Friday, May 4, 2012

0 ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ ပြည်သူတွေ အလိုရှိနေပါတယ်

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ ပြည်သူတွေ အလိုရှိနေပါတယ်

မေလ ၂ ရက် ၂ဝ၁၂ ခုနှစ် ထုတ် ဧရာဝတီ ဆောင်းပါးအဖြစ် အောင်သက်ဝိုင်း ရေးသားတဲ့ “ဖွဲ့စည်းပုံ ပြင်ရန် ပြည်သူများ မတောင်းဆိုဟု ဦးဌေးဦး ပြော” ကို ကျနော် နားလည်သလို ဝေဖန်သုံးသပ်လိုက်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ကျင့်သုံးတာ တစ်နှစ်ကျော်ပဲရှိသေးတယ်။ သက်တမ်း သိပ်ငယ်သေးတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ပြည်သူတွေအများစု မမေးကြဘူး။ ပြည်သူတွေက အဲဒီဥစ္စာကို စိတ်မ၀င်စားဘူး။ ပြည်သူတွေနဲ့ ကျနော်တို့ ထိတွေ့နေတာပဲ။ ပြည်သူတွေက စားဝတ်နေရေး ဘယ်လိုအဆင်ပြေမလဲ၊ စီးပွားရေးတွေ အဆင်ပြေမလဲ။ ဒါပဲ စိတ်ဝင်စားကြပါတယ် ” လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပြောပါတယ်။

ဦးဌေးဦးလို အာဏာရ နိုင်ငံရေးပါတီ ခေါင်းဆောင်တဦးက ပြောတဲ့စကားတွေ အပေါ်မှာ ကျနော် ထင်မြင်မိတာကို အပြုသဘောနဲ့ ပြန်ပြောပြချင်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ သက်တမ်းဟာ တရက်ပဲရှိရှိ၊ တနှစ်ပဲရှိရှိ၊ နှစ် ၁ဝဝ ပဲရှိရှိ လိုအပ်ချက်ရှိတယ်လို့ သိမြင်လိုက်တာနဲ့ ပြင်ဆင်နိုင်ရေးကို ချက်ချင်း အားထုတ်ရပါမယ်။ နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေဟာ နိုင်ငံမှာ အမြင့်ဆုံးဥပဒေ ဖြစ်တဲ့အတွက် အရေးကြီးဆုံး ဥပဒေဖြစ်ပါတယ်။ နည်းနည်းမှ အမှားမခံပါဘူး။ မှားမှန်း၊ လိုအပ်မှန်း သိလိုက်တာနဲ့ တပြိုင်နက် ပြင်ဆင်ရမှာ ဥပဒေပြုလွှတ်တော်ရဲ့ တာဝန်နဲ့ အတည်ပြုပေးရမယ့် သမ္မတရဲ့ တာဝန် ဖြစ်ပါတယ်။

ဥပမာတခုပေးရရင် နိုင်ငံမှာ အမြင့်ဆုံးတာဝန်ယူတဲ့ သမ္မတဟာ တာဝန်လွှဲချိန်နဲ့ တာဝန်ယူချိန်ကို မိနစ်မဆိုင်း ပြုလုပ်ရသလို အစိုးရတရပ်ဟာလည်း နောက်အစိုးရသစ်ကို မိနစ်မဆိုင်း တာဝန်လွှဲပြီး ချက်ချင်း တာဝန်ယူစေရပါတယ်။ တမိနစ် တစက္ကန့် မပြတ်တမ်း တာဝန်ကို ဆက်တိုက် ထမ်းဆောင်စေရပါတယ်။ သမ္မတနဲ့ အစိုးရ တာဝန်တွေမှာ အဲဒီလောက်ထိ အချိန်ကို မပြတ်တမ်း အလေးအနက်ထားရတယ်ဆိုရင် နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေမှာဆို ပိုတောင်မှ အလေးအနက် ထားရမှာ ဖြစ်ပါတယ်။

