Sunday, August 9, 2009

0 အနာဂတ်နိုင်ငံတော်နှင့် လူငယ်များ၏တာဝန် အပိုင်း(၅)

Researcher

Mg Si Thu

မြန်မာ့နိုင်ငံရေးအယူအဆ


၁။ မူလအခြေခံသဘောတရား
၂။ ကျင့်ဝတ်သိက္ခာ


မူလအခြေခံသဘောတရားများ

မြန်မာနိုင်ငံရေးဆိုင်ရာ အယူအဆမျာသည် အခြေခံအားဖြင့်ဘာသာရေးဆိုင်ရာ အဆုံးအမများမှ ဆင်းသက် လာသည်ဟု ယူဆရပါသည်။
ဥပမာအားဖြင့် မြန်မာနိုင်ငံ၏သမိုင်းအထောက်အထားများအရ အနော်ရထားမင်းမှသည် သီပေါမင်းအထိ ခတ် အဆက်ဆက်၌ ကျင့်သုံးခဲ့သော အုပ်ချုပ်ရေးစနစ်များသည် အကြွင်းမဲ့သက်ဦးဆံအပိုင်းဘုရင်စနစ်အတွင်း ဖြတ်သန်းခဲ့ သည်သာဖြစ်ပေသည်။
ထို့ကြောင့် ရှေးခေတ်မြန်မာနိုင်ငံရေးအယူအဆ၌ ထူးခြားသော အတွေးအခေါ်အယူအဆများ မတွေ့ရဘဲ မင်းကျင့် တရား(၁၀)ပါး နာယကဂုဏ်(၆)ပါးဟူသော ကျင့်ဝတ်သိက္ခာများအပေါ် အခြေတည်၍ တိုင်းပြည်အား စီမံအုပ်ချုပ် ခဲ့ကြလေသည်။

မင်းကျင့်တရား(၁၀)ပါး

1.လှူဒါန်းခြင်း
2.သီလဆောက်တည်ခြင်း
3.ပေးကမ်းစွန့်ကြဲခြင်း
4.ရိုးသားတည်ကြည်ဖြောင့်မတ်ခြင်း
5.နူးညံ့သိမ်မွေ့ခြင်း
6.အဌင်္ဂသီလ ဆောက်တည်ခြင်း
7.အမျက်မထွက်ခြင်း
8.သည်းခံခြင်း
9.ပြည်သူကို မညှဉ်းဆဲခြင်း
10.ပြည်သူကို မဆန့်ကျင်ခြင်း စသည်တို့ဖြစ်ပါ၏။
(မှန်နန်းမဟာ ရာဇ၀င်တော်ကြီး။ စာ -၃၈)


