Saturday, February 27, 2010

0 ဒေါ်စုအယူခံပယ်မှု နိုင်ငံတကာက ကန့်ကွက်

မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ် ချိုးဖောက်မှုနဲ့နောက်ဆုံးအရေးယူ ထားတဲ့ အမှုကို ပြင်ဆင်ဆုံးဖြတ်ဖို့တင်ပြချက်ကို မြန်မာအစိုးရ ဗဟိုတရားရုံးက သောကြာနေ့မှာ ပယ်ချလိုက်တဲ့အတွက် နိုင်ငံတကာက ဝိုင်းဝန်းကန့်ကွက် တုန့်ပြန်ခဲ့ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ် မပေးတဲ့အတွက် စိတ်ပျက်မိကြောင်း ကြေညာချက် တခုမှာ ဖေါ်ပြထားပါတယ်။နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးပြီး သူတို့ကို နိုင်ငံရေး ဖြစ်စဉ်မှာ ပါဝင်ခွင့်ပြုရေးဟာ မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် မရှိမဖြစ်လိုအပ်ချက် ဖြစ်ကြောင်း အတွင်းရေးမှူးချုပ်ရဲ့ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

ကနေဒါနိုင်ငံခြားရေး ဝန်ကြီး Lawrence Cannon ကလည်း ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံတကာ စံနှုန်းတွေနဲ့ကိုက်ညီခြင်း မရှိဘဲ၊ တရား ဥပဒေ စိုးမိုးရေးကို လုံးဝလျစ်လျူရှုတာသာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ဗြိတိသျှနိုင်ငံခြားရေး ဝန်ကြီးဌာန အငယ်တန်း ဝန်ကြီး Ivan Lewis ကလည်း တရားရုံးဆုံးဖြတ်ချက်ကို မအံ့သြပေမယ့် ဝမ်းနည်းမိကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။ (bbc)

0 ရန်ကုန် သံသယဖြစ်ဖွယ် မီးလောင်မှုများ


(voa)

Thursday, February 25, 2010

0 အော်စကာဆု ချီးမြှင့်ပွဲ ရွှေဝါရောင် သံဃာတော်တွေကို ဖိတ်ကြား

မြန်မာနိုင်ငံတွင်း ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကို အခြေခံ ရိုက်ကူးထားတဲ့ Burma VJ မှတ်တမ်းတင် ရုပ်ရှင်ကားဟာ ဟောလိဝုဒ်ရုပ်ရှင် အော်စကာဆု လျာထားစာရင်းထဲမှာ ရှိနေပြီး ဆုစာရင်းကိုတော့ အခုလာမယ့် မတ်လ ၇ ရက် ညမှာ အော်စကာ ဆုချီးမြှင့်ပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။

Burma VJ မှတ်တမ်းတင်ကား ရိုက်ကူးသူနဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်တဲ့ သံဃာတပါးကို အော်စကာဆု ချီးမြှင့်ရေးအဖွဲ့က ဒီဆုပေးပွဲ အခမ်းအနား တက်ရောက်ဖို့ ဖိတ်ကြားထားပါတယ်။ ဖိတ်ကြားခံရသူ ရန်ကုန် မဂ္ဂင်ကျောင်းတိုက်က အရှင်ပညာဇောတကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းတဲ့အခါ အရှင်ပညာဇောတက အခုလို စပြောပါတယ်။

“သူတို့ကတော့ Burma VJ အကယ်ဒမီ ဆုပေးပွဲကို ရွှေဝါရောင်မှာ ပါဝင်ခဲ့ကြတဲ့ သံဃာတော်တွေထဲက တက်ပေးဖို့ဆိုတော့ ဦးဇင်းနဲ့ ဦးဃောသိတ ၂ ပါးကို တပါးပါး တက်ဖို့ ပြောတယ်။ အဲဒါကြောင့် ဦးဇင်းတို့ ၂ ပါးလုံးတော့ တက်မယ်၊ အခမ်းအနားကြီးထဲမှာတော့ ဦးဇင်း တက်မယ်။ ဦးဃောသိတက ပထမ ၂၅ ရက်နေ့တုန်းက တက်ပြီးသား ဖြစ်တဲ့အတွက် ဦးဇင်းတက်ဖို့ ညှိလိုက်လို့ အခု ဦးဇင်း တက်ပါမယ်။ အဲဒါပါပဲ အဓိကဖိတ်တာကတော့။”

၂၅ ရက်နေ့ပွဲက ဘာပွဲလဲဘုရား။

“၂၅ ရက်နေ့တုန်းကတော့ Nominate လုပ်ခံရတာနဲ့ ပတ်သက်လို့ အဲဒီပွဲမှာ သံဃာတွေတက်ဖို့ ပြောတဲ့အခါမှာ ဦးဃောသိတ တက်တယ်ပေါ့။”

အဲဒါက Nomination လုပ်တဲ့နေ့ကပေါ့။

“ဟုတ်ပါတယ်။”

အခု ဒီကားကလည်း အော်စကာ မှတ်တမ်းတင် ရုပ်ရှင်ဇာတ်ကား စကာတင် စာရင်းထဲမှာ ပါပါတယ်၊ ရွေးချယ်ခံရမယ့် အထဲမှာ။ အဲဒီတော့ အရှင်ဘုရားတို့ ဘယ်လို မျှော်လင့်ထားပါလဲ။ ဒီကားက အော်စကာဆု ရမယ်လို့ မျှော်လင့်ထားလား။

“ဦးဇင်းတို့အနေနဲ့တော့ ရလိမ့်မယ်လို့ ခန့်မှန်းပါတယ်။ ဒါပေမဲ့ တကယ် ဆုံးဖြတ်မှာကတော့ သူတို့ ဘုတ်အဖွဲ့က ဆုံးဖြတ်မှာဆိုတော့ ပြောဖို့တော့ ခက်ပါတယ်။ ဦးဇင်းတို့ ထင်ကြေးအရ ပြောရမယ်ဆိုရင်တော့ ဖြစ်နိုင်ချေ အများကြီးရှိတယ်လို့ အဲဒီလိုပဲ ဦးဇင်းတို့ ပြောချင်ပါတယ်။”

