Tuesday, September 13, 2011

0 တောင်းပန်ပါတယ် ဧရာဝတီ


အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဦးဇော်မင်း(လည်စည်းအပြာရောင်နှင့်)ကို၂၀၀၇ခုနှစ်က တရုတ်နိုင်ငံတွင် တွေ့ရပုံ(ဓာတ်ပုံ-YMEC)
အမြဲ မဟုတ်တာတွေပဲ လုပ်နေခဲ့ပေမယ့် အခုလုပ်တဲ့ကိစ္စကတော့ တော်တော်ဆိုးပါတယ်၊ တချို့အရာတွေက ပျက်စီးသွားပြီးရင် ပြန်ပြုပြင်လို့ရပေမယ့် သဘာဝ အရင်းအမြစ်ဆိုတာ သဘာဝကပဲ ဖန်တီးနိုင်တာပါ.. ဘယ်သူမှလုပ်ယူလို့မရပါဘူး။

မြန်မာမှန်ရင် ဧရာဝတီကို ချစ်ကြပါတယ်.. အခုတောင် ဧရာဝတီရဲ့ တချို့နေရာတွေမှာ သောင်တွေထွန်းနေပြီး ရေကောင်းကောင်းမစီးနိုင်တော့ဘူးဆိုတာ တော်တော်များများ သိကြမှာပါ.. ဒါကို အချိန်မီ ပြန်ပြီးထိန်းသိမ်းပြုပြင်ရမယ့်အစား "မည်သည့်ကန့်ကွက်မှုမျိုးရှိသည်ဖြစ်စေ ဧရာဝတီမြစ်ဆုံစီမံကိန်းကိုဆက်လုပ်မည်ဖြစ်ကြောင်း၊ ဘယ်တော့မှ နောက်ဆုတ်မည်မဟုတ်ကြောင်း" ဆိုတာကတော့ လုံးဝလက်ခံနိုင်စရာမရှိပါ၊ အဲ့ဒီ့မှာ ပြောသွားခဲ့တဲ့ စကားတွေကလည်း သူ့ကိုယ်သူ မြန်မာနိုင်ငံသား တစ်ယောက်လို့ ခံယူထားသေးရင် ဘယ်လိုမှပြောမထွက်နိုင်မယ့် စကားတွေပါ။ ဒီကိစ္စတစ်ခုလုံးရဲ့ နောက်ကွယ်မှာရှိတဲ့လူတွေဟာ ကိုယ့်ကိုယ်ကျိုးတစ်ခုအတွက်နဲ့ မြန်မာနိုင်ငံက သဘာဝအရင်းအမြစ်တွေကို သိမ်းပိုက်ဖျက်ဆီးဖို့ ကြိုးစားနေတဲ့ မြန်မာမဟုတ်တဲ့လူတွေလို့ပဲ မြင်မိပါတယ်။

သူပြောတဲ့အထဲမှာ မှန်တာတချို့တော့ ပါပါတယ်.. "မြစ်ကြီးကို ဘယ်သူမှ မထိန်းသိမ်းခဲ့လို့ မြစ်ကြီးကပျက်စီးနေတာ၊ ဓနအင်အားကြောင့်ရော၊ စိတ်ဝင်စားမှုကြောင့်ရော ဘယ်သူမှ မထိန်းသိမ်းခဲ့ဘူး၊ သွားရမယ့် issue က ဘယ်ကိုသွားရမယ့် issue လဲဆိုတော့ ဒီမြစ်ကြီး သေသွားမယ်မဟုတ်ဘူး။ ဒီမြစ်ကြီးကို ဘယ်လိုဝိုင်းဝန်းထိန်းသိမ်းမလဲဆိုတဲ့ issue ကိုသွားရမှာ" ဆိုတာပါ။ စိတ်မကောင်းစရာကတော့ ဒီစကားကိုပြောတဲ့လူကိုယ်တိုင်က ဒီ issue ကို စိတ်မဝင်စားတာပါ။ ဒီမြစ်ကြီးပျက်စီးရတာ ပြည်သူတွေမှာ အပြစ်ရှိတယ်ဆိုတာမျိုး ပြောချင်နေတယ်လို့ ခံစားရပါတယ်။ ဟုတ်ကဲ့၊ ဧရာဝတီကို ထိန်းသိမ်းဖို့ မြန်မာလူမျိုးတိုင်းမှာ တာဝန်ရှိတာ မှန်ပါတယ်၊ ဒါပေမယ့် သာမန်နိုင်ငံသားတစ်ယောက်အနေနဲ့ ဘယ်လောက်အထိ လုပ်နိုင်စွမ်း၊ လုပ်ပိုင်ခွင့်တွေ ရှိပါသလဲ?

