Tuesday, August 3, 2010

0 မျိုးဆက်တော်လှန်ရေး အပြီးသတ်နဲ့ တန်းတူရေးလက်နက်

၁၉၂၀ ဒီဇင်ဘာ(၅)ရက်နေ့ဟာ ပထမ ကျောင်းသားသပိတ် ဖြစ်တယ်။ ကိုလိုနီဗျူရိုကရက် အုပ်ချုပ်မှုအောက် ကိုလိုနီပညာရေးစနစ်၊ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ပယ်ဖျက်ပေးဖို့ ကျောင်းသားများက အရေးဆိုခဲ့ရာက ကျောင်းသားသပိတ်ဖြစ်ခဲ့တယ်။ ၁၉၂ဝ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ဗြိတိသျှအာဏာပိုင်တွေက ကျွန်သက်ရှည်မယ့် ပညာရေးစနစ်ကို သွတ်သွင်းဖို့ “တက္ကသိုလ်ဥပဒေ” တရပ်ကို ဆန့်ကျင်ကန့်ကွက် နေခဲ့ကြတဲ့ကြားကပဲ ပြဋ္ဌာန်းလိုက်တဲ့အတွက် ရန်ကုန်နှင့် ယုဒသန် ကောလိပ်ကျောင်းသားများက “တက္ကသိုလ် ဥပဒေ” ကို လုံးဝလက်မခံကြဘဲ အဓမ္မပြဋ္ဌာန်းလိုက်သည့် ဥပဒေကို သပိတ်မှောက်ကြတာ ဖြစ်ပါတယ်။

တဆက်တည်းပင် တက္ကသိုလ်အာဏာပိုင် မျက်နှာဖြူဆရာအား “ဆာ” ထည့်မထူးတဲ့ ကျောင်းသားကို ကျောင်းကထုတ်ပစ်ခြင်း၊ သမဂ္ဂ ဥက္ကဌ ကိုနုကို ကျောင်းကထုတ်ခြင်း၊ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်းကို ကျောင်းကထုတ်ပစ်ရန် စီစဉ်ခြင်းတွေက ၁၉၃၆ခုနှစ် ဖေဖေါ်ဝါရီလ (၂၂)ရက်နေ့မှာ ဒုတိယ ကျောင်းသားသပိတ်ကြီးကို ဖြစ်ပေါ်စေခဲ့တယ်ဆိုပေမဲ့လို့ အဓိက အကြောင်းတရားကတော့ ကိုလိုနီ ပညာရေးစနစ်နဲ့ ကိုလိုနီပညာရေးစနစ်ကို အသက်သွင်းပေးနေတဲ့ တက္ကသိုလ်ဥပဒေသာ ဖြစ်ပါတယ်။ အဲဒါကြောင့် ၁၉၃၆ခုနှစ် ဒုတိယ ကျောင်းသားသပိတ်တိုက်ပွဲဟာ ရန်ကုန်တက္ကသိုလ်ဥပဒေ ပြင်ဆင်ရေး၊ ကိုလိုနီပညာရေးစနစ် ဖျက်သိမ်းရေးလို့ ဆိုနိုင်ပါတယ်။