အရှင်ဘုရား ကိုယ်တိုင်ကလည်း ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ ဦးဆောင် ပါဝင်ခဲ့တဲ့ ကိုယ်တော်တပါး အနေနဲ့ အခုလို ဒီလှုပ်ရှားမှုကို မှတ်တမ်းတင် ရိုက်ထားတဲ့ ကားကို တကမ္ဘာလုံးမှာရှိတဲ့ ရုပ်ရှင် ဆုချီးမြှင့်ပွဲမှာ Nomination လုပ်ခံရတယ်ဆိုတော့ ဒီအပေါ်မှာ ဦးဇင်း ဘယ်လိုများ ပြောချင်ပါသလဲ။

“ဒီလိုလုပ်လိုက်ခြင်း အားဖြင့်တော့ ဦးဇင်းတို့နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ကမ္ဘာက ပိုပြီး သိသွားမယ်၊ ပိုပြီး သိရှိလာခြင်းအားဖြင့် မြန်မာနိုင်ငံကို ပိုပြီးတော့ ပြည်သူတွေဘက်ကနေပြီး အများကြီး ကမ္ဘာ့နိုင်ငံတွေက အကူအညီတွေ ပေးလာနိုင်တယ်။

“နောက်တချက် မြန်မာပြည်သူ ပြည်သားတွေဟာ နအဖက ဘယ်လောက်ကြီးပဲ ဖိနှိပ်မှုတွေ ရှိနေ ရှိနေ ကမ္ဘာကြီးက ဒီအတိုင်း ကြည့်မနေပါဘူး၊ ကမ္ဘာ့ပြည်သူတွေက အနုပညာဆိုလည်း အနုပညာအဖွဲ့တွေက၊ ကျန်တဲ့ NGO အဖွဲ့အစည်းဆိုလည်း NGO အဖွဲ့အစည်းတွေက မြန်မာပြည်သူ ပြည်သားတွေကို အမြဲတမ်းပဲ အားပေးနေတယ်၊ ကူညီနေတယ်၊ ထောက်ခံနေတယ် ဆိုတာကို ဒီကားက အကယ်ဒမီ ရသွားခြင်းအားဖြင့် ပြည်သူတွေအတွက် ပိုပြီး အားရှိလာစေတယ်လို့ ဦးဇင်း မြင်ပါတယ်။”

အရှင်ပညာဇောတ ပြောပြသွားတာ ဖြစ်ပါတယ်။

Burma VJ မှတ်တမ်းတင် ရုပ်ရှင်ကားဟာ DVB ဒီမိုကရက်တစ် မြန်မာ့အသံက ရုပ်သံသတင်းထောက်တွေ မြန်မာနိုင်ငံအတွင်း စွန့်စွန့်စားစား သတင်းရယူတဲ့ အကြောင်းနဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Voa News

Wednesday, February 24, 2010

0 လူပေါင်းတစ်သိန်းကျော်တက်ရောက်သည့် တရားပွဲတခု စစ်တွေမြို့ ဝေသာလီရင်ပြင်တွင် ပြုလုပ်ကျင်းပ

ရခိုင်ပြည်၊ စစ်တွေမြို့တော် ဝေသာလီရင်ပြင်၌ လူပေါင်း တစ်သိန်းကျော် တက်ရောက်ခဲ့သော တရားပွဲတခုအား ဖေဖော်ဝါရီလ (၂၀-၂၁) ရက်နေ့အထိ (၂) ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ တရားပွဲတွင် ဆရာတော် အသျှင် သုမင်္ဂလာမှု မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် စစ်အစိုးရ၏ လုပ်ရပ်များ၊ အပြုအမှုများနှင့် အခြားဏ္ဍများကို ထောက်ပြပြောဆို ဟောပြောခဲ့ကြောင်း Arakan Review မှ စုံစမ်း သိရှိရသည်။

စစ်တွေဒေသခံတစ်ဦးအား တရားပွဲနှင့်ပတ်သက်၍မေးမြန်းရာ သူက “လူသိန်းနဲ့ချီပြီး တက်ရောက်နားကြားတဲ့ တရားပွဲကို တစ်ခါမှ မကြုံဖူးဘူးဗျာ၊ တော်တော် အံ့သြစရာပဲ၊ တကယ့်လို့ အာဏာပိုင်တွေသာ မသွားရဘူး ပိတ်ပင်ထားခဲ့မယ်ဆိုရင်တော့ ဒီလောက်ထိ အများကြီး ရောက်လာနိုင်မယ်လို့ မထင်ဘူး”ဟု ပြောပြခဲ့သည်။

ဆရာတော် ဦးသုမင်္ဂလာသည် ရခိုင်ပြည်သို့ ကြွရောက်ရန်အတွက် လွန်ခဲ့သော (၂) လခန့်က ပင် စီစဉ်ကြိုးပမ်းခဲ့သည်။ အစပိုင်းတွင် ဆရာတော်၏ အစိုးရနှင့် အာဏာပိုင်များအပေါ်တွင် ဝေဖန်မှု၊ ပြည်သူများအပေါ်တွင် ဖိနှိပ်မှုများကို ထောက်ပြ ဝေဖန်မှုတို့ကြောင့် တရားပွဲအား ပိတ်ပင်ထားခဲ့သည်ဟု လည်း သိရှိရသည်။

