Saturday, November 20, 2010

0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဝါရင့်နိုင်ငံရေးသက်ကြီးပူဇော်ပွဲသို့သွားရောက်ပူဇော်ကန်တော့သောဓာတ်ပုံသတင်း


photo/ AP

အမျိုးသားပြန်လည်သင့်မြတ်ရေးလိုလားသူများနှင့် ဒီမိုကရေစီအင်အားစုများက ၀ါရင့်နိုင်ငံရေးသမားကြီးများ သက်ကြီးပူဇော်ပွဲ တရပ်ကို ပါရမီလမ်းနှင့် ဦးဘဟန်လမ်းထောင့်ရှိ ၀ါရင့်နိုင်ငံရေးသမားကြီးသခင်သိန်းဖေအိမ်တွင် ယနေ့(၂၀.၁၁.၂၀၁၀)စနေ့န့နက်(၉)နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါ ကန်တော့ပွဲသို့ ကန်တော့ခံသက်ကြီးဝါရင့်နိုင်ငံရေးသမားကြီးများ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ NLD ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ (၆၂)မျိုးဆက် (၇၄-၇၅-၇၆)မျိုးဆက် (၈၈)မျိုးဆက် ကျောင်းသား ခေါင်းဆောင်ဟောင်းများ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများနှင့် အခြားနိုင်ငံရေးလှုပ်ရှားသူများ (၁၀၀)ကျော်ခန့်တက်ရောက်ကြသည်။

အဆိုပါကန်တော့ပွဲတွင် အသက်ရှစ်ဆယ်ကျော် ၀ါရင့်သက်ကြီးနိုင်ငံရေး သမားကြီးများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ပြီး လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း ကန်တော့သူ အမျိုးသားပြန်လည်သင့်မြတ်ရေးလိုလားသူများနှင့် ဒီမိုကရေစီအင်အားစုများ၏ ပန်ကြားလွှာကို ဖတ်ကြားခြင်း။ အပူဇော်ခံသက်ကြီးဝါရင့်နိုင်ငံရေးသမားကြီးများကိုယ်စား ၀ါရင့်နိုင်ငံရေးသမားကြီးသခင်သိန်းဖေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးနှင့် တိုင်းရင်းသားခေါင်းဆောင် နိုင်ငွေသိန်းတို့က သြ၀ါဒအမှာစကားများ ပြောကြားခြင်းတို့အပြင် အထူးအစီအစဉ်အဖြစ် ဒုတိယပင်လုံသဘောတူညီချက် ပေါ်ထွက်လာသည်အထိ အကောင်အထည် ဖော်ဆောင်ရွက်ပေးနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အား တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးအင်အားစုများက တာဝန်လွှဲအပ်ပေးပြီး နောက်ဆုံးအစီအစဉ်အဖြစ် တာဝန်လွှဲအပ်ခံရသူ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်တုံ့ပြန်ပြောကြားခဲ့သည်။

ကန်တော့ပွဲသို့ ကန်တော့ခံပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ထားသည့် ၀ါရင့်သက်ကြီးနိုင်ငံရေးသမားကြီး(၂၈)ယောက်အနက် ရပ်ဝေးနေသူများနှင့် ကျန်းမာရေးချို့တဲ့၍ မလာရောက်နိုင်သူများမှ လွဲ၍ စုစုပေါင်း( ၂၀ )ဦး တက်ရောက်အပူဇော်ခံကြသည်။

ကန်တော့ပွဲသို့ တိုင်းရင်းသားခေါင်းဆောင်များနှင့် NLD ခေါင်းဆောင်များအပါအ၀င် နိုင်ငံရေးအင်အားစု (၁၀၀)ကျော် တက်ရောက်ခဲ့ကြသည့်အပြင် သတင်း ထောက်များနှင့် လာရောက်ကြည့်ရှုအားပေးသူ ရာနှင့်ချီရှိခဲ့ကြောင်း သိရှိရသည်။

ကန်တော့ပွဲပြီးနောက် ကျန်းမာရေးကြောင့် မလာရောက်နိုင်သူ ဆရာကြီးဒဂုန်တာရာနှင့်တကွ NLD ဥက္ကဌဦးအောင်ရွှေ၊ အတွင်းရေးမှူးဦးလွင်နှင့် ဗဟိုအလုပ်အမှုဆောင် ဦးလွန်းတင်တို့အားလည်း အိမ်တိုင်ရာရောက်သွားကန်တော့ခဲ့ကြောင်း သိရှိရသည်။

0 ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ အိမ်တော်ရာ ဘုရားဝင်းအတွင်း ပေါက်ကွဲမှု ဖြစ်ပွား

နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၈ နာရီခန့်က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် သီရိဟေမာ အရှေ့မဟာလောကရံသီအိမ်တော်ရာ ဘုရားဝင်းအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

''နံနက် ၈ နာရီ မထိုးခင်ကတည်းက အိမ်တော်ရာဘုရားထဲမှာ အလှူလည်း ရှိနေတော့ လူစည်ကားနေပါတယ်။ ပေါက်ကွဲသံ စကြားကြားချင်းတုန်းက ထရန်စဖော်မာအိုး ပေါက်တယ်ပဲ ထင်ကြတာ။ တချို့က ပေါက်ကွဲတဲ့နေရာကို သွားကြည့်မိတော့မှ ဘုရား သန့်ရှင်းရေးလုပ်တဲ့ အမျိုးသမီးကြီးက သန့်ရှင်းရေးလုပ်တဲ့နေရာမှာ အင်္ကျီအသစ်တစ်ထည်တွေ့လို့ ဆွဲလိုက်တာ ပေါက်ကွဲသွားပြီး သူ့မျက်နှာနဲ့ လက်တွေမှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရတယ်။ အခုတော့ သက်ဆိုင်ရာက ရှာဖွေစစ်ဆေးရေးတွေ ပြုလုပ်နေတာမို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့နေရာ အနီးတစ်ဝိုက်ကိုတော့ ဘုရားဖူး ဧည့်သည်တွေ ၀င်ခွင့်မရှိပါဘူး''ဟု ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးက ပြောပါသည်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာသည် အိမ်တော်ရာဘုရားဝင်း အတွင်းရှိ တောင်ဘက်မုခ် နဂါးရုံဘုရား အနီးတွင် ဖြစ်ကြောင်း သိရသည်။

www.news-eleven.com

0 အောင်အတိတ် … အောင်နိမိတ်



နာရေးကူညီမှုအသင်း(ရန်ကုန်)၏ (၉) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကြီးကို ယနေ့ ၂၀.၁၁.၂၀၁၀ (စနေ) နေ့၌ စည်ကားသိုက်မြိုက်စွာ အောင်ပွဲခံကျင်းပ ပြီးစီးခဲ့ပါသည်။ ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ကျင်းပခဲ့သော မဟာဘုံကထိန်ပွဲတော်များတွင် ယခု (၉) ကြိမ်မြောက် ကျင်းပပြုခဲ့သော စုပေါင်းမဟာဘုံကထိန်ပွဲတော်သည် အစည်ကားဆုံး၊ အသိုက်မြိုက်ဆုံး၊ အညီညွတ် ဆုံးပွဲတော် ဖြစ်တော့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ စုပေါင်းမဟာဘုံကထိန်ပွဲတော်နေ့ နံနက် (၇း၀၀) နာရီတွင် နံနက်စာအဖြစ် ကောက်ညှင်းပေါင်း၊ လ္ဘက်ရည်တို့ဖြင့် ကျွေးမွေးဧည့်ခံပြီး ပဒေသာပင်များကို နံနက် (၈း၀၀) နာရီအချိန်တွင် ကထိန်ခင်းကျင်းမည့် “၀ဋ်ကြွေးတော်ပြေ ရန်အောင်မြင်ကျောင်းတိုက်”သို့ နာရေး ကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ၊ ၀န်ထမ်းများနှင့်အတူ မေတ္တာဖြင့် လာရောက် သီဆို တီးခတ် ကခုန် ဖျော်ဖြေပေးကြသော အောင်မေတ္တာရှင် (ရှမ်းဒိုးအဖွဲ့)၊ မဟာဝေဇယန္တာ (ရှမ်းဒိုးအဖွဲ့)၊ အောင်သိဒ္ဓိအောင် (ကုသိုလ်ဖြစ်ထီးတော်တင်အဖွဲ့၊ ရှမ်းအိုးစည်အဖွဲ့)၊ နိုင်ငံကျော် ရွာစားကြီး စိန်မြစိုး (အိုးစည်အဖွဲ့)၊ မယ်လမု (ဒိုးအဖွဲ့) စုစုပေါင်း လူအင်အား (၃၀၀) ကျော် တို့ဖြင့် လမ်းတစ်လျှောက် အလှူဒါနအတွက် ပျော်ရွှင်မြူးတူးစွာဖြင့် ကခုန်ကာ ပဒေသာပင်များအား ပို့ဆောင်လှူဒါန်းခဲ့သည်။ ပဒေသာပင်များတွင် မင်္ဂလာဈေး (ဈေးသူ/သားများ)၊ နန္ဒ၀န် (ဈေးသူ/ သားများ)၊ သိမ်ကြီးဈေး (ဈေးသူ/သားများ)၊ နာရေးကူညီမှုအသင်း(ရန်ကုန်) တနင်္ဂနွေနေ့မှ စနေနေ့ အထိ နေ့အလိုက် လုပ်အားပေး အသင်းသူ/သားများ၏ ပဒေသာပင်များ၊ နာရေးကူညီမှုအသင်း (ရန်ကုန်) မော်တော်ယာဉ်/စက်ပြင်အဖွဲ့ ပဒေသာပင်၊ ဆောက်လုပ်ရေးအဖွဲ့ ပဒေသာပင် စုစုပေါင်း (၁၁) ပင်နှင့် ရွှေဇီးကွက်ရုပ် (ဖို/မ) တစ်စုံ၊ ပစ်တိုင်းထောင် (ဖို/မ) တစ်စုံအပြင် အကဖျော်ဖြေရေး အရုပ် တစ်ရုပ်ပါဝင်ခဲ့သည်။ စုစုပေါင်း တန်ဖိုးငွေကျပ် ၂၄၀၀၀၀/- (နှစ်ဆယ့်လေးသိန်း) ကျော် လှူဒါန်းနိုင်ခဲ့သည်။

ဦးစွာ ဥက္ကဌ ဦးကျော်သူမှ ရှေ့ပြေးမော်တော်ယာဉ်ဖြင့် ကထိန်သင်္ကန်းအား ပင့်ဆောင်သွားပြီး နောက်မှ ဗုဒ္ဓ၀င်ပုံတော် (၃၃) ပုံ ကိုင်ဆောင်သော အသင်းသူများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) မျိုးဆက်သစ်ကလေးငယ်များ၊ ဒိုးအဖွဲ့များ၊ ပဒေသာပင်များ၊ ရှမ်းဒိုးအဖွဲ့များ တန်းစီ၍ လမ်းလျှောက် သယ်ဆောင်ခဲ့သည်။ လမ်းတ၀က်ခန့်တွင် ဦးကျော်သူသည် ဆိုက္ကားဖြင့် စီးနင်းလိုက်ပါကာ အဖွဲ့သားများ၊ အသင်းသူ/သားများအား လိုက်လံအားပေး ကပြ ဖျော်ဖြေခဲ့သည်။ ၀ဋ်ကြွေးတော်ပြေ ရန်အောင်မြင်ကျောင်းတိုက် သို့ရောက်ရှိသောအခါ ဒိုးပတ်ဝိုင်း များ၊ ရှမ်းဒိုးအဖွဲ့များ၊ ဦးရွှေရိုး + ဒေါ်မိုး ကပြဖျော်ဖြေရာတွင် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ဦးကျော်သူ၏ ဇနီး ဒေါ်ရွှေဇီးကွက်တို့ နှင့်အတူ အသင်းသူ/သားများ တပျော်တပါး ၀ိုင်းဝန်းကခုန် ဆင်နွှဲခဲ့ကြသည်။ ထို့နောက် ၀ဋ်ကြွေးတော်ပြေဆရာတော်ကြီး၏ တရားတော်ကို နာယူကြကာ ရေစက်သွန်းချ လှူဒါန်းခဲ့ပြီး ဆရာတော်ကြီးမှ ကျွေးမွေးသော စားဖွယ်များကို သုံးဆောင်ခဲ့ကြသည်။

ထို့နောက် အသင်းသို့ ပြန်လည်ရောက်ရှိသောအခါ မေတ္တာဖြင့် လာရောက်သီဆို တီးခတ် ကခုန်ဖျော်ဖြေပေးခဲ့သော အောင်မေတ္တာရှင် (ရှမ်းဒိုးအဖွဲ့)၊ မဟာဝေဇယန္တာ (ရှမ်းဒိုးအဖွဲ့)၊ အောင်သိဒ္ဓိအောင် (ကုသိုလ်ဖြစ်ထီးတော်တင်အဖွဲ့၊ ရှမ်းအိုးစည်အဖွဲ့)၊ နိုင်ငံကျော် ရွာစားကြီး စိန်မြစိုး (အိုးစည်အဖွဲ့)၊ မယ်လမု (ဒိုးအဖွဲ့)တို့အား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်၊ ဘဏ္ဍာရေးမှူး ဒေါ်ရွှေဇီးကွက်တို့မှ ဂုဏ်ပြုကဒ်ပြားနှင့် ငွေသား တစ်ဖွဲ့လျှင် (၃၀၀၀၀/-) ကျပ်တိတိ ချီးမြှင့်ပြီးလျှင် နံနက်စာ ထမင်းဟင်းတို့ဖြင့် တည်ခင်းကျွေးမွေး ခဲ့သည်။

ယင်း စုပေါင်းမဟာဘုံကထိန်ပွဲတော်သည် (၇) ရက်သားသမီးအပေါင်းတို့၏ အလှူဒါနများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များ၊ အသင်းသူ/ သားများ၏ အလှူပစ္စည်း ၀တ္ထုငွေတို့ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ရာ စည်းလုံးညီညွတ်ခြင်း၏ အင်အားကို လည်း ပြသခဲ့ရာ ရောက်ပါသည်။ ယင်း ဘုံကထိန်ပွဲတော်အပြီး ရှမ်းဒိုးအဖွဲ့မှ တီးခတ်ဖျော်ဖြေ သီဆိုခဲ့သော “အောင်ပြီလားဟေ့ … အောင်ပြီဟေ့” ဟူသော ကြွေးကြော်သံတို့သည် အောင်အတိတ်၊ အောင်နိမိတ်အလား ဇဗ္ဗူတစ်ခွင်တွင် ပဲ့တင်ရိုက်ခတ်သွားတော့သည်။

ပေးပို့သော ကိုကျော်သူအားကျေးဇူးတင်ရှိပါသည်။

0 ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့တိုင်းရင်းသားတွေမပါရင် ဘယ်အစိုးရမှတရားမဝင်

photo ။ ။ getty image
မကြာခင်က ကျင်းပခဲ့တဲ့ မြန်မာ့ ရွေးကောက်ပွဲကို အမေရိကန် အောက်လွှတ်တော် အမတ်တွေက ရှုတ်ချလိုက်ပြီး ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားတွေ မပါရင် ဘယ်အစိုးရမှ တရားဝင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒီမိုကရေစီ အပြည့်အဝ ဖော်ဆောင်ရေး ၊ လွတ်လပ်စွာ စည်းရုံးစုဝေးခွင့် ၊ လှုပ်ရှားခွင့် ၊ ပြောဆိုခွင့် ၊ သတင်း ထုတ်ပြန်ခွင့်နဲ့ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ လူ့အခွင့်အရေးတွေကို မြန်မာပြည်သူတွေ ခံစားခွင့်ပေးဖို့တောင်းဆိုချက်ကိုလည်း ထုတ်ပြန် ထားပါတယ်။

ဒါ့အပြင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အမြန်ဆုံးစတင်ဖို့ စစ်အစိုးရကို တိုက်တွန်းထားပြီး နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုဝင်ဘာ ရရက်နေ့က ရွေးကောက်ပွဲ ကျင်းပတုန်း နိုင်ငံတကာ လေ့လာသူ တွေကို ဝင်ရောက် စစ်ဆေးခွင့် မပေးခဲ့တဲ့အပြင် မဲမသမာမှုတွေ ပေါ်ပေါက် ခဲ့တာကြောင့် အများစုနဲ့နိုင်ငံတကာက ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုဘူးလို့သိရပါတယ်။
(ဘီဘီစီ)


ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်နိုင်ငံANNသတင်းဋ္ဌာန အင်တာဗျူး

0 NLD ကို ဖျက်သိမ်းခံပါတီအဖြစ် ဖော်ပြရန် ဂျာနယ်များကို ခေါ်ယူသတိပေး

ဒေါ်အောင်ဆန်းစုကြည် သတင်းတွေကို ဖော်ပြရာမှာ NLD ပါတီအစား ဖျက်သိမ်းပြီး NLD ပါတီဆိုတဲ့ စာလုံးကို အစားထိုးသုံးဖို့အတွက် စာပေစိစစ်ရေးက ဂျာနယ်တိုင်းကို မဖြစ်မနေ ထည့်သွင်းရေးခိုင်း နေပါတယ်။ NLD ပါတီ ဆက်လက် ရပ်တည်ခွင့်နဲ့ပတ်သက်လို့ တရားရုံးမှာ စွဲဆိုထားတဲ့အမှု မပြီးပြတ်သေးခင် အခုလို ဖျက်သိမ်းပြီးသော ဆိုတဲ့ အသုံးအနှုန်းကို ဖော်ပြခိုင်းတာဟာ တရားရုံးကို မထီမဲ့မြင်ပြုရာ ကျတယ်လို့ NLD ပါတီရဲ့ ရှေ့နေက ပြောပါတယ်။ ဒီအခြေအနေတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းတွေကိုဖော်ပြဖို့ ဘယ်လို ကန့်သတ်ခံနေရသလဲ ဆိုတာကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်ထိန်းသိမ်းခံထားရာကနေ လွတ်မြောက်လာတယ်ဆိုတဲ့ သတင်းကို သတင်းမီဒီယာတွေမှာ ဖော်ပြရေးသားခွင့်ပေးပေမဲ့ ကန့်သတ်ချက်တွေ များလွန်းတယ်လို့ သတင်းသမားတွေက ပြောပါတယ်။ အထူးသဖြင့် NLD ပါတီအစား ဖျက်သိမ်းပြီးသော NLD ပါတီ၊ ဗဟန်းမှာရှိသော ဖျက်သိမ်းပြီးသော NLD ပါတီရုံးချုပ် ဆိုတဲ့ အသုံးအနှုန်းတွေကို စာပေစိစစ်ရေးက မဖြစ်မနေ ထည့်ခိုင်းနေတယ်လို့ ပြည်တွင်း သတင်းထောက်တဦးက ပြောပါတယ်။

“လူထုစည်းဝေးပွဲကို ရွှေဂုံတိုင်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ပြုလုပ်ပါတယ်လို့ ရေးတဲ့အခါမှာလည်း သူက ဘယ်လိုရေးခိုင်းသလဲဆိုတော့ ဖျက်သိမ်းပြီးသော NLD ပါတီ ပေါ့နော်၊ နောက်ပြီးတော့ ဖျက်သိမ်းပြီးသော အမျိုးသား ဒီမိုကရေစီရုံးချုပ်ရှေ့ ဆိုပြီး အဲဒီလိုမျိုး ထည့်ခိုင်းတယ်ခင်ဗျ။ ဒီတပတ်ထွက်မယ့် ဂျာနယ်တွေရော၊ နောက်တပတ်ထွက်မယ့် ဂျာနယ်တွေရောမှာ အဲဒီလိုပဲ ရေးရမယ်ပေါ့နော်။ ဒေါ်စုကို လူထုတွေက အားပေးနေတဲ့သတင်းတွေ မပါရဘူးခင်ဗျ။ သူ့ရဲ့ အနီးကပ်ဆုံး ပုံတပုံကိုပဲ ပေးသုံးတယ်ခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည် လူထုကို ဘာတွေဟောတယ်၊ ပြောတယ် ဆိုတာတွေလည်း ရေးလို့မရဘူး။”

တကယ်တော့ NLD ပါတီ ဆက်လက်ရပ်တည်ခွင့်နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် စွဲဆိုထားတဲ့ အမှု မပြီးပြတ်သေးဘဲ ပြီးခဲ့တဲ့ နိုဝင်ဘာ လ ၁၈ ရက်နေ့ကမှ နေပြည်တော် တရားရုံးချုပ်မှာ အမှုကို ကြားနာခဲ့တာပါ။ အခုလို အမှုမပြီးပြတ်သေးဘဲ ဖျက်သိမ်းပြီးသော NLD ပါတီဆိုတဲ့ အသုံးအနှုန်းကို ရေးသားခိုင်းတာဟာ တရားရုံးကို မထီမဲ့မြင်ပြုရာ ကျတယ်လို့ NLD ပါတီရဲ့ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဒါ ကျနော်တို့ လုံးဝ လက်မခံနိုင်တဲ့ဟာပါ။ NLD ပါတီဟာ အခုထိ ရပ်တည်ဖို့ နည်းလမ်းတကျ ဥပဒေဘောင်အတွင်းက ကြိုးစားဆောင်ရွက်နေတယ်။ ဒါကြောင့် ဖျက်သိမ်းပြီးဆိုတဲ့ဟာကို အဲန်ကယ်တို့ လုံးဝ လက်မခံပါဘူး။ ကျနော်တို့ NLD ပါတီဟာ ရပ်တည်မှုနဲ့ပတ်သက်ပြီးတော့ တရားတဘောင် ရှိတယ်။ တရားရုံးမှာရှိတယ်။ တရားရုံးက မဆုံးဖြတ်ခင် အခုလို အသုံးအနှုန်းမျိုး ဖျက်သိမ်းပြီး NLD တို့၊ ဖျက်သိမ်းပြီး NLD ရုံးဟောင်းတို့ ဒီလိုသုံးတာဟာ တရားရုံးကို မထီမဲ့မြင်ပြုရာ ရောက်တယ်လို့ အဲန်ကယ်လ်တို့ မြင်ပါတယ်။”

