Sunday, August 14, 2011

0 မဲဆောက်မြို့တောရဘုန်းတော်ကြီးကျောင်းတွင်ဒီကနေ့ကျင်းပသော အကြိမ်(၂၀)မြောက် ခြည်ဖြူဖွဲ့မင်္ဂလာ (သို့) ကရင်ရိုးရာလက်ချီပွဲ


ဓာတ်ပုံ။ ။ အရှည်ကြီး(မဲဆောက်)
ခြည်ဖြူဖွဲ့မင်္ဂလာ (သို့) ကရင်ရိုးရာလက်ချီပွဲကျင်းပရခြင်းအကြောင်းကို ဗဟုသုတရစေရန်အဖြစ် http://www.skykaren.com/မှ ကူးယူဖော်ပြလိုက်ပါတယ်.

ကမ္ဘာပေါ်ရှိလူမျိုးတိုင်းဝယ် ထင်ရှားသောဝိသေသအမှတ်အသား၊ သမိုင်းနှင့် ဓလေ့ထုံးတမ်းအစဉ် အလာများရှိကြလေရာ ကရင်လူမျိုးများတွင် ဝါခေါင်ခြည်ဖြူဖွဲ့ပွဲ (သို့) ခြည်ဖြူဖွဲ့မင်္ဂလာ (သို့) လက်ချည်ပွဲသည် ထင်ရှားသော၊ အရေးကြီးသောရိုးရာဓလေ့တစ်ခု ဖြစ်ပေသည်။

လက်ချည်ခြင်းတွင် ကျယ်ပြန့်သောအနက်အဓိပ္ပါယ်များ ပါရှိရည်သန်သည့်အပြင် အမျိုးအစားအားဖြင့်
လည်း သုံးမျိုးသုံးစား ခွဲခြားထားရှိပါသည်။ ၄င်းတို့မှာ -


(၁) မကျန်းမမာဖြစ်နေသူများအတွက် လိပ်ပြာခေါ်ဆုတောင်းလက်ချည်ခြင်း၊
(၂) ထိမ်းမြားမင်္ဂလာလက်ချည်ခြင်း၊
(၃) ဝါခေါင်လလက်ချည်ခြင်း တို့ဖြစ်ကြသည်။

ဤဆောင်းပါးတွင်မူ ဝါခေါင်လလက်ချည်ခြင်း (ခြည်ဖြူဖွဲ့ပွဲ) ကိုသာအဓိကထား၍ လက်လှမ်းမှီသမျှ
တင်ပြသွားပါမည်။

နိဒါန်း

ဝါခေါင်လခြည်ဖြူဖွဲ့ပွဲကို ကရင်လူမျိုးတို့သည် အစဉ်အဆက် နှစ်စဉ်ဝါခေါင်လဆန်း (၁) ရက်နေ့မှစ၍
လပြည့်နေ့အထိ (ကရင်လ “လာခေါင်” နှင့် ရောမလ “သြဂုတ်လ”) ရက်များအတွင်းကျင်းပပြုလုပ်ကြရာမိသားစုအလိုက်၊ ရွာအလိုက်၊ နယ်အလိုက်ကျင်းပခဲ့ကြပြီး၊ ယခုအခါတွင် ကမ္ဘာ့နေရာဒေသအနှံ့ရောက်ရှိနေ ကြသည့် ကရင်လူမျိုးများအကြား အမျိုးသားရေးအသွင်ဆောင်သော ဓလေ့တစ်ရပ်အဖြစ်သို့ ရောက်ရှိလာခဲ့ပြီးဖြစ်သည်။

ကရင်လူမျိုးများသည် တရုတ်ပြည်တောင်ပိုင်းမှနေ၍ သံလွင်၊ မဲခေါင်နှင့် ယန်စီမြစ်များအတိုင်း စုန်ဆင်း
ခဲ့ကြပြီး ရေကြည်ရာမြက်နုရာ အရှေ့တောင်အာရှနိုင်ငံများတွင် ပျံ့နှံ့နေထိုင်လာခဲ့ကြရာ အများစုကြုံတွေ့
ကြရသော မုတ်သုံမိုးရာသီအတွင်းကျသည့် ဝါခေါင်လတွင် ခြည်ဖြူဖွဲ့ပွဲကိုကျင်းပကြပါသည်။ ဤကာလ
သည် အစဉ်အဆက်လယ်ယာလုပ်ငန်းကို အများစုလုပ်ကိုင်ခဲ့ကြသော ကရင်လူမျိုးများ၏ ခေတ္တအားလပ်
ချိန်ဖြစ်လေရာ ရှေးဘိုးဘွားများက သူတို့၏သားမြေးများအတွက်အသင့်တော်ဆုံးအချိန်ကာလကို တမင်
ရွေးချယ်ပေးထားခဲ့သည်ဟု ယူဆစရာရှိပေသည်။

ရည်ရွယ်ချက်နှင့် သမိုင်း

ကရင့် ဝါခေါင်လခြည်ဖြူဖွဲ့ပွဲသည် ရည်ရွယ်ချက်အနေဖြင့် ကျယ်ပြန့်သည်သာမက ကရင်လူမျိုးတို့၏
သမိုင်းနှင့်လည်း သက်ဆိုင်မှုများရှိနေပေသည်။

