တစ်နေ့သောအခါက ကျွန်ုပ်သည် လူမှုရေးလုပ်ငန်းများ တစ်နေ့တာ ပြီးဆုံးသွားချိန် ကျွန်ုပ်၏ နေအိမ် ဘုရားခန်းအတွင်း အဓိဌာန် ပုတီးစိပ်ခြင်း၊ မေတ္တာပို့သခြင်းများ ပြီးဆုံးသွားချိန် သန်းခေါင်ယံ အချိန်၌ အိပ်စက်အနားယူခြင်း မပြုလုပ်ခင် ကျွန်ုပ်၏ စာအုပ်ဗီဒိုကို မွေနှောက်ဖတ်ရှုစဉ် ကျွန်ုပ်၏ အရင်းနှီးဆုံး သွေးသောက် ဦးသန်းစိန်ထံမှ ရရှိထားသော အဖိုးတန်စာအုပ် တစ်အုပ်ဖြစ်သည့် . . . Sir J.George Scott, K.C.I.E. ရေးသားသော “SCOTT OF THE SHAN HILLS” ဟူသော စာအုပ်ကို လှန်လှောကြည့်မိရာ အောက်ပါ ဓါတ်ပုံနှင့် စာသားများကို တွေ့ရှိတော့သည်။
ယင်းဓါတ်ပုံသည် နိုင်ငံခြားသား (၂) ဦးနှင့်အတူ ဗမာလူမျိုးများ ကတောင်းကျိုက်၍ ဘောလုံးတစ်လုံးနှင့် အမှတ်တရ ရိုက်ကူးထားသော ဓါတ်ပုံဖြစ်နေသည်။ ထို့ကြောင့် ကျွန်ုပ်သည် အလွန်စိတ်ဝင်စားစွာဖြင့် ယင်း အကြောင်းအရာကို ရေးသားထားသော စာပိုဒ်ကို ကြိုးစား၍ ဖတ်ကြည့်မိသည်။ ကျွန်ုပ်၏ အင်္ဂလိပ်စာ အားနည်းမှု ကြောင့် ရေးသားထားသော အကြောင်းအရာ အစစ်အမှန်ကို သေချာစွာ မသိရှိသည့်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ယင်းစာအုပ်အား ယူဆောင်သွားကာ အသင်းရှိ အင်္ဂလိပ်စာကျွမ်းကျင်သူ ပညာရှင်များဖြစ်ကြသော မောင်အောင်ဟိန်းထွန်း၊ ဒေါ်ဧရာမောင်မောင်၊ ဒေါ်စိုးစန္ဒာတို့ကို အကူအညီ တောင်းရတော့သည်။ ဤတွင် စာရေးသူ Scott ၏ ရေးသားထားသော စာမူအား တိုက်ရိုက်ဘာသာပြန်ဆိုကာ ယခုကဲ့သို့ စာဖတ်ပရိတ်သတ်အား တင်ပြနိုင် ခြင်းဖြစ်တော့သည်။
Scott ၏ လက်ရေးစာမူ စာရွက်တွင် ၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ကန်မည့် ဘောလုံးပွဲ တစ်ပွဲ အကြောင်းပါရှိသည်။ “ဒီနေ့ နေ့လည်မှာ Putsoes နှင့် Trousers တို့နှင့် ဘောလုံးပွဲရှိသည်။ ညနေ (၅း၀၀) နာရီမှာ ကန်မည်။” ယင်းအောက်တွင် J.G.Scott ကျောင်းအုပ်ဆရာကြီးဟု လက်မှတ်ပါရှိသည်။
ဗမာလူငယ်များသည် ဘောလုံးကန်ခြင်းကို နှစ်သက်ကြသည်။ ဘာကြောင့်လဲဆိုတော့ သူတို့က “ဘောလုံး ကန်ရတာ တိုက်ခိုက်တာနဲ့ ဆင်တူတယ်။” ဟု ပြောကြသည်။ ခွင့်ယူထားသော ကျောင်းသားတစ်ယောက်၏ စာ တစ်စောင်တွင် ဘောလုံးကို သူတို့ မည်မျှစိတ်ဝင်စားကြောင်း သိနိုင်သည်။ အဆိုပါ ကျောင်းသားက သူသည် ကျောင်းကို ပြန်လာချင်ကြောင်း၊ သူပြန်မရောက်သေးခင် အချိန်အထိ ဘယ်ဘောလုံးပွဲမှ မကန်ပါစေနှင့် ဟု ဆုတောင်းနေကြောင်း စာထဲ ရေးထားသည်။ သူက ထပ်မံရေးသား ထားသေးသည်။ “မနေ့ညက အိပ်မက်ကောင်း တစ်ခုကို တစ်ခုကို မက်ခဲ့သေးသည်။ ကျွန်တော်က ဆရာကြီးတို့နဲ့ ဘောလုံးကန်နေတာပေါ့။ အဲဒါ နတ်ပြည်ရောက် နေတဲ့အတိုင်းပဲ” ဟူ၍ ဖြစ်သည်။ အခြားကျောင်းသားတစ်ယောက် ပြောသည်က “ကျွန်တော်တို့ ပြန်မရောက်ခင် ဆရာကြီးတို့ ဘောလုံးအသင်း အခြားဘယ်အသင်းနဲ့မှ မကန်ပါစေနဲ့လို့ ကျွန်တော် ဆုတောင်းပါတယ်။ ဘောလုံးကန် တာ အလွန်ပျော်စရာကောင်းတယ်။” ထိုစကားကို ပြောသူမှာ “ဟယ်ရီ - ဖိုးမင်း” ဖြစ်သည်။ ဟယ်ရီ - ဖိုးမင်းသည် ဗမာကျောင်းသားဖြစ်သည်။ သူသည် နောက်ပိုင်းတွင် သူတို့အသင်း၏ ဂိုးသမားဖြစ်လာခဲ့သည်။
ပုံမှန်အားဖြင့် ဤကစားနည်း ဤပုံစံသည် (ဘောလုံးကစားခြင်းသည် လူဖြူတို့နှင့် အရှေ့တိုင်းသားတို့အကြား ပေါင်းသင်းဆက်ဆံမှု ရရှိစေရန်သာ ဖြစ်လာခဲ့သည်။ ထိုအချက်သည်ပင် လူငယ်တွေကို သင်ပေးလိုသော အချက် ဖြစ်သည်။ ထိုကဲ့သို့ သင်ပေးရသည်မှာ လွယ်ကူသော အလုပ်မဟုတ်ပေ။ သူတို့က သင်ကြားလိုစိတ်တော့ ရှိသည်။ သို့သော် ၄င်းတို့ကို စနစ်တကျ ကစားတတ်ဖို့ သင်ပေးရန်မှာ ခက်ခဲသည်။
လူငယ်ကျောင်းသားတစ်ယောက်ကို ဘယ်နေရာမှာ ကစားပါဟု တာဝန်ပေးစေကာမူ ထိုလူငယ်သည် ဘောလုံးနောက်ကိုသာ လိုက်နေတက်သည်။ ရှေ့တန်းတိုက်စစ် ကစားသူများကို နောက်တန်းလူများနှင့် ပူးတွဲ ကစားတက်ရန် သင်ပေးရသည်။ ရှေ့တန်းကစားသမားများ နောက်တန်းကို ပြန်ပြေးပြီး သူ့နောက်ခံ လူများနှင့် ထပ်မနေစေရန်လည်း သင်ပေးရသည်။ အကြိမ်တော်တော်များများပင် နောက်ခံလူတစ်ယောက်သည် အခြားရွေးစရာ မရှိပဲ သူ့အသင်းဘက်မှ ရှေ့တန်းလူကို ၀င်တိုက်ပြီး ဘောလုံးကို ဖျက်ထုတ်လိုက်လေ့ရှိသည်။
ဗမာလူမျိုးတွေသည် ၄င်းတို့၏ ကိုယ်ပိုင်ကစားနည်းဖြစ်သော ခြင်းလုံးနှင့် အကျွမ်းတ၀င်ရှိပြီးသား သူများဖြစ်သည်။ ထို့ပြင် ၄င်းတို့သည် ခြေဗလာနှင့် ကန်တတ်ကြသူများဖြစ်သည်။ သို့သော် ထိုအချက်သည်ပင် အစ ပထမ၌ လူတိုင်းအတွက် အဓိက ပြဿနာဖြစ်နေခဲ့သည်။
Mr.Scott သည် ဘောလုံးကစားနည်းကို မြန်မာပြည်တွင် စတင် မိတ်ဆက်ခဲ့သည်။ ခရိုင်မှာ ကစားခဲ့သော ပထမဆုံး ဘောလုံးပွဲအကြောင်းကိုပင် ကျွန်တော်တို့ ကောင်းကောင်းမှတ်မိနေသေးသည်။ ထိုအချိန်က သူ (Mr.Scott) သည် ကျောင်းအုပ်တာဝန်ယူခဲ့သော St.John ကောလိပ်နှင့် မော်လမြိုင်မှ ကျပန်းကစားသမား (၁၁) ယောက်နှင့် ကန်ခဲ့သော ကစားပွဲဖြစ်သည်။ ဘောလုံးပွဲ မစခင်မှပင် ဘောလုံးကွဲသွား၍ Scott နှင့် ယခု စာရေးသူတို့ သည် ဘောလုံးတစ်လုံး အမြန်ရရှိနိုင်ရန် မြို့ထဲရှိ သားသတ်ရုံများကို အနှံ့ပတ်ရှာခဲ့သည်။ သူတို့သည် ဘောလုံး ပြုလုပ်ဖို့ ဆီးအိတ်တစ်ခု ရရှိရန် တိရိစ္ဆာန်တစ်ကောင်ကို ၀ယ်ယူပြီး ချက်ချင်းသတ်ဖြတ်၍ ထုတ်ယူရန် အထိပင် စဉ်းစားခဲ့သည်။ Scott တစ်ယောက် ထိုကွဲနေသော ဘောလုံးကိုကိုင်ကာ သားသတ်သမားကို မြန်မြန်လုပ်ဖို့ ပူညံ ပူညံလုပ်ခဲ့ပုံကို ဖော်ပြရာမှာ ကဗျာတစ်ပုဒ်ပင် စာဖွဲ့လောက်ပေသည်။ နောက်ဆုံးတွင် တံငါသည် အချို့ထံမှ ဆီးအိတ် တစ်ခုကို ရရှိ၍ အဆိုပါ သမိုင်းဝင် ဘောလုံးပွဲကို ကစားခဲ့ရသည်။ အထက်ပါ အဖြစ်အပျက် အသေးစိတ်သည် ကျွန်တော် နံရိုးတစ်ချောင်း အကျိုးခံ၍ မှတ်တမ်းတင်ခဲ့သော အဖြစ်အပျက်ဖြစ်သည်။
အဆိုပါ မှတ်တမ်းလေးအား စကော့တလန်နိုင်ငံသား Jame George Scott ၏ ဒိုင်ယာရီတွင် ရေးသားထားခဲ့ ပြီး ထိုဒိုင်ယာရီတွင် ပါသောအကြောင်းအရာများကို G.E MITTOIU (Lady Scott) က ပြန်လည်တည်းဖြတ်၍ ၁၉၃၉ ခုနှစ်မှာ ပထမအကြိမ် ပြန်လည်ထုတ်ဝေခဲ့သည်။ အဆိုပါ မှတ်တမ်းအရ ၁၈၇၉ ခုနှစ် ကတည်းကပင် မြန်မာပြည်၌ ဘောလုံးအားကစားကို စတင်ကစားခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့သော အကြောင်းအရာ အချက်အလက်များအရ ဗမာ့ဘောလုံး သမိုင်းပေါ်ပေါက်လာပုံ၊ ဗမာ့လူမျိုးတို့ ဘောလုံးအား စိတ်ဝင်စားပုံတို့ကို သိရှိရပြီ ဖြစ်ပါသည်။ ထို့ကြောင့် ဘောလုံးပွဲကြည့် ပရိတ်သတ်များ၊ ဘောလုံးရူးသွပ် သူများ၊ ဘောလုံးအသင်း ထူထောင်ထားသူများ၊ ဘောလုံးကစားသမားတို့သည် ဗမာ့ဘောလုံး ဖြစ်ပေါ်လာပုံ၊ ဗမာ့ ဘောလုံး ပေါ်ပေါက်လာပုံ၊ ဗမာပြည်သို့ ဘောလုံးကစားနည်း ရောက်ရှိလာပုံ၊ ဗမာ့ဘောလုံး စတင်ခဲ့သည့် ခုနှစ် သက္ကရာဇ်တို့အား သိထားသင့်ပါ၍ စေတနာ ရှေ့ထား၍ ကျွန်ုပ်တွင် ရှိနေသော အဖိုးတန်စာအုပ် စာပေများမှ ဤ ဗမာ့ဘောလုံး ဒိုင်ယာရီ ဆောင်းပါးအား တင်ပြ လိုက်ရပါတော့သည်။
(အနာဂတ်ကာလတွင် ကျွန်ုပ်တွင်ရှိသော အဖိုးတန်ရှားပါး စာအုပ်၊ စာပေများမှ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ နိုင်ငံရေး စသည် . . . သမိုင်းစစ် သမိုင်းမှန်များအား ပြည်သူလူထုအတွက် အစစ်အမှန်များကိုသာ ရွေးချယ်၍ အလျင်းသင့်သလို တင်ပြသွားပါမည်။)
ကျော်သူ
သတင်းအကျဉ်းချုပ် ...
