Saturday, August 7, 2010

0 ၁၉၈၈ခုနှစ်၊ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးအတွင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့  မိန့် ခွန်းပြောမှု ဖြစ်ပါတယ်။






ပေးပို့သောကိုနစ်နေမန်းအားကျေးဇူးတင်ရှိပါသည်..

0 စစ်သားတစ်ယောက်ရဲ့ ရှစ်လေးလုံး ဝေဒနာ

မင်းသစ္စာ (ပြည်ပရောက် တပ်မတော်လေ စစ်သည်တော် တစ်ဦး)

ကျွန်တော်ဟာ ၁၉၈၈ ခုနှစ် စက်တင်ဘာ (၁၁) ရက်နေ့တွင် အမှတ်(၅၀၁) လေတပ်စခန်း ဌာနချုပ်မှ ရဲဘော်ရဲဘက် သူငယ်ချင်း (၁၄) ဦးနှင့်အတူ နံနက်လင်းအားကြီး နှစ်နာရီခွဲတွင် ထွက်လာပြီး မှော်ဘီမြို့သို့ ချီတက်သွားခဲ့ပါတယ်။ မှော်ဘီကျောင်းသားများရဲ့  သပိတ်စခန်းက ကြိုဆိုပြီး ထိုနေ့ စက်တင်ဘာ (၁၁) ရက်နေ့တွင်ပင် ကျွန်တော်တို့ကို ကြည်းတပ်မှ အငြိမ်းစားယူထားတဲ့ ဗိုလ်မှူး ကျော်ဒွန်း အပါအ၀င် မှော်ဘီ ကျောင်းသားများနဲ့ လူငယ်များက ရန်ကုန်ရှိ သရက်တော ကျောင်းတိုက်ကို ကားနဲ့ပို့ဆောင်ပေးခဲ့ပါတယ်။ မှော်ဘီကနေ မင်္ဂလာဒုံကို ကျော်တဲ့အထိ ကားလမ်း တလျှောက် မှာတော့ ကျနော်တို့တတွေ စစ်ယူနီဖေါင်းတွေ ဖွက်လာခဲ့ရပြီး ကျောင်းသားလူငယ်တွေလို အ၀တ်အစားတွေဝတ်ကာ လာခဲ့ရပါတယ်။

ထိုအချိန်မှာတော့ သရက်တောကျောင်းတိုက်မှာ ပြည်သူ့ရင်ခွင်ကို ကူးပြောင်း လာခဲ့တဲ့ ပြုပြင် ထိမ်းသိမ်းရေးး လေတပ်စခန်း မင်္ဂလာဒုံက တပ်မတော်(လေ) စစ်သည်များနဲ့ တပ်မတော်(ကြည်း) မှ ရန်ကုန်ကို တာဝန်နဲ့ ရောက်လာတဲ့ နယ်တပ်တွေက ရဲဘော်များဟာ အရင်ရောက်ရှိ စခန်းချ နေကြပါပြီ။ ပြုပြင်ထိန်းသိမ်းရေး လေတပ်စခန်း ဌာနချုပ်မှ အကြပ်/စစ်သည်များ အလုံးအရင်းနဲ့ တပ်ကနေ ထွက်ခွာ လာတဲ့အတွက် လူထုက တခဲနက် ပန်းကုံးစွပ် ကြိုဆိုကြသလို စားကောင်း သောက်ဖွယ်ရာ များနှင့်လည်း ကျွေးမွေးပြုစုကြရာ ပြည်သူ့ရင်ခွင်မှာ ငြိမ်းချမ်းစွာ ခိုလှုံမိကြ ပါတော့တယ်။ စက်တင်ဘာ (၁၂) ရက်နေ့တွင်လည်း ကျွန်တော်တို့ လေတပ်စခန်းဌာနချုပ်မှ အကြပ်/စစ်သည် (၂၀) ကျော် သရက်တော ကျောင်း တိုက်ကို ထပ်မံရောက်ရှိလာကြပါတယ်။

အလားတူ သြဂုတ်လ (၉) ရက် နေ့မှာကတည်းက အမှတ် (၅၀၂) လေတပ်စခန်း မင်္ဂလာဒုံမှာ တပ်တွင်းပုန်ကုန်မှုလို့တောင် ပြောလို့ရတဲ့အာဏာဖီဆန်မှု တစ်ခုဖြစ်ပွားခဲ့ပြီးတော့ ရန်ကုန် တက္ကသိုလ် ပင်မကျောင်းသားသမဂ္ဂနှင့် သွားရောက် ပူးပေါင်းခဲ့ကြ ပြီးဖြစ်ပါတယ်။ စက်တင်ဘာ (၁၇) ရက်နေ့တွင် ကုန်သွယ်ရေး ၀န်ကြီးရုံးမှာ လုံခြုံရေး တာဝန်ယူထားသော ခမရ (၆) မှ တပ်ခွဲရုံးတစ်စုနှင့် လူထုတို့ ပဋိပက္ခ ဖြစ်ပွားနေကြောင်း သံဃာတော်တစ်ပါးက လာရောက် ပြော ကြားခဲ့ပါတယ်။ စစ်သားတချို့က လက်နက်မချဘဲ ရုံးထဲမှာ ပုံးအောင်း နေကြကြောင်း သိရပါတယ်။ တခုခု လုပ်သင့်တယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ (၅၀၁) လေတပ်စခန်း ဌာနချုပ်မှ အကြပ်/စစ်သည် (၁၅) ယောက် ချက်ချင်း ထလိုက်သွားကြပြီး ကုန်သွယ်ရေးရုံးဝင်း တံခါးဝသို့ ရောက်ရှိသွားခဲ့ပါတယ်။

အဲဒီ အချိန်မှာ မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့ချုပ်က ဗိုလ်ကြီးဝင်းသိန်း ရောက်လာပြီး ရုံးတွင်း သို့ဝင်လိုကြောင်းပြောတဲ့အတွက် သူ့အား ကုန်သွယ်ရေး ရုံးဝင်းအတွင်းသို့ သွင်းလိုက်ကာ သူဟာ ရဟန်းပျို၊ ဘုန်းတော်ကြီး၊ ကျောင်းသားများနှင့်အတူ ညှိနှိုင်းဆောင်ရွက်မှု ပြုလုပ်နေ ကြပါတယ်။ ကျွန်တော်တို့ ကတော့ ကုန်သွယ်ရေး ၀န်ကြီးရုံးရဲ့ ဆင်ဝင်ကြီးတံခါးရှေ့မှာ တာဝန် ကျပြီး ကျွန်တော်တို့ ရဲဘော်များ နှင့်အတူ တန်းစီနေရာယူကာ လူထုအား ချော့မော့ ထိမ်းသိမ်း နေရပါတယ်၊ တောင်းပန် နေရပါတယ်။

လူထုဟာ အတော် ဒေါသဖြစ်နေလို့ ထိန်းမနိုင် သိမ်းမနိုင် ဖြစ်နေပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါတဲ့ ကားများ အပါအ၀င် ကားပေါင်းစုံ ရောက် လာလို့ အခြေအနေမှာလည်း ရှုပ်ရှက်ခပ် နေပါတယ်။ လူထုအင်အား ကြီးမားလာပြီး ကား တစ်စီးကို ဆွဲမှောက်လိုက်တဲ့အထိ ဒေါသအရှိန် မြင့်တက်လာ နေပြီဖြစ်ပါတယ်။ အဲဒီ အချိန်မှာ အင်အားဖြည့်အနေနဲ့ ပြုပြင်ထိန်းသိမ်းရေး လေတပ်စခန်းမှ တပ်ခွဲတစ်ခွဲစာ ရှိသော အကြပ်/ စစ်သည်များနှင့် ရေတပ်မှ (၁၀) ယောက်ခန့် ယူနီဖောင်းဝတ်ပြီး ကျွန်တော်တို့နဲ့ ထပ်မံ ပူးပေါင်း ကာ လူထုနှင့် ခမရ (၆) တပ်အကြား ဖြန်ဖြေမှုပေးရင်း အခြေအနေကို ထိန်းသိမ်း နေရပါတယ်။ လူထုဟာ ဒေါသအရှိန်ကို မထိန်းနိုင်လို့ အောက်ထပ်က ကွဲနေသော မှန်တွေဆီမှ တစ်ဆင့် ပြူတင်းပေါက်ကို ကျော်ဝင်ဖို့ ကြိုးစားလာပါတယ်။

ကျွန်တော်တို့က တန်းစီပြီး ရှေ့ တည့်တည့်က ပိတ်ထားကာ ပါးစပ်ကလည်း တတွတ်တွတ် တောင်းပန်နေလို့ လူထုက ကျွန်တော်တို့အား အားနာပုံရကာ အရှိန်လျော့ သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ ကုန်သွယ်ရေးရုံး အပေါ်ထပ်မှ ရဟန်းပျိုနှင့် ကျောင်းသားတွေ ဆင်းလာပြီး သူတို့ထဲမှာ စစ်သည်တွေလည်း ရောနှော ပုံဖျက်ကာ ဆင်းလာကြပါတယ်။ ကျွန်တော်တို့ အတွင်းသိတွေ အနေနဲ့ တွဲဆင်းလာတဲ့ ကျောင်းသားရယ်၊ ဘုရားသားရယ်၊ စစ်သားရယ်ကို ကြည့်ရင်း ရင်ထဲမှာ ဖေါ်မပြနိုင်တဲ့ ဝေဒနာ တစ်ရပ်ကို ခံစားခဲ့ကြရပါတယ်။ တကယ်တော့ ဘုရားသားနဲ့ ကျောင်းသားတွေဟာ လူကိုတိုက်နေတာ မဟုတ်ဘဲ စစ်သားတွေကို မုန်းလို့ မဟုတ်တာရယ် “မူ” ကိုသာ တိုက်နေတဲ့ တိုင်းပြည်အတွက် တကယ်ချစ်လို့ ဆိုတာတွေရယ်ကို ဒီဖြစ်စဉ်မှာ လက်တွေ့ သိရှိခဲ့ရပါတယ်။ ဒီနောက် ရိက္ခာတွေထဲမှာ လက်နက် ခဲယမ်းတွေကို ဖွက်လာခဲ့ပြီး ကားတွေပေါ် စုတင်ကာ တချို့ကားတွေ ဘယ်ဘက်လမ်း အတိုင်းသွားသလို တချို့ကားတွေကျတော့ ညာဘက် လမ်းအတိုင်း လမ်းကြောင်း သင့်သလို အသီးသီး ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ ဒီနေရာမှာ လူထုသိချင်တဲ့ အဖြေကို ကျွန်တော် မပေးလိုက်ရလို့ မြိုသိပ်ထားခဲ့ရတဲ့ ဝေဒနာကို ရင်ဖွင့်ချင်ပါတယ်။

အဲဒီ အဖြေကတော့ ခမရ (၆) က တပ်ခွဲမှူး ဗိုလ်ကြီး ခင်မောင်ချို လက်နက်ချ/မချ ဆိုတာ ဖြစ်ပြီး လူထုက သံသယစိတ်နှင့် ကျန်နေရစ်ခဲ့ကြရတာကို ကျွန်တော်တို့ ရိပ်မိနေပါတယ်။ ကျွန်တော်တို့ကလည်း လူထုအား နောက်ဆုံးရလဒ် အခြေအနေ ကို သိခွင့် မပေးလိုက်ရတဲ့အတွက် လူထုကို လိမ်ညာခဲ့ရသလို ခံစားနေ ရပါတယ်။ အမှန်တကယ်တော့ ကျွန်တော်တို့ (၅၀၁) လေတပ်စခန်းဌာနချုပ်က ရဲဘော်တွေဟာ ကြည်းတပ် ကို တိုက်ဖို့ လက်သီးလက်မောင်းတန်းပြီး ကုန်သွယ်ရေးရုံးကို ပြည်သူ့ဘက် ရပ်တည်ဖို့ ချီတက် လာကြခြင်း ဖြစ်ပါတယ်။ ဟိုရောက်တော့ အပေါ်ထပ်ကို ၀င်ခွင့်မရဘဲ သံဃာတွေနဲ့ ကျနော်တို့ စီနီယာတွေရဲ့ တာဝန်ချထားမှုကြောင့် ဖျန်ဖြေရေးကိစ္စကိုသာ ဘုမသိဘမသိနဲ့ လုပ်နေကြရပါ တယ်။ ကုန်သွယ်ရေးရုံးမှ ဗိုလ်ကြီးခင်မောင်ချို တို့အဖွဲ့ ထွက်သွားတော့လည်း ဘာမှန်းမသိ ဖြစ်နေချိန်မှာ ကျွန်တော်တို့ဟာ ညာလှည့် တန်းဖြုတ်ပြီး ကမ်းနားလမ်းမှ သရက်တော ကျောင်းတိုက်ကို ပြန်လာခဲ့ရပါတယ်။

ကျွန်တော်ရဲ့ ရင်ထဲမှာ ဟာတာတာကြီး ဖြစ်နေပြီး ဆုံးရှုံးမှုကြီး တစ်ခု မကြာခင် ဖြစ်တော့မှာကို စိုးရိမ် မိခဲ့ပါတယ်။ အချိန်ကြာလာတဲ့ အခါကျမှ ကျွန်တော် စဉ်းစားမိတာမှာ ကျွန်တော်တို့အနေနဲ့ ရုတ်ချည်း သတင်း အခြေအမြစ် မသိလိုက်ရလို့ လူထုကို ကာကွယ်ပေးချင်တဲ့စိတ်ဇောနဲ့ ကြည်းတပ်ကို တိုက်မယ်လို့ လက်သီး လက်မောင်းတန်း ချီတက် လာပါတယ်။ ဒါပေမဲ့ ဟိုရောက်တော့ အခြေအနေနဲ့ အချိန်အခါအရ ပြောင်းလဲသွားလို့ ကြည်းတပ်ကို စည်းရုံးနိုင်ခွင့်နဲ့ ထိတွေ့ပြောဆိုနိုင်ခွင့် အခွင့်အလမ်း ကျွန်တော်တို့မှာ ရှိခဲ့ရင် သိပ်ကောင်းမှာဘဲလို့ တွေးတော ခဲ့ပါတယ်။ အနည်းဆုံး အဲဒီလို လုပ်ခွင့်မရရင်တောင် ပြည်သူလူထုအား အတိုင်းအတာ တစ်ခုထိ ဗိုလ်ကြီးခင်မောင်ချို လက်နက်ချသွားပြီ ဆိုတဲ့ သတင်းကို ရှင်းပြ နိုင်ခွင့် ရှိခဲ့ရင် ဖြေသာနိုင်မှာ ဖြစ်ပါတယ်။

