Saturday, September 17, 2011

0 ဒီမိုကရက်တစ်အစိုးရတရပ်၏အခြေခံအကျဆုံးတာဝန်များ

Prime Responsibilities of Democratic Government

0 ရာဇ၀င်များရဲ့သတို့သမီး...ငါတို့ရဲ့မိခင်..ဧရာဝတီ

0 မမေ့နိုင်သောစက်တင်ဘာသံဃာ့အရေးအခင်း(ရွှေဝါရောင်တော်လှန်ရေး၎နှစ်ပြည့် )ရုပ်/သံ


အစပိုင်းတွင်. Still ရှိသောကြောင့်စိတ်ရှည်စွာ.အနည်းငယ်စောင့်ပေးပါ။ လာပါလိမ့်မည်။

ရန်ကုန်မှာမိုးကတစိမ့်စိမ့် ၊ တဖြောက်ဖြောက် မိုးသံအကြား အဆောင်းမပါ ခြေဗလာနှင့် ရန်ကုန်တစ်မြို့လုံး အရပ်ရှစ်မျက်နှာအနှံ့ လှည့်လည်ရွတ်ဆိုနေခဲ့သည့် သံဃာတော်များ၏ မေတ္တာပို့သံကို စိတ်၏နားဖြင့် ကြားယောင်လာသည်။

သည်မေတ္တာမိုးရေစက်များနောက် တစ်နိုင်ငံလုံးမှ ရဟန်းရှင်လူပြည်သူထောင်ပေါင်းများစွာ တကောက်ကောက် လိုက်ပါခဲ့ကြသည်။

ဘေးရန်ခပ်သိမ်း ဆင်းရဲခပ်သိမ်း ငြိမ်းချင်ကြသော ပြည်သူများ၊ နှလုံးစိတ်ဝမ်း အေးချမ်းချင်ကြသော ပြည်သူများကိုယ်စား သံဃာများက မေတ္တာနှင့်တောင်းခံရာတွင် တကယ်တမ်းရရှိခဲ့သည်က လက်ကိုင်တုတ်များ သေနတ်ကျည်ဆံများ သက်သက်လား၊ တကယ်တမ်း ပေးဆပ်ခဲ့ရသည်က အသက်သွေးခဲများ၊ အရေအတွက်တိုးပွါးလာသော နိုင်ငံရေး အကျဉ်းသားများသာလား၊

တကယ်က ဒါတင်မကသေးပါ။ ၂၀၀၇ သံဃာ့အရေးအခင်းတွင် စတေးခဲ့ရသည့် ရဟန်းရှင်လူတို့၏ အသက်သွေးချွေးများကြောင့် သာလျှင် စစ်အုပ်ချုပ်ရေးဆိုသည့် အကျည်းတန်ခေါင်းစဉ်တစ်ခုအောက်မှ လူသတ်လိုင်စင် သက်တမ်းတိုးခွင့် ကုန်ဆုံးသွားခဲ့ခြင်း ဖြစ်ပါလိမ့်မည်။

သံဃာ့အရေးအခင်းပင် လေးနှစ် နှစ်ပါတ်လည်ခဲ့ပြီ။ နိုင်ငံရေးအကျိုးအမြတ်တစုံတရာမရလိုက်ပဲ အချည်းနှီးဖြစ်ခဲ့ရသည့် အကြမ်းမဖက်တော်လှန်ရေးတစ်ခုဟု အသက်သွေးချွေးစတေးခဲ့ရသူအချို့၏ မိသားစုဝင်များက ဆိုကောင်းဆိုကြမည်။

စာသင်သားသံဃာ့မိတ်ဆွေများဆုံးရှုံးခဲ့ရသဖြင့် ဘာသာရေးနှင့် နိုင်ငံရေး ရောယှက်မိ၍ ဖြစ်ရလေခြင်း ဆိုသည့် ယူကြုံးမရဖြစ်ကြသည့် ရဟန်းတော်များလည်းရှိကောင်း ရှိပါလိမ့်မည်။

သို့ပေမယ့် အနှစ်နှစ်ဆယ်နီးပါး အချိန်ဝယ်ယူကာရေးဆွဲနေခဲ့သည့် စစ်အစိုးရ၏အခြေခံဥပဒေကို အသက်သွင်းဖို့၊ လမ်းပြမြေပုံအလိုကျ ရွေးကောက်ပွဲကြီးကို တက်သုတ်ရိုက်ကျင်းပဖြစ်ဖို့ အဓိက စေ့ဆော်ခဲ့သည့် အကြောင်းရင်းမှာ ၂၀၀၇ စက်တင်ဘာတွင် ဖြိုင်ဖြိုင်ရွာခဲ့သည့် ဘုရားသားတော်များက ပို့သခဲ့သည့် မေတ္တာမိုးများကြောင့်သာ ဧကန်ဖြစ်၏။

အချောင်နံမည်ကောင်း ၀င်ယူလိုကြသည့် ခါတော်မှီနိုင်ငံရေးသမားများကြောင့်မဟုတ်ပေ။

သည်ကနေ့တော့ စစ်သားတစ်မတ်သား နှင့် စစ်ဗိုလ်ချုပ်လူထွက် အတော်များများအပြင် မျက်စိသူငယ် နားသူငယ် အရပ်သား တစ်ဆယ်သားကျော်ကျော်ပါဝင်သည့် အရပ်သားအစိုးရဟုအမည်တွင်သော အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာခဲ့သလို လူ့အခွင့်အရေးနှင့်ဒီမိုကရေစီ ဆိုသည့် စကားလုံးများကိုပင် ပြည်သူ့လွှတ်တော်အတွင်း ကျယ်ကျယ်လောင်လောင်ပြောဆို သုံးစွဲလာခဲ့ကြလေပြီ။

ဒါတင်မကသေးပေ၊ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် Inter-Parliamentary Union (IPU) မှ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့လာခဲ့သည့် အမေးစကားတစ်ခုကိုပင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကိုယ်တိုင် လွှတ်တော်ထဲအရောက် သယ်ဆောင်လာခဲ့၏။

နိုင်ငံသားများက သူတို့၏လွှတ်တော်အပေါ် ဘာကိုမျှော်လင့်ထားသလဲ ဆိုသည့်မေးခွန်းက နိုင်ငံသားများ၏ပုခုန်းပေါ်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ကျရောက်လာခဲ့လေပြီ။

လွှတ်တော်ကိုယ်စားလှယ်များကလည်း ပြည်သူ့အသံ လွှတ်တော်အသံ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ ပြည်သူတို့မျှော်လင့်ချက် လွှတ်တော်က ဖေါ်ဆောင်ရွက် ဟုတွင်တွင်ကြီးပြောလာကြပြီဖြစ်၏။

ဒီမိုကရေစီစနစ်မှာ မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ဖေါ်ထုတ်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်တို့ရှိသည့်အပြင် ထိုအခွင့်အရေးများအပေါ် အကာအကွယ်ပေးသည့်တရားဥပဒေ ပါဝင်သည့် ၂၀၀၈ခုနှစ်အခြေခံဥပဒေသည်လည်း သက်ဝင်ထင်ရှား ရှိခဲ့ ပေပြီ။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ့ယုံကြည်ချက်ကို အတိအလင်းထုတ်ဖေါ်ခဲ့သည်။

"ကျွန်မတို့ နိုင်ငံဟာ အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေမှာ ရောက်ရှိနေပါပြီ။ အပြောင်းအလဲ ဖြစ်ပြီလို့လည်း ကျွန်မ မပြောချင်ပါဘူး။ ဒါပေမဲ့ ဒါ ကျွန်မ လူသိရှင်ကြားပြောပြီး ဖြစ်ပါတယ်။ အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေကို ရောက်နေပြီလို့ ကျွန်မ ယုံကြည်တယ်။ ဒီအပြောင်းအလဲတွေဟာ ပြည်သူအတွက် တိုင်းပြည်အတွက် အကောင်းဆုံး ဖြစ်အောင်လို့ ဘယ်ပုံဘယ်နည်းနဲ့ လုပ်မလဲဆိုတာ လူတိုင်းလူတိုင်းဟာ တာဝန်သိသိနဲ့ လေးလေးနက်နက် စဉ်းစားရမှာ ဖြစ်ပါတယ်။"

"ဒီအပြောင်းအလဲတွေဟာ ညင်သာရမယ်၊ ငြိမ်းချမ်းရမယ်၊ သိက္ခာရှိရမယ်။ ပြည်သူကို မထိရဘူး၊ နိုင်ငံကို မထိရဘူး။ ဆင်းသွားတဲ့ အစိုးရကိုလည်း မထိရဘူး၊ တက်လာတဲ့အစိုးရကိုလည်း မလိုလားအပ်တဲ့ အခွင့်အရေးတွေ မပေးရဘူး။ အားလုံးက မျှတတဲ့ အခြေခံအပေါ်မှာ တည်ရှိရမယ်"၊

နိုင်ငံသားများက သူတို့လွှတ်တော်ထံမှ ဘာတွေကိုများ မျှော်လင့်ထားပါသလဲ…..

လွတ်လပ်စွာ ဖေါ်ထုတ်ပြောဆိုနိုင်သည့် အခွင့်အလမ်းကောင်းတွေကို အသုံးချဖို့ အခါတော် အချိန်သင့်ခဲ့ပြီမို့ ဘာတွေမျှော်လင့် ထားပါသလဲဆိုသည့် လွှတ်တော်ဥက္ကဋ္ဌ၏ မေးခွန်းအပေါ် နိုင်ငံသားများကိုယ်တိုင် ငြိမ်းချမ်းစွာ တိတိကျကျဖြေဆိုရမည့် အလှည့်သို့ ကျရောက်ခဲ့ပြီဖြစ်၏။

ဆင်းရဲခပ်သိမ်း ကင်းငြိမ်းစေဖို့ ဆင်းရဲတွင်းမှလွတ်ကင်းစေမည့် လွတ်လပ်ခိုင်မာသည့် စီးပွါးရေး အခြေခံကောင်းတွေ တည်ထောင်ဖို့ဘေးရန်ခပ်သိမ်း ငြိမ်းကြစေဖို့ ယုံကြည်ချက်ကြောင့် နှစ်ရှည်လများ အကျဉ်းကျနေသူများနှင့် မိအိုဖအိုတွေ ဇနီးမယား သမီးသားတွေ ပြန်ဆုံတွေ့ကြဖို့တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး စစ်မက်ကင်းဝေး နှလုံးစိတ်ဝမ်း အေးချမ်းစွာ နေထိုင်ကြစေဖို့ယဉ်ကျေးမှု အမွေအနှစ် ချစ်သော အမိဧရာဝတီကို လူမျိုးခြားများဖျက်ဆီးမည့်ဘေးအန္တရာယ်က ကယ်တင်ဖို့သည်တစ်ခါ တော့ နိုင်ငံသားများ က ကိုယ့်အသံကိုယ် ငြိမ်းချမ်းစွာ ထုတ်ဖေါ် ပြောဆိုရမည့် အချိန်အခါကောင်းသို့ကျရောက်ခဲ့ပြီဖြစ်၏။

အားလုံး မတ်တပ်ရပ်ပြီး ဦးထုပ်တွေ ချွတ်လိုက်ကြရအောင်၊ စက်တင်ဘာမှာ မေတ္တာမိုးများ ရွာသွန်းစေခဲ့သည့် ဘုရားသားတော်များကို ရည်စူး၍ ဦးညွတ်လိုက်ကြရအောင်ပါ။

မိုးယုမေ ရေးသားသည်။(Yangon Press International)

0 Ayarwaddy . . . . " Not For Sale "



တစိမ့်စိမ့် စီးဆင်းနေတဲ့ မေခရဲ့ အလှ
တသွယ်သွယ် စီးဆင်းနေတဲ့ မလိခရဲ့ အလှ
မြစ်ဆုံဟာ သူတို့ရဲ့ ရင်ခွင်လား
ဧရာဝတီဟာ သူတို့ရဲ့ ရင်ခွင်လား

မနောတိုင်ဟာ ကချင်ပြည်နယ်နဲ့ သင်္ကေတ ဆိုရင်
မြစ်ဆုံဟာ မေခ မလိခရဲ့ သင်္ကေတ
ဧရာဝတီရဲ့ နိဒါန်း

ဧရာဝတီဟာ သူတို့တွေရဲ့ အိပ်မက်ရင်ခုန်သံ
ဧရာဝတီဟာ သူတို့တွေရဲ့ အနာဂတ်
ဧရာဝတီဟာ သူတို့တွေရဲ့ မျှော်လင့်ခြင်း
သူတို့တွေဟာ ဧရာဝတီရဲ့ ရင်ခွင်မှာပဲ ထာဝရစီးဆင်းကြတယ်
ဧရာဝတီကို . . . သူတို့ နှလုံးအိမ်ထဲကနေ . . . . . . . . .ဆွဲထုတ် မသွားကြပါနဲ့ . . . ။

ခုန်ပျံတက်လာတယ်
ပြန်ခုန်ဆင်းသွားတယ်
အတက်အကျ လှိုင်းတွေရဲ့ရာဇ၀င်မှာ
ဒီရေ ဒီမြေဟာ သူတို့ရဲ့ ဘူမိနက်သန်
သူတို့ဟာ ဧရာဝတီရဲ့ နတ်သမီးပျိုတွေ
သူတို့ဟာ ဧရာဝတီရဲ့ ကကြိုး ကချေသည်တွေ
သူတို့ဟာ ဧရာဝတီရဲ့ မော်ကွန်းဝင် ရတနာတွေ
သူတို့ဟာ ဧရာဝတီရဲ့ အဖိုးတန်ရှားပါး လင်းပိုင်တွေ
ဧရာဝတီလင်းပိုင်ဟာ ဧရာဝတီရဲ့ ရင်ခွင်မှာပဲ ရှင်သန်တယ်
ဧရာဝတီလင်းပိုင်ဟာ ဧရာဝတီရဲ့ အိပ်မက်နဲ့ပဲ စီးမျောတယ်
ဧရာဝတီလင်းပိုင်ဟာ ဧရာဝတီရဲ့ သွေးနဲ့ပဲ ရဲရင့်ကြတယ်
ဧရာဝတီလင်းပိုင်းဟာ ဧရာဝတီရဲ့ ခြေရင်းမှာပဲ ထာဝရအိပ်စက်ကြတယ်
ဧရာဝတီကို . . . သူတို့ နှလုံးအိမ်ထဲကနေ . . . . . . . . ဆွဲထုတ် မသွားကြပါနဲ့ . . . ။ဥသြဟာ ဧရာဝတီရဲ့ နေညိုချိန်ကို လွမ်းတယ်
ဥသြဟာ ဧရာဝတီရဲ့ ပုစွန်ဆီရောင်ညနေခင်းကို တမ်းတတယ်
ဥသြဟာ ကြက်ခွပ်လှိုင်းခတ်နဲ့ ဧရာဝတီရဲ့ အလှကို ကျုးရင့်တယ်
ကွန်ပစ်တဲ့ တံငါလှေတွေဟာ ဧရာဝတီရဲ့ ဆည်းလည်းတွေလား
မင်းကွန်းတောင်းတန်းကြီးနဲ့ ပုထိုးတော်တွေဟာ ဧရာဝတီရဲ့ နောက်ခံပန်ချီကားလား
တရွေ့ရွေ့မျောလာနေတဲ့ ၀ါးဖောင်တွေက ဧရာဝတီရဲ့ အမှတ်သညာလား
ဧရာဝတီဆိုတာ အညာဒေသလေးရဲ့ အိုအေစစ်လေးပါ
ဧရာဝတီဟာ ကျုပ်တို့ရဲ့ ဟင်လေးအိုးကြီး
ဧရာဝတီဟာ ကျုပ်တို့ရဲ့ ဒဏ္ဍာရီ
ဧရာဝတီဟာ ကျုပ်တို့ရဲ့ နှလုံးသည်းပွတ်
ဧရာဝတီကို . . . . ကျုပ်တို့ နှလုံးအိမ်ထဲကနေ . . . . . . . . . ဆွဲထုတ် မသွားကြပါနဲ့ . . . ။

ချစ်သော ဧရာဝတီ . . .
ဧရာဝတီဟာ မြန်မာပြည်ကြီးရဲ့ အလှတစ်ပါး
ဧရာဝတီဟာ ညောင်ဦးကမ်းပါးရဲ့ အလှတရား
ဧရာဝတီဟာ ပုဂံပြည်ရဲ့ အလှတရား
ဧရာဝတီဟာ စစ်ကိုင်းတိုင်းရဲ့ အလှတရား
ဧရာဝတီဟာ ဂေါဝိန်ဆိပ်ကမ်းရဲ့ အလှတရား
ဧရာဝတီဟာ ပြည်မြို့ရဲ့ အလှတရား
ဧရာဝတီဟာ ကျုပ်တို့ ရင်ထဲက အလှတရား
ဧရာဝတီဟာ ကျုပ်တို့ ရင်ထဲက သစ္စာတရား
ဧရာဝတီဟာ ကျုပ်တို့ ရင်ထဲက ထာဝရအိပ်မက်
ဧရာဝတီကို . . . ကျုပ်တို့ နှလုံးအိမ်ထဲကနေ . . . . . . . ဆွဲထုတ် မသွားကြပါနဲ့ ။


သိဒ္ဓတ္ထလှိုင်ရဲ့ “ ရာဇ၀င်များရဲ့ သတို့သမီး ”
်ကျုပ်တို့ရဲ့ ဧရာဝတီ . . . .
သူရဲ့ ရင်ခွင်မှာ ကျုပ်တို့ရဲ့မြင့်မြတ်တဲ့ သမိုင်းတွေရှိတယ်
သူရဲ့ ရင်ခွင်မှာ ကျုပ်တို့ရဲ့ ရဲရင့်တဲ့ ရာဇ၀င်တွေ ရှိတယ်
ဧရာဝတီဟာ သမိုင်းချိုးကွေ့ရောက်တိုင်း
ကျုပ်တို့အတွက် အမှတ်တရတွေ မော်ကွန်းတင်ခဲ့တယ်
ဧရာဝတီကို ကျုပ်တို့ အဆုံးအရှုံးမခံနိင်ဘူး
ဧရာဝတီကို ကျုပ်တို့ သေဆုံးမခံနိင်ဘူး
ဧရာဝတီကို ကျုပ်တို့ ပျောက်ဆုံး မခံနိင်ဘူး
ဧရာဝတီကို ဘယ်သူလက်ထဲမှ အပါမခံနိုင်ဘူး . . . .

ဧရာဝတီသည် . . . . . . “ ရောင်း ရန် မ ဟုတ် ” . . . . .

လင်းခေတ်ဒီနို ( 23.8.11 , 1း00 PM )


http://www.lynnkhitdeno.com/2011/08/ayarwaddy-not-for-sale.html

0 မြန်မာနိုင်ငံရေးအခင်းအကျဉ်းနဲ့ ရှေ့အလားအလာ

၂၀၀၈ နာဂစ်အခြေခံဥပဒေနှင့် ၂၀၁၀ တွင် တက်လာသော ဦးသိန်းစိန်အစိုးရသည် ဒီမိုကရေစီနည်းကျ တက်လာပါသည် ဟု ကြွေးကြော်ရင်း ဆင်းရဲမှု တိုက်ဖျက်ရေး အစည်းအဝေးကို နေပြည်တော်တွင် စက်တင်ဘာလကပြုလုပ်ခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ ဖိတ်ခေါ်၍ တက်ရောက်စေခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာနိုင်ငံသည် ပြောင်းလဲနိုင်သော အခြေအနေသို့ ရောက်နေပြီဟုယုံကြည် ကြောင်း ကမ္ဘာ့ဒီမိုကရေစီနေ့တွင်ထုတ်ဖေါ်ပြောကြားလိုက်ပြန်ပါသည်။ မြန်မာနိုင်ငံသည်ငြိမ်းချမ်းစွာဒီမိုကရေစီစံနစ်ဆီသို့စစ်အာဏာရှင်ချပေးသောလမ်းကြောင်းဖြင့်တရွေ့ရွေ့ဖင်ဒ ရွတ်ဆွဲသွားနေမည်လော?ဧရာဝတီပေါက်ကွဲမှုကြီးဖြင့်လူမှုတော်လှန်ရေးဖြစ်မည်လော?။ စောင့်ကြည့်ရမည့် အချိန်သည်မဝေးတော့ဟုထင် သည်။

ဒေါ်အောင်ဆန်းစုကြည်က အခြေအနေ အချိန်အခါလိုက်ပြီး သင့်တော်လျှေက်ပတ်တဲ့ ပုံစံကို ပြောင်းလဲနိင်ဘို့လိုကြောင်း တချို့ကလည်း ပုံစံမပြောင်းနိုင်ဘဲ ဒီအခြေအနေပဲ ဒီပုံစံ၊ ဟိုအခြေအနေလဲ ဒီပုံစံဘဲ ဖြစ်နေခြင်းသည် ဆင်ခြင်သုံးသပ်နိုင်တဲ့ အရည်အချင်း အားနဲသည်ဟု ပြောရမှာဖြစ်ကြောင်း ပြောကြားခဲ့ခြင်းသည် အတိုက်အခံများဘက်မှ နိုင်ငံရေးအခင်းအကျင်း ပြောင်းလျှင်ပြောင်းသလို ရွှေ့နိုင်ပြောင်းနိုင်ရမည် (Flexible) တိုးလွယ် ဆုတ်လွယ်ကစားနိုင်ရမည်ဟု ဆိုလိုဟန်ရှိသည်။

ဒေါ်စု၏ ပြောကြားချက်များတွင် မှတ်သားစရာများ၊ သတိပြုစရာများ များစွာပါရှိနေသည်ကို သတိပြုမိဘို့ လိုပေသည်။

(၁) ခိုင်မာတဲ့ ဒီမိုကရေစီအဆောက်အဦတွေ တည်ဆောက်ဘို့။

(၂) စိတ်ဓာတ်တွေကို ဒီမိုကရေစီစံနစ်နဲ့ ထိုက်တန်အောင် လုပ်ရမည်။ မထိုက်တန်တဲ့ စိတ်တွေကို တော်လှန်ပစ်ရမည်။

(၃) ဒီမိုကရေစီ၏ လက္ခဏာသည် အစိုးရအပြောင်းအလဲလုပ်သည့်နေရာတွင် ညင်သာစွာပြောင်းလဲခြင်း၊ သိက္ခာရှိစွာ ပြောင်းလဲခြင်း၊ ငြိမ်းချမ်းစွာ ပြောင်းလဲခြင်း ဖြစ်သည်။

(၄) လူတိုင်း မိမိကို လေးစားတဲ့၊ တန်ဘိုးထားတဲ့၊ လူရာသွင်းတဲ့ စံနစ်ကို လိုလားမှာဖြစ်သည်။ ဘယ်သူမှ မိမိကို တန်ဘိုးမထားတဲ့ စံနစ်ကို လိုလားမှာ မဟုတ်။

(၅) တာဝန်အရလုပ်ရပါသည်ဆိုသည့် နေရာတွင် ဆင်ခြင်တုံတရားနှင့် အများကြီးဆိုင်ကြောင်း၊ အဓိပ္ပါယ်မှာ လူ့ပတ်ဝန်းကျင်ကို ထိခိုက်စေသော လူအများစုကို နစ်နာစေသော တာဝန်ကို ပေးအပ်လျှင် ဆင်ခြင်တုံတရားဖြင့် စဉ်းစားပြီး လုပ်သင့်မလုပ်သင့် စဉ်းစားဘို့လိုကြောင်း ပြောကြားခြင်းဟု ယူဆသည်။

(၆) လူကြီးများ ခလေးများကို အတင်းအကြပ်ပုံစံသွင်းတာသည် မသင့်လျှော်၊ ခလေးလူငယ်များတွင်လည်း သူ့ဟာသူ ဆင်ခြင်ပိုင်ခွင့်ရှိရမည်။

ဆိုသည့်အချက် ၆ ချက်ကို အဓိကထား ပြောကြားသွားခဲ့သည်ကို တွေ့ရှိရပေသည်။

(၁) ခိုင်မာသည့် ဒီမိုကရေစီအဆောက်အဦများ တည်ဆေက်မှု


ခိုင်မာသည့် ဒီမိုကရေစီ အဆောက်အဦးများ တည်ဆောက်မှု ဆိုသည်မှာ လွတ်လပ်သော လူ့ဘောင်အဖွဲ့အစည်းများကို ပြုစုပျိုးထောင်ပေးခြင်းအပေါ်တွင် မူတည်သည်။ (Civil Society) လွတ်လပ်သော လူ့ဘောင်အဖွဲ့အစည်းများ နိုင်ငံတခုတွင် လွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားခွင့်ရလျှင် ထိုအဖွဲ့အစည်းများက မိမိတို့ လူထုလူတန်းစားများ အကျိုးကို ကာကွယ်ရင်း မတရားမှုများကို ဆန့်ကျင်ခြင်း၊ တိုင်းပြည်လိုအပ်ချက်များကို ပခုံးထမ်း ဆောင်ရွက်ရင်းဖြင့် အစိုးရအဖွဲ့အစည်းများ၏ အာဏာအလွန်အကျွံ သုံးစွဲမှု မဖြစ်ရန် ဟန့်တားရင်း တရားဥပဒေစိုးမိုးရေကို တဖက်တလမ်း ဆောင်ရွက်သဖြင့် တရားရေး မဏ္ဍိုင်ခိုင်မာလာပြီး၊ နိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို တရားဥပဒေဘောင်အတွင်းမှ ကာကွယ်လာနိုင်ပြီး လူ့အခွင့်အရေး ပြည့်ဝသော နိုင်ငံအဖြစ် ပေါ်ထွန်းလာမည်ဖြစ်သည်။ ထို့အတူ ရရှိပြီးသော ဒီမိုကရေစီစံနစ်ကိုလည်း မပျောက်ပျက်စေရန် ဝိုင်းဝန်းကာကွယ်နိုင်ပေလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် (Civil Society) လွတ်လပ်သော လူ့ဘောင်အဖွဲ့အစည်းတွင်ပါဝင်သည့် အလုပ်သမားသမဂ္ဂများ၊ ကျောင်းသားသမဂ္ဂများ၊ တောင်သူလယ်သမား အစည်းအရုံးများ၊ စာဖတ်အသင်းများ၊ လူထုလူတန်းစားအဖွဲ့အစည်းများ၊ သတင်းစာနယ်ဇင်းများ၊ ဘာသာရေးအဖွဲ့အစည်းများ လွတ်လပ်စွာ ဖွဲ့စည်းနိုင်ခွင့် မိမိအဖွဲ့အစည်းများနှင့် အဖွဲ့ဝင်များ၏ ရပိုင်ခွင့်၊ လွတ်လပ်ခွင့်များကို ကာကွယ်နိုင်ခွင့်သည် လွန်စွာမှအရေးကြီးသည်။ ထိုအဖွဲ့အစည်းများအားကောင်းလာစေရန် ဒီမိုကရေစီနည်းကျ အစိုးရများက အားပေးသည်။ ထောက်ပံ့သည်။ တရားဥပဒေဘောင်အတွင်းမှ အကာအကွယ်ပေးသည်။ ယနေ့မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံ ဖြစ်မဖြစ် သိနိုင်ရန် လွတ်လပ်သော လူ့ဘောင်အဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ခွင့် ရှိမရှိ။ ရှိနေသာ အဖွဲ့အစည်းများ လှုပ်ရှားနိုင်ခွင့်ရှိမရှိ၊ လွတ်လပ်စွာ ပြောဆိုရေးသားနိုင်ခွင့် ရှိမရှိဖြင့် တိုင်းတာယူနိုင်ပေသည်။

