Saturday, July 31, 2010

0 တစ်ချက်ခုတ် သုံးချက်ပြတ် ကုသိုလ်



နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် ဦးသန်းစိန်တို့အဖွဲ့သည် ပြည်မြို့ ရွှေပေါက်ပင်ဆရာတော်ကြီးအား ၀ါတွင်းဆွမ်းကပ်ရန် ၂၈.၇.၂၀၁၀ (ဗုဒ္ဓဟူး) နေ့တွင် ပြည်မြို့သို့ သွားခဲ့ရာ နေ့လည် (၂း၀၀) နာရီခန့်တွင် ပြည်မြို့သို့ ရောက်ရှိခဲ့သည်။ ပြည်မြို့ ရွှေပေါက်ပင် ကျောင်းသို့ ရောက်ရောက်ခြင်း ဆရာတော်ကြီးအား ဦးတိုက်ကာ ရွှေပေါက်ပင် ကျောင်းဝင်းအတွင်းရှိ အများပြည်သူ လှူဒါန်းထားသော အများပြည်သူအတွက် အုတ်ရေကန်နှင့် အ၀ီစိရေတွင်း အခြေအနေ ကို ကြည့်ရှုကြပြီး ၃၀.၇.၂၀၁၀ (သောကြာ) နေ့ နံနက်တွင် ရွှေပေါက်ပင်ဆရာတော်ကြီးအား ဆွမ်းလောင်းလှူမည့် အစီအစဉ်ကို ဆရာတော်ကြီး၏ တပည့်များနှင့် တိုင်ပင်ဆွေးနွေးကြသည်။

နေ့လည် (၃း၀၀) နာရီခန့်တွင် ပြည်မြို့ ပရဟိတလူငယ်အဖွဲ့ ခေါင်းဆောင် ကိုညီညီအောင်၊ ကိုမိုးကြီး တို့အဖွဲ့နှင့် တွေ့ဆုံကြစဉ် အောင်လံမြို့နယ် မကွေးတိုင်း ငပျင်းကျေးရွာရှိ ကိုထွန်းမင်းနိုင် (၃၂) နှစ်သည် ပဲတီစိမ်းခြွေနေစဉ် ခြွေလှည့်စက်အတွင်းသို့ ညာဘက် ခြေထောက် ထိခိုက်မိသည့် အတွက် ဒူးခေါင်းအောက်ပိုင်း ဖြတ်ပစ်ခဲ့ရပြီး ယခု ဒုတိယအကြိမ် ပေါင်ရင်းမှထပ်မံ၍ ဖြတ်တောက် ရမည် ဖြစ်သည့်အတွက် ကိုထွန်းမင်းနိုင်၏ ခွဲစိတ်ကုသမှုအတွက် သွေးလိုအပ်နေကြောင်း သိရှိရသည်။ လိုအပ်သော သွေးအမျိုးအစားမှာ B (ဘီ) သွေးအမျိုးအစားဖြစ်ကြောင်း သိရှိရသည့် အတွက် ဥက္ကဌ ဦးကျော်သူမှ လှူဒါန်းမည်ဟု ပြောဆိုကာ ပြည်မြို့ ဆေးရုံကြီးသို့ သွားရောက်ကာ လူနာအား အားပေး စကားပြောကြား၍ လိုအပ်သော သွေးအား လှူဒါန်းခဲ့သည်။

ယင်းနေ့ ၂၈.၇.၂၀၁၀ (ဗုဒ္ဓဟူး) နေ့ ည (၇း၀၀) နာရီတွင် ရွှေပေါက်ပင်ဆရာတော် ဘုရားကြီး ၏ ဆရာရင်းဖြစ်သော ဘ၀နတ်ထံပျံလွန် သွားတော်မူပြီးဖြစ်သော ကမ္ဘာ့ရွှေရင်အေး ဆရာတော် (ရွှေဗျိုင်းနားဆရာတော်ကြီး) ၏ သက်တော် (၁၀၅) နှစ်ပြည့် ပူဇော်ပွဲ အခမ်းအနားကို သံဃာတော် များ၊ သီလရှင်များ၊ တပည့်ဒါယကာ ဒါယကာမများနှင့် ရတနာမာန်အောင်ကျောင်းတွင် ကျင်းပရာသို့ ရွှေပေါက်ပင်ဆရာတော် ဘုရားကြီးနှင့်အတူ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် ဦးသန်းစိန်တို့အဖွဲ့သည် သွားရောက်ပူဇော်ကန်တော့ ခဲ့ပါသည်။