ထို့ကြောင့် မြန်မာနိုင်ငံရေးအယူအဆများ၏ မူလအခြေခံအကြောင်းတရားများသည်-
မင်းကျင့်တရား(၁၀)ပါး ဟူသော ကျင့်ဝတ်သိက္ခာများပင် ဖြစ်ပေသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် တိုင်းပြည်အားစီမံအုပ်ချုပ်သော စနစ်အားဖြင့်(၂)မျိုးနှစ်စားရှိခဲ့ပြီး တနည်း အားဖြင့် မြန်မာနိုင်ငံသမိုင်းတလျောက် ထွန်းကားခဲ့သော အကြွင်းမဲ့သက်ဦးဆံပိုင်စနစ်အား လုံးဝချုပ်ငြိမ်းစေ၍ သမ္မတ နိုင်ငံ ထူထောင်ခဲ့ကြပါ သည်။
ထို့သို့ထူထောင့်ခဲ့ရာ၌ လွတ်လပ်ရေးရပြီး (၁၉၄၈-၁၉၆၂)ထိ ပါလီမန်မိုဒီမိုကရေစီစနစ်အား ၁၉၄၇ အခြေခံဥပဒေ ဖြင့်(၁၄) နှစ်ကြာအုပ်ချုပ်ခဲ့ပါသည်။ (၁၉၆၂)မတ်လ (၂)ရက်နေ့၌ စစ်တပ်မှအာဏာသိမ်း၍ အုပ်ချုပ်စေပြီး (၁၉၇၄-၁၉၈၈)ထိ စစ်တပ်မှ ခေါင်းဆောင်များ အရပ်ဘက်သို့ အသွင်ပြောင်း၍ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဟုခေါ်သော တပါတီအုပ်ချုပ်သောစနစ်ဖြင့် (၁၉၇၄) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအား ပြဌာန်းကာ တိုင်းပြည်အား အုပ်ချုပ်ခဲ့ပါသည်။
ဤအခြေအနေများအားလေ့လာသောအခါ မြန်မာ့နိုင်ငံရေး၌ အယူအဆအတွေးအခေါ်များသည် အနောက်တိုင်း နိုင်ငံရေး အတွေးအခေါ်များအပေါ် အခြေခံ၍ တည်ဆောက်ခဲ့ကြသည်ဟု ဆိုရပေမည်။
မျက်မှောက်ကာလ မြန်မာ့နိုင်ငံရေးအခြေအနေအပေါ်၌ ရှေးခေတ်မြန်မာ့နိုင်ငံရေး အယူအဆများ၏ သက်ရောက် မှု အတိုင်းအတာ(သို့မဟုတ်) ရှေးခေတ်မြန်မာ့နိုင်ငံရေးအယူအဆများသည် မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေးဖြစ်စဉ် အပေါ် မည်မျှအကျိုး သက်ရောက်မှုရှိသနည်း ဆိုသောမေးခွန်းအား ဤနေရာမှဖြေဆိုလျှင် အကျိုးသက်ရောက်မှု မရှိ ကြောင်း တွေ့ရပေမည်သာ ဖြစ်ပါသည်။
ထို့ကြောင့် မြန်မာ့နိုင်ငံရေးဆိုင်ရာအယူအဆများသည် ကိုယ်ပိုင်မူဟန်ပျောက်လျှက်ရှိပြီး နိုင်ငံရပ်ခြား၊ အထူး သဖြင့် အနောက် နိုင်ငံများ၏အတွေးအခေါ်အယူအဆများမှ ကောင်းနိုးရာရာများအားရွေးချယ်၍ မြန်မာ့ ယဉ်ကျေးမှု ဓလေ့များနှင့် ကိုက်ညီမည့်ပုံစံများ ကိုယူဆောင်ပြီး မြန်မာ့နိုင်ငံရေး၏ ပြုပြင်ပြောင်းလဲနေသော ဖြစ်စဉ် တလျှောက် ဆက်စပ်တွေးခေါ်၍ ဆွေးနွေးနေခဲ့ကြဟန်ရှိပါသည်။

- သို့သော်လည်း မှန်ကန်သောလမ်းစဉ်တစ်ခုကိုကား တိတိကျကျသတ်မှတ် ချမှတ်နိုင်ခဲ့ခြင်းကား မရှိခဲ့ သေးချေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။

ဤအဖြေအားမဖြေဆိုမီ မြန်မာ့နိုင်ငံရေးဆိုင်ရာအချက်အလတ်များအပေါ် လေ့လာရာ၌ အောက်ပါအချက် အလက်များသည် ပြန်လည်သုံးသပ်သင့်ပေသည်။

