Thursday, December 8, 2011

1 ပြည်တွင်းစစ်၊ အဏုမြူအရေး၊ ဆန်စပါးနဲ့လယ်ယာမြေ၊ စီးပွားရေး

ပြည်တွင်းစစ်မှာ ကချင်နဲ့ တိုက်နေကြတုန်းပဲလို့ The New York Times သတင်းအရ သိရပါတယ်။ ငြိမ်းချမ်းရေးကိစ္စက လောလောဆယ် အဆင်မပြေသေးလို့ ဆက်တိုက်နေကြသတဲ့။ ကချင်ပြည်နယ်မှာ လူပေါင်း ၂၆၀ဝ၀ ကျော်လောက် ဟိုပြေးသည်ပြေး အပြောင်းအရွှေ့တွေနဲ့ ဒုက္ခရောက်နေကြရသတဲ့။ ကျွန်တော်တော့ သိပ်နားမလည်ဘူးဗျာ .. အမျိုးသားရင်ကြားစေ့ရေး အမှန်တစ်ကယ်လုပ်ချင်တယ် (သို့) အပြတ်ဝင်တိုက်ချင်တယ် ဆိုရင်လည်း ဘာကြောင့်ဒီလောက် အချိန်ဆွဲနေရတာလဲ။ ကြားထဲက ပြည်သူလူထုမှာ ဟိုပြေးသည်ပြေး၊ အိမ်နင်းချင်းနိုင်ငံများမှာ ဒုက္ခသည်ဖြစ်လိုဖြစ်နဲ့ ဒုက္ခများပါတယ်ဗျာ။ ဦးကျော်ဆန်း ဟိုတစ်ခါ WSJ နဲ့အင်တာဗျူးတုန်းက တိုက်ချင်ရင် သူတို့ဌါနချုပ်ကို တစ်ရက်တည်းနဲ့ ဝင်သိမ်းနိုင်ကြောင်း ပြောခဲ့ပါတယ်။ ကြည့်ရတာ .. ဒီလိုမလုပ်နိုင်ဘူးနဲ့ တူပါရဲ့။ နှစ်ဖက်သော စစ်ခေါင်းဆောင်များအနေနဲ့ မိမိတို့ရဲ့ ပြည်သူများအရေးကို အသေအချာထည့်စဉ်းစားစေလိုပါတယ် ခင်ဗျာ။ ဒုက္ခသည်ဆိုတဲ့အတိုင်း သူများနိုင်ငံမှာ ဒုက္ခသည်ဖြစ်ရတာ အင်မတန်ဆိုးပါတယ်။ ဘယ်နိုင်ငံပဲရောက်ရောက် ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဘာသာစကား မဟုတ်တော့ အလုပ်အကိုင်၊ စားဝတ်နေရေး အင်မတန်ခက်ခဲပါတယ်။ အမေရိကလို နိုင်ငံရောက်တဲ့ ဒုက္ခသည်များတောင် အထူးသဖြင့် ဘာသာစကားနားမလည်၊ ယဉ်ကျေးမှုနဲ့ အံဝင်ဂွင်ကျမဖြစ်တော့ စားဝတ်နေရေးအတွက် အင်မတန်ဒုက္ခများကြောင်း သတင်းများမှာ မကြာခဏဖတ်နေရပါတယ်။ စဉ်းစားကြပါခင်ဗျ။ UPI မှာ နှစ်ခြင်းခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးက မြန်မာပြည်မှာ ဘယ်တော့မှ အမျိုးသားရင်ကြားစေ့ရေး ဖြစ်မှာမဟုတ်ဘူးလို့ မှတ်ချက်ပေးပါတယ်။ လောလောဆယ်တော့ ၁၀ဝ% ရင်ကြားစေ့ရေးမဖြစ်နိုင်သေးရင်တောင် ကြားထဲကပြည်သူကို ထောက်ထားပြီး အပစ်အခတ်ရပ်စဲရေးလောက်တော့ နှစ်ဘက်စလုံးက အောင်မြင်အောင် ကြိုးစားသင့်ပါတယ်ခင်ဗျ။