နှစ်စဉ် ဝါခေါင်လ (လါခေါင်) ရောက်တိုင်း မိသားစုများ၊ တစ်နယ်တစ်ကျေးထဲသားများပြန်လည်စုစည်း
ကာ စိတ်ဝမ်းမကွဲပဲ အချင်းချင်းချစ်ကြည်ရင်နှီး သွေးစည်းခိုင်မြဲစွာဖြင့် ကိုယ့်လူမျိုးကို ပြန်လည်ထိန်းသိမ်း
စောင့်ရှောက်ရန်၊ စိတ်ဓါတ်ဖြူစင်စွာထားရှိကာ ကောင်းမြတ်သောကိုယ်ကျင့်တရားများကိုကျင့်ကြံ၍ မိမိတို့
၏အမျိုးသားယဉ်ကျေးမှု၊ ဓလေ့အမွေအနှစ်များကို ထိန်းသိမ်းပြန့်ပွားစေရန် လူကြီးသူမများမှနေ၍ လူငယ်
လူရွယ်သားသမီးမြေးမြစ်များအား တစ်စုတစ်စည်းတည်းလမ်းညွှန်ဆုံးမသြဝါဒပေးကာ မေတ္တာပို့သဆု
တောင်းပတ္ထနာပြုပေးနိုင်ကြစေရန်များအတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပေသည်။

၎င်းပြင် ဝါခေါင်လသည် သဘာဝအားဖြင့်မိုးသည်းထန်ပြီး အစာရေစာလည်းနည်းပါးသည့်ကာလဖြစ်
သည့်အပြင် အလွန်လည်းအေးချမ်းလှသဖြင့် လူအများစားသောက်၍ အလွန်ကောင်းကြသည်။ သို့ရာတွင်
စားသုံးသလောက် (အထူးသဖြင့်ငယ်ရွယ်သူများတွင်) အဆီအသားဖြစ်ကာ ဝဖြိုးလာကြသည်ဟူ၍မရှိသ
လောက်ဖြစ်ကာ မကောင်းဆိုးဝါးများဝင်ရောက်ပူးကပ်နေသကဲ့သို့ပင် ထင်မြင်ရလေရာ ဝါခေါင်လ (လါ
ခေါင်) ကို ရှေးလူကြီးတို့က မကောင်းဆိုးဝါးများကျက်စားရာလ (လါဖူ့ လာနား) ဟုသတ်မှတ်ပြီး သားသမီး
မြေးမြစ်၊ လူငယ်လူရွယ်များအား မကောင်းသောဝိဥာဉ်လိပ်ပြာများမှကွယ်ကာ၍ ထိုကာလ၌ပေါများသော
ရောဂါအနာများမှလည်းကင်းဝေးစေဖို့ရန် တစ်စုတစ်စည်တည်းစုရုံး၍ ဆုတောင်းမေတ္တာပို့သ ကောင်းချီး
ပေးကြခြင်းဟုလည်း ရှေးစာပေများတွင်ပါရှိလေသည်။

အဆိုတစ်ခုတွင် ကရင်လူမျိုးများ တရုတ်ပြည်တောင်ပိုင်းမှ အစုလိုက်အသုတ်လိုက် မြစ်ကြောင်းများအ
တိုင်း စုန်ဆင်းရွှေ့ပြောင်းကြရာဝယ် ခေါင်းဆောင်များမှတိုင်ပင်ကာ နောင်သားစဉ်မြေးဆက်ရောက်လေရာ
ရာ၌ ပြန်လည်ဆုံတွေ့ကြလျှင် အမျိုးအဆွေအချင်းချင်း မှတ်မိသိရှိနိုင်ကြစေဖို့ရာ အမှတ်အသားဖြစ်ရလေ
အောင် ဓလေ့ထုံးတမ်းအဖြစ် ထားရှိခဲ့ကြသည်ဟု ဆိုပါသည်။ သို့ဖြစ်ရာ ခြည်ဖြူဖွဲ့ပွဲကိုစတင်ခဲ့သော နှစ်
အပိုင်းအခြားကို အတိအကျမသိရသော်ငြားလည်း ကရင့်ပြက္ခဒိန်အရ နှစ်ပေါင်းနှစ်ထောင်ကျော်ခဲ့ပြီဟု မှတ်
ယူနိုင်ပေသည်။

နောက်အဆိုတစ်ခုတွင်လည်း ကရင်လူမျိုးများသည် ရှေးအခါကရေကြည်ရာမြက်နုရာ၊ အေးချမ်းရာဒေ
သများသို့ စုပေါင်းပြောင်းရွှေ့ခဲ့ကြရာတွင် တရုတ်ပြည်တောင်ပိုင်းသို့မရောက်မီ ဂိုဘီသဲကန္တာရ (Gobi/
Kobi - အဆုံးမမြင်ရသော၊ ကျယ်ပြန့်သောတော) ကိုဖြတ်ကျော်ခဲ့ကြရာဝယ် များစွာသောအစုတို့သည်
မကောင်းသော ဝိဥာဉ်လိပ်ပြာ သဲကန္တာရဘီလူးတို့၏ (တံလျှပ်ကိုရေထင်စေခြင်းများအပါအဝင်) လှည့်ဖျားမှု
များကြောင့် ဒုက္ခရောက်ခဲ့ကြသည်များ၊ သေဆုံးခဲ့ကြရသည်များရှိခဲ့ရာ၌ ခရီးလမ်းကို အောင်မြင်စွာကျော်
လွှားနိုင်ခဲ့ကြသည့်လူကြီးသူမများမှ နောက်နောင်တွင်မကောင်းသော ပယောဂ၊ ဝိဥာဉ်လိပ်ပြာများနှင့် ဒုက္ခ
ဘေးဘယာများ၏ရန်မှ ကွယ်ကာသောဓလေ့ထုံးတမ်းတစ်ရပ် ဖြစ်လာစေခဲ့သည်ဟုလည်း အဆိုရှိပါသည်။
ဤအဆိုကိုထောက်လျှင် ခြည်ဖြူဖွဲ့ခြင်းအလေ့သက်တမ်းသည် နှစ်ပေါင်းသုံးထောင်ကျော်ခဲ့ပြီဟု ဆိုနိုင်ပေ
သည်။