4.မြန်မာနိုင်ငံသည် အကြွင်းမဲ့သက်ဦးဆံပိုင်ဘုရင်စနစ်အတွင်း ရှည်လျားစွာဖြတ်သန်းခဲ့ခြင်း၊
5.မြန်မာနိုင်ငံသမိုင်းတလျောက် နှစ်ပေါင်းတထောင်ကျော်၌ နှစ်ပေါင်းကိုးရာကျော်ခန့်သည် အချင်းချင်း သော်၎င်း၊ ပြည်ပနှင့်သော်၎င်း ရှည်လျားစွာ စစ်မက်ဖြစ်ပွါးနေခဲ့ခြင်း၊
6.အနော်ရထာမင်းလက်ထက်မှ ထူထောင်ခဲ့သော မြန်မာနိုင်ငံအား သုံးကြိမ်တိုင်တိုင် ပြန်လည် စုစည်း ခဲ့ရခြင်း၊ ထိုစည်းလုံးမှုပျက်ပြားနေသော ကာလများ၏အကျိုးဆက်များ၊
7.ကမ္ဘာပေါ်၌ ခေတ်စနစ်များကို အခြေအနေအချိန်ခါနှင့်အညီ ပြောင်းလဲကျင့်သုံးနေကြသော်လည်း မြန်မာ နိုင်ငံအား အုပ်ချုပ်ခဲ့သော အစိုးရများသည် များသောအားဖြင့် အကြွင်းမဲ့သက်ဦးဆံပိုင်စနစ်နှင့် အာဏာရှင် စနစ်များသာ ထွန်းကားခဲ့ခြင်း၊
8.မြန်မာ့နိုင်ငံရေးဖြစ်စဉ်တလျောက် ပြုစုပျိုးထောင်ခြင်းထက် ဖျက်ဆီးခြင်း၊ ဖိနှိပ်ခြင်း၊ သတ်ဖြတ်ခြင်း၊ ဖမ်းဆီး အကျဉ်းချခြင်း၊ နိုင်လိုမင်းထက်လုပ်ခြင်း၊ မိမိအင်အားသာလာပါက တဖတ်သားအပေါ် အနိုင်ယူဗိုလ်ကျ လိုခြင်း၊ မနာလိုခြင်း၊ မိမိအနစ် နာခံခဲ့ရခြင်းအပေါ် ပြန်လည်၍ အခွင့်ထူးများရယူ လိုခြင်း၊ ရာထူး စည်းဇိမ် အထူးမက်မောခြင်း၊ ငွေကြေး၊ တန်စိုး လက်ဆောင်မက်မောခြင်း၊ မိမိ၏အရှိန် အ၀ါဖြင့် မိမိတို့မိသားစု ဆွေမျိုးသားချင်း ကောင်းစားရေးအား ဦးစွာလုပ်ဆောင် နေကြခြင်း၊
9.စည်းလုံးမှု လုံးဝမရှိခြင်း၊
10.စနစ်တကျ တိုင်ပင်စည်းဝေးမှု လုံးဝမရှိခြင်း၊
11.လူလူချင်းစာနာစိတ် အလွန်အားနည်းခြင်း၊
12.ထေရ၀ါဒဗုဒ္ဓဘာသာလမ်းစဉ်အား ကျင့်သုံးသော နိုင်ငံတော်ဖြစ်သော်လည်း အတ္တ၀ါဒနှင့် အနတ္တ လမ်းစဉ် အား နိုင်ငံရေး၌ မှန်ကန်စွာ သဘောပေါက်နားလည်မှု အလွန်အားနည်းနေခြင်း၊
13.ငွေကြေး၊ ရာထူးထက်ပို၍ လူကိုတန်းဖိုးထားတတ်သော စိတ်ဓါတ်အလွန်အားနည်းခြင်း၊
14.ကျေးဇူးရှင်ကြီး၊ ဆရာကြီးအဖြစ်နှင့်သာ အစဉ်အမြဲခံယူလို၍ တပည့်မွေးသောအကျင့်ဆိုးများသာ မြန်မာ့ နိုင်ငံရေး လောက၌ ထွန်းကားနေခြင်း၊
15.မိမိ၏ပုဂ္ဂလအကျိုးစီးပွါးမှလွဲ၍ လူမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများအား လုပ်ဆောင်သော ပုဂ္ဂိုလ်များ အလွန် ရှားပါးနေခြင်း၊
16.ဒေသတစ်ခု၌ဖြစ်ပေါ်နေသော ပြဿနာအကြောင်းအရာတစ်ခုပေါ်တွင် ဖြေရှင်းခြင်း၊ ကူညီခြင်းလုပ်ငန်းစဉ် များအား လုပ်ဆောင်ရာ၌ မိမိ၏အကျိုးစီးပွါးအား ထည့်သွင်းတွက်ချက်၍ အမြတ်ထုတ်တတ်သော ဖြေရှင်း မှုမျိုးသာ မြန်မာ့နိုင်ငံ ရေးလောက၌ ထွန်းကားနေခြင်း။
17.နိုင်ငံရေးပြဿနာများအား ဖြေရှင်းရာ၌ စုပေါင်းအားဖြင်၎င်း၊ မှန်ကန်သောဦးဆောင်မှုဖြင့်၎င်း၊ တဦးနှင့်တဦး အပြန်အလှန် တန်ဖိုးထား၍ အနစ်နာခံခြင်းစိတ်ဓါတ်တို့ဖြင့်၎င်း၊ ခိုင်မာသောကိုယ်ကျင့် သိက္ခာရှိမှုဖြင့်၎င်း၊ သတိနှင့် အသိပညာရှိမှုဖြင့် ၄င်း၊ စုပါင်းလုပ်ဆောင်နိုင်မှသာ အောင်မြင်ရာဖြစ်ကြောင်းအား လက်တွေ့ ကျင့်သုံးနိုင်မှု အလွန်အားနည်းခြင်း။
18.မျိုးဆက်သစ်ပြုစုပျိုးထောင်မှု အလွန်အားနည်းခြင်း။
19.ပန်းတိုင်မရောက်ခင် “တက်” ထောင်တတ်သော အကျင့်ဆိုးရှိခြင်း။
20.သာယာဖွယ်၊ လွတ်လပ်ခြင်းတို့နှင့် ထိတွေ့ပြီးလျှင် ဘ၀မေ့ခြင်း၊ မိမိတို့၏ မူလရည်မှန်းချက် ပန်းတိုင်အား မေ့လျှော့ခြင်း။
21.အောင်မြင်မှုအပေါ်၌သာ စံစားခံစားတတ်သော်လည်း ပြဿနာများအပေါ် ဆုံးရှုံးမှုဖြစ်ခဲ့သော် တာဝန် ယူရဲသောသတ္တိ၊ တာဝန်ခံရဲသောသတ္တိတို့ရှိမှု အလွန်အားနည်းခြင်း။

