Sunday, April 17, 2011

0 ရေလိုက် ငါးလိုက် ပဲလား


အဆင်ပြေသလိုသာ နေလာခဲ့ တို့ မှာ အစဉ်အလာခိုင်မြဲလို့ ..... ကြာလာတော့ ချောင်းကို မြစ်ဖြစ်တော့မယ်...... ရှင်သန်ရုံသာ ရှင်သွားရင် ဘဝရေတိမ်မှာ နစ်မွန်းပေါ့...... ကိုယ်နဲ့ မင်း ပြောင်းပြန်လုပ်ရဲမှာလား....... တော်ရုံတန်ရုံ သတ္တိသွေး....... တွေးယူရုံနဲ့ မရဘူးဟေ့ ရင်ကမွေးလက်ကကျွေး အချစ်ပေးမှ........... မှောင်ကာ ချုံထူချောင်တစ်ခုမှာ........ ....ပစ်ကာပေရေ သံချေးတက် ........... ပြန်ဖေါ်စမ်းဟေ့ ..........တို့ ဟိုးတုန်းက အိမ်မက်.......

နေခြည်ဝင်းသို့ ရှင်းရှင်းပဲ ...........လျှပ်ရောင်ပြက်သို့ ဒက်ကနဲပဲ............. အဆင်းနဲ့  အချင်းနီးစပ်ရင်း ကွဲကွာလာ............ နောင်သံသရာထိ ဆက်လက်ပြီး............... နောက်ဆိုဒီလိုဘယ်တော့မှ........ ရွှေခြည်ကြိုးဆွဲရာမကပါရစေနဲ့ .......

ကြည်ဖြူစွာလေ လက်တွဲခဲ့ အခုလည်းပြေလည်နေဆဲပဲ.......ဒါပေမယ့် ချစ်ရုံနဲ့  မပြီးဘူးကွယ်......ကြင်နာစွာလေ ဆိုဖူးတဲ့.......

ကတိတွေပြန်လည်ကာကြားရင် နာကြင်ခြင်း အသိတွေနဲ့  ရှက်နေမယ်........ဘယ်အရာလွန်တာ ဘယ်သူ့  အပြစ် မရရင် ကံသာပုံချလိုက်......အယုံလွန်သူကို ချော့ရင်တော့ ပျော့စမြဲပေါ့.......

တကယ်ဆို ကိုယ်ဟာ ယောက်ျားပါ.....အားမာန်တွေလည်း ပြည့်စွမ်းတုန်း......ဆင်ခြေပေးတဲ့လူစားမဟုတ်ရဖူး.........

ဒီတစ်ခါနောက်မကျသေးဟေ့.....ကိုယ့်မှာပြင်ဆင်ချိန်ရတုန်း ကိုယ့်ရဲ့ နှလုံးသွေးတွေ ဆွေးဆွေးနီစေ.......နောင်ကို ကြုံလာမယ့်အခက်အခဲ ကျိတ်ကာ ရင်ဆိုင်ဖြေရှင်းမယ်.....ရေလိုက် ငါးလိုက် ဘဝမျိုး မကတော့ဘူး ...........

ဒီတစ်ခါနောက်မကျသေးဘူးဟေ့ကိုယ့်မှာ ပြင်ဆင်ချိန်ရတုန်း နှလုံးသွေးတွေ စွေးစွေးနီစေ။
 ကဲဗျာ ဘယ်လောက် ကောင်းတဲ့ စာသားလည်း ကြက်သီးမွှေးညှင်းတောင် ထသွားမယ်။ 
နောက်မကျသေးပါဘူး ပြင်ဆင်ချိန်တွေရပါသေးတယ် ဆင်ခြင်တွေ ပေးမနေပါနဲ့ တော့၊ 
နှလုံးသွေးတွေ စွေးစွေးနီပါစေတော့။ နောင်ကို ကြုံလာမယ့် အခက်အခဲတွေ 
ရင်ဆိုင်ဖြေရှင်းလိုက်ကြမယ်။ ရေလိုက်ငါးလိုက် ဘဝမျိုး မဟုတ်တော့ဘူးလို့  ဟစ်ကြွေးလိုက်စမ်းပါ။