နာရေးကူညီမှုအသင်း(ရန်ကုန်)မှ “ဆေးဖြင့်ရောဂါတို့ကို ဆေးကြောအံ့” ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ပြု၍ ဝေဒနာရှင် အများပြည်သူတို့အား အခမဲ့ ဆေးဝါးကုသပေးနေသော သုခကုသိုလ်ဖြစ်ဆေးခန်းတွင် မျက်စိရောဂါ ဝေဒနာရှင်တို့အား ရေတိမ်စွဲ၍ မျက်စိအမြင်အာရုံ ချို့ယွင်းနေသော မျက်စိဝေဒနာရှင်တို့အား အမြင်အာရုံ ပြန်လည်ကောင်းမွန် ကြည်လင်မှု ရရှိစေရန် မျက်စိအထူးကု ဆရာဝန်ကြီးများမှ ခွဲစိတ်ကုသပေးလျှက်ရှိရာ ၂၀၀၇ ခုနှစ်၊ မတ်လမှ ၂၀၁၀ ခုနှစ် ဇွန်လကုန်အထိ မျက်စိခွဲစိတ်လူနာပေါင်း ၂၅၀၀ ကျော်ရှိခဲ့ပါသည်။ ၂၃.၇.၂၀၁၀ (ကြာသပတေး) နေ့တွင် ခွဲစိတ်ပြီးသော ဝေဒနာရှင် လူနာများအား စေတနာရှင် မျက်စိဆရာဝန်ကြီး ဒေါက်တာ ဦးမိုးလွင် မှ ပြန်လည် စစ်ဆေးကြည့်ရှုခဲ့ပါသည်။ ဝေဒနာရှင် လူနာများသည် ခွဲစိတ်ကုသပြီးသည့် အချိန်မှစ၍ အလင်းဒဏ်ကို ကာကွယ်ရန်အတွက်၎င်း ဖုံ၊ အမှိုက်များမှ ကာကွယ်ရန်အတွက်၎င်း ဂွမ်းစ၊ မျက်စိအဖုံးများ၊ နေကာမျက်မှန် အနက်များကို တပ်ဆင်ထားကြရာ မျက်စိဆရာဝန်ကြီးနှင့် ပြသသည့် အချိန်တွင် မျက်စိဖုံးများ၊ နေကာမျက်မှန်များကို ချွတ်၍ ဆရာဝန်ကြီးမှ ခွဲစိတ်မှု အခြေအနေနှင့် မျက်စိ ၏ အမြင်စွမ်းအားတို့အား စစ်ဆေးကြည့်ရှုပါသည်။
ထိုသို့ မျက်စိ ဆရာဝန်ကြီး ဒေါက်တာ ဦးမိုးလွင်မှ စမ်းသပ်စစ်ဆေးရာတွင် လူနာများမှ မိမိတို့ အမြင်အာရုံ ပြန်လည်ကောင်းမွန်လာပြီ ဖြစ်ကြောင်း ၀မ်းသာအားရနှင့် စေတနာရှင် ဆရာဝန်ကြီး၊ သူနာပြု ဆရာမများအား ကျေးဇူးတင်ရှိကြောင်း ပီတိဖြာလျက် ပြောကြားခဲ့ကြပါသည်။ ထိုသို့ ပြောကြားရာတွင် မျက်စိလူနာတစ်ဦး ဖြစ်သူ အမေကြီးတစ်ယောက်မှ နေကာမျက်မှန် ချွတ်ပြီး ပြီးချင်း သူ၏ ရှေ့တွင် မှတ်တမ်းဓါတ်ပုံ ရိုက်ရန် ပြင်ဆင်နေသော ကျော်သူအား တွေ့မြင်သည်နှင့် “ဟယ် တော် … ကျော်သူကို အရှင်လတ်လတ်ကြီး မြင်တွေ့ရပြီတော်။ ကျော်သူ ဇာတ်ကားတွေ အားရပါးရ ကြည့်ရတော့မယ် တော့” ဟူ၍ ၀မ်းသာအားရ မျက်ရည်လည်ကာ ပြောကြားခဲ့သည်။ ထိုအချိန်တွင် ကျွန်တော်သည် အမြင်အာရုံ ပြန်လည်ရရှိသွားပြီဖြစ်သော အမေကြီးအား ဂါရ၀ပြု ကျေးဇူးတုံ့ပြန်သော အပြုံးဖြင့် ပြန်လည်ပြုံးပြပြီး မိမိ လုပ်ဆောင်ရမည့် မှတ်တမ်း ဓါတ်ပုံ ရိုက်ခြင်းကို ပြုလုပ်ခဲ့တော့သည်။
ကျွန်တော်၏ အပြုံးနောက်ကွယ်တွင် စကားလုံးပေါင်း မြောက်များစွာ ဦးနှောက်ထဲတွင် အစီအရီ ပေါ်ပေါက်လာသည်။ ထိုစကားလုံးများသည် နှုတ်မှ ထွက်ပေါ်လာခြင်း မရှိချေ။ ယင်း စကားလုံးများသည်
“အမေရေ … ကျွန်တော့်ကို တီဗီဖန်သားပြင်၊ ရုပ်ရှင်ပိတ်ကားထက်မှာ ဘယ်တော့အခါမှ မြင်တွေ့ရတော့မှာ မဟုတ်တော့ဘူး အမေ။ နိုင်ငံတော်မှ ကျွန်တော့်ကို အနားပေး လိုက်ပြီ အမေ။ အနုပညာလောကမှ မောင်းထုတ်ခြင်း ခံလိုက်ရပြီမှာ (၃) နှစ်ရှိပြီ အမေ။ ရုပ်ရှင် အနုပညာရပ်ဆိုတာ အများပြည်သူကို ငိုခြင်း၊ ရယ်ခြင်း၊ ဒေါသထွက်ခြင်း၊ ပေါက်ကွဲစေခြင်း ဆိုတဲ့ အကုသိုလ်အလုပ် မိမိ အတ္တအကျိုးအတွက် လုပ်ဆောင်နေတဲ့ အတ္တဟိတအလုပ်၊ ပြည်သူလူထုကို လိမ်ညာနေတဲ့ အလုပ်လို့ ကျွန်တော်မြင်ပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ ပရိတ်သတ် အများပြည်သူနဲ့ အမေတို့အတွက် အမေပြောလိုက်တဲ့အတိုင်း အရှင်လတ်လတ်ကြီးနဲ့ ပြည်သူတွေရဲ့ကြားမှာ ပြည်သူတွေရဲ့အနားမှာ ပြည်သူတွေအတွက် လိုအပ်သော၊ ပေးဆပ်နိုင်သော လူမှုရေးကိစ္စရပ်များကို ကျွန်တော့်ရဲ့ နောက်ဆုံးထွက်သက်အချိန်ထိ ကြိုးစားဖြည့်ဆည်းပေးနိုင်တဲ့ ပရဟိတလူသား တစ်ယောက်အဖြစ်သာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ် အမေ” ဟူသော စကားလုံးများပင် ဖြစ်တော့သည်။
ထို့ကြောင့် … အကယ်၍များ အပြောင်းအလဲတစ်ခုခုကြောင့် ကျွန်တော်အား အနုပညာ လုပ်ငန်းများ ပြန်လည် လုပ်ကိုင်ခွင့်များ ရရှိခဲ့သော် ကျွန်တော်သည် အနှစ်သာရ မရှိသော၊ အကျိုးမရှိသော ဖျော်ဖြေရေးသက်သက်သာ ဖော်ကျူးသည့် အများပြည်သူအား လိမ်ညာသော ဇာတ်လမ်းများကို ရိုက်မည် မဟုတ်။ သမိုင်းစစ် သမိုင်းမှန်များ၊ အတ္ထုပ္ပတိများ၊ ဘာသာရေး လူမှုရေး သမိုင်းမှတ်တိုင် အစစ်အမှန်များကိုသာ အများပြည်သူအတွက် ပေးဆပ်ရိုက်ကူးသွားမည် ဖြစ်ပါကြောင်း စိတ်ကူးယဉ် မိပါတော့သည်။
ကျော်သူ
သတင်းအကျဉ်းချုပ် ...
၂၀၁၀ ရွေးကောက်ပွဲနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ဆိုင်ရာ ဆောင်းပါးကြောင့် ပြည်တွင်း အပတ်စဉ်ထုတ် The voice ဂျာနယ်ကို စာပေစိစစ်ရေးက သီတင်း ၂ ပတ် ထုတ်ဝေခွင့် ပိတ်လိုက်ကြောင်း သိရသည်။
ဇူလိုင်လ ဒုတိယပတ် အတွက် ထုတ်ဝေခဲ့သည့် အတွဲ ၆၊ အမှတ် ၃၄ တွင် ပါရှိသော ဆောင်းပါးရှင် အောင်ထွဋ်၏ “Concept နှင့် Process” နိုင်ငံရေး ဆောင်းပါးကြောင့် အပိတ်ခံရခြင်း ဖြစ်ကြောင်း အဆိုပါ ဂျာနယ်နှင့် နီးစပ်သူတဦးက ပြောသည်။
အမှောင်ခေတ်ကြီးထဲမှာ ပြည်တွင်းဂျာနယ်တစ်စောင်အပိတ်ခံရတယ်ဆိုတဲ့ သတင်းကြားတော့ ဝမ်းသာစရာ သတင်းမဟုတ်သလို ဝမ်းလည်းမနည်းမိပါဘူး... The voice ဆိုတဲ့ဂျာနယ်ဟာ အခုတလော လူတွေကြားမှာ အမြင်အမျိုးမျိုးမြင်ခံရတဲ့ရဂျာနယ်တစ်ခုဖြစ်တယ်ဆိုရင်မမှားဘူး၊ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀ဝ၈ အခြေခံဥပဒေကို ထောက်ခံရေးသားနေတဲ့ အယ်ဒီတာ့အာဘော်တွေ..၊ဆောင်းပါးတွေကြောင့် စာဖတ်ပရိသတ်ကြားမှာအမျိုးမျိုးဝေဖန်ခံနေရတဲ့ဂျာနယ်တစ်စောင်ဖြစ်ပြီး တခြားပြည်တွင်းထုတ် ဂျာနယ်တွေထက်စာရင် နိုင်ငံရေးအငွေ့အသက် များများပါတဲ့ဂျာနယ်တစ်စောင်လို့ပြောရင် မှားမယ်မထင်ဘူး၊ မတူကွဲပြားတဲ့အမြင်အမျိုးမျိုးကို သေချာရှာဖတ် ကြည့်ရင်တွေ့နိုင်တဲ့ပြည်တွင်းထုတ်ဂျာနယ်အသီးသီးအနက် ဂျာနယ်တစ်စောင်၂ ပတ်အနားပေးခံရတယ်ဆိုတာ.. ဘာမှမထူးဆန်းတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ၊ပုဂ္ဂိုလ်ရေးအကြောင်းအရာတွေ...နောက်ခံအကြောင်းအရာတွေကို သေချာစေ့ငုစွာလေ့လာခြင်းမပြုဘဲထင်ရာမြင်ရာရေးတတ်တဲ့တစ်ချို့သောပြည်ပသတင်းမီဒီယာတွေထက်စာရင် စာပေ စီစစ်ရေးရဲ့မှန်ဘီလူးအောက်ကနေ ပညာသားပါပါရုန်းကန်ရင်း ပြည်သူလူထုကို တတ်နိုင်သလောက် အသိပညာ ပေး နား မျက်စိဖွင့်ပေးနေတဲ့ပြည်တွင်းဂျာနယ်တွေအများကြီးရှိတယ်၊ စာပေစီစစ်ရေးရဲ့ ရုပ်ပျက်ဆင်းပျက် ဖြတ် တောက်စီစစ်မှုပြီးတဲ့အခါမှထွက်လာတဲ့ သတင်းဆောင်းပါးတွေကို ဖတ်ရှုရတဲ့ စာဖတ်ပရိသတ်တစ်ချို့တွေက ဆင်ဆာမရှိလွတ်လပ်စွာရေးသားခွင့်ရနေတဲ့ပြည်ပဘလော့ဂ်တွေ၊ သတင်းဝက်ဘ်ဆိုက်တွေနဲ့နှိုင်းယှဉ်ပြီး ဝေဖန်နေ ကြတာတွေကိုတွေ့ရတော့ သက်ပြင်းချမိပါရဲ့၊
ပြည်တွင်း ဂျာနယ်လောကမှာ ပေါင်းစားနေတဲ့ဂျာနယ်၊ ဖော်လံဖားဂျာနယ်၊ ရိုက်စားဂျာနယ်၊ ပုဆိန်ရိုးဂျာနယ်၊ အစရှိသဖြင့် အသားထဲကလောက်ဆန်ဆန် စာပေသမားအမည်ခံအခွင့်ရေးသမားတွေ၊ ကိုယ်ကျိုးစီးပွားကိုသာ ဘာသာရေးတစ်ခုလိုကိုးကွယ်တဲ့ စီးပွားရေးသက်သက်ထုတ်ဝေသူတွေရှိနေတာမငြင်းသာပေမယ့် ပြည်သူလူထုကို အကောင်းဆုံးအလုပ်အကျွေးပြုဖို့ရည်ရွယ်ချက်နဲ့ ယုံကြည်ချက်နဲ့လုပ်နေကြတဲ့ ပြည်သူ့စာပေသမား စစ်စစ်တွေ လည်း မရှားဘူး၊ စာပေစီစစ်ရေးအပြင် အစစ်အဆေးအမေးအမြန်းတွေ၊ အခန့်မသင့်ရင် အချုပ်ခန်းနဲ့ထောင်နံရံ တွေကြားမှာ ပညာသားပါပါတိမ်းရှောင်ရင်းပြည်သူကို အလုပ်အကျွေးပြုနေကြတဲ့ စာပေသမားစစ်စစ်တွေရဲ့ ဒုက္ခတွေ သောကတွေကို သေသေချာချာမသိဘဲ ကိုယ်အမြင်မကြည်တဲ့ စာပေသမားတစ်ယောက် ဒုက္ခရောက်တာ၊ ဂျာနယ်တစ်စောင်အခက်အခဲတွေ့တာကို တော့ ရမ်းမယ်ဘွဲ့ ဝမ်းသာအားရဖြစ်မနေသင့်ဘူး၊ အရာရာတိုင်းမှာ အဖြစ်သနစ်နဲ့ အတွင်းရေးကို အတွင်းကျကျမသိဘဲ ထင်ရာမြင်ရာဝေဖန်ခြင်း၊ ပြစ်တင်ရှုံ့ချခြင်း၊ ဝမ်းသာအားရခြင်းဆိုတာ ဆင်ခြင်သင့်တယ်ထင်တယ်၊
juniorms
သတင်းအကျဉ်းချုပ် ...
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် မျိုးဆက်သစ်တို့အတွက် လူမှုရေးသင်တန်း၊ ဈာပနပို့ ဆောင်ရေးသင်တန်း၊ ဆေးကူညီမှုသင်တန်း၊ အင်္ဂလိပ်စာ အခြေခံသင်တန်း၊ ပန်းချီသင်တန်း၊ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာသင်တန်း စသည့် သင်တန်းတို့အပြင် ဖျတ်ခနဲပေါ် ဆတ်ခနဲရိုက် ဟုခေါ်သော ဓါတ်ပုံသင်တန်းကိုလည်း ဖွင့်လှစ်သင်ကြားလျှက်ရှိသည်။ ယင်းသင်တန်းကို ဈာပန ပို့ဆောင်ရေးသင်တန်းဆင်း ပရဟိတ လူငယ်/လူရွယ်များ တတ်ရောက်ကြခြင်းပင်ဖြစ်သည်။
ဓါတ်ပုံသင်တန်း သင်ကြားရခြင်းမှာ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အများပြည်သူတို့၏ နာရေးရုပ်အလောင်းများ သယ်ဆောင်ရာတွင်၎င်း၊ ရဲမှုခင်းဆိုင်ရာဖြစ်သော ရေနစ် သေဆုံးမှု၊ ဆွဲကြိုးချ သေဆုံးမှု၊ ရထားကြိတ် သေဆုံးမှု၊ ပိုင်ရှင်မဲ့ သေဆုံးမှုများနှင့် တိုင်းကျိုး ပြည်ကျိုးပြု အာဇာနည်ပုဂ္ဂိုလ်/ သူရဲကောင်းတို့၏ ဈာပနအခမ်းအနားများ၊ သာသနာ့ အာဇာနည် ရဟန်း သံဃာ ဆရာတော်ဘုရားကြီးများ၏ အန္တိမဈာပန အခမ်းအနားများ စသည့် ထူးခြားသော ဖြစ်စဉ် ဖြစ်ရပ်များ၊ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ဆေးဝါးကုသကြသော ထူးခြားသည့် ရောဂါဝေဒနာရှင် လူနာများ၏ ဆေးဝါးကုသခြင်း ပုံရိပ်မှတ်တမ်းများတို့ကို နာရေးကူညီမှုအသင်း (ရန်ကုန်)၏ သမိုင်းမှတ်တမ်းများအဖြစ် ထိန်းသိမ်းထားရှိပြီး နောင်တစ်ချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်)အား ဦးဆောင်ဦးရွက်ပြုမည့် မျိုးဆက်သစ် လူငယ်/လူရွယ် ခေါင်းဆောင်များအား ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်ခဲ့မှု သမိုင်းစစ် သမိုင်းမှန်များကို သိရှိနားလည် သဘောပေါက်ကာ ကျွန်တော်တို့၏ ပေးဆပ်မှုထက် မနှိမ့်ကျသော သာလွန်သော ပေးဆပ်မှုများကို တိုးမြင့်၍ ပြည်သူလူထုအား အလုပ်အကျွေးပြု သွားနိုင်စေရန် ရည်ရွယ်၍ ဖျတ်ခနဲပေါ် ဆတ်ခနဲရိုက် ဓါတ်ပုံသင်တန်းအား သင်ကြားပို့ချခြင်း ဖြစ်သည်။
သင်ကြားပို့ချရာတွင် ဒီဂျစ်တယ် ကင်မရာ ကိုင်တွယ်နည်း၊ အလင်းအမှောင် ဓါတ်ပုံပညာ အယူအဆနှင့် ဖျတ်ခနဲပေါ်လာသော ပုံရိပ်တို့ကို လျင်မြန်သွက်လက်စွာ အမိအရ ရိုက်ကူးနိုင်မှု တို့ကို အဓိကထား၍ ဓါတ်ပုံပညာရှင် TV သက်မွန်မှ သင်ကြားပေးလျှက်ရှိကာ ဥက္ကဌ ဦးကျော်သူမှ သင်တန်း ဖွင့်ပွဲတွင် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား အသင်းသူ/သားတို့ကို ရှင်းလင်းပြောကြား သွားခဲ့သည်။ သင်တန်းကာလမှာ (၄) ပါတ်ကြာမြင့်မည် ဖြစ်ပြီး ယခု ၂၀၁၀ ခုနှစ် စက်တင်ဘာလကုန် ခန့်တွင် ဈာပနကူညီမှု (၁၀၀၀၀) ပြည့်မည့်နေ့၌ သင်တန်းသူ/သားများအား “ဘ၀နိဂုံး အဆုံးပုံရိပ်” ခေါင်းစဉ်ဖြင့် လက်တွေ့ ဓါတ်ပုံရိုက်ပြိုင်ပွဲ ကျင်းပသွားမည် ဖြစ်ပါသည်။
ကိုကျော်သူ
သတင်းအကျဉ်းချုပ် ...
