Sunday, April 24, 2011

0 အမျိုးသားရေးပြိုကွဲမှု ရဲ့ဝေစုကိုယ်စီ

သား အခု နေရတဲ့ ဒုက္ခသည် စခန်းထဲက - သူ့ အိမ်လေးရှေ့ ခတ်လှမ်းလှမ်း တဖက် တောင်နံရံစောင်းမှာ မိဘမဲ့ ကလေး ၆၀ - ၇၀ လောက် ရှိမယ်။ သူတို့နေကြတယ်။ သူတို့ စုနေရတဲ့ ဘော်ဒါဆောင်လေးတွေ အစီအရီရှိတယ်။ မိန်းခလေးတွေက သတ်သတ် ယောက်ျားလေးတွေက သတ်သတ်ပေါ့။ ကျောင်းသူကျောင်းသားလေး တွေပါ။ အိပ်ဆောင်၎ခုလောက်နဲ့ စားဖိုဆောင်၊ စုပေါင်းထမင်းစားဆောင်တွေ လည်း ရှိသေးတယ်။စေတနာဆရာဝန်မကြီးတယောက်က ဦးဆောင်တာဝန်ယူစောင့်ရှောက်ထားတယ် ဆိုပါတော့ဗျာ။

ကလေးတွေ အများစု က အရွယ်တောင်ရောက်ကြပြီ။ ဆယ်ကျော်သက်တွေဖြစ်နေကြပြီ။ ယောက်ျားလေးတွေအတွက် ကစားဘို့ ဘော်လုံးကွင်းလေးတခုလုပ်ထားပေးတယ်။ တောင်စောင်းကို ရသလောက်မြေညှိပြီးဘောလုံးကန်ကြတာပေါ့။

အခုတင်ထားတဲ့ ပုံလေးထဲမှာ ဂျိုင်းထောက်နဲ့ ကလေးတယောက် လည်း ဘောလုံးကန်နေတာတွေ့လိမ့်မယ်။( ဓါတ်ပုံ ကျင့်ဝတ်အရ လိုသလောက်ပဲ ပြချင်တယ်။ အကုန် မပြတော့ဘူးဗျာ) အဓိက ဆွေးနွေးချင်တဲ့ အကြောင်းအရာက ဖရောင်းလိုနုနယ်တဲ့ သူတို့ အသိဥာဏ်ကို ဘယ်လိုဘ၀ ဖြတ်သန်းမှုတွေက လွှမ်းမိုးမလဲ။ လောကကိုဘယ်လိုမြင်ပြီးဘယ်လိုပုံဖေါ်တုန့်ပြန်ကြီးပြင်းကြမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းတယ်လို့ ကျွန်တော်ထင်တယ်။

တချို့ ကလေးတွေဟာသူတို့ လူမှန်းမသိတတ်ခင် မိဘဘယ်သူဘယ်ဝါဆိုတာ သိခွင့် မရလိုက်ရခင် မိဘတွေကိုဆုံးရှုံးခဲ့ ကြရတယ်။ ရှေ့တန်းမှာတိုက်ပွဲ ကျခဲ့တာလား။ မိုင်းနင်းမိတာလား ။ ပေါ်တာဆွဲခံရပြီး ပြန်ရောက်မလာတာလား။ ယာတောကို အသွားကျည်သင့်တာလား။ ပြေးလွှားရင်း ငှက်မိလို့လား ။မျိုးစုံပေါ့လေ။ ဘာဘဲဖြစ်ဖြစ် အမျိုးသားရေးပြိုကွဲမှု အဆက် ပြည်တွင်းစစ်ဒဏ်ကို သူတို့လေးတွေ မှာ ဘာအပြစ်မှ မရှိရှာဘဲ ဝေစုရကြတယ်။ ခံစားကြရရှာတယ်။

ကျွန်တော့်သား စကားစပြောတော့ အရင်ဆုံးပြောတတ်တဲ့ စကားတွေထဲမှာ( ည ၉နာရီထိုးရင် အပြင်မထွက်ရပါ )ဆိုတဲ့ ၀ါကျရှည် တခုကို ကျွန်တော် ဖုံးထဲကနေ စ နားထောင်ရတယ်။ ဖခင်တယောက်အနေနဲ့ ဘယ်လိုခံစားရမယ်ဆိုတာ ခင်ဗျားသိမှာပါ။ သူ့ရဲ့တီတီတာတာစကားတွေဟာဒါတွေပါသင့်ရဲ့လားဆိုတာပေါ့။ ဒါသူ့အမေသင်တာတော့ လုံးဝ မဟုတ်ဘူး။ စခန်းထဲမှာနေရင်းကြီးပြင်း၊ ညစဉ် သူကြားသိနေတာတွေကို သူ့ဖာသာသင်ယူနေတာပေါ့။မသိတတ်ခင်မှာတင်သူ့လွတ်လပ်ခွင့်တွေက ဆုံးပါးနေတယ်။ ခုဆို မဲဆောက်သွား ရဲဖမ်းတတ်တယ်လို့ သူနဲနဲသိတယ်။ဟိုလူဒီလူအဖမ်းခံရတဲ့ သတင်းတွေ မကြာခဏ လူကြီးတွေဆီက ကြားနေရတာကို။ အဖေကြီးဆိုတာက အကြာကြီးနေမှ တခါလာတတ်တယ်။ သူ့နားမှာမနေနိုင်တာသူ့အတွက် ပိုက်ပိုက်ရှာနေရလို့ သူပြောတတ်တယ်။ ကျေကျေနပ်နပ်ရှိမရှိတော့မသိနိုင်ဘူး။ သူ့အမေကပြောတဲ့အတိုင်း မှတ်ထားတာပေါ့။ သူ့အမေကသူ့သား လိုက်နားလည်နိုင်သလောက် လိမ်တာပေါ့။