တကယ်လို့သာ ဗိုလ်ကြီးခင်မောင်ချိုတို့ တပ်စုဟာ ပြည်သူတွေကို ၀န်ချတောင်းပန်ခဲ့လို့ အခုလို ခိုးကြောင်ခိုးဝှက်နဲ့ကျောင်းသားလို ပေးဝတ်ရ ဘုန်းကြီး ယောင်ဆောင် ရပြီး ခိုးထုတ်ရတာမျိုး မဟုတ်ခဲ့ဘဲ အဲဒီ ကုန်သွယ်ရေးရုံးရဲ့ရှေ့မှာ ပြည်သူတွေရဲ့ ကြည်ကြည်ဖြူဖြူနဲ့ ခွင့်လွှတ်မှုကိုသာ ရခဲ့မယ်ဆိုရင် ဘယ်လောက်များ ကောင်းလိုက်မလဲလို့ စိတ်ကူးယဉ်မိပါတယ်။ ဒီထက်ပိုပြီး လုပ်နိုင်တာက လက်နက်ချသွားတဲ့ ကြည်းတပ်ရဲ့ပစ်ခတ်နိုင်မှု (Fire Power) စွမ်းအားကို အသုံးပြုနိုင်ဖို့ ကျွန်တော်တို့ ကြည်းတပ်နှင့်လေတပ် ပူးပေါင်းလိုက်မယ်ဆိုရင် စစ်အာဏာရှင်တွေ တုန်လှုပ်ချောက်ခြားသွားရုံမက ဒီမိုကရေစီ ပန်းတိုင်သို့ လမ်းပွင့်သွား နိုင်မယ်လို့ ယုံကြည်မိပါတယ်။ ဒီသင်ခန်းစာကို ကျွန်တော့် တစ်သက် မမေ့နိုင်တော့သလို စစ်အာဏာရှင်တွေ ပြုတ်ကျဖို့ ဘုရားသား ကျောင်းသားသာမက စစ်သားလည်းပူးပေါင်း ပါဝင်ဖို့ လိုသလို အခုဆိုရင် တိုင်းရင်းသားတွေကလည်း ပူးပေါင်းပါဝင်မှသာ ကျွန်တော်တို့ လိုလားတဲ့ ပန်းတိုင်ကို လှမ်းကိုင်နိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရ ပါတယ် ခင်ဗျား။

Ref: ဖိုးတရုတ်

0 ၈၈အသံ

Voice of 88-No-1_PC

0 သံဃာ့တပ်ပေါင်းစု၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့၏ ပူးတွဲကြေညာချက်

Joint Statement No-8-2010 of ABMA+88+ABFSU_Bur
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ”အကြမ်းဖက်” ဟု ခေါ်ဝေါ်လိုက်ပြီး ဒီမိုကရေစီ လိုလားသူတိုင်း ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ပြည်တွင်းရှိ သံဃာ့အဖွဲ့ကြီးနှင့် ကျောင်းသားအဖွဲ့များက တိုက်တွန်း

Friday, August 6, 2010

0 UDP ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်း ရွေးကောက်ပွဲ မ၀င်ဖို့ ဆုံးဖြတ်








ဒီနှစ်ထဲမှာ မြန်မာစစ်အစိုးရက ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲအတွက် လွတ်လပ်စွာ စည်းရုံးခွင့် မရတာတွေ၊ ပြည်သူတရပ်လုံးကို ကိုယ်စားမပြုတာတွေ အပါအ၀င် ကန့်သတ်ချုပ်ချယ်မှုတွေကြောင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးဆိုပြီး ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်း ပါတီက နှုတ်ထွက်သွားပါတယ်။ ကျန်ပါတီဝင်တွေကတော့ ရွေးကောက်ပွဲဝင်ဖို့ ရှေ့ဆက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အပြည့်အစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရက ဒီနှစ်ထဲ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင်ဘူးလို့ ဝေဖန်မှုတွေ ရှိနေတဲ့ အချိန်မှာပဲ အစောပိုင်းတုန်းက ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားတဲ့ နိုင်ငံရေးပါတီ တခုရဲ့ ခေါင်းဆောင်တယောက်က ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိလာမှာ မဟုတ်တဲ့အတွက် ပါတီကနေ နှုတ်ထွက်လိုက်တာ ဖြစ်ပါတယ်။ ပြည်ထောင်စု ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းက နှုတ်ထွက်ရတာနဲ့ ပတ်သက်ပြီး အခုလို ရှင်းပြပါတယ်။

“ရွေးကောက်ပွဲ အပေါ်မှာ သုံးသပ်တာပေါ့ဗျာ၊ ရွေးကောက်ပွဲကို သုံးသပ်ပြီး ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်တော့တဲ့အတွက် ပါတီ ဆက်လက်ရှင်သန်ရေး လုပ်မလား၊ ပါတီ ဖျက်သိမ်းကြမလားပေါ့၊ ဒီအပေါ်တွေမှာ ကျနော်တို့ သုံးသပ်ကြပါတယ်။ သုံးသပ်ပြီး အခြေအနေမှာ ကျနော့်သဘောထားက ဒီရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်တော့ဘူး၊ ဒါကြောင့်မို့ အခုချိန်ကနေစပြီး ကျနော်တို့ ဒီရွေးကောက်ပွဲက နေပြီးတော့ အခုရပ်နေတဲ့ နေရာကနေ ရပ်ခံရမှာပေါ့ဗျာ။ အဲဒီအတွက် လာမယ့်ရွေးကောက်ပွဲကို ပါဝင်ဖြတ်သန်းဖို့ သဘောထား မရှိဘူးလို့ ကျနော့်ရဲ့ သဘောထားကို ထုတ်ဖော်လိုက်တာပါ။”

ပါတီက နှုတ်ထွက်တာနဲ့ ပတ်သက်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ သူ့ရဲ့ ကြေညာချက်ထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ရွေးကောက်ပွဲ အောင်နိုင်ဖို့ ပြင်ဆင်လာမှုတွေ၊ လွတ်လပ်စွာ စည်းရုံးခွင့် မရတာတွေ၊ ပြည်သူတရပ်လုံး နိုင်ငံရေးမှာ ပါဝင်ခွင့် မရတာတွေ၊ နိုင်ငံရေး အကျဉ်သားတွေ လွှတ်ပေးပြီး နိုင်ငံရေးမှာ ပါဝင်ခွင့် မရတာနဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် မရှိတာတွေကြောင့် လာမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း ပါရှိပါတယ်။ ဒါပေမဲ့ သူနှုတ်ထွက်တာဟာ သူ့ရဲ့ တဦးချင်း ရပ်တည်ချက်သာဖြစ်ပြီး ပါတီအနေနဲ့ ဆက်လက်ရပ်တည်သွားဖို့ ရှိကြောင်းလည်း ဦးဖြိုးမင်းသိန်းက ဆက်ပြောပါတယ်။

“ကျနော်တို့ရဲ့ ဆောင်ရွက်နိုင်တဲ့ အခြေအနေကို အစွမ်းကုန် ကြိုးစားကြည့်ပြီး ဒီအခြေအနေတွေ အပေါ်မှာ ကျနော်တို့ရဲ့ သဘောထား အမြင်တွေ၊ လက်ရှိအစိုးရရဲ့ ဆောင်ရွက်လာတဲ့ အခြေအနေတွေပေါ်မှာ သုံးသပ်ပြီး ကျနော်တို့ ဘယ်လို ဆက်လက် ဆောင်ရွက်သင့်လဲ ဆိုတာကို ကျနော့်အနေနဲ့ ဆုံးဖြတ်တာပါ။ အဲဒီအတွက် ကျနော်က ပြည်ထောင်စု ဒီမိုကရေစီပါတီ အနေနဲ့ ကျနော် ဥက္ကဋ္ဌတယောက် ဖြစ်သော်ငြားလည်း ကျနော့်သဘောထားနဲ့ ပါတီကို Drive လုပ်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ကျနော့်ရဲ့အမြင် ယူဆချက်ပေါ်ကနေ ကျနော့်ရဲ့ ရပ်တည်မှုတခုကို ရွေးချယ်တာပါ။”

ဒီပါတီကို ၀ါရင့် နိုင်ငံရေးသမားတွေ၊ ၈၈ မျိုးဆက် ကျောင်းသားတွေကို အခြေပြုပြီး ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ပါတီဝင် တယောက်ကလည်း ဦးဖြိုးမင်းသိန်းရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ပါတီတွင်း သဘောထား ကွဲလွဲမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ပါတီကို တည်ဆောက်ထားတာက လက်ရှိ သူပြောစရာရှိတာတွေကို ပြောဖို့ သူက ဒီကာလထိပဲ ရည်ရွယ်ထားတယ်။ Election ကို ဆက်ပြီး မသွားချင်တော့ဘူး၊ ယုံကြည်မှု မရှိတော့ဘူး။ Free and Fair မဖြစ်တော့ဘူးဆိုတဲ့ အပေါ်မှာ ယုံကြည်မှု မရှိတော့တဲ့အတွက် မသွားချင်ဘူး။ အဲဒါကို ပါတီတွင်းမှာရှိတဲ့ လူတွေနဲ့ သူနဲ့ကြားမှာ နည်းနည်း သဘောထား ကွဲလွဲတယ်၊ ဒါပဲပေါ့။”

ဒီပါတီမှာ ၀ါရင့် နိုင်ငံရေးသမားကြီး ဦးရွှေအုံးက နာယကအဖြစ် ဆောင်ရွက်နေပြီး လက်ရှိမှာ ဦးဖြိုးမင်းသိန်း နေရာကို အစားထိုးမယ့်သူ မရွေးချယ်ရသေးဘူးလို့ သိရပါတယ်။

မြန်မာစစ်အစိုးရပိုင် သတင်းစာတွေမှာတော့ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီပေါင်း ၄၀ အနက်က ပါတီဝင်အင်အား စာရင်းကို ၁၁ ပါတီက လာရောက် တင်ပြခဲ့ကြောင်း ဒီနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြပါတယ်။

စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပပေးမယ် ဆိုပေမဲ့လည်း အခုချိန်ထိ နေ့ရက် အတိအကျ ကြေညာတာမျိုး မရှိတဲ့အတွက် ဒါဟာ ပါဝင်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားတဲ့ နိုင်ငံရေးပါတီတွေအတွက် တရားမျှတမှု မရှိဘူးလို့ အထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မကြာသေးခင်ကပဲ မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။
(ဗီအိုအေ)

1 မိုးနတ်သားနှင့် အပြိုင်

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သောက်သုံးရေ လိုအပ်နေသော ကျေးရွာ၊ မြို့နယ် ဒေသ အသီးသီးသို့ ပြည်တွင်း/ပြည်ပမှ အများပြည်သူတို့ လှူဒါန်းထားသော လှူဒါန်းငွေတို့ဖြင့် အများပြည် သူအတွက် လိုက်လံလှူဒါန်း တူးဖော်ပေးထားသော စက်ရေတွင်းများ၊ အုတ်ရေကန်များ၊ ရေစုပ်စက် များ၊ မီးစက်များ ဖွင့်ပွဲအခမ်းအနားနှင့် ရေစက်သွန်းချ အပ်နှံပွဲများကို ပြုလုပ်ပေးဆပ်လျှက်ရှိရာ ၄.၈.၂၀၁၀ (ဗုဒ္ဓဟူး) နေ့တွင် ပဲခူးတိုင်း က၀မြို့နယ်ရှိ စက်ကုန်းကျေးရွာ၊ လက်ပံကုန်းကျေးရွာ၊ ကျောင်းတိုက်ကျေးရွာ၊ ဇွဲကိုက်ကျေးရွာ၊ ညောင်ပင်ကန်ကျေးရွာတို့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသူ/သား (၂၀) ဦးနှင့် ပဲခူးမြို့ ပရဟိတလူမှုရေးသမား ကိုသူရိန် ဦးဆောင်သော အဖွဲ့သားများ သွားရောက်ပြီး အခမ်းအနား ကျင်းပပေးခဲ့ပါသည်။

ပဲခူးတိုင်း က၀မြို့သို့ ရန်ကုန်မြို့မှ နံနက် (၈း၀၀) နာရီတွင် ထွက်ခွာ၍ က၀မြို့မှ နံနက် (၉း၃၀) နာရီတွင် စက်ရေတွင်း အုတ်ရေကန် ရေစက်သွန်းချ အပ်နှံပွဲများ ကျင်းပမည့် ကျေးရွာ (၅) ရွာ သို့ သွားရောက်ခဲ့ရာ ရန်ကုန်မြို့သို့ ညနေ (၆း၃၀) နာရီတွင် ပြန်လည်ရောက်ရှိခဲ့ကြသည်။