စနေနေ့တွင် ကျောင်းဆောက်လုပ်သော ကုမ္မဏီမှ ပညာရေးထံသို့ ကျောင်းကို အပြီးသတ်အပ်နံရန် စီစဉ်ထား.စဉ်မအပ်နံမှီ တရက် အလို ညနေ ၆ နာရီခန့်တွင် အခုပုံပါအတိုင်းကျောင်းကြီးပြို့ကျသွားခဲ့။
ဘာကြောင့်ပြိုကျသွားခဲ့သည်ကို..လိုက်လံစုံစမ်းဆဲ.အရေအသွေးပြည့်မှီသောအသုံးပြု ဘိလပ်မြေ အုတ်သဲ သံ သွပ် ထုံး စာရင်းများကိုကြည့်ရာတွင်လည်း အားလုံးကိုက်ညီ.ကျောင်းကြီး ပြီးစီးအောင်မြင်ရန် နိုင်ငံတော် အကြီးကဲများ ၊ဆောက်လုပ်ရေးကုမ္မဏီများ.၊ကြီးကြီးငယ်ငယ်အင်ဂျင်နီယာများ၊အောက်ခြေအလုပ်သမားများက လည်းအားကြိုးမန်တက်.စွမ်းစွမ်းတမံ မနေမနား.ကြိုးစားပန်းစားအားထုတ်ခဲ့ကြပါသော်လည်း..ယခုလို အဖြစ်ဆိုးဖြစ်ကြုံခဲ့ရ.ပြိုကျသွားသော အဆောက်ဦးအား ကုမ္မဏီမှ ပြန်လည်ပြင်ပြီး အပ်နံမည်ဟုဆိုရာပညာရေးဖက်က လက်မခံဟုလည်း ဆို.
ယခုလို ဖြစ်ပြီး တကျောင်းလုံး ပြိုကျ သွားနိုင်အောင် ဖြစ်နိုင်ကြောင်းပြော ၀န်ကြီးရောက်လာပြီး အစည်းဝေးထိုင်ကာ. ပြိုကျရခြင်းအကြောင်းကိုရှာရာ..ကျောင်းအောက်တည့်တည့်တွင် ရေကြောကြီး ရှိနေသည်ဟု ကျွမ်းကျင်ဆောက်လုပ်ရေး အင်ဂျင်နီယာကြီးများက မှတ်ချက်ချ.
ကျောင်းမဆောက်ခင်က ရေကြောကိုတော့ ရှိမရှိ မသိခဲ့ကြကြောင်းအဆိုပါအင်ဂျင်နီယာကြီးများမှ.ပြောကြား.
အစည်းဝေးပွဲ နောက်ဆုံးတွင် အဖြေတစ်ခုကို အားလုံးမှ တူညီစွာ လက်ခံသဘောတူလိုက်ကြ.
အဖြေမှာ
ူကျောင်းသားများအပေါ် နိုင်ငံတော်ဖက်မှ စေတနာမှာလည်း ပြောဖွယ်ရာမရှိမြင်တွေ့နိုင်ကြောင်း။။ ယခုလို တောကြီးမျက်မည်းထဲတွင် ပညာကို အေးဆေးတည်ငြိမ်အဆင့်မြင့် စွာ သင်ကြားနိုင်ရန် လူသူအရောက်အပေါက်နည်းသောနေရာမှာပင်ကျောင်းကြီးကိုဆောက်လုပ်ခွင့်ပေးထားသည်ကိုကြည့်ကာ မြင်နိုင်ကြောင်း။
ဆောက်လုပ်သူကုမ္မဏီဖက်မှကြည့်ရင်လည်း.အရည့်သွေးမြင့် ပစ္စည်းများဖြင့်သာရည်ရှည်တည်တံအောင် ဆောက်လုပ်ခဲ့ကြောာင်း။ စာရင်းဇယားများကိုကြည့်ခြင်းဖြင့်သိနိုင်ပြီး ဘယ်အချိန်မဆို လာရောက်စစ်ဆေးနိုင်ကြောင်း...အင်ဂျင်နီယာများအလုပ်သမားများ ဖက်တွင်ကြ ည်လျှင်လည်း စေတနာ ၊ မေတ္တာ၊ ဂရုဏာ မှာထင်သာ မြင်သာကြောင်း..ထို့ကြောင့်. ကျောင်းဆောက်လုပ်ပြီး ပြိုကျရာတွင် ပြောစရာ မရှိကြောင်း..
ဒီကျောင်းတွင် တက်ရောက်နေသော ကွန်ပျူတာ ကျောင်းသူ/သား များကံဆိုးလွန်းလို့သာ
ဖြစ်နိုင်ကြောင်းကို အားလုံးသဘောတူညီ ခဲ့ကြ...
သတင်းအကျဉ်းချုပ် ...
အာဇာနည်ဗိမန်ကို မြောက်ကိုရီးယား ဖေါက်ခွဲရေးသမားများဖြစ်သော
ဇင်မိုနှင့် ကင်မင်ချူးတို့ ဗုံးဖေါက်ခွဲခဲ့စဉ်ကမြင်ကွင်း
ဇူလိုင် ၂၀၊ ရန်ကုန် ။
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Mr. Pak Ui Chun ဦးဆောင်သော ချစ်ကြည်ရေးအဖွဲ့ တစ်ဖွဲ့သည် မြန်မာနိုင်ငံသို့ ယခုလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ လာရောက် လည်ပါတ်ကြမည် ဖြစ်ကြောင်း အမည်မဖေါ်လိုသည့် နအဖ အဆင့်မြင့် အရာရှိတစ်ဦးမှ ထုတ်ဖေါ်ပြောဆိုသည်ဟု သိရှိရပါသည်။
ထိုအရာရှိကပင် ဆက်လက်ပြောဆိုရာတွင် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သည့် ချစ်ကြည်ရေး အဖွဲ့သည် မြန်မာနိုင်ငံသို့ ဇူလိုင်လ ၂၉ရက်နေ့ ညနေခင်းတွင် ရောက်ရှိမည်ဖြစ်ပြီး နောက်တနေ့တွင် နေပြည်တော်သို့ ဆက်လက်သွားရောက်မည်ဟုသိရပါသည်။
မြောက်ကိုရီးယားနှင့် မြန်မာတို့၏ နိုင်ငံခြားဆက်ဆံရေးကို ၁၉၈၃ခုနှစ် နိုဝင်ဘာလ ၄ရက်တွင် အာဇာနည်ဗိမန်ကို မြောက်ကိုရီယား ဖေါက်ခွဲရေးသမားများမှ ဗုံးဖေါက်ခွဲခဲ့စဉ်ကတည်းက ရပ်ဆိုင်းခဲ့ပြီး၊ မြောက်ကိုရီးယား သံရုံးကိုလည်း နှင်ထုတ်ခဲ့ပါသည်။ ထိုစဉ်က ဗုံးဖေါက်ခွဲမှုသည် တောင်ကိုရီးယား ဝန်ကြီးချုပ်နှင့် အဆင့်မြင့်အရာရှိများ မြန်မာနိုင်ငံသို့ အလည်အပါတ် လာရောက်စဉ် လုပ်ကြံရန် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး၊ တောင်ကိုရီးယားဝန်ကြီးချုပ်မှာ လုပ်ကြံမှုမှ လွတ်မြောက်ခဲ့သော်လည်း တောင်ကိုးရီးယား ဝန်ကြီး ၄ဦး အပါအဝင် အရာရှိ ၁၇ ဦးသေဆုံးခဲ့ပြီး ၁၄ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါသည်။ ထို့အတူ အာဇာနည် ခေါင်းဆောင်ကြီးများကို ထားရှိသည့် အာဇာနည် ဗိမာန်အဆောက်အဦးမှာလည်း ဆိုးဆိုးရွှားရွှား ပျက်စီးခဲ့ ရသဖြင့် ယခု လက်ရှိပုံစံသို့ ပြောင်းလဲ တည်ဆောက်ခဲ့ရပါသည်။
၂၀၀၇ ခုနှစ် ဧပြီလ ၂၅ ရက်နေ့မှ ၂ရ ရက်နေ့အထိ မြန်မာနိုင်ငံသို့ အလည်အပါတ် လာရောက်ခဲ့သော မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Kim Yung Il ၏ ခရီးစဉ်နောက်ပိုင်းတွင် မြန်မာနှင့် မြောက်ကိုရီးယားတို့ နိုင်ငံခြားဆက်ဆံရေး ကို ပြန်လည် စတင်ခဲ့ပါသည်။
မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းသည်လည်း မြောက်ကိုရီးယားနိုင်ငံသို့ ၂၀၀၈ခုနှစ် အောက်တိုဘာ ၂၇ရက်မှ ၃၀ ရက်နေ့အထိ အလည်အပါတ် သွားရောက်ခဲ့ပါသည်။
ထို့နောက်ပိုင်းတွင် မြန်မာနှင့် မြောက်ကိုရီးယားတို့ အပြန်အလှန် ဆက်ဆံမှုများရှိခဲ့ပြီး မြန်မာနိုင်ငံသို့ မြောက်ကိုရီးယားမှ စစ်ရေး အကူအညီများ ပေးနေသည်ဆိုသော အတည်မပြုနိုင်သည့် သတင်းများ မကြာ ခဏ ဆိုသလိုပင် ထွက်ပေါ်လာခဲ့ပါသည်။
အထူးခြားဆုံးဖြစ်ရပ်တစ်ခုမှာ မြန်မာစစ်တပ်မှ ဗိုလ်မှူး အဆင့်ရှိသူ ဗိုလ်မှူး စိုင်းသိန်းဝင်းသည် ပြည်ပသို့ထွက်ခွာလာခဲ့ပြီး မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် ပူးပေါင်း၍ နျူကလီးယား လက်နက်များ ထုတ်လုပ်နိုင်ရေးကို ဆောင်ရွက်နေသည်ဆိုသော ခိုင်လုံသည့် အချက်အလက်များကို ကမ္ဘာသို့ ထုတ်ဖေါ်ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။
မြောက်ကိုရီးယားကို မြန်မာနိုင်ငံမှ သံတမန်အဆက်အသွယ် ဖြတ်တောက်ခဲ့ခြင်းမှာ မြန်မာနိုင်ငံ၏ အထွတ် အမြတ်ထားရာ အာဇာနည်ဗိမန်ကို ဗုံးဖေါက်ခွဲပြီး တောင်ကိုးရီးယားခေါင်းဆောင်များကို လုပ်ကြံခဲ့ခြင်း ကြောင့် ဖြစ်ပါသည်။ မြန်မာစစ်အာဏာပိုင်များ၏ အာဇာနည်နေ့အခမ်းအနားကို သေးသိမ်အောင် အဆင့်နှိမ့် ကျင်းပနေမှုများကို နိုင်ငံရေး အကဲခတ်များ၏ ဝေဖန်ပြောဆိုမှုများလည်း ထွက်ပေါ်နေချိန်တွင် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် ဇူလိုင်လတွင်ပင် မြောက်ကိုရီးယား အဆင့်မြင့် အရာရှိ များကို လာရောက်လည်ပါတ်ရန် ဖိတ်ကြားခဲ့ခြင်းမှာ မြန်မာနိုင်ငံသားများအတွက် အလွန်ပင် အံ့အားသင့် ခံပြင်းစရာ ဖြစ်နေပါသည်။
ပြည်တွင်းသတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)
http://saffrontoward.blogspot.com/2010/07/blog-post_20.html
သတင်းအကျဉ်းချုပ် ...
ဒီလောက် ပိတ်ပင်တာ ဒါဆိုလဲ ကန်တော်ကြီးပန်းခြံက ဗိုလ်ချုပ်ကြေးရုပ်ဆီကိုပဲ
သွားကြတာပေါ့လို့ ပြောပြီး ဗိုလ်ချုပ်ကြေးရုပ်ရှိရာဆီကို ဆက်သွားကြတယ်။
ဗိုလ်ချုပ်ကြေးရုပ်မှာတော့ ဗိုလ်ချုပ်ကို အလေးမပြုရလို့ တားဆီးမဲ့သူ မရှိတော့ပါ။
photo။ ။burmatoday.net/photo
သတင်းအကျဉ်းချုပ် ...
