Saturday, February 20, 2010

0 ရွေးကောက်ပွဲကို လက်ခံနိုင်ဖွယ်အခြေအနေမရှိကြောင်း ကင်တားနားဝေဖန်


မြန်မာနိုင်ငံမှာ စစ်အစိုးရကဒီနှစ်အတွင်းကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲတွေဟာလက်ခံနိုင်စရာအခြေအနေမှာ မရှိတဲ့အကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ Tomas OjeaQunitana က ပြောဆိုလိုက်ပါတယ်။ မြန်မာစစ်အစိုးရဟာ လူ့အခွင့်အရေးကို လေးစား
လိုက်နာခြင်းမရှိတဲ့အတွက် စစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲဟာလည်း အများလက်ခံယုံကြည်နိုင်စရာ မရှိတဲ့အကြောင်း မစ္စတာကင်တားနားက ပြောလိုက်တာပါ။

မြန်မာနိုင်ငံခရီးစဉ်အတွင်းနေအိမ်အကျယ်ချုပ်ကျနေတဲ့မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မရခဲ့သလို မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့လည်း တွေ့ဆုံခွင့်မရခဲ့ဘဲ မစ္စတာကင်တားနားပြန်ထွက်လာရပြီးတဲ့နောက် အဲဒီလိုပြောလိုက်တာဖြစ်ပါတယ်။ အပြည့်အစုံကို
ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။

ငါးရက်ကြာ မြန်မာနိုင်ငံခရီးစဉ်ကနေ ပြန်အလာထိုင်းနိုင်ငံ၊ဘန်ကောက်မြို့လေဆိပ်မှာမစ္စတာကင်တားနားက မြန်မာစစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးသူ့ရဲ့သဘောထားအမြင်ကို ပြောဆိုခဲ့တာပါ။

“မြန်မာစစ်အစိုးရအနေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာမယ့် အရိပ်အယောင်မျိုးမတွေ့ရဘူးဆိုတာပါ။ ဒီတော့ သူတို့ကျင်းပမယ့်ရွေးကောက်ပွဲဟာ လက်ခံနိုင်စရာမရှိဘူးလို့ ပြောရပါလိမ့်မယ်။”

မစ္စတာကင်တားနားဟာ ငါးရက်ကြာခရီးစဉ်အတွင်း အင်းစိန်အကျဉ်းထောင်နဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် အကျဉ်းထောင်တွေကိုသွားရောက်ပြီးနှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်အပါအ၀င်နိုင်ငံရေးအကျဉ်းသားတချို့ကို တွေ့ဆုံခဲ့ပါတယ်။ ဒီအကျဉ်းသားတွေကို မြန်မာစစ်
အစိုးရက လွှတ်ပေးမယ့်အရိပ်အယောင် မတွေ့ရဘူးလို့ သူကပြောပါတယ်။

ဒီလိုနိုင်ငံရေးအကျဉ်းသားတွေကို ဆက်ပြီးဖမ်းဆီးထားမယ့်အတွက် စစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲတခု ဖြစ်နိုင်ခြေအပေါ် သူ့အနေနဲ့ သံသယရှိတယ်ဆိုပြီး မစ္စတာကင်တားနားက ပြောခဲ့တာပါ။

“ယုံကြည်ချက်ကြောင့် အဖမ်းအဆီးခံနေရတဲ့သူတွေ အားလုံးကို စစ်အစိုးရကလွှတ်ပေးမယ့်အရိပ်အယောင် မတွေ့ရပါဘူး။ ဒါက ကျနော့်ရဲ့ခရီးစဉ်အတွင်းမှာ တွေ့ရှိချက်ပါ။ ဒီလို လွှတ်ပေးမယ့်အရိပ်အယောင် မတွေ့ရတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေကို ဆက်ပြီး ဖမ်းဆီးထားမယ်ဆိုရင် ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲဟာလည်းလွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခု မဖြစ်နိုင်ပါဘူး။”

မစ္စတာကင်တားနားဟာ မြန်မာနိုင်ငံခရီးစဉ်အတွင်း NLD ခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေအပြင် မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ဆက်သွယ်ဖို့တာဝန်ပေးအပ်ခြင်းခံထားရတဲ့ အလုပ်သမားရေးဝန်ကြီး ဦးအောင်ကြည်၊ တရားသူကြီးချုပ် ဦးအောင်တိုး၊ ရှေ့နေချုပ်၊ နောက် ပြည်ထဲရေးဝန်ကြီးနဲ့ ရဲချုပ်တို့ကို တွေ့ဆုံခဲ့ပါတယ်။ စစ်အစိုးရကဖွဲ့စည်းထား တဲ့ လူ့အခွင့်အရေးကော်မတီနဲ့လည်း မစ္စတာကင်တားနား တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းဥပဒေတွေကို လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ပြောင်းလဲပြင်ဆင်ဖို့ လိုအပ်တဲ့အကြောင်း မစ္စတာကင်တားနားက အရင်ကတည်းက ပြောခဲ့ဖူးပါတယ်။

သူ့ရဲ့ခရီးစဉ်အတွင်း နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရခဲ့တဲ့အတွက် စိတ်ပျက်မိတဲ့အကြောင်းကိုလည်းမစ္စတာကင်တားနားက ပြောဆိုခဲ့ပါတယ်။
(VOA)

0 ၆၂ နှစ်မြောက်ချင်းအမျိုးသားနေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌဦးတင်ဦး အား ဂုဏ်ပြုချီးမြှင့်


ယနေ့ ပြုလုပ်သောဝါရင့်နိုင်ငံရေးလုပ်ဖော် ကိုင်ဖက်များမှ ပြန်လည်လွတ်မြောက်လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဒု ဥက္ကဌဦးတင်ဦး အား ဂုဏ်ပြုပွဲတွင် ချင်းအမျိုးသားများမှ ဘဘဦးတင်ဦးအားအမျိုးသားပြန်လည်သင့်မြတ်ရေးသူရဲကောင်းဆု ကို ချီးမြှင့်လိုက် သည် ။
အခမ်း အနား ကို ၀ါရင့်နိုင်ငံရေးလုပ်ဖော် ကိုင်ဖက်များ ၊အမျိုးသားဒီမိုကရေစီ ဗဟိုအလုပ်မှုဆောင်ဝင်များ ၊
တိုင်းရင်းသားခေါင်းဆောင်များ ၊ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ် အဖွဲ့ ဝင် များတက်ရောက် ခဲ့ကြသည် ။ အဆိုပါအခမ်းအနားကို နံနက် ၁၀နာရီတွင်စတင်ကျင်းပပြီး နေ့ လည် ၁၂ နာရီခန့်  တွင်ပြီးဆုံးခဲ့ သည် ။

ပေးပို့သူ။ ။ မမြတ်လေးငုံအားကျေးဇူးတင်ရှိပါသည်။

0 ကင်တားနားနှင့် ကိုဌေးကြွယ်တို့ တွေ့ဆုံမှုကို ထောက်လှမ်းရေးက အသံဖမ်း

မောင်အေး (နိရဉ္စရာ) ရခိုင်ပြည်နယ် ဘူးသီးတောင်ထောင် အတွင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားနှင့် ကိုဌေးကြွယ်တို့ တွေ့ဆုံမှုကို ထောက်လှမ်းရေးမှ ခိုးဝှက်ပြီး အသံဖမ်းထားလိုက်သည်ဟု အမည် မဖေါ်လိုသူ ထောင်အရာရှိ တဦးက ပြောသည်။

“ခုလို အသံဖမ်းတာကို မောင်တောက ရဲအထူးစုံစမ်း စစ်ဆေးရေး အဖွဲ့က ဒုရဲအုပ် အောင်ကျော်ဆန်းနဲ့ စရဖက အမည်မသိ ဗိုလ်ကြီး အဆင့်ရှိသူတဦးမှ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။”

သူတို့နှစ်ဦးအား ကင်တားနား ဘူးသီးတောင်ထောင်သို့ မရောက်ရှိမှီ ကတည်းက အရပ်ဝတ်ဖြင့် ထောင်ထဲသို့ သွင်းထားပြီး ခေတ်မှီ စက်ကရိယာများကို အသုံးပြုပြီး အသံဖမ်းခဲ့ခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“ကင်တေးနား မလာမီ တနေ့ကတည်းက သူတို့နှစ်ယောက်ကို ထောင်သား အယောင်ဆောင်ပြီး ထောင်ထဲကို သွင်းထားပါတယ်။ ကင်တားနားနဲ့ ကိုယ်ဌေးကြွယ်တို့ စကားပြောမယ့် အခန်းထဲမှာ အသံဖမ်း စက်တွေကို သူတို့တပ်ထားတာ ဖြစ်ပါတယ်။” ဟု ထောင်အရာရှိက ပြောသည်။

ယခုကဲ့သို့ အသံဖမ်း မှတ်တမ်းတင်ရခြင်းမှာ နေပြည်တော်သို့ မောင်တောခရိုင် ထောက်လှမ်းရေးမှ ဆွေးနွေးသည့် အကြောင်းအရာကို တိုက်ရိုက် အစီရင်ခံရန် ညွှန်ကြားထားသည့် အတွက်ကြောင်း ဖြစ်သည်ဟု သူက ပြောသည်။

အဆိုပါ ထောင်အရာရှိက “ကင်တားနားက မနက် ၁၁ နာရီမှာ ဘူးသီးတောင် ထောင်ကို ရောက် ရှိလာပါတယ်။ ကိုဌေးကြွယ် အပြောအရ ဆိုရင် ကင်တားနားက သူ့ကို မိသားစုတွေ ထောင်ဝင်စာ လာတွေ့တဲ့ အခြေအနေရယ်။ ပြီးတော့ စာအုပ်ဖတ်ခွင့်၊ ဆေးကုသခွင့်နဲ့ အစားအသောက် ရရှိမှု အခြေအနေတွေကို မေးသွားတယ်လို့ သိရပါတယ် ”ဟု ပြောသည်။

တခြား အထွေအထူးမေးသွားခြင်း မရှိဟုသိရသည်။

“ဘူးသီးတောင်ထောင်ထဲမှာ ကိုဌေးကြွယ်အတွက် အစားအစာ အခြောက်တွေကိုတော့ ကျွန်တော်တို့ ပုံမှန် သွင်းခွင့် ပေးထားပါတယ်။ အဓိက အားဖြင့် သခွားသီးတို့လို အစာစိမ်းတွေ သွင်းခွင့်ကိုတော့ ပိတ်ပင်ထားပါတယ်။ ဒါကိုလည်း သူတို့ စကားပြာဖြစ်ခဲ့တယ်လို့ သိရပါတယ်။”

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားသည် ဘူးသီးတောင်ထောင်ထဲတွင် ကိုဌေးကြွယ်၊ ဦးထွန်းညို၊ ဦးမြတ်ထွန်း၊ ကျော်မင်း အပါအ၀င် နိုင်ငံရေး အကျဉ်းသားများနှင့်တွေ့ဆုံခဲ့ပြီး တခြား ငွေကြေးအလွဲသုံးစားမှုဖြင့် ထောင်ကျ ခံနေရသူများ နှင့်လည်း တွေ့ဆုံခဲ့သည်ဟု ထောင်တွင်းက လာသော သတင်းများအရ သိရသည်။

ကင်တားနားသည် ကိုဌေးကြွယ်နှင့် တွေ့ဆုံပြီးနောက် မျက်နှာ သိပ်မကောင်းဘဲ ထောင်ထဲကနေ ဘူးသီးတောင် သင်္ဘောဆိပ်သို့ တန်းပြန်သွားခဲ့သည်ဟု အဆိုပါ အရာရှိက ပြောသည်။

Friday, February 19, 2010

0 အလုပ်သမားဆန္ဒပြပွဲများအား ပြည်သူတစ်ရပ်လုံးက ၀န်းရံပေးကြပါရန်။

0 ထွက်ပေါက်


အဘရဲ့အမွေ၊ အဖရဲ့အမွေ။

အဘ (ဘဘဦးသုခ) . . . ။

(၇) ရက်သားသမီး ဆင်းရဲချမ်းသာ လူမျိုးမရွေး၊ ဘာသာမရွေး၊ ပြည်သူလူထုတို့ရဲ့ နာရေးကိစ္စအဝဝကို အဆင်ပြောချောမွတ်စွာနှင့် သင်္ဂြိုလ်ပေးနိုင်အောင် နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ . . . “အဘ”။

အဖ (ဗိုလ်ချုပ်အောင်ဆန်း) . . . ။

အဖ တိုက်ပွဲဝင်ခဲ့တဲ့ . . . အမွေ။
အဖ ဦးဆောင်ခဲ့တဲ့ . . . အမွေ။
မြန်မာပြည်သူလူထုကို ကိုယ့်တိုင်း၊ ကိုယ့်ပြည်၊ ကိုယ့်လူမျိုးအတွက် လွတ်လပ်ရေးရရှိအောင် တိုက်ပွဲဝင်ခဲ့တဲ့ . . . “အဖေ”။

“အဘ”ရဲ့ အမွေကို အထိခိုက်အပွန်းပဲ့မခဲ့ဘဲ ဆက်လက်တိုးပွားအောင် နာရေးကူညီမှုအသင်း (ရန်ကုန်) လူမှုရေးလုပ်ငန်းစဉ်မှ တစ်ဆင့်တက်၍ “သုခကုသိုလ်ဖြစ်ဆေးခန်း” ဟူ၍ အခမဲ့ကုသိုလ်ဖြစ်ဆေးကုသပေးခြင်းလုပ်ငန်းကို ကျွန်တော်တို့ရှိသမျှ အင်အား၊ အလှူရှင်တို့ရဲ့သဒ္ဓါတရားနှင့် ရဲရဲရင့်ရင့်ဖွင့်လှစ်ပြီးဖြစ်သလို ယခု “သုခအလင်း” ဟူလေသော စာကြည့်တိုက်ကိုပါ ထပ်မံတိုးချဲ့ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါသည်။

“သုခအလင်း” . . . ဟုဆိုရာ၌ လူမှုရေးလုပ်ငန်းများလုပ်စဉ် လူမှုရေးသမားများ၏စိတ်ဓာတ်၊ ခံယူချက်၊ ရည်မှန်းချက်များထိမိအောင် ပြည်သူလူထုအတွက် အကျိုးတိုးပွားအောင်၊ အနာဂတ်ရဲ့ အားကိုးအားထားရာ၊ အနာဂါတ်ရဲ့ သူရဲကောင်းများဖြစ်ရန်၊ အနာဂါတ်မြန်မာပြည်ကြီးရဲ့ ဦးဆောင်မှုပေးနိုင်သော လူငယ်မျိုးဆက်သစ်များ ပေါက်ဖွားစေရန် ရည်သန်လျက် ဤ “သုခအလင်း” စာကြည့်တိုက်ကို ဖွင့်လှစ်ပေးခြင်းဖြစ်သည်။
တစ်နည်းအားဖြင့် ငြိမ်းချမ်းသောအလင်းတန်းကို ဖွင့်လှစ်ပေးမည့်၊ ပျိုးထောင်ပေးမည့် လမ်းပြကြည်ဟု ဆိုချင်ပါသည်။

ဒီလို “အဘ (ဘဘဦးသုခ) ရဲ့အမွေ” ကို တိုးပွားအောင် ထမ်းဆောင်ထိန်းသိမ်းရာ၌ အနှောက်အယှက်၊ အတိုက်အခိုက်၊ အဖျက်အဆီးများ . . . များစွာကြုံတွေ့ခဲ့ရသည်။ ဤတွင် “အဖ (ဗိုလ်ချုပ်အောင်ဆန်း) ရဲ့အမွေ” “အဖဗိုလ်ချုပ်အောင်ဆန်း) ရဲ့သြဝါဒ” “အဖ (ဗိုလ်ချုပ်အောင်ဆန်း) ရဲ့ဆိုဆုံးမမှု” တို့ကို မိမိတို့လက်ကိုင်တုတ်အဖြစ် အသုံးပြုရတော့မည်။

ဤတွင် ကျွန်တော်၏စိတ်ထဲတွင် “ဖျက်ကနဲ” ပေါ်လာသည်။ ကျွန်တော်၏ ဆရာတစ်ဦးဖြစ်သော ကမ္ဘာမြေပြင်ပေါ်မှ ထွက်ခွာသွားပြီဖြစ်သော ဘဘဆရာကြီးမင်းသိင်္ခပင်ဖြစ်သည်။ ဆရာကြီး မင်းသိင်္ခ၏ ပုဏ္ဏားဘကွန်းကို သူ၏ဆရာဖြစ်သော ဖိုးသူတော်ကြီးက လူ့ဘဝကိုရင်ဆိုင်ဖို့၊ သူဌေးဖြစ်ဖို့ ပေးလိုက်သည့် ပစ္စည်းများပင် ဖြစ်တော့သည်။

နံပါတ် (၁) မီးအိမ်
နံပါတ် (၂) လွယ်အိတ်
နံပါတ် (၃) ဝါးရင်းတုတ် . . . တို့ဖြစ်သည်။



နံပါတ် (၁) မီးအိမ် ။ ။ မီးအိမ်သည်ကား ဘဝခရီးလမ်းကို လျှောက်ရာ၌ အမှောင်ထုကို ဖြိုခွင်းသွားဖို့၊ ငြိမ်းချမ်းသောပန်းတိုင်ကို ရောက်ဖို့အလင်းတန်းများပေးမည့် . . . မိမိတို့ရိုးမြေကျသည်အထိ လက်ကိုင်ထားရမည့်အရာ ဖြစ်သည်။

နံပါတ် (၂) လွယ်အိတ်။ ။ လွယ်အိတ်သည်ကား မိမိလျှောက်ရာဘဝလမ်းခရီး၌ မိမိအတွက် အကျိုးရှိမည့် ဆောင်ပုဒ်များ၊ ခံယူချက်များ၊ ဒဿနများ၊ ကုသိုလ်အထုပ်များ စုဆောင်းသိမ်းဆည်းရမည့် အရာဖြစ်သည်။

နံပါတ် (၃) ဝါးရင်းတုတ်။ ။ ဝါးရင်းတုတ်သည်ကား မိမိလျှောက်ရာလမ်းခရီး၌ နှောက်ယှက်သူ၊ ဖျက်ဆီးသူ၊ ဟန့်တားမှုများ၊ တားမြစ်ပိတ်ပင်မှုများကို ရှင်းလင်းသုတ်သင်ရာတွင် သုံးရမည့်အရာ ဖြစ်သည်။

ထို့ကြောင့် ကျွန်တော်တို့၏ခံယူချက် (အများပြည်သူလူထုအတွက်)နှင့် လျှောက်လှမ်းနေသော ကုသိုလ်ရေး၊ ငြိမ်းချမ်းရေးလမ်းခရီး၌ မိမိတို့ရရှိသမျှ ကုသိုလ်ရေးအထုပ်ပစ္စည်းများကို လွယ်အိတ်ထဲထည့်၊ ဘဝရဲ့အလင်း၊ ဘာသာရေးရဲ့အလင်း၊ ငြိမ်းချမ်းမှုအလင်း၊ လူမှုရေးအလင်း ဖန်မီးအိမ်ကိုကိုင်ခါ လမ်းခရီး၌ တားမြစ်ပိတ်ပင် အယူသည်းမှုများကို မိမိတို့၏ လက်ကိုင်ဝါးရင်းတုတ်နှင့် ဖယ်ရှားသွားရမည်ဖြစ်တော့သည်

ထို့ကြောင့် “ပုဏ္ဏားဘကွန်းလမ်းစဉ်”ကို ကျင့်သုံးရမည်ဖြစ်တော့သည်။

ဤသို့ ကျွန်တော်တို့ရဲ့လူမှုရေးလမ်းတစ်လျှောက် ငြိမ်းချမ်းရေးပန်းတိုင်သို့ သွားရာလမ်းခရီးတွင် အမှောင်ရှိလျှင် အလင်းပြ၊ ကုသိုလ်အထုပ်များကို သိမ်းဆည်းသကဲ့သို့ အယူသည်းမှု၊ နှောက်ယှက်မှုများကို ရှင်းလင်း၍ သွားသော်လည်း မိစ္ဆာဒိဋ္ဌိရန်စွယ်ကား မသေးလှချေ။ ဆုတ်ကပ်ခေတ်ကြီးရောက်နေပြီ မဟုတ်ပါလား။

ရှင်းလင်း၍ မကုန်နိုင်။
သုတ်သင်၍ မကုန်နိုင်။
ဖယ်ရှား၍ မကုန်နိုင်။

ရန်သူအင်အားသည် များလာပြီ၊ အယူသည်းမှုများ တိုးပွားလာပြီ၊ ပိတ်ပင်တားဆီးမှုများ များလာပြီဖြစ်ပါက . . . ။