ဆရာတော် စစ်တွေသို့ မကြွရောက်လာမှီ တောင်ကုတ်၊ သံတွဲ၊ မြေပုံ ကမ်းထောင်းကြီး သို့ ဘုရားဒေသနာတော် စာရွက်များအား ဖြန့်ဝေခဲ့သည်။ ထိုစာရွက်များတွင် လူများ၏ ကောင်းမှု၊ မကောင်းမှုများကို ထောက်ပြထားပြီး ဒေသဆိုင်ရာအာဏာပိုင်များအား အပြုသဘောဆောင်ဝေဖန်ထောက်ပြမှုများ ပါရှိကြောင်းလည်း သိရှိရသည်။

သံတွဲမြို့တွင် ပြုလုပ်ခဲ့သော တရားပွဲအား အစပိုင်းတွင် တားမြစ်ပိတ်ပင်ထားခဲ့သော်လည်း ပြည်သူများ၏ ဆန္ဒပြင်းပြစွာ တရားနာလိုမှုကြောင့် နောက်ဆုံးတွင် အာဏာပိုင်များက ခွင့်ပြုခဲ့ရသည်ဟု သိရသည်။ စစ်တွေ ဝေသာလီရင်ပြင် တရားပွဲသို့ ရခိုင်ပြည်ရှိ ဒေသအသီးသီးမှ မြို့သူ၊ မြို့သားများ တစ်သိန်းကျော် တက်ရောက်ခဲ့ကြပြီး ရခိုင်ပြည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အာဏာပိုင်များလည်း လာရောက်ကာ မှတ်တမ်းဓာတ်ပုံများလည်း ရိုက်ယူသွားခဲ့သည်ဟု ၎င်းတရားပွဲတွင် တာဝန်ကျ လုံခြုံရေး အရာရှိတဦးက ပြောပြခဲ့သည်။

“စစ်တွေတမြို့လုံး လှုပ်လှုပ်ခတ်ခတ် ဖြစ်နေတော့ တိုင်းမှူးက လူထုအုံကြွမှု တခုခု ဖြစ်သွားမှာကို စိုးရိမ်နေတယ်။ ဒီလောက်များတဲ့ လူအုပ်ကြီးတခုလုံး တနေရာတည်းမှာ စုစည်းနေတာ။ ဒါကြောင့် တပ်မှာရော၊ ရဲဘက်ရော ရှိတဲ့ အင်အားတွေ အကုန်လုံးကို ခေါ်ပြီး လုံခြုံရေးချထားတယ်။ တခြား နေရာတွေကနေပြီးတော့ လူတွေစုပြီး ဝေသာလီရင်ပြင်ရှေ့ကို ဦးတည်မလာရအောင်လည်း တခြားလူတွေ စုနိုင်တဲ့ နေရာတွေမှာ အကုန်လုံး ကင်းချထားတယ်။ ပြီးတော့ ဗိုလ်အဆင့်ရှိတဲ့ အရာရှိတွေကိုလည်း ကင်မရာတွေ ပေးထားပြီး အကုန်ရိုက်ခိုင်းထားတယ်” ဟု ပြောသည်။

ဆရာတော်သည် အာဏာပိုင်များကြောင့် သွယ်ဝိုက်ပြီး ဖြစ်ပွါးလျက်ရှိသော ပြည်သူလူထု၏ အခက်အခဲ၊ အကျပ်အတည်းများကိုလည်း ထောက်ပြ ပြောဆိုခဲ့ကြောင်း ၊ ယခုကဲ့သို့ လူပေါင်း တစ်သိန်းခန့် တက်ရောက်ကြခြင်းမှာ ဆရာတော် ဟောကြားချက်များသည် ပြည်သူများ၏ ခံစားချက်နှင့် တထပ်တည်း ကျနေခြင်းကြောင့်ဟူ ဒေသခံများက ပြောဆိုနေကြကြောင်း သိရှိရသည်။ ယခု စစ်တွေ ဝေသာလီရင်ပြင်တွင် လူပေါင်း တစ်သိန်းကျော် တက်ရောက်ခဲ့သော တရားပွဲသည် ရခိုင်ပြည်တွင်သာမက မြန်မာတနိုင်ငံလုံးရှိ တိုင်းနှင့်ပြည်နယ် အသီးသီးတွင် ပြောစမှတ်တခု ဖြစ်နေကြောင်း သိရှိရသည်။

ယခုကဲ့သို့ လူပေါင်း သိန်းချီသော တရားပွဲမျိုး စစ်တွေတွင် ပေါ်ပေါက်လာရခြင်းသည် (၂၀၀၇) ခုနှစ် ရွှေဝါရောင် တော်လှန်ရေးအား အစပြုခဲ့သည့် စစ်တွေမြို့နေ သံဃာတော်များနှင့် တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့သော ရခိုင်လူမျိုးများ၏ နောက်ခံ သမိုင်းကြောင်းများကို ဆရာတော် အနေဖြင့် အကျအန လေ့လာပြီးမှ ဤတရားပွဲကို ဆင်နွှဲရန် မဖြစ်မနေ ကြိုးပမ်းခဲ့ရခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။

araken views မှ

0 ပြိုင်ပွဲ



အမှည့်
. . . ကြွေ
. . . ခြွေခြင်း။
အချိန်တန်လို့ ကြွေ
အချိန် မတန်ဘဲ ခြွေ . . . စသည်ဖြင့် နိဒါန်းပျိုးလိုက်၍ “ပြိုင်ပွဲ” ဟူသောခေါင်းစည်းနှင့် လားလားမှ မဆိုင်ဟု ဆိုပါလိမ့်မည်။

အမှည့်ကြွေ ။ ။ လူရယ်လို့ဖြစ်လာပြီး ကမ္ဘာမြေပြင်ကို ရောက်ရှိ ဘဝဘဝတွေကို ဖြတ်သန်းလှော်ခတ်ရင်းနှင့် မီးစာလည်းကုန် ဆီလည်းခမ်း ဖြစ်ခြင်းပျက်ခြင်း တို့သည် သဘာဝတရားပင်ဖြစ်တော့သည်။

