက်မှာ ရုံးမထွက်နိုင်အောင် လုပ်ထားခဲ့ပြီး အရှေ့ဥရောပကနေ ဝါဆောစာချုပ်အဖွဲ့အဝင် နိုင်ငံအဖြစ်မှ ခွဲထွက်ဖို့ လုပ်ခဲ့တဲ့ ချက်ကိုစလိုဗက်ကီးယား(Czechoslovakia )[3] ဟန်ဂေရီ (Hungary)[4], ၊ လတ်ဗ်ဗီယား (Latvia), လစ်သူနီယား (Lithuania) ၊ အက်စ်တိုနီယား (Estonia),[5] နိုင်ငံတွေက ပြည်သူ့တောင်းဆိုမှုတွေကို ရုရှားတင့်ကား တပ်ကြီးတွေ စေလွှတ်ပြီး ကျူးကျော်ဝင်ရောက် သိမ်းပိုက်ခဲ့တာ အများအသိ ဖြစ်ပါသည်။ အမှန်တော့ ကိုလိုနီစံနစ်ကို တိုက်ရင်း၊ ဖက်ဆစ်ကို တွန်းလှန်ရင်း ရုရှားနိုင်ငံဟာ ကွန်မြူနစ်ဝါဒအောက်မှာ ခေတ်သစ် ကိုလိုနီနယ်ချဲ့ နိုင်ငံအဖြစ် ပေါ်ထွက်လာခဲ့တာဘဲ ဖြစ်ပါတယ်။

သခင်သန်းထွန်း၏ “စစ်နှင့် လွတ်လပ်ရေး” ဆောင်းပါးသည် ဗမာပြည်ကွန်မြူနစ်ပါတီမှ ရုရှားပြည်နှင့် ပတ်သက်၍ “ရုရှားပြည်မှ အကူအညီကိုလည်း စိတ်ချလက်ချနှင့် ယူနိုင်ပေ၏။ အကြောင်းကား နယ်ချဲ့မှုသည် ဓနရှင်စနစ်ကြောင့်ဖြစ်၏ ရုရှားပြည်၌ကား ဓနရှင်စနစ် ဖြိုဖျက်ပြီးဆင်းရဲသားအစိုးရတည်ထောင်ပေးပြီး နယ်ချဲ့ ရန်လည်းမလိုတော့။ဆင်းရဲသားအစိုးရတည်ထောင်ပြီးစကပင် ရုရှားလက်အောက်ခံနိုင်အားလုံးကို လွတ်လပ် ခွင့်ပေးခဲ့၏” [6]ဟု ရေးသားခဲ့ခြင်းကို ကြည့်လျှင် သခင်သန်းထွန်း၏ အမြင်တွေ မှား၍ လမ်းမှားလိုက်ခဲ့ခြင်းကို သိနိုင်ပေသည်။
ဦးနုရဲ့ တာတေစနေသားမှာ ဦးနုက သူ့ခံစားချက်ကို သည်လို ရေးခဲ့ပါသည်။ “စတာလင်ဟာ ဗမာတွေကို ချစ်တယ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်း လီးဖြဲနေတာလောက်တောင် မရှိဘူး။ ဒီမအေလိုး ရပ်ရှင်းတွေက တွေ့ကရာ အမိန့်တွေ ပေးတိုင်း ဒို့ကွန်မြူနစ်တွေ အဟုတ်ကြီးထင်ပြီး နားထောင်နေတာ အံ့သြပါရဲ့ကွာ” ဟု ရေးသားထားပါသည်။[7]

ထို့အတူ တရုတ်ကွန်မြူနစ်ပါတီဟာလဲ အလုပ်သမားလူတန်းစားလို့ မယ်မယ်ရရမပြနိုင်ပေမဲ့ လယ်သမား လူတန်းစားကို အခြေပြုပြီး ပစ္စည်းမဲ့ လူတန်းစား တော်လှန်ရေးနဲ့ အာဏာရလာတဲ့အခါ ပထမဦးဆုံး တိဗက်ကို သိမ်းပိုက်လိုက်ပါတယ်။[8] ကျွန်တော်တို့ ဗမာပြည်ကိုလည်း တရုတ်က သူ့ရဲ့သြဇာခံ နယ်မြေအဖြစ် လူမျိုးနဲ့ မြိုမယ့် နှစ်ရှည်စီမံကိန်း ရှိသည်ဟု တထစ်ချယုံကြည်ပါသည်။

ယူနန်ပြည်နယ် မြို့တော်ဖြစ်တဲ့ ကူမင်းမြို့မှာ တိုင်းရင်းသားများကျေးရွာ ဆိုပြီး ကမ္ဘာလှည့် ခရီးသည်တွေ ကြည့်ရှုဘို့ ဖွင့်ထားခဲ့လို့ သွားရောက်ကြည့်ရှု လေ့လာခဲ့ဘူးပါသည်။ ၎င်းကျေးရွာတွင် ဝလူမျိုး၊ ဂျိမ်းဖောလူမျိုး၊ ပလောင်လူမျိုး၊ စသည် မြန်မာပြည်တွင်းရှိ တိုင်းရင်းသားများသည်လည်း ယူနန်ပြည်နယ် တိုင်းရင်းသားများနှင့် အတူတူဖြစ်ကြောင်းတွေရှိခဲ့ပါသည်။ ထို့ကြောင့် ယူနန်ပြည်နယ်နှင့် တချိန်ချိန်တွင် လူမျိုးဘာသာတူနေသော ဝများ၊ ကချင် ဂျိမ်းဖောများ၊ ရဝမ်များ ပေါင်းစည်းသွားနိုင်သည်။

ယနေ့တရုတ်ပြည်မှာ လူမျိုးစု ၅၅ မျိုးရှိကြောင်း တရားဝင် ထုတ်ပြန်ထားမှု ရှိပါသည်။ တရုတ်ရဲ့ ၉၂ % ရာခိုင်နှုန်းဟာ ဟန်လူမျိုးတွေဖြစ်ပြီး လူမျိုးစုထဲက လွတ်လပ်ရေးတောင်းနေတာက တိဗက်နဲ့ ဇင်းဂျန် (Xinjiang) ပြည်နယ်တို့ ဖြစ်ပါသည်။ ကင်တုံနီး (Cantonese) နှင့် Hakka လူမျိုးတွေကိုမူ ယခုအခါမှာ ဟန်လူမျိုးအဖြစ် သွတ်သွင်းလိုက်ပြီး ဖြစ်ပါသည်။ ဒါပေမဲ့ တချိန်ချိန်မှာ Cantonese တွေနဲ့ Hakka တွေဟာ ဟန်လူမျိုးစုကြီးမှ ရုန်းထွက်ပြီး သူတို့ဟာ ဟန်လူမျိုးမဟုတ်ဘူးလို့ ပြောလာနိုင်ကြောင်း Drug Gladnay က ပြောကြားခဲ့ပါသည်။[9]

တိဗက်ခေါင်းဆောင် ဒလိုင်းလားမားက တရုတ်အစိုးရထံ လွတ်လပ်ရေးတောင်းဆိုမှုကို စွန့်လွှတ်လိုက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပြောင်းလဲ တောင်းခံခြင်းအပေါ် တရုတ်အစိုးရက ငြင်းဆိုလိုက်ပါသည်[10]။ တရုတ်ပြည် Xinjiang (ဇင်းဂျန်) နယ်ရှိ မူဆလင် Uighirs အူဂါ လူမျိုးစုတို့ကလည်း တန်းတူညီမျှခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို တောင်းဆိုနေပြီး အဓိကရုဏ်းများ ၂၀၀၉ ခုနှစ် ဂျူလိုင်လတွင် ဖြစ်ပွားခဲ့ရာ ပြည်မမှ တပ်အင်အား ၂၀,၀၀၀ စေလွှတ်ပြီး နှိမ်နင်းခဲ့ရပါသည်။[11]

ထိုအကြောင်းအရာများက တရုတ်ကွန်မြူနစ် အစိုးရသည် သူကိုလိုနီပြုထားသည့် လူမျိုးစုများ ခွဲထွက်ခွင့်ကိုပေးသည့် အရိပ်အယောင်ပင်မပြခဲ့ကြောင်း သမိုင်းအထောက်အထားများအရ သိနိုင်ပါသည်။ ကိုကျော်သန်းက ကျွန်တော်ရေးခဲ့သည့် NDF က ခွဲထွက်ခွင့်ကို စွန့်လွှတ်လိုက်တာ တခုတည်းကို မူတည်ပြီး ခွဲထွက်ခွင့်နှင့် ဖယ်ဒရယ်ဆိုတာ မဟာလူမျိုးကြီးဝါဒီတွေရဲ့ သွေးထိုးလှုံ့ဆော်မှုသက်သက် (Non Issue) ဘဲ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

မက်သရောထ ကြေငြာစာတမ်းကို ဖတ်ရှုပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က အပြည့်အ၀ ထောက် ခံသွားခဲ့သည်။ သို့ရာတွင် မက်သရောထညီလာခံသို့ ကိုယ်တိုင်တက်ရောက်ခဲ့သော ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်တဦးဖြစ်သူ ဆရာဂျက်ကော့ (ခေါ်) ဆရာဂျက်က ”ကျနော်တို့ ဗမာပြည်ကွန်မြူနစ် ပါတီ (CPB) မှာ လူမျိုးစုနှင့်ပတ်သက်၍ သဘောထား သတ်မှတ်ထားချက် မရှိသေးသည့် အတွက်ကြောင့် လက်မှတ်မထိုးနိုင်ပါ” ဟု အကြောင်းပြ၍ ငြင်းဆိုသွားခဲ့သည်။ ညီလာခံတွင် တက်ရောက်လာကြသော အဖွဲ့အစည်းအားလုံးမှ မက်သရောထ ကြေငြာစာတမ်းကို သဘောတူ လက်မှတ်ထိုးခဲ့ကြသော်လည်း ဗမာပြည် ကွန်မြူနစ်ပါတီ တဖွဲ့တည်းကသာ လက်မှတ်မထိုးဘဲ ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။ မက်သရောထ ကြေငြာစာတမ်းသည် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံ သဘောတူညီချက် တရပ်ဖြစ်ပါသည်။ သို့ရာတွင် ထိုအခြေခံ သဘောတရားကို ဗမာပြည်ကွန်မြူနစ်ပါတီက လက်မှတ် မထိုးခဲ့ခြင်းကို၊ ကိုကျော်သန်းနှင့်တကွ စာဖတ်ပရိသတ်များ သိထားသင့်သည်ဟု ယူဆ၍ အဖြစ်မှန်ကို ရေးသားတင်ပြ လိုက်ရပါသည်။

ထိုကြောင့် စစ်အစိုးရ၏ ဝါဒဖြန့်မှုသာ ဖြစ်သည်ဆိုပါက ထိုအချက်သည် မမှန်ကြောင်းကို တိုင်းရင်းသားများနှင့် ဒီမိုကရေစီ အင်အားစုများက သက်သေပြဘို့လိုပါသည်။ အကောင်းဆုံး သက်သေပြချက်များမှာ ပြည်တွင်းပြည်ပရှိ တိုင်းရင်းသား အင်အားစုများနှင့် ဒီမိုကရေစီ အင်အားစုများက မိမိတို့သည် အေးအတူ ပူအမျှ ပြည်ထောင်စု နိုင်ငံတော်ကြီးကို တည်ဆေက်ကြမည်ဖြစ်ကြောင်း တိုင်းပြည်ပြိုကွဲရေး ပြုလုပ်မည့်သူဟူသမျှကို ၎င်းတို့အနေနှင့် ဆန့်ကျင်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း လာမည့် ဒုတိယပင်လုံညီလာခံတွင် ထုတ်ဖေါ်၍ အတိအလင်း ပြောကြားရန် လိုအပ်ပေသည်။