(၂) ဒီမိုကရေစီစံနစ်နဲ့ ထိုက်တန်သော စိတ်ဓာတ်


ဒီမိုကရေစီစံနစ်နဲ့ ထိုက်တန်သောစိတ်ဓာတ်ဆိုသည်မှာ အများသဘောကို လိုက်လျောခြင်း၊ လူနည်းစုသဘောကို လေစားခြင်းပင်ဖြစ်သည်။ မိမိရှုံသည့်အခါ အသာတကြည် အပြုံးမပျက် လက်ခံနိုင်သည့် ရင့်ကျက်မှုရှိပြီး မိမိနိုင်သည့်အခါတွင်လည်း ရှုံးသူကို နိုင်ထက်စီးနင်းမပြုဘဲ မေတ္တာတရားဖြင့် ဆက်ဆံနိုင်ရမည်။ ဒေါ်စုက မေတ္တာတရားကို ထားခြင်းသည် မြန်မာနိုင်ငံက စံပြအဖြစ်ပြုသင့်သည်ဟုမြင်သည်။ ယနေ့စစ်အာဏာရှင် အသွင်ပြောင်း အရပ်သားအစိုးရသည် ပြည်သူမထောက်ခံဘဲ အာဏာယူထားသည့် အစိုးရဖြစ်သည်။ ထို့အတွက် ရှုံးနိမ့်လျှင် အတိုက်အခံတို့မှ ပြစ်ဒါဏ်ခတ်လာမည်ကို စိုးကြောက်နေခြင်းကို ဒေါ်စုက မေတ္တာတရားရှေ့ထားပြီး သင်ပုန်းခြေနိုင်ပါသည်ဟု ဆိုလိုခြင်းဖြစ်သည်ဟု ကောက်ချက်ချမိသည်။ ထို့ပြင် ရှုံးသူကလည်း နိုင်သွားသူနှင့် တိုင်းပြည်အကျိုးကို ရှေးရှုပြီး ပူးပေါင်းလုပ်နိုင်ရမည်ဟု ဆိုလိုကြောင်းသဘောပေါက်သည်။

(၃) ဒီမိုကရေစီ လက္ခဏာ


ဒေါ်စုက သူမ အနေနှင့် အစိုးရအပြောင်းအလဲကို ညင်သာသောနည်း၊ သိက္ခာရှိရှိ ငြိမ်းချမ်းစွာ ပြောင်းလဲလိုသည်ဟု ဆိုသည်။ ထိုသို့ ပြောင်းလဲခြင်းသည် ဒီမိုကရေစီ၏ ကောင်းမြတ်သောလက္ခဏာတရပ်ဟု မီးမောင်းထိုးပြသည်။ ထိုအချက်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရ NLD ပါတီအား အာဏာပေးအပ်ရန် စစ်အစိုးရမှ ငြင်းပယ်ခဲ့ခြင်းသည် ဒီမိုကရေစီလက္ခဏာ မဆောင်၊ လာမည့် ၂၀၁၅ ရွေးကောက်ပွဲသည် ဒီမိုကရေစီလက္ခဏာဆောင်ဘို့လိုသည်။ NLD သည် ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင် ဆင်နိုင်ဘို့ အားယူနိုင်ဘို့ လိုသည်ဟု ရည်ရွယ်ပြီး ပြောဟန်ရှိသည်။ ဦးသိန်းစိန်အစိုးရကိုလည်း ဒီမိုကရေစီနိုင်ငံ အမှန်တကယ်ပေါ်ပေါက်လာစေချင်လျှင် ညင်သာစွော ပြောင်းလဲမှုဖြစ်သည့် ရွေးကောက်ပွဲ ရလာဒ်ကို လေးစားလိုက်နာဘို့ လိုကြောင်း ကြိုတင် အသိပေးထားခြင်းလည်း ဖြစ်နိုင်သည်ဟု ကောက်ချက်ချသည်။ NLD ပါတီဝင်များကိုလည်း နိုင်ငံရေးအခင်းအကျင်း ပြောင်းလျှင် ပြောင်းသလို ကစားနိုင်ရမည်၊ ပုံစံပြောင်းနိုင်ရမည်ဟု အသိပေးလိုက်ခြင်းဖြစ်ကြောင်း သုံးသပ်သည်။ ၂၀၀၈ နာဂစ် အခြေခံဥပဒေကို NLD က လက်မခံသော်လည်း ပြောင်းလဲလာသော နိုင်ငံရေးအခင်းအကျဉ်းအရ ရွေးကောက်ပွဲ ဝင်သင့်လျှင် ဝင်ပြီး အာဏာရယူရေးကို စဉ်းစားနေသည်ဟု ထင်သည်။

(၄) ဒီမိုကရေစီစံနစ်ကို လူတိုင်းလိုလားသည်


လူတိုင်းဒီမိုကရေစီစံနစ်ကို လိုလားသည်ဟု ဒေါ်စုပြောကြားသွားခဲ့သည်။ လူတိုင်း မိမိကို လေးစားသည့် စံနစ်၊ လူရာသွင်းတဲ့စံနစ်ကို လိုလားမှာဖြစ်သည်ဟု ပြောဆိုချက်သည် ယေဘူယျအနေနှင့် မှန်ကန်သော်လည်း စစ်အာဏာရှင်များ ဘက်မှ ကြည့်လျှင် မမှန်နိုင်ဟုမြင်သည်။ စစ်အာဏာရှင်များအတွက် ၎င်းတို့ ပြုစုပျိုးထောင်ထားသော စံနစ်သည်၊ ၎င်းတို့အတွက် မှန်နေသည့်သဘောဖြစ်သည်။ အာဏာရှင်ဘဝဖြင့် လုပ်ချင်တာလုပ်ခွင့်ရသည်။ မိမိပတ်ဝန်းကျင်က မိမိကို လူရာထားသည်၊ ရိုသေသည်၊ လေးစားကြသည်၊ လက်ညှိုးညွှန်ရာ ရေဖြစ်သည့် ဘဝဖြစ်သည်။

သို့ရာတွင် ၎င်းတို့ဘဝသည် လူထုကြီး၏ လေးစားမှုကို မရသောဘဝ၊ လူထုနှင့် ကင်းကွာပြီး အစောင့်အထပ်ထပ်ကြားမှနေရသော ဘဝ မိမိကိုယ်တိုင်အကျဉ်းသားဖြစ်မှန်းမသိဖြစ်နေသောဘဝဖြစ်သည်။ ထိုကြောင့် အာဏာရှိသော်လည်း လူရာဝင်သော်လည်း၊ လူထုကြား မတိုးရဲသည့် ဘဝဖြစ်သည်။ ထိုဘဝမှရုန်းထွက်ရဲသည့်အနေအထားအာဏာယူထားသူများတွင်ရှိ ပြီလားအထူးလေ့လာသင့်သည်။



(၅) တာဝန်အရလုပ်ခြင်း


တာဝန်အရလုပ်ရပါသည်ဟု ပြောပြီး အပြစ်မဲ့သူများကို ဖမ်းဆီးခြင်း၊ ထောင်ချခြင်း၊ နှိပ်စက်ညှုင်းပန်းခြင်း၊ ဒီမိုကရေစီ လိုလားသူများကို နည်းမျိုးစုံနှင့် နှောက်ယှက်ခြင်းတို့သည် မှန်မမှန်၊ လုပ်သင့် မလုပ်သင့်ဆိုသည့် ကိုယ်ချင်းစာတရား၊ တိုင်းပြည်အတွက် အကျိုးရှိမရှိ၊ ထိုသူများသည် မိမိကိုယ်ကျိုးအတွက် လုပ်နေခြင်းလော၊ မိမိအပါအဝင်အများကောင်းစားရေးအတွက် လုပ်နေခြင်းလော စသည့် ဆင်ခြင်တုံတရားဖြင့် လေ့လာပြီး တာဝန်အရ လုပ်ရပါသည်ဆိုခြင်းထက် ထိုတာဝန်သည် တရားသဖြင့် ပေးအပ်သော တာဝန်လော ဟူ၍ စဉ်းစားဆုံးဖြတ်ပြီး မတရားလုပ်ရပ်များလုပ်ရန် ပေးအပ်လာသော တာဝန်များကို ဆင်ခြင်တုံတရားဖြင့် ငြင်းပယ်နိုင်ရမည်ဟု ဆိုလိုပေသည်။

(၆) လူကြီးများက ခလေးများကို ပုံစံသွင်းခြင်း


အရှေ့တိုင်း ယဉ်ကျေးမှုအရ လူကြီးများက ခလေးများကို အတင်းအကြပ် ဖိနှိပ်မှုဖြင့် မိမိတို့လိုရာ ပုံစံသွင်းခဲ့ကြသည်။ အရှေ့တိုင်း ပုံစံသည် အာဏာရှင်ဆန်သည်။ လူကြီးများက ခလေးများထက် ပိုသိသည်မှာ မငြင်းနိုင်ချေ၊ သို့ရာတွင် ခလေးများ သိသမျှတော့ လူကြီးများ အားလုံးမသိနိုင်သည့်အပြင် ခလေးရှုဒေါင့်နှင့် လူကြီးရှုဒေါင့်ခြင်းလည်း မတူနိုင်ချေ။ အိမ်ထောင်တခုတွင် မိဘဖြစ်သူနှင့် သားသမီးဆက်ဆံရေး အရှေ့နှင့် အနောက်မတူပါ။ အရှေ့ ဆက်ဆံရေးမှာ ငါတို့မင်းတို့ထက်သိတယ်၊ တတ်တယ်၊ မင်းတို့အရင် ထမင်းစားလာတာကွဆိုသည့် အပေါ်စီးဆက်ဆံမှုမျိုးဖြစ်သည်။

အထူးသဖြင့် မြန်မာနိုင်ငံတွင် အဖေဖြစ်သူက အိမ်ထောင်ဦးစီးဖြစ်သဖြင့် မအေလုပ်သူက စားဦးစားဖျားကျွေးသည်။ ခလေးများ အရိုးအရင်းကိုက်ရသည်။ လူကြီးပြောတာကို လိုက်လုပ်ရသည်။ ဆင်ခြေတက်၍မရ။ ကျောင်းတွင်လည်းဆရာ၊ ဆရာမတို့က စာမလိုက်နိုင်လျှင်၊ လစစ်စာမေးပွဲကျလျှင် ကျောင်းအုပ်ကြီးကို ခေါ်ပြီး ကြိမ်နှင့်ရိုက်သည်။ ခလေးများကို လူကြီးများက အကြောက်တရားဖြင့် ဖိနှိပ်ပြီး မိမိတို့၏ အမိန့်ကို နာခံရန် ပုံစံသွင်းခြင်းခံရသည်။ ထို့ကြောင့် အာရှတိုက်တွင် ခလေးများက လူကြီးများ လုပ်သမျှ မှန်မှန်မှားမှား ပြန်လှန်ခြေပ ခုခံခွင့်မရဘဲ ခံကြရသည်။ ဤအတွေးအခေါ်သည် အာရှတိုက်တွင် အာဏာရှင်စံနစ်လွှမ်းမိုးနေမှု၏ အဓိက အကြောင်းတရားထဲတွင် ပါဝင်နေသည်။

အနောက်နိုင်ငံများတွင် ဒီမိုကရေစီစံနစ် ထွန်းကားသည်မှာလည်း ၎င်းနိုင်ငံများတွင်းရှိ ခလေးသူငယ်များအပေါ် လူကြီးများ၏ ဆက်ဆံရေးမှာ အာရှနှင့်မတူသည့် အချက်ကလည်း များစွာ အထောက်အကူပြုခဲ့ပေသည်။ ခလေးများသည် အနာဂါတ်ကို ဦးဆောင်မည့်သူများဖြစ်သည်။ ခလေးများသည် ဦးစားပေးအဆင့်ထိပ်တွင်ရှိသည်။ ခလေးများကို ရိုက်နှက်ဆုံးမခြင်းမပြုရ။ မိဘက ရိုက်နှက်လျှင် ပုလိပ်ကို ဖုံးဖေါ်၍ တိုင်ခွင့်ရှိသည်။ ပုလိပ်က မိဘကို အရေးယူသည်။ ထို့အတူ ကျောင်းတွင် ဆရာများက ကျောင်းသားများကို မရိုက်ရချေ။ ရိုက်ခွင့်မပြု။ ကျောင်းများတွင် ကြိမ်လုံး မထားရှိချေ။ ဆိုးသွမ်းသော ကျောင်းသားများကို အတန်းထဲမှ ထုတ် ထား ခြင်း၊ အချိန်ပိုကျောင်းတွင် နေစေခြင်းတို့ဖြင့် အပြစ်ဒါဏ် ပေးသည်။

မိဘဖြစ်သူက သားသမီးကို အပြစ်ဒါဏ်ပေးလျှင် ၎င်း၏ ရပိုင်ခွင့် မုန့်ဖိုးဖြတ်ခြင်း၊ သူငယ်ချင်းများအိမ်သို့ အလယ်သွားခွင့်ကို ပိတ်ပင်ခြင်း၊ မိမိအခန်းတွင်း၌သာ နေအိမ်တွင် နေစေခြင်းတို့ဖြင့် အပြစ်ပေးသည်။ ခလေးများကို ရိုက်နှက်ဆုံးမခြင်းဆိုသည့် နာကျင်အောင် ပြုလုပ်၍ အကြောက်တရားဖြင့် လိုက်နာစေခြင်းထက် မိမိဘာကြောင့် အပြစ်ခံရခြင်းကို သိသည့် အသိတရားဖြင့် ဆုံးမခြင်းကို ဦးစားပေးသည်။ ထို့ကြောင့် အနောက်နိုင်ငံမှ ခလေးများ လူကြီးသူမများကို မကြောက်ကြချေ။ ရိုတော့ရိုသေကြသည်။ သူတို့ကိုလည်း လူကြီးသူမများက သူတို့မေးမြန်းချင်သမျှကို မေးခွင့်ပြုထားပြီး စိတ်ရှည်လက်ရှည် ရှင်းပြတတ်သည့်အတွက် ခလေးများက မိမိမေးလိုရာကိုသော်လည်းကောင်း မိမိအမြင် မတရားမမျှတဟု ထင်သည့်အရာကို ၎င်းရဲရင့်စွာ ပြန်လှန်မေးခွန်းထုတ်တတ်သလို၊ ခုခံချေပပိုင်ခွင့်ရှိသည့်အတွက် လူကြီးများက ၎င်းတို့မှားယွင်းသည့်အခါ ပြုပြင်နိုင်ကြပြီး တရားမျှတရန် ဆောင်ရွက်ပေးတတ်သည်။

မိဘဖြစ်သူက သားသမီးအား ငါ့သားသမီးဖြစ်သည် ငါရိုက်ချင် ရိုက်မည်။ သတ်ချင်သတ်မည် လုပ်၍မရသလို ဆရာများကလည်း ငါ့ကျောင်းသား ငါကောင်းစေချင် လို့ ရိုက်သည်ဟု ဆင်ခြေပေး၍ ရိုက်မရချေ။ လူဆိုသည်မှာ အတ္တရှိသည်၊ ဒေါသရှိသည်၊ မောဟရှိသည်။ ထိုကြောင့် လူကြီးများ အမြဲမမှန်နိုင်သလို ခလေးများအမြဲ မမှားနိုင်ပါ။ ထို့ကြောင့် ခလေးများကို အကာအကွယ်ပေးသည့် ဥပဒေများကို ထုတ်ပြန်ပေးထားခြင်းကြောင့် အနောက်နိုင်များတွင် ခလေးများသာမက တိရစ္ဆာန်များအတွက်ပါ ဂုဏ်သရေရှိစွာ နေထိုင်နိုင်ခွင့်ရှိကြသည်။ အနောက်နိုင်ငံ၏ ကောင်းမြတ်သော အတွေးအခေါ်မှာ သားသတ်ရုံသို့ ပို့သော တိရိစ္ဆာန်များကိုပင်လျှင် ကြမ်းကြုတ်သော နည်းများဖြင့် ညှင်းဆဲသတ်ဖြတ်ခြင်းကို တားမြတ်ထားသည်။ ထိုအကြောင်းကို နောက်ဆောင်းပါးတွင် ရှင်းပြပါမည်။

အကြောက်တရားဖြင့် လူကြီးပြောသမျှ နားထောင်ပြီး လုပ်ရသော အရှေ့တိုင်းခလေးများနှင့် အနောက်နိုင်ငံရှိ ခလေးများ အဓိက ကွာခြားချက်မှာ မိမိယုံကြည်ရာ မှန်သည်ထင်ရာကို မေးရဲပြောရဲခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့ သတ္တိကို လူကြီးများက အမျှော်အမြင်ကြီးစွာဖြင့် ပြုစုပျိုးထောင်ပေးခဲ့သည်။ ငါ့တို့ ပြောသမျှ လိုက်လုပ်ရမည်ဆိုသည့် အတွေးအခေါ်သည် အာဏာရှင်စံနစ်ကို ရှေးရှုစေသည်ဆိုလျှင် မမှားချေ။ ခလေးဘဝကတည်းက မိမိလုပ်ပိုင်ခွင့်၊ ပြောဆိုပိုင်ခွင့်၊ လွတ်လပ်စွာ တွေးခေါ်ပိုင်ခွင့်ပေးထားသော ခလေးများသည် ဒီမိုကရေစီစံနစ်ကို ယုံကြည်သော ခလေးများ၊ ဒီမိုကရေစီစံနစ်၏ တန်ဘိုးကို လေးစားလိုက်နာသော ခလေးများဖြစ်လာကြပြီး ကြီးပြင်းလာသောအခါ ဒီမိုကရေစီစံနစ်ကို ယုံကြည်သက်ဝင်ပြီး ကာကွယ်စောင့်ရှောက်သူများ ဖြစ်လာကြသည်။

နိဂုံးအားဖြင့် ယနေ့ နိုင်ငံရေးအခင်းအကျင်းသည် အမှန်တကယ်အကောင်းဖက်သို့ သွားနေခြင်းလော၊ သို့မဟုတ် ယခင် ဗိုလ်ချုပ်သန်းရွှေ၏ နည်းဗျူဟာအတိုင်း အချိန်ဆွဲရေး လှည့်စားမှုဖြင့် သွားနေခြင်းလော ဆိုသည်ကို အတိုင်းအတာတခုအထိ စောင့်ကြည့်ရန်လိုပေသည်။ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ဒီရေအတက်အကျကို ထိပ်တန်းမြန်မာခေါင်းဆောင်တယောက်အနေဖြင့် ပါဝင်တိုင်းတာလျက်ရှိသည်။

ယခင် ထိပ်တိုက်ပုံစံမှ ယခု ပူးပေါင်းလုပ်ဆောင်လျက် ဦးသိန်းစိန်အစိုးရ မည်မျှ ရိုးသားမှုရှိသနည်း၊ မည်မျှ သတ္တိရှိရှိ ပြောင်းလဲနိုင်သနည်းဟူ၍ အပြုသဘော လုံးဝဆောင်ပြီး လုပ်ဆောင်နေခြင်း၊ လက်တွေ့ ဝင်ကစားနေခြင်းကို နားလည်မှု ပေးသင့်သည်ဟု မြင်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အသက် ၆၆ နှစ်ရှိ ပြီ ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် သူမအသက် ၇၀ နှစ် ရှိတော့မည်ဖြစ်သည်။ သူမ၏ နိုင်ငံရေးတက်တက်ကြွကြွ လုပ်နိုင်သည့် သက်တမ်း သိပ်မကျန်တော့ချေ။ ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲကို ရည်မှန်း၍ ရွေးကောက်ပွဲ ဝင်သင့်လျှင် ဝင်ဘို့လိုကြောင်း စဉ်းစားထားကောင်း စဉ်းစားထားနိုင်ချြေရှိသည်။ ၂၀၀၈ နာဂစ် အခြေခံဥပဒေကို လက်မခံနိုင်သော်လည်း ၎င်းအခြေခံဥပဒေကို ပြုပြင်ရန်မှာ ရွေးကောက်ပွဲဝင်၍ အစိုးရဖွဲ့နိုင်ရန် ကြိုးစားပြီး အတွင်းမှသာ ပြုပြင်ပြောင်းလဲနိုင်မည်ဟု တွက်ဆအကောင်း တွက်ဆနိုင်သည်။ ပုံစံခွက်ပြောင်းခြင်းဆိုသည်မှာ ဤသဘောဖြစ်နိုင်ချေရှိသည်။ မည်သို့ ဆိုစေကာမူ ဦးသိန်းစိန်အစိုးရသည် အမှန်တကယ် ပြောင်းလဲရန် ဆန္ဒရှိသည်၊ ဒီမိုကရေစီစံနစ်ကို အမှန်တကယ် တည်ဆောက်လိုလျှင် နိုင်ငံရေး အကျဉ်းသားမျာားကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးခြင်းဖြင့်သက်သေပြဘို့ လိုပေသည်။

ထို့အတူ ဧရာဝတီမြစ်ဆုံအရေးအခင်းသည် မြန်မာနိုင်ငံရေးတွင် အဓိက ပေါက်ကွဲနိုင်သည့် အနုမြူဗုံးကြီးပင်ဖြစ်သည်။ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း၏ မဆင်မချင် ပညာမဲ့ပြောကြားချက်သည် တပြည်လုံးရှိ နိုင်ငံသားများ၊ စီးပွားရေးပညာရှင်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေး အဖွဲ့အစည်းများ၊ အနုပညာရှင်များ၊ တောင်သူလယ်သမားများ၊ ရေလုပ်သားများအားလုံးကို တိုက်ပွဲဝင်ရန် တပ်လှန့် နှိုးဆော်လိုက်ခြင်းပင်ဖြစ်သည်။ ဧရာဝတီမြစ်ရေ အလျဉ်သည် မထင်မှတ်ဘဲ မြန်မာနိုင်ငံ၏ တိုးတက်ရာတိုးတက်ကြောင်းကို ပိတ်ဆို့တားဆီးနေသည့် မှိုက်သရိုက်စစ်အုပ်စုကို တိုက်စား ရှင်းပစ်နိုင်သည့် အင်အားကြီး ဖြစ်ကောင်းဖြစ်လာပေလိမ့်မည်။ သို့မဟုတ်ပါက ၂၀၁၅ ခုနှစ်တွင် NLD သည် ရွေးကောက်ပွဲဝင်၍ အာဏာရယူပြီး ဒီမိုကရေစီစံနစ်ကို အတွင်းမှ ပြုပြင်ပြောင်းလဲခြင်းဖြင့်သာ လုပ်ဆောင်နိုင်ပေလိမ့်မည်။ ပြည်ပနိုင်ငံရေး အင်အားစုများသည် ပြောပလောက်သော အင်အားစုအဖြစ် မတည်ရှိနေခြင်းက ၎င်းအခြေအနေသို့ တွန်းပို့ပေးလျက်ရှိပြီး၊ အနောက်နိုင်ငံများ၏ စစ်အုပ်စုကို ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် တဖြေးဖြေးခြင်း ပြောင်းလဲရမည်ဆိုသည့် အတွေးအခေါ်ရှိသူများ အင်အားကောင်းလာခြင်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဖိအားတရပ်အဖြစ် ဖန်တီးလာခဲ့သည်ဟု သုံးသပ်မိပေသည်။

တဖက်မှာလည်း တိုင်းရင်းသား လုက်နက်ကိုင်အဖွဲ့အစည်းများနှင့် စစ်ပွဲများ ပြန်စနေခြင်းဖြင့် ပြည်တွင်းစစ်မီးပြန်လည်ခေါင်းထောင်လာမည့် နိမိတ်များပြလျက်ရှိပြီး၊ တိုင်းရင်းသား လက်နက်ကိုင်အင် အားစုများသည်လည်း ယခင်၎င်းတို့ လုပ်နေကြပုံစံခွက်များမှ မထွက်ပဲ၊ ငါ့မတိုက်သေးသမျှ ငါငြိမ်နေမယ်၊ တခြားအဖွဲ့တွေတိုက်လဲ သူဖာသာသူ ခုခံလိမ့်မယ် ငါတို့နဲ့ မဆိုင်ဘူး၊ သူတို့ လုပ်ရပ်ကိုလှမ်းအားပေး ထောက်ခံလိုက်ရင် ပြီးတာပဲဆိုသည့် ပုံစံမှ သူ့ထိရင် ငါ့ထိသလိုဘဲ၊ သူအလှည့်ပြီးရင် ငါ့အလှည့်လာလိမ့်မယ်၊ ငါတို့ စုပေါင်းတိုက်ကြမှ ဖြစ်မယ်ဆိုသည့် လက်တွေ့ကျကျ တွေးခေါ်ပြီး တိုက်ပွဲတကယ်ဝင်မည့် တပ်ပေါင်းစုဖွဲ့ဘို့ လိုပေမည်။ အဓိက ဦးအောင်သောင်း မကြာခင်က ဝနယ်မြေ သွားရောက်ချွေးသိပ်ခဲ့ခြင်းကို ဝအနေနှင့် သိသင့်ပေသည်။ ကချင်ကိုတိုက်ရာတွင်လည်းကောင်း ၎င်းရှမ်းကို တိုက်ရာတွင်လည်းကောင်း ဝကို မပါစေချင်သည့် သဘောဖြစ်သည်။ အကယ်၍ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများ ပူးပေါင်းထိုးစစ်ဆင်နိုင်လျှင် မြို့များ သိမ်းနိုင်သည်အထိ အခွင့်သာနေသည်ကို တွက်ဆပြီး “ပြည်ထောင်စုကြီးကို ကာကွယ်ရန်” အတွက် ပြည်ထောင်စုတပ်မတော်ကြီးကို ဝိုင်းဝန်းအကောင်အထည်ဖေါ်ကြဘို့ လိုသည်။ စစ်ရေးနိမ့်ကျနေသောတပ်၊ စိတ်ဓာတ်ရေးရာ ခိုင်မာမှုမရှိသော ယနေ့တပ်မတော်ကို ကြေးစားတပ်မှ အမျိုးသားတပ်အသွင် ပြောင်းချင်သော တပ်မှူးများဖြင့် ပူးပေါင်းနိုင်သော အနေအထားသို့ ရောက်ရှိလာရန် ကြိုးစားဆောင်ရွက်ဘို့ အထူးလိုအပ်ပါပေသည်။ ဒေါ်အောင်ဆန်းစုကြည် သွားရာလမ်းကို စောင့်စားမနေဘဲ မိမိတို့ ဘက်မှ လုပ်သင့်သည်ကိုလည်းလုပ်ရင်း နိုင်ငံရေး ချိန်ခွင်လျှာကို မြှင့်တင်ကြရမည်ဖြစ်သည်။ ပြည်ပမှဒေါ်စုလုပ်ရပ်ကို မချင့်မရဲဖြစ်ရင်း ဝေဘန်နေမည့်အစား သူမလုပ်ရပ်ကို စောင့်ကြည့်ပြီး အားပေးဘို့ လိုအပ်ပေသည်။

ထွန်းအောင်ကျော်

၁၆ရက်၊ ၉လ၊ ၂၀၁၁ ခုနှစ်

0 The Lady ဇာတ်ကား တိုရွန်တိုမှာ လူကြိုက်များ(ရုပ်/သံ)


ဒေါ်အောင်ဆန်းစုကြည် ၏ ဘ၀ကို သရုပ်ဖော် ရိုက်ကူးထားသည့် The Lady ရုပ်ရှင်ဇာတ်ကားသည် ကနေဒါနိုင်ငံ တိုရွန်တို အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်တွင် လူကြိုက်အများဆုံး ဖြစ်နေသည်ဟု သိရသည်။