အမှည့်ခြွေ ။ ။ လူရယ်လို့ဖြစ်လာပြီး ကမ္ဘာမြေပြင်ကို ရောက်ရှိ ဘဝဘဝတွေကို ဖြတ်သန်းလှော်ခတ်ရင်းနှင့် မီးစာလည်းမကုန်၊ ဆီလည်း မခမ်းဘဲနှင့် ဖြစ်ခြင်း၊ ဖျက်ခြင်း တို့သည် သဘာဝတရားကို ဆန့်ကျင်ခြင်းပင် ဖြစ်သည်။

ကြွေချိန်မတန်ဘဲနှင့် ကြွေ
အမှည့်မလွန်ဘဲနှင့် အခြွေခံရခြင်းပင် ဖြစ်တော့သည်။
မှည့်၍ကြွေသော “အမှည့်ကြွေ” ကို မပြောလိုပါ။
ယင်းသည် တရားသဘောတရားနှင့်အညီ ဖြစ်ခြင်းပျက်ခြင်းပင် ဖြစ်တော့သည်။
မမှည့်ဘဲနှင့် အခြွေခံရသော . . . အမှည့်မလွန်သေးဘဲနှင့် အခြွေခံရသော “အမှည့်ခြွေ” ကိစ္စကိုသာ တွေးတောမိတော့သည်။

အခြွေခံချင်၍ ခြွေခြင်းခံရသည်လား . . . . . ?
အခြွေမခံချင်ဘဲနှင့် ခြွေခြင်းကို ခံရသည်လား . . . . . ?
ခြွေသင့်ခြွေထိုက်၍ ခြွေခြင်းကို ခံရသည်လား . . . . . ?
မခြွေသင့်မခြွေထိုက်ဘဲနှင့် ခြွေခြင်းကို ခံရသည်လား . . . . . ?

ဤတွင် . . . . . မခြွေသင့် မခြွေထိုက်ဘဲနှင့် အခြွေခံရသူတို့ ကိုယ်စား ကျွန်တော် ပြောပါတော့မည်။ ကမ္ဘာမြေပြင်ကို ရောက်ရှိပြီး ဘဝဘဝတွေ လှော်ခတ်ကြရာဝယ် . . . . .
မိမိအတ္တအတွက် လှုပ်ရှားကြသော . . . . . အတ္တဟိတ။
အများအတွက် လှုပ်ရှားကြသော . . . ပရဟိတ စသည်ဖြင့် (နှစ်) မျိုးခွဲထုတ်နိုင်တော့သည်။

အတ္တဟိတ . . . အများအတွက် တစ်ချက်ကလေးမှ လှည့်မကြည့်သော အတ္တလူသား
မိမိကောင်းကျိုးတစ်ခုတည်းကိုသာ ရည်ရွယ်လှုပ်ရှား ရုန်းကန်နေသော လောဘလူသား
မိမိသည်သာ မိမိ၏ ကိုးကွယ်ရာဖြစ်သည်ဟူသော ဗုဒ္ဓ၏ဆုံးမသြဝါဒကို တလွဲဆံပင်ကောင်း၍ မိမိအတွက်မှ လွဲ၍ ကျန်လူများကို ရန်လုပ်၊ ဂုံးချော၊ မြှောက်ထိုးပင့်ကော်လုပ်သော ဒေါသလူသား
မိမိအကျိုးရှိမည့် အလုပ်၊ မိမိစီးပွားဖြစ်မည့် လုပ်ရပ်များကိုသာ မည်သူ့ကိုမျှ မငဲ့ဘဲ အရိုးကြေကြေ၊ အရည်ခမ်းခမ်း လှုပ်ရှားနေသော မောဟလူသား

ထို . . . ထိုသော အတ္တသမား၊ အတ္တလူသားများသည် မှည့်ရုံတင်မက ပုတ်ချင်ပုတ်ပါလေ့စေတော့ . . . ဥပက္ခာပြုသင့်သည် မဟုတ်ပါလား။

ယင်းတို့သည် . . . ဆန်ကုန်မြေလေး ပင်ဖြစ်တော့သည်။
ထိုသူ . . . ထိုလူသားတို့ ကြွေလွင့်သွားခြင်း၊ အခြွေခံရခြင်းအတွက် ပူဆွေးဝမ်းနည်းစရာ မလိုပေ။
မိမိတို့၏ မျက်ရည်များကိုပင် အားနာစရာဖြစ်တော့သည်။

ပရဟိတ ။ ။ အများအတွက် . . . ဘဝဘဝတွေကို လှော်ခတ်ရုန်းကန်နေသော ပရဟိတလူသား
ပြည်သူအတွက် . . . ဘဝဘဝတွေကို နှစ်မြုပ်ရုန်းကန်နေသော ပရဟိတလူသား
တိုင်းပြည်အတွက် . . . ဘဝဘဝတွေကို အဆုံးခံ၍ ကြံ့ကြံ့ခိုင်နေသော ပရဟိတလူသား
ကမ္ဘာကြီးအတွက် . . . ဘဝဘဝတွေကို ပေးဆက်၍ ရဲရင့်ပြတ်သားစွာ ရင်စည်းခံ၍ စွန့်လွှတ်အနစ်နာခံနေသော ပရဟိတလူသား . . . စသည်ဖြင့် နည်းလမ်းပေါင်းစုံနှင့် အများအတွက် အဖက်ဖက်မှ ပေးဆပ်နေသော ပရဟိတလူသားများ . . . များစွာရှိနေဆဲ . . . ရှိနေဦးမည် ဖြစ်သည်။