ထိုကဲ့သို့ လုပ်ဆောင်နိုင်လျှင် ၁၉၆၂ ခုနှစ်မှ စ၍ ယနေ့ ၂၀၁၀ အထိ စစ်တက္ကသိုလ် ကျောင်းဆင်းစစ်ဗိုလ်များ ခေါင်းထဲသို့ ရိုက်သွင်းထားခဲ့သော တိုင်းပြည်ပြိုကွဲနိုင်သည်ဆိုသည့် စိုးရိမ်ပူပန်မှု သံသယကို ကင်းစင်သွားစေနိုင်ပြီး၊ မျိုးချစ်စိတ်ရှိသော တပ်မှုး၊ တိုင်းမှုးများ ဒီမိုကရေစီ အင်အားစုများဖက်သို့ ကူးပြောင်းရောက်ရှိလာနိုင်သည်။ အဓိက ပြဿနာမှာ ဘက်ပြောင်း ထောက်ခံလာရေးဖြစ်သည်။ ထိုခွဲထွက်လိုမှု ဆိုသည့် သံသယကို ဖျောက်ရန်မှာ ဒီမိုကရေစီအင်အားတို့နှင့် တိုင်းရင်းသား ခေါင်းဆောင်များ အပေါ်တွင် အဓိက တည်မှီလျှက်ရှိသည်။ တပ်မှ ကူးပြောင်းထောက်ခံလာရန် တပ်အတွင်းရှိ မျိုးချစ်တပ်မှုးများ အမြင်ကြည်လင်လာစေရန် ကြိုးစားဘို့အတွက် “ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်” ကို ပယ်လိုက်ကြောင်းကို NDF မှ ပြောကြားခဲ့သော်လည်း ပြည်တွင်းရှိ တိုင်းရင်းသား ခေါင်းဆောင်များကလည်း ခွဲထွက်ခွင့်ရှိသည်ကို မတောင်းဆိုကြောင်း စစ်မှန်သည့် ဖယ်ဒရယ်ပြည်ထောင်စုကိုသာ တည်ဆောက်ကြရန် သန္ဒိဋ္ဌာန် ချထားကြောင်း ပြောကြားခဲ့သော် တပ်တွင်းရှိ မျိုးချစ်တပ်မှုးတို့နှင့် သဘောတူညီမှု ရယူနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံကဲ့သို့ သတင်းမှောင်ချ၍ တဖက်သတ် ၎င်းတို့ လိုလားသည့် ဝါဒ သဘောတရားများကိုသာ အစဉ်တစိုက် ရိုက်သွင်းနေသော နိုင်ငံတွင် ပြည်သူများ ဦးနှောက်ဆေးခံနေရသည်မှာ ဓမ္မတာဖြစ်သည်။ ဝါဒဖြန့်မှုကို ချေဖျက်ရန်မှာ ကျွန်တော်တို့ တာဝန် ဖြစ်သည်။ ကျွန်တော်တို့ မြင်သလို ပြည်သူများ၊ တပ်မတော်သားများ မြင်ရန်လိုပါသည်။

ကျွန်တော့်ကို နအဖသူလျှို တင်မောင်ဆန်းက မဲဆောက်မြို့တွင် ခြောင်းမြောင်း၍ တိုက်ခိုက်ခြင်းကို နအဖသတင်းစာများက တင်မောင်ဆန်းအား တကယ့်မျိုးချစ်အဖြစ် ရေးသားပြီး တင်မောင်ဆန်းမှ ကျွန်တော့အား ဓါးဖြင့်ထိုးလိုက်သည့်အတွက် တောထဲတွင်ရှိ ကရင်ဆေးရုံတွင် ခွေးသေဝက်သေ သေတော့မည်ဖြစ်ကြောင်း ဖေါ်ပြခဲ့ခြင်းအပေါ် မွေးသမိခင် မေမေက ဖတ်ရှုရသောအခါ “ငါ့သားကို ခွေးသေဝက်သေ အဖြစ်မခံဘူး ငါကိုယ်တိုင် သဂြိုလ်မယ်ဟူ၍ မဲဆောက်မြို့ကို ရောက်လာခဲ့သည်၊ မထင်မှတ်ဘဲ သားအမိနှစ်ယောက် လမ်းပေါ်တွင် ချိန်းမထားဘဲ တိုက်တိုက်ဆိုင်ဆိုင်တွေ့သည့် အခါမှ အစိုးရသတင်းစာမှ လိမ်ညာရေးသားကြောင်း အမေ့ခမြာ သိခွင့်ရခဲ့သည်။ အဓိကမှာ လိမ်ညာရေးသား ဝါဒဖြန့်ချက်များကို ကာယကံရှင် ကိုယ်တိုင်နှင့် တွေ့ပြီး ဖြေရှင်းမှ နအဖ လိမ်ညာကြောင်း ရှင်းလင်း သွားခဲ့ခြင်းဖြစ်သည်။ ထို့အတူ ယခုတိုင်းပြည်ပြိုကွဲသွားမည်ဆိုသည့် အဓိကအကြောင်းတရားကို ကျွန်တော်တို့ ကာယကံရှင် ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားခေါင်းဆောင်များက မဟုတ်ကြောင်း ဗြောင်ရှင်းလင်းချက် ထုတ်ရန် အထူးလိုသည်ဟု လေးနက်စွာ တင်ပြလိုက်ပါသည်။

ထိုအကြောင်းအရာသည် (Non issue) ပြဿနာမဟုတ် ဆိုသည်ကို လုံးဝလက်မခံပါ။ ဤအကြောင်း အရာသည် ကျွန်ုပ်တို့အားလုံး ဖြေရှင်းရမည့် (Main issue) အဓိက အကြောင်းအရာဖြစ်သည်ဟု ထပ်လောင်း ပြောပါရစေ။
“ငါတို့ တိုင်းရင်းသားတွေကို မင်းတို့ဗမာတွေက ကျွန်ပြုထားတာ၊ မင်းတို့ဗမာတွေဟာ လိုလိုနီ နယ်ချဲ့တွေ၊ ငါတို့ ခွဲထွက်တော့ကော ဘာဖြစ်လဲကွ၊ ငါတို့ လူမျိုးဟာ ကိုယ့်ထီးကိုယ်နန်းနဲ့ နေလာခဲ့တာ၊ ငါတို့ကိုယ်ပိုင် ယဉ်ကျေးမှု၊ ကိုယ်ပိုင်စကားတွေ မင်းတို့ထက်စောတယ်” ဆိုတဲ့ စကားတွေ စာတွေ ကျွန်တော့် ဆောင်းပါးထွက်ပြီးနောက် ဝေဖန်မှုများအဖြစ် ပါလာခဲ့သည်။
ကျွန်တော်သည် စိတ်ကူးယဉ်သမားမဟုတ်၊ အတိတ်က ရွှေထီးဆောင်းခဲ့သည်များကို ကျွန်တော်မမှီပါ။ သိတော့ သိပါသည်။ ထိုရွှေထီးဆောင်းခဲ့သည့် အချိန်ကို ကျွန်တော်တို့ ပြန်မသွားနိုင်ပါ။ ကျွန်တော်တို့ လုပ်နိုင်သည်က ယခု ပစ္စုပ္ပန်နှင့် လာမည့် အနာဂါတ်ကာလကို ဘယ်လို ဖြတ်သန်းကြမည်ကိုသာ ဖြစ်ပါသည်။ ပဲခူးတွင် ရှင်စောပု နန်းစိုက်သည့်အတွက် ပဲခူးသည် မွန်လူမျိုးများ နေပြည်တော် ဖြစ်ခဲ့ခြင်းနှင့် ယနေ့ ပဲခူး၏ အခြေအနေသည် မတူတော့ပါ။ ဘုရင်စံနစ်လည်း မရှိတော့ပါ။

နှစ်တွေ ခေတ်တွေက ပြောင်းလဲ သွားခဲ့ပါပြီ။ ပြောင်းလဲသော ခေတ်နှင့်အညီ ကျွန်တော်တို့ မိမိပြည်သူတွေ ဘဝ သာယာရေး၊ ခေတ်မှီရေး၊ စာပေယဉ်ကျေးမှုကို ထိန်းသိမ်းထားနိုင်ရေး၊ တန်းတူ အခွင့်အရေး အညီအမျှ ရရှိရေး၊ လူ့အခွင့်အရေး အပြည့်အဝရရှိရေး၊ ပြည်နယ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးတို့သည်သာ အဓိကကျသည်ဟု မြင်ပါသည်။

ဗမာပြည်က ခွဲထွက်ပြီး ငါတို့နိုင်ငံ ငါတို့တည်ထောင်တော့ကော ဘာဖြစ်လဲကွ ဆိုသူတို့ကို တခုတော့ ပြောချင်ပါသည်။ လွန်ခဲ့သော နှစ် ၃၊ ၄ နှစ်ခန့်က ဟန်ညောင်ရွှေ၏ အစ်ကိုကြီးဖြစ်သူ တိုက်ဂါးညောင်ရွှေမှ သူ့ကို ထောက်ခံသူ ၁၀ ဦးနှင့် ရှမ်း သမ္မတ နိုင်ငံကို ထူထောင်လိုက်ကြောင်း၊ သူသည် ရှမ်း သမ္မတ ဖြစ်ကြောင်း ကြေငြာလိုက်သည်။[12] တကယ့်လက်တွေ့တွင် ရှမ်းနိုင်ငံမပေါ်ပေါက်လာခဲ့ဘဲ ရှမ်းပြည်နယ်ရှိ ရွာများကို နအဖ ထိုးစစ်ဆင်လာသဖြင့် ရွာသူရွာသား ၆၀၀ ကျော် ယိုးဒယားပြည်ထဲ ထွက်ပြေးလာရသည်က အမြတ်ထွက် သွားသည်။ တိုက်ဂါးကတော့ ကနေဒါနိုင်ငံ ပြန်သွားရုံဘဲရှိသည်။ သမ္မတ ဟု ကိုယ့်ကိုကိုယ် ကြေငြာလိုက်ရ၍ အာသာပြေသွားပုံရသည်။ ရှမ်းပြည်သူများကတော့ ပို၍ ဖိနှိပ်လာမှုကြောင့် မြို့ရွာပစ်ပြေးလာခဲ့ရသည်။ ဆိုလိုသည်မှာ ထိုကဲ့သို့ မစို့မပို့ လုပ်ရပ်များက နအဖ၏ တိုင်းပြည်ကြီး ပြိုကွဲတော့မည်ဆိုသည်ကို တိုက်ရိုက် ထောက်ခံနေသည်ကို မိမိကိုယ် မိမိ သတိပြုမိ၏လောဟု မေးလိုက်ချင်ပါသည်။

တိုင်းရင်းသား သက်သက်မဟုတ်ဘဲ ကိုယ့်လူမျိုးအားလုံးကို ဖိနှိပ်ကျွန်ပြု အုပ်ချုပ်နေသော စစ်အာဏာရှင်စံနစ်ကို အတူတကွ တွန်းလှန်ဘို့ စိတ်မကူးဘဲ၊ ဗမာမုန်းတီးရေး စိတ်ဖြင့် “ခွဲထွက်တယ်ကွ” ဟု “နံမည်ဝှက်” ဖြင့် အော်နေကြသူတို့ကို သူတို့နောက်တွင် ခွဲထွက်ရန် မဆိုထားနှင့် လက်နက်ကိုင်တပ်ဖွဲ့ ရှိနေပြီလားဟု မေးချင်ပါသည်။ များသောအားဖြင့် လူမျိုးရေးစိတ်ဓာတ်ဖြင့် ပြောနေသူများတွင် စစ်အာဏာရှင် တို့ကို တောက်လျှောက် ဆန့်ကျင်လာသောသူသည် မရှိသလောက်ပင်ဖြစ်သည်။ ထိုလူတို့သည် လက်နက်ကိုင် တော်လှန်ရေး မဆင်နွှဲဖူး၊၊ သေနတ်တောင် မကိုင်ဖူးသူက လူများစုဖြစ်သည်။ ထို့ပြင် နိုင်ငံခြား တိုင်းပြည်ရောက်မှ လက်သီးလက်မောင်းတန်းပြီး အလွန်ပြတ်သားသည့် ရဲရဲတောက်စကားများ ပြောနေကြ သည်မှာ စိတ်ပျက်စရာ ကောင်းလှပါသည်။

ချင်းပညာတတ်တစုနှင့် အင်တာနက်တွင် လွန်ခဲ့သော (၁၀) ကျော်က အပြန်အလှန် စာရေးဖြစ်သည်။ ၎င်းတို့ထဲတွင် ဆလိုင်းကစ်ဆိုသူတယောက်တော့ မှတ်မိနေပါသည်။ ၎င်းတို့ အုပ်စုမှ ကျွန်တော့အား “မင်းတို့ ဗမာလူမျိုးကြီး စိတ်ဓာတ်ရှိလို့ NDF ထဲကို ABSDF က မဝင်တာ မဟုတ်လား” ဟု စွပ်စွဲခဲ့ပါသည်။ ထိုစာရတော့ ကျွန်တော် ဟက်ဟက်ပက်ပက် ရယ်မောခဲ့ရဖူးပါသည်။ ကျွန်တော့ကို စွတ်စွဲသော ထိုချင်းပညာတတ်များသည် မည်သို့မည် ပုံ ဂျာမဏီသို့ ရောက်လာသည် မသိသော်လည်း ၎င်းတို့ ပြောစကားများအရ ၎င်းတို့သည် တော်လှန်ရေးနယ်မြေထဲမှ လာသူများမဟုတ်ကြောင်းတော့ သေချာသွားခဲ့ ပါသည်။

ကျွန်တော်က NDF သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ သတ်သတ် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ဗမာလူမျိုးသည် လူမျိုးကြီးဖြစ်သဖြင့် ပါဝင်ခွင့် မရှိပေ။ ထို့ကြောင့် ABSDF ပေါ်လာသည့်အခါ NDF ခေါင်းဆောင်များက ABSDF ကို ပါဝင်စေချင်သဖြင့် DAB ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း ထို့ကြောင့် ၎င်းတို့ စွတ်စွဲချက်မှာ မမှန်ကြောင်း ရှင်းလင်းရေးသားလိုက်သည့်အခါ ၎င်းတို့အသံ တိတ်သွားခဲ့ပါသည်။

