Wednesday, August 12, 2009

0 ဒေါ်အောင်ဆန်းစုကြည်ကို မတရားပြစ်ဒဏ်ချမှတ်ခြင်းအပေါ် ဂျပန်ရှီဒီမိုကရေစီလှုပ်ရှားသူများက ပြင်းထန်စွာကန့်ကွက်






တိုကျို၊ သြဂုတ်(၁၁)
သန့်မျိုးထွေး
ယနေ့တွင် အင်းစိန်ထောင်အထူးတရားရုံးမှနေ၍ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင်ထောင်ဒဏ်ချမှတ်လိုက်အတွက် ဂျပန်တွင်ရောက်ရှိနေသည့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူများက တိုကျိုရှိ မြန်မာနအဖသံရုံးသို့ သွားရောက်ပြီး
အပြင်းအထန်ဆန်ကျင်ကွန့်ကွက်ကြကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့တွင်မတရားပြစ်ဒဏ်အမိန့်ချမှတ်မည်ဆိုပါက ပြင်ထန်းစွာကန့်ကွက်တုံ့ပြန်မည်ဟု ပြောဆိုထားသည့်အတိုင်းနေ့လည် ၁ နာရီခွဲခန့်မှစတင်၍ အင်အား ၃၀၀ ကျော်ခန့်က သွားရောက်ဆန္ဒပြခြင်းဖြစ်သည်။

ဆန္ဒပြပွဲတွင်ပါဝင်သည့် အန်အယ်ဒီ(လွတ်မြောက်နယ်မြေ-ဂျပန်)မှကိုမြသိန်းက “ဒေါ်စုကိုထောင်ချတယ်လို့ ကြားလည်းကြားရော လူအုပ်ကြီးက
မတိုင်ပင်ထားဘဲ အနီးနာမှာရှိတဲ့ရေဗူးတွေ၊ လမ်းမှာတားဆီးထားတဲ့ မှတ်တိုင်တွေ၊ ခဲတွေနဲ့ ၀ိုင်းပေါက်ကြပါလေရော၊ တချို့ကသံရုံးတခါးကိုသွားပြီးအထဲကလူတွေ(နအဖ၀န်ထမ်း)တွေကို ဆဲကြတယ်၊ အချို့ဆိုသံရုံးထဲဝင်ဖို့ထိကြိုးစားကြတယ်၊ ဒါမတရားတဲ့အမှုပေါ့နော်...။”ဟုပြောပြသည်။

အင်းစိန်အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်(၃)နှစ်ဟုဥပဒေကြောင်းအရ ချမှတ်ခဲ့ခြင်းဖြစ်သော်လည်းလွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်ခြင်း၊နှင့်တဦးအပေါ်တဦးအာဃာတမထားလိုခြင်းစသည့်အကြောင်းပြချက်များဖြင့် နအဖဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏အမိန့်အရပြစ်ဒဏ်ထက်ဝက်လျော့ချ၍ ထောင်ဒဏ်(၁၈)လကိုသာ ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် နေအိမ်တွင်အကျယ်ချုပ်ကျခံရမည်ဟု စီရင်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက်တွင်ဆန္ဒပြသူများကိုဂျပန်ရဲများကလာရောက်ထိမ်းသိမ်းခဲ့ကြပြီးကောင်းမွန်စွာဆက်လက်ဆန္ဒပြရန်နှင့် ၁၅မိနစ်အတွင်းလူစုခွဲရန်တောင်းဆိုကြောင်းသိရသည်။

သို့သော်ဆန္ဒပြသူများမှာမည်သူ့ကိုမျှဂရုမထားဘဲလူထုခေါင်းဆောင်အတွက်ဆက်လက်၍ထိုင်သပိတ်ဖြင့်ကန့်ကွက်ဆန္ဒပြပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးမှတဆင့် မြန်မာနအဖသံအမတ်အား ဒေါ်အောင်ဆန်းစုကြည်ကို မည်သို့မည်ပုံစီရင်ချက်ချပြီး အရေးယူထောင်ဒဏ်အပြစ်ပေးသည်ကို
ထွက်၍ရှင်းလင်းပြောဆိုပေးရန် တောင်ဆိုကြသည်။

“ဘယ်လိုဘဲကြည့်ကြည့်ဒါလူထုခေါင်းဆောင်ကို ၂၀၁၀ရွေးကောက်ပွဲမှာဝင်မပါနိုင်အောင် မတရားအမှုဆင်ထောင်ချတာ၊ ဘယ်လိုမှကျနော်တို့လက်မခံနိုင်ပါဘူး။ အကယ်၍လူထုခေါင်းဆောင်ကိုပြန်လွတ်ပေးရင်ပေး၊ မပေးဘူးဆိုရင် ဒီမိုကရေစီတိုင်ပွဲအတွက်ရော၊ လူထုခေါင်းဆောင်လွတ်မြောက်ရေးအတွက်ရောဒီ့ထက်ပိုမိုတဲ့နည်းတွေနဲ့ကျနော်တို့ဆက်လက်တိုက်ပွဲဝင်သွားမယ်၊ အဲ့လိုနအဖကိုသတိပေးချင်တယ်...။”ဟုဆန္ဒပြသူတဦးဖြစ်သည့်ကိုကျော်စိန်ထွန်းမှ ပြောဆိုသည်။

အလားတူဒေါ်အောင်ဆန်းစုကြည်အား ပြုစုစောင့်ရှောင့်နေသည့် ဒေါ်ခင်ခင်ဝင်းနှင့်မ၀င်းပပတို့အား အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၃)နှစ်ကို ဒေါ်အောင်ဆန်းစုကြည်နည်းတူချမှတ်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်နေအိမ်အတွင်းသို့ ၀င်ရောက်ခဲ့သည့် အမေရိကန်နိုင်ငံသား ဂျွန်ဝီလီယံ ယက်တောကိုမှု ထောင်ဒဏ် (၇)နှစ်ကျခံစေရန်အမိန်ချမှတ်ခဲ့သည်။

နအဖ၏လုပ်ရပ်ကြောင့် မကျေနပ်သည့်မြန်မာဒီမိုကရေစီအရေးလှုပ်ရှားသူများသည်တိုကျိုရှိနအဖသံရုံးရှေ့တွင် မကြာခဏဆိုသလိုဆန္ဒပြတောင်းဆိုရင်းဂျပန်ရဲ၏ အင်အားသုံးဖြိုခွင်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သော်လည်း ယခုဆန္ဒပြမှုတွင်မှု တဦးတယောက်မှထိခိုက်ဒဏ်ရာနှင့်ဖမ်းဆီးခံရမှု
မရှိခဲ့ကြောင်းသိရသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.