ထို . . . ထိုသော . . . ပရဟိတစစ်စစ်လူသားများသည် စွန့်လွှတ်ခြင်းများစွာ၊ ပေးဆပ်ခြင်းများစွာတို့ဖြင့် လုပ်ဆောင်ပေးနေသော လူသားများ (အဖြူထည်လူသားများ) ဖြစ်သည့်အတွက် “မကူညီချင်နေပါ၊ မနှောက်ယှက်ပါနှင့်” ဟူသော စကားနှင့်အညီ အဖြူထည်ကို အရောင်မဆိုးမိရန် အညစ်အထေးမပေရန်၊ အပွန်းအပဲ့ အထိအခိုက်မဖြစ်ရန် အထူးအရေးကြီးလှသည်။

မမှည့်ခင် . . . မကြွေစေလိုပါ။
မမှည့်ခင် . . . အခြွေမခံလိုပါ။
မှည့်သော်ငြားလည်း . . . အခြွမခံလိုပါ။
သဘာဝအရ . . . မှည့်ပြီးမှကြွေ
ကြွေလျှင်မှည့်လို့သာ ဖြစ်သင့်သည်။

မနာလို ဝန်တိုစိတ်မွေးခြင်း၊ မစ္ဆိယစိတ်ပွားများခြင်း၊ အပျက်သဘောဆောင်ခြင်း၊ ဂုံးချောခြင်း၊ သပ်ရှိုခြင်း၊ သိမ်းသွင်းခြင်း၊ မှိုင်းတိုက်ခြင်း၊ ခုတုံးလုပ်ခြင်း၊ အငြိုးအတေးကြီးခြင်း စသည့်ဓမ္မလမ်းကြောင်းကို ဖီဆန်၍ ဘုရားမကြိုက်သော လူမဖြစ်ရန် သတိရှိဖို့ သတိထားဖို့၊ အထူးလိုအပ်နေပြီ ဖြစ်သည်။ ဆုတ်ကပ်အချိန်ကာလကြီးသို့ ရောက်ရှိနေသောကြောင့် အဓမ္မဝါဒီကို ရှောင်ကြရန် ထပ်ခါ ထပ်ခါ သတိပေးခြင်းသာဖြစ်သည်။

မိမိကိုယ်ကိုလည်း ထပ်ခါထပ်ခါ ဆင်ခြင်ပွားများနေရဆဲပင် ဖြစ်သည်။
ကိုယ်ပြုသောကံ . . . ပဲ့တင်သံ ကိုယ့်ထံပြန်လာမည် ဖြစ်သည်။
ပရဟိတလူသားများ အနေနှင့်လည်း အတ္တဟိတလူသားများ၏ ထောင်ချောက်ထဲ၊ သတ်ကွင်းထဲ မဝင်မိဖို့ အထူးသတိထားရမည်။
အတ္တဟိတ သမားများအနေနှင့်လည်း မိမိ၏အတ္တကိစ္စရပ်ကိုသာ စိတ်ထက်သန်ပါက ကိုယ့်လမ်းကြောင်း ကိုယ်လျှောက်ရုံပင် ဖြစ်သည်။


သို့သော် . . . ပရဟိတသမားများ၏ ပေးဆပ်မှုလမ်းကြောင်းများကို ဖျက်ဆီးခြင်း၊ ဟန့်တားခြင်း၊ နှောက်ယှက်ခြင်း စသည့် အဓမ္မဝါဒီလမ်းစဉ်ကို မလုပ်သင့်ပေ။

မိမိတို့၏ သမိုင်းကြောင်းလှပအောင် မိမိတို့၏ လုပ်ရပ်များကသာ ဖော်ကျူးပေးမည်ဖြစ်သည်။
ငှက်တစ်သောင်း . . . တစ်သိန်း . . . တစ်သန်း စသည်ဖြင့် နားနေနိုင်သော ပရဟိသစ်ပင်ကြီးမှ အကိုင်း၊ အခက်၊ အသီးတို့ကို ဘာကြောင့်များ ခုတ်ထွင်၊ ရှင်းလင်း၊ ဆွတ်ခူးချင်ပါသနည်း . . . ?


မိမိတို့ကိုယ်တိုင် ဖြူစင်သန့်ရှင်းသော သီလနှင့်နေထိုင်သွားမည်ဆိုပါက မိမိတို့တွင်လည်း ငှက်တစ်သိန်း၊ တစ်သန်းမက ငှက်ပေါင်းကုဋေ နားနေနိုင်မည့်၊ လူ့လောကကြီးကို အလှဆင်နိုင်မည့် လူသားအားလုံး အားကိုးရာ မြတ်နိုးရာ . . . အထွဋ်အထိပ်နေရာ တစ်နေရာသို့ ရောက်ရှိမည် ဖြစ်တော့သည်။

ဒါကြောင့် . . . ပြိုင်ကြပါ
ကိုယ်ကျင့်တရား . . . ပြိုင်ကြပါ
သီလလုံခြုံရေး . . . ပြိုင်ကြပါ
အကြင်နာရှိရေး . . . ပြိုင်ကြပါ
မေတ္တာထားရေး . . . ပြိုင်ကြပါ
ကရုဏာထားရေး . . . ပြိုင်ကြပါ
မုဒိတာထားရေး . . . ပြိုင်ကြပါ
သစ္စာတရား . . . ပြိုင်ကြပါ
ဒီပြိုင်ပွဲဟာ . . . ဓမ္မပြိုင်ပွဲ . . . အရှုံးမရှိ။ ပြိုင်ပြီဆိုကတည်းက နိုင်နေပြီဖြစ်သည်။


သို့တည်းမဟုတ် . . .