ကျွန်တော်က ဆက်လက်၍ ကိုတင်မောင်ဦးသည် ချင်းလူမျိုးဖြစ်သည်။ သူသည် ဗမာပြည်တခုလုံးကို ကိုယ်စားပြုသည့် ကျောင်းသားခေါင်းဆောင်လည်းဖြစ်သည်။ ၎င်းတို့သည် ကိုတင်မောင်ဦးကဲ့သို့ တပြည်လုံး၏ ကျောင်းသားခေါင်းဆောင် မဖြစ်နိုင်ဟု ပြောသည့်အပေါ် ၎င်းတို့ထဲမှာ တဦးက ဘာကြောင့် သူတို့အနေနှင့် မဖြစ်နိုင်သနည်းဟု ပြန်လှန်မေးခဲ့သည့်အခါ ကျွန်တော်က ကိုတင်မောင်ဦးသည် တပြည်လုံးအတွက် တိုက်ပွဲဝင်ခဲ့၍ တပြည်လုံးက သူ့ကို ကျောင်းသားခေါင်းဆောင်ဟု အသိအမှတ်ပြုခြင်းဖြစ်ကြောင်း ၎င်းတို့မှာမူ မိမိလူမျိုးစု တခုတည်းကိုသာ ပြောဆိုနေသည့်အတွက် လူမျိုးစုခေါင်းဆောင်ထက်ပို၍ ဖြစ်လာစရာမရှိကြောင်း ရှင်းလင်းခဲ့ရဘူးပါသည်။

နိဂုံးအားဖြင့် ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်ကို လီနင်က စာရေးသားထားခဲ့သော်လည်း လီနင် တည်ထောင်ခဲ့သော ကွန်မြူနစ်ပါတီက ခွဲထွက်လိုသူ မှန်သမျှကို သတ်၊ အစုလိုက် အပြုံလိုက် အကျဉ်းစခန်းများဆီသို့ပို့နှင့် ရက်ရက်စက်စက် ဖိနှိပ်ချုပ်ချယ်ခဲ့သည်မှာ ဓာတ်ပုံမှတ်တမ်းများနှင့် ရှိပါသည်။ တရုတ်အားပေးမှုနှင့် သီဟာနုအစိုးရကို ဖြုတ်ချပြီး တက်လာသော ခမာနီ ပိုပေါ့ အစိုးရ၏ Killing Field လူသတ်ကွင်းသည် ကိုယ့်လူမျိုး အချင်းချင်း လူတသန်းကျော် သုတ်သင်မှုကို ကျူးလွန်စေခဲ့ပါသည်။[13] ဖက်ဆစ်ဂျာမဏီဟစ်တလာ၊ ကွန်မြူနစ်စတာလင် အစိုးရ၊ မော်စီတုံး၏ ယဉ်ကျေးမှု တော်လှန်ရေး[14]သည် ကမ္ဘာက ကြက်သီးထလောက်အောင် ရက်စက်ကြမ်းကြုတ်မှုများဖြင့် သမိုင်းတင်ထားခဲ့ရပါသည်။ ထိုကြောင့် ပြည်ထောင်စုသားအားလုံး စစ်အာဏာရှင်အောက်မှ ရုန်းထွက်ပြီး နောက်ထပ် တပါတီ အာဏာရှင်စံနစ်ဆီ သို့ မရောက်ရေးမှာ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါသည်။ ဗမာပြည်ကွန်မြူနစ်ပါတီသည် တရုတ်နောက် လိုက်လုံးလုံးဖြစ်ခဲ့ပြီး တရုတ်ပြည်မှ မော်စီတုံး တတိယမိန်းမ ချန်ချင်းနှင့် ဝမ်ဟုတ်ဝင်းတို့ ဦးဆောင်သည့် လေးဦးဂိုဏ်းမှ ယဉ်ကျေးမှု တော်လှန်ရေးလုပ်သည့်အခါ တောထဲတွင်ပင် ကိုယ့်ရဲဘော်ကိုယ် သတ်ဖြတ်ခဲ့သည့် သာဓက ရှိခဲ့ပါသည်။
၁၉၄၈ မတ်လ (၂၇) ရက် တော်လှန်ရေးနေ့မှာ သခင်သန်းထွန်းက ဗန္ဓုလပန်းခြံမှာ ဟောပြောပွဲလုပ်၊ သခင်နုက အာဇာနည်ကုန်းမှာ ဟောပြောပွဲ လုပ်ခဲ့ကြတဲ့အခါ ဦးနုက သွေးထွက်သံယို ဖြစ်မဲ့ လမ်းစဉ်ကို မလိုက်ကြပါနဲ့၊ ငြိမ်းချမ်းရေး လမ်းစဉ်ကို လိုက်ကြပါ။ ကွန်မြူနစ်တွေ၊ ဆိုရှယ်လစ်တွေ၊ ပြည်သူ့ရဲဘော်တွေ အစရှိတဲ့ နိုင်ငံရေးသမားတွေ ညီညွတ်ကြရင် ဝန်ကြီးချုပ်ရာထူးရော ဖ.ဆ.ပ.လ ဥက္ကဋ္ဌ ရာထူးကိုပါ ထွက်ပေးပြီး အများလက်ခံသူကို တင်မြှောက်ပါ့မယ်လို့ ပြောခဲ့သည်။ သခင်သန်းထွန်းက ဖဆပလ အစိုးရကို လက်နက်နဲ့ ဖြုတ်ချရမယ်။ ဗားကရာချောက်ကြီးထဲမှာ ဖဆပလ အလောင်းကောင်တွေဟာ တောင်လို ပုံသွားစေရမယ်လို့ ဆိုခဲ့သည်ဟု တာတာစနေသားမှာ ဖတ်ရှု့ မှတ်သားရပါသည်။[15]
တချို့သူငယ်ချင်းများက အကယ်၍များ ဗမာပြည် ကွန်မြူနစ်ပါတီ အာဏာ အဲဒီအချိန်က ရခဲ့ရင် ပိုပေါ့တို့ထက် စောပြီး ဗမာပြည်သူတွေနဲ့ တိုင်းရင်းသားတွေ သန်းနဲ့ချီပြီး အသတ်ခံရမှာဘဲလို့ ပြောဘူးပါသည်။
သို့ရာတွင် ကျွန်တော့အနေနှင့် ကိုကျော်သန်း ပြောသလို ဗမာပြည် ကွန်မြူနစ်ပါတီသည် ပါတီစုံ စနစ်ကို လက်ခံကျင့်သုံးမည် ဆိုသည်ကို အထောက်အထားလိုပါသည်။ ဗမာပြည် ကွန်မြူနစ်ပါတီက ပါတီစုံကို တကယ်ယုံကြည်ပါ၏လော။ ပါတီစုံ ဒီမိုကရေစီကို လက်ခံပြီး ရွေးကောက်ပွဲဝင်သည့်အခါ အနိုင်ရပါက၊ ပါတီစုံကို တကယ်ကျင့်သုံးပါမည်လောဟု မေးစရာရှိပါသည်။ ပါတီစုံစံနစ်အောက်မှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရသည့်အခါ အတိုက်အခံပါတီများ ရှင်သန်ခွင့်ကို ဖျက်သိမ်း၍ တပါတီစံနစ်နှင့် အုပ်ချုပ်သော ကွန်မြူနစ်များ ရှိ၍ ဖြစ်ပါသည်။ ကျွန်တော်တို့ နောက်တခါထပ်၍တောခိုမတော်လှန်နိုင်တော့ပါ ။

လေးစားစွာဖြင့်

ထွန်းအောင်ကျော်

ဒီဇင်္ဘာလ၂၁ရက်၂၀၁၀ခုနှစ်
နေ့လည်၁၂နာရီတိတိ



ကျမ်းကိုးစာရင်း

(၁) ဗိုလ်မှုးချုပ်ဟောင်းကျော်ဇော ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိပေါင်းချုပ်၊ ဆိုင်စုမှသည် မန်ဟိုင်းဆီသို့ ၊ Duwun Publishing, 2007 1st Edition
(၂) ဦးနု၊ တာတေစနေသား (Satunday’s Son) ၁၉၉၈၊ 1st Edition Irrawaddy Publishing, New Delhi
(၃) ဦးနု၊ ငါးနှစ်ရာသီ ဗမာပြည် (၁၉၄၁- ၄၅)
(၄) ပင်လုံညီလာခံသမိုင်းစဉ်အကျဉ်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မတီဋ္ဌာနချုပ်၊
(၅) သိန်းဖေမြင့်ရေး ကျော်ငြိမ်း ရွှေပြည်တန်စာအုပ်တိုက် ဧပြီလ ၁၉၆၁နှစ် ဒုတိယအကြိမ်။
(၆) ဗမာ့အရေး (စာရေးဆရာညွန့်ပေါင်းရေးသည်) ထပ်မံတည်းဖြစ်သူ မောသီရိ, 1st Edition 2003, Irrawaddy Publishing, New Delhi.
(၇) သိန်းဖေမြင့်၏ တော်လှန်ရေးကာလနိုင်ငံရေးအတွေ့အကြုံများ (တတိယအကြိမ် ) ယမုံနာစာပေ ၁၉၇၆ခု နှစ်
(၈) Moying Li, Snow Falling in Spring, Coming of age in China during the Cultural Revolution. Melanie Kroupa Books,1st Edition 2008.
(၉) Vladimir V. Kusin, Political Groups in the Czechoslovak Reform Movement, Columbia University Press, New York 1972.
(၁၀) Noel Barber, Seven Days of Freedom The Hungarian Uprising 1956, Stein and Day Publishers, New York 1st Edition 1974.
(၁၁) The Secret Speeches of Chairman Mao, Edited by Roderick MacFarquhar, Timonthy Cheek, and Eugene Wu, Havard Contemporary China Series 6, Harvard University Press 1989.
(၁၂) Richard Evans, Deng Xiaoping and the making of Modern China, Penguin Books 1997
(၁၃) China Since the ‘Gang of Four’, Edited by Bill Brugger, St. Martin’s Press, New York 1980.
(၁၄) Timothy Cheek, Mao Zedong and China’s Revolutions, A Brief History with Documents
(၁၅) The Czech Black Book, Edited by Robert Littell, Frederick A. Praeger Publishers, New York, 1969.
(၁၆) What Happened in Czechoslovakia, An account of the Government crisis in February 1948, 1st Edition, Published in April 1948 by Orbis, Prague..
(၁၇) Czechoslovakia’s Blueprint for “Freedom”, Dubcek’s Statements- The Original and official Documents Leading to the Conflict of August, 1968, Introduction & Analysis by Paul Ello, Ph.D, Georgetown University School of Foreign Service, Published by Acropolis Books, Washington D.C 20009, Second Printing, October 1068. Colortone Creative Printing.
(၁၈) John F. Cady, A History of Modern Burma, Cornell University Press, Ithaca, New York, First Published 1958
(၁၉) Frank N.Trager, Bulilding a Warfare State in Burma 1978-1986




Foot Notes
[1]ဦးနု၊ “တာတေစနေသား” ၊ စာမျက်နှာ ၁၀၅, 1st Edition 1998 Irrawaddy Publishing, New Delhi
ဗိုလ်မှုးချုပ်ဟောင်းကျော်ဇော, “ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိပေါင်းချုပ်၊ ဆိုင်စုမှသည် မန်ဟိုင်းဆီသို့” ၊ Duwun Publishing, 2007 1st Edition, page 114.

