Sunday, April 29, 2012

0 ရပ်မိရပ်ဖများဦးစီး၍ ရွှေဟိန်းထက်ကုမ္ပဏီမှ ဂရံလျှောက်ယူထားသော ဓမ္မာရုံမြေကိစ္စ ရှင်းလင်းပြောဆို


မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု အတွင်းမှာရှိတဲ့ လေးထောင့်ကန်ကျေးရွာမှာ ကျေးရွာပိုင် ဓမ္မာရုံအပါ အ၀င် လူနေအိမ်တွေပါ ထည့်သွင်းပြီး ရွှေဟိန်းထက်ကုမ္ပဏီက ဂရံလျှောက်ယူထားတဲ့မြေကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံရေး အင်းအားစုတွေရဲ့ အကူအညီကိုပါရယူပြီး အာဏာပိုင်များမှ ပြတ်သားစွာ ရှင်းလင်းပေးခြင်းမရှိ သေးတဲ့ မြေကိစ္စနဲ့ပတ်သက်ပြီး ရှင်းလင်းပြောဆိုပွဲ ပြုလုပ်ခဲ့ပါတယ်။

လက်ရှိဖြစ်နေတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ရပ်မိရပ်ဖတစ်ဦး ဖြစ်သူ ဦးမြင့်ကျော်ကို မေးမြန်းရာမှာတော့ `လွန်ခဲ့ တဲ့ ၂၀၁၁ ခုနှစ်(၇)လပိုင်း ၄ ရက်နေ့ကစတယ်ဆိုပါတော့။ ဇာတ်လမ်း အစကတော့ ဓမ္မာရုံမှာ အစည်းအဝေးလေးတစ်ရပ် ရပ်မိရပ်ဖတွေနဲ့ ဓမ္မာရုံဥက္ကဌတွေနဲ့ လုပ်ကြတယ်။ အဲဒီလုပ် ကြတဲ့ပွဲမှာ အကျယ်တ၀င့်အများရှေ့မှာ တရားဝင်ထုတ်ဖော်ပြောတာကတော့ ဓမ္မာရုံဥက္ကဌဖြစ်တဲ့ ဦးကျော်ငြိမ်း ကနေပြီးတော့ တို့ဒီဓမ္မရုံကို အခုလာမယ့် သီတင်းကျွတ်ကိုဖျက်ရမယ်လို့ ပြောတယ်။ ဒီစကားကတော့ တစ်ဆင့် ခံသူနဲ့အစည်းအဝေးတက်ရောက်တဲ့လူ တွေကနေပြီး ကျွန်တော့်ကိုလာပြောတာ။ ကျွန်တော်က ဒီကိစ္စကို ဖိတ်ကြားတဲ့အထဲမှာပါပေမယ့် ဒီစကားတွေ ကြားရမယ်မှန်းသိလို့ မနှစ်မြို့တဲ့အတွက်ကို အဲဒီအစည်းအဝေးကို မတက်ခဲ့ဘူး။ အဲလိုကြားရပြီးတဲ့နောက်မှာ ဘာကြောင့်ဖျက်ရမယ်ဆိုတဲ့အကျိုးတရား အကြောင်းတရား ကြိုတင်သိရှိထားတာမျိုးတွေလည်း ရှိသလို တစ်ဆင့်စကားတစ်ဆင့်ကြားနေရတာတွေလ ည်း ရှိတဲ့အတွက် မသွားဘူး။ အဲဒီနောက်ပိုင်းမှာ ဘာကြောင့်ဖျက်ရမယ်ဆိုတာကတော့ ရွှေဟိန်းထက် ကုမ္ပဏီက ဒီနေရာကို သူတို့ဂရန်လျှောက်ယူလို့ရသွားတာ ဖြစ်တဲ့အတွက် ဖယ်ပေးရမယ်။ ဒီဥစ္စာအစား နောက်ထပ်မြေကွက် သိန်း ၁၆၀နဲ့ ဓမ္မာရုံအသစ်တစ်လုံးဆောက်ပေးမယ်။ ဒါပေမယ့် ကျွန်တော်တို့က ဒီဓမ္မာရုံမြေနေရာမှလုံးဝ ဖယ်မပေးနိုင်ဘူး။ ရပ်ရွာဓမ္မာရုံလည်း ဖြစ်တယ်။ နှစ်ပေါင်း နှစ်ဆယ်ကျော်ကတည်းက တည်ဆောက်ထားတဲ့ ဓမ္မရုံဖြစ်တဲ့အတွကိုမဖျက်ဘူး။ မဖယ်ဘူးလို့ ပြောထားတယ်။