၁၉၃၀ခုနှစ် အောက်တိုဘာလ(၃၀)ရက်မှာတော့ လယ်သမားခေါင်းဆောင် ဂဠုံဆရာစံ ဦးဆောင်တဲ့ လယ်သမားသူပုန် တော်လှန်ရေးကြီး ဖြစ်ပွားခဲ့ပါတယ်။ ဒီတော်လှန်ရေးကြီးဖြစ်ပွားရတဲ့ အကြောင်းရင်းကတော့ အင်္ဂလိပ်အစိုးရရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖိနှိပ်မှုတွေက အဓိက အချက်တွေဖြစ်ပါတယ်။ ဒါ့အပြင် လူခွန်၊ မြေခွန်၊ သစ်တောခွန်၊ အိမ်ခွန်၊ သဿမေဒခွန် စတဲ့ အခွန်အတုတ်တွေကို နည်းမျိုးစုံနဲ့ အဓမ္မကောက်ယူကြပြန်ပါတယ်။ ဒီအခြေအနေဆိုးတွေကြောင့် ဂဠုံတပ်မတော် အမည်ခံ လယ်သမားတော်လှန်ရေးတပ်ကို ဖွဲ့စည်းပြီး လက် နက်နဲ့ကျူးလွန်လာသူကို လက်နက်နဲ့တော်လှန်ရမယ် ဆိုတဲ့ ကြွေးကြော်သံကို ကိုင်စွဲရာမှ လယ်သမားတော်လှန်ရေးကြီး ပေါ်ပေါက်လာခဲ့ တာ ဖြစ်ပါတယ်။ လယ်သမား ဂဠုံတပ်ဖွဲ့ရဲ့ဆောင်ပုဒ်က “ငတ်၍မသေ တိုက်ရင်းသေမည်” ဖြစ်ပါတယ်။ ၁၉၃၂ခုနှစ် ဧပြီလအထိ လယ်သမားတော်လှန်ရေးကြီးဟာ မြန်မာနိုင်ငံတ၀ှမ်းလုံးကို ကူးစက်ပျံ့နှံ့သွားခဲ့ပါတယ်။

၁၉၃၈ခုနှစ် ဇန်န၀ါရီလ(၈)ရက်နေ့မှာတော့ ချောက်မြို့ ဘီအိုစီရေနံမြေသပိတ်ကြီး ပေါ်ပေါက်ခဲ့ပါတယ်။ မြန်မာသက္ကရာဇ် ၁၃၀၀ပြည့်နှစ် မှာ ပေါ်ပေါက်တာကြောင့် မြန်မာ့သမိုင်းမှာ ၁၃၀၀ပြည့်အရေးတော်ပုံအဖြစ် ကဗျည်းတင်ခဲ့ပါတယ်။ ဒီသပိတ်ကြီး ပေါ်ပေါက်ရတဲ့ အကြောင်းကတော့ (၁) ဘီအိုစီ ရေနံကုမ္ပဏီက ဘာသာရေး အလုပ်ပိတ်ရက်(၁၀)ရက်ကို (၇)ရက်အဖြစ် လျှော့ချခြင်း၊ (၂) အလုပ်သမား တို့ရဲ့ စားဝတ်နေရေးဆိုင်ရာ တောင်းဆိုချက်(၁၂)ချက်ကို မလိုက်လျောခြင်းနဲ့ (၃) ချောက် ဘီအိုစီ မော်တော်ယာဉ်ဌာန စက်ပြင်ဆရာ သခင် ခင်ကို အလုပ်ထုတ်ပစ်ခဲ့ခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ၁၃၀၀ပြည့် ရေနံမြေအလုပ်သမားသပိတ်ကြီးဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ် ရေးကြိုးပမ်းမှုနဲ့ နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ အလွန် အရေးပါအရာရောက်တဲ့ အလုပ်သမားသပိတ်ကြီးဖြစ်သလို မြန်မာ့လွတ် လပ်ရေး တိုက်ပွဲသမိုင်းမှာ အကြီးမားဆုံး လူထုလှုပ်ရှားမှုတိုက်ပွဲကြီးလည်း ဖြစ်ပါတယ်။

၁၉၃၈ခုနှစ် ဒီဇင်ဘာ(၂၁)ရက်နေ့မှာတော့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး ရန်ကုန်မြို့အတွင်းဝန်များရုံးကို ၀ိုင်းဝန်းဆန္ဒပြရာ နယ်ချဲ့အစိုးရ မြင်းစီးပုလိပ်များရဲ့ တုတ်ချက်အောက်မှာ ပြင်းထန်စွာ ဒဏ်ရာရ ကျောင်းသားကျောင်းသူ(၂၀၀)ခန့်အနက် ဂျပ်ဆင်ကောလိပ် ဥပစာတန်းကျောင်းသား ကိုအောင်ကျော် အသက်စတေးခဲ့ရပါတယ်။ ကျောင်းသားထုကြီးနဲ့ တပြည်လုံးရှိ မြန်မာလူထု ကြီးက ကိုအောင်ကျော်အား ဗိုလ်ဘွဲ့တပ်ပြီး ဗိုလ်အောင်ကျော် ဟု ဂုဏ်ပြုခဲ့ကြပါတယ်။

