Monday, September 12, 2011

0 လေးနှစ်ပြည့်တမ်းချင်း ဆောင်းပါးရှင် (စက်တင်ဘာ နေမိန္ဒ)


လေးနှစ်ပြည့်တမ်းချင်း

အိပ်ရချမ်းသာ၊ ချမ်းသာစွာနိုး

အိပ်မက်ဆိုးပျောက်၊ စောင့်ရှောက်နတ်များ

ရင်ဝယ်သားတို့ ၊ လူများလည်းခင်

နတ်လည်းခင်၏၊ မီးလျှင်မပူ

အဆိပ်ဟူလည်း၊ ထို့တူပြေပျောက်

လက်နက်ရောက်လည်း၊ မပေါက်မဝင်

ပြီးသလျှင် တည်း၊ အစဉ်စိတ်တည်

မျက်နှာတည်၍၊ သေသည့်ကာလ

မတွေရနှင့်၊ လောက ဗြဟ္မာ

ပြည်သို့သာလျှင်၊ လားရာ ဆယ့်တစ်မျိုး

မေတ္တာအကျိုးတည်း။

မြန်မာနိုင်ငံရဲ့ အထင်ကရ ခေါင်းဆောင်များဖြစ်ကြတဲ့ တနည်း- မြန်မာနိုင်ငံရဲ့ အထွဋ်အမြတ် ကိုးကွယ်အားကိုး ယုံကြည်ရာဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ တံခွန်လို့ခေါ်တဲ့ ရဟန်းသံဃာတော်များဟာ ၂၀၀၇ စက်တင်ဘာ ဝယ် လမ်းမပေါ်သို့ ထွက်ခဲ့ ကြပါတယ် ။