ယင်းပွဲတော်တွင် ရုပ်ရှင်ကားပေါင်း ၃၃၀ ကျော်ပါဝင်ပြသပြီး Red Carpet Colour Presentation အစီအစဉ်အရ ၁၅ ကားရွေးချယ် ရာ The Lady ပါဝင်ကြောင်း၊ ထို ၁၅ ကားထဲတွင် The Lady သည် လူကြိုက် အများဆုံး ဇာတ်ကားဖြစ်ကြောင်း တိုရွန်တို အခြေ စိုက် Burmese Student Democratic Organization(Canada) အဖွဲ့မှ ကိုကျော်ဇောဝေ က ပြောပြသည်။

The Lady ဇာတ်ကားကို တိုရွန်တို ပြပွဲတွင် စက်တင်ဘာ ၁၂ ရက်နေ့မှ စတင်၍ ၁၃ ရက်နှင့် ၁၇ ရက်နေ့ အပါအ၀င် ၃ ရက်ပြသ သွားမည်ဖြစ်သော်လည်း ရုပ်ရုင်လက်မှတ်များ ကုန်သွားပြီဖြစ်ပြီး အွန်လိုင်းတွင် တဆင့်ပြန်ရောင်းသူများက မူလ၀ယ်ဈေး၏ ၄ဆ အထိ ဈေးတင်ရောင်းနေကြောင်း သိရသည်။

“ပုံမှန် လက်မှတ်ဈေး က ၁၅ ဒေါ်လာပဲ၊ ဒီပွဲမှာ ၄၅ ဒေါ်လာပေးကြည့်ရတယ်၊ အွန်လိုင်းမှာတော့ ၁၈၀ နဲ့ ရောင်းထားတာတွေ့ရ တယ်”ဟု ကိုကျော်ဇောဝေ က ပြောသည်။

စက်တင်ဘာ ၁၂ ရက်နေ့ က ပြသသည့် The Lady ရုပ်ရှင် ပွဲစဉ်၌ လူ၂၀၀၀ ကျော်ဆန့်သည့် ရုံပြည့်ကာ နောက်ပြသမည့် ပွဲစဉ် အတွက်ပါ လက်မှတ်များ ကုန်သွားခဲ့ကြောင်း၊ ထိုနေ့ညပွဲ ဇာတ်ကားအပြီးတွင် ရုံထဲရှိ လူအားလုံး မတ်တတ်ရပ်ပြီး ၁၀ မိနစ် ခန့် လက်ခုပ်အော်ဘာ ပေးကြောင်း ၎င်းက ပြောဆိုသည်။

ကနေဒါရှိ CBC TV လိုင်း စစ်တမ်း တခုတွင် The Lady ရုပ်ရှင် ကြည့်လိုသူ ၅၆ ရာခိုင်နှုန်းရှိသည်ဟု ဖော်ပြထားကြောင်းလည်း သိရသည်။

ယင်းဇာတ်ကားကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သည့် ကိုဇော်ဇော်ကလည်း The Lady ဇာတ်ကားသည် ဖြစ်ရပ်မှန်ကိုအခြေခံ ထားသည့် ဇာတ်ကားဖြစ်သော်လည်း နိုင်ငံရေးကို အခြေခံရိုက်ကူးထားသည့်ဇာတ်ကားမဟုတ်ဘဲ လူမူရေးကို အခြေခံထားခြင်း ဖြစ်ပြီး မြန်မာ့ နိုင်ငံရေးနှင့် ဒီမိုကရေစီရေးကို မြှင့်တင်ပေးသည့် ဇာတ်ကားဖြစ်သည်ဟု ပြောသည်။

ထို ရုပ်ရှင်ပွဲတွင် ဇာတ်ကား ရိုက်ကူးသူ ဒါရိုက်တာ Luc Besson နှင့် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ထားသည့် မင်းသမီး မစ်ရှဲယိုး၊ ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်း ဗြိတိသျှလူမျိုး တိဘက်သမိုင်းပညာရှင် မိုက်ကယ်အဲရစ် အဖြစ် သရုပ်ဆောင် David Thewlis စသည့် သရုပ်ဆောင်များ လာရောက်ကြသည်ဟု သိရှိရသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရိုက်ကူးသည့် The Lady ဇာတ်ကားတွင် မြန်မာ့နိုင်ငံရေး လောက၏ နာမည်ကြီးပုဂ္ဂိုလ်များ ဖြစ် သည့် ဗိုလ်ချုပ် အောင်ဆန်း၊ အာဏာရှင် ဗိုလ်ချုပ်ကြီး နေ၀င်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု ဥက္ကဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စသည့် ဇာတ်ရုပ်များလည်း ပါဝင်သည်။

The Lady ရုပ်ရှင်သည် ၁၉၈၈ ခုနှစ်က မိခင် ဒေါ်ခင်ကြည် ကျန်းမာရေးချို့ယွင်း လာသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်သို့ ပြန်လာခဲ့ချိန်မှ ၁၉၉၉ ခုနှစ်ခန့် အထိ သရုပ်ဖော်ထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ်၊ ချင်း ပြည်နယ် နှင့် ဧရာဝတီတိုင်း ဓနုဖြူမြို့သို့ သွားရောက်သည့် ပါတီ ခရီးစဉ်များလည်း ပါဝင်ကြောင်း သိရသည်။

တိုရွန်တို အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်တွင် The Lady ဇာတ်ကားအကြောင်း ဖော်ပြထားသည့် အင်တာနက်စာမျက်နှာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

http://tiff.net/filmsandschedules/tiff/2011/thelady
Yangon PressInternational
Video..BBC

0 "The Sketch of A River" အမည်ရှိ ဧရာဝတီနဲ့ ပတ်သက်တဲ့ အနုပညာလက်ရာများပြပွဲ


Green Hearts Environment Network မှ ဦးစီးကျင်းပသည့် "The Sketch of A River" အမည်ရှိ ပန်းချီ၊ ဓါတ်ပုံ၊ ကာတွန်း၊ ဂရပ်ဖစ် နှင့် ကဗျာ ပြပွဲကို စက်တင်ဘာလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ယောမင်းကြီးလမ်းမှာ ဖွင့်လှစ်ထားတဲ့ Gallery Sixty Five မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ အဆိုပါ ပြပွဲမှာ အလွှာစုံမှ အနုပညာရှင် အယောက် ၅၀ ရဲ့ ဧရာဝတီနဲ့ ပတ်သက်တဲ့ အနုပညာလက်ရာများကို ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။ ပြပွဲကို နံနက် ၁၀ ...နာရီမှ ညနေ ၆ နာရီအတွင်း ပြသသွားမယ်လို့ သိရှိရပါတယ်။

GALLERY 65 Presents “The Sketch of A River” an Art Exhibition organized by the Green Hearts Environment Network to raise awareness and funds for the tree replanting initiative along the Banks of the Ayeyarwaddy River.

50 Artists, Photographers, Cartoonists, & Graphic Artists come together once again in one place to share one special message... “Save the Ayeyarwaddy!!!”

The event is from the 22nd to 24th of September, 2011
Exhibit hours from 10:00am to 6:00pm
http://artistguide.ning.com/forum/topics/the-sketch-of-a-river-art-exhibition

Please come and bring your family and friends to the Exhibit!

0 ဒို့နှလုံးသားထဲက ဧရာဝတီ (သီချင်း)


ဒို့နှလုံးသားထဲက ဧရာဝတီ
သံစဉ်၊ စာသား - ထက်အောင်ရှိုင်း
KEY:A တေးဆို - ထက်အောင်ရှိုင်း+စောလင်းစံ


A Gbm
V1. မေခနှင့် မလိခနှစ်သွယ် စီးဝင်ရာ
A Gbm
မြသားယမုန် အဖိုးထိုက်ရတနာ မြစ်ဧရာ
Bm E
ကြည်နူးစရာ.. ပြည်ကျက်သရေ တိုးစေရာ
A
သဘာဝအလှ အတွေးနယ်ပန်ချီ ..


V2. မရောင့်ရဲနှိုင် မနူဿဂုဏ်မာန်ကြွတွေ

တစ်ကိုယ်ကောင်းစိတ် အတ္တတို့လှောင်မြိုက်လွန်းတယ်

ကမ္ဘာကြီးထဲ ခြောက်ခြားစရာနိမိတ်ပုံတွေ

အရှိတရားလည်းပျောက်ကွယ်.. ..


CHO: ပြည်သူတွေတိုင်တည်သစ္စာတည်

မဟာပထ၀ီမြေကိုသက်သေမှီ


ရာဇ၀င်သံသယာတိုင်စီးပါစေ

အားလုံးအမှီပြုဖို့ သတ္တ၀ါတွေ


ဧရာဝတီစုန်ဆန်မေတ္တာရှင်

ဒို့နှလုံးသား အသက်ထပ်တူညီချစ်ကြမည်..


V3. ခဏလေးဘ၀ မသုံးနဲ့တစ်နပ်စားဥာဏ်

အထင်ကရအလှ ရှားပါးသယံဇာတတွေ

အိုမိခင် ကြေကွဲအနာဂတ်ကိုမြင် နဒီစွန်:တဲ့မျက်ရည်ပင်.. .. ..

ပေးပို့သော ကိုထက်အောင်ရှိုင်းအားအထူးကျေးဇူးတင်ရှိပါသည်...

Friday, September 16, 2011

0 မြစ်ဆုံရေကာတာမှ ရရှိမယ့် အကျိုးဆက်များ (VOA သတင်းသုံးသပ်ချက် )

ဒီတပတ် မြန်မာ့အရေး သတင်းသုံးသပ်ချက် ဆွေးနွေးခန်းမှာ ဧရာဝတီမြစ်ဆုံမှာ တည်ဆောက်နေတဲ့ ရေကာတာများရဲ့  အကျိုးဆက်ဆိုင်ရာများကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးညိုမောင်၊ ကာတွန်းဆရာ အော်ပီကျယ်တို့ကို ဦးကျော်ဇံသာ ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံ ဧရာဝတီမြစ်ပေါ်မှာ မြစ်ဆုံရေကာတာ တည်ဆောက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီးတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ၊ နိုင်ငံထဲက အထင်ကရ ပုဂ္ဂိုလ်တွေ၊ ပြည်သူတွေ စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း ထုတ်ဖော်ပြောဆိုသံတွေ ကြားလာရတဲ့ နောက်ပိုင်းမှာ သက်ဆိုင်ရာ ဝန်ကြီးတပါးက ဒီကိစ္စကို သူတို့ဘာပဲဖြစ်ဖြစ် ကန့်ကွက်တဲ့ကြားက ဆက်လုပ်မယ်လို့ ပြောဆိုခဲ့ပါတယ်။

သူက ဒါကို ဧရာဝတီရောဂါ လို့တောင် ခေါ်လိုက်ပါသေးတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေရဲ့ စိုးရိမ်မှု၊ စာနယ်ဇင်းသမားတွေရဲ့ ရေးသားမှုတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးရဲ့ ကန့်ကွက်သံကို ကြားရတော့ ပထမဦးဆုံး ကာတွန်းဆရာ အော်ပီကျယ်ကို မေးချင်ပါတယ် ဘယ်လိုများ စဉ်းစားမိပါသလဲ။

အော်ပီကျယ် ။ ။ ဧရာဝတီရောဂါမှာ ကာတွန်းဆရာတွေတောင် သူပြောတဲ့အထဲမှာ ပါသေးပါတယ်။ ပြည်ထောင်စုဝန်ကြီး အတိုင်းအတာအရတော့ လုံးဝတောင် မပြောသင့်တဲ့အရာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ သူပြောတာက သူ့ကိုယ်သူ တော်တော်သိပြီးတော့- သူတို့ လုပ်သင့်လုပ်ထိုက်တာ လုပ်နေတယ် ဆိုတဲ့ ပုံစံမျိုး ပြောလိုက်တာပါ။ အဲဒါ ဖတ်ပြီးပြီချင်း စိတ်က တော်တော်မကောင်း ဖြစ်သွားတယ်။ ဒီလောက် လူမျိုးက ဝန်ကြီးလုပ်နေရင်တော့ တိုင်းပြည်တော့ ဒုက္ခပါပဲပုံစံမျိုးလောက် တွေးမိတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာဦးညိုမောင် က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား၊ ပါမောက္ခ ပညာရှင် တဦးလည်း ဖြစ်ပါတယ်။ ဆရာ့အနေနဲ့ ဧရာဝတီ စီမံကိန်းကို ဝန်ကြီးက ဘာပြောသလဲဆိုရင် နိုင်ငံအတွက် အကျိုးရှိရင်တော့ ဆက်လုပ်ရမှာပဲ။ ဒါက အမျိုးသားရေး အကျိုးစီးပွားဖြစ်တယ်လို့ ဆိုပါတယ်။ အခုန သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ၊ စာ၊ နယ်၊ ဇင်းဆရာတွေ ကန့်ကွက်နေကြတာဟာ နိုင်ငံအကျိုးစီးပွားကို ထိခိုက်ရုံကလွဲလို့ ဘာမှမရှိဘူးလို့ ပြောပါတယ်။ အဲဒါ ဧရာဝတီမြစ်ဆုံ စီမံကိန်းဟာ အမျိုးသားရေး အကျိုးစီးပွား ဖြစ်ထွန်းမယ့်ကိစ္စလား။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ စိုးရိမ်တာက နိုင်ငံ့အကျိုးကိုပဲ ထိခိုက်မယ်ဆိုတာ မှန်ပါသလား။

ဦးညိုမောင် ။ ။ ကျနော်က ဧရာဝတီမြစ်ဆုံ နဲ့ မြစ်ကြီးနားအထက် ရေကာတာစီမံကိန်းမှာ တရုတ် ပညာရှင်တွေနဲ့ အတူတူလုပ်ခဲ့တဲ့ မြန်မာပညာရှင်တယောက်အနေနဲ့ ချိန်ဆလိုက်တဲ့အခါမှာ ဒီမြစ်ဆုံမှာ ရေကာတာဆောက်တာက စီးပွားရေးအရကြည့်ရင် တွက်ခြေကိုက်ပေမဲ့ ပတ်ဝန်းကျင်အရ ကြည့်မယ်ဆိုရင်တော့ ဒီနေရာဟာ မလုပ်သင့်တဲ့ နေရာဖြစ်တယ်လို့ ကျနော်တို့ရဲ့  အစီရင်ခံစာမှာလည်း အတိအကျ ပြောထားပြီးသား ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဝန်ကြီးပြောတဲ့အထဲမှာတော့ သူတို့ဟာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဘယ်လောက် ရှိမလဲဆိုတာ သူတို့ကိုယ်တိုင် မလုပ်ပါဘူး။ သူတို့ တဘတ်သတ် ကိုယ့်သဘောနဲ့ကိုယ် လုပ်ရာဖြစ်မှာစိုးလို့ ဘန်ကာ (BANCA = Biodiversity and Nature Conservation Association) ဆိုတဲ့အဖွဲ့ကို ဒေါ်လာ ၁.၂၅ သန်း ပေးပြီး တာဝန်ပေးခဲ့ပါတယ်- ဆိုတော့- ဘန်ကာအဖွဲ့က တစုံတရာ မကန့်ကွက်သလို ပြောနေတယ်။ အဲဒါကို ဆရာဘယ်လို မြင်ပါသလဲ။

ဦးညိုမောင် ။ ။ ဟုတ်ကဲ့ ကျနော်တို့ ဘန်ကာအဖွဲ့က တွေ့ရှိချက်များကို report တင်ရပါတယ်။ Report ရေးသားတဲ့နေရာမှာလည်း ကျနော်ပါပါတယ်။ တခု ဒီနေရာမှာ ပြောချင်တာက report မှာ မြန်မာ ပညာရှင်တွေ ရေးတဲ့ report က သီးခြားပါ။ တရုတ်ပညာရှင်တွေရေးတဲ့ report က သီးခြားပါ။ မတူပါဘူး။ တရုတ်ပညာရှင်တွေရေးတဲ့ report ကို ကျနော်တော့ မတွေ့ဖူးပါဘူး။ ကျနော်တို့ မြန်မာ ပညာရှင်များရေးတဲ့ report မှာ ကျနော်တို့ အတိအကျ ပြောထားပါတယ်။

ဒီမြစ်ဆုံမှာ ရေကာတာကို မဆောက်သင့်တဲ့အကြောင်းမှာ ကျနော်တို့ report ထဲမှာကို ပထမတချက် ဒီဟာက culturalheritage လို့ခေါ်တဲ့ ယဉ်ကျေးမှုအမွေအနှစ် နေရာဖြစ်တယ်။ ကချင်လူမျိုးတွေ ကလည်း သူတို့ရဲ့  မြစ်ဆုံဒေသကို သူတို့ရဲ့  heartland ဖြစ်တယ်လို့ တန်းဖိုးထားတဲ့အတွက် တစ်အချက် မလုပ်သင့်ပါဘူးလို့ ရေးထားပါတယ်။

နောက်တခုက ဘာလဲဆိုရင် environmental အရ ဒီနေရာကဆိုရင် ရှုခင်း landscape value ရှိတဲ့ အတွက် ဒီဟာကို မလုပ်သင့်ပါဘူးလို့ ဒုတိယအချက်အနေနဲ့ ပြောထားပါတယ်။

နောက်တခုကတော့ မြစ်ဆုံကို လုပ်မယ့်အစား မြစ်ဆုံရဲ့  အပေါ်ဖက် မေခ နဲ့ မလိခမှာ တခုစီ alternative နဲ့ လုပ်ပါလို့ အကြံပေးထားပါတယ်။ Sustainable development အတွက် ဆိုလို့ရှိရင် ဒီလိုကြီးမားတဲ့ dam ဟာ ဧရာဝတီမြစ်ဆုံမှာ မဆောက်သင့်ပါဘူးလို့ အတိအကျ ရေးထားတာ ဖြစ်ပါတယ်။



ဦးကျော်ဇံသာ ။ ။ ဆရာအော်ပီကျယ် … ဆရာဦးညိုမောင် ပြောတာကြားတဲ့အတိုင်းပါပဲ။ အစီရင်ခံစာ ရေးပြီးတော့ တင်ခဲ့တဲ့ ပညာရှင်တွေ ဝန်ကြီးကိုယ်တိုင် ကိုးကားပြီးပြောသွားတဲ့ ပညာရှင်တွေ အတိအကျ ကန့်ကွက်ခဲ့တာကိုတောင်မှ ဂရုမစိုက်ဘူး ပြောဆယ်ဆိုတော့ ဆရာအော်ပီကျယ်တို့ ကာတွန်းဆရာတွေ၊ စာ၊ နယ်၊ ဇင်းသမားတွေ ကန့်ကွက်တာလောက်တော့ သူတို့က ပြောတော့မှာပေါ့။ ဆရာအော်ပီကျယ်တို့က ဘယ်အချက်ကို အခြေခံထားပြီး အဓိက ကန့်ကွက်ပါသလဲ။



အော်ပီကျယ် ။ ။ ကျနော်တို့ ဧရာဝတီမြစ်က အထက်အပေါ်ဆုံးနားမှာ လုပ်ထားတော့ သူ့ရဲ့  ရေကာတာ အပေါ်ဘက်က လေ့လာစရာနည်းနည်းရယ်။ ကျနော်တို့ကတော့ မြစ်ကြီးရဲ့ အောက်ဘက် ပင်လယ်ထဲ ရောက်တဲ့အထိ လေ့လာရမှာ။ အဲဒီလေ့လာမှုကတော့ လေ့လာနေဆဲလို့ ဖတ်ရပါတယ်။ နောက် ဆရာ စောစောကပြောသလို ဒီဟာက ဆည်ဆောက်သင့် မဆောက်သင့်ဆိုတဲ့ ကိစ္စအပြင် ထိခိုက်မယ့်ဟာတွေက social impact တွေလည်း ထိမှာပဲ။ နောက် ကျန်းမာရေးနဲ့လည်း ပတ်သက်လို့ ထိမှာပဲ။ နောက် ယဉ်ကျေးမှုအရလည်း တော်တော်ထိသွားမှာပဲ။ နောက် လူမျိုးရေး အရလည်း - ဒီဆည်ကြီးတခုလုံးရဲ့  ဧရိယာက ဆည်ဧရိယာ အပါအဝင်က ကချင်ပြည်နယ် တခုလုံးရဲ့  ရာခိုင်နှုန်းတော်တော်များများကို ယူလိုက်မယ်ဆိုတော့ ဒီဆည်ကြီးကို ထိန်းသိမ်းမှု။

ဒီဆည်ကြီးကနေ လျှပ်စစ်ထုတ်ဖို့ကလည်း တရုတ်ကပဲ တာဝန်ယူမယ်။ သူတို့အလုပ်သမားတွေ၊ သူတို့လမ်းတွေဖောက်မယ်။ ဒီလမ်းဖောက်တဲ့အတွက် မြေတွေ၊ သစ်တောတွေ ပျက်စီးမယ်။ အဲဒီတော့ တရုတ်က စီမံခန့်ခွဲရမှာ။ စီမံခန့်ခွဲတဲ့အခါမှာ ကချင်ပြည်နယ်တခုလုံးက တရုတ်ခြေရာတွေ ထပ်နေတော့မယ်။ အဲဒီလိုအချက်တွေလည်း အများကြီး လျှောက်ပြီး ဖတ်ဖြစ်ပါတယ်။ အဲဒီတော့ စိတ်ထဲမှာ ဒါကတော့ မလုပ်သင့်ဘူးဆိုပြီး တွေးမိတာပါ။

ဦးကျော်ဇံသာ ။ ။ ဝန်ကြီးဖြေသွားတဲ့အထဲမှာ ဘာတွေ့ရသလဲဆိုတော့ ကျနော်တို့နိုင်ငံမှာ မီဂါဝပ် ၁၅၀၀ ပေးထားတာတောင် ကုန်အောင်မသုံးနိုင်ဘူးတဲ့ အဲဒါကို ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market သဘောအရ ရောင်းစားမှာပေါ့လို့ ဆိုပါတယ်။ ဆိုတော့ ဗမာပြည်မှာ သုံးစရာ မရှိလောက်အောင် လျှပ်စစ်တွေက ပေါများနေပါသလား။

အော်ပီကျယ် ။ ။ အဲဒါကတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုကျော်ဇံသာ သိတဲ့အတိုင်း ကျနော်တို့ ဗမာပြည်ရဲ့  ရာခိုင်နှုန်းအများစုက လျှပ်စစ်မီး မရကြပါဘူး။ မရကြတဲ့အတွက် ကိုယ့်အားကိုယ်ကိုး မီးစက်လေးတွေနဲ့ - ကိုယ့်အားကိုယ်ကိုး မီးစက်လေးတွေဆိုတာကလည်း ဖြစ်သလိုလုပ်ရတဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်ပါတယ်။ နောက် စက်မှုဇုန်တွေ ဘာတွေမှာဆိုရင် လျှပ်စစ်ဓာတ် အပြည့်အဝ မရသေးပါဘူး။ လျှပ်စစ်ဝန်ကြီးက လျှပ်စစ်တွေ ပိုလျှံနေတယ်။ သုံးစရာမရှိဘူးလို့ ပြောတဲ့အချက်ကိုတော့ တော်တော်စိတ်ပျက်ပါတယ်။

ဦးညိုမောင် ။ ။ အခုန ဆရာအော်ပီကျယ် ပြောသွားတဲ့ အောက်ပိုင်း downstream impact ကို ကျနော့်ရဲ့  report ထဲမှာ ကျနော်ကိုယ်တိုင် ရေးထားပါတယ်။ အပေါ်ကလုပ်လို့ရှိရင် downstream ကို ထိမယ်ဆိုတဲ့ သီအိုရီ ရှိပြီသားပါ။ ရှိပြီသာဖြစ်တဲ့အတွက် ကျနော့် report မှာ ရေးပါတယ်။ အပေါ်က ပိတ်လိုက်လို့ရှိရင် ဧရာဝတီရဲ့ အောက်ပိုင်းမှာ သင်္ဘောသွားလာဖို့ ရေနည်းသွားနိုင်တဲ့ အခြေအနေ ရှိပါတယ်။ အားလုံး ဆည် (၇) ခု ပိတ်လိုက်လို့ရှိရင် ရေလွှမ်းသွားမယ့် ဧက က ၁ သိန်း၊ ၄ သောင်း၊ ၄ ထောင် ငါးဆယ် ရှိပါတယ်။

အဲဒီလောက် ဧကအတွင်းမှာ ရေကိုလှောင်ထားမှာဆိုတော့ အောက်ကို ရေစီးလာတာ နည်းမယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ သူတို့ပြောထားတာကတော့ Hydrology အရ ပြောထားတာကတော့ မိုးတွင်းမှာ ရေစီးလာတာနည်းပြီး နွေမှာပိုများလာမယ်လို့ ဆိုထားပါတယ်။

သို့သော် ကျနော်က ဘာကို စိုးရိမ်သလဲဆိုရင် မိုးတွင်းမှာ နှစ်စဉ်ရေလွှမ်းပြီးတော့ မြေနုကျွန်းဆိုတာ ရှိပါတယ်။ မြေနုကျွန်း စိုက်ပျိုးရေးဆိုတာ။ ကျနော်တို့ ဘာသာရပ်အရ ခေါ်မယ်ဆိုရင် river ~ ecosystem ခေါ်ပါတယ်။ River ~ ecosystem ကို ထိမှာပါ။ နောက်တခုက ရေအပေါ်က စီးလာတာ နည်းလို့ရှိရင် အောက်က salt water ဝင်လာမှာပါ။ ပင်လယ်ဘက်ကနေ။ အဲဒီအခါကျရင် delta ecosystem ကို ထိနိုင်ပါတယ်ဆိုတာကို ကျနော် report ထဲမှာ ရေးထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီအန္တရာယ်တွေကို ပညာရှင်တွေ ထောက်ပြနေလျက်သားနဲ့ ဒီ ဝန်ကြီးက ဆက်လုပ်မယ်ဆိုတာ ဘယ်လိုမက်လုံးများ ရှိနေတယ်လို့ ထင်ပါသလဲဆိုတာကို ကိုအော်ပီကျယ် ခန့်မှန်းပါခင်များ။

အော်ပီကျယ် ။ ။ ဆရာညိုတို့ အခု ပြောတဲ့အခါဟာက တော်တော်ကို ကောင်းတဲ့အစီရင်ခံစာပါ။ ဒီ အစီရင်ခံစာကြီးကို သူတို့ ဒါတွေက လေ့လာပြီးသားပါဆိုပြီး ပညာရှင်တွေကို စော်ကားသလိုတောင် ဖြစ်တာပေါ့။ သူက ဆောက်ချင်လို့ ဆောက်တာဖြစ်နေတယ်။ လေ့လာတာတွေက လေ့လာတာတခြား ဖြစ်နေတယ်။