အဲဒါက ကိုထီးရဲ့ ရေလိုက်ငါးလိုက် သီချင်းပါကိုထီးသီချင်းအတွက် သီချင်းတွေ အများကြီး ရေးစပ်ခဲ့တဲ့ ဆရာစိုင်းခမ်းလိတ်ကိုလည်း အရမ်းအထင်ကြီးလေးစားမိပါသည်။ (စိုင်းခမ်းလိတ်၏ အပေါ်ယံ ပုံစံက ရုတ်တရက်ကြည့်လိုက်လျှင် ဘာမျှ အဆန်းမဟုတ်။ အနေအထိုင် ရိုးရိုး။ ပိပြား ကျစ်လစ် နှိမ့်ချသည်။ နှုတ်ခမ်းမွှေး စစနှင့် မျက်လုံးတွေကတော့ ဖိတ်ဖိတ်တောက်ပနေချေသည်။ တကယ် စကားပြောလိုက်တော့ စာပေ ဗဟုသုတ လွန်စွာ နှံ့ စပ်ကြွယ်ဝသည်။ အတွေးအခေါ် ထက်မြက်ကျယ်ဝန်းသည်။ ပြာပါးပါးကလေး ဖုံးလွှမ်းထားသော မီးကျီခဲ ရဲရဲ နှင့်တူနေသည်။ ...ဆရာ စိုင်းခမ်းလိတ်အခန်းမှာ စာအုပ်တွေ အများကြီးပဲ ရှိသည်။ ရာဘင်ဒြာနာ့သ့်တဂိုး၏ Stary Birds မှသည် Albert Camus ၏ The Outsider အထိ စုဆောင်းထားရှိသည်။ မန္တလေးရောက် ရှမ်းတစ်ယောက်သည် ဆရာစိုင်းခမ်းလိတ်၏ လက်စွမ်းပြ လက်ရာ (Masterpiece) တစ်ပုဒ်ဟုပင် ဆိုရမည်။ ၁၉၇၅ ခုနှစ်၏ အမှတ်တရ တေးသီချင်းများ အခွေဟုပင် ဆိုရမည်။ ပါမေက္ခ ဒေါက်တာမောင်မောင်ညိုက ဆရာစိုင်းခမ်းလိတ်အား ဘွဲလွန်သင်တန်းတက်နေတုန်း သီချင်းသစ်ထွက်လာရင် ဘွဲ့လွန်ယူဖို့  စိတ်မကူးနဲ့ တော့ဟုပင်ပြောခဲ့ရသည်။ ဆရာစိုင်းခမ်းလိတ်ကား တေးရေးဂီတ စာဆိုတစ်ဦး ဖြစ်ရုံမျှမက ကဗျာလင်္ကာ ဆရာတစ်ဦးလည်း ဖြစ်သည်။ အိုမာခရမ်၏ ရူဘာအိယတ် ကဗျာများကို အင်္ဂလိပ်ဘာသာမှ ရှမ်းဘာသာသို့  ပြန်ဆိုထုတ်ဝေခဲ့သေးသည်။ မှ/ စိုင်းထီးဆိုင်၏ ပုံတူကောက်ကြောင်း)

ကျွန်တော်ငယ်ငယ်က ကိုထီးရဲ့ သီချင်းတွေကို အချစ်နဲ့ တွဲပြီးတော့ နက်နက်နဲနဲ ခံစားခဲ့ပါတယ်။ နားထောင်တိုင်းလည်း ချစ်သူကို ပိုမြတ်နိုးလာပြီး တန်ဖိုးလည်း ထားတတ်လာပါတယ်။ နောက် ဘဝအားမာန်တွေလည်း ရရှိလာပါသည်။ အခု ရေလိုက်ငါးလိုက်သီချင်း ကိုနားထောင်ရင်းလည်း ငါတို့  ရေလိုက်ငါးလိုက်နေလို့  မဖြစ်တော့ဘူး၊ ကြိုးစားရမယ်၊ အိမ်မက်တွေ အကောင်အထည်ဖေါ်ရမယ်၊ ငါတို့ နှစ်ယောက်ချစ်နေရုံနဲ့  မပြီးသေးဘူး အားအင်တွေရှိတုန်းမှာ ကြိုးစားထားရမယ်။ အခက်အခဲတွေကို ငါတစ်ယောက်တည်း ကျိတ်ပြီး ဖြေရှင်းမယ် ဆိုတဲ့ အတွေးအများကြီးရခဲ့ဖူးပါတယ်။