လမ်းခရီး၌ ရန်ကုန်မြို့မှ က၀မြို့သို့ မော်တော်ယာဉ်ဖြင့် သွားရောက်ပြီး က၀မြို့မှ ယခင် မြေနီလမ်းဖြင့် သွားလာရသည့် လမ်းများသည် ယခု မိုးတွင်းချိန်ခါတွင် မြစ်ချောင်းသဖွယ်အဖြစ်သို့ ရောက်ရှိသွားပြီး ကျွန်တော်တို့သည် စက်လှေယာဉ်များဖြင့် ခက်ခဲစွာနှင့် မိုးရွာသွန်းမှုတို့ကြားမှ ရွှံနွံများ၊ လယ်ကွင်းများတို့ကို ကျော်ဖြတ်၍ ကျေးရွာများသို့ ရေစက်သွန်းချ အပ်နှံပွဲများကို ကျင်းပပေး ခဲ့ပါသည်။ ထိုသို့ သွားရောက်ရာတွင် မိုးထဲ ရေထဲ ရွှံနွံထဲ ပင်ပန်း ခက်ခဲစွာ သွားရောက် ကြသော်လည်း သက်ဆိုင်ရာ ကျေးရွာများသို့ ရောက်ရှိသောအခါ ကျေးရွာသူ/သားများမှ ဒိုးပတ်ဝိုင်းများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ကြိုဆိုခြင်း၊ သပြေခက်များဖြင့် ကမ်းလှမ်းခရီးဦးကြို ပြုခြင်းများကြောင့် ပင်ပန်းမှုများ ပပျောက်ကာ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ အားလုံး ၀မ်းသာပီတိ အမျှပေးဝေ ခဲ့ကြပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ သည် သွားလာသည့် လမ်းခရီးတွင် စက်လှေ ပျက်ခြင်း၊ မိုးရွာသွန်းခြင်း စသဖြင့် မည်မျှပင်ခက်ခဲ၊ ကြမ်းတမ်း၊ ပင်ပန်းပါစေ ရွာသူ/သားများ၏ ခရီးဦးကြို ပြုကြသော ဒိုးပတ်တီးလုံးသံ ကြားရသည့်အခါ လက်ခုတ်သြဘာပေးခြင်း၊ ဒိုးပတ်ဝိုင်း အဖွဲ့သူ/သား များနှင့်အတူ ၀င်ရောက်ကခုန်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ ရွာသူ/သား များကလည်း ဒိုးပတ်ဝိုင်းတွင် သီဆိုဖျော်ဖြေရန်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် ဇနီး၊ ပြည်တွင်း/ပ အလှူရှင်များအား တင်စားဂုဏ်ပြု ရေးသားဖွဲ့ဆိုထားသော သီချင်းဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ပျော်ရွှင်စွာဖြင့် ဧည့်ခံဖျော်ဖြေကြသည်။ ရေစက်သွန်းချ အခမ်းအနားများ ပြီးဆုံး၍ ခရီးထပ်မံ ဆက်ရန်အတွက် လှေဆိပ်များမှ ထွက်ခွာချိန်တွင်လည်း ရွာသူ/သားအားလုံးတို့သည် မိုးရေစက် များကြားမှ လိုက်လံ၍ ၀မ်းသာပီတိ မျက်ရည်စက်များဖြင့် လက်ပြကာ နှုတ်ခွန်းဆက် ခဲ့ကြသည်။ ကျွန်တော်တို့သည်လည်း ရွာသူ/သားများ နှင့်အပြိုင် ပီတိမျက်ရည်စများဖြင့် မိုးရေစက်များ ကြားမှ လက်ပြနှုတ်ဆက်ကာ ခရီးဆက်ခဲ့ ကြတော့သည်။

ကျေးရွာများတွင် အသက်ကြီးရင့်သော အဖွားအိုများမှ ဦးကျော်သူအား ယခုကဲ့သို့ သွားလာရန် ခက်ခဲကြမ်းတမ်းသော နေရာဒေသအထိ အရောက်လာခြင်းကို အံ့သြ ၀မ်းသာပီတိ ဖြစ်ကာ ၀ိုင်းဝန်းလက်ဆွဲ၍ နှုတ်ဆက်စကား၊ အားပေးစကားများ၊ ကျေးဇူးတင်စကားများ ပြောကြား ခဲ့ကြသည်။

ထိုနေ့ ၄.၈.၂၀၁၀ (ဗုဒ္ဓဟူး) နေ့အဖို့ က၀မြို့နယ်မှ ရေစက်သွန်းချ လှူဒါန်းရန် ကျေးရွာများသို့ အသွား မိုးရွာသွန်းမှုသည် အပြန်ခရီး က၀မြို့သို့ရောက်သည့် အချိန်အထိ တနေကုန် ရွာသွန်းခဲ့သည်။ မိုးရွာသွန်းမှုမှာလည်း သည်းကြီးမဲကြီး ရွာသွန်းခြင်းမဟုတ် ရေစက်သွန်းချသည့်အလား ညင်သာ သိမ်မွေ့ အေးချမ်းစွာဖြင့် ရွာသွန်းသော မိုးဖွဲလေးများသာ ဖြစ်သည်။ ထိုကြောင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အများပြည်သူ အလှူရှင်များကိုယ်စား ရေစက်သွန်းချ အမျှ ပေးဝေမှု တို့သည် မိုးနတ်သားကြီး၏ မိုးရေစက်သွန်းချမှုများနှင့် အပြိုင် ဖြစ်နေတော့သည်။

သတင်းနှင့်ဓာတ်ပုံ။ ။ ကိုကျော်သူ

Thursday, August 5, 2010

0 ဘယ်တော့မှ မမေ့နိုင်တဲ့ ၈၈၈၈ ဗမာ့မှတ်တမ်း ( By ko Myoe)



မြန်မာလူမျိုးတိုင်းကြည့်သင့်သော..မှတ်တမ်းဖြစ်ပါသည်။နှစ်အဆက်ဆက်..လွတ်မြောက်ရေးအတွက်..ရင်းနှီးခဲ့ရသော..တော်လှန်ရေးသမားများ၏..သွေးစက်များသည်..ယနေ့ တိုင်.စိုဆဲ..စိုမြဲ.. စိုလတ္တံသာဖြစ်သည်။~မြန်မာ့တော်လှန်ရေးအဆက်ဆက်တွင် သင်၏ ဘိုးဘွားများလည်းပါဝင်ခဲ့ဘူးပါသည်။ယခု..သင့် လုပ်ဆောင်ရမည့် အချိန်ရောက်လာပါပြီ။သမိုင်းအတွက်..သင်၏ သွေးသစ္စာပါဝင်နိုင်ပါစေ။ သင်၏ သမိုင်းပေးတာဝန်တရပ်ဖြစ်သည်။အရေးကြီးပါပြီ...သွေးနီး.သွေးစည်းကြပါစို့ ။


KoMyoe ပန်းချီ-ဒီဇိုင်း ကိုမျိုး

0 ဆရာမင်းသိင်္ခ၏ ၁၉၈၈ခုနှစ်ကာလအတွင်းက ဟောပြောချက်များ



အသံဖိုင်။ ။ ကိုနစ်နေမန်း

0 ရွေးကောက်ပွဲကို နှောင့်ယှက်လျှင် ထောင်အနှစ် ၂၀ ဟု ဗိုလ်ချုပ်ကြီးတို့ ခြိမ်းခြောက်

တောင်ကိုရီးယားရှိ မြန်မာသံရုံးရှေ့တွင် ဧပြီလက ဆန္ဒပြနေသော မြန်မာ့အရေး လှုပ်ရှားသူများ (ဓာတ်ပုံ - AP)

(မိုးမခ)၀က်ဆိုဒ်မှ

ရွေးကောက်ပွဲကို "ဖျက်လိုဖျက်ဆီး ပြုလိုသူများ"သည် ထောင် အနှစ် ၂၀ အထိ ချမှတ်ခံရမည်ဟု မြန်မာအစိုးရ ထိန်းချုပ်ထားသော သတင်းစာများက ဗုဒ္ဓဟူးနေ့တွင် ရေးသား သတိပေးလိုက်သည်။

လက်ရှိ အုပ်ချုပ်နေသော စစ်အုပ်စုက ရွေးကောက်ပွဲ မတိုင်မီ ဥပဒေနှင့် စည်းကမ်းချက် မျိုးစုံ ထုတ်ပြန်လျက် ရှိသည်။ ထိုရွေးကောက်ပွဲကို အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတကာ အသိုင်းအ၀န်းက ဒီမိုကရေစီနည်းကျခြင်း မရှိ၊ မျှတမည်မဟုတ်ဟု ဝေဖန်ထားကြသည်။

သတင်းစာတွင် ပါဝင်သည့် ဆောင်းပါးသည် အင်္ဂါ နှင့် ဗုဒ္ဓဟူး ၂ ရက် အခန်းဆက် ဖော်ပြထားခြင်း ဖြစ်သည်။ အစိုးရက တည်ငြိမ်အေးချမ်း အောင်မြင်သော ရွေးကောက်ပွဲ ဖြစ်မြောက်စေရေးအတွက် ဥပဒေများ ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း "ရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီး ပြုလိုသူများ၏ အန္တရာယ်များနှင့်လည်း ကြုံတွေ့ရလေ့ ရှိ" သောကြောင့် ဖြစ်ကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။

ဆောင်းပါးကို "ဥပဒေလေ့လာသူတစ်ဦး" ကလောင်အမည်ဖြင့် ဖော်ပြထားသည်။ သတင်းစာ ဆောင်းပါးများမှာ စစ်အုပ်စု၏ အာဘော်ကို ထင်ဟပ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ထားသည်။ ပါတီသည် ဥပဒေအရ ရပ်တည်ခွင့် မရှိစေရန် ပိတ်ပင်ခံထားရသည်။ ပြည်တွင်းပြည်ပ ဒီမိုကရေစီအရေး လှုပ်ရှားသူများက ရွေးကောက်ပွဲတွင် မဲပေးခြင်း မပြုရန် စာရွက်စာတမ်းများ ဖြန့်ဝေခြင်းဖြင့် တိတ်တဆိတ် လှုံ့ဆော်နေကြသည်။

ရွေးကောက်ပွဲ အသစ် ဥပဒေများအရ "နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ လွှဲပြောင်းပေးရေး" အတွက် ၁၉၉၆ ခုနှစ်က ပြဋ္ဌာန်းထားသော ဥပဒေသည် အသက်ဝင်နေသေးကြောင်း ဆောင်းပါးတွင် ရေးထားသည်။

မည်သူမဆို "နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရား ဥပဒေ စိုးမိုးရေးတို့ကို ထိခိုက် ပျက်ပြားစေရန် လှုံ့ဆော်ခြင်း၊ ဆန္ဒ ပြခြင်း၊ ဟောပြောခြင်း၊ ပြောဆိုခြင်း သို့မဟုတ် ရေးသားဖြန့်ဝေခြင်း" ပြုလုပ်လျှင် ထောင်ဒဏ် ၅ နှစ်မှ အနှစ် ၂၀ အထိ ကျခံရမည်ဟု ထိုဥပဒေတွင် ပြဋ္ဌာန်းထားသည်။ ထိုဥပဒေကို ကျူးလွန်သည့် အဖွဲ့ကိုလည်း ဖျက်သိမ်းမည်ဟု ပါရှိသည်။

Wednesday, August 4, 2010

0 သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးခွန်ထွန်းဦးမိသားစုအိမ်သို့သွားရောက်၍ Nldမှလူကြီးများသွားရောက်တွေ့ဆုံအားပေး


မတရားထောင်ဒဏ်(၉၃)နှစ်ကျခံနေရသည့် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးမိသားစုအိမ်သို့သွားရောက်၍ nldမှလူကြီးများသွားရောက်တွေ့ဆုံအားပေး(သတင်းဓာတ်ပုံ. AP)
Win Tin, center with glasses, senior leader and Tin Oo, right, the deputy leader of the detained pro-democracy leader Aung San Suu Kyi's National League for Democracy Party, meet the family of Khun Tun Oo, a senior leader of the party who is still serving 93-year jail sentence, at the house of Khun Tun Oo in Yangon, Myanmar, Tuesday, Aug. 3, 2010.

0 ( ၈၈ ) ပင့်ကူကောင်တွေရဲ့ အကြောင်း.....

သြဂတ်ရဲ့ မိုးရေစက်တွေ အကြား

ခိုကိုးရာမဲ့ ဘ၀တွေ ရှိခဲ့ကြတယ်.........။

အဆိပ်ငွေ့နီကြောင်ကြောင်တွေကြားထဲ

အသက်အောင့် ထားခဲ့ကြရ........

ကြိမ်ဖန်အနန္တ အနိုင်ကျင့်ခံကြရ.........

နေပိုင်ခွင့်နဲ့ ရပိုင်ခွင့် တို့ အတွက်

ခြေချောင်းတချို့တလေ အလေအလွင့် ဖြစ်ခဲ့ကြရ........

အမှန်တကယ် ရှိခဲ့ကြတယ်........

အမှန်တကယ် ဖြစ်ခဲ့ကြတယ် ......။

ဆောင်းတွင်းနှင်းစက်တချို့ ရောက်မလာခင် .........

အသိုက်အမြုံ နဲ့ခွဲခွာ ခဲ့ကြရ.........။

ဘ၀မှာ ရုပ်ခန္ဓာ သေရတာထက် ယုံကြည်ချက်ရှင်နေချင်ကြသူတွေ......

အမှန်တရားအတွက် ရုန်းကန်နေရတာကိုကဘဲ

ဘ၀ပေး တာဝန် လို့ သူတို့ရင်ဘတ်နဲ့ ထပ်မျှ ခံယူကြ.........

ရှိနေခြင်းတွေအတွက် စိုစိုစွတ်စွတ်နဲ့ ရင်ခုန်နေကြရပေါ့...........။

ငါတို့ အကောင်မျိုးတွေပေါ့ .........

ဝန်းကျင်အသေ ကြားထဲ မရမက ရုန်းကန် နေကြရင်း

ကိုယ်ပိုင် အမျှင်တွေ ဖွက်ပြီး....