ကျနော်ကတော့ ဆရာညိုတို့ပြောတဲ့ အစီရင်ခံစာကြီးလို သူတို့ ပြည်သူတွေကို ချပြဖို့ကောင်းတယ်။ အခု အကျိုးအမြတ်ကတော့ ဗမာပြည်မှာတော့ အကျိုးအမြတ် ဘယ်သူတွေရတယ်ဆိုတာကတော့ ဆည်လုပ်တဲ့ လုပ်ငန်းမှ မဟုတ်ဘူး။ ရှိသမျှလုပ်ငန်းတွေ အကုန်လုံး သူတို့ကိုယ်ကျိုးအတွက် များနေတယ်ဆိုတာကို ပြည်သူတွေက အဲဒီလိုမျိုးပဲ ခံစားနေရတာပါပဲ။

ဦးညိုမောင် ။ ။ ကျနော် လေ့လာထားသလောက်ဆိုရင် ကျနော်တို့က မြစ်တမြစ်မှာ series of dams ကို ဆောက်မယ်ဆိုရင် စဉ်းစားရမယ့်အချက် ရှိပါတယ်။ အခုဟာက မေခမြစ်ပေါ်မှာ ၅ ခု ဆောက်မှာ ရှိပါတယ်။ အဲဒီ ငါးခုမှာ ပထမတခုနဲ့ ဒုတိယတခုနဲ့ အကွာအဝေးကလည်း ၅၂.၈ မိုင်ပဲ ရှိပါတယ်။ ဒုတိယနဲ့ တတိယ အကွာအဝေးက ၂၃ မိုင်။ တတိယနဲ့ စတုတ္ထ အကွာအဝေးက ၁၂ မိုင်ပဲ ရှိပါတယ်။ စတုတ္ထနဲ့ ပဉ္စမ အကွာအဝေးက ၃၃ မိုင်ပဲ ရှိပါတယ်။ သီအိုရီအရပါ။

ကျနော်ရဲ့  ဘာသာရပ် မဟုတ်ပါဘူး။ ဒါက hydrology သမားတွေက ပိုသိပါလိမ့်မယ်။ အဲဒီအရ ဆည် တခုနဲ့ တခု အကွာအဝေးဟာ ကီလိုအနေနဲ့ ဆိုရင် တစ်ရာ။ မိုင်ဆိုရင် ၆၀ လောက် ကွာရပါလိမ့်မယ်။ အဲဒီလို မကွာလို့ရှိရင် ဆည်ထဲမှာ ရေကငြိမ်နေတဲ့အတွက် oxygen content နည်းလာပါလိမ့်မယ်။ အဲဒီလို oxygen content ဟာ ပုံမှန်အားဖြင့် ရှိဖို့ရာအတွက်ဆိုရင် မိုင် ၆၀ လောက် စီးနေတဲ့ ရေလောက်မှ ဖြစ်နိုင်တယ်။ အောက်စီဂျင် များနိုင်မယ်။ အောက်စီဂျင် နည်းလို့ရှိရင် ရေက ပုပ်နိုင် တယ်။

စီးပွားရေးအရကတော့ feasible ဖြစ်တယ်ဆိုတာကိုတော့ တွက်ချက်ထားပါတယ်။ ဒါပေမဲ့ စီးပွားရေး အရတင် ကြည့်ရတာ မဟုတ်ပါဘူး။ အမျိုးသားရေးအရလည်း ကြည့်ဖို့လိုပါတယ်။ ကျနော်တို့ ဘယ်လောက် ခံစားခွင့် ရမလဲဆိုတာ။ Impact တွေက ကျနော်တို့ အကုန်ခံရမှာ။ တရုတ်က ဘာမှ ခံရမှာ မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဝန်ကြီးက ပြောတယ် ငါ့ထက် သိနိုင်တဲ့လူ မရှိတော့ဘူး။ မြန်မာနိုင်ငံမှာတော့ ရေအားလျှပ်စစ်နဲ့ ပတ်သက်ပြီး လက်ရှိအချိန်မှာ ကျနော်ထက်ပိုပြီး အတွေ့အကြုံများတဲ့လူ မရှိဘူးလို့ ဆိုထားတယ်။ ဒီလောက် အတွေ့အကြုံများတယ်။ ဒီလောက် တတ်သိတဲ့ ပုဂ္ဂိုလ်တယောက်က သတိ မထားမိဘူးလား။ ကိုအော်ပီကျယ် အနေနဲ့ ဒါကို ဘယ်လိုသဘောရပါသလဲ။

အော်ပီကျယ် ။ ။ ကျနော်ကတော့ facebook ထဲမှာ ဖတ်မိတယ်။ သူက ခြောက်နှစ်လောက်ပဲ ရှိသေးတာပါ။ အဲဒီ ဌာနရောက်တာ။ ခြောက်နှစ်လောက်ကို သူ့ကိုယ်သူ ပညာရှိလို့ ပြောတာ အမှန်ကတော့ မပြောသင့်ဘူးပေါ့။ နောက် သူတို့က ပညာရှင်အနေနဲ့ ဝင်တာလည်း မဟုတ်ဘူး။ ဝန်ကြီးအနေနဲ့ ဝင်တာဆိုတော့- ပညာရှင်ဆိုတာ ဘာလဲ ဆိုတာကို သိပုံမရပါဘူး။ ကျနော်တို့ကတော့ အခုလိုပြောတာကိုတော့ တော်တော်လည်း ရယ်လည်းရယ်ရတယ်။ စိတ်လည်း တော်တော်ပျက်သွားတယ်။

ဦးကျော်ဇံသာ ။ ။ ဒီမြစ်ဆုံရေကာတာကိစ္စနဲ့ ပတ်သက်ပြီး သောတရှင်များမှာလည်း ကိုယ်ပိုင်အမြင် အသီးသီးရှိနေလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီအမြင်တွေကို ဖော်ထုတ်နိုင်အောင် လာမယ့် စနေနေ့ (စက်တင်ဘာ ၁၇) ရက်နေ့ တိုက်ရိုက်အစီအစဉ်မှာလည်း ဒီအကြောင်းအရာကိုပဲ တင်ပြသွားပါမယ်။

0 ကျန်းမာရေးအလွန်ဆိုးရွားနေသော နိုင်ငံရေးအကျဉ်းသားတဦးအား အမြန်ဆုံးလွှတ်ပေးရန် အေအေ...ပီပီမှ တိုက်တွန်းပြောဆို။


သတင်းထုတ်ပြန်ချက်
၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၆ ရက်

ကျန်းမာရေးအလွန်ဆိုးဝါးပြင်းထန်စွာ ခံစားနေရသော အကျဉ်းသားတဦးအား အမြန်ဆုံး လွှတ်ပေးရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ မြန်မာအစိုးရအား အလေးအနက် တိုက်တွန်းလိုက်ပါသည်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဦးဆောင်အဖွဲ့ဝင် တဦးဖြစ်သူ ကိုဇော်လင်းထွန်းသည် ယခုလက်ရှိအချိန်၌ အဆုတ်နာရောဂါ၊ အသည်းရောင် အသားဝါ ဘီ၊ ကျောက်ကပ် ကျောက်တည်ရောဂါ၊ အစာအိမ်ရောဂါ နှင့် နှလုံးရောဂါစသည့် ဆိုးဝါးပြင်းထန်လွန်းသော ကျန်းမာရေးအခြေအနေများ ရင်ဆိုင်ခံစားနေရပါသည်။ ကိုဇော်လင်းထွန်းသည် ထောင်ဒဏ် ၂၀ ချမှတ်ခံထားရ ပြီး၊ ထောင်ထဲ၌ ၈နှစ် ကြာမျှနေထိုင်ခဲ့ပြီးဖြစ်သည်။
ကိုဇော်လင်းထွန်းသည် ယခုနှစ်ဇူလိုင်လမှစတင်ကာ ကျန်းမာရေး အလွန်ဆိုးဝါးပြင်းထန်လာသော် လည်း စက်တင်ဘာလ ၁ ရက်နေ့အထိ ပြင်ပဆေးရုံသို့ တက်ရောက်ကုသခွင့်မရခဲ့ပေ။ အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စမ်းသပ်သည့်အချိန်တွင်မှ ကိုဇော်လင်းထွန်းသည် အစာအိမ်ကင်ဆာ နှင့် အသည်းကင်ဆာရောဂါများပါ ခံစားနေရကြောင်း စမ်းသပ်တွေ့ရှိခဲ့ပါသည်။ ၄င်းအနေဖြင့် အစာကောင်းစွာ မစားနိုင်ခြင်း၊ ကောင်းစွာမရပ်နိုင်ခြင်း နှင့် ကောင်းစွာလမ်းမလျှောက်နိုင်ဖြစ်နေသည်မှာ ၂ လ ကျော်နေပြီဖြစ် သည်။
ကိုဇော်လင်းထွန်း၏ မိတ်ဆွေဖြစ်သူ ဦးဌေးမှ စက်တင်ဘာလ ၉ ရက်နေ့တွင် သမ္မတဦးသိန်းစိန်ထံသို့ ကိုဇော်လင်းထွန်းအား ကျန်းမာရေးအခြေအနေအရ စောစီးစွာလွှတ်ပေးရန် အသနားခံစာတင်ထားပြီးဖြစ်ပြီး၊ ကိုဇော်လင်းထွန်း၏ မိခင်ဖြစ်သူမှ လက်မှတ်ထိုးပြီး ဒုတိယအကြိမ် အသနားခံစာ ထပ်မံတင်ပြနိုင်ရန် စီစဉ် နေပါသည်။ အကျဉ်းဦးစီးဌာန လုပ်ထုံးလုပ်နည်းများအရ အသက်ဆုံးရှုံးနိုင်သည်အထိ ရောဂါဝေဒနာ ခံစားနေရကြောင်း ခိုင်လုံစွာတင်ပြနိုင်သည့် မည်သည့်အကျဉ်းသားကိုမဆို အကျဉ်းကျခံနေရသော်လည်း ပြစ်ဒဏ်လျှော့ပေါ့၍ စောစီးစွာလွှတ်ပေးနိုင်သည်ဆိုသည့် အချက်နှင့်အညီ အသနားခံစာများကို တင်ပြထား သော်လည်း အသနားခံစာများအပေါ် မည်သည့်အကြောင်းပြန်ကြားချက်ကိုမျှ မရရှိသေးပေ။
“ကိုဇော်လင်းထွန်းကို နောက်ဆုံးအချိန်ရောက်တော့မှ ပြင်ပဆေးရုံထုတ်ကုခွင့်ပြုခဲ့ပေမယ့် အချိန်က နှောင်းနေပြီ။ ကိုဇော်လင်းဦး ဝေဒနာခံစားနေရတာကို လိုအပ်တဲ့ ဆေးဝါးကုသခွင့်မပြုပဲ အချိန်ဆွဲနေတာက ညှဉ်းပမ်းနှိပ်စက်နေတာနဲ့ တူနေပါတယ်။ သူ့ကိုဆက်ပြီး အကျဉ်းချထားတာကို ကြည့်ခြင်းအားဖြင့် အစိုးရကပြောနေတဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်နေပါတယ်ဆိုတာဟာ အပြောသက်သက်လိုဖြစ်နေပါတယ်။ အကျဉ်းထောင်အခြေအနေတွေကလည်း နိုင်ငံတကာစံနဲ့ကြည့်ရင် ခုထိနိမ့်ကျနေတုန်းပါပဲ။ အစိုးရရဲ့ ပြောဆိုမှုတွေက တကယ်လက်တွေ့အမှန်တရားနဲ့ကိုက်ညီနေဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် တကယ့်ကို အရေးတကြီးဆေးဝါးကုသမှုတွေလိုအပ်နေတဲ့ နိင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်လာရင်ပေါ့။ သူတို့တွေရဲ့ ကျန်းမာရေးအခြေအနေတွေကို ပုံမှန်စစ်ဆေးပေးနေရမယ်၊ လိုအပ်ရင် အချိန်မီ ပြင်ပဆေးရုံကိုထုတ်ပြီး ကုသခွင့်ပေးရပါမယ်” ဟု အေအေပီပီ တွဲဖက်အတွင်းရေးမှုး ကိုဘိုကြည်မှ ပြောပါသည်။
ကိုဇော်လင်းထွန်းသည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်းမှုနှင့် ၂၀၀၃ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရပြီး၊ အရေးပေါ်စီမံချက်ဥပဒေ၊ မတရား အသင်းဥပဒေ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေနှင့် အသင်းအပင်းဖွဲ့စည်းခြင်းဆိုင်ရာဥပဒေများဖြင့် တရားဆွဲဆို ခံခဲ့ရပါသည်။ ၎င်းသည် ယခုအချိန်တွင် အင်းစိန်ဗဟိုအကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရပါသည်။ အကျဉ်းသားဦးရေများပြားခြင်းနှင့် ဆရာဝန်လုံလောက်စွာ မထားရှိနိုင်ခြင်းကြောင့် အင်းစိန် အကျဉ်းထောင်တွင် ဆေးဝါးကုသမှုကောင်းစွာဆောင်ရွက်ပေးနိုင်ခြင်းမရှိပေ။ အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းသား ၁၀၀၀၀ အတွက် ဆရာဝန် ၃ ဦးသာထားရှိနိုင်သည်။ ၂၀၁၀ ခုနှစ်မှစ၍ ကျန်းမာရေးအခြေအနေဆိုးဝါးနေသော နိုင်ငံရေး အကျဉ်းသားဦးရေမှာ ၁၃၇ ယောက် မှ၊ ၂၀၁၁ စက်တင်ဘာလ ၁ ရက်နေ့တွင် ၁၆၄ ယောက်အထိ တဖြည်းဖြည်း တိုးလာနေပါသည်။ အေအေပီပီအနေဖြင့် ညှဉ်းပမ်းနှိပ်စက်မှုများ၊ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းခြင်းများနှင့် ဆိုးဝါးလှသည့် အကျဉ်းထောင်အခြေအနေများကြောင့် ဖြစ်ပွားခဲ့သည့် အကျဉ်းထောင် အတွင်း နိုင်ငံရေး အကျဉ်းသားသေဆုံးမှု အနည်းဆုံး ၁၄၆ မှုအား မှတ်တမ်းပြုစုထားပြီးဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများအနေဖြင့် ပြင်ပဆေးရုံတွင်ကုသခွင့်ရရန် တင်ပြတောင်းခံနေရသည့် အခက်အခဲများနှင့် ခွင့်ပြုမိန့်ရရန် ကာလကြာရှည်စွာ စောင့်ဆိုင်းနေရခြင်းမျိုး မရှိခဲ့ဘူးဆိုလျင် သေဆုံးမှု တော်တော်မျာများအား တားဆီးကာကွယ်နိုင်ခဲ့မည်ဖြစ်သည်။ အကျဉ်းထောင်အရာရှိများအနေဖြင့် သာမန် ရာဇ၀တ် အကျဉ်းသားများအား ပြင်ပဆေးရုံထွက်ကုသနိုင်စေရန် ခွင့်ပြုချက်ပေးနိုင်သော်လည်း၊ နိုင်ငံရေး အကျဉ်းသားများပြင်ပဆေးရုံသို့ထွက်၍ ဆေးဝါးကုသခွင့်နှင့် ပတ်သက်လာလျှင် အထက်အဆင့်ဆင့်သို့ ခွင့်ပြုချက်တောင်းခံရန်လိုအပ်သည်။ အသက်အန္တရယ်ဖြစ်နိုင်သည့် ရောဂါများနှင့် နာတာရှည် ရောဂါများအား ဆေးဝါးကုသခွင့်အတွက် ခွင့်ပြုချက်ရရန် ရက်သတ္တပတ်များစွာ သို့မဟုတ် လပေါင်း အတော်ကြာသည်အထိ စောင့်ဆိုင်းရတတ်ပါသည်။
“ကျနော်တို့အနေနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေကို လူသားခြင်းစာနာထောက်ထားတဲ့အနေနဲ့ရော ကျန်းမာရေးအခြေအနေအရပါ ကိုဇော်လင်းထွန်းကို အမြန်ဆုံးလွှတ်ပေးပြီး အခုလိုအသက်အန္တရာယ် ရင်ဆိုင်နေရတဲ့အချိန်မှာ သူ့မိသားစုတွေနဲ့အတူ နေထိုင်နိုင်ခွင့်ပေးဖို့ အလေးအနက်မေတ္တာရပ်ခံချင်ပါတယ်” ဟု ကိုဘိုကြည်မှ ပြောပါသည်။

နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)

ဆက်သွယ်ရန်

ကိုတိတ်နိုင် (အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁
ကိုဘိုကြည် (တွဲဖက်အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၉၆၂ ၈၇၁၃

--
Thanks N Regards,
Assistant Association for Political Prisoners (Burma)
email: info@aappb.org
Office Ph: 66(၀)55-545495
Web: http://www.aappb.org/, http://www.fbppn.net/

0 ဧရာဝတီမြစ်ကြီးမပျက်စီးရေးအတွက် မန္တလေး စိမ်းရောင်စိုလှုပ်ရှားမှုဓာတ်ပုံများနှင့်ပြည်သူလူထုအားပန်ကြားလွှာ



seinyawnsone
မန္တလေး စိမ်းရောင်စို၏ စီစဉ်မှုဖြင့် မန္တလေး-ရှိန်းမကား ဧရာဝတီ ခရီးစဉ်သို့ ရန်ကုန်၊ မြစ်ကြီးနား၊ ပြင်ဦးလွင်၊ စသော မြို့နယ် အသီးသီးမှ အဖွဲ့ပေါင်း (၂၆) ဖွဲ့ လိုက်ပါခဲ့ပါသည်။ ထိုခရီးစဉ်၏ နောက်ဆက်တွဲ အဖြစ် ဤ ပန်ကြားလွှာ အား စိမ်းရောင်စို မှ ထုတ်ပြန်ခဲ့ပါသည်။
ကိုဝိုင်ဝိုင်ကေFacebookမှ

0 ကမ္ဘာ့ဒီမိုကရေစီနေ့ မှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်



၁၅-၀၉-၂၀၁၁ မှာကျင်းပတဲ့ ကမ္ဘာ့ဒီမိုကရေစီနေ့ မှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်တွေပါ.. ဒီမိုကရေစီနေ့ ဆိုတာ ဒီနေ့  တနေ့ ထဲတင်မက နေ့ တိုင်း ဟာ ဒီမိုကရေစီနေ့ ဆိုတာ မှတ်သားထားစေချင်တယ်.. ဒီမိုကရေစီတော်လှန်ရေးဆိုတာ စိတ်ဓါတ်တော်လှန်ရေးဖြစ်တယ်.. ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ စိတ်ဓါတ်တွေ မွေးမြူရမယ်..
dvb entertainment

Thursday, September 15, 2011

0 သမ္မတကြီးနှင့် အင်တာဗျူး

သမ္မတကြီး.....။ ။ ဒီမယ် မောင်ရင် မင်းက အင်တာဗျူး လုပ်ချင်တယ် ဆိုလို့ ငါက လက်ခံလိုက်တာ ဘယ့်နှယ့်ကွာ ငါကိုတွေ့တာနဲ့ တဟီးဟီး တဟားဟားနဲ့ လင်းစမ်းပါအုံးကွ...။
အင်တာဗျူယာ ။ ။ သမ္မတကြီးတို့ အဖွဲ့က ပြည်သူတွေကို ပျော်ရွှင်မှုတွေ ပေးချင်လို့ ဟာသတွေ လုပ်ပြနေတယ်ထင်ပြီး ကျနော်က အားပေးတဲ့ အနေနဲ့ အလိုက်တသိနဲ့ရီပြတာ ပါခင်ဗျာ..။ ကဲ သမ္မတကြီးရေ.........အမေးအဖြေလေးတွေ စလိုက်ကြရအောင်.......။

မေး ။ ။ သမ္မတကြီးက ဗုဒ္ဓဘာသာဝင် အစစ်လို့ ခံယူထားပါသလား ခင်ဗျာ ။
ဖြေ ။ ။ ခက်ပါ့ မောင်ရင်ရယ်... သံဃာတော် သတ်ပြထားတာ ဒီမေးခွန်း ရှင်းနေတာဘဲ ။

မေး ။ ။ စစ်အာဏာရှင်တွေဟာ လဘ်စားတဲ့ နေရာမှာ ထိပ်တန်းဖြစ်နေပါလျှက် သမ္မတကြီးက လဘ်မစားဘူးလို့ နံမည်ကြီးနေရတဲ့ အဓိက အကြောင်းအရင်းက ဘာလည်း ဆိုတာ သိပါရစေ ခင်ဗျာ ။

ဖြေ ။ ။ ငါ့ရဲ့ တာဝန်တော်တော်များများကို ငါ့မိန်းမက ထမ်းဆောင်ပေးနေလို့ ဖြစ်မှာပါ ။

မေး ။ ။ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ တခါမှ မကြုံတွေ့ခဲ့ရတာတွေ လုပ်ပြမယ်လို့ သမ္မတကြီး ကြွေးကြော်ခဲ့တယ်နော်..။
ဘာတွေ လုပ်ပြမယ်လို့ စဉ်းစားထားလည်း ။

ဖြေ ။ ။ တတိုင်းပြည်လုံး သိသာအောင် ယောက်ျားကြီး တွေ ဖြစ်ပေမယ့် ချိတ်ထမီဝတ်ပြခဲ့တာ မြန်မာသမိုင်းမှာ ရှိခဲ့လို့လား.။ မြင်တတ်အောင် ကြည့်ကြစမ်းပါ...ဗျာ ။ အခု မြန်မာပြည်ရဲ့ အကြီးမားဆုံး ဧရာဝတီမြစ်ကြီးကို မြောင်းဖြစ်အောင် လုပ်ပြအုံးမယ် ။

မေး ။ ။ သမ္မတကြီးက တက်တက်ချင်းဘဲ အကြံပေးတွေ ခန့်လိုက်တာတွေ့ရပါတယ် ။ မရှင်းတာ တခု မေးချင်လို့ပါ ။ သူတို့က အကြံပေးတာလား ၊ သမ္မတကြီးတို့က အကျန်ပေးတာလား ။

ဖြေ ။ ။ သူတို့ကို ငါတို့က အကျန်ပေးတဲ့ အတွက် သူတို့က ငါတို့ကို အကြံပြန်ပေးတယ်လို့ ပြောလို့ရသလို ငါတို့ကို အကြံပေးတဲ့ အတွက် ငါတို့က အကျန်ပြန်ပေးတယ်လို့လည်း ပြောလို့ရပါတယ်...။

မေး ။ ။ သမ္မတကြီးက ပြည်သူတွေ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ဖို့ အတွက် အလုပ်ရုံ ဆွေးနွေးပွဲက ဘယ်လို စိတ်ကူးကောင်းတွေကို ရရှိခဲ့လည်း ခင်ဗျာ ။

ဖြေ ။ ။ လောလောဆယ်တော့ တောင်းစားတဲ့ လူတွေကို အကုန်ဖမ်းပြီး ထောင်ချဖို့ ကြိုးစားလုပ်ဆောင်နေပါတယ် ။

မေး။ ။ ဧရာဝတီက မြန်မာနိုင်ငံရဲ့ အသက်သွေးကြော ဖြစ်လို့ ဒီဆည်ကြီးသာ ဆောက်ဖြစ်လိုက်ရင် တိုင်းပြည်ကြီးပါ ဒုက္ခရောက်သွားနိုင်တဲ့ အနေအထားကို ဘယ်လို ကျော်လွှားဖို့ စဉ်းစားထားလည်း ခင်ဗျာ ။

ဖြေ ။ ။ ပိုင်ဆိုင်မှု တော်တော်များမျာကို နိုင်ငံခြားဘဏ်တွေမှာ ပြောင်းအပ်ထားပြီးသွားပါပြီ ။


မေး ။ ။ နိုင်ငံခြား က စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် တိုင်းပြည်ဒုက္ခရောက်နေပါတယ်လို့ ပြောနေတဲ့သမ္မတကြီးနဲ့ အပေါင်းအပါများက ဘာကြောင့်ပိုင်ဆိုင်မှု မှန်သမျှကို တိုင်းတပါးမှ သွားပြီး ရင်းနှီးမြုပ်နှံတာလည်း သိပါရစေ ခင်ဗျာ ။

ဖြေ ။ ။ စီးပွားရေး ဆိုတာက သေချာတဲ့နေရာတွေမှာ ရင်းနှီးမြုပ်နှံမှ အကျိုးအမြတ်ရတယ် ဆိုတာ လူတော်တော်များ နားလည် သဘောပေါက်ပြီးသား ဖြစ်လို့ ထပ်မရှင်းပြတော့ပါဘူး ။

မေး ။ ။ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေ ပိုမိုများပြားလာတာ ဘာကြောင့်ပါလည်း ခင်ဗျာ...။

ဖြေ ။ ။ ငါတို့ကတော့ အားလုံးသိတဲ့ အတိုင်း ရောင်းလို့ရတာ မှန်သမျှ အကုန်ရောင်းချပေးနေတာ အားလုံး အမြင်ဘဲလေ ။

မေး။ ။ ယခင် အစိုးရ လက်ထက်မှာ တိုးတက်လာတာက ကုန်ဈေးနှုန်း ၊ ကျဆင်းလာတာက ၀င်ငွေ ၊နည်းပညာက လိပ်လို တွားသွား ပိုင်ဆိုင်မှု မှန်သမျှကို အကုန်ရောင်းစားခဲ့တဲ့ အတွေ့အကြုံ ထဲက ဘယ်လို များ ထုတ်နှုတ် အသုံးချဖို့ စီစဉ်ထားပါသလည်း ခင်ဗျာ ။

ဖြေ ။ ။ ယခင် အတွေ့အကြုံများက အတော်လေးကို ကောင်းလို့ နေရာတော်တော်များများ မှာ မှီငြမ်းကိုးကားပြီး ယခုလည်း ဆက်လက် ကျင့်သုံးသွားမှာပါ ။

မေး ။ ။ ပြန်ကြားရေး ၀န်းကြီး ဦးကျော်ဆန်းက မီဒီယာတွေနဲ့ အတွေ့မှာ သူငိုပြလိုက်တယ်နော် ၊ အဲဒါ သမ္မတကြီး ဘယ်လို မြင်ပါသလည်း ခင်ဗျာ ။

ဖြေ ။ ။ သူ့ကို မေးကြည့်ပါတယ် ။ ကိုရီးယားတွေ အကြည့်များပြီး အဲဒီထဲက သရုပ်ဆောင်တွေကို သဘောကျနေလို့တခါတခါ အဲဒီလိုဘဲ လွတ်သွားတာပါလို့ ပြောတယ်..။ သူ့ ရုပ်ရှင် သရုပ်ဆောင် ဖြစ်ချင်ပြီး အံ့ကျော်ကြီး ကို သိပ်အားကျတာလို့ သူက ပြောပါတယ် ။

မေး ။ ။ အခု လျှပ်စစ်ဝန်ကြီးက ပြည်တွင်းမှ လျှပ်စစ်ဓါတ်အားတွေ သုံးစွဲသူ မရှိအောင် ပိုလျှံနေလို့ တိုင်းတပါးကို ရောင်းစားရပါတယ်လို့ မီဒီယာတွေကို ပြေားကြားပြီး ကိန်းဂဏန်းကို ရွတ်ပြသွားတာ တွေ့ရပါတယ် ။ အဲဒါ သမ္မတကြီး ဘယ်လို မြင်ပါသလည်း ။

ဖြေ ။ ။ အဲဒီလူက ချဲရူးဗျ ၊ သူတွက်လိုက်ရင်တော့ အပိုင်ဘဲ ပြီးရင်တော့ တလွဲတွေ ကြီးပါဘဲ ။ နောက်တခုက သူက ပါဝါ ယူနစ်တောင် မှန်အောင် မတွက်တတ်လို့ လျှပ်စစ်ဝန်ကြီး ခန့်ထားတာလေ ။ အလွန်ဆုံးလွဲရင် ပြောင်းပြန်ပါဘဲ လို့ သူပြောတဲ့ စကားလေးတော့ရှိတယ်ဗျ ။