အဏုမြူအရေးကို ဆက်ရရင် .. ယခင်မြောက်ကိုရီးယားကနေ ယခု ရုရှားကို အာရုံပြောင်းလာကြပြန်ပါပြီ။ ယခင်က မြန်မာပြည်မှာ အဏုမြူစီမံကိန်းအတွက် ငွေကြေးမတတ်နိုင်ပါဘူးဆိုပြီး ဒီကိစ္စပြီးသွားပြီ အောက်မေ့နေတာ အခုတစ်ခါ ရုရှားမှာ ဒုံးကျည်ပညာနဲ့ အဏုမြူပညာ ဆက်သင်နေတဲ့ ကျောင်းသားတွေ ရှိနေသေးကြောင်း TIME မှာဖေါ်ပြထားပါတယ်။ အရက်သောက်လို့ အိမ်ပြန်အပို့ခံရတဲ့ မြန်မာကျောင်းသားတစ်ယောက်ကို ဘာကြောင့် ဒုံးကျည်တွေ ရှိချင်ရတာလဲလို့မေးတော့ "အိမ်မှာ ခွေးမွေးထားသလိုပေါ့ဗျာ။ သူများတွေကို ခြောက်လှန့်ဖို့ပေါ့"လို့ ဖြေသတဲ့။ ရုရှားက နောက်ကွယ်ကနေ အကူအညီပေးနေတာကို သံသယဖြစ်မိပါတယ်။ ဘာကြောင့်လဲဆိုရင် မြန်မာကျောင်းသားတွေ ဘယ်လိုဘာသာတွေ သင်နေသလဲလို့ မေးမြန်းကြည့်တော့ "တစ်ခြားနိုင်ငံက ကျောင်းသားတွေ အတွက်ဆိုရင်ဖြေနိုင်ပါတယ်။ မြန်မာကျောင်းသားတွေ အတွက်တော့ အဖြေမပေးနိုင်ဘူး။ မြန်မာနဲ့ အထူးစာချုပ်ချုပ်ထားလို့}} ဆိုတာ Global Security Newswire မှာလည်း ဖတ်လိုက်ရပါတယ်။ အမေရိကန် အဏုမြူသိပ္ပံပညာရှင် Kelley ကတော့ မြန်မာကျောင်းသားတွေ သင်နေတဲ့ ဒုံးကျည်ပညာက အဏုဒုံးကျည် မဖြစ်နိုင်ဘူးဆိုရင်တောင် လူအမြောက်အမြားသေစေနိုင်တဲ့ ဓါတုဗေဒ၊ ဇီဝဗေဒ လက်နက်တွေဖြစ်နိုင်ကြောင်း ဝေဖန်ထားပါတယ်။ အရင်တစ်ခါ အဏုမြူအကြောင်း စိတ်ကူးယဉ်ခဲ့တုန်းက ]]ကျန်းမာရေး}} အတွက်ပါလို့ မြန်မာက အကြောင်းပြတော့ ]]ကျန်းမာရေး}} ကဏ္ဍမှာ နိုင်ငံတော်ရဲ့ ဘတ်ဂျက် ၁% လောက်ပဲသုံးနေတဲ့ မြန်မာနိုင်ငံဟာ ကုသရေး၊ ဆေးဝါး အစရှိတာတွေကို လျစ်လျူရှုပြီး ကျန်းမာရေးအတွက် ဓါတ်ပေါင်းဖို လုပ်မယ်ဆိုတာကို ဘယ်သူကမှ အယုံအကြည်မရှိကြပါဘူး။ ဒီတော့ ဖြစ်နိုင်တာက လက်နက်လုပ်ဖို့ပဲပေါ့။ သို့ပေမယ့် ကုန်ကျမယ့်ငွေ မတတ်နိုင်လို့ စွန့်လွှတ်လိုက်ပါပြီလို့ ပြောထားခဲ့ပြီး ကျောင်းသားတွေကို ဘာကြောင့် ဆက်ပြီး ပညာသင်ခိုင်းနေသလဲဆိုတာ မေးခွန်းထုတ်စရာပါ။