ဒါပေမယ့် အဲဒီဥစ္စာကို (၇)လပိုင်း (၈) ရက်နေ့မှာ တိုင်းဒေသကြီးအစိုးရ ၀န်ကြီးချုပ်ဆီကို တိုင်စာစပို့တယ်။ တိုင်စာပို့ပြီး ၉ လပိုင်း ၆ ရက်နေ့မှာ တစ်စောင် ထပ်ပို့ တယ်။ နောက်တစ်ခါ ၉ လပိုင်း ၁၄ ရပ်မှာ တစ်စောင်ထပ်ပို့တယ်။ နောက်ထပ် နှစ်ကြိမ်။ စာတွေရှိပါတယ်။ အဆင့်ဆင့် ပို့ခဲ့ရာမှာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးက ကျွန်တော်တို့ကို ခေါ်ယူတွေ့ဆုံတယ်။ ဘာပြောလဲ ဆိုတော့ ခင်ဗျားတို့ ဓမ္မာရုံကိုတဲ့ ရွှေဟိန်းထက် ကုမ္ပဏီကနေ ဂရန်လျှေက်ယူလို့ ရသွားတာဖြစ်တဲ့အတွက် ဓမ္မာရုံအတွက် နစ်နာ ကြေးသော်လည်းကောင်း၊ အရောင်းအ၀ယ်သော်လည်း ကောင်း ပေါ့ဗျာ။ ငွေအင်အား သိန်း ၄၀၀ ပေးထားတယ်။ ဓမ္မာရုံအသစ်တစ်လုံးလည်း တည်ဆောက်ပေး မယ်။ နောက်တစ်ခု ဒီဖျက်စီးလိုက်တဲ့ ဓမ္မာရုံက သစ်တို သစ်စတွေနဲ့လည်း အသစ်ဆောက်ပေးတဲ့ ဓမ္မာရုံကြီးဘေးမှာ ထမင်းချက်ရုံကြီး ဆောက်ပေး မယ်လို့ သူကိုယ်တိုင် အကျယ်တ၀င့် ပြောခဲ့ပါတယ်။ အားလုံးသက်သေ အစစ်ခံတဲ့လူ (၇)ယောက်ရဲ့ ရှေ့မှာ ပြောတာပါ။ ´လို့ ရှင်းပြပါတယ်။

ဒီဓမ္မာရုံတည်ရှိနေတဲ့ မြေနေရာနဲ့ ပတ်သက်ပြီး ` အမှတ်(၃) လမ်းမဘေးလည်း ဖြစ်တယ်။ မြေရာဇ၀င်အရ ပြောမယ်ဆိုရင်လည်း မြေကွက်ဈေးတွေ ကြီးမြင့် လာတဲ့အခါ တန်ဖိုးရှိမှန်းလည်း သိလာတာပေါ့။ စီးပွားရေး သမား ဆိုတာကတော့ ချဲ့ထွင်လာတာပေါ့။