NLD ပါတီရဲ့ ရှေ့နေ ဦးဉာဏ်ဝင်း ပြောပြခဲ့တာပါ။ ဥပဒေကြောင်းအရ ခိုင်ခိုင်မာမာနဲ့ NLD ပါတီ ဆက်လက် ရပ်တည်ခွင့်အတွက် တရားရင်ဆိုင်နေတာဖြစ်ပြီး အမှုကို တရားရုံးက ပယ်ချခဲ့ရင်လည်း ရှေ့ဆက် ရင်ဆိုင်သွားမှာဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

သတင်းဂျာနယ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့သတင်းတွေကို ရေးသားရာမှာ သတင်းတိုပုံစံနဲ့သာ ရေးသားခွင့်ပေးပြီး သတင်းဆောင်းပါးလို အရေးအသားမျိုးတွေ အားလုံးကို စာပေစိစစ်ရေးက ပယ်ချခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် တရားရုံးသွားတဲ့ ဓါတ်ပုံကို စာပေစိစစ်ရေးတင်ရာမှာ ဓါတ်ပုံရဲ့အောက်မှာ စာတမ်းမတင်မိလိုက်ဘဲ ထုတ်ဝေဖြန့်ချိတဲ့အခါမှာတော့ တရားရုံးသွားတဲ့ပုံလို့ စာတမ်းထိုးမိလိုက်တဲ့ ပေါ်ပြူလာဂျာနယ်ကိုလည်း မနေ့က စာပေစိစစ်ရေးက ခေါ်ယူသတိပေးခဲ့ပါတယ်။

ဒီလိုတင်းကျပ်တဲ့ ကန့်သတ်မှုတွေအပြင် နိုဝင်ဘာလ ၁၆ ရက် အင်္ဂါနေ့က ထုတ်ဝေခဲ့တဲ့ First Eleven အားကစားဂျာနယ်ကိုလည်း စာပေစိစစ်ရေးက ထုတ်ဝေခွင့် ၂ ပတ် ပိတ်ပင်ခဲ့ပါတယ်။ အကြောင်းကတော့ ဥရောပ ဘောလုံးပွဲ အသင်း ၃ သင်းနိုင်တဲ့ အကြောင်းကိုရေးရာမှာ အရောင်တွေခွဲထားတဲ့ စားလုံးတွေကို ဖတ်ကြည်ရင် SU Free ဆိုတဲ့ စာတမ်းကို တွေ့ရတဲ့အတွက်ဆိုပြီး ပြစ်ဒဏ်ပေးခံရတာဖြစ်တယ်လို့ သတင်းထောက်တဦးက ပြောပါတယ်။

“ဘောလုံးဂျာနယ်လေးမှာ highlight လေးတွေ လုပ်ပြီးတော့ အင်္ဂလိပ် စာလုံးလေးတွေ ဖော်ပြတဲ့နေရာမှာ ပြဿနာ တက်နေတော့ အယ်ဒီတာကို အလုပ်ထုတ်ခိုင်းတယ်။ ဒါပေမဲ့ တိုက်ပိုင်ရှင်တွေကတော့ အလုပ်မထုတ်ဘဲနဲ့ ဂျာနယ် ၂ ပတ် ရပ်ဆိုင်းလိုက်တယ်လို့တော့ ကျနော်တို့ ကြားရတယ်ခင်ဗျ။ ဆန်းဒါးလန်း က Sunderland လို့ပေါင်းထားတယ်ခင်ဗျ။ အဲဒီမှာ သူက SU ကို အနီတော်တော်ရင့်ပြီး highlight လုပ်ထားတယ်။ နောက်တခါ အဲဒီမှာ Free ဆိုတဲ့ စာလုံးတလုံး ပါတယ်ခင်ဗျ။ အဲဒီကြားထဲမှာပေါ့နော်။ သူက အဲဒီ Free ကိုလည်း highlight လုပ်ထားတယ်။ SU Free ပေါ့ဗျာ။ အဲဒီဟာကို သူတို့က ထောက်ပြီးတော့ပေါ့နော် သူတို့ဂျာနယ် ၂ ပတ်နားဆို နားပေးပါမယ်ဆိုပြီးတော့ နားမယ်လို့ ကျနော်တို့ ကြားတယ်ခင်ဗျ။”

သတင်းထောက်တဦး ပြောပြခဲ့တာပါ။ ဒါပေမဲ့ First Eleven ဂျာနယ်ဟာ စာပေစိစစ်ရေးကို မူကြမ်းတင်တဲ့စာနဲ့ အချောထုတ်ဝေ ဖြန့်ချိတဲ့ကြားမှာ မတူညီတာတွေ ပါသွားတာရှိသလို အားကစားနဲ့ မပတ်သက်တဲ့ အကြောင်းအရာ တခုကို ဖော်ပြမိတဲ့အတွက် ဂျာနယ်ကို ၂ ပတ် ထုတ်ဝေခွင့် ရပ်နားခံရတာဖြစ်တယ်လို့ Eleven Journal ရဲ့ တာဝန်ခံ အယ်ဒီတာတဦးဖြစ်တဲ့ ကိုဝေဖြိုးက ဗွီအိုအေကို ပြောပါတယ်။
(ဗွီအိုအေ)

0 Aung San Suu Kyi weighs Twitter vs Facebook


ဒေါ်စု အမှတ်တရ FaceBook များအနက် အအောင်မြင်ဆုံးမှာ http://www.facebook.com/aungsansuukyi ဖြစ်သည်။ ထိုအကောင့်ကို လန်ဒန်အခြေစိုက် Burma Campaing UK (BCUK) က ဖန်တီးထားခြင်း ဖြစ်သည်။ ပရိသတ် သုံးသိန်းနီးပါး ရှိကြောင်း တွေ့ရသည်။

ဗီဒီယိုတွင် “facebook မှာ ပရိသတ် ၂သိန်းခွဲကျော်တောင် ရှိတယ်နော်၊ အဲဒါ သိပါသလား” ဟု CNN က မေးသည်ကို “အတိအကျ ဘယ်လောက်ရှိလဲဆိုတာ ကျမ မသိပါဘူး။ လူအများက စိတ်ဝင်စားကြတယ်ဆိုလို့ ၀မ်းသာပါတယ်။ ဒါပေမယ့် ကျမနာမည်ကြီးပြီး ပေါ်ပြူလာဖြစ်တာထက် ကျမလုပ်ချင်တာတွေ ဖြစ်လာဖို့ အထောက်အကူဖြစ်စေတာမျိုးကို ပိုပြီး အလိုရှိတာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်မှ ပြန်လည်ဖြေကြားသွားသည်။ ။

0 အင်္ဂလန်နိုင်ငံသား ပန်းချီပညာရှင်မှ ဒေါ်အောင်ဆန်းစုကြည်အား ပုံတူပန်းချီကားဖြင့် ဂုဏ်ပြု။



Aung San Suu Kyi with Chris Robinson artist
ပေးပို့သော ကိုနစ်နေမန်းအားကျေးဇူးတင်ရှိပါသည်.

Friday, November 19, 2010

0 “ နိုင်ငံရေးကို ပြက်ရယ်မပြုပါနဲ့ ” -
ရေးသူ-(လူထုစိန်ဝင်း)

သမိုင်းဆိုတာ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံရဲ့ အသက်ဝိဥာဉ်ဖြစ်တယ်။ အသက်ကို စောင့် ရှောက်သလို၊ ဂရုတ စိုက်နဲ့ ထိန်းသိမ်းစောင့်ရှောက်ရတယ်။ အရိပ်တကြည့်ကြည့်နဲ့ တန်ဖိုး ထား အလေးအမြတ်ပြုရတယ်။

အရှိကိုအရှိအတိုင်းကြည့်

သမိုင်းကို မေ့မပစ်ရ၊ ဖျောက်မပစ်ရသလို ဖျက်လည်း မပစ်ရဘူး။ ကိုယ်ကြိုက်သလို ပြုပြင် တာလည်း မလုပ်ရဘူး။ အရှိကို အရှိအတိုင်း တန်ဖိုးထားထိန်းသိမ်း စောင့်ရှောက်ရတယ်။ သမိုင်းကို ပြန်လည်လေ့လာ သုံးသပ်တဲ့ အခါမှာ သူ့ခေတ်သူ့အခါက အခြေအနေအတိုင်း သုံးသပ်ရတယ်။ ကိုယ့်ခေတ်ကိုယ့်အခါက အမြင်နဲ့ သမိုင်းကို ဆုံးဖြတ်ရင် အမှန်ကို မရနိုင်ဘူး။ သမိုင်းကို ကိုယ့်အတ္တနောမတိနဲ့ မကြည့်ရပါဘူး။ ဆိုရှယ်လစ်စကား လူတိုင်း ပြော နေတဲ့ အချိန်က သမိုင်းဝတ္ထုရေးဆရာများက ရှေးဘုရင်များရဲ့ ပါးစပ်က လုပ်သားပြည်သူတို့၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့၊ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးတို့ ဆိုတဲ့ စကားတွေ တွင်တွင်ကြီး ပြောခိုင်းကြတာတွေ ဖတ်ခဲ့ရတယ်။ ပုဂံခေတ် ပဒေသရာဇ်ရှင်ဘုရင်တစ်ပါးရဲ့ အမြင်တွေက၊ နှစ်ဆယ်ရာစု လူမှုတော်လှန် ရေးသမားတစ်ယောက်ရဲ့ အမြင်တွေဖြစ်ပြီး၊ ရှင်ဘုရင့်ပါးစပ်က ဆိုရှယ်လစ်စကားတွေ ထွက်နေတော့ ဖတ်ရ တာ ပေါ့ပျက်ပျကဖြစ်ပြီး ၀တ္ထုအနေနဲ့လည်း မကောင်း၊ သမိုင်းအနေနဲ့လည်း အသုံးမကျဖြစ်သွားတော့တယ်။

အကွဲတွေမီးမောင်းထိုးပြ

အသုံးမကျရုံဆို တော်သေးတယ်။ တစ်ချို့က မြန်မာ့သမိုင်းကို နောင်လာနောက်သားတွေ အထင်သေး အမြင်သေးဖြစ်ပြီး ယုံတမ်းစကားတွေအဖြစ် ပြက်ရယ်ပြုအောင် တမင်လုပ်သလို ဖြစ်နေတယ်။ အခုခေတ်မှာလည်း သမိုင်းကို ပြန်လည် ဖော်ထုတ်နေကြတယ်။ ရည်ရွယ်ချက် အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ တင်ပြကြတယ်။ အများအားဖြင့် စစ်မဖြစ်မီနဲ့ စစ်ပြီးခေတ် မြန်မာ့ နိုင်ငံရေးအကြောင်းတွေကို ဖော်ပြကြတယ်။ အဲဒီလိုဖော်ပြရာမှာ ကောင်းတဲ့ အပိုင်းကို မဖော် ပြကြဘဲ၊ မကောင်းတဲ့ အပိုင်းကိုချည့် ဆွဲထုတ်ဖော်ပြနေကြတယ်။ ဖက်ဆစ်ဆန့်ကျင်ရေး၊ နိုင်ငံလွတ်လပ်ရေး ဆောင်ရွက်ချက်တွေကိုတော့ ချန်ထားပြီး၊ ဖဆပလနဲ့ ကွန်မြူနစ်အကွဲ၊ ကွန်မြူနစ်ပါတီ အကွဲ၊ တည်မြဲသန့်ရှင်းအကွဲ၊ ဦးဗိုလ်သခင်အကွဲ စတဲ့ အကွဲအပြဲတွေကိုချည့် မီးမောင်းထိုးပြနေတယ်။

မြန်မာမျိုးချစ်ကြီးများရဲ့ဝံသာနု ဖဆပလမတိုင်မီ ၀ိုင်အမ်ဘီအေ၊ ဂျီစီဘီအေခေတ်တွေ အကြောင်းဖော်ပြတော့လည်း ရှေးမြန် မာမျိုးချစ်ကြီးများရဲ့ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးအတွက် ဆောင်ရွက်ခဲ့ကြတဲ့ ၀ံသာနုရက္ခိတ စိတ်ဓါတ်များကို လျစ်လျူရှုထားပြီး၊ အကွဲအပြဲတွေအကြောင်းချည့် တူးဆွရှာဖွေ ဖော်ထုတ် နေကြတယ်။ သင်ခန်းစာ ထုတ်ယူဖို့ဆိုပြီး သုံးသပ်ပြသူများကလည်း၊ သုံးသပ်တဲ့ခေတ်ရဲ့ အခြေအနေကို ထည့်မစဉ်းစားဘဲ၊ အခုနှစ်ဆယ့်တစ်ရာစု အမြင်နဲ့ ရှုမြင် သုံးသပ်တာမျိုးပဲ လုပ်လေ့ရှိကြတယ်။ ဘာကြောင့် ကွဲတာ ပြဲတာတွေကိုချည့် မီးမောင်းထိုးပြနေကြတာလဲလို့ မေးတော့၊ အကွဲအပြဲတွေကြောင့် တိုင်းပြည် ဘယ်လောက် ဒုက္ခရောက်ခဲ့ရတယ်ဆိုတာ သင် ခန်းစာ ယူကြစေချင်လို့၊ ညီညွတ်စေချင်လို့ ဆိုတဲ့ အဖြေပဲ ခပ်လွယ်လွယ်ပေးကြတယ်။

ခုတ်ရာတခြားရှရာတခြား

ဒီလိုဖော်ပြချက်တွေက လက်တွေ့မှာ ခုတ်ရာတခြား ရှရာတခြား ဖြစ်သွားတယ်ဆိုတာတော့ သူတို့သတိမထားမိကြဘူး။ သူတို့ဖော်ထုတ်တာတွေကို ဖတ်ပြီး၊ စာဖတ်သူများရဲ့ အမြင်မှာ နိုင်ငံရေးသမားမှန်သမျှ ဘယ် သူမှ မကောင်းဘူး၊ နိုင်ငံရေးဆိုတာလည်း ကလိမ်ကကျစ် လုပ် နေကြတာပဲ။ အချင်းချင်း အာဏာလုပြီး ခွက် စောင်းခုတ်နေကြတာပဲဆိုတဲ့ အမြင်တွေပဲ ပေါ် ထွက်လာစေတယ်။ ဒီနေ့ဂျာနယ်တွေမှာ ဖော်ပြနေတဲ့ သမိုင်း ကြောင်းစာတွေ၊ ကာတွန်းတွေ ကိုကြည့်ပြီး၊ ကလေးတွေကတောင် နိုင်ငံရေးသမားတွေကို ရယ်သွမ်းသွေးကြ၊ ပြက်ရယ်ပြုကြ လုပ်တာတွေ့ရတယ်။ ရင်နာစရာ သိပ်ကောင်းတယ်။ မြန်မာလူမျိုးမှန်သမျှ ဦးညွတ်အလေးပြု ကြတဲ့ “ရဲဘော်သုံးကျိပ်” ဆိုတာ အားလုံးနိုင်ငံရေးသမား သခင်တွေဘ၀က ဗိုလ်ဖြစ်လာကြ တယ်ဆိုတာ ကလေးတွေ မသိနိုင်ကြတော့ဘူး။ နိုင်ငံရေးသမားတွေ ဘယ်သူမှမကောင်း ဘူးဆိုတဲ့ စကားကို ဟိုးတစ်ချိန်တုန်းက ဂိုဏ်းအုပ်စုတစ်ခုက လူပုဂ္ဂိုလ်တစ်ချို့နဲ့ စာရေး ဆရာတစ်ချို့က ရည်ရွယ်ချက်ရှိရှိနဲ့ တမင်တကာ ကြွေးကြော်လွှင့်ထုတ်ခဲ့ကြတာ ဖြစ်တယ်။

မတူညီမှုများဖြင့်ပေါင်းစည်းမှု

ညီညွတ်ကြစေချင်လို့ဆိုတဲ့ စကားကလည်း မစဉ်းစားဘဲ ခပ်ပေါ့ပေါ့ပြောရင် အဓိပ္ပါယ်ကောက် လွဲပြီး တစ်လွဲဆံ ပင်ကောင်း ဖြစ်သွားစေနိုင်တာကြောင့် သတိထားပြောသင့်တယ်။ သဘာဝ တရားကြီးကိုက လူ့လောကကို အသွင်သဏ္ဍာန်အမျိုးမျိုး ကွဲပြားခြားနားမှုတွေနဲ့ ဖန်တီးပေး ထားတာ ဖြစ်တယ်။ မတူညီမှုများ၏ ပေါင်းစည်းမှု ကို အခြေခံထားတာဖြစ်တယ်။ ဒါကြောင့် လည်း လူ့လောကဟာ ဖွံ့ဖြိုးတိုးတက်ပြီး အရောင်စုံ အသွေးစုံတွေနဲ့ လှပသာယာတဲ့ နေရာ ကြီး ဖြစ်နေတာပါ။ တစ်ရောင်တည်းခြယ်တဲ့ လောကကြီးဆိုရင် ဘယ်ဒီလိုသာယာလှပနေ တော့မှာလဲ။ ကွဲပြားခြားနားခြင်းဆိုတာ သဘာဝဖြစ်လို့ မလိုလားအပ်တဲ့အရာ မဟုတ်ဘူး။ ကြောက်စရာမဟုတ် သလို စက်ဆုပ်စရာလည်းမဟုတ်ဘူး။ ကွဲပြားခြားနားခြင်းကြောင့် တိုက် ခိုက်ကြတာမဟုတ်ဘူး။ “မတူညီမှုများ ၏ ပေါင်းစည်းမှု” သဘောကို လူတွေက နားမလည် သဘောမပေါက်လို့ တိုက်ကြ ခိုက်ကြတာ ဖြစ်တယ်။

ရန်ဖြစ်တာမပြည့်ဝလို့

အယူအဆမတူတာ သဘောထား ကွဲပြားခြားနားတယ်ဆိုတာ သဘာဝပဲ။ အယူအဆမတူလို့ ရန်ဖြစ်တယ်ဆို တာက၊ မပြည့်ဝတဲ့သဘော၊ မရင့်ကျက်တဲ့ သဘောဖြစ်တယ်။ လူတိုင်း ကိုယ် ယုံချင်တာ လွတ်လပ်စွာယုံခွင့်ရှိတယ်။ အခိုင်အမာကိုင်စွဲထားခွင့် ရှိတယ်ဆိုတာကို နားလည် သဘောပေါက်ပြီး မငြိုမငြင် လက်ခံနိုင်ခြင်းဟာ စိတ်ယဉ်ကျေးမှု အထက်တန်းကျသူများရဲ့ အခြေခံလူ့ကျင့်ဝတ် တစ်ခုဖြစ်တယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရလည်း ဖြစ်တယ်။ ရေကိုသား လို့ အကြားမထင်ဆိုတဲ့ ညီညွတ်ရေးမျိုးဟာ စကားအဖြစ်သာ ပြောလို့တင့်တယ်တာ။ တ ကယ် လက်တွေ့တော့ မရှိနိုင်ဘူး။ တစ်သွေးတစ်သံတစ်မိန့်ဆိုတဲ့ ညီညွတ်ရေးစကားမျိုးနဲ့ တစ်သား တည်း ညီညွတ်ရေးဆိုတဲ့ စကားမျိုးဟာ၊ အဓိပ္ပါယ်ကောက် အယူလွဲရင် တစ်လွဲ ဆံပင်ကောင်းဖြစ်ပြီး အကြွင်းမဲ့ အာဏာရှင်စနစ်ကို ဦးတည်ရောက်ရှိသွားစေနိုင်တယ်။ သတိ ထား သုံးသင့်တယ်။

အစွဲတွေချွတ်ပစ်ရမယ်

လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ နှစ်ငါးဆယ်နီးပါး တစ်ပါတီ၊ တစ်ဖွဲ့တစ်စည်းရဲ့ အုပ်ချုပ်မှုကနေ ဒီမိုက ရေစီ အုပ်ချုပ်ရေးစနစ်ဆီ ကူးပြောင်းဖို့ တာစူနေတဲ့ အချိန် ကာလ ဖြစ်တယ်။ ဒီအချိန် ဒီကာလမှ လူတိုင်းရဲ့ ခေါင်းထဲမှာ ရိုက်သွင်းခံထားရတဲ့ (brain washed လုပ်ခံထားရတဲ့) နိုင်ငံရေးဆိုတာ၊ ကိုယ်နဲ့ မဆိုင်ဘူး၊ အုပ်ချုပ်သူ လူတစ်စုနဲ့ပဲ ဆိုင်တယ်၊ ၀င်မစွက်နဲ့ ၀င်မပါနဲ့၊ ကြောက်စရာ ကောင်းတယ်၊ စက်ဆုပ်စရာ ကောင်းတယ်၊ နိုင်ငံရေး သမားဆိုရင် ဘယ်သူမှ မကောင်းဘူးဆိုတဲ့ အစွဲအယူအဆတွေကို ချေးချွတ်ပစ်ဖို့ အများကြီး ကြိုးစားကြရမယ်။ တိုင်းသူပြည်သားအားလုံး လှည်းနေ လှေအောင်း မြင်းဇောင်းမကျန်၊ အားတက်သရော၊ တက်တက်ကြွကြွ ပါဝင်မလာသရွေ့ ဘယ်လိုဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေးမှ မအောင်မြင်နိုင်ဘူး။

ကျေးဇူးမမေ့သင့်

ဒီလိုအခြေအနေမှာ သမိုင်းဖြစ်စဉ်တွေထဲက မကောင်းတဲ့ အစိတ်အပိုင်းတွေကို ဆွဲထုတ်ပြီး မီးမောင်းထိုးတင် ပြနေကြတာမျိုးတွေကို ဆင်ခြင်သင့်ကြတယ်လို့ သဘောရပါတယ်။ ရှေးက နိုင်ငံရေးသမားကြီးတွေနဲ့ နိုင်ငံရေး ပါတီကြီးတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့် လွတ်လပ်တဲ့ မြန်မာနိုင်ငံရယ်လို့ ဖြစ်တည်လာရတာကို ကျေးဇူးမကန်းသင့်ဘူး။ နှစ်ပေါင်းတစ်ရာကျော် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲများအတွင်း၊ ဖက်ဆစ်ဆန့်ကျင်ရေး တိုက်ပွဲများအတွင်း၊ အသက်စွန့်ခဲ့ကြရတဲ့ မျိုးချစ် အာဇာနည်သူရဲကောင်းများရဲ့ ကျေးဇူးကို လည်း မမေ့သင့်ကြပါဘူး။