မကြာမီက ဖြစ်ပွားခဲ့တဲ့ ၁၃၀၀-ပြည့်အရေးတော်ပုံကြီးနဲ့ ခရီးရှည်ချီတက်ကြတဲ့ ရေနံမြေလုပ်သားကြီးတို့ရဲ့ ဆန္ဒပြပွဲတွေ၊ ဗိုလ်အောင်ကျော် ကျဆုံးခဲ့ခြင်းစတဲ့ အဖြစ်အပျက်တွေဟာ မြန်မာတမျိုးသားလုံးကို အမြဲတစေ စိတ်ဓါတ်တက်ကြွ လှုပ်ရှားနေစေခဲ့သလို နယ်ချဲ့အင်္ဂလိပ် အစိုးရနဲ့ အစိုးရလက်ပါးစေ မြန်မာအရာရှိတွေကို မြန်မာတမျိုးသားလုံးက လွန်စွာရွံမုန်းနေကြတဲ့အတွက် ဖိနှိပ်ရက်စက်မှုတွေကို ဆန့်ကျင် တော်လှန်ဖို့ စိတ်ဓါတ် ပြင်းထန်နေကြတဲ့အချိန်လည်း ဖြစ်ပါတယ်။

၁၃၀၀-ပြည့်အရေးတော်ပုံနဲ့ ဗိုလ်အောင်ကျော်ကျဆုံးပြီးနောက် မြန်မာတပြည်လုံး လှုပ်ရှားထကြွနေတဲ့အတွက် နယ်ချဲ့အစိုးရဟာ ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးတွေမှာ လူစုလူဝေးနဲ့ ချီတက်ဆန္ဒပြခြင်း မပြုလုပ်နိုင်ရန် ပုဒ်မ-၁၄၄- အမိန့်ကို ထုတ်ပြန်ထားရှိခဲ့ပါတယ်။ ဒီအမိန့်ကို ဖီဆန်တဲ့ နယ်ချဲ့ဆန့်ကျင်ရေး ဆန္ဒပြပွဲကြီးကို မန္တလေးမှာ ၁၉၃၉ခုနှစ် ဖေဖေါ်ဝါရီလ(၁၀)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ ရဟန်းရှင်လူ အာဇာနည်(၁၇)ဦး အသက်စတေး ကျဆုံးခဲ့ရပါတယ်။

မန္တလေးမြို့လူထုဟာ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲရဲ့ တပ်ဦးက ကျဆုံးသွားခဲ့တဲ့ အာဇာနည်(၁၇)ဦးကို “နေမျိုးသီဟသူရ” ဘွဲ့များ အပ်နှင်း၍ စည်ကားစွာ သင်္ဂြိုလ်ကြပြီးနောက် အာဇာနည်ကျောက်တိုင်တွေကို စိုက်ထူပေးခဲ့ကြပါတယ်။ မြန်မာ့သတ္တိ၊ မြန်မာ့ဇွဲမာန်၊ မြန်မာ့စွမ်းအင် ကိုပြသရင်း တိုင်းပြည်အတွက် အသက်စွန့်သွားကြတဲ့ မန္တလေးအာဇာနည် (၁၇)ဦးဟာ သမိုင်းမကွယ်သရွေ့ အမှတ်ထင်ထင် ရှိနေကြဦး မှာသာ ဖြစ်ပါတယ်။