အိမ်ခိုးဖွဲ့နေကြလေရဲ့.......။ ။


ဟန်သာမောင်

0 ၈.၈.၂၀၁၀ တွင်ကျင်းပမည့်...အဖြူထည်တို့ ရဲ့ ပွဲ



မိတ်ဆွေများခင်ဗျား.....

မလာနိုင်မှန်း သိသော်ငြားလည်း မုဒိတာပွားနိုင်ရန်အတွက် လေးစားစွာဖြင့် ဖိတ်ကြားလိုက်ပါသည် ခင်ဗျား ။
လေးစားစွာဖြင့်....ကျော်သူ

Tuesday, August 3, 2010

0 မျိုးဆက်တော်လှန်ရေး အပြီးသတ်နဲ့ တန်းတူရေးလက်နက်

၁၉၂၀ ဒီဇင်ဘာ(၅)ရက်နေ့ဟာ ပထမ ကျောင်းသားသပိတ် ဖြစ်တယ်။ ကိုလိုနီဗျူရိုကရက် အုပ်ချုပ်မှုအောက် ကိုလိုနီပညာရေးစနစ်၊ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ပယ်ဖျက်ပေးဖို့ ကျောင်းသားများက အရေးဆိုခဲ့ရာက ကျောင်းသားသပိတ်ဖြစ်ခဲ့တယ်။ ၁၉၂ဝ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ဗြိတိသျှအာဏာပိုင်တွေက ကျွန်သက်ရှည်မယ့် ပညာရေးစနစ်ကို သွတ်သွင်းဖို့ “တက္ကသိုလ်ဥပဒေ” တရပ်ကို ဆန့်ကျင်ကန့်ကွက် နေခဲ့ကြတဲ့ကြားကပဲ ပြဋ္ဌာန်းလိုက်တဲ့အတွက် ရန်ကုန်နှင့် ယုဒသန် ကောလိပ်ကျောင်းသားများက “တက္ကသိုလ် ဥပဒေ” ကို လုံးဝလက်မခံကြဘဲ အဓမ္မပြဋ္ဌာန်းလိုက်သည့် ဥပဒေကို သပိတ်မှောက်ကြတာ ဖြစ်ပါတယ်။

တဆက်တည်းပင် တက္ကသိုလ်အာဏာပိုင် မျက်နှာဖြူဆရာအား “ဆာ” ထည့်မထူးတဲ့ ကျောင်းသားကို ကျောင်းကထုတ်ပစ်ခြင်း၊ သမဂ္ဂ ဥက္ကဌ ကိုနုကို ကျောင်းကထုတ်ခြင်း၊ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်းကို ကျောင်းကထုတ်ပစ်ရန် စီစဉ်ခြင်းတွေက ၁၉၃၆ခုနှစ် ဖေဖေါ်ဝါရီလ (၂၂)ရက်နေ့မှာ ဒုတိယ ကျောင်းသားသပိတ်ကြီးကို ဖြစ်ပေါ်စေခဲ့တယ်ဆိုပေမဲ့လို့ အဓိက အကြောင်းတရားကတော့ ကိုလိုနီ ပညာရေးစနစ်နဲ့ ကိုလိုနီပညာရေးစနစ်ကို အသက်သွင်းပေးနေတဲ့ တက္ကသိုလ်ဥပဒေသာ ဖြစ်ပါတယ်။ အဲဒါကြောင့် ၁၉၃၆ခုနှစ် ဒုတိယ ကျောင်းသားသပိတ်တိုက်ပွဲဟာ ရန်ကုန်တက္ကသိုလ်ဥပဒေ ပြင်ဆင်ရေး၊ ကိုလိုနီပညာရေးစနစ် ဖျက်သိမ်းရေးလို့ ဆိုနိုင်ပါတယ်။

၁၉၃၀ခုနှစ် အောက်တိုဘာလ(၃၀)ရက်မှာတော့ လယ်သမားခေါင်းဆောင် ဂဠုံဆရာစံ ဦးဆောင်တဲ့ လယ်သမားသူပုန် တော်လှန်ရေးကြီး ဖြစ်ပွားခဲ့ပါတယ်။ ဒီတော်လှန်ရေးကြီးဖြစ်ပွားရတဲ့ အကြောင်းရင်းကတော့ အင်္ဂလိပ်အစိုးရရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖိနှိပ်မှုတွေက အဓိက အချက်တွေဖြစ်ပါတယ်။ ဒါ့အပြင် လူခွန်၊ မြေခွန်၊ သစ်တောခွန်၊ အိမ်ခွန်၊ သဿမေဒခွန် စတဲ့ အခွန်အတုတ်တွေကို နည်းမျိုးစုံနဲ့ အဓမ္မကောက်ယူကြပြန်ပါတယ်။ ဒီအခြေအနေဆိုးတွေကြောင့် ဂဠုံတပ်မတော် အမည်ခံ လယ်သမားတော်လှန်ရေးတပ်ကို ဖွဲ့စည်းပြီး လက် နက်နဲ့ကျူးလွန်လာသူကို လက်နက်နဲ့တော်လှန်ရမယ် ဆိုတဲ့ ကြွေးကြော်သံကို ကိုင်စွဲရာမှ လယ်သမားတော်လှန်ရေးကြီး ပေါ်ပေါက်လာခဲ့ တာ ဖြစ်ပါတယ်။ လယ်သမား ဂဠုံတပ်ဖွဲ့ရဲ့ဆောင်ပုဒ်က “ငတ်၍မသေ တိုက်ရင်းသေမည်” ဖြစ်ပါတယ်။ ၁၉၃၂ခုနှစ် ဧပြီလအထိ လယ်သမားတော်လှန်ရေးကြီးဟာ မြန်မာနိုင်ငံတ၀ှမ်းလုံးကို ကူးစက်ပျံ့နှံ့သွားခဲ့ပါတယ်။

၁၉၃၈ခုနှစ် ဇန်န၀ါရီလ(၈)ရက်နေ့မှာတော့ ချောက်မြို့ ဘီအိုစီရေနံမြေသပိတ်ကြီး ပေါ်ပေါက်ခဲ့ပါတယ်။ မြန်မာသက္ကရာဇ် ၁၃၀၀ပြည့်နှစ် မှာ ပေါ်ပေါက်တာကြောင့် မြန်မာ့သမိုင်းမှာ ၁၃၀၀ပြည့်အရေးတော်ပုံအဖြစ် ကဗျည်းတင်ခဲ့ပါတယ်။ ဒီသပိတ်ကြီး ပေါ်ပေါက်ရတဲ့ အကြောင်းကတော့ (၁) ဘီအိုစီ ရေနံကုမ္ပဏီက ဘာသာရေး အလုပ်ပိတ်ရက်(၁၀)ရက်ကို (၇)ရက်အဖြစ် လျှော့ချခြင်း၊ (၂) အလုပ်သမား တို့ရဲ့ စားဝတ်နေရေးဆိုင်ရာ တောင်းဆိုချက်(၁၂)ချက်ကို မလိုက်လျောခြင်းနဲ့ (၃) ချောက် ဘီအိုစီ မော်တော်ယာဉ်ဌာန စက်ပြင်ဆရာ သခင် ခင်ကို အလုပ်ထုတ်ပစ်ခဲ့ခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ၁၃၀၀ပြည့် ရေနံမြေအလုပ်သမားသပိတ်ကြီးဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ် ရေးကြိုးပမ်းမှုနဲ့ နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ အလွန် အရေးပါအရာရောက်တဲ့ အလုပ်သမားသပိတ်ကြီးဖြစ်သလို မြန်မာ့လွတ် လပ်ရေး တိုက်ပွဲသမိုင်းမှာ အကြီးမားဆုံး လူထုလှုပ်ရှားမှုတိုက်ပွဲကြီးလည်း ဖြစ်ပါတယ်။

၁၉၃၈ခုနှစ် ဒီဇင်ဘာ(၂၁)ရက်နေ့မှာတော့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး ရန်ကုန်မြို့အတွင်းဝန်များရုံးကို ၀ိုင်းဝန်းဆန္ဒပြရာ နယ်ချဲ့အစိုးရ မြင်းစီးပုလိပ်များရဲ့ တုတ်ချက်အောက်မှာ ပြင်းထန်စွာ ဒဏ်ရာရ ကျောင်းသားကျောင်းသူ(၂၀၀)ခန့်အနက် ဂျပ်ဆင်ကောလိပ် ဥပစာတန်းကျောင်းသား ကိုအောင်ကျော် အသက်စတေးခဲ့ရပါတယ်။ ကျောင်းသားထုကြီးနဲ့ တပြည်လုံးရှိ မြန်မာလူထု ကြီးက ကိုအောင်ကျော်အား ဗိုလ်ဘွဲ့တပ်ပြီး ဗိုလ်အောင်ကျော် ဟု ဂုဏ်ပြုခဲ့ကြပါတယ်။

မကြာမီက ဖြစ်ပွားခဲ့တဲ့ ၁၃၀၀-ပြည့်အရေးတော်ပုံကြီးနဲ့ ခရီးရှည်ချီတက်ကြတဲ့ ရေနံမြေလုပ်သားကြီးတို့ရဲ့ ဆန္ဒပြပွဲတွေ၊ ဗိုလ်အောင်ကျော် ကျဆုံးခဲ့ခြင်းစတဲ့ အဖြစ်အပျက်တွေဟာ မြန်မာတမျိုးသားလုံးကို အမြဲတစေ စိတ်ဓါတ်တက်ကြွ လှုပ်ရှားနေစေခဲ့သလို နယ်ချဲ့အင်္ဂလိပ် အစိုးရနဲ့ အစိုးရလက်ပါးစေ မြန်မာအရာရှိတွေကို မြန်မာတမျိုးသားလုံးက လွန်စွာရွံမုန်းနေကြတဲ့အတွက် ဖိနှိပ်ရက်စက်မှုတွေကို ဆန့်ကျင် တော်လှန်ဖို့ စိတ်ဓါတ် ပြင်းထန်နေကြတဲ့အချိန်လည်း ဖြစ်ပါတယ်။

၁၃၀၀-ပြည့်အရေးတော်ပုံနဲ့ ဗိုလ်အောင်ကျော်ကျဆုံးပြီးနောက် မြန်မာတပြည်လုံး လှုပ်ရှားထကြွနေတဲ့အတွက် နယ်ချဲ့အစိုးရဟာ ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးတွေမှာ လူစုလူဝေးနဲ့ ချီတက်ဆန္ဒပြခြင်း မပြုလုပ်နိုင်ရန် ပုဒ်မ-၁၄၄- အမိန့်ကို ထုတ်ပြန်ထားရှိခဲ့ပါတယ်။ ဒီအမိန့်ကို ဖီဆန်တဲ့ နယ်ချဲ့ဆန့်ကျင်ရေး ဆန္ဒပြပွဲကြီးကို မန္တလေးမှာ ၁၉၃၉ခုနှစ် ဖေဖေါ်ဝါရီလ(၁၀)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ ရဟန်းရှင်လူ အာဇာနည်(၁၇)ဦး အသက်စတေး ကျဆုံးခဲ့ရပါတယ်။

မန္တလေးမြို့လူထုဟာ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲရဲ့ တပ်ဦးက ကျဆုံးသွားခဲ့တဲ့ အာဇာနည်(၁၇)ဦးကို “နေမျိုးသီဟသူရ” ဘွဲ့များ အပ်နှင်း၍ စည်ကားစွာ သင်္ဂြိုလ်ကြပြီးနောက် အာဇာနည်ကျောက်တိုင်တွေကို စိုက်ထူပေးခဲ့ကြပါတယ်။ မြန်မာ့သတ္တိ၊ မြန်မာ့ဇွဲမာန်၊ မြန်မာ့စွမ်းအင် ကိုပြသရင်း တိုင်းပြည်အတွက် အသက်စွန့်သွားကြတဲ့ မန္တလေးအာဇာနည် (၁၇)ဦးဟာ သမိုင်းမကွယ်သရွေ့ အမှတ်ထင်ထင် ရှိနေကြဦး မှာသာ ဖြစ်ပါတယ်။

ဒီ ၁၃၀၀ပြည့်အရေးတော်ပုံကြီးကနေ သင်ခန်းစာ(၂)ခု ရရှိလိုက်ပါတယ်။ တခုက မြန်မာ့လွတ်လပ်ရေးတိုက်ပွဲကို လူထုလှုပ်ရှားမှု သက် သက်နဲ့မရနိုင်။ ပြည်သူတို့ လက်နက်ကိုင်တပ်နဲ့ ပါဝင်ဆင်နွှဲနိုင်မှ ရနိုင်မယ်ဆိုတဲ့အမြင်နဲ့ ဒုတိယမှာ တပ်ပေါင်းစုဆန်တဲ့ တို့ဗမာ သခင်အဖွဲ့ အစည်း ခေါင်းဆောင်မှုနဲ့လည်းမရနိုင်။ ပိုမိုပြတ်သားပြီး အမာခံ စည်းကမ်းကြီးတဲ့ လူတန်းစားပါတီတရပ်ရဲ့ ခေါင်းဆောင်မှုနဲ့သာ ရယူနိုင် မယ် ဆိုတဲ့အမြင်တို့ ဖြစ်ကြပါတယ်။