လူထုစိန်ဝင်း အောက်တိုဘာလ ၁၀ရက်၊ ၂၀၁၀ပြည့်နှစ်။

*ဆင်ဆာဖြုတ်ခံရသော ဆောင်းပါး။

1 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သွားရောက်တွေ့ဆုံအားပေးခဲ့တဲ့တောင်ဒဂုံရှိHIV/AIDSဝေဒနာရှင်များအားအာဏာပိုင်များမှခြိမ်းခြောက်


လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သွားရောက်တွေ့ဆုံအားပေးခဲ့တဲ့ တောင်ဒဂုံရှိ HIV/AIDSဝေဒနာရှင်များအား အာဏာပိုင်များမှလာမည့် ၂၅ရက်နေ့အထိသာ ဧည့်စာရင်းလက်ခံမည် ဖြစ်ပြီး.. ထိုသတ်မှတ်ရက် ကျော်လွန်ပါက.. ဧည့်စာရင်းတိုင်ကြားခြင်းအား လက်ခံမည် မဟုတ်ကြောင်းနှင့် ဆက်လက်နေထိုင်ပါက ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း သိရှိရပါတယ်..။

ရန်ကုန်မြို့၊ဒဂုံမြို့သစ်မြို့နယ်(တောင်ပိုင်း)အမှတ်၁၈(ခ)ရပ်ကွက်၊ကမ္ဘောဇ၂လမ်း၊အမှတ်(၃၇၆)တွင် နေထိုင်နေကြသောHIV/AIDSဝေဒနာရှင်များအားဧည့်စာရင်းထပ်မံထုတ်ပေးတော့မည်မဟုတ်ကြောင်း ၊HIV/AIDSဝေဒနာရှင်များအားကူညီပေးနေတဲ့ဦးစူပါ(ခေါ်)ဦးထင်အောင်ကိုရပ်ကွက်အာဏာပိုင်များက ခေါ်ယူတွေ့ဆုံပြောကြားကြောင်းသိရှိရပါတယ်။

သတင်းပေးပို့သောဒီမိုဝေယံအားကျေးဇူးတင်ရှိပါသည်။

0 ပြည်သူလူထု၏ သဘောထား အမြင်ကို တောင်းခံခြင်း

အမေစုလွတ်လာပြီ ဆိုတဲ့ သတင်းကိုကြားတော့ ပျော်လိုက်တာဗျာ အရမ်းဘဲ ။ အမေ့ကို လူထုကြီးက သွားရောက် ကြိုဆို ကြတဲ့ မြင်ကွင်းက တကယ့်ကို မျက်ရည်ဝဲစရာပါ ။ အမေစု ၀မ်းနဲ့ လွယ်မမွေးခဲ့ပေမယ့် မြန်မာနိုင်ငံ ပြည်ထောင်စုက မွေးဖွားလာတဲ့ နိုင်ငံသားတိုင်းကို သူ့ရင်သွေးများလို မေတ္တာထားတဲ့ အတွက် ပြည်သူလူထုက တုန့်ပြန်မေတ္တာ ထားပြီး ပျော်ရွှင်ကြည်နူးနေကြတာကို မြင်တော့ ဒို့ တိုင်းပြည်တော့ မျှော်လင့်ချက် ရောင်ခြည် ပြန်သမ်းလာပြီ လို့ ၀မ်းသာအားတက် ဖြစ်ခဲ့မိပါတယ် ။ အမေစုက ပြည်သူလူထု အသံကို ကြားချင်ပါတယ်လို့ ထုတ်ပြောလိုက်တဲ့ စကားလေး တစ်ခွန်းကို ကြားတော့ ပိုပြီးတောင် ကြည်ညိုလေးစား လာသလို ခံစားရပါတယ် ။ တိုင်းပြည်တပြည်ရဲ့ ခေါင်းဆောင် ဆိုတာ အဲဒီ တိုင်းပြည်က ပြည်သူလူထု ကိစ္စအ၀၀ကို ဆောင်ရွက်ဖို့ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတာပါ ။ နိုင်ငံခေါင်းဆောင် ပီသချင်ရင် ကိုယ်ကျိုးအတ္တထက် ပြည်သူလူထု ဆန္ဒကို အရေးပေး ဆောင်ရွက်ရမယ်ဆိုတဲ့ ဥပဒေဿကို အမေက လက်တွေ့ပြလိုက်တာပါ ။ အမေက ခေါင်းဆောင်ကောင်း ပီသစွာ လမ်းဖွင့်ပေးထားတော့ ကျနော်လည်း အမေ့ကို ကျနော်တို့ လိုလား တောင့်တချက်တွေကို တင်ပြချင်လာတယ် ။ ကျနော်တို့က ပြည်ထောင်စု မိခင်ရဲ့ ဥာဏ်ရည်တွေက လျှံကျလို့ နှုတ်ဖျားက ကျဆင်းလာတဲ့ စကားမှန်သမျှ အနှစ်သာရ အဓိပ္ပါယ်နဲ့ ပြည့်ဝနေတယ်ဆိုတာကို ဘယ်သူမှ မငြင်းနိုင်ကြပါဘူး ။

ဒီမိုကရေစီ အုပ်ချုပ်ရေး ကို အရိုးရှင်းဆုံး အဓိပ္ပာယ် ဖွင့်ဆိုရရင် ပြည်သူလူထု က အုပ်ချုပ်ရေး အာဏာကို အမှန်တကယ် တိုင်းပြည် အကျိုးသယ်ပိုးဆောင်ရွက်မည့် လူများကို အုပ်ချုပ်ရေး အာဏာအပ်နှင်းတဲ့ စနစ်တစ်ခုပါ ။ ပြည်သူလူထု လိုလားတောင့်တချက် မှန်သမျှကိုအုပ်ချုပ်ရေးပိုင်းကို တာဝန် ပေးအပ်ခြင်းခံထားရတဲ့ လူတွေက အကောင်အထည် ဖော်ပေးရတာ ဒီမိုကရေစီ ပါ ။ ပြည်သူလူထု ကို ကိုယ်စားပြုပြီး သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် များက တိုင်းပြည်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြခံ ရေးဆွဲထားတဲ့ တရားမျှတတဲ့ ဥပဒေကို တိုင်းသူပြည်သားတိုင်း စောင့်ထိန်းလိုက်ကြရမယ် ။ အကယ်၍ သတ်မှတ်ထားတဲ့ ဥပဒေကို ဖောက်ဖျက် ကျူးလွန်ခဲ့ရင် မည်သူ့ကို မဆို အပြစ်ပေး အရေးယူလို့ရတဲ့ အုပ်ချုပ်ရေး စနစ်တခုပါ ။ ဥပဒေ ရဲ့ အထက်မှာ ဘယ်သူမှ ရှိမနေတာ ဒီမိုကရေစီ ။ ပြည်သူလူထု အားလုံး တညီတညွတ်တည်း တန်းတူညီမျှ အခွင့်အရေး ကို ပိုင်ဆိုင်ခွင့်ရနိုင်တာ ဒီမိုကရေစီ စနစ်မှာဘဲ ရှိပါတယ် ။ ဒီမိုကရစီ စနစ် ကို ဦးတည်ချီတက်မယ်လို့ ဆုံးဖြတ်ထားရင် ပြည်သူလူထုရဲ့သဘောထား အမြင်ကို တောင်းခံကြပြီး ဆောင်ရွက်ကြတာမှ အမှန်ပါဆိုတာကို အမေစုက သက်သေပြထားချင်လို့ ပြည်သူလူထုကြီးရဲ့ စိတ်ဆန္ဒသဘောထားကို တောင်းခံတာပါ ။
ဒီနေ့ မြန်မာနိုင်ငံရေး လုပ်ရှားသူတွေကို ကကြီးခခွေး နိုင်ငံရေး သမားလေး တစ်ယောက် ဖြစ်တဲ့ ကျနော်က အကြံပြုတင်ပြချင်ပါတယ် ။ မြန်မာနိုင်ငံရေး လုပ်ရှားမှုရဲ့ ပန်းတိုင်က လွတ်လပ်၍ တရားမျှတကာ ခေတ်မှီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော် အဖြစ်ကို ရောက် အောင် တည်ဆောက်စေလိုတဲ့ ဆန္ဒဘဲ မဟုတ်ဘူးလား ။ ရွှေတိဂုံဘုရားကို သွားဖူးဖို့ ရန်ကုန်ကို မရောက်ဘူးတဲ့ လူတွေကို ရောက်ဘူးသူ တစ်ယောက် က သွားရမယ့် လမ်းကို ပြပေးလိုက်တယ် ။ သွားတဲ့လူတွေကလည်း ရွှေတိဂုံဘုရားကို ဖူးဖို့ ဆိုပြီး သွားကြတာပါဘဲ ။ ဘုရားခြေရင်းရောက်မှ ဘယ်မုဒ်က တက်တက် ဘုရားပေါ်ကို ရောက်တယ်ဆိုပြီး အငြင်းပွားကြတယ် ။ အရှေ့ဘက်မုဒ်က ရောက်နေပြီးမှ အနောက်ဘက်မုဒ်ကတက်လည်း ရောက်တယ်လို့ အတ္တကို အခြေခံပြီး စဉ်းစားလာကြတယ် ။ လမ်းညွှန်ချက်အတိုင်း တည့်တည့်မတ်မတ် လျှောက်လှမ်းနေတဲ့လူကို ပါးစပ်က ထောက်ခံပြီး လက်က ဆွဲချနေကြတယ် ။ ။ အဲဒီလို အတွေးအခေါ်တွေေ၀၀ါးပြီး အချို့က ဘယ်မုဒ်က စတက်ရမလည်း ဆိုတာကို ရွေးနေကြတာ အခုချိန်ထိ စဉ်းစားလို့ မရကြသေးဘူး။ အချို့ စိတ်ပျက်လို့ လှည့်ပြန်သွားကြပြီ ။ အချိုက ကြပြန်တော့ အရှေ့ဘက်မုဒ်ရောက်မှ အနောက်ဘက်မုဒ်က စတက်တာ ကောင်းမယ်လို့ ထင်မြင်ယူဆသူတွေ စကားကို လက်ခံပြီး အရှေ့ကို လျှောက်ပါလို့ အနောက်ကိုလည်း မျှော်ခဲ့ပြီးပြီ ။ တောင်ဘက်ကို လှမ်းပြီး မြောက်ဘက်ကို မှန်းဆခဲ့တယ် ။ အချိန်ကုန်လူပန်းပြီး ဘုရားလည်း မဖူးခဲ့ကြရပါဘူး ။ ယနေ့မြန်မာနိုင်ငံအရေး လုပ်ရှားသူတွေ ကလည်း ဒီလိုပါဘဲ ။ အဲဒီ အကျိုးဆက်တွေကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးဟာ များစွာ နှောင့်နှေးခဲ့ရပါတယ် ဒီမိုကရစီ ကို တကယ်လိုချင်ရင် ဒီမိုကရေစီ ရနိုင်မယ့် နည်းလမ်းကို အသုံးပြုပြီး ချည်းကပ်နိုင်မှာ ဒီမိုကရေစီ ရမှာပါ ။ လမ်းမှားတွေကို သတ္တိရှိစွာ နဲ့ စွန့်ခွာခဲ့ကြပြီး လမ်းမှန်နောက်ကို အမြန်ဆုံး လိုက်ကြပါလို့ လေးစားစွာ အကြံပြု တင်ပြချင်ပါတယ်။

တစ်ဦးတစ်ယောက်တည်း ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်လို့ မရပါဘူး ။ တစ်ယောက်တည်းက လုပ်ဆောင်နေတာ ကို လက်ခံကြမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ အာဏာရှင် စနစ်ကို လက်ခံလိုက်တာနဲ့ တူတူပါဘဲလို့ အမေစု ပြောကြားလိုက်တယ် ။ အမေ့က အရမ်းပညာရှိတာ။ ကိုယ်ကျင့်တရားနဲ့ သိက္ခာ သမာဓိကလည်း ကောင်းတော့ ပြောသမျှ စကားတိုင်းက ထိရောက်နေတာပါ ။ ကျနော်တို့တိုင်းပြည်အရေးဟာ ကျနော်တို့ အရေးပါဘဲ ။ ဒါကြောင့် ကျနော်တို့ ၀ိုင်းဝန်းပြီးတော့ အဖြေရှာကြည့်နိုင်ရင် ကောင်းမယ်လို့ ယူဆမိပါတယ်။ တကယ်တော့ ပြည်သူလူထုကို စာရေးပြီး ဆက်သွယ်ကာ လိုလားတောင့်တချက်မှန်သမျှကို ရေးသားပြီး ဆက်သွယ်ကြပါတယ်လို့ ပြောကြားလိုက်ပေမယ့် အမေစုရဲ့သားသမီးတစ်ယောက်အနေနဲ့ စဉ်းစားကြည့်ကြမယ်ဆိုရင် လူအများကသာ စာရေးဆက်သွယ်ရင်တန်ဖိုးရှိလှတဲ့ အမေ့ရဲ့ အချိန်တွေကို ကျနော်တို့ ဖြုန်းတီး သလို ဖြစ်ကုန်မှာ အသေအချာပါ ။ ဒါကြောင့် နည်းပညာကို အသုံးချပြီး လူထု ဆန္ဒကို ဖော်ထုတ်ဖို့ ကျနော် အကြံရတယ်ဆိုရင် ဘဲ facebook ကို ပြေးပြီး မြင်ယောင်မိလိုက်ပါတယ် ။အမေ့ကို ကျနော်တို့ ပြည်သူလူထုရဲ့ လိုလားတောင့်တချက်ကို အကြံပြုတင်ပြနိုင်ဖို့ နည်းပညာကို အားကိုးပြီး ဆောင်ရွက်မယ်ဆိုရင် အချိန်တိုအတွင်း ထိရောက် နိုင်တယ်လို့ ကျနော် လက်ခံ ယုံကြည်ထားလို့ ဒီစာလေးကို ရေးသားလိုက်ရခြင်းပါ ။

အမေကို ပြည်သူလူထု တစ်ယောက်အနေနဲ့ ဘာကို ပြောချင်လည်း ဆိုတာထက် ပြည်သူလူထု တရပ်လုံးက ဘာတွေကို လိုအပ်နေတယ် ဆိုတာကို အမေ့ကို အသိပေးနိုင်ရင် ပိုအကျိုးရှိမယ်လို့ထင်ပါတယ် ။သုတေသန ပြုကြတဲ့ သဘောတရား အရ ပြောရရင် ဒီနေရာလေးမှာ ကျောင်းသား အဆင့်ကနေ ပါမောက္ခ အဆင့်လောက်ထိ ပါဝင်ဆွေးနွေး တင်ပြကြမှာ ဖြစ်တဲ့ အတွက် ကျပန်းစနစ်နဲ့ လူထုသဘောထားကို ခံယူထားသလို ဖြစ်သွားလိမ့်မယ်လို့ ယုံကြည်ထားပါတယ် ။ အဲဒီလို ထွက်ပေါ်လာတဲ့ အမြင်တွေကို ပေါင်းစုပြီးမှ အမေ့ကို ပို့ပေးမယ်ဆိုရင် အမေလည်း အချိန်ကုန်သက်သာသလို အမြန်ဆုံးလည်း ထိရောက်နိုင်ပါတယ် ။နောက်တချက်က အချို့ကတော့ အကြံပေးချင်စိတ် ရှိကြပေမယ့် အမေ့လက်ထဲ သူတို့အကြံပေးချင်တဲ့ စာရောက်ဖို့လည်း တော်တော်လေးကိုဝီရိယ စိုက်ထုတ် အချိန်ပေးနိုင်မှ ဖြစ်မယ်လို့ ကျနော် ယုံကြည်ထားပါတယ် ။ ဒါကြောင့်အားလုံးဘဲ ဒီနေရာလေးမှာ မိမိတို့ရဲ့ သဘောထား အမြင်များကိုဝင်ရောက်တင်ပြပေးဖို့ လေးစားစွာ ဖိတ်ခေါ်ပါတယ် ။

သုတေသန ရဲ့သဘောထား အရဆိုရင် စစ်တမ်းတစ်ခု ကောက်ယူမယ်ဆိုရင် အဲဒီစစ်တမ်းမှာ လူဘယ်နှစ်ယောက် ပါဝင် ဆွေးနွေးကြလည်း ၊ လူဘယ်နှစ်ယောက်က အသိအမှတ်ပြုလက်ခံကြလည်း ဆိုတဲ့ အချက်လေးကတော့ နည်းနည်း အရေးကြီးပါတယ် ။ အဲဒီတော့ ၀င်ရောက် ဆွေးနွေးတင်ပြမယ့် လူအရေအတွက် အလွယ်တကူသိရှိနိုင်မယ့် နည်းလမ်းကတော့ Facebook ရဲ့အားသာချက် တစ်ခု ကို ကျနော်တို့ ဆွဲယူ အသုံးချလို့ရပါတယ် ။ အဲဒီ လို လူဘယ်နှစ်ယောက်ပါဝင် ဆွေးနွေးကြတယ်ဆိုတာကို Like ဆိုတာလေးကို ၀င်ရောက်ဖတ်ရှုလို့ သဘောတူညီသူတိုင်းနှိပ်ပေးပါ လို့ အကြံပေးချင်ပါတယ် ။ ဒါဆိုရင် ဒီဆွေးနွေးချက်ကို လူဘယ်နှစ်ယောက် ကို ကိုယ်စားပြုတင်ပြထားတာပါ ဆိုတဲ့ စစ်တမ်းတခုကို အတိအကျ ထုတ်ပြနိုင်မှာ အသေအချာပါဘဲ ။

လူ့သဘာဝ အရ အမြင်တူညီမှု ရှိတဲ့လူတွေ များစွာ ရှိမှာပါ ။ ကိုယ့်ရင်ထဲ အမေစုကို ပြောချင်တဲ့ ဆန္ဒကို တစ်ဦးတစ်ယောက် တင်ပြပြီးသွားပြီဆိုရင် အဲဒီအမြင်ကို ထပ်မံ ရေးကြမယ့် အစား သူရေးတာလေးကို like နှိပ်လိုက်ပါ ။ ဒါဆိုရင် comment တွေ အများကြီး ဖြစ်စေမယ့် နည်းလမ်းကို ရှောင်ကြဉ်နိုင်မှာ ဖြစ်ပါတယ် ။ တကယ်တော့ ဒီလို ကိစ္စလေးက သာမာန်မျက်စိနဲ့ ကြည့်လိုက်၇င် ဘာမှ မဟုတ်ဘူးလို့ ယူဆမယ့် လူတွေလည်းရှိမှာပါ ။တကယ်တော့ ဒါဟာ ဒီမိုကရေစီ စနစ်ကို အခြေခံပြီး အကောင်အထည်ဖော် ဆောင်ရွက်တာပါ ။ သူ့အမြင် ကိုယ့်အမြင်တွေ ကို အပြန်အလှန် ဆွေးနွေးဖလှယ်ပြီးမှ အကောင်းဆုံးသော အမြင်တစ်ခုကို စစ်ထုတ်လိုက်တာဟာ ဒီမိုကရေစီ စနစ်ရဲ့ အခြေခံပါဘဲ ။ အဲဒီတော့ ကိုယ့်အမြင်ကို တင်ပြတဲ့နေရာမှာလည်း ပြီးစလွယ် တင်ပြကြမယ့်အစား လက်ရှိမြန်မာနိုင်ငံရဲ့ ပကတိ အနေအထားကို ကိုယ်မြင်တဲ့ ရှုထောင့်ကနေ အကောင်းဆုံးဖြစ်အောင် တင်ပြပေးစေချင်ပါတယ် ခင်ဗျာ ။ မိတ်ဆွေတို့ရဲ့ အကြံပြု ဆွေးနွေးတင်ပြချက် တွေကို ကျနော် အမေစု လက်ထဲကို ရောက်အေင် ပို့ဆောင်ပေးပါ့မယ် လို့ ဂတိပြုပါတယ် ။ မြန်မာနိုင်ငံ အာဏာရှင် စနစ်ဆိုးလက်အောက်က လွတ်မြောက်ပြီး လွတ်လပ်၍ တရားမျှတကာခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး ဆီသို့ အမြန်ဆုံး ချီတက်နိုင်အောင် ကျရာ အခန်းဂဏ္ဍက နေ နိုင်ရာတာဝန် စတင်ထမ်းဆောင်ကြပါစို့...။

ခင်မင်လေးစားလျှက်

ဗမာ့သွေး

( Faceboook မှာ Comment ရေးရမှာကို မကြောက်ကြပါနဲ့ ။ အကယ်၍ မရေးရဲဘူး ဆိုလျှင်တောင် ပါဝင်ဆွေးနွေးတင်ပြတာကို လက်ခံတဲ့ လူအရေအတွက် အတိအကျ သိနိုင်ဖို့ ကူညီတဲ့ အနေနဲ့ Like နှိပ်ဖို့ မေတ္တာရပ်ခံချင်ပါတယ် ။ မိတ်ဆွေတို့ရဲ့ သဘောထား အမြင်ကို ကျနော်ဆီကို ( burmathwe@gmail.com ) မေးပို့ပေးလို့လည်း ရပါတယ် ။ ကျနော်က ဘဲ မရေးရဲတဲ့ လူတွေ ကိုယ်စား ပြန်လည် တင်ပြပေးပါ့မယ် ဒါပေမယ့် ရေးဖြစ်အေင် ရေးစေချင်ပါတယ် ။ ဖြောင့်မတ်တဲ့ စိတ်ကို မွေးမြူထားလိုက်ရင် ကြောက်လန့်တဲ့ စိတ်ကို ဖယ်ရှားပေးပါလိမ့်မယ် ။ )

Thursday, November 18, 2010

0 လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) နိုဝင်ဘာ ၁၅ ရက်နေ့ တွင် ဆက်သွယ်မေးမြန်းချက်