[2] http://www.facebook.com/pages/Mass-killings-under-Communist-regimes/142863745728259
The Black book of Communism, Crimes, Terror, Repression; published in 1997 in France under the title of “Le Livre noir du communisme: crime, terreur, re’pression by Editions Robert Laffont. In the United States it is publish by Harvard University press, 1999 in English translation By RJ Rummel. : Also read on line at:
www.hup.haveard.edu/catalog.php?isbn=9780674076082
www.mega.nu/ampp/rummel/com.art.htm


[3] Eastern Europe After the Soviet Invasion of Czechoslovakia, William E Griffith, Rand Publication, 1968, Document number P-3983, pages :45, series: paper.
www.rand.org/pubs/papers/P3983.html


[4] http://www.globalsecurity.org/military/world/war/hungary.htm


[5] Estonia: The singing Revolution, desire for Freedom
http://www.youtube.com/watch?v=DA9PmZo-2jo
http://www.youtube.com/watch?v=gyujmx-6ypU&NR=1


[6] ဗမာ့အရေး (စာရေးဆရာညွန့်ပေါင်းရေးသည်) ထပ်မံတည်ဖြစ်သူ မောသီရိ, ပထမအကြိမ်ပုံနှိပ်ခြင်း၂၀၀၃ ခုနှစ် စာမျက်နှာ ၇၆

[7] ဦးနု၊ တာတေစနေသား, ။ စာမျက်နှာ ၁၂၄

[8] http://www/globalsecurity.org/military/world/war/tibet.htm
http://www.dailymotion.com/video/xcnguu_totalitarian-china-un-modelstate-fo_news

[9]Dru Glodney သည် Pamona Collage ရှိ Pacific Basin Institute ၏ ဥက္ကဋ္ဌဖြစ်ပါသည်။

[10] http://en.wikipedia.org/wiki/Tibetan_sovereignty_debate
http://www.cbsnews.com/video/watch/?id=3378612n


[11] Washington Post July, 2009.
http://www.usatoday.com/news/world/2010-07-05-xinjiang_N.htm
http://online.wsj.com/article/SB124701252209109027.html



[12] http://burmadigest.wordpress.com/2006/02/12/shan-people-shan-state-shan-government/
http://www.taipeitimes.com/News/front/archives/2005/04/29/2003252392
http://www.shanland.org/oldversion/index-770.htm


[13] http://www.time.com/time/world/article/0,8599,1879785,00.html
http://www.yale.edu/cgp/
http://www.google.com/images?oe=utf-8&rls=org.mozilla%3Aen-US%3Aofficial&client=firefox-a&q=Khmer+rouge&um=1&ie=UTF-8&source=univ&ei=xicQTYCuNcL58Ab16PyaDg&sa=X&oi=image_result_group&ct=title&resnum=4&ved=0CEkQsAQwAw&biw=1280&bih=588


[14] China’s Cultural Revolution, 1966- 1969, Not a Dinner Party, Michael Schoenhals,(Editor)
Mao Zedong and China’s Revolutions: A Brief History with Documents ( The Bedford Series in History and Culture) Timothy Cheek (Author)
http://www.enotes.com/genocide-encyclopedia/mao-zedong
http://en.wikipedia.org/wiki/Cultural_Revolution
http://library.thinkquest.org/26469/cultural-revolution/


[15]ဦးနု၊ “တာတေစနေသား” ၊ စာမျက်နှာ ၁၂၉

Wednesday, December 22, 2010

0 တိုင်းရင်းသားဒေသများတွင် နအဖမှ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းအပေါ် ကန့် ကွက်ကြောင်း ဗမာနိုင်ငံဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများတပ်ပေါင်းစုမှ ကြေညာ။


ဗမာနိုင်ငံဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများတပ်ပေါင်းစုမှ ဌက္ကဌကိုမင်းသိမ်းမှဘီဘီစီအားလှုပ်ရှားမှုအကြောင်းပြောဆိုချက်အသံဖိုင်
Statement No-5-2010 of UFBAD
တိုင်းရင်းသားဒေသများတွင် နအဖမှ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းအပေါ် ကန့် ကွက်ကြောင်း ဗမာနိုင်ငံဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများတပ်ပေါင်းစုမှ ကြေညာလိုက်သည်နှင့်အတူ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းရှိ မြို့ နယ်ပေါင်း (၂၀) ကျော်တွင် အောက်ဖေါ်ပြပါ စာရွက်များအား ဖြန့် ဝေခဲ့ကြပါသည်။


0 ဥိးသန်းရွှေကို ထောက်ခံခြင်း ( ရေးသားသူ..ကောင်းကင်ကလူ )

မြန်မာနိုင်ငံတွင် မဖွံ့ဖြိုးသည့်ကဏ္ဍ မရှိဟု ဗိုလ်သန်းရွှေမှ သင်တန်းဆင်းပွဲအခမ်းအနားတစ်ခုတွင် ခပ်တည်တည်ပြောကြားသွားခဲ့သည်။

ကျွန်ပ် အနေနှင့်လည်း တာဝန်သိအမျိုးချစ်ပြည်သူတယောက်ပီသစွာ ခပ်ပြောင်ပြောင် ဖော်လိုလိုက်ရသည်ရှိသော်-

စက်မှုလယ်ယာ။ ။ လယ်ယာသုံး စက်ပစ္စည်းများကို မယူမနေရ အိမ်တိုင်ယာရောက် လက်ငင်း အကြွေး အဆင်ပြေသလို ဝေငှပြီးသဖြင့် လယ်ယာသမားတိုင်း အနည်းဆုံး စက်တစ်လုံး ပိုင်ဆိုင်နေကြပြီဖြစ်သည်။

လက်မှုလယ်ယာ။ ။ စာရွက်စာတမ်း နှင့် စာရင်းဇယားပေါ်တွင် လျာထားချက်ထက် ကျော်လွန်၍ ထွက်ရှိနေလျက်ရှိသည်။

စိုက်ပျိုးရေး ။ ။ UNODC မှပင် အသိအမှတ်ပြုရသည်အထိ ဘိန်းစိုက်ပျိုးရေးတွင် အထူးဖွံ့ဖြိုးတိုးတက် နေသည်။ နောင်အနာဂတ်တွင် ကမ္ဘာ့နံပါတ်တစ် ဘိန်းစိုက်ပျိုးထုတ်လုပ်ရာဒေသအဖြစ်ရောက်ရှိအောင်
အစွမ်းကုန်ဆောင်ရွက်သွားမည်ဟုလည်း သက်ဆိုင်သူများမှ ကတိပြုပြောကြားထားသည်။

စွမ်းအင် ။ ။ နောက်ချေး မှ လျှပ်စစ်ဓါတ်အား ထုတ်ယူသုံးစွဲခြင်း။ ကြက်ဆူဆီမှ လောင်စာဆီထုတ်ယူသုံးစွဲခြင်းဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံများကပင် လက်ဖျားခါသွားရသည်အထိ တိုးတက်လျက်ရှိသည်။ သို့သော် သနားကြင်နာတတ်သော မြန်မာနိုင်ငံသားများသည် တိရိစ္ဆာန်များကို
မနှိပ်စက်လိုသဖြင့် အစိုးရမှ ဖြန့်ဖြူးပေးသော ဓါတ်အားကို သာ သုံးစွဲကြသော်လည်း နိုင်ငံနှင့်အ၀ှမ်း မီးလာချိန်တွင် ထိန်ထိန်လင်း နေသည်ကို တွေ့ရသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားသဖြင့်လည်း ကြက်ဆူအစားထိုး ဒီဇယ် ဓါတ်ဆီများကိုသာ အများဆုံးသုံးစွဲနေကြလျက်ရှိသည်။

ကာကွယ်ရေး ။ ။ ဂျီသရီး မီးကျိုးမောင်းပျက် သေနတ်မှသည် အဏုမြူလက်နက် တပ်ဆင်ရန်ကြိုးပမ်းသည်အထိ ကြောက်ခမန်းလိလိ တိုးတက်လျက်ရှိသည်။ နှစ်စဉ် တပ်မတော်အရာရှိများ အများအပြားမွေးထုတ်နိုင်နေသဖြင့် နောင်အနာဂတ် တပ်မတော်တွင် စစ်ဆင်ရေးဆင်နွဲရာ ၌ ဗိုလ် အဆင့်ကို အနိမ့်ဆုံးအဖြစ် သတ်မှတ်နိုင်လာတော့မည်ဖြစ်သည်။ ပြည်တွင်းရေးတည်ငြိမ်မှုကို
ဖျက်ဆီးနိုင်သော အေးချမ်းစွာဆန္နပြမှုများကို ဖြိုခွင်းရန် ဖွင့်လှစ်သော တိတ်တိတ်ပုန်း တုတ်သိုင်း သင်တန်းများတွင်လည်း နေ့စားလပေး စွမ်းအားရှင်များ တက်တက်ကြွကြွ တက်ရောက်လျက် မခံမရပ်နိုင်သောပြည်သူများ အမည်ကိုခံယူရန် အဆင်သင့်ဖြစ်နေကြလျက်ရှိသည်။

ပညာရေး ။ ။ ဗိုလ်ချုပ်ကြီးများနှင့် စူပါ စီးပွါးရေးသမားများ၏ သားသမီးများအားလုံးနီးပါး နိုင်ငံခြားကျောင်းများတွင် ပညာသင်ယူနေနိုင် ကြပြီဖြစ်သည်။ ပြည်ပတွင် မတက်ရောက်နိုင်သူများကိုလည်း အေးချမ်းစွာပညာသင်ကြားနိုင်ရန် ရည်ရွယ်၍ တက္ကသိုလ် များကို မြို့ပြင်ရွာနီးချုပ်စပ်များသို့ ပို့ဆောင်ပေးထားပြီးဖြစ်သည်။ ပြည်တွင်းတွင်လည်း ၀ိဇ္ဖာ သိပ္ပံ နေ့တက် / အဝေးသင်၊ အင်ဂျင်နီယာ ၊ ရှေ့နေ ၊ဆရာဝန် ၊မဟာဘွဲ့၊ ပါရဂူဘွဲ့ စသည့် ပညာတတ်များ စက်နှင့်လှည့်ထုတ်သကဲ့သို့ အရေအတွက်များစွာ နှစ်စဉ်ပေါ်ထွန်းနေပေသည်။ အထူးတိုးတက်သည့်အချက်မှာ ဘွဲ့ရ ပညာတတ်အားလုံးနီးပါး အမိမြန်မာစာကို ကောင်းစွာ ရေးတတ် ဖတ်တတ် ပြောဆိုတတ်ကြခြင်းဖြစ်သည်။ နိုင်ငံတ၀န်းလုံးအတိုင်းအတာ အရဆိုလျှင် စာမသင်နိုင်သူများမှလွဲ၍ အားလံုး စာတတ်မြောက်နေပြီဖြစ်ကြောင်း ၀မ်းမြောက်ဖွယ်တွေ့၇ှိရပေသည်။

အလုပ်အကိုင်အခွင့်အလမ်း ။ ။ သိသာထင်ရှားစွာပင် တိုးတက်နေပြီဖြစ်သည်။
ဘွဲ့ရလူငယ်များအနေဖြင့် ဆိုက်ကားသမား ၊ ကွမ်းယာသည် ၊ဂျာနယ်လက်ပွေ့ရောင်းသူ အစရှိသဖြင့် တပိုင်တနိင် ကိုယ်ပိုင်လုပ်ငန်းကို လွတ်လွတ်လပ်လပ် ထူထောင်နိုင်သကဲ့သို့ အရောင်းစာရေး ။ စားပွဲထိုး ။ စပယ်ရာ စသည့် လခစားအလုပ်များတွင်လည်း ထိုက်ထိုက်တန်တန် လစာများဖြင့်
ဝင်ရောက်လုပ်ကိုင်နိုင်ကြပြီ ဖြစ်သည်။ အစိုးရ၀န်ထမ်း အပိုင်းတွင်လည်း အသိပညာ အတတ်ပညာများ လွန်စွာပြည့်စုံသည်ဟု ထင်ရသော အရပ်ဝတ်လဲ ပုဂ္ဂိုလ်များကို ထိပ်ပိုင်းရာထူးများတွင် တာဝန်ယူစေပြီးဖြစ်သည်။ ပညာမတတ်သူများပင်လျှင် အနှိပ်ခန်း။ ကာရာအိုကေ။ အလှပြင်ဆိုင်။
နိုက်ကလပ်များတွင် လွယ်လင့်တကူ လုပ်ကိုင်နီုင်ရန် လမ်းဖွင့်ပေးထားလျက်ရှိသည်။ ကလေးသူငယ်များမှအစ လ္ဘက်ရည်ဆိုင်တွင် စားပွဲထိုးနေပြီဖြစ်သဖြင့် မကြာမတင်ကာလတွင် ကမ္ဘာ့အလယ်
အလုပ်လက်မဲ့အနည်းဆုံးနိုင်ငံအဖြစ် ၀င့်ထည်နိုင်တော့ မည်ဖြစ်သည်။

ဆန်၊ ဆီ၊ သားငါးရေထွက်ပစ္စည်း ။ ။ အခြေခံစားကုန်များအားလုံး ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးပေးနိုင်မှုကြောင့် ငွေကြေးတတ်နိုင်သူအားလုံး အလွယ်တကူ ၀ယ်ယူစားသုံးနိုင်နေပြီဖြစ်သည်။ စားသုံးရန် မသင့်တော်သော ပုစွန်ထုပ်ကြီးများ ၊ ငါးသလောက်အကောင်ကြီးများ ၊ စံမီ ငါးရှဥ့်များကို
နိုင်ငံတော်မှ အနစ်နာခံကာ အခြားတိုင်းပြည်များသို့ တင်ပို့ရောင်းချပေးလျက်ရှိသည်။
ကုန်ဈေးနှုန်းများလည်း တည်ငြီမ်၍ ငွေကြေးဖောင်းပွမှုနှုန်း အလွန်နည်း သဖြင့် ပြည်သူအများစုမှာ ကန်စွန်းရွက်နှင့် ငါးပိကဲ့သို့သော ဗီတာမင်ပြည့်ဝသည့်အစာများကို နေ့စဉ် စားသုံးနိုင်လျက်ရှိကြသည်။