ကရင့်ဆိုစကားများအရ ကရင်တို့အားဦးဆောင်လမ်းပြခဲ့သော မုဆိုးကြီးဖူ့ထော်မဲပါသည် လမ်းတွင်ခရု
ဖင်ချွန် (ခြည်ဖြုဖွဲ့ပွဲတွင် သရုပ်တူကောက်ညှင်းထုပ်ဖင်ချွန်ကလေးများ ပါရှိသည်) များကိုတွေ့ရာတွင်
ခရုကလေးများတစ်စုတစ်စည်းတည်းနေသောအခါ ပတ်ပတ်လည်အချွန်အတက်များဖြစ်နေပြီး ရန်သူများ
လွယ်လင့်တကူအန္တရာယ်မပြုနိုင်သည်ကို ဆင်ခြင်မိသည့်အပြင် နောင်တစ်ချိန်၌ ကရင်လူမျိုးတို့ တကွဲ
တပြားဖြစ်လာကြမည့်အရေးကိုမျှော်မြင်မိကာ မှန်မှန်ပြန်လည်တွေ့ဆုံရင်းနှီး သွေးစည်းညီညွတ်စေမည့်
ခြည်ဖြူဖွဲ့ပွဲဓလေ့ကို စတင်စေခဲ့သည်ဟုဆိုပါသည်။ မည်သို့ပင်ဆိုစေ ခြည်ဖြူဖွဲ့ပွဲဓလေ့၏သက်တမ်းသည်
နှစ်နှစ်ထောင်အောက်မလျော့သည်ကိုတွေ့ရှိရပြီး ကောင်းမြတ်သောရည်ရွယ်ချက်များဖြင့် ပြည့်စုံသော၊
ထိန်းသိမ်းသင့်သော ရိုးရာဓလေ့တစ်ခုဖြစ်သည်မှာ အသေအချာပင်ဖြစ်ပါသည်။

ခြည်ဖြူဖွဲ့ပွဲ ကျင်းပခြင်း

ခြည်ဖြူဖွဲ့မင်္ဂလာ (သို့) ဝါခေါင်ခြည်ဖြူဖွဲ့ပွဲ (သို့) လက်ချည်ပွဲကျင်းပရာတွင် လိုက်နာရမည့်စည်းမျဉ်း
စည်းကမ်းများရှိလေရာ ဦးဆောင်သူ၊ ပါဝင်သူနှင့် ပါဝင်ရမည့်ဝတ္ထုပစ္စည်းအမယ်များအပေါ် သတ်မှတ်ထား
သည်များ အသီးသီးရှိကြပါသည်။

အခြေခံအားဖြင့် ပွဲတော်ကိုပါဝင်ဆင်နွဲမည့်သူအားလုံးသည် ရိုးရာဝတ်စုံကိုအပြည့်အစုံ ဆင်ယင်ကြရပါ
သည်။ မင်္ဂလာပွဲဖြစ်သောကြောင့်လည်း မင်္ဂလာရှိသူ (ပြည့်စုံသူ) များကဦးဆောင်ကြရရာ၌ ဦးဆောင်သူ
ဘိုးဘွား သို့မဟုတ် လူကြီးသူမစုံတွဲများသည် ပထမအိမ်ထောင်ဖြစ်ရပြီး ကြင်ယာစုံ (လင်စုံ မယားစုံ) ဖြစ်
ရပါသည်။ ပွဲတော်အခမ်းအနားကျင်းပရတွင် အသုံးပြုရသော ဒေါင်းလန်း(လင်ပန်း သို့မဟုတ် ကြာကလာပ်
သကဲသို့ပြုလုပ်ထားသော သစ်သားဘန်း) ကိုလည်း မိစုံဖစုံကာလသားသမီးများမှ ကျားမစုံတွဲ၍ကိုင်တွယ်ချီ
မကြရပါသည်။

အခမ်းအနားတွင်အသုံးပြုမည့် ဒေါင်းလန်းထဲတွင်လည်း အဓိပ္ပါယ်ကိုယ်စီဆောင်သော ဝတ္ထုပစ္စည်းခုနှစ်
မျိုးကို မပါမဖြစ်ပြင်ဆင်ထည့်သွင်းကြရပါသည်။ ၄င်းတို့မှာ -

(၁) ခြည်ဖြူသုံးခင်စု ၇ ချောင်း (ခုနှစ်ပိုင်း)
(၂) ထမင်းဆုပ် ၇ ဆုပ်
(၃) ကောက်ညှင်းဖင်ချွန် ၇ ထုပ်
(၄) ဌက်ပျောသီးပြုတ် ၇ လုံး
(၅) ပန်း (ဖဝ့်ဝီ.) ၇ ခက်
(၆) ကြံ ၇ ပိုင်း
(၇) ရေကြည်အေး ၁ ခွက်

တို့ဖြစ်ကြပါသည်။

ခြည်ဖြူဖွဲ့ပွဲကျင်းပတော့မည်ဆိုလျှင် ပွဲတော်ကျင်းပမည့်ရက်မတိုင်မီတစ်ရက် (ဝါခေါင်လဆန်း ၁ ရက်
မှ ၁၄ ရက်နေ့အတွင်း) အလိုတွင် ခြည်ဖြူဖွဲ့ပွဲကိုဦးဆောင်ဦးရွက်ပြုသော ကြင်ယာစုံတွဲအဖိုးအဖွားတို့က
သတ်မှတ်ထားသောအိမ်လှေခါးမကြီးအား ယောက်မဖြင့်ညင်သာစွာရိုက်ခတ်ပြီး သားသမီးမြေးမြစ်များ၏
ဝိဥာဉ်လိပ်ပြာကိုခေါ်ယူသော ရွတ်ဆိုခြင်းကိုပြုလုပ်ရပါသည်။ အဓိပ္ပါယ်အကျဉ်းမှာ -