0 ဒီမိုကရေစီရေး ကြိုးပမ်းမှုသမိုင်းကို ပြန်လည်သုံးသပ်ကြည့်ခြင်း -
ရေးသူ-ထွန်းအောင်ကျော်

အစွန်းရောက် အတွေးအခေါ်များ

ဗိုလ်နေဝင်း၏ စစ်အာဏာစက်အား ရှစ်လေးလုံး ပြည်သူ့အုံကြွမှုကြီးဖြင့် တိုက်ချလိုက် စဉ်က ဦးဆောင်သူများမှာ အတွေ့အကြုံ နုနယ်သည့် ကျောင်းသားများက အများစုဖြစ်ခြင်း၊ နိုင်ငံရေးတိုက်ကွက်ထက် ပုဂ္ဂိုလ်ရေးကြော်ကြားမှု Heroism ကို ဦးစားပေးခဲ့ကြခြင်း၊ အတွေ့ အကြုံရှိသော လူကြီးများက ပုဂ္ဂိုလ်ရေးကို ဦးတည်ပြီး သူအိမ်ရှေ့ကဝင်ရင် ငါနောက်ဖေးက ထွက်မည်ဟု မာန်မာန အာဃာတကြီးမားခြင်းတို့ကြောင့် လက်တကမ်းအလို ပြည်သူလိုလား သည့် အစိုးရဖွဲ့စည်းနိုင်ခြေမှ လက်လွတ်ဆုံးရှုံးခဲ့ကြရသည်။

တဖန် ၁၉၉၀ ရွေးကောက်ပွဲသည် ညစ်ပတ်မှုများကြားမှ NLD အနိုင်ရလာသည့် အခါတွင်လည်း လက်နက်မဲ့ပြည်သူအင်အားကို တဖက်သတ်အားကိုး၍ တင်းမာရေး လမ်းစဉ်ကို လိုက်ပါခဲ့ကြပြန်သည်။ ဦးကြည်မောင်၏ (Off the record) ထုတ်ပြန်ရန် ခွင့်မပြုသော ပြောကြားချက်ဖြစ်သည်၊ “အကယ်၍ အစိုးရဖွဲ့ပြီးလျှင် စစ်ခေါင်းဆောင်များကို နုရင်ဘတ်ခုံရုံး ကဲ့သို့ စစ်ခုံရုံးတင်၍ စစ်ဆေးမည်” ဆိုသည့် စကားကို သတင်းထောက် ဒိုမီနစ်ဖေါ်ဒါက စည်းကမ်းဖောက်၍ ရေးသားခဲ့ခြင်းကြောင့် တပ်ခေါင်းဆောင်များက NLD ကို အာဏာလွှဲပြောင်းမပေးချင်မှုအပေါ် အသုံးချရန်အတွက် အကြောင်းပြချက် ရရှိသွားခဲ့ပြီး အာဏာလွှဲပြောင်းပေးချင်သော တပ်တွင်းရှိ Moderate အလယ်အလတ်ပျော့ပြောင်းသူ စစ်ခေါင်းဆောင်များကို Radical တင်းမာသူများဘက်သို့ ကူးပြောင်းထောက်ခံစေခဲ့သည်။

တဖန် ဦးနေဝင်း ဝင်ရောက်ဖြန်ဖြေပေးလျှင် တပ်နှင့် NLD ကြားတွင် တင်းမာနေမှုကို အဆုံးသတ်နိုင်သည်ဟုဆိုသော ကျွန်ုပ်၏ အမျိုးသားရင်ကြားစေ့ရေး စာတမ်း Charter97 ကို လက်မှတ်ထိုးပြီးမှ ၎င်းတို့၏ လက်မှတ်များကို လိမ်ယူပါသည်ဟု ပြည်ပခေါင်းဆောင်အချို့မှ ဆိုကြသည်၊ အကြောင်းမှာ သတင်းဋ္ဌာနတခုမှ ဒီစာတမ်းဟာ ဦးနေဝင်းကို ဖားနေတာဟု သွေးထိုးလိုက်သဖြင့် ခေါင်းဆောင်ကြီး ဆိုသူများက ကြောက်အားလန့်အားနှင့် သူတို့ လက်မှတ်ကို ညာယူပါသည်ဟု ဗြောင်လိမ်ကြသည်။ ထောင်ကျဘက် တဦးကလည်း “နေဝင်း ပေးမှ ဒီမိုကရေစီရရင် မယူဘူးကွ” ဟု ရန်တွေ့တာ ခံရဘူးသည်။ ကျွန်တော့အနေနှင့် ယမမင်းက ဒီမိုကရေစီးပေးရင်လည်း ယူရမှာဘဲ ရဘို့လုပ်တာမဟုတ်လား၊ ဘယ်သူ ပေးပေးပေါ့။ ထိုအချိန်က ဦးနေဝင်းသည် အနားယူနေသော်လည်း တပ်တွင်း၌ သူ၏ သြဇာရှိနေသေးသည်။ NLD လူငယ်များ အမျိုးသား ရင်ကြားစေ့ရေးအတွက် ဦးနေဝင်းကို ဒေါ်စုခွင့်ပြုချက်ဖြင့် ဖိတ်ကြား ဘူးသည်ကို ဖတ်ရတော့ ပြုံးမိပါသည်။ ထိုကိစ္စနှင့် ပတ်သက်၍ NLD လူငယ်များကို ဝေဘန်မှုများ ဒီမိုကရေစီအင်အားစုများအတွင်း၌ ပေါ်ထွက်ခဲ့သည်ဟု သိရပါသည်။ သို့ရာတွင် ဒေါ်စုခွင့်ပြုချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်၍ ထိုလူငယ်များ ပြဿနာ မတက်ခဲ့ပါ။ ပုဂ္ဂိုလ်ရေးမုန်းတီးမှုကို အခြေခံ၍ စဉ်းစားသော အစွန်းရောက် အတွေးအခေါ် များသည် မှန်ကန်သော ဆုံးဖြတ်ချက် ပေးလေ့မရှိပါ။ ခါးသည်းမှု၊ မုန်းတီးမှုတို့ဖြင့်သာ တန်ပြန်သက်ရောက်မှု ရှိတတ်သည်ကို သတိပြုမိကြဖို့ လိုပါသည်။

ယနေ့ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်သူတို့က ဝင်ကြသည်။ ကန့်ကွက်သူတို့က ကန့်ကွက်၍ သပိတ်မှောက်သူတို့က သပိတ်မှောက်ကြသည်။ ကျွန်တော်သည် ၂၀၁၀ ကို လုံးဝဆန့်ကျင် ကန့်ကွက်သူဖြစ်သည်။ သို့ရာတွင် ရွေးကောက်ပွဲသည် တရားမျှတမှုမရှိခြင်း၊ မဲလိမ်မဲခိုးခြင်း၊ သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်အနိုင်ရသူတို့အား ဗြောင်ကျကျ မဲလိမ်၍ တဖက် သတ် ကြံ့ဖွတ်ပါတီမှ အနိုင်ရပါသည်ဟု ကြေငြာခြင်းတို့ကြောင့် အတိုက်အခံ နိုင်ငံရေးပါတီ များက ရွေးကောက်ပွဲသည် တရားမျှတမှု မရှိသဖြင့် ၎င်းတို့အနေဖြင့် အသိအမှတ်မပြုကြောင်း လက်မှတ်မထိုးနိုင်ဟု တညီတညွတ်တည်း ဆိုလာခဲ့ကြသည်။ ၂၀၁၀ ရွေးကောက်ပွဲကို ကျွန်တော်ကိုယ်တိုင် ဆန့်ကျင်သော်လည်း ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပခြင်းမှ အမြတ် ထွက်မှုများရှိကြောင်းကိုတော့ ရဲရဲဝန်ခံနိုင်ပါသည်။

၂၀၁၀ ရွေးကောက်ပွဲမှ အမြတ်ထွက်ခြင်း

(၁) ဘာတွေများ မြတ်လို့လဲဗျ? ဟု မေးလာလျှင် ၂၀၁၀ ရွေးကောက်ပွဲကြောင့် ရေငုံနှုတ်ပိတ် နေခဲ့ကြရသော နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲ ဥပဒေကြောင့် ဖွဲ့စည်းခွင့်ရရှိ ပေါ်ပေါက် လာသော နိုင်ငံရေးပါတီအသစ်များ၊ တိုင်းရင်းသားပါတီသစ်များ ပေါ်ထွက်လာခြင်းသည် ပထမရရှိသော အမြတ်ဖြစ်သည်။

(၂) ထိုနိုင်ငံရေးပါတီများက လူထုကြားတွင် ထိုးဖောက်စည်းရုံးခွင့်ရရှိလာခြင်း၊ ပြည်သူတို့ ၎င်းတို့၏ အတွေးအခေါ်ဝါဒများကို ကန့်သတ်မှုများကြားမှ ထုတ်ဖော်ခွင့်၊ စည်းရုံးခွင့်ရခြင်း သည် ဒုတိယအမြတ်ဖြစ်သည်။ ထို့အပြင် ထိုနိုင်ငံရေးပါတီများက ရွေးကောက်ပွဲကို တရား မျှတမှု မရှိသဖြင့် အသိအမှတ်မပြုနိုင်ပါဟု ကန့်ကွက်လာသော်လည်း ၎င်းပါတီများကို ထိုကန့်ကွက်ခြင်းကြောင့် နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်ခြင်းကို အစိုးရတွင် ပြုလုပ်ပိုင်ခွင့် မရှိချေ။ ထိုအချက်သည် နိုင်ငံရေးပါတီများအတွက် အားသာချက်တရပ်အဖြစ် ကျန်ရစ်ခဲ့ သည်။

(၃) တတိယ အမြတ်မှာ ရွေးကောက်ပွဲသည် ညစ်ပတ်မှုကြောင့် ရွေးကောက်ပွဲဝင် နိုင်ငံရေး ပါတီများ စည်းရုံးသွားခြင်းသည် အရေးကြီးဆုံးသော အမြတ်ဖြစ်သည်။

NLD ၏ အခန်းကဏ္ဍ

NLD ပါတီသည် ရွေးကောက်ပွဲကို မယုံကြည်၊ ၂၀၀၈ အခြေခံဥပေဒကို လက်မခံနိုင် သဖြင့် ရွေးကောက်ပွဲကို ပြတ်သားစွာ သပိတ်မှောက်ခဲ့သည်။ ထိုကြောင့် ရွေးကောက်ပွဲလွန် ကာလတွင် ၎င်းတို့ ဆုံးဖြတ်ချက်မှန်ကန်ကြောင်းကို သက်သေပြနိုင်ခဲ့သည်။ တပြိုင်နက်တည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခဲ့သည့်အပေါ် ပြည်သူလူထုကြီးမှ လွန်စွာအားတက် မှုကို ဖြစ်ပေါ်စေခဲ့သည်။ တဖက်မှလည်း ရွေးကောက်ပွဲဝင်ခဲ့ပြီး မြန်မာ့သမိုင်းတွင် စံတင် လောက်သည့် အရှက်ကင်းမဲ့သည့် မဲလိမ်မဲခိုးမှုကြောင့် စုစည်းလာသည့် နိုင်ငံရေးပါတီများ အားလုံးကို ဒေါ်အောင်ဆန်းစုကြည်မှ ဦးဆောင်ပြီး သဘောထားကြီးကြီးဖြင့် ကမ်းလှမ်း ပူးပေါင်းသင့်သည်ဟုမြင်သည်။ NDFသည် ဖောက်ပြန်သည့် အင်အားစုမဟုတ်၊ NLD ၏ အင်အားစု အစိတ်အပိုင်းအနေဖြစ် မှတ်ယူသင့်သည်။တိုင်းရင်းသားစည်းလုံးညီညွတ်ရေး

ဗိုလ်နေဝင်းလက်ထက် အာဏာသိမ်းခြင်း၏ အကြောင်းရင်းခံမှ ပြည်ထောင်စုကြီး ပြိုကွဲသွားမည် စိုးသည့်အတွက်ကြောင့်ဟု အကြောင်းပြခဲ့သည်၊ ထိုကြောင့် ဖယ်ဒရယ်ဆိုလျှင် တိုင်းပြည်ပြိုကွဲအောင် ပြုလုပ်မည့် စံနစ်ဟု လူထုကို လှည့်ဖျား ခြိမ်းခြောက်ထားခဲ့သည်။

ဗိုလ်နေဝင်းလက်ထက်တွင် ပြည်တွင်းစစ် မငြိမ်းခဲ့ပါ။ ယနေ့ ဗိုလ်သန်းရွှေ လက်ထက် တွင် ငြိမ်းချမ်းရေး ယူထားသည့် အဖွဲ့ကြီးများနှင့် ငြိမ်းချမ်းရေး ပြိုကွဲရန် တာစူလျက်ရှိ နေပြီဖြစ်သည်။ DKBA နှင့် မြဝတီ၊ ဘုရားသုံးဆူတိုက်ပွဲတို့က ပြည်တွင်းစစ် အရှိန်နှင့် တောက်လောင်တော့မည်ဟု မီးနီပြနေပြီဖြစ်သည်။

၈၈ ကျောင်းသားများ တောခိုလာပြီးနောက် ဖယ်ဒရယ်မူကို အများပြည်သူ သိရှိနား လည်လာရန် တဆင့်ဖြန့်ဖြူးနိုင်ခဲ့သလို တိုင်းရင်းသား အစွန်းရောက်မျိုးချစ်များကိုလည်း သီးခြားနိုင်ငံထူထောင်လိုမှုကို ရုတ်သိမ်းစေရန် ဆွေးနွေးညှိုနှိုင်းခဲ့ကြသည်။ ယနေ့ပြည်တွင်းရှိ အဓိကပါတီ NLD က ဖယ်ဒရယ်မူကို လက်ခံစကားပြောလာသဖြင့် တိုင်းရင်းသား ခေါင်း ဆောင်များက ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ကိုးစားလာခဲ့ကြသည်မှာ အားတက် စရာပင် ဖြစ်သည်။

ကချင်ခေါင်းဆောင် ဒေါက်တာတူးဂျာမှ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ကြောင်း ပင်လုံ ဒုတိယညီလာခံ ပြုလုပ်မှာကို ထောက်ခံကြောင်း ဆိုခဲ့သလို၊ ရှမ်းတောင်ပိုင်း SSA ခေါင်းဆောင်ကလဲ ယုံကြည်ကိုးစားကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့သည်။ ထို့အတူ ဝခေါင်း ဆောင်များကလဲ NLD ကို ယုံကြည်ကြောင်း ပြောကြားဘူးသည်။ KNU နှင့် မွန်ခေါင်းဆောင် များကလဲ ဒေါ်အောင်ဆန်းစုကြည်ကို တမျိုးသားလုံးကို စည်းရုံးပေးနိုင်မည့် ခေါင်းဆောင် အဖြစ် မြင်ကြသည်။ ထို့အတူ တိုင်းရင်းသားနိုင်ငံရေးပါတီများဖြစ်သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဒေါက်တာအေးမောင်က ပြည်ထောင်စုစိတ်ဓာတ်တွေ နိုးထလာတယ်။ ဇီုမီးအမျိုးကောင်စီဥက္ကဋ္ဌ ဦးဖုရှင်းထန်က ပြည်ထောင်စုစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ်တွေ ဒေါ်အောင်ဆန်းစုကြည်ဆီမှာရှိတယ်ဟု ပြောခဲ့ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကလည်း ပြည်ထောင်စု ဖော်ဆောင်ရေးအတွက် အကောင်းမြင် တယ်လို့ ဆိုခဲ့တယ်။ KIO ဗိုလ်မှုးချုပ် ဂွမ်မော်ကလည်း ရှေ့မှာ တယောက်နဲ့ တယောက် ခွင့်မလွှတ်နိုင်တဲ့ အမှားတွေ ထပ်မဖြစ်အောင် ကြိုးစားဖို့လိုတယ်လို့ ဆိုခဲ့ပြီး ကရင်နီအမျီုးသား တိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးခူးထယ်ဗူးတယ်က ကရင်နီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတာကို ကြိုဆိုတယ်၊ ဖယ်ဒရယ်ကို အားပေးမယ်၊ ထောက်ခံမယ်လို့လည်း ယုံကြည် တယ်လို့ ဆိုခဲ့တယ်။ ထိုကဲ့သို့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများကရော၊ တိုင်းရင်း သားနိုင်ငံရေးပါတီခေါင်းဆောင်များက ပါ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအရ ရော၊ သူမ၏လုပ်ရပ်အရပါ ယုံကြည်မှု ရှိနေကြောင်းကို ဖော်ထုတ်ပြသခဲ့ကြသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်းများစွာ တောက်လောင်နေခဲ့သော ပြည်တွင်းစစ်ကို ငြိမ်းအေးအောင် လုပ်ဆောင်ပေးနိုင်မည့် တဦးတည်းသော ပုဂ္ဂိုလ်အဖြစ်မြင်သည်။


တပ်မတော်သားများ ဘဝ


မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် တပ်မတော်သားများက ထိပ်တန်းမှ ပါဝင်ခဲ့ ကြသည်။ ပါလီမန် ဒီမိုကရေစီခေတ်တွင် တပ်မတော်သားများ ရိက္ခာဖူလုံစွာ ရရှိခဲ့ကြသည်။ သာမန်စစ်သားများအတွက် အထူးဆိုင်များမှ လျော့ဈေးဖြင့် ဝယ်ယူခွင့်ရရှိခဲ့ကြသည်၊ ရုပ်ရှင်ရုံ တွင် ကြည့်လျှင် တဝက်ဈေးနှင့် ကြည့်ခွင့်ရကြသည်။ သို့ရာတွင် ပြည်တွင်းစစ်တွင် မြန်မာ့ တပ်မတော်သားများ၏ အသက်ပေါင်းများစွာကို ပေးလှူခဲ့ကြရသည်။

မဆလခေတ်တွင် တပ်သားများ အခွင့်အရေးများ မရှိတော့ချေ။ သို့ရာတွင် ထိပ်ပိုင်း စစ်ခေါင်းဆောင်များအတွက် ပဒုမ္မာပြခန်းဆိုသည့် အထူးဆိုင်များ၊ သီးသန့်ရုပ်ရှင်ရုံများ ပေါ်ပေါက်လာခဲ့ရပြီး တပ်မတော်သားများ ဘဝများစွာ နိမ့်ကျသွားခဲ့ရသည်။ ယနေ့ နအဖခေတ်တွင် မိမိစုငွေကိုပင် မိမိပြန်မရနိုင်သည့် ဘဝသို့ ရောက်နေရသည့် အခြေအနေ ဖြစ်သည်။


ပြည်တွင်းစစ်


ပြည်တွင်းစစ်ရှိနေသမျှ မြန်မာပြည်ကြီး တိုးတက်ဖွံ့ဖြိုးမှု ဖြစ်မလာနိုင်ပါ။ ပြည်တွင်း စစ်ကြောင့် တပ်မတော်သားများနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်သားများ အများအပြား သေကြေပျက်စီးကြသလို၊ ပြည်သူ အသက်ပေါင်းများစွာ မြေဇာပင်ဖြစ်ခဲ့ကြရသည်။

ယနေ့ခေတ်အထိ ပြည်တွင်းစစ်ကြောင့် မြန်မာပြည်တွင် လူတသန်း အနည်းဆုံး သေဆုံးခဲ့မည်ဟု မှန်းဆနိုင်ပါသည်။ ဘယ်အရာနှင့်မှ မလဲနိုင်သော လူ့အသက်ပေါင်းများစွာ ပြည်တွင်းစစ်တွင် စတေးခဲ့ရသည်။ ၎င်းပြည်တွင်းစစ်ကို လက်ရှိတပ်မတော်မှ ခေါင်းဆောင် များက အမှန်တကယ် အဆုံးသတ်စေချင်ပါက တိုင်းပြည်ရှိပြည်သူလူထုက ချစ်ခင်လေးစား သော ဒေါ်စုနှင့် တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို ၎င်းတို့ကိုယ်တိုင် ပါဝင်၍ ပြုလုပ်သင့်ပေသည်။ နအဖခေါင်းဆောင်များ ပြည်တွင်းစစ်ကို အဆုံးသတ်ချင်သော သူများ ဖြစ်သလော၊ ပြည်တွင်းစစ်ကို မီးမွှေးနေသူများ ဖြစ်သလော အဖြေထုတ်ရန် အချိန်ကျပြီဟု မြင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍ

ယနေ့မြန်မာပြည်တွင် ဒေါ်အောင်ဆန်းစုကြည်လောက် လူချစ်လူခင်များသောသူ တဦးမှ မရှိကြောင်း သူမ လွတ်လာသောနေ့နှင့် မိန့်ခွန်းပြောသော နေ့တို့တွင် သိနိုင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ပြည်သူလူထု၏ ချစ်ခင် လေးစားမှုကို ခံရသလို တိုင်းရင်းသား ခေါင်းဆောင်များ၏ ယုံကြည်ကိုးစားမှုကို ရရှိထားသည့် အတွက် ပြည်တွင်းစစ်ရပ်စဲရေး၊ တိုင်းပြည်ထူထောင်ရေးကို ဦးဆောင်ခွင့် ရမည်ဆိုလျှင် မြန်မာနိုင်ငံတော်ကြီး ကမ္ဘာ့အလယ်တွင် ပြန်လည်ဦးမော့လာနိုင်ပါသည်။ ထိုကြောင့် ထိုကဲ့သို့ ရှားရှားပါးပါး ပြည်သူထောက်ခံမှု ရရှိထားည့် ခေါင်းဆောင်ကို ဘာလုပ်ပါ၊ ညာလုပ်ပါဆိုတာ မျိုးထက် သူမသိရန်လိုသည့် သတင်းအချက်အလက်များ ပံ့ပိုးပေးခြင်း၊ ကူညီရိုင်းပင်းခြင်း တို့ဖြင့်သာ ဝန်းရံဘို့လိုပါသည်။ အခြေအနေ အရပ်ရပ်ကို ဘက်စုံမှ တင်ပြကြ၍ ဆုံးဖြတ်ပိုင်းဖြတ်မှုကို သူမဘာသာ ပြုလုပ်စေခြင်းဖြင့် သူမ၏ အခန်းကဏ္ဍကို မြှင့်တင် ပေးရမည်ဖြစ်ပါသည်။ NLD ပါတီအနေနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းစဉ်ကို အကောင်အထည်ဖော်ရာ၌ မိမိအတွင်းစည်း ဒီမိုကရေစီအင်အားစုများကြားတွင် သဘောထား ကြီးကြီးထား၍ စည်းရုံးခြင်းဖြင့် စတင်သင့်သည်ဟု မြင်ပါသည်။ ထိုမှတဆင့် တပ်ပေါင်းစုကြီး ကို ဦးဆောင်နိုင်မည်ဖြစ်ပါသည်။