ဆက်သွယ်ရေး ။ ။ ပြည်သူများ ကွန်ပြူတာ အင်တာနက်နှင့် ထိတွေ့ချိန်ပိုမိုများပြားစေရန် ရည်ရွယ်၍ အင်တာနက်လိုင်းများ နှေးကွေးစေခြင်းဖြင့်လည်းကောင်း ။ အကျော်အခွ ဗဟုသုတတိုးပွါးစေရန် ရည်သန်၍
နိုင်ငံရေး ဆိုဒ်များကို ဘန်းထားခြင်းဖြင့် လည်းကောင်း အဘက်ဘက်မှ စနစ်တကျမြှင့်တင်လျက်ရှိသည်။ အခြေခံဆက်သွယ်ရေးဖြစ်သည့် တယ်လီဖုန်းဆိုလျှင်လည်း အနှစ်နှစ်ဆယ်အတွင်း တဖြေးဖြေး
ကြိုးပမ်းလာမှုကြောင့် အနိမ့်ဆုံးဈေးမှာ နိုင်ငံတကာနှင့်ယှဉ်လျှင် အဆတစ်ရာကျော်ကျော်လေးသာ မြင့်တက်နေတော့သည်။ ယခု နှုန်းအတိုင်းဆိုလျှင် နောက်ထပ်အနှစ်လေးဆယ်မှ ခြောက်ဆယ်အတွင်း နိင်ငံတကာနှင့် တန်းတူပြည်သူတိုင်း သုံးစွဲနိုင်မည်ဖြစ်ကြောင်း အားတက်စဖွယ် တွေ့ရှိရသည်။
ဖုန်းလိုင်းများ များပြားလာသကဲ့သို့ ခေါ်မရခြင်း။ စကားသံမကြားရခြင်း။ မတ်ဆေ့ခ်ျ မှားယွင်းရောက်ရှိခြင်း ကဲ့သို့သော အသေးအဖွဲပြဿနာလေးများမှလွဲ၍ ပြည်သူအများစုမှာ စတိုင်ကျကျ ဖုန်းကို ပါးစပ်နားကပ်ပြီး ပြောတတ်နေပြီဖြစ်သည်။

လမ်း/ တံတား ။ ။ လမ်းများ တံတားများကို ငွေအား လူအားမြောက်များစွာ အကုန်အကျခံ၍ တည်ဆောက်ပေးခဲ့သဖြင့် ပြည်သူများမှာ စိတ်အေးချမ်းသာစွာ ထိုက်ထိုက်တန်တန် အခွန်အခပေးပြီး ဖြတ်သန်းသွားလာနိုင်ပြီဖြစ်သည်။ တံတားများမှာလည်း မဟာဗျူဟာကျကျ တည်ဆောက်ထားသဖြင့် ဆူပူမှုရှိလာပါက ဖြတ်တောက်ပိတ်ဆို့လိုက်ခြင်းဖြင့် ပြည်သူများ အေးချမ်းစွာဘာမျှမသိရှိဘဲ
နေနိုင်မည် ဖြစ်သည်။

သတင်းမီဒီယာ ။ ။ မီဒီယာများအနေဖြင့် သတင်းမှန်များကို ကြေးမုံနှင့်မြန်မာ့အလင်းကဲ့သို့ စောင်ေ၇အများဆုံးရိုက်နှိပ်ထုတ်ဝေသော သတင်းစာများတွင် ဖော်ပြခွင့်ရရှိနေကြပြီဖြစ်သည်။ အခြားသော ဂျာနယ်များတွင် ဖော်ပြသောသတင်းများကိုလည်း စာပေစိစစ်ရေးနှင့် သဘောမတွေ့သော
စာမူများမှအပ ကျန်သည့်ကြော်ငြာကဲ့သို့သော အရာများကို လွတ်လပ်စွာ ဖော်ပြခွင့်ရှိနေပြီ ဖြစ်ရာ မကြုံစဖူး ထူးကဲသော မီဒီယာလွတ်လပ်ခွင့်ကို ရရှိနေကြပြီဖြစ်သည်။အနုပညာရှင်များကိုလည်း မသီဆိုရ။ မရိုက်ကူးရ။
မထုတ်လုပ်ရ ဟု ပိတ်ပင်သည်မှ လွဲ၍ အသက်ကိုရန်မရှာဘဲ လွတ်လပ်စွာဖျော်ဖြေနိုင်သည် ဖြစ်ပေသည်။

နိုင်ငံခြားရေး ။ ။ ၁၈ နှစ်ပြည့်ပြီးသူတိုင်း ပြည်ပထွက် အလုပ်လုပ်နိုင်ရေးအတွက် ပတ်စ်ပို့ရုံးတွင် နိုင်ငံသားတိုင်း ထုတ်ယူကိုင်ဆောင်နိုင်ရန် သိန်းဂဏန်းမျှသော ငွေကြေးဖြင့် စေတနာကြီးမားစွာ
ထုတ်ပေးနေလျက်ရှိသည်။ နိုင်ငံတကာဆက်ဆံေ၇းတွင်လည်း တရုတ်နိုင်ငံနှင့်သားအဖ ၊ မြောက်ကိုရီးယားနှင့် သမီးယောက်ဖ သဖွယ်ရင်းနှီးခင်မင်စွာဆက်ဆံလျက်၇ှိရာ ကမ္ဘာ့တလွှားတွင် ရောက်ရှိနေကြသော ရွှေမြန်မာများမှာ မိမိတို့၏ ပတ်စ်ပို့အနီရောင်လေးများကို ပြသလိုက်သည်နှင့် တလေးတစား အရေးပေး ဆက်ဆံခံနေရလျက်ရှိပေသည်။

တွင်းထွက် နှင့် သယံဇာတ ။ ။ကျွန်းသစ်၊ ရေနံ ၊ သဘာဝဓါတ်ငွေ့၊ ပတ္တမြား ၊ကျောက်စိမ်း ၊ သစ်မွှေး ၊ရာဘာ ၊ ကြိမ် အစရှိသည့် ငွေရပေါက်ရလမ်းရှိသည့် အရာအားလုံးကို စီမံကိန်းလျာထားချက်ထက် ကျော်လွန်အောင် တင်ပို့ရောင်းချလျက်ရှိသည်။ ရရှိလာသော ဘဏ္ဏာငွေများမှာ လွန်စွာများပြားသော်လည်း တိုင်းတပါးမှ မျက်စိကျကျူးကျော်မည်စိုးသောကြောင့် စာရင်းမပြဘဲ တာဝန်ရှိသူများက အနစ်နာခံ ထိန်းသိမ်းပေးထားလျက်ရှိသည်။

ကျန်းမာရေး ။ ။ မိမိပိုင်ဆိုင်မှုနှင့် ညီမျှသည့် ကျန်းမာရေးဝန်ဆောင်မှုကို ပြည်သူများ လွယ်ကူစွာ ရရှိနိုင်ကြနေပြီဖြစ်သည်။ ခုတင် ၁၀၀ဆန့်ဆေးရုံ ။ ခုတင် ၃၀၀ ဆန့်ဆေးရုံ စသဖြင့် တိုင်းပြည်အနံ့
တည်ဆောက်ပေးပြီးဖြစ်သဖြင့် ဆေးနှင့် ဆရာဝန်လုံလောက်စွာ မရှိသော်လည်း ပြည်သူများမှာ ထိုခုတင်များပေါ်တွင် အေးချမ်းစွာ ဝေဒနာခံစားရင်း သေရက်ကို စောင့်မျှော်နိုင်နေပြီဖြစ်သည်။ ကျန်းမာေ၇း အတွက် လွန်စွာ အန္တရာယ်ကြီးသော စားအုန်းဆီကို ရောနှောေ၇ာင်းချခြင်းကို စီးပွါးရေး လိုအပ်ချက်အရ မသိချင်ယောင်ဆောင်နေရသော်လည်း ဓါတုဆိုးဆေးများသုံးသော အစားအသောက်နှင့်ဆေးဝါးများကို လုံလောက်သောငွေကြေး မရရှိမချင်း ထုတ်ဝေခွင့်ပိတ်ပင်ထားခြင်းဖြင့် ပြည်သူများ၏ ကျန်းမာေ၇းကို ကာကွယ်ပေးလျက်ရှိသည်။

လူမှုရေး ။ ။ မြေမျို၍ လူမျိုးမပျောက် လူမျိုမှ လူမျိုးပျောက်မည် ဖြစ်သဖြင့် လူကုန်ကူးမှုကို တင်းကျပ်သော ဥပဒေများ ထုတ်ကာ တားဆီးနှိမ်နင်းခဲ့သဖြင့် အာဏာပိုင်အဖွဲ့အစည်းမှလွဲပြီး မည်သူမျှ
မလုပ်ကိုင်ရဲကြသည်ကို လည်း စိတ်ချမ်းမြေ့ဖွယ် တွေ့ရှိနေရသည်။ နိင်ငံလူဦးရေ တိုးတက်မှုနှုန်းနှေးကွေး သဖြင့် တရုတ်နိုင်ငံမှ ဆွေမျိုးပေါက်ဖော်များကို တိုးတိုးတိတ်တိတ် နိင်ငံသားလက်မှတ်ထုတ်ပေးကာ
အမြော်အမြင်ရှိရှိ ဆောင်၇ွက်နေသဖြင့်လည်း မန္တလေး လားရှိုး မြို့များတွင် မြန်မာစစ်စစ်ပြည်သူများမှာ မျက်စိရှုပ်နားရှုပ်သော မြို့တွင်း နေရာများကို စွန့်ခွါ၍ မြို့သစ်များကို ပြောင်းေ၇ွ့နေထိုင်ကာ မျက်စိအေး နားအေး နေထိုင်နိုင်လျက်ရှိပေသည်။

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ။ ။ မုန်တိုင်းဒဏ်ခံပြည်သူများအတွက်
အလှုငွေများကို တက်တက်ကြွကြွ ထိန်းသိမ်းပေးထားခြင်း။ စေတနာ၇ှင်များမှ လှုဒါန်းသော ကယ်ဆယ်ရေးပစ္စည်းများတွင် နာမည်တပ်၍ လှုဒါန်းခြင်း စသည်များကြောင့် နိုင်ငံတော်၏ စေတနာကို သေချာစွာ နားလည်သဘောပေါက်လာလျက်ရှိကြသည်။ အလှည့်ကျမီးလောင်သော ဈေးများကိုလည်း
အမြန်ဆုံးကန်ထရိုက်ပေး၍ အဆင့်မြှင့်ဈေးသစ်တည်ဆောက်နိင်ခြင်းကြောင့်လည်း “ကျန်းမာပါစေ၊ ချမ်းသာပါစေ” ဟူသော မေတ္တာပို့သံများကိုလည်း ဝေေ၀စည်စည် တိုင်းပြည်အနှံ့ ကြားသိနိုင်နေပြီ ဖြစ်သည်။

အားကစား ။ ။ ဤကဏ္ဍတွင်လည်း အထူးတလည် ရှင်းပြစရာမလိုအောင်ပင် တိုးတက်နေသည်မှာ မျက်မြင်ကိုယ်တွေ့ပင်ဖြစ်သည်။ မြန်မာနေရှင်နယ်အာဖရိကန်လိဂ် ကိုလည်း ခြိမ့်ခြိမ့်သဲသဲ ကျင်းပကာ
အရည်အသွေးထက်မြက်သော နိုင်ငံကိုယ်စားပြုဘောလုံးသမားများ မွေးထုတ်ပေးနိုင်ခဲ့ခြင်းကြောင့်လည်း နိုင်ငံတကာပြိုင်ပွဲများတွင် အောင်ပွဲ အလီလီဆင်နိုင်လုနီးနီးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။
နိုင်ငံတော်၏ ထောက်ပံ့အားပေးမှုများကြောင့် အားကစားသမားများမှာလည်း တက်တက်ကြွကြွ ယှဉ်ပြိုင်ကြသည်မှာ မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရန် လက်တကမ်းအလို သို့ရောက်ရှိနေပြီဖြစ်ကြောင်းထင်ရှားနေပေသည်။

ဘာသာရေး ။ ။ မကြုံစဖူးထူးကဲလှစွာသော ချီးမြှောက်မှုများကြောင့် ထောင်ကျ အကျဉ်းသားများပင် သံဃာတော်များကို အားရပါးရ ဖူးမြော်ခွင့်ရရှိနေသော အချိန်အခါဖြစ်သည်။ “လက်ညိုးညွှန်ရာ ဘုရားဖြစ်စေ” ဟုဆိုရမတတ် တည်ထားသော ဘုရားပုထိုးများကြောင့် ပြည်သူပြည်သားတို့မှာ ဘာသာရေးကို ပိုမိုကိုင်းရှိုင်းလာကြသည်မှာ ညဘက် တံခါးခေါက်သံကြားသည်နှင့် ဘုရားတပြီး
ဖြစ်နေသည်အထိပင်။