တရားမဲ့ရေး . . . ပြိုင်မလား။
အာဃာတထားရေး . . . ပြိုင်မလား။
မစ္ဆိယစိတ်ထားရေး . . . ပြိုင်မလား။
ယုတ်မာရက်စက်ရေး . . . ပြိုင်မလား။
ထိုပြိုင်ပွဲသည်ကား . . . အဓမ္မဝါဒီပြိုင်ပွဲပင် ဖြစ်တော့သည်။ ပြိုင်ပြီဆိုကတည်းက ရှုံးနေပြီဖြစ်သည်။


ဒါတွေကြောင့် . . . ဓမ္မဝါဒီ ပရဟိတလူသားများ အချိန်မတန်ဘဲနှင့် ကြွေလွင့်သွားမှုသည် လူသားတိုင်းအတွက် အကြီးကျယ်ဆုံးသော ဆုံးရှုံးမှု၊ နစ်နာမှုပင် ဖြစ်သည်။
အဓမ္မဝါဒီ အတ္တလူသားများ အချိန်အတန်၍ဖြစ်စေ၊ အချိန်မတန်ဘဲနှင့် ဖြစ်စေ လွင့်စင်သွားမှုသည်ကား ဖြစ်ပျက်သဘောသာ ဆောင်တော့သည်ဟု မှတ်ယူလိုက်တော့သည်။

သူတို့အတွက် . . . ကမ္ဘာမြေကြီးကတောင် ကျေးဇူးတင်မည် ဖြစ်သည်။
“အဓိပ္ပာယ်မဲ့သော လူတစ်ယောက်ကို ထမ်းပိုးထားရသည့် ဝဋ်ကြွေးမှ လွတ်ပြီ”
ဟုပင် သတ်မှတ်ပေလိမ့်မည်။
ထို ထိုသော အကြောင်းအချက်များကို သုံးသပ်လိုက်သော် . . .
မိမိရေးခဲ့သော (ဟိတ်!) ကို ပြန်မြင်ယောင်မိတော့သည်။


ဟိတ်!
ကိုယ့်လမ်း . . . ကိုယ်သွား
ကိုယ့်အလုပ် . . . ကိုယ်လုပ်
ကိုယ့်တာဝန် . . . ကိုယ်ကြေ
ကိုယ့်သီလ . . . ကိုယ်လုံ
ကိုယ့်သမိုင်း . . . ကိုယ်ရေး
ဒါပဲ . . . ကျော်သူ

မြန်မာပြည်သူပြည်သားများ၊ ကမ္ဘာသူ ကမ္ဘာသားများ သောကကင်းဝေး ငြိမ်းချမ်းသာယာရေးကို ရှေ့ရှုလျက် . . . ဓမ္မပြိုင်ပွဲ ဆင်နွှဲကြရန် . . . ဦးတည်လျှက် . . .

အချိန်မတန်ဘဲ အခြွေခံခဲ့ရသော သက်ရှိထင်ရှား ပရဟိတ သူရဲကောင်း လူစွမ်းကောင်း အာဇာနည်ပုဂ္ဂိုလ်များအား အစဉ်လေးစားဦးညွတ်လျက် . . . ။

ကျော်သူ

0 Myanmar International ရုပ်သံအစီအစဉ် ၂၄နာရီထုတ်လွှင့်မည့်


Myanmar International ရုပ်သံအစီအစဉ် ၂၄နာရီထုတ်လွှင့်မည့်





MRTV-3 ရုပ်သံအစီအစဉ်ကို ဆန်းသစ်၍ နိုင်ငံတကာသို့ ၂၄နာရီပတ်လုံး ကြည့်ရှုနိုင်မည့် Myanmar International ရုပ်သံလိုင်းကို မတ်၂၇ရက်မှ စတင်ထုတ်လွှင့်တော့မည်ဖြစ်ကြောင်း သိရသည်။ ၂၀၀၃ခုနှစ်မှ စတင်ထုတ်လွှင့်ခဲ့သော MRTV-3 အစီအစဉ်များအား ၂၄နာရီပတ်လုံး နိုင်ငံပေါင်း ၁၅၆နိုင်ငံမှ ဖမ်းယူကြည့်ရှုနိုင်ရန် ပြောင်းလဲဆန်းသစ်ထားပြီး ယင်းရုပ်သံလိုင်းအား ပြည်ပသတင်းတင်ဆက်သူများကို အသုံးပြု၍ ထုတ်လွှင့်မည်ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး ဦးဝင်းကြည်က ပြောသည်။ “နိုင်ငံခြားက သတင်းတင်ဆက်သူတွေနဲ့ တင်ဆက်မယ်ဆိုပေမယ့် ဘယ်နှယောက်အထိငှားမယ် စတဲ့အသေးစိတ်တွေတော့ မသိသေးဘူး။ သူတို့နဲ့ သတ်မှတ်ထားတဲ့ အချိန်ပြည့်ရင်တော့ လက်ရှိလုပ်ကိုင်နေတဲ့ သတင်းတင်ဆက်သူတွေနဲ့ နောက်အသစ်တွေ ရှာဖွေလေ့ကျင့်ပြီး အစီရင်ခံစေမှာပါ”ဟု ဦးဝင်းကြည်က ဆက်လက်ပြောကြားသည်။ နိုင်ငံတကာသို့ ၂၀၁၀ခုနှစ် ဖေဖေါ်ဝါရီ၁၁ရက်နေ့မှ မတ်လ၂၆ရက်နေ့အထိ အကြိုးစမ်းသပ်ကာလအဖြစ် သတ်မှတ်၍ စမ်းသပ်ထုတ်လွှင့်နေပြီး မတ်လ၂၇ရက်နေ့တွင် ပုံမှန်ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်းရှိ ပရိသတ်များတွင် ဂြိုလ်တုစလောင်းဖမ်းစက်များရှိပါက အဆိုပါ အစီအစဉ်အား ဖမ်းယူကြည့်ရှုနိုင်သည်။ ဂြိုလ်တုစလောင်း မရှိသူများမှာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစီအစဉ်မျာပြီးသည့် နံနက်၉နာရီမှ ၁၁နာရီအထိ ထို၂၄နာရီစာ အစီအစဉ်များထဲမှ ကောက်နုတ်တင်ဆက်သည့် အစီအစဉ်များကို ကြည့်ရှုနိုင်ကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောကြားသည်။ “အဲဒီ့အစီအစဉ်တွေမှာ ပရိသတ်တွေ စိတ်ဝင်စားနိုင်တဲ့ အစီအစဉ်တွေ ထည့်သွင်းထားပြီး မြန်မာဇာတ်ကားတွေကို အင်္ဂလိပ်စာတန်းထိုးပြီး ထုတ်လွှင့်နိုင်ဖို့အထိလည်း စီစဉ်ထားပါတယ်”ဟု အဆိုပါညွှန်ကြားရေးမှူးက ဆက်လက်ပြောကြားသည်။ ထိုအစီအစဉ်ကို အာရှ-ပစိဖိတ်ဒေသ နိုင်ငံများ၊ အိန္ဒိယ-တရုတ်ဒေသရှိနိုင်ငံများ၊ သြစတြေးလျ-နယူးဇီလန်နိုင်ငံများ၊ အမေရိက-ဥရောပနိုင်ငံများမှ ဖမ်းယူကြည့်ရှုနိုင်မည် ဖြစ်သည်။ အဆိုပါရုပ်သံလိုင်းအား မြန်မာနိုင်ငံအကြောင်း ကမ္ဘာတစ်ဝန်းလုံးမှ သိရှိစေရန်၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ အမိနိုင်ငံကို အလွမ်းပြေ ကြည့်ရှုနိုင်စေရန်နှင့် မြန်မာ့အလှ မြန်မာ့သဘာဝကို နိုင်ငံတကာပရိသတ်များ သိရှိစေရန် ရည်ရွယ်တင်ဆက်ခြင်းဖြစ်ကြောင်း ဦးဝင်းကြည်က ဆိုသည်။ ထုတ်လွှင့်မည့် အစီအစဉ်များတွင် Documentary အစီအစဉ်များ၊ Current Affairs စသည့် အစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
Credit: ဝတ်ရည် (7Day News Journal, Vol. 8, No. 49)(planet news)