ပြန်ချပေးမယ်ဆိုတဲ့နေရာကတော့ ဒီဓမ္မာရုံနဲ့ အဆပေါင်း မြောက်များစွာကွာပါတယ်။ ကွာရခြင်းက ငွေအတိုင်း အတာကို ပြောတာပါ။ မြေအတိုင်းအတာကို ဆိုလိုတာ မဟုတ်ပါဘူး။ ဒီဓမ္မာရုံမြေရဲ့ သုံးပုံ ပုံပြီး တစ်ပုံရောင်း လိုက်မယ် ဆိုရင်တောင် အဲဒီတစ်ပုံရဲ့ ရတဲ့ငွေဟာ ဟိုဘက်ကမြေထက်မက ကျယ်ဝန်းတဲ့မြေကို ၀ယ်လို့ရ သေးတယ်။ ဟိုဘက်က သိန်းတစ်ရာ့ခြောက်ဆယ်ဆိုတာ ရွာလယ်ပိုင်းလဲ ကျတယ်။ မြေညီညာမှုလည်း မရှိဘူး။ အခုမှ စက်ယန္တယားနဲ့ညှိပေးလို့ အနည်းငယ်ကျယ်ပြန့်ပြီး ညီညာ နေတာပါ။ ယခင်က အဲဒီလမ်းဟာ လုံးဝသွားလို့ လာလို့မရဘူး။ ဒီဟာကို ဖျက်ချင်တော့ ဟိုဘက်ကို တိုးတက်နေသယောင်ယောင်နဲ့ လုပ်ပြထား တဲ့ လုပ်ကွက်ပဲ ရှိပါတယ်။ ဒါဟာနှစ်မြို့စရာအကြောင်း ဘာမှမရှိပါဘူး။ ဓမ္မာရုံဆိုတဲ့ဟာကလည်း ဒီမှာစိုက် ထားတဲ့ ဗောဓိပင်နဲ့လင်းလွန်းပင်တို့ ဆိုတာဟာလည်း နယ်နယ်ရရ တွေ့ရာအပင်ကို ကောက်ယူထားတာ မဟုတ်ပါဘူး။ ဗုဒ္ဓဂါယာကို ဘုရားဖူးသွားတဲ့လူကနေ ပြီးတော့မှ တပင်တပန်း မသေရအောင် သယ်ယူလာ ပြီးတော့မှ တယုတယနဲ့ စိုက်ထားရတဲ့အပင်ပါ။ အပင်သက်တမ်းလဲ ဆယ်နှစ်ကျော်သွားပါပြီ။ ဒီအပင်မျိုးတွေ သေကျေပျက်စီးတယ် ဆိုတာဟာလည်း မသင့်လျှော်ဘူးလေ။ ´လို့ ရှင်းပြပါတယ်။

မြို့နယ် အုပ်ချုပ်ရေးမှူးဦးငြိမ်းထွေးနဲ့ တွေ့ဆုံစဉ်မှာ သူတို့ပြောခဲ့တာကတော့ ` ကျွန်တော်ဘာပြန်ပြော ခဲ့သလဲ ဆိုတာက ကျွန်တော်တို့ ဒီဓမ္မာရုံနဲ့ ပတ်သက်လို့ လုံးဝမဖျက်စီးလိုပါဘူး။ ဖယ်မပေးနိုင်ပါဘူး။ နောက်ထပ်ဘယ်နေရာမှာ မဆို ရွှေဟိန်းထက် ကုမ္ပဏီက ရွှေဓမ္မာရုံကြီး ဆောက်ပေးတာ တောင်မှ ကျွန်တော်တို့ မဖျက်နိုင်ပါဘူးလို့ ပြောခဲ့တယ်။´ ဆိုတဲ့အကြောင်း ရပ်မိရပ်ဖများက ရှင်းလင်းပြောဆိုပါတယ်။

မြို့နယ် အုပ်ချုပ်ရေးမှူးက သူတို့ကို ပြောခဲ့တဲ့အထဲမှာ ` ခင်များတို့တစ်တွေက ဒီရွှေဟိန်းထက်ကုမ္ပဏီ ဆိုတာ ရပ်ရွာမှာ ဒီရွှေနံ့သာ ကျေးရွာအုပ်စုမှာ မြေကွက်တော်တော်များများကို ဂရံလျှောက်ယူထားတာ သိသလားတဲ့။ နိုင်ငံတော် အကြီးအကဲတွေထိ ပေါက်ရောက်တယ်ဆိုတာရာ သိသလားတဲ့။ ဂရံလျှောက်ယူတယ်ဆိုတာ ပိုက်ဆံဘယ် လောက်ကုန်တယ်ဆိုတာရော သိသလားတဲ့။ ခင်ဗျားတို့ ဂရန်လျှောက်ဖူးသလားတဲ့။ ´ မေးတဲ့ အကြောင်းလည်း ရှင်းပြပါတယ်။

