Tuesday, March 1, 2011

0 တစ်ရွာမပြောင်း သူကောင်းမဖြစ်



တစ်ရွာမပြောင်း သူကောင်းမဖြစ်
      နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၁၀.၃.၂၀၁၁ (ကြာသပတေး) နေ့တွင် မျိုးဆက်သစ် ကလေးငယ်များအတွက် အခြေခံအင်္ဂလိပ်စာသင်တန်းကို ဒုတိယအကြိမ်အဖြစ်စတင်၍ သင်ကြားပို့ ချပေးတော့မည်ဖြစ်သည်။ သင်တန်းတက်ရောက်လိုသော တတိယတန်းမှ အဌမတန်းအရွယ် ကလေး ငယ်ပေါင်း (၃၀၀) ဦးခန့် လာရောက်စာရင်းပေးသွင်းပြီး ဖြစ်ပါသည်။ ယင်းကလေးငယ်များအား ၅.၃.၂၀၁၁ (စနေ) နေ့တွင် သင်တန်း Levels ခွဲခြားရန်အတွက် စမ်းသပ်ဖြေဆိုမှုများ ပြုလုပ်၍ အတန်းခွဲ (၆) ခု ခွဲခြားကာ သင်ကြားပို့ချပေးမည် ဖြစ်ပါသည်။
      ၂၀၁၀ ခုနှစ် ပထမအကြိမ် အခြေခံအင်္ဂလိပ်စာသင်တန်းတွင် ကလေးငယ်ပေါင်း (၄၀) ဦးခန့်သာ ရှိခဲ့သောကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း အဆောက်ဦး အပေါ်ထပ်တွင် သင်ကြားမှုကို အသင်းသားများဖြစ်သော လူမှုရေး ဆရာ/မများ၏ အကူအညီဖြင့် ကုသိုလ်ဖြစ် သင်ကြားပေးနိုင်ခဲ့သည်။ ယခု ကလေးငယ်ပေါင်း (၃၀၀) ဦး ခန့် တိုးပွားလာသည့်အတွက် အခြေခံအင်္ဂလိပ်စာသင်တန်း သင်ကြားမည့် စေတနာဝန်ထမ်း ဆရာ/မများလည်း လိုအပ်လျှက် ရှိပါသည်။ စိတ်ပါဝင်စား၍ သင်ကြားလိုသည့် စေတနာ့ဝန်ထမ်း ဆရာ/မများသည် နာရေးကူညီမှု အသင်း(ရန်ကုန်) ၅၈၀၁၃၃၊ ၅၈၁၃၆၃၊ ၀၉-၈၆ ၄၀၂၂၀ သို့၎င်း၊ အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ လာရောက်စုံစမ်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
      ထပ်မံ၍ ၁၄.၃.၂၀၁၁ မှ ၁၈.၃.၂၀၁၁ နေ့ရက်များတွင် ယဉ်ကျေးလိမ္မာဗုဒ္ဓဘာသာ ကလေး သင်တန်းနှင့် ဧပြီလတွင်လည်း မျိုးဆက်သစ်ကလေး ပန်းချီသင်တန်းတို့အား ပညာရှင်ကြီးများမှ လာရောက်သင်ကြား ပို့ချမည်ဖြစ်သည်။
      ထို့အပြင် မျိုးဆက်သစ်ကလေးငယ်များ သက်တောင့်သက်သာစွာဖြင့် ပညာသင်ကြားနိုင်စေ ရန် သင်တန်းခန်းမများအား ထပ်မံ၍ အလိုရှိသောကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ်ဆေးခန်း အပေါ်ထပ်ရှိ “သုခအလင်း” စာကြည့်တိုက်၊ ပြန်ကြားရေးဌာနအခန်းနှင့် ဘုရားခန်း (အစည်းအဝေးခန်းမ) တို့အား ယခု ဆောက်လုပ်ပြီးစီးတော့မည်ဖြစ်သည့် နာရေးကူညီမှု အသင်း(ရန်ကုန်) ရုံးချုပ်အဆောက်အဦးသို့ သက်ဆိုင်ရာပစ္စည်းများ၊ စာအုပ်/စာပေများ၊ ကွန်ပျူတာ ပစ္စည်းများ၊ ဘီဒိုများ အစရှိသည်တို့ကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လူမှုရေး အသင်းသား/ သူများ၏ လုပ်အားဖြင့်စုပေါင်း၍ ၂၇.၂.၂၀၁၁ (တနင်္ဂနွေ) နေ့တွင် ပြောင်းရွေ့ခဲ့ကြပါသည်။
      “သုခအလင်း” စာကြည့်တိုက်သည် ဖေဖော်ဝါရီ (၁၃) ရက်နေ့ ဗိုလ်ချုပ်မွေးနေ့တွင် (၁) နှစ် သားအရွယ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ယင်း (၁) နှစ်သားအရွယ် “သုခအလင်း” စာကြည့်တိုက်အား မျိုးဆက်သစ် လူမှုရေးသမားများ၏ စည်းလုံးခြင်းအင်အား၊ ဖေးမမှုအကြင်နာတရားတို့ဖြင့် လက်ရှိ “သုခအလင်း” စာကြည့်တိုက်ထက် ပိုမို၍ကျယ်ဝန်းသော ဧရိယာခန်းမ၊ ပိုမို၍အသိပညာ ပွားများစေ မည့် စာအုပ်/စာပေများဖြင့် နောင်တစ်ချိန်တွင် နိုင်ငံ့ခေါင်းဆောင်၊ နိုင်ငံ၏ သားကောင်း သမီးကောင်း များကို ဖော်ထုတ်မွေးဖွားနိုင်ရန်အတွက် ယခုကဲ့သို့ တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုသည့် စကားအတိုင်း ကောင်းမြတ်သော နေရာရွေ့ပြောင်းမှုကို မင်္ဂလာရှိစွာဖြင့် လုပ်ဆောင်ခဲ့ကြပါသည်။
ကိုကျော်သူ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.