Saturday, April 30, 2011

0 ဒေါ်စု၏ ကမ္ဘာတွင်းသို့ ခေတ္တ ဝင်ရောက်ခြင်း

(Laila de Champfleury သည် သူတို့၏ နိုင်ငံတကာ နိုင်ငံရေး ကောလိပ်သင်ရိုး သင်ခန်းစာအတွက် မြန်မာနိုင်ငံသို့ ဧပြီလဆန်းတွင် သွာရောက်လေ့လာခဲ့ကြသော ဒိန်းမတ်ကျောင်းသား ၁၁ ဦးမှ တဦးဖြစ်ပါသည်။ ထိုအဖွဲ့တွင် ဆရာနှစ်ဦးလည်း အတူလိုက်ပါသွားခဲ့သည်။ မဇ္ဈိမ အင်္ဂလိပ်ပိုင်းအတွက် Laila de Champfleury ရေးသားသော Stepping into the world of Aung San Suu Kyi ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။)

ရန်ကုန် (မဇ္ဈိမ)။     ။ အမကြီးဟာ တော်လှန်ရေးသမားတဦး မဟုတ်ပါ။ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ သူရဲကောင်းဖြစ်တဲ့ သူဟာ စားပွဲပေါ် သူ့လက်တွေကို ခပ်ဖွဖွ ယှက်ထားပြီး အေးအေးဆေးဆေး ထိုင်နေတာပါ။ မြန်မာပြည်ရဲ့ ဆိုးရွားကြမ်းတမ်းလှတဲ့ ဒီမိုကရေစီခရီးနဲ့ သူ့ရဲ့ နိုင်ငံရေး အကြောင်း ဆွေးနွေးဖို့ ရောက်လာကြတဲ့ ဧည့်သည်တွေကို စကားထိုင်ပြောနေပါတယ်။

တော်လှန်ရေးဆိုတာ `ရင်ခုန်စရာ သိပ်မကောင်းလှပါ´ လို့ သူထင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အံ့အားသင့်စရာ ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဒိန်းမတ်ကျောင်းသားများ၊ ဆရာများနှင့် ဒီချုပ်ရုံးတွင် ဧပြီလတွင် ဓါတ်ပုံအတူတကွ ရိုက်ကူးစဉ်။ ဓါတ်ပုံ - Laila Felicia Lautrop Pichot de Champfleury
ဒေါ်အောင်ဆန်းစုကြည် ဒိန်းမတ်ကျောင်းသားများ၊ ဆရာများနှင့် ဒီချုပ်ရုံးတွင် ဧပြီလတွင် ဓါတ်ပုံအတူတကွ ရိုက်ကူးစဉ်။ ဓါတ်ပုံ - Laila Felicia Lautrop Pichot de Champfleury
သူဟာ မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်ပြီး အာဏာအမြစ်တွယ်နေတဲ့ စစ်တပ်ကို ကန်ကျောက်မောင်းထုတ်ဖို့ ကြိုးပမ်းနေကြတဲ့ မြန်မာ့ဒီမိုကရေစီတော်လှန်ရေးရဲ့ ကိုယ်စားပြု အမှတ်အသားပါ။ သူ့ကို တိုင်းပြည်ထဲမှာ အမ၊ အန်တီ၊ ဟိုအမျိုးသမီးကြီးလို့ပဲ ပြောဆိုသုံးနှုံးကြတယ်။ ဒါပေမဲ့ ကျမတို့နဲ့ စကားပြောနေတုန်း သူ့ဖခင် လက်ထက်ကလိုပဲ အကြမ်းဖက် တော်လှန်ရေး အပြောင်းအလဲမှာ  သူ့ရဲ့ အဘိဓာန်မှာ မရှိတော့ပါ။
ကျမတို့အုပ်စုမှာ သူ့ထံလာတွေ့နေကျ လာရိုးလာစဉ် အဖွဲ့မဟုတ်ပါ။ ဆရာနှစ်ယောက် အတူလိုက်ပါလာတဲ့ ဒိန်းမတ်နိုင်ငံမှ ၁၁ ဦးပါ ကျောင်းသားအဖွဲ့လေးသာ ဖြစ်ပါတယ်။ အထက်တန်းကျောင်းနဲ့ တက္ကသိုလ်မှာ သင်ခဲ့ရတဲ့ နိုင်ငံတကာ နိုင်ငံရေးဘာသာရပ်အတွက် `ကြားလပ်နှစ်´ ကို ပြန်လည်ဖြည့်ဆီးဖို့ ပဋိပက္ခတို့နဲ့ ပြည့်နှက်နေတဲ့ မြေ၊ အပြုံးပိုင်ရှင်လူထု၊ ရွှေရောင်ဝင်းဝင်း ဘုရားတွေ၊ ဖိနှိပ်ချုပ်ချယ်တဲ့ စစ်အစိုးရ စသဖြင့် ဖြစ်မျိုးစုံလင်လှတဲ့ `အကိုကြီး´ တို့ နိုင်ငံကို လာရောက်ခဲ့ကြခြင်းပါ။

ကျမတို့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးအတွင်း ထိုင်နေခဲ့တဲ့ နေ့ကတော့ ဧပြီလဆန်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချိန်တွေက အလွန်တန်ဖိုးရှိလှပါတယ်။ ပုံမှန်အားဖြင့် ဟောဒီ ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင်ဟာ ဒီချုပ်အဖွဲ့ဝင်တွေနဲ့ အစည်းအဝေးတွေ လုပ်နေတတ်တယ်၊ အရေးကြီးတဲ့ ဧည့်သည်တွေကို လက်ခံတွေ့ဆုံတတ်တယ်၊ သတင်းထောက်တွေကို ရံဖန်ရံခါ လက်ခံတွေ့ဆုံတတ်တယ်။ လူတိုင်းက သူ့ကို တွေ့ချင်ကြပါတယ်။ ဒါပေမဲ့ သူ့ကို တွေ့ဆုံမေးမြန်းခွင့် ရဖို့ကတော့ သာမန်အားဖြင့် ခက်ခဲပါတယ်။ ဒိန်းမတ်လူမျိုး သတင်းထောက်တယောက်ဆို သူနဲ့ တွေ့ခွင့်ရဖို့ ၂ နှစ်လောက် စောင့်ခဲ့ရပြီး၊ တွေ့မယ့်တွေ့ရတော့လည်း ခဏပဲ တွေ့ခဲ့ရတယ်လို့ ကျမတို့ ကြားဖူးထားပါတယ်။

ဒီတော့ ကျမတို့ ခဏခဏ ဖတ်ဖူးထားတဲ့ ဒီမိုကရေစီ သူရဲကောင်း ခေါင်းဆောင် တယောက်နဲ့ ဒီချုပ် ဗဟိုဌာနချုပ် ရုံးခန်းကျဉ်းလေးအတွင်း မျက်နှာချင်းဆိုင် တွေ့ခွင့်ရနေတာကို တွေ့ရတဲ့အခါ ကိုယ့်ကိုယ်ကို အလွန် အံ့သြနေမိပါတော့တယ်။ ဖြစ်နိုင်တာက ကျမတို့ ဆရာ၊ ဆရာမတွေရဲ့ ဒိန်းမတ်ရောက် သြဇာအာဏာရှိတဲ့ မြန်မာ အတိုက်အခံတွေနဲ့ အဆက်အသွယ် ကောင်းမွန်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကတော့ ကျမတို့ အထင်ပဲ ဖြစ်ပါတယ်။

နောက်ဆုံး မိနစ် စက္ကန့်အထိ သူနဲ့ တကယ်တမ်း တွေ့ခွင့် ရမရဆိုတာ ရင်မောစရာ ကိစ္စကြီး ဖြစ်နေခဲ့ပါတယ်။

ပါတီဌာနချုပ်ရုံးမှာ ပြည့်ကျပ်ပြွတ်သိပ်နေပြီး အဆန်းတကြယ် အဆင် တန်ဆာများလည်း မရှိပါ။ ဒီထဲကို ဝင်လိုက်ရတာ လမ်းပေါ်ကနေ တခြားကမ္ဘာတခုထဲ ရောက်သွားသလိုပါပဲ။ ရုံးခန်းတွေထဲမှာ စာရွက်ထပ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေပဲ ရှိပါတယ်။ ရုံးထဲကို ဝင်လိုက်ရတာ ဘာနဲ့တူသလဲဆိုတော့ အရင်ကလည်း တခါမှ မဖွင့်ဖူးသေး၊ အထဲမှာလည်း ဘာရှိမှန်း မသိရတဲ့ ရှေးဟောင်းလျှို့ဝှက် သေတ္တာတလုံးကို ဖွင့်နေရသလိုပါပဲ။ ကျမတို့အဖွဲ့ကို အပေါ်ထပ်တက်ကြဖို့ လက်ညှိးထိုးပြကြပါတယ်။ ဒီတော့လည်း မြေအောက်လုပ်ငန်း အငွေ့အသက်တွေကို ရလာပြန်ပါတယ်။ အခန်းထဲမှာရှိတဲ့ သစ်သား စားပွဲတလုံးဘေးမှာ ကျမတို့ ဝိုင်းထိုင်လိုက်ကြပါတယ်။ ဒီအချိန်ထိ အမကြီးကို တွေ့မှတွေ့ရပါ့မလားလို့ တထင့်ထင့် ဖြစ်နေရတုန်းပါ။

ထိုင်ရင်း သူများ ဒီဘက်က ဝင်လာမှာလားလို့ တွေးပြီး အခန်းတဖက်က ခပ်ဟဟလေး ဖြစ်နေတဲ့ တံခါးကို ကြည့်နေမိပါတယ်။ အခန်းထဲမှာ အားလုံး လည်တဆန့်ဆန့် ဖြစ်နေကြတုန်း တဖက်က အခန်းထဲကို သူ့သက်တော်စောင့်တွေနဲ့အတူ ဝင်သွားတာကို စက္ကန့်ပိုင်းလေးလောက် ဗြုန်းကနဲ ကျမ မြင်လိုက်ရပါတယ်။ သူ ဒီအဆောက်အအုံထဲမှာ ကျမတို့နဲ့ အတူရှိနေပါပြီ။ ဒီတခါတော့ ဘယ်လိုမှ မမှားနိုင်တော့ပါဘူး။ ၅ မိနစ်လောက်ကြာတော့ ကျမတို့ရှိတဲ့ အခန်းထဲကို သူဝင်လာပါတယ်။ ကျမတို့အားလုံးပဲ ဗြုန်းကနဲ မတ်တပ်ထရပ်လိုက်ကြပါတယ်။ သူက ရယ်ရယ်မောမော၊ ရင်းရင်းနှီးနှီးပဲ `ထိုင်ကြပါ၊ ထိုင်ကြပါ´ လို့ ကျမတို့ကို ပြောပါတယ်။

စားပွဲတဖက်စွန်းက ထိုင်ခုံမှာ သူက လက်ပိုက်လို့ ခပ်မတ်မတ် ထိုင်နေပါတယ်။ ကျမစိတ်ကူးထဲမှာ ပုံဖော်ထားတဲ့ အတိုင်းပါပဲ၊ သူဟာ မိန်းမပီပီသသ ကြက်သရေရှိသူဖြစ်ပြီး ခေါင်းမှာလည်း ပန်းတွေ ပန်ထားပါတယ်။ သူ့ကိုကြည့်ရတာ စိတ်သဘောထားနူးညံ့ပြီး ကြင်နာပုံရပေမယ့် အတွင်းစိတ်သဏ္ဍာန်မှာ တင်းမာပြတ်သားသူ ဆိုတာကိုလည်း အလွယ်တကူပဲ တွေ့မြင်နိုင်ပါတယ်။

ဒိန်းမတ်တုန်းကတော့ တွေ့ရရင် ဘာမေးမလဲဆိုပြီး မေးခွန်းတွေ ကြိုးစားပမ်းစား ပြင်ဆင်လာခဲ့ကြပါတယ်။ ကျမတို့က နိုင်ငံတကာ နိုင်ငံရေးမှာ ဗမာပြည်ရဲ့ ရှုပ်ထွေးပွေလီလှတဲ့ နိုင်ငံရေး လမ်းကြောင်းကိုပဲ လေ့လာခဲ့ကြတာ ဆိုတော့ သိပ်မကြာခင်ပဲ ကျမတို့လိုချင်တဲ့ မေးခွန်းတွေ အကုန်လုံးဟာ ဒီမိုကရေစီ အကြောင်းချည်း ဖြစ်နေတာကို တွေ့ရပါတော့တယ်။

`ဒီမိုကရေစီဆိုတာ အနောက်မှာတော့ အသားကျနေတဲ့ စကားလုံး၊ မင်းတို့လည်း သိပ်ပြီး လေးလေးနက်နက် ရှိလှမယ်မထင်ဘူး။ ဒီမိုကရေစီရဲ့ တန်ဖိုးကို သေသေချာချာ သဘောပေါက်ကြလိမ့်မယ်တောင် မထင်ဘူး´ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။

ပြီးတော့မှ သူက ကျမတို့အကြောင်း ဦးလှည့်လာပြီး `၂ဝဝ၇ ခုနှစ်က ဒိန်းမတ်မှာ ကျင်းပခဲ့တဲ့ နောက်ဆုံး ရွေးကောက်ပွဲမှာ ကျမတို့ထဲက ဘယ်နှယောက် မဲပေးခဲ့သလဲလို့ မေးလာပါတယ်။ ကျမတို့ထဲက အတော်များများ လက်ထောင်ကြပါတယ်။ ၃ ယောက်ကတော့ သူတို့ မဲသွားမပေးဘူးလို့ ဝန်ခံကြပါတယ်။ ၂ ယောက်ကတော့ ငယ်သေးလို့ အဲဒီအချိန်က မဲပေးခွင့်မရခဲ့ကြပါ။

