Friday, July 23, 2010

1 အမှောင်ခေတ်ကြီးထဲမှ The Voice Journal

၂၀၁၀ ရွေးကောက်ပွဲနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ဆိုင်ရာ ဆောင်းပါးကြောင့် ပြည်တွင်း အပတ်စဉ်ထုတ် The voice ဂျာနယ်ကို စာပေစိစစ်ရေးက သီတင်း ၂ ပတ် ထုတ်ဝေခွင့် ပိတ်လိုက်ကြောင်း သိရသည်။
ဇူလိုင်လ ဒုတိယပတ် အတွက် ထုတ်ဝေခဲ့သည့် အတွဲ ၆၊ အမှတ် ၃၄ တွင် ပါရှိသော ဆောင်းပါးရှင် အောင်ထွဋ်၏ “Concept နှင့် Process” နိုင်ငံရေး ဆောင်းပါးကြောင့် အပိတ်ခံရခြင်း ဖြစ်ကြောင်း အဆိုပါ ဂျာနယ်နှင့် နီးစပ်သူတဦးက ပြောသည်။

အမှောင်ခေတ်ကြီးထဲမှာ ပြည်တွင်းဂျာနယ်တစ်စောင်အပိတ်ခံရတယ်ဆိုတဲ့ သတင်းကြားတော့ ဝမ်းသာစရာ သတင်းမဟုတ်သလို ဝမ်းလည်းမနည်းမိပါဘူး... The voice ဆိုတဲ့ဂျာနယ်ဟာ အခုတလော လူတွေကြားမှာ အမြင်အမျိုးမျိုးမြင်ခံရတဲ့ရဂျာနယ်တစ်ခုဖြစ်တယ်ဆိုရင်မမှားဘူး၊ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀ဝ၈ အခြေခံဥပဒေကို ထောက်ခံရေးသားနေတဲ့ အယ်ဒီတာ့အာဘော်တွေ..၊ဆောင်းပါးတွေကြောင့် စာဖတ်ပရိသတ်ကြားမှာအမျိုးမျိုးဝေဖန်ခံနေရတဲ့ဂျာနယ်တစ်စောင်ဖြစ်ပြီး တခြားပြည်တွင်းထုတ် ဂျာနယ်တွေထက်စာရင် နိုင်ငံရေးအငွေ့အသက် များများပါတဲ့ဂျာနယ်တစ်စောင်လို့ပြောရင် မှားမယ်မထင်ဘူး၊ မတူကွဲပြားတဲ့အမြင်အမျိုးမျိုးကို သေချာရှာဖတ် ကြည့်ရင်တွေ့နိုင်တဲ့ပြည်တွင်းထုတ်ဂျာနယ်အသီးသီးအနက် ဂျာနယ်တစ်စောင်၂ ပတ်အနားပေးခံရတယ်ဆိုတာ.. ဘာမှမထူးဆန်းတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ၊ပုဂ္ဂိုလ်ရေးအကြောင်းအရာတွေ...နောက်ခံအကြောင်းအရာတွေကို သေချာစေ့ငုစွာလေ့လာခြင်းမပြုဘဲထင်ရာမြင်ရာရေးတတ်တဲ့တစ်ချို့သောပြည်ပသတင်းမီဒီယာတွေထက်စာရင် စာပေ စီစစ်ရေးရဲ့မှန်ဘီလူးအောက်ကနေ ပညာသားပါပါရုန်းကန်ရင်း ပြည်သူလူထုကို တတ်နိုင်သလောက် အသိပညာ ပေး နား မျက်စိဖွင့်ပေးနေတဲ့ပြည်တွင်းဂျာနယ်တွေအများကြီးရှိတယ်၊ စာပေစီစစ်ရေးရဲ့ ရုပ်ပျက်ဆင်းပျက် ဖြတ် တောက်စီစစ်မှုပြီးတဲ့အခါမှထွက်လာတဲ့ သတင်းဆောင်းပါးတွေကို ဖတ်ရှုရတဲ့ စာဖတ်ပရိသတ်တစ်ချို့တွေက ဆင်ဆာမရှိလွတ်လပ်စွာရေးသားခွင့်ရနေတဲ့ပြည်ပဘလော့ဂ်တွေ၊ သတင်းဝက်ဘ်ဆိုက်တွေနဲ့နှိုင်းယှဉ်ပြီး ဝေဖန်နေ ကြတာတွေကိုတွေ့ရတော့ သက်ပြင်းချမိပါရဲ့၊