“သားသမီးမြေးမြစ်ဆွေမျိုးသားချင်းအားလုံး၏ ဝိဥာဉ်လိပ်ပြာများ မကောင်းသောမနေအပ်သောနေရာများ
တွင်မနေပဲ မိဘဘိုးဘွားဆွေမျိုးမောင်နှမများနှင့်အတူ ဤအိမ်မှာပြန်လာနေထိုင်စောင်ရှောက်၍ ကြီးသော
ခွန်အား၊ ကျန်းမာချမ်းသာခြင်းတို့ဖြင့်ပြည့်စုံကာ ဤလှေကားမကြီးကဲ့သို့ ဖြောင့်မတ်ကြပါ” ဟူ၍ဖြစ်သည်။

ခြည်ဖြူဖွဲ့ပွဲပြုလုပ်မည့်နံနက်တွင် မင်္ဂလာမောင်နှံအဘိုးအဘွားတို့မှဦးဆောင်၍ ကျင်းပမည့်နေရာသို့ဦး
ဆောင်လာကြရပါသည်။ မင်္ဂလာမောင်မယ်များက အသုံးပြုမည့်အဆောင်အယောင်ဝတ္ထုပစ္စည်းများထည့်
ထားသော ဒေါင်းလန်းများကိုကိုင်ဆောင်စီတန်းလိုက်ပါလာကြပြီး ခြည်ဖြူဖွဲ့မည့်နေရာတွင် ခင်းကျင်းနေရာ
ယူကြရပါသည်။ ထို့နောက် မင်္ဂလာအဘိုးအဘွားများမှနေ၍ယောက်မဖြင့်ဒေါင်းလန်းနံဘေးကို အသာအ
ယာရိုက်ခတ်ရင်း ယမန်နေ့ကရွတ်ဆိုသကဲသို့ရွတ်ဆိုကာ ပြီးဆုံးပါက မင်္ဂလာမောင်မယ်များအား“ဝိဥာဉ်
လိပ်ပြာအားလုံး စုံစုံညီညီပြန်ရောက်လာကြပြီလား” ဟုမေး၍ “ရောက်ကြပါပြီ” ဟုပြန်ဖြေကြရပါသည်။
ဤသို့ မေးခွန်းကိုသုံးကြိမ်မေး၍ သုံးကြိမ်ဖြေဆိုပြီးကြသောအခါ အဘိုးအဘွားများက မောင်မယ်များအား
ခြည်ဖြူဖွဲ့ပေးခြင်းကို စတင်ကြပါသည်။

ခြည်ဖြူဖွဲ့ရာတွင် ရှေးဦးစွာအဖွဲ့ခံမည့်သူမှ လက်ဝါးများဖြန့်ထားရပြီး ဘိုးဘွားများကဒေါင်းလန်းအတွင်း
မှ ပစ္စည်းတစ်ခုစီကို လက်ဖဝါးပေါ်တွင်အထင်အရှားမြင်စေရန် တင်ရပါသည်။ ပြီးနောက် အဘိုးအဘွားတို့
က ခြည်ဖြူကိုအလယ်တွင်ရေဆွတ်ကာ အဖွဲ့ခံမည့်သူ၏လက်ကောက်ဝတ်အထက်မှအောက်သို့ ခုနှစ်ကြိမ်
သပ်ချပြီး အောက်မှအထက်ဘက်သို့ခြည်ဖြင့်သပ်တင်ရင်း ဝိဥာဉ်လိပ်ပြာကိုယ်တွင် ပြန်လာနေထိုင်ကျန်းမာ
စေဖို့ရာ ရွတ်ဆိုမှုပြုရပါသည်။ ဆက်လက်၍ လက်ကောက်ဝတ်တွင်ခြည်ကိုသုံးပတ်ပတ်ပြီး အဆုံးတွင်သုံးခါ
ချည်ခြင်းဖြင့်ခြည်ဖြူကြိုးသုံးထုံးဖြစ်စေကာ ပိုနေသောခြည်စကို ရေတွင်နှစ်၍လက်ဖြင့်ဆိပ်ကာဖြတ်ပါသည်။

ထို့နောက် ပိုနေသောခြည်စနှင့်အတူ လက်ဖဝါးပေါ်တွင်တင်ထားသောပစ္စည်းများမှ တစ်မျိုးလျှင်အ
နည်းငယ်စီဖဲ့ယူကာ ခြည်ဖြူဖွဲ့ခံသူ၏ ဦးထိပ်သို့တင်ပေးပြီး ဝိဥာဉ်လိပ်ပြာကိုယ်နှင့်မြဲမြံကျန်းမာချမ်းသာခွန်
အားကြီး၍ ဤခြည်ဖြူသကဲ့သို့ဆံဖြူသွားကျိုးသည်အထိ အသက်ရှည်အနာမဲ့ပါစေဟု အဘိုးအဘွားများမှ
ဆုတောင်းပေးကြရာ ခြည်ဖြူဖွဲ့ခံသူက ဦးထိပ်ပန်ဆင်သည်အနေဖြင့် ခေတ္တနေပြီးမှ ဦးခေါင်းထက်မှပစ္စည်း
များကိုလက်ဖြင့်ခံယူကာ ဒေါင်းလန်းအတွင်းသို့ ပြန်ချရပါသည်။

ဤသို့ဖြင့် မင်္ဂလာမောင်မယ်များအားခြည်ဖြူဖွဲ့ပေးပြီးသည်နောက် မင်္ဂလာဒေါင်းလန်းအတွင်းမှ ထမင်း
ဆုပ်၊ ကောက်ညှင်းထုပ် အစရှိသောစားသောက်စရာများကို အတူတကွပျော်ရွှင်စွာစားသုံးကြပြီး ခြည်ဖြူဖွဲ့
ပွဲ (လက်ချည်ပွဲ) အထမြောက်ရပါသည်။ ဆက်လက်ပြီး ဘိုးဘွားများကကျန်ရှိနေသေးသောသူများ(ပရိ
သတ်များ) အားလုံးကုန်သည်အထိ ခြည်ဖြူဖွဲ့ပေးကာ ပွဲပြီးမြောက်ပါသည်။