ကျွန်တော်၏ ခံယူချက် . . . အဓိဋ္ဌာန်ကိုတော့ မည်သို့မျှ မဖျက်။
အများမိုးခါးရေသောက်ပေမဲ့ ကျွန်တော်မသောက်နိုင်။
ကျွန်တော် . . . ကြံ့ကြံ့ခံမည်။
ခံယူချက်၊ ကျင့်ကြံမှု၊ ရည်မှန်းချက်များ လုံးဝအပွန်းအပဲ့မခံ။
အဆုံးစွန်ဆုံး ကျွန်တော်ပြောတော့မည်။
တစ်ယောက်နဲ့အများ
တစ်ယောက်အားနဲ့ အများအား . . . ။
အင်အားခြင်းမမျှဖြစ်လာခဲ့သော် . . . ။

တိုက်ပွဲတစ်ပွဲတွင် ရန်သူအင်အားအလုံးအရင်းနှင့် မိမိဖက်မှ အင်အားနည်းသွားပါခြင်း၊ သစ္စာအဖောက်ခံရခြင်း . . . စသည်တို့ကြောင့် မိမိတစ်ဦးတည်း ကျန်ရစ်ခဲ့သော် သင်တို့ကောမည်သို့ လုပ်မည်နည်း၊ မည်သို့ဆုံးဖြတ်မည်နည်း၊ ကျွန်တော်ကတော့ အသေခံ၍ တိုက်မည်။
ရန်သူ၏အဖမ်းကို မခံနိုင်။
ရန်သူ၏စည်းရုံးမှုကို မခံနိုင်။
ရန်သူ၏ သိမ်းသွင်းမှုကို မခံနိုင်။
နောက်ဆုံး . . . မိမိတွင် ကျန်ရစ်သော ကျည်တစ်ထောင့်၊ ဗုံးတစ်လုံး . . . ဓားတစ်ချောင်းဖြင့် . . ။

ဟုတ်ပါသည်။

ပုဏ္ဏားဘကွန်းကို သူ၏ဆရာ ဖိုးသူတော်ကြီးပေးလိုက်သည့် ပစ္စည်များတွင် နောက်ဆုံးနံပါတ် (၄) ပစ္စည်းတစ်ခုရှိပါသေးသည်။

ယင်းပစ္စည်းသည် . . . “မင်းလိုချင်တဲ့ ပန်းတိုင်ကို . . . ရက် . . . လ . . . နှစ် - နောက်ဆုံးထားပြီးသွား”။
“အေး . . . အဲဒီ့နေ့ရက်ရောက်လို့မှ မင်းလိုချင်တဲ့ပန်းတိုင်၊ မင်းသွားချင်တဲ့ နေရာ၊ မင်းရောက်ချင်တဲ့ ဌာနကိုမှ မရောက်ခဲ့ရင် မင်းအဲဒီ့အဆိပ်ပုလင်းကိုသာ သောက်ချလိုက်တော့”
ဟုဆိုကာ ဘကွန်း၏ လည်ပင်းတွင် ကြိုးနှင့်အဆိပ်ပုလင်းကို ချိတ်၍ ဆွဲပေးခဲ့သည်။

ဟုတ်သည် . . . ကျွန်တော့်တွင် နောက်ဆုံးလက်နက်ရှိသည်။
ကျွန်တော့်ရဲ့ အဓိဌာန်
ကျွန်တော့်ရဲ့ ရည်မှန်းချက်
ကျွန်တော့်ရဲ့ ခံယူချက်
ကျွန်တော့်ရဲ့ သစ္စာတရားတို့ကိုတော့ လုံးဝအထိအခိုက် အပွန်းအပဲ့မခံနိုင်တော့။ ကျွန်တော့် ကိုယ်လွတ်ရုန်းခြင်းမဟုတ်။ အဖန်ငါးရာ ငါးကမ္ဘာကိုလည်း မကြောက်တော့။ အဓိဌာန်ကိုတော့ မဖျက်နိုင်တော့ချေ။

သတ်ကွင်းရှိလျှင် ထွက်ပေါက်ရှိရမည်။
ဒါကြောင့် . . ရန်သူ၏သတ်ကွင်းထဲသို့ ရောက်ခဲ့လျှင် ထွက်ပေါက်ကို ရှာရမည် မဟုတ်ပါလား . .။
ယင်းထွက်ပေါက်သည် . . . ?

ကျော်သူ

_______________________________________________
အမေလက်ဆင့်ကန်းပြောထားတာ . . .
“စိတ်မပျက်နဲ့၊ စိတ်ဓာတ်မကျနဲ့” တဲ့။
“ကျွန်တော် စိတ်မပျက်ပါဘူး၊ စိတ်ဓာတ်မကျပါဘူး အမေ
စိတ်နာနာနဲ့ ဖိလုပ်နေတာပါ”။
ဒါကြောင့် . . . စိတ်နာနာနဲ့ ချရေးမိတာပါ ခင်ဗျာ။
_______________________________________________

သား (ကျော်သူ)



Thursday, February 18, 2010

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေငြာချက်အမှတ်- ၄/ ၀၂/ ၁၀


ပေးပို့သူ။ ။ မမြတ်လေးငုံ

0 အင်းစိန်ထောင်အကျဉ်းသားများ မှအာဏာပိုင်များထံစာရေးသားတောင်းဆို

အကျဉ်းသားများအခွင့်အရေးတောင်းဆိုချက်
အကျဉ်းသားများအနေဖြင့် အောက်ပါအခွင့်အရေးများကို သက်ဆိုင်ရာအာဏာပိုင်များထံသို့ ( ၁၇ . ၂. ၂၀၁၀) နေ့ မှစတင်၍တောင်းဆိုလိုက်သည် ။

၁ ။ သတင်းစာအပါအ၀င် စာပေဖတ်ရှုခွင့်ပြည့်ပြည့်၀၀ရရှိရေး
၂ ။ ကျန်းမာရေးစောင့်ရှောက်မှု့ ပြည့်ပြည့်၀၀ရရှိရေး ။
၃ ။ အကျဉ်းသားအားလုံး ပိုမိုကောင်းမွန်သော အစားအသောက်ရရှိရေး ။
၎ ။ နိုင်ငံရေးအကျဥ်းသားများ အဆောင်ပရ၀ုဏ်အတွင်း ထောင်ပိတ်ချိန်မှအပ အချိန်ပြည့်သွားလာ နိုင်ရေး ။
၅ ။ စာပေရေးသား လေ့ကျင့်ခွင့်ရရှိရေး ။

တောင်းဆိုရသည့်အကြောင်းရင်းများမှာ
အချက် ၁ . သွင့်ပို့ ထားသောစာအုပ် ၊ မဂ္ဂဇင်း ၊ ဂျာနယ် စသည်များကို တပါတ်ဆယ်ရက်ကြာမျှ ကြံ့ကြာခြင်း ၊ စာအုပ်များတွင်ဆုတ်ဖြဲပယ်ဖျက်ခြင်း ၊ ဖြတ်တောက်ခြင်း ၊ သတင်းစာပုံမှန်မရရှိခြင်း ၊ တခါတရံလုံးဝမရခြင်း ၊ ၂ ရက် ၃ ရက် ကြာမှ ရရှိခြင်း ။
အချက် ၂ ။ သောက်ဆေးထိုးဆေးများ လုံလောက်စွာမရခြင်း ၊ ဆရာဝန်နှင့် တွေ့ ရန် ခက်ခဲ့ကြံ့ကြာခြင်း ၊ မျက်စိ နား ခံတွင်း အတွက်ဆရာဝန်မရှိခြင်း ၊ အပြင်ဆေးကုရန်ခက်ခဲကြံ့ကြာခြင်း ၊ တိုက်ပိတ်အကျဉ်းသားများအတွက်မိလ္လာခွက်များအဖုံးမပါခြင်း ။
အချက် ၃ ။ နီရဲကြမ်းတမ်းပြီး စပါးလုံးခဲများရောနေသော ဆန်ထမင်းကိုသာစားရခြင်း ၊ တပါတ်လျှင် ၂ နှပ် အသားစားရသော်လည်း ကျန်ရက်များတွင် ပိုကောင်များပါသောပဲဟင်း ၊ ညစ်ပါတ်သော ချဉ်ပေါင်ရွက် ၊ ကန် စွန်းရွက်ပြုတ်ကိုသာစားရ ခြင်း ၊ ဆားမရရှိခြင်း ၊ ရရှိသောထမင်းများမှာ နံစော်၍ ထမင်းစားရန် မဖြစ်နိုင်ခြင်း ၊
အချက် ၄ ။ နှိင်ငံရေးအကျဉ်းသားများသည် တိုက်ခန်းကျဉ်းမှာ မနက် ၁ နာရီ နေ့ ခင်း ၁ နာရီသာ အပြင်ထွက်ခွင့်ရ ခြင်း ၊ ကျန်အချိန်များတိုက်ထဲတွက်တိုက်ပိတ်ထားခြင်း ၊
အချက် ၅ ။ မည်သည့်အကျဉ်းသားမျှ စာပေလေ့ ကျင့်ရန် ဘောပင် ၊ စာရွက်ကိုင်ဆောင်ခွင့်မရ ခြင်း ၊တွေ့ ရှိပါက စစ်ခွေးတိုက်သို့  ပို့ တောင် အရေးယူခြင်း ၊ မိသားစု ထံသို့  အကြောင်းကြားစာရေးသားခွင့်မရ ခြင်း - စသည့်အချက် တို့ ကြောင့် တောင်းဆိုခြင်းဖြစ်သည် ။

အကျဉ်းသားများကိုယ်စား
အင်းစိန် ဗဟိုအကျဉ်ထောင်
ရန်ကုန်
http://freeforcountry.blogspot.com/2010/02/blog-post_17.html

Wednesday, February 17, 2010

0 လူသတ်သမား နိဗ္ဗာန်ပို့တဲ့ ဦးညွန့်ရွှေသို့ ပြန်ကြားချက် (အိတ်ဖွင့်စာ-)

"လူသတ်သမား နိဗ္ဗာန်သွားသတဲ့ မိုက်လုံးကြီးပေ မောင်ညွန့်ရွှေ" ဦးညွန့်ရွှေရဲ့ စာတွေ ကိုဖတ် ပြီး အလိုလိုခေါင်းထဲဝင်လာတဲ့ သံပေါက်ပါ။

မိတ်ဆွေတချို့ရဲ့ တိုက်တွန်းချက်နဲ့ ဦးညွန့်ရွှေရဲ့စာတွေကို လိုက်ဖတ်မိပါတယ်။ အစ ပိုင်းတော့ ဟုတ်မလိုလိုနဲ့ အဆုံးသတ်ကျတော့ ဦးညွန့်ရွှေဟာ ဟင်းအိုးမွှေတဲ့ ယောက်မဖြစ် သွားတယ်။ ယောက်မဆိုတာက မွှေနေတဲ့ဟင်း ဘယ်လောက် ကောင်းကောင်း ဆိုးဆိုး ချို၊ ချဉ်၊ ငန်၊ ဖန်၊ စပ်၊ ခါး ဘာအရသာမှ မသိနိုင်ဘူးလေ။

သူစာတွေက ကြည့်လိုက်ရင် ကျမ်းကိုးကျမ်းခံတွေနဲ့ဆိုတော့ အတော်ဟုတ်သလိုပဲ။ အနှစ်ချုပ် တော့မှ ပြောပုံက ဗုဒ္ဓဘာသာကောင်းပီပီ တဖက်သားကို သိသွားပါစေတော့ဆိုတဲ့ စေတနာထက် ငါသိငါတတ် မာနသံထူလွန်းသလို၊ တရားကောက်ပုံက ခါးတောင်းကျိုက် တခြား ဖင်တခြားပဲ။ အကြောင်းနဲ့အကျိုးကို ဆက်စပ်ဆင်ခြင်တာမဟုတ်ပဲ ကိုယ်ပြောချင်တဲ့ အချက်ကို အထောက်အခံဖြစ်မဲ့ အချက်အလက်တွေကိုပဲ လိုသလို ဆွဲစပ်ထားတဲ့ ဆင်ခြေတွေ ပဲ။ ယုတ္တိဗေဒသဘောနဲ့ ပြောရရင် အဖေါက်ပြန်ဆုံး ဆင်ခြေတည်ဆောက်မှုပဲ။ ဆင်ခြေဆိုတာ အချက်အလက် (နိဒါန်း) တွေကို အခြေခံတွက်ဆ ဆင်ခြင်ပြီး အကျိုးတရား (နိဂုံး) ဆွဲယူရ တယ်။ ဦးညွန့်ရွှေကတော့ ကိုယ်ပြောချင်တဲ့ နိဂုံးအတွက် အချက်အလက် နိဒါန်းတွေကို ရှာပြီး ဖြည့်ထားတဲ့ ဆင်ခြေယုတ္တိတွေပဲဖြစ်တယ်။ လူဗိန်းပြော ပြောရရင်တော့ နွားရှေ့ထွန်ကျူး ဆင်ခြေယုတ္တိတွေပဲ။

လူသတ်သမား ဒုစရိုက်ကောင်တွေလည်း နိဗ္ဗာန်ရောက်နိုင်တယ်ဆိုတာ ပြောချင်ဇော နဲ့ လောကြီးပြီး မှားသွားတယ်ထင်ပါတယ်။ န၀တ/ နအဖ စစ်မိစ္ဆာ မင်းဆရာတွေရဲ့ အယူ အကောက် နဲ့ တထပ်တည်း သွားတူနေတယ်၊ မဆီမဆိုင် ကွန်မြူနစ်တွေ၊ ဘာသာမဲ့တွေကိုပါ ဆွဲထည့်ပုတ်ခတ်လိုက်သေးတယ်။ တကယ်တော့ မိစ္ဆာစစ်အုပ်စုဟာ နိုင်ငံရေးနိုးကြားတဲ့ ရဟန်းသံဃာတို့ ကွန်မြူနစ်တို့ကို သေမလောက် ကြောက်ကြတယ်။

ဦးညွန့်ရွှေရဲ့ စာတွေကိုသတ္ထုချကြည့်လိုက်တော့နှစ်ချက်ပဲတွေ့ပါတယ်၊တိုက်ဆိုင်စွာပဲ အဲဒီနှစ်ချက်စလုံးက ဒုစရိုက်ဆယ်ပါးကို ပြောင်ပြောင်မြောက်မြောက် ထမင်းစားရေသောက် ကျူးလွန်နေကြတဲ့ သန်းရွှေ့စစ်အုပ်စုရဲ့ သဘောစရိုက်နဲ့ဆန္ဒကို ထင်ဟပ်နေတယ်။ ဗိုလ်နေ ၀င်း ကစလို့ ယနေ့အထိ စစ်အာဏာရှင် အဆက်ဆက်ကို သူတို့ရဲ့ ဘာသာရေး အပေါ်ကျူး လွန်ဖောက်ဖျက်မှုတွေအတွက် ဒိုင်ခံဆင်ခြေရှာ တရားထောက် ပေးနေရတဲ့ လူပျံတော် ဘုန်းကြီးလူထွက် သာသနာဖျက် ဦးအံ့မောင်ရဲ့ အယူအကောက်တွေနဲ့ အတူတူပါပဲ။

(၁) ဒုစရိုက်ဆယ်ပါး ကြိုက်ရာကျူးလွန် တရားကျင့်ပြီး ကျွတ်ချိန်တန်ကျွတ်မယ်။ (၂) ရဟန်းသံဃာတွေ နိုင်ငံရေးမလုပ်ရဆိုတာပဲ ဖြစ်တယ်။
ဦးညွန့်ရွှေ ကျောင်းသားဘ၀က ကွန်မြူနစ်တွေကို အထင်ကြီးပြီး ဘာသာမဲ့ လုပ်ဖူး တယ်လို့ ၀န်ခံထားတယ်၊ အခုတော့ အဲဒီအရာတွေကို ဆန့်ကျင် ကဲ့ရဲ့လာတယ်။ ဗုဒ္ဓ၀ါဒနဲ့ ကွန်မြူနစ် စနစ်ရဲ့အခြေခံ မာ့က်စ်ဝါဒကို ဘယ်လိုသဘောပေါက်ထားလို့ ဒီလိုဖြစ်သွားရ တာလဲ။ အတွေးအမြင် ယုံကြည်ချက် ပြောင်းလဲတယ်ဆိုတာ (၁) အမှန်တကယ် နားလည်သဘောပေါက်မှု ပြောင်းလဲခြင်းကြောင့် ပြောင်းလဲခြင်း၊ (၂) လိုဘ တခုခုရလေနိုးနဲ့ လောဘအခြေခံတဲ့ ပြောင်းလဲခြင်း၊ (၃) အသက်ဘေးကို ကြောက်ရွံ့လို့ ပြောင်းလဲခြင်းနဲ့ (၄) စိတ်နေရူးသွပ် ဖောက်ပြန်မှုကြောင့် ပြောင်းလဲခြင်းရယ်လို့ ရှိပါတယ်။ ဦးညွန့်ရွှေရဲ့ ပြောင်းလဲခြင်း က ဘယ်အမျိုးစားလဲ၊ ကိုယ့်ကိုကိုယ် ဆန်းစစ်ဖို့လိုပါတယ်။

နားလည်မိသလောက် ပြောရရင် ဗုဒ္ဓ၀ါဒဟာ ကိုးကွယ်ယုံသက်သက် ဘာသာ မဟုတ်ပါဘူး။ လိုက်နာကျင့်ကြံရတဲ့ ကျင့်စဉ် လမ်းစဉ်တွေပါ ပါတယ်။ လိုက်နာကျင့်ကြံ ဖို့လိုတယ်။ လောကီ အတွက်ရော၊ လောကုတ္တရာအတွက်ပါ ကျင့်ကြံစရာ လမ်းစဉ်တွေကို ဖော်ထုတ်ထားတဲ့ ဗုဒ္ဓ ဘုရားရှင်ရဲ့ တရားတွေပါ။ တက္ကသိုလ်တွေမှာ အတွေးခေါ်ဒဿန တွေကို သင်တဲ့အခါမှာ အခြားဘာသာတွေ အယူဝါဒတွေကို ပုံမှန်လေ့လာတဲ့ပုံစံနဲ့ သင်ကြား ပို့ချ သော်လည်း ဗုဒ္ဓ၀ါဒ ကိုတော့ အသုံးချ အတွေးအခေါ် (Apply Philosophy) လို့ ခွဲခြား သတ်မှတ် သင်ကြားပို့ချပါတယ်။ ခေတ်အဆက်ဆက်က ဆရာတော်ကြီးများကလည်း ခက်မသုံးဖြာနဲ့ သာသနာရယ်လို့ပဲ ပြောဆိုသုံးနှုန်းကြပါတယ်။ ဗုဒ္ဓဘာသာလို့ သုံးနှုန်း ခဲပါတယ်။ အဲဒါတွေကတော့ (၁) ပရိယတ္တိ၊ (၂) ပဋိပတ္တိ၊ (၃) ပဋိဝေဓရယ်လို့ သုံးမျိုးကွဲပါတယ်၊ ဘယ်လမ်းကိုလိုက်လို့ ဘယ်ကျင့်စဉ်ကို ကျင့်ချင်ပါသလဲ။ နောက် ဗုဒ္ဓ၀ါဒဟာ ဥာဏ်ကစား ရတဲ့၊ ဝေဖန်ဥာဏ်သုံးရတဲ့ ကြောင်းကျိုးဆက်တရားဝါဒဖြစ်ပါတယ်။ ၀ိဘဇ္ဇ၀ါဒဖြစ်ပါတယ်။ ကာလာမသုတ်ဟာ ဗုဒ္ဓရဲ့ဝိဘဇ္ဇ၀ါဒ ကြေငြာချက်လို့ပြောရမှာပါ။