၂၀၁၀ ရွေးကောက်ပွဲကို ဦးဝင်းတင်က ဒေါ်စုနဲ့ ပြည်သူတွေနိုင်တယ်၊ ဘီဘီစီက ဒေါ်တင်ထားဆွေကလည်း ဒီရွေးကောက်ပွဲမှာ ပြည်သူတွေကနိုင်ပြီး စစ်အစိုးရက ရှုံးတယ်လို့ သုံးသပ်သွားပါသည်။ ဒေါ်တင်ထားဆွေက ရွေးကောက်ပွဲမှာ မဲပေးသူနည်းပါးခြင်းဟာ အစိုးရလုပ်ရပ်ကို အယုံအကြည်မရှိဘူးဆိုတာကို ပြသလိုက်တာဖြစ်ပြီး ပြည်သူတွေ ယုံကြည်မှု မရှိတဲ့ ရွေးကောက်ပွဲဟာ အောင်မြင်တယ်လို့ မပြောနိုင်ဘူး။ မဲမသမာမှု လုပ်ရပ်တွေကြောင့် ပြည်သူတွေကို နာကြည်းမှု ဖြစ်စေနိုင်တယ်။ ရွေးကောက်ပွဲဟာ တရားဝင်အုပ်ချုပ်ခွင့်ရဖို့ လုပ်တဲ့လုပ်ရပ်ဖြစ်တဲ့အတွက် တရားဝင်မှု Legitimacy လည်း အားနည်းတယ်။ မဲလိမ်တဲ့ ကိစ္စဟာ နိုင်ငံတကာအသိုင်းအဝိုင်းမှာ အစိုးရကို ဂုဏ်သိက္ခာကျစေခဲ့တယ်။ ထို့အတူ ဝင်ရောက် မဲရွေးခဲ့ကြတဲ့ ကိုယ်စားတွေကလည်း စစ်အစိုးရအပေါ် ယုံကြည်မှုကို ကင်းမဲ့စေ ခဲ့တယ်။ ရွေးကောက်ပွဲ ပြုလုပ်ပေးခဲ့ပေမယ့် နိုင်ငံတကာဖိအားတွေကလည်း မပြောက်ကွယ် ဘဲ ဆက်လက်တည်ရှိနေမှာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲသာ လုပ်လိုက်ရတယ်၊ စစ်အစိုးရ အမြတ်မထွက်ပဲ အရှုံးကြီးရှုံးသွားပြီး ပြည်သူတွေက အနိုင်ရတယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

ကျွန်တော့အနေနဲ့ကတော့ စစ်အစိုးရ တကယ်ရှုံးတယ် မရှုံးဘူးဆိုတာထက် အရှုံး အမြတ်ကို တခဏခြင်း လုပ်ရပ်နဲ့ တိုင်းတာလို့ မရဘူးလို့ ထင်ပါသည်။ အမြတ်ထွက်တဲ့ ကိစ္စတွေ အတိုက်အခံဘက်မှာ ရှိသလို စစ်အစိုးရဘက်မှာ ရှိတယ်လို့ မြင်ပါသည်။ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD နိုင်ခဲ့ပါသည်။ စစ်အစိုးရ ခွက်ခွက်လန်အောင် ရှုံးပါသည်။ ဒါပေမဲ့ ရေရှည်မှာ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို NLD က အကောင်အထည်မဖော်နိုင်၊ ဖော်ခွင့် လည်းမရတဲ့အတွက် ရေရှည်မှာ NLD ရှုံးတယ်လို့ ပြောရမှာ ဖြစ်ပါသည်။

ယ္ခုလည်း မဲလိမ်မဲခိုးမှုတွေကြောင့်၊ လူတွေ စိတ်ဝင်စားမှု နည်းတဲ့အတွက်ကြောင့် နိုင်ငံတကာမှာ ဂုဏ်သိက္ခာမရှိတဲ့ ရွေးကောက်ပွဲကြောင့် ရှုံးတယ်ဆိုရင် နအဖဟာ ရွေးကောက်ပွဲကို အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ အမျိုးဆက် ခေါင်းဆောင်တွေကိုဖမ်းပြီး ပြုလုပ်ခဲ့သော်လည်း အာဆီယံကလည်း ရွေးကောက်ပွဲ ညစ်ပတ်မှုတွေကို ထုတ်မပြောဘဲ ကြိုဆိုပြီး ထောက်ခံလိုက်ပါသည်။ တရုတ်၊ အိန္ဒိယမှလည်း လက်ခံလိုက်ပါသည်။ ဥရောပမှ အစိုးရများကလည်း တက်လာတဲ့ အစိုးရနဲ့ ဆက်လက်ညှိုနှိုင်း သွားမယ်လို့ ဆိုခဲ့ပါတယ်။ နိုင်ငံတကာက ဒီလိုညစ်ပတ်စုတ်ပြတ်နေတဲ့ မသမာတဲ့ ရွေးကောက်ပွဲကြီးကို သိပင်သိငြားသော်လည်း ဒီရွေးကောက်ပွဲကို လုံးဝလက်မခံနိုင်ကြောင်း ၎င်းရွေးကောက်ပွဲကနေ တက်လာမယ့် အစိုးရကိုလည်း အသိအမှတ်မပြုကြောင်းကို ဘယ်နိုင်ငံကမှ မပြောခဲ့ကြတာကို သိကြဖို့ ကောင်းပါသည်။

ထိုအချက်က စစ်အစိုးရသည် မည်ကဲ့သို့ ညစ်ပတ်စွာ လုပ်ခဲ့လုပ်ခဲ့ နိုင်ငံတကာက အသိအမှတ်ပြု ဆက်ဆံနေဦးမည်ဆိုတာ သတိပြုမိဖို့ လိုပါသည်။ ထို့ကြောင့် ပြည်တွင်းမှာ ပလူပျံအောင် ကန့်ကွက်နေသော်ငြားလည်း အမေရိကန်နိုင်ငံအပါအဝင် တရုတ်နိုင်ငံအဆုံး စစ်အစိုးရက လက်ပြောင်းတင်လိုက်တဲ့ အစိုးရသစ်ကို ကန့်ကွက်ဖို့ မရှိဘူး။ ဆက်လက် ဆက်ဆံသွားဖို့သာရှိပါသည်။

အချုပ်အားဖြင့်။ ။၁၉၉၀ ရွေးကောက်ပွဲတွင် ရှုံးသွားသော်လည်း နအဖသည် အာဏာကိုဆက်လက်ယူထားနိုင်သလို ယ္ခု ၂၀၁၀ တွင်လည်း ညစ်ပြီး နိုင်သွားသည့်အခါ အာဏာဆက်လက်ယူထားခြင်းကိုလည်း နိုင်ငံတကာက မည်သို့မျှ ကန့်ကွက်သွားလိမ့်မည် မဟုတ်၊ ထိုကဲ့သို့ အနိုင်ယူထားခြင်းကို ဒီမိုကရေစီအင်အားစုများက မတိုက်နိုင်လျှင် ဒုတိယမ္ပိ အရှုံးနှင့် ရင်ဆိုင်ရဦးမည်ဖြစ်ပါသည်။

အနာဂါတ်တိုက်ပွဲ

ကဲဒါဖြင့် ဘယ်လို လုပ်ကြမလဲ? ဒေါ်အောင်ဆန်းစုကြည်အနေနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး တဖက်မှ ပြောနေသလို နအဖကို တရားစွဲဖို့လည်း လုပ်နေတာ တွေ့ရသည့်အခါ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ်နဲ့ ဆန့်ကျင်နေတယ်လို့ မြင်ပါသည်။ နောက်တခုက နအဖခန့်ထားတဲ့ တရားသူကြီး နအဖဖွဲ့စည်းပေးထားသည့် တရားရုံးတွင် နအဖကို တရားစွဲမည် ဟူသည်က အမှန်တကယ်တော့ အချိန်ကုန်လူပန်း လုပ်ရပ်ဖြစ်ပြီး အဓိပ္ပါယ် လည်း မရှိဘူးဟု သုံးသပ်ပါသည်။ တင်းမာရေး လမ်းစဉ်ကို ပြန်သွားနေတယ်လို့ နအဖက စွပ်စွဲမှာ မလွဲပါဘူး။ ထိုလုပ်ရပ်သည် ဒီမိုကရေစီထွန်းကားပြီး လူ့အခွင့်အရေးကို အခိုင်အမာ ပြဋ္ဌာန်းထားသည့် နိုင်ငံတွေမှာ ပြည်သူအများက သူတို့ကို အစိုးရက မတရားပြုကျင့်ရင် အခြေခံဥပဒေထဲမှာပါတဲ့ သူတို့ရဲ့ ခုခံပိုင်ခွင့်အရ အစိုးရကို တရားရုံးမှာ တရားစွဲပိုင်ခွင့် ရှိပါသည်။ တရားရုံးများကလည်း အုပ်ချုပ်သူ အစိုးရ၏ အာဏာစက်မှ သီးခြားကင်းလွတ်သည့် တရားရုံးများ ဖြစ်တဲ့အတွက် တင်လာတဲ့ အမှုများကို သမာသမတ်ကျကျ စီစစ်ပြီး အစိုးရက ဥပဒေမဲ့ ပြုကျင့်မှု လုပ်သည်ဆိုတာကို ထင်ရှားခဲ့ရင် တရားစွဲသူ ပြည်သူကို အနိုင်ပေးပါသည်။ ထိုကဲ့သို့ အစဉ်အလာ မြန်မာ့တရားစီရင်ရေးတွင် မရှိသေးပါ၊ မပေါ်ထွန်းသေးပါ။

NLD ပါတီအနေဖြင့် ထို့ထက်အရေးကြီးသော အကြောင်းအရာတွေ လုပ်ရန် အများကြီးရှိပါသည်။ ပြည်သူထောက်ခံမှု တခဲနက်ရနေသော ဒေါ်စုအနေဖြင့် ပြည်သူများ ပူနွေးတက်ကြွနေသော အချိန်တွင် ရန်ကုန်တိုင်းအတွင်း မည်သည့်နေရာ မည်သည့်နေ့ရက် တွင် တရားပွဲကျင်းပမည်ဖြစ်ကြောင်း ကြေငြာပြီး အနာဂါတ်မြန်မာပြည် တိုးတက်ဖွံ့ဖြိုးရေး အတွက် တိုင်းပြည်ကို မည်ကဲ့သို့ ပျိုးထောင်မည်ဟု ဟောပြောပွဲများ ပြုလုပ်သင့်ပါသည်။ နအဖကို ပုပ်ခတ်ပြောဆိုမှု မလုပ်ဘဲ မိမိတိုင်းပြည်အပေါ် ဖြစ်စေချင်သော ဆန္ဒကို ထုတ်ဖော်ခြင်း၊ လတ်တလော ဒုက္ခရောက်နေသော ရခိုင်လေဘေး ဒုက္ခသည်များနှင့် နာဂစ် လေးဘေးဒုက္ခသည်များကို ကူညီရိုင်းပင်းရန်အတွက် ဖောင်ဒေရှင်းများ တည်ထောင်ခြင်း စသည်တို့ကို စဉ်းစားသင့်ပါသည်။ ပြည်သူအများ ပါဝင်လာနိုင်သည့် အလုပ်များ၊ လမ်းစဉ်များကို ချပြ၍ Grass Root အောက်ခြေလူထု ၏ (ကိုယ်ထူကိုယ်ထ) မီစံကိန်းများကို ဦးစီးပြုပေးခြင်းဖြင့် NLD နှင့် လူထုအကြား တသားတည်း ဖြစ်စေမည့် အခြေအနေကို ဖန်တီးသင့်ပါသည်။ လူထု သည် တရားပွဲ နားထောင်၍ ပြန်သွားသည့် အနေအထားမျိုး မဟုတ်ပဲ NLD နှင့် ပေါင်းစပ်လက်တွဲလုပ်နိုင်သည့် လုပ်ကွက်များကို ဖန်တီး၍ ဦးဆောင်မှု ပြုရန် လိုပါသည်။ ထို့အတူ ဒီမိုကရေစီ အင်အားစုများနှင့် ညှိုနှိုင်းပြီး တူသည့်အရာများကို လက်တွဲလုပ်ခြင်းဖြင့် ပြည်သူ့အကျိုးကို လက်တွေ့ကျကျ ကွင်းဆင်း အကောင်အထည်ဖော် ကြရမည်ဖြစ်သည်။ နအဖ မလုပ်ပေးသော မလုပ်နိုင်သော အလုပ်များကို Civic အဖွဲ့အစည်းများ ဖွဲ့၍ ပြုလုပ်နိုင်ရန်နှင့် အရေးကြီးဆုံးမှာ Civil Society လွတ်လပ်သော လူ့ဘောင်အဖွဲ့အစည်းများ ပေါ်ပေါက်လာရေးကို အားပေးကူညီခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံ တွင် တောင်သူလယ်သမား ၇၅ % ရှိသည့်အတွက် တောင်သူလယ်သမားအစည်းအရုံးများ သမဂ္ဂများ ပေါ်ထွက်လာရန် အားပေးကူညီခြင်း၊ ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းခြင်းကို အားပေးခြင်း၊ အလုပ်သမားသမဂ္ဂများ ပျိုးထောင်ရာတွင် ကူညီခြင်း ထောက်ခံပံ့ပိုးခြင်းတို့သည် ယနေ့ NLD ပါတီ ဦးစားပေးလုပ်ရမည့် အလုပ်များ ဖြစ်လာနိုင်ပါသည်။ ဖြစ်လျှင် အလွန်ကောင်းမည်ဟု ယူဆပါသည်။

တပ်မတော်

တပ်မတော်တွင် လူအင်အားကို တိုးချဲ့၍ စစ်ဗိုလ်ချုပ်များ နအဖလက်ထက်တွင် မှိုလိုပေါက်လာခဲ့သော်လည်း သာမန်စစ်သားများ၏ ဘဝသည် ဒုံရင်းဒုံရင်း ဘဝမှ မတက်ဘဲ ၎င်းတို့၏ သမီးမယားများ မကောင်းသည့်အလုပ် လုပ်စားရသည့် အနေအထားသို့ပင် အချို့ မိသားစုများ စားဝတ်နေရေးအခက်အခဲကြောင့် ရောက်ရှိနေခဲ့ကြပါသည်။ နိုင်ငံတကာရှိ တပ်မတော်သားများ ဘဝနှင့် နှိုင်းယှဉ်၍ မြန်မာ့တပ်မတော်သားများဘဝ မြှင့်တင်လာရေး ကိုလည်း ဒီမိုကရေစီအင်အားစုများက အခွင့်သင့်လျှင် သင့်သလို ထုတ်ဖော်ပြောဆိုကြဖို့ လိုပါသည်။ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်တွင် မြန်မာစစ်ဗိုလ်စစ်သားများ အဘယ်ကြောင့် ပါဝင်ခွင့်မရသနည်း၊ မပါဝင်ခဲ့သနည်း စသည်မေးခွန်းများကို ဖြေဆိုသင့်ပါသည်။ တခြားနိုင်ငံရှိ တပ်များ၊ ကုလသမဂ္ဂ အလံတော်အောက်တွင် ငြိမ်းချမ်းရေး ဖော်ဆောင်သော တပ်များအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ တာဝန်ထမ်းဆောင်နေကြသလို မြန်မာတပ်များ အဘယ့်ကြောင့် တာဝန် ထမ်းဆောင်ခွင့်မရသနည်း။ ထိုခဲ့သို့ တာဝန်ထမ်းဆောင်ခွင့် ရရှိပါက ကမ္ဘာအရပ်ရပ်တွင် လှည့်လည်သွားလာနိုင်၍ ပညာဗဟုသုတ ရရှိနိုင်သည့်အပြင် ကမ္ဘာ့ငြိမ်းချမ်းရေးကို ကူညီ စောင့်ရှောက်နေသော တပ်မတော်သားများအဖြစ် ဂုဏ်ယူနိုင်ခွင့်ရရှိကြမည် ဖြစ်ပါသည်။

ပြည်တွင်းစစ်ကြောင့် တပ်မတော်သားများနှင့် တိုင်းရင်းသားလက်နက်ကိုင်များ အသက်ဆုံးရှုံးခဲ့ကြရပါသည်။ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးကို တပ်မတော်သားများကလည်း လိုလားကြမည်ဟု ယုံကြည်မိပါသည်။ ကိုယ့်တမြေတည်းနေ တရေတည်းသောက် တိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့် သတ်ဖြတ်နေရသော အလုပ်ကို မည်သည့် မျိုးချစ်စိတ်ရှိသောသူကမျှ လိုလိုလားလား ထောက်ခံအားပေးလိမ့်မည်မဟုတ်ပါ။ ထို့ကြောင့် ပြည်တွင်းစစ်ကို အဆုံးသတ်ရန်အတွက် တိုင်းရင်းသားအင်အားစုများနှင့် အများသဘောတူ သည့် အချက်အလက်များကို ဆွေးနွေးညှိုနှိုင်းအတည်ပြုရန်အတွက် ပင်လုံညီလာခံ ကဲ့သို့သော ညီလာခံကြီးကို ခေါ်ယူဖို့ NLD က ဦးစားပေး ဆောင်ရွက်ဖို့ လိုသည်။ ညီလာခံ ခေါ်ယူမည်ဆိုသည့် အတွေးအခေါ်သည် အလွန်ကောင်းမွန်သော ပြည်တွင်းစစ်ကို ချုပ်ငြိမ်းစေပြီး တိုးတက်ကြွယ်ဝသော ဒီမိုကရေစီနိုင်ငံတော်ကြီး ပေါ်ပေါက်လာရေးအတွက် အလွန်အရေးကြီးသဖြင့် ထောက်ခံပါသည်။ အထူးလုပ်သင့်လုပ်ထိုက်သော အလုပ်လည်း ဖြစ်ပါသည်။ ပြည်တွင်းစစ်အဆုံးသတ်ရေး ဦးတည်ချက်ကြောင့် တပ်မတော်တွင်းရှိ ကိုယ့်အချင်းချင်း သတ်ဖြတ်နေရမှုကို မနှစ်မြို့သော မျိုးချစ်တပ်မှုးများနှင့် အောက်ခြေထု တပ်မတော်သားများ၏ ထောက်ခံမှုကို မလွဲမသွေ ရရှိနိုင်မည်ဟု ယူဆပါသည်။ ဖယ်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာရေးကိစ္စကို နောက်တပိုင်းတွင် ဆက်လက်ဖော်ပြသွား ပါမည်။

0 HIV ဝေဒနာရှင်တွေကို ဒေါ်စု တွေ့ဆုံအားပေး



မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့လယ် ၂ နာရီမှာ ရန်ကုန်မြို့ တောင်ဒဂုံမှာရှိတဲ့ HIV/AIDS ဆေးခန်းကို သွားရောက် ကြည့်ရှုပြီး လူနာတွေကို အားပေးစကား ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်း အကူအညီ လိုအပ်တဲ့သူတွေ များပေမဲ့လည်း ဒီလူနာတွေက တခြားလူတွေထက် ပိုပြီး အကူအညီ လိုအပ်တဲ့အတွက် သူမ အနေနဲ့ အခုလို သွားရောက် ကြည့်ရှု အားပေးရတာဖြစ်ပြီး အကူအညီ လိုအပ်သူတွေကို ကူညီကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

HIV/AIDS ဝေဒနာရှင်တွေအတွက် တောင်ဒဂုံ ၉ ရပ်ကွက်မှာ ဖွင့်ထားတဲ့ အခမဲ့ဆေးခန်းကို ဒေါ်အောင်ဆန်းစုကြည် သွားရောက် ကြည့်ရှုပြီး လူနာတွေကို အားပေးစကား ပြောခဲ့တာပါ။ တဘက်မှာ သူမ ပြန်လွတ်လာတုန်းက ၀မ်းသာပြီး လာပေးထားကြတဲ့ ပန်းခြင်းတွေကို ဒီလူနာတွေကို ပြန်ပြီး လှူချင်တဲ့ အတွက်လည်း အခုလို လာခဲ့တာ ဖြစ်တယ်လို့ ဆေးခန်းအပြင်မှာ ရောက်နေကြတဲ့ ထောင်ချီ ပရိသတ်ကြီးကို ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားသွားတာပါ။

မိမိတို့အနေနဲ့ တတ်နိုင်ရင် အကူအညီ လိုနေတဲ့ သူတွေကို ကူညီကြဖို့ ပရိသတ်ကြီးကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပြီး ကူညီတယ် ဆိုရင်လည်း ပြန်ရလိုတဲ့စိတ်နဲ့ မကူညီကြဖို့ ပြောပါတယ်။

“ပြန်ရလိုတဲ့စိတ်နဲ့ မဟုတ်ဘဲ တကယ်ပဲ စိတ်ရင်းနဲ့ ပေးချင်ပါတယ်။ ကိုယ့်လောက် အဆင်မပြေတဲ့လူတွေကို သနားလည်း သနားတယ်၊ ကရုဏာလည်း ထားတယ်ဆိုတဲ့ စိတ်နဲ့ ပေးလို့ရပါတယ်။ အဲဒီလို ပေးလို့ရှိရင် ရုပ်ပိုင်းဆိုင်ရာ ဘာမှ ပြန်မရရင်တောင်မှ ကျေနပ်မှု အနေနဲ့ အများကြီး ပြန်ရမှာပါ။ ကိုယ့်စိတ်ကလေ အများကြီး ကျေနပ်ရမယ်။ အဲဒါကြောင့် တယောက်နဲ့ တယောက် ကူညီရမယ်။ အမေတို့လည်း အကူအညီ လိုတယ်နော်။ အမေ့ကို အားကိုးနေတာကို ဂုဏ်ယူပါတယ်။ ဒါပေမဲ့ အမေကလည်း ပြန်ပြီး အားကိုးပိုင်ခွင့် ရှိရမယ်လေ၊ မဟုတ်ဘူးလား။ ပြီးတော့ ကိုယ့်လောက် အဆင်မပြေတဲ့ သူတွေကို တတ်နိုင်သလောက် ကိုယ်က ကူညီချင်တဲ့ စိတ်လေးတွေ မွေးစေချင်တယ်။”