ဒီတော့မှ ကျမတို့အမကြီးက ကျမတို့တတွေ ရန်ကုန်နဲ့ မန္တလေးမှာရှိတုန်း မြန်မာလူမျိုးတွေနဲ့ စကားပြောခဲ့ကြတာတွေအကြောင်း ဆက်ပြောပါတယ်။ ကျမတို့ခရီးစဉ်တလျှောက် တွေ့ခဲ့ကြသူတွေအားလုံး အပြုံးကိုယ်စီနဲ့ ဖော်ဖော်ရွေရွေ ရှိခဲ့ကြသလောက် အတွင်းစိတ်ထဲမှာ တခုခုကို ကြောက်ရွံ့နေတာ ကိုလည်း တွေ့ခဲ့ရပါတယ်။ ကမ္ဘာလှည့် ခရီးသွားတဦးသာ ဆိုရင်တော့ ဒီကိစ္စကို သတိထားမိမယ် မဟုတ်ပါဘူး။ ဒါပေမဲ့ သတင်းထောက် တယောက်နဲ့ တွေ့တုန်းကတော့ သူက သတင်းထောက်ပီပီ အတော် သတိထားပြောတယ်။ အစိုးရက လူတိုင်းကို စောင့်ကြည့်နေတာ၊ ဆင်ဆာဆိုတာလည်း စစ်အစိုးရက သူ မီဒီယာထဲ ပါစေချင်တာကိုပဲ ခွင့်ပြုတာလို့ ပြောပါတယ်။

`ကျမတို့ တိုင်းပြည်မှာ ဥပဒေ စိုးမိုးမှုဆိုတာလည်း မရှိတော့ လုံခြုံမှု ဆိုတာလည်း မရှိဘူး´ လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဝင်မပြိုင်ခဲ့တာလည်း ဒီကိစ္စက အကြောင်းတချက် ဖြစ်ပါတယ်။ စစ်အစိုးရကို တရားဝင်အောင် လုပ်ပေးပြီး စစ်တပ်ကို အချိန်မရွေး အာဏာသိမ်းနိုင်ခွင့် ပြုထားတဲ့ ဖွဲ့စည်းပုံကို လက်မခံနိုင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြပါတယ်။

တိုင်းရင်းသား အဖွဲ့တွေနဲ့ အစိုးရအကြား ပဋိပက္ခတွေ ဖြစ်ပွားနေရတာရဲ့ အကြောင်းရင်းတရပ်မှာလည်း အခွင့်အရေး မညီမျှမှုကြောင့်လို့ သူက ထောက်ပြပါတယ်။

`တိုင်းရင်းသားတွေက ဖက်ဒရယ်ပိုကျတဲ့ ဖွဲ့စည်းပုံမျိုးကို လိုချင်ကြတာ။ ဒါကြောင့်ပဲ ပြဿနာတွေ ဖြစ်နေရတာ။ ဒီမတရားမှုတွေ ဒီမှာပဲ ရပ်ဖို့တော်ပြီ။ တိုင်းရင်းသားတွေ ဒုက္ခသည်တွေအဖြစ်နဲ့ တချိန်လုံး ပြေးချည်းနေကြရတာ။ ကိုယ့်တိုင်းပြည်ထဲမှာပဲ ညှဉ်းပန်းနှိပ်စက်ခံပြီး တချိန်လုံး ကြောက်ကြောက်လန့်လန့်နဲ့ နေနေကြရတာ။ ဒါတွေအားလုံး ပြောင်းမှဖြစ်မယ်။ ပြောင်းဖို့ဆိုတာလည်း အခွင့်အရေး တန်းတူညီမျှခံစားခွင့် ရှိပါတယ်ဆိုတာ သူတို့ကိုယ်တိုင် ခံစားသိရှိရမှ ဖြစ်မယ်´။

ကျမတို့အတန်းက ကျောင်းသားတွေ တစုတဝေး မြန်မာပြည်ထဲမှာ သွားလာနေရတော့ ဒိန်းမတ်က စာသင်ခန်းထဲမှာ ကျမတို့သင်ခဲ့ရတဲ့ ပြဿနာပေါင်းစုံ၊ အခြေအနေ အဖြစ်ပေါင်းစုံကို မျက်ဝါးထင်ထင် မြင်ခွင့်ရတယ်။ ကိုယ့်တိုင်းပြည်ရဲ့ အခြေအနေတွေကို ပြောနိုင်တဲ့သူ၊ ဘာတွေလိုချင်တယ်၊ ဘာတွေဖြစ်ချင်တယ်၊ ဘယ်လိုလုပ်လိုက်ရင် ဒါတွေ အောင်မြင်လာလိမ့်မယ်ဆိုတာတွေ ပြောနိုင်မယ့် သူမျိုးကို ကျမတို့ကလည်း တွေ့ချင်ပါတယ်။

ကျမ စိတ်ဝင်စားတဲ့ ကိစ္စက လူ့အခွင့်အရေးနဲ့ ဥပဒေ စိုးမိုးမှုကိစ္စပါ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်မှာ ဥပဒေ စိုးမိုးမှု မရှိတဲ့အကြောင်း ပြောလာတော့ ကျမလည်း စိတ်ဝင်စားလာပါတယ်။

တကယ်တော့ လူတွေ လုံခြုံတယ်လို့ ခံစားမိစေတဲ့ ကိစ္စမှာ ဥပဒေက နောက်ဆုံးမှ စဉ်းစားမိတဲ့ ကိစ္စပါ။ ကိုယ်တိုင်ကြုံမှ၊ ခံရမှ သိတဲ့ ကိစ္စပါ။ ကိုယ့်အခွင့်အရေးတရပ်ရပ် ချိုးဖောက်ခံရမှ သတိရတဲ့ အရာပါ။ ဒီကိစ္စကပဲ ပုံမှန်လည်ပတ်နေတဲ့ လူ့အဖွဲ့အစည်းတရပ်အတွက် အခြေခံအခွင့်အရေးတွေကို ပေးအပ်နေတာပါ။

ရန်ကုန်မှာရှိတဲ့ မြန်မာတက်ကြွလှုပ်ရှားသူ လူငယ်တယောက်နဲ့ စကားပြောဖြစ်ခဲ့တာကို ကျမ ပြန်သတိရလာပါတယ်။ သူက ကျမကို ဒီမိုကရေစီဆိုတဲ့ စကားလုံးကို ဘယ်လိုနားလည်သလဲလို့ မေးလာပါတယ်။ ကျမကလည်း လွတ်လပ်စွာ ပြောခွင့်ရှိတာ၊ ကိုယ့်အတွက် ရွေးချယ်ခွင့်ရှိတာ၊ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ရှိတာ၊ စသဖြင့် ပြောလိုက်ပါတယ်။ ဒီတော့ သူက ဒါတွေအားလုံးဟာ ဒီမိုကရေစီအတွက် အရေးကြီးကြတာချည်းဆိုတာ သူလက်ခံပါတယ်တဲ့။ ဒါပေမဲ့ သူ့အမြင်အရ အရေးအကြီးဆုံးကိစ္စက အာဏာကို ပိုင်းခြားထားခြင်း ဖြစ်ပါတယ်တဲ့။ တရားစီရင်ရေးအာဏာနဲ့ စီမံခန့်ခွဲရေးအာဏာ တနည်းအားဖြင့် အစိုးရအာဏာကို ခွဲခြားထားဖို့ဖြစ်တယ်လို့ ပြေလာပါတယ်။ ဒါသူ့ဆန္ဒဖြစ်ပြီး မြန်မာပြည်မှာ တနေ့ကျရင် ဖြစ်ထွန်းလာမယ်လို့ ထင်ပါတယ်။

အစိုးရက ဆုံးဖြတ်နိုင်ခွင့် အာဏာကို ဘယ်လိုချုပ်ကိုင်ထားတယ်ဆိုတာ အမကြီးက ကျမတို့ကို သာဓကတခု ပြောပြပါတယ်။ `ဒီချုပ်အဖွဲ့ဝင်တဦးဦး နိုင်ငံရေးမှုနဲ့ တရားရုံးရောက်သွားပြီဆို ဒီအမှုက သေချာပေါက် ရှုံးတော့မှာပဲ။ ဒါကို အစကတည်းက ကျမတို့လည်း သိတယ်။ ဒါကြောင့် ကျမတို့ အမြဲပြောနေတာ။ တရားရုံး မရောက်ခင်ကတည်းက ဘယ်လောက်ချမယ်၊ ဘယ်လိုကိုင်တွယ်မယ်ဆိုတာ ကြိုပြီး အမြဲဆုံးဖြတ်ထားပြီးသား၊ ဒါတွေ အကုန်လုပ်ပြီးမှ ရုံးရောက်တာ´ ဟု သူက ပြောပါတယ်။

ဒီလိုဖြစ်ပေမယ့် ဒီချုပ်အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ စာရိတ္တကို ကာကွယ်ဖို့ ရှေ့နေတော့ ထားကြတယ်လို့ သူက ဆိုပါတယ်။ သူတို့ဟာ အပြစ်မရှိဘဲ မတရားစွပ်စွဲ ချုပ်နှောင်ခံရသူတွေဖြစ်ပြီး၊ အတွေးအခေါ် အယူအဆတခုခုကို ယုံကြည်ပြီး ဒီအယူအဆအတိုင်း နေခဲ့လုပ်ခဲ့တာကလွဲလို့ ဘာပြစ်မှုကိုမှ မကျူးလွန်ခဲ့ကြကြောင်းနဲ့ သူတို့ရှေ့ မားမားမတ်မတ် ရပ်ပြောပေးမယ့် သူကိုပဲ လိုချင်တာဖြစ်ကြောင်း ပြောပြပါတယ်။

`ကိုယ့်ကိုထိလာမှ ဥပဒေဆိုတာကို သတိရတာ။ ဒီလိုမဟုတ်ရင် ကျမတို့လည်း အသေးစိတ်မသိပါဘူး။ ဒီတော့ ဒီအမှုတွေက ကျမတို့ကို ကျမတို့အခွင့်အရေးတွေ ဘာတွေရှိတယ်ဆိုတာ သင်ပြပေးနေတာပဲ။ ဒီအခွင့်အရေးတွေ တရားရုံးတွေမှာ ဘယ်လိုချိုးဖောက်ခံနေရတယ်ဆိုတာတွေ သိလာတာပဲ။ ဥပဒေက အကာအကွယ် မပေးနိုင်ရင် ဘယ်သူမှ လုံခြုံမှာ မဟုတ်ဘူး။´

သူ့ကို ပိတ်ဆို့အရေးယူမှုနဲ့ပတ်သက်ပြီး မေးတာတွေ သိပ်များလွန်းလို့ အမ စိတ်ပျက်နေတယ်ဆိုတာ ကျမတို့ ကြားထားလို့ ဒီမေးခွန်း သူ့ကိုမမေးတော့ပါဘူး။ အပြောင်းအလဲအတွက် သူရဲ့ ကိုယ်ပိုင်ကြိုးပမ်းချက်တွေကိုပဲ မေးမြန်းဖြစ်ပါတယ်။

`မြန်မာပြည်ကလူတွေက သူတို့လိုချင်တဲ့ အပြောင်းအလဲအတွက် ကျမနဲ့ ကျမတို့ ပါတီအပေါ်ပဲ မကြာခဏ အားကိုးကြတယ်။ ဒီလိုအပြောင်းအလဲမျိုးဖြစ်ဖို့ သူတို့ကိုယ်တိုင် လုပ်နိုင်တယ်ဆိုတာ သိအောင်လုပ်ဖို့က အရေးအကြီးဆုံးပဲ´ ဟု သူက ပြောပါတယ်။

ဒီချုပ်ပါတီကို နိုင်ငံရေးပါတီတခုအဖြစ် ဆက်ရှိနေဖို့ သူသန္နိဋ္ဌာန်ချထားကြောင်းပါ ပြောပါတယ်။ အာဏာပိုင်တွေက ပါတီကို ဖျက်သိမ်းဖို့ ကြိုးပမ်းနေပေမယ့် မြန်မာပြည်မှာ ဒီမိုကရေစီရရှိရေးအတွက် ပါတီရှိနေရမှာလို့ သူက ဆိုပါတယ်။

တိုင်းပြည်ကို ထင်ရှားတဲ့ ခေါင်းဆောင်တဦးထဲက ရှေ့ဆောင်နေတာဟာ ဒီမိုကရေစီအတွက် မကောင်းကြောင်း၊ အနည်းဆုံးတော့ ရွေးချယ်စရာအဖြစ် အဲဒီလို ထင်ရှားထက်မြက်တဲ့ ခေါင်းဆောင် အနည်းစုလေးတော့ ရှိနေရမှာဖြစ်ကြောင်း၊ ဒါမှ နိုင်ငံရေးသမားတွေအနေနဲ့ သူတို့အလုပ်အပေါ် ပိုအလေးထား အာရုံစိုက်လာနိုင်မှာဖြစ်ကြောင်း သူက ကျမတို့ကို ရှင်းရှင်းလင်းလင်း ပြောဆိုပြပါတယ်။

ဒီချုပ်ရဲ့ မူဝါဒတွေအကြောင်းနဲ့ ပတ်သက်ရင်တော့ နိုင်ငံရေးလုပ်ငန်းစဉ်တွေ၊ မူဝါဒ ရပ်တည်ချက်တွေအကြောင်း သူ့ဆီက တိတိကျကျ အဖြေတခုရဖို့ ခက်ပါတယ်။ သူတို့ကိုယ်သူတို့ လက်ဝဲလား၊ လက်ျာလားဆိုတာကိုတောင် မသေချာပါဘူး။

`ဒီမိုကရေစီမှ မရှိတဲ့နောက် လက်ဝဲလည်း မစဉ်းစားနိုင်ဘူး၊ လက်ျာလည်း မစဉ်းစားနိုင်ဘူး။ အစိုးရက အစစတာဝန်ယူစောင့်ရှောက်တဲ့ welfare state လိုဟာမျိုး လုပ်မလား၊ မလုပ်ဘူးလားဆိုတာလည်း မတွေးအားဘူး´ ဟု သူက ပြောပါတယ်။