ထို့အတူပဲ မာ့က်စ်ဝါဒကလဲ အကြောင်းကျိုးဆက် ဆင်ခြင်ရတဲ့ ၀ါဒဖြစ်တယ်။ ပကတိ ဘာဝ အခြေအနေ အကြောင်းတရားတွေကို အခြေခံပြီး လောကသဘာဝကို ချဉ်းကပ်တယ်။ ယုတ္တိကျတဲ့ အဖြေကိုယူပြီး လောကလူ့ရွာ သာယာရေး နေနည်းထိုင်နည်းတွေကို သဘော တရား ထုတ်ထားတဲ့ လောကီရေးသက်သက် ၀ါဒဖြစ်တယ်။ ဦးညွန့်ရွှေ ကိုးကားနေတဲ့ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးက သူ့ရဲ့စာအုပ်တအုပ် (အနာဂါတ်သာသနာရေး ထင် ပါတယ်) မှာ ဆိုရှယ်လစ် ကွန်မြူနစ်ဝါဒကို လောကီးရေးမှာ သမမျှတ အရှိဆုံးလို့ ပြောထား ခဲ့ပါတယ်။ ဒါကြောင့် ဖေါက်ပြန်တဲ့အုပ်စိုးသူတွေက ဆရာတော်ကြီးကို ကွန်မြူနစ်လို့စွပ်စွဲ ခဲ့ကြောင်း ဆရာတော်ရဲ့ တဘ၀ သာသနာ စာအုပ်မှာ ဖော်ပြထားတယ်။ ဒီလိုပဲ ဗုဒ္ဓ၀ါဒနဲ့ မာ့က်စ်ဝါဒရဲ့ အခြေခံတူညီချက်တွေကို နှိုင်းယှဉ်ပြခဲ့တဲ့ ဆရာတော်တွေ၊ လူပုဂ္ဂိုလ်တွေ ကမ္ဘာမှာရော ဗမာမှာပါ အမြောက်အများပေါ်ထွက်ခဲ့ပါတယ်။ အဲဒီထဲမှာ ရာဟုလာသံကစ္စည်း တို့ ဆရာကြီး ရွှေဥဒေါင်းတို့ဟာ ထင်ရှားပါတယ်။ ဒါကြောင့်လည်း အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲတွေ မှာ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ကွန်မြူနစ်ဝါဒလက်ခံသူခေါင်းဆောင်များနဲ့ ထေရ်ကြီး ၀ါကြီး ဆရာတော်တွေ လက်တွဲလုပ်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဗမာပြည်လို ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် သီရီလင်္ကာမှာ မာက်စ့်ဝါဒီ JVP ပါတီမှာ ဘုန်းကြီး အမြောက်အများ ပါတီဝင် ဖြစ်နေတာ တွေ့ရတယ်။

ကွန်မြူနစ်တွေဟာ ကိုးကွယ်ရာဘာသာမရှိပေမဲ့ သူတို့သက်ဝင်ယုံကြည်ရာ အတွေး အခေါ် ရှိတယ်၊ ၀ါဒရှိတယ်။ လောကလူ့ရွာမှာ အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှမှုကို အခြေခံတဲ့ လူမူအကျင့်အကြံ စည်းကမ်းတွေ စံတွေ ရှိတယ်။ လောကအကျိုး အများအကျိုး အတွက် ဘ၀ကို တိတိကျကျ ထိထိရောက်ရောက် အသုံးချဖို့ လမ်းညွန်ပါတယ်။ အိန္ဒိယဟာ ဒီမိုကရေစီနိုင်ငံဖြစ်ပါတယ်။ ဗဟိုနဲ့ ပြည်နယ်အစိုးရတွေကို လူထု ရွေးကောက်ပွဲတွေနဲ့ ရွေးချယ်တင်မြောက်ဖွဲ့စည်းပါတယ်။ မကြာသေးမီက အသက် (၉၅) နှစ်အရွယ်မှာ ကွယ်လွန် သွားတဲ့ ကွန်မြူနစ်ခေါင်းဆောင် မစ္စတာ ဂျိုတီဘာဆူး (Jyoti Basu) ဟာ အနောက်ဘင်္ဂလား ပြည်နယ်မှာ လူထုရွေးကောက်ပွဲနဲ့ (၁၉၇၇) ခုနှစ်မှာ အာဏာရခဲ့ တယ်၊ (၂၀၀၁) ခုနှစ်မှာ သူ့ပါတီက တခြားရဲဘော်ကို အာဏာလွဲပြောင်းပေးသည်အထိ (၂၃) နှစ် အုပ်ချုပ်ခဲ့ပါတယ်။ ခုထိလည်း သူ့ပါတီက အာဏာရထားဆဲပါပဲ။ အယူအစွဲကြီးတဲ့ ဟိန္ဒူတွေက (၇)ကြိမ်ဆက် တိုက် ရွေးကောက်တာကိုခံယူခဲ့ရပါတယ်။ ပြည်သူလူထုအများစုရဲ့ ယုံကြည်မှုကို (၇)ကြိမ် ဆက်တိုက် နှစ်အားဖြင့် (၃၅)နှစ် အပ်နှင်းခံရတယ်ဆိုတာ အံ့မခန်း မှတ်တမ်းဖြစ်ပါတယ်။ သူ မကွယ်လွန်မီ နာမကျန်းအချိန်မှာရော၊ ကွယ်လွန်ပြီး အချိန်မှာပါ ကွန်မြူနစ်မဟုတ်တဲ့ သမ္မတ တို့၊ ၀န်ကြီးချုပ်တို့ အာဏာရ ကွန်ဂရက်ပါတီ ဥက္ကဋ္ဌဆိုနီယာဂန္ဒီ အပါအ၀င် နိုင်ငံတ၀ှန်းက ခေါင်းဆောင်တွေ တတ်သိပညာရှင်တွေက လာရောက် သတင်း မေးကြ၊ ဂါရ၀ပြုကြပါတယ်။

ဒီလို ကာလရှည်ကြာလူထုရဲ့ ယုံကြည်ကိုးစားမှု၊ တတ်သိနားလည်တဲ့ ခေါင်းဆောင် တွေရဲ့ ကြည်ညိုဂါရ၀ပြုမှုဆိုတာ လူမှုဆက်ဆံရေးဘ၀ရဲ့ အမြင့်ဆုံးတန်ဘိုး ဂုဏ်တွေ မဟုတ် ပါလား။ ဒီလိုအမြင့်ဆုံး လူမှုတန်ဘိုးတွေ ဂုဏ်တွေကို ရယူနိုင်ခဲ့တဲ့ မစ္စတာဘာဆူးကို ထောက်ချင့် ခြင်း အားဖြင့် တချိန်က ဦးညွန့်ရွှေ အထင်ကြီးခဲ့တဲ့ ကွန်မြူနစ်တွေရဲ့ နေထိုင်မှု စံစည်းကမ်းဆိုတာ အခုဦးညွန့်ရွှေ တွေးထင်နေသလို ကဲ့ရဲ့ရှုတ်ချဖွယ်မဟုတ်၊ လေးစား ကြည်ညိုဖွယ်တွေ ရှိနေတယ်ဆိုတာကို လက်ခံသင့်ပါတယ်။

ဘာသာမဲ့တွေကိုလည်း ကဲ့ရဲ့စရာလို့ ဦးညွန့်ရွှေ မြင်ပုံရတယ်။ ကမ္ဘာမှာ ကွန်မြူနစ်မဟုတ်တဲ့ ကိုးကွယ်ရာဘာသာမထား၊ မရှိတဲ့ ဘာသာမဲ့တွေ သန်းနဲ့ချီပြီးရှိပါတယ်။ ခေတ်မီ သိပ္ပံနည်း ပညာတွေ တိုးတက်လာလေ တိုးပွားလေပါပဲ။ ဘာသာမဲ့( Non-Religion, Atheist, Free Thinker ) ဆိုတာကိုက ဘာသာတခု၊ ဘ၀နေထိုင်မှု ပုံစံတခုအနေနဲ့ တစထက်တစ လက်ခံ လာကြပါပြီ၊ အဲဒီပုဂ္ဂိုလ်များဟာ ပညာအခြေခံလည်းကောင်းပြီး ကြွယ်ဝတဲ့ အသိတရားနဲ့ ကိုယ်ပိုင်ဆင်ခြင်တုံတရားတွေ အပေါ်မှာ သူတို့ရဲ့ ဘ၀ကို တည်ဆောက်ထားကြတယ်။ သဘာဝတရားကို ချစ်မြတ်နိုးတယ်၊ လူသားဖြစ်မှုကို တန်ဘိုး ထားတယ်၊ သက်ရှိသက်မဲ့တွေရဲ့ ဖြစ်တည်မှုကို အသိအမှတ်ပြု လေးစားတယ်၊ ဒီအချက်တွေ အပေါ် အခြေခံပြီး သူတို့ရဲ့ ဘ၀နေထိုင်မှု စံကို ထူထောင်ထားတယ်။ နှစ်ဆယ်ရာစုရဲ့ အတော်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်းတို့၊ တွေးခေါ်ရှင် ယန်းပေါဆတ်တို့၊ ဘာထရန်ရတ်ဆယ်တို့ဟာ ဘာသာမဲ့တွေဖြစ်တယ်။

အများထင်နေတဲ့ အနောက်တိုင်းရုပ်ရှင်တွေထဲက အရူးချီးပန်း ပရမ်းပတာ လူရမ်းကား တွေဟာ စံကျတဲ့ ဘာသာမဲ့တွေမဟုတ်ပါဘူး။ အကြမ်းစား ဘာသာမဲ့ လို့ ပြောရင်တော့ ရလေ မလားမသိပါ။ အဲဒီပုဂ္ဂိုလ်များဟာ ဘုရားစကားနဲ့ပြောရရင် စစ်အုပ်စုလို သံသရာဝန်လေးတဲ့ နိဗ္ဗာန်မှ အချည်းနှီးသော ဗာလာနံ လူမိုက်တွေပဲဖြစ်ပါတယ်။ စိတ်အား ကိုယ်အား သန်စွမ်းတဲ့ ဘ၀အစိတ်အပိုင်းမှာ တရားလက်လွတ် စိတ်ထင်တိုင်းကြဲ နေထိုင်ကျင့်ကြံတယ်၊ အစွမ်းအစ ခွန်အားတွေ ယုတ်လျော့လာချိန်မှာ ကိုယ့်ရဲ့မကောင်းမှု အကုသိုလ် တွေကို သတိရ ကြောက်ရွံ့လာပြီး နီးစပ်ရာဘာသာတရားတွေမှာ ခိုလှုံလေ့ရှိကြပါတယ်။ သူတို့ကို ဘာသာမဲ့ လို့ ပြောလို့မရပါဘူး၊ ဘ၀ကို တိရိစ္ဆာန်များလို ကောင်းမှု( ကုသိုလ် ) မကောင်းမှု (အကုသိုလ်) မခွဲခြား စိတ်ကြိုက်ပျော်ပါးမှုသက်သက် ပရမ်းပတာ အသက်ရှင်နေထိုင်တဲ့ အန္ဓပုထုဇဉ်များ လို့ပဲ ပြောရမှာဖြစ်ပါတယ်။

တကယ်စံကျတဲ့ ဘာသာမဲ့ဆိုတာ ဘ၀လမ်းညွန် အတွေးအခေါ်ရှိတယ်။ ကိုယ်ပိုင်ဘ၀ နေထိုင်မှု စံ စည်းကမ်းတွေရှိတယ်။ တမလွန်အကျိုးကို မမျှော်ကိုးဘဲ ယုံကြည်ချက်အတွက် အရာရာကို စွန့်လွှတ်ဖို့ အဆင်သင့်ရှိတယ်။ ဗုဒ္ဓရဲ့အဆုံးအမကို တိုက်ရိုက်ကြားနာခွင့် မရ သော်လည်း ဗုဒ္ဓ၀ါဒအနှစ်ချုပ် သူတော်ကောင်းတရားတွေကို သူ့နည်းသူ့ဟန်နဲ့ ဆင်ခြင် တွေ့ရှိ ပြီး ကျင့်ကြံနေထိုင်နေကြသူအများ လောကကြီးထဲမှာ ရှိနေတတ်ပါတယ်။ ဘုရားဟော ကျမ်းဂန်များမှာလည်း သာသနာပ ကာလမှာ ပေါ်ထွန်းခဲ့ကြတဲ့ ပစ္စေကဗုဒ္ဓတွေ အကြောင်း၊ သူတော်ကောင်းတရား ကျင့်ကြံသူတွေအကြောင်း ပုံဝတ္ထုတွေ အများကြီးရှိ ပါတယ်။ ဂေါတမ မြတ်စွာဘုရားရှင်ကိုယ်တိုင်က သစ္စာလေးပါး အမြိုက်တရားကို ဆရာမကူဘဲ သယမ္ဘူဥာဏ်နဲ့ ထိုးထွင်းသိမြင် ရှာဖွေတွေ့ရှိခဲ့တာပါ။ ဗုဒ္ဓ၀ါဒ အနှစ်သာရ သစ္စာလေးပါး တရားဆိုတာ ဗုဒ္ဓက ဖန်တီးခဲ့တာ ဖန်ဆင်းခဲ့တာမဟုတ်ပါဘူး၊ ရှာဖွေတွေ့ရှိခဲ့တာပါ။ သစ္စာလေးပါး အမြိုက်တရားဆိုတာ မူလကတည်းက ရှိနေပြီးသား ပရမတ်တရားဖြစ်ပါတယ်။ ဒီအခြေခံကို နားလည်လက်ခံတယ်ဆိုရင် ဗုဒ္ဓထားခဲ့တဲ့ သာသနာရဲ့ အပြင်အပမှာလည်း သူတော်ကောင်း တရားတွေ (အပြည့်အစုံမဟုတ်သော်လည်း) ကို သိမြင် ကျင့်ကြံနေသူတွေ ရှိနေတယ်ဆိုတာ ကို လက်ခံယုံကြည်ဖို့ မခက်တော့ပါဘူး။ ရေဆိုတာ ရေပါပဲ၊ မြစ်ချောင်းကပဲရရ ရေတွင်း ရေကန်ကပဲရရ ရေရဲ့သဘာဝကတော့ အတူတူပါပဲ။

ဒီတော့ ကွန်မြူနစ်တွေ ဘာသာမဲ့တွေအပါအ၀င် ကိုယ်မသိတဲ့၊ ကိုယ်နဲ့ အယူကွဲပြား တဲ့ သူတွေကို ဝေဘန်ချင်ရင် သူတို့အကြောင်းသူတို့အယူကို အရင်သိအောင်လုပ်ပါ ပြီးမှ အဆိုးအကောင်းကို အတ္တစွဲကင်းကင်းနဲ့ ဝေဘန်ပါ၊ ချီးမွမ်းပါ၊ ကဲ့ရဲ့ပါ။ ဒီလိုမှမဟုတ်ရင်တော့ အတိတ်ဘ၀က ပစ္စေကဗုဒ္ဓါကို(မသိဘဲ) မီရှို့သတ်မိခဲ့တဲ့ ဥတိန္နမင်းမိဘုရား သာမာဝတီနဲ့ အပေါင်းအပါတွေရဲ့ ကံကြမ္မာဆိုးမျိုးနဲ့ ကြုံရပါလိမ့်မယ်။ သိမှတ်ခြင်း၊ ဆင်ခြင်ခြင်း၊ တွေးခေါ် ခြင်း၊ ကောက်ချက်ဆွဲယူဆခြင်း၊ သဘောတရား ထုတ်နုတ်ခြင်းဆိုတာ သတ္တ၀ါအားလုံးထက် ထူးကဲတဲ့ လူသားရဲ့ ၀ိသေသအရည်အသွေးပါ။ ဒီလို မြင့်မားတဲ့ ကိစ္စတွေကို ဆွေးနွေးတင်ပြ နေတဲ့ ဦးညွန့်ရွှေဟာ ကိုယ်ဥာဏ်မမီလို့ ဒါမှမဟုတ် ကိုယ်သိတာနဲ့ မကိုက်လို့ တခြားကွဲပြားတဲ့ အမြင်တွေ ဘ၀စံတွေကို ကဲ့ရဲ့ရှုတ်ချစရာလို့ မြင်နေရင် " မြောက်ကျောင်းဘုန်းကြီးက ကကြီး ရေးကသတ်ရှိသေးတယ်" ဆိုတဲ့ အဖြစ်မျိုး ရောက်သွားမှာ စိုးရိမ်ပါတယ်။

ဖေါက်ပြန်တဲ့ အုပ်စိုးသူအဆက်ဆက်ဟာ သူတို့နဲ့မပေါင်းတဲ့ နိုင်ငံရေးစကားပြော တဲ့သူတွေကို ကွန်မြူနစ်လို့တံဆိပ်ကပ်တယ်၊ ကိုယ်အခွင့်အရေးပြောတဲ့ တိုင်းရင်းသားကို ခွဲထွက်ရေးသမား နယ်ချဲ့အလိုတော်ရိလို သမုတ်တယ်။ လွတ်လပ်ရေးရပြီး ထဲက အုပ်စိုးသူ အဆက်ဆက်က ပြည်သူကိုမှိုင်းတိုက်တဲ့ တံဆိပ်ကပ်အပုပ်ချ နိုင်ငံရေး ဖြစ်တယ်။ သူတို့ရဲ့ ဖေါက်ပြန်မှုတွေကို ဖုံးကွယ်ဖို့ ပြည်သူကို ကွန်မြူနစ်တစ္ဆေ ခွဲထွက်ရေး သရဲ နဲ့ ခြောက်လှန်ခဲ့ တယ်။ ပြည်သူအများက ဒီဖေါက်ပြန်ရေးသမားတွေရဲ့ တံဆိပ်ကပ် အပုတ်ချနိုင်ငံရေးက မလွတ်မြောက်နိုင်သေးပဲ၊ ကွန်မြူနစ်တစ္ဆေ ခွဲထွက်ရေးသရဲကို ဘုမသိဘမသိ အခုထိ ကြောက်လှန့်နေဆဲပဲ။ ပြည်သူများအကြားက သွေးကွဲမှုရဲ့အရင်းခံ အကြောင်းတရားပဲ ဖြစ်ပါတယ်။ ဦးညွန့်ရွှေကိုယ်တိုင်လည်း ဒီအပုပ်ချနိုင်ငံရေးက မလွတ်မြောက်နိုင်သေးဘူး လို့ယူဆတာကြောင့် ဦးညွန့်ရွှေ စကားနဲ့ပြောရရင် လေနဲ့ ၀မ်းနဲ့ကွဲသွားအောင် ဒီလောက် ရှည်ရှည်ပြောနေရတာပါ။
တကယ်တမ်း ကဲ့ရဲ့ရှုတ်ချရုံတင်မက ဆန့်ကျင်တိုက်ဖျက်ပစ်ရမှာက ကိုယ့်ကိုကိုယ် ဘုန်းရှင် ကံရှင်လို့ တလွဲထင်ပြီး ငါသာပဓာန၊ တိုင်းပြည်တွင်းက လောကသဘာဝ ဓနမှန်သမျှ ငါသာ လျှင်စံစားမယ်၊ အာခံသူမှန်သမျှ ရက်စက်ယုတ်မာ နည်းစုံစွာနဲ့ ချေမှုန်းတာဟာ တရား တယ်လို့ ယူဆနေတဲ့ လူ့ဘောင်လောကကို အရုပ်ဆိုး အကျည်းတန်စေတဲ့ န၀တ/ နအဖလို အတ္တ၀ါဒီ၊ အဓမ္မ၀ါဒီ မိစ္ဆာတွေပဲဖြစ်တယ်။ အဲဒီမိစ္ဆာတွေကို မင်းလိုလိုက် မင်းကြိုက်ဆောင် နေတဲ့ ဒုဿီလ အလဇ္ဇီတွေပဲဖြစ်တယ်။

ဒီနေ့ တိုင်းပြည်နဲ့လူမျိုးပေါ်သာမက သာသနာနဲ့ ရဟန်းသံဃာတွေ အပေါ်မှာပါ သတ်ဖြတ်ခိုးဆိုး အဓမ္မအမှုတွေကို ကျူးလွန်နေသူဟာ န၀တ/ နအဖ စစ်အုပ်သာဖြစ်ပါတယ်။ လူထုရဲ့ အသက်အိုးအိမ်စည်းစိမ်လယ်ယာမြေတွေကို သတ်ဖြတ်လုယက်တယ်။ အာခံတယ် ထင်ရင် ရဟန်းသံဃာကအစ ဖမ်းဆီးသတ်ဖြတ် နှိပ်ကွပ်တယ်။ ရှေးဘုရားတွေကို ပြုပြင်သလို နဲ့ ဋ္ဌာပနာတိုက်ဖောက် လူထုကို အဓမ္မပြင်ခိုင်း ခြောက်လုံးပြူးခါးထိုးရေစက်ချတယ်။ တန်ခိုးကြီး ဘုရားမှန်သမျှက ဂေါပကတွေမှာ လက်ပါးစေတွေသွင်းပြီး ဘုရားဘဏ္ဍာတွေကို ခိုးဝှက်နေတယ်။ ပရိယတ္တိစာမေးပွဲတွေမှာ ၀င်စွက်ဖက်တယ် ဖျက်ဆီးတယ်။ သံဃာ့အစည်း အရုံးထဲမှာ သူလျိုသွင်းပြီး ဖြိုခွဲတယ်။ ဒုဿီလတွေကို ချီးမြောက်ပြီး၊ သုသီလ ရဟန်းတွေကို ချိုးနှိမ်တယ်။ ဒီလို ဒုစရိုက်တွေကို ကျူးလွန်နေတာ ကွန်မြူနစ်တွေ ဘာသာမဲ့တွေ ဘာသာခြားတွေ မဟုတ်ပါဘူး၊ န၀တ/ နအဖ စစ်အုပ်စုသာဖြစ်တယ်။ သာသနာကိုဖျက်ဆီး နေတဲ့ မိစ္ဆာဟာ ဗိုလ်သန်းရွှေနဲ့ အပေါင်းပါများသာဖြစ်တယ်။