အလားတူ လွန်ခဲ့တဲ့ အနှစ်၂၀ကျော်က ဖြစ်ပွားခဲ့တဲ့ ၁၉၈၈ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီးဆိုတာဟာ ၁၃၀၀ပြည့်အရေးတော်ပုံကြီးရဲ့ တိုက်ပွဲအဆက်ပါ။ ၁၉၈၈ခုနှစ် ဩဂုတ်လမှာ မြန်မာနိုင်ငံတ၀ှမ်းလုံးရှိ လူတန်းစားပေါင်းစုံ၊ အလွှာပေါင်းစုံ၊ အရွယ်ပေါင်းစုံ၊ လူမျိုးပေါင်းစုံတို့ ပါဝင်တဲ့ ပြည်သူလူထုကြီးတရပ်လုံးဟာ မကြုံစဘူး ထူးကဲလှစွာ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် စုစည်းညီညွတ်စွာဖြင့် အုံကြွခဲ့ ကြပြီး မဆလ တပါတီအာဏာရှင်စနစ်ကို ဖြိုချဖျက်သိမ်း၍ ဒီမိုကရေစီရရှိရေး တောင်းဆိုတိုက်ပွဲဝင်မှုကြီးတရပ်ကို ပေါ်ပေါက်စေခဲ့ပါတယ်။ အသက်သွေးချွေးပေါင်း မြောက်မြားစွာ သွန်းလောင်းရင်းနှီးပြီး ဒီမိုကရေစီစနစ်ကိုကျင့်သုံးတဲ့ မြန်မာနိုင်ငံတော်သစ်ကြီး ပေါ်ထွန်းလာဖို့ ကြိုး ပမ်းခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီကနေ လိုအပ်ချက်အရ ၁၉၈၈ခုနှစ် စက်တင်ဘာလ(၂၇)ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖြစ်ပေါ်လာပါတယ်။ နောက် ၁၉၉၀ ရွေးကောက်ပွဲ ဖြစ်လာတယ်။ မြန်မာပြည်သူတရပ်လုံးရဲ့ ရှေ့ဆောင်ပါတီကြီးလည်း ဖြစ်ပါတယ်။ အကြောင်းကတော့ မဲပေးပိုင်ခွင့်ရှိသူ ဦးရေ သန်း(၂၀)မှာ (၁၅)သန်းက အတည်ပြုရွေးကောက် တင်မြှောက်ထားတဲ့ ပါတီဖြစ်လို့ပါပဲ။ (၈၂)%နဲ့ ကို ပြတ်ပြတ်သားသား အနိုင်ရထားတဲ့ ပါတီပါ။

အဲဒါကြောင့် ရှစ်လေးလုံးလို့ပြောရင် အန်အယ်လ်ဒီ ပါပြီးသားပါ၊ တခါ အန်အယ်လ်ဒီလို့ ဆိုလိုက်တာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တန်းမြင် ရမှာပါ၊ ၁၉၉၀ရွေးကောက်ပွဲကလည်း တဆက်တည်းပါ။ ၈၈၊ ဒီချုပ်၊ ဒေါ်စု၊ ၉၀ တို့ဟာ သီးခြားစီ ခွဲထုတ်ပြောမယ်ဆိုရင် အဓိပ္ပါယ် သိပ် မရှိလှပါဘူး။ တဆက်စပ်တည်းဖြစ်မှ သဘာဝကျပြီး အနှစ်သာရပြည့်ဝမှာပါ။ ဒီမှာ တဆက်တည်း ထပ်ဖြည့်ပြောရမယ့် နောက်တချက်က တွေ့ဆုံဆွေးနွေး အဖြေရှာရေးနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့နိုင်ရေးပါ။ ဒါကြောင့် ၈၈၊ ဒီချုပ်၊ ဒေါ်စု၊ ၉၀၊ ဒိုင်ယာလော့နဲ့ အမျိုးသားပြန် လည်ရင်ကြားစေ့ရေးဟာ ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ကောင်းမှုပြုချက်တွေပါ။

ရှစ်လေးလုံးအရေးတော်ပုံကြီးက ဖမ်းဆုပ်ယူနိုင်လိုက်တဲ့ သင်ခန်းစာကတော့ စုစည်းခိုင်မာတဲ့ ရည်မှန်းချက် အားနည်းခဲ့တာရယ်၊ မဟာ ဗျူဟာမြောက် စီမံကိန်းလုပ်ငန်းစဉ်ပိုင်း အားနည်းမပြည့်စုံခဲ့တာရယ်၊ အချို့လူကြီးပိုင်းတွေရဲ့ အမြော်မြင်နည်းပါးမှုနဲ့ အချိန်ကို ကောင်းစွာ အသုံးမချတတ်မှုတွေကြောင့် လက်မတင်လေးရောက်ပြီးကာမှ လက်လွှတ်ဆုံးရှုံးသွားခဲ့ရတာရယ် လို့ ကျနော့်အနေနဲ့ ကောက်ချက်ဆွဲချင်ပါ တယ်။

ဟော အခုတခါ ၈၈ရဲ့ တိုက်ပွဲအဆက် ပေါ်လာပါတယ်။ ၂၀၀၇ စက်တင်ဘာ(၁၈)ရက် ရွှေဝါရောင်တော်လှန်ရေးကြီးပေါ့။ ဘုရားသားတော် တွေ ဦးစီးဦးရွက်ပြုတဲ့ စစ်အာဏာရှင်ဖျက်သိမ်းရေး သံဃာ့လှုပ်ရှားမှုတိုက်ပွဲကြီးပါပဲ။ အမည်ရင်း ဦးစန္ဒောဘာသလို့ ဘွဲ့အမည်တင်တဲ့ အသျှင်ဂမ္ဘီရကိုယ်တော်က သံဃာ့အာဇာနည်အဖြစ် ပေါ်ထွန်းလာခဲ့သလို အခြားသံဃာ့သူရဲကောင်းတွေကိုလည်း သမိုင်းအစဉ်အလာ မပျက် မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ အံ့လောက်ပါရဲ့ တို့တိုင်းပြည်။

ကောင်းမှုပြုချက်တွေကတော့ အများကြီးလို့ ပြောရမယ်ထင်ပါတယ်။ အဲဒီအထဲကမှ အဓိကကျ အရေးပါတဲ့ အချက်တချို့လို့ ကျနော့် သဘောအရ ထင်မြင်တာကို ပြောပြပါ့မယ်။

(၁) ပြတ်နေတဲ့ မျိုးဆက်ကွင်းဆက်ကို ပြန်ချိတ်ပေးလိုက်နိုင်တယ်၊

(၂) အာဏာရှင်စနစ်ကို အပြီးတိုင် မောင်းထုတ်သုတ်သင်ပစ်ရမယ် ဆိုတဲ့ အသိတရားကို မြန်မာပြည်သူတရပ်လုံးရဲ့ နှလုံးသားထဲကို အရောက်ပို့ပေးလိုက်နိုင်တယ်၊

(၃) အာဏာရှင်တွေရဲ့ သရုပ်သကန်ကို ကမ္ဘာကသိအောင် ဖွင့်ချလှစ်ဟပြနိုင်ခဲ့တယ်၊

(၄) ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်ကြတဲ့ တိုင်းပြည် နိုင်ငံတွေအပါအ၀င် အခြားဘာသာ ကိုးကွယ်ယုံကြည်သူများကိုပါ ဗုဒ္ဓသာသနာတော်ကို ဖျက်ဆီးတဲ့သူတွေအဖြစ် နားလည်လက်ခံသွား စေတယ်၊ အခြားသော ကောင်းမှုပြုချက်တွေလည်း ကျန်ရှိပါလိမ့်ဦးမယ်။

ဒီသမိုင်းဖြစ်စဉ်တွေကို ပြန်ပြောပြနေရတာကတော့ ဒီလိုပါ။ ကျနော်တို့ မြန်မာပြည်သူတွေဟာ ၁၉၄၈ခုနှစ် လွတ်လပ်ရေးရယူခဲ့ပြီးပေမဲ့လို့ ဒီ ကနေ့ထိတိုင် လွတ်လပ်ရေးရဲ့ စစ်မှန်တဲ့အရသာကို မခံစားမရရှိသေးဘူးဆိုတာကို သမိုင်းဖြစ်စဉ်တလျှောက် ပြန်တွက်ကြည့်ရင် (၆၂ စစ် အာဏာသိမ်းပြီးနောက် ၇၄ ဇွန်လ အလုပ်သမားအရေးအခင်း၊ ဒီဇင်ဘာ ဦးသန့်အရေးအခင်း၊ ၇၅ မှိုင်းရာပြည့်၊ ၇၆ ကျွန်းဆွယ်အရေး အခင်း၊ ၇၆ စစ်တွေဆန်လုပွဲ…..စတဲ့ လူထုတိုက်ပွဲတွေနဲ့ စဉ်ဆက်မပြတ် တော်လှန်ခဲ့ကြတယ်ဆိုတာကို) အထင်းသား တွေ့မြင်နိုင်ပါတယ်။

အဲဒီအပေါ် သင်ခန်းစာနဲ့ အတွေ့အကြုံယူပြီး တော်လှန်ရေးအင်အားစု၊ နိုင်ငံရေးအင်အားစုတွေအကြား မတူကွဲပြားချက်တွေကို စစ်ထုတ်ယူ ညှိနှိုင်းပြီး ဘုံလုပ်ငန်းစဉ်ဖြစ်တဲ့ စစ်အာဏာရှင်ဖြုတ်ချရေး တိုက်ပွဲစဉ်မှာ ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှု၊ ဟန်ချက်ညီ ချိတ်ဆက် နိုင်မှုအစရှိတဲ့ တန်းတူရေးလက်နက်ကို တစုတစည်းကိုင်စွဲပြီး ၂၀၁၀မှသည် အနာဂတ်(၂၁)ရာစုသစ်ကို သွေးမော်ကွန်းနဲ့ အလျင်အမြန် ထိုးဆစ်ထုပိုင်း ပစ်နိုင်ကြဖို့ပါ။

ဒီလိုမှမဟုတ်ရင်တော့ ကျနော်တို့မျိုးဆက် တာဝန်မကျေခဲ့မှုဟာ သမိုင်းအမဲစက်ကြီးအဖြစ် တင်ကျန်ရစ်သွားမှာဖြစ်သလို အလွန်ကြီးမား တဲ့ သမိုင်းဝန်တာကြီးကို မျိုးဆက်သစ်တွေဆီ အမွေအဖြစ် လွှဲပြောင်းပေးသလို ဖြစ်သွားပါလိမ့်မယ်။

သမိုင်းဆိုတာ အင်မတန် တန်ဖိုးအနဂ္ဂ ထိုက်တန်လှပါတယ်။

မင်းဆွေ (ပေါက်)

၂၀၁၀ခုနှစ် ဩဂုတ်လ(၁)ရက်။

အစဉ်အမြဲရေးသားပေးပို့ပေးသောSHINLUOOအား ဒေါင်းမာန်ဟုန်မှကျေးဇူးတင်ရှိပါသည်။

0 မျိုးဆက်သစ်တို့အတွက် မဲပေးပြီ


နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မျိုးဆက်သစ် ကလေးငယ်များအတွက် တစ်ဦးနှင့်တစ်ဦး လူငယ်ပီပီ အားကျမခံ စစ်မှန်သော ပြိုင်ဆိုင်မှုကို ဖော်ထုတ်ပေးခြင်း၊ ပညာရပ်တစ်ခုကို ထိရောက်စွာ တတ်ကျွမ်းမှုရှိရေး၊ ပန်းချီပညာရပ်သည် လူသားတို့၏ စိတ်ထား နူးညံ့မှုရှိခြင်း၊ မျိုးဆက်သစ် လူငယ်များအား အမှန်တရားကို ဖော်ထုတ်ပေးသော ပန်းချီပညာရပ်ကို ကျွမ်းကျင်မှုရှိရေး၊ လောက အလှကို ဖော်ထုတ်ပေးသော ပန်းချီပညာရပ်အား စိတ်ဝင်စားမှုရှိစေရေး ဟူသော ရည်ရွယ်ချက် များဖြင့် ဖွင့်လှစ်သင်ကြားပေးထားသော ပန်းချီသင်တန်း နောက်ဆုံးနေ့တွင် သက်ငြိမ် ရေဆေးပန်းချီ ပြိုင်ပွဲတစ်ရပ် ကျင်းပပေးခဲ့ရာ ကလေးငယ်များ ရေးဆွဲထားသော ရေဆေးပန်းချီ ကားချပ် (၁၆) ကားချပ်အား ပန်းချီဆရာကြီးများဖြစ်ကြသော ပန်းချီဆရာကြီး - ဦးမြသောင်း၊ ပန်းချီဆရာကြီး - ဦးထွန်းကျော်၊ ပန်းချီဆရာမ - ဒေါ်နုနု၊ သင်တန်းနည်းပြ ပန်းချီဆရာ - ဦးဝင်းကြည်နှင့် နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူတို့မှ ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ အထူးဆုတို့အား ချီးမြှင့်ရန် အတွက် ရေဆေးပန်းချီကားများအား အမှတ်ပေးမဲစနစ်ဖြင့် မဲပေးရွေးချယ် ပြီးစီးပြီ ဖြစ်ပါ၍ ဆုပေးပွဲအား သင်တန်းဆင်းပွဲ ကျင်းပမည့်နေ့၌ ချီးမြှင့် ဂုဏ်ပြုသွားမည် ဖြစ်ပါသည်။

သတင်းနှင့်ဓာတ်ပုံ။ ။ ကိုကျော်သူ

0 ကျော်သူ၏ “ဇွတ်”


နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သြဂုတ်လ လပါတ်အစည်းအဝေးအား ၁.၈.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် ကျင်းပခဲ့ရာ အမှုဆောင်များ၊ ကော်မတီဝင်များ၊ အသင်းသူ/သားများ တက်ရောက်ခဲ့ကြသည်။ ယင်း အစည်းအဝေးတွင် နမောတဿ (၃) ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ အမှာစကားပြောကြားခြင်း၊ တွဲဖက် အတွင်းရေးမှူး ဦးဇင်ထွန်းအောင်၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်တို့မှ အသင်း၏ ရှေ့ဆက်လုပ် ဆောင်ပေးဆပ်ရမည့် လုပ်ငန်းစဉ်များ၊ အသင်းသူ/သားများ လိုက်နာရမည့် စည်းကမ်းများနှင့် သီလလုံရန် ကိစ္စရပ်များကို ပြောကြားခဲ့ကာ၊ အသင်းသူ/သားများထံမှ တွေ့ကြုံ ရင်ဆိုင်ရသည့် အခက်အခဲများကို တင်ပြခြင်းများအပေါ်၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌနှင့် ဘဏ္ဍာရေးမှူးတို့မှ တွေ့ကြုံ ရင်ဆိုင်ရသည့် အခက်အခဲများကို သီလလုံစွာ၊ လိပ်ပြာသန့်စွာနှင့် ရှင်းလင်းပုံ ရှင်းလင်းနည်းများကို ပြောကြားကာ ဗုဒ္ဓသာသနံ စီရံတိဌတု (၃) ကြိမ်ရွတ်ဆို၍ အစည်းအဝေးအား ရုတ်သိမ်းလိုက်သည်။