တိုကျို၊ ဇူလှိုင်(၁၉)
သတင်း-
သန့်မျိုးထွေး ဇူလှိုင်(၁၉)ရက်နေ့တွင်ကျရောက်သည် (၆၃)နှစ်မြောက်အာဇာနည်နေ့အထိမ်အမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မြန်မာနိုင်ငံအပေါ် ဒီမိုကရေစီနိုင်ငံတခုဖြစ်ပေါ်လာစေရန် မျှော်မှန်းထားချက်များနှင့် ယနေ့ခေတ်နအဖစစ်အစိုးရလက်ထက် မျက်မှောက်ခေတ် မြန်မာနိုင်ငံ၏အခြေအနေ ကွာခြားနေမှုများကို နိုင်ငံရေးစာတမ်းဖတ်ပြိုင်ပွဲအဖြစ် တိုကျိုမြို့၊ မိနားမိအိုးစုခ ခန်းမတွင် ဇူလှိုင်(၁၈)ရက်နေ့ညနေက ပြုလုပ်ခဲ့ကြသည်။
စာတမ်းဖတ်ပွဲ၏ ခေါင်းစဉ်ကို ``အာဇာနည်ခေါင်ဆောင်ကြီးများ မျှော်မှန်းခဲ့သည့် မြန်မာနိုင်ငံ´´ဟု ပေးထားပြီး လွန်ခဲ့သည့်နှစ် ၂၀ ကျော် ကာလများအထိဗိုလ်ချုပ်အောင်ဆန်း၏ အာဇာနည်စိတ်ဓါတ်နှင့်အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်းကို သိရှိပြောဆိုနိုင်ခွင့်ရှိခဲ့သော်လည်း ယခုနအဖစစ်အစိုးရခေတ်လက်ထက်တွင် အာဇာနည်နေ့ကို မေ့ဖျောက်ပစ်ရန်ကြိုးစားနေသောကြောင့် မျိုးဆက်သစ်လူငယ်များမှာ အာဇာနည်နေ့နှင့်ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို သိပ်မသိရှိကြတော့သည့်အတွက် အာဇာနည်နေ့ကို အမြဲအမှတ်ရစေရန်နှင့် ဂျပန်နိုင်ငံတွင်လည်း အာဇာနည်ခေါင်းဆောင်ကြီးများကို လေးစားအတုယူအားကျသော လူငယ်ခေါင်ဆောင်းများပေါ်ထွက်လာစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံရေးစာတမ်းဖတ်ပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ဦးဆောင်စုစည်းကျင်းပပေးသည့် ဂျေအေစီ၏အမှုဆောင်တဦးဖြစ်သည့် ဦးလှအေးမောင်မှရှင်းပြသည်။
စာတမ်းဖတ်ပွဲတွင် ဂျပန်ရှိဒီမိုကရေစီအဖွဲ့အသီးသီးမှ ပြိုင်ပွဲဝင်(၁၁)ဦးက မိမိတို့ကိုယ်တိုင်ရှာဖွေစုဆောင်းထားသော အချက်အလက်များကို ကိုးကားထား၍ စာတမ်းများကို ဖတ်ကြားတင်ပြသွားခဲ့ပြီး ယင်းတို့ထဲမှ ပထမ၊ ဒုတိယနှင့် တတိယတို့ကို FWUBC ကိုယ်စားပြုယှဉ်ပြိုင်သည့် ကိုစည်သူကျော်၊ BDA ကိုယ်စားပြုယှဉ်ပြိုင်သည့် မအေးနန္ဒာအောင်နှင့် DPNS(Japan)ကို ကိုယ်စားပြုယှဉ်ပြိုင်သည့် မကြည်ပြာဇောဝင်းတို့ကရရှိသွားခဲ့ပြီး ပထမဆုကို ယန်းသုံးသောင်း၊ ဒုတိယဆုကို ယန်းနှစ်သောင်းနှင့် တတိယဆုကို ယန်းတစ်သောင်းစီချီးမြှင့်ခဲ့သည်။
အကဲဖြတ်ဒိုင်တဦးဖြစ်သည့် ဦးလွင်အောင်စိုးက``ကျနော်တို့ဒီနေ့အကဲဖြတ် ဆုံးဖြတ်ရတဲ့နေရာမှာ အတော့်ကို ခက်ခဲခဲ့ပါတယ်။ တယောက်နဲ့တယောက်ကလည်း မတိမ်းမယိမ်းလေတွေဆိုတော့....။ အဓိကကတော့ မျိုးဆက်သစ်လူငယ်တွေဟာ ကျနော်တို့ မျှော်လင့်တာထက် အများကြီးကို တော်နေတာကိုတွေ့ရတယ်။ သတ္တိရှိတဲ့နေရာမှာတော်ပါတယ်။ မိမိဥာဏ်စွမ်းအားကို ထုတ်နိုင်တဲ့နေရာမှာ၊ သမိုင်းကြောင်းကို လေ့လာတဲ့အခါမှာတော်ပါတယ်။ အနာဂါတ်ကို မျှော်မြင့်ကြည့်တဲ့နေရာမှာလည်းတော်နေတာကို တွေ့ကြရတဲ့အခါမှာ ကျနော်တို့ ပြိုင်ပွဲဝင်တဲ့ ၁၁ ယောက်ကို အကဲခတ်တဲ့နေရာမှာ အင်မတန်မှကို ခက်ခဲခဲ့ပါတယ်။´´ဟု ပြောပြသွားသည်။
ပြိုင်ပွဲဝင်များကို ၀တ်စားဆင်ယင်မှု၊ အများပရိတ်သတ်ကို ဆွဲဆောင်နိုင်မှု၊ အာဇာနည်ခေါင်းဆောင်ကြီးများမျှော်မှန်းထားသည့် မြန်မာနိုင်ငံခေါင်းစဉ်အတိုင်း စာတမ်းတွင် ပါဝင်အောင် ထိထိမိမိတင်ပြနိုင်မှု၊ သတ်မှတ်ချိန်အတွင်း နိဒါန်း စာကိုယ်၊ နိဂုံးသုံးပါးစလုံးကို ပြည့်စုံခြုံငုံအောင် တင်ပြပြောဆိုနိုင်စွမ်းနှင့် လက်ရှိမျက်မှောက်ခေတ် မြန်မာနိုင်ငံရေးနှင့် ပါတ်သတ်သည့် ဗဟုသုတများကို တင်ပြပြောဆိုရာတွင် ဗိုလ်ချုပ်အောင်ဆန်းမျှော်မှန်းထားချက်နှင့်ကွာခြားပုံတို့ကို တင်ပြပြောဆိုနိုင်စွမ်းတို့အပေါ်တွင် အမှတ်ပေးဆုံးဖြတ်ခဲ့သည်ဟုဆိုသည်။
ပထမဆုရရှိသွားသူ ကိုစည်သူကျော်မှ``FWUBC အဖွဲ့ဝင်တဦးအနေနဲ့ အာဇာနည်ခေါင်းဆောင်ကြီးများမျှော်မှန်းထားတဲ့ မြန်မာနိုင်ငံဟာ ဘယ်လိုနိုင်ငံမျိုးဖြစ်တယ်ဆိုတာ ပြောပြခွင့်ရတဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ်.....၊ ဒီပြိုင်ပွဲမကျင်းပခင် အင်တာနက်က ရှာဖွေစုဆောင်းခဲ့တဲ့ အချက်အလက်တွေနဲ့ ဖတ်ခဲ့တဲ့စာအုပ်စာတမ်းတွေကို ကိုးကားခဲ့ပါတယ်။ နောက်အခြားလူပုဂ္ဂိုလ်အနေနဲ့ကတော့ ကျနော်တို့ဥက္ကဋ္ဌဆီကလည်း အကြံဥာဏ်တောင်းခဲ့ပါတယ်....။ ဒီလိုအကောင်းဆုံးဆုရပြီးတဲ့နောက်မှာလည်း ကျနော်တို့ FWUBC အဖွဲ့ဝင်တယောက်အနေနဲ့ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက် ဆက်လက်ကြိုးစားသွားမှာပါ´´ဟု ၄င်း၏ ခံစားချက်ကိုပြောပြသွားသည်။
အဆိုပါစာတမ်းဖတ်ပွဲမှ လက်ရှိခေတ်မြန်မာ့နိုင်ငံရေး၊ ဗိုလ်ချုပ်အောင်ဆန်းတို့ရှိစဉ်အခါက တိုင်းပြည်ခေါင်းဆောင်များ လွပ်လပ်ရေးအတွက် ကိုယ်ကြိုးစွန့်ကြိုးစားခဲ့မှုများ၊ အာဏာရှင်စစ်အစိုးရလက်ထက် မြန်မာပြည်မှာ အဖက်ဖက်က ဆိုးဝါးကျဆင်နေသလို အထူးသဖြင့် တချိန်ကသဘာဝသယံဇာတများပေါကြွယ်ဝပြီး အလွန်အေးချမ်းသာယာဝပြောခဲ့သော မြန်မာနိုင်ငံသည် ယနေ့ခေတ်တွင် ကမ္ဘာ့ ဒုက္ခသည် တတိယအများဆုံနိုင်ငံအဖြစ်ရောက်ရှိသွားသည်အထိ ဆိုးဝါးနေပြီဖြစ်ကြောင်းကို စာတမ်းဖတ်ပွဲတက်ရောက်သူများပိုမိုသိရှိနားလည်နိုင်သွားလိမ့်မည်ဟု ဦးလှအေးမောင်က ဆက်လက်ရှင်းပြသွားသည်။
အာဇာနည်နေ့အထိမ်းအမှတ်ကို ပြည်တွင်းနှင့်ပြည်ပရှိဒီမိုကရေစီအရေးလှုပ်ရှားသူများက ၀မ်းနည်းတသစွာ မမေ့မလျှော့ဖြင့် ရောက်ရာနေရာဒေသမရွေး ကျင်းပကြသော်လည်း ၁၉၈၈ ခုနှစ်မှစ၍ လက်နက်ဖြင့် မတရားအာဏာသိမ်းထားသော နအဖစစ်အစိုးရမှာမှု နိုင်ငံတော်အဆင့်အခမ်းအနားဖြင့် ကျင်းပခြင်းမရှိသလို (၆၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကိုလည်း မြို့တော်ဝန်အဆင့်သာတက်ရောက်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှာလည်း ဖခင်ဖြစ်သူအတွက် လွမ်းသူပန်းခွေချ၍ တက်ရောက်ကန်တော့ခွင့်မရရှိခဲ့ကြောင်းသိရသည်။
သတင်းအကျဉ်းချုပ် ...
ဘဘဦးတင်ဦးအိမ်မှာ အာဇာနည်နေ့ အခမ်းအနားလုပ်တယ် ၉ နာရီမှာ စတယ် တက်ရောက်လာတဲ့လူတွေကို ကော်ဖီနဲ့ ဘိန်းမုန့်ကျွေးမွေးဧည့်ခံတယ်.. CEC တွေ ၀ါရင့်နိုင်ငံရေးသမားတွေ အဖွဲ့ချုပ်အဖွဲ့ဝင်တွေကျောင်းသားပြည်သူလာရောက်ကြတယ် ၁၀ နာရီ ၄၀ ခန့်တွင် ဥသြဆွဲပြီး အလေးပြုတယ် ခြံထဲထိဝင်လာပြီး အာဏာပိုင်က ဗိုလ်ချုပ်ပုံ အကျီင်္တွေဝတ်ပြီးလမ်းလျှောက်ပြီး အားဇာနည် ကုန်းမတက်ဖို့လာ တားတယ် လာညှိုတယ်ပေါ့ဗျာ သူတို့ ကားစီစဉ်ပေးမယ် ပေါ့ လမ်းပဲလျှောက်ကြတာပါပဲ သူတို့ကားနဲ့မလိုက်ကြပါဘူး ပန်းခြင်းံကိုင်ပြီးလမ်းလျှောက်တော့တားတယ်ပန်းခြင်းမပါတော့ ပေးသွားတယ် ၁၁ နာရီ ၂၀ လောက်မှာ အခမ်းအနားပြီးတယ် အခမ်းအနားပြီးတော့ လူ ၁၀၀ နီးပါးလောက် အာဇာနည်ကုန်းဖက် တက်သွားကြတာပဲ ဓာတ်ပုံလိုက်ရိုက်တယ် တားတာ ဘာညာတော့ မကြားဘူး ခု ၂ နာရီ ဖုန်းဆက်မေးကြည့်တဲ့ အချိန်ထိ အေးဆေးပဲလို့ပြောတယ် ဒီနေ့ အခမ်းအနားတက်တဲ့ လူကတော့ ၅၀၀ လောက်ရှိမယ်ထင်တယ် ခန့်မှန်းခြေပေါ့။
(ကိုကို)
ရွှေနန္ဒ shwenanda
သတင်းအကျဉ်းချုပ် ...
(မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်)ဆိုတဲ့ သီချင်းလေးနှင့် ထိုနေ့၏ နေ့သစ်ကိုစတင်ပါသည်၊ အချိန်က ဝေလီဝေလင်း ...
(ကျဆုံးလေပြီးသော လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ အရိုအသေဂါရဝပြုကြရန်နှင့် ရေစက်သွန်ချအမျှအတမ်းဝေကြရန် သတ်မှတ်ထားသည် မိမိတို့စုရပ်များမှ အာဇာနည်ကျောက်တိုင်သို့ ချီတတ်ကြပါရန် နိုးဆော်ပါသည်}}ဟူသော နိုးဆော်ကားလေးက တမြို့လုံးကို လှည့်ပတ်နိုးထစေလျက် ...