တကယ်တော့ အဆက်ဆက်သော ဗမာစစ်အုပ်စုခေါင်းဆောင်များဟာ ဗုဒ္ဓဘာသာကို အရေခြုံပြီး ဗမာလူ့ဘောင်လောကကြီးကို အရုပ်ဆိုးအကြည်းတန်အောင် ဖျက်ဆီးနေတဲ့ အဓမ္မ၀ါဒီ မိစ္ဆာတွေဖြစ်တယ်။ သာသနာဖျက်တွေဖြစ်တယ်။
သို့သော်လည်း သူတို့ဟာ မီရိုးဖလာဗုဒ္ဓဘာသာမိဘများက ပေါက်ဖွားခဲ့တော့ ဗုဒ္ဓရဲ့ အဆုံးအမကို တစုံတရာ သိမှတ်ယဉ်ပါးကြတယ်။ သူတို့ရဲ့ အဓမ္မလုပ်ရပ်တွေကို ဒုစရိုက်အဖြစ် သိမြင်ပြီး သူတို့အတွင်းစိတ် (လိပ်ပြာ)က ခြောက်လှန့်တယ်။ ဒီတော့ သူတို့အတွက် စိတ်သက်သာရာ ရဖို့ စိတ်ဖြေဖို့ ဦးအံ့မောင်လို ဘုန်းကြီးလူထွက် သာသနာဖျက်တွေ၊ သားသုံးသားနဲ့ သတ်ဖြတ်ကွပ်ညှပ် သြ၀ါဒပေးခဲ့တဲ့ စာသာသိ၊ တရားမရှိတဲ့ ကြက်ခတ်ဝိုင်း ဘုန်းကြီးလို ပုဂ္ဂိုလ်တွေကို အားထားရပါတယ်။ မင်းပါးစိုးကပ် အတ္တ၀ါဒီ အလဇ္ဇီများကလည်း မိစ္ဆာတွေရဲ့ ဒုစရိုက်မှုတွေကို ကျမ်းကိုးကျမ်းခံတွေနဲ့ မင်းလိုလိုက် မင်းကြိုက်ဆောင် ထောက်ခံ ပေးကြတယ်။ ဦးညွန့်ရွှေ ယူကောက်တဲ့ လူသတ်သမား နိဗ္ဗာန်ရောက်တယ်ဆိုတာ အဲဒီအလဇ္ဇီ တွေက မိစ္ဆာတွေကိုပေးတဲ့ တရားအယူအကောက်နဲ့ တထပ်တည်းတူပါတယ်။ သတိထားပါ အယူအကောက်မှားရင် အပယ်လားတတ်ပါတယ်။

ဦးညွန့်ရွှေပြောတဲ့ လူသတ်သမား အရက်သမားနဲ့ ကာမဂုဏ်သမားတွေလည်း အမြင် မှန်ရလို့ တရားကျင့်ရင် နိဗ္ဗာန်ရောက်နိုင်တယ်ဆိုတာ မှန်သယောင်နဲ့ တက်တက်စင်လွဲပါ တယ်၊ မှားပါတယ်။ ဦးညွန့်ရွှေရဲ့ စကားထဲမှာကိုဘဲ " အမြင်မှန်ရပြီး အကျင့်မှန်ရင်" ဆိုတဲ့ စကား ကတ္တားခြား ထားတာကို သတိမူပါ။ လူသတ်သမားနိဗ္ဗာန်မရောက်နိုင်ပါဘူး။ လူသတ် သမား အဖြစ်ကနေ ပြောင်းလဲသွားတဲ့ အမြင်မှန်ရသူ အကျင့်မှန်သူသာ နိဗ္ဗာန်ရောက်နိုင် ပါတယ်။ အမြင်မှန်ရသူ အကျင့်မှန်သူဟာ လူသတ်သမားမဟုတ်တော့ပါဘူး။ လူသတ်သမား ဆိုတာ သူ့ရဲ့အတိတ်ဖြစ်ပါတယ်။ သူတော်စင်တိုင်းမှာ အတိတ်ရှိသလို ဒုစရိုက်ရာဇ၀တ်သား တွေမှာလည်း အနာဂါတ်ရှိတယ် (Every Saint has past, Every criminal has future) ဆို တဲ့ စကားလိုပေါ့။ သို့သော် အဲဒီသူတော်စင်၊ အမြင်မှန်ရလို့ အကျင့်မှန်သူဟာ သူ့ရဲ့အတိတ်နဲ့ ကင်းလွတ်ခွင့်ရှိသလား၊ မရှိပါဘူး။ သူ့ရဲ့အတိတ်က ကောင်းမှု မကောင်းမှုအလိုက် စံစား ခံစား ရပါတယ်။ ၀ဋ်ကြွေးကြမ္မာကို ဘုရားရဟန္တာများသော်မှ မရှောင်လွဲနိုင်ဘူးလို့ ကျွန်တော်တို့ ဆရာများ က မပြတ်သွန်သင်တာခံခဲ့ ရပါတယ်။ မဟာပရိနိဗ္ဗာနသုတ်မှာ အတိတ်ကံကြွေး ကြောင့် မြတ်စွာဘုရားရှင်ကိုယ်တိုင် ပရိနိဗ္ဗာန်စံဝင်ခါနီးမှာ ရေကြည်တော်သောက်ခွင့် မရခဲ့ ဘူးလို့ ဆိုပါတယ်။

ဗုဒ္ဓသာသနာ ဗုဒ္ဓ၀ါဒဟာ ခိုလှုံကိုးကွယ်ရာသက်သက် ဘာသာမဟုတ်၊ ကျင့်ကြံပွားများ ရာ လမ်းစဉ်လို့ အထက်တနေရာမှာ ပြောခဲ့ပြီးပါပြီ၊ လူပိန်းပြောနဲ့ ဥပမာဆောင် ရရင် ရလာတဲ့ ကိုယ့်ဘ၀ကိုယ့်အစွမ်းအစကို အဟုတ်ကြီးထင်ပြီး ကျားဆိုးကြီးတွေကို သွားစ သွားကစား ကျားဆိုးကြီး ၏တွေ နိုးလာမှ ကြောက်လန့်တကြား ပြေးဝင်ခိုလှုံစရာ ရဲတိုက် (ကိုးကွယ်ရာ ဘာသာ) မဟုတ်ပါဘူး။ ဗုဒ္ဓတရား ဗုဒ္ဓ၀ါဒဟာ လောဘ၊ ဒေါသ၊ မောဟ မာန်မာန ဆိုတဲ့ ကျားဆိုးကြီးတွေရဲ့ လက္ခဏာက ဘယ်လိုရှိတယ်၊ ဘယ်လိုနေရာမျိုးမှာ ရှိတတ်တယ်၊ ဘယ်လိုရှောင်ကွင်းပြီးတော့ လိုရာခရီး (နိဗ္ဗာန်)ကို ဘယ်လို သွားရတယ်ဆိုတာ လမ်းညွန် ဟောကြားထားတဲ့ လမ်းညွန်တရားဖြစ်ပါတယ်။ ဘယ်သူမဆို ဗုဒ္ဓဘုရားရှင်ရဲ့ သွန်သင်ချက် တွေကို မျက်ကွယ်ပြုပြီး ထင်ရာကြဲကျင့်ကြံ၊ ဒီကျားဆိုးကြီးတွေကိုသွားစ သွားကစားလို့ သူတို့ရဲ့ အကိုက်ခံရရင်တော့ ဒုစရိုက်ဆယ်ပါး အကုသိုလ်ဒဏ်ရာအနာများနဲ့ ဘ၀ဆုံးပါး အပါယ်လားရတော့တာပါပဲ။ ဗုဒ္ဓ၀ါဒဟာ အရပ်စကားနဲ့ပြောရရင် လောကဓံမှာ ကိုယ်ဖြစ် ကိုယ်ခံပါပဲ။ ကိုယ်လုပ်ရင် ကိုယ်ခံရမှာ မလွဲပါဘူး။ ဒီတော့ ဦးညွန့်ရွှေရဲ့ လူသတ်သမား နိဗ္ဗာန်ရောက်တယ်ဆိုတာ ဘုရားဝါဒ နဲ့ လုံးဝ ဆန့်ကျင်တဲ့ သံသရာဝန်လေးကြောင်း လူသတ် အားပေးမိစ္ဆာ အယူဝါဒ သာဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ စပ်လျဉ်းပြီး ဓမ္မပဒ၀တ္ထုတော် ယမက၀ဂ် စက္ခုပါလမထေရ် ၀တ္ထုမှာ မြတ်စွာဘုရားရှင်က
မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။
မနုဿာစေ ပဒုဋ္ဌေန၊ ဘာသတိဝါ ကရောတိဝါ။
တတောနံ ဒုက္ခမနွေတိ၊ စက္ကံ ၀ဟတော ပဒံ။ လို့ ဟောခဲ့ပါတယ်။

အဓိပ္ပါယ်က လောကဖြစ်စဉ်တရားတို့တွင် စိတ်သာလျှင် ပြဋ္ဌာန်းခြင်းရှိကုန်၏။ စိတ် သာလျှင် ရှေ့ဆောင်အကြီးအမှုးဖြစ်၏၊ စိတ်ဖြင့်သာပြီးကုန်၏။ ဖျက်ဆီးလိုသော စိတ်ဖြင့် ပြောဆိုခြင်း၊ ပြုမူခြင်း၊ ရှိသည်ဖြစ်အံ့။ ထိုသို့သောပြောဆို ပြုမူခြင်း၏ မကောင်းမှုသည် ထမ်းပိုး ထမ်းသော နွား၏ ခြေရာခွက်နောက်သို့ လှည်းဘီးသည် ထပ်ကြပ်မကွာ လိုက်သည့်နည်းတူ ဒုက္ခဆင်းရဲသည် ထိုမကောင်းမှု၏ နောက်သို့ အစဉ်သဖြင့်လိုက်၏။ အလားတူပဲ ကောင်းမှု ကုသိုလ်နဲ့ ပတ်သက်လို့ မဋ္ဌကုဏ္ဍရီ ၀တ္ထုမှာ
မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။
မနသာစေ ပသန္နေန၊ ဘာသတိဝါ ကရောတိဝါ။
တတောနံ သုခမနွေတိ၊ ဆာယာဝ အနပါယိနီ။
အဓိပ္ပါယ်က တရားဓမ္မက္ခန္ဓာအပေါင်းတို့တွင် စိတ်သာလျှင် ပြဋ္ဌာန်းခြင်းရှိကုန်၏၊ စိတ်သာလျှင် အကြီးအမှုးရှိကုန်၏၊ စိတ်ဖြင့်သာ ပြီးကုန်၏။ သဒ္ဓါ၊ စေတနာစိတ်ဖြင့် ပြောဆိုခြင်း ပြုမူခြင်းရှိ သော ထိုကောင်းမှုသည်၊ အရိပ်သည် ကိုယ့်နဲ့မကွာ လိုက်ပါသကဲ့သို့ သုခချမ်းသာသည် ထိုကောင်းမှုနှင့် အစဉ်သဖြင့်လိုက်၏။

မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ။ ကိုယ့်ရဲ့ အကုသိုလ်တရားများမှ ပြေငြိမ်းလွတ် မြောက်ရာ မရှိဆိုတာ ထင်ရှားလောက်ပါပြီ။ ဒီတော့ လူသတ်သမား နိဗ္ဗာန်မသွားနိုင်၊ သွားနိုင်တယ်ဆိုတဲ့တရား မှားတယ်ဆို ထင်ရှားပါတယ်။
(နောက်တပိုင်းမှာ ရဟန်းသံဃာတွေ နိုင်ငံရေးလုပ်သင့်မလုပ်သင့် ဆက်လက်ဆွေးနွေးပါမယ်)

ဦးညွန့်ရွှေသို့ ပြန်ကြားချက် (၂)

သံဃာတော်များနှင့် နိုင်ငံရေး

ဦးညွန့်ရွှေရဲ့ ဘုန်းကြီးတွေ နိုင်ငံရေးမလုပ်ရဆိုတဲ့ အယူအဆကို န၀တ/ နအဖ မိစ္ဆာစစ်အုပ်စုကတော့ လက်ခမောင်းခတ်ပြီး ထောက်ခံမှာပါ။ ဗမာလူမှုနိုင်ငံရေးဘ၀ (Socio-politic) ကို နားလည်သူတွေ၊ ဗမာ့သမိုင်း ဖြစ်စဉ်ကို နားလည်ပြီး အမျိုးဘာသာ သာသနာကို ထိမ်းသိန်းစောင့်ရှောက်လိုသူတွေကတော့ လက်မခံပါဘူး။ ဘုန်းကြီးတွေ နိုင်ငံရေးလုပ်သင့်၊ မလုပ်သင့်ဆိုတာ အဲဒီပုဂ္ဂိုလ်ရဲ့ ဗမာ့နိုင်ငံရေးသမိုင်းအမြင် အတိမ်အနက်၊ လက်ရှိ ဗမာပြည်နိုင်ငံရေးအပေါ်မှာ ထင်မြင်သုံးသပ်ချက်နဲ့ ယနေ့ ရဟန်းသံဃာတွေ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံရေးအတိုင်းအတာကို နားလည်သဘောပေါက်မှုအပေါ် အခြေခံပြီး ကွဲလွဲသွားတာပါ။

"နိုင်ငံရေးဆိုတာ လောဘ၊ ဒေါသ၊ မောဟ ပြင်းထန်ပြီး ဗုဒ္ဓ၀ါဒနဲ့ ဆန့်ကျင်လို့ ဗမာလူထုက ဘုန်းကြီးတွေ နိုင်ငံရေးလုပ်တာ မကြိုက်ဘူး" လို့ ကောက်ချက်ပြုတယ်။ အဲဒီမှာ လူထုကို ဆွဲသုံးလိုက်ပါတယ်။ ဘယ်လူထုကို ဆိုလိုပါသလဲ။ အဆီတ၀င်းဝင်း စိန်နားကပ်ရောင် တပြောင်ပြောင်နဲ့ သေနတ်လက်ကြားက မချတဲ့ စစ်အုပ်စုနဲ့ အပေါင်းပါ လက်တဆုပ်စာသော သူများကို ဆိုလိုပါသလား။ ဒါဆိုရင်တော့ မှန်ပါတယ်။ လွတ်မြောက်ရာလမ်းကို ရာစုတ၀က်ကျော် မျှော်နေတဲ့ ဆင်းရဲသားနင်းပြား များရာစုကြီးကို ဆိုရင်တော့ တက်တက်စင်အောင် လွဲသွား ပါပြီ။

၂၀၀၇ ခုနှစ် စက်တာဘာလတုန်းက လမ်းမတွေအပေါ်မှာ တိုင်းပြည်အတွင်း ငြိမ်းချမ်းရေး နိုင်ငံရေးဆွေးနွေးပွဲ တွေ ပေါ်ပေါက်ရေးအတွက် မေတ္တာပို့ စီတန်းလမ်းလျှောက်နေကြတဲ့ သံဃာတော်တွေကို ၀ိုင်းရံအားပေးနေတဲ့ သိန်းချီတဲ့လူတွေ၊ စားသောက်ဖွယ်ရာ ၀တ္ထုလေးတွေကို တတ်စွမ်းသမျှ လှူဒါန်းနေတဲ့သူတွေ၊ အိမ်ကြိုအိမ်ကြား လမ်းကြိုလမ်းကြား ပြတင်းပေါက်၊ ၀ရံတာတွေကနေ မျက်ရည်လည်ရွှဲနဲ့ အားပေးပူဇော် ကန်တော့နေကြတဲ့ လူတွေကို ဦးညွန့်ရွှေ မကန်းမမြင် ဖြစ်သွားတယ်ထင်ပါတယ်။ ဒါမှမဟုတ် အဲဒီသူတွေဟာ ဗမာလူထု အစစ် မဟုတ်ဘူးလို့ မြင်ပုံရတယ်။

နိုင်ငံရေးဟာ လောဘ၊ ဒေါသ ပြင်းထန်ထူပြောတယ်ဆိုတာ မှန်သင့်သလောက် မှန်ပါတယ်။ အကြွင်းမဲ့ မှန်တရား တော့ မဟုတ်ပါဘူး၊ မြတ်စွာဘုရားရဲ့ ဖြစ်တော်စဉ်တွေထဲက ဘ၀များစွာမှာ နိုင်ငံရေးသမား၊ ခေါင်းဆောင် (ဘုရင်၊ မင်းဆရာ၊ အမတ်၊ စစ်သူကြီး စသည်) အဖြစ်နဲ့ အများအကျိုးဆောင်ပြီး ပါရမီဖြည့်ခဲ့ရပါတယ်။ ဒီလိုပဲ လူ အများ ကြည်ညိုလေးစားတဲ့ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ နိုင်ငံရေးသမားတယောက်ဆိုတာ မမေ့ဖို့ လိုအပ်ပါ တယ်။ အခွင့်အာဏာ၊ ဥစ္စာဓနနဲ့ ကျော်ဇောတိက္ကမ ဆိုတဲ့ လူတကာ လိုချင်တပ်မက်တဲ့ အရာတွေ ရနိုင်တဲ့၊ ရှိနေတဲ့ နိုင်ငံရေးလောကမှာ အခွင့်အရေးသမားတွေ၊ အချောင်သမားတွေ ပေါများကျင်လည်ကြတာ သဘာဝပါ။ အခွင့်အရေးသမား၊ အချောင်သမား များနေတဲ့ ပတ်ဝန်းကျင်ဟာလည်း သူတို့ရဲ့ အတ္တလောဘမကောင်းမှုတွေနဲ့ ညစ်နွမ်းသွား ရတာလည်း ဓမ္မတာပါပဲ။ အဲဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းက "နိုင်ငံရေးဆိုတာ အိမ်လိုပါပဲ၊ ဂျပိုးသူခိုးတွေနေရင် ဒုစရိုက်ဂေဟာ ဖြစ်ပြီး၊ ရဟန်းသူတော်စင်တွေနေရင် ကျောင်းအာရာမ်ပါပဲ"၊ "နိုင်ငံရေးဆိုတာ တကယ်တမ်း အမျိုးသားအကျိုး၊ အများအကျိုးအတွက် လုပ်မယ်ဆိုရင် သူတော်စင်တွေ လုပ်တဲ့အလုပ်၊ အာဇာနည်တွေ လုပ်တဲ့ အလုပ်" လို့ ပြောခဲ့ပါတယ်။ စိတ်သာရှင်စောဘုရားဟော ဆိုသလို စိတ်စေတနာသာလျှင် အရင်းခံပါ တယ်။ ဒုစရိုက်ထူပြောတဲ့ ပတ်ဝန်းကျင်ထဲကပဲ စိတ်ကောင်းစေတနာကောင်းနဲ့ အလုပ်လုပ်ရင် အကျိုးများနိုင်တာ ဗိုလ်ချုပ်အောင်ဆန်းက သက်သေပါပဲ။
ကျနော်လည်း ကျနော်တို့ရဲ့ ရဟန်းသံဃာတွေကို လူမူရေး၊ နိုင်ငံရေးမှာ မလိုအပ်ဘဲ ယှက်တင်ထွေးရောနေတာ မကြိုက်ပါဘူး။ အထူးသဖြင့် အာဏာနိုင်ငံရေးမှာ ပတ်သက်တာ မသင့်တော်ဘူးလို့ မြင်ပါတယ်။ နိုင်ငံရေးသမား တွေရဲ့ အသုံးချခံရပြီး သာသနာညစ်နွမ်းမှာကို စိုးရိမ်ပါတယ်။ သို့သော် ဆရာ (သာသနာ) နဲ့ ဒကာ (ပြည်သူ) ရေနဲ့ ကြာဆိုသလို ခွဲခြားလို့တော့ မရနိုင်ပါဘူး။ တခါတခါမှာ လူမှုရေးပြဿနာတွေက သာသနာကို လွမ်းမိုး ထိခိုက်တတ်ပါတယ်။ ရေမြင့်မှ ကြာတင့်တယ်။ ကြာမြင့်မှ ရေကန်တင့်တယ်ပါတယ်။