ဧရာဝတီ ဒီလိုပျက်စီးသွားရတဲ့ အကြောင်းအရင်းတစ်ခုကို စဉ်းစားကြည့်ရင် မြန်မာနိုင်ငံမှာ အခုဆောက်လုပ်ပြီးဖြစ်တဲ့ ဆည်တမံပေါင်း ဘယ်နှစ်ခုရှိပါပြီလဲ? အဲ့ဒီထဲမှာမှ ဧရာဝတီမြစ်ပေါ်မှာ တည်ဆောက်ထားတာ ဘယ်နှစ်ခု ရှိပါသလဲ? ဒီလို ဆည်တွေဆောက်တာဟာ ဧရာဝတီမြစ်ကို မထိခိုက်ပါဘူးလား? ထိခိုက်ပေမယ့် လိုအပ်လို့ဆိုရင်လည်း ဒီအတွက် ပြန်လည်ထိန်းသိမ်းမှုအနေနဲ့ ဘာတွေများ လုပ်ဆောင်ထားပါသလဲ?

နောက်တစ်ခုကတော့ ဧရာဝတီကို ဘယ်သူမှ မပိုင်ပေမယ့် မြန်မာနိုင်ငံသားတိုင်းနဲ့ ဆိုင်တယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် နိုင်ငံသားတွေရဲ့ အမြင်ကို (လက်မခံရင်တောင်) ထည့်သွင်းစဉ်းစားသင့်ပါတယ်၊ နောက် ဘာကြောင့်လက်မခံနိုင်တယ်ဆိုတဲ့ ခိုင်လုံတဲ့ အကြောင်းပြချက် ပေးသင့်ပါတယ်၊ "ဘယ်တော့မှ နောက်ဆုတ်မည်မဟုတ်" ဆိုတဲ့ စကားဟာ "ဘယ်သူပြောပြော နားမထောင်၊ အမှားအမှန်ကို ဂရုမစိုက်၊ ဒီစီမံကိန်းအောင်မြင်ဖို့အတွက် ဘာတွေပဲလုပ်ရလုပ်ရ လုပ်မယ်" ဆိုတဲ့ အဓိပ္ပာယ်ဆောင်ပါသလား? ဒီလိုဆိုရင် "ဘာတွေပဲလုပ်ရလုပ်ရ" ဆိုတဲ့နောက်မှာ ဘယ်လောက်အထိပါပါသလဲ? နောက်ဆုံးအခြေအနေမှာ ဒီစီမံကိန်း အောင်မြင်ဖို့ ပြည်သူတွေကို အကြမ်းဖက်ရမယ်ဆိုရင်လဲ လုပ်မှာပဲလို့ ဆိုလိုပါသလား?

ဒီစီမံကိန်းကို ကန့်ကွက်နေတာဟာ နိုင်ငံရေးနဲ့ လုံးဝမဆိုင်ပါ၊ လုပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နဲ့ပဲ ဆိုင်တဲ့ကိစ္စလည်း မဟုတ်ပါဘူး.. မြန်မာဆိုတဲ့နိုင်ငံ၊ မြန်မာဆိုတဲ့လူမျိုးတစ်ရပ်လုံးနဲ့ သက်ဆိုင်တာပါ။ ဒီမြစ်ဆုံစီမံကိန်းကို ကန့်ကွက်တဲ့ လူအားလုံးနီးပါးဟာလည်း မြန်မာတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံကို စောင့်ရှောက်ချင်တဲ့ ရည်ရွယ်ချက်ပဲ ရှိကြပါတယ်၊ တစ်ဦးတစ်ယောက်ချင်းအနေနဲ့ ဘာကိုယ်ကျိုးမှ မျှော်ကိုးစရာမရှိပါ။