လမ်းမပေါ်သို့ ထွက်ခဲ့ရတဲ့ အကြောင်းကတော့ ရှင်းပါတယ်။ နည်းမျိုးစုံနဲ့ ဖိနှိပ်ချုပ်ချယ် အနိုင်ကျင့်နေတဲ့ စစ်အာဏာရှင် အာဏာရူးများ လက်အောက်က ကျောင်းသားရဟန်း သံဃာ မိဘပြည်သူတွေနဲ့တကွ အားလုံး လွတ်မြောက်ဖို့ရန် အတွက်ပါ။ တနည်းအားဖြင့် အဓမ္မဝါဒီတွေ ကြီးစိုးနေမှုကို မြတ်ဗုဒ္ဓရဲ့တပည့်သား သံဃာတော်များက မြတ်ဗုဒ္ဓ လမ်းစဉ်နှင့်အညီ ဓမ္မ ဆိုတဲ့ ငြိမ်းချမ်းရေးတရားတွေ လွှမ်းမိုးလာအောင် အဓမ္မ တရားတွေကို လက်ကိုင်ကျင့်သုံးနေတဲ့ နအဖ အာဏာရှင်များကို တွန်းလှန်တဲ့ ရွှေဝါရောင် ငြိမ်းချမ်းရေးတိုက်ပွဲပါပဲ။
ရွှေဝါရောင်တော်လှန်ရေးကြီးကို ဘာကြောင့် ပြုလုပ်ခဲ့ရသလဲဆိုတော့ တနည်းအားဖြင့် ပေါ်ပေါက်ခဲ့ရသလဲဆိုတော့ အာဏာရှင်များ ဖြစ်ကြတဲ့ နအဖ ဟာ ကြံ့ဖွံ့ စွမ်းအားရှင် တွေကို လုပ်ပိုင်ခွင့်အာဏာတွေပေးပြီး ပြည်သူတွေနဲ့ သွေးခွဲအုပ်ချုပ်ခဲ့သလို နိုင်ငံတော်သံဃမဟာနာယက ဆရာတော်များနဲ့ အောက်ခြေသံဃာတော်များကို နည်းမျိုးမျိုးနဲ့သွေးခွဲအုပ်ချုပ်ခဲ့ပါတယ်။
ပြည်သူတွေပေါ်မယ် သံဃာထုကသြဇာကြီးမားတာကိုသိသလို သံဃာထုတွေက နိုင်ငံရေးလောကထဲကို ၀င်ရောက်လာမှာကိုလည်း စိုးရိမ်ကြောင့်ကြပြီးတော့ ပြည်သူတွေနဲ့ အလှမ်းဝေးတဲ့ မဟနဆရာတော်များကိုချဉ်းကပ်ပြီး အောက်ခြေသံဃာတော်များကို ၀ိနည်းဖြင့်လည်းကောင်း၊ တည်ဆဲဥပဒေများဖြင့်လည်းကောင်း နည်းမျိုးစုံသုံးပြီး သံဃာထုကိုသွေးခွဲခဲ့ပါတယ်။
(မှတ်ချက်။ ။ ဒီလိုသွေးခွဲမှုကို အလိုလောဘရမ္မက်ကြီးတဲ့ မဟနဆရာတော်များက လက်ခံကျင့်သုံးကြပါတယ်)
ဒါဟာ သံဃာကိုသင်းခွဲခြင်းလို့ခေါ်တဲ့ သံဃဘေဒကကံကို ထိထိမိမိကြီး အာဏာရှင်သန်းရွှေကြီးနှင့်တကွ န.အ.ဖ၊ န.အ.ဖလက်ပါးစေများဖြစ်တဲ့ ကြံ့ဖွတ်စွမ်းအားရှင်တွေက ကျူးလွန်လိုက်တာပါ။
(မှတ်ချက်။ ။ ဒေ၀ဒတ်လက်သစ်များလို့ခေါ်တဲ့ ကြံ့ဖွတ်စွမ်းအားရှင်များဟာ လက်ရှိတိုင်းပြည်မယ် အာဏာရှင်များရဲ့ အဓိကအခိုင်မာဆုံးဒေါက်တိုင်များအဖြစ် ဆက်လက်ရပ်တည်နေဆဲပါ။)
ဦးဇင်းတို့ ၂၀၀၇ စက်တင်ဘာမယ် လမ်းမတွေပေါ်ကို ထွက်ခဲ့ကြတယ်ဆိုတာဟာလည်း ၂၀၀၇ သြဂုတ်၁၉မှာ လောင်စာဆီဈေးနှုန်းတွေမြင့်ပြီး ကားခတွေရုတ်တရက်ဈေးတက်ခဲ့လို့ ၈၈ မျိုးဆက်ကျောင်းသားတွေဦးဆောင်ပြီး ပြည်သူတွေနဲ့အတူ လမ်းလျှောက်ဆန္ဒပြကြတာကိုလည်း မတရားဖိနှိပ် ဖမ်းဆီးခဲ့တယ်။
စက်တင်ဘာ ၅ရက်နေ့ ပခုက္ကူမှာ သံဃာတော်တွေကို န.အ.ဖတွေနဲ့တကွ န.အ.ဖလက်ပါးစေများဖြစ်ကြတဲ့ ကြံ့ဖွတ်စွမ်းအားရှင်တွေက သံဃာတော်တွေကို ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့ကိစ္စ၊ ဒီနေရာမယ် ဦးဇင်းတစ်ခုပြောချင်တာကတော့ သံဃာတော်တွေကို ထိလို့ဆိုတဲ့ စိတ်ဓါတ်တစ်ခုတည်းနဲ့ သံဃာတော်တွေက လမ်းမတွေပေါ်ထွက်ခဲ့ကြတာမဟုတ်ပါဘူး။ ရတနာသုံးပါးထဲမယ် တစ်ပါးအပါအ၀င်ဖြစ်တဲ့ သံဃာရတနာကို ကျူးလွန်တာရော၊ အနာဂါတ်သာသနာအရေးကို တွေးပြီးစိုးရိမ်တာရော၊ မတရားသဖြင့် ပြည်သူတွေအပေါ်မယ် ဖိနှိပ်ချုပ်ချယ်တာတွေရော မြန်မာနိုင်ငံမယ် အဓမ္မတရားတွေ အလွန်ကြီးစိုးနေတာရော၊ အဓမ္မ၀ါဒီ အဓမ္မတရားတွေ လက်ကိုင်ကျင့်သုံးနေတဲ့ န.အ.ဖ၊ န.အ.ဖလက်ပါးစေများဖြစ်တဲ့ ကြံ့ဖွတ်စွမ်းအားရှင်တွေကို ဓမ္မနဲ့ရင်ဆိုင်ဖြေရှင်းဖို့ သံဃာတော်များဟာဖြင့် လမ်းမတွေပေါ်ထွက်ခဲ့ကြတာပါ။ သံဃာတော်များနဲ့ ပြည်သူတွေပါပူးပေါင်းပြီး လမ်းမပေါ်ထွက်လာခဲ့ကြတဲ့ ရွှေဝါရောင်တော်လှန်ရေးကြီးဟာ အာဏာရှင်လူမိုက်တွေရဲ့ ရက်ရက်စက်စက်ဖြိုခွင်းသတ်ဖြတ်မှုတွေကြောင့် အကျအဆုံးများစွာနဲ့ ဦးဇင်းတို့ ၂၀၀၇ရွှေဝါရောင်တော်လှန်ရေးကြီးဟာ အဆုံးသတ်ခဲ့ရပါတယ်။