ယင်း အစည်းအဝေးတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ ပြောကြား ရာတွင် … “ မိမိတို့ အသင်းတွင် အသင်းသူ/သား အင်အား (၃၀၀) ကျော်ရှိကြောင်း၊ သို့သော် လူများပြီး ပွဲမစီသော အသင်းအဖွဲ့ကို ညွှန်ပြပါဟု ဆိုပါက မိမိတို့ အသင်းပင်ဖြစ်ကြောင်း၊ အချို့သော သူတို့သည် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းဝင် တစ်ယောက်ဖြစ်ခြင်းကို မိမိတို့နေထိုင်ရာ ရပ်ကွက်၊ မြို့နယ်များတွင် ဂုဏ်ယူ ၀င့်ကြွားနေကြကြောင်း၊ မိမိတို့ တာဝန်ကျသည့် လုပ်အားပေး ရမည့် နေ့ရက်၊ အစည်းအဝေး တက်ရောက်ရမည့် နေ့ရက်များတွင် လာရောက်ကြောင်း လက်မှတ် ရေးထိုးပြီး ပြန်လည်၍ ထွက်ခွာသွားကြောင်း၊ မိမိတို့အသင်းသည် မည်သူတစ်ဦး တစ်ယောက်ကိုမှ အသင်းဝင် အသင်းသားဖြစ်ရန် စည်းရုံးခြင်း၊ တိုက်တွန်းခြင်း၊ မဲဆွယ်ခြင်း မပြုလုပ်ကြောင်း၊ မိမိတို့ စိတ်ဆန္ဒအရ လာရောက်၍ လူမှုရေးလုပ်အားပေးကြကြောင်း၊ ထို့ကြောင့် အသင်းသား အသင်းဝင် လူမှုရေးသမားဖြစ်သွားပါက အသင်းမှချမှတ်ထားသော လူမှုရေး စည်းကမ်းချက်များကို လိုက်နာ ရမည်ဖြစ်ကြောင်း၊ မိမိတို့ လုပ်အားပေးနိုင်မည့် နေ့ရက်များကို မိမိတို့ ဆန္ဒအလျှောက် ရွေးချယ် ထားသည့်အလျှောက် ထို့နေ့ရက်များတွင် မှန်မှန်ကန်ကန် လာရောက်လုပ်အားပေးမှုများကို ပြုလုပ် ရမည်ဖြစ်ကြောင်း၊ စည်းမျဉ်းစည်းကမ်းများ ပေါ်ပေါက်လာရခြင်းသည် လူသားတို့၏ အကျင့်စာရိတ္တနှင့် သီလများ ချိုးဖောက်မှုကြောင့် ပေါ်ပေါက်လာရခြင်း ဖြစ်သည်ဟု ပြောကြားသွားခဲ့သည်။ နိဂုံးချုပ်တွင် … မိမိတို့ ဆန္ဒနှင့် “ဇွတ်” ၀င်ရောက်ပြီး လုပ်အားပေးကြသူများ အနေနှင့် အသင်းမှချမှတ်ထားသော စည်းကမ်း၊ တာဝန်ယူပေးဆပ်ရမည့် လုပ်ငန်းစဉ်များကို တိကျစွာ ပေးဆပ်မှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ အကယ်၍ မလုပ်ခဲ့သည်ရှိသော် အသင်းမှ မိမိတို့သည် “ဇွတ်” တာဝန်ပေးရမည်ဖြစ်ကြောင်း၊ အကယ်၍ တာဝန်ပေးအပ်မှုကို မလုပ်ခဲ့ပါက မိမိတို့မှ “ဇွတ်” ထုတ်ပစ်ရမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

လူမှုရေးအသင်းဟု ဆိုရာ၌ … အသင်းသည် မိမိအတွက် မဖြစ်စေရ မိမိကသာလျှင် အသင်းအတွက် ဖြစ်စေရမည်။

လူမှုရေးအသင်းအဖွဲ့၌ လူမှုရေးဖောက်ပြန်မှုဟာ အယုတ်ညံ့ဆုံး အဆိုးဝါးဆုံး ပေးဆပ်မှုဘဲ။

(ကျော်သူ)

Sunday, August 1, 2010

0 အစားအသောက် သုံးဆောင်ရန် ငြင်းပယ်နေသဖြင့် ရမ္မာဝတီ အရှင်ပညာစာရ အခြေအနေ စိုးရိမ်ရ

(နိရဉ္စရာ )
ဖမ်းဆီးချိန်မှ စတင်ပြီး အစားအသောက် သုံးဆောင်ရန် ငြင်းပယ်နေသဖြင့် ရခိုင်သမိုင်း သုတေသီ အရှင်ပညာစာရ၏ အခြေအနေမှာ စိုးရိမ်ဖွယ်ရာ အဆင့်သို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။

အမည်မဖေါ်လိုသူ လူကြီး တဦးက “ ဆရာတော်ရဲ့ အခြေအနေက စိုးရိမ်ရတဲ့ အနေအထားကို ရောက်ရှိနေတယ်လို့ အတွင်း သတင်းအရ သိရပါတယ်။ အခု ဆရာတော်ဟာ အစားအစာ မသုံး ဆောင်တာ ၅ ရက်ခန့် ရှိနေပြီ ဖြစ်တဲ့ အတွက် အားအင်တွေ အထူး ကုန်ခန်းနေပြီး အသက် အန္တရာယ်ကို ထိခိုက်နိုင်တဲ့ အထိ အခြေအနေ ဆိုးရွားနေတယ်လို့ သိရပါတယ်” ဟု ပြောသည်။

ဆရာတော် အရှင် ပညာစာရအား နအဖ စစ်အာဏာပိုင်များက စွဲချက် အမျိုးမျိုးဖြင့် လွန်ခဲ့သော ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ဆရာတော် သတင်းသုံးနေရာ စစ်တွေ အာကျိတ်တောင် ကုန်းရှိ မဟာမုနိ ဗုဒ္ဓ၀ိဟာရမှ ဒုတိုင်းမှူး တင်လိုင်ကိုယ်တိုင် ဦးဆောင်ပြီး ၀င်ရောက်ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသည့် အချိန်မှ စတင်ပြီး ဆရာတော်မှာ အစားအသောက် သုံးဆောင်ရန် ငြင်းပယ် နေခြင်း ဖြစ်ကြောင်း သူက ပြောသည်။

“ ဆရာတော်ကို အ၀တ်တထည် ကိုယ်တခုနဲ့ ပစ်ထားပြီး ဆဲဆိုတာတွေ ရိုက်နက်တာတွေ ရှိတယ်လို့လည်း ကြားရပါတယ်။ အမျိုးမျိုးစွပ်စွဲချက်တွေနဲ့ ကိုယ်ထိ လက်ရောက်စော်ကြားပြီး အကြိမ်ကြိမ် စစ်ဆေးမေးမြန်းမူတွေ ပြုလုပ်တယ်လို့ သိရပါတယ်။ ဆရာတော်ဟာ ဘာမှ ပြန်မပြောတဲ့ အပြင် အစားအသောက် သုံးဆောင်ရန်လည်း ငြင်းပယ်ထားတယ်လို့ သိရ ပါတယ်။”

ဆရာတော် အရှင် ပညာစာရအား ဖမ်းဆီးစဉ်က ပြည်နယ်၊ မြို့နယ် အဆင့် သံဃာ့ မဟာနာယက ဆရာတော်ကြီးများ၏ ခွင့်ပြုချက်ကို မယူသည့် အပြင် ဖမ်းဆီးရာတွင်လည်း သမရိုးကျ မဟုတ်ဘဲ ဒုတိုင်းမှူး ကိုယ်တိုင် ဦးဆောင် ဖမ်းဆီးသဖြင့် ဖမ်းဆီးခံရခြင်း နောက်ကွယ်တွင် လျို့ဝှက် နက်နဲသော အခြေအနေများ ရှိနိုင်ကြောင်း စစ်တွေတွင် လေ့လာသုံးသပ်သူများက ပြောဆို နေကြသည်။

၎င်းပြင် စစ်အာဏာပိုင်များသည် ဆရာတော်အား ဖမ်းဆီးပြီးနောက် ဆရာတော် စာကြည့်တိုက်မှ ဆရာတော် နှစ်ပေါင်းများစွာ စုဆောင်း သိမ်းဆည်းထားသော ရှေးဟောင်း ရခိုင်ယဉ်ကျေးမူ အမွေအနှစ် ပစ္စည်း မြောက်မြားစွာကို သိမ်းဆည်း ယူဆောင် သွားခဲ့သည်ဟု သိရသည်။

ထိုအထဲတွင် ရခိုင်ရှေးဟောင်း ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးများ၊ ရှေးဟောင်း ဘုရားများ၊ ပေစာ- ပရပိုက်စာ အပါအ၀င် တန်ဖိုးရှိ ပစ္စည်းများအားလုံးကို တစုံတရာ မှတ်တမ်းမှတ်ရာ မပြုစုဘဲ အားလုံးကို သိမ်းကျုံး ယူငင်သွားခဲ့သည်။

၎င်းပြင် ဆရာတော်နှင့် ပတ်သက်ပြီး တမင် သိက္ခာကျစေရန် သတင်းမျိုးစုံကို လူထု အကြားတွင် ရည်ရွယ်ချက် ရှိရှိဖြင့် ဖြန့်ဖြူးနေကြောင်း သိရသည်။

စစ်တွေမှ အမျိုးသမီး တဦးကလည်း “ ခုဒီသတင်းက စစ်တွေမှာ လူပြောအများဆုံး သတင်း တခု ဖြစ်နေပါတယ်။ ဆရာတော်မှာ မိန်းမရှိတယ်။ ကလေးတွေကို သတ်ပီး မြုပ်ထားတယ်။ ငွေတွေကို ကိုယ်ကျိုးအတွက် သုံးတယ်။ နိုင်ငံခြားဒေါ်လာတွေ ရတယ်။ နိုင်ငံရေး လုပ်တယ်။ မျိုးစုံပါဘဲ။ ဘယ်သူမှ တိတိကျကျ မပြောနိုင်ပါဘူး။ ခုလို စွပ်စွဲတဲ့ အပေါ် ယုံတဲ့ လူတွေရှိသလို မယုံကြည်တဲ့ လူတွေလည်း ရှိပါတယ်။” ဟု ပြောသည်။

ဆရာတော်အား တိုင်းတန်းရာတွင် မာဇေဒါ အန်ဂျီအိုမှ ဦးအောင်ဝင်းကျော်နှင့် ဘုန်းကြီးကျောင်းတွင် နေထိုင်နေသည့် မမာလာဆိုသည့် အမျိုးသမီးတို့ ပါဝင်ပြီး တိုင်ကြားသည်နှင့် တစုံတရာ စစ်ဆေး မေးမြန်းမူများ မရှိဘဲ စစ်အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းခဲ့သဖြင့် ယခု ဖမ်းဆီးမူအပေါ် တမင်အကွက်ချ စီစဉ်ခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူများက သုံးသပ် ပြောဆိုသည်။

1 ကင်ဂျုံအီစာအုပ် အသိမ်းခံရသည့်ကိစ္စ စာနယ်ဇင်းသမားအမြင်များ


မြန်မာနိုင်ငံက စာရေးဆရာဟိန်းလတ်ရဲ့ မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအီအကြောင်း ရေးသားထားတဲ့ စာအုပ်တွေကို မြောက်ကိုရီးယားသံရုံးက သိမ်းဆည်းသွားတာနဲ့ ပတ်သက်လို့ ပြည်တွင်းပြည်ပ စာနယ်ဇင်းသမားတွေက ဝေဖန် ပြောဆိုနေကြပါတယ်။



နိုင်ငံခြားတိုင်းပြည်တခုကမြန်မာစာပေစိစစ်ရေးအပေါ်မှာ ဩဇာလွှမ်းမိုးတာ အံ့ဩစရာ



ပြင်သစ်နိုင်ငံ ပါရီမြို့အခြေစိုက် RSF ခေါ် နယ်စည်းမခြား သတင်းသမား များအဖွဲ့က အာရှ-ပစိဖိတ်ရေးရာ တာဝန်ခံ Vincent Brossel က အခုလို နိုင်ငံခြားတိုင်းပြည်တခုက မြန်မာစာပေစိစစ်ရေးအပေါ်မှာ ဩဇာလွှမ်းမိုးတာဟာ အံ့ဩစရာ ဖြစ်ကြောင်း အာအက်ဖ်အေကို ပြောပါတယ်။

BMA မြန်မာသတင်းသမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်ကတော့ မြန်မာစစ်အစိုးရဟာ မြောက်ကိုရီးယားနိုင်ငံဘက်ကို လိုက်ပြီး ကိုယ့်နိုင်ငံသား စာရေးဆရာကို နစ်နာအောင် လုပ်တယ်လို့ အာအက်ဖ်အေကို ပြောပါတယ်။

ပြည်ပရောက် မြန်မာကာတွန်းဆရာ ကာတွန်းဝင်းထွန်း ကလည်း ကာတွန်းရေးဆွဲ သရော်ထားပါတယ်။ အဲဒီကာတွန်းမှာ မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအီ စာအုပ်ကို ကိုင်ထားတဲ့ မြန်မာစာရေးဆရာကို မြောက်ကိုးရီးယားက လက်သီးနဲ့ထိုး၊ မြန်မာစစ်အစိုးရက စစ်ဖိနပ်နဲ့ ကန်နေတဲ့ပုံ ပါရှိပါတယ်။

