Wednesday, February 24, 2010

0 Myanmar International ရုပ်သံအစီအစဉ် ၂၄နာရီထုတ်လွှင့်မည့်


Myanmar International ရုပ်သံအစီအစဉ် ၂၄နာရီထုတ်လွှင့်မည့်





MRTV-3 ရုပ်သံအစီအစဉ်ကို ဆန်းသစ်၍ နိုင်ငံတကာသို့ ၂၄နာရီပတ်လုံး ကြည့်ရှုနိုင်မည့် Myanmar International ရုပ်သံလိုင်းကို မတ်၂၇ရက်မှ စတင်ထုတ်လွှင့်တော့မည်ဖြစ်ကြောင်း သိရသည်။ ၂၀၀၃ခုနှစ်မှ စတင်ထုတ်လွှင့်ခဲ့သော MRTV-3 အစီအစဉ်များအား ၂၄နာရီပတ်လုံး နိုင်ငံပေါင်း ၁၅၆နိုင်ငံမှ ဖမ်းယူကြည့်ရှုနိုင်ရန် ပြောင်းလဲဆန်းသစ်ထားပြီး ယင်းရုပ်သံလိုင်းအား ပြည်ပသတင်းတင်ဆက်သူများကို အသုံးပြု၍ ထုတ်လွှင့်မည်ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး ဦးဝင်းကြည်က ပြောသည်။ “နိုင်ငံခြားက သတင်းတင်ဆက်သူတွေနဲ့ တင်ဆက်မယ်ဆိုပေမယ့် ဘယ်နှယောက်အထိငှားမယ် စတဲ့အသေးစိတ်တွေတော့ မသိသေးဘူး။ သူတို့နဲ့ သတ်မှတ်ထားတဲ့ အချိန်ပြည့်ရင်တော့ လက်ရှိလုပ်ကိုင်နေတဲ့ သတင်းတင်ဆက်သူတွေနဲ့ နောက်အသစ်တွေ ရှာဖွေလေ့ကျင့်ပြီး အစီရင်ခံစေမှာပါ”ဟု ဦးဝင်းကြည်က ဆက်လက်ပြောကြားသည်။ နိုင်ငံတကာသို့ ၂၀၁၀ခုနှစ် ဖေဖေါ်ဝါရီ၁၁ရက်နေ့မှ မတ်လ၂၆ရက်နေ့အထိ အကြိုးစမ်းသပ်ကာလအဖြစ် သတ်မှတ်၍ စမ်းသပ်ထုတ်လွှင့်နေပြီး မတ်လ၂၇ရက်နေ့တွင် ပုံမှန်ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်းရှိ ပရိသတ်များတွင် ဂြိုလ်တုစလောင်းဖမ်းစက်များရှိပါက အဆိုပါ အစီအစဉ်အား ဖမ်းယူကြည့်ရှုနိုင်သည်။ ဂြိုလ်တုစလောင်း မရှိသူများမှာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစီအစဉ်မျာပြီးသည့် နံနက်၉နာရီမှ ၁၁နာရီအထိ ထို၂၄နာရီစာ အစီအစဉ်များထဲမှ ကောက်နုတ်တင်ဆက်သည့် အစီအစဉ်များကို ကြည့်ရှုနိုင်ကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောကြားသည်။ “အဲဒီ့အစီအစဉ်တွေမှာ ပရိသတ်တွေ စိတ်ဝင်စားနိုင်တဲ့ အစီအစဉ်တွေ ထည့်သွင်းထားပြီး မြန်မာဇာတ်ကားတွေကို အင်္ဂလိပ်စာတန်းထိုးပြီး ထုတ်လွှင့်နိုင်ဖို့အထိလည်း စီစဉ်ထားပါတယ်”ဟု အဆိုပါညွှန်ကြားရေးမှူးက ဆက်လက်ပြောကြားသည်။ ထိုအစီအစဉ်ကို အာရှ-ပစိဖိတ်ဒေသ နိုင်ငံများ၊ အိန္ဒိယ-တရုတ်ဒေသရှိနိုင်ငံများ၊ သြစတြေးလျ-နယူးဇီလန်နိုင်ငံများ၊ အမေရိက-ဥရောပနိုင်ငံများမှ ဖမ်းယူကြည့်ရှုနိုင်မည် ဖြစ်သည်။ အဆိုပါရုပ်သံလိုင်းအား မြန်မာနိုင်ငံအကြောင်း ကမ္ဘာတစ်ဝန်းလုံးမှ သိရှိစေရန်၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ အမိနိုင်ငံကို အလွမ်းပြေ ကြည့်ရှုနိုင်စေရန်နှင့် မြန်မာ့အလှ မြန်မာ့သဘာဝကို နိုင်ငံတကာပရိသတ်များ သိရှိစေရန် ရည်ရွယ်တင်ဆက်ခြင်းဖြစ်ကြောင်း ဦးဝင်းကြည်က ဆိုသည်။ ထုတ်လွှင့်မည့် အစီအစဉ်များတွင် Documentary အစီအစဉ်များ၊ Current Affairs စသည့် အစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
Credit: ဝတ်ရည် (7Day News Journal, Vol. 8, No. 49)(planet news)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.