ဒီချုပ်အနေဖြင့်မူ အလယ်ဗဟိုဝါဒီ ပါတီတရပ်ဖြစ်လိုကြောင်း သူက ပြောပါတယ်။ ကလေးတွေအတွက် အခမဲ့ပညာရေး၊ လူထုအတွက် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု စတဲ့ စံကျတဲ့ အိပ်မက်တရပ်ရှိကြောင်းနဲ့ ဒါပေမဲ့ ဒီခရီးကို ရောက်ဖို့ အဝေးကြီးလျှောက်လှမ်းရဦးမယ်လို့ ဆိုပါတယ်။

မြန်မာပြည်တွင်း တက်ကြွလှုပ်ရှားသူတွေကို ကျမတို့ မေးခဲ့တဲ့ မေးခွန်းတခုမှာ မြန်မာပြည် အပြောင်းအလဲအတွက် ဘယ်နည်းလမ်းကို သုံးမလဲ၊ တော်လှန်ရေးလား၊ တခြား တနည်းနည်းလား ဆိုတဲ့ မေးခွန်းတွေပါ။ ဒီမေးခွန်းကိုပဲ မြန်မာပြည်အပြောင်းအလဲအတွက် အထိမ်းအမှတ် အမှတ်အသားဖြစ်နေသူ ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းဖြစ်ခဲ့ပါတယ်။

`ကျမက တော်လှန်ရေးတွေအတွက် ဆော်သြတိုက်တွန်းနေသူတော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သိပ်ရင်ခုန်စရာ မကောင်းလို့ပါဘဲ´ လို့ သူက ပြန်ဖြေပါတယ်။ `တချို့က ထင်ကြတယ်။ ဒါ မြန်မြန်ထက်ထက် အဖြေထွက်တဲ့ဟာလို့။ ဒါပေမဲ့ ဒီလမ်းကိုရွေးရင် ရသွားတဲ့ ဒဏ်ရာတွေက အတော်နက်ရှိုင်းပါတယ်။ ဒီ အနာတွေက ကျက်ဖို့လည်း ခက်ပါတယ်။ တခါတရံ အပေါ်ယံကြည့်လိုက်ရင်တော့ အပြောင်းအလဲ ဖြစ်လာသလိုပါပဲ။ တကယ်တော့ ဒီလမ်းက ဘယ်သူမှ အပြောင်းအလဲ ဖြစ်လာမယ်လို့ မထင်တဲ့ လမ်းပါ။ ဒီလမ်းကြောင့် ရခဲ့တဲ့ ဒဏ်ရာတွေက ဒီလောက်ကာလရှည်ကြာတဲ့အထိ မပျောက်သေးပါဘူး။ အပြောင်းအလဲအတွက် အကောင်းဆုံးနည်းလမ်းက နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်း အဖြေရှာတာပဲဖြစ်တယ်လို့ ကျမ ယုံကြည်ပါတယ်´။

သူ့ရဲ့ တုံ့ပြန်မှုမှာ အံ့အားသင့်စရာကောင်းသလို နားလည်နိုင်တဲ့ အချက်လည်း ဖြစ်ပါတယ်။ သူတွေ့ကြုံခဲ့ရသမျှကလည်း အကြိမ်ကြိမ် အကျယ်ချုပ်ချခံရခြင်း၊ ၂ဝဝ၃ ခုနှစ်အတွင်း သူခရီးသွားနေတုန်း ရက်ရက်စက်စက် တိုက်ခိုက်ခံခဲ့ရခြင်း၊ ၂ဝဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ကာလအတွင်း သေကြေခဲ့ရတာတွေဟာ တော်လှန်ရေးရဲ့ ထိရောက်မှုအပေါ် ထင်ထင်ရှားရှား မေးခွန်းထုတ်နေတဲ့ အချက်တွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အီဂျစ်မဟုတ်၊ တူနီးရှားမဟုတ်၊ လစ်ဗျားလည်း မဟုတ်ပါ။ ယုတ်စွအဆုံး ကိုလိုနီဗြိတိသျှတို့ကို တော်လှန်တိုက်ခိုက်ခဲ့တဲ့ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းခေတ် မြန်မာနိုင်ငံလည်း မဟုတ်ပါ။ သူ့ဖခင်ဟာ လွတ်လပ်ရေးမရမီလေးမှာ သေနတ်သမားတွေရဲ့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်။

`မြန်မာနိုင်ငံနဲ့ အီဂျစ် မတူဘူးဆိုတာ၊ အများကြီး ကွာခြားတယ်ဆိုတာ ခဏခဏ ပြောနေရတယ်´ လို့ သူက ပြောပါတယ်။ ကိုင်ရိုမြို့မှာ ဆန္ဒပြသူတွေဟာ အနှိမ်နင်းမခံရခင်အထိ ကာလရှည်ကြာ ဆန္ဒပြနိုင်ခဲ့တယ်။ မြန်မာပြည်မှာတော့ အဲလိုမဟုတ်။ ချက်ချင်းလိုပဲ `သွေးထွက်သံယို နှိမ်နင်းခံရတယ်´။ `ဒီတော့ လူတွေရဲ့ စိတ်ထဲမှာ အကြီးအကျယ် ဒဏ်ရာရသွားတာ။ ဒါတွေက ပျောက်ဖို့ အချိန်အတော်ယူရမယ်။ ဒီအတွေ့အကြုံအဖြစ် ဆိုးကြီးတွေကို မေ့နိုင်အောင် အတော်ကြာမယ်´။

နှစ်နာရီလောက်ကြာသွားပြီမို့ ကျမတို့သွားဖို့လည်း အချိန်တန်ပါပြီ။ အခုလို စကားပြောဖြစ်ခဲ့တာကိုပဲ အံ့သြနေမိပါတယ်။ ဒီအတွင်း တခုခုဖြစ်သွားနိုင်တယ်ဆိုတာကိုလည်း ကျမတို့ စဉ်းစားနေမိပါတယ်။ သူ့ကို အိမ်ထဲက ချက်ချင်းဆွဲထုတ်သွားပြီး အကျယ်ချုပ်တဖန် ချလိုက်နိုင်တယ်။ ဒါမှမဟုတ် အိမ်အဝမှာ စောင့်နေတဲ့ အိမ်ထဲ ဝင်ခွင့်မပေးခဲ့တာလည်း ဖြစ်နိုင်တာပါပဲ။ ဒါမှမဟုတ် ကျမတို့လို ကျောင်းသားတအုပ်ကို မတွေ့ဘဲ ကျမတို့ထက် ပိုအရေးကြီးတဲ့ ကိစ္စတခုခုကို လုပ်စရာရှိနေတာလည်း ဖြစ်နိုင်ပါတယ်။

စိတ်ဝင်စားစရာ ကောင်းတာက ကျမတို့ကို အလေးအနက်ထား တွေ့ဆုံဆွေးနွေးခဲ့ပါ။ သူ့ကိုတွေ့ဖို့အရေး ကျမတို့မှာ စိတ်တွေလှုပ်ရှားပြီး စိုးရိမ်တကြီး ဖြစ်နေခဲ့ကြတယ်။ ဒီခံစားချက်မှာ နှစ်ဖက်အပြန်အလှန်လည်း ဖြစ်ပုံရပါတယ်။ ကျမတို့အုပ်စုထဲက တယောက်ယောက်က မေးခွန်းမေးလိုက်တိုင်း မေးခွန်းမေးတဲ့သူကို သေချာကြည့်ပြီး ခေါင်းတငြိမ့်ငြိမ့်နဲ့ အလေးအနက်ထား နားထောင်တာ တွေ့ရပါတယ်။ ပြီးတော့မှ ဖြေတာဆိုတော့ သူ့ရဲ့ လေးနက်မှု၊ ရိုးသားမှုကို ဖော်ပြနေပါတယ်။

တွေ့ဆုံဆွေးနွေးပွဲပြီးတော့ သူ့ကို လက်ဆောင်ပေးရာ နာမည်ကြီး ဒိန်းမတ်စာရေးဆရာ ဟန်းခရစ်ရှန်အင်ဒါဆင် ရေးတဲ့ နတ်သမီးပုံပြင်စာအုပ်လည်း ပါပါတယ်။ ဒါကို သူအတော်ဝမ်းသာပါတယ်။ သူငယ်ငယ်က ဒီစာအုပ်ထဲက ရေသူမလေးပုံပါတဲ့ လက်ဆောင်တခုကို သူ့မိခင်က ပေးခဲ့ဖူးကြောင်းလည်း ပြောပါတယ်။

ပြီးနောက် ကျမတို့က အသားအရောင်ခွဲခြားရေးကာလ တောင်အာဖရိက လွတ်မြောက်ရေး တိုက်ပွဲဝင် တေးသီချင်းဟောင်း တပုဒ်ကို စုပေါင်းသီဆိုကြပါတယ်။ အာဖရိကလူမျိုးတွေ ဒီသီချင်းကို သီဆိုနိုင်ခဲ့တာမှာ အာဏာရ ဘိုးအားလူမျိုးတွေ နားမလည်တဲ့ တိုင်းရင်းသား ဇူးလူးဘာသာနဲ့ သီဆိုခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ကျမတို့အားလုံးကို တယောက်ချင်းစီ လက်ဆွဲနှုတ်ဆက်ပါတယ်။ ပြီးတော့ ကျမတို့အားလုံး ရုံးခန်းထဲကနေ စိတ်လှုပ်ရှား ကြည်နူးစွာ ထွက်လာခဲ့ကြပါတော့တယ်။

အပြင်ဘက်ထွက်လာတော့ ဒီလိုတွေ့ဆုံဆွေးနွေးမှုမျိုးကို မြန်မာနိုင်ငံမှာ လျှို့ဝှက်ထားလို့ မရဘူးဆိုတာ ကျမတို့ သိလာပါတော့တယ်။ လူ ၄ ယောက်က ကျမတို့ကို ဓာတ်ပုံတွေ ရိုက်နေပါတယ်။ ဒီဓာတ်ပုံတွေနဲ့ သူတို့ ဘာလုပ်ကြမယ်ဆိုတာ ကျမတို့ ဘယ်တော့မှ သိမှာလည်း မဟုတ်ပါဘူး။ ဒါသည်ပင် အစိုးရရဲ့ အကြောက်လွန်နေပုံနဲ့ မြန်မာပြည်သူတွေ လွတ်လပ်တဲ့ မြန်မာနိုင်ငံမှာ နေလိုစိတ် ပြင်းပြနေတာကို ထင်ထင်ရှားရှား ပြသနေတဲ့ အချက်လည်း ဖြစ်ပါတယ်။

(Laila de Champfleury သည် သူတို့၏ နိုင်ငံတကာ နိုင်ငံရေး ကောလိပ်သင်ရိုး သင်ခန်းစာအတွက် မြန်မာနိုင်ငံသို့ ဧပြီလဆန်းတွင် သွာရောက်လေ့လာခဲ့ကြသော ဒိန်းမတ်ကျောင်းသား ၁၁ ဦးမှ တဦးဖြစ်ပါသည်။ ထိုအဖွဲ့တွင် ဆရာနှစ်ဦးလည်း အတူလိုက်ပါသွားခဲ့သည်။ မဇ္ဈိမ အင်္ဂလိပ်ပိုင်းအတွက် Laila de Champfleury ရေးသားသော Stepping into the world of Aung San Suu Kyi ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။)

0 ခြေပုန်းခုတ်နေတဲ့ သတင်းတွေ ရှိတယ်.... (အောင်မျိုးထွန်း)

အွန်လိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရတယ်။ ပြီးခဲ့တဲ့နှစ် (၁၁) လပိုင်း နေအိမ်အကျယ်ချုပ်က ဒေါ်စု လွတ်လာပြီးတဲ့နောက်ပိုင်း သူ့ကို ဖမ်းဆီးရတဲ့ “ ဒီပဲယင်းလုပ်ကြံမှုကြီး ” နဲ့ ပတ်သက်လို့ အာစေးမိနေတဲ့ အကြောင်းပါ။ အရင်စိတ်မျိုးနဲ့ဆို ဒီကိစ္စအပေါ် ဒေါ်စု အနေနဲ့ စစ်အစိုးရကို အပြတ်ချဲပြီးသား။ ခံရတဲ့သူတွေ ထောင်ထဲရောက်၊ ကျူးလွန်တဲ့ တရားခံတွေ လွတ်မြောက်နေကြတဲ့ ကောသလအိပ်မက်လို ပြောင်းတိပြောင်းပြန် ဖြစ်ရပ်မျိုးဟာ နိုင်ငံရေးသမားတွေအတွက် အန်ပေါင်းတွေ၊ ဘောနတ်တွေ မဟုတ်လား။ ဝှေ့ယမ်းချင်စရာ နိုင်ငံရေးအလံတွေ မဟုတ်လား။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီပဲယင်းနဲ့ ပတ်သက်တဲ့ ပထမဆုံးမှတ်ချက်ကို ဧပြီလ နောက်ဆုံးပတ်မှာ RFA ရေဒီယိုအသံလွှင့်ဌာနကို ဒေါ်စုက ဟောဒီလို ပြောလိုက်ပါတယ်။
” အတိုချုံးပြောရမယ်ဆိုရင်တော့ ကားမောင်းတဲ့လူငယ်က အင်မတန်မှ ကျွမ်းကျင်လို့ ဘယ်သူလို့ မှန်းရခက်တဲ့သူတွေက လမ်းကို အတားအဆီးတွေနဲ့ ပိတ်ဆို့ဖို့ကြိုးစားနေတဲ့ အထဲကနေပြီးတော့ ဖောက်ထွက်နိုင်ခဲ့တာ ဖြစ်ပါတယ် ”

အားလုံးလည်း သိကြပါတယ်။ မတရားခံခဲ့ကြရတဲ့သူတွေရဲ့ အသံကို ထိုက်သင့်သလောက် ကြားပြီးပါပြီ။ ဒီပဲယင်းလုပ်ကြံမှုကြီးကို ဒေါ်စုအနေနဲ့ မဟချင်၊ ပြန်မစချင်တာ သူ့ မှာ အခွင့်အရေးရှိပါတယ်။