0 အမှန်လမ်း - *ရေးသူ- တင်မိုး*

မှန်ကန်တဲ့လမ်းဆိုတာ
ကြမ်းတော့ ခရီးကြမ်းပဲ
လျှောက်လှမ်းတဲ့သူ နည်းတယ်။
ညာသံပေးရုံ ပေးပြီး
ဒလိမ့်ခေါက်ကွေး လိမ့်ကျ
မထနိုင်လို့ နောက်ဆုတ်
ပုဆစ်ဒူးတုပ် အရှုံးပေး
ပြေးသူလဲ ပြေးသပေါ့။

ရေတစက် ရေတခွက်မျှ
လက်ကမ်းသူမရှိ။
ထိုင်ခုံကလေး တနေရာမျှ
နားစရာမရှိ
ပန်းကလေး တပွင့်မျှ
ကမ်းလင့်သူ မရှိ။

ဘယ်လောက်ပဲ တောခေါင်ခေါင်
အောင်စိတ်ကို ရှေ့ဆောင်ပြီး
တောင်ကိုကျော် မှော်ရုံဖြတ်
တောစပ်ကိုနင်း
အဖော်ကင်းပေမယ့်
အားတင်းလို့ ချီတက်ရမှာပဲ။
ခက်ခဲတဲ့လမ်းမှာမှ
သစ္စာပန်းက ပွင့်တတ်တယ်။
လွယ်လွယ်ကူကူ၊ ဆွတ်ချူလို့မရ
ဒုက္ခကို အရင်းအနှီးပြု ပြီးမှ
သုခချမ်းသာနဲ့ ပြည့်လျှမ်းတဲ့
ပန်းပွင့်ကို ရနိုင်မယ်။
အခက်အခဲကို မကြောက်
ဒူးမထောက် လက်မမြှောက်နဲ့
မရောက်အရောက် လှမ်းတက်
စိတ်ပျက်တာတွေ ဖယ်ရှား
သွားဖန်များ ခရီးရောက်မှာမို့
နောက်သို့ မဆုတ်တမ်း
ရှေ့သို့ အဟုတ်လမ်း
တို့စခန်း မြင်ရပြီ
မဟုတ်လားကွယ် ။ ။

*တင်မိုး*
-----------

အမှန်တရားအတွက် တိုက်ပွဲဆိုတာ သွေး၊ ချွေး၊ အသက်၊ စည်းစိမ်းနဲ့ အနာဂတ်တွေရင်းထပ်ပြီး၊ ပေးဆပ် အနစ်နာခံမှုပေါင်း များစွာနဲ့သာ အောင်ပန်းကို ဆွတ်ခွာနိုင်မှာဖြစ်ပြီး၊ လွယ်လင့်တကူ အချောင်ရနိုင်သည်အရာမျိုး မဟုတ်ပေ။ ထိုပေးဆပ်မှုတွေနဲ့ ရလာတဲ့အောင်မြင်မှု၌သာ မြတ်နိုး တန်းဖိုးထားမှုနဲ့အတူ အောင်မြင်မှုရဲ့ ကြည်နူးပီတိ တမြမြခံစား စံစားကြရနိုင်မှာကို .... ဒီ “အမှန်လမ်း” ကဗျာကို ကွယ်လွန်သူ ဆရာကြီးတင်မိုးက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦး ၏ (၇၉)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် မွေးနေ့လက်ဆောင် အဖြစ် ရေးခဲ့သော ကဗျာဖြစ်ပါတယ်။


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦး

0 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ သူရဦးတင်ဦးကို ဇိုမီးအမျိုးသားကွန်ဂရက်မှ ဂုဏ်ပြုမှတ်တမ်းလွှာဆုချီးမြှင့်