ဒီ ၁၃၀၀ပြည့်အရေးတော်ပုံကြီးကနေ သင်ခန်းစာ(၂)ခု ရရှိလိုက်ပါတယ်။ တခုက မြန်မာ့လွတ်လပ်ရေးတိုက်ပွဲကို လူထုလှုပ်ရှားမှု သက် သက်နဲ့မရနိုင်။ ပြည်သူတို့ လက်နက်ကိုင်တပ်နဲ့ ပါဝင်ဆင်နွှဲနိုင်မှ ရနိုင်မယ်ဆိုတဲ့အမြင်နဲ့ ဒုတိယမှာ တပ်ပေါင်းစုဆန်တဲ့ တို့ဗမာ သခင်အဖွဲ့ အစည်း ခေါင်းဆောင်မှုနဲ့လည်းမရနိုင်။ ပိုမိုပြတ်သားပြီး အမာခံ စည်းကမ်းကြီးတဲ့ လူတန်းစားပါတီတရပ်ရဲ့ ခေါင်းဆောင်မှုနဲ့သာ ရယူနိုင် မယ် ဆိုတဲ့အမြင်တို့ ဖြစ်ကြပါတယ်။

အလားတူ လွန်ခဲ့တဲ့ အနှစ်၂၀ကျော်က ဖြစ်ပွားခဲ့တဲ့ ၁၉၈၈ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီးဆိုတာဟာ ၁၃၀၀ပြည့်အရေးတော်ပုံကြီးရဲ့ တိုက်ပွဲအဆက်ပါ။ ၁၉၈၈ခုနှစ် ဩဂုတ်လမှာ မြန်မာနိုင်ငံတ၀ှမ်းလုံးရှိ လူတန်းစားပေါင်းစုံ၊ အလွှာပေါင်းစုံ၊ အရွယ်ပေါင်းစုံ၊ လူမျိုးပေါင်းစုံတို့ ပါဝင်တဲ့ ပြည်သူလူထုကြီးတရပ်လုံးဟာ မကြုံစဘူး ထူးကဲလှစွာ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် စုစည်းညီညွတ်စွာဖြင့် အုံကြွခဲ့ ကြပြီး မဆလ တပါတီအာဏာရှင်စနစ်ကို ဖြိုချဖျက်သိမ်း၍ ဒီမိုကရေစီရရှိရေး တောင်းဆိုတိုက်ပွဲဝင်မှုကြီးတရပ်ကို ပေါ်ပေါက်စေခဲ့ပါတယ်။ အသက်သွေးချွေးပေါင်း မြောက်မြားစွာ သွန်းလောင်းရင်းနှီးပြီး ဒီမိုကရေစီစနစ်ကိုကျင့်သုံးတဲ့ မြန်မာနိုင်ငံတော်သစ်ကြီး ပေါ်ထွန်းလာဖို့ ကြိုး ပမ်းခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီကနေ လိုအပ်ချက်အရ ၁၉၈၈ခုနှစ် စက်တင်ဘာလ(၂၇)ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖြစ်ပေါ်လာပါတယ်။ နောက် ၁၉၉၀ ရွေးကောက်ပွဲ ဖြစ်လာတယ်။ မြန်မာပြည်သူတရပ်လုံးရဲ့ ရှေ့ဆောင်ပါတီကြီးလည်း ဖြစ်ပါတယ်။ အကြောင်းကတော့ မဲပေးပိုင်ခွင့်ရှိသူ ဦးရေ သန်း(၂၀)မှာ (၁၅)သန်းက အတည်ပြုရွေးကောက် တင်မြှောက်ထားတဲ့ ပါတီဖြစ်လို့ပါပဲ။ (၈၂)%နဲ့ ကို ပြတ်ပြတ်သားသား အနိုင်ရထားတဲ့ ပါတီပါ။