စီးပွါးရေး ။ ။ သူတောင်းစားကြီးများ ပင် တိုက်ဆောက်ကားစီးနေနိုင်သဖြင့် လွန်စွာ ဂုဏ်ယူဖွယ် ကောင်းလှပေသည်။ တစ်ဦးချင်း ၀င်ငွေတွင်လည်း မြန်မာကျပ်ငွေဖြင့် တွက်ချက်လျှင်သော်လည်းကောင်း ၊အစိုးရငွေလဲလှယ်နှုန်းဖြင့် တွက်ချက်လျှင်သော်လည်းကောင်း လုံးဝနိမ့်ကျနေခြင်းမရှိပေ။ ပြည်သူများမှာလည်း စီးပွါးရေး ချောင်လည်ကြသဖြင့် အိမ်ထောင်စုတခုတွင် အိမ်ဦးနတ်က ဘောပွဲလောင်း၊
အိမ်ရှင်မက နှစ်လုံးထီထိုး ၊ သားကြိးက ကျူတံကိုင် ၊ သမီးငယ်က ချိုင်းဖတ် ချဲတွက် စသဖြင့် အေးအေးလူလူ လုပ်ကိုင်စားသောက်နိုင်ကြပေသည်။ နိုင်ငံတ၀န်း လောင်းကစားလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် တရားဝင်၊ တရားမ၀င် လုပ်ဆောင်နိုင်ခြင်းကိုလည်း အိမ်နီးချင်းနိုင်ငံများကပင် အားကျအတုယူလျက်ရှိနေပေသည်။


ထိုသို့ အဖက်ဖက် ကဏ္ဍစုံမှ လွန်မတန်စွာ ဖွံ့ဖြိုးတိုးတက်နေသော ရွှေမြန်မာနိုင်ငံကြီးကို မည်သူက “မတိုးတက်ပါ ဖွံ့ဖြိုးမှုအနှေးကွေးဆုံးပါ” ဟု သတ်မှတ်ချင်ပါသလဲ။

ကောင်းကင်ကလူ ( ၁၅.၁၂.၁၀ )

ကျမလဲ အိမ်ပြန်ရောက်တိုင်း ဒါလေး ဖတ်ဖတ်ပြီး ရယ်မိလို. အားလုံးကို ရယ်စေချင်တာကတကြောင်း ၊ အများ ဖတ်နိုင်အောင် တစုတစည်းတည်း တင်ပေးပါလို.တောင်းဆိုလာတာကတကြောင်း ၊ ကောင်းကင်ကလူ ရဲ့ ပြောင်မြောက်သော သရော်ဥာဏ်ကို အားပေးချင်တာကတကြောင်းတို.ကြောင့် ပို.စ်အဖြစ်တင်ပေးလိုက်ပါသည် ။ မည်သူမဆို ကူးယူ ဖြန်.ဝေ နိုင်ပါသည်။ ရေးသားသူ ကောင်းကင်ကလူ ဆိုတာလေး ထည့်ပေးစေချင်ပါသည်...

လေးစားစွာဖြင့်
simple views

Tuesday, December 21, 2010

0 BBC မှ ၀ီကီလိခ် တည်ထောင်သူ ဂျူလီယန် အက်ဆန်းအားအင်တာဗျူး


အမေရိကန်သံတမန်လောကရဲ့ နိုင်ငံတကာနဲ့ဆက်ဆံမှု အတွင်းရေးတွေကို ဖွင့်ချနေတဲ့ ၀ီကိလိခ် အင်တာနက်ဝဘ်ဆိုက် ထူထောင်သူ Julian Assange ဟာ လန်ဒန်မြို့ Wandsworth အကျဉ်းထောင်မှာ ဒီဇင်ဘာလ ၇ ရက်နေ့ကစပြီး ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။16နေ့ကတော့ သူ့ကို လန်ဒန်မြို့က တရားရုံးချုပ်က အာမခံနဲ့ လွှတ်ပေးလိုက်ပါတယ်
ဆွီဒင်နိုင်ငံမှာ အမျိုးသမီး ၂ ဦးကို အလိုမတူဘဲ လိင်ဆက်ဆံမှုနဲ့ အလိုရှိနေသူ ဂျူလီယံ အဆန်းဂ်ျ ကို လွှတ်မပေးဘဲ ဆက်ချုပ်ထားဖို့ ဆွီဒင်က ဥပဒေ အကျိုးဆောင်တွေက လန်ဒန်တရားရုံးချုပ်မှာ အယူခံတင်သွင်းခဲ့ပေမဲ့ တရားသူကြီး Duncan Ouseley က အယူခံကို ပယ်ချခဲ့ပါတယ်။ အာမခံငွေအဖြစ် အမေရိကန်ဒေါ်လာ ၃၁၅,၀၀၀ ကို တင်စေပြီးတော့မှ လွှတ်ပေးခဲ့တာဖြစ်ပါတယ်
ဂျူလီယံ အဆန့်ဂ်ျကတော့ ၀ီကီလိခ် ၀ဘ်ဆိုက်ကနေ ဖွင့်ချမှုတွေကို ဆက်လုပ်သွားမယ်လို့ အခိုင်အမာ ပြောကြားလိုက်ပြီး သူ့ကို ထောက်ခံအား ပေးသူ ဗြိတိသျှကြည်းတပ် အရာရှိဟောင်း Vaughan Smith ရဲ့ လန်ဒန်ကနေအိမ်မှာ ဆက်ပြီးနေထိုင်သွားမှာဖြစ်ပါတယ်။ သူဟာ အနီးက ရဲစခန်းမှာ နေ့စဉ်လက်မှတ် သွားထိုးရမှာဖြစ်ပြီးတော့ သူ့ရဲ့ လက်ကောက်ဝတ်မှာလည်း သူ့ကိုခြေရာခံလို့ရတဲ့ အီလက်ထရောနစ် လက်ပတ်ကို ပတ်ထားရပါတယ်။
Ye Thurein Min

0 တောင်ကိုးရီးယားနိုင်ငံ သမ္မတဟောင်း ဧ။် ဇနီးဖြစ်သူ နှင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့ ၏ အပြန်အလှန်ပေးစာ

တောင်ကိုရီးယားနိုင်ငံတွင်ထုတ်ဝေသည် (ဟန်ဂယောလဲ) အမည်ရှိ အထင်ကရ သတင်းစာစောင်တွင် ယနေ့ (၂၀.ဒီဇင်ဘာလ ၂၀၁၀) က တောင်ကိုရီးယားနိုင်ငံရဲ့  ၁၅ ကြိမ်မြောက် သမတ လည်းဖြစ် ၂၀၀၀ ပြည်နှစ် ငြိမ်းချမ်းရေး နိုဗဲလ် ဆုရှင်လည်းဖြစ်ခဲ့သည့် ၂၀၀၉ ခုနှစ် သြဂုန်လ ၁၈ရက်နေ့ က ကွယ်လွန်ခဲ့ သူ သမတ ကြီး မစ္စတာ ကင်(မ်)ဒဲဂျူန်ဧ။် ဇနီးဖြစ်သူ မစ္စယီဟီဟိုက မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ငြိမ်းချမ်းရေးနိုဗဲလ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ထံသို့  ပေးပို့ ခဲ့သည့် စာသ၀ဏ်နှင့် ဒေါ်အောင်ဆန်းစုကြည်မှ ပြန်လည်၍ မစ္စယီဟီဟို ထံသို့  ပြန်လည် ပေးပို့  လိုက်သည့် အပြန်အလှန် စာသ၀ဏ်ကို အထက်ဖော်ပြပါ သတင်းစာ တွင် အထူးသတင်းတရပ် အနေဖြင့် ဖော်ပြထုတ်ဝေခဲ့ပါသည်၊၊

အဆို သတင်းစာတွင်ဖော်ပြပါရှိသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စယီဟီဟို တို့ ၏ အပြန်အလှန် ပေးပိုသည့် စာသ၀ဏ်လွှာကို အမျိုးသားဒီမို ကရေစီအဖွဲ့ ချုပ် လွတ်မြောက်နယ်မြေ ကိုရီးယားဌာနခွဲ မှ အဖွဲ့ ဝင် ကိုဇော်မိုးအောင်မှ အတိအကျ ဆီလျှော်အောင်ဘာသာပြန်ထားသည်ကို အောက်ပါအတိုင်း အများပြည်သူတို့ အနေဖြင့် ဖတ်ရူ့  ရလေအောင်

မျှဝေလိုက်ပါသည်။



မစ္စယီဟီဟိုမှ ဒေါ်အောင်ဆန်းစုကြည်ထံသို့  ပေးပို့ ခဲ့သည့် စာသ၀ဏ်

လေးစားရပါသော ဒေါ်အောင်ဆန်းစုကြည်

နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာသည့်အတွက် ကျမလွန်စွာ ၀မ်းသာပီတိဖြစ်မိပါသည်၊

ဒေါ်အောင်ဆန်းစုကြည်သည် ဒုက္ခဆင်းရဲခြင်းအပေါင်းတို့ကို ရင်ဆိုင်ကျော်ဖြတ်လာသော အောင်နိုင်သူဖြစ်ပါသည်။ ပြီးခဲ့သည့်နှစ်က ကွယ်လွန်သွားရှာသော ကျမ၏ ခင်ပွန်းက နှစ်ပေါင်း (၂၀)လုံးလုံး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကြိုးပမ်းပေးခဲ့ပါသည်။ ၂၀၀၇ ခုနှစ်က တောင်ကိုရီးယားနိုင်ငံရဲ့ ဆိုးလ်မြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲက အဖွဲ့ဝင်များနှင့်အတူ ကိုရီးယားက အထင်ကရ လူကြီးမင်းများအပါအ၀င် လူဦးရေ တထောင်ကျော်တက်ရောက်သော မြန်မာ့ ဒီမိုကရေစီည အခမ်းအနားကို ကျင်းပခဲ့ပြီး ရံပုံငွေများကို ပေးအပ်ခဲ့ပါသည်။ ကျမ ခင်ပွန်းက မသေခင်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့သွားရသည့်အတွက် လွန်စွာ စိတ်မကောင်းဖြစ်မိပါသည်။ နှစ်ဦးသာ တွေ့ခဲ့ကြမယ်ဆိုလျှင် အာရှ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပေးနိုင်မည်ဟု ယုံကြည်ပါသည်။

မြန်မာနိုင်ငံအတွင်း စစ်အုပ်စုမှ ဖမ်းဆီးခံထားဆဲ နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်ကြပါစေ၊ မြန်မာနိုင်ငံမှာ သေချာပေါက် ဒီမိုကရေစီအရေးအောင်မြင်နိုင်ရန်အတွက် ကျမ ဆုမွန်တောင်းပေး

အပ်ပေးပါသည်။ ကျမတို့ ကင်းမ်ဒဲဂျူန် ငြိမ်းချမ်းရေး စင်တာသည် ကျမ ခင်ပွန်း၏ စိတ်ဝင်တစား ကူညီပေးခဲ့သော မြန်မာ့ဒီမိုကရေစီအရေးကို အတူတကွ ကူညီ အားပေးပါမည်၊ သားငယ်နှင့်တွေ့ဆုံခွင့်ရသည့် သတင်းကြားရသည့်အတွက်

ရသည့်အတွက်လည်းကျမ လွန်စွာ ၀မ်းသာပီတိဖြစ်မိပါသည်။

မြန်မာ့ဒီမိုကရေစီအရေး အောင်မြင်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည်၏ လျှောက်လှမ်းနေသော လမ်းခရီး အောင်မြင့်ရေးအတွက်ကို ကျမအစဉ် ဆုတောင်းပေးနေပါမည်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

ယီဟီဟို

၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်

ဒေါ်အောင်ဆန်းစုကြည်မှ မစ္စယီဟီဟို ထံသို့  ပေးပို့ ခဲ့သည့် စာသ၀ဏ်

မစ္စ ယိဟီဟိုရှင်

မစ္စ ယိဟီဟို၏ ကြင်နာမှုအပေါင်းနှင့်ပြည့်စုံသော စာနှင့် ကွယ်လွန်သွားပြီဖြစ်သော မစ္စ ယီဟီဟို၏ ခင်ပွန်းရေးသားသော (ကင်းမ်ဒဲဂျူန်၏ နောက်ဆုံး မှတ်တမ်း - လှပသော ဘ၀နဲ့ သမိုင်းကို တိုးတက်ဖွံ့ဖြိုးအောင်လုပ်မည် ) ကို ပို့ပေးသည့်အတွက် လွန်စွာ ကျေးဇူးတင်ရှိပါသည်။ ကျမက ကိုရီးယားစာကို တိုက်ရိုက် ဖတ်နိုင်မယ်ဆိုလျှင် ကောင်းပါမည်။

ကွယ်လွန်သူ သမတ ကင်းမ်ဒဲဂျူန်သည် ကြီးမားသော ချစ်ခြင်း မေတ္တာနှင့် လေးစားမှုအပေါင်းကို ခံယူထားရသောပုဂ္ဂိုလ်ဖြစ်ပါသည်၊မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေး လှုပ်ရှားသည့် ကျမတို့အပေါင်းအဖော်အပေါင်းတို့သည်

သမတ ကင်းမ်ဒဲဂျူန် ကွယ်လွန်သွားသည့်အတွက် လွန်စွာ နှမြောတမ်းတမိပါသည်။ သမတ ကင်းမ်ဒဲဂျူန်သည် ကိုရီးယား ပြည်သူ့သမတ နိုင်ငံ၏ ထိပ်ဆုံး တာဝန်ကို ရယူပြီးသည့်တိုင် အတိုက်အခံဘ၀ကနေ လုံးဝ ပြောင်းလဲခြင်း မရှိဘဲ ကျမတို့ ဘေးမှာ စောင့်ရှောက်ပေးနေသည့် လေးစားထိုက်သည့် မိတ်ကောင်းဆွေကောင်းပါ။ သမတ ကင်းမ်ဒဲဂျူန်၏ ဂုဏ်ကြီးမားသည့် ထောက်ခံ အားပေးမှုတွေကို မည်သို့သောအခါမှ မေ့ပျောက်ပစ်လို့ ရမှာမဟုတ်ပါဘူး၊ သမတ ကင်းမ်ဒဲဂျူန်သည် ကျမတို့၏ လွတ်လပ်ပြီး ငြိမ်းချမ်းစွာ ပြောင်းလဲ တည်ထောင်နေသည့် မြန်မာ့ အောင်မြေလမ်းခရီးမှာ စံနမှုနာ တင်ထားသင့်သော ပုဂ္ဂိုလ်အဖြစ် ကျန်ရစ်နေမှာပါ။

နှစ်သစ် မင်္ဂလာမှာ ကျန်းမာမှုအပေါင်းနှင့် ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

အောင်ဆန်းစုကြည်

၂၀၁၀ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်

မူရင်းသတင်း ၊

http://www.breaknews.com/sub_read.html?uid=155729

ရန်နိုင်ထွန်း

သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်

လွတ်မြောက်နယ်မြေ၊ကိုရီးယားဌာနခွဲ

၈၂+၁၀+၈၇၂၃-၄၇၇၃



ပေးပို့သောမမြတ်လေးငုံအားကျေးဇူးတင်ရှိပါသည်.

