Tuesday, August 30, 2011

0 ဒေါ်အောင်ဆန်းစုကြည်ရေးသည့် ဆောင်းပါး စီစစ်ရေး ဖြတ်ခံရ၍ မဖေါ်ပြနိုင်

ပြည်သူ့ခေတ် ဂျာနယ်တွင် ဖေါ်ပြရန် ပေးအပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးသားသည့် ခရီးသွားဆောင်းပါး၏ အစိတ်အပိုင်းအချို့အား စာပေစိစစ်ရေးမှ ဖြတ်တောက်ခဲ့ခြင်းကို ဆောင်းပါးရေးသူက လက်မခံနိုင်သဖြင့် ယခုလောလောဆယ် ဖေါ်ပြနိုင်ခြင်း မရှိသေးကြောင်း ဂျာနယ် အတိုင်ပင်ခံအယ်ဒီတာ ဆရာမောင်ဝံသ က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်သည့် သတင်းဖေါ်ပြထားသည့် သတင်းဂျာနယ်များ၊ ( နိုဝင်ဘာ ၂၀၁၀ ခုနှစ်) ဓါတ်ပုံ YPI

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပုဂံခရီးသွားဆောင်းပါး ရေးသားပေးခြင်း ဖြစ်သည်ဟု သိရှိရသည်။ အဆိုပါ ဆောင်းပါးကို လွန်ခဲ့သော ၂ ပတ်ခန့်က ပြည်သူ့ခေတ်ဂျာနယ်မှ ပုံနှိပ်ဖေါ်ပြရန် စာပေစိစစ်ရေးသို့ တင်ပြခဲ့သည်။ စာပေ စိစစ်ရေးမှ အဆိုပါဆောင်းပါး၏ အစိတ်အပိုင်း အချို့ကို ဖြတ်တောက်ပြီးမှသာ ဖော်ပြရန် ခွင့်ပြုခဲ့သည်။

ဂျာနယ် အနေဖြင့် ထိုအဖြစ်အပျက်ကို ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည် အသိပေးခဲ့ရာ ဖြတ်တောက် ထားသည့် စာမူကို ဖေါ်ပြခြင်းမပြုရန် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည် ဟု ဆရာမောင်ဝံသက ဆောင်းပါးကိစ္စနှင့် ပတ်သတ်၍ ဒေါ်အောင်ဆန်းစု ကြည် ငြင်းဆိုခဲ့ပုံကို ရှင်းပြသည်။

“ကျွှန်တော်တို့ကဒီလိုပဲဖြုတ်ခိုင်းထားတယ် လက်ခံမလားဆိုတော့ သူကအဲဒါတွေဖြုတ်ရမယ်ဆိုရင် သူ့ဆောင်းပါး မထည့်နဲ့လို့ ပြောတယ်။” ဟု မောင်ဝံသက ဆိုသည်။

အဆိုပါဆောင်းပါးကို လာမည့်အပတ်တွင် အပြည့်အစုံ ဖော်ပြခွင့်ပြုရန် စာပေစိစစ်ရေးရုံးသို့ ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်း ပြည်သူ့ခေတ်ဂျာနယ်၏ အယ်ဒီတာချုပ် ဦးဖေမြင့်က ပြောသည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ု မြန်မာနိုင်ငံ စာပေစိစစ်ရေးမှ တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်မေးမြန်းခဲ့ရာ စာပေစိစစ်ရေးမှ သတင်းဆောင်းပါးများနှင့် ပတ်သတ်၍ ယခုနောက်ပိုင်း လုံးဝဖြုတ်လိုက်ခြင်းမျိုး မပြုတော့ဘဲ ဆိုင်းငံ့ထားသည့် အခြေအနေများသာ ရှိနေကြောင်း နောက်ပိုင်းသတင်းများနှင့် ပတ်သက်၍ ထူးခြားလာမည့် အခြေအနေ ရှိလာမည်ဖြစ်ကြောင်းကို ဖြေကြားခဲ့သည်။

“အခုက လူကြီးတွေရဲ့ သဘောထားတွေလည်း ပျော့ပြောင်းလာတယ်လေ အခုဒီကိစ္စ (ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်းပါးကိစ္စ) လည်း ထူးခြားလာမှာပါ”ဟု ၎င်းက ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်းပါးမှာ ဂျာနယ်များတွင် ဖော်ပြလေ့ရှိသော ဆောင်းပါးပုံစံ ဖြစ်ပြီး စာပေစိစစ်ရေးမှ မည်သည့်စာပုဒ်များအား ဖြုတ်ပယ်ခဲ့သည်ကို မေးမြန်းခဲ့ရာ ဆရာမောင်ဝံသမှ ပြန်လည် ဖြေကြားခဲ့ခြင်း မရှိခဲ့ပေ။

ပြည်သူ့ခေတ်ဂျာနယ်သည် ရွေးကောက်ပွဲမတိုင်ခင် လပိုင်းအလို ၂၀၁၀ ဇူလိုင်လတွင် စတင်ထုတ်ဝေခဲ့ သော နိုင်ငံရေး သတင်းနှင့် ဆောင်းပါးများအား ဦးစားပေးဖေါ်ပြသည့် ဂျာနယ် တစ်စောင် ဖြစ်သည်။

လွန်ခဲ့သည့် သီတင်းပတ်များအတွင်း ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ်ဘာသာဖြင့် ရေးသားသည့် ပုဂံခရီးစဉ်နှင့်ပတ်သက်သည့် ဆောင်းပါးအချို့ကို ဂျပန်နိုင်ငံထုတ် မိုင်အိနိချိ နေ့စဉ် သတင်းစာတွင် ဖေါ်ပြခဲ့သည်။

Yangon Press International

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.