မိမိတို့ လိုချင်တဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ဖို့အတွက် စွမ်းဆောင်နေကြတဲ့ နေရာမှာ စိတ်ဓာတ်အင်အား၊ ဓနအင်အား၊ ငွေအင်အား၊ လူအင်အား စတဲ့ အဖက်ဖက်က လိုအပ်မှုတွေ ရှိတဲ့အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“စိတ်ဓာတ်အင်အားချည်းနဲ့လည်း မလုံလောက်သေးဘူး၊ ဓနအင်အားတွေလည်း လိုသေးတယ်၊ ဉာဏ်အင်အားလည်း လိုတယ်၊ ငွေအင်အားလည်း လိုတယ်။ အဲဒီတော့ လိုရင်လိုသလို အမေတို့က နေပြီးတော့ တောင်းမှာပဲ။ အဲတော့ ပေးနိုင်သမျှ ပံ့ပိုးပေးကြပါ။ အမေတို့ဘက်ကလည်း တတ်နိုင်သမျှ ပံ့ပိုးပေးပါ့မယ်။ အခုဆိုရင် ဒီရပ်ကွက်မှာ အကူအညီ လိုအပ်တဲ့သူတွေ အများကြီးရှိမှာပေါ့။ အခြေအနေ သိပ်မကောင်းတာ ရှိတာပေါ့။ သိပ်ပြီးတော့ အဆင်မပြေတာတွေ ရှိတာပေါ့။ ဒါပေမဲ့ ဘာဖြစ်လို့ ဒီလောက် အများကြီးထဲက ဒီလူနာတွေကို ရွေးပြီးတော့ ကူညီရလဲဆိုတော့ သူတို့က အကူအညီ အလိုဆုံး ဖြစ်နေလို့။ အဲတော့ အလိုအပ်ဆုံး လူတွေကို အရင် ကူညီရမယ်။”

ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ဖော်ပြထားသလိုပဲ လူရယ်လို့ ဖြစ်လာရင် လူတိုင်းမှာ ကိုယ့်အခွင့်အရေးဆိုတာ ရှိတယ်၊ ဒါကြောင့် ကိုယ့်ရဲ့ ဂုဏ်သိက္ခာမြင့်အောင် လုပ်ဆောင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားပါတယ်။

“ဘာပဲဖြစ်နေ ဖြစ်နေ လူဆိုတာ လူရဲ့တန်ဖိုး ရှိပါတယ်။ လူဖြစ်တယ်ဆိုတာ ဗြဟ္မာ့ပြည်က အပ်တချောင်းနဲ့ လူ့ပြည်က အပ်တချောင်း ထိဖို့က လွယ်သေးတယ်တဲ့၊ လူဖြစ်ဖို့က မလွယ်ဘူး ဆိုတာလို။ လူဖြစ်လာမှ လူရဲ့ အခြေခံသိက္ခာ ဆိုတာရှိတယ်၊ တန်ဖိုးဆိုတာ ရှိတယ်။ အဲဒီဟာကိုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ရဲရဲကြီး အသိအမှတ် ပြုထားတယ်။ အဲဒီတော့ လုံးဝ စိတ်ဓာတ်မကျနဲ့။ လူတိုင်းလူတိုင်းဟာ ကိုယ့်တန်ဖိုးနဲ့ကိုယ် ဆိုတာကို မှတ်ထားကြပါ။ ကိုယ့်တန်ဖိုးကို ကိုယ်မြှင့်တင်လို့ရတယ်။ စိတ်ဓာတ်အင်အားလည်း မြှင့်တင်လို့ရတယ်။

“ဒါက အမေက လူနာတွေကိုပဲ ပြောနေတာ မဟုတ်ဘူး၊ လူတိုင်း လူတိုင်းကို ပြောနေတာ။ လူတိုင်း လူတိုင်းမှာ တန်ဖိုးရှိတယ်။ ဒီတန်ဖိုးက မြင့်သလား၊ နိမ့်သလားဆိုတာ ကာယကံရှင် အပေါ်မှာပဲ မူတည်တယ်။ တခြား အခြေအနေတွေပေါ်မှာ မတည်ဘူး။ တခြားလူတွေက ဘယ်လိုပဲ ထင်နေထင်နေ ကိုယ်က ကိုယ့်ကိုယ်ကို လေးစားနိုင်ရင်၊ ငါဟာ သိက္ခာရှိရှိနဲ့နေတဲ့ လူသားတယောက် ဖြစ်တယ်လို့ဆိုတဲ့ အသိ ရှိနိုင်လို့ရှိရင် ဘယ်သူကမှ ကိုယ့်တန်ဖိုးကျအောင် လုပ်လို့ မရပါဘူး။ ဒါကြောင့် စိတ်ဓာတ်အင်အားတွေကို မွေးပါ၊ နောက်ပြီးတော့ အမေတို့ရဲ့ လုပ်ငန်းတွေကို ကူညီကြပါ၊ အဲဒီ အင်အားတွေနဲ့နော်။

“အားပေးတယ်ဆိုတာနော်၊ ပါးစပ်ကြီးနဲ့ပဲ မရဘူး။ အဲဒီ ပါးစပ်နဲ့ အားပေးနေတဲ့ သူတွေက အကျိုးဟဲ့ အကြောင်းဟဲ့ဆို ဘယ်ရောက်သွားမှန်း မသိဘူး။ အားကိုးပါတယ်။ အမေတို့ကလည်း တတ်နိုင်သမျှ လုပ်ပေးပါ့မယ်။ ယုံကြည်ပါ။ ကိုယ်လုပ်နိုင်တာတွေကိုတော့ ဟိုဟာလုပ်ပေးမယ်၊ ဒီဟာလုပ်ပေးမယ်လို့တော့ မပြောနိုင်ဘူး။ တတ်နိုင်သမျှ လုပ်ပေးမယ်။ စွမ်းအင်ရှိသမျှ လုပ်ပေးမယ်။ ယုံယုံကြည်ကြည်နဲ့ အမေတို့ရဲ့ အလုပ်တွေကို ၀န်းရံပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။”

HIV/AIDS အခမဲ့ ဆေးခန်းရှေ့ ရောက်လာကြတဲ့ ထောက်ခံ အားပေးသူတွေကို ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီဆေးခန်းက လူနာတွေ အခုလို နေစရာအိမ်ရှိအောင်၊ လူနာတွေ ဆေးဝါးကုသမှု ပုံမှန်ရရှိအောင် ဦးဆောင် လုပ်ကိုင်ပေးနေတဲ့ မဖြူဖြူသင်းကလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို လာတွေ့တဲ့အတွက် လူနာတွေက ၀မ်းသာအားရ ဖြစ်နေကြတဲ့အကြောင်း အခုလို ပြောပြပါတယ်။

“၀မ်းသာတာပေါ့၊ ၀မ်းသာတယ်ဆိုတာက ဘာကြောင့်လဲဆိုတော့ လမ်းတောင် မလျှောက်နိုင်တဲ့ လူနာတယောက်ရှိတယ်။ ကျမက စိတ်ပူလို့ မသွားပါနဲ့ ပြောတာတောင် မရဘူး။ သူတို့အနေနဲ့ အရမ်းကို မျှော်လင့်တယ်၊ အားကိုးတယ်ပေါ့၊ ပြီးတော့ ယုံလည်း ယုံကြည်တယ်။ အခု အမေ့ကို တွေ့လိုက်ရတဲ့ အခါကြတော့ သူတို့ အရမ်းကို ၀မ်းသာနေကြတယ်။ နောက်တခုက သူတို့ရောဂါ တ၀က်လောက်ကို သက်သာတယ်လို့ သူတို့က စိတ်ထဲမှာ ထင်ပြီးတော့ အားလုံးက၊ အန်တီက သူတို့ကို ကျန်းမာပါစေလို့ ပြောတာတောင်မှ မဟုတ်ဘူး၊ အန်တီ ကျန်းမာနေဖို့ လိုပါတယ်လို့ သူတို့က ၀ိုင်းပြီးတော့ ပြောကြသေးတယ်။”

HIV/AIDS ဝေဒနာရှင်တွေကို အခမဲ့ ကြည့်ရှု စောင့်ရှောက်ပေးနေတဲ့ မဖြူဖြူသင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

(voa)

Wednesday, November 17, 2010

0 အမေ

0 NLD ပါတီ ရပ်တည်ရေးအတွက် ဒေါ်စု ဆက်လက်ကြိုးပမ်းဆောင်ရွက်နေ


photo။ ။ AP
NLD ပါတီ တရားဝင် နိုင်ငံရေးပါတီ အဖြစ်နဲ့ ဆက်လက် တည်ရှိနေကြောင်း လျှောက်ထားတဲ့ အမှုမှာ ဒေါ်အောင်ဆန်းစုကြည်က တရားဝင် လျှောက်ထားသူ ဖြစ်တဲ့အတွက် ရန်ကုန်တိုင်း တရားရုံးချုပ်မှာ ဒီကနေ့ ကျမ်းကျိန်လွှာ လက်မှတ်သွားထိုးခဲ့ပါတယ်။ ဒီအမှုကို လက်ခံသင့် မခံသင့်ဆိုတဲ့ ကိစ္စကိုတော့ လာမယ့် နိုဝင်ဘာ ၁၈ ရက်နေ့ နေပြည်တော် တရားရုံးချုပ်မှာ ကြားနာမှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

NLD ပါတီ အနေနဲ့ တရားဝင် နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ရှိနေကြောင်း တရားရုံးမှာ လျှောက်လွှာ တင်ခဲ့တုန်းက ကာယကံရှင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်း ခံနေရဆဲကာလ ဖြစ်တာမို့ အမှုတွဲနဲ့အတူ Affidavit ခေါ် ကျမ်းကျိန်လွှာကို ပူးတွဲ မတင်လိုက်ရတဲ့အတွက် ဒီနေ့ ရန်ကုန်တိုင်း တရားရုံးမှာ လက်မှတ် သွားထိုးရတာပါ။

ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီကို စတင် တည်ထောင်ခဲ့သူအဖြစ်နဲ့ စွဲချက် တင်ထားတဲ့အတွက် ဒီနေ့မနက်ပိုင်း ရန်ကုန်တိုင်း တရားရုံးမှာ ကျမ်းကျိန်လွှာ လက်မှတ်ထိုးခဲ့တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လိုက်ပါသွားခဲ့တဲ့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပြပါတယ်။

“ဒီနေ့ ကျနော်တို့ မနက် ၁၁ နာရီခွဲက ရန်ကုန်မြို့ ဘားလမ်းမှာရှိတဲ့ ဗဟိုတရားရုံးချုပ်ကို ဒေါ်အောင်ဆန်းစုကြည် သွားပါတယ်။ ကျနော်တို့ NLD က တရားဝင် နိုင်ငံရေးပါတီ အဖြစ်နဲ့ ဆက်လက် တည်ရှိနေကြောင်း တရားစွဲဆိုထားတဲ့ အမှုနဲ့ ပတ်သက်ပြီး Affidavit ခေါ်တာပေါ့၊ ဥပဒေ စကားနဲ့တော့၊ ကျမ်းကျိန်လွှာ လုပ်ပါတယ်။ အမှုရုံးချိန်းက ၁၈ ရက်နေ့ ဖြစ်ပါတယ်။ ၁၈ ရက်နေ့ အမှုကြားနာမှာကတော့ နေပြည်တော်မှာလို့ သိရပါတယ်။”

၁၈ ရက်နေ့ ရုံးချိန်းရှိနေတာ ဒေါ်စုက ဘာဖြစ်လို့ ကျမ်းကျိန်ရတာပါလဲ။ ဒေါ်စုနဲ့ ဘယ်လို ပတ်သက်နေလဲ။

“အဲဒီအမှုကို စွဲဆိုထားတာက ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီကို စတင် တည်ထောင်သူအဖြစ်နဲ့၊ NLD ပါတီရဲ့ တာဝန်ခံအဖြစ်နဲ့ သူက တရားစွဲဆိုထားတာလို့ ကျနော် သိပါတယ်။ တရားရုံး Procedure များရဲ့ လိုအပ်ချက်အရ တရားစွဲဆိုသူက Affidavit လုပ်ရတယ်လို့ ဆိုပါတယ်။ အဲဒါကတော့ ကျနော် ဒီလောက်ပဲ သိပါတယ်။”

၁၈ ရက်နေ့ ရုံးချိန်း ကြားနာမှုကို နေပြည်တော်မှာ လုပ်မယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရမှာပေါ့၊ အဲဒီသဘောလား။

“အဲဒါ ဦးဉာဏ်ဝင်းကို ကျနော်မေးကြည့်တော့ ဒေါ်အောင်ဆန်းစုကြည်က လိုက်နိုင်မှာ မဟုတ်ပါဘူးလို့ ပြောပါတယ်။ အကျိုးဆောင်များပဲ သွားမယ်လို့ ပြောပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် မလိုက်နိုင်ဘူး၊ ရှေ့နေနဲ့ပဲ သွားမယ့် သဘောလား။

“ဟုတ်ပါတယ်၊ အဲဒီသဘောပါ။ ဆရာ ဦးဉာဏ်ဝင်းတို့ပဲ သွားကြမှာပါ။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်းနဲ့အတူ နေပြည်တော်ကို သွားမယ့် နောက်အကျိုးဆောင်ရှေ့နေ တဦးကတော့ ဦးကျော်ဟိုး ဖြစ်ပါတယ်။ သူက အခုစွဲချက်တင်ထားတဲ့ အမှုဟာ NLD ပါတီ တရားဝင် နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့် ရရုံတင်မကဘဲ ပြီးခဲ့တဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပါတီကို လွှတ်တော်ခေါ်ပေးရေး ကိစ္စပါ ပါဝင်တယ်လို့ အကျိုးဆောင် ရှေ့နေကြီး ဦးကျော်ဟိုးက ပြောပါတယ်။

“ကျနော်တို့ စွဲထားတဲ့ ကိစ္စက လွှတ်တော်ခေါ်ပေးဖို့ပဲ။ လွှတ်တော်ခေါ်ပေးဖို့ အတွက်ကို သီးခြားသက်သာခွင့် ဥပဒေပုဒ်မ ၄၅၊ ၅၅ နဲ့ စွဲတဲ့အခါကြတော့ ကျမ်းကျိန်လွှာ မပါလို့ မဖြစ်ဘူး။ မပါလို့ မဖြစ်တဲ့အတွက် အခု ကျနော်တို့က အမှုသာ တင်လိုက်ရတယ်၊ ဒေါ်စုက မလွတ်လာသေးတော့ ကျမ်းကျိန်လွှာ ပါမသွားဘူးပေါ့လေ။ အခု ဒေါ်စုက အပြင်ရောက်နေတော့ ဥပဒေအရ လိုအပ်တဲ့ ကျမ်းကျိန်လွှာကို ဒီနေ့ လုပ်တာပါ။ လုပ်ပြီးတော့ အဲဒီနေ့ကြရင် တင်ပြပြီး အမှုကို ဆောင်ရွက်သွားမှာပေါ့။

“၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်အရ ဥပဒေအရ ခေါ်ပေးရမယ့် လွှတ်တော်ကို ခေါ်ပေးဖို့။ ဒီရွေးကောက်ပွဲရလဒ်ကို ပျက်အောင် ဒီလိုဖန်တီးတာကို တားမြစ်ပေးဖို့ပေါ့။ ပြီးတော့ ဥပဒေအရ ခေါ်ရမယ့် လွှတ်တော်ကိုလည်း ခေါ်ပေးဖို့ပေါ့၊ နှစ်ချက်ပေါ့။ ကျနော်တို့က ဥပဒေ ပြဋ္ဌာန်းချက် အတိုင်းကတော့ အစိုးရအဖွဲ့တခု အနေနဲ့ မလုပ်သင့် မလုပ်ထိုက်တာကို မလုပ်ဖို့၊ ဥပဒေနဲ့ မညီတဲ့ဟာကို မလုပ်ဖို့ပေါ့လေ။ ဥပဒေနဲ့အညီ လုပ်ရမယ့်ဟာလေးတွေ လုပ်ပေးဖို့၊ ဒါကိုပဲ ကျနော်တို့ တင်ပြမှာပါ။”

အခုဟာ တော်တော်လေး ရှုပ်ထွေးသွားတဲ့သဘော ဖြစ်သွားတာပေါ့၊ ရွေးကောက်ပွဲက ကြားထဲမှာ ကောက်လုပ်လိုက်တဲ့ အခါကြတော့။

“ဟုတ်ပါတယ်၊ အဲဒါကြောင့်လည်း ကျနော်တို့က Cause of Action ပေါ်လာတယ်ပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ ဒီအမှုကို စွဲဖို့အတွက် မှုခင်း အကြောင်းချင်းရာ ပေါ်လာတဲ့ သဘောပေါ့။ ရွေးကောက်ပွဲ ဒီလို လုပ်တဲ့အတွက်ကြောင့် ပထမ ရွေးကောက်ပွဲရဲ့ ရလဒ်ကို အကောင်အထည် မဖော်ရတဲ့ အတွက်ကြောင့်၊ ဒီဟာကို နောက်ရွေးကောက်ပွဲ လုပ်တဲ့အကြောင်းကြောင့် တင်တဲ့သဘောပေါ့။”

နိုဝင်ဘာလ ၁၈ ရက်နေ့ နေပြည်တော်မှာ ကြားနာမှာကတော့ ဒီအမှုကို လက်ခံမယ်၊ လက်မခံဘူး ဆိုတာပဲ ရှိသေးတယ်လို့ ဦးကျော်ဟိုးက ပြောပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်း တရားရုံးကတဆင့် NLD ရုံးချုပ်ကို ပြန်သွားပြီး အဲဒီမှာရှိနေတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ယူနိုင်ရေး ကိစ္စကို ဆွေးနွေးခဲ့တယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ဆက်ပြောပြပါတယ်။

“မကြာသေးမီကထွက်တဲ့ ကလေးမြို့ ကြေညာစာတမ်း ဒုတိယ ပင်လုံညီလာခံ ကျင်းပရေးဆိုတဲ့ အပေါ်မှာ သူတို့ရဲ့ ထောက်ခံတဲ့ သဘောထား အသီးသီးကို ပြည့်ပြည့်စုံစုံပဲ တင်ပြ ဆွေးနွေးကြပါတယ်။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်က နားထောင်ပြီးတော့ သူလည်းပဲ ဒုတိယ ပင်လုံညီလာခံ ဆိုတာကို သဘောထား ရှိတဲ့အကြောင်း၊ သူကတော့ ဒီခေတ် ၂၁ ရာစုခေတ် ပိုပြီး ကျယ်ပြန့်ထက်မြက်လာတဲ့ နည်းပညာတွေနဲ့ ပိုပြီးတော့ အံဝင်ခွင်ကျဖြစ်မယ့် ညီလာခံမျိုးဖြစ်အောင် ကြိုးစားရမယ့်အကြောင်း ဆွေးနွေးပါတယ်။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာခင် ပြည်လုံးကျွတ် NLD လူငယ် စည်းဝေးပွဲ ခေါ်ယူနိုင်ရေးအတွက် NLD လူငယ်ပိုင်းနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
(voa)

0 ဒေါ်အောင်ဆန်းစုကြည်နဲ့ John Simpsonတို့ရဲ့ ဘီဘီစီ အင်တာဗျူး

0 နိုင်ငံတကာရှိ သူငယ်ချင်းအားလုံးသို့ 

နိုင်ငံတကာရှိ သူငယ်ချင်းအားလုံးသို့ 

သိသိ မသိသိ မြင်ဖူးဖူး မမြင်ဖူးဖူး ကျနော်တို့ အတွက် အရေးမကြီးပါဘူး၊ အားလုံးမြန်မာပြည်လွတ်မြောက်ရေး ကွန်ယက်ထဲမှာ သူငယ်ချင်းတွေလို့  ကျနော်ခံယူထားပါတယ်။
ကျနော်တို့ အားလုံး မြန်မာနိုင်ငံတော်ကို တိုးတက်စေချင်ကြတယ်၊ အရှေ့ တောင်အာရှ နိုင်ငံအလယ်မှာ ဒုက္ခပင်လယ်ဝေနေပြီး အများနှာခေါင်းရှုံတဲ့နိုင်ငံအဖြစ်ကလွတ်မြောက်စေချင်ကြတယ်၊ ဘေးအိမ်နီးချင်းတွေက ကျနော်တို့ နိုင်ငံ သယံဇာတတွေ အတင်းနှိုက်ယူနေတာ မခံချိ မခံသာနဲ့  တက်ခေါက်နေရတဲ့အဖြစ်က လွတ်မြောက်ချင်ကြတယ်၊

အထူးသဖြင့် နိုင်ငံပျောက်။ လူမျိုးပျောက်နေတဲ့ အဖြစ်တွေက လွတ်မြောက်ချင်ကြတယ်၊ မြန်မာပြည်ကို တနည်းနည်းနဲ့  ကူညီချင်ကြတယ်၊ စိတ်သဘောထားတွေ အတူတူပါပဲ၊