1 ကမ္ဘာကျော်ရုပ်ရှင်မင်းသမီးမီရှဲလ်ယိုး သရုပ်ဆောင်ထားသည့်ဒေါ်အောင်ဆန်းစုကြည်၏ဘဝအကြောင်းရိုက်ကူးထားသော“The Lady” ဇာတ်ကားမှဇာတ်ဝင်ခန်းတချို့

Yeoh, who met Aung San Suu Kyi after her release from her latest period of house arrest, told the Guardian: 'You feel a real sense of calm when you’re with her. She’s a very striking ­figure'
Yeoh, pictured here with David Thewlis, who plays Aung San Suu Kyi's university academic husband
Michelle Yeoh, who plays Aung San Suu Kyi, said of her meeting with the Burmese pro-democracy leader: 'The first thing we did is hug and I thought: "you are really skinny, man"'
Luc Besson, the film's director, said Aung San Suu Kyi was 'more of a heroine than Joan of Arc', and hoped the film would get her ongoing fight better known

photo။ ။

0 Nldဗဟိုအလုပ်အမှူဆောင်အဖွဲ့ဝင်ဦးဟန်သာမြင့်၏သားမင်္ဂလာဆောင်အခမ်းအနားသို့ တတ်ရောက်သော ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ချုပ်လူကြီးများဓာတ်ပုံမှတ်တမ်း





မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ချုပ်လူကြီးတချို့ အင်ယားလိပ်ဟော်တယ်မှာပြုလုပ်သည့်
ဗဟိုအလုပ်အမှူဆောင်အဖွဲ့ဝင် ဦးဟန်သာမြင့်၏ သားမင်္ဂလာဆောင်အခမ်းအနားသို့ တတ်ရောက်
ချီးမြှင့်ပေးသည့်ဓါတ်ပုံအချို့ဖြစ်ပါသည်။
ပေးပို့သော မမြတ်လေးငုံအားကျေးဇူးတင်ရှိပါသည်။

Monday, December 20, 2010

0 သဘာဝဓာတ်ငွေ့ ဝယ်ယူရရှိရေးနဲ့ ပတ်သက်လို့ WikiLeaks အဖွဲ့က နောက်ထပ် ပေါက်ကြားလိုက်တဲ့ အမေရိကန်သံရုံး လျှို့ဝှက်ကြေးနန်း မှတ်တမ်း

“သဘာဝဓာတ်ငွေ့ ဝယ်ယူရရှိရေးနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရရဲ့ လိမ်ညာလှည့်ဖျားတာကို မိမိတို့ ခံနေရတယ်” ဆိုပြီး အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဌာန အရာရှိတဦးက အမေရိကန် ကောင်စစ်ဝန်ကို ပြောဆိုခဲ့ကြောင်း အခုရက်ပိုင်းအတွင်း WikiLeaks အဖွဲ့က နောက်ထပ် ပေါက်ကြားလိုက်တဲ့ အမေရိကန်သံရုံး လျှို့ဝှက်ကြေးနန်း မှတ်တမ်းတခု မှာ ဖော်ပြထားပါတယ်။

၂၀၀၇ ခုနှစ် ဧပြီလ ၂၇ ရက် နေ့စွဲနဲ့ နယူးဒေလီ အမေရိကန်သံရုံးက ပေးပို့တဲ့ ကြေးနန်းစာမှာ အခုလို ဖော်ပြထားတာပါ။ ဒီကြေးနန်းမှတ်တမ်းအရ အဲဒီကာလမတိုင်ခင်လေးမှာ အိန္ဒိယကို လာရောက်ခဲ့တဲ့ စစ်အစိုးရ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အိန္ဒိယ နိုင်ငံခြားရေး အရာရှိ Mohan Kumar က အမေရိကန် ကောင်စစ်ဝန်ကို ရှင်းလင်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံနယ်စပ်မှာ အိန္ဒိယသူပုန်တွေကို နှိမ်နင်းဖို့ မြန်မာဘက်က အကူအညီ ပေးခဲ့တဲ့အတွက် အပြန်အလှန် အနေနဲ့ အိန္ဒိယဆီက လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ တောင်းခံဖို့ ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး လာရောက်ခဲ့တာ ဖြစ်ကြောင်း အိန္ဒိယအရာရှိက ပြောပြတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့ ဝယ်ယူရေးနဲ့ စစ်အစိုးရအပေါ် သြဇာလွှမ်းမိုးရေးမှာ တရုတ်က မိမိတို့အပေါ် အသာစီး ရနေကြောင်း၊ ဒါကြောင့် မြန်မာ စစ်အစိုးရကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ထပ်ဆင့် ဖိအားပေးဖို့ အမေရိကန်က မိမိတို့ကို ဖိအားပေးမယ်ဆိုရင် ဖြစ်စေချင်သလို ဖြစ်လာမှာ မဟုတ်ကြောင်း၊ မြန်မာ့အရေးကို လုံခြုံရေးကောင်စီ တင်သွင်းနိုင်အောင် အိန္ဒိယကို ဖိအားပေးခိုင်း လေလေ မြန်မာစစ်အစိုးရက မိမိတို့ကို ဒေါသတကြီး တုန့်ပြန်လေလေ ဖြစ်ကြောင်း အိန္ဒိယအရာရှိက ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

အမေရိကန် ကောင်စစ်ဝန်က မြန်မာစစ်အစိုးရရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထောက်ပြပြီး အိန္ဒိယ အနေနဲ့ မြန်မာစစ်အစိုးရကို အကူအညီပေးမယ် ဆိုရင် အမေရိကန် အစိုးရက လိုလားမှာ မဟုတ်ကြောင်း တုန့်ပြန်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဆက်လက်ပြီး အိန္ဒိယအရာရှိက အိန္ဒိယ- မြန်မာ ဆက်ဆံရေးဟာ နယ်စပ်က သူပုန်နှိမ်နင်းရေး တခုတည်းသာ ရှိနေကြောင်း၊ သဘာဝဓာတ်ငွေ့ ဝယ်ယူရရှိရေး ကိစ္စမှာ အလိမ်ခံနေရကြောင်း တဲ့တိုး ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံကို အိန္ဒိယရဲ့ အရှေ့အာရှ ပေါင်းကူးတံတားအဖြစ် အသုံးပြုနိုင်မယ့် အခွင့်အရေးတွေလည်း မရရှိခဲ့ကြောင်း ပြောဆိုတယ်လို့ ဆိုပါတယ်။

မြန်မာ စစ်အစိုးရ အရာရှိတွေက သူတို့ဟာ တရုတ်ကို “မုန်းတီး” ကြောင်း၊ တတ်နိုင်ရင် တရုတ်နဲ့ မဆက်ဆံလိုကြောင်း၊ ဒါပေမယ့် အိန္ဒိယထက်စာရင် တရုတ်က ပိုပြီး အားကိုးရတယ်လို့ ခံစားရတဲ့အတွက် ဆက်ဆံနေတာ ဖြစ်ကြောင်း အိန္ဒိယအရာရှိကို ပြောဆိုတယ်လို့လည်း ဆိုပါတယ်။ ဒါ့ပြင် အိန္ဒိယက မြန်မာကို T- 55 အမျိုးအစား တင့်ကားတွေ ရောင်းချပေးမယ်ဆိုတဲ့သတင်း မမှန်ကန်ကြောင်း အဲဒီ အိန္ဒိယအရာရှိက အမေရိကန် ကောင်စစ်ဝန်ကို ပြောဆိုခဲ့တယ်လို့လည်း ဒီကြေးနန်းစာမှာ ဖော်ပြထားပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးအရာရှိရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ပြည်ပရောက် အမျိုးသား ညွန့်ပေါင်းအစိုးရ NCGUB ရဲ့ အိန္ဒိယ အခြေစိုက် ၀န်ကြီး ဒေါက်တာတင့်ဆွေက ဒါဟာ မြန်မာ စစ်အစိုးရက အိန္ဒိယ၊ တရုတ်နဲ့ အမေရိကန် တို့ကို ရန်တိုက်ပေးတာ ဖြစ်တယ်လို့ ပြောပါတယ်။

“ဗမာ ဗိုလ်ချုပ်ကြီး ပြောတာကတော့ အိန္ဒိယ၊ တရုတ်နဲ့ အမေရိကန်၊ သုံးနိုင်ငံကြားမှာ ကစားပြီးတော့ တနည်းအားဖြင့် ရန်တိုက်ပေးရာ ကျတဲ့ သုံးသပ်ချက် ဖြစ်ပါတယ်။ မှန်ကန်တဲ့ သုံးသပ်ချက်တခုတော့ မဟုတ်ဘူးခင်ဗျ။ ဒီ အိန္ဒိယနဲ့ အမေရိကန်ကို ရန်တိုက်ပေးခြင်း အားဖြင့် အိန္ဒိယကနေ မြန်မာ စစ်အစိုးရအပေါ် ပိုလာမယ့် ဖိအားတွေကို လျော့အောင် ကြိုးစားမှု တခုလည်း ဖြစ်တယ်ခင်ဗျ။ သို့သော် ဒီ သုံးသပ်ချက်တွေဟာ ကြာခဲ့ပြီလည်း ဖြစ်ပြီးတော့ ဒီကနေ့ကာလမှာ တရုတ်နဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ အိန္ဒိယ၊ အမေရိကန်နဲ့ ပတ်သက်လို့ ဖြစ်ဖြစ် အခြေအနေတွေကတော့ ပြောင်းသွားပြီ။ ဒီ ပြောင်းသွားတဲ့ အနေအထားတွေဟာ ပြီးခဲ့တဲ့ ကာလတွေမှာ ကျင့်သုံးခဲ့တဲ့ မူဝါဒတွေ၊ ကျဆုံးမှုတွေကို ကြည့်ပြီးတော့ ဒါကို ကြည့်ခြင်းအားဖြင့် အိန္ဒိယ အစိုးရဟာ သူတို့ ၁၈ နှစ်ကျော် ကျင့်သုံးခဲ့တဲ့ အရှေ့မျှော်မူဝါဒရဲ့ အခြေခံ ဗမာပြည်အပေါ်မှာ ချတဲ့မူဝါဒတွေကို ပြောင်းလဲစေဖို့အတွက် ဒါ တွန်းအားတခု ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ယူဆပါတယ်”

Wikileaks အဖွဲ့က ဖော်ပြလိုက်တဲ့ ကြေးနန်းစာမှာ အိန္ဒိယ နိုင်ငံခြားရေး အရာရှိက အမေရိကန် ကောင်စစ်ဝန် ကို မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ဒေါက်တာတင့်ဆွေရဲ့ အမြင် ဖြစ်ပါတယ်။
(RFA)

Sunday, December 19, 2010

0 အေအိုင်ဒီအက် ဝေဒနာရှင်များအား လှူဒါန်းကူညီရန် ရန်ပုံငွေပွဲ


သီးညီနောင် ( ဇီးသီး၊ပန်းသီး၊ကြယ်သီး ) မြစံပါယ်ငုံ ၊ ရွှေရည်ဝင်း တို့နှင့် ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း(PVA) - ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တော် ကျေးရွာသူကြီး တို့ ပူးပေါင်း ကာ အေအိုင်ဒီအက်(စ်)ဝေဒနာရှင်များ အတွက် ရံပုံငွေ ကပွဲ အတွက် ပါဝင်ကူညီနိုင်ကြပါသည်။
ဆက်သွယ်ရန် - ကိုသိမ်းဆန်း ( CLC-1) ၀၈၃-၉၅၅-၈၂၅၅
ကိုကျော်ကျော် ၀၈၇-၅၇၁-၆၂၀၉