“ ဒေါ်စု.. ဒီကိစ္စကို သံချောင်းပြန်ခေါက်ပါ ” လို့ ဖိအားသွားပေးလို့ မဖြစ်ပါဘူး။ သူ့ အတွေး၊ သူ့ ဖီလင်နဲ့ သူ နိုင်ငံရေးလုပ်နေတာပါ။ လွတ်လပ်မှုပေးရပါလိမ့်မယ်။ ဘေးကြပ်နံကြပ်ဖြစ်နေတဲ့ သူ့အနေအထားကို စောင့်ကြည့်ဖို့ လိုပါလိမ့်မယ်။ တချို့သတင်းတွေအရ အာဏာပိုင်တွေဘက်က ဒေါ်စုကို ဘယ်လိုလမ်းကြောင်းမှာ ရှိစေချင်သလဲဆိုတာ အခုထိ သဲသဲကွဲကွဲ မသိရသေးတာ အဓိက မေးခွန်းဖြစ်နေပါတယ်။ လုပ်ရတာ ခေါင်းစားနေကြတယ်။

နိုင်ငံရေးမှာ အခြားတစ်ဘက်က ဘယ်လိုစဉ်းစားနေသလဲ...လို့ပိုင်းဖြတ်တတ်ဖို့ လိုပါဦးမယ်။ အများအားဖြင့် တစ်ဘက်တည်းတွေး၊ တခြမ်းတည်း လုပ်ကြရင်ဖြင့် လိုချင်တာရဖို့ ဝေးနေပါဦးမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တခြားဘက်က ကိုယ်တွေဘက်ကို တစ်ဆံခြည်မျှတောင် အလွတ်မပေးဘူးဆိုတာ ပြည်တွင်းက နိုင်ငံရေးသမားတွေ သဘောပေါက်ပြီးသားနေမှာပါ။ သတင်းတွေကို များများ ရဖို့၊  ထောင့်မျိုးစုံက ရဖို့ သိပ်အရေးကြီးလှပါတယ်။ နိုင်ငံရေးသွေးကြောလို့တောင် သမုတ်နိုင်ပါတယ်။ သတင်း အတိုအစလေးတွေကို လေဖမ်းဒန်းစီးပြီး ချီတက်ကြရင်တော့ တခွိခွိ ရယ် နေကြမယ့်သူတွေ အမှန်တကယ်ရှိနေပါတယ်။ ဖဲသမားစကားနဲ့ ပြောရရင် တစ်ဘက်က အပ်ပန်တွေ၊ ကာလာတွေ၊ လေးလုံးဆင်တွေ၊ ဟောက်ဆင်တွေနဲ့ အပေါ်စီးက “ ရှိုး ” နေတာကို ကိုးပူး နှစ်ပယ်နဲ့ ကိုယ်တွေက ချွေးပျံနေရတဲ့ ပစ္စခတ်ပါ။

ဒီပဲယင်းဟာ ကြိုတင်လုပ်ကြံမှုပါ။ ဘယ်အချိန်မှာ ရိုက်မယ်၊ ဘယ်သူ့ကို ဘယ်လောက်ဆိုတာက အစ စံရွေးကိုက် ချိန်ညှိထားပြီးသားလို့ သိရပါတယ်။ ဒါပေမယ့် ဘယ်လောက်ဘဲ ဇာတ်တိုက်ထားပါစေ၊ တကယ် ဆော်ကြနှက်ကြတော့ စီမံထားတာအားလုံး ကွက်တိ ဖြစ်မလာဘဲ လွဲချော်ကုန်ပါတယ်။ ဒေါ်စုနဲ့ ဦးတင်ဦးကို ခြောက်လှန့်ရုံအဆင့် သတ်မှတ်ထားပေမယ့် ကွင်းထဲရောက်နေကြတဲ့သူ တချို့က “ စပိ ”တွေ လွန်ကုန်ကြပါတယ်။ ဒေါ်စုကားကိုပါ ၀ိုင်း သမ ကြမယ့်အခြေအနေကို ရောက်တော့ စီစဉ်တဲ့သူတွေ အချင်းချင်းဘဲ ခက်ခက်ခဲခဲ ထိန်းယူလိုက်ရတယ်လို့ ကြားဖူးပါတယ်။ အနီးကပ် ကြီးကြပ်ရသူ တချို့တောင် နယ်ပြောင်း ဘာပြောင်းတွေ ဖြစ်ကုန်ပါတယ်။

ကြားရတဲ့သတင်းက လုံးဝအမှန်ပါလို့ အပိုင်မပြောပါဘူး။ ဒါကို ထည့်စဉ်းစားပြီး ကိုယ်တွေ ရှေ့ဆက်လုပ်မယ့် မြန်မာ့ဒီမိုကရေစီရေးမှာ အကျိုးရှိစေချင်လို့  အောင်မြင်စေချင်လို့ပါ။ တစ်ဘက်က ဘာလုပ်လုပ် စီမံချက်ချပြီး လုပ်သလိုမျိုး ဒီမိုကရေစီဘက်တော်သားတွေဘက်ကလည်း မှန်ကန်တဲ့အချက် အလက်တွေပေါ် ခြုံငုံသုံးသပ်ပြီး ကျကျနန တိုက်ပွဲဝင်ကြဖို့ ပါ။

“ NLD ဆိုတာ အခုအချိန်မှာ ရပ်ကွက်ထဲ နှစ်လုံးသုံးလုံး ရောင်းတဲ့သူ လူမျိုးပေါ့ဗျာ။ သူဖမ်းချင်ရင် အချိန်မရွေး ကောက်ဖမ်းလို့ ရတယ်...”

ဒီစကား ဘယ်သူပြောလဲဆိုတာ သိရင် ချာချာလည်သွားကြပါဦးမယ်။ ခြေပုန်းခုတ်နေတဲ့ သတင်းတွေ ရှိတယ်။

အောင်မျိုးထွန်း
၂၉- ၄- ၂၀၁၁

0 အင်္ဂလန် တော်ဝင်မင်းသား လေး ၀ီလျံ နှင့် သတို့သမီး ကိတ်မစ်ဒယ်တန်တို့ ၏ မင်္ဂလာအခမ်းအနား

Friday, April 29, 2011

0 ဗိုလ်ချုပ်ကြီးဟောင်းဦးသိန်းစိန်အစိုးရအပေါ်သုံးသပ်ချက်နှင့်ပြည်သူသို့အသိပေးတင်ပြချက်

Analysis of Ex-Gen Government_Burmese Version

0 အချိန်မကြဘဲ ကြေမွသွားတဲ့ ပန်းတပွင့်


“ ညဏ်လင်းထက်.......”

ရှေ့ကို ထွက်ခဲ့စမ်း ဆိုတဲ့ ဆရာမ စကားသံ အဆုံးမှာ ကျနော်ဟာ မ၀ံ့မရဲ တုန်ရီစွာနဲ့ အတန်းရှေ့ကို ထွက်သွားလိုက်ပါတယ်။

ပုံနှိပ်စာအုပ်ဖိုး နဲ့ ကျောင်းက အလှူအတွက် နင့်ဆီက ငွေမရလို့ တောင်းတာ ဘယ်နှခါ ရှိပြီးလည်း ။ လူလေး ကြည့်တော့ ငါးတန်းဘဲ ရှိသေးတယ် ... ငါ့ကိုတောင် အာခံချင်တာလား ။

" ကျနော့်တို့အိမ်က အဆင်မပြေသေးလို့ မပေးနိုင်သေးတာပါ ဆရာမ... " ဆိုတဲ့ ဖြေရှင်းချက်ကို သိပ်ကြိုက်ပုံမရတဲ့ ဆရာမက ဘာပြောတယ် .....ကျောင်းတော့ ထားပြီး စာအုပ်ဖိုးမှ မတတ်နိုင်ရင်လည်း ကျောင်းမထားချင်နဲ့လို့ နင့်မိဘတွေကို ပြောလိုက်။ ဘယ်လို မိဘတွေလည်း မသိပါဘူး .......... ကျောင်းထားပြီး ကျောင်းက တောင်းတဲ့ငွေတော့ မပေးနိုင်ဘူး........ စိတ်ပျက်ဖို့ တကယ်ကောင်းတယ် ။

နင် ဒီနေ့ တနေကုန် မတ်တတ်ရပ်နေရမယ်....ငါက ထိုင်ဆိုမှ ထိုင် .............. ။ ကဲ ....... အားလုံး စာအုပ်ထုတ်.....

ဆရာမရဲ့ စကားသံ အဆုံးမှာ ကျနော့် အတန်းဖော် သူငယ်ချင်းများရဲ့ စူးစိုက်ပြီး ကြည့်နေတဲ့အကြည့်များကို ရင်မဆိုင်ရဲလို့ မျက်နှာကို ခေါင်းငုံ့ထားရင်းက ကျလာတဲ့ မျက်ရည်များကို သုတ်ပစ်ဖို့တောင် အားမရှိတော့ပါဘူး ။ ဖြစ်နိုင်ရင် ကျနော် ဒီနေရာက ဝေးရာကို ထွက်သွားချင်ပါတယ်..........။ ဒီနေ့ ကျောင်းဆင်းချိန်ကလည်း ကြာလိုက်တာနော် တွေးမိရင်းက ဒုက္ခိတ အဖေနဲ့ ဈေးသည်အမေ ရဲ့ မျက်နှာကို ပြန်မြင်ယောင်ကာ ၀မ်းနည်းစွာ သက်ပြင်း ချကာ ကျောင်းဆင်းချိန်ကိုဘဲ စောင့်စားနေလိုက်ပါတော့တယ်...။

ဒီတခါတော့ အမေ့ဆီ က ပိုက်ဆံရအောင် တောင်းမယ်လို့ စိတ်ကူးနဲ့ ပြန်လာရင်း အိမ်အရောက်မှာ အဖေနဲ့ အမေရဲ့ အသံတိုးတိုးနဲ့ တိုင်ပင်သံကို ကြားမိပါတယ် ။

ရှင် ဒီအတိုင်းဆက်သွားရင်တော့ သိပ်မခံလောက်တော့ဘူး ထင်တယ်နော်......... ဆေးခန်းကို သွားပြပါလား ကိုမြင့်ရယ်.။

မင်းလည်း ငွေရှိတာမှ မဟုတ်ဘဲ မပြချင်ပါဘူး မိန်းမရယ်..........ငွေမပါတဲ့ လူနာကို ဒေါသထွက်နေတဲ့ ကြည့်နေတဲ့ ဆရာဝန်ကို ရင်ဆိုင်ရတာထက် ငါ့ဟာငါဘဲ အသေခံလိုက်ပါတော့မယ်. ကွာ... ဆိုတဲ့ အဖေ့ပြောစကားအဆုံးမှာ အမေဟာ ကျနော်တို့ အိမ်ရဲ့ တခုတည်းသော ပစ္စည်းထိန်းသိမ်းရာ နေရာ သေတ္တာစုတ်လေးကို ဆွဲဖွင့်ကာ သူမတန် မြတ်နိုးတဲ့ ဆွဲကြိုးလေးကို အဖေ့အတွက် အသက်ဆက်နိုင်အောင် ဆေးကုပါရစေလို့ ကြိမ်ကြိမ်တောင်းပန်နေပါတယ် ။

သားသမီးတွေ ပညာရေး အတွက် သိမ်းထားလိုက်ပါ မိန်းမရယ်..........ငါသားလေးလည်း အရွယ်ရောက်နေပြီ ။ သမီးလေးက လည်း ကျောင်းစနေပြီ ဆိုတော့ သူတို့အတွက် အရေးပေါ်ရင် သုံးဖို့ သိမ်းထားလိုက်ပါနော် ။

မိဘ နှစ်ပါးရဲ့ အပြန်အလှန် ပြောဆိုမှုတွေကြောင့် ကျနော့်စိတ်ထဲမှာ ၀မ်းနည်းလွန်းလို့ ငိုချင်ပေမယ့် ကျစရာ မျက်ရည်ခမ်းခြောက်ခဲ့ရပါပြီ ။

ငွေမပါရင် ကျောင်းမလာနဲ့ ဆိုတဲ့ ဆရာမရဲ့ စကားသံကို ပြန်ကြားမိတိုင်း သောကပွားနေရတဲ့ ကျနော့်ရဲ့ ခံစားချက်ကို မိဘနှစ်ပါးကို ဘယ်လိုနည်းနဲ့မျှ ရင်မဖွင့်ပြလိုတော့ပါဘူး ။

ခြေဦးတည့်ရာ လျှောက်သွားနေရင်း ကျနာ့်အရွယ်ကလေးငယ်တွေ တုတ်လေးတွေ ကိုယ်စီနဲ့ အိတ်တလုံးကို ကိုယ်စီထမ်းကာ အမှိုက်ပုံမှာ ထိုးဆွနေတဲ့ မြင်ကွင်းလေးက တွေ့မြင်နေကြဖြစ်ပေမယ့် တခါမှ မစူးစမ်းမိခဲ့ပါဘူး ။ သိလိုဇောနဲ့ သူတို့ အနား အသာချည်းကပ်ကာ .. မင်းတို့ ဘာလုပ်နေကြတာလည်းကွ.. ဆိုတော့ ကျနော့်ထက် ငယ်ပေမယ့် သွက်လက် ချက်ချာတဲ့ ကောင်လေးက “ အမှိုက်ကောက်နေတာလေ “ ကွာ မင်းကလည်း ဒါများ အထူးအဆန်းမှတ်လို့ ။ ဒီက အမှိုက်ရောက် ရလာတဲ့ စက္ကူ ၊ ပလတ်စတစ် ၊ ဒန်အိုး ၊ ဒန်ခွက်တွေကို ဆိုင်မှာ သွားရောင်းရင် ပိုက်ဆံရတာပေါ့ …။

ပိုက်ဆံ ဆိုတဲ့ စကားလုံးက ကျနော့်ကို များစွာ ဆွဲဆောင်ထားလိုက် သလို ခံစားရလို့.