မေး ။ ။ ဒါပေမယ့် ဒီဝန်ကြီးပြောလိုက်တဲ့ စကားလုံးတွေကြောင့် အစိုးရသစ်ကြီး တဖွဲ့လုံးရဲ့ အဆင့်အတန်းက မြောင်းထဲကို ရောက်သွားသလိုဘဲနော် ။

ဖြေ ။ ။ ငါတို့ အစိုးရ အဖွဲ့သစ်ကြီးက အဆင့်အတန်းရှိတယ်လို တခါမှ မပြောဘူးပါဘူးနော် ။

မေး ။ ။ ပြည်သူလူထု တရပ်လုံးက ဧရာဝတီဟာ မြန်မာတနိုင်ငံလုံးနဲ့ သက်ဆိုင်လို့ ဒီစီမံကိန်းကို အမြန်ဆုံးရပ်တန့်ချင်နေကြပါတယ် ။ သမ္မတကြီးသဘောထားကကော ဘယ်လို ခံယူထားပါသလည်း ခင်ဗျာ ။

ဖြေ ။ ။ ငါတို့ကလည်း ဧရာဝတီဟာ ငါတို့ အကျိုးစီးပွား အဖြစ်ခံယူထားပါတယ် ။

မေး ။ ။ လွှတ်တော် အမတ်တွေ က ယခင်က အတွေ့အကြုံလုံးဝ မရှိလို့ အခက်အခဲ ရှိပေမယ့် အခုပြောင်းလဲလာပုံလေးကို
နည်းနည်းပြောပြပေးပါအုံး သမ္မတကြီး ။


ဖြေ ။ ။ ယခင်ကတော့ အထဲရောက်ရင် တောင့်တောင့်ကြီး ထိုင်းပြီး ပြောသမျှ လက်ညိုးထောင် ခေါင်းငြိမ့်တတ်ကြပေမယ့်
အခုတော့ လွှတ်တော်ထဲမှာ အိပ်ငိုက်ရင်းကနေ လက်ညိုးထောင် ခေါင်းငြိမ့်နေတတ်ပါပြီ ။ တခါတလေ အိပ်ရင်တောင် ထောက်ခံပါတယ်ဆိုပြီး လက်ညိုးထောင်လိုက် ခေါင်းငြိမ့်လိုက်နဲ့ ယောင်တတ်နေကြတဲ့ အဆင့်ထိ တိုးတက်လာကြပါတယ် ။

မေး။ ။ လွှတ်တော် အမတ်ကောင်း တစ်ယောက်ဖြစ်ဖို့ အရေးကြီးဆုံး လိုအပ်ချက်လေးများကို ပြောကြားပေးပါခင်ဗျာ ။

ဖြေ။ ။ ( ၁ ) နေရာယူ ( ၂ ) လက်ညိုးထောင် ( ၃ ) ခေါင်းငြိမ့် ( ၄ ) လက်ခုပ်တီး ( ၅ ) အစည်းအဝေးပြီးဆုံးကြောင်း ကြေငြာ ရင် သဘောတူကြောင်း သုံးကြိမ် ရွတ်ပြီးတာနဲ့ အခန်းအတွင်းက လျှင်မြန်စွာ ထွက်ခွာတတ်ခြင်းပါဘဲ ခင်ဗျာ ။

မေး။ ။ ယခင် အစိုးရ ကနေ အခု အစိုးရ သစ်သို့ အသွင်ကူးပြောင်းသွားတဲ့ အခါ သမ္မတကြီး စိတ်ထဲ ဘ၀င်မကျမိတဲ့ အဓိက အချက်လေးကိုရှင်းပြပေးပါ ။

ဖြေ။ ။ ယခင်တုန်းကတော့ လူနည်းစုစားပါ......အခုတော့ လွှတ်တော် အမတ်တွေပါ ပါလာတဲ့ အတွက် ဝေစားမျှစားဆိုတော့ ရပိုင်ခွင့်လေးတွေ လျှော့သွားတာပေါ့ ခင်ဗျာ ။

မေး ။ ။ လက်ရှိ အနေအထားမှ ပြည်သူလူထုက တော့ လက်ရှိ အစိုးရသစ်ကြီးကို အယုံအကြည်ကင်းမဲ့သွားပါပြီ ။ အဲဒီအတွက် ဘယ်လို ပြန်လည် တည်ဆောက်မယ်လို့ စိတ်ကူးထားပါသလည်း ခင်ဗျာ ။
ဖြေ ။ ။ ချွတ်ထမီ အစား စကဒ်ဝတ်ပြီး လွှတ်တော်တက်ဖို့ အတွက် အားသွန်ခွန်စိုက် ပြင်ဆင်နေပါတယ် ။
လောလောဆယ် လွှတ်တော်ထဲမှာ အဲဒီကိစ္စကို အကြိတ်အနယ် ဆွေးနွေးနေကြပါတယ် ။ အရာင်လေးတွေ ၊ ရှေ့ခွဲမလား နောက်ခွဲလား နှစ်ဘက်လုံးခွဲမလား ဆိုတာ အခု ဒီဇိုင်နာတွေနဲ့ တိုင်ပင်ထားပါပြီ ။


မေး ။ ။ ကျနော်တို့ တိုင်းပြည် အနာဂတ်ကို သမ္မတကြီး နဲ့ လက်ရှိ အစိုးရသစ်က ဘယ်လိုပုံစံမျိုး ထိ ပြောင်းလဲမယ်လို့ စိတ်ကူးထားတာများ ရှိပါသလည်း ခင်ဗျာ ။

ဖြေ ။ ။ ယခင်က ရွှေ့နိုင်ငံလို့ ခေါ်တဲ့ ငါတို့ တိုင်းပြည်ကြီးကို ရွှံ့ နိုင်ငံ ဆိုရင်တောင် တခုခု သုံးလို့ ရနိုင်သေးလို့ ဗွက်နိုင်ငံ အဆင့် ရောက်အောင် အစိုးရ အသစ်ကြီးက ၀ိုင်ဝန်း ကြိုးစားနေကြပါတယ် ဆိုတာ ပြည်သူလူထု အားလုံးကို သိအောင် ဆောင်ရွှက်ပေးပါ ။


http://www.facebook.com/note.php?note_id=273311486019839

ဒီစာစုလေးကို ဖတ်ပြီးသွားလို့ မိတ်ဆွေတို့ ခံစားရတာကို ပြောကြားချင်တယ် ဆိုရင် ဒီနေရာလေးမှာ လာရောက်ပြောကြားပေးဖို့လေးစားစွာ အသိပေး ဖိတ်ခေါ်ပါတယ် ခင်ဗျာ ။
Burma Thwe

Wednesday, September 14, 2011

0 ပြည်တော်ပြန်ရန် ကမ်းလှမ်းချက်ကို ပြည်ပရောက်အုပ်စုများ သတိကြီးစွာထား

(IRIN သတင်းမှ 12 Sept 2011 ရက်စွဲပါ “Myanmar exiles cautious on return offer” ကို ဘာသာ ပြန်ဆိုသည်)

ပြည်ပရောက် မြန်မာအုပ်စုများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများက သမ္မတဦးသိန်းစိန်ထံမှ ပြည်တော်ပြန်ရန် ဖိတ်ခေါ်မှုအပေါ် သတိကြီးစွာ ထား၍ လေ့လာနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

“အမှန်တကယ်ပြန်လာစေချင်တာဆိုရင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးသင့်တာပေါ့။ လူတိုင်းကတော့ အိမ်ကို (မြန်မာနိုင်ငံကို) ပြန်ချင်ကြတာပဲ။ ဒါပေမဲ့ ပြန်သွားတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ ဘေးကင်းလုံခြုံမှုအတွက် အာမခံချက်မရှိပါဘူး” ဟု ထိုင်းနိုင်ငံအခြေစိုက် သတင်း အယ်ဒီတာ တစ်ဦးဖြစ်သူ ကျော်စွာမိုးက ပြောသည်။

ကျော်စွာမိုးသည် ၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံတွင် နိုင်ငံရေးလှုပ်ရှားသူ ထောင်ပေါင်းများစွာအား ပြည်ပသို့ ရောက်ရှိသွားစေခဲ့သည့် သွေးစွန်း သော ပြည်လုံးကျွတ်လူထုအုံကြွမှုကာလအတွင်း ပါဝင်လှုပ်ရှားခဲ့ခြင်းကြောင်း ထောင်ဒဏ် ၈ နှစ် ကျခံခဲ့ရသူဖြစ်သည်။

နေပြည်တော်တွင် လုပ်ငန်းရှင်ကြီးများအား ဩဂုတ်လက အလွတ်သဘော ပြောဆိုခဲ့မှုကို အတည်ပြုသည့် မူဝါဒအကြောင်း ပြောဆိုနေကြ သော်လည်း တကယ့်လွတ်ငြိမ်းချမ်းသာခွင့် စားပွဲပေါ်တွင် ရောက်နေသည်ဟု ယုံကြည်သူ အနည်းငယ်သာ ရှိသည်။

“တချို့သူတွေ ထောင်ထဲရောက်နေတဲ့ အချိန်မှာ ကျန်တဲ့တချို့ကို သမ္မတကြီးက ဘယ်လိုကြိုဆိုမှာလဲ” ဟု မေးခွန်းထုတ်လိုက်သူမှာ ချင်းမိုင် အခြေစိုက် Human Rights Education Institute of Burma(HREIB) မှ ဒါရိုက်တာ အောင်မျိုးမင်းဖြစ်သည်။ အောင်မျိုးမင်းသည်လည်း လွန်ခဲ့သော ၂၃ နှစ်က ရှစ်လေးလုံး အရေးတော်ပုံတွင် ပါဝင် လှုပ်ရှားခဲ့ပြီးနောက် ဇာတိနိုင်ငံကို စွန့်ခွာလာခဲ့ရသူဖြစ်သည်။

“ကျွန်တော်တို့က ကျွန်တော်တို့ပြည်သူတွေ အကျိုးရှိအောင် ကျွန်တော်တို့နိုင်ငံမှာ ကောင်းသော ပြောင်းလဲခြင်း ဖြစ်အောင် လုပ်ဖို့ ပြင်းပြတဲ့ ဆန္ဒရှိသူတွေပါ၊ ရာဇဝတ်မှုတွေနဲ့ ပတ်သက်သူတွေနဲ့ မတူပါဘူး။ ဒါကြောင့် မြန်မာပြည်ကို သိက္ခာရှိရှိပဲ ပြန်ချင်ပါတယ်” ဟု ယင်းက ဆိုသည်။

သမ္မတကြီးက ပြောကြားရာတွင် ရာဇဝတ်မှုကျူးလွန်ခြင်း မရှိသူများကို ပြန်လာခွင့်ပြုရန် လျှော့ပေါ့၍ စဉ်းစားပေးမည်ဟု ဆိုခဲ့ရာ သတ်မှတ် ချက်များကို ပြည်ပရောက်မြန်မာအုပ်စုများက ပယ်ချလိုက်ကြသည်။ “ကျွန်တော်တို့ကို လျှော့ပေါ့စဉ်းစားပေးမယ်လို့ သမ္မတဦးသိန်းစိန်က ပြောတာဖြစ်လို့ ကျွန်တော်တို့ အိမ်ကိုပြန်ဖို့ မစဉ်းစားနိုင်သေးပါဘူး။” ဟု ပြောကြားသော ညီညီအောင်မှာ ၁၉၈၈ အရေးတော်ပုံအပြီး မြန်မာနိုင်ငံမှ လွတ်မြောက်သွားကာ အမေရိကန်နိုင်ငံသားဟု ခံယူထားသူဖြစ်ပြီး ၂ဝဝ၉ ခုနှစ်က မြန်မာနိုင်ငံသို့ ခေတ္တပြန်လာစဉ် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီး ယခု အမေရိကန်ပြည်ထောင်စုသို့ ပြန်လည်ရောက်ရှိနေသူဖြစ်သည်။ “တကယ်လို့ နိုင်ငံရေး အကျဉ်းသားများအားလုံးကို လွှတ်ပေးပြီး တိုင်းရင်းသား အုပ်စု အားလုံးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ ပြန်လည် သင့်မြတ်မှုရရှိပြီ၊ မြန်မာနိုင်ငံဟာလည်း ဒီမိုကရေစီ ပြောင်းလဲရေးလမ်းပေါ် ရောက်နေပြီ ဆိုရင်တော့ ကျွန်တော် ပြန်မှာပါ” ဟု ညီညီအောင်က ဆက်လက် ပြောဆိုသည်။

ပြည်ပရောက်မြန်မာများသည် ယင်းတို့၏ နိုင်ငံမှ ထွက်ခွာလာပြီးနောက်ပိုင်း လွတ်လပ်သွားသကဲ့သို့ လွတ်လပ်စွာ နေထိုင်ခွင့် ရှိကြမည်ဟု အာမခံချက် ရှိပါက ဝမ်းမြောက်ပျော်ရွှင်ကြပါလိမ့်မည်။

“ကိုယ့်နိုင်ငံ ကိုယ် ပြန်သွားတဲ့အချိန်မှာ လွတ်လပ်စွာ ပြောဆိုရေးသားခွင့် ရနိုင်ပ့ါမလားဆိုတာကို ကျွန်တော် စိုးရိမ်မိပါတယ်” ဟု ကျော်စွာမိုး က ဆိုသည်။

တင်းတင်းကြပ်ကြပ် ထိန်းချုပ်မှုများ

မြန်မာနိုင်ငံသည် ၂ဝဝ၈ အခြေခံဥပဒေတွင် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို ထည့်သွင်းထားသော်လည်း ကမ္ဘာပေါ်တွင် လွတ်လပ်စွာ ပြောဆိုခွင့်ကို အတင်းကြပ်ဆုံး တားမြစ်ထားသော နိုင်ငံတစ်ခု ဖြစ်သည်။

ဝါရှင်တန်အခြေစိုက် လူ့အခွင့်အရေးအုပ်စု Freedom House က ထုတ်ပြန်သော ၂ဝ၁၁ သတင်းစာလွတ်လပ်ခွင့် စစ်တမ်းတွင် မြန်မာနိုင်ငံ သည် ကမ္ဘာ၌ သတင်းစာလွတ်လပ်ခွင့်နှင့် ပတ်သက်၍ အဆိုးဝါးဆုံး ၁ဝ နိုင်ငံ စာရင်းဝင်ဖြစ်ကြောင်း အဆင့်သတ်မှတ်ခံထားရသည်။

“သတင်းထောက်တစ်ယောက် အနေနဲ့ အစိုးရကို မဝေဖန်ဘဲ ငြိမ်မနေနိုင်ပါဘူး။ အခုချိန်ထိတော့ ပြည်တွင်းမှာ သတင်းစာလွတ်လပ်ခွင့် မရှိသေး ဘူးဆိုတော့ ကျွန်တော်တို့ဒီမှာ (ထိုင်းနိုင်ငံ) မှာ လုပ်နေသလို ဝေဖန်ရေးဆောင်းပါးတွေ ရေးခွင့်ရမှာ မဟုတ်ပါဘူး” ဟု ထိုင်းနိုင်ငံရောက် မြန်မာ အယ်ဒီတာက ဆိုသည်။

ထို့အပြင် နိုင်ငံရေးလှုပ်ရှားမှုဖြင့် အပြစ်ပေးခံရသူများ အပါအဝင် အကျဉ်းသားအားလုံးကို ပြစ်ဒဏ်ကာလ တစ်နှစ်လျှော့ပေးမည်ဟု အစိုးရက မေလအတွင်း ကြေညာခဲ့ခြင်းသည် ဒီမိုကရေစီနိုင်ငံသစ် အဖြစ် ပွဲထွက်လာချိန်တွင် ယောက်မ မြင်းစီးပြလိုက်သည့် လုပ်ရပ်ဖြစ်ကာ ဆယ်စုနှစ်များစွာ ထောင်ဒဏ် အပြစ်ပေးခံရသူ နိုင်ငံရေးအကျဉ်းသားများအတွက်လည်း ပြောပလောက်အောင် သက်သာသွားခြင်း မရှိပါ ဟုလည်း ယင်းက ဆိုသည်။ မေလက လွတ်ငြိမ်းချမ်းသာခွင့်သည် “ကုလသမဂ္ဂကို ပါးရိုက်ခြင်း” ဖြစ်ကြောင်း Human Rights Watch က ပြောဆိုသမုတ်ခဲ့သည်။

ပြည်ပြေးဟုခေါ်သော ပြည်ပရောက်မြန်မာများကို ရှေးယခင်ကလည်း အလားတူ ကမ်းလှမ်းမှုများ ရှိခဲ့ဖူးသည်။ လွတ်လပ်ရေးရပြီးခေတ် မြန်မာ နိုင်ငံ၏ ပထမဆုံး ဒီမိုကရေစီ ဝန်ကြီးချုပ်ဖြစ်ခဲ့သူ ပြည်ပြေးဦးနုကို ၁၉၈ဝ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးဟောင်းနေဝင်းက ပထမဆုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးကာ ဖိတ်ခေါ်ခဲ့ဖူးသည်။ ၁၉၈၈ အရေးတော်ပုံအပြီးတွင်လည်း တောခိုသွားသော ကျောင်းသားနိုင်ငံရေးသမားများကို ယခင် တပ်မတော်အစိုးရက သူတို့၏ စောင့်ကြည့်မှုအောက်တွင် ထားရန် ရည်ရွယ်ကာ ပြန်လာကြရန် ဖိတ်ခေါ်ခဲ့ဖူးသည်။ ပြန်လာသူ အများစုမှာ နိုင်ငံရေးကြေညာချက်များ ထုတ်ပြန်သည်နှင့် တစ်ပြိုင်နက် ပြန်လည် အဖမ်းဆီးခံကြရလေတော့သည်။

ရှစ်လေးလုံးအရေးတော်ပုံတွင် ကျောင်းသားလှုပ်ရှားသူဖြစ်ခဲ့ပြီး ယခုအခါ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်နေသော မြန်မာ့ရေးရာ ပညာရှင် ဝင်းမင်းက “ဒီမှာတော့ ဘယ်လိုစစ်မှန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မျိုးမှ မလိုဘဲ နေလို့ ရပါတယ်၊ တံခါးတောင် ပိတ်စရာမလိုပါဘူး” ဟု ပြောကြား သည်။
yangonchronicle

0 ယုဇနကုမ္မဏီ၊ရွှေခရုကုမ္မဏီမှလယ်တောင်ယာများအဓမ္မမသိမ်းယူမီတွေ့ရသောမြင်ကွင်းဓာတ်ပုံများနှင့်တိုင်ကြားစာ

ff
ပေးပို့သော လူ့အခွင့်အရေးစောင့်ကြည့်ရေးကွန်ယက် (H.R.W.D.N)အားကျေးဇူးတင်ရှိပါသည်..

1 ဧရာဝတီကိုအသေသတ်မည့် ဦးဇော်မင်းအားအရေးယူပေးပါရန်


မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း၏ပြောပြချက်အသံဖိုင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့ စည်းပုံအခြေခံဥပဒေ အခန်း(၁) ပုဒ်မ(၄၅)

နိုင်ငံတော်သည်သဘာဝပတ်ဝန်းကျင်ကိုကာကွယ်ထိန်းသိမ်းစောင့် ရှောက်ရမည်။
The Union shall protect and conserve natural environment.

အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၀န်ကြီးဖြစ်သူ ဦးဇော်မင်းသည် နိုင်ငံတော်၏အခြေခံမူများ အခန်းပါ ပုဒ်မ(၄၅)ကိုကျူးလွန်ဖေါက်ဖျက်ခဲ့ ပါသည်။“အဲဒီတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ တွေကကန့် ကွက်နေလို့ နောက်ဆုတ်မှာလားလို့ မေးခွန်းတခုမေးပါတယ်။နောက်မဆုတ်ပါဘူး။ဆက်လုပ်မှာဖြစ်ပါတယ်”ဟုပြောဆိုခဲ့ ခြင်းသည်သက်သေထင်ရှားအများရှေ့ မှောက်တွင်ပြောဆိုခဲ့ ခြင်းဖြစ်ပါသည်။


ဖွဲ့ စည်းပုံအခြေခံဥပဒေ အခန်း(၈)ပုဒ်မ(၃၉၀)


နိုင်ငံသားတိုင်းသည် အောက်ဖေါ်ပြပါ ကိစ္စရပ်များတွင် နိုင်ငံတော်အား ကူညီရန် တာဝန်ရှိသည်။

(က)အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့် ရှောက်ခြင်း။

(ခ)သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းစောင့် ရှောက်ခြင်း။

(ဂ)လူ့စွမ်းအားအရင်းအမြစ်ဖွံ့ ဖြိုးတိုးတက်ရေး မြင့် မားလာစေရန် ကြိုးပမ်းခြင်း။

(ဃ)အများပြည်သူပိုင်ပစ္စည်းများကိုထိန်းသိမ်းစောင့် ရှောက်ခြင်း။

390. Every citizen has the duty to assist the union in carrying out the following matters:


(a)preservation and safeguarding of cultural heritage:

(b)environmental conservation:

(c)striving for development of human resources:

(d)protection and preservation of public property:



ကျွန်ူပ်တို့ သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားများဖြစ်သည့် အတွက်ဖွဲ့ စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတို့၏တာဝန်ကိုထမ်းဆောင်ရန်ကြိုးစားခြင်းကိုလည်း၊ပြက်ရယ်ပြုခြင်း။တားဆီးရန်ကြိုးစားခြင်းများပြုလုပ်ခဲ့ သည်ကိုလည်းထင်ရှားတွေ့ ရှိရပါသည်။

အထက်ပါအချက်များအရလျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏၀န်ကြီးဦးဖော်မင်းသည်ဖွဲ့စည်းပုံအခြေခံဥပဒေ၏ပြဌာန်းချက်များအား


(၁)ကိုယ်တိုင်ကျူးလွန်၊ဖေါက်ဖျက်ခြင်း။

(၂)နိုင်ငံသားတို့ ၏တာဝန်ကိုကျေပြွန်စွာထမ်းဆောင်လိုသူများအားခြိမ်းခြောက်ခြင်း။

ပြစ်မှုများကိုကျူးလွန်ကြောင်းတွေ့ ရှိရပါသဖြင့် စည်းကမ်းပြည့် ဝသောဒီမိုကရေစီစံနစ်သို့  ဦးတည်နေသော

နိုင်ငံတော်အစိုးရ ၏ဥပဒေများကိုချိုးဖေါက်သူ ဦးဇော်မင်းအား ဥပဒေအရ အရေးယူပေးနိုင်ပါရန် လေးစားစွာ တင်ပြတိုင်ကြားအပ်ပါသည်။

ဦးဝင်းချို နိုင်ငံသားမှတ်ပုံတင်အမှတ်၁၂/ရကန(နိုင်)၀၄၅၁၅၉

တိုက်(B)6 D ကံ့ ကော်အိမ်ယာ အမှတ်(၆၀)ဘိုရာညွန့် လမ်း။ယောမင်းကြီးရပ်ကွက်။ဒဂုံမြို့ နယ်။
ရန်ကုန်တိုင်းဒေသကြီး။
ဆက်သွယ်ရန်ဖုံး။၀၁-၃၉၃၁၅၅လိုင်းခွဲ၂၆၄။၀၉-၈၀၃၃၅၅၄

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ လျှပ်စစ်ဝန်ကြီး၏ ရှင်းလင်းချက်အပြည့်အစုံ


အခု တစ်လလောက်အတွင်းမှာဖြစ်နေတဲ့ ဧရာဝတီရောဂါနဲ့ အမီလိုက်နေသူများရဲ့ မေးခွန်းတွေနဲ့ ကာတွန်းတွေ၊ အခုဧရာဝတီမြစ်ဆုံစီမံကိန်း ဆက်လက် လုပ်ဆောင်ဖို့ ရှိပါသလား၊ ဘယ်အဆင့်ရောက်နေပြီလဲလို့ မေးပါတယ်။ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆက်လုပ်ပါမယ်။ ကျွန်တော်တို့ ဘယ်တော့မှ နောက်မဆုတ်ပါဘူး။ ဘယ်အဆင့်ထိ ရောက်နေပြီလဲဆိုတော့ အခုချိန်မှာတော့ ကျွန်တော်တို့က အကြိုအင်ဂျင်နီယာ လုပ်ငန်းတွေဖြစ်တဲ့ စီမံကိန်းတည်ဆောက်မယ့် ဧရိယာကို ရှင်းလင်းခြင်းလုပ်ငန်းတွေ၊ စီမံကိန်းဧရိယာထဲမှာ ရှိတဲ့လူတွေကို ပြန်လည်နေရာချထားတဲ့ လုပ်ငန်းတွေ၊ နောက်တစ်ခါ လုပ်ဆောင်စရာရှိတဲ့ စီမံကိန်းနဲ့ပတ်သက်တဲ့ အင်ဂျင်နီယာလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပါတယ်။ မိုးတွင်းကာလဖြစ်တဲ့အတွက် အဲဒီနေရာကလည်း weather window အရ တစ်နှစ်မှာ ခြောက်လလောက်ပဲ လုပ်လို့ရတဲ့အတွက် မိုးတွင်းမှာတော့ လုပ်ငန်းရပ်နေတယ်။ နွေရာသီ open season စတာနဲ့ ဒီလုပ်ငန်းကို ဆက်လုပ်မှာဖြစ်ပါတယ်။ ဒီလုပ်ငန်းကို ကျွန်တော်တို့စလုပ်တဲ့ အချိန်ကစပြီးတော့ ရှစ်နှစ်အတွင်းမှာ အပြီးလုပ်မှာဖြစ်ပါတယ်။ ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ နောက်မဆုတ်ပါဘူး။ အဲဒီတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ကန့်ကွက်နေလို့ နောက်ဆုတ်မှာလားလို့ မေးခွန်းတစ်ခုမေးပါတယ်။ နောက်မဆုတ်ပါဘူး။ ဆက်လုပ်မှာဖြစ်ပါတယ်။ UN က ထပ်မံစစ်ဆေးဦးမှာလား၊ UN နဲ့ ဒီကိစ္စနဲ့ ဘာမှ မဆိုင်ပါဘူး။ ကျွန်တော်တို့နိုင်ငံနဲ့ပဲ ဆိုင်ပါတယ်။ ကျွန်တော်တို့သည် ကျွန်တော်တို့နိုင်ငံရဲ့ လျှပ်စစ်မီးရရှိရေးဟာ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား ဖြစ်ပါတယ်။ ဒီအမျိုးသားအကျိုးစီးပွားကို ဆက်ပြီးအောင်မြင်အောင် လုပ်မှာဖြစ်ပါတယ်။ ကျန်တာ ကိစ္စတွေကတော့ နောက်မှရှင်းပြမယ်"