သူက သူ့အဖေဆီ ဘာလို့ သွားလို့ မရတာလဲဆိုတဲ့ မေးခွန်းကိုကျတော့ သူ့အမေ မဖြေနိုင်ဘူး။အဖွားဆီ ပြန်လို့မရဘူး။ အဖွားဆီပြန်ရင် သူ့အဖေကြီးကို သူတွေ့ရမှာမဟုတ်တော့ဘူးလို့ လည်း သူနားလည်ထားတယ်။ခတ်ဝါးဝါး ဖြစ်နေမှာပါ။ အလုံးစုံ ဘယ်သိနိုင်မှာလဲ။

တကယ်တန်းကျတော့ ခင်ဗျားထင်သလို ဖယောင်းလိုနုနယ်တဲ့ သူတို့ဘ၀တွေကို မိဘတွေ က အလုံးစုံ မစိုးမိုးနိုင်ပါဘူး။ လက်တွေ့ ဘ၀က ပြဌါန်းတဲ့ အတိုင်းသူတို့ နားလည်ဘာသာ ပြန်ဆိုကြစမြဲ ကျွန်တော်ထင်တယ်။

မိုင်းနင်းမိလို့ ခြေထောက်ပြတ်ထားတဲ့ ကလေးတယောက် ရဲ့ အသိမှာ ဘယ်လိုရှိမလဲ ကျွန်တော် အကြိမ်များစွာ တွေးဖြစ်တယ်။ သီချင်းရေးတတ်တဲ့ လူကိုသီချင်းရေးခိုင်း။ ပြီး လှတပတရှိတာလေးတွေကို တိုင်းရင်းသားဝတ်စုံ ၀တ်ခိုင်း..ကြည့်ကောင်းအောင် ဗီဒီယို ရိုက် တိုင်းပြည်ကို လွှင့်ပြရုံနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးမဖြစ်နိုင်ဘူး။ စကားလုံးတွေ စာရွက်တွေပေါ်မှာရေးထားတာတွေ ဒီ အခွံတွေကို ကျွန်တော်တို့ တိုင်းရင်းသားတွေ မြင်ရလှပြီ။ လက်တွေ့ဘ၀ ရင်ဆိုင်နေရတာက သိတ်ကြောက်စရာကောင်းတဲ့ ဇာတ်လမ်းတွေ။ အိပ်မက်ဆိုးတွေလို ခုထိသူတို့ကို...လိုက်နေတုန်း။

ခြေထောက်ပြတ်တဲ့ လူတွေကို စခန်းထဲမှာ ကျွန်တော်သား ခဏခဏ တွေ့နေတယ်။ သူက အခုဆို အလွန်အမေးအမြန်းထူတဲ့ အရွယ်ရောက်နေပြီ။အဲဒီလူကြီးက ဘာဖြစ်လို့ ခြေထောက်မရှိတာလဲဆိုတဲ့ မေးခွန်း ဘယ်နေ့ သူ့အမေ အမေးခံရမလဲ ကျွန်တော် ပူတယ်။ ကျွန်တော့်ကို မေးလာရင်လည်း ကျွန်တော် မဖြေတတ်ဘူး။ လူအချင်းချင်း ခြေထောက်ပြတ်အောင် ဒါမှမဟုတ် သေအောင် မြေကြီးထဲမှာ မြှုပ်ကြတဲ့ မြေမြှုပ်မိုင်းအကြောင်းနားထောင်ကောင်းအောင် လောကကြီးကို စိတ်မနာဘဲချစ်တတ်အောင် ကျွန်တော့် သား နုနုနယ်နယ်ကို ဘယ်လိုအသိမျိုးပေးကြမလဲ။ ကျွန်တော်သားအိမ် ရှေ့ က မိဘမဲ့ ကလေး အားလုံးကိုကော ဘယ်သူက ဘယ်လို လွှမ်းမိုးမှုနဲ့ လောကကြီးက ကြောက်စရာမကောင်းပါဘူးဆိုတဲ့ အကောင်းမြင်အပေါင်းလက္ခဏာဆောင် ချိုမြိန်တဲ့အသိလေးတွေဘယ်လိုပေးကြမလဲ။ မနာကျည်း အောင်ဘယ်သူတွေလာ သင်ကြားပေးမလဲ။ ကျွန်တော်တွေး…. ရင်ပူတယ်…. ကိုကျော်မော်ရေ….

ခွန်ဆိုင်း ( ၁၉.၄.၂၀၁၁)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.