“ ငါလည်း အဲဒီလို လုပ်လို့ ရလားကွ. “

ရတာပေါ့ကွ ဟု ပြောလျှက် သူကိုင်ထားတဲ့ ဒုတ်လေးနဲ့ လွယ်ထားတဲ့ ပလတ်စတစ်လေးကို ညွှန်ပြကာ ဒီနှစ်ခု ရှိရင် မင်း အလုပ်လုပ်လို့ရပြီတဲ့ ..။

ဒါဆို ငါ မနက်ဖြန် မင်းတို့ဆီ လာခဲ့မယ်ကွာ..

နောက်တနေ့ မနက် အိမ်ကနေ ပုံမှန် အတိုင်း လွယ်အိတ်လွယ်ပြီး ကျောင်းသွားသလို ပုံစံမျိုးနဲ့ ထွက်လာခဲ့ပြီး လွယ်အိတ်ကို စိတ်ချရတဲ့ နေရာမှ ထားခဲ့ပြီး ကျနော့် သူငယ်ချင်းတွေ နဲ့ချိန်းထားရာ နေရာကို သွားခဲ့ပါတယ် ။ သူတို့ အသင့်ပြင်ပေးထားတဲ့ သံချွန်တပ် ဒုတ်လေး တချောင်းနဲ့ မြွေရေခွံအိတ်ကို လွယ်ကာ အမှိုက်ပုံများ ရှိရာနေရာ ၊ လမ်းကြိုလမ်းကြားမှန်သမျှ လှည့်လည်သွားပြီး ငွေရဖို့ ကြိုးစားခဲ့ပါတယ် ။

အစပထမကတော့ အထာသိပ်မနပ်တော့ ဘယ်လို လုပ်ရမယ် ဆိုတာ မသိပေမယ့် ရက် အနည်းငယ် ကြာလာတော့ သဘောပေါက်လာတယ် ။ ဘယ်နေရာ အမှိုက်ပုံက ပစ္စည်းရဖို့ လွယ် ၊ ဘယ်အချိန်ဆို ဘယ်အိမ်က အမှိုက် လွှင့်ပစ်တယ် ဆိုတာ သဘောပေါက်လာတယ်။ ဒီလိုနဲ့ တစ်လလောက် လုပ်လိုက်တော့ ဆရာမကို ပေးဖို့ ငွေလေး စုဆောင်းမိလာတဲ့ အပြင် အဖေ့ အတွက် လိုအပ်တဲ့ ဆေးလေးတွေ ၀ယ်ပေးနိုင်ခဲ့ယုံသာ မကဘူး ညီမလေး သိပ်ကြိုက် တဲ့ ရေခဲမုန့်လေးကို နေ့စဉ် ၀ယ်ကျွေးနိုင်ပါတယ် လို့ ကျောင်းဘက်ကို ခြေဦး ပြန်လှည့်ခဲ့ပါတယ် ။

ငွေကြေးချမ်းသာတဲ့ မိသားစုက ပေါက်ဖွားလာတဲ့ အတန်းဖော် သူငယ်ချင်းများကို သား ၊ သမီး ဆိုပြီး ခေါ်ဆိုတတ်တဲ့ ဆရာမဟာ ကျနော့်ကိုတော့ နင်ဆိုတဲ့ အသုံးအနှုန်းက လွဲပြီး ပြောင်းလဲသုံးဖို့ စိတ်ကူး မရှိဘူးလား မသိပါဘူး ။ သူသင်တဲ့ ကျူရှင် မတတ်နိုင်တဲ့ ကျောင်းသားတွေ ဆို အမြဲလိုလို ဒေါသထွက်နေတတ်တဲ့ ဆရာမကို ရင်ဆိုင်နေရတာ သိပ်ကို ၀မ်းနည်းစရာ ကောင်းလွန်းလှပါတယ် ။

ကျောင်းက ပြန်လာတာနဲ့ လွယ်အိတ်ကို အသာချပြီး အမှိုက်ပုံကို ပြေးသွားရတဲ့ ဘ၀တွေက
လွတ်မြောက်ချင်လှပြီ ။ ကျောင်းက အပြန်ဆော့ကစားနေတဲ့ သူငယ်ချင်းတွေကို မြင်တိုင်း
သူတို့လို ကစားချင်ပေမယ့် အိမ်က ဆန်အိတ်ထဲမှာ မနက်စာဘဲ ကျန်တော့တာကို သိထားတဲ့
ကျနော် အတွက် ကစားမက်လို့ မဖြစ်ပါဘူး ဆိုပြီး ဆုံးဖြတ်ချက်ချကာ အရပ်တကာလည်ပြီး
အမှိုက်ကောက်ခဲ့ရတဲ့ ရက်တွေ တဖြည်းဖြည်း ပိုမို များပြားလာပါတယ် ။

တနေ့တနေ့ လမ်းကြိုလမ်းကြားထဲ ၀င်ပြီး အမှိုက်ကောက်နေတဲ့ ကျနော့်ကို သနားစရာ အကြည့်နဲ့ ကြည့်သူတွေထက် မယုံသကာင်္စိတ်နဲ့ ကြည့်ကြတဲ့ လူတွေရဲ့ မျက်ဝန်းမှာ မနှစ်မြို့ခြင်းတွေ ပါနေတတ်တယ် ။ အထူးသဖြင့် တိုက်ကြို တိုက်ကြား ၀င်ကောက်တဲ့အချိန်တွေဆို အော်ဟစ်မောင်းထုတ်တာကို ခံရပါများလာတော့ ဒီဘ၀ကို တကယ် စိတ်နာလာပါပေမယ့် ကျနော့် ငွေရမှ အဖေ့အတွက်ဆေးဖိုး ၊ ညီမလေး သိပ်ကြိုက်တတ်တဲ့ မုန့်လေးတွေ ၀ယ်ပေးနိုင်မှာ ဆိုတော့မလုပ်ချင်လည်း လုပ်နေရအုံးမှာပါဘဲ ။

ညနေဘက် ကျနော် ပြန်လာရင် ထွက်ကြိုတဲ့ ညီမလေးကို မုန့်လေးပေး ၊ အဖေ့အတွက် အာဟာရပြည့်စေမယ့် အစားအစာ တခုခုပေးရတဲ့ အချိန်ဟာ ကျနော့်ဘ၀ အတွက် အပျော်မြူးရဆုံးအချိန်ပါဘဲ ။ ကိုယ်တိုင်က ငွေမရှာနိုင်လို့ သားဝယ်လာတာလေးကို စားနေရတဲ့ ကျနော့်အဖေ့မျက်လုံးမှာ အမြဲလိုလို မျက်ရည်တွေစို့နေတာကို သတိထားမိတယ် ။

အဖေ့အတွက် ဆေးကုပေးဖို့ အမေ ကိုပြောတော့ “ ငါ့သားရယ် ….ဆေးကုဖို့က ငွေမနည်းဘူး ကုန်မှာ .. အမေ့မှာလည်း စားဖို့တောင် အနိုင်နိုင်ဆိုတာ သားလည်း သိသားဘဲ “ ဆိုပြီး ၀မ်းနည်းနေတဲ့ အမေ ၊ ဝေဒနာကို ကြိတ်မှိတ်ခံစားနေရတဲ့ အဖေ ၊ မိဘနှစ်ပါးကို ကြည့်ကာ မျက်ရည်ကျနေတဲ့ ကျနော်တို့ ညီမလေး အတွက် ကျနော် ကျောင်းထွက်လိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်ခဲ့တယ် ။

ရက်ကွက်ထဲက သူငယ်ချင်း တချို့ ညဘက် ပန်းကောက်ပြီး မနက်အစောကြီး ဈေးမှာသွားသွင်း ၊ တခါတလေ ကားဂိတ်တွေမှာ ရောင်းတာ အဆင်ပြေတယ်ဆိုလို့ ကျနော် သူတို့ နဲ့ အတူလိုက်ပြီး ၀မ်းရေး အတွက် ဖြေရှင်းခဲ့ရတယ် ။ နေ့လည် အချိန်အားရင် အမှိုက်ပုံဘက် ပြေးသွားပြီး ငွေရှာပါမှ ထမင်း နပ်မှန်ဖို့ သာ မကဘူး အဖေနဲ့ ညီမလေး အတွက် လိုအပ်တာလေးတွေ ဖြည့်စည်းပေးနိုင်မှာ ။

အလုပ်နှစ်ခုလုပ်တော့ ငွေပိုလေး နည်းနည်းရလာလို့ ရပ်ကွက်ထဲက ဆရာဝန်နဲ့ အဖေ့ကို ပြနိုင်ခဲ့တယ် ။ သူညွှန်ပြတဲ့ ဆေးကို အဖေ ပုံမှန်စားနိုင်အောင်ကျနော် ပိုပြီး ကြိုးစားရအုံးမယ်..။

ဘာလိုလိုနဲ့ သင်္ကြန်နားတောင် နီးလာပြီ ဘဲ။ လူတော်တော်များများ ပျော်ရွှင်ကြတဲ့ သင်္ကြန်ပွဲ ကျနော်လည်း ပျော်ချင်တာပေါ့ဗျာ..။ သင်္ကြန်အတွက် ဘာအစီအစဉ်ရှိလည်း သူငယ်ချင်းတွေနဲ့တိုင်ပင်တော့ သူငယ်ချင်း တစ်ယောက်က “ သင်္ကြန်ဆိုတာ ငါတို့အတွက် ဂွင်ဘဲကွ…။ အဲဒီနေ့မှာ ငါတို့ ကြိုးစားလိုက်ရင် မြိုးမြိုးမျက်မျက်လေး ရနိုင်တယ်တဲ့ ။ ဘာလုပ်ရမှာလည်း ဆိုတော့ အရက်လည်း ရောင်းမယ် ရေသန့်ဘူးတွေ ၊ အချိုရည်ဘူးတွေလည်း ကောက်လို့ ရတယ်” ဆိုလို့ ကျနော် အရမ်း စိတ်ဝင်စားသွားတယ် ။

မြန်မာရိုးရာ အတာသင်္ကြန်ပွဲကြီး စတင်ကျင်းပတဲ့ နေ့က စပြီး ကားဂိတ်လေးမှာ ရေပုံးလေးတွေ ကိုယ်စီကိုင်ပြီး အရက်ဆိုင်လေးတွေ ကိုယ်ပိုင်ဖွင့်ခဲ့ကြတယ် ။ ဆိုင်လို့သာ ပြောတာပါဗျာ. ထိုင်ခုံတလုံးပေါ်မှာ ရေပုံးတလုံး ၊ အရက်တပုံးနဲ့ ရေသန့်ဘူး အဟောင်းလေးတွေ ဘဲ ရှိတာပါ ။ အရက် တဗူးကို တစ်ထောင်နဲ့ အော်ဟစ်လို့ ရောင်းခဲ့ရတာ ပျော်စရာ မကောင်းပေမယ့် ၀င်ငွေ ကောင်းကောင်းရလို့ အဖေ့အတွက် ဆေးကုပေးနိုင်မယ် ဆိုပြီး စိတ်ကူးနဲ့ ကြည်နူးခဲ့ရပါတယ် ။ သူငယ်ချင်း တစ်ယောက်က ဆိုင်ထိုင်ရင် နောက်တစ်ယောက်က ကားပေါ်က ပစ်ချလိုက်တဲ့ ရေသန့်ဗူးနဲ့ အချိုရည်ဗူးလေးကို လိုက်စုရတယ် ။ ကောက်တဲ့ လူကများတော့ နည်းနည်းတော့ စွန့်စားရတယ်ဗျာ…။

သင်္ကြန်အတက်နေ့ ဆိုတော့ လူတွေကို ပိုပျော်နေကြလို့လား မသိဘူး ရောင်းလို့ကလည်း ကောင်းပဗျာ..။ နောက်ဆုံးနေ့ ဆိုတော့ သူတို့ အားခဲပြီး ဖြုန်းပြနေလို့ သူတို့ ပစ်ချသမျှ လိုက်ကောက်ရတာတောင် နည်းနည်းမောလာသလိုပါဘဲ ။ ဒီနေ့တော့ နေ့တွက် တော်တော်ကိုက်နေပြီ ဆိုတာသိပေမယ့် ဆက်စောင့်ပြီး ကောက်လို့ များများရရင် မနက်ဖြန် မနက် အမေ ဘုန်းကြီးကျောင်းသွား ရင် မောင်နှမ နှစ်ယောက်လုံးလိုက်မယ်လို့ စဉ်းစားထားတယ် ။

ကားတစီးပေါ်က ပစ်ချလိုက်တာ အချိုရည်ဗူးခွံတွေဗျာ.. အများကြီးဘဲ ကားလမ်းလယ်မှာ သွားကောက်ရင် အန္တာရယ်များမှန်း သိပေမယ့် သူတပါး မဦးခင် အမြန်ဦးအောင် ကားလယ် အလယ်ကို ပြေးအသွားမှာ အရှိန်ပြင်းစွာ မောင်နှင်းလာတဲ့ ကား တစီးကြောင့်……. လေထဲကို မြောက်သွားပြီး ပြန်အကျမှာ သူ့ခန္ဓာက ဖြာဆင်းလာတဲ့ သွေးစက်တွေက မြင်ရက် စရာ အောင် ကျဆင်းပေမယ် ကျနော် အိမ်ပြန်ဖို့ အားခဲထားဆဲပါဘဲ ။