ရှစ်လေးလုံးကာလက တပြည်လုံး အုံကြွတော်လှန်တော့ ဖက်ဆစ်နေ၀င်းက ကောက်ကောက်ကျစ်ကျစ်၊ ယုတ် ယုတ်မာမာနဲ့ အုပ်ချုပ်ရေးအာဏာကို ရုပ်သိမ်းပြီး အကျဉ်းထောင်တွေထဲက ရာဇ၀တ်သားတွေကို လွှတ်ပစ်ပါ တယ်။ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးကို တာဝန်ရှိတဲ့ အစိုးရဆိုသူတွေကိုယ်တိုင် ပက်စက် ယုတ်မာ၊ ချိုးဖောက်ဖျက်ဆီးတာပါ။ တပြည်လုံး ခြောက်ခြားသွားရတယ်။ ဒီတော့ ရပ်ရွာနေပြည်သူတွေရဲ့ လုံခြုံရေး၊ ကာကွယ်စောင့်ရှောက်ရေး တာဝန်တွေဟာ ရပ်ရွာအသီးသီးက ရဟန်းသံဃာတွေရဲ့ ပခုံးပေါ် အလိုလို ကျရောက်သွားတယ်။ ကျနော်တို့ရဲ့ သံဃာတော်တွေဟာ ၀ါတွင်းဥပုသ်သီတင်းတွေကို ဖျက်ပြီး အဲဒီတာဝန်တွေ ကို မငြီးမငြူ ယူခဲ့ကြတယ်။ သံဃာတော်တွေသာ အဲသလို တာဝန်မယူခဲ့ရင် စစ်အုပ်စုရဲ့ ကောလာဟလ ပယောဂနဲ့ ပြည်သူတွေအကြား အထင်လွဲ၊ အမြင်မှားပြီး ဘယ်လိုအရုပ်ဆိုး အကျည်းတန်မှုတွေ ဖြစ်မယ်ဆိုတာ တွေးတောင် မတွေးဝံ့စရာပါ။ တချို့ဒေသတွေမှာတော့ ဖြစ်ခဲ့တယ်လို့ စိတ်မကောင်းစွာ ကြားရပါတယ်။

နိုင်ငံရေးဆိုတာ လူတွေရဲ့ စားမှု၊ နေမှု၊ ဆက်ဆံမှု၊ စီမံခန့်ခွဲမှု စတဲ့ အရေးရာတွေပဲ လို့ဆိုကြတော့ အထက်က ဘုန်းကြီးတွေရဲ့ လုပ်ရပ်ကိုလည်း နိုင်ငံရေးလို့ ဆိုရမှာပါ။ သံဃာတော်တွေ ဒီလိုနိုင်ငံရေးလုပ်တာကို ဘယ်လို လူတွေက ဘယ်လိုသဘောနဲ့ ကန့်ကွက်ကြမလဲ။ ကန့််ကွက်တဲ့သူတွေဟာ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းထဲမှာ ဘယ်ဘ၀၊ ဘယ်အခြေအနေ ရောက်နေသလဲဆိုတာ ဒီနေ့ ဗမာပြည်အခြေအနေနဲ့ စစ်အုပ်စစ်ရဲ့အနေအထားက ပြယုဂ်ပါပဲ။ ဗမာစစ်အုပ်စုဟာ အာဏာပုလ္လင်ပေါ်မှာ အကျဉ်းကျနေတဲ့ အခြေအနေမျိုးပါ။ သေနတ်ကို လက်က မချရဲဘူး။ ဘုန်းကြီးလည်းကြောက်ရ၊ ကျောင်းသားလည်းကြောက်ရ၊ အလုပ်သမားလည်းကြောက်ရ၊ ယုတ်စွအ ဆုံး သူတို့ရဲ့လက်ကိုင်တုတ်လို ဖြစ်နေတဲ့ စစ်ဗိုလ်စစ်သားလည်း ကြောက်နေရတဲ့ အခြေအနေ။ စစ်ဗိုလ် စစ် သားတွေ ၀မ်းမ၀လို့ ခိုးဆိုးလုယက်၊ စည်းကမ်းပျက်နေတာတွေကို အစိုးရလုပ်ပြီး အရေးမယူရဲတဲ့ အခြေအနေပါ။

နိုင်ငံရေးဆိုတာ အထက်လွှာ (Upper stage) နိုင်ငံရေးနဲ့ လူမှုနိုင်ငံရေးဘ၀ထဲက နိုင်ငံရေး (သို့မဟုတ်) အခြေခံ နိုင်ငံရေးလို့ အကြမ်းဖျင်း ခွဲကြည့်ဖို့လိုပါတယ်။ အထက်လွှာနိုင်ငံရေး ဆိုတာကတော့ နိုင်ငံတော်အတွင်း စီမံ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး အာဏာတွေ ခွဲဝေအပ်နှင်းတာ၊ ခွဲဝေအပ်နှင်းဖို့အတွက် လူထုရွေးကောက်ပွဲတွေ ကျင်းပတာနဲ့ အဲသလို ရွေးကောက်တင်မြှောက်ခံနိုင်ဖို့ (သို့မဟုတ်) ယှဉ်ပြိုင်ဖို့ ၀ါဒ၊ ဒေသ၊ လူမျိုးနဲ့ ပုဂ္ဂိုလ်ရေး အခြေခံများနဲ့ ပါတီတွေဖွဲ့ပြီး စည်းရုံးဆောင်ရွက်တဲ့ နိုင်ငံရေးအမျိုးအစားပါ။ ဒီနိုင်ငံရေးမှာတော့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ၊ အာဏာနဲ့ယှဉ်တဲ့ ဖောက်ပြန်မှုတွေ၊ စာရိတ္တပျက်ပြားမှုတွေနဲ့ ဝေဖန်စရာ များလှပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဆိုလိုတဲ့ ရဟန်း သံဃာတွေ ပါဝင်ပတ်သက်ဖို့ မသင့်တော်ဘူးလို့ ယူဆကြတာ ဒီလို နိုင်ငံရေးမျိုး ဖြစ်ပါတယ်။

ဒါပေမဲ့ တိဘက်၊ ဘူတန်နဲ့ သီရိလင်္ကာက ဘုန်းကြီးရဟန်းများကတော့ ဒီနိုင်ငံရေးထဲမှာလည်း ပါဝင်ပတ်သက်နေ တာ တွေ့ရပါတယ်။ လူထုကလည်း လက်ခံပြီး ထောက်ခံမဲ ပေးကြတယ်။ လက်ရှိ သီရိလင်္ကာလွှတ်တော်ထဲမှာ ဗုဒ္ဓဘာသာဘုန်းကြီး ၉ ပါး ရှိနေပါတယ်။ ဘူတန်မှာဆိုရင် ပါလီမန်အုပ်ချုပ်ရေးစနစ် မကျင့်သုံးမီ လွန်ခဲ့တဲ့ ၅ နှစ်ကအထိ နိုင်ငံစီမံအုပ်ချုပ်ရေးတွေကို လားမားဘုန်းကြီးတွေကပဲ ကိုင်တွယ်ဆောင်ရွက်ခဲ့ကြတာ တွေ့ရတယ်။
ဒုတိယ လူမှုနိုင်ငံရေးဘ၀ဆိုတာက ပြည်သူတွေရဲ့ သာရေးနာရေးကစလို့ ဖွံ့ဖြိုးရေးနဲ့ ပညာရေးအဆုံး လူတွေရဲ့ နေမှုထိုင်မှု လူမှုဆက်ဆံရေးတွေ အကျုံးဝင်ပါတယ်။ တချို့ကတော့ လူမှုရေးအသင်းအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ နယ်ပယ်အလိုက် အများနဲ့ဆိုင်တဲ့ လုပ်ငန်းတွေကို ခွဲခြားဆောင်ရွက်ကြတယ်။ ဒီခေတ်မှာတော့ တချို့က အသေးစား နိုင်ငံရေး (Micro-politic) လို့ ခေါ်ကြသလို လူမှုဖူလုံရေး နိုင်ငံရေး (Welfare Politic) ခေါ်ကြပြီး တချို့ ကတော့ လူထုနိုင်ငံရေး (Civic Politic) လို့ အမျိုးမျိုး နာမည်တပ် ခေါ်ကြတယ်။ လူ့အဖွဲ့အစည်းတခု တည်တံ့ဖို့၊ အေးချမ်းတည်ငြိမ်မှုအတွက် လူ့အဖွဲ့အစည်းဝင်တွေကြားမှာ အားလုံးလေးစားလိုက်နာရတဲ့ လူမှု ဆက်ဆံရေး ပုံသဏ္ဍာန်တရပ် လိုအပ်ပါတယ်။ အဲဒီလူမှုဆက်ဆံရေး ပုံစံကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် အဓိက မဏ္ဍိုင်နှစ်ရပ် ရှိပါတယ်။ အဲဒါတွေကတော့ ကြည်ညိုလေးစား လိုက်နာရတဲ့ ကိုးကွယ်ယုံကြည်မှု (ဘာသာရေး) ဆိုင်ရာ အဆုံးအမ သြဇာနဲ့ လေးစားခန့်ညား လိုက်နာလိုက်ရတဲ့ အုပ်ချုပ်ရေး (မင်း၊ အစိုးရ နိုင်ငံ ရေး) ဆိုင်ရာ စည်းကမ်းဥပဒေ အာဏာဖြစ်တယ်။ ဒါ့ကြောင့်လည်း တချို့လူ့အဖွဲ့အစည်း (နိုင်ငံ) တွေမှာ သူတို့ ကိုးကွယ်တဲ့ ဘာသာရေး (ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ စသည်) နဲ့ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေ နိုင်ငံရေးထဲ မှာ ထဲထဲဝင်ဝင် ပတ်သက်နေတာ တွေ့ရပါတယ်။

ဒီကနေ့ တည်ရှိနေတဲ့ ဗမာ့လူမှုနိုင်ငံရေးဘ၀ကို ပုဂံခေတ်က စခဲ့တယ်။ ဘာသာရေးဘက်က အရှင်အရဟံနဲ့ နိုင်ငံရေးဘက်က ဘုရင် အနော်ရထာတို့ ဦးဆောင်ပြီး မျိုးစေ့ချခဲ့တယ်။ အမျိုးဘာသာ သာသနာရယ်လို့ အခြေခံ ခဲ့တယ်။ ဒါ့ကြောင့် ဗုဒ္ဓ၀ါဒနဲ့ ရဟန်းသံဃာတွေရဲ့ သြဇာဟာ ဗမာ့လူမှုနိုင်ငံရေးဘ၀ထဲမှာ စူးစူးရောက်ရောက် လွှမ်းမိုးနေတယ်။ ဒါပေမဲ့လည်း မှတ်သားစရာကောင်းတဲ့ အချက်က ရဟန်းသံဃာတွေဟာ လူမှုနိုင်ငံရေးထက် ကျော်လွန်ပြီး နိုင်ငံရေးနဲ့ ပတ်သက်ခြင်း မပြုခဲ့တာကို တွေ့ရတယ်။ အာဏာ အ၀န်းအ၀ိုင်း (Power Platform) နဲ့ ကင်းနိုင်သမျှ ကင်းအောင်နေကြတယ်။

ဗမာ့လူမှုနိုင်ငံရေးဘ၀ (သို့မဟုတ်) အခြေခံနိုင်ငံရေး ပျက်ယွင်းလာချိန်တွေမှာ၊ အမျိုးဘာသာ သာသနာနဲ့ ပတ်သက်လို့ ထိပါးနှောင့်ယှက် အန္တရာယ်ကျရောက်လာချိန်မှာတော့ ခေတ်အဆက်ဆက်က ရဟန်းတော်တွေ ဟာ မျိုးစောင့်တရား လက်ကိုင်ထားပြီးတော့ ရှေ့တန်းက ပါဝင်ခဲ့ကြတာ သမိုင်းသာဓက အများအပြားရှိပါတယ်။ ပုဂံပြည်မှာ လူမှုနိုင်ငံရေးဘ၀ ပုံစံထူထောင်ပြီး မကြာမတင်ကာလမှာပဲ နိုင်ငံအုပ်ချုပ်ရေး အာဏာ (ဘုရင်၊ နိုင်ငံ ရေး) ဘက်က ဖောက်ပြန်မှားယွင်းချက်ကို ဘာသာရေးသြဇာ (ရဟန်းသံဃာ) ဘက်က ၀င်ရောက်တည့်မတ်ခဲ့ရ ပါတယ်။ စလေငခွေး ခေါ် နရသူဘုရင်နဲ့ အရှင်အရဟံကို ဆက်ခံတဲ့ ပံ့သကူမထေရ်ကြားက ပဋိပက္ခဖြစ်တယ်။ ဘုရင်နရသူက သူကြီးဘုရား ရွာသားကောင်းမှုလုပ်ဖို့ ဓမ္မရံကြီးဘုရား တည်ပါတယ်။ ဘုရားတည်ရာမှာ ပြည်သူ တွေကို အဓမ္မခိုင်းစေပါတယ်။ ပြည်သူအများ အလုပ်အကိုင်ပျက် ပင်ပန်းဆင်းရဲကြတယ်။ ဒါကို ပံ့သကူမထေရ်က တားမြစ်ပါတယ်၊ ဘုရင်က သူကောင်းမှုလုပ်တာလို့ အကြောင်းပြတယ်။ ပံ့သကူမထေရ်က ရည်ရွယ်ရင်း ကောင်း မှုပင် ဖြစ်သော်လည်း ပြည်သူအများ ဆန္ဒမပါဘဲ အဓမ္မခိုင်းစေတာ၊ ပြည်သူတွေ ပင်ပန်းဆင်းရဲခြင်း ဖြစ်စေလို့ ကောင်းမှုမမြောက် ဆင်းရဲခြင်း အကုသိုလ်သာဖြစ်တယ်လို့ ဆုံးဖြတ်ပါတယ်။ ဒါကို ဘုရင်က အလျှော့မပေး အာခံလို့ ပံ့သကူမထေရ်က ဘုရင့်ဆွမ်းကို လက်မခံ သပိတ်မှောက်ပါတယ်။ အမျက်ဒေါသကြီးပြီး ရက်စက်ကြမ်းကြုတ်တဲ့ ဘုရင် နရသူက ငါဟာ ရေမြေ့ရှင်ဖြစ်လို့ ပြည်အလုံးက ဆွမ်းသည် ငါ့ဆွမ်းပဲဖြစ်တယ်၊ ပုဂံတ၀ှန်းက ဆွမ်းလည်း မစားရလို့ ဆိုပါတယ်။ ဒီတော့ ပံ့သကူမထေရ်က ကောင်းပြီ၊ ဒါဆို ငါ ပုဂံပြည်မှာ မနေဆိုပြီး သီဟိုဠ်ကို ကြွဖို့ပြင်ပါတယ်။ ဒီတင်ပဲ ပုဂံပြည်သူတွေ ဆူပူအုံကြွကြပါတယ်။ ပြည်တင်းလို့ မင်းမခံနိုင်ဖြစ်ပြီး သီဟိုဠ်ကြွဖို့ လှေပေါ်ရောက်နေတဲ့ ပံ့သကူမထေရ်ကို ဥပါယ်တံမျဉ်နဲ့ မူးမတ်တွေက ပြန်လည် ပင့်ဖိတ်ပြီး ဘုရင်က ၀န်ချတောင်းပန်ရပါတယ်။ အဓမ္မစေခိုင်းခံရတဲ့ ပြည်သူတွေ ချမ်းသာရာရခဲ့ပါတယ်။ ဒီသာဓကကို ရဟန်းသံဃာတွေက ဦးအောင်ဆန်းဦးနဲ့ မိသားစုကို ပတ္တနိက္ကုဇ္ဇန သပိတ်ကံဆောင်တာနဲ့  နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။
နောက်သာဓကတခုကတော့ အင်းဝခေတ်က အဖြစ်အပျက်ပါ။ အင်းဝအင်အား ချိနဲ့လို့ သိန္နီစော်ဘွား သိုဟန် ဘွားက သိမ်းပိုက်စိုးစံပါတယ်။ သိုဟန်ဘွားက ဗုဒ္ဓဘာသာဝင် တယောက် မဟုတ်ပါဘူး။ ရက်စက်တဲ့ သိုဟန် ဘွားရဲ့ အုပ်ချုပ်မှုအောက်မှာ ဒီနေ့ စစ်အာဏာရှင်ခေတ်လိုပဲ ပြည်သူအပေါင်း ဒုက္ခအတိ ဆင်းရဲရောက်ကြရ တယ်။ ဒီနေ့ စစ်အုပ်စုလိုပဲ မိစ္ဆာအယူရှိတဲ့ သိုဟန်ဘွားဟာ သံဃာ့အစည်းအရုံးကြီးကို သူ့ထီးနန်းအာဏာ အတွက် အန္တရာယ်လို့ မြင်ပါတယ်။ သံဃာတွေကို လိမ်လည်ပင့်ဖိတ်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ပါတယ်။ ဘုရားပုထိုးကျောင်းကန်များကို ဖျက်ဆီးပါတယ်။ ဒီတင် ထေရ်ကြီးဝါကြီးသံဃာတွေ စုဝေးတိုင်ပင်ပြီး ဘာသာ သာသနာကို စောင့်ရှောက်ဖို့ သဘောတူ ဆုံးဖြတ်ကြတယ်။ သံဃာတော်များရဲ့ အစီအမံနဲ့ မင်းကြီးရန်နောင် ဦးဆောင်ပြီး သိုဟန်ဘွားကို ဥပါယ်တံမျဉ်နဲ့ ဖိတ်ခေါ်သုတ်သင်ပစ်ခဲ့ရပါတယ်။ ရဟန်းသံဃာတော်တွေ၊ မူးမတ် ပြည်သူတွေနဲ့ ပေါင်းပြီး မင်းဆိုးမင်းညစ်ကို သုတ်သင်ဖယ်ရှားကာ အမျိုးဘာသာ သာသနာကို စောင့်ရှောက်ခဲ့တဲ့ သာဓကတခု ဖြစ်ပါတယ်။

အင်္ဂလိပ်လက်အောက် ကျွန်သဘောက်ဘ၀ကနေ လွတ်မြောက်ဖို့ တော်လှန်အားထုတ်ခဲ့ရာမှာလည်း သံဃာ တော်များ ရှေ့တန်းက ပါဝင်ခဲ့ကြတယ်။ အင်္ဂလိပ်သိမ်းပြီးစ နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ၊ နောက်ပိုင်း အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုတွေမှာလည်း သံဃာတော်တွေ ပါဝင်ခဲ့ကြတယ်။ အမျိုးသား လွတ်မြောက် ရေး ဥပဒေတွင်း တိုက်ပွဲတွေကို ၀ိုင်အမ်ဘီအေ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းလို့ ခေါ်တဲ့ ဘာသာရေး အခြေခံတဲ့ အသင်းအဖွဲ့က စတင်ခဲ့တယ်ဆိုတာ အထူးသတိပြုရမယ့် အချက်ဖြစ်ပါတယ်။