အဲဒီလိုကျဆုံးခဲ့ရတဲ့အကြောင်းအရာကလည်း မြန်မာနိုင်ငံရဲ့ အထင်ကရဖြစ်တဲ့ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့က သံဃာထုနဲ့အတူမပါဝင်ခဲ့သလို လျစ်လျှူရှုခြင်းခံခဲ့ရပါတယ်။ ဦးဇင်းတို့ ပြည်သူတွေအများစုကလည်း ဘေးကနေလက်ခုပ်တီးပေးရုံလောက်နဲ့တင် တာဝန်ကျေပြီလို့ သတ်မှတ်ထားတာတွေလည်းရှိပါတယ်။ နောက်တစ်ခုက ဦးဇင်းတို့ အတိုက်အခံပါတီတွေ၊ အတိုက်အခံအဖွဲ့အစည်းတွေအများစုကလည်း ဦးဇင်းတို့ ၂၀၀၇ရွှေဝါရောင် ငြိမ်းချမ်းရေးပွဲတော်ကြီးကို လျစ်လျှူရှုခြင်းခံခဲ့ရပါတယ်။ ဒီလိုအစရှိသောအကြောင်းအရာတွေကြောင့် န.အ.ဖနှင့်တကွ ကြံ့ဖွတ် စွမ်းအားရှင်တွေက အနိုင်ယူဖြိုခွင်းသွားတာပါ။
ရဟန်းသံဃာတော်တွေနဲ့တကွ ပြည်သူတွေဟာ လမ်းမတွေပေါ်ထွက်ပြီးငြိမ်းချမ်းစွာဖြင့် မေတ္တာပို့ စီတန်းလှည့်လည်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့တောင်းဆိုခဲ့တာကို ဒီလိုမျိုးရိုက်နှက်ဖမ်းဆီး သတ်ဖြတ် ဖြိုခွင်းတာဟာဖြင့် အင်မတန်ရက်စက်လွန်းလှပါတယ်။
ရဟန်းသံဃာတော်တွေနှင့် ကျောင်းသားမိဘပြည်သူတွေဟာ တောင်းဆိုခဲ့တာကလည်း
၁။ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေး။
၂။ အမျိုးသားပြန်လည်သင့်မြတ်ရေး။
၃။ ကုန်ဈေးနှုန်းကျဆင်းရေး။
၎။ ပြည်သူ့ဆန္ဒ၊ ပြည်သူ့အာဏာများရရှိရေး။
ဆိုတဲ့ အချက်အလက်များကို အဓိကထားပြီးတော့ တောင်းဆိုခဲ့ကြတာပါ။ ဒီအချက်အလက်များကို တောင်းဆိုခဲ့ကြတဲ့နေရာမယ် အားလုံးသော ဝေနေယျသတ္တ၀ါတွေ ကျမ္မာကြပါစေ ချမ်းသာကြပါစေဆိုပြီး မြတ်ဗုဒ္ဓရဲ့လမ်းစဉ်နှင့်အညီ လူသူလေးပါးမခွဲခြားပဲ အားလုံးကိုမေတ္တာထားပြီး၊ မေတ္တာပို့ပြီး၊ မေတ္တာတရားကိုလက်ကိုင်ထားပြီးတော့ ဆင်းရဲဒုက္ခရောက်နေကြတဲ့ မိဘပြည်သူတွေနှင့် တိုင်းရင်းသားပေါင်းစုံအတွက် သံဃာတော်တွေက ပြည်သူတွေရှေ့ကနေရပ်တည်ပြီး ငြိမ်းချမ်းစွာဖြင့် တောင်းဆိုခဲ့ကြတာပါ။ အဲဒီလိုမျိုး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ငြိမ်းချမ်းစွာဖြင့်တောင်းဆိုခဲ့ကြတဲ့ ကျောင်းသား၊ ရဟန်းသံဃာ၊ မိဘပြည်သူတွေကို မတရားသဖြင့် ရိုက်နှက်ဖမ်းဆီးတာကတော့ ကမ္ဘာပေါ်မယ် အဆိုးရွားဆုံးပါပဲ။
အခုလက်ရှိအချိန်ထိတော့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်မပေးသေးသလို အမျိုးသားသင့်မြတ်ရေးအတွက်လည်း မလုပ်ဆောင်ကြသေးပါဘူး။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုယ်တိုင်ရေးပြီး စိတ်တိုင်းကျတိုင်းပြည်ကိုဖျက်ဆီးနေတဲ့ ပြည်သူတွေ မျက်စိပိတ်၊နားပိတ် အငတ်ဘေး ဒုက္ခပြဿနာအစရှိသော ဒုက္ခပေါင်းစုံကြုံတွေ့နေရတာတောင် လျစ်လျှူရှုပြီး ထင်တိုင်းကြဲနေတဲ့ န.အ.ဖတွေနှင့်တကွ န.အ.ဖလက်ပါးစေတုတ်ကိုင်တွေအားလုံးကို ပြည်သူတွေနှင့်တကွ ကျောင်းသား၊ ရဟန်းသံဃာတော်တွေအားလုံးက ဒီမိုကရေစီအရေးအတွက် အစဉ်အဆက် အသက်တွေ၊ဘ၀တွေ ပေးဆပ်ခဲ့ကြသော ကျောင်းသား၊ရဟန်းသံဃာ မိဘပြည်သူအပေါင်းတို့ကို လေးနှစ်ပြည့် တမ်းခြင်းနှင့်အတူ ညီညီညာညာ ၀ိုင်းဝန်းကယ်ထုတ်ကြပါစို့။
အားလုံးကျန်းမာချမ်းသာပါစေ . . . . .။

စက်တင်ဘာ ဦးနေမိန္ဒ

(အမှန်တရားကို ဘယ်သူအနိုင်ရဖူးလဲ)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.