သူ့ကိုယ့်သူ မသယ်နိုင်တဲ့ ခန္ဓာကိုယ်ကို အတင်းကြိုးစားပြီး ရုန်းထနေပုံလေးက မြင်ရသူ အပေါင်း ရဲ နှလုံးသားကို ကွဲကြေပျက်သလို ခံစားလိုက်ရလို့ လူအများက ဆေးရုံပို့ဖို့ ကြိုးစားပေမယ့် “ အဖေနဲ့ ညီမလေး စောင့်နေလို့ အိမ်ကိုသာ ပြန်ပို့ပေးကြပါ “ ဆိုတဲ့ စကားကို သနားစဖွယ် အမူအရာနဲ့ နောက် ဆုံး စကား အဖြစ် ကြိုးစားပြောပြီး အချိန်မကြသေးဘဲ ဘ၀တပါးကို သနားဖွယ်ရာ ကူးပြောင်းသွားရှာပါပြီ.။

မိဘက ဆင်းရဲ နွမ်းပါးလို့ ကျောင်းနေချိန်မှာ ပညာမသင်ရဘဲ အနာဂတ်တွေ ပျောက်ဆုံးကာ စာသင်ခန်းကို ကျောခိုင်းပြီး ၀မ်းရေး အတွက် အခုလို ကြိုးစားရှာဖွေနေတဲ့ ကလေးငယ်တွေ သိပ်ကို များလာတာကို ၀မ်းနည်းဖွယ်ရာ တွေ့ရှိရလို့ မိတ်ဆွေများကို သတိပေးတဲ့ အနေနဲ့ လေးစားစွာ တင်ပြပေးလိုက်ပါတယ် ။

အကယ်၍များ မိတ်ဆွေတို့မှာ ကိုယ်ချင်းစာတရားနဲ့ မျှဝေခံစားလိုကြကာ မိမိတို့ တတ်နိုင်သလောက်လေး ပါဝင်ကူညီဆောင်ရွက်ပေးကြရင် အနာဂတ် မြန်မာနိုင်ငံမှာ အခုလို ကလေးငယ်တွေ တဖြည်းဖြည်း နည်းပါးသွားနိုင်တယ် ဆိုတဲ့ ခံယူချက်လေးထားပြီး သူတို့ဘ၀ အတွက် တစ်ချက်လောက် စဉ်းစားပေးကြပါလားလို့ သူတို့ကိုယ်စား ကျနော်ကဘဲ တောင်းပန်စကား အရင်ပြောကြားချင်ပါတယ် ။

အုပ်ချုပ်သူ နေရာကို ယူထားပြီး တိုင်းပြည်ဘဏ္ဍာကို စီမံခန့်ခွဲနေကြသူများက လှစ်လှူရှုထားလို့ ဒုက္ခမျိုးစုံ ခံစားနေရတဲ့ လူအများကို ပြည်သူလူထုကဘဲ ကိုယ်ထူကိုယ်ထ စနစ်ကို ကျင့်သုံးပြီး နိုင်ငံရာ တာဝန် ထမ်းကြကာ ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးမှာ သာ အနာဂတ်ကမ္ဘာမှာ လူငယ်မျိုးဆက်သစ်တွေ အခုလို ဒုက္ခတွေ ကြုံတွေ့ရတဲ့ ဘ၀က လွတ်မြောက်လာမှာ အမှန် ပါဘဲ ဆိုတာကို ယုံကြည်စွာနဲ့ လက်ခံထားပြီး တတ်နိုင်သလောက်လေး ကြိုးစားဆောင်ရွက်ပေးကြပါလို့ လေးစားစွာ မေတ္တာရပ်ခံ တင်ပြလိုက်ရပါတယ်ခင်ဗျာ ။

ကိုယ်ပိုင် အိမ်မှာ နေခွင့်မရလို့ သူတပါး အိမ်မှာ ခတ္တ ဧည့်သည် အဖြစ်နေကြရကာ စီးပွားရှာနေရတဲက ပြည်ပရောက် ညီအစ်ကို မောင်နှမများ အနေဖြင့်လည်း အချိန်တန်လို့ အိမ်ပြန်ရရင် သာယာလှပတဲ့ ကိုယ်ပိုင်အိမ်လေးမှာ ပြန်နေနိုင်အောင် ၀ိုင်းဝန်း ကြိုးစားပေးစေလိုပါတယ် ။ သူတပါးအိမ်မှာ ဧည့်သည် ဘ၀နဲ့ ထာဝရနေထိုင်သွားမယ့် အစား ပျက်စီးနေတဲ့ ကျနော်တို့ ကိုယ်ပိုင်အိမ်လေးကို နေထိုင်ချင်စဖွယ် ဖြစ်အောင် တည်ဆောက်သွားဖို့ အတွက် ၀ိုင်းဝန်းကြိုးစားပေးကြပါလို့ အနူးအညွတ်မေတ္တာရပ်ခံလိုပါတယ်ခင်ဗျာ။

ခင်မင်လေးစားလျှက် -

ဗမာ့သွေး။

Thursday, April 28, 2011

0 ကိုယ်တိုင်ပါဝင်ဆင်နွှဲဖို့ . .

ကျွန်တော်တို့ မောမောပန်းပန်းနဲ့ လုပ်ငန်းခွင်အသီးသီးကနေ နွေးထွေးတဲ့ `အိမ်´ ဒါမှမဟုတ် ကိုယ်နားခိုရာ အသီးသီးကို ပြန်လာတဲ့အချိန်မှာ သူတို့တွေဟာ ဧစက်ကျဉ်းမြောင်းတဲ့ တိုက်ခန်းလေးတွေထဲမှာ ပိတ်လှောင် ခံထားရတယ်။ ကျွန်တော်တို့ ကိုယ်နှစ်သက်ရာ အစားအသောက်မျိုးစုံကို ပြင်ဆင် စားသောက်နေရတဲ့ အချိန်မှာ သူတို့တွေက အင်မတန်မှ စုတ်ပြတ်ညစ်ထပ်လှတဲ့ အစားအသောက်တွေကို ဆင်းဆင်းရဲရဲ စားသောက်နေရတယ်။ ကျွန်တော်တို့တွေက သူငယ်ချင်းအပေါင်းအသင်း၊ မိသားစုတွေနဲ့ နွေးထွေးပျော်ရွှင်နေချိန်မှာ သူတို့တွေက သံတိုင်တွေရဲ့နောက်ကွယ်ကနေ အချိန်တွေကို ဖြတ်သန်းနေရတယ်။ တကယ်တော့သူတို့ဟာ ဘာ ဒုစရိုက်မှု မျိုးကိုမှ ကျူးလွန်ခဲ့ကြတာမဟုတ်ပါဘူး။ ဘာအကြမ်းဖက်မှုမျိုးကိုမှလည်း မလုပ်ဆောင်ခဲ့ကြပါဘူး။ သူတို့တဦးချင်းတယောက်ချင်းတကိုယ်ရည်ကောင်းစားရေးအတွက် လုပ်ခဲ့ကြတာလည်း မဟုတ်ဘူး။ သူတို့ဟာ ကျွန်တော်တို့ အားလုံးအတွက် ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက်၊ ကျွန်တော်တို့ တိုင်းပြည်အတွက် သတ္တိပြောင်မြောက်စွာ စွန့်လွှတ်စတေးခံနေရတဲ့ သူရဲကောင်းတွေပဲ ဖြစ်ပါတယ်။

သူတို့တွေကို တဦးချင်း ထောင် အနှစ်လေးငါးခြောက်ဆယ် . . .ပြစ်ဒဏ်ပေးထားတယ်။

ကျွန်တော်တို့ လုပ်နိုင်တာ ဘာမှ မရှိပါဘူး။

လူသားချင်းစာနာထောက်ထားမှုလေးနဲ့ပဲ ဖြစ်ဖြစ်၊ သူတို့လွတ်မြောက်ရေးကိုနားလည် သဘောတူပါကြောင်း လက်မှတ်ကလေးတွေ ထိုးပြီး ပါဝင်ကြစေချင်ပါတယ်။

ဒီ လှုပ်ရှားမှုဟာ ပြည်သူတွေရဲ့ လှုပ်ရှားမှုသက်သက်သာဖြစ်ပြီး အန်တီစု အပါအ၀င် NLD ခေါင်းဆောင်တွေကိုယ်တိုင် ပြည်သူတွေအနေနဲ့သာ ပါဝင်လက်မှတ် ရေးထိုးထားကြခြင်းဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုဟာ ခုမှ စ တာပါ။ တိုင်းနဲ့ပြည်နယ် အသီးသီးမှာ လည်း ခုချိန်မှာ လက်မှတ်တွေ တဖွဲဖွဲ ရေးထိုးနေကြပါပြီ။ နိုင်ငံတကာ ကို ရောက်နေတဲ့ မြန်မာပြည်သား တွေ အနေနဲ့လည်း ပါဝင် လက်မှတ်ရေး ထိုးကြစေချင်ပါတယ်။ လက်မှတ်ရေးထိုးရမယ့်နေရာတွေကို လည်း အချင်းချင်း လက်ဆင့်ကမ်း အသိပေးကြေညာတာတွေ လုပ်ကြပါ။

စင်္ကာပူမှာတော့


(လမ်းပြကြယ်စာကြည့်တိုက် - လေးလွှာ၊ Peninsula Plaza မှာ

Saturday, Sunday & Wednesday လာရောက် လက်မှတ်ထိုးပါဝင်နိုင်ပါသည်)

ပြောရမယ်ဆိုရင်လေ . . .။ စင်္ကာပူမှာ ကျွန်တော်တို့ အာရ်အိုင်တီကျောင်းတော်သားတွေ၊ အီကိုကျောင်းတော်သူတွေ၊ ၈၈ မျိုးဆက်တွေ အများအပြား စု နေတဲ့ နေရာပါ။ ကျွန်တော်တို့ ပြည်တွင်းမှာ နေတဲ့ ပြည်သူတွေတောင် စိမ်ခေါ်မှုတွေကို ရင်ဆိုင်ပြီး ထိုးကြတာပဲဗျာ။ သတ်မှတ်ထားတဲ့ ရက်ကလေးတွေမှာ အတတ်နိုင်ဆုံး အချိန်ကလေးတွေ ပေးပြီး ထိုးကြဖို့ လှုံ့ဆော်ပါရစေ။

တခြား လက်မှတ်ထိုးဖို့နေရာတွေကိုလည်း လက်ဆင့်ကမ်း ကြေညာပေးပါ့မယ်။ ပို့ပေးကြပါ။

ချစ်ခင်စွာ



ချိုတူးဇော်

0 ပြည်သူလူထုကို ကိုယ်စားပြုသော အသံ

နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးမလားလို့ အားလုံးက မျှော်လင့်တောင့်တ ခဲ့ကြပေမယ့် ခုချိန်ထိ ထူးခြားမှု တစုံတရာမတွေ့ရှိသေးပါဘူး။ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ဆိုတာရဲ့နောက်ကွယ်မှာ ဒါ့ထက်မက အဓိပ်ပါယ်တွေကို ဖေါ်ဆောင်နေတယ်ဆိုတာ အားလုံး နားလည်လက်ခံထားကြတဲ့အတွက်လည်း၊
မျှော်လင့်မှုတွေဟာ ပိုမိုပြင်းထန်ကြခြင်းဖြစ်ပါတယ်။
အစိုးရသစ်ရဲ့ လုပ်ရပ်ဟာ အပြုသဘောဆောင်တဲ့ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်မတည်ကိုပါ ဒီအကျဉ်းသားပြန်လည်လွှတ်ပေးရေးနဲ့ဆက်နွယ်နေပါတယ်။

မြန်မာပြည်ရဲ့ အလှည့်အပြောင်း ကံကြမ္မာဟာ အစိုးရ ရဲ့ ဒီဆုံးဖြတ်ချက်ပေါ်မှာ လုံးလုံးလျားလျား မူတည်နေပါတယ်။
ဒီမိုကရေစီ အင်အားစု များအနေနဲ့ အစိုးရသစ်ကို အပြုသဘောဆောင်တဲ့ မေတ္တာရပ်ခံ ကမ်းလှမ်းချက်ကို ပြုခဲ့ပါတယ်။
မြန်မာ့နိုင်ငံရေးဦးဆောင်သူများ အပါအ၀င်၊ စာပေ၊ ဂီတ၊ ရုပ်ရှင်နယ်ပယ်များနဲ့ ပြည်သူလူထုမှ ပြည်သူလူထု
ကို ကိုယ်စားပြုပြီး ဒီ မေတ္တာရပ်ခံ၊ ကမ်းလှမ်းမှုကို ပြုခဲ့ကြခြင်းဖြစ်ပါတယ်။

ဖေ့စ်ဘွတ်ခ် မှ မိတ်ဆွေများအနေနဲ့ ဒီ မေတ္တာရပ်ခံ တောင်းဆိုမှုကို ထောက်ခံတဲ့အနေနဲ့ဝိုင်းပြီး like လုပ်
ပေးကြစေချင်ပါတယ်။









http://www.facebook.com/#!/notes/cho-tu-zal/%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%9E%E1%80%B0%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%80%E1%80%AD%E1%80%AF-%E1%80%80%E1%80%AD%E1%80%AF%E1%80%9A%E1%80%B9%E1%80%85%E1%80%AC%E1%80%B8%E1%80%BB%E1%80%95%E1%80%B3%E1%80%B1%E1%80%9E%E1%80%AC-%E1%80%A1%E1%80%9E%E1%80%B6/162020760524724