ဆန်စပါးနဲ့ လယ်ယာမြေအကြောင်း ဆက်ရရင် .. မြန်မာပြည်မယ် ဟိုယခင်ကနဲ့စာရင် ဆန်တင်ပို့ ရောင်းချနိုင်မှု နည်းပါးလာခဲ့ပါတယ်။ ၁၉၃၄ ခုနှစ်တုန်းက တန်ချိန် သုံးသန်းကျော် နိုင်ငံခြားကို တင်ပို့ရောင်းချနိုင်ခဲ့ပေမယ့် ယခုအခါ တန်ချိန်တစ်သန်းတောင် အနိုင်နိုင်ဖြစ်နေကြောင်း Reuters မှာဖတ်ရပါတယ်။ အဓိကအကြောင်းရင်းတွေက ဆိပ်ကမ်းညံ့ဖျင်းမှု၊ အစိုးရနဲ့ အပေါင်းပါများက အုပ်စိုးမှု၊ စီးပွားရေးပိတ်ဆို့မှု အစရှိတာတွေကြောင့် ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအများစုမှာ ရာသီဥတုဆိုးရွားမှုကြောင့် ဆန်ဝယ်ယူလိုမှု များပြားပေမယ့် ဈေးကွက်မှာလည်း အိမ်နီးချင်းထိုင်းနဲ့ အိန္ဒိယနိုင်ငံများနှင့် ပြိုင်နေရပါတယ်။ မြန်မာပြည်ရဲ့ ဆန်အထွက်နှုန်းက ထိုင်းနဲ့အတူတူ တစ်နှစ်ကို တန်ချိန် သန်းသုံးဆယ် ထွက်ပါတယ်။ သို့ပေမယ့် ထိုင်းက တစ်နှစ်ကို တန်ချိန် ဆယ်သန်းရောင်းချနိုင်တယ် - မြန်မာက အထက်မှာဆိုခဲ့တဲ့အတိုင်း တစ်သန်းတောင် အနိုင်နိုင်ရောင်းနေရပါတယ်။ အဓိကပြဿနာက logistics နဲ့ ဆိပ်ကမ်းဝန်ဆောင်မှု ပါပဲ။ ရန်ကုန်ဆိပ်ကမ်းက ဆန်တန်ချိန် သုံးသောင်းမှငါးသောင်း နိုင်ငံခြားကိုတင်ပို့ဖို့ တစ်လအချိန်ယူရပါတယ်။ နောက်တစ်ခုက စာရင်းဇယား အတိအကျမရှိတဲ့ပြဿနာ။ နောက်ဆုံးအနေနဲ့ လယ်သမားများအတွက် ဆန်စပါးစိုက်ရင် ရလာမယ့် အကျိုးအမြတ် နည်းပါးမှုကြောင့် ဆန်စပါးမစိုက်ချင်ကြတော့တာနဲ့ လယ်ယာမြေပိုင်ဆိုင်မှု ပြဿနာများ ဖြစ်ပါတယ်။ ဟိုတစ်လောက ကိုဖိုးဖြူဦးဆောင်တဲ့ လယ်ယာမြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ရန်ကုန်မှာ လယ်သမားဆန္ဒပြမှုတစ်ခု ဖြစ်လိုက်ပါသေးတယ်။ အဲဒီကိစ္စကို အစိုးရက ပြေလည်အောင် မဖြေရှင်းသေးဘူးနဲ့ တူပါတယ်။ care2 မှာ အဲဒီကိစ္စကို တရားမျှမျှတတ ဖြေရှင်းပေးဖို့ လက်မှတ်ထိုးတောင်းဆိုနေကြတာ တွေ့မိပါတယ်။ ဒီတော့ အစိုးရအနေနဲ့ အရေးကြီးတဲ့ ပို့ကုန်ဖြစ်တဲ့ ဆန်ကို သူများနိုင်ငံတွေလို တင်ပို့ရောင်းချချင်ရင် ဒီပြဿနာတွေကို အရင်ဆုံး