ထိုနေ့မတိုင်မှီတစ်ရက်ကြို၍ ပန်းခွေများ သူထက်ငါအပြိုင်အဆိုင်လုပ်ကြသည်၊ ရက်ကွက်အသီးသီးမှ ပန်းခွေများ၊ ဌာနအသီးသီးမှပန်းခွေများ၊ ကျွန်တော်တို့ကတော့ ကျောင်းအတွက် ပန်းခွေလုပ်ကြပါသည်။ ကျောင်းအတွင်းတွင်လည်း ကြက်ခြေနီအသင်းပန်းခွေ၊ ဘင်ခရာအသင်းပန်းခွေ နှင့် အနုပညာအသင်းပန်းခွေ ခွဲလုပ်ကြသေး၏။
ထို့နောက်ဝါဆိုမိုးသည်းသည်းအောက် အာဇာနည်ကျောက်တိုင်အရှေ့ဝယ် ပန်းခွေများ ပန်းခြင်းများကို စနစ်တကျထားရှိကြပြီး သံဃာတော်များကို ဆွမ်းကပ်ရေစက်ချ အမျှဝေကြပါသည်။ ၁၀ နာရီ ၄၂ မီးနစ်တွင် ဆော်သြသူတစ်ယောက်၏ ]]ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုဟူသည့်}} အသံနက်ကြီးအောက်တွင် ကျွန်တော်တို့ နှစ်မီးနစ်ညီမ်သက်ကြ၏၊ ထိုစဉ် ကျောင်းဘင်ခရာတီးဝိုင်းနှင့် တပ်မတော်ဘင်ခရာတီးဝိုင်းတို့ ပူးပေါင်းကာ ကမ္ဘာမကြေ မြန်မာပြေ ဟူသောတီးလုံးအား လေးတွဲစွာ တီးမှုတ်ပါသည်။ သည်းထန်စွာငိုကြွေးနေသော ကောင်းကင်မျက်ရည်စက်များအောက်တွင် နိုင်ငံတော်အလံသည် အလံတိုင်တစ်ဝက်၌ ညိုးရော်စွာ ခိုတွဲနေလေ၏။
တာဝန်ရှိသူအသီးသီးနှင့် ရှေးတို့ဗမာအစည်းရုံးဝင် သခင်ကြီးများ ဟောပြောသော ဗိုလ်ချုပ်၊ သခင်မြ၊ ဦးဘချို၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားစပ်စံထွန်း၊ ဦးအုန်းမောင် နှင့် ရဲဘော်ကိုထွေးတို့အကြောင်း နားထောင်ကြရသည်၊ နှစ်စဉ်နှစ်တိုင်း ကြားနေရသော်လည်း ဤနေ့ဤရက်ရောက်လျှင် ထပ်ကြားချင် ထပ်ပြီးနားထောင်ချင်နေမိသည်၊ နှစ်ပေါင်းများစွာက အဖြစ်အပျက်တစ်ခုဖြစ်သော်လည်း ထိုနေ့ရောက်တိုင်း ကျွန်တော်တို့ ဝမ်းနည်းကြေကွဲမှု ဖြစ်ရစမြဲ၊ အာဇာနည်ကြီးတို့၏ အဖြစ်အပျက်အကြောင်းအရာများက ဘယ်အခါမှ ရိုးသွားခဲ့သည်မရှိ။
ထိုအခမ်းနားပြီးလျင် ထုံးစံအတိုင်း ဘော်လုံးကန်ကြ၊ ရေကူးကြနှင့် ကျောင်းပိတ်ရက်ကို ပေါ့ပါးစွာ ကုန်လွန်ကြပြန်၏။ မည်သို့ပင်ဖြစ်စေ ထိုနေ့တစ်နေ့လုံး ကျွန်တော်တို့၏ စကားဝိုင်းများတွင် အာဇာနည်တို့၏ အကြောင်းအရာများနှင့်သာ ပြည့်လျှံနေလေ့ရှိပါသည်။ ဗိုလ်ချုပ်ကလက်ဖဝါးဘယ်လိုတားခဲ့တာ၊ ရဲဘော်ကိုထွေး ခင်ဗျာတို့လုပ်ရက်ကြတယ်လို့ ပြောခဲ့တာ၊ မိုင်းပွန်စော်ဘွားကြီး အသက်ပြင်းတာ စသဖြင့် ကြားဖူးသမျှ သူထက်ငါ အလုအယက်ပြောကြပြန်၏။ ထိုမှ ဂဠုန်ဦးစော၏ လည်ပင်းကို ကြိုးစင်တင်သည် ကြေးဘုနှင့် လည်စိကို ထုသတ်သည် စသဖြင့်လည်း ငြင်းခုံကြပြန်၏၊ တခါတခါ ဗိုလ်ချုပ်က လူပြန်ဝင်စားနေပြီ ရှမ်းပြည်ဘက်မှာ ရင်ဘက်မှာသေနတ်ဒဏ်ရာတွေနဲ့ ဟု ကလေးပီပီ ဗိုလ်ချုပ်ကိုမျှော်လင့်ခဲ့ကြသည် သေရွာမှ ပြန်ထလာပြီး မတိုးတက်သေးသော နိုင်ငံကို ပြန်လည်ဦးဆောင်ပြီး ကြီးပွားတိုးတတ်အောင် လာလုပ်ခိုင်းစေချင်ခဲ့ကြသည်။
ထိုစဉ်က တိုင်းပြည်အခြေနေဆိုးနေသလား ကောင်းသလား ကျွန်တော်တို့မသိကြပါ၊ သူတပါးလို့ မတိုးတက်သေးသည်ကို အားမလိုအားရ ဖြစ်နေခဲ့ခြင်းသာဖြစ်၏၊ ထိုသို့မတိုးတတ်မှုမှာလည်း ဗိုလ်ချုပ်သေသွားလို့ ဒီလိုဖြစ်နေရတာ ဟူ၍သာသိသည် နိုင်ငံရေးအပြောင်းအလဲ အုပ်ချုပ်မှုအကြောင်းအရာတို့ကို ကျွန်တော်တို့မသိ။ ဗိုလ်ချုပ်သာ ရှိနေသေးရင် လကမ္ဘာကိုငါတို့ ခြေချနေနိုင်လောက်ပြီဟု ယုံကြည်ခဲ့ကြသည်။
ဗိုလ်ချုပ်သည် ကျွန်တော်တို့၏ သူရဲကောင်းဖြစ်သည်၊ ဗိုလ်ချုပ်ကိုကျွန်တော်တို့ယုံကြည်ခဲ့ကြသည်၊ အဆုံးအစွန်အထိပြောရလျှင် ဗိုလ်ချုပ်ကို ကျွန်တော်တို့ကိုးကွယ်ခဲ့ကြသည်၊ ထို့ကြောင့်လည်း နောင်တချိန်တွင် ကျွန်တော်တို့ (သခင်အောင်ဆန်း နိုင်ငံတော်လည်း သွေးစွန်းခဲ့အဘရေ့)ဟုလည်းကောင်း (တိုင်းပြည်ကြီးရဲ့ ဖြစ်ပုံတွေ ဗိုလ်ချုပ်အဖေရေ ထကြည့်ပါဦး}}ဟုလည်းကောင်း တတတမ်းတမ်း မြည်တွန် တိုင်တည်ရင်း ငိုကြွေးခဲ့ကြခြင်း ဖြစ်ပါလိမ့်မည်။
ကျွန်တော်တို့ ဗိုလ်ချုပ်ဟူသော ထိုပုဂ္ဂိုလ်ကိုခင်ခဲ့သည် ချစ်ခဲ့သည်၊ ထို့ကြောင့် သူတရားကို မင်ခဲ့ပါသည်။
ပုဂ္ဂိုလ်ရေးကိုးကွယ်မှုသည် နိုင်ငံရေးဖြစ်စဉ် တိုးတက်ရေးတွင် ကြီးမားသောအနှောက်အယှက်ကြီး ဖြစ်စေတတ်ပါသည်ဟု ပညာရှင်များက ဆိုကြသည်ဟု ကျွန်တော်ကြားဖူးသည်၊ သူတို့အဆို ဘယ်မျှမှန်သည် ကျွန်တော်မသိပါ၊ ကျွန်တော်ထိတွေ့ဖူးသော မြန်မာ့နိုင်ငံရေးသမိုင်းတစ်လျှောက် ဗိုလ်ချုပ်လို ပုဂ္ဂိုလ်မျိုး မရှိစဖူးခဲ့၊ ကျွန်တော်ထိတွေ့ဖူးသော မြန်မာနိုင်ငံရေးသမိုင်းများက ဗိုလ်ချုပ်ကိုအလွန်အမင်း အမွှန်းတင်ထားသော သမိုင်းမျိုးတွေ ဖြစ်ကောင်းဖြစ်ပေလိမ့်မည် သို့သော် သမိုင်းတစ်လျှောက် ဗိုလ်ချုပ်လို အမွှန်းတင်နေရာပေးလောက်သည် မည်သည့်ပုဂ္ဂိုလ် တဦးတယောက်မှ မရှိသည်ကိုထောက်ရှု့လျှင် ဗိုလ်ချုပ်ကို ကျွန်တော်ကိုးကွယ်သည်မှာ မမှားပါဟု ယုံကြည်ရပေမည်။
Mokenlay
သတင်းအကျဉ်းချုပ် ...
ဒဂုန်တာရာ (ဧရာဝတီ)
ဇူလိုင်လ ၁၉ ရက်၊ စနေနေ့ ၁၀ နာရီခွဲ။
မိုးလင်းကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်း ညို့မှုန်လျက်ရှိသည်။ တိမ်တိုက်ဟူ၍ ဘာမှကြည်လင်စွာမမြင်ရ။ မိုးကိုကြည့်ရသည်မှာ မြူသန်းနေသောပင်လယ်ပြင်ကြီးလို ၀ိုးဝိုးဝါးဝါးနေသည်။ မိုးသည် ကင်းကင်းလွတ်လွတ်စဲသည် ဟူ၍မရှိ၊ တဖွဲဖွဲ ဖွဲနေလိုက်၊ တဖြိုင်ဖြိုင်ရွာချလိုက် နှင့်၊ နောက် စွေ၍ နေလေသည်။
ဒီကနေ့ အတွင်းဝန်များရုံးသို့ သွားစရာရှိသည်။ တိုင်းပြုပြည်ပြုလွှတ်တော် အထူးအရာရှိ ဦးသိန်းဟန်(ဇော်ဂျီ)က စနေနေ့ နေ့လယ်တွင် ဆောင်းပါးလာယူရန် ချိန်းထားသည်။ ဗိုလ်ချုပ်၏ အပါးတော်မြဲ ဗိုလ်ထွန်းလှထံမှလည်း ခရီးသွားခြင်း ဆောင်းပါးဝင်ယူရင်း ခဏတဖြုတ် စကားစမည်ပြောပြီးနောက် ဇော်ဂျီဆီသို့ သွားမည်ဟု စိတ်ကူးထား သည်။
၁၀ နာရီလောက်ကတည်းက အ၀တ်အစားလဲပြီး မိုးအတိတ်ကို စောင့်လျက်ရှိသည်။ မိုးကား မစဲနိုင်။ သို့နှင့် စားပွဲတွင် ထိုင်ကာ အပြီးမသတ်သေးသော ကဗျာတပုဒ်ကိုစပ်ရင်း ၁၁ နာရီ ထိုးသွားလေပြီ။ မိုးကား မတိတ်သေးပေ။
နောက်ဆုံးတွင် မိုးစဲလိမ့်မည် မဟုတ်ဟု စိတ်ချလိုက်ပြီး အပေါ်အင်္ကျီ ၀တ်ကာ လမ်းမကြီးသို့ ထွက်ခဲ့သည်။ အဆင် သင့် တွေ့ သော ဒေါင်းတံဆိပ် တာမွေ ဘတ်စ်ကားကို တက်စီးလိုက်သည်။ ကားထဲတွင် ကြည့်မြင်တိုင်ဘက်မှ လိုက်ပါ လာမည် ထင်ရသော တောသား ၃ ယောက်နှင့် တရုတ်မ ၂ ဦးကိုတွေ့ရသည်။ ကား ပြတင်း တံခါးများမှာ ပိတ်ထားသည်။ ခရီးသည်တို့ကား တိတ်ဆိတ်စွာလိုက်ပါလာကြသည်။ အပြင်ဘက်တွင်ကား မိုးသည်ရွာလျက်ပင်။ ရွှံ့ဗွက်ချိုင့်ဝှမ်းတို့ဖြင့် ပြွမ်းသော ရန်ကုန် ကားလမ်းကား စိုစွတ်လှသည်။
ကားသည် သိမ်ကြီးဈေးတွင် ခေတ္တရပ်ပြီး ဆက်လက်၍ တဟုန်တည်း မောင်းလာသည်။ ခရီးသည် အဆင်း အတက် သိပ် မရှိလှ။ သို့နှင့် စပတ်လမ်း(ယခု ဗိုလ်အောင်ကျော်လမ်း) ရောက်လျှင် ကျနော် ဆင်းလိုက်သည်။
ထို့နောက် ဒါလဟိုဇီ လမ်း(ယခု မဟာဗန္ဓုလ လမ်း)ဘက်မှ စပတ်လမ်းကို ဖြတ်ကူးလိုက်သည်။ လမ်းဘေးတွင် မော်တော်ကားများသည် ဟိုတစု သည်တစု ရပ်လျက်ရှိသည်။ ကားတချို့ကား သွားလာလျက်။
ထီးဆောင်းလျက်၊ မိုးကာဝတ်လျက် လူများသည် သွားကြလာကြနှင့် ရှုပ်ရှက်ခတ်နေသည်။
သူရိယတိုက်ရှေ့အ၀င် တံခါးမပေါက်ကြီးတွင်ကား လူများသည် အတွင်းသိုမျှော်လိုက်။ စကားပြောလိုက်နှင့် နေကြ သည်ကိုတွေ့မြင်ရသည်။ ကျနော်ကား ရုံးဆင်းချိန်မို့ လူတွေရှုပ်နေတာ ထင်ပါရဲ့ ဟုသာ သာမန် အောက်မေ့ မိသည်။
ကျနော်သည် အင်မတန်အရိပ်ခြေကို မသိတတ်၊ မမြင်တတ်သူ ဖြစ်ချေသည်။ ခါတိုင်းကဲ့သို့ပင် ရဲရဲတင်းတင်း တံခါး ပေါက်မှ အတွင်းသို့ ၀င်သွားသည်။ လမ်းကူး တွင်ကားလက်နက်ကိုင် စစ်သားများ စောင့်ကျပ်လျက် ရှိသည်ကို တွေ့ရ သည်။ ခါတိုင်းလည်း စောင့်နေကျပဲဟု ထင်လိုက်မိသည်။ ကျနော်သည် အတွင်းဝန်ရုံးကို သွားခဲလှပေသည်။
ညှိုးလျော်သော မျက်နှာနှင့် လုံချည် အပြာ ၀တ်ထားသော စာရေးမ နှစ်ဦးသည် သုတ်သုတ် သုတ်သုတ်နှင့် ရုံးထဲမှ ထွက်လာသည်။ သို့နှင့် အလယ် ဆင်ဝင်အောက် ကားဆိုက်သည့်နေရာသို့ ရောက်လာသည်။ ခါတိုင်းလို ရုံးစေများ ချာပရာစီများ ရပ်ပြုနေသည်ကို အလျင်းမတွေ့ရ၊ တိတ်ဆိတ် ငြိမ်သက်၍ နေသည်။