အဲတော့ဗျာ ------
ကျနော်တို့ အားလုံး မြန်မြန်ချိတ်ဆက်နိုင်ပြီး ပြည်တွင်းက လူငယ်တွေလည်း ၀င်ရောက်ရေးသားနိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ဖတ်နိုင်မယ့်ပါတီကလူငယ်တွေလည်းတက်ရောက်ဖတ်နိုင်မယ့် post လေးတခုကို လုပ်ပေးစေချင်ပါတယ်၊
နည်းပညာပိုင်းကျွမ်းကျင်သူ လူငယ်များ စကာင်္ပူမှာ အများဆုံးနေထိုင်နေတယ်လို့  ကျနော်ထင်ပါတယ်။
ကျနော်နားထောင်တဲ့ ဒေါ်အောင်ဆန်းစုကြည်မိန့် ခွန်းထဲမှာ နည်းပညာနဲ့  ပတ်သက်ပြီး ရိုးသားစွာပြောသွားတဲ့ သူမစကားလေးကို ကြိုက်ပါတယ်၊
(ကင်မရာဖုန်းလေးကိုပြောတော့ ပါးစပ်ကို ဘယ်နေရာက ထားရမလဲ မသိဘူးတဲ့ )
ကျနော်တို့ လည်း ကိုယ့်အချင်းချင်း ထိန်ဝှက်စရာမလိုပါဘူး၊ တတ်သိနားလည်သူက ကွန်ယက်လေးဖြစ်ဖို့ ၊ အထူးသဖြင့် ကျနော်တို့  နိုင်ငံတကာက ပြည်သူတွေရဲ့ 
အသံတွေ အထဲကို ပို့ နိုင်ဖို့  အိုင်တီကျွမ်းကျင်သူများကို အကောင်းဆုံး ကြိုးစားပေးကြပါလို့  ကျနော် မေတ္တာရပ်ခံအပ်ပါတယ်၊
ကျွမ်းကျင်နားလည်သူတွေက လုပ်ပေးနိုင်လိမ့်မယ်လို့  ကျနော်မျှော်လင့်ပါတယ်ဗျာ၊
(ပြည်တွင်းကသူတွေ ကျော်ခွကြည့်ဖို့ လည်း အိုင်တီဆရာလေးများပဲ တတ်ကျွမ်းမှာပါ)

ကျနော်တို့  အဲဒီကွန်ယက်လေးမှာ အချင်းချင်း အငြင်းပွားဖို့  မဟုတ်ဘူးနော်၊ ပြည်သူ့ အသံလေးတွေပို့ ဖို့ ပါ၊
ဘာလို့ လဲဆိုတော့ ဧရာဝတီဘလော့်လေးမှာ အထဲက သတင်းထောက်လူငယ်လေးတဦးရင်ဖွင့်သွားတာ ကျနော်ကြိုက်တယ်၊
ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းရံပေးနေတဲ့သူတွေက မောက်မာစွာ ဆက်ဆံတာကို ပြောပြသွားတာလေးပါ၊
ကျနော်အမြင်ကတော့ သူတို့ ဘက်ကလည်း ပူပန်မှုတွေ စိုးရိမ်မှုတွေ မယုံကြည်မှုလေးတွေ ရှိချင် ရှိနေမှာလေ၊ ဒီပဲယင်းမှာ ကံကောင်းလို့  ဒေါ်စု မသေခဲ့တာ မဟုတ်လား၊တဘက်နဲ့  တဘက် နားလည်မှု မလွဲစေချင်ဘူး၊

(၈၈)တုန်းကလည်း မင်းမဲ့စရိုက်အသွင
်ဖန်တီးပြီး အလေ့အကျင့် အတွေ့ အကြုံမရှိတဲ့ ကျနော်တို့ ပြည်သူတွေ ခံလိုက်ရတာကိုလည်းမမေ့ စေချင်ဘူး။
အဲတော့ဗျာ ----မိုးမခထဲက ကိုပေါအသံလို့  ကျနော်တို့  အားလုံး ရင်ဖွင့်လို့ ရမယ့် နေရာလေးတခုတော့ လိုနေပြီဗျာ၊
အပြင်ကလူတွေ (အင်တာနက်တွေ လျှောက်တတ်လို့ ရလို့ ) အထဲကို သတိပေးလို့ ရတာလေးတွေ ပေးလို့ ရတယ်ဗျာ၊

ဥပမာ၊ ဒေါ်အောင်ဆန်းစုကြည် ရုံးကို လာတဲ့နေ့ က ပြည်သူတွေ အရမ်းတိုးတာ ကြောက်စရာကောင်းတယ်၊ ဂျင်ဂလိ (၈၈လက်နက်) နဲ့  ထိုးလိုက်လို့ ရတယ်၊
ပြည်သူတွေထဲကပါ ထပ်ဆင့် ရံ ပေးသင့်တာမျိုးပေါ့၊ ကျနော်တို့ နိုင်ငံမှာ ပါတီမ၀င်လည်း VOLUNTEER လုပ်ပေးနိုင်တဲ့ဟာတွေ လူငယ်တွေ ၀ိုင်းရံပေးနိုင်တာမျိုးလေးတွေပြောပြပေးဖို့  အဲလိုမျိုးလေးပေါ့ဗျာ၊

ကျနော့်စာရှည်သွားတယ်၊ ခွင့်လွှတ်ပါ၊
နားလည်ပေးနိုင်မယ်ထင်ပါတယ်၊ ကျနော်တို့  ကြီးငယ်မဟူ မျိုးဆက်တွေ လက်ချင်းချိတ်ဖို့ ပါ၊

အနှစ်သာရပြည့်ဝတဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်သစ်ဆီသို့ 
အားလုံးကို လေးစားစွာဖြင့်
ဖိုးဇီဝ

0 first elven journal က “Suu Free Unite & Advance to grab their hope” တဲ့


အနီရောင်နဲ့ထင်ထင်ရှားရှားပြထားတဲ့စာလုံးတွေကိုဖတ်လိုက်ရင်
Suu Free Unite & Advance to grab their hope” တဲ့။
လှလှပပ ကန်သွင်းလိုက်တဲ့ဂိုးလည်းဖြစ်ပါတယ်။

Tuesday, November 16, 2010

0 ဒေါ်အောင်ဆန်းစုကြည်ကို လေးစားယုံကြည်တယ်လို့ ဗိုလ်မှူးချုပ် စောလားဘွယ်ပြောဆို

ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ရင်ကြားစေ့ရေး ဆက်လုပ်မယ်ဟု ပြောဆိုလိုက်ချိန်မှာ ဒီကေဘီအေမှ ဗိုလ်မှူးချုပ်စောလားဘွယ်က ဒေါ်အောင်ဆန်းစုကြည်ကို လေးစား ယုံကြည် တယ်လို့ ပြောဆိုလိုက်ပါတယ်။

ယခုလတ်တတော့ တိုက်ပွဲအခြေအနေ၊ တိုင်းရင်းသားအရေး၊ နိုင်ငံရေးအခြေအနေကို တွေကို ဗိုလ်မှူးချုပ် စောလားဘွယ်က ယခုလို ပြောဆို လိုက်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော် ချစ်ခင်လေးစားတယ်။ ယုံကြည်တယ်။ ဒီမိုကရေစီကို ကျွန်တော် ကြိုက်တယ်။ ဒီမိုကရေစီကို အရင်ရအောင် မလုပ်ပဲနဲ့ တိုင်းရင်းသားတွေကို ကိုယ်ပိုင်ပြဒါန်းခွင့်တို့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့၊ တန်းတူ အခွင့်ရေးတို့ဆိုတာ မရနိုင်ဘူး။ အားလုံး ဒီမိုကရေစီ ခေါင်းစဉ်အောက်မှာ ညီညီညွတ်ညွတ်နဲ့လုပ်ရင် အောင်မြင်မူပန်းတိုင် ရကို ရရမယ်။ တိုင်းရင်းသားတွေ ညီညွတ်ပြီး တိုက်ရင် ကောင်းတယ် ။

မြ၀တီကို ကျွန်တော်တို့ တိုက်တုံးက နအဖ အင်အားက ၈၀ လောက်ပဲရှိတယ်။ ကျွန်တော်တို့က သူတို့ထက် အင်အားများတယ်။ တိုက်ပွဲစ ဖြစ်တာနဲ့ ကျွန်တော်တို့က လက်နက်ငယ်တွေနဲ့ သူတို့ကိုပဲ ထိအောင်ပစ်တာ၊ သူတို့က လက်နက်ကြီးတွေနဲ့ ထင်သလိုပစ်တာ လူထုတွေထိကုန်တယ်။ ကျွန်တော် တော်တော် စိတ်မကောင်းဘူး။ ထိုင်းဖက်ကိုလဲ သူတိုပဲ ပစ်တာ။ ဆက်ပြီး မြ၀တီ ကိုထိန်းထားရင် ရပင်မဲ့ လူထုထိမှာကြောင့်လို့ ကျွန်တော်တို့ အစီစဉ် ရှိရှိနဲ့ပဲ ဆုတ်ခွာပေးလိုက်တာပါ။ သေဆုံးသွားတဲ့ မြ၀တီက လူထုတွေအတွက် ကျွန်တော် စိတ်မကောင်းပါဘူး။ အခုလဲ မြ၀တီကို ဆုတ်ပေးလိုက်ပင်မဲ့ ကျန်တဲ့နေရာတွေမှာ တိုက်ပွဲတွေ ဆက်ဖေါ်သွားမယ် ဆက်တိုက်သွားပါ့မယ်။ နေ့စဉ်လိုလို ဘုရားသုံးဆူ၊ ဝေလေ နဲ့ ကြားခံနေရာတွေမှာ တိုက်ပွဲတွေ ရှိနေပါသေးတယ်။ တိုင်းရင်းသားတွေ တပ်ပေါင်းစုတွေလဲ ညီညီညာညာနဲ့ ၀ိုင်းတိုက်ကြပါ အတွင်းအပြင် စည်းစည်းလုံးလုံး ရှိကြရင်ကောင်းမယ်။ ကျွန်တော်တို့ကို တတ်နိုင်တဲ့ ဖက်က ၀ိုင်းကူညီ ကြပါ။

ကျွန်တော် ငတ်ပျက်နေတဲ့ ပြည်သူလူထုကို စာနာတယ်။ နအဖ ရဲဘော်လေးတွေကိုလဲ သနားတယ်။ တပ်မှာ ဘာမှ မရှိကြဘူး။ တချို့ဆို ဘောင်းဘီတိုလေးတွေနဲ့ ကျွန်တော်သူတို့ကိုပါ ယူနီဖောင်းတွေ ထုတ်ပေးတယ်။ သူတို့ အရာရဲရှိ တချို့ကိုတော့ ကြိုက်ဘူး။ ကျွန်တော်တို့အပေါ် နားလည်တဲ့ အရာရှိတွေလဲ ရှိတယ်။ အခု တက်လာတဲ့ တိုင်းမှူးက ကျွန်တော်ဆီကို ဖုန်းဆက်တော့ ဟေ့ကောင် ဘာညာနဲ့ သိပ်မိုက်ရိုင်းတယ်။ မင်းဘာတွေ လုပ်တာလဲ ဘာညာနဲ့ ဒါနဲ့ ကျွန်တော်ဖုန်း လုံးဝမဖွင့်တော့ဘူး။ ကျွန်တော် ဘာလုပ်လဲ မေးဖို့ထက်။ သူတို့ မှားနေတယ် ဆိုတာကို သူတို့ သိသင့်တယ်။ ၁၅ နှစ်တောင် သူတို့နဲ့ တွဲလုပ်ခဲတာ ကျွန်တော်တို့ သိပြီ ၊ သူတို့တွေ မရိုးသားဘူး။ သိပ် လူလည်ကျတယ်။

နအဖ က ကျွန်တော်တို့အပေါ်ပေးတဲ့ နိုင်ငံရေး အခွင့်အရေးဆိုတာ အသက်ရှူ ခွင့်ပဲ ပေးတာပါ ။ အသက်ရှည်ခွင့်ပေးတာ မဟုတ်ဘူး။ အခု နယ်ခြားစောင့်တပ် လုပ်လိုက်ရင် အသက်ရှူခွင့်တောင် သေချာမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ လူထုအတွက် ကောင်းရာကောင်းကျိုး ဘာမှ လုပ်ခွင့်ရှိတော့မှာ မဟုတ်ဖူး။

http://soneseayar.blogspot.com/2010/11/blog-post_15.htmlမှ

0 ကိုယ့်လမ်း … ကိုယ်သွား၊ ကိုယ့်အလုပ် … ကိုယ်လုပ်၊ကိုယ့်သမိုင်း … ကိုယ်ရေး



နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာ၊ မိတ်ဆွေရန်သူမရွေးတို့၏ နာရေးကိစ္စများကိုအခမဲ့ ထမ်းဆောင်ပေးလျှက်ရှိရာ ၁၂.၁၁.၂၀၁၀ (သောကြာ) နေ့ ည (၉း၀၀) နာရီအချိန်၌ ဘဘဦးလွင်၏ ဇနီးဒေါ်တင်တင်မလေးအသက် (၈၈) နှစ်သည် ဘ၀တစ်ပါးသို့ ပြောင်းလဲသွားပါ၍ ၁၄.၁၁.၂၀၁၀ (တနင်္ဂနွေ) နေ့ ညနေ (၃း၀၀) နာရီအချိန်တွင် ရန်ကုန်မြို့ အမှတ် ၁၅၊ ကမ္ဘောဇရိပ်သာ၊ ဗဟန်းမြို့နယ် နေအိမ်မှ ရေဝေးသုဿန်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ရှေ့ပြေးမော်တော်ယာဉ်၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ၀တ်ရွတ်အဖွဲ့ မော်တော်ယာဉ်နှင့် နိဗ္ဗာန် မော်တော်ယာဉ်ကြီးတို့ဖြင့် စည်ကားသိုက်မြိုက်စွာသယ်ဆောင်၍ မီးသဂြိုလ်ပေးခဲ့ပါသည်။

ယင်းဈာပနအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဘဘဦးတင်ဦးတို့သည်လည်းဘဘဦးလွင်အား လာရောက်ဂါရ၀ပြု အားပေးစကားပြောကြားကာ ရေဝေးသုဿန်အထိ လိုက်ပါပို့ဆောင် ပေးခဲ့ပါသည်။

လမ်းတစ်လျှောက် အားပေးနှစ်သိမ့်ကြသောပရိတ်သတ်ကြီးနှင့် ရေဝေးသုဿန်တွင် စောင့်ဆိုင်းနေသောလူထုပရိတ်သတ်ကြီး၏ အင်အားသည် ယခင့် ယခင် နာရေးပို့ဆောင်မှု လမ်းကြောင်းများနှင့်မတူအလွန်စည်ကားလှသည်။

မည်သို့ပင်ဖြစ်စေနာရေးကူညီမှုအသင်း(ရန်ကုန်)သည် ကိုယ့်လမ်း … ကိုယ်သွား ၊ ကိုယ့်အလုပ် … ကိုယ်လုပ် ၊ ကိုယ့်တာဝန် … ကိုယ်ကျေ ၊ ကိုယ့်သီလ … ကိုယ်လုံစွာဖြင့် ကိုယ့်သမိုင်းကိုယ်ရေးခဲ့ပြီ ဖြစ်တော့သည်။

ကိုကျော်သူ

Monday, November 15, 2010

0 ရွေးကောက်ပွဲ မတရားမှု ကမ္ဘာသိအောင် အစီရင်ခံစာ ထုတ်ပြန်ဖို့ ဒေါ်စု ဆောင်ရွက်မည်

ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီးနောက် ပထမဆုံး သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ်။
ဓာတ်ပုံ ASSOCIATED PRESS
ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွင်း ဖြစ်ပေါ်ခဲ့တဲ့ မတရားမှုတွေကို မြန်မာပြည်သူတွေတင် သာမက ကမ္ဘာသိအောင် တင်ပြနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ဗွီအိုအေ မြန်မာပိုင်းဌာနနဲ့ သီးသန့်ပြုလုပ်တဲ့ မေးမြန်းခန်းမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒါ့အပြင် NLD အနေနဲ့ လူထုနဲ့ လက်တွဲပြီး လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဘန်ကောက်ရောက်နေတဲ့ ဗွီအိုအေ မြန်မာပိုင်း ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က မကြာခင်ကလေးကပဲ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ် မေးမြန်းထားပါတယ်။

ပထမဆုံး မေးချင်တာတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အန်တီလည်း တော်တော်လေး ကြားပြီးမှာပေါ့၊ ဆိုတော့ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

“ကျမတို့ အခု ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကော်မတီဖွဲ့ပြီးတော့ ရွေးကောက်ပွဲမှာ မတရားတဲ့ ကိစ္စတွေကို စုံစမ်းနေပါတယ်။ ကျမတို့ ပြောပြီးပြီပဲလေ၊ ဥပဒေ စိုးမိုးရေးကို ယုံကြည်တဲ့အလျောက် ရွေးကောက်ပွဲမှာ ကိုယ်တိုင် မပါခဲ့ပေမဲ့လည်း အဲဒီမှာ မတရားတဲ့ ကိစ္စတွေတော့ ကျမတို့ စုံစမ်းရမယ်။ ဒီဟာတွေကို အစီရင်ခံစာတခု ပြုပြီးတော့ ပြည်သူအများ သိအောင် တင်ပြရမယ်၊ ကမ္ဘာသိအောင် တင်ပြရမယ်လို့ ယုံကြည်ပါတယ်။”

နောက်တခုက NLD ရဲ့ အနာဂတ်ပေါ့၊ NLD ရှေ့လျှောက် ဘယ်လို ခရီးသွားမလဲ ဆိုတာပါ။

“NLD က ရှေ့လျှောက် ပြည်သူနဲ့ လက်တွဲပြီး ခရီးသွားမှာပဲ။ ဒီနေ့ပြောခဲ့သလိုပဲ၊ NLD တဖွဲ့တည်းနဲ့ ဒီမိုကရေစီရအောင် လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ မဟုတ်ပါဘူး။ အစကတည်းကလည်း NLD ဖွဲ့တယ်ဆိုတာ ပြည်သူအတွက် ဒီမိုကရေစီ ရယူဖို့ပဲ။ အဲတော့ တခြား အစုအဖွဲ့တွေနဲ့ အားလုံးလက်တွဲပြီးတော့ ပြည်သူလူထုကို အဓိက အခြေခံပြီးတော့ ဒီမိုကရေစီရအောင် လုပ်သွားမှာပါ။”

အန်တီ ဒီနေ့ပြောသွားတဲ့ အထဲမှာလည်း ပါပါတယ်၊ အမျိုးသား ရင်ကြားစေ့ရေးအတွက် ဘယ်အဖွဲ့အစည်းနဲ့မဆို လက်တွဲပြီး လုပ်ဆောင်သွားမယ်ဆိုတာ၊ လက်ရှိ ရွေးကောက်ပွဲ ၀င်ခဲ့ကြတဲ့ နိုင်ငံရေး ပါတီတွေ အပေါ်မှာရော ဘယ်လိုမြင်ပါသလဲခင်ဗျ။

“ကျမတို့ကတော့ နိုင်ငံရေး ပါတီတွေကို ဟိုပါတီ၊ ဒီပါတီလို့ ခွဲခြားပြီးတော့ မမြင်ပါဘူး။ တကယ်ပဲ ဒီမိုကရေစီကို လိုလားတယ်ဆိုရင် အဲဒီ လိုလားချက် အပေါ်မှာ အခြေခံပြီးတော့ လက်တွဲပြီးတော့ လုပ်သွားမှာပါ။”

စစ်အစိုးရက လမ်းပြမြေပုံ ၇ ဆင့်ဆိုပြီး ချပြီးလုပ်နေတာ အခုဆိုရင် အဆင့် ၆ ဖြစ်တဲ့ ရွေးကောက်ပွဲ ကျင်းပတဲ့အဆင့် ရောက်လာပြီပေါ့။ သူတို့ လုပ်ဆောင်နေတာတွေကို ဆန့်ကျင်ခြင်းအားဖြင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးက ဖော်ဆောင်နိုင်ပါ့မလား၊ ဘယ်လိုနည်းနဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ပြန်လည် ဖော်ဆောင်နိုင်ပါမလဲခင်ဗျ။

“အမျိုးသား ရင်ကြားစေ့ရေး ဖော်ဆောင်ဖို့ လိုတယ် ဆိုတာကိုက အစကတည်းက အချင်းချင်းကြားထဲမှာ သဘောမတူတဲ့ ကိစ္စတွေ ရှိလို့ပေါ့။ အားလုံး အစကတည်းက တသဘောတည်းဆိုရင် ရင်ကြားစေ့ရေးအတွက် လုပ်စရာ မလိုဘူးလေ။ အဲတော့ တဘက်က အမြင်နဲ့ တဘက်က အမြင်နဲ့ မတူလို့ကို ဒီရင်ကြားစေ့ရေးက ဖြစ်အောင် လုပ်ရမှာပေါ့။”

အန်တီ့အနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက မြန်မာပြည်အရေးကို ဘယ်လိုမျိုး ပိုပြီး ထိရောက်အောင် ကူညီပေးစေချင်ပါသလဲ။ အထူးသဖြင့်တော့ ကုလသမဂ္ဂနဲ့ အမေရိကန် စတဲ့ အနောက်နိုင်ငံတွေက။

“အဲဒါတွေကို ဆွေးနွေးချင်တယ်၊ ပတ်သက်တဲ့ ကာယကံရှင်တွေနဲ့ ဆွေးနွေးချင်တယ်။ တကယ်ဆိုရင် အခု ထွက်လာတာမှာ အန်တီ အလုပ်ချင်ဆုံး ကိစ္စက လူများတွေရဲ့ အသံတွေကို နားထောင်ချင်တယ်။ ခက်တာက အန်တီ့ချည်းပဲ အင်တာဗျူးလုပ်ပြီး မေးနေကြတာပဲ။ တယောက်တည်း ပြောနေရတာ။ အန်တီဖြစ်ချင်တာ အဲဒီလို မဟုတ်ဘူး။ အပြင်က အသံတွေကို ကြားချင်တယ်၊ ပြည်သူရဲ့ အသံကို ကြားချင်တယ်၊ ကမ္ဘာရဲ့ အသံတွေကို ကြားချင်တယ်။ တကမ္ဘာလုံးက ပြည်သူတွေနဲ့ လူငယ်တွေ၊ အထူးသဖြင့် လူငယ်တွေနဲ့ တိုင်းပြည်ထဲက လူငယ်တွေနဲ့ အဲဒီလို အစကတည်းက လုပ်ချင်တဲ့စိတ်က မနေ့ကနဲ့ ဒီနေ့ ပိုပြီးတော့ ခိုင်မာလာတယ်။