ဘုန်းမီးနေလ တောက်ပနေတဲ့ ကိုလိုနီခေတ်ဦးမှာ ဗမာလူ့အဖွဲ့အစည်းရဲ့ အထက်တန်းလွှာလို့ ဆိုရမယ့် တချို့ ဗမာဘုရင်ရဲ့ မြို့စားရွာစားဟောင်းတွေ၊ သူဋ္ဌေးသူကြွယ် ကုန်သည်ပွဲစားတွေဟာ နယ်ချဲ့အင်္ဂလိပ်တွေကို အထင်ကြီး ရိုကျိုးပြီး သူတို့ သားသမီးတွေကို ဘိုနာမည်မှည့်၊ အင်္ဂလိပ်ကျောင်းထားပြီး မြို့အုပ် ၀န်ထောက် စတဲ့ ကိုလိုနီလက်ပါးစေ ကျွန်ခေါင်းရာထူးတွေ ရဖို့ အားထုတ်နေကြတယ်။ အောက်ခြေတောရွာတွေမှာလည်း ဘာ မဟုတ်တဲ့ သာမန်ပုလိပ်ကလေးကိုတောင် ဗမာသူကြီးတွေက ပုလိပ်တော်မင်းလို့ခေါ်ပြီး ဘုရားထူး ဒူးတုပ် ခစား နေရတဲ့အထိ စိတ်ဓာတ်ချိုးနှိမ်ခံခဲ့ရတယ်၊ စိတ်ဓာတ်တွေ သေးသိမ်နိမ့်ကျသွားခဲ့ရတယ်။ အဲဒီလောက် နိမ့်ကျ နေတဲ့ အမျိုးသားဇာတိမာန်ကို ပြန်လည်နိုးထစေခဲ့တာ ရဟန်းသံဃာတော်တွေ ဖြစ်တယ်။ ဆရာတော် ဦးဥတ္တမ က ဦးဆောင်ပါတယ်။ ဆရာတော်ရဲ့ ကရက်ဒေါက် ပြန်သွားဆိုတဲ့ ဘုရင်ခံကိုတောင် စိန်ခေါ်မောင်းထုတ်တဲ့ စာဟာ အခုချိန်မှာ သာမန်လို့ ထင်ရပေမယ့် အဲဒီအချိန်ကတော့ ဗမာတပြည်လုံး တုန်လှုပ်သွားစေခဲ့တယ်။ ပြည်သူအများ စိတ်ကြီးဝင် သွေးမြောက်စေခဲ့တယ်၊ အမျိုးသားဇာတိမာန်တွေ ပြန်လည်နိုးကြားထကြွလာခဲ့တယ်။
အမျိုးဘာသာ သာသနာဆိုတဲ့ မျိုးစောင့်တရား ၀ံသာနုလှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့တာ သံဃာတွေပဲဖြစ်တယ်။ ဘုန်းတော်ကြီးကျောင်းတွေဟာ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲဝင် အရေးတော်ပုံတပ်သားတွေအတွက် ခိုလှုံရာ စခန်းတွေ ဖြစ်လာတယ်၊ သပိတ်စခန်းတွေ ဖြစ်ခဲ့တယ်။ နောက်ပိုင်းကာလ ဂျီစီဘီအေခေတ် လှုပ်ရှား မှုတွေ၊ တို့ဗမာအစည်းအရုံး လှုပ်ရှားမှုတွေမှာလည်း ဦးဆောင်နာယကအဖြစ် ဆရာတော်ကြီးတွေကိုယ်တိုင် ပါဝင်ဆောင်ရွက်ခဲ့ကြတယ်။ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ အရှိန်မြင့်မားလာချိန်မှာ ရဟန်းတော်တွေအနေ နဲ့ မသင့်တော်တဲ့ လုပ်ငန်းတွေ ပေါ်လာတာကြောင့် တချို့သံဃာတွေ လူထွက်ဆောင်ရွက်တယ်။ လွတ်လပ်ရေး ရပြီးတော့ အများစု ရဟန်းပြန်ဝတ်ကြတယ်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးအောင်ဟာ အဲဒီထဲက တဦးဖြစ်တယ်။ ထင်ရှားတဲ့ ဆရာတော်တွေကတော့ ဦးဝိစာရ၊ သက်ပန်းဆရာတော်၊ အဘယာရာမဆရာတော်၊ ဗားကရာ ဆရာတော်နဲ့ ကိုးထပ်ကြီးဆရာတော် ဦးဉေယျတို့ ဖြစ်တယ်။ ဆရာတော်ကြီးတွေ ပူးပေါင်းပါဝင်လာနိုင်ဖို့အတွက် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကိုယ်တိုင်က တောင်းပန်လျှောက်ထားခဲ့တာ ဖြစ်တယ်။ ဗမာ့သမိုင်းအစဉ် အဆက်ကို ကျကျနန လေ့လာမယ်ဆိုရင် အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ဖို့အတွက် အခြေခံနိုင်ငံရေး (၀ါ) လူမှုနိုင်ငံရေးမှာ ပါဝင်ခဲ့ကြတဲ့ ရဟန်းပုဂ္ဂိုလ်အမြောက်အမြားနဲ့ အဖြစ်အပျက် သာဓကတွေ အများကြီးပါ။ ကျမ်းပြုပေဖွဲ့ရင် အတွဲတွေ အများကြီးရမှာပါ။

၁၉၆၂ ခုနှစ်က စခဲ့တဲ့ ဒီနေ့ စစ်အာဏာရှင်တွေခေတ်ဟာ အမျိုး ဘာသာ သာသနာကို အဆုံးစွန် ထိပါး နှောင့်ယှက်ခံရတဲ့ ခေတ်ဖြစ်ပါတယ်။ ဆုတ်ယုတ်ပျက်စီးခြင်းများစွာနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ကာလဆိုးတခု ဖြစ်ပါတယ်။ ပြည်သူအများ ရက်စက်စွာ ဖမ်းဆီးသတ်ဖြတ် နှိပ်ကွပ်ခံနေရတယ်။ ဆင်းရဲ ကျပ်တည်းမှုကြောင့် သာသနာကို ပြုစုစောင့်ရှောက်မှုတွေ ယုတ်လျော့လာတယ်။ သာသနာအတွင်းမှာ သုသီလ ရဟန်းကောင်းတွေ ဖိနှိပ်ခံနေရပြီး၊ မင်းမြောင်စိုးကပ် ဒုဿီလတွေ စိုးမိုးချယ်လှယ်နေတယ်။ ဗုဒ္ဓ၀ါဒကို ဖျက်ဆီးနေတဲ့ ဓမ္မ၀ိဟာရီ ဦးဉာဏရဲ့ မိုးပြာဂိုဏ်းလို့ခေါ်တဲ့ ပစ္စုပ္ပန်ကမ္မ၀ါဒကို မသိမသာ ချီးမြှောက်နေတယ်။ လူအများဟာလည်း ဆင်းရဲကြပ်တည်းမှုဒဏ်ကြောင့် သက်သာရာ သက်သာကြောင်း ဘုရားရှင်တားမြစ်တဲ့ စုန်း၊ နတ်၊ ကဝေ၊ ဗေဒင်၊ နက္ခတ်တွေအပေါ် ပိုပြီးကိုင်းညွတ်လာတယ်။ တကယ့်ကို အမျိုး ဘာသာ သာသနာ ပျက်စီး ကိန်းဆိုက်နေတဲ့ အခြေအနေ ကာလဆိုး ဖြစ်ပါတယ်။

ကျနော်တို့ ရှစ်လေးလုံးကာလက ပထမအချီ အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ခံရပြီးတဲ့နောက် ဆေးရုံကြီး ၀င်းထဲမှာ နိုင်ငံရေးတရားပွဲတွေ ပြန်စပါတယ်။ အဲဒီထဲမှာ သရက်တောကျောင်းတိုက်က အရွယ်လတ် ဦးဇင်း တပါး ပါပါတယ်။ ကျနော်တို့က ဦးဇင်းညိုလို့ ခေါ်ပါတယ်။ ဦးဇင်းညိုရဲ့ ဟောပြောချက်တွေကို ပရိသတ်အများက နှစ်ထောင်းအားရကြတယ်။ ဦးဇင်းညိုက "ကျုပ်တို့ ဘုန်းကြီးဆိုတာ ဗိုက်ပြဿနာကို လူထုအပ်ထားပြီး သာသနာ့ဝန်ကို ထမ်းနေတာ၊ တိုင်းပြည်ဆင်းရဲလို့ လူတွေကြပ်တည်းရင် ဘုန်းကြီးနဲ့ ခွေး အရင်ဆုံးငတ်တာပဲ။ ဗိုက်ဟောင်းလောင်းနဲ့ သာသနာ့ဝန်ကို မထမ်းနိုင်ဘူး။ ပြုစုစောင့်ရှောက်သူမရှိရင် သံဃာရော သာသနာပါ မတည်တံ့နိုင်ဘူး။ အဲဒီလို သာသနာကို ထိမ်းသိန်းစောင့်ရှောက်ဖို့ ပစ္စည်းလေးပါး ထောက်ပံ့နေတဲ့ ဒါယကာ ဒါယိကာမတွေရဲ့ ဆင်းရဲဒုက္ခကို လက်ပိုက်ကြည့်မနေနိုင်လို့၊ ကျေးဇူးတုံ့ပြန်ဖို့ ဒီအလုပ်ကို လုပ်တယ်။ သာသနာကို စောင့်ရှောက်ဖို့ ဒီ အလုပ်ကို လုပ်တယ်" လို့  ဦးဇင်းညိုက ဟောခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း အာဏာရှင်စနစ် ဖျက်သိမ်းရေးအတွက် "ဒုတိယ အမျိုးသားလွတ်မြောက်ရေး" ဆိုတဲ့ ကြွေးကြော်သံနဲ့ တိုက်ပွဲဝင်နေတာ ဖြစ်တယ်။ ဒုတိယ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲမှာ ရဟန်း ငယ်တွေသာမက ဆရာတော်ကြီးတွေ၊ ကျမ်းတတ်ပေတတ် တိပိဋက ဆရာတော်တွေကိုယ်တိုင် ပါဝင်နေကြတာ ဖြစ်တယ်။ ဗုဒ္ဓဘာသာအရေခြုံ မိစ္ဆာစစ်အုပ်စုက ဆရာတော်ကြီးတွေကို သင်္ကန်းဆွဲချွတ် ထောင်ချပြီး စာရေး မပြနိုင်လောက်အောင် အမိုက်ဆုံး၊ အရမ်းဆုံး၊ အပက်စက်ဆုံး နည်းတွေနဲ့ နှိပ်စက်စော်ကား ချိုးနှိမ်ဆက်ဆံ ခဲ့တာကို တကမ္ဘာလုံး အသိဖြစ်တယ်။

တကယ်တော့ ပြည်သူတွေကို နိုင်ငံရေး စိတ်မ၀င်စားအောင်၊ အကြောင်းအမျိုးမျိုးပြပြီး နိုင်ငံရေးမလုပ်ရလို့ ပိတ်ပင်တာဟာ ဖောက်ပြန်တဲ့ အုပ်စိုးသူတွေရဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးလုပ်ရပ် ဖြစ်တယ်။ အကြောင်းက တော့ ပြည်သူတွေ နိုင်ငံရေး စိတ်ဝင်စားပြီး နိုင်ငံရေး အသိအမြင်တွေ မြင့်မားလာရင် သူတို့ရဲ့ ဖောက်ပြန်တဲ့ လုပ်ရပ်တွေ၊ ပြန်သူကို မျက်စိပိတ် နားပိတ်ပြီး သွေးစုပ်အမြတ်ထုတ်တာတွေကို သိမြင်လာမှာ၊ သူတို့အာဏာကို ထိခိုက်လာမှာ စိုးရိမ်တဲ့အတွက် ဖြစ်တယ်။

ဘုန်းကြီးတွေ နိုင်ငံရေးမလုပ်ရ၊ ကျောင်းသားတွေ နိုင်ငံရေးမလုပ်ရ၊ ၀န်ထမ်းတွေ နိုင်ငံရေးမလုပ်ရ၊ ဟိုလူမလုပ်ရ၊ ဟိုဟာမလုပ်ရ ပိတ်ပင်မှုတွေ အမျိုးမျိုးလုပ်တယ်။ ၀န်ထမ်း နိုင်ငံရေးမလုပ်ရ ဆိုတာတောင် ရှေ့နောက်မညီဘဲ တပါတီစနစ်တုန်းက ၀န်ထမ်းတွေ ပါတီမ၀င်မနေရ လုပ်တယ်။ မငြင်းသာလို့ ပါတီစုံစနစ်ကို လက်ခံလိုက်ရပြီး ပြိုင်ဘက်ပါတီတွေ ပေါ်လာတော့ နိုင်ငံရေးမလုပ်ရတော့ဘူးလို့ ပိတ်ပြန်တယ်။ တခါ ၀န်ထမ်းပဲဖြစ်တဲ့ စစ်ဗိုလ် တွေကျတော့ လုပ်နိုင်တယ်၊ လုပ်ရမယ်လို့ ဆိုပြန်တယ်။ အရှက်မရှိ မျက်နှာပြောင်တိုက်ပြီး အမျိုးသားရေး တာဝန်လို့ တံဆိပ်ကပ်လိုက်သေးတယ်။ တိုင်းပြည်ဘဏ္ဍာကို ကိုယ့်အိတ်ကပ်ထဲ ထည့်ချင်သလို ထည့်နိုင်တဲ့ အချောင်နှိုက်ပြီး ရထားတဲ့ အာဏာရဲ့ အရသာကို သိနေပြီကိုး။

ဒီနေ့ခေတ်လို ပွေလီရှုတ်ထွေးနေတဲ့ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းမှာ ပြည်သူတွေ နိုင်ငံရေးကို ပိုပြီးစိတ်ဝင်စားဖို့ လိုတယ်၊ ပိုပြီးနိုးကြားဖို့ လိုတယ်။ နိုင်ငံရေးအမြင် မြင့်မားနေဖို့ လိုပါတယ်။ နိုင်ငံတိုင်း နိုင်ငံတိုင်းက ကိုယ်ကျိုး စီးပွားကို ရှေ့တန်းတင်ပြီး ပြိုင်ဆိုင်မှုတွေ မြင့်မားနေတဲ့ ခေတ်ဖြစ်တယ်။ ၀ါဒတွေ၊ စနစ်တွေ နောက်တန်း ရောက် သွားပြီး နိုင်ငံတိုင်းက ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတိုင်းနဲ့ပေါင်းပြီး တခြားနိုင်ငံတွေအပေါ် ချုပ်ကိုင်အမြတ်ထုတ် ဖို့ အားထုတ်နေကြတဲ့ အချိန်ဖြစ်တယ်။ လက်ရှိ ဗမာ့နိုင်ငံရေး အကြပ်အတည်းအပေါ် အိမ်နီးချင်းနဲ့ ကမ္ဘာ့နိုင်ငံ တွေရဲ့ ရပ်တည်ချက်သဘောထားက သာဓကဖြစ်တယ်။ နယ်ချဲ့စနစ်၊ ကိုလိုနီစနစ်ရဲ့ အခြေခံအကြောင်း တရားဟာ ဈေးကွက်အခြေခံ ရောင်းဝယ်မှုက အမြတ်ထုတ်ယူတဲ့ စီးပွားရေးစနစ် ဖြစ်တယ်။ ဒါကြောင့် ဈေးကွက် (နိုင်ငံ၊ နယ်မြေ) တွေကို တဦးထဲ မောင်ပိုင်စီးဖို့ ကုမ္ပဏီတွေ အပြိုင်ကြိုးစားကြရင်းက ကိုလိုနီနယ်ချဲ့စနစ် ဖြစ်ပေါ်လာရတယ်။

ဒီနေ့ခေတ်မှာတော့ တချိန်တုန်းကလို စစ်တပ်ကြီးတွေနဲ့ ၀င်သိမ်း၊ ကိုယ်တိုင် အစိုးရထောင်ပြီး သိမ်းပိုက်နယ်မြေ (ဈေးကွက်) ကို ထိန်းချုပ်တာမျိုးတွေ အတော်နည်းသွားပါပြီ။ ဒါပေမဲ့ ကမ္ဘာ့နိုင်ငံငယ်တွေရဲ့ လုံခြုံရေးဟာ အရင်ကထက်ပိုပြီး ခြိမ်းခြောက်ခံနေရတယ်။ ခေတ်မီ သိပ္ပံနည်းပညာတွေရဲ့ ပံ့ပိုးမှုနဲ့ ပိုပြီး အားကောင်းတဲ့၊ ပိုပြီး ရက်စက်တဲ့ ဈေးကွက်ထိန်းချုပ်ရေးပုံစံ ကိုလိုနီလက်သစ်ဝါဒ (Neo-Colonialism) ပေါ်လာတယ်။ နည်းပရိယာယ် ပိုပြီး ကြွယ်ဝတယ်။ နည်းပညာ အရင်းအနှီး၊ ငွေကြေးအရင်းအနှီးတွေကိုကိုင်ပြီး နိုင်ငံငယ်တွေနဲ့ နိုင်ငံငယ်တွေက ပြည်သူတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနဲ့ အချုပ်အခြာအာဏာကိုတောင် ထိန်းချုပ်လာတယ်။ ယဉ်ကျေးမှု ဓလေ့ ထုံးစံတွေအထိ ခြိမ်းခြောက်ခံနေရတယ်။

ဒီတော့ ပြည်သူတွေ နိုင်ငံရေး မနိုးကြားရင်၊ နိုင်ငံ့အရေးကို လက်တဆုပ်စာ လူတစုကသာ ထင်ရာစိုင်း ချယ်လှယ်နေရင် အဲဒီလူ့အဖွဲ့အစည်း (နိုင်ငံ၊ ပြည်သူ) ဟာ ပြိုကွဲပျောက်ကွယ်သွားမှာ မလွဲမသွေဖြစ်တယ်။ ဒါကြောင့် ပြည်သူတွေ နိုင်ငံရေး စိတ်မ၀င်စားနိုင်အောင်လုပ်သူ၊ ပိတ်ပင်သူ၊ ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ ဟိုလူဒီလူတွေကတော့ နိုင်ငံရေးမလုပ်သင့်ဘူးလို့ ပြောဆိုစည်းရုံးနေခြင်းဟာ အမျိုးသားပျက်သုဉ်းခြင်းကို လုပ် ဆောင်နေခြင်း ဖြစ်တယ်၊ အမျိုးသားသစ္စာဖောက် လမ်းစဉ်ဖြစ်တယ်၊ အမျိုးသားသစ္စာဖောက်တွေပဲ ဖြစ်တယ်။

ချွင်းချက်မပါတဲ့ ဥပဒေဟာ မပြည့်စုံဘူးလို့ ဆိုကြပါတယ်။ လူ့အဖွဲ့အစည်းရဲ့ အခက်အလက်သာဖြစ်တဲ့ တရားဥပဒေမှာတောင် ချွင်းချက်ရှိဖို့လိုအပ်ရင် လူမှုကိစ္စ အ၀၀တို့ အကျုံးဝင်နေတဲ့ နိုင်ငံရေးမှာ ယတိပြတ် အဆိုမရှိနိုင်ပါဘူး။ ဒါကြောင့် ရဟန်းသံဃာတွေ နိုင်ငံရေးမလုပ်ရလို့ အကြွင်းမဲ့ဆိုရင် အဲဒါမှားပါတယ်။ နိုင်ငံရေးမှာ ဘယ်သူဘယ်ပုဂ္ဂိုလ်တွေ ဘယ်အတိုင်းအတာထိ ပါဝင်ပတ်သက်သင့်တယ်ဆိုတာ ရှုပ်ထွေးနက်နဲတဲ့ ပုစ္ဆာတခုပါ။ သေချာတာကတော့ လူ့ဘောင်လောကထဲမှာသာ တည်ရှိနေတဲ့ ရဟန်းသံဃာတွေလည်း နိုင်ငံရေးရဲ့အကျိုးသက်ရောက်မှုကို နှီးနွယ်ခံစားရသလို တစုံတရာအတိုင်းအတာအထိလဲ ပါဝင်ပတ်သက်နေရမှာ ဖြစ်ပါတယ်။

ရဲဘော်ကျော်သန်း
Kyaw_than2004@yahoo.com

0 ‘‘ပြည်သူတွေမေ၀၀ါးပါစေနဲ့”

ဗိုလ်သူ

(၁)

ပြည်သူတွေဘာ့ကြောင့်ဖိနှိပ်ခံဘ၀က မလွတ်မြောက်ရသေးတာလဲ၊(ဘာကြောင့် တော်လှန်ရေးမအောင်မြင်ရသေးတာလဲ ) ဆိုတာနဲ့ အောင်မြင်အောင် ဘာလုပ်ကြမှာလဲ ဆိုတဲ့ မေးခွန်းနှစ်ခု ကျွန်တော်တို့ ရင်ဆိုင်နေကြရပါတယ်။

ကျွန်တော်တို့ ဒီမိုကရေစီဘက်တော်သားအားလုံးကလဲ ကိုယ်ဖြတ်သန်းခဲ့တဲ့ သမိုင်းအတွေ့ အကြုံတွေကိုအခြေခံပြီး ကိုယ့်အယူအဆနဲ့ ကိုယ် စဉ်းစားကြ အဖြေထုတ်ကြတာလဲ မျိုးစုံပါ။ ပြည်သူတွေ လိုက်ပါမှုလိုနေသေးလို့ ၊ ခိုင်မာတဲ့ ခေါင်းဆောင်မှုမရှိသေးလို့ ၊ တော်လှန်ရေးအင်အားစုတွေ စည်းလုံးညီညွတ်မှုမရှိသေးလို့ ၊ ဖြတ်သန်းခဲ့တဲ့ သမိုင်းတိုက်ပွဲတွေထဲက အားနည်းခဲ့တာတွေ ၊ ပြန်စဉ်းစား သင်ခန်းစာယူ ၊ အသစ်ပြန်တည်ဆောက်တာမျိုးမလုပ်ကြလို့ ၊ တကယ်ကိုယ်ကျိုးမစွန့် ကြသေးလို့ ၊စသဖြင့် ကိုယ့်ရှုထောင့်ကနေကိုယ် ဘာ့ကြောင့်မအောင်မြင်ရသေးတာလဲဆိုတာ ပြောကြပါတယ်။ ဒါပေမဲ့ အောင်မြင်အောင် ဘာလုပ်ကြမှာလဲဆိုတဲ့ နံပါတ်နှစ်မေးခွန်းကိုတော့ လက်နက်ကိုင် အဖွဲ့ အစည်းတွေရော ၊ လက်နက်မဲ့အဖွဲ့ အစည်းတွေရော ၊ ပြည်တွင်းအဖွဲ့ အစည်းတွေပါ အားလုံးက “နိုင်သလောက်တော့လုပ်နေတာပဲလေ ” ဆိုတာမျိုး ၊ လျော့တိလျော့ရဲ အဖြေကလွဲရင် ပြတ်သားရေရာတဲ့ အဖြေပေးမှုကို မတွေ့ရပါဘူး။