ဒီမှာ တက်ရောက်သောသူများ နည်းနည်းလေး ရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ပြီး Knowledge လေးရအောင် ကျွန်တော် နည်းနည်းရှင်းပြပါမယ်။ ရေအားလျှပ်စစ်စီမံကိန်း တစ်ခုလုပ်ဖို့ဆိုသည်မှာ အနည်းဆုံးသုံးနှစ်လောက် လေ့လာရပါတယ်။ သုံးနှစ်လောက် လေ့လာတဲ့အတွင်းမှာ ဒီမြစ်ဝှမ်းကြီးတစ်ခုမှာ ဘယ်နေရာတွေမှာ စီမံကိန်းတွေ ဘယ်လိုလုပ်လို့ရတယ်ဆိုတာ သူရဲ့ Geology အနေအထား၊ သူရဲ့ရေစီးရေလာ Hydrology အနေအထား အကုန်လုံး သုံးနှစ်လောက် လေ့လာရပါတယ်။ သုံးနှစ်လောက် လေ့လာပြီးတဲ့အခါကျတော့မှ ဘယ်နေရာတွေမှာ လုပ်ရင်တော့ ဖြစ်နိုင်ပါတယ်ဆိုတာ proposal လေးတစ်ခုရလာတယ်။ အဲဒီလို proposal လေးရလို့ရှိရင် ဘယ်နေရာဟာ အကောင်းဆုံး ဖြစ်မလဲဆိုတာ ထပ်ပြီးတော့ လေ့လာရပါတယ်။ အကောင်းဆုံးဖြစ်မယ့် တစ်နေရာကို ရွေးပြီးတော့ အဲဒါကို ထပ်လေ့လာတာ၊ အသေးစိတ် ထပ်လေ့လာတာ တစ်နှစ်လောက်ကြာပါတယ်။ အဲဒါပြီးတော့မှ ဒီလုပ်မယ့်နေရာနဲ့ ပတ်သက်တဲ့ design အသေးစိတ်ဆွဲရပါတယ်။ ဒီဥစ္စာတွေအားလုံးဟာ အနည်းဆုံး သုံးနှစ်၊ လေးနှစ် မကြာဘဲနဲ့ စီမံကိန်းတစ်ခု မဖြစ်ပေါ်လာဘူး။ စီမံကိန်းသစ်ကို လုပ်ဆောင်တိုင်းမှာ Tactical အရ ဒါတွေလေ့လာရတဲ့အပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အကျိုးသက်ရောက်မှု ဘာတွေရှိမလဲ ဒါကိုလည်း တစ်ချိန်တည်းမှာ လေ့လာရတယ်။ ဒီသက်ရောက်မှုတွေ အားလုံးဟာ ကျွန်တော်တို့ ၀န်ကြီးဌာနက မလေ့လာဘူး။ ကျွန်တော်တို့က ပိုက်ဆံပေးငှားပြီး လေ့လာပါတယ်။ ဥပမာ မြစ်ဆုံကို ပြောတာပေါ့။ မြစ်ဆုံကို လေ့လာတာ ဆိုရင် BANCA က လေ့လာတယ်။ BANCA ကို ကျွန်တော်တို့ ဘယ်လောက်ပေးရလဲဆိုရင် ၁ ဒသမ ၂၅ သန်း အမေရိကန်ဒေါ်လာ ပေးရတယ်။ ဒီဟာတွေဟာ ကျွန်တော်တို့ ၀န်ကြီးဌာနက လေ့လာတယ်ဆိုရင် ကိုယ့်ဖာသာကိုယ် လေ့လာပြီးတော့ ကိုယ့်ဖာသာကိုယ် လုပ်သလို ဖြစ်မှာစိုးတဲ့အတွက် Third Party ဖြစ်တဲ့ အဖွဲ့အစည်းကိုလေ့လာခိုင်းပါတယ်။ Tactically အရ နည်းပညာအရ လေ့လာမယ်ဆိုရင်လည်း ကမ္ဘာမှာရှိတဲ့ နိုင်ငံကျော်ဒီဇိုင်းနဲ့ Institute တွေကို ငှားပြီးတော့ လေ့လာရပါတယ်။ ဒါမှသာလျှင် တစ်နေရာ တစ်နေရာမှာ အင်မတန် သေချာတဲ့ စီမံကိန်းတစ်ခု ရပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ လေ့လာခဲ့တဲ့ စီမံကိန်းဟာ Environmental အရရော၊ Tactically အရရော သေချာလေ့လာပြီးသား လုပ်တဲ့စီမံကိန်းဖြစ်တဲ့အတွက် ကျွန်တော်တို့ ဘယ်တော့မှ နောက်မဆုတ်ဘူး ဆက်လုပ်မှာ ဖြစ်ပါတယ်။ ရောဂါဆန်းဖြစ်နေတဲ့ ဟာတွေကို ရှင်းသွားအောင်ပြောတာ၊ ဆက်လုပ်မယ်ဆိုတာကိုဒုတိယအချက်ကတော့ ကျွန်တော်တို့ ဘီလူးချောင်းရေအားလျှပ်စစ် စီမံကိန်းတည်ဆောက်ပြီး လျှပ်စစ်ထုတ်ပေးခဲ့အခါ ဒီနေ့အထိ going strong ဖြစ်ပါတယ်။ သူသည် ၅၂ နှစ် ရှိပါပြီ။ ဘီလူးချောင်းစီမံကိန်းကြောင့် ဘီလူးချောင်းကြီး ပျက်စီးသွားပြီလို့ ဒီလိုမျိုးတွေ ညီအစ်ကို မောင်နှမတွေ ကြားဖူးသလား။ မကြားဖူးပါဘူး။ ဒီတော့ ပေါင်းလောင်းစီမံကိန်း မဂ္ဂါဝပ် ၂၈၀ ရှိပါတယ်။ ပေါင်းလောင်းစီမံကိန်းကြီးကြောင့် ပေါင်းလောင်းချောင်းကြီး ပေါင်းလောင်းမြစ်ကြီး ပျက်စီးသွားပြီလား။ မပျက်စီးပါဘူး။ ရဲရွာစီမံကိန်း မြန်မာနိုင်ငံမှာ လက်ရှိမှာ အကြီးဆုံးစီမံကန်း ရဲရွာစီမံကိန်းပါပဲ။ လျှပ်စစ်ဓာတ်အားလည်း ပေးနေပါတယ်။ ရဲရွာစီမံကိန်းကြောင့် ဒီနေ့ဒီအချိန်ခါမှာ ပြီးခဲ့တဲ့နှစ်ကာလများထက် လျှပ်စစ်သုံးဆလောက် ပေးနိုင်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ပေးနေတဲ့ လျှပ်စစ်မဂ္ဂါဝပ် ၁၅၀၀ လောက် ပေးပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆ လောက်က ၅၀၀၊ ၆၀၀ လောက်တောင် အနိုင်နိုင် ပေးနေရတာ ဖြစ်ပါတယ်။ ဒါဟာ အဲဒီရဲရွာစီမံကိန်းကြောင့် ဒုဋ္ဌ၀တီ မြစ်ကြီး၊ မြစ်ငယ်မြစ်ကြီး ပျက်စီးသွားပြီလား။ မပျက်စီးပါဘူး။ ဒါဟာ အားလုံးအမြင်ပဲ ဖြစ်ပါတယ်။ အဲဒီတော့ ဒီ environmental နဲ့ ပတ်သက်ပြီးတော့ ဒီအယူအဆနဲ့ ပြောနေဆိုနေကြတဲ့ ကိစ္စတွေ အများကြီးရှိပါတယ်။ environmental အကျိုးသက်ရောက်မှု ရှိလား မရှိဘူးလား၊ ရှိပါတယ်။ ဒီ သဘာဝကို ဆန့်ကျင်ပြီးတော့ မြစ်ချောင်းတစ်ခု ပိတ်လိုက်ရင်၊ အဲဒီမြစ်ချောင်း မှာ Reservoir ဆိုတာ ဖြစ်သွားပါတယ်။ Reservoir ဖြစ်သွားလို့ရှိရင် Reservoir အနီးမှာ နေထိုင်တဲ့ သားရဲတိရစ္ဆာန်လေးတွေ ငှက်ကလေးတွေ နေရာမရှိဘူး၊ ဘာဘူး ညာဘူး။ သစ်ပင်ပန်းမန်တွေ ပျက်စီးတယ်စသည် ဖြင့်ပေါ့လေ။ လူတွေ စိုက်ဧက နည်းနည်းပါးပါးတွေ ပျက်စီးတယ်၊ လူတွေနေရာ ရွှေ့ပေးရတယ် စသည်ဖြင့် အချက် လေး၊ ငါး၊ ရှစ်ချက်လောက် ရှိပါတယ်။ environmental နဲ့ ပတ်သက်ရင်၊ environmental ပျက်စီးသွားတဲ့ဥစ္စာကြောင့် ခံစားရမယ့် အကျိုးသက်ရောက်မှုနဲ့ မိမိတို့နိုင်ငံကရရှိမယ့် အကျိုးအမြတ်ရရှိမှု ဘယ်ဟာက ပိုများသလဲ။ ပိုများတဲ့ အပေါ်မှာမူတည်ပြီးတော့ ကျွန်တော်တို့က ရေအားလျှပ်စစ်လုပ်ငန်းကို လုပ်ပါတယ်။ အဲဒီတော့ ကျွန်တော်ခုနက ပြောခဲ့တဲ့ ရဲရွာစီမံကိန်းတစ်ခု လုပ်လိုက်တယ်။ မြစ်အထက်မှာရော၊ မြစ်အောက်မှာရော အခုချိန်မှာ ဘယ်လောက်များ ပျက်စီးသွားပြီးတော့ လူတွေက ဒုက္ခသုက္ခ ရောက်နေကြလို့လဲ။ ဒီဧရာဝတီမြစ်မှာလည်း ၎င်းအတိုင်းပါပဲ။ ပျက်စီးမှုနည်းနည်း ပါးပါးရှိပါတယ်။ ဒီဥစ္စာလူတွေက ထိန်းသိမ်းစောင့်ရှောက်ပေးလို့ ကျွန်တော်တို့က ၀ိုင်းဝန်းကူညီပေးလို့ ဒါတွေနဲ့ ဒီအကျိုးသက်ရောက်မှုဟာ နှေးနှေးသွားပြီးရင် မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေ သန်း ၅၀၊ သန်း ၆၀ရဲ့ အကျိုးကျေးဇူးအများကြီးပြန်ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ မြစ်ဆုံစီမံကိန်းကို လူတွေကဘာတွေ ပြောလဲဆိုတော့ မြစ်ကြီးပိတ်လိုက်ရင် မြစ်ကြီးကခြောက်သွားပြီ၊ ဧရာဝတီမြစ်ကြီးက သေသွားပြီ၊ ကျွန်တော်တို့က မြစ်ကြီးကို ချစ်တဲ့သူတွေ ဖြစ်ပါတယ်။ ဒီမြစ်ကြီး အသေမခံနိုင်ပါဘူးဆိုတဲ့သူတွေပေါ့။ ဧရာဝတီမြစ်မှာ စီးဆင်းတဲ့ရေရဲ့ ၇% ကျွန်တော်တို့ ဖမ်းပါတယ်။ နှစ်တိုင်း နှစ်တိုင်း မဖမ်းခင်တုန်းက ဧရာဝတီ မြစ်ရဲ့ရေက ဘယ်သွားလဲ။ ပင်လယ်ထဲကိုသွားတယ်။ ကျွန်တော်တို့က ဧရာဝတီမြစ်ရဲ့ ရေကို ၇% ဖမ်းတယ်။ ၉၃% ဆက်လက်စီးဆင်းနေတဲ့အတွက် မြစ်ရဲ့ရေစီးကြောင်းက ဘာမှပြောင်းလဲစရာမရှိဘူး။ ၇% ဖမ်းထားတဲ့ရေကို စက်မောင်းပေးတယ်။ ကျွန်တော်တို့ရဲ့ ရေအားလျှပ်စစ်ဆိုတာက ဂက်စ်တာဘိုင်လို ဂက်စ်ထည့်ရတာ၊ ဒီဇယ်တာဘိုင်လို ဒီဇယ်ထည့်ရတာ မဟုတ်ဘူး။ ရေထည့်မောင်းရတာ။ အဲဒီရေနဲ့ မောင်းလိုက်ရင် အဲဒီရေက မြစ်ထဲပြန်စီးသွားမယ်။ အဲဒီတော့ဘာတစ်ခုမှ ရေစီးရေလာ ပြောင်းသွားစရာမရှိပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့နိုင်ငံရဲ့ အကျိုးစီးပွားရေး၊ National Interest နဲ့ ပတ်သက်ရင် ဘယ်ဟာက အကျိုးရှိသလဲ။ ဘယ်ဟာက အကျိုးယုတ်သလဲ အဲဒီပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ အကျိုးအမြတ်များရင် ကျွန်တော်တို့ ဆက်လုပ်မှာ ဖြစ်ပါတယ်။ ဧရာဝတီ မြစ်ကြီးပျက်စီးရင် ကျွန်တော်ခုနက ဖတ်တဲ့ကာတွန်းလို၊ ဒီမှာအများစု ပညာရှင်တွေပါတယ်။ မဟာဗန္ဓုလ အရိုးအိုးစေတီ ဘယ်နားမှာ ရှိသလဲ သိကြသလား။ မသိနိုင်ဘူး။ မဟာဗန္ဓုလ အရိုးအိုးစေတီအစစ်က မင်းလှမှာ၊ မလွန်မင်းလှမှာ ရှိတယ်။ ခွေးသာချောင်းဆိုတဲ့ ခွေးသာချောင်းနဲ့ ဧရာဝတီမြစ်ဆုံတဲ့ နေရာမှာ ရှိပါတယ်။ အဲဒီအရိုးအိုးစေတီကို ကျွန်တော် တိုင်းဥက္ကဋ္ဌဘ၀က ရွှေ့ပေးခဲ့ရတယ်။ လွန်ခဲ့တဲ့ ၉ နှစ်၊ ၁၀ နှစ်လောက်က၊ ကမ်းပါးပြိုမှာစိုးလို့ ရွှေ့ပေးလိုက်ရတယ်။ မြစ်က နှစ်ပေါင်း ၁၀၀၊ ၂၀၀ ဘယ်သူမှမထိန်းသိမ်းလို့ ပျက်စီးတာ။



မြစ်ကြီးကို ဘယ်သူမှ မထိန်းသိမ်းခဲ့လို့ မြစ်ကြီးက ပျက်စီးတာ ရေကစီးချင်တဲ့နေရာ လျှောက်စီးနေတာ။ ဒီမြစ်ကို ထိန်းသိမ်းရေးလုပ်မယ့်လူ ဘယ်သူမှ မရှိခဲ့ဘူး။ ရေက စီးချင်တဲ့နေရာ လျှောက်စီးနေတာ။ ဆိုပါတော့ ဧရာဝတီမြစ်က အရင်က ကိုက် ၁၀၀ ကျယ်တယ်ဆိုပါတော့၊ အခု ကိုက် ၅၀၀ ကျယ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေက စီးချင်တဲ့ နေရာ လျှောက်စီးနေလို့။ ဒါကို နိုင်ငံမှာ ဓနအင်အားကြောင့်ရော၊ စိတ်ဝင်စားမှုကြောင့်ရော ဘယ်သူမှ မထိန်းသိမ်းခဲ့ဘူး။ မထိန်းသိမ်းခဲ့တဲ့အတွက် ကိုက် ၁၀၀ စီးရမယ့် ရေက ကိုက် ၅၀၀ စီးနေတဲ့အခါ ရေအနက် ပေ ၁၀၀ ရှိရမယ့်နေရာမှာ ပေ ၅၀ ပဲ ရှိမှာပေါ့။ ရေအနက် ငါးပေ ရှိရမယ့်နေရာမှာ ရေကတစ်ပေပဲရှိမှာပေါ့။ ဒါဟာ ဒီမြစ်ကြီးတစ်လျှောက်လုံး ဘယ်သူမှမထိန်းသိမ်းခဲ့လို့ ဖြစ်ပါတယ်။ သွားရမယ့် issue က ဘယ်ကို သွားရမယ့် issue လဲဆိုတော့ ဒီမြစ်ကြီး သေသွားမယ်မဟုတ်ဘူး။ ဒီမြစ်ကြီးကို ဘယ်လို ၀ိုင်းဝန်းထိန်းသိမ်းမလဲဆိုတဲ့ issue ကို သွားရမှာ။ အဲဒီတော့ ဟိုမှာ ဒီတစ်ခါ ကျွန်တော်တို့ သတင်းစာထဲမှာ ဘာတွေပြောလဲဆိုတော့ တရုတ်ကအကျိုးရှိတဲ့ စီမံကိန်းလို့ပြောတယ်။ တရုတ်အကျိုးရှိတယ်။ မြန်မာပြည် အကျိုးမရှိဘူးလို့ပြောတယ်။ ဒီစီမံကိန်းတွေ လုပ်တိုင်းလုပ်တိုင်းမှာ ကျွန်တော်တို့ နိုင်ငံမှာ ပိုက်ဆံမရှိလို့ လုပ်တာ။ ပိုက်ဆံရှိရင် ကိုယ့်ဟာ ကိုယ်လုပ်မှာပေါ့။ ဒါ နံပါတ်တစ်။ ပိုက်ဆံရှိလို့ ကိုယ့်ဟာကိုယ် လုပ်ပြီးရင် ဒီလျှပ်စစ်ကို ဘယ်သူကသုံးမှာလဲ။ ကျွန်တော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့။ သုံးစရာမရှိရင် ရောင်းစားရမယ်။ လုပ်မယ့်လူလာရင် ၀ယ်သုံးရမှာ။ ဒါ market ရဲ့ သဘောပဲ။ ကျွန်တော်တို့ဟာ ကိုယ်တိုင် မလုပ်နိုင်တဲ့အခါ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုကို ခေါ်ပြီးတော့ JVDI နဲ့လုပ်ကြတယ်။ ကျွန်တော်တို့က free power ၁၀% အလကားရတယ်။ ဒီကောင်က ၁၈၀၀၀ ထွက်ရင် ကျွန်တော်တို့က ၁၈၀၀ အလကားရမယ်။ free ရတယ်။ နောက်တစ်ခါ သူ့ဆီက သူက လာရောက်ရင်းနှီး မြှုပ်နှံတယ်။ ကျွန်တော်တို့ရဲ့ resource ကိုသုံးတာ ဖြစ်တဲ့အတွက် ၁၅% အရင်းထည့်ပေးရတယ်။ ကျွန်တော်တို့အရင်း၊ ကျွန်တော်တို့ free share ၁၅% ရတယ်။ ဒီလျှပ်စစ်က Both Country သုံးခွင့်ရှိတဲ့အတွက် နှစ်နိုင်ငံလုံး သုံးခွင့်ရှိတဲ့အတွက် ကျန်တဲ့ဟာကို ကျွန်တော်တို့ ကြိုက်သလောက် ၀ယ်သုံးလို့ရတယ်။ နောက်တစ်ခုက ရောင်းတိုင်း ရောင်းတိုင်းမှာ ၈% Commercial Tax ရတယ်။ နောက်တစ်ခါ မြတ်တဲ့ဟာရဲ့ ၃၀%။ ကျွန်တော် အမြတ်ဝေစုအဖြစ် ခွဲဝေရရှိတယ်။ တစ်ခါ အခြား မြတ်တဲ့အမြတ်ရဲ့ ၃၀% ခွဲဝေ ရရှိတယ်။ withholding tax ရတယ်။ သူ့ကို perception period တစ်ခုပေးလိုက် ပြီးတဲ့အချိန်မှာ ပြီးပါပြီ၊ ကုန်ပြီ၊ မင်းပြန်တော့ ဒါကြီးထားခဲ့တော့။ ကိုယ့် နိုင်ငံအပိုင်ဖြစ်တယ်။ ဒီထက် အကျိုးရှိတဲ့ဟာ ဘာရှိမလဲ။ လျှပ်စစ်ဆိုတာ ကွန်တိန်နာနဲ့တင်ရောင်းလို့ မရဘူး။ ကြိုးနဲ့ သွယ်ရောင်းလို့ရတယ်။ ဒီ neighboring country မှတစ်ပါး လျှပ်စစ်ရောင်းလို့မရဘူး။ တရုတ်ကိုရောင်းလို့ရမယ်၊ ထိုင်းကို ရောင်းလို့ရမယ်။ အိန္ဒိယကို ရောင်းလို့ရတယ်။ ဘင်္ဂလားဒေ့ရှ်ကို ရောင်းလို့ရမယ်။ လျှပ်စစ်က ကွန်တိန်နာနဲ့မှ ပို့လို့မရဘဲကိုး



လျှပ်စစ်က ထုတ်ထားပြီးရင်လည်း သိမ်းထားလို့မရဘူး။ ထုတ်ထားပြီးရင်သုံးမှ မသုံးနိုင်ရင် ရောင်းမှ။ ဒီ Idea တွေ ဒီဟာတွေက ကျွန်တော်တို့ဟာ ကိုယ့်နိုင်ငံ စက်မှုနိုင်ငံ ဖြစ်ထွန်းဖို့ကိစ္စမှာ လျှပ်စစ် အလွန်အရေးကြီးတယ်။ လျှပ်စစ်ရဖို့ က နည်းမျိုးပေါင်းစုံနဲ့ ကြိုးစားနေတဲ့ အချိန်မှာ ခုနတုန်းကပြောတဲ့ မလိုလားအပ်တဲ့ တခြားတစ်မျိုးတစ်မည် ကြံစည်မှုတွေ၊ ဒီစီမံကိန်းတွေ ပျက်ပြားအောင်ဆိုပြီးတော့ environmental အကြောင်းပြပြီး လျှောက်ပြောနေခြင်းသည် ကျွန်တော်တို့နိုင်ငံရဲ့ အကျိုးစီးပွားအပေါ် ထိခိုက်စရာကလွဲလို့ ဘာမှမရှိပါဘူး။ ဒါက ရှင်းရှင်းလေးပါပဲ။ အဲဒီတော့ လူတစ်စုတစ်ဖွဲ့ရဲ့ အကျိုးစီးပွားရေးကိုပဲ ကျွန်တော်တို့က နားယောင်ပြီး လုပ်လိုက်ကြမလား။ ကျွန်တော်တို့ နိုင်ငံရဲ့ လူဦးရေ သန်း ၅၀၊ ၆၀ ရဲ့ အကျိုးကို ကြည့်ပြီးတော့ ဆောင်ရွက်မလား။ ဒါလေး ၀ိုင်းစဉ်းစားဖို့ပါပဲ။ ကျွန်တော်တို့ကတော့ ခုနကပြောတဲ့အတိုင်းပဲ ဒီစီမံကိန်းကို ဆက်လုပ်မှာ ဖြစ်ပါတယ်။ ဒီ BANCA နဲ့ တရုတ်ပညာရှင်တွေ၊ ဒီတရုတ်ပညာရှင်တွေ ဘာလုပ်ရသလဲဆိုတော့ ဒီစီမံကိန်း ကြီး တကယ်ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတဲ့ Tactically Investigation တွေ အများကြီး လုပ်ရတယ်။ သုံးနှစ်၊ လေးနှစ် လုပ်ရပါတယ်။ BANCA သည် ရှစ်လ၊ တစ်နှစ်လောက် ကောင်းကောင်း environmental နဲ့ ပတ်သက်ပြီးတော့ လေ့လာပြီးတော့ ကျွန်တော်တို့ကို သူက ဘာလုပ်ရလဲဆိုရင် ဘာတွေတွေ့ရှိပါတယ်။ ဘာတွေ အကျိုးသက်ရောက်မှုရှိတယ်။ ဘာတွေ ဖြစ်ပျက်နိုင်တယ် ဒီ့အတွက် ခင်ဗျားတို့ ဘာတွေလုပ်ပါ။ ဘာတွေ လုပ်သင့်ပါတယ်ဆိုတာ BANCA က recommendation ပေးရတယ်။ သူ့ recommendation ကျွန်တော်တို့ လိုက်လုပ်ရတယ်။ ဒီဟာ International Practice ပဲ။ ဒီအတိုင်းပဲ ကျွန်တော်တို့ လုပ်ပါတယ်။ BANCA နဲ့ပတ်သက်ရင်လည်း BANCA ကို ကျွန်တော်တို့က တစ်သန်းခွဲနီးပါးလောက် လုပ်ခပေးပြီး ငှားထားတာဆိုတော့ ကိုးရိုးကားယား မလုပ်ရဲဘူး။ နောက် ဒုတိယအချက် ခင်ဗျားတို့ မီဒီယာတွေက ပြောနေကြတဲ့ အချက်ပေါ့။ အင်တာနက်မှာ တင်ထားတဲ့ report က စာမျက်နှာ ၅၀၀ လောက်ရှိတယ်။ အဲဒီထဲမှာ ရေးထားတာ မြန်မာအစိုးရက မလိုက်နာဘူးလို့ ပြောကြတယ်။ BANCA က ဒီ report ကို တင်လို့ မရဘူး။ BANCA ကို ကျွန်တော်တို့က စာချုပ်နဲ့ ငှားထားတာ၊ မင်းတို့ ဒါလုပ်၊ ပြီးရင် အဲဒီ report ငါ့ပေး။ ဒါက Trade Secret ဖြစ်တယ် ပြောလို့မရဘူး။ ဒါခုနက စီးပွားရေးအကြောင်း နည်းနည်းပါးပါး ပြောပြလိုက်တယ်။ ဒါက trade secret ဖြစ်တယ် ပြောလို့မရဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်နိုင်ငံသားတွေ ဖြစ်တယ်ဆိုတော့လည်း ပါးစပ်ပိတ်ပြီး မနေနိုင်ဘူး ပြောတာပေါ့လေ။ ဒါ Trade Secret ဖြစ်တယ်။ ပြောလို့ မရဘူး။ ကျွန်တော်တို့က လျှို့ဝှက်ထားတာ။



လာမယ့်အပတ် စနေနေ့မှာ ဧရာဝတီမြစ်ဝှမ်းစီမံကိန်းများကြောင့် ဧရာဝတီမြစ်ပေါ်မှာ အကျိုးသက်ရောက်မှု ဘယ်လိုရှိသလဲဆိုတဲ့ ဒါတော့ Technical Workshop ပါပဲ။ ဒါတော့ စီမံကိန်းတိုင်း စီမံကိန်းတိုင်း မှာတော့ဒီ workshop လုပ်ပါတယ်။ သို့သော်လည်း ဒီ workshop မှာတော့ မီဒီယာကလည်း စိတ်ဝင်စားတယ်။ ပညာရှင်တွေလည်း စိတ်ဝင်စားတယ်။ ဒီ workshop မှာတော့ မီဒီယာတွေရော၊ ပညာရှင်တွေရော ဖိတ်ထားတယ်။ လာနားထောင်ကြည့်လိုက်။ လာနားထောင်ကြည့်ရင် ဘာလဲဆိုတာ သိသွားလိမ့်မယ်။ နို့မို့ဆိုရင် သေချာမသိဘဲနဲ့ ဟိုပြောဒီပြောဆိုရင်တော့ မကောင်းဘူးပေါ့လေ။ ကျွန်တော်တို့ ဒါလေးကို သိအောင်ဆိုပြီးတော့ ပြီးခဲ့တဲ့လ ၉ ရက်နေ့က ဆောင်းပါးလေးတစ်ပုဒ် ရေးပြီးတော့ သတင်းစာမှာ ထည့်ခိုင်းလိုက်တယ်။ ဒီဆောင်းပါးကို ကျွန်တော်ပဲ တည်းဖြတ်ပြီး ကျွန်တော်ပဲရေးပြီး ကျွန်တော်ပဲ ထည့်ခိုင်းလိုက်တာ။ ဒါပေမယ့် ဆောင်းပါးပြီးတဲ့နောက် သိပ်ရက်မကြာဘူး သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ သတင်းစာရှင်းလင်းပွဲမလုပ်ခင်မှာ ဂျာနယ်တစ်စောင်က ဘာရေးလဲဆိုတော့ ဒီဆောင်းပါးရေးတဲ့ကောင် ဘယ်လောက်တတ်လို့လဲ၊ ဒီကောင်က ဘာအဆင့်ရှိလဲဆိုတော့၊ ကျွန်တော် မပြောတော့ဘူး။ ညွှန်ချုပ် မင်းရေးတယ်ပြောလိုက်၊ ငါရေးတယ်မပြောနဲ့။ ငါ့ထက်ပိုပြီးတော့ သိနိုင်တဲ့လူ မရှိတော့ဘူး။ မြန်မာနိုင်ငံမှာတော့ ရေအားလျှပ်စစ်နဲ့ပတ်သက်ပြီးတော့ လက်ရှိအချိန်မှာ ကျွန်တော့်ထက် ပိုပြီးတော့ အတွေ့အကြုံရှိတဲ့လူ မရှိတော့ဘူး။ ဒါကြောင့်မို့ မင်းပဲရေးတယ်ပြောလိုက်၊ ငါရေးတယ်ဆိုလို့ရှိရင် မကောင်းဘူးဖြစ်သွားမယ်။ အမှန်ကတော့ ကျွန်တော်ပဲ ရေးလိုက်တာ။ ဆိုတော့ ခင်ဗျားတို့မေးတဲ့မေးခွန်းတွေ၊ ကျွန်တော် အသာလေးဖြေနိုင်ပါတယ်။ ဒီဥစ္စာ နိုင်ငံအကျိုးရှိမယ့်ကိစ္စ၊ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား National Interest ကိစ္စ၊ ဒီဥစ္စာကို ၀ိုင်းဝန်းကာကွယ်ရမှာ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ခင်ဗျားတို့မှာ တာဝန်ရှိတယ်။