စသည့် အကြောင်းတရားများကြောင့် တိုင်းပြည်နှင့်လူမျိုးသည် အရှိန်အ၀ါမှေးမှိန်လျှက် အဆင်းရဲဆုံးနိုင်ငံအဖြစ် ရပ်တည် နေရခြင်း ဖြစ်ပါသည်။

ထို့ကြောင့် မျက်မှောက် မြန်မာ့နိုင်ငံရေးအတွေးအခေါ်အယူအဆများသည် မူလဆင်းသက်လာရာ အကြောင်း တရားများဖြစ်သော ဗုဒ္ဓလမ်းစဉ်၏အဆုံးအမတရား ဒေသနာတော်များနှင့်သော်လည်းကောင်း၊ ရှေးခေတ်နိုင်ငံရေးဆိုင်ရာ လူပုဂ္ဂိုလ်ဆိုင်ရာ အဆုံးအမသဘောတရားများဖြစ်သော မင်းကျင့်တရားဆယ်ပါး၏ စံတန်ဖိုးများနှင့်သော်လည်းကောင်း မျက်မှောက် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးအား လေးကြိမ်တိုင်တိုင်စုစည်းထူထောင်ခဲ့ကြသော အာဇာနည် ခေါင်းဆောင် ပုဂ္ဂိုလ်တို့၏ ခံယူချက်သဘောထား အတွေးအခေါ်အယူအဆများနှင့်သော်လည်းကောင်း ကိုက်ညီခြင်း မရှိဟု ဆိုရပါမည်။
ယေဘူယျအားဖြင့် နိုင်ငံတနိုင်ငံ၏ ဖွံ့ဖြိုးတိုးတတ်မှုနိမ့်ကျခြင်းသည် ၄င်းနိုင်ငံ၏ အုပ်ချုပ်ရေးစနစ် အပေါ် မူတည်ပေသည်။ သို့သော် ဤအချက်တခုတည်းကိုပင် ထပ်မံခွဲခြမ်းလေ့လာပါက အုပ်ချုပ်ရေးစနစ်အား မည်သူတို့က ပြဌာန်းသနည်း ဟူသော မေးခွန်းရှိ လာရပါသည်။

သို့ဆိုလျှင် …

၁. တပါတီ(သို့) အာဏာရှင်တို့က ၄င်းတို့စိတ်ကြိုက် (သို့) ၄င်းတို့သဘောအမိန့်အတိုင်း ပြဌာန်းသည်လော၊
၂. ပြည်သူလူထုသဘောဆန္ဒဖြင့် ပြဌာန်းပေးသည်လော ဟူသည့်အချက် နှစ်ချက်အား တွေ့ရှိရမည်ဖြစ်ပါသည်။