“ဘာဖြစ်လို့လဲဆိုတော့ အန်တီ့ကို လာပြီး ကြိုဆို အားပေးတဲ့ လူအုပ်တွေထဲမှာ အများစုက လူငယ်တွေ၊ တော်တော့်ကို အားတက်စရာ၊ ပျော်စရာကောင်းတယ်။ မျိုးဆက်သစ် လူငယ်တွေပေါ့၊ သွေးသစ်တွေနဲ့ အန်တီတို့ကို ပိုပြီးတော့ အင်အားသစ်တွေ ဖြစ်အောင် လုပ်ပေးနေသလိုပါပဲ။”

အဲဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေ၊ ကုလသမဂ္ဂ၊ အမေရိကန်တို့က ပြောလာတာက ရွေးကောက်ပွဲ နောက်ပိုင်းမှာ၊ အထူးသဖြင့် အမေရိကန်က ပြောလာတာက သူတို့က တက်လာတဲ့ အစိုးရနဲ့ပဲ လက်တွဲလုပ်ဆောင်ဖို့ ကြိုးစားမယ်လိုလို ပြောနေတယ်ဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အန်တီ့အနေနဲ့ အင်္ဂလိပ်လို နည်းနည်း ဖြေပေးလို့ရမလား။

“တက်လာတဲ့ အစိုးရနဲ့ ဆက်ဆံရမှာပဲ ဆိုတာ အစကတည်းကလည်း ဆက်ဆံခဲ့တာပဲ။ ဒါပေမဲ့ နိုင်ငံတိုင်း ဒီလိုပါပဲ။ အဲဒါ သိပ်ပြီးတော့ ထူးထူးခြားခြားလို့ မမြင်ပါဘူး။”

လက်ရှိ အနောက်နိုင်ငံတွေရဲ့ ရပ်တည်ချက် အပေါ်မှာ ဒီမိုကရေစီ အင်အားစုတွေက အားမလို အားမရ ဖြစ်နေတဲ့ ကိစ္စတွေပေါ့။

“ဒါကတော့ ရသလောက် ထောက်ခံမှုရအောင်၊ ကူညီမှု ရအောင်တော့ လုပ်သွားရမှာပဲ။ ထိုင်ပြီးတော့ ဒီလောက်နဲ့ တော်ပါပြီဆိုပြီး ကျေနပ်နေလို့ ဘယ်ဖြစ်မလဲ။ ဒီလောက် ထောက်ခံမှုရရင် နောက်ထပ် ပိုပြီးရအောင် လုပ်မယ်၊ နောက်ထပ် ပိုပြီးရအောင် လုပ်မယ်။ အဲဒါက လောဘအနေနဲ့ မဟုတ်ပါဘူး။ ဒီမိုကရေစီ ရရှိရေး အတွက်ပါ။ ရတဲ့အထိ ရနိုင်သမျှ ကူညီမှု၊ ထောက်ခံမှု၊ ယုံကြည်မှုတွေအတွက် ကြိုးစားပြီး လုပ်သွားရမှာပဲ။”

အန်တီ့ လုံခြုံရေးအတွက်ရော စိုးရိမ်မိပါသလား။ အထူးသဖြင့် ဒီပဲယင်းကိစ္စလိုမျိုးတွေ ပြန်မဖြစ်ဘူးဆိုတာ ဘယ်သူမှ အာမ မခံနိုင်တော့။ ဆိုတော့ အန်တီ သွားတဲ့ လာတဲ့ နေရာတွေမှာ အန်တီ့ လုံခြုံရေး၊ ပြန်အဖမ်းခံရဖို့ ကိစ္စတွေ ဘာတွေရော အန်တီ စိုးရိမ်မိပါသလား။

“အမှန်ပြောရင် အဲဒါတွေ ခေါင်းထဲမှာ သိပ်မရှိဘူး။ လုံခြုံရေးကိစ္စကို မနေ့က ထွက်ထွက်လာချင်းပဲ အန်တီတို့ လူကြီးတွေ၊ တခြား စိုးရိမ်တဲ့ မိတ်ဆွေတွေက မေးပါတယ်။ ဒါပေမဲ့ အန်တီ့အမြင်ကတော့ ဒီနိုင်ငံထဲမှာရှိတဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေ အားလုံးရဲ့ လုံခြုံရေးဟာ နိုင်ငံကို အုပ်ချုပ်နေတဲ့ အဖွဲ့အစည်းတွေရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ အဲဒီလိုပဲ အန်တီ့စိတ်ထဲမှာ ထားတယ်။ လုံခြုံရေးအတွက် စိုးရိမ်တယ် ဆိုတာလည်း လုံးဝ မရှိဘူး။

“နောက်ပြီးတော့လည်း ပြန်ဖမ်းမလား၊ မဖမ်းဘူးလား၊ အဲဒါလည်း မေးကြပါတယ်။ အဲတော့ ပြန်မဖမ်းဘူးလည်း မပြောနိုင်ဘူးလေ။ ခဏခဏ အဖမ်းခံနေရတော့ ပြန်မဖမ်းပါဘူးလို့လည်း ဘယ်လိုမှ အာမ မခံနိုင်ဘူး။ ဒါပေမဲ့ အဲဒါလည်း စိတ်ထဲ မရှိပါဘူး။ ကိုယ်လွတ်နေတုန်း လုပ်နိုင်သမျှ လုပ်မှာပဲ။ ပြန်ဖမ်းရင်လည်း အဖမ်းခံနေရတဲ့ အချိန်မှာ လုပ်နိုင်သမျှ လုပ်မှာပဲ။”

ဟုတ်ကဲ့၊ အန်တီ ကျေးဇူးအများကြီးတင်ပါတယ်။

“ရပါတယ်၊ ကြားရတာလည်း ၀မ်းသာပါတယ်။”

(voa)

Sunday, November 14, 2010

0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းအပြည့်အစုံ



အသံကြည့်လင်ပြတ်သားစွာနဲ့ အမေစုရဲ့ မိန့်ခွန်းစကားများကို နားထောင်လို့ရပါပြီ။ facebookပေါ်က ညီမလေးတစ်ယောက်ရဲ့ အကူညီနဲ့ ဒီဖိုင်ကို ရခဲ့တာပါ။

နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်ရှေ့မှာ ၇ နှစ်တာကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် ပြည်သူလူထုကို ဒီကနေ့ နေ့လည် မိန့်ခွန်း ပြောကြားရာမှာ ပရိသတ် ၁ သိန်းကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Credit to MHSCT@facebook

ဒေါင်းလုပ်လုပ်လိုသူများ http://www.mirrorcreator.com/files/1UDF5HNA/speech-14Nov2010.MP3_links မှာ ဒေါင်းလုပ်လုပ်နိုင်ပါပြီ။

0 ဒါပဲဗျ.... ခေါင်းဆောင်ကောင်းဆိုတာ...

အမေစု------ မြန်မာ ပြည်သူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် သည်းငြီးခံတတ်ကြတယ်... ဟုတ်တယ်မလား...

ပြည်သူများ---- ဟုတ်ပါတယ်.....

အမေစု---- တကယ်ရော ဟုတ်ရဲ့လာ....

ပြည်သူများ---- ဟုတ်ပါတယ်....

အမေစု---- ဒါဆိုစမ်းကြည့်ရမလား....

ပြည်သူများ---- စမ်းကြည့်ပါ....

အမေစု--- ဒါဆိုရင် စမ်းမယ်နော်.... ဒီရှေ့က(စင်ရှေ့က)လူတွေက ကျမအသံကို ထိုင်ပြီးတော်တော်လဲ နားထောင်ပြီးသွားပါပြီ.. ဟိုးဘက်(ရွှေဂုံတိုင်ဘက်ခြမ်း)ကလူတွေရယ် နောက်က လူတွေရယ်က မတ်တပ်ရပ်နေရတာ တော်တော်ကြာပါပြီ သည်းငြီးခံနိုင်တယ် ဆိုရင် ဒီရှေ့က လူတွေက အဲဒီလူတွေနဲ့ နေရာလဲပေးလိုက်ပါလား.....

အရမ်းအံ့သြဖို့ ကောင်းတယ်ဗျာ....အမေစု အဲလိုဘဲ ပြောလိုက်ရော...ချက်ခြင်းဘဲ ရှေ့ကလူတွေက ထပြီး နောက်ကလူတွေနဲ့ နေရာလဲပေးကြတာဗျာ.... အရမ်းအံ့သြဖို့ ကောင်းတယ်ဗျာ...

ထောင်သောင်းချီနေတဲ့ လူအုပ်ကြီးဟာ ချက်ချင်း နေရာလဲပေးကြတာဗျာ...

အံ့သြဖို့ ကောင်းလိုက်တာ....

ဒါဘဲဗျ.... ခေါင်းဆောင်ကောင်းဆိုတာ...လူတွေရဲ့ ရင်ထဲမှာ ခေါင်းဆောင်လို့ သတ်မှတ်ထားရင် သေနတ်ပြပြီးအုပ်ချုပ်နေစရာမလိုဘူး.... ထောင်နဲ့ခြောက်ပြီးလဲအုပ်ချုပ်နေစရာမလိုဘူး...

စကားလေး တစ်ခွန်းပြောပြီး ညင်ညင်သာသာခိုင်းရုံနဲ့ လူတွေက လိုက်လုပ်ပြီးသားဘဲဗျ...

လေးစားဖို့ကောင်းလိုက်တာဗျာ.... 

ဟောပြောပွဲသို့ကိုယ်တိုင်သွားရောက်နားထောင်လာသောသောကြာကောင်ကောင်၏ message အားပြန်လည်တင်ပြခြင်းဖြစ်ပါသည်။

0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဦးဆုံးသတင်းစာရှင်းလင်းပွဲနှင့် အဖွဲ့ချုပ်ရှေ့မြင်ကွင်းဓာတ်ပုံများ




photo။ ။ ap/ gettyimages/reuters
အသံဖိုင်ပေးပို့လာသော ဦးစိန်အား အထူးကျေးဇူးတင်ရှိပါသည်။

0 ယနေ့တွေ့မြင်ရသောဒေါ်အောင်ဆန်းစုကြည် (ရုပ်/သံ)သတင်း

0 ယနေ့ပြောကြားသော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကောက်နူတ်ချက်





“ သတ္တိဆိုတာ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ကိုယ်လိုချင်တဲ့ ကိစ္စကို မှန်မှန်ကန်ကန်နဲ့ လုပ်တာဟာ သတ္တိပဲ။ လုပ်ရဲရမယ် ”

“ ကျမတို့ပြောနေတာလဲ နိုင်ငံရေးဘဲ။ အားလုံးနိုင်ငံရေးဘဲ။ ကျမတို့ပြည်သူတွေ နိုင်ငံရေးကို နားလည်အောင်လုပ်ပါ။ အရှေ့က လုပ်နေတဲ့သူကို အနောက်က လူက ထိန်းနိုင်ရမယ်။ ဒါဟာ ဒီမိုကရေစီဘဲ။ ကျမတို့ ပြည်သူတွေ ထိန်းသိမ်းတာကို ခံပါမယ်။ တခြားသူ ထိန်းသိမ်းတာကို မခံနိုင်ဘူး။ ကျမ ထိန်းသိမ်းခံရတဲ့ချိန်မှာ လုံခြုံရေးသမားတွေ အများကြီး တွေ့ရပါတယ်။ ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်ပါတယ်။ ကျမအပေါ် ကောင်းကောင်းဆက်ဆံတဲ့ သူတွေကိုပါ။ ကျေးဇူးကို သိတတ်တဲ့သူက နည်းတယ်။ ကျေးဇူးသိတတ်တဲ့သူ ရှားတယ် ဆိုတာကို ကျမကတော့ လက်မခံချင်ဘူး။ ကျေးဇူးသိတယ်ဆိုတာ ဘာလဲ။ တယောက်နဲ့တယောက် သည်းခံရမယ်။ အရှေ့က လူက နောက်ကလူကို သိတတ်ရမယ်။ နောက်ကလည်း ရှေ့ကလူကို သိတတ်ရမယ်။ ဒါဟာ ကျမရဲ့ အခင်းအကျင်းဘဲ။”

“ ပြည်သူကြားမှာ အားလုံးကြားမှာ အမျိုးသား ရင်ကြားစေ့ရေးကို ဆက်လုပ်သွားမယ်။ ဘယ်သူဘဲဖြစ်ဖြစ် အဆင်ပြေအောင် လုပ်ချင်ရင် ရတယ်။ စကားပြောချင်လည်း ရတယ်။ ကျမတို့ဘက်က ပြည်သူ့အင်အားတွေ လိုပါတယ်။ အခု ပြည်သူတွေ ကျမတို့ဘက်မှာရှိတယ်ဆိုတာ သိရတယ်။ ပြည်သူရဲ့ယုံကြည်မှု၊ ပြည်သူရဲ့ ထောက်ခံမှုကို ရယူသွားမယ်။ အခု ဘာလုပ်နိုင်တယ် ဆိုတာကို မပြောနိုင်တာ ခွင့်လွှတ်ပါ။ အပြင်ထွက်ထွက်လာခြင်း ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုတာကို ပြောတာက နားမလည်ဘဲ ပြောတယ် ဖြစ်မှာစိုးလို့ပါ။ ကျမတို့အားလုံး အနာခံရပါတယ်။ လုပ်ဖော်ကိုင်ဘက်တွေလည်း အနာခံခဲ့ရပါတယ်။ အနာခံရမယ်ဆိုရင် သည်းခံပြီး အနာခံကြပါလို့ ကျမပြောချင်တယ်။ လိုတော့လိုချင်တယ် အနာတော့ မခံချင်ဘူးဆိုတာတော့ မဖြစ်ဘူး။ အမှားအမှန်ကို ကိုးစားပြီး သိရမယ်။ အမှန်ဘက်က ရပ်တည်ရမယ်။ အမှားအမှန်က တစ်ချိန်လုံး အတည်ယူလို့မရဘူး။ အချိန်အတိုင်း ပြောင်းလဲမှု ရှိတယ်။ မှန်မှန်ကန်ကန်နဲ့ဖြစ်လာတဲ့ အင်အားကို ဘယ်သူကမှ ဖြိုလို့မရဘူး။”

“ ကျမကို ထိန်းသိမ်းခဲ့တဲ့လူတွေအပေါ်မှာလည်း ဘာအာဃာတမှာ မရှိဘူး ”

“ကျမတို့ မြန်မာတွေဟာ ကောက်ရိုးမီးလိုပဲလို့ ပြောတာကို ကျမတော့ မကြိုက်ဘူး’’

“ကျမတို့ ပြည်သူတွေက လက်ဖြန့်ပြီး တောင်းချင်စိတ် မရှိဘူးလို့ ကျမ ယုံတယ်’’

“ကျမကို ထိန်းသိမ်းတဲ့လူတွေကို မမုန်းဘူး။ ပုဂ္ဂိုလ်ရေးအရ ဘယ်သူကိုမုန်းတီးတာ မရှိဘူး။”

“ကျမ တရားဥပဒေစိုးမိုးရေးကို ယုံကြည်တယ်။ တောင်းပန်တာကို ကျမက တန်ဖိုးထားတယ်။ ကျေးဇူးတင်ထိုက်တာကို ကျမ ကျေးဇူးတင်တယ်။”

“လူ့အခွင့်အရေးကြေညာစာတမ်းမှာ လူတိုင်းလူတိုင်းအတွက်နဲ့ စထားတယ်။ ဒါကို လေးစားရမယ်။ လူတိုင်းလူတိုင်း တာဝန်ကျေပွန်ရမယ်။ တာဝန်သိရမယ်။ ဒါမှ ကျမတို့ နိုင်ငံတိုးတက်မယ်။ ကျမတို့နိုင်ငံတိုးတက်တယ်၊ မတိုးတက်တာ ပြည်သူသိတယ်။ မတိုးတက်တာ ဘယ်သူ့ကြောင့်လို့ ပြောနေလို့ အပိုဘဲ။ ကျမတို့ကို လုပ်ပိုင်ခွင့်ပေးပါလို့ဘဲ ပြောမယ်။ ကျမတို့ပြည်သူက လက်ဖြန့်ပြီးတောင်းမှာ မဟုတ်ဘူးလို့ ကျမ သိတယ်။ ကိုယ့်လုပ်ပိုင်ခွင့်ကို တောင်းဆိုတာဖြစ်တယ်။”

“ကျမ အမျိုးသားရင်ကြားစေ့ရေးကို ကျမ အမြဲ ယုံကြည်ပါတယ်။ ကျမတို့ဟာ ပြည်သူရဲ့ အင်အားကို အားကိုးပြီးတော့ အလုပ်လုပ်နေတာလို့ အကြိမ်ကြိမ်အခါခါ ပြောခဲ့ပြီးပါပြီ။ ပြည်သူရဲ့ အင်အားကို စနစ်တကျသုံးမှပဲ ထိရောက်မှာပါ။ ပြည်သူတွေကို ထပ်ပြီး မှာပါရစေ။ ကိုယ်လိုချင်တာကို မျှော်လင့်နေရုံနဲ့ မအောင်မြင်ပါဘူး။ ကိုယ်လိုချင်တာကို ရအောင် လုပ်ကြမှ လုပ်ရဲမှ လုပ်နိုင်မှ ရမယ်။ အကောင်းဆုံး နည်းလမ်းကို ရှာရမယ်’’

“ကျမရဲ့ လုံခြုံရေးကို တာဝန်ယူတဲ့ သူတွေက ကျမကို ကောင်းကောင်းမွန်မွန် ဆက်ဆံကြတယ်။ အဲဒီအတွက် ကျေးဖူးတင်တယ်။ ကျမကို ကောင်းကောင်းမွန်မွန် ဆက်ဆံသလိုပဲ ပြည်သူအားလုံးအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံရင် ဘယ်လောက် ကောင်းလိုက်မလဲလို့ ကျမ တွေးမိပါတယ်။ ဒါပေမဲ့ ကျမကို အကျယ်ချုပ် ချသလိုတော့ ပြည်သူကို မချစေချင်ဘူး။ ပြည်သူကို အကျယ်ချုပ် မချပါနဲ့။ ကောင်းကောင်းမွန်မွန် ဆက်ဆံစေချင်ပါတယ်’’

“မကောင်းတာကို မပြောစေချင်ရင် မလုပ်ပါနဲ့။ ကောင်းတာတွေကို ကျမတို့က တန်ဖိုးထားပါတယ်၊ ကျေးဇူးလည်း တင်ပါတယ်။ ကောင်းတာတွေချည်း လုပ်နေရင် တသက်လုံး ကျမ ကျေးဇူးတင်လို့ ဆုံးမှာ မဟုတ်တော့ပါဘူး’’

“ပြည်သူတွေဟာ လုပ်စရာရှိတာ လုပ်ရမယ်၊ လူတိုင်း ကိုယ့်တာဝန် ကိုယ်ကျေရမယ်’’

ကျမ လုပ်ဖော်ကိုင်ဘက်တွေ၊ ထောင်ထဲက ဒီမိုကရေစီ လုပ်ဖော်ကိုင်ဘက်တွေကို ဂုဏ်ပြုချင်တယ်။ မြန်မြန်လွတ်လာပါစေလို့။

“ လူတွေရဲ့စိတ်ထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာ မသိသေးဘူး။ နားထောင်ရဦးမယ်။ လူထုအသံကို နားထောင်ချင်တယ်။ တယောက်တည်း ထပြီးပြောနေတာ အဆင်မပြေဘူး။ တယောက်တည်းက ပြောနေတာကို ကျန်တဲ့လူတွေက နားထောင်နေရတာက ဒီမိုကရေစီ မကျဘူး။"

ပြည်သူ့လုပ်အားတဲ့ .. တွဲပြီးအလုပ်လုပ်ချင်တယ်။ ကျမတယောက်ထဲ အလုပ်လုပ်မလုပ်ချင်ဘူး။ တယောက်ထဲ လုပ်တာ ဒီမိုကရေစီ မဟုတ်ဘူး။ ကြင်နာမှုရှိတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေရှိနေတယ်။

မိန့်ခွန်း ကောက်နုတ်ချက် .....


0 ဗေဒါပျံအံကိုခဲ..ပန်းပန်လျက်ပဲ

g r a p h i c d e s i g n : k o m y o e
ဆရာဇော်ဂျီရဲ့ကဗျာလေးမျှဝေလိုက်ပါတယ်။ ။


ညိုပြာပြာ လတာပြင်ခြေရင်း၊
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။

ဆင်းရလည်း မသက်သာ၊
အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ၊
အဆင်းနဲ့ အလာ၊ ဗေဒါမအထွေး၊
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။

ဆောင့်ခဲ့လည်း မသက်သာ၊
နောက်တစ်ချီ ဒီတစ်လုံးက၊ ဖုံးလိုက်ပြန်ပါ၊
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါ အလှ၊
တစ်လံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။

ပေါ်ပြန်လည်း မသက်သာ။
ချောင်းအဆွယ် မြောင်းငယ်ထဲက
ဘဲထွက်လို့လာ။
ဘဲအုပ်မှာ တစ်ရာ နှစ်ရာ
ဗေဒါက တစ်ပင်ထဲ(တည်း)။
အယက်အကန်ခံလို့
ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ။

တက္ကသိုလ် အိုးဝေမဂ္ဂဇင်း ၁၉၆၀

Still Wearing the flower

At the foot of the mudflats,bluish brown
Riding the waves and tossed around,
Beda floats,moving up and down.

Floating sown the water's,not at easy,
With a surfing coconut frond happened to meet,
The floater and the drifter along with the tide,
Smites her square in the side.

After being smitten wasn't left alone in pain,
But a tidal wave drowned her again,
Sinking down under,doesn't re-appear
Till a wave surges up a couple of yards afar'
Together with it,surfaces the beauteous Ma Beda.

Surfacing again brings no relief,
Ducks and drake emerge out of a small inlet of the creek,
they number a hundred or two,
But Beda's all alone and solitary to be true;
Jostled and kicked with hundreds of feet,
While Beda just clenched her teeth,
The unsubdued and unyielding Beda's fair,
Still krrps on wearing the flower in her hair.

University O-way Magazine,(1960)

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.