မစ္စတာဘားမား ခေါ် ကာတွန်းဝင်းထွန်းက မလွတ်လပ်တဲ့ စာနယ်ဇင်းလောကဟာ နှစ်ဖက်ညှပ် ဖိနှိပ်ခံနေရတယ်ဆိုတာ ပြသချင်လို့ ဒီကာတွန်းကို ရေးဆွဲရတာလို့ ဆိုပါတယ်။ စာရေးဆရာဟိန်းလတ်ဟာ မြန်မာစစ်အစိုးရ စာပေစိစစ်ရေးရဲ့ ခွင့်ပြုချက်နဲ့ ဒီစာအုပ်ကို ထုတ်ဝေတာဖြစ်တယ်လို့ ပြောပါတယ်။

BMA မြန်မာသတင်းသမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်ကလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ သတင်း အချက်အလက်တွေ ပိုမိုရရှိအောင် စုဆောင်းပြီး သင့်တော်သလို ဆက်လက်ဆောင်ရွက်မယ်လို့ ပြောပါတယ်။
(rfa)

0 "အတိတ်သမိုင်းပြန်လှန်တဲ့အခါဆင်ခြင်စရာ"
ရေးသူ-လူထုစိန်ဝင်း

ဒီတနှစ်လောက်အတွင်းဂျာနယ်တွေဖတ်ကောင်းလာတယ်။အရင်ကလိုအရည်မရအဖတ်မရ ဖျော်ဖြေရေးသတင်းတွေအစား နိုင်ငံရေးအကြောင်းဒီမိုကရေစီအကြောင်း၊ရွေးကောက်ပွဲအကြောင်း၊ သတင်းဆောင်းပါးတွေသူ့ ထက်ငါ ပြိုင်သထက်ပြိုင်အောင်
ဖေါ်ပြလာကြတယ်။

ယောင်ဝါးဝါးအသိ
ဒီလိုဖေါ်ပြလာကြတာလူကြီးပိုင်းအတွက်လဲကောင်းတယ်။မကြားရ၊မပြောရတာကြာပြီဖြစ်တဲ့ 
စကားတွေကို အားရပါးရဖတ်ပြီး အားရပါးရစားမြုံ့ ပြန်နိုင်ကြတယ်။လူငယ်လူရွယ်တွေအတွက်လဲအများကြီးကောင်းတယ်။
အဆက်ပြတ်နေတဲ့ခေတ်အကြောင်းတွေကိုသိကြရတယ်။ဂျာနယ်တွေကိုကျေးဇူးတင်မိတယ်။
လူငယ်လူရွယ်တွေသာမကဘူးအခုချိန်မှာ အသက်(၅၀)တန်းအောင်ရောက်နေသူတွေတောင် ကိုယ့်နိုင်ငံရဲ့ 
သမိုင်းကိုသေသေချာချာမှန်မှန်ကန်ကန်သိကြာတာမဟုတ်ဘူး၊ယောင်ဝါးဝါးလောက်သာသိကြတာ။
အတိတ်သမိုင်းကိုမသိတဲ့အခါကျတော့အခုပစ္စုပ္ပန်မှာရွေးကောက်ပွဲတို့ ဒီမီုကရေစီတို့ အကြောင်းတွေကို ကြားရတဲ့အခါမှာဟိုလူပြောလဲဟုတ်နိုးနိုးဒီလူပြောလဲဟုတ်နိုးနိုးနဲ့ ယောင်ဝါးဝါးဖြစ်ကြနေကြရတယ်။
ကိုယ်တိုင်တိတိကျကျ ဘာမှဆုံးဖြတ်နိုင်စွမ်းမရှိကြဘူး။

တအံ့တသြဖြစ်ကြ
ဂျာနယ်လစ်တွေ ပြန်ပြီးဖေါ်ပြနေကြတဲ့ အတိတ်သမိုင်းကြောင်းတွေ ဖတ်ပြီး တချို့ ဆိုရင်မယုံနိုင်လောက်အောင်ကို ပါးစပ်အဟောင်းသားဖြစ်နေကြတာတွေ့ ရတယ်။
ကာတွန်းတွေတွေ့ ပြန်တော့လည်းဒီလိုသရော်လို့ ရသလား၊ဒီလိုလှောင်လို့ ရသလားနဲ့ တအံ့တသြဖြစ်နေကြတယ်။
ဒါကြောင့်ဂျာနယ်တွေကိုကျေးဇူးတင်တယ်ပြောခဲ့တာ။ဒါပေမယ့်ဘ၀င်မကျသဘောမတူနိုင်တာတွေလည်းရှိပါတယ်။ ဂျာနယ်တွေကပြန်လည်ဖေါ်ပြတဲ့အတိတ်ဖြစ်ရပ်တွေထဲမှာ အများစုကနိုင်ငံရေးသမားအချင်းချင်းကွဲကြပြဲကြတာတွေ တဦးနဲ့ တဦးအပြန်အလှန်ပုတ်ခတ်တာတွေချည်း တွေ့ ရတယ်။
နိုင်ငံရေးဆိုတာကိုယ်တိုင်မကြုံဘူးသူတွေရဲ့ အမြင်မှာနိုင်ငံရေးသမားတွေဆိုတာဒီလိုဘဲကွဲကြပြဲကြတိုက်ခိုက်နေကြတာဘဲ၊
ဘယ်သူမှမကောင်းပါလားလို့ ယူဆထားစရာဖြစ်နေတယ်။ဒီနေ့ မြန်မာ့တပ်မတော်ရဲ့ အမတေဖြစ်တဲ့ ရဲဘော်သုံးကျိပ် ဗိုလအောင်ဆန်း၊ဗိုလ်လင်္ကျာ၊ဗိုလ်စင်္ကြာ၊ဗိုလ်နေ၀င်း၊ဗိုလ်ဇေယျ၊ဗိုလ်ရန်အောင်၊ဗိုလ်မှုးအောင်၊ဗိုလ်ဗလ၊ဗိုလ်တာရာ၊စတဲ့ပဂ္ဂိုလ်တွေအားလုံးဟာ သခင်ဘွဲ့ ခံနိုင်ငံရေးသမား
ဆိုတဲ့အချက်မှေးမှိန်ကွယ်ပျောက်သွားနိုင်ပါတယ်။

နားမလည်နိုင်ဘူး
ညီညွတ်ရေးအရေးကြီးပုံကို ပြောချင်လို့ အကွဲအပြဲတွေကို ပြန်ဖေါ်ထုတ်တာဆိုတဲ့အကြောင်းပြချက်ကလည်းမှန်တယ်မထင်ပါဘူး။ညီညွတ်ရေးအကြောင်းတခြားပြောစရာပြစရာ နမူနာတွေအများကြီးရှိပါတယ်။၁၃၀၀ပြည့်အရေးတော်ပုံကြီးအကြောင်း၊၁၉၂၀၊၁၉၃၆
ကျောင်းသားသပိတ်ကြီးအကြောင်းတို့ ၊နေသူရိန်အစည်းအဝေးကြီးအကြောင်းတို့ ။ပင်လုံညီလာခံအကြောင်းတို့ လိုအကြောင်းတွေမနည်းလှပါဘူး။ဒါတွေကိုဇောင်းပေးဖေါ်ထုတ်ခြင်းမပြုဘဲနဲ့ကွဲတာပြဲတာတွေချည်းဖေါ်ထုတ်နေကြတာတော့ နားမလည်နိုင်အောင်ဖြစ်ရပါတယ်။လူ့ လောကမှာအမြင်သဘောထားခြင်းမတူကွဲပြားတာဟာလူ့ သဘာဝဖြစ်တယ်။ကဲ့ရဲ့ ရှုတ်ချရမယ့်ကိစ္စမဟုတ်ဘူး၊
နိုင်ငံရေးလုပ်တယ်ဆိုတာကလည်းလူလောကအရေးကိုလုပ်ကြတာဘဲ။အဲဒီတော့သဘောများအယူအဆ ကွဲပြားတာတွေ ဆွေးနွေးငြင်းခုန်တာတွေ ရှိမြဲဖြစ်တယ်။

ငြင်းခုန်တာလူ့ သဘာဝ
ဆွေးနွေးငြင်းခုန်ခြင်းဟာရန်ဖြစ်တာမဟုတ်ပါဘူး။သမ္မတ အိုဘာမားရဲ့ ကျန်းမာရေးဥပဒေကို အမေရိကန်တစ်နိုင်ငံလုံးငြင်းးခုံခဲ့ကြသလိုလွှတ်တော်နှစ်ရပ်လုံးမှာလည်းငြင်းခုံဆွေးနွေးကြတာပါဘဲ။ လွှတ်တော်ထည်းမဲခွဲတဲ့အခါမှာလည်းအိုဘားမားရဲ့ ပါတီကဒီမိုကရက်အမတ်ကန့် ကွက်မဲပေးသူတွေရှိခဲ့သလို၊ပြိုင်ဘက်ရီပတ်ဘလစ်ကန်အမတ်တွေကထောက်ခံမဲပေးသူလည်းရှိခဲ့ပါတယ်။အဲဒီလိုငြင်းခုန်ခဲ့ကြလို့ ကန့် ကွက်/ထောက်ခံမဲပေးခဲ့ကြလို့ ဘယ်ပါတီမှနှစ်ခြမ်းမကွဲသွားသလို ဘယ်အမတ်ကိုမှလည်းသူ့ ပါတီတွေကပုတ်ခတ်မပစ်ခဲ့ကြဘူး။
ဂျပန်နိုင်ငံက LDP ဆိုတဲ့ပါတီကြီးဆိုရင်ဂိုဏ်းအုပ်စုတွေတစ်ဒါဇင်လောက်တရားဝင်တည်ရှိနေတဲ့ပါတီ ဖြစ်တယ်။ဒါတောင် LDPဟာနိုင်ငံရေးအာဏာကို တစ်လျှောက်လုံးနီးပါး၊ချုပ်ကိုင်ထားနိုင်ခဲပါတယ်။ဂိုဏ်းအုပ်စုတွေကြောင့် ပါတီအစိတ်စိတ်အမွှာမွှာကွဲတာမျိုးမဖြစ်ခဲ့ပါဘူး။

သဘောပေါက်သင့်တယ်
စိတ်ဓါတ်အတွေးအခေါ်ရင့်ကျက်သူတိုင်းငြင်းခုန်တာဟာရန်ဖြစ်တာမဟုတ်ကိုယ်နဲ့အယူအဆမတူတိုင်းရန်သူဖြစ်သွားတာမဟုတ်ဆိုတဲ့သဘောသဘာဝကိုနားလည်ကြပါတယ်။ဂျာနယ်တွေကဒီအချက်ကိုသဘောပေါက်ထားသင့်တယ်။မီးလောင်ရာလေပင့်သလိုဖြစ်မသွားအောင်သတိထားဆင်ခြင်သင့်တယ်။ငြင်းခုံတိုင်းရန်ထဖြစ်တာမရင့်ကျက်သေးတဲ့ကလေးတွေရဲ့ အပြုအမှုဖြစ်တယ်။ရင့်ကျက်သူတွေဟာငြင်းတိုင်းရန်
ထမဖြစ်ဘူး၊ကိုယ့်နဲ့ မတူကိုယ့်ရန်သူလို့ သဘောမထားဘူး၊မတူပေမယ့်လက်တွဲမဖြုတ်တမ်းနေချင်ကြတယ်။အိုဘားမားနဲ့ ဟီလာရင်ကလင်တန်ဟာအကြီးဆုံးပြိုင်ဘက်ကြီးများအဖြစ် တစ်ဦးနဲ့ တစ်ဦးအပြင်းအထန်ဝေဖန်တိုက်ခိုက်ကြငြင်းခုန်ခဲ့ကြတာဘဲ။ဒါပေမယ့်အခုတော့သမ္မတနဲ့ နိုင်ငံခြား
ရေးဝန်ကြီးအဖြစ်လက်တွဲနေနိုင်ခဲ့ကြတယ်။ဒါဟာရင့်ကျက်ခြင်းရဲ့ အကောင်းဆုံးသာဓကဖြစ်တယ်။

ကျေးဇူးကန်းရာရောက်ရောက်မယ်
ဂျာနယ်တွေအနေနဲ့ နှောင်းခေတ်လူငယ်တွေကို နိုင်ငံရေးနဲ့ ပက်သက်တဲ့ဗဟုသုတဖြန့် ဝေပေးရာမှာဒီအချက်တွေကို အလေးအနက်ထားစဉ်းစားပြီးမှပေးသင့်တယ်။ နိုင်ငံရေးသမားဆိုတာ ဘယ်သူမှမကောင်းဘူးဆိုတဲ့အမြင်မှားတွေဖြစ်ပေါ်စေမယ့်အကြောင်းတွေကို ရှောင်ရှားသင့်တယ်။ လူငယ်တွေလက်ထဲဒီလိုအမြင်မျိုးစွဲသွားရင် နယ်ချဲ့ သမားတွေနဲ့ ဖက်ဆက်တွေကို အသစ်စွန့် တိုက်လိုက်ပြီး တိုင်းပြည်လွှတ်လပ်ရေးရအောင် မပစ်ဖပစ်၊အိုးပစ်အိမ်ပစ်၊သားပစ်မယားပစ်၊ဆောင်ရွက်ခဲ့ကြတဲ့ နိုင်ငံ့ကျေးဇူးရှင်ကြီးများကို ကျေးဇူးကန်းရာရောက်သွားပါလိမ့်မယ်။
သတိထားကြ၊ဆင်ခြင်ကြစေလိုပါတယ်။


** "လူထုစိန်ဝင်း" **
(နွယ်နီမဂ္ဂဇင်း အတွဲ(၂၀)အမှတ်(၃)ဇူလှိုင်လ ၂၀၁၀ခုနှစ်)

0 Hunger Strike to End Crimes in Burma


Aung Moe was one of the student leaders during the 1988 student uprising in Burma. Since then, he has fled his country after a brutal military crackdown and has taken refuge in Canada. Last May, he staged a solo 5-day hunger strike in front of the White House, calling on President Obama to support a UN-led Commission of Inquiry to investigate war crimes and crimes against humanity in Burma. This is his story.