ဒီနေ့ စစ်အစိုးရရဲ့ဒါဏ်ကို ခါးခါးသီးသီးခံနေရတဲ့ ပြည်သူလူထုကြီးက မျှော်လင့်ချက်မဲ့ဖြစ်နေပါပြီ ၊ ဘာလုပ်ရမလဲေ၀၀ါးနေပါပြီ ၊ သူတို့ရင်ဆိုင်နေရတဲ့ ဘ၀ ပြဿနာမျိုးစုံကရုန်းထွက်ဘို့ ၊ အုံကြွတိုက်ပွဲဝင်ဘို့ကလဲ ဦးဆောင်မဲ့ခေါင်းဆောင်နဲ့ အဖွဲ့အစည်းမရှိသေး ၊ (ရှိတဲ့သူတွေကလဲ ထောင်နှစ်ရှည်လများ ကျနေကြပြီ ။)

မမှန်ဘူး မတရားဘူးဆိုတာသိပါရက် ဘာမှထိထိရောက်ရောက်မလုပ်နိုင်တဲ့အတူ လတ်တလောဘေးကင်းဘို့ကအရေးကြီးပါတယ်ဆိုတာမျိုး ၂၀၀၈ မေ ၁၀ ဆန္ဒခံယူပွဲမှာ အံကြိတ် ခေါင်းညှိမ့်ခဲ့ကြပြီးပြီ ၊ခုလဲ ခြိမ်းခြောက်မှု ၊ဖျားယောင်းမှု မျိုးစုံနဲ့ စစ်အစိုးရလက်ကိုင်ဒုတ်ကြံ့ဖွတ်တွေကြား ၊ တတိယအုပ်စုဆိုပြီး ဟိုကသည်က ပေါ်လာတဲ့ ခါတော်မှီ စစ်အစိုးရအကြိုက် နိုင်ငံရေးလုပ်စားတွေကြား ၊ ရွေးကောက်ပွဲကို ဖြတ်သန်းသင့်တယ် ၊ မဖြတ်သန်းသင့်ဘူး ငြင်းခုန်နေကြတဲ့ လေလှိုင်းထဲက ပေါ်ပင်နိုင်ငံရေး စကားလုံးတွေကြား ကျွန်တော်တို့ပြည်သူတွေေ၀၀ါးနေကြရပြန်ပြီ ၊ ရွေးကောက်ပွဲသာ လုပ်ဖြစ်ရင် ပြည်သူ့ဆန္ဒအမှန်ဖြစ်တဲ့ ၁၉၉၀ ရွေးကောက်ပွဲပြည်ဖုံးကားကျပြီး စစ်ကျွန်သက် ရှည်သထက်ရှည်ဘို့ဖြစ်လာမယ်ဆိုတာထက် ခုလဲခံနေရတာပဲ ၊ ရွေးကောက်ပွဲလုပ်ဖြစ်လို့ အပြောင်းအလဲတစ်ခုဖြစ်ရင် နဲနဲတော်သွားမလာဲးဆိုတာမျိုးေ၀၀ါးနေကြပြီ ၊ ဒါကိုကျွန်တော်တို့ဘယ်လိုတည့်မတ်ပေးကြမှာလဲ ။

(၂)

ဆရာတစ်ယောက်က စာမေးပွဲကျတဲ့ကျောင်းသားတွေကို သြ၀ါဒပေးတာ နားထဲ စွဲနေအောင်မှတ်ထားမိပါတယ် ၊ “ မင်းတို့ ဘာကြောင့် စာမေးပွဲမအောင်လဲသိလား ၊ တိုတိုတုတ်တုတ်ပြောရရင် လုံလောက်အောင်မကြိုးစားခဲ့ကြလို့ ပဲကွ ”တဲ့။

ကျွန်တော်တို့တော်လှန်ရေး ဘာ့ကြောင့်မအောင်မြင်ရသေးတာလဲ ဆိုတာလဲ ဒီလိုပါပဲ ၊ အောင်မြင်ဘို့လုံလောက်အောင် မကြိုးစားအားမထုတ်ခဲ့ကြလို့ မအောင်မြင်ရသေး တာပါ ၊ ကျွန်တော်တို့ (အားလုံး) ကိုယ်ကျိုးစွန့်မှုပမာဏ အများကြီးလိုနေကြသေးတယ် ၊ ကိုယ်ကျိုးကိုကာကွယ်ဘို့ ဟိုလိုသည်လို (ဆင်ခြေတွေ) အကြောင်းအမျိုးမျိုးပြခဲ့ကြတယ် ၊ နိုင်ငံရေးစကားလုံးတွေနဲ့အလှမ်းဝေးတဲ့ပြည်သူတွေက ဟိုလူပြောဟုတ်နိုး သည်လူပြော ဟုတ်နိုး နဲ့ေ၀၀ါးရင်း လက်တွေ့ရင်ဆိုင်နေရတဲ့ ဖိနှိပ်ခံဘ၀နဲ့ လိုက်လျောညီထွေဖြစ်မဲ့ ပုံစံ မှာပဲ ဖြတ်သန်းနေကြရတယ် ။

ရှစ်လေးလုံးအရေးတော်ပုံ ၊ ၁၉၉၀ ရွေးကောက်ပွဲ ၊ ၂၀၀၇ စက်တင်ဘာ တွေမှာ ရလာဒ် တစ်စုံတစ်ရာ ရှိပြီးပါလျက် ၊ အောင်မြင်မှုအခြေအနေတစ်ခု ရောက်ပြီးပါလျက် ၊ ပြည်သူတွေကိုေ၀၀ါးစေခဲ့လို့ ပြန်ကျရှုံးခဲ့ရတယ် ၊ ရှစ်လေးလုံးအရေးတော်ပုံမှာ လူထုက မောင်နုထောက်ခံရမလား ၊ အောင်ကြီးထောက်ခံရမလာူး၊ ဒေါ်စု ထောက်ခံရမလား ၊ေ၀၀ါးခဲ့တယ် ၊ အောင်ပွဲရဲ့အဆုံးသတ်အတွက် ဘာလုပ်ရမလဲေ၀၀ါးခဲ့တယ် ၊ အကြမ်းဖက် ပြစ်ခတ် အာဏာသိမ်းခံခဲ့ရတယ် ။ ၁၉၉၀ ရွေးကောက်ပွဲမှာလဲ “ပြီးရင် စစ်တန်းလျားပြန်မယ် ၊ အာဏာလွှဲပေးမယ် ” ဆိုတဲ့ကတိကို စစ်တပ်က ခုလိုချိုးဖေါက်ခဲ့ရင် ၊ ခုလို ပြည်သူ့ဆန္ဒကို စော်ကားခဲ့ရင် ဘာလုပ်မလဲလို့ ကြိုတင်ပြင်ဆင်မှု မရှိခဲ့ဘူး ၊ ဖွဲ့စည်းပုံဥပဒေဆွဲရဦးမယ် ပြောပြိး နားလှည့်ပါးလှည့်လုပ်ခံရချိန်မှာ ပြည်သူလူထုက ဘာလုပ်ရမယ်မသိေ၀၀ါးခဲ့ရပြန်တယ် ၊ ၂၀၀၇ စက်တင်ဘာမှာလဲ သံဃာတော်တွေဦးဆောင်မှုကို အကြမ်းဖက် ဖြိုခွဲခံရရင် ဘာလုပ်မလဲလို့ ကြိုတင်ပြင်ဆင်မှု မရှိခဲ့ဘူး ၊ စစ်အာဏာရှင်တွေရဲ့ ရိုင်းစိုင်းမှုကို လျော့တွက်ခဲ့ကြတယ် ၊ ကျွန်တော်တို့သုံးနှုန်းခဲ့ကြဘူးတဲ့ တစ်ဗိုလ်ကျတစ်ဗိုလ်တက် ဆိုတာလဲ တကယ်တမ်းမှာဖြစ်မလာခဲ့ဘူး ၊ ပြည်သူတွေကတော့ ထုံးစံအတိုင်း ဘာဆက်လုပ် ရမယ်မသိေ၀၀ါးခဲ့ရပြန်တာပါပဲ ။

သေချာတာတစ်ခုက ကျွန်တော်တို့ ဗမာပြည်သူတွေက တိုက်ပွဲမကြောက်ဘူး ၊ တိုက်ပွဲရှိရင်ပါတယ် ၊ နယ်ချဲ့ကျွန်ဘ၀ ၊ ဖက်စစ်ကျွန်ဘ၀ ၊ အမျိုးသားချင်းကျွန်ပြန်ဖြစ်တဲ့ဘ၀ တွေမှာ သက်တမ်းကြာနေခဲ့ရတော့ ၊တော်လှန်တဲ့အတွေးအခေါ် ချိုးနှိမ်ခံထားရသလိုဖြစ်နေပြီး မှန်ကန်တဲ့ဦးဆောင်လမ်းပြမှု လိုနေတာပါ၊ ပြည်သူကိုမေ၀၀ါးစေတဲ့ မှန်ကန်တဲ့ဦးဆောင်မှုနဲ့ တိုက်ပွဲရှိရင် ၊ ကျွန်တော်တို့ပြည်သူတွေ ဘာ့ကြောင့်ဖိနှပ်ခံဘ၀က မလွတ်မြောက် ရသေးတာလဲ ဆိုတဲ့မေးခွန်း ၊ ပြီးဆုံးသွားမှာပါ ။

(၃)

ထိုးသားကျလက်ရည်ဝနေတဲ့ လက်ရှိချန်ပီယံကို စိန်ခေါ်ပွဲတစ်ပွဲတက်ထိုးပြီး အရှုံးနဲ့ ပြန်ဆင်းခဲ့ရချိန်တိုင်း ဒါဏ်ရာဒါဏ်ချက်တွေ အများကြီးရခဲ့တယ်၊ နောက်တစ်ကြိမ် စိန်ခေါ်ထိုးနိုင်ဘို့ ၊ ဒါဏ်ရာတွေပျောက်အောင်စောင့်ရတယ် ၊ ရန်သူ့ သတ်လုံး သတ်ကွက် တွေကို ပြန်သုံးသပ်ရင်း ၊ ခုခံနိုင်ဘို့ ၊ ပြန်တိုက်စစ်ဆင်နိုင်ဘို့ လေ့ကျင့်ရတယ် ၊ အသေအချာ ပြင်ဆင်ပြိး နောက်တစ်ကြိမ် စိန်ခေါ်ထိုးသတ်ပြီးမှ အနိုင်ရမှာဖြစ်တယ် ။

ကျွန်တော်တို့ တော်လှန်ရေး အောင်မြင်အောင် ဘာလုပ်ကြမှာလဲ ဆိုတဲ့အဖြေက အဲဒါပဲ ၊ တိုက်ပွဲမရှိရင် အောင်ပွဲမရှိဘူး ၊ လေ့ကျင့်ပြင်ဆင်မှုမလုံလောက်ရင် တိုက်ပွဲမနိုင်ဘူး ၊ စစ်အစိုးရကတော့ လက်ရှိရထားတဲ့ အာဏာသရဖူကိုကာကွယ်ဘို့ ဘက်စုံပြင်နေတာ အားလုံးအသိပါပဲ ၊ စင်ပေါ်တက်စိန်ခေါ်မလာရအောင်လဲ အောက်လမ်းနည်းမျိုးစုံနဲ့ ကာကွယ် တားဆီးတယ် ၊ စင်ပေါ်တက်စိန်ခေါ်လာရင်လဲ ခပ်ကြမ်းကြမ်းထိုးသတ်နိုင်အောင် ပြင်ဆင် ထားတယ် ၊ကျွန်တော်တို့ ကသူတို့ထက်သာအောင် လေ့ကျင့်ရမယ် ၊ ပြင်ဆင်ရမယ် ။

ဥက္ကဌ မော် ပြောသလို တော်လှန်ရေးကတော့ ဇာပန်းထိုးသလို ၊ ဧည့်သည်ထမင်းစား ဖိတ်သလို လွယ်တာမျိုးမဟုတ်ဘူး ၊ ကျွန်တော်တို့ ကိုယ်ကျိုးမစွန့် နိုင်ရင် တော်လှန်ရေး အလုပ်တွေ လုပ်နိုင်ဘို့ မလွယ်ဘူး ၊ ခုက ကျွန်တော်တို့ အားလုံး လုံလုံလောက်လောက် ကိုယ်ကျိုးမစွန့် ကြသေးဘူး ၊ မနက်မိုးလင်းအိပ်ယာထတိုင်း ဗမာပြည်လွတ်မြောက်ရေး အတွက် ၊ တော်လှန်ရေးအတွက် ငါ ဒီနေ့ ဘာလုပ်မလဲ ၊ စ စဉ်းစားဖြစ်သလား ၊ ဘာစားမယ် ဘာသောက်မယ် ၊ မိသားစုဘယ်သွားမယ် ၊ ဒီနေ့ ဘာသင်တန်းရှိတယ် ၊ စသဖြင့် ကိုယ်ကျိုး စီးပွားတွေပဲ စ စဉ်းစားဖြစ်သလား ၊ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်မညာတမ်း အဖြေထုတ်ရင် တွေ့ နိုင်ပါတယ် ၊ ကျွန်တော်တို့ ကိုယ်တိုင်က တက်ကြွမှုတွေလျော့နည်း နေတာ တွေ့ ရပါတယ် ၊ “ငါတို့ လုပ်ခဲ့ကြပြီးပြီပဲ ” ဆိုတာထက် ၊ ငါတို့ လုပ်ဘို့ လိုနေသေး တယ်ဆိုတာမျိုးစဉ်းစားမှ ကျွန်တော်တို့ နှစ်ပေါင်းများစွာရင်းနှီးခဲ့တာတွေ အချည်းနှီး မဖြစ်မှာပါ ။ နိစ္စဓူဝ အသေးအမွှားကိစ္စလေးတွေကအစ ကျွန်တော်တို့ ပြန်ပြင်ရင်း တိုက်ပွဲ ၀င်ရေးအားထည့်ကြရအောင် (ကိုယ့်ကိုယ်ကိုယ်ကအစ) အားလုံးကိုတိုက်တွန်းချင်ပါတယ် ။

ဗမာပြည် ပြည်သူလူထုက ဖွဲ့ စည်းပုံဥပဒေမှာ ဘာတွေမမျှတဘူးဆိုတာ မသိဘူး ၊ စစ်အစိုးရအနိုင်ကျင့်အုပ်ချုပ်နေတာပဲသိတယ် ၊ အတိုက်အခံအင်အားစုတွေကထုတ်တဲ့ ကြေငြာချက်တွေမဖတ်ရဘူး ၊ လမ်းပေါ်ထွက်ဦးဆောင်မဲ့သူမရှိတာပဲသိတယ် ၊ ရွေးကောက်ပွဲ လုပ်ပြီးရင် စစ်ကျွန်သက်ပိုရှည်မယ်မရှည်ဘူးမတွေးဘူး ၊ လက်ရှိငတ်မွတ်ဆင်းရဲနေတာပဲ သိတယ် ၊ အားလုံးညီရင်တော့ ချဘို့ အသင့်ပဲဆိုတာမျိုး တိုက်ပွဲမျှော်တဲ့စိတ်ဓါတ်တွေလဲ ရှိကြတယ် ၊ ပြည်သူတွေက ပြည်သူတွေပီသစွာ လက်တွေ့ဘ၀နဲ့ကိုက်ညီအောင် ဖြတ်သန်းနေကြတယ် ။ ပြည်သူကို ဦးဆောင်မဲ့ ကျွန်တော်တို့တော်လှန်ရေးအင်အားးစုတွေက လက်တွေ့ဘ၀နဲ့ ကင်းကွာနေကြတယ် ၊ တော်လှန်ရေးလမ်းကြောင်းပေါ်ကနေ မသိမသာ တစ်မျိုး ၊ သိသိသာသာ တစ်မျိုး သွေဖီနေကြတယ် ၊ တော်လှန်ရေးသမားဘ၀တွေကနေ ကိုယ်ပိုင်ဘ၀တွေဆီကို ပြန်ဦးလှည့်နေကြတယ် ။

ကျွန်တော်တို့ ရွေးကောက်ပွဲဆန့်ကျင်ရေး ကြေငြာချက်တွေထုတ်ယုံ ၊ မီဒီယာတွေ ကနေ့ ၀ါဒဖြန့်ချီရေးတွေလုပ်ယုံ ဟာ ထိရောက်တဲ့တိုက်ပွဲ ပုံသဏ္တာန်မဟုတ်ဘူးဆိုတာ အားလုံးသိကြပါတယ်၊ “ ဘာမှမလုပ်တာထက်စာရင် ဒါလဲတော်လှန်ရေးအလုပ်ပဲ ” ဆိုပြီး အာသာပြေ လုပ်နေတာမျိုးထက် ၊ တကယ်တိုက်ပွဲဝင်ဘို့ နီးစပ်ရာညှိနှိုင်း ပြင်ဆင် တည်ဆောက်ကြတာ ပိုကောင်းမယ်ထင်ပါတယ် ၊ စစ်အစိုးရက ဖွဲ့စည်းပုံအတည်ပြုခဲ့တာ ၊ ရွေးကောက်ပွဲလုပ်မယ်ဆိုတာတွေဟာ သူ့အာဏာတည်မြဲရေး သူ့အလုပ်သူလုပ်နေတာပါ ၊ ကျွန်တော်တို့က ကိုယ့်အလုပ်ကိုယ်မလုပ်ကြဘူး ၊ သူတို့လုပ်တဲ့အမှားတွေပဲထောက်ပြပြီး “ဒါမဖြစ်သင့်ဘူး ၊ ဒါကိုဆန့်ကျင်ရမယ်”ဆိုတာမျိုးပဲ ၀ိုင်းအော်နေတာ ၊ အကယ်တမ်းက ပြည်သူ့အာဏာကို လက်နက်နဲ့ အကြမ်းဖက်သိမ်းပိုက်ပြီးကထဲက သူတို့ကမှားနေပြီးသားပါ ကျွန်တော် တို့ရဲ့ မူလတာဝန်ကိုက စစ်အစိုးရဖြုတ်ချနိုင်ရေးလုပ်ဘို့ပါ ၊ သူတို့လုပ်တာကို ကန့်ကွက်နေယုံ မဟုတ်ပါဘူး ၊ စစ်အစိုးရက ကျွန်တော်တို့ရဲ့ အတိုက်အခံ မဟုတ်ပါဘူး ၊ ရန်သူသာဖြစ်ပါတယ် ၊ အဲဒီတော့ ပြည်သူကိုမေ၀၀ါးစေပဲ စစ်အစိုးရကို ဘယ်လိုတိုက်ပွဲဝင် ဖြုတ်ချမလဲဆိုတဲ့ ကိုယ်ပိုင်တိုက်ပွဲလမ်းကြောင်းပဲ စဉ်းစားကြစေချင်ပါတယ် ။

လက်နက်ကိုင်အင်အားစုတွေကလဲ တပ်တည်ဆောက်ရေးတွေပြန်လုပ် ၊ တောတွင်း မြို့ တွင်း ထိုးစစ်ဆင်နွှဲနိုင်အောင်ကြိုးစား ၊ လက်နက်မဲ့အဖွဲ့ အစည်းတွေကလဲ ရေရာတဲ့အချိန် တစ်ခုသတ်မှတ်ပြီး လူထုအုံကြွမှုဖေါ်နိုင်အောင် ပြည်တွင်းအင်အားစုတွေတည်ဆောက်၊တစ်ဗိုလ်ကျတစ်ဗိုလ်တက် ဆိုတာမျိုးဖြစ်အောင် ပြင်ဆိုတာမျိုး (ဟန်ရေးပြနေတာ မျိုးမဟုတ်ပ)ဲတကယ်လုပ်ကြသင့်ပါပြီ ၊ ဟန်ချက်ညီလှုပ်ရှားမှုအတွက် ကျွန်တော်တို့ အားလုံး စုစည်းညီညွတ်ဘို့ တကယ်တမ်းက နောက်တောင်ကျနေပါပြီ ။