၂၉.၇.၂၀၁၀ (ကြာသပတေး) နေ့တွင် ရတနာမာန်အောင် ကျောင်းဝင်းအတွင်းရှိ ရွှေဗျိုင်းနား ဆရာတော်ဘုရားကြီး၊ ယက်ကန်းစဉ်တောင် ဆရာတော်ဘုရားကြီး၊ တစ်သုံးလုံး ဆရာတော် ဘုရားကြီး တို့၏ ရုပ်ထုတော်များ ထားရှိရာ အဆောင်အတွင်းသို့ ရွှေပေါက်ပင်ဆရာတော် ဘုရားနှင့် အတူ သွားရောက်၍ သင်္ကန်းများ ဆပ်ကပ်လှူဒါန်း ပူဇော်ခဲ့ကြသည်။ နေ့လည် (၂း၀၀) နာရီခန့်တွင် ပြည်မြို့ ပရဟိတလူငယ်အဖွဲ့မှ တယ်လီဖုန်းဆက်သွယ်ကာ O (အို) သွေးအမျိုးအစား တစ်လုံး လိုအပ် ကြောင်း ပြောကြားသည့်အတွက် ဦးသန်းစိန်မှ သွားရောက်ပြီး လှူဒါန်းခဲ့သည်။ လူနာ၏ အမည်မှာ ဦးလေးကြည် (၆၆) နှစ် ၀က်တောရွာ၊ ပေါက်ခေါင်းမြို့နယ်မှ ဖြစ်ပြီး အစာအိမ် သွေးကြောပေါက်၍ ခွဲစိတ်ရမည့် လူနာဖြစ်သည်။ ဦးသန်းစိန်နှင့်အတူ ပြည်မြို့ ပရဟိတလူငယ်အဖွဲ့မှ ကိုဇော်လတ်အောင် သည်လည်း ကိုဘိုစန်း (၃၃) နှစ် ကိုင်းစုရွာ၊ ရွှေပန်းတောအခြေစိုက်၊ အောင်လံမြို့သည် ၀မ်းဗိုက်တွင် ဓါးထိုးခံရ၍ ခွဲစိတ်ကုသရန် သွေးလိုအပ်ပါ၍ သွားရောက်လှူဒါန်းခဲ့သည်။

၃၀.၇.၂၀၁၀ (သောကြာ) နေ့နံနက်တွင် ဗုဒ္ဓဆင်းတုများအား ရေချမ်းသပ္ပါယ်ခြင်း၊ သစ်သီး ဆွမ်းကပ်လှူခြင်း၊ ဗုဒ္ဓစွယ်တော်အား ပူဇော်ကန်တော့ခြင်း၊ သံဃာတော်များအား အာရုံဆွမ်း ဆက်ကပ်ခြင်း၊ ရွှေပေါက်ပင်ဆရာတော် ဘုရားကြီးအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ ရေစက်သွန်း ချ အမျှဝေခြင်းများ ပြုလုပ်ကာ ရန်ကုန်မြို့သို့ နေ့လည် (၁၂း၀၀) နာရီတွင် ပြန်လည်ထွက်ခွာခဲ့သည်။

ထို့ကြောင့် မိမိတို့ ခရီးစဉ်ရည်ရွယ်ချက်သည် ရွှေပေါက်ပင်ဆရာတော်ကြီးအား ၀ါတွင်း ဆွမ်းကပ်ရန် ဖြစ်သော်လည်း ရွှေဗျိုင်းနား ဆရာတော်ဘုရားကြီး၏ သက်တော် (၁၀၅) နှစ် ပူဇော်ပွဲနှင့် ကြုံကြိုက်ခြင်း၊ အရေးပေါ် ခွဲစိတ်ကုသရန် သွေးလိုအပ်သော လူနာများအား တိုက်ရိုက် သွေးလှူဒါန်းခွင့် ရရှိခဲ့ခြင်း တို့ကြောင့် တစ်ချက်ခုတ် သုံးချက်ပြတ် ဒါနကုသိုလ် ခရီးစဉ်ဟု သတ်မှတ်နိုင်ပါတော့သည်။

သတင်းနှင့်ဓာတ်ပုံ.. ကိုကျော်သူ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.