အဲဒါကြောင့် ရှစ်လေးလုံးလို့ပြောရင် အန်အယ်လ်ဒီ ပါပြီးသားပါ၊ တခါ အန်အယ်လ်ဒီလို့ ဆိုလိုက်တာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တန်းမြင် ရမှာပါ၊ ၁၉၉၀ရွေးကောက်ပွဲကလည်း တဆက်တည်းပါ။ ၈၈၊ ဒီချုပ်၊ ဒေါ်စု၊ ၉၀ တို့ဟာ သီးခြားစီ ခွဲထုတ်ပြောမယ်ဆိုရင် အဓိပ္ပါယ် သိပ် မရှိလှပါဘူး။ တဆက်စပ်တည်းဖြစ်မှ သဘာဝကျပြီး အနှစ်သာရပြည့်ဝမှာပါ။ ဒီမှာ တဆက်တည်း ထပ်ဖြည့်ပြောရမယ့် နောက်တချက်က တွေ့ဆုံဆွေးနွေး အဖြေရှာရေးနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့နိုင်ရေးပါ။ ဒါကြောင့် ၈၈၊ ဒီချုပ်၊ ဒေါ်စု၊ ၉၀၊ ဒိုင်ယာလော့နဲ့ အမျိုးသားပြန် လည်ရင်ကြားစေ့ရေးဟာ ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ကောင်းမှုပြုချက်တွေပါ။

ရှစ်လေးလုံးအရေးတော်ပုံကြီးက ဖမ်းဆုပ်ယူနိုင်လိုက်တဲ့ သင်ခန်းစာကတော့ စုစည်းခိုင်မာတဲ့ ရည်မှန်းချက် အားနည်းခဲ့တာရယ်၊ မဟာ ဗျူဟာမြောက် စီမံကိန်းလုပ်ငန်းစဉ်ပိုင်း အားနည်းမပြည့်စုံခဲ့တာရယ်၊ အချို့လူကြီးပိုင်းတွေရဲ့ အမြော်မြင်နည်းပါးမှုနဲ့ အချိန်ကို ကောင်းစွာ အသုံးမချတတ်မှုတွေကြောင့် လက်မတင်လေးရောက်ပြီးကာမှ လက်လွှတ်ဆုံးရှုံးသွားခဲ့ရတာရယ် လို့ ကျနော့်အနေနဲ့ ကောက်ချက်ဆွဲချင်ပါ တယ်။

ဟော အခုတခါ ၈၈ရဲ့ တိုက်ပွဲအဆက် ပေါ်လာပါတယ်။ ၂၀၀၇ စက်တင်ဘာ(၁၈)ရက် ရွှေဝါရောင်တော်လှန်ရေးကြီးပေါ့။ ဘုရားသားတော် တွေ ဦးစီးဦးရွက်ပြုတဲ့ စစ်အာဏာရှင်ဖျက်သိမ်းရေး သံဃာ့လှုပ်ရှားမှုတိုက်ပွဲကြီးပါပဲ။ အမည်ရင်း ဦးစန္ဒောဘာသလို့ ဘွဲ့အမည်တင်တဲ့ အသျှင်ဂမ္ဘီရကိုယ်တော်က သံဃာ့အာဇာနည်အဖြစ် ပေါ်ထွန်းလာခဲ့သလို အခြားသံဃာ့သူရဲကောင်းတွေကိုလည်း သမိုင်းအစဉ်အလာ မပျက် မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ အံ့လောက်ပါရဲ့ တို့တိုင်းပြည်။

ကောင်းမှုပြုချက်တွေကတော့ အများကြီးလို့ ပြောရမယ်ထင်ပါတယ်။ အဲဒီအထဲကမှ အဓိကကျ အရေးပါတဲ့ အချက်တချို့လို့ ကျနော့် သဘောအရ ထင်မြင်တာကို ပြောပြပါ့မယ်။

(၁) ပြတ်နေတဲ့ မျိုးဆက်ကွင်းဆက်ကို ပြန်ချိတ်ပေးလိုက်နိုင်တယ်၊

(၂) အာဏာရှင်စနစ်ကို အပြီးတိုင် မောင်းထုတ်သုတ်သင်ပစ်ရမယ် ဆိုတဲ့ အသိတရားကို မြန်မာပြည်သူတရပ်လုံးရဲ့ နှလုံးသားထဲကို အရောက်ပို့ပေးလိုက်နိုင်တယ်၊