Wednesday, April 27, 2011

0 အဖြေ



အဖြေ
      ၂၃.၄.၂၀၁၁ (စနေ) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ၁၀ နှစ်ပြည့် အခမ်းအနား အား နံနက် (၉း၀၀) နာရီအချိန်တွင် စာရေးဆရာ၊ ဒါရိုက်တာ၊ နာယကကြီး ကျေးဇူးရှင် ဘဘဦးသုခ ၏ ရုပ်ထုဖွင့်ပွဲအခမ်းအနားဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ဘဘဦးသုခ၏ ရုပ်ထုမျက်နှာပြင်စတင်၍ ကတ္တီပါအခန်းဆီး မျက်နှာပြင်အကွယ်မှ ပေါ်ပေါက်လာစဉ် ဘဘဦးသုခ၏ ကမ္ဘာပေါ်ရှိ မိခင်များ (အမေ)အား ဂုဏ်ပြုစကားသံတို့သည် အရပ်ရှစ်မျက်နှာတွင် လွှမ်းခြုံ၍ ပေါ်ပေါက်လာတော့သည်။ စကားသံဆုံးသည်နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မျိုးဆက်သစ်ကလေးငယ်များ၏ “ပေးဆပ်လိုက်ကြ xxx ဖေးမလိုက်ကြ ခွဲမရတဲ့တွဲလက်တွေခိုင်မြဲလို့ xxx စည်းလုံးကြမယ် . . . ပေးဆပ်လိုက်ကြ xxx ဖေးမလိုက်ကြ ခွဲမရတဲ့ တွဲလက်တွေခိုင်မြဲလို့ xxx စည်းလုံးကြမယ်” ဟူသော ခွဲမရတဲ့တွဲလက်များသီချင်းအား သံပြိုင်သီဆိုသံ တပြိုင်နက်ထွက်ပေါ်လာတော့သည်။ ကျွန်တော်တို့ ၏ လူမှုရေးစိတ်ဓါတ်အင်အားတို့သည် အသွေးအသားထဲ ဆူပွက်၍လာပါတော့သည်။ ကျွန်တော်တို့ အဖွဲ့သားများအားလုံး ကြက်သီးမွှေးများ တပြိုင်နက်ထလာပါတော့သည်။ ကျွန်တော်တို့အဖွဲ့သား အားလုံး၏ ပီတိအပြုံးများအားလုံး လွှမ်းခြုံနေတော့သည်။ ဘဘဦးသုခ၏ သက်မဲ့ရုပ်ထု မျက်နှာပြင်သည်လည်း အသက်ဝင်နေသည့်အလား ကျေနပ်ပီတအပြုံးများဖြင့် လွှမ်းခြုံနေသည်ကို တွေ့မြင်လိုက်ရသည်။
      သက်မဲ့ ဘဘဦးသုခ၏ ရုပ်ထုမျက်နှာပြင်အဘယ်ကြောင့် ပီတအပြုံးများ လွှမ်းခြုံနေသနည်း ? အောက်ပါပုံရိပ်များအား ကြည့်ရှုလေ့လာခြင်းဖြင့် ဤမေးခွန်း၏ အဖြေအား ရရှိလိမ့်မည်ဟု မျှော်လင့်ပါသည်။
ကျော်သူ

Tuesday, April 26, 2011

0 သြစတြေးလျနိုင်ငံ ရုပ်မြင်သံကြားတွင် ပြသသော နအဖရွေးကောက်ပွဲလိမ်ညာမှုများကို လျှို့ဝှက်ရိုက်ထားသော မှတ်တမ်း


ဗီဒီယိုဖိုင်မျှဝေသောကိုနစ်နေမန်းအားကျေးဇူးတင်ရှိပါသည်...

1 PASSWORD အခိုးခံ ရမှုများ လာခြင်းကြောင့် အထူး သတိပြု အသုံးပြုရန် လိုအပ်လာ

itWEEKLY Journal

PASSWORD

အွန်လိုင်း အသုံပြု ရာတွင် အသုံးပြု သူများ အနေဖြင့် Facebook သုံးခြင်း ၊ ဂိမ်းဆော့ခြင်း များတွင် ဆန္ဒမစောဘဲ ဂရုတစိုက် လေ့လာပြီးမှ သာ အသုံး ပြုသင့်ကြောင်း၊ ထိုကဲ့သို့ မဟုတ်ဘဲ အမှတ် တမဲ့ အသုံးပြု လိုက် ပါက Hacker များ ၏ Password ခိုးယူခြင်းကို ခံရမည် ဖြစ်ပြီး ယခု အခါတွင် အွန်လိုင်း သုံးစွဲသူ အများစု Password ခိုးယူခြင်း ခံရေ ကြောင်း စုံးစမ်း သိရ သည်။

Facebook အသုံးပြု၍ ဂိမ်း ဆော့သည့်အခါ User များ အနေဖြင့် သူငယ်ချင်း များပေးပို့သော Link game များကို စိစစ်ခြင်း မရှိဘဲ Click နှိပ်လိုက်သည့်အခါ game Application အစစ် မဟုတ်ဘဲ Hacker များဖန်တီးထားသော Application အတုဖြစ် နေပြီး မိမိ၏ Password အလွယ်တကူ Hacker လက်ထဲသို့ ရောက်ရှိသွားနိုင်သလို၊ Facebook ဝင်သုံးသည့် အခါတွင်လည်း Facebook Address ဘားကို အထူး ဂရုစိုက်ရန် လိုအပ်ကြောင်း၊ မသင်္ကာစရာလိပ်စာ မျိုးဖြစ် နေပါက ဂိမ်းဆော့ခြင်းကို ရှောင်ရှားသင့်သလို ထင်ရှားသော Application game တွေကို တိုက်ရိုက် Link မှ ယူ၍ သွားသင့် ပေသည်။

ဥပမာ အားဖြင့် Farmware.com ကို Farmware.com ဆိုပြီး ဆင်တူယိုးမှား လုပ်ထားပြီး user name, Password တစ်ရက်လျှင် ၃၀၊ ၄၀ ခန့်ရအောင် Hacker တချို့ကလုပ်ဆောင်နေကြောင်း၊ Facebook website ထဲဝင်မည်ဆို လျှင်လည်း မိမိ ဘယ် Link အောက် သို့ရောက်သွားသည်ကို သေချာမလေ့ လာပါက ဆင်တူယိုးမှား Facebook များနှင့် တွေ့ရမည်ဖြစ်ကြောင်း Online နည်းပညာကျွမ်းကျင်သူကို အဂ္ဂက IT Weekly ဂျာနယ်သို့ပြော သည်။ Username, Password Hack ပုံအနေဖြင့် Gmail တွင် Password Recovery ရှိပြီး၊ သုံးသူက Forget Your Password Facilities ကို နှိပ်မိလျှင် ဘယ်အချိန်က gmail စတင်သုံးစွဲခဲ့သလဲ၊ သူငယ်ချင်း(၅) ယောက်၏ e-mail address ကို တောင်းပြီးဖော်ပြလိုက်သည့်အခါ Hacker ကမိမိ account ထဲသို့ ဝင်မကြည့် လိုက်သောအခါ Match ဖြစ်သည်နှင့် မိမိ account ဖွင့်သွားသည်။ ထိုသို့ လုပ်ရန်အတွက် gmail address (၅) ခုကို ကြိုတင်၍ မိမိ account ထဲသို့ ပို့ထားခြင်း ဖြစ်သည်။ ထိုနည်းသည် နောက်ပေါက်မှ Hack သောနည်းဖြစ် သည်။

ထိုသို့ Hack ခြင်းသည် လက် ရှိအခြေအနေတွင် အများဆုံးဖြစ်နေ သောနည်းဖြစ်သည်။ လူအများသိစေချင်သော Facebook Website များကို ချဉ်းကပ်ရာ တွင် Link တစ်ခုကို သုံးလိုက်ပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်သိစေရ မည်ဟု ကမ်းလှမ်းကြောင်း၊ ထိုအခါ websiteတင်ထားသူကလည်း လူအများဆီသို့ရောက်မည်ဆိုသောကြောင့်ကြေညာချင် လိုသောဆန္ဒဖြင့်   မိမိ၏ Password ကို  ရိုက်ထည့်လိုက်သည် နှင့် တစ်ပြိုင်နက် Account ပွင့်သွား သည်။ အဆိုပါ Link တွင် Password ရိုက်ထည့်ပြီးသည်နှင့် တစ်ပြိုင် နက် Sorry Server ဟု ပေါ်လာပြီး Server နားနေကြောင်း အကြောင်း ပြန်သည်။


Link ချိတ်သူက လည်း အ သုံးပြု၍မရသည့်အခါ username နှင့် Password ကို ဖျက်သော်လည်း ၎င်း ၏ Password က Hacker ထံသို့ ရောက်ရှိသွားပြီး မိမိ Password ဖျက်၍ Hacker ၏ Password ဖြင့် မိမိ account ထဲတွင် ရေးသားချင် သည်များကို တင်သွားသည်ကို တွေ့ ရကြောင်း ထိုကဲ့သို့ပြုလုပ်ခြင်းကို NGO အဖွဲ့အစည်းများက အထူးဂရု စိုက်သင့်သည်။ Page အစစ်ကို Page အတုဖြင့် Hacker လိုက်သောပုံစံသည် မိမိ၏ Website အတွင်းသို့ ရေးချင် ရာကို ဝင်ရောက်ရေး နိုင်သည့်အခြေ အနေရောက်ရှိသွားခြင်းကြောင့် လွန် စွာအန္တရာယ်ကြီးမားကြောင်း Online နည်းပညာကျွမ်းကျင်သူ ကိုအဂ္ဂက ၎င်း၏ လေ့လာချက် များကို ပြောသည်။

ကျော်ထွန်း၊ ဟေမာ

0 အရပ်သားအစိုးရဆိုတာ

အရပ်သားအစိုးရတရပ်ပေါ်ထွန်းလာပြီ ဆိုတဲ့အသုံးအနှုန်းကို သုံးကြတော့ အရပ်သားအစိုးရဆိုတာ ဘယ်လိုအစိုးရမျိုးပါလဲလို့အတွေးနယ်ချဲ့မိပါတယ်။ အရပ်သူအရပ်သားတွေနဲ့ဖွဲ့စည်းတဲ့အစိုးရလို့အကြမ်းဖျဉ်းအားဖြင့်တော့ ပြောလို့ရသလို၊ အရပ်သူအရပ်သားတွေနဲ့ဖွဲ့စည်းတယ်ဆိုတာ အရပ်သူအရပ်သားတွေအကျိုးစီးပွားအတွက် အဲဒီအရပ်က အရပ်သူအရပ်သားတွေကိုကိုယ်စားပြုတဲ့အဲဒီအရပ်သူအရပ်သားတွေကိုယ်တိုင်ပါဝင်ဖွဲ့စည်းထားတဲ့အစိုးရလို့ ဆက်စပ်မိလာပါတယ်။ ဒီတော့ အရပ်သားအစိုးရဆိုတာ အရပ်အခေါ်လွယ်လွယ်ကူကူခေါ်နေပေမယ့် စာသံပေသံပေါက်အောင်ခေါ်မယ်ဆိုရင် ပြည်သူ့အစိုးရ ပါပဲ။ ပြည်သူ့အစိုးရဆိုမှတော့ ဒီမိုကရေစီ စံတခုဖြစ်တဲ့  The government by the people, for the people, of the people ဆိုတာကို သတိရမိပါတယ်။

ကျွန်တော်တို့တိုင်းပြည် မှာ နှစ်ကာလကြာရှည်စွာ ကွယ်ပျောက်နေတဲ့ ပြည်သူ့အစိုးရတရပ်ဟာ အမှန်တကယ်ပေါ်ထွန်းလာပြီလားလို့ တွေးကြည့်စရာ၊ မျှော်လင့်စရာပါပဲ။

ဒီ့အရင် စစ်အစိုးရ အုပ်ချုပ်မှုနဲ့ အရပ်သားအစိုးရအုပ်ချုပ်မှုနဲ့ ဘာကွာမလဲ လို့ပိုင်းခြားစိတ်ဖြာကြည့်မယ်ဆို စစ်တပ်နဲ့ အရပ်ဘက်နဲ့ ဘာကွာသလဲဆိုတာကိုသုံးသပ်ကြည့်ရင်  မြင်သာထင်သာပါလိမ့်မယ်။ စစ်တပ်ဆိုတာ လက်နက်ကိုင်အဖွဲ့အစည်းပါ။နိုင်ငံတကာ စံထုံးစံထားတွေအရ စစ်တပ်တတပ်ရဲ့အဓိက ဖွဲ့စည်းမှုဟာ အမိန့်နာခံမှု ပါ။ဘယ်စစ်တပ်မဆို တသွေးတသံတမိန့် အမိန့်နာခံမှုရှိမှ အုပ်ချုပ်လို့ရပါတယ်။ စစ်တပ်ထဲ တန်းစီတဲ့အခါမှာ ကြယ်သီးနဲ့ ဘောင်းဘီခါးပတ်ခေါင်းနဲ့၊ တညီထဲရှိရပါသတဲ့။ မရိုမသေ့စကား ငယ်ပါတောင်ဘောင်းဘီရဲ့ဘယ်မှာဆို ဘယ်မှာ၊ညာမှာဆိုညာမှာ တညီတည်းရှိနေရပါသတဲ့။ ဗိုလ်မှူးဟောင်းတယောက်ပြောပြလို့ ကျွန်တော်တို့ နားထောင်ရင်း ရယ်ခဲ့ရပါတယ်။ စည်းကမ်း ကြီးတာကောင်းပါတယ်။ ဒါပေမယ့် ရပ်ထဲရွာထဲမတော့အဲဒီလို တသွေးတသံတမိန့် လုပ်လို့မရပါဘူး။
အရေးကြီးတာက ဘယ်လောက်ပဲစည်းကမ်းကြီးကြီး၊ ဘယ်လောက်ပဲ အမိန့်နာခံနာခံ ဒါတွေအားလုံးဟာအဲဒီစစ်တပ် ကိုယ်စားပြုတဲ့ လူ့အဖွဲ့အစည်းရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတာကိုတော့ အမြဲလက်ကိုင်ထားဖို့လိုပါတယ်။ဒါနဲ့ တဆက်တည်း ပြည်သူ့အစိုးရ ပြောင်းပြီဆို စစ်တပ်ကကော၊ တပ်မတော်ကကော ပြည်သူ့တပ်မတော် ပြန်ပြောင်းဖို့မလိုဘူးလားလို့မေးစရာတွေးစရာ ရလာပြန်ပါတယ်။ ပြည်သူတွေထဲက ပြည်သူတွေအတွက် ပြည်သူတွေနဲ့ဖွဲ့စည်းထားတဲ့တပ်မတော် ဆိုတာ မကောင်းလို့လားဗျာ။ ပြည်သူ့တပ်မတော်ဆိုတာ အသုံးအနှုန်းကိုလည်း ပြန်သုံးသင့်တယ်လို့တွေးမိကြောင်းပါ။ ပြည်သူတွေနဲ့ တကယ် တသားတည်းဖြစ်ချင်ရင်၊ ပြည်သူတွေရဲ့ထောက်ခံမှုကို တကယ်လိုချင်တယ်ဆိုရင်တော့ အခေါ်အဝေါ်ကအစ အရေးကြီးတယ်ထင်ပါရဲ့ ။
အရပ်သား အရပ်ဖက်မှာတော့ စစ်တပ်နဲ့လုံးလုံးလျားလျားဆန့်ကျင်ဘက်ဖြစ်ပါတယ်။