0 သမိုင်းကြောင်းကို ဇောက်ထိုးမြေလှန် လုပ်ကြံပြောင်းလဲလိုသူများအား UK ရောက် ကျောင်းသားလူငယ်များ၏ ဆန္ဒပြပွဲ


ဆန္ဒပြပွဲ မှတ်တမ်းတင်ဓာတ်ပုံများ (Photo -ကိုချမ်းမြစိုး)
ဒါရိုက်တာ တင်သန်းဦး ရိုက်ကူးပြီး မြန်မာနိုင်ငံထဲမှာ ဖြန့်ချီနေတဲ့ အရုဏ်ဦးတွင် ဖူးသည့်ကြာ ဗီဒီယို ဇာတ်ကားဟာ ဦးသန်အရေးအခင်းနဲ့ ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုတွေကို သေးသိမ်အောင် ဖော်ပြချက်တွေ ပါဝင်နေပြီး သမိုင်းကြောင်းတွေကို အမှန်အတိုင်း မဖော်ပြပဲထားတဲ့ အတွက် အဲဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်တချို့လန်ဒန်ကို ရောက်လာချိန်မှာ ကန့်ကွက် ဆန္ဒပြဖို့ ဗြိတိန်ရောက် မြန်မာ ကျောင်းသူ ကျောင်းသားတွေက စီစဉ်နေပါတယ်။ဒီဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် နေတိုးနဲ့ မိုးယုစံဟာ တခြားသရုပ်ဆောင်တွေ ဖြစ်တဲ့ ထွန်းထွန်း၊ ကျော်ကျော်ဗို၊ ဂျင်းနီတို့နဲ့ အတူ မြန်မာအသင်း (ယူကေ) ရဲ့ အစီအစဉ်နဲ့လန်ဒန်မြို့မှာ ဇူလိုင်လ ၃၁ ရက်နေ့ ညနေမှာ အငြိမ့်နဲ့ စင်တင်တေးဂီတ ဖျော်ဖြေမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဗြိတိန်ရောက် မြန်မာကျောင်းသူတစ်ဦးဖြစ်တဲ့ မမို့မို့ခင်ကတော့ အစိုးရက အနုပညာရှင်တွေကို အသုံးချပြီး သမိုင်းကြောင်းကို လှည့်ဖျား လိမ်ညာဖုံးကွယ်ဖို့ ကျိုးပမ်းနေတာကို အနုပညာရှင်တွေ အနေနဲ့လဲ ဝါဒဖြန့်ဇာတ်ကားတွေမှာ အသုံးချခံ မဖြစ်ရအောင် အသိရဖို့ အခုလို ဆန္ဒပြဖို့စီစဉ်ရတာ ဖြစ်ကြောင်း၊ သမိုင်းအမှားကြီးကို လူငယ်တွေ အမှတ်မှားသွားရင် တိုင်းပြည်အတွက် အန္တရာယ်ရှိတဲ့ အကြောင်း ဘီဘီစီကို ပြောပြသွားပါတယ်။
(bbc)

0 မြန်မာစစ်ရာဇ၀တ်မှု စုံစမ်းရေး အတိုက်အခံများ ကြိုဆို

မြန်မာစစ်အစိုးရရဲ့ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ် ပြစ်မှုတွေကို စုံစမ်းဖော်ထုတ်ပေးဖို့ ကုလသမဂ္ဂအနေနဲ့ ကော်မရှင်တရပ် ဖွဲ့စည်းဖို့ကိစ္စကို သမ္မတ အိုဘားမား အစိုးရက ထောက်ခံဖို့ အမေရိကန် အထက်လွှတ်တော်အမတ် ၃၂ ယောက်က စာရေးသားတောင်းဆိုလိုက်တဲ့အပေါ် မြန်မာ့အရေးလှုပ်ရှားသူတွေက ထောက်ခံ ကြိုဆိုလိုက်ကြပါတယ်။ အထက်လွှတ်တော်အမတ် ၃၂ ယောက်က သောကြာနေ့မှာ အဲဒီစာကို နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကို ရေးသား ပေးပို့ခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရ ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရာဇ၀တ်ပြစ်မှုတွေကို စုံစမ်း စစ်ဆေးပေးဖို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက တောင်းဆိုနေတာတော့ ကြာပါပြီ။

နယ်စပ်ဒေသတွေအပါအ၀င် မြန်မာပြည်နိုင်ငံအတွင်း စစ်အစိုးရက ကျူးလွန်နေတဲ့ အခွင့်အရေး ချိုးဖောက်မှုတွေဟာ စစ်ရာဇ၀တ်မှု မြောက်တယ်လို့ ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် မြန်မာ့အရေးဆောင်ရွက်နေတဲ့ ဦးအောင်သူငြိမ်းက ပြောပါတယ်။

“ကျနော်တို့ ကရင်ပြည်နယ်မှာ ကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံတွေပေါ့ဗျာ၊ ရွာလုံးကျွတ် မီးရှို့တာတို့၊ ရွာတွေ အတင်းအဓမ္မ ရွှေ့ပြောင်းတဲ့ ကိစ္စတွေက ပြောရမယ်ဆိုရင် စစ်ရာဇ၀တ်မှု မြောက်တဲ့ ကိစ္စတွေပါ။ နောက်တခုက မြန်မာ အမျိုးသမီးတွေကို မတော်မတရား လုပ်တယ်ဆိုတဲ့ ကိစ္စတွေ အများကြီး ရှိထားတယ်ပေါ့လေ။ ဒါတွေကတော့ မြောက်ပါတယ်။ ဒါပေမဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြောရင်တော့ လက်ရှိမှာ ပြည်တွင်းစစ် ဖြစ်နေတယ်ဆိုတဲ့ အနေအထားမှာ အပစ်အခတ် ရပ်စဲရေး လုပ်ထားတဲ့ကိစ္စတွေကလည်း တော်တော်များများ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ခြုံပြောရင်တော့ ဘယ်လောက်အတိုင်းအတာလဲ ဆိုတာ ပြောဖို့တော့ ခက်ပါတယ်။”

ဒါကြောင့်လဲ အမေရိကန် အထက်လွှတ်တော် အမတ်အများစုက အခုလို တက်တက်ကြွကြွ တောင်းဆိုလိုက်တာဟာ ကောင်းတဲ့လက္ခဏာ ဖြစ်တယ်လို့ AHRC အာရှလူ့အခွင့်အရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။

“အခု အဲဒီလိုမျိုး အမေရိကန်နိုင်ငံကနေပြီးတော့ တက်တက်ကြွကြွနဲ့ ဆီနိတ်တာတွေ ၃၂ ဦး ကိုယ်တိုင်က မြန်မာနိုင်ငံတွင်းမှာ ဖြစ်နေတဲ့ လူသားချင်း မစာနာမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အားလုံးနဲ့ပတ်သက်ပြီးတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကပဲ ဖြစ်ပါစေ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကပဲဖြစ်စေ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့မယ် ဆိုတဲ့ကိစ္စက ပိုပြီးတော့ ကောင်းတဲ့ကိစ္စတွေလို့ ကျနော်တို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ယခင်က အမေရိကန်ကိုယ်တိုင်က အဲဒီလိုမျိုး တက်တက်ကြွကြွ မရှိခဲ့လို့ ကြံ့ကြာနေခဲ့တာ ဖြစ်တယ်။”

HREIB လူ့အခွင့်အရေး ပညာပေးအဖွဲ့ မြန်မာပြည်က ညွန်ကြားရေးမှူး ဦးအောင်မျိုးမင်း ကလည်း အထက်လွှတ်တော်အမတ် ၃၂ ယောက်ရဲ့ တောင်းဆိုချက်ကို ထောက်ခံလိုက်ပြီး အခုလို မြန်မာပြည်အတွက် လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့သင့်တာ ကြာပြီလို့ ဆူဒန်နိုင်ငံ ဒါဖော်ဒေသမှာဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေနဲ့ နှိုင်းယှဉ် သုံးသပ်ပြပါတယ်။

“အခုလိုမျိုး အထူး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့က မြန်မာပြည်မှာ လုပ်သင့်တာ ကြာပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဆူဒန်နိုင်ငံတုန်းက ဖြစ်ခဲ့သလို လူမျိုးတုံး သတ်ဖြတ်မှုတွေ ပုံစံမျိုးတွေ၊ နောက်တခါ စစ်ပွဲဆိုင်ရာ ရာဇ၀တ်မှု ကျူးလွန်တဲ့ အထောက်အထားတွေ အများကြီး ရှိပါတယ်။ အထူးသဖြင့် တိုင်းရင်းသား ဒေသတွင်းမှာ ကျေးရွာတွေကို ပြောင်းရွှေ့တာတွေ၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်တာတွေ၊ ကလေးသူငယ်တွေကို စစ်မှုထမ်းခိုင်းနေတဲ့အချက်တွေက ဆူဒန်နိုင်ငံရဲ့ အခြေအနေထက် မဆိုးရင်တောင်မှ အဲဒီလောက် အခြေအနေအထိ ဖြစ်နေတာ တွေ့ရတယ်။ အခုအချိန်မှာဆိုရင် မစ္စတာ ကင်တားနားလည်း လာပြီးတော့ လေ့လာစုံစမ်းပြီးတော့ ကော်မရှင်ကိစ္စကို သူ့အနေနဲ့ စုံစမ်းဖို့အတွက် လုပ်ဆောင်နေတာ ရှိတယ်။ ဒီလိုမျိုး အချက်အလက်တွေ တောင်းဆိုနေယုံတင် မကဘဲနဲ့ ဒီအချက်အလက်တွေကို တကယ် ကျူးလွန်တယ်ဆိုတဲ့အချက် သက်သေ အထောက်အထားတွေ ပြဖို့က ကျနော်တို့မှာ နှစ်ပေါင်း ၁၀ စုနှစ်ပေါင်းများစွာ ကျနော်တို့ စုဆောင်းထားတဲ့ အချက်အလက်တွေက သက်သေပြနေပါတယ်။ အဲဒီတော့ ဒီဟာမျိုး ဖြစ်ဖို့အတွက်က ကျနော်တို့ မဖြစ်မနေ လိုအပ်တဲ့အရာတခုလို့ ကျနော်တို့ ပြောချင်ပါတယ်။”

ဒါပေမယ့် ဒီကိစ္စဟာ နောက်ဆုံး အရေးယူမှုအဆင့်ထိရောက်လာဖို့ အချိန် အတော်ယူရဦးမှာ ဖြစ်ပြီး လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်တဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတို့ရဲ့ ထောက်ခံမှုလည်း လိုအပ်တယ်လို့ အာရှလူ့အခွင့်အရေး ကော်မရှင်က ဦးမင်းလွင်ဦးက ဆိုပါတယ်။

“ဒီကိစ္စကတော့ နောက်ဆုံး အမြင့်ဆုံး အရေးယူနိုင်ဖို့အဆင့်အထိ ဖြစ်လာဖို့တောင်မှ အနည်းဆုံး ၇ နှစ်လောက် ကြာဦးမယ့် အခြေအနေမျိုး ဖြစ်တယ်။ နောက်ပြီးတော့ တခါ နိုင်ငံတကာကနေပြီးတော့ ဒီကိစ္စကို ထောက်ခံဖို့ဆိုတာကလဲ ကျနော်တို့ ရုရှားရယ်၊ တရုတ်ရယ်က ပူးပေါင်းပါဝင်ပြီးတော့ ထောက်ခံမှသာလျင် ဒီကိစ္စက ဖြစ်ဦးမှာဖြစ်တယ်။ အဲဒီတော့ ကျနော်တို့ အမေရိကန် ပါလာတဲ့အတွက်တော့ ကျနော်တို့ အားရှိတာတော့ မှန်တယ်။ သို့သော်လည်းပဲ စောစောကပြောသလို ဖြစ်နိုင်တဲ့အခြေအနေက တရုတ်နဲ့ ရုရှား နှစ်နိုင်ငံ ခံနေသေးတဲ့အတွက် ဒီအပေါ်မှာ ကျနော်တို့ စောင့်ကြည့်ရဦးမှာဖြစ်တယ်။ အလွန်ဆုံး ဖြစ်လာနိုင်တာကတော့ ကျနော်တို့ မြန်မာနိုင်ငံတွင်းမှာ ကျူးလွန်ခဲ့တဲ့ စစ်အာဏာရှင်တွေ အတွက် နောက်ဆုံး ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအပေါ်မှာ ခုံရုံးဖွဲ့ စစ်ဆေးစီရင်ဖို့ ဖြစ်လာနိုင်တဲ့အထိလောက်ပဲ ရောက်ဦးမယ်လို့ ကျနော်တို့က မျှော်လင့်တယ်။”

အခု အမေရိကန် အထက်လွှတ်တော် အမတ် ၃၂ ယောက် ပေးပို့ခဲ့တဲ့ စာထဲမှာတော့ မြန်မာနိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့ ဖိအာေးပးမှုတွေ လုပ်ဆောင်နေတဲ့ တချိန်တည်းမှာပဲ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းမယ့်ကိစ္စကို ထောက်ခံတာဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့အတွက် အမေရိကန်က အခိုင်အမာ စိတ်ပိုင်းဖြတ်ထားတယ် ဆိုတာသိအောင် စစ်အစိုးရကို ထင်ထင်ရှားရှား ပြသရာ ရောက်လိမ့်မယ်လို့ ဖော်ပြထားပါတယ်။ (VOA)

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.