မည်သို့ပင်ဆိုစေ နိုင်ငံတနိုင်ငံဟု သတ်မှတ်မည်ဆိုပါက ပြည်သူလူထု ဆန္ဒသဘောထားများကို လျစ်လျူရှု၍ မရနိုင်ပါပေ။ ထို့ကြောင့် နိုင်ငံတနိုင်ငံ၏ အုပ်ချုပ်ရေးစနစ်အား ပြည်သူလူထု၏ ဆန္ဒသဘောထားအပေါ် အခြေခံ၍ ဤနိုင်ငံတော်ကြီး ဤဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူ ပြည်သားအပေါင်းတို့၏ ဆန္ဒသဘော ထားများဖြင့် ဤနိုင်ငံတော်ကြီးအား ထူထောင်ပါသည် ဟူသော ကဗျဉ်းစာတမ်းထိုးနိုင်အောင် ဆောင်ရွက်နိုင်ပါမှ တရား ဥပဒေသည်လည်းစိုမိုးပြီး လောကပါလတရား (လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း၊ တန်းတူညီခြင်း) များလည်း ပေါ်ထွန်းလာပါမည်။ ဤသို့အားဖြင့် ဤနိုင်ငံ ဤပြည်သူတို့၏ ဂုဏ်သိက္ခာ အရှိန်အ၀ါသည်လည်း ကြီးမားပြီး နိုင်ငံတော် ကြီး၏ ဒေသပတ်ဝန်းကျင်အ၀န်းအ၀ိုင်း၌လည်း ဖွံ့ဖြိုးတိုးတတ်မှုများ ဖြစ်ပေါ်လာမည် ဖြစ်ပါသည်။

ထို့ကြောင့် နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတတ်ဖို့ရန်အတွက် (သို့) ဒေသအတွင်း လောကပါလတရားများ ဖြစ်ထွန်း ပေါ်ပေါက်လာရန် အတွက် မလိုလားအပ်သော အောက်ဖေါ်ပြပါ စနစ် (သို့) ၀ါဒများကို ဆန့်ကျင်ပြီး မကျင့်သုံး ရန်လိုအပ်ပါလိမ့်မည် -

၁. အာဏာရူးသောဝါဒ (Authoritarianism)
၂. ကိုယ့်မိသားစုဆွေမျိုးသားချင်းများ ကောင်းစားရေးအတွက်သာ ဆောင်ရွက်တတ်သော ၀ါဒ (Depotisim)
၃. အာဏာရှင်စနစ် (Dictatorship), (Totalitarianism)
၎. ကိုယ်နှင့်မတူတိုင်း တူရာအုပ်စုဖွဲ့ဗိုလ်ကျစိုးမိုးခြင်း၊ ညှင်းဆဲနှိပ်စက်သတ်ဖြတ်ခြင်းဝါဒ (Tyranny)
၅. စစ်ဝါဒ (Militarism)

စသည့် စနစ် (သို့) ၀ါဒများကို မိမိတို့ လူ့အဖွဲ့အစည်းအတွင်း မဖြစ်ပေါ်အောင် မကျင့်သုံးနိုင်အောင် ပြည်သူ ပြည်သား တွေသည် မိမိတို့ မိသားစုအရေးထက် ပို၍အရေးကြီးသော လုပ်ငန်းစဉ်အဖြစ်လည်းကောင်း၊ နိုင်ငံတော်အတွင်း လူ့အဖွဲ့ အစည်းအတွင်း၌ လောက ပါလတရားများ ဖြစ်ထွန်းနေအောင်သော်လည်းကောင်း ဦးစွာပထမကြိုးပမ်း ဆောင်ရွက်ဖို့ရန် လိုအပ်ပေလိမ့်မည်။

နိုင်ငံရေးသိပ္ပံဘာသာရပ်ဖြင့် မျက်မှောက်မြန်မာနိုင်ငံအခြေအနေအား လေ့လာရာ၌ ယထာဘူတကျကျ တည့်တည့်မက်မက် ကြည့်ရန်လိုအပ်ပါလိမ့်၏။
ဤစာတမ်းသည် နိုင်ငံတော်နှင့်ပြည်သူလူထုအကျိုး၊ နောင်အခါ တိုင်းပြည်အုပ်ချုပ်မည့် နိုင်ငံခေါင်းဆောင် လောင်း လူငယ် လူရွယ်များ အတွက် သတိပြုစရာ၊ သင်ခန်းစာယူစရာ၊ ဝေဖန်စရာ၊ ဆင်ခြင်တုံတရားလက်ကိုင်ထား၍ နိုင်ငံအကျိုးသယ်ပိုးစေခြင်းငှါ ဤနိုင်ငံရေး သိပ္ပံလေ့လာရေးစာတမ်း၏ တခုတည်းသော ရည်ရွယ်ချက်ဖြစ်ပါ၏။

အနာဂတ်နိုင်ငံတော်နှင့် လူငယ်များ၏တာဝန် အပိုင်း(၆) ဆက်လက်ဖော်ပြပါမည်။


0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.