အရပ်သားလူ့အဖွဲ့အစည်းတရပ် ရဲ့ အဓိကဖွဲ့စည်းမှု ဟာ ဘာလဲဆိုရင် တော့ စာနာမှု sympathy ပါပဲ။ စာနာစိတ် နဲ့သာ အပြန်အလှန်ဆက်ဆံတဲ့ လူ့အဖွဲ့အစည်းမှသာ အောင်မြင်တဲ့ ယဉ်ကျေးတဲ့ ငြိမ်းချမ်းတည်ငြိမ်တဲ့ လူ့အဖွဲ့အစည်းတရပ်ဖြစ်ပါလိမ့်မယ်။ ပိုက်ဆံရှိတဲ့သူက မရှိတဲ့သူကို၊ ရာထူးအာဏာရှိတဲ့သူက မရှိတဲ့သူကို ၊ပညာတတ်တဲ့သူက မတတ်တဲ့သူကို နိုင့်ထက်စီးနင်း ခေါင်းပုံဖြတ်အမြတ်ထုတ်ခွင့်ရှိနေတဲ့လူ့အဖွဲ့အစည်းမျိုး၊စာနာမှုကင်းမဲ့တဲ့ လူ့အဖွဲ့အစည်းမျိုးကို အောင်မြင်တဲ့ တည်ငြိမ်တဲ့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းလို့သတ်မှတ်လို့
မရပါဘူး။
ဒီတော့ အရပ်သားတွေအရပ်ဖက်လူ့အဖွဲ့အစည်းတွေကို စစ်တပ်ပုံစံတသွေးတသံတမိန့်နဲ့ အုပ်ချုပ်လို့ရမရ၊ အောင်မြင်နိုင်မအောင်မြင်နိုင် ကို အထူးပြောစရာတောင်မလိုတော့ပါဘူး။
စစ်တပ်ပုံစံအုပ်ချုပ်တဲ့ စစ်အစိုးရကနေ၊ အရပ်ဖက်ပုံစံ အုပ်ချုပ်မယ့် အရပ်သားအစိုးရ အသွင်ကို ကူးပြောင်းတဲ့အခါမှာ စစ်ဗိုလ်တွေကအရပ်ဝတ်လဲပြီး  အရပ်သားအဖြစ်ခံယူအုပ်ချုပ်ရုံနဲ့တော့  အောင်မြင်တဲ့ အရပ်သားအုပ်ချုပ်ရေး၊ အရပ်သားအစိုးရဖြစ်လာမှာမဟုတ်ပါဘူး။  အရပ်သားလိုတွေး၊  အရပ်သားလိုနေ၊အရပ်သားလို စာနာစိတ်နဲ့ အရပ်သားတွေအကျိုးစီးပွားကိုရှေ့ရှုမှသာ အရပ်သားအစိုးရကောင်း (၀ါ) ပြည်သူ့အစိုးရကောင်းဖြစ်လာပါလိမ့်မယ် ။
ချိုတူးဇော်

Sunday, April 24, 2011

0 အမျိုးသားရေးပြိုကွဲမှု ရဲ့ဝေစုကိုယ်စီ

သား အခု နေရတဲ့ ဒုက္ခသည် စခန်းထဲက - သူ့ အိမ်လေးရှေ့ ခတ်လှမ်းလှမ်း တဖက် တောင်နံရံစောင်းမှာ မိဘမဲ့ ကလေး ၆၀ - ၇၀ လောက် ရှိမယ်။ သူတို့နေကြတယ်။ သူတို့ စုနေရတဲ့ ဘော်ဒါဆောင်လေးတွေ အစီအရီရှိတယ်။ မိန်းခလေးတွေက သတ်သတ် ယောက်ျားလေးတွေက သတ်သတ်ပေါ့။ ကျောင်းသူကျောင်းသားလေး တွေပါ။ အိပ်ဆောင်၎ခုလောက်နဲ့ စားဖိုဆောင်၊ စုပေါင်းထမင်းစားဆောင်တွေ လည်း ရှိသေးတယ်။စေတနာဆရာဝန်မကြီးတယောက်က ဦးဆောင်တာဝန်ယူစောင့်ရှောက်ထားတယ် ဆိုပါတော့ဗျာ။

ကလေးတွေ အများစု က အရွယ်တောင်ရောက်ကြပြီ။ ဆယ်ကျော်သက်တွေဖြစ်နေကြပြီ။ ယောက်ျားလေးတွေအတွက် ကစားဘို့ ဘော်လုံးကွင်းလေးတခုလုပ်ထားပေးတယ်။ တောင်စောင်းကို ရသလောက်မြေညှိပြီးဘောလုံးကန်ကြတာပေါ့။

အခုတင်ထားတဲ့ ပုံလေးထဲမှာ ဂျိုင်းထောက်နဲ့ ကလေးတယောက် လည်း ဘောလုံးကန်နေတာတွေ့လိမ့်မယ်။( ဓါတ်ပုံ ကျင့်ဝတ်အရ လိုသလောက်ပဲ ပြချင်တယ်။ အကုန် မပြတော့ဘူးဗျာ) အဓိက ဆွေးနွေးချင်တဲ့ အကြောင်းအရာက ဖရောင်းလိုနုနယ်တဲ့ သူတို့ အသိဥာဏ်ကို ဘယ်လိုဘ၀ ဖြတ်သန်းမှုတွေက လွှမ်းမိုးမလဲ။ လောကကိုဘယ်လိုမြင်ပြီးဘယ်လိုပုံဖေါ်တုန့်ပြန်ကြီးပြင်းကြမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းတယ်လို့ ကျွန်တော်ထင်တယ်။

တချို့ ကလေးတွေဟာသူတို့ လူမှန်းမသိတတ်ခင် မိဘဘယ်သူဘယ်ဝါဆိုတာ သိခွင့် မရလိုက်ရခင် မိဘတွေကိုဆုံးရှုံးခဲ့ ကြရတယ်။ ရှေ့တန်းမှာတိုက်ပွဲ ကျခဲ့တာလား။ မိုင်းနင်းမိတာလား ။ ပေါ်တာဆွဲခံရပြီး ပြန်ရောက်မလာတာလား။ ယာတောကို အသွားကျည်သင့်တာလား။ ပြေးလွှားရင်း ငှက်မိလို့လား ။မျိုးစုံပေါ့လေ။ ဘာဘဲဖြစ်ဖြစ် အမျိုးသားရေးပြိုကွဲမှု အဆက် ပြည်တွင်းစစ်ဒဏ်ကို သူတို့လေးတွေ မှာ ဘာအပြစ်မှ မရှိရှာဘဲ ဝေစုရကြတယ်။ ခံစားကြရရှာတယ်။

ကျွန်တော့်သား စကားစပြောတော့ အရင်ဆုံးပြောတတ်တဲ့ စကားတွေထဲမှာ( ည ၉နာရီထိုးရင် အပြင်မထွက်ရပါ )ဆိုတဲ့ ၀ါကျရှည် တခုကို ကျွန်တော် ဖုံးထဲကနေ စ နားထောင်ရတယ်။ ဖခင်တယောက်အနေနဲ့ ဘယ်လိုခံစားရမယ်ဆိုတာ ခင်ဗျားသိမှာပါ။ သူ့ရဲ့တီတီတာတာစကားတွေဟာဒါတွေပါသင့်ရဲ့လားဆိုတာပေါ့။ ဒါသူ့အမေသင်တာတော့ လုံးဝ မဟုတ်ဘူး။ စခန်းထဲမှာနေရင်းကြီးပြင်း၊ ညစဉ် သူကြားသိနေတာတွေကို သူ့ဖာသာသင်ယူနေတာပေါ့။မသိတတ်ခင်မှာတင်သူ့လွတ်လပ်ခွင့်တွေက ဆုံးပါးနေတယ်။ ခုဆို မဲဆောက်သွား ရဲဖမ်းတတ်တယ်လို့ သူနဲနဲသိတယ်။ဟိုလူဒီလူအဖမ်းခံရတဲ့ သတင်းတွေ မကြာခဏ လူကြီးတွေဆီက ကြားနေရတာကို။ အဖေကြီးဆိုတာက အကြာကြီးနေမှ တခါလာတတ်တယ်။ သူ့နားမှာမနေနိုင်တာသူ့အတွက် ပိုက်ပိုက်ရှာနေရလို့ သူပြောတတ်တယ်။ ကျေကျေနပ်နပ်ရှိမရှိတော့မသိနိုင်ဘူး။ သူ့အမေကပြောတဲ့အတိုင်း မှတ်ထားတာပေါ့။ သူ့အမေကသူ့သား လိုက်နားလည်နိုင်သလောက် လိမ်တာပေါ့။

သူက သူ့အဖေဆီ ဘာလို့ သွားလို့ မရတာလဲဆိုတဲ့ မေးခွန်းကိုကျတော့ သူ့အမေ မဖြေနိုင်ဘူး။အဖွားဆီ ပြန်လို့မရဘူး။ အဖွားဆီပြန်ရင် သူ့အဖေကြီးကို သူတွေ့ရမှာမဟုတ်တော့ဘူးလို့ လည်း သူနားလည်ထားတယ်။ခတ်ဝါးဝါး ဖြစ်နေမှာပါ။ အလုံးစုံ ဘယ်သိနိုင်မှာလဲ။

တကယ်တန်းကျတော့ ခင်ဗျားထင်သလို ဖယောင်းလိုနုနယ်တဲ့ သူတို့ဘ၀တွေကို မိဘတွေ က အလုံးစုံ မစိုးမိုးနိုင်ပါဘူး။ လက်တွေ့ ဘ၀က ပြဌါန်းတဲ့ အတိုင်းသူတို့ နားလည်ဘာသာ ပြန်ဆိုကြစမြဲ ကျွန်တော်ထင်တယ်။

မိုင်းနင်းမိလို့ ခြေထောက်ပြတ်ထားတဲ့ ကလေးတယောက် ရဲ့ အသိမှာ ဘယ်လိုရှိမလဲ ကျွန်တော် အကြိမ်များစွာ တွေးဖြစ်တယ်။ သီချင်းရေးတတ်တဲ့ လူကိုသီချင်းရေးခိုင်း။ ပြီး လှတပတရှိတာလေးတွေကို တိုင်းရင်းသားဝတ်စုံ ၀တ်ခိုင်း..ကြည့်ကောင်းအောင် ဗီဒီယို ရိုက် တိုင်းပြည်ကို လွှင့်ပြရုံနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးမဖြစ်နိုင်ဘူး။ စကားလုံးတွေ စာရွက်တွေပေါ်မှာရေးထားတာတွေ ဒီ အခွံတွေကို ကျွန်တော်တို့ တိုင်းရင်းသားတွေ မြင်ရလှပြီ။ လက်တွေ့ဘ၀ ရင်ဆိုင်နေရတာက သိတ်ကြောက်စရာကောင်းတဲ့ ဇာတ်လမ်းတွေ။ အိပ်မက်ဆိုးတွေလို ခုထိသူတို့ကို...လိုက်နေတုန်း။

ခြေထောက်ပြတ်တဲ့ လူတွေကို စခန်းထဲမှာ ကျွန်တော်သား ခဏခဏ တွေ့နေတယ်။ သူက အခုဆို အလွန်အမေးအမြန်းထူတဲ့ အရွယ်ရောက်နေပြီ။အဲဒီလူကြီးက ဘာဖြစ်လို့ ခြေထောက်မရှိတာလဲဆိုတဲ့ မေးခွန်း ဘယ်နေ့ သူ့အမေ အမေးခံရမလဲ ကျွန်တော် ပူတယ်။ ကျွန်တော့်ကို မေးလာရင်လည်း ကျွန်တော် မဖြေတတ်ဘူး။ လူအချင်းချင်း ခြေထောက်ပြတ်အောင် ဒါမှမဟုတ် သေအောင် မြေကြီးထဲမှာ မြှုပ်ကြတဲ့ မြေမြှုပ်မိုင်းအကြောင်းနားထောင်ကောင်းအောင် လောကကြီးကို စိတ်မနာဘဲချစ်တတ်အောင် ကျွန်တော့် သား နုနုနယ်နယ်ကို ဘယ်လိုအသိမျိုးပေးကြမလဲ။ ကျွန်တော်သားအိမ် ရှေ့ က မိဘမဲ့ ကလေး အားလုံးကိုကော ဘယ်သူက ဘယ်လို လွှမ်းမိုးမှုနဲ့ လောကကြီးက ကြောက်စရာမကောင်းပါဘူးဆိုတဲ့ အကောင်းမြင်အပေါင်းလက္ခဏာဆောင် ချိုမြိန်တဲ့အသိလေးတွေဘယ်လိုပေးကြမလဲ။ မနာကျည်း အောင်ဘယ်သူတွေလာ သင်ကြားပေးမလဲ။ ကျွန်တော်တွေး…. ရင်ပူတယ်…. ကိုကျော်မော်ရေ….

ခွန်ဆိုင်း ( ၁၉.၄.၂၀၁၁)

0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှနာရေးကူညီမှုအသင်း(ရန်ကုန်)၁၀ နှစ်ပြည့် နှစ်ပါတ်လည် အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့




Photo by AP

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.