Wednesday, August 31, 2011

0 မြစ်ဆုံရေကာတာကိစ္စကို တရားစွဲဆိုရန် ပြင်ဆင်

ဧရာဝတီမြစ်ဆုံ ရေကာတာ တည်ဆောက်ရေးနှင့်ပတ်သက်၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း တရားလိုအဖြစ် ပြုလုပ်မည့် ဦးဝင်းချိုက ပြောကြားသည်။

ဒလမြို့နယ်တွင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးချယ်ခံခဲ့သူ ဦးဝင်းချိုအပြင် အခြားမြို့နယ်များတွင် ဝင်ရောက် အရွေးချယ် ခံခဲ့သည့် ဒေါ်ဘောက်ဂျာ၊ ဦးမင်းအောင်၊ ဦးစိုးကြည်နှင့် ဦးအောင်မျိုးဦးတို့က ပူးပေါင်း၍ တရားလိုအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

"ဧရာဝတီမြစ်ကို ကာကွယ်ဖို့ အဘက်ဘက်ကဝိုင်းလုပ်ကြတဲ့နေရာမှာ အန်ကယ်တို့က ဥပဒေဘက်ကနေ လှုပ်ရှားသွားမှာပါ"ဟု ဦးဝင်းချိုက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၈)၊ ပုဒ်မ(၃၇၇)အရ နိုင်ငံသားများ၏ မူလအခွင့်ရေးတစ်ရပ်ရပ်ကို ရယူလိုပါလျှင် သတ်မှတ်ချက်များနှင့် အညီ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လျှောက်ထားပိုင်ခွင့် ရှိသည်။

တစ်ဖက်၌လည်း မြစ်ဆုံဆည် ဆောက်လုပ်နေခြင်းကို အလွန်အန္တရာယ်များသည့်အတွက် အမြန်ဆုံးရပ်တန့်ရန် တောင်းဆိုသည့် စုပေါင်း လက်မှတ်ရေးထိုးမှုကို အရှိန်မြှင့် ဆောင်ရွက်နေကြောင်း ဧရာဝတီကို ထာဝရ ရှင်သန်စေလိုသူများက ပြောကြားလိုက်သည်။

တရုတ်အစိုးရပိုင် China Power Investment ကော်ပိုရေးရှင်းနှင့် မြန်မာအစိုးရ ပူးတွဲ အကောင်အထည် ဖော်နေသော ထိုစီမံကိန်း ရပ်တန့်ရေးကို လိုလားသူ အများအပြားက လက်မှတ်ထိုး ထောက်ခံနေကြကြောင်းသိရသည်။

ဒေသအသီးသီးမှ စုဆောင်းရရှိသည့် လက်မှတ်များကို စာတိုက်ကြီးမှတဆင့် သမ္မတ ဦးသိန်းစိန်ထံ တရားဝင် ပို့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

''အရင်းအမြစ်တွေကို အသုံးချပြီး ရလာတဲ့ အကျိုးအမြတ်ကို ပြည်သူတွေ ရမလား၊ ဘယ်သူရမလဲဆိုတာက အရေးကြီးပါတယ်။ ပြီးတော့ အဲဒီ ဒေသ၀န်းကျင်က လူထုကို ပြန်လည်နေရာချထားဖို့၊ အသက်မွေးဝမ်းကျောင်းတွေ ပြန်လည်အခြေကျဖို့၊ မြစ်ချောင်း သဘာဝပတ်ဝန်းကျင်ကို စီမံခန့်ခွဲနိုင် ဖို့က အရေးကြီးပါတယ်''ဟု ဆည်တည်ဆောက်ရေး လုပ်ငန်းများကို လေ့လာခဲ့သည့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်း တစ်ခုမှ ပညာရှင်တစ်ဦးက ဆိုသည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဧရာဝတီမြစ်ကြီး အန္တရာယ်နှင့် ရင်ဆိုင်နေရသည့်အတွက် အားလုံး လက်တွဲ ပူးပေါင်းဆောင်ရွက်သွားကြရန် ပန်ကြားလွှာတစ်စောင်ကို သြဂုတ်လ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

ဧရာဝတီမြစ်တွင် ပြဿနာပေါင်းစုံ ဖြစ်ပေါ်လာရခြင်းမှာ စနစ်ကျသည့် စီမံကိန်းများ မရှိခြင်း၊ ထိန်းသိမ်းမှုဆိုင်ရာ ဥပဒေများကို မလိုက်နာခြင်း၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာနှင့် ဗဟုသုတ အားနည်းခြင်းတို့ကြောင့် ဖြစ်သည်ဟု အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် ထုတ်ပြန်သည့် ပန်ကြား ချက်တွင် ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြထားသည်။

ယခုအခါ ကချင်ပြည်နယ် မြစ်ဆုံဒေသ အနီးဝန်းကျင်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် မြန်မာအစိုးရ စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် ဆောက်လုပ်ရေး လုပ်ငန်းများ ရပ်တန့်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ ယင်း စီမံကိန်းအတွက် ဒေါ်လာ ၃.၆ ဘီလျံ အကုန်ကျခံကာ ၂၀၀၉ ခုနှစ် မှ စတင် ဆောက်လုပ်နေပြီး ၁၀ နှစ် ကြာ စီမံကိန်းကြီးဖြစ်ကြောင်း သိရသည်။

Peace Press(YC)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.