Friday, December 9, 2011

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှုးဟောင်း ဦးလွင်၏ ကိုယ်ရေးအထ္ထုပတ္တိအကျဉ်း



Photo..AP.Reuters

ဦးလွင် (ဗိုလ်မှူးကြီးမောင်လွင် - အငြိမ်းစား)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အတွင်းရေးမှုး

(၁၉၂၄ - ၂၀၁၁)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှုးဟောင်းဖြစ်တဲ့ ဦးလွင်ဟာ ဒီဇင်ဘာလ ၆ ရက်နေ့ ည ၈း၄၀ အချိန်က လူကြီးရောဂါနဲ့ အမှတ် (၁၅ A) ကမ္ဘောဇရိပ်သာ နေအိမ်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၈၈ နှစ် ရှိပြီဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ သမီးဖြစ်သူ ဒေါ်စုစုလွင်နှင့် သားမက် ဦးထင်ကျော် (စာရေးဆရာ ဒလဘန်း) နှင့် မြေး ၃ ဦး ကျန်ရစ်ခဲ့ပါသည်။

ကိုယ်ရေးအထ္ထုပတ္တိအကျဉ်း

- သုံးခွမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်။

- ၁၉၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် အဖ ဦးဘသာနှင့် အမိ ဒေါ်သိန်းတို့မှ မွေးဖွားသည်။

- ဒုတိယကမ္ဘာစစ်ကြီးမတိုင်မီ ၁၉၄၂ ခုနှစ်၊ ရန်ကုန်မြို့တွင် သူငယ်တန်းမှ ဆယ်တန်းအထိ ပညာသင်ကြားခဲ့။

- ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA)၊ ဗမာ့ကာကွယ်ရေး တပ်မတော် (BDA)၊ ဗမာ့မျိုးချစ်တပ်မတော် (PBF) တို့တွင် ပါဝင်ခဲ့သည်။ BDA ပထမအပတ် ဗိုလ်သင်တန်းဆင်း၊ ဂျပန်ပြည် ဘုရင့်တပ်မတော် စစ်တက္ကသိုလ် ကျောင်းဆင်းဖြစ်သည်။ ၁၉၄၆ ခုနှစ်တွင် ပြန်တမ်းဝင်အရာရှိဖြစ်လာပြီး ၁၉၄၆-၅၈ ခုနှစ်တွင် သနက(၅)၊ အမှတ် (၇) ခြေလျင် တပ်ပေါင်းစုဌာနချုပ်၊ ကချင် (၁)၊ ခမရ (၁ဝ၄) တို့တွင် ဗိုလ်မှူးကြီးအဆင့်အထိ တာဝန် ထမ်းဆောင်ခဲ့သည်။

- ၁၉၅၂ မှ ၁၉၅၄ ခုနှစ်အထိ အဆင့်မြင့် စစ်သင်တန်းများကို အင်္ဂလန်ပြည် စစ်တက္ကသိုလ်များတွင် တက်ရောက်ခဲ့သည်။

- ၁၉၅၉ ခုနှစ်တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် စစ်သံမှူး (အမေရိကန် ပြည်ထောင်စု)၊ ၁၉၆၃ ခုနှစ်တွင် လပခ ဒုတိယတိုင်းမှူး၊ ၁၉၆၄ ခုနှစ်တွင် ရတခ တိုင်းမှူး၊ ၁၉၆၉ ခုနှစ်တွင် အမျိုးသားစီမံကိန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ၁၉၇၁ တွင် တပ်မတော်မှ ပြန်တမ်းဝင်အရာရှိ အလုပ်ဝတ္တရားများကို ပြန်လည်အပ်နှံခွင့်ပြုခဲ့။

- စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး၊ ၁၉၇၄ ခုနှစ်တွင် ဒုတိယဝန်ကြီးချုပ်၊ ၁၉၇၇ ခုနှစ်တွင် တတိယအကြိမ် ပါတီညီလာခံ၌ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် ရွေးချယ်မခံတော့ဘဲ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးမှ နိုင်ငံတော်ကောင်စီဝင်၊ ၁၉၈ဝ ပြည့်နှစ်တွင် အနားယူခဲ့။

- လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်၊ နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်၊ သီရိပျံချီဘွဲ့တို့ ချီးမြှင့်ခြင်း ခံခဲ့ရ။

- ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဘဏ္ဍာရေးမှူး အဖြစ် တာဝန်ယူခဲ့။

- ဦးတင်ဦး၊ ဦးကြည်မောင်၊ ဒေါ်အောင်ဆန်းစုကြည်တို့ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ၁၉၉၁ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းခဲ့သည့် အလုပ်အမှုဆောင်အဖွဲ့တွင် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။

- ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် ၁၉၉၅ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းသည့် ဗဟို အလုပ်အမှုဆောင် ကော်မတီ၌ အတွင်းရေးမှူးအဖြစ် ဆက်လက်တာဝန်ပေးအပ်ခြင်းခံခဲ့ရ။

- ၂ဝဝ၃ ခုနှစ်၊ မေလ ၃ဝ ရက်နေ့ ဒီပဲယင်းအရေးအခင်းကြီး ဖြစ်ပွားစဉ် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး ၂ဝဝ၄ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့။

- ဇနီးမှာ ဒေါ်တင်တင်မလေးဖြစ်ပြီး သမီး ဒေါ်စုစုလွင်၊ သား ဦးကျော်ဆန်းလွင်တို့ ထွန်းကားခဲ့။

အေးမြတ်ထက် (BurmaVJ Media Network)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.