0 ပြေတီဦးနှင့်အိန္ဒြာကျော်ဇင် တို့၏ မင်္ဂလာပွဲခြောက်ပွဲ ကျင်းပရန် စီစဉ်မှုနှင့်ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်


သရုပ်ဆောင် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင် တို့၏ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ အတွင်းတွင် မင်္ဂလာပွဲခြောက်ပွဲ ကျင်းပရန် စီစဉ်မှုနှင့် ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်လျက် ရှိသည်ဟု သတင်းရရှိသည်။ ယင်းကဲ့သို့ မင်္ဂလာပွဲခြောက်ပွဲ ကျင်းပပြုလုပ် ခြင်းသည် မြန်မာအနုပညာရှင်တို့၏ မင်္ဂလာ အခမ်းအနားများတွင် အကြိမ်အများဆုံး ကျင်းပပြုလုပ်သည့် မင်္ဂလာပွဲတစ်ပွဲ ဖြစ်လာမည် ဖြစ်ပြီး မင်္ဂလာပွဲများတွင် ၀တ်စုံ၊ ပန်း၊ မိတ်ကပ်၊ လက်ဝတ်ရတနာ၊ ဖိနပ် စသည်တို့ကို စပွန်ဆာပေးမှုများ အနက် အများဆုံး စပွန်ဆာပေးခံရသည့် မင်္ဂလာပွဲတစ်ပွဲလည်း ဖြစ်လာသည်ဟု သိရသည်။

ဇန်န၀ါရီလအတွင်း ကျင်းပပြုလုပ်ရန် စီစဉ်ထားသည့် ပြေတီဦးနှင့်အိန္ဒြာကျော်ဇင် တို့၏ မင်္ဂလာပွဲ အခမ်းအနားမှာ ခြောက်ပွဲ ဖြစ်နေသည့်အပြင် ပြည်တွင်းရုပ်သံလိုင်း တစ်ခုဖြစ်သည့် MRTV 4 တွင် တိုက်ရိုက် ထုတ်လွှင့်ပြသမည့် ပထမဆုံး မင်္ဂလာပွဲ ဖြစ်သည့်အတွက် ပရိသတ် စိတ်ဝင်စားမှု ပိုမိုလာခြင်းနှင့် ဝေဖန်မှုများလည်း ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု သိရသည်။

''နာမည်ကြီး မင်းသားနဲ့ မင်းသမီး နှစ်ယောက်ရဲ့ မင်္ဂလာပွဲဆိုတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ အဓိကတော့ သူတို့ဘာဝတ်မှာလဲ၊ ဘယ်သူတွေက ဘယ်လိုပုံစံနဲ့ လာကြမလဲ၊ စပွန်ဆာတွေ အများကြီး ရထားတာဆိုတော့ အခြား မင်္ဂလာပွဲတွေနဲ့ ဘာကွာမှာလဲ စိတ်ဝင်စားစရာတွေက အများကြီးပေါ့။ MRTV 4 ကလည်း မင်္ဂလာပွဲကို တိုက်ရိုက်လွှင့်မယ်ဆိုတော့အိမ်ကနေ စောင့်ကြည့်ဖို့ စိတ်ကူးထားတယ်''ဟု ရန်ကင်းမြို့နယ်တွင် နေထိုင်သူ တက္ကသိုလ်ကျောင်းသူ တစ်ဦးက ပြောပြခဲ့သည်။

''သူတို့နှစ်ယောက် အနေနဲ့ မင်္ဂလာပွဲကို ခမ်းခမ်းနားနား လုပ်တယ်ဆိုတာ သဘာဝကျပေမယ့် ခြောက်ပွဲလောက် လုပ်တယ်ဆိုတာကတော့ နည်းနည်းများလွန်းသွားသလိုပါပဲ။ ဒါကတော့ အစစအရာရာ ကုန်ကျစရာ သိပ်မလိုဘဲ စပွန်ဆာတွေ ၀ိုင်း ပေးကြတာကြောင့်လည်း ပါမယ်ထင်ပါတယ်။ အခုလို အခြေအနေမျိုးမှာတော့ လူအများစုက သူတို့နှစ်ယောက်နဲ့အတူ လိုက်မပျော်နိုင်ပါဘူးဗျာ။ ကိုယ့်ဒုက္ခနဲ့ကိုယ်ပါ'' ဟု ပရိသတ်တစ်ဦးက ဝေဖန်သုံးသပ်ခဲ့သည်။

ဇန်န၀ါရီလအတွင်း ပြုလုပ်မည့် ပြေတီဦးနှင့်အိန္ဒြာကျော်ဇင် တို့၏ မင်္ဂလာပွဲသည် သတို့သား သတို့သမီး နှစ်ဦးစလုံးမှာ ပရိသတ်အများ စိတ်ဝင်စားသည့် ထိပ်တန်း အနုပညာရှင်နှစ်ဦး ဖြစ်နေခြင်းကြောင့်လည်း မင်္ဂလာပွဲအတွင်း လိုအပ်သည့် ၀တ်စုံ၊ လက်ဝတ်ရတနာမှအစ ပန်း၊ဖိနပ် အထိ အဆုံး အမျိုးစုံ စပွန်ဆာ ၀ိုင်းပေးကြမှုများ ပါဝင်နေခြင်းဖြစ်သည်ဟု ပရိသတ်များကြားတွင် ဝေဖန်သုံးသပ်မှုများ ရှိနေခဲ့သည်။

''နာမည်ကြီး နှစ်ယောက်ရဲ့ပွဲ ဆိုတော့ သူတို့ကို စပွန်ဆာပေးတဲ့ သူတွေကို ဂျာနယ်တွေပေါ်မှာ ကျယ်ကျယ်ပျံ့ပျံ့ ဖော်ပြကြမှာပဲလေ။ တီဗီမှာလည်း လွှင့်ဦးမယ်၊ အခွေလည်း ထုတ်ဦးမယ်ဆိုတော့ သူတို့နှစ်ယောက်ရဲ့ ပွဲတွေနဲ့အတူ စပွန်ဆာ ပေးတဲ့ သူတွေအားလုံးက အကြိမ်ကြိမ် ကြော်ငြာပြီးသား ဖြစ်သွားမှာပဲ။ ဒါကို တွက်ဆမိပြီး စပွန်ဆာပေးကြတာလို့လည်း တွေးလို့ရပါတယ်။ ရုပ်သံမှာ ပြမယ်ဆိုလည်း ပရိသတ် စိတ်ဝင်စားမှုအရ ကြော်ငြာဆိုတာ အများကြီး လက်ခံရနိုင်တယ်လေ။ တစ်နည်းအားဖြင့်တော့ သူတို့ပေါ်မှာ မူတည်ပြီးတော့ အပြန်အလှန် လုပ်စားကြမယ့် ပွဲပဲပေါ့''ဟု ပရိသတ်တစ်ဦးကလည်း ထပ်မံ သုံးသပ်ပြခဲ့သည်။

''ဇန်န၀ါရီလအတွင်း ကျင်းပပြုလုပ်မည့် လက်ထပ်မင်္ဂလာ ပွဲများမှာ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် တောင်းရမ်းမင်္ဂလာကို အိန္ဒြာကျော်ဇင်၏ နေအိမ်၌ လည်းကောင်း၊ ဇန်န၀ါရီလ ၄ ရက်နေ့တွင် လက်မှတ်ရေးထိုး မင်္ဂလာကို Traders Hotel တွင် လည်းကောင်း၊ ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် ဆွမ်းကျွေးမင်္ဂလာကို မဟာစည် သာသနာ့ရိပ်သာတွင် လည်းကောင်း၊ ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် စုလျားရစ်ပတ် ဘိတ်သိတ်မင်္ဂလာကို Sedona Hotel တွင် လည်းကောင်း၊ ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် လက်ထပ်မင်္ဂလာပွဲကို Sedona Hotel တွင် လည်းကောင်း၊ ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် မင်္ဂလာညစာစားပွဲကို InyaLake Hotel တွင် လည်းကောင်း အသီးသီး ကျင်းပပြုလုပ်သွားရန် စီစဉ်ထားသည်ဟု သိရှိရသည်။ ပြေတီဦးနှင့် အိန္ဒြာကျော်ဇင် တို့၏ လက်ထပ်မင်္ဂလာပွဲများအတွက် ၀တ်စုံများအား ဒီဇိုင်နာ ခင်စန်းဝင်း၊ ပြည်စိုးအောင်၊ Vivid၊ Silk & Style၊ Euphoria၊ မိုးကုတ် ပေါက်ပေါက် တို့မှ ကူညီပံ့ပိုးပေးသွားမည် ဖြစ်ပြီး လက်ဝတ်ရတနာများအား She Shine၊ စိန်နန်းတော်၊ှSP Gems တို့မှ ကူညီပံ့ပိုးပေးမည် ဖြစ်သည်ဟု သိရသည်။ လက်ထပ်လက်စွပ်များအား She Shine မှ မင်္ဂလာလက်ဖွဲ့အဖြစ် လက်ဖွဲ့ပေးထားပြီး ပန်းအလှ ဆင်ယင်မှုအတွက် Marvelous, Eternal Flower, ခင်မောင်ဝင်း၊ မာမီကျော် (Malaysia)၊ မစန်းစန်းဦး တို့မှ မေတ္တာဖြင့် ပန်းအလှ ဆင်ပေးသွားမည်ဟု သိရသည်။ ထို့အပြင် ရွှေနဂါးဖိနပ်ဆိုင်မှ စုလျားရစ်ပတ် ဘိတ်သိတ်ပွဲ အတွက် ဖိနပ်များကို မေတ္တာဖြင့် ကူညီပံ့ပိုးပေးသွားမည်ဟု သိရသည်။

ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် ဆီဒိုးနားဟိုတယ်၌ ပြုလုပ်မည့် လက်ထပ်မင်္ဂလာပွဲ ကျင်းပပုံ အစအဆုံးအား MRTV 4 ရုပ်သံဌာနမှ တိုက်ရိုက် ထုတ်လွှင့်ပြသသွားမည် ဖြစ်ပြီး ကျန်မင်္ဂလာပွဲ ငါးပွဲအားလည်း MRTV 4 ရုပ်သံဌာနမှပင် ရိုက်ကူး၍ အပိုင်းလိုက် ပြန်လည် ထုတ်လွှင့်သွားရန် စီစဉ်ထားသည်ဟု သိရသည်။

''ပရိသတ်တွေ တစ်ကယ်စိတ်ဝင်စားလို့ Live လွှင့်မယ်ဆိုရင်တော့ ကြိုဆိုရမှာပေါ့။ မင်္ဂလာပွဲတစ်ခုကို Live လွှင့်တာ မြန်မာပြည်မှာ ဒါပထမဆုံးပါလေ။ ဒါပေမယ့် သတင်းစီးဆင်းမှု ပုံမှန်မရှိသေးတဲ့ ဒီလိုအချိန်မှာ MRTV က Live လွှင့်ပေးမယ်ဆိုတော့ အံ့သြမိပါတယ်။ အခု မင်္ဂလာပွဲက Live လွှင့်ရလောက်တဲ့အထိ ပရိသတ်တွေ တကယ် စိတ်ဝင်စားနေပြီလား။ ပြည်သူတွေ တကယ် စိတ်ဝင်စားတဲ့ သတင်းတစ်ချို့ ပရိသတ်ရှေ့ကို ရောက်မလာနိုင်သေးတဲ့ အချိန်မှာ ဒီလို Live လွှင့်တာအတွက်တော့ မေးခွန်းထုတ်စရာပါ''ဟု Weekly Eleven News Journal မှ အကြီးတန်း အယ်ဒီတာ ကိုနေထွန်းနိုင် ကပြောပါသည်။

''ပရိသတ်တွေအတွက် စံပြမင်္ဂလာစုံတွဲရဲ့ မင်္ဂလာဆောင် တစ်ခု အနေနဲ့ MRTV 4 က Live ရိုက်ပြတာလား။ ဒါဆိုရင်တော့ ကျေနပ်စရာ ကောင်းမှာပါ''ဟု အနုပညာလောကသား တစ်ဦးက ပြောပါသည်။

ပြေတီဦးနှင့်အိန္ဒြာကျော်ဇင် တို့၏ လက်ထပ်မင်္ဂလာ သတင်းနှင့် ပတ်သက်၍ ဂျာနယ်စာမျက်နှာများ၊ Facebook နှင့် အွန်လိုင်းပေါ်ရှိ ၀က်ဘ်ဆိုက်အချို့တွင် သတင်းရေးသား ဖော်ပြမှုများ ရှိနေသကဲ့သို့ ယင်းဖော်ပြမှုများအား ဖတ်ရှု၍ ဝေဖန်ပြောဆိုမှုများ ရှိနေကြောင်း သိရှိရသည်။

source: : http://www.news-eleven.com/

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.