အထက်ကဖေါ်ပြခဲ့သည့် ခြည်ဖြူဖွဲ့ပွဲအစီအစဉ်သည် စံနမူနာပုံစံဖြစ်၍ နေရာဒေသကိုလိုက်ကာ ကွဲပြား
ခြားနားမှုများ အနည်းအကျဉ်းရှိတတ်ပါသည်။ ယခင်က ကျေးရွာများတွင် ခြည်ဖြူဖွဲ့ဖို့ရန် အိမ်တိုင်းလိုလို
ဒေါင်းလန်း (စကော၊ လင်ပန်း) များရှိကြပြီး ဝိဥာဉ်လိပ်ပြာခေါ်ရန်အတွက်လည်း အဆစ် ၇ ဆစ်ပါသောဝါး
သို့မဟုတ် တစ်ရပ်ခန့်ရှည်၍ အဖျားတွင် ၇ ခြမ်းခွဲပြီးချွန်ထားသောဝါးများကို ထည့်သွင်းအသုံးပြုကြသည်
များလည်း ရှိပါသည်။ ၄င်းပြင် လိပ်ပြာခေါ်ရွတ်ဆိုခြင်းနှင့် ဆုမွန်ကောင်းတောင်းပေးကြရာတွင်လည်း ဆု
တောင်းပေးသူဘိုးဘွားတို့က တတ်ကျွမ်းလျင်တတ်ကျွမ်းသလို အသံနေအသံထားဖြင့်လည်းကောင်း၊ သာ
မန်ထက်ချဲ့ထွင်၍ ရှည်လျားစွာသော်လည်းကောင်း ရွတ်ဆိုခြင်းများပြုတတ်ကြပါသည်။

ခြည်ဖြူဖွဲ့ခြင်းများပြီးမြောက်ပါက စားသောက်ဖွယ်ရာများတည်ခင်းဧည့်ခံခြင်း၊ ပျော်ပွဲရွှင်ပွဲနှင့် ပြိုင်ပွဲ
အမျိုးမျိုးတို့ကိုကျင်းပခြင်းဖြင့်လည်း ခြည်ဖြူဖွဲ့ပွဲနေ့များတွင် စည်ကားသိုက်မြိုက်ကြလေ့ရှိပါသည်။

ဆုတောင်းရွတ်ဆိုခြင်းနှင့် အနက်အဓိပ္ပါယ်များ

ကရင့်ခြည်ဖြူဖွဲ့ပွဲတွင်ရွတ်ဆိုကြသော ဝိဥာဉ်လိပ်ပြာခေါ်ရွတ်ဆိုချက်များနှင့် ဆုတောင်းချက်များတွင်
ရှေးလူကြီးများတွေ့ကြုံလိုအပ်ခဲ့သည်များနှင့်အညီ သင့်တင့်လျောက်ပတ်သောအဓိပ္ပါယ်များရှိကြပါသည်။

ဝိဥာဉ်လိပ်ပြာဟူသောစကားလုံးကိုခေါ်ဆိုရာတွင် ကရင်စကားဖြင့် - အသိတရားနှင့်ဆိုင်သည့်ဝိဥာဉ်
“ဝီး” နှင့် အရိပ်ဟုအဓိပ္ပါယ်ရှိသော “လာ” တို့ကိုပေါင်းစပ်ကာ “ဝီးလာ” ဟူ၍သုံးစွဲလေသည်။ ၄င်းအပြင်
ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးသားချင်း၊ မသင်္ဂဟများနှင့် ခြည်ဖြူဖွဲ့ပွဲသို့တက်ရောက်လာသည့်သူများ
အားလုံးအတွက်ရည်ညွှန်း၍ ဝိဥာဉ်လိပ်ပြာ ၇ ယောက်ပြန်လာပါဟု ရွတ်ဆိုသုံးစွဲပြန်ပါသည်။

ဆုတောင်းပေးခြင်းနှင့် လိပ်ပြာခေါ်ရွတ်ဆိုချက်များသည် ရှေ့မှဆိုခဲ့သလို ကွဲပြားမှုများရှိနိုင်သော်
လည်း အခြေခံပါဝင်မှုများမှာမူ အတူတူပင်ဟုဆိုနိုင်ပြီး အနီးစပ်ဆုံးအနေဖြင့် အောက်ဖေါ်ပြပါရှိသကဲ့သို့ ဘာသာပြန်ကောက်ယူနိုင်ပေသည်။

◊ (ပလူး) လိပ်ပြာဝိဥာဉ် ၇ ယောက်တို့ ဤအိမ်မှာမိဘဘိုးဘွား၊ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးမိတ်ဆွေများ
နှင့်အတူ ကိုယ်နှင့်မကွာပြန်လာနေကြပါ၊
◊ (ပလူး) ရွှေငွေရတနာ ကျောက်သံပတ္တမြားတို့ကိုယူဆောင်ပြန်လာ၍ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ စပါးကျီများ
ပြည့်စုံဖို့ ပြုစုပျိုးထောင်ပါ၊
◊ (ပလူး) မကောင်းဆိုးဝါး နတ်ဘီလူးတို့၏ လိမ်လည်လှည့်စားမှုများကိုမယုံကြည်ပဲ၊ မနေအပ်သော
သင်္ချိုင်း၊ အရိုးတောင်တို့မှာလည်းမနေပဲ မြို့ရွာသို့ပြန်လာနေပါ၊
◊ (ပလူး) ကျန်မာစွာပြန်လာ၍ သံ၊ ကျောက်သားများကို ကိုက်ဖြတ်နိုင်သောခွန်အားဖြင့်ပြည့်ပါစေ၊ လေလို
ပြင်း၍ မြားလိုလျင်မြန်ခြင်းဖြင့်ပြည့်စုံကာ အသက်ရာကျော်ရှည်ပါစေ၊
◊ (ပလူး) ကိုယ်စိတ်နှလုံးအသက်ကိုပြန်လာစောင့်ရှောက်၍ ရောဂါဘယများနှင့်ကင်ဝေးကာ ဆံဖြူသွား
ကျိုးသည်အထိ ပြန်လာနေထိုင်ပါလေ။