(၃) အာဏာရှင်တွေရဲ့ သရုပ်သကန်ကို ကမ္ဘာကသိအောင် ဖွင့်ချလှစ်ဟပြနိုင်ခဲ့တယ်၊

(၄) ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်ကြတဲ့ တိုင်းပြည် နိုင်ငံတွေအပါအ၀င် အခြားဘာသာ ကိုးကွယ်ယုံကြည်သူများကိုပါ ဗုဒ္ဓသာသနာတော်ကို ဖျက်ဆီးတဲ့သူတွေအဖြစ် နားလည်လက်ခံသွား စေတယ်၊ အခြားသော ကောင်းမှုပြုချက်တွေလည်း ကျန်ရှိပါလိမ့်ဦးမယ်။

ဒီသမိုင်းဖြစ်စဉ်တွေကို ပြန်ပြောပြနေရတာကတော့ ဒီလိုပါ။ ကျနော်တို့ မြန်မာပြည်သူတွေဟာ ၁၉၄၈ခုနှစ် လွတ်လပ်ရေးရယူခဲ့ပြီးပေမဲ့လို့ ဒီ ကနေ့ထိတိုင် လွတ်လပ်ရေးရဲ့ စစ်မှန်တဲ့အရသာကို မခံစားမရရှိသေးဘူးဆိုတာကို သမိုင်းဖြစ်စဉ်တလျှောက် ပြန်တွက်ကြည့်ရင် (၆၂ စစ် အာဏာသိမ်းပြီးနောက် ၇၄ ဇွန်လ အလုပ်သမားအရေးအခင်း၊ ဒီဇင်ဘာ ဦးသန့်အရေးအခင်း၊ ၇၅ မှိုင်းရာပြည့်၊ ၇၆ ကျွန်းဆွယ်အရေး အခင်း၊ ၇၆ စစ်တွေဆန်လုပွဲ…..စတဲ့ လူထုတိုက်ပွဲတွေနဲ့ စဉ်ဆက်မပြတ် တော်လှန်ခဲ့ကြတယ်ဆိုတာကို) အထင်းသား တွေ့မြင်နိုင်ပါတယ်။

အဲဒီအပေါ် သင်ခန်းစာနဲ့ အတွေ့အကြုံယူပြီး တော်လှန်ရေးအင်အားစု၊ နိုင်ငံရေးအင်အားစုတွေအကြား မတူကွဲပြားချက်တွေကို စစ်ထုတ်ယူ ညှိနှိုင်းပြီး ဘုံလုပ်ငန်းစဉ်ဖြစ်တဲ့ စစ်အာဏာရှင်ဖြုတ်ချရေး တိုက်ပွဲစဉ်မှာ ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှု၊ ဟန်ချက်ညီ ချိတ်ဆက် နိုင်မှုအစရှိတဲ့ တန်းတူရေးလက်နက်ကို တစုတစည်းကိုင်စွဲပြီး ၂၀၁၀မှသည် အနာဂတ်(၂၁)ရာစုသစ်ကို သွေးမော်ကွန်းနဲ့ အလျင်အမြန် ထိုးဆစ်ထုပိုင်း ပစ်နိုင်ကြဖို့ပါ။

ဒီလိုမှမဟုတ်ရင်တော့ ကျနော်တို့မျိုးဆက် တာဝန်မကျေခဲ့မှုဟာ သမိုင်းအမဲစက်ကြီးအဖြစ် တင်ကျန်ရစ်သွားမှာဖြစ်သလို အလွန်ကြီးမား တဲ့ သမိုင်းဝန်တာကြီးကို မျိုးဆက်သစ်တွေဆီ အမွေအဖြစ် လွှဲပြောင်းပေးသလို ဖြစ်သွားပါလိမ့်မယ်။

သမိုင်းဆိုတာ အင်မတန် တန်ဖိုးအနဂ္ဂ ထိုက်တန်လှပါတယ်။

မင်းဆွေ (ပေါက်)

၂၀၁၀ခုနှစ် ဩဂုတ်လ(၁)ရက်။

အစဉ်အမြဲရေးသားပေးပို့ပေးသောSHINLUOOအား ဒေါင်းမာန်ဟုန်မှကျေးဇူးတင်ရှိပါသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.