0 "ဦးအိမ်ခင်"

ပြိုးပြိုးပြက်ပြက် ၀ိုးဝိုးဝင်းဝင်းရှိလှတဲ့ ပြည်သူ့လွှတ်တော် အဆောက်အအုံကြီးဟာဖြင့် ရုပ်မြင်သံကြားထဲမှာတောင် ရှုမငြီး ကြည့်မ၀အောင် ကျက်သရေရှိလှပါပေတယ်။ အဟုတ်ပြောတာပါ။ အခုရက်ပိုင်းအတွင်းမှာဆို ပိုလို့တောင် ကြည့်မ၀ဖြစ်ရတာပေါ့။ ကြည့်လို့မှ မ၀သေးခင် မီးကပြတ်ပြတ်သွားလို့ ဆက်ကြည့်ချင်တာတောင် မကြည့်နိုင်တော့ဘူး။ နဂိုကမှ တနေ့လုံးမှာ မီးက ညဘက်သုံးနာရီသာ လာတာမဟုတ်လား။ ဆီချွေတာလိုက်လို့ ဟိုဘက်ဒီဘက် ၁၅မိနစ်စီလောက် အခိုးခံရလည်း ၂ နာရီခွဲဆို ရုပ်ရှင်တစ်ကားစာလောက်တော့ ကြည့်လို့ရသလေ။ ဘာအလုပ်မှမလုပ်ပဲ မီးလာချိန်ကို ရည်းစားနဲ့ ချိန်းတွေ့သလို အပြည့်ချန်ထားရတာပေါ့။ အခုတော့ တစ်ညကို နှစ်နာရီသာ ပေးပါတော့မယ်တဲ့။ ယနေ့မှစ နှစ်တစ်ရာတိုင်သည် ဖြစ်သွားရင်တော့ ဒုက္ခပါပဲ။ သတင်းစာရှင်းလင်းပွဲလို သတင်းအရှည်ကြီးတွေ လာတဲ့နေ့ဆို ဇာတ်သိမ်းခန်းလေးတောင် မီလိုက်မှာ မဟုတ်ဘူးဆိုပြီး စိတ်မကောင်းဖြစ်ရတယ်။ တကယ်။ တကယ်။ လွှတ်တော်ထဲမှာ ခင်းပြတဲ့ ဆဒ္ဒါန်ဆင်မင်းဇာတ်တော်ကြီးဆိုလည်း သောနုတ္ထိုရ်ငိုချင်းနဲ့တင် `ကန့်လန့်ကာကြီးရယ် နေပါဦး ကလို့ကောင်းနေတုန်း´ လုပ်ရတော့မယ်။ တို့ရွာသားတွေ အားလုံးသုံးတဲ့ ဓူဝံအင်ဗာတာကြီးတောင် ဖျော့တော့လှုပ်ခတ်တဲ့ ဓါတ်အားလေး မစို့မပို့နဲ့ အားသွင်းရတော့ နွားပိန်ကို အစာဝအောင်မကျွေးပဲ လှည်းကြမ်းဆွဲခိုင်းသလိုဖြစ်ပြီး တာ့တာပြသွားရှာပေါ့။ လူတွေကိုက ခက်ပါတယ်လေ။ ရေရှည်ကို မကြည့်တတ်ကြဘူး။ ကိုယ်လည်းပါတယ်။ အခုနေ ခနတဖြုတ် မီးပျက်တာကလေးပဲ ရိုးမယ်ဖွဲ့နေကြတယ်။

နောင်ကျရင် ဓါတ်အားတွေ လျှံကျလာတာကို ကြိုတွေးပြီး မုဒိတာပွားထားနှင့်ပါလား။ အခုဆို အမ်းချောင်းရေအားလျှပ်စစ်စီမံကိန်းကြီးကို နိုင်ငံတော်က တည်ဆောက်နေတာ နှစ်တောင် အတော်ကြာပေါ့။ ပြီးသွားရင် မီးလာမယ်။ အခုတော့ သည်းညည်းခံထားဦး။ အားလုံးကောင်းဖို့ လုပ်နေတာပါ။ ဟုတ်တယ်မလား။ မီးလာတဲ့အချိန်တွေ နည်းသွားရင် မီတာခတွေ သက်သာသွားမယ်လေ။ ဒါဆို အဲဒီငွေတွေကို စုမိဆောင်းမိအောင်ကြိုးစား၊ ဆင်း ရဲနွမ်းပါးမှုတွေ လျော့ကျသွားမှာပေါ့။ ခွိ ခွိ။ ပြောရင်းနဲ့တောင် ရယ်ချင်လာပြီ။ မီးသာမလာတာ မီတာခက မသက်သာတာ အံသြကုန်နိုင်ဖွယ်ဗျ။ အမ်းမှာ မီးသီးမီးချောင်းထွန်းရုံ တစ်ည သုံးနာရီရတဲ့မီတာခဟာ လောက်ကိုင်မှာ ၂၄ နာရီ ထမင်းဟင်းချက်၊ ရေတင်၊ အဲယားကွန်းဖွင့်၊ မီးပူတိုက် သုံးချင်တိုင်းသုံး မီတာခနဲ့ အတူတူပဲဗျာ။ မယုံမရှိကြနဲ့။ အပိုမပြောပါဘူး။ ဒီ့ထက်ပိုပြီး ရယ်စရာကောင်းတာ ပြောပြရဦးမယ်။ နဂိုက တစ်ညသုံးနာရီရနေတဲ့ လျှပ်စစ်မီးဟာ အခု တစ်ညနှစ်နာရီ ဖြစ်သွားရတဲ့အကြောင်းကတော့ ´၂၄ နာရီ မီးအလင်း၊ ကြိုက်သလောက်သုံး၊ ကျသလောက်ရှင်း´ဆိုတဲ့ စံနစ်ကို ကူးပြောင်းရင်း ဖြစ်သွားတာပါတဲ့။ နိုင်ငံတော်က အစိုးရနှုန်းထားနဲ့ နှစ်နာရီပေးမယ်။ ကျန်တာ ကိုယ့်ဘာသာ အပြင်နှုန်းထားနဲ့ရှင်း ဆိုတဲ့စံနစ်ကြီးကြောင့် အစိုးရဆေးရုံကြီးတွေကပေးဆောင်ရတဲ့မီတာခတွေဟာ ကြောက်ခမန်းလိလိတက်သွားပါတယ်။ (ဒါတောင် တစ်နာရီပဲ ပိုသုံးသေးတာ) လူနာတွေမှ ဆင်းရဲတာမဟုတ်ဘူးလေ။ ဆရာဝန်တွေလည်း ဆင်းရဲတာပဲ။ ဆေးရုံကြီးလည်း ဆင်းရဲတာပဲ။ မီးလာရုံနဲ့ ပလပ်ပေါက်ထဲ လက်ထိုးပြီး ကိုယ့်ဗိုက်ထဲ အားဖြည့်လို့ ရတာလည်းမဟုတ်။ နောက်ဆုံးတော့ ဆီမီးတစ်ထောင် လှူမယ့်ကတိတွေပေးပေးပြီး ခနခနလိုချင်တာတွေ လာလာဆုတောင်းတဲ့အမျိုးသမီးကြီးကို လူရွှတ်တစ်ကောင် သောလွှတ်လိုက်သလို `မှောင်မှောင်ပဲ နေပါရစေတော့ တကာမကြီးရယ်´ လို့ ပြောချင်လာတယ်။ လောကသဘာဝ အလင်းရှိရင် အမှောင်လည်း ရှိရတာပဆိုပြီး သဘာဝရဲ့ ရင်သွေးငယ်လုပ်နေတယ်လေ။ လမင်းကြီးထိန်ထိန်သာနေရင်တောင် ဆရာငြိမ်းသီချင်းထဲကအတိုင်း `မှောင်မိုက်မိုက် ချောင်ကြိုက်လှတဲ့အခါဝယ် လောကွတ် ချော်တော်မူအားတယ်´ လို့ မာမာအေးအလွမ်းပြေ ဟစ်လို့လည်း ကောင်းတာပဲ။

ဒီစာကိုဖတ်နေတဲ့အချိန်မှာ အမေကြီးကား၊ စင်္ကာပူ၊ သြစတြေးလျား က သူငယ်ချင်းတွေကတော့ `ကောင်းတယ်။ နည်းတောင် နည်းသေး။ တို့လိုမှ စွန့်စွန့်စားစား အပြင်ထွက်ကြိုးစားချင်စိတ်မှ မရှိတာ´ လို့ ပြုံးစိစိဖြစ်ကုန်ကြရော့မယ်နော်။ ဟုတ်တော့ ဟုတ်ပါရဲ့လေ။ ဘူတန်လို နိုင်ငံသေးသေးလေးသွားတုန်းကတောင် အပြတ်အတောက်မရှိတဲ့ မီးကို မီတာခမပေးရပဲ (ကျွန်တော့်အိမ်ကို မီတာဘီလ် လုံးဝမလာပါ) ကမုတ်ပေါ်ထိုင်ချတ်တင်လုပ်ခဲ့တာဆိုတော့ အဲဒီအရသာတွေ တသသနဲ့ ဘယ်မေ့ပါ့မလဲ။ `သူတို့ဆီနဲ့ ကိုယ့်ဆီ လူဖြစ်ကျိုးနပ်ပုံချင်း တယ်ကွာလှသကိုး´ လို့လည်း အံ့ချီးမကုန် ရှိခဲ့ပါရဲ့။ လူမွှေးလူတောင်ဆိုတဲ့ အဆောင်အယောင် အခွင့်အရေးတွေကိုလည်း ခုံမင်အားကျ ဖြစ်ခဲ့ပါရဲ့လေ။

သို့သော်ငြားလည်း ကိုယ်မတတ်နိုင်တဲ့ ကိစ္စတွေမှာ `တရားနဲ့ဖြေ။ တရားနဲ့ဖြေ´ လို့ သူများတွေကို ဖျောင်းဖျခဲ့သလို ကိုယ့်ဘာသာလည်း တရားလေးနဲ့ ဖြေနိုင်အောင် ကြိုးစားရပါတယ်။ အံ့သြစရာကြီးဗျာ။ တကယ်ပြေတယ်ဗျို့။ ဒါကြောင့်မို့လို့ ကိုယ့်လိုပဲ အမှောင်ထဲမှာ ချွတ်ခြုံကျနေတဲ့သူတွေကိုပါ တရားနဲ့ ဖြေနိုင်အောင် ဓမ္မလက်ဆောင်ပေးလိုက်ရပါတယ်။ ဒီတခါဟောမယ့် ဇာတ်တော်ကတော့ နိဂမ၀ါသီတိဿ မထေရ်ကြီးရဲ့ ဇာတ်ကြောင်းပါပဲ။ ကဲ .. တရားနာပရိသတ်ကြီးရေ။ အနန္တငါးပါး အရင် ကန်တော့လိုက်ကြပါဦး။

အဲဒီမထေရ်ကြီးရဲ့ ဘွဲ့မည်ဟာ `ကျေးရွာနိဂုံး၌သာ နေထိုင်သူ´ လို့ အဓိပ္ပါယ်ရပါသတဲ့။ မြတ်စွာဘုရားရှင် လက်ထက်တော်က တောကျောင်းမှာ သီတင်းသုံးနေတဲ့ တိဿမထေရ်ကြီးဟာ ရဟန်းဝါ ငါးဝါရကတည်းက ဘုရားရှင်ထံ ကမ္မဋ္ဌာန်းတရားများ တောင်းယူပြီးတော့ မိမိမွေးဖွားကြီးပြင်းရာ တောရွာကလေးကိုပြန်လို့ တရားအားထုတ်တော်မူသတဲ့။ သာဝတ္ထိပြည်မှာ အနာတပိဏ်သူဋ္ဌေးကြီး အလှူကြီးပေးတုန်းကလည်း မလာဘူး။ ၀ိသာခါကျောင်းအမကြီး အလှူကြီးပေးလည်း မကြွဘူး။ ကောသလမင်းကြီးကိုယ်တိုင် အလှူကြီးတွေ ပေးတာတောင် တစ်ခါမှ ကြွမလာပါဘူးတဲ့။ ဒါကြောင့်မို့လို့ သူ့ကို တောမှာပဲ နေတဲ့ဘုန်းကြီး `ဦးအိမ်ခင်´ ရယ်လို့ ငေါ့တော့တော့ နံမည်ပေးထားကြပါသတဲ့။

တကယ်တော့ မထေရ်ကြီးဟာ ရပ်ရွာသံယောဇဉ်ကြီးလွန်းလို့၊ မွေးရပ်ကမခွာနိုင်လို့ အိမ်သတိရပစ္စယော လုပ်ပြီး တောကမခွာ နေတာ မဟုတ်ပါဘူးတဲ့။ ရဟန္တာအလောင်းအလျာမို့ တွယ်တာမှုသံယောဇာဉ်ဆိုတာလည်း သူ့မှာ မရှိသလောက်ပါပဲတဲ့။ သူ့စိတ်ထဲမှာ စွဲမြဲခံယူနေတာ တစ်ခုတော့ ရှိပါသတဲ့။

`သဓမ္မော မိမိ၏မျိုးနွယ်၊ ရပ်ရွာ၊ ရိုးရာ၊ ယဉ်ကျေးမှုတို့သည၊် ပိဂုဏော ဂုဏ်မဲ့သည်ဟု ထင်ရစေကာမူ၊ သုနိဋ္ဌိတာ အဆများစွာ ပို၍တိုးတက်သည်ဟု ထင်ရသော၊ ပရဓမ္မာ သူတပါးတို့၏ မျိုးနွယ်၊ ရပ်ရွာ၊ ရိုးရာ ယဉ်ကျေးမှုတို့ထက်၊ သေယျော မြတ်၏´ လို့ ဆိုပါသတဲ့။ `သေရောဟယ် သေရော သေရော´ လို့ပြောရင် `မြတ်လေစွ မြတ်လေစွ မြတ်လေစွ´ လို့ အနက်ပြန်ရမယ်နော်။ စောစောက စကားကိုတော့ မန္တလေးသားတွေက ၀မ်းသာအယ်လဲ ထောက်ခံကြပါလိမ့်မယ်။ ရဟန္တာဖြစ်ခါနီးတာတောင် ဒေသစွဲက မကင်းသေးပဲကိုးလို့ အထင်လွဲကုန်ရင် ငရဲကြီးကုန်မှာစိုးလို့ ဆက်ရှင်းပြပါရစေဦး။

မထေရ်ကြီးရဲ့သဘောထားက သည်လိုပါတဲ့။ သူဟာ ဤဒေသ ဤနိဂုံး ဤမိဘမျိုးနွယ်၌ လူဖြစ်လာရခြင်းမို့ အဲဒီဒေသ အဲဒီနိဂုံးက မိဘဆွေမျိုးတွေကို ကျေးဇူးတုန့်ပြန်ရပါမယ် တဲ့။ မိမိအကျိုးစီးပွားအတွက် အဲဒါတွေကို ပစ်ပယ်ပြီး သာသည့်မြေသို့ ကြွသွားခဲ့ရင် ကျေးဇူးကန်းရာရောက်တယ် လို့ မြင်ပါသတဲ့။ ဘယ်လိုကျေးဇူးဆပ်သလဲဆိုတော့ အရပ်တပါးမသွားပဲ အဲဒီရပ်ရွာမှာတင် ရဟန်းကိစ္စပြီးမြောက်အောင် တရားအားထုတ်လို့ နေပါသတဲ့။ ဒီမှာလည်း ရပ်ရွာကျေးဗူးဆပ်ပေးဖို့ဆိုပြီး `ဆေးရုံဆောက်ပေးပါ။ လမ်းခင်းပေးပါ။ ကျောင်းဆောက်ပေးပါ။´ လို့ ဟိုလူ့ပူဆာ ဒီလူ့ပူဆာ မလုပ်ဘူးနော်။ ဘုန်းကြီးပီပီ ဘုန်းကြီးကိစ္စကိုသာ လုပ်ပြီး ကျေးဇူးဆပ်တာ အင်မတန် အတုယူစရာကောင်းပါတယ်။ (ဘုန်းကြီးစာချတယ်လို့ ကလော်တုပ်ခံရတော့မှာပဲ)

ဒီနေရာမှာ နည်းနည်းလောက်တော့ နားထောင်ကြည့်ပါ ဟစ်ဟော့ပ်သီချင်းလို့ အလေးအနက်ထားပြောချင်တာကတော့ အရင်တခေါက်ကပြောခဲ့သလို မထေရ်ကြီးရဲ့ ရဟန်းအလုပ်၊ အသက်မွေးမှု၊ ၀မ်းရေးနဲ့ ပတ်သက်တဲ့ ခံယူချက်သဘောထားပဲ ဖြစ်ပါတယ်။ အောင်မယ်လေး။ လိုရင်းရောက်အောင် မနည်းရုန်းယူရတယ်။ နို့မို့ ဗုဒ္ဓစာပန်းချီတွေ ရေးမလို့လားလို့ အငေါ့ခံရဦးမယ်။ လူတွေဟာ အလုပ်လုပ်ကြတဲ့အခါ၊ အသက်မွေးမှုပြုတဲ့အခါ၊ ၀မ်းစာရှာတဲ့အခါ ဆက်စပ်လာတဲ့ အကျိုးတရားသုံးပါးရှိပါတယ်တဲ့။ လာဘလို့ခေါ်တဲ့ ငွေကြေးဥစ္စာရယ်၊ သက္ကာရလို့ခေါ်တဲ့ အများကအသိအမှတ်ပြုရိုသေလေးစားမှုရယ်၊ သိလောကလို့ခေါ်တဲ့ ထင်ရှားကျော်ဇောမှုရယ်ပါတဲ့။

လောကမှာ လူရယ်လို့ဖြစ်လာရင် သူသူကိုယ်ကိုယ် ပစ္စည်းဥစ္စာနဲ့ ပြည့်စုံချင်ကြတဲ့သူချည့်ပါပဲတဲ့။ အဲသလိုပြည့်စုံဖို့ တောင့်တရုံတင်မဟုတ်ဘူး။ အားထုတ်ကြိုးစားကြတာလည်း ဓမ္မတာပါပဲတဲ့။ သို့သော်ငြားလည်း အဲသလို ကြိုးစားအားထုတ်ရာမှာ တရားသဖြင့်ရအောင် အားထုတ်တာမဟုတ်ပဲ အတင်းအဓမ္မကြိုးစားအားထုတ်လာခဲ့ရင်တော့ အဲဒါ သမ္မာအာဇီဝ မမည်တော့ပါဘူးတဲ့။ တချို့ကတော့ ငွေကြေးထက် ရာထူးဋ္ဌာနန္တရကို အရေးစိုက်အားထုတ်ပါသတဲ့။ ဒီနေရာမှာလည်း တရားသဖြင့်ကြိုးစားတာနဲ့ အတင်းအဓမ္မကြိုးစားတာ နှစ်မျိုးကွဲပြန်တာပဲ။ မရသေးသော စည်းစိမ်ဥစ္စာတွေ ရအောင် ကြိုးစားတာတင် ဘယ်ကပါ့မလဲ။ ရပြီးသောစည်းစိမ်ဥစ္စာတွေ သူများလက်ထဲ လွှဲပေးရမှာစိုးလို့ ဘယ်လောက်ပင်ပန်းကြီးစွာနဲ့ မင်းတို့ပရိယာယ် ရွှေဥာဏ်ခြယ်လုပ်နေကြရသလဲဆိုတာလည်း သဘောပေါက်တယ်နော်။ သံဝေဂယူကြ။ တချို့ကျတော့ ငွေကြေးလည်း မမက်ပါဘူး။ ရာထူးလည်း မမက်ပါဘူး။ ဒါပေမယ့် နံမယ်လေးတော့ ကြီးချင်သေးတာတဲ့။ သူများမြှောက်ပေးတိုင်း ပေါက်ကရတွေ ရေးရေးနေတဲ့ ဆရာဝန်ကလေးတစ်ယောက်လိုပေါ့။ ဟိုလူကသိ၊ ဒီလူကသိဆို သူ့မှာ သွားကြီးကိုဖြီးလို့၊ သောက်ညင်ကပ်တဲ့သူတွေ ဘယ်လောက်ပေါသလဲဆိုတာကျတော့ မသိချင်ယောင်ဆောင်နေတာ။ အဲဒီထင်ပေါ်ကျော်ကြားမှုအတွက် အတင်းအဓမ္မလုံ့လစိုက်ပြီး ကြော်ငြာလိုက်ဝင်နေပြန်ရင်လည်း အဲဒါ မဟုတ်သေးပါဘူးတဲ့ဗျား။

တကယ်လို့များ အဲဒီအကျိုးတရားသုံးပါးဟာ တရားသဖြင့်ရလာတာမဟုတ်ပဲ ကာယဒုစရိုက် ၀ဇီဒုစရိုက် မနောဒုစရိုက်တွေနဲ့ရလာခဲ့တယ်ဆိုရင် လောကချမ်းသာကိုရတယ်လို့ ကိုယ့်ဘာသာထင်ဦးတော့ အဲဒီချမ်းသာထဲမှာ ကိုယ့်ကို ဖြိုဖျက်မယ့် သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿတို့ အစဉ်တွဲလျက်ပါလာပါသတဲ့။ ဒါကြောင့်မို့လို့ စစ်မှန်သော အကျိုးစီးပွားကို လိုလားသူတိုင်းဟာ အဲဒီအကျိုးသုံးပါးအပေါ် အယုတ်အလွန်မရှိ၊ မျှတရုံနဲ့ ကျေနပ်ရပါသတဲ့။ ဘယ်လောက်များ ကောင်းလိုက်တဲ့ အယူအဆ အဆုံးအမတရားတော်ပါလိမ့်ဗျာ။ ဒါကြောင့်မို့ တရားနဲ့ဖြေတာ ကောင်းတယ်လို့ပြောတာ။ အဲဒီမထေရ်ကြီးကတော့ လာဘ၊ သက္ကာရ၊ သိလောကဆိုတဲ့ တရားသုံးပါးစလုံးအပေါ် မျှတရုံနဲ့ ကျေနပ်နိုင်လို့ မွေးရပ်ဇာတိက မခွာပဲ တုန့်ပြန်ကျေးဖူးပြုနိုင်အောင် ရဟန်းတရားများ အားထုတ်နေခဲ့ခြင်းပါတဲ့။

ကဲ.. ဇာတ်တော်ပေါင်းကြပါစို့။ နိဂမ၀ါသီတိဿမထေရ်ကြီးကို ဦးအိမ်ခင်ကြီးရယ်လို့ စကားတင်းဆိုကြတဲ့ သံဃာအပေါင်းတို့ကို ဘုရားရှင်က သုဝကျေးမင်းဇာတ်ကို ဟောတော်မူပါသတဲ့။ မွေးဖွားကြီးပြင်းရာ ရေသဖန်းပင်ကြီးပေါ်မှာ သဖန်းသီးများကုန်တော့ သဖန်းညွန့်၊ သဖန်းညွန့်ကုန်တော့ သဖန်းရွက် သဖန်းခေါက်တို့ကို မှီဝဲနေထိုင်တဲ့ အလောင်းတော်ကျေးမင်းကို အရှင် အာနန္ဒာအလောင်း သိကြားမင်းက ဟင်္သာအသွင်ဖန်ဆင်းပြီး `အသင်ကျေးမင်း ဤလောက၌ စိမ်းစိုသော အရွက်ရှိသည့် အပင်များစွာရှိပါလျက် ရေသဖန်းငုတ်တို၌ အဘယ်ကြောင့် ပျော်မွေ့ရပါသနည်း´ လို့ မေးသတဲ့။ ဒီအခါ ကျေးမင်းက`ဤသဖန်းပင်ကြီး စည်ပင်ဝေဖြာကြီးမားသောအခါ၌ ငါတို့သည် ပျော်ရွှင်မြူးတူးစွာ စားသောက်ခဲ့ကြကုန်၏။ ယခုမူ ငါတို့ကြောင့်ပင် သီးကင်းခြောက်သွေ့ရချေပြီ။ ထိုအခါမှ ရေသဖန်းပင်ကို စွန့်ပစ်သွားမည်ဆိုပါက ရေသဖန်းပင်အပေါ်၌ ကျေးဇူးကန်းရာ ရောက်ပေလိမ့်မည်။ ထို့ကြောင့် ငါ့အတွက် အာဟာရတို့ကို မျှတအောင် ရရှိသုံးဆောင်နိုင်သမျှ ကာလပတ်လုံး ဤသဖန်းပင်ကို စွန့်မည်မဟုတ်။´ လို့ ဖြေပါသတဲ့။ တရားတော်အဆုံးမှာတော့ မထေရ်ကြီးလည်း ရဟန္တာဖြစ်သွားပါတော့တယ်။