ယ္ခုအသက်အရွယ်က မရသေးပေမယ့် အတွေးအခေါ်လေးက ပြောင်းလဲလာတော့ ခံစားမိတဲ့ သီချင်းတွေရဲ့ လေးနက်မှု့ ကို တစ်မျိုးတစ်ဖုံမြင်မိလာပါတော့တယ်။ ကျွန်တော်တို့ လူသားတွေက အရွယ်ရောက်လာတဲ့အချိန် ပညာတွေကို သင်ယူကြပြီး ဘွဲ့ ဒီဂရီတွေ ရရှိလာတဲ့အခါ အစိုးရဌာနများမှာ ကုမ္ပဏီ အရာရှိအရာခံများအဖြစ် အမှု့ ထမ်းကြပါတယ်။ ရတဲ့လစာလေးကို စားရင်း တိုးရာမယ့်ရာထူးတွေ အခွင့်အလမ်းတွေကို မျှော်လင့်ပြီး မိမိရဲ့မိသားစုဘဝ အဆင်ပြေရေးကို အားထုတ်ကြတာပါပဲ။ ဝန်ထမ်းဘဝမှာလည်း အဆင်ပြေသလိုနေလာခဲ့ပြီး ခိုင်မြဲနေတဲ့ လုပ်ထုံးလုပ်နည်း လာဘ်ပေးလာဘ်ယူမှုတွေနဲ့  ဆိုင်ရာပိုင်ရာတွေကြားမှာ ကိုယ်ကကန်တော့လိုက် ခံတော့ခံလိုက်နဲ့  ကြာလာတော့ အဲဒါတွေကပဲ အမှန်တရားတွေဖြစ်ကုန်ကြပါသည်။ ပညာတွေတတ်ပြီး အကြားအမြင်ဗဟုသုတတွေရှိပြန်လေတော့ တစ်ခါတစ်ခါ ကိုယ်အသက်ရှင်ရပ်တည်နေတာ လုပ်ကိုင်ဆောင်ရွှက်တာတွေက ဟုတ်ရဲ့လားဆိုတဲ့ သံသယအတွေးတွေ ဝင်လာတတ်တဲ့ အချိန်အခါတွေလည်းရှိလာယ်။ အမှားတွေကို အမှားမှန်း သွေဖည်နေတာတွေကို မြင်နေပေမယ့်လည်း တော်ရုံတန်ရုံ သတ္တိတွေနဲ့ တော့ မပြောင်းလဲရဲပါဘူး မတွန်းလှန်နိုင်ကြပါဘူး။ တွန်းလှန်သွားလို့  မအောင်မြင်ဖြစ်နေတဲ့ သူတွေကို မြင်ပြီး လက်ရှိကိုယ့်နေရာနဲ့  သူတို့  ရောက်နေတဲ့အရပ် နေရာချင်း မလဲရဲဝံ့ကြပါဘူး။ တော်ရုံတန်ရုံ သတ္တိသွေး ကတွေးယူရုံနဲ့  မရပါဘူး၊ ရင်ကမွေး သလို ကိုယ့်ရဲ့ဗီဇ သွေးထဲမှာ စီးဝင်နေမှာပါ ပြီးတော့ လက်ကကျွေးသလို ပတ်ဝန်းကျင်သွေးဆောင်ရာတွေကို အမြဲတစေတွန်းလှန်နေရပါမယ်။ အမှန်တရားဘက်က ရဲရဲဝံ့ဝံ့ရပ်တည်ဖို့ ဆိုတာ အမြဲတမ်းလေ့ကျင့်နေမှပါ။ အချစ်ပေးမှဆိုတာတော့ ပြောဖို့ တောင် မလိုတဲ့အရာပါ။ ကိုယ့်ကိုကိုယ်ပဲချစ်တဲ့လူထက် မိသားစုကိုချစ်တဲ့လူက ပိုအနစ်နာခံဝံ့ပါတယ်။ မိသားစုကို ချစ်တဲ့လူထက် အမျိုးကိုချစ်တဲ့လူက ပိုပါတယ်၊ အဲလိုပါပဲ တိုင်းပြည်နဲ့ လူအမျိုးဘာသာ ကိုချစ်တဲ့လူက သူ့ အသက်ကိုလည်း စတေးဝံ့နိုင်လာပါတယ်။ အဲလို ရင်ထဲ မမွေးဖွား လက်ကမလေ့ကျင့်မပျိုးထောင်ကြတော့ပဲ မချစ်တတ်တဲ့လူတွေ များလာတဲ့ခေတ်ကြီးမှာ တစ်ချိန်အိမ်မက်တွေက သံချေးတက်နေမှာ ဖြစ်နေသလို အခုချိန်မက်တဲ့ အိမ်မက်တွေကလည်း လေထဲမှာပဲ ပျောက်ပျယ်သွားမှာ ဖြစ်ပါတယ်။ ပြန်ဖေါ်မယ့်သူတွေ ပြန်ဖေါ်ရဲတဲ့သူတွေ အများကြီးလိုပါတယ်။ အချိန်ကြာလာတာနဲ့  ဘယ်သူက ဘယ်သူဆိုတာလည်း ကွဲကွဲပြားပြားသိမြင်လာပါပြီ၊ ဘယ်သူက ဘာလည်းဆိုတာ အဆင်းနဲ့  အချင်း နီးစပ်ရင်း ကွဲကွာလာပါပြီ။ ပညာတတ်လူတွေအားလုံးပါပဲ နောင်သံသရာထက် ဆက်လက်ပြီး နောက်ဆို ဒီလိုဘယ်မှ ရွှေခြည်ကြိုးဆွဲရာမကပါရစေနဲ့ လို့ ပဲမညည်းပါနဲ့ တော့။ ဒီဘဝမှာပဲ ချိတ်ထားတဲ့ ရွှေခြည်တွေကို ဖြုတ်နိုင်အောင်ကြိုးစားကြဖို့  လိုပါတယ်။