အထက်ပါအဓိပ္ပါယ်များပါရှိသည့်ရွတ်ဆိုမှုနှင့် ဆုတောင်းချက်များတွင် အကြိမ်တိုင်း၌ “ပလူး” ဟူသော
ဝိဥာဉ်လိပ်ပြာကိုခေါ်ရာတွင်အသုံးပြုသည့် စကားလုံးဖြင့်စတင်ရပါသည်။

ခြည်ဖြူဖွဲ့ပွဲတွင်ပါဝင်သော ပစ္စည်း ၇ မျိုးနှင့် အနက်အဓိပ္ပါယ်များ

ခြည်ဖြူဖွဲ့ပွဲတွင်ပါဝင်အသုံးပြုသော ဝတ္ထုပစ္စည်းများအနက် ဒေါင်းလန်းထဲတွင်ထည့်ရသော အမယ်
၇ မျိုးတွင် ကိုယ်စီအဓိပ္ပါယ်များဆောင်ကြလေရာ တစ်ခုစီမှာ အောက်ဖေါ်ပြပါအတိုင်းဖြစ်ပေသည်။

(၁) ခြည်ဖြူ
စင်ကြယ်သန့်ရှင်းသောသဘောကိုဆောင်၍ မကောင်းဆိုးဝါးများနှင့်မလိုလားအပ်သောပယောဂ၊ ကံ
ကြမ္မာများထံမှလည်း ကာကွယ်ပြေပျောက်စေရန် ရည်ရွယ်ပါသည်။ မင်္ဂလာအဘိုးအဘွားတို့မှ ခြည်ဖြူ
အဖွဲ့ခံသူကိုဆုတောင်းပေးရာ၌ ဤခြည်ဖြူသကဲသို့ဆံဖြူသွားကျိုးသည်အထိ အသက်ရှည်အနာမဲ့ပါစေ
ဟု ပုံဆောင်ဆုတောင်းကြလေသည်။

(၂) ထမင်းဆုပ်
ကရင်လူမျိုးတို့၏ အဓိကအစားအစာဖြစ်သောထမင်းသည် နကိုရှိရင်းထက်ကျစ်လျစ်စွာဆုပ်ထားခြင်း
ဖြင့် အလွယ်တကူပုပ်သိုးပျက်စီးခြင်းမရှိသလို ကရင်သွေးချင်းများသည်လည်း ကျစ်လျစ်စုစည်းညီညွတ်
စေလိုသော ရည်ရွယ်ရင်းဖြစ်ပါသည်။

(၃) ကောက်ညှင်းထုပ်ဖင်ချွန်
ကောက်ညှင်းသည်စေးကပ်၍ ပုပ်သိုးပျက်စီးရန်မလွယ်ကူလေရာ ကောက်ညှင်းဖင်ချွန်အဖြစ် ကျစ်လျစ်
စွာပြုလုပ်ထည့်သွင်းထားရာ၌ ဤကောက်ညှင်းထုပ်သကဲ့သို့ အရှည်သဖြင့်ကျစ်လျစ်သိပ်သည်း ထူးချွန်
ထက်မျက်သူများဖြစ်အောင် ကျင့်ကြံအားထုတ်ကြစေဖို့ရာ သတိပေးလိုရင်းဖြစ်သည်။ (အခြားတစ်ဖက်တွင်
လည်း ဖူ့ထော်မဲပါ၏ ဘေးရန်များမှ ကွယ်ကာနိုင်သောအစွမ်းသတ္တိများ ရှိကြစေဖို့ရာ အထိမ်းအမှတ်အဖြစ်
ပါဝင်ခြင်းဟုလည်း ယူဆနိုင်ပါသည်။)

(၄) ဌက်ပျောသီး
ဌက်ပျောသီးများသည် ပင်စည်တစ်ခုတွင်တစ်ကြိမ်သာသီး၍ အခိုင်ပေါ်တွင်လည်း အဖီးလိုက်အစီအရီ
စည်းကမ်းစနစ်တကျသီးကြသည့်အပြင် အပင်ကိုအရင်းအထိခုတ်ပိုင်းဖျက်ဆီးသော်လည်း ပြန်လည်ထိုး
ထွက်ပေါက်လာပြန်တတ်သော သတ္တိရှိပေသည်။ ဤထူးခြားသောဂုဏ်ပုဒ်ကိုအတုယူကာ စုစည်းညီညာ
စည်းကမ်းသေဝပ်၍ စရဏခိုင်မြဲသော၊ အခက်အခဲမည်မျှပင်ရှိသော်လည်း အားယူရုန်းထနိုင်ကြသော
သားသမီးမြေးမြစ်များဖြစ်စေဖို့ရာ ရည်ရွယ်ပါသည်။