ဗိုလ်ထွန်းလှ အခန်းသို့တက်ရန် လှေကားထစ် တထစ် နှစ်ထစ် တက်မိပြီးမှ တိတ်ဆိတ်ငြိမ်ချက်သား ကောင်းလှသည် ကို စိတ်ထင့်သွား၍ ဗိုလ်ထွန်းလှ ခေတ္တရုံးဆင်းချိန် လက်ဖက်ရည်သောက် သွားနေလိမ့်မည်ဟုတွေးကာ မတက် တော့ဘဲ ဆင်ဝင်အောက်မှဖြတ်သန်းကာ တဘက်ရှိ တိုင်းပြုပြည်ပြု လွှတ်တော်ရုံးခန်းသို့ လာခဲ့လေသည်။ ဇော်ဂျီထံသို့ အပြန်ကျမှပဲ ၀င်တော့မည်လေ၊
လွှတ်တော်ရုံး ၀င်ဝင်ခြင်း သခင်နု၏ ရုံးခန်းတံခါးမှာ ပိတ်ထားသည်ကို တွေ့ရသည်။ သက္ကလပ် ခန်းဆီး အစိမ်းပုတ် ကြီးမှာလည်း ဆွဲပိတ်၍ထားသည်။ သခင်နု၏ရုံးခန်းကိုကျော်၍ဇော်ဂျီ၏အခန်းသို့ရောက်လေပြီ။ သူ့အခန်းမှာ လည်း တံခါး ပိတ်ထားပြီး ခန်းဆီးအစိမ်းပုတ်ကြီးလည်း ဆွဲ၍ထားသည်။ ရုံးစေ နှစ်ယောက်မှာ နံရံကိုမှီကာရပ်နေကြသည်။ ခါတိုင်းလိုစကားပြောမနေကြ။ သူတို့သည်ငေးမှိုင်တွေဝေ၍ တမျိုးကြီးဖြစ်နေသည်ဟု အောက်မေ့လိုက်သည်။
ကျနော်က ငိုင်တိုင်တိုင်နေသော ရုံးစေတဦးအား ‘ဦးသိန်းဟန်ရှိသလား’ ဟုမေးသည်။ ‘ရှိပါတယ်ခင်ဗျ’ ဟု ခပ်တိုးတိုး သာသာအေးအေးဖြေသည်။ သည်တော့မှ မျက်နှာပျက်နေကြောင်းအသေအချာ သိလိုက်တော့သည်။ စိတ်ထဲတွင်ကား မရှင်း။
တံခါးစေ့ထားသဖြင့် အတွင်းသို့ ရုတ်တရက်မ၀င်ဝံ့သေးဘဲ တံခါးဝတွင် ရပ်ကာ ရုံးစေဘက်သို့တဖန်လှည့်၍ ‘‘အထဲမှာအစည်းအဝေးလုပ်နေသလား’’ ဟု မေးရသည်။
ရုံးစေသည် ဘာမှမပြောဘဲ အသာတယာ စေ့ထားသော တံခါးကိုဖွင့်ပေးသည်။ လှမ်းကြည့်လိုက်ရာ သူ၏စားပွဲတွင် ထိုင်နေသော ဇော်ဂျီကိုတွေ့မှ ထီးကိုထောင်ပြီးအတွင်းသို့ ၀င်လိုက်သည်။
ရုံးခန်းကား တိတ်ဆိတ်ငြိမ်သက်လျက်။ စေ့ထားသော ပြတင်းတံခါးမှ ပြာစိမ်းစိမ်း မှန်ရောင်ရိုက်ဟပ်သဖြင့် အခန်းသည် စိမ်းစိမ်း ပြာပြာ ဖြစ်နေသည်။ အခန်းထိပ်ရှိ စားပွဲကြီးတွင်ကား တိုင်းပြုပြည်ပြု လွှတ်တော် အကြံပေး အရာရှိ ၀တ်လုံ ဦးချန်ထွန်းသည် ခေါင်းငိုက်ကာ ငေးမှိုင်လျက်ရှိသည်။
ဇော်ဂျီသည် ကျနော်ဝင်လာသည်ကို မြင်သော အခါ ဆိတ်ဆိတ်ပင်၊ စကားမဟဘဲ ထိုင်ရန် ကုလားထိုင်ကိုသာ လက် ဖြင့် ညွှန်ပြသည်။ သူသည်ငေးငိုင်၍နေသည်။ အတန်ကြာတိတ်ဆိတ်လျက်ရှိသည်။ ကျနော်ကား ခါတိုင်းလှုပ်ရှား ဆူညံ၍ နေတတ်သော အတွင်းဝန်များရုံးသည် ဘာကြောင့် ယခုလိုအုံ့မှိုင်းရီဝေ၍နေသည်၊ ဆိတ်ငြိမ်၍ နေသည်ကို အံ့သြလျက်ရှိသည်။
အတန်ကြာ ဆိတ်ငြိမ်နေရာမှ ‘‘အားလုံးတော့ဒုက္ခဖြစ်ကုန်ပြီ’’ ဟု ဇော်ဂျီက တိုးတိုးညည်းလေသည်။ ကျနော်ကား ဘာမှန်း မသိသေးသဖြင့် ကြောင်နေရာ သူကအကဲခတ်မိ၍ နေရာမှထကာလက်ပြ၍ အပြင်သို့ခေါ်ခဲ့သည်။ ကျနော်သည်ထိက်ကနဲဖြစ်သွားသည်။
‘‘လက်ဖက်ရည်ဆိုင် သွားရအောင်’’
မိုးတဖွဲဖွဲတွင် ရုံးခန်းအပြင်ဘက် မြေနီလမ်းကလေးပေါ်ရောက်မှ ကျနော်က မနေနိုင်၍ ဘာဖြစ်လို့လဲဆရာ ဟု မေးမိသည်။
‘‘မင်း မကြားသေးဘူးလား’’ဟု ဇော်ဂျီက အံ့သြနေသည်။
‘‘ဟင့်အင်း … ကျနော်အခုပဲ ဘတ်စ်ကားပေါ်ကဆင်းပြီး ရုံးကိုတန်းလာတာ’’
သည်တော့မှ ဇော်ဂျီက ဖြစ်ပုံကို ပြောပြသည်။ ခြသေ့င်္တပ် စစ်ယူနီဖေါင်းကို ၀တ်ထားသော လက်နက်ကိုင် လူ ၄ ယောက်သည် ကျနော် ဖြတ်လာခဲ့သော အလယ်ဆင်ဝင်အောက်မှ တက်လာကာ ဦးအောင်ဆန်း ရုံးခန်း အတွင်းသို့ အတင်းတွန်းဝင်၍ အစည်းအဝေးပြုလုပ်လျက်ရှိသော အမှုဆောင် ၀န်ကြီးများအားစတင်းဂန်းဖြင့်ပစ်ခတ်ကြပြီး မည်သူမျှ ဖမ်းဆီးခြင်းမခံရဘဲ ဂျစ်ကားဖြင့် ထွက်ပြေး လွတ်မြောက်သွားသည်။ ကျနော် မရောက်မီ ၁ နာရီ ကျော်ကျော်ခန့်က ဖြစ်သည်။
ကျနော်သည် သည်သတင်းကိုကြားသောအခါ ထိတ်လန့် တုန်လှုပ်သွားသည်။ အသားများ တဆတ်ဆတ်တုန်လာ သည်။ အတွင်းဝန်ရုံး လက်ဖက်ရည်ဆိုင်ထဲတွင်ကား စာရေး စာချီ စသော ရုံးသားတို့သည် ညှိုးးငယ်သော မျက်နှာဖြင့် ဆိတ်ငြိမ်စွာစားသောက်၍ နေကြသည်ကိုတွေ့မြင်ရသည်။ တစားပွဲခြားရှိ နိုင်ငံရေးရာအတွင်းဝန် ကိုကျော်မြင့် ကလေး က လှမ်း၍ နှုတ်ဆက်လိုက်သည်။ သူသည် ခပ်အေးအေး ခပ်တွေတွေပင် လက်ဖက်ရည်ကို သောက်နေသည်။
‘‘အင်မတန်နှမြောဖို့ ကောင်းတယ်ဗျာ၊ သိပ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့နိုင်ငံရေး လုပ်ကြံမှုပဲ’’ စသည်ဖြင့် လူအချို့သည်ငြီးတွားလျက်ရှိကြသည်။
ဇော်ဂျီက ‘‘အမျိုးသားပျက်စီးခြင်းတရပ်ပဲ’’ ဟု တသသပြောသည်။
‘‘ကျနော် ရုံးဝင်းထဲဝင်လာတော့ လက်နက်ကိုင် ပုလိပ်တွေကိုတွေ့တယ်။ ဒါပေမယ့် ကျနော် ၀င်လာတာကိုမတားကြ ဘူး။ ဆင်ဝင်အောက် အ၀င်မှာတောင် အသိစာရေး ၁ ယောက်နဲ့တွေ့သားပဲ။ သူကလည်း ဘာမှမပြောဘူး’’။
‘‘လူတွေဟာမပြောရက်ကြဘူး’’ ဟု ဇော်ဂျီကဆိုလေသည်။
လက်ဖက်ရည်သောက်နေကြစဉ် ခုတင်ပဲ ဆေးရုံကပြန်လာသော ရုံးသားတဦး အပါးကပ်လာ၍ ‘‘ဘယ့်နဲ့လဲ’’ဟု ကျနော်တို့က ၀ိုင်း၍မေးမြန်းကြသည်။ သူက မိုင်းပွန်စောဘွားကြီးမှ တပါး အားလုံးဆုံးရှာပြီဟု ပြောသည်။ သူ့အသံမှာ တုန်နေ၍မျက်နှာမှာ ဖြူဖတ်ဖြူရော်ဖြစ်နေသည်။
‘‘ဗိုလ်ချုပ်ကော’’ ဟု တယောက်က တိုးတိုးမေးသည်။
‘‘မျက်နှာကို အ၀တ်ဖြူနဲ့ ဖုံးထားတယ်’’
ကျနော်လည်း ကြာကြာမနေနိုင်ဘဲ ဂျူဒါအီစကယ်လမ်း(ယခု သိမ်ဖြူလမ်း) တံခါးပေါက်မှကျော်၍ အပြင်ဘက်လမ်းသို့ ထွက်ခဲ့သည်။ မိုးသည် တစိမ့်စိမ့်ရွာလျက်ပင်။ လူတအုပ်သည် မိုးထဲတွင် ထီးဆောင်း၍၊ တချို့ထီးမပါဘဲ၊ အချို့ ပလက်ဖောင်းပေါ်တွင်ရပ်ကာ အတွင်းဝန်ရုံးဘက်သို့ မျှော်ကြည့်နေကြသည်။ ကုလားနှင့် တရုတ်လည်းပါသည်။
လူတယောက်က ကျနော်၏ လက်မောင်းကိုဆွဲကိုင်၍ ‘‘ဒီမယ်… ခုနက၀န်ကြီးတွေ သေနတ်ပစ်ခံရတယ် ကြားတယ်၊ ဟုတ်သလားခင်ဗျာ’’ဟု မေးသည်။ သူကား အကြောင်းမျိုးစုံကို သိချင်နေပေလိမ့်မည်။
‘‘ဟုတ်ကဲ့…’’ ဟူ၍သာ ဖြေကြားပြီး တဘက်သို့ ဖြတ်ကူးရင်းအသင့်တွေ့ရသော ဒေါင်းတံဆိပ်ကားကို တက်စီးလိုက် သည်။ ကားသည် လမ်းမတော်ဘက်သို့ပြေးလျက်ရှိသည်။
ကားထဲတွင် လူမနည်းလှပေ။ ခရီးသည်အားလုံး မျက်စိမျက်နှာမကောင်းကြ။ ခပ်ရွယ်ရွယ် မိန်းမပျိုတဦးက ‘‘ဖြစ်မှဖြစ်ရလေနော် ဖြစ်မှဖြစ်ရလေ’’ ဟု မြည်တမ်းလျက်ရှိသည်။
ဈေးသည်ဟုထင်ရသော ခပ်အိုအိုမိန်းမကြီး နှစ်ယောက်သည် ‘‘ဗိုလ်ချုပ် အသက်ရှင်ပါစေတော်’’ ဟု ဆုတောင်း၍ နေသည်။
ယခုမှပင် သိရသော မိန်းမတယောက်က မေးမြန်းသည်ကို ‘‘မပြောကြနဲ့ မပြောကြနဲ့’’ ဟု အသာလက်ကုတ်၍ တီးတိုးတားမြစ်သည်။ သူတို့သည် မပြောရက်ကြ။ သန့်ပြန့်စွာ ၀တ်စားထားသော တရုတ်တဦး က‘‘အားကီး ရက်စက်တာပဲ’ဟု ကျနော့် ဘက်သို့ လှည့်၍ ရေရွတ်လျက်ရှိသည်။ မျက်နှာထားတင်းတင်းနှင့် ဘတ်စ် ကား ဒရိုင်ဘာသည် တောက်ခေါက်လိုက်သည်။
သိမ်ကြီးဈေးသို့ ရောက်သောအခါ လူသွားလူလာ ကင်းရှင်းနေပေပြီ။ ဈေးဆိုင်များပိတ်ထားလေပြီ။ သတင်းသည် တမုဟုတ်ချင်းပျံ့နှံ့၍သွားလေပြီ။ မော်တော်ကား၊ လန်ချားတို့ကား ခပ်မြန်မြန်သွားလာနေကြသည်။
ကားလမ်းပေါ်မှဆင်း၍ လမ်းထဲသို့ ၀င်လာသောအခါ အိမ်ဝတွင် လူတို့သည် မှိုင်တိုင်တိုင်နှင့်ရပ်ကာကြည့်နေသည်ကို တွေ့မြင်ရသည်။ လူတို့သည် အငြိမ်မနေနိုင်ကြ။ မိုးသည်မစဲဘဲ ရွာလျက်ပင်။
လူတို့သည် ဖြစ်မှဖြစ်ရလေ၊ ဖြစ်မှဖြစ်ရလေ ဟု တတွတ်တွတ် မြည်တမ်းရင်းပင် ညနေစောင်းလာတော့သည်။ ဗိုလ်ချုပ် ဆုံးကြောင်းကား ညနေထုတ် သတင်းစာများမှ ကြားရလေပြီ။
မည်သူ့မျက်နှာကြည့်ကြည့် မျက်နှာညှိုးငယ်နွမ်းလျစွာနှင့်။ လမ်းမပေါ်မှ စက်ပြင်ဆရာ တဦး၏ မိန်မပါးစပ်မှ ‘‘ကျုပ်တို့တော့ ထမင်းလည်း မချက်တော့ဘူး၊ စားချင်စိတ်လည်း မရှိတော့ပါဘူးရှင်’’ဟူသောအသံသည် သဲ့သဲ့မျှ ပေါ်ထွက်လာသည်။
နေ၀င်မီးငြိမ်း အမိန့်ထုတ်ထားသဖြင့် ညဥ့်ဦးသည် တိတ်ဆိတ်ကာ မှောင်လှသည်။ အိမ်သားများ ဆုံတိုင်း နေ့ခင်းက အကြောင်းကိုသာ ပြောကြသည်။ ရှိုက်သံ၊ တမ်းတသံ၊ ညဉ်းညူသံ၊ တသသံ။
တိတ်ဆိတ်မှောင်မည်းသဖြင့် စောစော အိပ်ရာဝင်ကြသော်လည်း အိပ်မပျော်နိုင်ကြ။ နေ့ခင်းကဟာ အိပ်မက်ပဲ ဖြစ်ပါစေတော့ဟု မိန်းမများက ဆုတောင်းကြသည်။
ညဥ့်နက်သော်လည်း ချောင်းဟန့်သံ၊ လူးလွန့်သံတို့သည် ဆက်၍နေသည်။ ရှဲခနဲ မီးခြစ်၍နောက်ဖေး ထကြ ပြန်သည်။
တရေးနိုးဆုံလျှင် ‘‘ဘယ်တော့များမှ မေ့ပျောက်ပါ့မလဲနော်’’ဟု အိပ်ချင်သံနှင့်ဆိုကြသည်။ တရေးနိုးတိုင်းသတိရလျက် ရှိသည်။ မကြာခဏအိပ်မက်ပြီး နိုးသည်။ သို့နှင့်ပင် တအောက်မေ့မေ့၊ တသသနှင့်ထိုညကို လွန်မြောက်ရသည်။
၁၉၄၇
သြဂုတ်လ
“အယ်ဒီတာ စာပွဲ၊ စာပေ၊ အနုပညာ ဝေဖန်ရေး နှင့် ပန်းနုရောင်အို” စာအုပ်တွင် ဖော်ပြပါရှိသော ဤ ဆောင်းပါးအား ဆရာ ဒဂုန်တာရာ ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြပါသည်။
သတင်းအကျဉ်းချုပ် ...