မြန်မာလူမျိုးတွေအနေနဲ့ မြန်မာနိုင်ငံဟာ သယံဇာတ ပေါကြွယ်ဝတဲ့နိုင်ငံဆိုတာကို အမြဲဂုဏ်ယူခဲ့ကြပါတယ်၊ ဝမ်းနည်းစရာကောင်းတာက အခုလိုသာ ဆက်သွားမယ်ဆိုရင် နောက်ဆို " မြန်မာနိုင်ငံဟာ သယံဇာတ ပေါကြွယ်ဝတဲ့နိုင်ငံ"၊ "စိမ်းလန်းစိုပြေ မြန်မာပြည်" ဆိုတာတွေဟာ သမိုင်းမှာ ကျန်ခဲ့တော့မယ့် အခြေအနေ ရောက်နေပြီလို့ ထင်ပါတယ်။ နောက်မျိုးဆက်တွေအတွက်ပါ ဘယ်လိုမှ မစဉ်းစားရဲစရာ ကိစ္စကြီးတစ်ခုပါ။

ပိုက်ဆံဆိုတာ လူတွေဖန်တီးထားတဲ့၊ လူတွေက သတ်မှတ်ထားလို့သာ တန်ဖိုးရှိနေတဲ့ စက္ကူလေးတွေပါ၊ အချိန်မရွေးထုတ်လုပ်နိုင်ပါတယ်၊ ပိုက်ဆံအတွက်နဲ့ ဘယ်လိုနည်းနဲ့မှ အစားမထိုးနိုင်တဲ့ ဧရာဝတီကို ဖျက်စီးဖို့ကြိုးစားနေတာကို ဘယ်လိုမှ နားမလည်နိုင်ပါ။ သဘာဝတရားကလည်း သတ္တဝါအားလုံး ကောင်းမွန်စွာ ရှင်သန်နေထိုင်နိုင်ဖို့အတွက် လုံလောက်တဲ့ သယံဇာတကိုပဲ ထုတ်လုပ်ပေးနိုင်ပါတယ်၊ လူတွေရဲ့ လောဘကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ပါ။

ကျွန်မဟာ ဘာပညာရှင်မှ မဟုတ်တဲ့အတွက် ဒီစီမံကိန်းက ဖြစ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေကို အတိအကျ နားမလည်၊ မဖော်ပြနိုင်ပါဘူး၊ နိုင်ငံရေးလည်း နားမလည်ပါ၊ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်လို့လည်း မကျွမ်းကျင်ပါ၊ ဒါပေမယ့် သာမန်လူတစ်ယောက်အနေနဲ့ ရိုးရိုးရှင်းရှင်းတွေးရင်တောင် ဒါဟာ သဘာဝပတ်ဝန်းကျင်အတွက်၊ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အသက်သွေးကြော၊ မိခင်ဖြစ်တဲ့ ဧရာဝတီအတွက် လက်မခံနိုင်စရာဆိုတာကို ခံစားမိတဲ့အတွက် ဒီစာကို မြန်မာနိုင်ငံသား တစ်ယောက် အနေနဲ့ပဲ ဧရာဝတီအတွက်ရော၊ နိုင်ငံနဲ့လူမျိုးအတွက်ပါ ဝမ်းနည်းစွာ ရေးဖြစ်တာပါ။

ကျွန်မရဲ့ အရည်အချင်းနဲ့ လုပ်နိုင်စွမ်း ကန့်သက်ချက်တွေအရ အသက်ငင်နေတဲ့ ဧရာဝတီအတွက် ထိထိရောက်ရောက် ဘာမှမလုပ်ပေးနိုင်တဲ့အတွက် တောင်းပန်ပါတယ် ဧရာဝတီရယ်..

ပထမဆုံးအကြိမ်ရေးသားခြင်းဖြစ်လို့ လိုအပ်ချက်၊ အမှားအယွင်းများကို ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ ကျေးဇူးတင်ပါတယ်။
Thet Myat Noe Facebook

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.