Tuesday, September 13, 2011

0 ဆရာမ နုနုရည်(အင်းဝ) ဖြစ်ချင်တဲ့ သူနှစ်ယောက်

၁၁.၉.၂၀၁၁ (တနင်္ဂနွေနေ့) နေ့လည် (၁၂း၀၀) နာရီအချိန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် လစဉ်ကျင်းပလျှက်ရှိသောစာပေဟောပြောပွဲ၌စာရေးဆရာမ နုနုရည်(အင်းဝ)မှ “ကျွန်မဖြစ်ချင်တဲ့ သူနှစ်ယောက်” ခေါင်းစဉ်ဖြင့် ဆရာကြီးဗန်းမော်တင်အောင်နှင့် ဆရာကြီး မြသန်းတင့်တို့နှစ်ဦး၏ ကိုယ့်အပေါ်ယုံကြည်မှု၊ မြန်မာ့စာပေသမိုင်းတွင် စာပေရေးသားခြင်းဖြင့် ပထမဦးဆုံးသောအကျဉ်းချ (တသက်တကျွန်း) ပို့ခြင်းကိုခံခဲ့ရသည့်စာရေးဆရာကြီးနှစ်ဦး ဖြစ်ကြောင်း၊ တသက်တစ်ကျွန်းကျခံရစဉ် ကျွန်းပေါ်ရှိ ထောင်ဝါဒါအရာရှိများတို့မှ ကျွန်းကျခံအကျဉ်းသားများထဲတွင် စာရေးဆရာဆိုသူများပါရှိကြောင်းထိုစာရေးဆရာများသည် မိမိတို့ အလွန်နှစ်သက် မြတ်နိုးအားကျခဲ့သောစာပေပညာရှင်ကြီးများဖြစ်သော်လည်းမိမိတို့မမြင်ဖူး၍ မတ်တတ်ရပ် ဖော်ပြပေးစေလိုကြောင်း၊ ရန်သူမှပြန်လည်၍ လေးစားသမှုပြုလုပ်ခြင်းကိုခံခဲ့ရသောစာပေအနုပညာရှင် နှစ်ဦးဖြစ်ကြောင်း၊ ကျွန်းပေါ်တွင် နေထိုင်စဉ်ကာလ၌လည်းအစာငတ်ခံ ဆန္ဒပြပွဲအားဦးဆောင်၍ ကျင်းပခဲ့သူမှာစာရေးဆရာကြီး မြသန်းတင့်တို့ပင်ဖြစ်ကြောင်း၊ စာရေးဆရာကြီးဗန်းမော်တင်အောင်သည်လည်းစာပေဖြတ်သန်းမှု၌ အများပြည်သူတို့အတွက်၊ တိုင်းပြည်အတွက်၊ နိုင်ငံအတွက်အကျိုးရှိမည့်၊ အကျိုးပြုမည့် စာပေများစွာကိုရေးသားဖော်ပြပေးခဲ့သော်လည်းစာရေးဆရာကြီးဗန်းမော်တင်အောင်၏ ဇနီးဖြစ်သူသည် မိသားစုအတွက်၊ ဇနီးမယားအတွက် အချိန်ပေးခြင်း၊ ၀မ်းရေးအတွက်ရှာဖွေမှုမပြုခဲ့ခြင်းတို့ကြောင့် အမြင်ကြည်လင်မှု မရှိခဲ့သော်လည်းဆရာကြီးဗန်းမော်တင်အောင် ကွယ်လွန်သွားသောအချိန် ဈာပနအခမ်းအနား၌ အများပြည်သူလူထုတို့၏ ဆရာကြီး၏ နောက်ဆုံးခရီးအားစည်ကားသိုက်မြိုက်စွာလာရောက်၍ ဂါရ၀ပြု ပို့ဆောင်ကန်တော့ကြခြင်းကိုအလွန်အံ့သြမှုဖြစ်ပေါ်ခဲ့ကာဈာပနအခမ်းအနားတွင် ချိတ်ဆွဲထားသောလွမ်းသူ့ပန်းခွေများမှ ပန်းများအားပရိသတ်များတို့မှ တစ်ပွင့်ချင်းဖြုတ်ယူ၍ ရင်ဘတ်များတွင် ဂုဏ်ယူဝံ့ကြွားစွာ တပ်ဆင်ကြခြင်းတို့ကို မြင်တွေ့မိကာဆရာကြီးဗန်းမော်တင်အောင်၏ စွမ်းဆောင်ချက် ပေးဆပ်မှုများအတွက် ဆရာကြီးဗန်းမော်တင်အောင်၏ ဇနီးဖြစ်သူမှာယခင်ကမိမိ၏ အထင်နှင့်အမြင် လွဲမှားခဲ့ကြောင်းနောင်တတရားရခဲ့မှုများကိုဈာပနအခမ်းအနားတွင် ပြောကြားဝန်ခံခဲ့သည့် အဖြစ်အပျက်များနှင့် စာပေအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ကြသောထိုကဲ့သို့ စာရေးဆရာကြီးများလိုမိမိဖြစ်ချင်ကြောင်းစာရေးဆရာမ နုနုရည်(အင်းဝ)မှ ဟောပြောသွားခဲ့သည်။

ယခင် စာပေအနုပညာရှင်ကြီးများသည် တိုင်းပြည်အတွက်၊ လူမျိုးအတွက် ပရဟိတစိတ်ဓါတ်တို့ဖြင့် ပေးဆပ်ခဲ့သူများပီပီနာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ယခုခေတ် လူမှုရေးသမားများသည်လည်းထိုထိုသောစာပေအနုပညာရှင်ကြီးများကဲ့သို့ စွန့်လွှတ်စွန့်စားပေးဆပ်ကြရမည် ဟူသောသံန္ဓိဋ္ဌာန်ချမှတ်၍ လူမှုရေးပရဟိတစိတ်ဓါတ်ခွန်အားများကိုဟောပြောပေးဆပ်သွားခဲ့သည်။

လူတစ်ယောက်ရဲ့တန်ဖိုးဟာ

သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက

သူ့ ပုခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို

သူဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့

အချက်နဲ့ တိုင်းတာရမှာပဲ

(ဗန်းမော်တင်အောင်)


ကိုကျော်သူ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.