ထူးဆန်းထွေလာ ဖားနှစ်ကောင်သတင်းနဲ့ အတူပြန်လည်ထွက်ရှိ
လာတဲ့ တစ်ပတ်ခန့်ထုတ်ဝေမှု အပိတ်ခံရသော ပေါ် ပြူလာဂျာနယ်
နအဖစစ်အစိုးရ၏ စာပေကင်ပေတိုင်ဌာနမှ ထုတ်ဝေခွင့် တစ်ပတ်တိတိ ပိတ်ပင်ခံခဲ့ရသော ပေါ် ပြူလာဂျာနယ်နှင့် အင်ဗွိုင်းဂျာနယ်နှစ်စောင်တို့ အနက် ပေါ်ပြူလာဂျာနယ်မှာ ယခုတနင်္ဂနွေနေ့တွင် ပြန်လည် ထုတ်ဝေခွင့်ရရှိခဲ့ပြီး၊ အင်ဗွိုင်းဂျာနယ်မှာလည်း မကြာခင်မှာ ပြန်လည်ထုတ်ဝေခွင့် ရရှိတော့မှာ ဖြစ်ကြောင်း စာပေအသိုင်းအ၀ိုင်းနှင့် နီးစပ်ပတ်သက်သော အသိုင်းအ၀ိုင်းမှ ကြားသိရပါသည်။ ယင်းဂျာနယ်နှစ်စောင်အား စာပေကင်ပေတိုင်ဟူသော အမည်ဆိုးဖြင့် ကျော်ကြားနေသော မြန်မာနိုင်ငံစာပေစိစစ်ရေးမှ ၄င်းတို့ဂျာနယ် ထုတ်ဝေသူများအား အကြောင်း အမျိုးမျိုးကြောင့် ထုတ်ဝေနိုင်ခြင်း မရှိပါဟူ၍ လျှောက်ထား စာရေးသား တင်ခိုင်းခဲ့သော်လည်း ( Bi Weekly Eleven) နှင့်( Monitar) ဂျာနယ်တို့က မိန်းကလေးအဖော်၊ အလန်ပုံများကို ဖော်ပြသောကြောင့် မြန်မာစာပေစိစစ်ရေးမှ ထုတ်ဝေမှု ရပ်ဆိုင်းခဲ့ရခြင်း ဖြစ်ကြောင်းကို ဖော်ကောင်လုပ် ရေးသား တင်ပြခဲ့သဖြင့် ပေါ် ပြူလာဂျာနယ်နှင့် အင်ဗွိုင်းဂျာနယ် ထုတ်ဝေသူတို့မှာ စာပေ၀န်းကျင်တွင် အရှက်ရခဲ့ပါသည်။
မြန်မာနိုင်ငံ စာပေစိစစ်ရေးညွှန်မှုး (ဗိုလ်မှုးတင့်ဆွေ(ခ)ရဲရင့်တင့်ဆွေ)မှာ ၄င်း၏နောက်ကွယ်မှ ထောက်လှမ်းစုံစမ်း ဖိအားပေးနေသည့် (ဗိုလ်မှုးမျိုးမြင့်မောင်)ကို မလွန်ဆန်နိုင်သောကြောင့် ဖြစ်သည်ဟု စာပေစိစစ်ရေးနှင့် နီးစပ်သူတို့က ပြောဆိုခဲ့ပါသည်။ (၂၀၁၀)ရွေးကောက်ပွဲကာလ နီးကပ်လာသည်နှင့် မြန်မာနိုင်ငံစာပေစိစစ်ရေး ကင်ပေတိုင်များက စာပေအနုပညာ၊ ဂျာနယ်၊ မဂ္ဂဇင်းထုတ်ဝေမှုများ၊ ရေးသားမှုများအပေါ်တွင် ပိုမိုကာ ဖိအားပေး နှိပ်ကွပ်လျှက် ရှိနေပါသည်ဟုလည်း ယင်းစာပေအသိုင်းအ၀ိုင်းက ဆိုလာပြန်ပါသည်။ နအဖစစ်အစိုးရ အကြိုက်ကိုသိသော အလိုတော်ရိ လျှပ်တပြက်ဂျာနယ်မှ (ဆရာကြီးတစ်ခါစားမြတ်ခိုင်)၊ စာပေစိစစ်ရေးအတွင်းရေးမှုး (ကိုကို-စက်မှုတက္ကသိုလ်) ဆိုသူတွေကတော့ ၄င်းတို့အရှင်သခင် နအဖစစ်ဗိုလ်ချုပ်၊ ဗိုလ်မှုးကြီးများကို မိန်းမအပျော်အပါး၊ ယမကာသေရည်တို့ ဆက်သတိုက်ကျွေးပြီး၊ ၄င်းတို့ဂျာနယ်များ ဆင်ဆာ ဖြတ်ခြင်းမခံရအောင်၊ အ၀ါရောင်စာပေများ ရေးသားခွင့်ရအောင် လာဘ်သက္ကာယများ ဆက်သနေပါတယ် လို့လည်း ပြောကြားလာပါတယ်။ ယခုအပိတ်ခံရတဲ့ ဂျာနယ် ထုတ်ဝေသူများကလည်း မိမိတို့ ဂျာနယ်များထုတ်ဝေမှု အပိတ်မခံရအောင် အရှင်သခင်ကြီးများကို မည်သည့်နည်း၊ မည်သည့်အရာများဖြင့်ဆက်သရမည်လဲဆိုသည်ကို စဉ်းစားနေရပါကြောင်း ကြားသိခဲ့ရပါသည်။ (၂၀၁၀)ခုနှစ် ကမ္ဘာ့ ဖလားပြိုင်ပွဲတွင် ဘောလုံးအနိုင်အရှုံးကို မှန်ကန်တိကျစွာ ဆုံးဖြတ်ပေးခဲ့သော ရေဘ၀ဲလေး ပေါလ်ကို အားကျတော်မူသော နအဖအကြိုက် (ဖော်လံဖား) တတ်သော ဒါရိုက်တာကြည်စိုးထွန်းနှင့် (ကပ်ဖား)သော တေးသံရှင်ရော့ခ်ကာကြီး ဇော်ဝင်းထွဋ် တို့ကလည်း ပြန်လည် ထုတ်ဝေခွင့်ရခဲ့သော ယခုတစ်ပတ်ထုတ် ပေါ် ပြူလာဂျာနယ်တွင် နအဖ စစ်အစိုးရရွှေ တို့သဘောကျမည့် အကြောင်းအရာများကို ဆောင်းပါးအဖြစ် ရေးသားထားသည် ကိုတော့ ရေးသားတင်ပြခဲ့ပါရင် ရှည်ဝေးနေမည် စိုးပါသဖြင့် ရှာဖွေဝယ်ယူ ဖတ်ရှုကြပါရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်။
မာဃ၀ိဇ္ဇာ
သတင်းအကျဉ်းချုပ် ...
ဇူလိုင်ဆယ့်ကိုး တပ်လှန့်နိုးသည်
ဒို့မျိုးစဉ်ဆက် တိုင်သနည်း။
ဆယ့်ကိုးဇူလိုင် မမေ့နိုင်တည့်
မိုးရက်မိုးခါ ဖြစ်နေပါလည်း
ရှူသာမြက်ခင်း နံနက်ခင်းနှင့်
ယင်းသည့်စနေ ဂြိုလ်ဆိုးမွှေခဲ့။
တွင်းဝန်ရုံးဆီ ဆယ်နာရီနှင့်
စွန်းသည်ဟိုဘက် နာရီဝက်တွင်
ပြည်တွက်ရေးရာ များဝန်တာကို
ဖြာဖြာတနည်း ခေါင်းဆောင်ကြီးတို့
စုစည်းတထွေ ဆွေးနွေးနေစဉ်
ဂျစ်ကားစိမ်းမှ ဆင်းသက်ကြပြီး
လက်မှတော်မီ စတင်းချီလျှက်
တပ်မည် နံပါတ် ဆယ့်နှစ်မှတ်သည့်
စစ်တပ်ဝတ်စုံ အရေခြုံတို့
စုပြုံတက်သွား မိနစ်ခြားဝယ်
နားကွဲမတတ် ဒလစပ်လျှင်
ပစ်ခတ်ဆူညံ သေနတ်သံတို့
မိုးယံထိုးဖောက် လေ၀ယ်နှောက်သည်
ထက်အောက်ဝန်းကျင် တုန်သနည်း ။
ကျည်ပွင့် သံလည်း
မိုးယံကိုဖွင့် လေ၀ယ်လွင့်သည်
ယမ်းပွင့်ယမ်းခိုး ဝေသတည်း ။
ဗိုလ်ချုပ်အောင်ဆန်း ပြည့်ချစ်ပန်းနှင့်
ခေါင်နန်းစာဆို ဦးဘချိုပြင်
ကြည်ညိုဆပွား ဒို့အားထားသည့်
စော်ဘွားမိုင်းပွန် လူရည်ချွန်လှ
သခင်မြနှင့်
တကွတူပြိုင် မန်းဘခိုင် ၊
ကြိုင်လှိုင်သတင်း ဦးဘ၀င်း
ပျံ့သင်းဂုဏ်ဒြပ် ဦးရာဇတ်တို့
ပစ်သတ်ခံရ ဆောင်ခန်းမ၀ယ်
လဲကျသေဆုံး သွေးနီဖုံးသည် -------
ဆုံရှုံးခဲ့ရလေပြီတကား ။
ဤသတင်းလျှင်
ချက်ခြင်းပျံ့သွား ပြည်သူ့နားသို့
သိကြားမကြာ ပြည်လုံးမှာလည်း
သည်းညှာပျက်ပြုန်း ကြိမ်မီးအုံးသို့
ယူကျုံးမရ မျက်ရည်ကျခဲ့---------- ၊
တသနှမြော အသေစောဟု
သောကလှိုက်ဖို ရှိုက်ငင်ငိုမိ
ရက်ကိုလစား ချိန်တွေများသည်
ခြေက်ဆယ့်သုံးနှစ် တိုင်ခဲ့ပြီ။
ပြည်သူ့လွတ်လပ်ရေး အသက်ပေး၍
စတေးခံသွား ခေါင်းဆောင်များအတွက်
ဒို့ကားတဖန် ဆောင်ရွက်ရန်ကား
မိမြန်အတွက် စွမ်းသည့်ဘက်မှ
ဆထက်ကြိုးကုတ် အားမာန်ထုတ်၍
ဗိုလ်ချုပ်ချမှတ် လမ်းစဉ်မြတ်ကို
ကျင့်အပ်လိုက်နာ သွားရန်သာတည်း ။
ဆယ့်ကိုးဇူလိုင် မမေ့နိုင်သည့်။
ဇူလိုင်ဆယ့်ကိုး တပ်လန့်နိုးသည် --------၊
ဒို့မျိုးစဉ်ဆက် တိုင်သတည်း ။
ထွဏ်းနေနွယ် ။
သတင်းအကျဉ်းချုပ် ...
မြန်မာလူမျိုးတို့ ကပ်ဆိုဒ်နေ၍လား၊ ရာသီဥတုတွေ ဖောက်ပြန်နေ၍လား၊ ဆင်းရဲနွမ်းပါးမှု ဒါဏ်ကြောင့်လား မသိ … ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ် ဆေးခန်းသို့ လာရောက်ပြသ ကုသကြသော လူနာဦးရေသည် တစ်နေ့ထက် တစ်နေ့ ပိုမိုများပြား လာသည်။ ယခုဆိုလျှင် နေ့စဉ် လူနာ (၂၀၀) ခန့်ကို အခမဲ့ ကုသပေးနေလျှက်ရှိသည်။ ကုသိုလ်ဖြစ် ဆရာဝန်ကြီး၊ ဆရာဝန်မကြီးများ၏ စေတနာ ပံ့ပိုးမှုတို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်းသည် လူမျိုးဘာသာ ဆင်းရဲချမ်းသာ မိတ်ဆွေရန်သူမရွေး လူနာများ၊ ကျန်းမာရေး ချို့တဲ့သူများကို နွေးထွေးပျူငှာစွာ အခမဲ့ ကုသပေးနိုင်ခြင်းဖြစ်သည်။ လူနာဦးရေ များပြားလာသည်နှင့်အလျှောက် လူနာများ ဆေးဝါးကုသမှုခံယူရန် စောင့်ဆိုင်း နားခိုရသော နေရာသည် အဓိကဖြစ်တော့သည်။ နေပူ မိုးရွာထဲ ဒီအတိုင်း စောင့်ဆိုင်းခိုင်း၍ မဖြစ်။ ဥပေက္ခာပြု၍ မဖြစ်။ အားကိုးတကြီးနှင့် ဆေးဝါးကုသမမှု လာရောက်ကုသ ခံယူကြသော လူနာများအား နွေးထွေးပျူငှာ ကြင်နာစွာ ဂရုစိုက်ရန် ကျွန်တော်တို့၏ တာဝန်ဖြစ်သည်။
ထို့ကြောင့် ယခင် ယာယီဆောက်လုပ်ထားသော လူနာနားနေဆောင်အားဖျက်၍ ခိုင်ခန့်မှု၊ ငြိမ်းအေးမှု၊ တည်တံ့မှု၊ ကြည်နူးမှုများနှင့် ပြည့်စုံသော အဆောက်အဦးကို တတ်သိပညာရှင်တို့နှင့် ပူးပေါင်းကာ အကောင်အထည်ဖေါ် တည်ဆောက်ခဲ့ကြသည်။ လေ၀င်လေထွက် ကောင်းရမည်၊ စိတ်အေးချမ်း သာယာရမည်၊ ကြည်နူးစေရမည်၊ ဗဟုသုတရစေရမည် စသည့် ပေးဆပ်မှုတို့နှင့် ပြည့်စုံ စေရန် သစ်ပင် ပန်းမာလာများကိုလည်း စိုက်ပျိုးပေးခြင်း၊ လေ၀င်လေထွက်ကောင်းရန် ဆောက်လုပ် ပေးထားခြင်း၊ သန့်စင်ခန်းသွားရန် လွယ်ကူစေခြင်း၊ သန့်ရှင်းတောက်ပြောင်စေခြင်း၊ နားနေရာတွင် အဆင်ပြေ သက်တောင့်သက်သာ နားနေရန် ထိုင်ခုံများ စီစဉ်ပေးထားခြင်း၊ မသန်မစွမ်း လူနာ၊ အသက်ကြီးရင့်သော လူနာများအား Wheel Chair နှင့် စီစဉ်ပေးခြင်း၊ ဆရာဝန်ကို စောင့်ဆိုင်းနေရချိန် တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှု DVD အခွေများကို TV Screen နှင့် ပြသပေးခြင်း၊ မေတ္တာပို့သံ တရားဓမ္မများကို ဖွင့်လှစ်ပေးထားခြင်းတို့ကြောင့် လူနာများသည် ဆရာဝန်အား မပြသခင် ကတည်းက သူတို့၏ ရောဂါဝေဒနာ တစ်ဝက်လျော့ပါး သွားစေတော့မည် ဖြစ်ပါသည်။
သုခ နားနေဆောင်အား ၁၇.၇.၂၀၁၀ (စနေ) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ ဘဏ္ဍာရေးမှူး ရွှေဇီးကွက် ၏ မိဘနှစ်ပါးတို့မှ မုန့်ဟင်းခါးဖြင့် လူနာများ၊ ပရိသတ်များ၊ အသင်းသူ/သားများ၊ အလှူရှင်များအား ကျွေးမွေးလှူဒါန်းကာ ဖွင့်လှစ်ခဲ့ပါသည်။
အများပြည်သူ (ပြည်တွင်း ပြည်ပအလှူရှင်) တို့ လှူဒါန်းထားသော အလှူငွေတို့ဖြင့် ဆေးဝါး ကုသကြမည့် အများပြည်သူတို့အတွက် ရောဂါဝေဒနာများကို သက်တောင့်သက်သာ ကုသနိုင်ရန် အတွက် စိတ်အေးချမ်းမြေ့စွာ နားနေနိုင်ရန်အတွက် “သုခ နားနေဆောင်” အား အောင်မြင်စွာ ဖွင့်လှစ် ပေးနိုင်ပြီဖြစ်ပါ၍ အများပြည်သူ အလှူရှင်အပေါင်းတို့ သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ရန် တင်ပြလိုက် ပါသည်။
သတင်းနှင့်ဓာတ်ပုံ။ ။ ကိုကျော်သူ
သတင်းအကျဉ်းချုပ် ...