နောက်တစ်ကြိမ်မှာတော့ မြောက်ပိုင်းခရိုင်မှာ ထပ်စစ်တဲ့အကြောင်း၊` စစ်တဲ့အထဲမှာ သာသနာရေး ဦးစီး ဌာနက ဦးသိန်းဇော်ပါပါတယ်။ ခရိုင်စီမံရေးမှူး ဦးမောင်မောင် ပါပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေလင်း ပါပါတယ်။ သူတို့တွေ ရှေ့မှာပဲ ကျွန်တော်ကပြောခဲ့တယ်။ ဒီဟာတွေနဲ့ ပတ်သက်လို့ မဖျက်စီးလိုဘူး။ ကျွန်တော်တို့ ဓမ္မာရုံပဲ ဆက်လက်တည်ရှိလိုတယ်။ ဒီဂရန်ချထားပေးမိရင်လည်း ရုပ်သိမ်းပေးဖို့အကြောင်းကို လည်းပြောခဲ့တယ်။ ကျွန်တော်တို့ရပ်ရွာမှာရှိတဲ့ ပြည်သူလူထုက ဒီဓမ္မာရုံကို ပြောင်းစိတ်လိုစိတ် လုံးဝမရှိဘူး ဆိုတာလည်း ပြောခဲ့တယ်။ သာသနိကအဆောက်အဦ ရှိလျှက်သားနဲ့ ဒီစည်ပင်သာယာကနေပြီေးတာ့ ချပေး လိုက်တဲ့မြေဂရံကြီးဟာ ဒီအဆောက်အဦက မူလကတည်းက အနှစ် ၂၀ ကျော်ကတည်းက ရှိထားတဲ့ဟာကို အခုမှ ဂရံချပေးလိုက်တယ် ဆိုတာဟာ ဘယ်နည်းနဲ့မှ ကျွန်တော်တို့အနေနဲ့ မလိုက် လျောနိုင်ဘူး။ သူတို့ကို ဒီအဆောက်အဦး ရှိလျှက်နဲ့ချပေးသလဲ။ ကျွန်တော်ပြောခဲ့ပါတယ်။ ဒီဟာကိုအမြန်ဆုံး ရုပ်သိမ်းပေးဖို့ ပြော တယ် ´ ဆိုတာကိုပြန်ပြောပြပါတယ်။

ရွှေဟိန်းထက်ကုမ္ပဏီဟာ ၂၃.၃.၂၀၁၂ ရက်နေ့က ဓမ္မာရုံအပါအ၀င် လူနေအိမ်များ ဈေးဆိုင်ခန်းများပါ မြေနေရာကို ၎င်းတို့ဂရန်ရထားပြီးမြေအဖြစ် ကျောက်တိုင်များ လာစိုက်သွားပြီး ၁၈.၄.၂၀၁၂ မှာတော့ ဘက်ဖိုး နဲ့ ၀င်ထိုးခဲ့ကြောင်း သိရပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးမှ ရွာသားတွေကို ခေါ်ယူတွေ့ဆုံစဉ်မှာ ရွှေဟိန်းထက်ကုမ္ပဏီဟာ ရွှေနံ့သာကျေးရွာအုပ်စုပိုင်ထဲက မြေကွက်အတော် များများကို ဂရန်လျှေက်ယူထား ကြောင်း ၊ နိုင်ငံတော်အကြီးအကဲများအထိ ပေါက်ရောက်တဲ့အကြောင်းနဲ့ ဂရန်လျှောက်ယူရာမှာ ပေးရကမ်း ရတာတွေ များစွာရှိကြောင်း ပြောဆိုတယ်လို့လည်း သွားရောက်တွေ့ဆုံခဲ့သူ ရပ်မိရပ်ဖတွေက ပြောပါတယ်။

ရပ်မိရပ်ဖတွေအနေနဲ့ နှစ်ပေါင်း ၂၀ကျော်တည်ရှိနေခဲ့တဲ့ လက်ရှိဓမ္မာရုံမှာ စိုက်ပျိုးထားတဲ့ ဗောဓိပင်ဟာ ဆိုရင်လည်း ဗုဒ္ဓဂါယာကို ဘုရားဖူးသွားသူက တယုတယသယ်ယူလာပြီး စိုက်ပျိုးထားတာဖြစသည့်အတွက် မပျက်စီးစေလိုကြောင်းနဲ့ သူတို့တောင် ဂရံလျှောက်ယူလို့ ရသေးရင် ရွာသူရွာသားတွေအနေနဲ့လည်း ဂရံလျှောက်ထားလိုကြောင်း လုံးဝဖယ်ရှားပေးနိုင်ခြင်း မရှိကြောင်း ပြောဆိုနေကြပါတယ်။

နောင်တော်လေး

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.