ကြည်ဖြူစွာ လက်တွဲခဲ့ပါတယ်၊ အတူတူနယ်ချဲ့ကို တိုက်ခဲ့တုန်းကပေါ့။ အခုလည်း ပြေလည်နေဆဲပဲ။ ဥမကွဲ သိုက်မပျက်သေးဘူးပေါ့။ ဒါပေမယ့် ချစ်ပြရုံနဲ့ တော့ မပြီးသေးပါဘူး။ ကြင်နာစွာလေ ဆိုဖူးတဲ့ ကတိတွေ ပြန်လည်ကာကြားရင် နာကျင်ခြင်း အသိတွေနဲ့  ရှက်စရာကောင်းနေပါတော့တယ်။ ကတိတွေပေးခဲ့ပေမယ့် အခုချိန် သူ့ ဘက်က မတည်နိုင်တော့ပါဘူး။ ဒါပေမယ့် ဘယ်အရာလွန်တာ ဘယ်သူ့  အပြစ် မရရင်ကံသာပုံချလိုက် အယုံသူကိုချော့ရင်တော့ ပျော့စမြဲပေါ့။ ချော့လိုက် ခြောက်လိုက်ပါပဲ။ တကယ်ဆို ကိုယ်ဟာ ယောက်ျားပါ အားမာန်တွေလည်း ပြည့်စွမ်းတုန်း ဆင်ခြေပေးတဲ့လူစားမဟုတ်ရဘူး။ ယောက်ျားမာနလေးပေါ်လာတယ်ပေါ့ဗျာ။ အားမာန်တွေပြည့်နေတဲ့အချိန် ဆင်ခြေတွေ ပေးမနေပါနဲ့ တော့။ ဒီတစ်ခါနောက်မကျသေးဘူးဟေ့ ကိုယ့်မှာ ပြင်ဆင်ချိန်ရတုန်း နှလုံးသွေးတွေ စွေးစွေးနီစေ။ ကဲဗျာ ဘယ်လောက် ကောင်းတဲ့ စာသားလည်း ကြက်သီးမွှေးညှင်းတောင် ထသွားမယ်။ နောက်မကျသေးပါဘူး ပြင်ဆင်ချိန်တွေရပါသေးတယ် ဆင်ခြင်တွေ ပေးမနေပါနဲ့ တော့၊ နှလုံးသွေးတွေ စွေးစွေးနီပါစေတော့။ နောင်ကို ကြုံလာမယ့် အခက်အခဲတွေ ရင်ဆိုင်ဖြေရှင်းလိုက်ကြမယ်။ ရေလိုက်ငါးလိုက် ဘဝမျိုး မဟုတ်တော့ဘူးလို့  ဟစ်ကြွေးလိုက်စမ်းပါ။

ဆရာစိုင်းခမ်းလိတ်က အတွေးကောင်းကောင်းနဲ့ ရေးခဲ့တဲ့ သီချင်းတွေပါ၊ ကျွန်တော် အသက်အရွယ် အတွေးအမြင်ပြောင်းလဲလာတာနဲ့  သီချင်းရဲ့ အနက်အဓိပ္ပါယ်လည်း ပြောင်းလဲခံစားမိလာပါတော့တယ်။ မေမြို့ ကို မန္တလေးတိုင်းထဲ ထည့်စဉ်အချိန်က မေမြို့  မှာ မိုးခေါင်တာ ကြားဖူးပြီဆိုတဲ့ မေမြို့ မိုးသီချင်း ခေတ္တပိတ်ပင်ခံခဲ့ရပါသည်။ နောက်ပြီး ( သစ်ငုတ်တို ရွှေချလို့  လှမလာတော့ မင်းလေးသာ ချစားလို့  အသားလေးတွေ ပွန်းကုန်မယ့် အရေးဖြစ်တယ် ပျံသာ ပျံပါ ရွှေဟင်္သာရယ် ဒီအပင်အိုပေါ်မှာ သံယောဇဉ်ကြိုး ညှိတွယ်ရစ်မနေနဲ့  ပျံသာပျံပါ ရွှေဟင်္သာ) ဆိုတာလည်း မွန်ပြည်နယ်အတွက် မွန်ခေါင်းဆောင်တစ်ဦးက တောင်းဆိုခဲ့လို့  စပ်ပေးခဲ့တယ်သိရပါတယ်။

စာဖတ်သူလည်း အတွေးလေး ပွားနိုင်ပါစေ အငြင်းလေးပွားရင်ဖြင့်လည်း သဘောရှိအတိုင်းပင်ဖြစ်ပါကြောင်း


သန့် ဇင်(Facebook)မှ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.