အခြေခံဥပဒေကို ပြည်သူတွေက မမေးကြဘူး.. စိတ်မဝင်စားကြဘူး… ပြည်သူတွေနဲ့ ထိတွေ့နေတာပဲလို့ ဦးဌေးဦး ပြောဆိုတဲ့အပေါ်မှာ ကျနော် ပြန်လည်ပြောပြချင်တာ ရှိပါတယ်။ ၂ဝဝ၈ အခြေခံဥပဒေ ပြင်ဆင်ရေးကို မူကြမ်း စထွက်လာကတည်းက ပြင်ဆင်ဖို့ အုံးအုံးကျွက်ကျွက် တောင်းဆိုနေကြတာတွေကို ဦးဌေးဦး မေ့သွားတာ ဖြစ်ပါလိမ့်မယ်။ လစ်လျူရှုတာလည်း ဖြစ်ချင်ဖြစ်နေပါမယ်။ သို့မဟုတ်လည်း သတိလက်လွတ် ပြောမိတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေးကို လူတစုက တောင်းဆိုတာ မဟုတ်ပါဘူး။ လူအများရဲ့ ဆန္ဒကို ထင်ဟပ်ပြီး အနည်းဆုံး ၄ နှစ်ကျော်လောက်ကတည်းက ပြည်တွင်းပြည်ပက ဖြစ်နိုင်သမျှ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ တကယ်လို့ ချုပ်ချယ် နှိပ်ကွပ်မှုတွေ မရှိပါဘူးလို့ အာမခံရင်၊ သမ္မတ အတည်ြ့ပုပြီးသား စီတန်းလှည့်လည်ခွင့် ဥပဒေကို နည်းဥပဒေ ထုတ်ပြန်ပေးလိုက်လို့ ဆန္ဒပြခွင့်သာ ရလာရင် လူထုသဘောထား ဘာလဲ ဆိုတာ သိရှိလာမှာလည်း ဖြစ်ပါလိမ့်မယ်။

ဒီလို မဟုတ်သေးဘူး ဆိုရင်လည်း နောက်တကြိမ် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ရိုးသားဖြောင့်မတ် လွတ်လပ်စွာ ကျင်းပဖို့ တောင်းဆိုပါရစေ။ လူထုအဆုံးအဖြတ် အစစ်အမှန်ကို ခံယူကြည့်ပါ။

“……. ပြည်သူတွေက စားဝတ်နေရေး ဘယ်လိုအဆင်ပြေမလဲ၊ စီးပွားရေးတွေ အဆင်ပြေမလဲ။ ဒါပဲ စိတ်ဝင်စားကြပါတယ်…” လို့ ဦးဌေးဦး ပြောပါတယ်။

တဝက်မှန်ပြီး တဝက်မှားတယ်လို့ ကျနော် ထင်မြင်ချက် ပေးပါရစေ။ မှန်တဲ့တဝက်က ပြည်သူတွေ စားဝတ်နေရေး အဆင်မပြေကြလို့ အဆင်ပြေအောင် ဘယ်လိုလုပ်ရမလဲလို့ အမြဲတမ်း ကြံဆအားထုတ်နေကြတာ ဖြစ်ပါတယ်။

မမှန်တဲ့ တဝက်ကတော့ ပြည်သူတွေက စီးပွားရေး အဆင်ပြေနိုင်ဖို့ကိုသာ စဉ်းစားနေတယ် ဆိုတာပါပဲ။ ပြည်သူတွေဟာ စီးပွားရေး အဆင်ပြေဖို့ကို အစိုးရရဲ့ တင်းကျပ်တဲ့ စီးပွားရေး၊ အုပ်ချုပ်ရေး၊ လူမှုရေးအောက်မှာ ရနိုင်သလောက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ လှုပ်ရှားရုန်းကန်နေရပါတယ်။ ပြည်သူတွေ ဆင်းရဲတွင်းက မလွတ်မြောက်သေးတာ လူသိထင်ရှား ရှိပါတယ်။ ရုန်းကန်နေရတဲ့ ပြည်သူတွေဟာ တချိန်တည်းမှာ အဲဒီလိုဘဝမျိုးက ရုန်းထွက် လွတ်မြောက်နိုင်စရာ မျှော်လင့်ချက်ကို အမြဲတမ်း ထားရှိနေကြပါတယ်။ ဒါက ဆင်းရဲသားတွေရဲ့ အရှိတရား ဖြစ်ပါတယ်။

ဦးဌေးဦးတို့လို စားဝတ်နေရေးနဲ့ လုံခြုံရေး ပြည့်စုံလုံလောက် စိတ်ချရသူတွေအနေနဲ့တော့ လှုပ်ရှားရုန်းကန် နေရသူတွေရဲ့ လက်တွေ့ ပကတိ ဘဝတွေအပေါ်မှာ အမှန်အတိုင်း သိရှိ နားလည် စာနာမိမလားတော့ ကျနော် မခန့်မှန်းတတ်ပါဘူး။ သူတို့တတွေရဲ့ ရုန်းထွက် လွတ်မြောက်နိုင်စရာ မျှော်လင့်ချက်ဟာ နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်၊ လုံခြုံရေးစနစ်တွေ ကောင်းလာဖို့ ဖြစ်ပါတယ်။ ဒါတွေ ကောင်းလာဖို့ ဆိုတာ အခြေခံဥပဒေကို ပြင်ဆင်နိုင်မှသာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပြည်သူတွေဟာ အခြေခံဥပဒေ ပြင်ဆင်ရေးကို စိတ်ဝင်စားတယ်လို့ တပ်အပ်သေချာ ကျနော် ပြောလိုက်တာ ဖြစ်ပါတယ်။