အဲဒီနေ့က ဒီဇိုင်းဆရာဆီက ပြန်ခဲ့တယ်။ စာအုပ်အဖုံးအတွက် ဒီဇိုင်းအပ်ထားပါတယ်။ တစ်လကြာခဲ့ပြီ။ သူ့ဆီ သွားရတာလည်း အကြိမ်ပေါင်း မနည်းတော့ဘူး။ “ မနက်ဖြန် လာကြည့်ပါ “ ဆိုတဲ့စကား သွားတိုင်းကြားနေရတယ်။
အဲဒီစကားဟာ ကျွန်တော်တို့ အမြဲ သုံးနေကျစကားပါ။ အလုပ်တစ်ခု သွားအပ်ရင်ပဲဖြစ်ဖြစ်၊ ရစရာရှိလို့ သွားတောင်းရင်ပဲဖြစ်ဖြစ်၊ တွေ့စရာရှိလို့ချိန်းရင်ပဲဖြစ်ဖြစ် ‘ နက်ဖြန် ‘ ဆိုတဲ့စကား အလွယ်တကူ သုံးတတ်ကြတယ်။ ‘ မနက်ဖြန် ‘ ဆိုတဲ့ နောက်တစ်နေ့ဟာ သိပ်မကြာခင် ရောက်လာမှာဖြစ်လို့ သည်းခံပါ။ “ မနက်ဖြန် “ ဆိုတာ နီးနီးလေးပါ ။ ဘာကြာတာမှတ်လို့။ ခဏလေးစောင့်ရတာပဲ။ ဒီလောက်မှ စိတ်မရှည်ဘူးလား။ “ မနက်ဖြန် “ ဆိုတာ ဒီလို အဓိပ္ပာယ်တွေ ရှိနေတယ်။
‘ မနက်ဖြန် ‘ ဆိုတဲ့အချိန်ဆိုင်းမှုဟာ ကျွန်တော်တို့တစ်တွေရဲ့ အလေ့အထလိုဖြစ်နေကြတယ်။ ကျွန်တော်တို့တစ်တွေရဲ့ အချိန်အပေါ်တန်ဖိုးထားမှုအားနည်းကြောင်း ဝန်ခံနေတဲ့ စကားလုံးဆိုတာ သတိမပြုမိကြဘူး။ “ မနက်ဖြန် “ ဆိုတဲ့စကားဟာ ကတိမတည်ခြင်းရဲ့ သင်္ကေတတစ်ခု ဖြစ်နေတယ်ဆိုတာ မစဉ်းစားမိကြဘူး။ ဒါပေမဲ့ ‘ မနက်ဖြန် ‘ ဆိုတာ နောက်တစ်နေ့ အိပ်ရာထရင် ရောက်သွားတတ်တာပဲ။ ဒီလောက်တော့ စောင့်နိုင်ရမှာပေါ့ဆိုတဲ့ အပြန်အလှန်နားလည်မှုတွေနဲ့ အပြန်အလှန်သည်းခံရင်း အပြန်အလှန် ခွင့်လွှတ်မှုတွေနဲ့ နေလာခဲ့ကြတာ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုတစ်ရပ်လို ဖြစ်နေပါပြီ။
“ မနက်ဖြန်မှ လုပ်မယ် “
“ မနက်ဖြန်မှ တွေ့မယ် “
“ မနက်ဖြန်မှ သွားမယ် “
ဆိုတဲ့ ‘ မနက်ဖြန် ‘ များစွာဟာ ကျွန်တော်တို့ ပါးစပ်ထဲမှာ၊ စိတ်ထဲမှာ အကျင့်ဖြစ်နေတဲ့ သာမန်စကားတစ်လုံးပါ။ “ See you tomorrow “ ဆိုပြီး ခွဲကာနီးမှာ နှုတ်ဆက်စကား ပြောကြတာ စာဖတ်သူတွေ ကြားဖူးမှာပါ။ လူတွေရဲ့ စိတ်ထဲမှာ မနက်ဖြန်ဆိုတာ သေချာတဲ့ နေ့တစ်နေ့လို့ ယုံမှတ်ပြီး အလွယ်တကူ နှုတ်ဆက်ကြတဲ့သဘောပါ။
ဒီဇိုင်းဆရာဆီကအပြန် ဆိုင်ကယ်စီးလာရင်း ‘ မနက်ဖြန် ‘ ဆိုတဲ့အချိန်အကြောင်းကို တွေးနေမိပါတယ်။ အဲဒီနေ့က ( ၆၂ ) လမ်းအတိုင်း ပြန်လာခဲ့ပါတယ်။ နေ့ခင်းဖက်ဆိုတော့ လူရှင်း၊ ကားရှင်းဖြစ်နေလို့ ဆိုင်ကယ်ကို ဖြည်းဖြည်းစီးလာခဲ့တယ်။ ဖြစ်ချင်တော့ ( ၆၂ ) လမ်းနဲ့ ခိုင်ရွှေဝါလမ်းဒေါင့်မှာ သဲကားနဲ့ ဆိုင်ကယ်တစ်စီး ချိတ်မိပြီး ဆိုင်ကယ်စီးလာတဲ့ လူနှစ်ယောက် ကားရဲ့ နောက်ဘီးကားအောက်မှာ ပြားပြားမှောက်လို့ သေနေရှာတယ်။ လူတွေကလည်း ဝိုင်းအုံလို့၊ တစ်ယောက်တစ်မျိုး ထင်မြင်ချက်တွေပြောပြီး ကြည့်နေကြတယ်။ ကျွန်တော်ကတော့ နီရဲနေတဲ့သွေးတွေကိုမကြည့်ရဲတာနဲ့ တုန်ုတုန်ယင်ယင်ဖြစ်ပြီး အိမ်ကို ပြန်လာခဲ့တယ်။
ဒီနေရာမှာ ကျွန်တော် စဉ်းစားမိတာလေး ရေးပြပါရစေ။
ဒီလူနှစ်ယောက်တော့ သေသွားရှာပြီ။ ဒီလူနှစ်ယောက်ကို ကျွန်တော်မသိပါဘူး။ ဒီလူနှစ်ယောက် နောက်ထပ် ဘဝတစ်ခုကို ပြောင်းသွားကြပြီ။ ဒီလူနှစ်ယောက်အတွက် မနက်ဖြန်ဆိုတာ မရှိတော့ဘူး။ မနက်ဖြန်ဆိုတဲ့စကား သူတို့မပြောနိုင်တော့ပါဘူး။ မနက်ဖြန်ဆိုပြီး အချိန်ကို ရွှေ့လို့မရတော့ပါဘူး။ မနက်ဖြန်ဆိုတာ သူတို့နဲ့ မသက်ဆိုင်တော့ပါဘူး။ မနက်ဖြန်များစွာဟာ သူတို့နှစ်ယောက်ဘ၀မှာ ပြီးဆုံးသွားခဲ့ပါပြီ။
မေးပါရစေ။
ဒါဆိုရင် ‘ မနက်ဖြန် ‘ နဲ့ ‘ နောက်ဘဝ ‘ ဘယ်သူက နီးပြီး၊ ဘယ်သူကပိုဝေးသလဲ။
ဥာဏ်နုနယ်တဲ့ ကလေးတစ်ယောက်ကိုသာမေးရင်တော့ မနက်ဖြန်ဆိုတာ နီးနီးလေး၊ နောက်ဘဝဆိုတာ အဝေးကြီးလို့ ဖြေမှာပဲ။
ဥာဏ်ကြီးတဲ့ လူတစ်ယောက်ကို မေးရင်တော့ မနက်ဖြန်ဆိုတာ အဝေးကြီး၊ နောက်ဘဝဆိုတာ နီးနီးလေးလို့ ဖြေမှာပါပဲ။ သေချာတွေးကြည့်ရင် မနက်ဖြန်ဆိုတာရောက်လာဖို့ နောက်ထပ် ( ၂၄ ) နာရီလောက် လိုသေးတယ်။ နောက်ဘဝဆိုတာ ချက်ချင်း ဖြစ်သွားနိုင်တာပဲ။
ဒါဆိုရင် မသေချာတဲ့ မနက်ဖြန်တွေကို ကိုယ်တကယ် မပိုင်ဆိုင်တဲ့ မနက်ဖြန်တွေကို ဘာဖြစ်မယ်မသိတဲ့ မနက်ဖြန်တွေကို ကျွန်တော်တို့ ဘာလို့ တန်ဖိုးထားနေမိကြတာလဲ။ နောက်ဘဝဆိုတာ မနက်ဖြန်ထက်စာရင် အများကြီးနီးတယ်ဆိုတာ သိရဲ့သားနဲ့ ဘာလို့များ အချိန်ကို တန်ဖိုးမထားမိကြတာလဲ။
နောက်ဘဝ ဆိုတာ နီးနီးလေးမှန်းသိရင် အလုပ်တွေကို ပြီးအောင် လုပ်သင့်တယ်။ အချိန်မဆွဲသင့်ဘူး။ အမုန်းတရားတွေနေရာမှာ မေတ္တာတရားနဲ့ အစားထိုးသင့်တယ်။ မနာလို၊ ဝန်တိုမှုတွေနေရာမှာ အပြန်အလှန် လေးစားမှုတွေနဲ့ ဆက်ဆံသင့်တယ်။ ယုံကြည်မှုတွေနဲ့ လက်တွဲသင့်တယ်။ တစ်ယောက်ကိုတစ်ယောက် လှည့်ပတ်လိမ်ညာမှုတွေနေရာမှာ ပွင့်လင်းရိုးသားမှုတွေနဲ့ ရင်ဘတ်ကိုဖွင့်ပြီး ဆက်ဆံသင့်တယ်။ အတ္တစိတ်တွေနေရာမှာ ကိုယ်ချင်းစာတရားနဲ့ အစားထိုးသင့်တယ်။ ကိုယ်ယူထားတဲ့ တာဝန်ကိုကျေသင့်တယ်။ ကိုယ်ပေးထားတဲ့ ကတိကိုတည်သင့်တယ်။ ကိုယ်ပြောထားတဲ့စကားကို ကိုယ် နားထောင်သင့်တယ်။ ဘာကြောင့်လဲဆိုတော့ ‘ မနက်ဖြန် ‘ ဆိုတာ မသေချာလို့ပါပဲ။
မသေချာတဲ့ မနက်ဖြန်ကို ကျွန်တော်တို့ ဘာလို့များ မျှော်လင့်နေကြတာလဲ။ မနက်ဖြန်ဆိုတဲ့ စကားတစ်ခွန်းနဲ့ မသေချာတဲ့ မျှော်လင့်ချက်တွေ အပြန်အလှန်ပေးပြီး ဘာလို့ လှည့်စားချင်နေကြတာလဲ။ မနက်ဖြန်ဆိုတာ လက်ရှိအချိန်လောက် မသေချာပါဘူး။ နောက်ဘဝဆိုတာ သေချာတွေးကြည့်ရင် လူတိုင်းအတွက် အဆင်သင့်ရှိနေတဲ့ အနီးဆုံးအရာပါ။
ဒါကြောင့်…
ကျွန်တော်တို့ စိတ်တွေ ပြင်သင့်တယ်။ မျက်နှာမှာ အပြုံးတွေ ရှိသင့်တယ်။ လက်မှာ အလုပ်တွေ ရှိသင့်တယ်။ ပါးစပ်မှာ မုသားတွေ မပါသင့်ဘူး။ နှလုံးသားမှာ စာနာစိတ်တွေ ရှိသင့်တယ်။ လုပ်သင့်တဲ့ အလုပ်တွေကို အချိန်မီပြီးအောင် လုပ်ဖို့ လိုတယ်။
ကျွန်တော်ကိုယ်တိုင်လည်း ဒီလိုမျိုး တစ်ခါမှ မတွေးမိဘူး။ ဒီဇိုင်းဆရာရဲ့ ပါးစပ်ကပြောတဲ့ ‘ မနက်ဖြန် လာကြည့်ပါ ‘ ဆိုတဲ့ စကားနဲ့ ကားလမ်းပေါ်က လူနှစ်ယောက် သေဆုံးမှုဖြစ်ရပ်၊ ဒီနှစ်ခုကို နှိုင်းယှဉ်ပြီးသိလာရတဲ့ ခံစားသိပါ။
ဒါကြောင့်… သတိဆိုတဲ့ ခံစားသိလေးနဲ့ ဒီစာကို ရေးမိတာပါ။
ကျွန်တော့်မှာ မပြီးမပြတ်သေးတဲ့အလုပ်တွေလည်း အများကြီး၊ တာဝန်ယူပြီး တာဝန်မကျေသေးတဲ့ အလုပ်တွေလည်း အများကြီး ၊ ကတိတွေပေးပြီး မေ့နေတဲ့ ၊ မေ့ချင်ယောင်ဆောင်ထားတဲ့ အလုပ်တွေလည်း အများကြီးရှိနေသေးတယ်။ ချက်ချင်းဆိုသလို ရောက်လာနိုင်တဲ့ နောက်ဘဝ ကျွန်တော်မေ့နေတယ်။ မနက်ဖြန်ကို သေချာတယ်လို့ ကျွန်တော်ထင်နေတယ်။ မနက်ဖြန်ကို ပိုင်ဆိုင်တယ်လို့ ကျွန်တော် ယုံကြည်နေတယ်။ ဒါကြောင့် အချိန်တွေဆွဲတယ် ၊ ပျင်းရိစိတ်တွေမွေးတယ်။ မေ့မေ့လျော့လျော့နဲ့ ပျော်ချင်တိုင်း ပျော်နေတယ်။
အလုပ်ဆိုတာ သူ့အရွယ်နဲ့သူ ရှိတယ်။ နောက်ဘဝဆိုတဲ့အသိ ဝင်လာတာကြောင့် ကျွန်တော်တို့အရွယ်မှာ လုပ်ရမယ့်အလုပ်တွေ အများကြီးပဲ။ တာဝန်မကျေဘဲ အနီးဆုံးဖြစ်တဲ့ နောက်ဘဝကူးသွားခဲ့ရင် မတွေးရဲစရာပါပဲ။
အရင်တုန်းက နောက်ဘဝဆိုတာ အဝေးကြီး၊ မနက်ဖြန်ဆိုတာ နီးနီးလေးလို့ထင်ထားတာ။
အခုမှတွေးမိတယ်။ မနက်ဖြန်ဆိုတာက အဝေးကြီး၊ နောက်ဘဝဆိုတာက နီးနီးလေး။
ဒါကြောင့် “ မနက်ဖြန် “ ဆိုပြီး အချိန်မဆွဲကြေး။
စာဖတ်သူတွေးကြည့်ဖို့ပါ။
ဆရာ ဦးဘုန်း(ဓာတု) ၏ နီးနီးဝေးဝေး အတွေး လက်ဆောင် စာအုပ်မှ ပြန်လည်ဖော်ပြခြင်းဖြစ်သည်။
ပေးပို့သော namnamအားကျေးဇူးတင်ရှိပါသည်။
သတင်းအကျဉ်းချုပ် ...