ဌက်ပျောသီးကိုထည့်သွင်းအသုံးပြုရာတွင် ဌက်ပျောသီးမှည့် (သာကွီသားမိန့်) ကိုအဓိကထားသုံးပြီး
အမှည့်မရပါက ပြုတ်၍အသုံးပြုကြပါသည်။ ပိုးကရင်စကားတွင် “မိန့်” ဟူသောအသံထွက်သည် “ကျက်၊
မှည့်သည်” ဟုအဓိပ္ပါယ်ရပါသည်။ “သာမိန့်” မှာမူ “စိတ်ချမ်းသာ၊ ကျေနပ်သည်” ဟုအဓိပ္ပါယ်ရလေရာ
ချည်ဖြူဖွဲ့ပွဲတွင်ပါဝင်ဆင်နွဲကြသူများ စိတ်ချမ်းသာကိုယ်ချမ်းသာစေဖို့ရာ ရည်ရွယ်ထည့်သွင်းသည်က
တစ်ကြောင်းအပါအဝင်ဖြစ်သည်ဟု ယူဆနိုင်ပေသည်။

(၅) ပန်း (ဖဝ့်ဝီ. - အချို့က ကဠုန်လက်သည်းပင်ဟုဆိုသည်)
ဤပန်းပင်မျိုးသည် သာမန်အပင်မျိုးများလိုမဟုတ်ပဲ ပင်စည်ကျရောက်ရာတွင် အမြစ်တွယ်တတ်သော
အစွမ်းရှိကာ အတောမသတ်ရုံဖွဲ့ပြီး မျိုးဆက်ပြန်ပွားတတ်သည့်အပြင်ဆေးဖက်ပါဝင်သဖြင့် ရှေးလူကြီးသူမ
များမှ အတုယူနိုင်စရာအဖြစ် သတိပေးခြင်းအပြင် အရေးပေါ်ဆေးမြီးတိုအတွက်ပါ စိုက်ပျိုးအသုံးပြုကာ
ထည့်သွင်းထားခြင်းဖြစ်လေသည်။

(၆) ကြံ
ကြံပင်၏ထူးခြားချက်မှာ ပင်စည်အဆစ်တိုင်းမှ အမြစ်တွယ်ပေါက်ရောက်ပွားများတတ်ပြီး အရင်းမှခုတ်
ဖြတ်သော်လည်းမသေဆုံးပဲ အပင်ငုတ်မှအပင်သစ်ပေါက်ပွားနိုင်ခြင်း၊ ပင်စည်ကိုအပိုင်းပိုင်းဖြတ်သော်
လည်း မသေပဲစိုက်ပျိုး၍ရခြင်း၊ ရာသီဥတုဒဏ်ခံနိုင်ပြီး ပင်ကိုယ်အရည်အသွေးဖြစ်သော အချိုဓါတ်ကို
ထာဝစဉ်ပေးနိုင်ခြင်းတို့ဖြစ်ပြီး ကရင်အမျိုးသားတို့သိမှတ်ကျင့်ကြံနိုင်ကြစေဖို့ ပါဝင်အသုံးပြုစေခြင်းဖြစ်
လေသည်။

(၇) ရေကြည်အေး
သန့်ရှင်းစင်ကြယ်၍ မကောင်းမှုနှင့် အညစ်အကြေးအပေါင်းအား ဆေးကြောသန့်ရှင်းပေးနိုင်သော၊
သက်ကြီးရွယ်အိုများမှ လူငယ်များအပေါ်ထားရှိသည့် စေတနာမေတ္တာတို့၏ သဘောသဘာဝကို ပုံပမာ
ပြုသော၊ လူသားတို့ဘဝတွင် အသက်ရှင်နေထိုင်ကျန်းမာဖို့ရာမရှိမဖြစ်သော အေးမြသည့်ရေကြည်အေးကို
ဝင်ရောက်ဆင်နွဲကြသူတစ်ဦးစီအတွက် မင်္ဂလာမေတ္တာရေစင်အဖြစ် ထည့်သွင်းအသုံးပြုခြင်းဖြစ်ပေသည်။

ဖေါ်ပြခဲ့ပြီးသော အနက်အဓိပ္ပါယ်၊ ရည်ရွယ်ချက်များကိုထောက်ရှုခြင်းအားဖြင့် ရှေးကရင်လူကြီးသူမများ
မှ မိမိတို့၏မျိုးဆက်များ (အထူးသဖြင့် လူငယ်မောင်မယ်များ) မိမိတို့မျိုးနွယ်ကို ထိန်းသိမ်းစောင့်ရှောက်
စေရန်၊ ကိုယ့်ကျင့်တရားစင်ကြယ်ကောင်းမွန်၍ စည်းလုံးညီညာစေရန်၊ ယဉ်ကျေးမှုအမွေအနှစ် ဓလေ့ထုံး
တမ်းများကိုစောင့်ထိန်း၍ အမျိုးသားထုကြီးတည်တံခိုင်မြဲ တိုးတက်ကြီးထွားလာစေရန်များကို သရုပ်သကန်
များဆောင်၍ သြဝါဒများပေးမှာကြားကြသော အလေ့ပွဲတော်တစ်ရပ်ဖြစ်သည်ကို တွေ့မြင်နိုင်ပေသည်။

နိဂုံး

ဤဆောင်းပါးတွင် ရေးသားဖေါ်ပြခဲ့ခြင်းများတို့သည် ကရင်လူမျိုးများ၏ရိုးရာ ဝါခေါင်လခြည်ဖြူဖွဲ့ပွဲ
(ခြည်ဖြူဖွဲ့မင်္ဂလာ သို့မဟုတ် လက်ချည်ပွဲ) ၏အနက်အဓိပ္ပါယ်၊ ကျင်းပပုံနှင့် ရည်ရွယ်ချက်အနှစ်သာရများ
ကို အတိုင်းအတာတစ်ရပ်အထိ အထောက်အကူပြု ရှင်းလင်းတင်ပြလက်ဆင့်ကမ်းနိုင်လိမ့်မည်ဟု ယုံကြည်
ပါသည်။ သို့ရာတွင် တင်ပြမှုများသည် သုတေသနစာတမ်းမျိုးမဟုတ်ပဲ ရှိနှင့်ပြီးသောလူကြီးသူမများ၏
နှုတ်အားဖြင့်လက်ဆင့်ကမ်းခဲ့သည်များ၊ ကျောင်းသုံးစာအုပ်အပါအဝင် ပညာရှင်အချို့တို့၏ရေးသားချက်
များကို စုစည်းထားချက်တစ်ခုသာဖြစ်ပါသည်။ မဝေးလှသောအနာဂါတ်တွင်မူ ပိုမိုပြည့်စုံကောင်းမွန်သော
မှတ်တမ်းတင်မှုတစ်ခုအဖြစ် ဖြစ်လာလေအောင် ဆက်လက်လေ့လာစုစည်းမွမ်းမံသွားပါမည်။