လက်စသတ်တော့ စင်ရော်မောင်မောင်နဲ့ ပေါ်လစီကားလာရိုက်နေတာကိုး လို့ သဘောပေါက်ကုန်ကြပြီ။ ဟုတ်သားပဲ။ ကိုစိုးသူတောင် လေဆိပ်က ဆိုင်းဘုတ်ကြီးမြင်တာနဲ့ ဆူဇီနိုက်ကြီးကို ပစ်ပြီး လှည့်ပြန်လာသေးတာပဲ။ (အပြင်မှာ တကယ်ထွက်သွားတော့ အဲဒီဆိုင်းဘုတ်ကြီး ဘယ်ရောက်နေပါလိမ့်) တတိယနှစ်တုန်းက ဆရာကြီးဦးသန်းအေး ပြောဖူးတဲ့ စကားတစ်ခွန်းကို ခုထိမှတ်မိနေပါသေးတယ်။ `တဆိတ်ရှိ brain drain, brain drain နဲ့။ What about undrained brain? တဲ့။ အလို့ နလို့ အစွမ်းအစမရှိလို့ သတ္တိမရှိလို့ လို့များ ထင်နေသလားမသိပါဘူးနော်။ ပြောမနာဆိုမနာ သူငယ်ချင်းတွေက `အဲဒီကောင် သောက်ရူးမို့လို့ အဲဒီမှာ ဒုက္ခခံနေတာ´လို့ အားပေးလာရင် ´ကျွန်တော် သောက်ရူး မဟုတ်ပါဘူးခင်ဗျာ။ သောက်ကောင်းပါ။ သောက်ကောင်းပါ။´ လို့ ပြောပြလိုက်ချင်ပါတယ်။ နောက်တစ်ဘွဲ့ရဖို့ ဘုန်းကြီးဝတ်မယ်ဆိုရင်တော့ နီးစပ်နေပြီလား မပြောတတ်ပါဘူး။
Soe Min Facebookမှ

Tuesday, September 13, 2011

1 ဧရာဝတီ တော်လှန်ရေး .............. အောင်ဒင်

(၁) ဧရာဝတီ ကို သတ်နေသူများ၏ စိန်ခေါ်သံ

သမ္မတဦးသိန်းစိန် အစိုးရက သဘောထားပျော့ပြောင်းလိမ့်မယ်လို့ တချို့က မျှော်လင့်နေပြီး တချို့လဲ ပြည်တော်ပြန်ကြ၊ တချို့ကလဲ ပြည်တော်ပြန်ဖို့ တိတ်တိတ်ကလေးကြိုးစားနေကြချိန်မှာပဲ ဦးသိန်းစိန်အစိုးရရဲ့ ဝန်ကြီးတပါးက မြန်မာပြည်သူများရဲ့ ဆန္ဒ ကိုလုံးဝ ဂရုမစိုက်ကြောင်း အတိအလင်းထုတ်ဖော်ပြောကြားလိုက်ပါတယ်၊ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်ပြီး မြန်မာပြည်သူများ မှီခိုအားထားရာဖြစ်တဲ့ မိခင်ဧရာဝတီမြစ်ကြီး ပျက်စီးပျောက်ဆုံးရမှာကို စိုးရိမ်လွန်းလို့ ဧရာဝတီမြစ်ဆုံမှာ တရုတ်အစိုးရပိုင်ကုမ္ပဏီများက တည်ဆောက်နေတဲ့ မြစ်ဆုံဆည်ကြီးကို ဆက်လက်မဆောက်လုပ်ပဲ ရပ်တန့်ဖို့ တောင်းဆိုနေကြတဲ့ မြန်မာပြည်သူတွေကို ဦးသိန်းစိန်အစိုးရရဲ့ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ကြီး ဦးဇော်မင်း က "ဧရာဝတီရောဂါသည်များ", “ဧရာဝတီရောဂါ နဲ့ အမီလိုက်နေသူများ" လို့ လှောင်ပြောင်သရော်လိုက်ပြီး မြစ်ဆုံဆည်ကြီးကို ဘယ်သူကပဲ ကန့်ကွက်ကန့်ကွက် ဆက်ဆောက်သွားမှာဖြစ်တယ် လို့ ကြိမ်းဝါးလိုက်ပါတယ်၊ စက်တင်ဘာ ၁၀ ရက်နေ့က နေပြည်တော်မှာရှိတဲ့ မီးရထားဝန်ကြီးဌာန ဝန်ကြီးရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလို ပြောဆိုလိုက်တာပါ၊

ဒီလိုပြောဆိုရင်းနဲ့ပဲ ဦးဇော်မင်းက မြန်မာ့အလင်းသတင်းစာမှာ လျှပ်စစ်ဝန်ထမ်းတဦး၊ ကျော်မင်းလူ (ရွှေပြည်သာ) ဆိုတဲ့ နံမည်ဝှက်တွေနဲ့ မြစ်ဆုံဆည်တည်ဆောက်ရေးကောင်းတဲ့အကြောင်းတွေ ဆောင်းပါးရေးတာ သူကိုယ်တိုင်ပါပဲလို့ ဝန်ခံသွားပါတယ်၊ သူကပြောပါသေးတယ်၊ "မြစ်ကြီးကို ဘယ်သူမှ မထိန်းသိမ်းခဲ့လို့ မြစ်ကြီးက ပျက်စီးတာ၊ ရေက စီးချင်တဲ့နေရာလျှောက်စီးနေတာ" လို့ ဧရာဝတီမြစ်ကြီးကိုတောင်အပြစ်တင်သွားပါသေးတယ်၊ ဒါပေမည့် ဧရာဝတီမြစ်ကြီးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ သူအပါအဝင်ဖြစ်တဲ့ နအဖစစ်အုပ်စုက နိုင်ငံကို နှစ် ၂၀ကျော်အုပ်ချုပ်မှုအတွင်း တာဝန်မဲ့ခဲ့တာကိုတော့ မသိချင်ယောင်ဆောင်နေခဲ့ပါတယ်၊ ဦးဇော်မင်း ဟာ ဗိုလ်မှူးကြီးဟောင်းတယောက်ဖြစ်ပြီး နအဖအစိုးရသက်တမ်းအတွင်းမှာလဲ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူပါ၊

သူဒေါသတကြီးနဲ့ပြောမှပဲ အရင်က သေသေချာချာမသိခဲ့ရတဲ့ အကျိုးစီးပွါးအပေးအယူ ကိစ္စတွေကိုပါ သိကြရပါတယ်၊ မြစ်ဆုံဆည် အပါအဝင် ဧရာဝတီ၊ မေခ၊ နဲ့ မလိခ မြစ်များမှာတည်ဆောက်နေတဲ့ ဆည်ကြီး ၇ ခု ပြီးစီးသွားရင် ထွက်လာမည့် ရေအားလျှပ်စစ်ပမာဏရဲ့ ၉၀% ကို တရုတ် အစိုးရက ရပြီး မြန်မာနိုင်ငံက ၁၀% ပဲ ရမယ်၊ တရုတ်အစိုးရက ရာနှုံးပြည့်ရင်းနှီးမြှုတ်နှံတာဖြစ်ပေမည့် မြန်မာအစိုးရအတွက် ဒီလုပ်ငန်းကြီးများအတွက် ၁၅% ပိုင်ဆိုင်ခွင့်ပေးတယ်၊ ဆိုတော့ ဒီဆည်တည်ဆောက်ရေးမှာ တရုတ်အစိုးရက ၈၅% ပိုင်ပြီး မြန်မာအစိုးရက ၁၅% ပဲပိုင်တယ်ပေါ့၊ လျှပ်စစ်ဓာတ်အားရောင်းလို့ ရမည့်အမြတ်ငွေရဲ့ ၇၀% ကိုတရုတ်အစိုးရက ရမှာဖြစ်ပြီး ၃၀% ကိုသာ မြန်မာအစိုးရက ရမှာပါ၊ သူအဆိုအရပဲ ထင်ထင်ရှားရှားတွေ့လိုက်ရတာက ကချင် တိုင်းရင်းသားများအမွန်အမြတ်ထားရာ မြစ်ဆုံကို ဖျက်ဆီးပစ်လို့၊ မြန်မာပြည်သူများအမှီပြုအားထားရာ ဧရာဝတီမြစ်ကြီးကို တရုတ်အစိုးရကို ဖျက်ဆီးခွင့်ပြုလိုက်လို့ ဦးသိန်းစိန်အစိုးရပြန်ရမှာက ပိုင်ဆိုင်မှုရဲ့ ၁၅%၊ လျှပ်စစ်ဓာတ်အားရဲ့ ၁၀%၊ နဲ့အမြတ်အစွန်းရဲ့ ၃၀% ပါ၊ ပျက်စီးပျောက်ဆုံးသွားရမည့် ဧရာဝတီမြစ်ကြီးကို ဆုံးရှုံးလို့ ကျနော်တို့ မြန်မာနိုင်ငံသားများအားလုံး၊ အခုလက်ရှိ မျိုးဆက်တွေသာမက နောင်လာမည့် မျိုးဆက်များ ခံစားရမည့် ဆုံးရှုံးမှုပမာဏက ဦးသိန်းစိန်အစိုးရ ခံစားရမည့်အကျိုးအမြတ်ထက် အဆပေါင်း ထောင်နဲ့ချီပြီး ကြီးမားလှတယ်ဆိုတာကိုတော့ ဦးဇော်မင်း ထည့်တွက်ပုံမရပါဘူး၊

(၂) တရုတ်ပြည်ရဲ့ မဟာတံတိုင်းအသစ်

တရုတ်ပြည်က ထင်ရှားကျော်ကြားလှတဲ့ မဟာတံတိုင်း (The Great Wall) ကြီးကို အားလုံး ကြားဖူးကြမှာပါ၊ ဘီစီ ၅ ရာစုလောက်ကစပြီး မင်မင်းဆက် (Ming Dynasty) (၁၃၆၈-၁၆၄၄) အထိ ကာလ အတွင်း တရုတ်နိုင်ငံရဲ့ မြောက်ပိုင်းက ကျူးကျော်ဝင်ရောက်မှုတွေကို ကာကွယ်ဖို့ လူသန်းပေါင်းများစွာ ကိုအဓမ္မစေခိုင်းပြီး နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရတဲ့ ခံတပ် တံတိုင်းကြီးတွေပါ၊ နှစ်ပေါင်း ၂၀၀၀ ကျော်သက်တမ်းရှိပြီး မိုင်ပေါင်း ၅၀၀၀ ကျော်ရှည်လျားလို့ ၁၉၈၇ ခုနှစ်မှာ ကုလသမဂ္ဂ က ကမ္တာ့အမွေအနှစ်တပါးအဖြစ်အသိအမှတ်ပြုထားတာပါ၊ ဒီဘက်ခေတ်မှာတော့ လက်ရှိ တရုတ်အစိုးရက မဟာတံတိုင်းအသစ်ကြီးတခုကို ဆောက်လုပ်နေပါတယ်၊ ဒီတခါဆောက်တဲ့ မဟာတံတိုင်းအသစ်က တရုတ်နိုင်ငံအတွင်းမှာ မဟုတ်ပါ၊ တရုတ်နိုင်ငံအပြင်ဘက် ကမ္ဘာတဝှမ်းမှာ တရုတ်အစိုးရပိုင်ကုမ္ပဏီများ ဆောက်လုပ်နေတဲ့ ရေကာတာကြီးများ ဖြစ်ကြပါတယ်၊ အာဖရိကမှာဆိုရင် အဲဒီနိုင်ငံများကထွက်တဲ့ ရေနံကို ပြိုင်ဘက်မရှိဝယ်ယူနိုင်ဖို့ သက်ဆိုင်ရာအစိုးရများကို လာဘ်ထိုးတဲ့အနေနဲ့ တရုတ်အစိုးရက ဆည်ကြီးတွေ ဆောက်လုပ်ပေးပါတယ်၊ ခြံစည်းရိုးခြင်းကပ်နေတဲ့ မြန်မာနိုင်ငံမှာတော့ ထွက်လာမည့် လျှပ်စစ်ဓာတ်အားကို ဝါးမျိုစားသောက်ဖို့ ဆည်တွေဆောက်ပေးတာပါ၊ သမိုင်းဟောင်းမှာ မဟာတံတိုင်းကြီးဆောက်တော့ အပြစ်မဲ့ တရုတ်ပြည်သူတွေ အဓမ္မလုပ်အားပေးခိုင်းစေခံကြရ၊ နေရာရွှေ့ပြောင်းကြရ၊ ဘဝတွေပျက်စီးကြရ၊ အသက်တွေ သေဆုံးကြရသလိုပဲ ဒီကနေ့ခေတ်၊ တရုတ်အစိုးရရဲ့ မဟာတံတိုင်းသစ် ဆောက်လုပ်ရာမှာ ကမ္ဘာတဝှမ်းက အပြစ်မဲ့ ပြည်သူတွေ ဆင်းရဲဒုက္ခရောက်နေကြရတာပါ၊

သမိုင်းဟောင်းမှာတုံးက မဟာတံတိုင်းဆောက်လုပ်ရာမှာ ဒေသခံစစ်ဘုရင်တွေ အကျိုးစီးပွါးဖြစ်ထွန်းခဲ့သလို ဒီကနေ့ တရုတ်အစိုးရက ကမ္ဘာကို ပါတ်ပြီး ဆည်တွေတည်ဆောက်ရာမှာလဲ တရုတ်အစိုးရနဲ့ အပေါင်းအပါ အာရှ နဲ့အာဖရိက ကအာဏာရှင်အစိုးရတွေပဲ အကျိုးစီးပွါးဖြစ်ထွန်းကြတာပါ၊ ဆည်တွေဆောက်လို့ ပျောက်ဆုံးသွားတဲ့ မြစ်ကြီးတွေ၊ ရွှေ့ပြောင်းရတဲ့ မြို့၊ရွာတွေ၊ အဓမ္မလုပ်အားပေးရတဲ့ ပြည်သူတွေ၊ ပျက်စီးသွားတဲ့ သဘာဝပါတ်ဝန်းကျင်နဲ့ ပြောင်းလဲသွားတဲ့ ရာသီဥတု၊ ရေလွှမ်းခံရတဲ့ လယ်မြေတွေ၊ ကန္တာရဖြစ်သွားတဲ့ စိုက်ပျိုးခင်းတွေ၊ အသတ်ခံလိုက်ရတဲ့ သစ်တောကြီးတွေ၊ ဖြိုချခံလိုက်ရတဲ့ တောင်တန်းကြီးတွေ ကို တရုတ်အာဏာရှင်တွေ နဲ့ သူတို့ရဲ့အပေါင်းအပါအာဏာရှင်များက အလွယ်တကူမေ့လျော့လိုက်ကြပြီး တရုတ်ရှေးဘုရင်များက မဟာတံတိုင်းကြီးအတွက် ဂုဏ်ယူဝင့်ကြွားကြသလို တရုတ်အာဏာရှင်များနဲ့အပေါင်းအပါများကလဲ မဟာတံတိုင်းသစ် ဆည်ကြီးများအတွက် ဂုဏ်ယူဝင့်ကြွားနေကြတာပါ၊ ဒါကြောင့်မို့ တရုတ်အစိုးရရဲ့ ဩဇာခံ စစ်ဘုရင်တပါးဖြစ်တဲ့ ဦးသိန်းစိန် အစိုးရက သဘောထားပျော့ပြောင်းပြီး မြစ်ဆုံဆည်တည်ဆောက်ရေးကို ပြည်သူလူထုရဲ့ ဆန္ဒအတိုင်း ရပ်တန့်လိမ့်မယ်လို့ ကျနော် ဘယ်တုံးကမှ မမျှော်လင့်ခဲ့ပါ၊ အခု ဦးဇော်မင်းရဲ့ စိန်ခေါ်ချက်က ကျနော့်သံသယကိုအတည်ပြုပေးလိုက်ပါပြီ၊

(၃) ဆည်တွေမှာ သက်တမ်းရှိ၍ ထိုသက်တမ်းမှာ တိုတောင်း၏

ဦးဇော်မင်းက ပြောသွားပါသေးတယ်၊ "မြန်မာနိုင်ငံမှာတော့ ရေအားလျှပ်စစ်နဲ့ပါတ်သက်ပြီးတော့ လက်ရှိအချိန်မှာ ကျနော့်ထက်ပိုပြီးတော့ အတွေ့အကြုံရှိတဲ့လူ မရှိတော့ဘူး" တဲ့၊ အဲဒီစကားအတွက် အတော်အံ့ဩမိပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူကပဲ ဒီဆည်ကြီးကို တရုတ်အစိုးရကို ကာလအကန့်အသတ်တခုနဲ့ လုပ်ခိုင်းပြီး အဲဒီကာလပြီးဆုံးတဲ့ အချိန်မှာ "ပြီးပါပြီ၊ ကုန်ပြီ၊ မင်းပြန်တော့၊ ဒါကြီးထားခဲ့တော့။ ကိုယ့်အနိုင်ငံအပိုင်ဖြစ်တယ်၊ ဒီထက်အကျိုးရှိတဲ့ဟာ ဘာရှိသေးလဲ" လို့ အားရပါးရပြောသွားလို့ပါ၊ ဆည်ကြီးတွေမှာ သက်တမ်းရှိတယ်ဆိုတာ သူသိပုံမရပါ၊

မြစ်ကို ပိတ်ဆို့ပြီး ဆည်တွေ၊ ရေလှောင်ကန်တွေ တည်ဆောက်ကြတဲ့အခါ မြစ်ဖျားပိုင်းက စီးလာတဲ့ ရေတွေဟာ ရေကာတာကြီးကြောင့် မြစ်အောက်ပိုင်းကို ဆက်လက်မစီးဆင်းနိုင်ပဲ ရေလှောင်ကန်ကြီးထဲမှာပဲ ထိန်းသိမ်းခံကြရမှာပါ၊ ပြီးတော့ ရေကာတာက ရေတံခါးကြီးများကို ဖွင့်ပေးမှသာ ရေတွေ မြစ်အောက် ပိုင်း ကို ဆက်လက်စီးဆင်းနိုင်မှာပါ၊ အဲဒီရေလှောင်ကန်ကြီးထဲကို ရေတွေတင်မကဘူး နုံးမြေတွေ (Sediment) ပါစီးဝင် ရောက်ရှိမှာပါ၊ အဲဒီ နုန်းတွေက ရေလှောင်ကန်ကြီးရဲ့ အောက်ခြေမှာ သွားပြီး စုပုံ အနည် ထိုင်ကြမှာပါ၊ ရေလှောင်ကန်ကြီးရဲ့ ကြမ်းပြင်က ရေတံခါးကြီးများရဲ့ အောက်ဖက်အဝေးကြီးမှာမို့ ရေတံခါးကြီးများကို ဖွင့်လို့ ရေတွေ မြစ်အောက်ပိုင်းကို စီးဆင်းခွင့်ရရင်တောင်မှ နုံးတွေအတွက်ကတော့ ထွက်ပေါက်မရှိပါ၊ အဲဒီလိုနဲ့ ရေလှောင်ကန်ကြမ်းပြင်မှာ တဖြေးဖြေးစုပုံအနယ်ထိုင်လာတဲ့ နုံးမြေတွေဟာ နှစ်တွေကြာတာနဲ့အမျှ မြင့်တက်ခိုင်မာလာပြီး ရေလှောင်ကန်ရဲ့ ကြမ်းပြင်ဟာ တစတစ မြင့်တက်လာပြီး ကန်ထဲမှာ လှောင်နိုင်တဲ့ ရေပမာဏဟာလဲ နည်းသထက် နည်းလာပါတယ်၊ ဒါကြောင့်မို့လို့ ရေလှောင်ကန်ထဲမှာ နုံးတွေများလာတာနဲ့ အမျှ၊ အောက်ကြမ်းပြင်မြင့်တက်လာတာနဲ့အမျှ၊ လှောင်နိုင်တဲ့ ရေပမာဏနည်းလာတာနဲ့အမျှ၊ လျှပ်စစ်စွမ်းအားထုတ်နိုင်စွမ်းဟာလဲ လျော့နည်းလာပါလိမ့်မယ်၊ ဒါကြောင့်မို့ ရေလှောင်ကန်တခု၊ ရေကာတာတခုရဲ့ လျှပ်စစ်ဓာတ်အားထုတ်နိုင်စွမ်းဟာ အများဆုံး နှစ် ၂၀ နဲ့ ၃၀ ကြားမှာပဲ ရှိတတ်ပါတယ်၊ နှစ် ၂၀ ကျော်သွားပြီးရင်ဖြင့် အဲဒီ ရေလှောင်ကန်ကြီးဟာ နုံးမြေတွေ ပြည့်နှက်နေတဲ့ ကန်ကြီးတခုပဲ ဖြစ်နေပါလိမ့်မယ်၊ လျှပ်စစ်ဓာတ်အားထုတ်ဖို့အသုံးမဝင်တော့သလို ခရီးသွားလာရေး နဲ့ အခြားကိစ္စများအတွက်လဲ အသုံးဝင်မှာ မဟုတ်တော့ပါ၊

မြစ်ဆုံဆည်အပါအဝင် တရုတ်အစိုးရကတည်ဆောက်နေတဲ့ ဆည်ကြီးများအတွက် တရုတ်အစိုးရက နှစ် ၃၀ စာချုပ်နဲ့ (BOT/Build, Operate and Transfer) လုပ်ကိုင်ခွင့်ရမှာဖြစ်လို့ နှစ် ၃၀ ပြည့်လို့ တရုတ်အစိုးရက ကျနော်တို့ကို ဒီဆည်ကြီးများ ပြန်လွှဲပြောင်းပေးတဲ့အချိန်မှာ ကျနော်တို့ ရမှာက နုံးမြေတွေပြည့်နှက်နေတဲ့ အမှိုက်ကန်ကြီးတွေပါ၊ဦးဇော်မင်း ပြောသလို အကျိုးရှိမယ်ဆိုတာ လုံးဝမဖြစ်နိုင်ပါ၊

(၄) အင်္ဂုလိမာလ ဇာတ်သိမ်းခန်း

ကျနော်တို့ မြန်မာနိုင်ငံသားအားလုံးနီးပါး မြတ်ဗုဒ္ဓရဲ့ အောင်ခြင်း ၈ပါးထဲက အင်္ဂုလိမာလချွတ်ခန်းကို ကြားဘူးကြမှာပါ၊ ဘုရားလက်ထက်က အင်္ဂုလိမာလ သတို့သားဆိုတာ ရှိခဲ့တယ်၊ တက္ကသိုလ်မှာ ဒိသာပါမောက္ခဆရာကြီးထံ ချဉ်း ကပ်ပြီး ပညာသင်နေတဲ့အချိန်မှာ ဆရာကြီးက သူ့တပြည့်ကို သူ့ဇနီးနဲ့ မသင်္ကာဖြစ်ပါတော့တယ်၊ ဒါနဲ့ ဆရာကြီးက အင်္ဂုလိမာလကို ချောက်တွန်းတဲ့အနေနဲ့ သူ့ဆီမှာ ပညာတွေသင်ယူဖို့ဆိုရင် သူက ငွေကြေးလက်မခံပဲ လူ့လက်ညှိုး အချောင်း ၁၀၀၀ ကို သာပညာသင်ခ အဖြစ်လက်ခံမှာ ဖြစ်ကြောင်းပြောပြီး အင်္ဂုလိမာလကို လူ့ လက်ညှိုးအချောင်း ၁၀၀၀ နဲ့ သူ့ကို ပူဇော်နိုင်မှ ပြန်လာခဲ့ ဆိုပြီး ကျောင်းတော်က မောင်းထုတ်ပါတယ်၊ ဆရာ့စကားနားထောင်တဲ့ အင်္ဂုလိမာလ ကလဲ ကျောင်းကထွက်ခွါလာပြီး လူတွေကို လိုက်သတ်၊ လက် ညှိုး တွေကိုဖြတ်၊ အဲဒီ လက် ညှိုး တွေကို ပျောက်သွားမှာစိုးလို့ ကြိုးနဲ့ သီပြီး လည်ပင်းမှာ ချိတ်ဆွဲပြီး အင်မတန်ကြောက်စရာကောင်းတဲ့ လူဆိုးကြီး ဖြစ်လာပါတယ်၊

အဲဒီလိုနဲ့ မြို့ပြင်က တောအုပ်ကြီးတခုမှာ ခိုလှုံပြီး တောအုပ်ကို ဖြတ်သန်းသွားသမျှ လူတွေကို သတ်ဖြတ်ပြီး လက် ညှိုး တွေ စုဆောင်းလာတာ တထောင်ပြည့်ဖို့ တချောင်းပဲလိုပါတော့တယ်၊ အဲဒီအချိန်မှာ သားကို စိတ်ပူလွန်းလို့လိုက်ရှာတဲ့ အင်္ဂုလိမာလ ရဲ့ မိခင်ကြီးက အင်္ဂုလိမာလရှိတဲ့ တောအုပ်ကို ရောက်လာပါတယ်၊ အင်္ဂုလိမာလ ကလဲ သူ့အမေကို အမေမှန်း မှတ်မိပေမည့် နောက်ဆုံးလိုတဲ့ လက် ညှိုး တချောင်းကို ရဖို့ သတ်မယ်ဆိုပြီး အမေ့နောက်ကို ဓားဝင့်ပြီး လိုက်ပါသတဲ့၊ ဒီလိုနဲ့ မိခင်ကြီးက ကြောက်လန့်တကြား ရှေ့ကပြေး၊ သွေးဆာနေတဲ့ လူသတ်သမား အင်္ဂုလိမာလ က နောက်ကလိုက် နေချိန်မှာ မြတ်စွာဘုရား က ကိုယ်ထင်ပြပါသတဲ့၊ အဲဒီတော့မှ အင်္ဂုလိမာလက အမေ့နောက်လိုက်တာကိုရပ်ပြီး ဘုရားကို သတ်ဖို့လိုက်တော့ ဘုရားက ရှေ့ကနေ ဖြေးဖြေးလေး ကြွနေပေမည့် သူဘယ်လိုမှ လိုက်လို့မမီနိုင်ပါတဲ့၊ အင်္ဂုလိမာလ က "ဟေ့၊ ရဟန်းကြီး၊ မပြေးနဲ့ ရပ်" လို့ပြောတော့ ဘုရားက "ချစ်သား အင်္ဂုလိမာလ၊ ငါကား မပြေး၊သင်သာ ပြေးသူဖြစ်သည်" လို့ အစချီပြီး တရားဟောပြတော့မှ အင်္ဂုလိမာလ အကျွတ်တရားရ၊ အမှားတွေမြင်ပြီး နောင်တရပါသတဲ့၊

အခုလဲ ဦးသိန်းစိန် နဲ့ စစ်အုပ်စုဟာ ကျနော်တို့ခေတ်ရဲ့ အင်္ဂုလိမာလတွေ ဖြစ်နေပါပြီး၊ သူတို့ရဲ့ ဆရာကြီး တရုတ်အစိုးရ ကျေနပ်စေဖို့အတွက် တိုင်းပြည်မှာ ရှိသမျှ သစ်တောတွေ၊ သတ္တုတွေ၊ သဘာဝဓာတ်ငွေ့တွေ၊ ကျောက်စိမ်းတွေ၊ အဖိုးတန်ရတနာတွေ၊ အားလုံးကို ပေးအပ်ပြီးတဲ့နောက် အခု တရုတ်အစိုးရအလိုကျ မိခင်ဧရာဝတီ ကို သတ်ဖို့ကြိုးစားနေပါပြီ၊ ဒီခေတ်မှာတော့ အမိဧရာဝတီ အသတ်မခံရအောင် ဘုရားကြွပြီး တရားပြဖို့ကတော့ မဖြစ်နိုင်ပါ၊ ကျနော်တို့ မြန်မာပြည်သူများကပဲ စည်းလုံးညီညွတ်တဲ့ လှုပ်ရှားမှုနဲ့ အင်အားပြပြီး အင်္ဂုလိမာလဦးသိန်းစိန် အစိုးရက အမိဧရာဝတီ ကို မသတ်နိုင်အောင် တားဆီးကြရမှာပါ၊

ဧရာဝတီ တော်လှန်ရေး စပါပြီ၊

လေးစားစွာ၊


အောင်ဒင်

စက်တင်ဘာ ၁၂၊ ၂၀၁၁

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.