ပြည်တွင်း ဂျာနယ်လောကမှာ ပေါင်းစားနေတဲ့ဂျာနယ်၊ ဖော်လံဖားဂျာနယ်၊ ရိုက်စားဂျာနယ်၊ ပုဆိန်ရိုးဂျာနယ်၊ အစရှိသဖြင့် အသားထဲကလောက်ဆန်ဆန် စာပေသမားအမည်ခံအခွင့်ရေးသမားတွေ၊ ကိုယ်ကျိုးစီးပွားကိုသာ ဘာသာရေးတစ်ခုလိုကိုးကွယ်တဲ့ စီးပွားရေးသက်သက်ထုတ်ဝေသူတွေရှိနေတာမငြင်းသာပေမယ့် ပြည်သူလူထုကို အကောင်းဆုံးအလုပ်အကျွေးပြုဖို့ရည်ရွယ်ချက်နဲ့ ယုံကြည်ချက်နဲ့လုပ်နေကြတဲ့ ပြည်သူ့စာပေသမား စစ်စစ်တွေ လည်း မရှားဘူး၊ စာပေစီစစ်ရေးအပြင် အစစ်အဆေးအမေးအမြန်းတွေ၊ အခန့်မသင့်ရင် အချုပ်ခန်းနဲ့ထောင်နံရံ တွေကြားမှာ ပညာသားပါပါတိမ်းရှောင်ရင်းပြည်သူကို အလုပ်အကျွေးပြုနေကြတဲ့ စာပေသမားစစ်စစ်တွေရဲ့ ဒုက္ခတွေ သောကတွေကို သေသေချာချာမသိဘဲ ကိုယ်အမြင်မကြည်တဲ့ စာပေသမားတစ်ယောက် ဒုက္ခရောက်တာ၊ ဂျာနယ်တစ်စောင်အခက်အခဲတွေ့တာကို တော့ ရမ်းမယ်ဘွဲ့ ဝမ်းသာအားရဖြစ်မနေသင့်ဘူး၊ အရာရာတိုင်းမှာ အဖြစ်သနစ်နဲ့ အတွင်းရေးကို အတွင်းကျကျမသိဘဲ ထင်ရာမြင်ရာဝေဖန်ခြင်း၊ ပြစ်တင်ရှုံ့ချခြင်း၊ ဝမ်းသာအားရခြင်းဆိုတာ ဆင်ခြင်သင့်တယ်ထင်တယ်၊

juniorms

1 comment:

  1. The Voice Weekly ဂျာနယ်က အဖားမတော်လို တခါတလေ သခင်ထကန်ခံရတဲ့ အိမ်ကခွေးလိုပါဘဲ တကယ်တော့ နေ၀င်းမောင်ဟာ တတိယအုပ်စုဆိုပြီး ပြည်သူတွေကို ပေါ်တင်လိမ်ပြီး နိုင်ငံတကာနှင့် လူငယ်ထုကြားမှာ စစ်အုပ်စုအတွက် အလုပ်လုပ်ပေးနေသူပါ Myanmar Egress ရဲ့အတွင်းရေးမှူးဖြစ်တဲ့ နေ၀င်းမောင်ဟာ Living Color မဂ္ဂဇင်း၊ The Voice Weekly ဂျာနယ်နှင့် Foreign Affair ဂျာနယ်တို့ကို ထုတ်ဝေနေသူလည်း ဖြစ်ပါသည် Living Color ဆိုရင် ဗိုလ်ချုပ်ခင်ညွှန့်သားနှင့် အကျိုးတူ ပေါင်းထုက်ခဲ့တာပါ ဒီလိုဂျာနယ်မျိုးတွေ ပိတ်ခံရတာ သူမွေးတဲ့ ကျားသူ့ပြန်ကိုက်ခံရတာဘဲ The Voice ရေးတဲ့နိုင်ငံရေးကို အခုစာရေးသူ ဖတ်ပါရဲ့လား၊ ဒီလိုဂျာနယ်မျိုး ပိတ်ခံရလို့ မြန်မာပြည်သူတွေအတွက် အဆိပ်အတောက်တခု ရှင်းသွားတယ်လို့ ပြောရဲပါတယ် ကြိုက်သလိုရှင်းနိုင်ပါတယ် အခုကျနော့် ပြောကြားချက်တွေ အတွက်... လုံးဝ ကောင်းတယ် ဒီလိုဂျာနယ်မျိုးပိတ်ခံရတာ စစ်အစိုးရကို ကျားကန်ပေးနေတဲ့ ဂျာနယ် ပြည်သူတွေကို အဆိပ်ခပ်နေတဲ့ ဂျာနယ်ပါ မရှင်းရင်ထပ်ပြောပါ့မယ် ကောင်းပါသည် ခင်ဗျာ့။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.