ဖြေရှင်းပေးဖို့ လိုအပ်ပါတယ်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအကြောင်း ဆက်ပြောရရင် .. ဟိုတစ်ခါ ကျွန်တော်ရေးခဲ့သလိုပါပဲ အခုရန်ကုန်မှာ မြေဈေးတွေ မြောက်စပြုနေတာကို Reuters မှာဖတ်ရပါတယ်။ ရန်ကုန်မြို့လယ်က ကိုလိုနီခေတ် အဆောက်အဦ အဟောင်းတစ်ခုအတွက် ဒေါ်လာ တစ်သန်းခွဲကနေ အခု တစ်သန်းရှစ်သိန်း ဖြစ်နေပါတယ်။ ရန်ကုန်မှာ နေရာချဖို့ ကြိုးစားနေသူ အများစုကတော့ အာရှနိုင်ငံများပါပဲ။ ဂျာမန်တွေလည်း အတော်ခြေရှုပ်နေတာ တွေ့ရပါတယ်။ အဓိကအားဖြင့် ဟော်တယ်လုပ်ငန်း၊ ဘဏ်လုပ်ငန်းတွေကို မျက်စိကျနေပုံပါပဲ။ Exxon Mobil, Coca-Cola အစရှိတဲ့ အမေရိကန်ကုမ္ပဏီကြီးများကတော့ ]]သင့်လျော်မယ့်အချိန်}}ကို စောင့်နေဆဲပါ။ ဘာပဲပြောပြော လာမယ့်နှစ်မှာတော့ ရင်းနှီးမြှုပ်နှံမှုအသစ် အတော်များများ မြင်ကြရမယ်ထင်ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတာနဲ့အမျှ ပြည်တွင်းက လုပ်ငန်းရှင်များအတွက်လည်း ယှဉ်ပြိုင်မှုတွေ ရှိလာတော့မှာပါ။ လိုလားသူများရှိသလို၊ မလိုလားသူများလည်း ရှိလာနိုင်ပါတယ်။ အခုကို .. မြန်မာပြည်ဟာ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လိုက်ရင် အတော်လေးခေတ်နောက်ကျနေတော့ နိုင်ငံခြားက ယှဉ်ပြိုင်သူတွေဝင်လာရင် သူတို့နဲ့မယှဉ်နိုင်လို့ နောက်ဆုံးကျ သူတို့ဝန်ထမ်းဖြစ်သွားမှာကို ဝေဖန်ထားတာ WSJ မှာ ဖတ်လိုက်ရပါတယ်။ အစိုးရအနေနဲ့ အားလုံးအတွက် ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာဖို့ ထင်သာမြင်သာ၊ ခိုင်မာတဲ့ဥပဒေ ပြဌါန်းဖို့လိုတယ်လို့ မြင်မိပါကြောင်း .. ။

ခင်မင်စွာဖြင့်

မောင်သစ်စိမ်း(MMCP)

1 comment:

  1. ဟုတ်တယ် ကိုသစ်စိမ်းရေ။ မြန်မာရဲ့ ဆိပ်ကမ်းတွေက ကုန်တင်ကုန်ချမှာ တော်တော်လေးကြာတယ်ဗျ။ ဆန်တင်ဖို့လာတဲ့ သဘောင်္တစ်စီးဟာ ရန်ကုန်မှာ ကုန်တင်နေတာ တစ်လကျော်ကြာတယ်ဆိုတော့ ဘယ်သဘောင်္ပိုင်ရှင်က ထပ်လာချင်ပါတော့မလဲဗျာ။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.