ပြည်သူလူထု လွတ်ငြိမ်းချမ်းသာခွင့်ရဖို့၊ ပြည်သူလူထုအနေနဲ့ ဒီမိုကရေစီရဖို့နဲ့ ဒီမိုကရေစီတိုက်ပွဲ အောင်မြင်ဖို့လုပ်နေတဲ့အတွက်ကြောင့် သူ့ကို အမျိုးသားပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆု ပေးတာ ဖြစ်တယ်” ဟု UNAထဲမှ အဖွဲ့အစည်းတခုဖြစ်သည့် ဇိုမီးအမျိုးသားကွန်ဂရက် ZNC ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်က ပြောသည်။

ကျနော်တို့ ချင်းပြည်နယ်ကို လာပြီးအပြန် ဒီပဲယင်းမှာ အရိုက်ခံရတယ်။ အခုလို ခံရပြီးတော့ ပထမဦးဆုံး အင်းစိန်ထောင်မှာ မပို့ဘဲ ကလေးထောင်မှာ ၈ လလောက် ကျတယ်။ ဦးတင်ဦးကို ကျနော်တို့ ပြည်သူတွေက အသဲစွဲ ဖြစ်နေတယ်။ အဲဒီအတွက် ဤဆုကိုဦးတင်ဦးအားပေးရခြင်း ဖြစ်တယ်” ဟု ပူကျင့်ရှင်းထန်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒုဥက္ကဋ္ဌသူရဦးတင်ဦးမှဇိုမီးအမျိုးသားကွန်ဂရက်(ZNC)အားကျေးဇူးတင်စကားနှင့်အတူ ဤသို့ပြောကြားခဲ့ပါသည်.။အမှန်ကတော့ဗျာ၊ဒီလောက်တောင်သူရဲကောင်းလည်းမဟုတ်သေးပါဘူးဗျာ။ တကယ်တမ်း ပြောရလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်တို့ ခေါင်းဆောင်ပြီးပါလာတဲ့အခါမှာ ကျနော်ရဲ့လုပ်ကိုင်ဖူးတဲ့အတွေ့အကြုံတွေအရ ဒေါ်အောင်ဆန်းစုကြည်ကိုကူညီဖို့ပဲ ပါလာတဲ့သူပါ” ဟု ပြောသည်။“ချင်းတိုင်းရင်းသားများထဲကပေးတာဆိုတော့ကျေးဇူးတင်တယ်၊ဝမ်းသာတယ်။သူတို့နိုင်ငံရေးမျှော်မှန်းချက်၊ရည်ရွယ်ချက်တွေကိုတတ်နိုင်သမျှကူညီဖြေရှင်းပေးမယ်ဆိုတဲ့သဘောဆောင်တယ်။ တိုင်းရင်းသားတွေရဲ့စည်းလုံးညီညွတ်နဲ့ယုံကြည်မှုရမှာသာ ဒီနိုင်ငံတော်ကြီးဟာ ပြည်ထောင်စု နိုင်ငံတော် ထူထောင်နိုင်မှာပါ။တိုင်းရင်းသားပေါင်းစုံတဖက်နဲ့တဖက်ယုံကြည်စိတ်ချစွာပါဝင်ပြီးပေါင်းစပ်တဲ့နိုင်ငံတော်ကြီးဖြစ်အောင် တစိတ်တဒေသအားဖြင့်ကူညီနိုင်ဖို့စိတ်ကူးပါတယ်”ဟုပြောကြားခဲ့သည်.။

ပေးပို့ပေးသော မမြတ်လေးငုံ အားကျေးဇူးတင်ပါသည်.။

Tuesday, February 23, 2010

0 အလင်းအိမ်မဂ္ဂဇင်း

Sunday, February 21, 2010

0 ကချင်ပြည်နယ်တွင်နအဖတည်ဆောက်နေသောမြစ်ဆုံဆည်ကြောင့် ကချင်ပြည်သူများဒုက္ခရောက်နေ


၂၀၁၇ မှာ လျှပ်စစ်ဓါတ်အား မီဂါဝပ် ၃၆၀ဝ မှ ၆၀ဝ၀ အထိထုတ်လုပ်နိုင်ဖို့ လျာထားပြီးဆောက်လုပ်နေတဲ့ မြစ်ဆုံဆည်ကြောင့် ကချင်ပြည်နယ်ကပြည်သူများ ရတက်မအေးဖြစ်နေရတယ်လို့ Global Post မှာဖော်ပြထားပါတယ်။ စစ်အစိုးရက ဆည်ကထွက်လာမယ့် လျှပ်စစ်ဓါတ်အားကို တရုတ်ပြည်မှာရောင်းစားမယ်ဆိုတဲ့အကြံနဲ့ ဆောက်လုပ်ထားတာဖြစ်ကြောင်း သိရပါတယ်။ ပေငါးရာကျယ်ပြီး ပေငါးရာဆည်မျက်နှာပြင်အမြင့်ရှိတဲ့ မြစ်ဆုံဆည်ဟာ နယူးယောက်မြို့တစ်မြို့စာလောက် အတိုင်းအတာရှိပါတယ်။ ဆည်ဆောက်မယ့်နေရာက ပြည်သူတွေဟာ နေရာရွှေ့ပြောင်းရေးဒုက္ခ၊ အတင်းအဓမ္မ လုပ်အားပေးဒုက္ခများနဲ့ ကြုံတွေ့နိုင်တဲ့အပြင် ဆည်ကျိုးခဲ့ရင် ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေကိုလည်း တွေးကြောက်နေကြတယ်လို့ဆိုပါတယ်။ စစ်အစိုးရအနေနဲ့ ဒီဆည်ကနေပြီး နှစ်စဉ်ဒေါ်လာ သန်း၅၀ဝခန့် ဝင်ငွေရှိနိုင်ကြောင်း ဆောင်းပါးရှင်ကဖေါ်ပြထားပါတယ်။

0 အင်းစိန်ထောင်မှာ ကင်တားနား ဘာတွေ့ခဲ့သလဲ


ကာတွန်း ကလျာမိတေ (မိုးမခ)မှ

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.