အင်တာဗျူးမှာဖြစ်လို့ ဦးဌေးဦးက အရပ်သုံးစကားကို ပြောလိုက်တာလို့ပဲ ကျနော် သဘောပေါက်ပေးလိုက်ပါတယ်။ ကျနော်ကတော့ စာတတန် ပေတတန်နဲ့ နိုင်ငံရေးစကားလုံးတွေကို ရွေးပြီး ရေးသားလိုက်တာကိုလည်း သဘောပေါက်ပေးပါ။

တပ်ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်းသည် လွှတ်တော်ထဲမှာ မရှိသင့်တဲ့အနေအထား ရှိနေသလားလို့ ခင်ဗျားတို့ပဲ ကျနော်ပြန်မေးရမှာပဲ။ မဟုတ်ဘူးလား။ ဘာများ အနှောင့်အယှက်တွေ ဖြစ်နေလဲ။ သူတို့လည်း လုပ်သင့် လုပ်ထိုက်တာ လုပ်နေကြတယ်လို့ မြင်တယ်။ လတ်တလောအားဖြင့် ဒီအတိုင်းက ဘာမှမဖြစ်တဲ့အတွက် ဘာမှ အကျိုးသက်ရောက်မှုနဲ့ ပတ်သက်လို့ ဆိုးကျိုးတစုံတရာ မရှိတဲ့အတွက် ကျနော်ဒီအတိုင်းပဲ ဆက်သဘောကျတယ် ” လို့ ဦးဌေးဦး ပြောပါတယ်။

ဒီမိုကရေစီရဲ့ အရေးကြီးဆုံး တန်ဖိုးတခု၊ မရှိမဖြစ်တဲ့ အသက်ကတော့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ဒီမို = ပြည်သူ၊ ကရေစီ = အုပ်ချုပ်ခြင်း ဆိုတဲ့ ခွဲခြမ်းစိတ်ဖြာ နားလည်မှုကို အခုဆိုရင် မြန်မာပြည်သူ တော်တော်များများ သိနားလည်လာကြလောက်ပါပြီ။ ပြည်သူတွေက တနိုင်ငံလုံး အတိုင်းအတာနဲ့ သူတို့ကို ကိုယ်စားပြု ဆောင်ရွက်ပေးစေဖို့အတွက် သူတို့ကိုယ်တိုင် နှစ်သက်သဘောကျ အားကိုးနိုင်လောက်သူတွေကို အစိုးရအဖြစ်နဲ့ သမာသမတ်ကျကျ လွတ်လပ်စွာ ရွေးချယ်ပေးရပါတယ်။ ဒါဟာ ရွေးကောက်ပွဲ ဖြစ်ပါတယ်။

စစ်သည်အမတ် ၂၅ %ကို ရွေးကောက်ပွဲ မဝင်စေဘဲ ဥပဒေပြုလွှတ်တော်ထဲကို ထည့်ပေးထားတာဟာ အခြားအကြောင်းရင်းတခု ရှိချင်ရှိနိုင်တဲ့အပေါ် ကျနော် ဘာမှ ဝေဖန်ချက် မပေးလိုပေမယ့် ရွေးကောက်ခံထားရခြင်း မရှိတဲ့ ကိစ္စအပေါ်မှာတော့ ဒီမိုကရေစီရဲ့ မူဘောင်တွေနဲ့ မကိုက်ညီကြောင်း ထောက်ပြပါရစေ။ ဒါဟာ ဒီမိုကရေစီရဲ့ ပြယုဂ်အတွက် အနှောင့်အယှက်ပြုရာ ရောက်နေပါတယ်။

ဒီမိုကရေစီရဲ့ ပြယုဂ်အတွက် အနှောင့်အယှက်ပြုရာ ရောက်နေသည့်တိုင်အောင် တကယ်လို့ ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် စစ်သည်အမတ် ၂၅ %က သိသိသာသာ အကျိုးဖြစ်ထွန်းအောင် အမှန်တကယ် ပံ့ပိုး ကူညီနေတယ် ဆိုရင်တော့ မြန်မာနိုင်ငံသစ် တည်ဆောက်ရေးမှာ တန်ဖိုးရှိမှာ အမှန်ပါပဲ။ မြန်မာ့သမိုင်း မှတ်တိုင်တခုအဖြစ် ရပ်တည်နေမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ သမိုင်းမှာတော့ အမြင်မလှတဲ့သဘော ရှိနေမှာ ဖြစ်ပါတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ။

လွင်အောင်စိုး

မေလ ၃ ရက် ၂ဝ၁၂ ခုနှစ်

ကိုးကားသတင်း - ဧရာဝတီ - ဖွဲ့စည်းပုံ ပြင်ရန် ပြည်သူများ မတောင်းဆိုဟု ဦးဌေးဦး ပြော

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.