အချုပ်အားဖြင့်ဆိုရလျှင် ဝါခေါင်လခြည်ဖြူဖွဲ့ပွဲ (ခြည်ဖြူဖွဲ့မင်္ဂလာ သို့မဟုတ် လက်ချည်ပွဲ) သည် ကရင်လူ
မျိုးတို့အစဉ်အဆက်ထိန်းသိမ်းခဲ့သော မိရိုးဖလာရိုးရာဓလေ့တစ်ခုဖြစ်ပြီး ကောင်းမြတ်သောရည်ရွယ်ချက်
များဖြင့်ပြည့်စုံသော ပွဲတော်တစ်ရပ်လည်းဖြစ်ပါသည်။ သို့သော် ယနေ့ခေတ်အခါ၌ အချို့သောဘာသာရေး
အယူအဆများအရလည်းကောင်း၊ မြန်မာပြည်တွင်းရှိအာဏာပိုင်များမှ အမြင်ကျဉ်းမြောင်းစွာဖြင့် ပိတ်ပင်မှု
များကြောင့်သော်လည်းကောင်း ပွဲတော်ဖြစ်မြောက်ရေးကို ခြိမ်းခြောက်ဟန့်တားသည့်သဘောသက်ရောက်
ကာ မျိုးဆက်သစ်လူငယ်များမှ သိရှိနိုင်ခွင့်များဆုံးရှူံးနေကြရပါသည်။

မည်သို့ပင်ဆိုစေကာမူ ကရင်အမျိုးသားများအနေဖြင့် ဘိုးဘွားတို့၏အမျှော်အမြင်ကြီးစွာဖြင့် ထားရစ်ခဲ့
လေသော ဤရိုးရာဓလေ့ကို အစဉ်မပြတ်ဆက်လက်ထိန်းသိမ်းသွားကြရမည်သာ ဖြစ်ပေသည်။


မန်းကိုကို
၀၂၊ ၀၉၊ ၂၀၁၀

မှီးငြမ်း

- မန်းသင့်နောင်(ကော့ကရိတ်) – (စာအုပ်အမည်နှင့် ထုတ်ဝေသောခုနှစ်အတိအကျကို နောင်မှသာထည့်
သွင်းသွားနိုင်ပါမည်။ ယေဘုယျ ၁၉၈၀ ဝန်းကျင်တွင်ထုတ်ဝေသည်။)
- ပိုးကရင် ၄ တန်းဖတ်စာ (ထုတ်ဝေသောခုနှစ် - ၁၉၆၀ ဝန်းကျင်)
- ဘားအံ၊ လှိုင်းဘွဲနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်မှ ပိုးကရင်တိုင်းရင်းသားများနှင့် တွေ့ဆုံမေးမြန်းချက်များ၊
- D.K.B.A ထုတ်အပါအဝင် နှစ်ပတ်လည်အထိမ်းအမှတ် မဂ္ဂဇင်းနှင့်စာစောင်များကိုအခြေခံ၍ (synthesize
လုပ်၍) ရေးသားပါသည်။

မှတ်တမ်းတင်ခြင်း ။ ။ ဤဆောင်းပါးဖြစ်မြောက်ရေးအတွက် မဲလခိုလှုံရာစခန်းရှိ ကရင့်စာပေနှင့်ယဉ်
ကျေးမှုအဖွဲ့မှ မန်းမြင့်ထွန်း၊ စောဝှိုက်နှင့် အခြားနာမည်ဖေါ်ပြဖို့ရာ မှတ်တမ်းမှတ်ရာ မရှိ သော်လည်း သက်ဆိုင်ရာကျေးရွာဓလေ့များကို ပြောပြခဲ့သူတို့၏အကူအညီဖြင့် ၂၀၀၈ ခုနှစ် (ကရင်သက္ကရာဇ် ၂၇၄၇ ခုနှစ်) ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ်အတွက် ရေးသားခဲ့သည်ကို ပြန်လည်မွမ်းမံရေးသားထားခြင်း ဖြစ်ပါသည်။

ဤဆောင်းပါးရေးသားရာမှာ ကရင်ပြည်နယ်တွင်းမှ ပိုးကရင်တို့ကျင့်သုံးသော ဓလေ့များကို မူတည် ရေးသား ထားခြင်းဖြစ်ပြီး စကောကရင်၊ ဂေဘား၊ ဂေခို၊ ရင်းတလဲ၊ ဘွဲ စသော မျိုးနွယ်စုများအတွက်မူ နောင်တွင်ထပ်မံဖြည့်ဆည်းနိုင်လိမ့်မည်ဟုယုံကြည်ပါသည်။ အချို့ကရင်မျိုးနွယ်စုများတွင် အစုအဝေးဖြင့် စုစည်းနေထိုင်မှုမှကြာမြင့်စွာခွဲခွာနေခဲ့ကြသောကြောင့် အဆင်ပြေအောင်ပြုပြင်ကျင်းပမှုများနှင့်
ကွယ်ပျောက်လုနီးပါးဖြစ်နေသည်များလည်းရှိသည်ကို သတိချပ်စေလိုပါသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.