ပြည်သူတွေမေ၀၀ါးစေပဲ တိုက်ပွဲဆီဦးတည်ကြပါစို့

စစ်အာဏာရှင်စနစ် မုချ ကျဆုံးရမည်။

ပြည်သူ့ ဒီမိုကရေစီအရေးတော်ပုံ အောင်ရမည် ။

ယုံကြည်ချက်ဖြင့်----

ရဲဘော် ဗိုလ်သူ

Tuesday, February 16, 2010

0 လူ့အခွင့်အရေး ကိုယ်စားလှယ် ဒေါ်စုရှေ့နေ ၄ ဦးနဲ့ ရန်ကုန်မှာ တွေ့ဆုံ


မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ ဒီနေ့မနက် ၉ နာရီမှာ မင်္ဂလာဒုံ နိုင်ငံတကာလေဆိပ်ကို ဆိုက်ရောက်ခဲ့ပါတယ်။ သူ့ရဲ့ မြန်မာနိုင်ငံ ၅ ရက်ကြာခရီးစဉ်နဲ့ ပတ်သက်ပြီး ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂ သတင်းနဲ့ ပြန်ကြားရေးဌာန တာဝန်ခံ ဦးအေးဝင်းကို ဗွီအိုအေက ဆက်သွယ်မေးမြန်းတဲ့အခါ အခုလိုပြောပါတယ်။

“မစ္စတာ ကင်တားနား ရောက်ကတည်းက ကုလသမဂ္ဂ ဒီမှာရှိတဲ့ အဖွဲ့တွေနဲ့ တွေ့တယ်။ တွေ့ပြီးတော့ စောစောက ရှေ့နေ ဦးကြည်ဝင်းရယ်၊ ဦးဉာဏ်ဝင်းရယ် အဖွဲ့ အားလုံး ၄ ယောက်၊ သူတို့နဲ့ တွေ့တယ်။ နောက် တရားသူကြီး ဦးသောင်းညွန့်၊ ဦးညီညီစိုးတို့နဲ့ပါ တခါတည်း တွေ့သွားတယ်။”

မစ္စတာ ကင်တားနားဟာ ဒီနေ့ ရန်ကုန်မှာရှိတဲ့ နိုင်ငံခြားသံရုံးတွေက သံတမန်တွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့ကို မနက်ဖြန် အင်္ဂါနေ့ မနက်စောစောမှာ သွားရောက်မှာဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာတော့ ဘူးသီးတောင်မြို့ကို သွားရောက်မယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ကို ကြာသပတေးနေ့မှာ ပြန်လည်ရောက်ရှိဖို့ ရှိတယ်လို့ ဦးအေးဝင်းက ဗွီအိုအေကို ပြောပြပါတယ်။

မစ္စတာ ကင်တားနားဟာ မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံနိုင်ဖို့အတွက် နေပြည်တော်ကို သွားရောက်ဖို့လည်း စီစဉ်ထားတဲ့အကြောင်း၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ စစ်အစိုးရကို မေတ္တာရပ်ခံထားကြောင်း၊ တွေ့ခွင့်ရမရ မသိရသေးတဲ့အကြောင်း၊ သောကြာနေ့မှာ ပြန်လည်ထွက်ခွာဖို့ စီစဉ်ထားကြောင်းနဲ့ မပြန်ခင် သတင်းစာရှင်းလင်းပွဲ ကျင်းပမယ်လို့ ကုလသမဂ္ဂ ပြန်ကြားရေးဌာန တာဝန်ခံ ဦးအေးဝင်းက ဗွီအိုအေကို ပြောပြပါတယ်။

တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင် အဖွဲ့ကနေ မြန်မာနိုင်ငံရဲ့ လက်ရှိ တရားစီရင်ရေး စနစ်ရယ်၊ ရွေးကောက်ပွဲအပေါ် ဥပဒေကြောင်းအရ သုံးသပ်ချက်တွေကို မစ္စတာ ကင်တားနားကို ဒီနေ့ ရှင်းလင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေ အကျိုးဆောင် အဖွဲ့ထဲက တဦးလည်းဖြစ်၊ NLD ပြောခွင့်ရပုဂ္ဂိုလ် တဦးလည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းထားပါတယ်။

“ဒီနေ့ ညနေ ၃ နာရီကနေ ၄ နာရီအထိ မြရိပ်ညိုဟိုတယ်မှာ တွေ့ပါတယ်။ မစ္စတာ ကင်တားနားနဲ့ သူ့ရဲ့ လက်ထောက် ၂ ယောက်၊ ဒီဘက်က ဦးကြည်ဝင်း၊ ကျနော်၊ ဦးလှမျိုးမြင့်၊ ဒေါ်ခင်ဌေးကြွယ်ပါ။ ကျနော်တို့ အဓိက ဒီနေ့ပြောခဲ့တာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု၊ မပြီးပြတ်သေးတဲ့ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ ဥပဒေ အယူအဆတွေကို ကျနော်တို့ ပြောခဲ့တယ်။

“နောက်တခုက မြန်မာနိုင်ငံမှာ လက်ရှိ ကျင့်သုံးနေတဲ့ တရားစီရင်ရေး စနစ်က ကောင်းတယ်။ သို့သော်လည်း လက်တွေ့ ကျင့်သုံးတဲ့နေရာမှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိနေတယ်။ ဥပမာအားဖြင့် ကျနော်တို့ ပြောခဲ့တာက Open Court မဟုတ်ဘူး၊ အများပြည်သူ ကြားနာခွင့် မရတဲ့ တရားရုံးတွေ ဖြစ်နေတယ်။ ဆွေမျိုး၊ မိသားစုတောင် လုံးဝ နားထောင်ခွင့် မရဘူး။ အဲဒီအခြေအနေကို ကျနော် ပြောပြခဲ့တယ်။

“နောက်တခုက နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အမှုတွေမှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး ရဲလက်မအပ်မီမှာ တချို့ ရက်နဲ့၊ တချို့က လနဲ့ကို ကြာတယ်။ အဲဒီကာလတွေကို အချုပ်အဖြစ် မသတ်မှတ်ဘူး။ အဲဒီလို မသတ်မှတ်တဲ့ ကာလတွေအတွက် သက်ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ အဲဒီလို ခေါ်ယူ ဖမ်းဆီးထားခွင့်ကလည်း ဘယ်ဥပဒေမှာမှ မပေးဘဲနဲ့ ဒါဟာ အလေ့အကျင့်လို ဖြစ်နေတယ်ဆိုတာ ပြောခဲ့တယ်။ အဲဒါတွေပါပဲ၊ ဒီနေ့က။”

ဒေါ်အောင်ဆန်းစုကြည် အမှုနဲ့ ပတ်သက်ပြီးတော့ရော မစ္စတာ ကင်တားနား ဘက်က ဘာတွေ တင်ပြသွားတာမျိုး ရှိပါသလဲ။

“မစ္စတာ ကင်တားနားက ပြောပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ အရေးယူခဲ့တဲ့ ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်တဲ့ ဥပဒေဟာ နိုင်ငံတကာ အဆင့်အတန်းနဲ့ မကိုက်ညီဘူးတဲ့။ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့လည်း မညီညွတ်ဘူးတဲ့။ အဓိက အကြောင်းကတော့ တရားရုံးရဲ့ အမိန့်၊ တရားရုံးရဲ့ စစ်ဆေးမှု မပါဘဲနဲ့ လူတွေကို ချုပ်နှောင်ထားခွင့်ကို အဲဒီ ဥပဒေက ပေးလို့ပါလို့ သူ အဲဒီလို ပြောပြသွားပါတယ်။”

အခု နောက်ဆုံး နေအိမ်အကျယ်ချုပ် ၁၈ လ ထပ်ချထားတဲ့ အမှုနဲ့ ပတ်သက်ပြီးတော့ရော။

“သီးခြားတော့ အဲဒီလို မပြောဘူး။ ဒီ ၁၈ လ ဆိုတာလည်း အဲဒီအမှုက ပေါက်ဖွားလာတာပဲလေ။ အဲဒီဥပဒေအရ အရေးယူလို့ ပေါက်ဖွားလာတာပဲ။ အဲဒီဥပဒေကိုက နိုင်ငံတကာ အဆင့်အတန်း မရှိဘူး၊ နိုင်ငံတကာ ဥပဒေနဲ့လည်း မကိုက်ညီဘူး။ နောက် Without Trial တရားရုံးရဲ့ စစ်ဆေး စီရင်မှု မရှိဘဲနဲ့ လူတွေကို ချုပ်နှောင်တာ လုံးဝ မှန်ကန်မှု မရှိဘူးလို့ အဲဒီလို ပြောတာပါ။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ကင်တားနားက တွေ့ဆုံမယ်လို့ အန်ကယ်တို့ကို ပြောသွားပါလား။

“ဟုတ်ကဲ့၊ ပြောပါတယ်။ သူက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ သူ့အစီအစဉ်ထဲမှာ ပါပါတယ်တဲ့။ ခွင့်ပြုချက် ရရင်တော့ သူ တွေ့ရမှာပဲတဲ့။ အဲတော့ သူ့အစီအစဉ်ကတော့ ၁၈ ရက်နေ့မှာတွေ့ဖို့ အစီအစဉ် ဆွဲထားပါတယ်လို့ ပြောသွားပါတယ်။”

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အန်ကယ်တို့နဲ့ တွေ့တဲ့အချိန်မှာ ဘာတွေများ ပြောသွားတာ ရှိပါသလဲ။

“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူ မေးခွန်းတခု မေးပါတယ်။ ရွေးကောက်ပွဲပေါ်မှာ ဘယ်လိုသဘောထားလဲတဲ့။ ဆိုတော့ ကျနော် သူ့ကိုပြောပြတယ်။ ၂၀၁၀၊ ၂ လပိုင်းရောက်ပြီ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အစီအစဉ်၊ ဥပဒေ ဘာညာ အခုထိ မသိဘူး၊ ဘယ်သူမှလည်း မသိဘူး။ အကယ်၍ ၂၀၁၀ နှစ်ထဲမှာပဲ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် အဲဒီရွေးကောက်ပွဲဟာ တရားမျှတမှု၊ လွတ်လပ်မှု၊ လုံးဝ မရှိနိုင်ဘူးလို့ ယူဆတယ်လို့ ကျနော် အဲလိုပြောခဲ့တယ်။”

ရွေးကောက်ပွဲအပြင် အန်ကယ်တို့ တခြား ဆွေးနွေးတာမျိုးရော ရှိပါသလား။

“မရှိပါဘူး။ ကျန်တာကတော့ ကျနော်တို့ တရားရုံးဆိုင်ရာ ကိစ္စတွေကိုပဲ ဆွေးနွေးပါတယ်။”

အခု မစ္စတာ ကင်တားနားနဲ့ အန်ကယ်တို့ ရှေ့နေ ၄ ဦးနဲ့ တွေ့ခွင့်ပေးတဲ့ အပေါ်မှာ အန်ကယ့်အနေနဲ့ ဘယ်လိုအမြင် ရှိပါသလဲ။

“မစ္စတာ ကင်တားနား အနေနဲ့ ကျနော်တို့ ရှေ့နေများဟာ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေကို နီးနီးစပ်စပ် တွေ့နိုင်တယ် ဆိုတဲ့ အယူအဆနဲ့ ကျနော်တို့ကို တွေ့တာလို့ပဲ မှတ်ယူပါတယ်။”(voa)

Monday, February 15, 2010

0 ရွှေဂုံတိုင်ကြေငြာစာတမ်းကို ထိန်းပြီးဆက်လက်ကိုင်တွယ် သွားများဟု အဖွဲ့ချုပ်(ဒု)ဥက္ကဋ္ဌ သူရဦးတင်ဦးပြောဆို....

သတင်း။ ။ ဒီမိုဝေယံ

ရွှေဂုံတိုင်ကြေငြာစာတမ်းကို ထိန်းပြီးဆက်လက်ကိုင်တွယ် သွားမည်ဟု မနေ့က နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာတဲ့ အဖွဲ့ချုပ်(ဒု)ဥက္ကဋ္ဌ သူရဦးတင်ဦးက ပြောဆိုကြောင်း ယနေ့မနက်ပိုင်းက ဘဘဦးတင်ဦးအား သွားရောက်တွေ့ဆုံခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးဖြစ်တဲ့ ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်.....



ဒီနေ့မနက်ပိုင်းက အန်ကယ်ဦးတင်ဦးကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အန်ကယ်ဦးတင်ဦး ကျန်းမာရေး ကောင်းမွန်ပါတယ်။ မျက်လုံးကတော့ မျက်မှန်ကမရသေးတော့ အဆင်မပြေသေးတာတစ်ခုပါပဲ.... စိတ်ဓာတ်လည်း ကြံ့ခိုင်ပါတယ်။ မနက်ဖြန်မှာ အပတ်စဉ် တနင်္လာနေ့တိုင်း ပြုလုပ်တဲ့ CEC အစည်းအဝေးကို တက်ပါမယ်။ ......

ဒီနေ့မနက် ၉နာရီခွဲလောက်က အန်ကယ်ဦးတင်ဦးတို့ ရွှေတိဂုံဘုရားကို သွားဖူးကြပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေနောက် တခြားပုဂ္ဂိုလ်တွေလည်း လာရောက်ကြပါတယ်။ အားလုံး ၃၀; ၄၀လောက်ရှိပါတယ်။ လက်ရှိ မြန်မာနိုင်ငံ အခြေအနေတွေလည်း အားလုံးသိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးသင်တယ်ပေါ့ ... နောက်ဒေါ်အောင်ဆန်းစုကြည် ကိုယ်လုပ်တဲ့ အမှုကိစ္စမဟုတ်ပဲနဲ့ အဖမ်းခံရတာလည်း ပြောဆိုပါတယ်။ ပါတီအတွက်တော့ ရွှေဂုံတိုင်ကြေငြာစာတမ်းကို ထိန်းပြီးဆက်လက်ကိုင်တွယ် သွားမယ်လို့ ပြောပါတယ်.. ဟု ပြောခွင့်ရ ပုဂ္ဂိုလ် တစ်ဦးဖြစ်တဲ့ ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်.....။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒု)ဥက္ကဋ္ဌ သူရဦးတင်ဦးဟာ ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီးအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပါတယ်။ စစ်အစိုးရဟာ ဒီပဲယင်းလုပ်ကြံမှုကြီးအား ယခုထက်ထိ လှစ်လျူရှူထားပြီး စုံစမ်းဖော်ထုတ်ပေးခြင်း မရှိသေးပါဘူး။ ရိုက်နှက်ခံရသူများ အဖွဲ့ချုပ်အဖွဲ့ဝင်များနဲ့ ထောက်ခံသူ ပြည်သူများဟာ ဖမ်းဆီးထိန်းသိမ်းခြင်းခံရပြီး ကြီးလေးတဲ့ အပြစ်ဒဏ်တွေနဲ့ အတူထောင်သွင်း အကျဉ်းကျခြင်း ခံခဲ့ရပါတယ်....ပြစ်မှုကျူးလွန်တဲ့ တရားခံများကိုတော့ ယခုထိတိုင်အောင် စုံစမ်းဖော်ထုတ်ပေးခြင်း မရှိသေးပါဘူး။ နိုင်ငံတကာနဲ့ လူအခွင့်အရေး အဖွဲ့အစည်းများကတော့ ဒီလုပ်ကြံမှုမှာ အစိုးရအာဏာပိုင်များ ပါဝင်ပတ်သတ်မှုရှိကြောင်း ပြောဆိုကြပါတယ်။ ဘဘဦးတင်ဦးဟာ ပြန်လည်လွတ်မြောက် လာချိန်မှာရွှေဂုံတိုင် ကြေငြာချက်ကို ဆက်လက်ထောက်ခံသွားပြီး အဖွဲ့ချုပ်လုပ်ငန်းများကို ဆက်လက်လုပ်ကိုင် ဆောင်ရွက်သွားမည် ဟုပြောဆိုပါသည်။

သတင်း ဒီမိုဝေယံ...

Sunday, February 14, 2010

1 အဲန်အယ်လ်ဒီ ဒုဥက္ကဌ ဦးတင်ဦး ပြန်လည်လွတ်မြောက်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးဟာ ဒီကနေ့ နေအိမ် အကျယ်ချုပ်သက်တမ်း ၆ နှစ်ပြည့်တဲ့နေ့မှာ ပြန်လည် လွတ်မြောက်လာခဲ့ပါပြီ။ မကြာခင်တုန်းလေးကပဲ ပြန်လည် လွတ်မြောက်လာတဲ့ ဦးတင်ဦး ကို ဗွီအိုအေက ကိုကျော်အောင်လွင်က တိုက်ရိုက် ဆက်သွယ် မေးမြန်းထားပါတယ်။

အခု ကျန်းမာရေး ကောင်းပါသလားခင်ဗျ။ -

"လူကြီးကောင်းပေါ့ဗျာ။ လူကြီးကောင်းပေါ့။"

ဟိုတလောတုန်းက ခွဲစိပ်ရတယ် ကြားပါတယ်ခင်ဗျ။ အခု အခြေအနေ ကောင်းပါသလား။ -

"ဟုတ်ကဲ့။ အဲဒီတုန်းက ဒီလိုပါ။ မျက်စိနဲ့ပတ်သက်လို့ နည်းနည်း အမြင်မကြည်တာနဲ့ ခွဲစိပ်တာ မဟုတ်ဘူးခင်ဗျ။ လေဆာပစ်တာပေါ့လေ။ အဲတော့ ကောင်းသွားပါလိမ့်မယ်။"

အခု နေအိမ်အကျယ်ချုပ်နဲ့ အဖမ်းခံထားရတာ ၆ နှစ်ပြည့်တဲ့နေ့မှာ ပြန်လွတ်လာတယ်ဆိုတော့ ဒီ ၆ နှစ်အတွင်း မြန်မာပြည် နိုင်ငံရေး အခြေအနေတွေ ဘယ်လိုရှိတယ်ဆိုတာ အဖမ်းခံထားရတဲ့ အချိန်အတွင်းမှာ ဘယ်လို သိထားပါသလဲခင်ဗျ။ -

"အပြင်မှာ ခင်ဗျားတို့ ပြောတာဆိုတာတွေ အားလုံး၊ အွန်လိုင်း ဆွေးနွေးတာတွေရော အဲဒါတွေ သိပါတယ်။"

ဒီနှစ်အတွင်းမှာ ရွေးကောက်ပွဲတကြိမ် ပြန်ကျင်းပမယ်လို့ မြန်မာစစ်အစိုးရက ကြေညာထားပါပြီခင်ဗျ။ -

"အဲဒါက ကျနော်တို့ အဖွဲ့ချုပ်က ရွှေဂုံတိုင် ကြေညာစာတမ်းကိုပဲ ကျနော်တို့ကတော့ အကောင်အထည် ဖော်ရမှာပေါ့ဗျာ။ ရွှေဂုံတိုင် ကြေညာချက်အတိုင်းပဲ ကျနော်တို့ လိုက်နာရမှာပေါ့။"

ဦးတင်ဦးက ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒီပဲယင်း အရေးအခင်းမှာ အဖမ်းခံထားရတာ ဒေါ်အောင်ဆန်းစုကြည်ကတော့ ခုချိန်ထိ ပြန်မလွတ်သေးပါဘူး။ အဲန်အယ်လ်ဒီ ပါတီမှာ ခေါင်းဆောင်ပိုင်းမှာ အခုလိုမျိုး ပြန်လွတ်လာတဲ့အတွက် အဲန်အယ်လ်ဒီပါတီအတွက်တော့ ၀မ်းသာစရာ သတင်းပေါ့လေ။ အဲတော့ ဘယ်လို ခေါင်းဆောင်မှုမျိုးနဲ့ ဆက်သွားမယ်လို့ စိတ်ကူးထားပါသလဲခင်ဗျ။ -

"ဒီအတိုင်းပဲဗျာ။ ဥက္ကဌလည်း ရှိနေတာပဲ။ အတွင်းရေးမှူးလည်း ရှိနေတာပဲ။ အဖွဲ့အစည်းလည်း ရှိနေတာပဲဗျာ။ အဖွဲ့အစည်းအတိုင်းပဲ သွားရမှာပေါ့။"

အခုနောက်ဆုံး ပြန်လွတ်လာတဲ့ အခြေအနေမှာ တိုင်းပြည်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဘာတွေများ ပြောစရာ ရှိပါသလဲခင်ဗျ။ -

"အဖွဲ့ချုပ်မှာ ကြေညာထားတဲ့ကိစ္စတွေ ရှိပြီးသားပဲလေ။ အဲတော့ အဖွဲ့ချုပ် ကြေညာထားတဲ့အတိုင်းပဲ ကျနော်တို့က အကောင်အထည်ဖော်ပြီး သွားကြရမှာပေါ့။ နောင် ဆွေးနွေးစရာ ရှိတာတွေအားလုံးလည်း ဆွေးနွေးသွားမှာပေါ့။"

ဦးတင်ဦးဟာ ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့ ဒီပဲယင်း အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ အဖမ်းခံခဲ့ရတာပါ။ သူ့ရဲ့အသက်ဟာ အခုဆိုရင် ၈၃ နှစ်ရှိပြီဖြစ်ပါတယ်။ (VOA)

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.